❝ ငါ့ နား မကြား တောင်ကြီးကွယ်လို့ ထား ❞
“ ဒီ အင်္ကျီကလေး ထည့် လျှော်ပေးပါဦး ”
ဒေါ်မူးစေ့ က ခေါင်း လည်း မညိတ် ၊ လှည့် လည်း မကြည့်ဗျာ ။
“ ဒီမှာ ဒေါ်မူးစေ့ ”
ကျွန်တော် ခပ်ကျယ်ကျယ်ကလေး အော် လိုက်၏ ။ သူ လှည့် မကြည့် ။
“ ဒေါ်မူးစေ့ ”
ကျွန်တော် အသံကုန် အော် လိုက် ရာ ကျွန်တော့် မိန်းမ ခင်မိငယ် ပျာပျာသလဲ ရောက် လာလေ၏ ။
“ မောင် ... သူ က နားလေးတယ် ”
“ အို ... စောစောက ပြော ရောပေါ့ကွာ ”
ကျွန်တော့် အင်္ကျီ ကို ဒေါ်မူးစေ့ မျက်နှာ ရှေ့ တည့်တည့် သွားပြီး ခြေဟန် လက်ဟန် ဖြင့် ပြောရ၏ ။ ထိုအခါ ပြုံးရွှင်စွာ ။
“ ထည့်ခဲ့ ”
တစ်ခွန်း ထဲ ပြောပြီး အဝတ် လျှော် မြဲ ဆက် လျှော် နေလေ၏ ။ အလျှော်သည်မကြီး
ဒေါ်မူးစေ့ ကား အတော် နားလေးသူကြီး ပါ တကား ။ လေးသည် ဆိုသည် ထက် ပင်းသည် ဟု ဆို က ပိုပြီးမှန်ချေမည် ။ ဒေါ်မူးစေ့ အကြောင်း တွေး နေရင်း မှ ကျွန်တော့် အမေ
ဒေါ်အေးခင် ကို သတိ ရမိလေသည် ။ ကျွန်တော့် အမေ ကား ဆတ်ဆူဝရွာကလေး တွင်
နားလေးမကြီးဘွဲ့ ကို ခံယူထားသူ ဖြစ်ပါ၏ ။ အခု သူ မရှိတော့ပါ ။ လွန်ခဲ့သော နှစ်ပေါင်း ၄ဝ က ကွယ်လွန် သွားခဲ့လေပြီ ။ သို့သော် ကျွန်တော့် အမေ သည် သမိုင်း တွင် ကျန်ရစ်သူ ဖြစ်ပါ၏ ။ တကယ်ပင် နားပင်း လေ သလော ။ ပင်းချင် ယောင် ဆောင် နေ သလော ။ မည်သူမျှ အတိအကျ မပြောတတ်ပါ ။ အကြောင်းမှာ သူ ကြားချင် တာ ကြားပြီး မကြားချင် တာ မကြားခြင်း ပေတည်း ။ မကြားလို သော စကား ကို ပင်းချင်ယောင် ဆောင် နေလိုက်၏ ။
လက်တွေ့ ခင်ဗျာ ။ ကျွန်တော်တို့ သားအမိ တိုးတိုးတိတ်တိတ် ပြောတာ ကျ တော့ သူ ကြားနေ ပြန်ရော ဗျာ ။ အဲ ... ဘေးလူ တွေ ပြောတာ ကျ တော့ မကြားပြန်ဘူးတဲ့ ဗျာ ။
အော် ပြောမှ ကြားရသတဲ့ ဗျာ ။ အသိရခက်တဲ့ အမေ ပါ ဗျာ ။ ဘေးလူတွေ အကျယ်ကြီး။အော် ပြော နေကြ သော်လည်း ကျွန်တော် က တော့ တိုးတိုးလေး ပဲ ပြောရတယ် ဗျာ ။ သူ့ ဝါဒ က ခပ် ကောင်းကောင်း ခင်ဗျာ့ ၊ စီးပွားရေးသမားတွေ နမူနာ ယူ ဖို့ ကောင်းတယ် ။
ကျွန်တော် တို့ စီးပွားရေးလောက မှာ မှန်တာတွေ ရော ၊ မမှန်တာတွေ ရော ၊ ဟုတ်တာတွေ ရော ၊ မဟုတ်တာတွေ ရော သတင်း ပေါင်းစုံ အတင်း မျိုးစုံ ကြားရတတ်တယ် ။
သည် အထဲ က ကိုယ် နဲ့ ဆိုင်တာ ကိုယ့် အတွက် အသုံး တည့်တာ ကို ကြားထား လိုက်ပြီး မဆိုင်တာ အသုံး မတည့်တာ ကို ကြား မထားလိုက်တော့ဘူး ၊ ဘယ် ဘက်နား က ဝင် ညာ ဘက် နား ကထွက် ၊ ညာ က ဝင် ဘယ် က ပြန် ထုတ် ၊ သည်လို လုပ်ရတယ် ဗျာ ။ ကြားသမျှ အားလုံး ဦးခေါင်း ထဲ ထည့် ထား ရင် ဘာမျှ လုပ်ကိုင် လို့ ဖြစ်မှာ မဟုတ်တော့ဘူး ဗျာ ။ အာရုံ က သတင်း နောက်ကပ်ပါ နေတော့ ကိုယ့် လုပ်ငန်း ဟာ ပြီး အကုန်လုံး လွဲလွဲချော်ချော် ဖြစ် ကုန်တော့ မှာ ဗျာ ။
ကျွန်တော့် ဆီ မှာ မြေပဲဆားလှော် လှော်တဲ့ သူ တွေ လည်း သည် အတိုင်းပဲ ဗျာ ။ ကြားချင် တာ ကြားပြီး မကြားချင်တာ မကြားကြဘူး ဗျို့ ။ သူတို့ က မြေပဲဆားလှော် လှော် နေတယ် ။ အနီးအနား မှာ ဆိုင်း တခြိမ့်ခြိမ့် နဲ့ နတ်ပွဲ က နေတယ် ။ သူတို့ကြားတော့ ကြားတယ် ၊ ဒါပေမယ့် မကြား လည်း မကြားဘူး ဗျာ့ ။ သူတို့ အလုပ် ထဲ အာရုံ ကို နှစ် ထားကြ တော့ စိတ် က အလုပ် ထဲ မှာ ပဲ ရောက် နေတော့ မကြားချင် ရင် မကြားဘဲ နေလို့ ရတာပေါ့ ဗျာ ။ လူ့ စိတ် ဗျာ ၊ ခက်သား ။
“ ခင်ဗျား ကြားပြီးပလား ”
“ ဟင့်အင်း ... ဘာများလဲ ၊ ဆိုစမ်းပါဦး ငါ့ ဆရာ ရဲ့ ”
ထိုအခါ သတင်း ဖောက်သည် ချသူ က အားပါးတရ လျှာလိပ်ပါးလိပ် အသားကုန် ပြော လေတော့၏ ။
နားထောင်သူ က လည်း ...
“ ဟာ ... ဟုတ်လား ၊ အင်း ... လုပ်စမ်းပါဦး ”
စသည်ဖြင့် အားပေး နေလေ၏ ။ အမှန် က အဲသည် သတင်း ကို ကြားပြီးသား ဗျာ ။ လန် မသွားအောင် လို့ ဆက် နားထောင် နေတာဗျာ့ ။
“ ဟင် ငါ သိပြီးသားကြီး ပါ ကွာ ”
သည်လို ပြော လိုက်ရင် နောက် တစ်ခါ သတင်း မရနိုင်တော့ဘူး ဗျာ ။ ပြောမည့် သူ က လန် သွားပြီဗျာ ။ အဲဒါကြောင့် တချို့များ သိပြီး သော်လည်း မသိဟန် ဆောင်ပြီး နားထောင်ကြ ၊ သတင်း နှိုက်ကြတာ ဗျာ ။ ဒါဟာ အပေါင်းအသင်း လည်း ဝင်ဆံ့တယ် ၊ သတင်းစုံ လည်း သိရတယ် ။ ဘာ ဆက် လုပ်ရမယ် ဆိုတာလည်း အကဲဖြတ်လို့ ရတယ်ဗျာ ။ ကျွန်တော့် အမေ ပေးခဲ့သော အမွေ ။
ဟား ... ဟား ...
ငါ့ နား မကြား တောင်ကြီး ကွယ်လို့ ထား ။
ဟား ... ဟား ...
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment