Friday, March 29, 2024

ရှာပုံတော် မင်းသားကြီး


 

❝ ရှာပုံတော် မင်းသားကြီး ❞

[ × × ရှာပုံတော် မင်းသားကြီး
မဏ္ဍပ်တကာ ရောက်ခဲ့ပြီ
ဘယ်ရပ်သူ ဇာတိမှန်းလည်း
မသိတော့ အခက်တွေ့ပြီ ၊
မနှစ်က ပေးတဲ့ သူ့ လိပ်စာ
ရေတွေ စိုလို့ ပျက်ကုန်ပြီ
မမှတ်မိတော့
အခက်သားလားဒေဝီ xxx

သင်္ကြန်ရာသီ ဆိုရင် နေရာ အနှံ့ မှာ ရှာပုံတော် မင်းသားကြီး သီချင်းသံ ကို ကြားရပါတယ် ။ သည်လောက် အောင်မြင် တဲ့ သီချင်း ကို ရေးစပ်ခဲ့တဲ့ ဆရာ ဦးကျော်မြင့် ( ၅၇ နှစ် ) ဟာ မန္တလေးမြို့ မြောက်ပြင် ၊ သူရဲတပ်ရပ် မှာ နေပါ တယ် ။ ကျွန်တော် နဲ့ တစ်မြို့နယ် တည်း နေကြတဲ့ ရပ်နီးနားချင်း တွေ ပေမယ့် တစ်ကြိမ် တစ်ခါ မျှ မတွေ့ဖူး သေးပါဘူး ။

ဦးကျော်မြင့် က စက်ချုပ်ဆရာ အဖြစ် အသက် မွေးပါတယ် ။ ရှာပုံတော် မင်းသားကြီး သီချင်း တစ်ပုဒ် တည်း ပဲ ရေးပြီး အဲသည် တစ်ပုဒ် က ပဲ ပေါက် သွား သလိုလို ပြောတဲ့ လူ က လည်း ပြောပါတယ် ။ သူ့ ကို စိတ်ဝင်စား လို့ သည်နှစ် သင်္ကြန် မှာ တော့ တွေ့ အောင်ရှာမယ် လို့ ကျွန်တော် ဆုံးဖြတ်တယ် ။

မန္တလေး မြို့မတူရိယာ အဖွဲ့ က မိတ်ဆွေ တွေ ၊ အနုပညာ အသိုင်းအဝိုင်း က မိတ်ဆွေတွေ ကို သူ့ လိပ်စာ မေးမြန်း စုံစမ်းတဲ့ အခါ သူရဲတပ်နွားခြံကုန်း နား မှာ နေတယ် ။ သူတို့ ရပ်ကွက် မီးလောင် ခံရလို့ ပြောင်း သွားပြီ ကြားတယ် ။ စက်ဆရာ ဦးကျော်မြင့် လို့ မေးရင် သိတဲ့ လူ များတယ် ဆိုတဲ့ မြေပုံညွှန်း နဲ့ သွားခဲ့ပါတယ် ။

သူ့ အိမ် မီးလောင် ခံရတာ တစ်နှစ် တိတိ ပြည့် တဲ့ မတ်လ ၃ဝ ရက် နေ့ မှာ မီးလောင်ပြင် ကြား က ဆောက်လက်စ သူ့ အိမ် မှာ ဆရာကျော်မြင့်သူ ကို ကျွန်တော် တွေ့ ရတယ် ။

မီးလောင်မြေဟောင်း မို့ သစ်ပင်ရိပ် မရှိပါ ။ သူ့ အိမ် က လည်း ခြင်းကြား လုံး ပြီးခါစ ၊ အမိုး မမိုးရ သေးပါ ။ မီးလောင်သွပ်တွေ ကို ဖြစ်သလို မိုးကာ ထားတဲ့ အရိပ် အောက် မှာ သူ့ မိသားစု က အုပ်ချုပ်စက်တွေ သုံးလေးလုံး တန်းစီ ပြီး ဈေး ချုပ်ထည် တွေ ကို အတွင် ချုပ် ပေး နေ ကြတယ် ။ အပ်ချုပ်စက်သံ တဂျောင်းဂျောင်း အကြား မှာ ဦးကျော်မြင့်သူ က သူ့ သီချင်းရေးဆရာ ဘဝ ကို ပြောပြတယ် ။ တကယ်တမ်း ကျတော့ ဆရာကျော်မြင့်သူ ဟာ သီချင်း အပုဒ်ပေါင်း ၁၅ဝ ကျော် ရေးခဲ့သူ ဖြစ်ပါတယ် ။ စိုးလွင်လွင် ၊ ဇော်ဝမ်း ၊ ဟေမာနေဝင်း စတဲ့ အဆိုတော်တွေ သူ့ သီချင်း ကို သီချင်းခွေတွေ ထုတ်ခဲ့ကြဖူးတယ် ။ “ ခေါင်းပေါ် မှာ အိုင် မပါဘူးခင် ၊ ရပ်ကြီးသူ ခင်ခင်လေး ၊ မန်းမြို့ သူရဲ့ မျက်နှာဖုံးရှင် ၊ သိကြားမင်း ရေးတဲ့ ဖူးစာ ” စတဲ့ လူသိ များတဲ့ အတာသင်္ကြန် သီချင်းတွေ ကို ရေးခဲ့ သူ လည်း ဖြစ်တယ် ။ သူ့ လက် ထဲ မှာ ရေးပြီး ခဲ့ တဲ့ သီချင်းတွေ ၊ မသီဆို မထုတ်လွှင့် ရသေးတဲ့ သီချင်းသစ်တွေ လည်း အများကြီး ရှိနေတဲ့ သီချင်းရေးဆရာ ဖြစ် နေတာ တွေ့ ရပါတယ် ။ သီချင်းတွေ ကို သူ ရေးတာ က စီးပွားရေး အတွက် မဟုတ်ဘဲ အနုပညာသမိုင်း မှာ ကျန်ရစ်စေချင် လို့ ရေးတာ လို့ ဆရာကျော်မြင့်သူ က ပြောတယ် ။ ]

••••• ••••• •••••

ကျွန်တော် က စက်ချုပ်ပညာ သင်ရာ က အနုပညာ ထဲ ရောက် သွား တာ ။ စက်ချုပ် သင်တာ ( မန္တလေး ) ၁၂ လမ်း က ဦးသိန်း တို့ ဦးကျော် တို့ ဆီ မှာ သင်တာ ။

ဆရာတို့ ညီအစ်ကို က ဂီတ ဝါသနာ ပါတယ် ။ ကျွန်တော် က အဲသည် တုန်း က ၁၅ နှစ်သား ၊ သူတို့ က ဂီတနုတ်စ်တွေ သင် ၊ အဲယား ( လေမှုတ် တူရိယာ ) တွေ မှုတ် နေတာ မြင်ရ ကြားရ တော့ ကျွန်တော်တို့ လည်း ဝါသနာ ပါတယ် ။ ကိုယ် က ချာတိတ် ဆိုတော့ ဝါသနာ ပါတယ် မပြောရဲဘူး ။

ဦးကျော် က ဂီတလုလင် အဖွဲ့ ဥက္ကဋ္ဌ ၊ အပျော်တမ်း နုယဉ်တေးဂီတ အဖွဲ့ မှာ လည်း လူကြီး ။ နုယဉ်အဖွဲ့သားတွေ ထဲ က အချို့ က အခြား စီးပွားရေး လိုင်း ထဲ ပါ သူ  က ပါ ၊ ဇာတ် ထဲ ပါ သူ က ပါ နဲ့ လူ လေးငါးယောက် ပဲ ရှိတာ ။ လူကြီးတွေ က နုယဉ် ကို အားဖြည့် ချင် တော့ မင်းတို့ သင်ကြမလား မေးတယ် ။ ကိုယ် က ဝါသနာ ပါ တာ နဲ့ အံကျ ဖြစ် နေတယ် ။

စက် က ချုပ် နေရတော့ မအားဘူး ။ ညနေ အလုပ်သိမ်းသွား မှ သွား သင်ရတာ ။ ထင်ပေါ် ယာဉ်စက်မှု က ဦးသောင်း က ကလယ်ရီနက် မှုတ်တယ် ၊ သူ့ အိမ် ကို နုတ်စ်တွေ သွား သင် ရတယ် ။ ပစ္စည်း မပါဘဲ နုတ်စ်တွေ ချည်း သင်ရ တာ တစ်နှစ် နီးပါး ကြာတယ် ။ နောက်ကျ ပစ္စည်းတွေ ချပေးပြီး စမ်း ခိုင်းတယ် ။ တိုင်မင်တွေ အမျိုးမျိုး နဲ့ ကျင့် ပေးပြီး ရလာပြီ ဆိုမှ သီချင်း ချ ပေးတာ ။

ကျွန်တော်တို့ ခြောက်ယောက် လောက် နေ့စဉ် ချီတက် သွားတယ် ။ သီချင်းလေးတွေ ချ ပေးတာ လေးပုဒ် လောက် မှုတ်တတ် သွားတယ် ။ ကျွန်တော် က ဆက်ဆိုဖုန်း မှုတ်တာ ။

အဲဒီ အချိန် က အနုပညာ ရူး ရူးနေတဲ့ အချိန် ပေါ့ ။ ဝါဆို လပြည့် ၊ သီတင်းကျွတ် လပြည့် ၊ သင်္ကြန်ရက် တို့ ဆိုရင် အတီးအမှုတ်တွေ ယူ သွားပြီး ၊ မန္တလေး တောင် ပေါ် တက်ကြတယ် ။ ဗုံကြီး တွေ ၊ အသံချဲ့စက် တွေ ၊ ဟွန်းတွေ ထမ်းပြီး တောင် ပေါ် က ပြန့်ကြီး မှာ ဆင် ကြတယ် ။ အဲဒီတုန်း က ပရိသတ် က လည်း သိပ် အားပေးတာ ။ ဝိုင်းအုံ နေတာပဲ ။ ကျွန်တော် တို့ မှာ လည်း ဒီလို ဝိုင်းအုံ နေတာ က ပျော်စရာ ပီတိကြီး ပေါ့ ။

ဒီလိုနဲ့ သီချင်း ၁၀ ပုဒ် ၁၂ ပုဒ် လောက် ရ လာတယ် ။ ဆရာတွေ က မင်းတို့ ရပြီလား ပွဲ လက်ခံမယ် ဆိုပြီး ပွဲ လက်ခံတာပေါ့ ။ မြို့တော်ခန်းမ ၂  တို့ ၊ စပယ်ခန်းမ တို့ မှာ မင်္ဂလာပွဲ တွေ လက်ခံတယ် ။ စန္ဒရားကြီး ကို လှေခါး က နေ အပေါ်ထပ် ခန်းမ ကို ထမ်းထမ်း တင်ရ ချရ တာ တွေ သတိရမိပါသေးတယ် ။

ဒီလို လုပ်ရင်း သင်္ကြန် ရောက်ပြီ ဆိုတော့ နုယဉ် ကို လာပြီး ငှား ကြ တယ် ။ ကျွန်တော် တို့ က နှစ်ဖွဲ့ သုံးဖွဲ့ ခွဲပြီး ငှားရာ ကို လိုက်တယ် ။ နုယဉ် က လည်း သင်္ကြန် မှာ ဧည့်ခံမဏ္ဍပ် ရော ၊ အလှပြကား ရော ထွက်ခဲ့သေးတယ် ။

သင်္ကြန်ရူး ရူးသွားပြီ ဆိုတော့ သင်္ကြန် သီချင်းတွေ ရေး တာပေါ့ ။

ရှာပုံတော် မင်းသားကြီး ဆိုတဲ့ ခေါင်းစဉ် ခေါင်း ထဲ ဝင် လာတယ် ။ သင်္ကြန် နဲ့ လိုက်ဘက် ညီ အောင် ဖွဲ့ ရင် ရနိုင်တယ် ဆိုတဲ့ အသိ နဲ့ ဖော်ကျူး ကြည့် တာပေါ့ ။ သင်္ကြန်သီချင်း ရေးမယ် ဆိုရင် လောင်းတာ ပက်တာ တွေ နဲ့ ရေးဖွဲ့ နေ တာ ထပ် နေလို့ ကျွန်တော် က လောင်းတာ ၊ ပက်တာတွေ မပါဘဲ စပ်တာပါ ။

သင်္ကြန် တွင်း မှာ ကောင်းလေး နဲ့ ကောင်မလေး တွေ လိပ်စာ တောင်း တာ လိပ်စာပေး တာ မြင်ခဲ့တွေ့ ခဲ့ဖူးတယ် ။ ဒါလေးကို အကြောင်းပြု လိုက်တာ ပေါ့ ။ လိပ်စာ ရေစို လို့ ပျက်ဖူးသလား ၊ ပျက်တော့ မပျက်ဖူးပါဘူး ။ ရေးတဲ့ အခါ မှာ အသံ ကို “ ထင်း ” နေ အောင် ထည့် လိုက်တယ် ။ ကျွန်တော် က စည်တို နဲ့ ရေး တဲ့ သီချင်း မို့ အသံ က ထင်း ရတယ် ။ နွဲ့ ရင် မလိုက်ဘူး ။

စက်ချုပ်တဲ့ လုပ်ငန်း ကို ကျိုးကြား ကျိုးကြား တော့ ပစ်ခဲ့ဖူး သေးတယ် ။ စက်တွေ ပစ်ထား ခဲ့ပြီး မြို့တော်သိန်းအောင်ဇာတ် ထဲ လည်း လိုက်ခဲ့ဖူး သေးတယ် ။ ဇာတ် က ပြန်လာ ပြီး အိပ်ချင်မူးတူး နဲ့ စက်တွေ ချုပ် ၊ နောက် ရက် ပြန် လိုက်သွား ၊ ဒုက္ခ ရောက်တာပေါ့ ။ စက် လည်း ကောင်းကောင်း မချုပ်နိုင် ၊ ဟို ကျ လည်း ကောင်းကောင်း မတီး မမှုတ်နိုင် ။

ရူးတာပေါ့ လေ ။ အသက် က အစိတ် ဆိုတော့ တီးချင် မှုတ်ချင် တဲ့ သွေး ပဲ ရှိတာ ။ ရူးတယ် ဆိုတာ ဝါသနာ ထက်သန် တာ ကို ဆိုလိုတာပေါ့ ။

အနုပညာ နယ် ထဲ ခြေစုံပစ် ဝင်ချင် ပေမယ့် ထမင်း မစားရဘူး ။ ထမင်း စားရမယ် ဆိုရင်တော့ ဘယ် မှာ ကျွန်တော် စက်ချုပ် နေ မှာလဲ ။ အဲဒီ ထဲ မှာ ပဲ ရှိတော့မှာ ပေါ့ ။ စက်ချုပ် တဲ့ အလုပ် ကို ပစ်ပြီး ငါ ဘယ် ဘဝ ရောက်ရောက် လိုက်လို့ မရသေးဘူး ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment