အခန်း - ၂၁
ဘုရားစင် ရှေ့ ဦးမျက်ပြူး သောက်တော်ရေ ကပ် ဖို့ အထိုင်
“ ဩကာသ .. ဩကာသ .. ”
“ ဖုတ် ”
အသံ ကြား ရာ သို့ လှမ်း ကြည့် လိုက်တော့ ...
“ ဘုရား .. ဘုရား .. ငွေတွေ ပါ လား ... ဒါတောင် သောက်တော်ရေ ပဲ ကပ်ရုံ ရှိသေးတယ် ... ဆွမ်း မကျက်သေး လို့ ... ဆွမ်း ပါ ကပ်ရင် နောက် တစ်ကြိမ် ... ထပ် လာဦးမလား မသိဘူး ”
တစ်ယောက် တည်း ပြော လည်း ပြော ၊ ငွေထုပ် ကို လည်း လှမ်း ယူ ပြီး တောင် ၊ မြောက် လေးပါး လိုက် ကြည့်လိုက်တယ် ။
“ ငါ ... ငါ သိုက်ဆက်များ ရှိလား... မဖြစ်နိုင်ပါဘူး သိုက် က လာတာ ဆိုရင် ... ဒီ အသက်အရွယ် အထိ ဘယ် ထားမလဲ .. ပြီးတော့ .. ပြီးတော့ တကယ် သိုက် အစစ် က လာတာ ဆို ရင် လည်း ... ဒီ ငွေတွေ ပေး မှာ မဟုတ်ဘူး .. ရွှေမန်ကျည်းသီးတောင့် ပဲ ပေးမှာ ... သိကြားမင်း ဒါမှမဟုတ် ငါ့ အဖေများ ... မကျွတ်မကျွတ် လို့ ... ”
တွေးရင်း ကြက်သီး ထ လာ သဖြင့် မတွေးတော့ ဘဲ ပိုက်ဆံတွေ ကို ရှေ့ မှာ ပုံပြီး ....
“ ဘုရား ဆက် ရှိခိုး မှ ဖြစ်မယ် .. အမျှအတန်း ဝေရမယ် ”
ကမန်းကတန်း ဘုရားစင် ရှေ့ ငုတ်တုတ် ထိုင် လက်အုပ် ချီပြီး
“ ဩကာသ ... ဩကာသ .. ဩကာသ .. ကာယကံ .. ဝ .. ဝ .. စီ ”
“ ဖတ် ”
စာရွက်ခေါက်လေး ထပ် ကျ လာသည် ။ ဦးမျက်ပြူး တုန်လှုပ် သွားသည် ။ တုန်ရင် နေ သော လက် ဖြင့် စာရွက်ခေါက်လေး ကို ကိုင်ရနိုး မကိုင်ရနိုး နဲ့ ချီတုန်ချတုန် ဖြင့် ...
“ ကြိမ်းသေ သွားပါပြီ ... ငါ ... ငါ သိုက် က လာတာပါ .. နဂါးသိုက် လား ၊ မြွေသိုက် လား ၊ ဘီလူးသိုက် လား ... တစ်ခု ခု တော့ တစ်ခု ခု ပဲ ... သိုက် က ပြန် လာဖို့ စာ နဲ့ လှမ်း ခေါ်တာပဲ ဖြစ်ရမယ် ... ဒီတော့ ငါ ... ဘာ .. ဘာ လုပ်ရမလဲ .. ”
စာရွက်ခေါက် ကို ကိုင် ကာ နီး အတွေး တစ်ခု ဝင်လာ သဖြင့်
“ သား ... သား ... မျက်မှေး ”
ခေါ်ရင်း နဲ့ အပေါ်ထပ် ပြတင်းပေါက် နဲ့ကပ်လျက် သရက်ပင် ပေါ် က လူ လိုလို ၊ မိန်းမ လိုလို အရိပ် တစ်ခု ရိပ်ခနဲ တွေ့လိုက်ရ သ ဖြင့် ပိုပြီး ရင်တွေ တုန် လာတော့သည် ။ ကမန်းကတန်း ပိုက်ဆံ နဲ့ စာရွက်ခေါက်လေး ကို ယူပြီး အောက်ထပ် ပြေး ဆင်းရင်း နဲ့ ပါးစပ် က လည်း
“ သား ... သား ... မျက်မှေး ရေ .. ဟဲ့ မျက်မှေး ရေ ”
အိပ်ချင်မူးတူး ဖြစ် နေသော မျက်မှေး နဲ့ လှေကား အဆင်း သုံးထစ် အလို မှာ မျက်နှာချင်းဆိုင် မိပြီး ...
“ အဖေ .. ဘာဖြစ်လို့လဲ ... ဘာဖြစ်လို့လဲ ”
“ ဒီမှာ .. ဒီမှာ ... ကြည့်စမ်း ... ငွေတွေ ... ”
“ ငွေ ” ဆိုတဲ့ အသံ ကြောင့် မျက်မှေး မျက်လုံးတွေ ကျယ် သွား တယ် ။ ဦးမျက်ပြူး ထံ က ပိုက်ဆံတွေ ယူ လိုက်ပြီး မှ ...
“ ဒါ ... အဖေ့ ပိုက်ဆံတွေ မဟုတ်လား ”
“ ငါ့ ဟာတွေ မဟုတ်ဘူး ... ငါ ဘုရား ရှိခိုးနေတုန်း ... ငါ့ ရှေ့ လာကျတာကွ ”
“ ဟင် ဟုတ်လား ”
မျက်မှေး က တအံတသြ ဖြစ်ပြီး မှ တစ်စုံတစ်ခု ကိုသတိရ လိုက် ပြီး
“ ဟာ အဖေ ပိုက်ဆံတွေ ... အဖေ မေ့ပြီး ဘုရားစင် ပေါ် တင်ထားပါ လိမ့်မယ် ... ကြွက်က ကိုက် ချ လို့ ပြုတ်ကျ လာတာများမှ မသိတာ ”
“ မ .. မဟုတ်ဘူး ... ဘုရားစင် ပေါ် မှာ မတင်ထားဘူး ... ငါ ... ငါ ကိုယ်တိုင် သောက်တော်ရေ ကပ်တာကွ ... ခုဟာ က ဖုတ်ခနဲ ဆိုပြီး ... ငါ့ ရှေ့ ကျလာတာ ... ပြီး ... ပြီးတော့ ”
ဘေး ပတ်ဝန်းကျင် ကို ကြည့်ပြီး နှစ်ကိုယ်ကြား လေသံ တိုးတိုး နဲ့ .. မျက်မှေး နား ကပ်ကာ
“ ငါ့ ... ငါ့ ကို သိုက် က လာ ခေါ်တာ ဖြစ်မယ်ကွ ... ဒီ ပိုက်ဆံ နဲ့ အလှူအတန်း လုပ် ... ပြီးရင် ရေစက်ချ ... အားလုံး ပြီးပြီ ဆိုတာနဲ့ သူတို့ လာမှာ ကြိမ်းသေ နေပြီ ... ငါ့ သား ဘယ့်နှယ့်လုပ်မလဲ ... ငါ လည်း နောက်ထပ် မိန်းမ ထပ် မယူရသေးဘူး ”
မျက်မှေး က စိတ် တိုသော ဟန် ဖြင့် ...
“ ဟာ အဖေ့ နှယ် ဗျာ.. အလှူ လုပ်မယ် မရှိဘူး မိန်းမ ယူ ဖို့ လောက် စဉ်စားနေတယ် ... ဒါနဲ့ အဖေ့ ကို ဘယ်တော့ လောက် သိုက် က လာ ခေါ်မှာလဲ ဟင် .. ”
“ ငါ့ အထင် အလွန်အကျွံ သုံးလေးရက် ပေါ့ ကွာ ”
သူ့ စကား သူ ပြန် စဉ်စားမိပြီး ...
“ ဘာကွ ... ငါ့ ကို ဘာလို့ သိုက် က လာ ခေါ်မှာလဲ ”
“ အဖေ ပဲ ပြောပြီးတော့ .. ”
“ နေဦး ငါ စဉ်စားမိတာ တစ်ခု ရှိတယ် ... သိုက် ဆိုတာ ရှင် မပြုမီ .. ဒါမှမဟုတ် ... မိန်းမယူပြီး စ.. အဲဒီ အချိန်မျိုး မှာ မှ လာ ခေါ်တယ် ကြားဖူးတယ် ။ ခု ငါ က ရှင် လည်း ပြုပြီးသွားပြီ ၊ မိန်းမ ယူ လို့ သား တောင် ရနေပြီ ... မိန်းမ လည်း မရှိတော့ဘူး အသက် က လည်း ကြီးနေပြီး ... ဒါနဲ့ နေစမ်းပါဦး သား ရဲ့ ”
မျက်ပြူး က တစ်စုံတစ်ခု ကို တွေးတော ဟန် ဖြင့် ...
“ ဒီ အသက်အရွယ်ကြီး ကို သိုက် က ဘာဖြစ်လို့ ခေါ် တာလဲ ”
မျက်မှေး က စဉ်းစဉ်းစားစား လုပ်ပြီး ...
“ သူတို့ သိုက် မှာ ... ညစောင့် လို လို့ ဖြစ်မှာပေါ့ ”
“ ဘာကွ ... ငါ က ညစောင့် လုပ်ရမလား .. မဟုတ်သေးပါဘူး ... ခေါ်ရင် ခေါ်ရင် .. ”
မျက်မှေး က ထပ် ပြော လိုက်သည် ။
“ သေမင်း က ပဲ ခေါ်မှာပေါ့ အဖေ ရာ ”
“ အေး ဟုတ်တယ် .. မင်း ပြောတာ .. ဘာ ... ဘာပြောတယ် ”
မျက်မှေး က လက်အုပ်လေး ချီ ပြီး ...
“ အဖြစ် ပြောတာပါ အဖေ ရယ် ... လွှတ်ခနဲ ထွက်သွားတာပါ ”
“ ဟုတ်ပြီ ... ဟုတ်ပြီ ... သိုက် က မဟုတ်ဘူး ... မင်း အမေ ငါ့ မိန်းမ ... ငါတို့ ဆို င်အရင်းပြုတ်ခါနီး တာ ကို တမလွန် က တွေ့သွားပြီး လာ ပေးတာ ဖြစ်မယ် ... ဘာဖြစ်လို့လဲ ဆိုတော့ ... အပေါ် ထပ်.. ဘုရားစင် ဘေး က ... သရက်ပင် မှာ မိန်းမ အရိပ် တွေ့လိုက်ရတယ် ”
မျက်မှေး က ‘ အဖေ ဘာတွေ ပြောနေပါလိမ့် ’ ဟူသော မျက်နှာ နဲ့ ကြည့် နေပြီး အဖေ ဖြစ်သူ ရဲ့ လက် ထဲ က စာရွက်ခေါက်လေး ကို ဆတ်ခနဲ ယူပြီး ဖတ် လိုက်တော့
“ ဟာ အဖေ ... ဒါ ... ဒါ ချစ်တီးတို့ အပေါင်ဆိုင် က အပေါင်လက်မှတ်ကြီး ပဲ ”
“ ဟေ ”
ဦးမျက်ပြူး က ကမန်းကတန်း စာရွက်ခေါက် ကို ယူ ကြည့်ပြီး သူ့ လက် ထဲ မှာ ရှိသော ငွေတွေ နဲ့ တိုက် ကြည့် ကာ ...
“ ငါ ... ငါ ပေါင် ခိုင်းတာက ... လူတွေ သိမှာ စိုးလို့ ... ဒီ ကောင့် ကို တိုးတိုးတိတ်တိတ် ပေါင်ခိုင်း လိုက်တာ ”
ဦးမျက်ပြူး စာရွက် ကိုင် ကာ စဉ်စား နေစဉ် သား ဖြစ်သူ မျက်မှေး က အပေါင်ဘောင်ချာ ရဲ့ နောက်ကျော က စာ ကို တွေ့သွားပြီး
“ အဖေ .. နောက်ကျော မှာ ဘာတွေ ရေးထားတာလဲ .. ဖတ် ကြည့်ပါဦး ”
“ ဟေ ဟုတ်လား ... မှန်စမ်း ... ဘာတဲ့ ... ဦးမျက်ပြူး ... ဗလ ပိုက်ဆံတွေ ကျန်ခဲ့လို့ သမီးတို့ လှမ်း ပစ် ပေးလိုက်တယ် ... ဦးလေး တို့ အပေါင် ကိစ္စ ဘယ်သူ့ ကို မှ မပြောပါဘူး .. ဆောင်းဟေကို ညီအစ်မ .. တဲ့ ”
“ ဟိုက် သွားပြီ ... ”
ဦးမျက်ပြူး သူ့ နဖူး သူ လက် နဲ့ ရိုက် ပြီး ထိုင်လျက်သား ကျသွား တော့တယ် ။
“ အဖေ ပြော တော့ သိုက် က ဆို ... ”
“ အမေ လာ ပေးတာ ဆို .. ”
ဦးမျက်ပြူး ဘာမှ မပြောနိုင်တော့ပါ ။
“ သွားပါပြီ .. မရှိမဲ့ ရှိမဲ့ အရှက် တော့ ကွဲ ကုန်ပါပြီ ... အဖေ့ နှယ်ဗျာ ... သား တစ်ယောက် လုံး ရှိနေတာ .. သူများ ကို ခိုင်းရတယ်လို့ ”
မချိတင်ကဲ ပြော နေတဲ့ မျက်မှေး ကို ဦးမျက်ပြူး က ‘ ဝုန်း ’ ဆို ထ ကန် လိုက်ပြီး ...
“ သူများ ခိုင်းတာ က မှ အပြည့် ပြန် ရသေးတယ် ... မင်း သာ ခိုင်း ကြည့် ... ရက်လည်တောင် မီ မှာ မဟုတ်ဘူး ... ”
ဟူ၍ ဖြစ်ပါတော့သည် ။
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment