Friday, March 8, 2024

ဇီးကွက် မောင်နှံ


 

❝ ဇီးကွက် မောင်နှံ ❞

( ၁ )

မည်သို့ဆိုစေ ...

နှစ်ပေါင်း ၂ဝ ကျော် ခဲ့ချေပြီကော ။ မန္တလေးတိုင်း အမရပူရမြို့နယ် တောင်သမန် အင်းစောင်း နှင့် ဦးပိန်တံတားရှည် တို့ သည် ကျွန်တော် ၏ ဒေသန္တရ အလွမ်း သမိုင်း ထဲတွင် လုံးဝ မေ့ပျောက်၍ မရသော ၊ မေ့ဖျောက် နိုင်စွမ်း အလျဉ်း မရှိသော ယခု မျက်မှောက် ကာလ ဘဝ မှ နောင် ဖြစ်လေရာ ဘဝ ဆက် တိုင်း ၌ ပင် တစ်ဖန် ပြန်လည် လွမ်းဆွတ် ကြည်နူး တမ်းတ နေရမည့် သဘာဝဝန်းကျင် အလှဒေသ တစ်ခု ဖြစ်ပါသည် ။

ထို ဂန္ထဝင် မဟာဂန္ဓာရုံ သာသနာပိုင် ဝန်းကျင် တောင်သမန်အင်းစောင်း နှင့် ဦးပိန်တံတားရှည် ဆီ သို့ နှစ်စဉ် လိုလို ကျွန်တော် ရောက်ခဲ့ ဖူးသည် ။ မယ်ဇင်ပင်အိုတန်း နှင့် အင်းရေပြင် တစ်ခွင် တစ်ပြင် ရှိ နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ သဘာဝဖွဲ့ အနေအထား ကို ကိုယ်တွေ့ ကြုံခဲ့ဖူး၍ စိတ်နှလုံး ချမ်းမြေ့ လွတ်လပ် လန်းဆန်းစွာ ကျွန်တော် ခံစား တပ်မက်ခဲ့ ဖူးသည် ။

ပြီးခဲ့သည့် နှစ် ၂ဝဝ၅ နိုဝင်ဘာ ၂၉ ရက် နေ့ တွင် ( အမေ ၏ အသက် ၉၀ ပြည့် မွေးနေ့ပွဲ ကို တက်ရောက် ဖြစ်သော အခါ ဤမှာ ပင် ကျွန်တော် နှင့် ဇီးကွက်မောင်နှံ တို့ အကြောင်း ဆုံ လာဖို့ ကံကြမ္မာ က မျက်နှာသာ ပေး လိုက်ပါတော့သည် ။ ) လည်း ကျွန်တော် ရောက်ခဲ့ ပြန်သည် ။

( ၂ )

အမေ ၏ မွေးနေ့ပွဲ သည် ကား မျှော်လင့်မှန်းဆ ထားသည် ထက် စာပေအနုပညာ ဧည့်ပရိသတ်များ သာလွန် ထူးကဲ တက်ရောက်ပြီးချိန် နောက်ပိုင်း မွန်းတည့် ချိန် လောက် တွင် ကျွန်တော်နှင့် အဆွေခင်ပွန်း တစ်စု တောင်သမန်ရွာ ဘက် မှ အပြန် ဦးပိန်တံတား ပေါ် ရှိ ဆရာကြီးတက်တိုး နှင့် ဆရာမကြီး ဒေါ်နုယဉ် ( ယခု နှစ်ယောက် စလုံး ကွယ်လွန် ) တို့ ကောင်းမှု ပြု တည် ဆောက် လှူဒါန်းထားသော ဇရပ်အဆောင် အလွန် ၊ တံတားလက်ရန်း ခုံတန်းရှည် ၌ ဇီးကွက်မောင်နှံ ကို ရုတ်ခြည်း တွေ့လိုက်ရ ပါသည် ။ ငှက်ခတ်သမ ၏ သံနန်းကြိုးလှောင်အိမ် အတွင်း ငြိမ်ကုတ် နေသော ဇီးကွက်မောင်နှံ ကို အလွန့်အလွန် စိတ်ပါဝင်စားစွာ ကျွန်တော် အနီးကပ် ကြည့်ရှု လိုက်ပါသည် ။ ရွှေရောင် အတိ အိစက်ဝင်းလဲ့ပြီး ဝလုံး ပုံသဏ္ဌာန် ဝိုင်းစက် နေသော မျက်လုံး အစုံ ။

“ ရှေးပဋ္ဌာန်းဆက်ကြောင့်ပဲ ထင်ပ
မြင်လျှင် မြင်ချင်းပင် သံယောဇဉ် က
ရဲတင်းလွန်းလှပါပကောကွယ် ”

ယခင့် ယခင် က ဇီးကွက် ဟူသော သတ္တဝါ ကို နီးနီး ကပ်ကပ် မမြင်တွေ့ဖူးပါ ။ စေ့စေ့စပ်စပ် မကြည့်ရှုဖူးပါ ။ ယခု မြင်ရသော အခါ အဘယ်ကြောင့် မှန်း မသိ ၊ ကျွန်တော် ချစ်မိပါ တော့သည် ။ တွယ်တာ တပ်မက်မိ ပါ တော့သည် ။ တစ်ဆက်တည်း မှာ ပင် ရယူ ပိုင်ဆိုင်ချင် လွန်း နေပေသည် ။ ဇီးကွက်မောင်နှံ ၏ မျက်ဝန်း ၊ မျက်နှာထား ၊ ကိုယ်နေ ဟန်ပန် သွင်ပြင် လက္ခဏာ အားလုံး တို့ သည် ကျွန်တော့် နှလုံးသည်းညှာ ကို လွယ်လွယ်ကူကူ ဖြုတ်ချည်း တစ်ခဏ အတွင်း ဖြားယောင်းသိမ်းသွင်း စည်းရုံး လိုက်နိုင် ပါတော့သည် ။ ထို့ကြောင့်ပင် ငှက်ခတ်သမ ကို ကျွန်တော် က  ...

“ ရောင်းဖို့လား ”

“ ဟုတ်ပါတယ် ရှင့် ”

“ ဈေး က ဘယ်လောက်လဲ ”

“ ခြောက်ထောင်ပါ ရှင့် ”

“ ဟ ... များလှချည်းလား ။ ညည်းတို့ ဟာ အလကား ရတဲ့ ဥစ္စာပဲ ”

“ အို … ဘယ်က အလကား ရရမှာလဲ ။ ကျွန်မတို့ က တစ်ဆင့်ပြန် ဝယ်ပြီး ရောင်းစားရတာ ”

“ တစ်ထောင် နဲ့ ဝယ်ပြီး ခြောက်ထောင် နဲ့ လျှော့ ရောင်းတာမျိုးပေါ့ ”

“ ဘယ်ကလာ မဟုတ်က ဟုတ်က ”

“ များတယ် ဟာ ၊ ငါ က ချစ်လို့ အလှ မွေးဖို့ ဝယ်ချင်တာ ”

“ များပါဘူး ရှင့် ။ သူတို့ က စုံလိုက် ရဖို့ သိပ် ခဲယဉ်း တာ ။ ခြောက်ထောင် များ ရင် တစ်ကောင်တည်း ယူပေါ့ ။ သုံးထောင် ပေး ရှင့် ”

“ ဟာ ... ခွဲယူလို့ ဘယ် ဖြစ်ပါ့မလဲ ။ ယူ ဖြစ်ရင် စုံလိုက် ယူမှာ ။ ဘယ့်နှယ် တစ်ကောင်ချင်း ခွဲယူရ မယ် လို့ ။ ငါ က သူတို့ချစ်ခြင်း ၊ ပေါင်းသင်းခြင်း ကို ခွဲမယ့် လူ မဟုတ်ဘူး ။ ခွဲရက်လို့ ခွဲရင် ငါ ဝဋ်လိုက်မှာပေါ့ ။ ညည်း ဈေး လျှော့နိုင်ရင် လျှော့ ။ မလျှော့နိုင် လို့ တစ် ကောင် တည်း ခွဲပြီး အလကားပေး လည်း ငါ မယူဘူး ”

ထိုစဉ် ကျွန်တော် ၏ အဆွေခင်ပွန်း ဖြစ်သူ ကိုခင်မောင်နိုင်ဦး က ဈေးကူ ဆစ် ပေးသည် ။ ငှက်ခတ်သမ က ကျွန်တော် သိပ် လိုချင်မှန်း ရိပ်မိသည် လား မသိ ။ သူမ ၏ ဈေး ကို တင်းတောင့်ခံ နေဆဲ ။

“ ကဲ ... ကဲ ... ညည်း ရောင်းနိုင်ရင် ရောင်း ၊ ငါး ထောင်ပေးမယ် ”

“ ဇီးကွက် မောင်နှံ
နှစ်ကောင် ငါးထောင်
တစ်ကောင် နှစ်ထောင့်ငါးရာ ကဗျာဆရာ ဈေးဆစ်နေပါသဗျာ ”

အဆွေခင်ပွန်း တစ်ယောက် ဖြစ်သူ အုန်းကြီး က ကျွန်တော့် ဖြစ်အင် ကို ကြည့်ပြီး လက်တန်းကဗျာ စပ် ကာ အော် ရွတ် လိုက်သည် ။ ငှက်ခတ်သမလေး ကြောင် သွား သည် ။ ပြီးတော့ ပြုံးရယ်သည် ။ နောက်ဆုံး တော့ တောင်သမန် အင်းစောင်း မှ အကျဉ်းခံ ဇီးကွက်မောင်နှံ ကို ငွေကျပ် ငါးထောင် ဖြင့် ကျွန်တော် ရယူပိုင်ခွင့် ရှိခဲ့ပါ သည် ။

( ၃ )

“ ရှေးရှေး ရေစက်ကြောင့်ဟုထင်
တွေ့လျှင် တွေ့ချင်းပင်
ချစ်ခင် စုံမက်
နှစ်သက်မှု အတိုင်းအဆမဲ့စွ ပိုင်ဆိုင် ရယူခဲ့ပြီးနောက် သံယောဇဉ် အစွယ်ပေါက်က ရင်တွင်း လွန်းထိုးခလောက်ဆန်ပြီ ”

ဆောင်း ညနေဦး ၊ မောင်သွေးသစ် နှင့် ဇီးကွက်မောင်နှံ တောင်သမန် အင်းစောင်း မှာ ယောင်ချာချာ ။

ရှေး ယခင့် ယခင် ကာလာများ ၌ မူ ကနေ့ လို မွေးနေ့ပွဲ ပြီးသည့် နောက် အနယ်နယ်အရပ်ရပ် မှ ရေးဖော် များ နှင့် မယ်ဇင်ပင်တန်း အောက် ဆိုင်ခန်းများ တွင် ဝိုင်းဖွဲ့ ဝေစည် နေတတ်လေ့ ရှိသော ကျွန်တော် သည် ယခု တော့ အသွားအလာ အနေအထိုင် မလွတ်လပ်တော့ ။ ရှမ်းရိုးမပြာပြာ ကို လည်းကောင်း ၊ မြူမှောင်ရစ်သိုင်း စစ်ကိုင်းတောင်ရိုး စေတီပုထိုးများ ကို လည်းကောင်း လွမ်းမော ငေးမျှော် ဆွေးဖော် တွေးဖော် မရတော့ ။ ကျွန်တော့် ရင် ၌ ပူပူနွေးနွေး သံယောဇဉ် က လွန်းထိုး ရှိနေပြီ ။ ကျွန်တော့် လက် ၌ လှောင်ချိုင့်စံ ချစ်စဖွယ် ဇီးကွက် မောင်နှံ စုံတွဲ က မကွာမကွဲ ရှိနေပြီ ။ ခရီး သွားလာသည့် အခါ အမြဲတမ်း လွတ်လပ် ပေါ့ပါးစွာ နေတတ်လေ့ ရှိသော ကျွန်တော့် အဖို့ ယခုသော် လွတ်လပ်ခွင့် အားလုံး ကို ဇီးကွက် မောင်နှံ နှင့် လဲလှယ် လိုက်ရ လေပြီ ။

ထို့ကြောင့်ပင် ကျွန်တော် တည်းခိုရာ အုန်းကြီး အိမ် သို့ စောစီးစွာ ပြန်ရောက်သော အခါ အုန်းကြီး ၏ ချစ်ဇနီး မယ်မြင့် က ကျွန်တော့် လက် ထဲ မှ ဇီးကွက်မောင်နှံ ကို ကြည့် ပြီး ...

“ ဟာ .. ဇီးကွက်ကလေးတွေ က ချစ်စရာကလေး တွေ ပါလား ။ ဘယ်က ဘယ်လိုများ ရ လာပါလိမ့် ဆရာသွေး ရယ် ”

“ တောင်သမန် မှာ တွေ့လို့ ဝယ်လာတာ မယ်မြင့် ရေ ”

“ ဒါဟာ ဆရာသွေး နဲ့ သူတို့ကလေးတွေ ကံစပ် လို့ ရတာ ။ ဇီးကွက် က ကံ သိပ် ဆောင်တာ ဆရာသွေး ရဲ့ ။ ကျွန်မတို့ အိမ်နား က ကိုဉာဏ်သစ်ကြီး တို့ အိမ် ထဲ ဇီးကွက် အဖို တစ်ကောင် ရောက် လာတာ ။ ရောက်ပုံ က လည်း ဆန်းပါ့ ။ မနက် လင်း တော့ သူတို့ ဘုရား ခန်း ထဲ က တန်း မှာ ဇီးကွက် က ဘယ်က ဘယ်လို ရောက် နေမှန်း မသိဘူး ။ အဲဒီနေ့ တစ်နေ့ လုံး အိပ် နေတာတဲ့ ။ ညနေစောင်း ရောက်တော့ ဘုရားခန်း ပြတင်းပေါက် က နေ ပြန်ထွက် သွားရော ။ ဟော ... မနက် အရုဏ်ကျင်း တော့ သူနေခဲ့တဲ့ ဘုရားခန်း က တန်း ကို ပြန် ရောက်နေ ပြန်ရော တဲ့ ။ ဒီလိုနဲ့ ဇီးကွက် က တစ်မနက် နဲ့ တစ်နေ့ခင်း လုံး သူတို့ ဘုရားခန်း မှာ အိပ် ၊ ညဘက် အပြင် ထွက် ၊ နောက်နေ့ မနက် ကျ ပြန် လာ နား ။ ဒီလို နေ လာ လိုက်တာ ဇီးကွက် ရောက် ပြီး တစ်ပတ် အတွင်း မှာ ကိုဉာဏ်သစ်ကြီး တို့ ထီသိန်းဆုကြီး ပေါက်ပါလေရော ။ မကြာပါဘူး ၊ ဆက်တိုက် ဆိုသလိုပဲ ကျောက်စိမ်း အရောင်းအဝယ် လုပ်ရာ ကနေ ကျောက် အောင်ပြီး သိန်း ထောင်ချီ ပြီး ရသွား သတဲ့ ။ ခုတော့ ပြင်ဦးလွင် မှာ ခြံ နဲ့ ဝင်း နဲ့ ၊ တိုက် နဲ့ ကား နဲ့ ၊ စတိုးဆိုင်ကြီး လည်း ဖွင့်ထားလိုက်တာများ ဟည်း လို့ ။ အဲ ... ဇီးကွက်ကလေး ကို ရွှေလှောင်ချိုင့် လုပ်ပေးပြီး ပြင်ဦးလွင် ကို တစ်ပါ တည်း ခေါ်သွား သတဲ့ ။ ဇီးကွက် များ အကျိုးပေး ပုံ ပြောပါတယ် ။ ဆရာသွေး လည်း ထီလေး ဘာလေး ထိုး ၊ အကျိုး ပေး မှာ မလွဲဘူး နော် ”

အုန်းကြီးဇနီး မယ်မြင့် က အားတက်သရော ပြော အပြီး အုန်းကြီး က ...

“ ဟဲ့ ... မယ်မြင့် ရ ၊ တို့ ဆရာသွေး က ထီ လည်း မထိုးဘူး ။ နှလုံး တို့ ၊ သုံးလုံး တို့ လည်း ဝါသနာ မပါ တဲ့ ဥစ္စာ ။ ပြီးတော့ တို့ ဆရာသမားတွေ စီးပွားရေး ဆို ဘာဆို ဘာမှ လုပ်ချင်တာ ၊ လုပ်တာ မှ မဟုတ်ဘဲ ။ ကိုဉာဏ်သစ် တို့ဟာ က တိုက်ဆိုင်မှုတွေ ပါ ကွာ ”

“ ဟိုတုန်း က ထီ ထိုးထိုး ၊ မထိုးထိုး ၊ စီးပွားရေး လုပ်လုပ် ၊ မလုပ်လုပ် ကိစ္စ မရှိဘူး ။ ဒီ ဇီးကွက်ကလေး တွေ ရှိ နေမှ တော့ ထီ ကို တော့ ထိုး ၊ စီးပွားရေး လည်း လုပ်ပေ ရော့ ဆရာသွေး ရေ ။ ကံ ထမ်း လာတာ ကို မြင်ရတာ ဟုတ်ဖူးနော့ ”

“ ကဲပါ မယ်မြင့် ရယ် ၊ ဒီလို ပြောဖော် အားပေးဖော် ရတာ သိပ် ကျေးဇူး တင်ပါတယ် ။ ကျွန်တော် သူ တို့ ကလေးတွေ ကို ဘာ မျှော်ကိုးချက် နဲ့ မှ ဝယ်တာ မဟုတ် ပါဘူး ။ ချစ်လို့ တမင် သက်သက် ဝယ်လာတာပါ ။ အလှ မွေး မလို့ပါ ။ ပြီးတော့ အိမ် က အမျိုးသမီး နဲ့ သမီး အတွက် အဖော်အဖြစ် မန်းပြန် လက်ဆောင် အနေ နဲ့ ဝယ် လာတာမျိုးပါ ”

ထိုည ကျွန်တော် အိပ်ရာ ဝင်သော အခါ လှောင်အိမ် အတွင်း မှ ဇီးကွက်မောင်နှံ တောင်ပံခတ်သံ ကို ပါ ရံဖန်ရံခါ ကြား နေရသည် ။

ဇီးကွက်မောင်နှံ တို့ မနက်ဖြန် ညနေ မန်း - ရန်ကုန် အမြန်ရထားကြီး စီးရပေဦးတော့မည် ။

( ၄ )

ရန်ကုန် ပြန် ရန် မန်းဘူတာရုံ သို့ ရောက်သော အခါ ရထား ထွက်ခွာချိန် အလွန် နီးကပ် နေလေပြီ ။ ကျွန်တော် စီးရမည့် အထက်တန်းတွဲ ပေါ် သို့ ဇီးကွက်မောင်နှံ လှောင်အိမ် ကို လက် တစ်ဖက် မှ ဆွဲလျက် ကျွန်တော် ထိုင်ရမည့် တွဲ ရှေ့ဆုံးတန်း ပြတင်းပေါက် ဘက်မှ ခုံနံပါတ် A1 ကို ကြည့်လိုက်သော အခါ စိတ် အလွန် ပျက်ဖွယ် ကောင်းသော အခင်းအကျင်း အနေအထား ကို တွေ့ လိုက်ရပါသည် ။ ကျွန်တော် နှင့် ဘေးချင်း ယှဉ် လျက် ထိုင်ခုံ B 1 တွင် အသက် ၂ဝ ကျော် ဝန်းကျင် အမျိုးသမီး မှ တစ်ဦး ထိုင် လျက် နှုတ်ခမ်း ဆေးဆိုး နေပါသည် ။ သူမ ၏ မျက်နှာဟန်ပန် ခြယ်သ ထားမှု မှာ ရိုက်ကွင်း သွားမည့် ဇာတ်ရံ သရုပ်ဆောင် တစ်ဦး ကဲ့သို့ ဖြစ် နေ၍ သူမ ၏ ဝတ်စားဆင်ယင်မှု မှာ လည်း ကိုရီးယား ဇာတ်ဝင်ခန်း အချို့ မှ အမျိုးသမီး သရုပ်ဆောင်များ ကဲ့ သို့ စကတ် ပါးပါးတိုတို နှင့် ကြိုးသိုင်းအင်္ကျီ ရင်ဘတ် အထက်ပိုင်း ဟာလာဟင်းလင်း ။

သူမ က ထိုင်လျက် အနေအထား ။ ဘေးဝန်းကျင် ကို အလျဉ်း ဂရုပြုမည့် ပုံ မရှိ ၊ ကျွန်တော် က မတ်တတ် ။ ကျွန်တော့် ခေါင်း ကို ငုံ့ ၍ သူမ ကို အပေါ်စီး မှ စီးမိုး ပြီး စကား ပြောရမည် မှာ ကျွန်တော့် မျက်လုံးများ မလွတ် လပ် ။ ဒါက ထား လိုက်တော့ ။ ဒါ့ထက် ပို ဆိုးသည် က သူမ ၏ ပစ္စည်းပစ္စယ ၊ အထုပ်အပိုး များ ။ သူမ ဘေး လူသွား စင်္ကြံ မှာ တချို့ ၊ သူမ ရှေ့တွင် တစ်ဖုံ ၊ ကျွန်တော့် ထိုင်ခုံ ခြေနင်း ရှေ့ တွင် လည်း အဆင့်ဆင့် အစီအရီ ၊ ပစ္စည်း တင်သည့် အပေါ်စင်တန်း တွင် လည်း နေရာ လွတ် လုံးဝ မရှိ ။ ၎င်း အနေအထား ထဲ တွင် ကျွန်တော့် အဝတ် အစားအိတ် ၊ လက်ဆောင်မုန့်အိတ်များ နှင့် ဇီးကွက် မောင်နှံ လှောင်အိမ် တို့ ကို ထားစရာ နေရာ မရှိတော့ ။ သူမ ကို ကျော်၍ ကျွန်တော့် ခုံနေရာ သို့ သွားဖို့ ကိစ္စ မှာ ပင် အတော်ကြီး ကို အခက်အခဲ ရှိနေသည် ။ ဇီးကွက်မောင်နှံ လှောင်အိမ် ကို အပေါ် စင် ပေါ်တွင် တင်ထားမည် ဟူသော ကျွန်တော် ၏ ကြိုတင် စိတ်ကူး မှာ အလွန် စိတ်ပျက်ဖွယ် ကောင်းစွာ ပျက်ပြယ် ခဲ့ရလေပြီ ။

ထိုအချိန် မှာ ပင် ရထား က စတင် ထွက်ခွာတော့ သည် ။

ရထား စ ထွက်သော်ငြား တွဲထဲ ၌ ခရီးသည် အချို့ မိုးတိုးမတ်တတ် သွားသွားလာလာ ရှုပ်ယှက်ခတ် နေကြဆဲ ။

ကျွန်တော် ဘာ လုပ် ရမည်နည်း ။

သည် ရထား နှင့် ကိုယ့် စာပေ ရဲဘော် တချို့ ပါလာ မှန်း သတင်း ရသည် ။ သူတို့ ကို ရှာပြီး အကူအညီ တောင်းခံရ ကောင်းမလား ၊ ဒါမှမဟုတ် ခုံလွတ်များ ရှိကောင်း ရှိလေမလား ၊ တစ်စုံတစ်ခု တော့ စီစဉ် မှ ဖြစ်မည် ။ ဖန်တီးရယူမှ သင့်မည် ။ သို့ မဟုတ်ပါ က တစ်ညတာ လုံး ဘေးချင်း ယှဉ် ကပ်ပြီး အိပ်စက် သွားရမည့် ခရီးတွင် ကျွန်တော် ၏ ဘေးချင်းကပ် ခရီးဖော် သည် ကျွန်တော် နှင့် မသင့်လျော် ။ ကျွန်တော့် စိတ် အနေ ကို ကျဉ်းကျပ် မွန်းအိုက် စေသည် ။ ယခု ပင် စိတ် က အတော် မောဟိုက် နေ ပေသည် ။

တစ်စုံတစ်ခု ကျွန်တော် ဆုံးဖြတ် လိုက်သည် ။

သူမ ကို ကျော်၍ ကျွန်တော့် လက်ဆွဲအိတ် နှင့် လက်ဆောင် မုန့်ထုပ်များ ကို ကျွန်တော့် ထိုင်ခုံ ဆီ သို့ လှမ်းပစ်တင် လိုက်ပြီး တွဲ နောက်ဘက် သို့ မျက်လုံး ဝေ့ ကြည့်လိုက် သည် ။ တွဲ နောက်ဘက်ခုံ တွင် ဒေါက်တာလမင်း ကို လှစ်ခနဲ တွေ့ လိုက်ရသည် ။ ဝမ်းမြောက်ဝမ်းသာစွာ သူမထံ သို့ ကျွန်တော် သွားသည် ။ ဒေါက်တာလမင်း ၊ သင်းသင်းသာ ၊ ပန်းချီမမွှေး နှင့် မရီဝေ တို့ ကို တွေ့ ရပြီး သူတို့ နေရာတွင် လည်း သူတို့ ပစ္စည်းများနှင့် အပြည့် အမောက် ။

“ နောက်ဆက်တွဲ မှာ ဆရာဝသုန် တို့ ရှိတယ် ”

ဒေါက်တာလမင်း စကား မဆုံး မီ ကျွန်တော် နောက်တွဲ သို့ ကူးသည် ။ နောက်တွဲ တွင် ကိုဝသုန် နှင့် ဓာတ်ပုံ ကိုထိန်ဝင်း ကို ယှဉ်လျက် တွေ့ သော်ငြား သူတို့ အပေါ် စင် တွင် အိတ်မျိုးစုံ က အပြည့်အညပ် ။

“ ကိုသွေး ၊ နောက်တွဲ မှာ မဟေသီ က လူတွေ ရှိတယ် ”

ကိုဝသုန့် စကား မဆုံးမီ နောက်တွဲ သို့ ကူးသည် ။ ထို တွဲ တွင် မဟေသီ ကိုခင်မောင်ညွန့် နှင့် ကိုခိုင်လတ် ကို တွေ့ သော်ငြား အဆင်မပြေ ။

“ ဟေ့လူ ၊ နောက်တွဲ မှာ ချယ်ရီ က ကိုအောင်မြင့် တို့ အဖွဲ့ ရှိတယ် ”

ကိုခင်မောင်ညွန့် ညွှန်သော နောက်တွဲ မှာ သူတို့ တွဲ နှင့် ကပ်လျက် တွဲ မဟုတ် ။ စားသောက်တွဲ က ကြား က ခံနေသည် မို့ စားသောက်တွဲ ကို အဖြတ် ကိုစိမ်းနီ တို့ အဖွဲ့ တစ်ပြုံတစ်မ နှင့် တိုး နေသည် ။ သူတို့ က သူတို့ ဝိုင်း တွင် ဝင်ထိုင် ဖို့ ဇွတ်အတင်း ဆွဲခေါ် နေသည် ။ ကျွန်တော် မနည်း တောင်းပန်ပြီး နောက်တွဲ သို့ ဆက် ကူးသည် တွင် ကိုအောင်မြင့် တို့ သက်ကြီးပိုင်း အဖွဲ့  ဝိုင်းဖွဲ့ စားသောက် နေသည် ကို တွေ့ရသော်ငြား သူတို့ ဆီ တွင် လည်း ကျွန်တော့် ဆန္ဒ မပြည့်ဝနိုင်သည် မို့ ငြင်းရ ပြန်သည် ။

“ သူငယ်ချင်း နောက်တွဲ မှာ ကိုအောင်ဇင်မင်း တို့ ရှိတယ် ”

ကိုအောင်မြင့် စကား အတိုင်း နောက်တွဲ တွင် ကိုအောင်ဇင်မင်း နှင့် အတူ ဧကစာချို ကို ယှဉ်လျက် တွေ့ရသည် ။

“ မောလိုက်တာ ဇင်ကြီး ရာ ။ နောက်တွဲ တွေ မှာ ကျွန်တော်တို့ ဆီ က ဘယ်သူတွေ ရှိသေးလဲ ”

“ မရှိတော့ဘူး ကိုသွေး ၊ ဘာလုပ် မလို့တုံး ”

“ အင်း ... ဘယ်လို ပြောရမှန်း တောင် မသိတော့ ဘူးဗျာ ။ ကနေ့ ကျ မှ ပဲ ရထားတွဲ က ထိုင်ခုံလွတ် ကို မရှိဘူး ဖြစ်နေတာ ”

“ ဘာလဲ ကိုသွေး က ထိုင်ခုံမဲ့ လက်မှတ် မို့လို့လား ။ ဒါဆိုလည်း ဘာ ခက်တာ မှတ်လို့ ။ ကျွန်တော် တို့ နဲ့ ပဲ ဖြစ်သလို လာ ထိုင်ပေါ့ ”

ကျွန်တော် က ကျွန်တော့် ထိုင်ခုံ အနေအထား ကို ဇင်ကြီး ကို ပြောပြ လိုက်သော အခါ ဇင်ကြီး က ..

“ ကျွန်တော် သွား ထိုင် ပေးမယ်လေ ။ လုံးဝ မအိပ်ဘဲ တစ်ညလုံး တရား မှတ်ပြီး စီးသွားလို့ ရတယ် ။ ကိုသွေး က ကျွန်တော့် နေရာ ပြောင်းထိုင်ပေါ့ ”

“ လူချင်း လဲ လို့ ရတာ ဟုတ်တယ် ဇင်ကြီး ။ ပစ္စည်း ထားဖို့က ခက်တာ ။ ပို ဆိုးတာ က သူတို့ကလေးတွေ အတွက် အေးအေးဆေးဆေး နေရာချထားဖို့ ကိစ္စ ”

ကျွန်တော် ဇီးကွက်မောင်နှံ ကို မြှောက် ပြ လိုက် သည် ။

“ ဟာ ... ချစ်စရာပဲ ဗျာ ။ ကိုသွေး က တိရစ္ဆာန်တွေ အပေါ် တယ် ချစ်တတ်တာပဲ ။ တကယ့်ကို အနွံအတာ ခံနိုင်တယ်ဗျာ ”

“ ကဲ .. ကဲ .. ကိုသွေး ၊ ဘာ စားပြီးပြီးလဲ ။ ကျွန် တော်တို့လည်း ဘာမှ မစားရသေးဘူး ။ စားသောက်တွဲ မှာ  တစ်ခု ခုသွား စားရင်း အခု ကိစ္စ ဆက်လက် ဆွေးနွေးကြ တာပေါ့ ”

ဧကစာချို က ပြောပြီး ထိုင်ရာမှ ထသည် ။

ဤသို့ဖြင့် တရုတ်နဂါးရုပ် က သကဲ့သို့ ခုန်ပေါက် ယမ်းခါ တုန်ယိမ်း နေသော ရထားတွဲများ ကို ဒယီးဒယိုင် ပုံစံ ဖြင့် ဖြတ်၍ ကျွန်တော်တို့ သုံးယောက် စားသောက်တွဲ ဆီသို့ ကူးလာကြသည် ။ စားသောက်တွဲ ထဲ တွင် ကိုစိမ်းနီတို့ အုပ်စု မရှိ တော့ ။ ဆရာဦးဌေးမောင် တို့ အဖွဲ့  ရှိနေသည် ။ လွတ်သော စားပွဲ တွင် ကျွန်တော်တို့ နေရာ ယူပြီးသော အခါ …

“ ကိုသွေး ဘာ သောက်မလဲ ။ မှာလေ ”

အရက်သောက်ခြင်း ကို အား မပေးသော ၊ အမြဲ တားမြစ်လေ့ ရှိသော ဇင်ကြီး က ခွင့်ပြုစကား ပြော လာသည် ။

“ ကျွန်တော့် မှာ တိုက်ဂါးဘီယာ လေးဘူး ပါတယ် ”

ဧကစာချို က ဖြည့်စွက် ပြောလေသည် ။

“ ကျွန်တော် ဘာမှ မသောက်ချင်ဘူးဗျာ ။ သောက် ချင်စိတ် လည်း လုံးဝ မရှိဘူး ။ အလာတုန်း က လည်း မသောက်ဘူး ။ လူ က မသောက်ဘဲ နဲ့ ကို မူးချင် နေတာ ”

ထိုစဉ် စားသောက်တွဲ ဝန်ထမ်း တစ်ဦး ရောက် လာပြီး ...

“ နောင်ကြီးတို့ ဘာ မှာမလဲ ခင်ဗျာ ”

ကျွန်တော် က ပင် စတင် ၍ ...

“ ကိုယ်တို့ စားစရာ မှာပါ့မယ် ။ မမှာခင် ညီလေး ဆီ မှာ အကူအညီ တောင်းချင်လို့ ”

“ ပြောပါ ခင်ဗျာ ၊ ကျွန်တော် ဘာ အကူအညီ ပေးရ မလဲဆိုတာ ”

“ ဒီလိုပါ ၊ ကိုယ့် ကိစ္စပါ ။ ကိုယ့် ထိုင်ခုံ က အထက်တန်းတွဲ ၄ မှာ ၊ ဘေးမှာ က အမျိုးသမီး တစ်ယောက် ဖြစ်နေတယ် ။ သူ့ မှာ ပစ္စည်းပစ္စယ က လည်း များသလား မပြောနဲ့ ။ ကိုယ့်ပစ္စည်း နည်းနည်းကလေး တောင် ထားဖို့ နေရာကျန် ရှိကို မရှိတော့ဘူး ။ ညီလေး အနေနဲ့ ကူညီနိုင်မယ် ဆိုရင်တော့ ”

“ ကျွန်တော် ဘယ်လို ကူညီရမလဲ ပြောသာ ပြောပါ ”

“ ညီလေးတို့ ဆိုင်ခန်း ထဲ မှာ ကိုယ့် တစ်ယောက်စာ အတွက် နေရာ ပေးစေ့ချင်တယ် ။ အဲဒီ အတွက် ညီလေး ကို လည်း ... ”

“ ဟာ ...  အဲဒါတော့ မဖြစ်ဘူး အစ်ကိုကြီး ။ ကျွန်တော်တို့ စားသောက်တွဲ ပိတ်ချိန် မှာ ဆိုင်ဝန်ထမ်း မှ အပ ဘယ်ခရီးသည် တစ်ဦး တစ်ယောက် ကို မှ လက်ခံ ထားလို့ မရဘူး ခင်ဗျ ။ နေ့ရထား ဆိုရင် တော့ အစ်ကိုကြီး … တစ်နေကုန် တစ်ချိန်လုံး ရန်ကုန် ရောက်တဲ့ အထိ ထိုင် စီး လို့ရပါတယ် ။ ခုဟာက ညရထား ဆိုတော့ တွဲ ထဲ မှာ ကလည်း ပစ္စည်းပစ္စယတွေ နဲ့ ။ ပြီးတော့ ဆိုင်ဝန်ထမ်းတွေ က လည်း ဒီ စားသောက်တွဲ ထဲ မှာပဲ ကိုယ်စီ ကိုယ်စီ အိပ်ကြရတာ ဆိုတော့ ”

“ အေးကွာ ၊ အစ်ကိုကြီး နားလည်ပါပြီ ။ ဒီလို လုပ် ရင်ကော ဖြစ်နိုင် မလားလို့ ။ ညီလေး က အစ်ကိုကြီး ထိုင်ခုံ မှာ သွား ထိုင်ပေး ။ ညီလေးအိပ်ရမယ့် နေရာမှာ အစ်ကိုကြီး က လူချင်း ချိန်း အိပ်တဲ့သဘော ”

“ ဟာ ... အစ်ကိုကြီး က လည်း စားသောက်တွဲ ပိတ် ချိန် မှာ လူစိမ်း ဆို လုံးဝ လက်မခံပါဘူး ဆိုနေမှ ”

“ ဟုတ်ပြီ ၊ ဟုတ်ပြီ ။ ဆောရီးကွာ ။ ကဲ ကဲ ...  ဇင်ကြီး တို့ စားစရာ ရှိတာ မှာပေတော့ဗျာ ။ ကျွန်တော့် အတွက် တော့ ဝက်ထမင်းကြော် တစ်ပွဲ ဆို ရပြီ ။ ဪ ….. ဒါနဲ့ ညီလေးရေ ... ဇီးကွက်ကလေးတွေ အတွက် ခရမ်း ချဉ်သီးများ ရရင် ”

“ ရမယ် .. ရမယ် .. အစ်ကိုကြီး ”

ဤသို့ဆို ပြီး စားရင်း စကား ပြောရင်း စားသောက် တွဲ ပိတ်ချိန် ရောက်လာသည် ။

“ ကဲ ... ဇင်ကြီး ရေ ၊ ကျွန်တော့် ကိုယ်စား ဇင်ကြီး က ပဲ ဒီ တစ်ည တော့ သူတို့ကလေးတွေ ကို အထူး စောင့်ရှောက်ပြီး ခေါ်ခဲ့ပေးပါဗျာ ။ ဇင်ကြီးကို ကျွန်တော် စိတ်ချယုံကြည် အားကိုးလွန်းလို့ ”

“ ရတယ် ကိုသွေး ။ ဘာ ပြဿနာ မှ မရှိဘူး ။ ကျွန်တော့် အိတ်နှစ်လုံး ကို စင်ပေါ်က ချပြီး သူတို့ကလေး တွေ စင်ပေါ် ထား လိုက်ပါ့မယ် ”

“ အမှန် ပြောရရင် တော့ သူတို့ကလေးတွေ ကို ကျွန်တော့် မျက်စိ အောက် က အပျောက်မခံဘဲ ကိုယ် နဲ့ မကွာ ထားချင်တာ ။ ခုဟာက ကျဉ်း ထဲ ကျပ်ထဲ မလွှဲမရှောင်သာ မို့ လို့ ။ ဇင်ကြီး ကို လည်း အားနာတယ် ”

“ ဟာဗျာ ၊ ကျွန်တော် တို့ က ညီအစ်ကိုတော် တွေ ပဲ ။ ဒါတွေ ပြောနေစရာ တောင် မလိုပါဘူး ကိုသွေး ရာ ”

“ အေးဗျာ ၊ ဒီည အဖို့တော့ ကျွန်တော် လုံးဝ အိပ်လို့ ရမှာ ဟုတ်ပါဘူးလေ ။ ငရဲပဲ ”

စားသောက်တွဲ ပိတ်ပြီ ။ ဇီးကွက်မောင်နှံ အတွက် ကြက်ဥကြော် ၊ ဝက်အူတောင့်ကြော် နှင့် အသားဖတ် များ ကို စက္ကူလွတ် ပေါ် တွင် တင်၍ လှောင်အိမ် အတွင်း သို့ ထည့်လိုက်ပြီး နောက် ကျွန်တော်တို့ လူစု ခွဲကြသည် ။

ဇင်ကြီးတို့ နှစ်ဦး နှင့် ဇီးကွက်မောင်နှံ က အနောက် သို့ ။

ကျွန်တော် က အရှေ့ သို့ ။

( ၅ )

နှင်းမှုန် ကင်းမဲ့သော ဆောင်းနံနက် နှောင်း တွင် ဇီးကွက်မောင်နှံ တို့ ရန်ကုန် ရောက်ပြီ ။ တက္ကစီ ကကကား စီးဖူးပြီ ။ ပင်လယ်ရနံ့ ပါ သော မြို့ပြလေ ကို ရှူရှိုက်ရပြီ ။ မောင်သွေးသစ် နေသော လေးထပ်တိုက်ခန်း ဧည့်ခန်းဆောင် သို့ မိသားစုဝင် အဖြစ် သူတို့ကလေး တွေ ရောက်ကြပြီ ။

“ မေမေရယ် ကြည့်ပါဦးနော် ။ ဝိုင်းစက် နေတဲ့ သူတို့ မျက်လုံးကလေးတွေ က ဝါထိန်ပြီး လင်းလက် နေလိုက် တာ ။ အညိုရောင်ဖျော့ဖျော့ မှာ မီးခိုးနုရောင် အပြောက် အစက်ကလေးတွေ လည်း ပါသေးတာ မေမေ ရဲ့ ။ ချစ်စရာ ကောင်းလိုက်တာ မပြောပါနဲ့တော့ ။ သမီး တော့ ကြောင်ကလေးတွေ ကိုယ်စား ချစ်သွားပြီ ။ ကျေးဇူးပဲ ဖေဖေ ရေ ။ သမီးတို့ အကြိုက် ဇီးကွက်မောင်နှံကလေး ဟို ဟိုး မန္တလေး က နေ တကူးတက ဝယ်လာပြီး လက်ဆောင် ပေးဖော် ရတဲ့ အတွက် ဖေဖေ့ ကို လည်း သမီး ပို ချစ်သွားပြီ ။ နော် ... ဟုတ်လား မေမေ ”

သက်ရှိ သတ္တဝါများ အပေါ် ချစ်ခင်တွယ်တာ ကြင်နာသနားစိတ် ရှိ တတ်သော ကျွန်တော့် ဇနီး ဖြစ်သူ သည် ဇီးကွက်မောင်နှံ ကို စိတ်ပါဝင်စားစွာ စိုက် ကြည့် ရင်း သေဆုံးခဲ့ပြီ ဖြစ်သော သူ ၏ အချစ်တော် Lucky ၊ လုံးစိန် ၊ ဖြူမ ၊ ဝါမ ၊ ငွေတိုး အမည် ရှိ ကြောင်မိသားစု များ ကို သတိရ အောက်မေ့ သွားပုံ ရသည် ။ ကျွန်တော့် အိမ် ၌ မိသားစု လေးယောက် သာ ရှိသော် ငြား ကြောင် က ချည်း ကိုးကောင် ရှိခဲ့ဖူးပါသည် ။ ကျွန်တော့် ဇနီးသည် သည် ထို ကြောင်မိသားစု အတွက် အစားအသောက် ဆိုပါက ပင်လယ်ငါး နှင့် ရေချိုငါး အသေးအမွှားများ ကို နေ့စဉ် ချက်ပြုတ်ကြော်လှော် ၍ လည်းကောင်း ၊ ဈေး အကြီးဆုံး ဖျာပုံပုစွန်ခြောက် ကို အမှုန့်ကြိတ် ၍ လည်း ကောင်း ၊ ချိစ် ၊ ဟောလစ်မှုန့်က အစ ကလေးငယ်များ ပမာ အလိုလိုက် ကျွေးမွေးခဲ့သည် ။

ကျန်းမာရေး နှင့် ပတ်သက်၍ ကြောင်များ ကို တစ်ပတ်တစ်ခါ ရေချိုး ပေးပြီး ကြောင်သန်း မတွယ်စေရန် ဆေးပေါင်ဒါမှုန့်များ ၊ သန်ချဆေးများ ၊ အားဆေးများ အချိန်မှန် တိုက်ကျွေး ခဲ့သည် ။ ကြောင်များ နာမကျန်း ဖြစ်ပါ က ၊ ကြောင်မများ ကိုယ်ဝန် မရှိစေရန် “ တားဆေး ” ထိုးရန် အချိန်တန်ပါ က တိရစ္ဆာန်ဆေးကု ဆရာဝန် ကို အိမ် သို့ ပင့်ခေါ်၍ ကုသမှုများ ပြုစေခဲ့ပါသည် ။

ထို ကြောင်များ တစ်ကောင် ပြီး တစ်ကောင် သေဆုံး သွားသောအခါ မျက်ရည်ပေါက်ပေါက် ကျ လျက် စနစ်တကျ ထုပ်ပိုး ရစ်ပတ်ပြီး အိမ် အနီးရှိ ဘုန်းကြီး ကျောင်းဝင်း မြေကွက်လပ် တွင် တွင်းနက်နက် တူး စေ၍ မြှုပ်နှံ ခိုင်းလေ့ ရှိသည် ။ တွင်းနက်နက် မတူးဘဲ မြှုပ်နှံပါ က ခွေး အလေအလွင့်များ က ယက်ဖော် ဝါးမျို စားပစ်ကြ မှာ ကို စိုးရိမ် ကြောင့်ကြသော ကြောင့် ဖြစ်ပါသည် ။ ထို ကြောင်များ သေဆုံးခဲ့ ပါက ကြောင်သုဘရာဇာ က ကျွန်တော် ဖြစ် သလို ကြောင် ရက်လည်ဆွမ်း သွတ်ခြင်း အတွက် ဘုန်းကြီးကျောင်း သို့ ဆွမ်းချိုင့် နှင့် အချိုပွဲများ ၊ နဝကမ္မ အပါအဝင် ဆက်ကပ်လှူဒါန်းခြင်း အမှု ကို ဦးဆောင်ပြုရန် ဇနီး ဖြစ်သူ ၏ တာဝန် ပေးအပ်ခြင်း ခံရသူ မှာ လည်း ကျွန်တော် ပဲ ဖြစ်ပါသည် ။

ဆိုလိုသည် မှာ သတ္တဝါများ အပေါ် ချစ်ခင် တွယ်တာတတ်သော ကျွန်တော့် မိသားစု သည် ယခု မူ ဇီးကွက်မောင်နှံ ကို အချစ်ပို အဖြစ်သည်း ကြပြန်လေပြီ ။

“ ဖေဖေ ရေ ... တစ်ခု တော့ လိုသေးတယ် ။ သိပ် လှပြီး သိပ် ချစ်ဖို့ကောင်းတဲ့ ဟောဒီဇီးကွက်တွေ နဲ့ အခု လှောင်အိမ် အစုတ်ပလုတ်ကြီး နဲ့ က လုံးဝ မလိုက်ဖက်ဘူး ဆိုတော့ လှောင်အိမ်အသစ် လှလှကလေး ဝယ် မှ ဖြစ်တော့မယ် ။ လှောင်အိမ် အသစ် က လှ လည်း လှ ရမယ် ၊ ကျယ် လည်း ကျယ်ဝန်းရမယ် ။ ဘာပြုလို့ ကျယ်ရမလဲ ဆိုတော့ သူတို့ကလေးတွေ သား ပေါက် လာရင် အဲဒီ ဇီးကွက် ပေါက်စနကလေးတွေ ပါ အတူတကွ နေနိုင် အောင် လို့ပေါ့ ။ ဒီတော့ လှောင်အိမ် ကို ဖေဖေ ဝယ် မလား ၊ သမီး ပဲ ဝယ်ရမလား ။ သံဈေး မှာ ရှိတာတော့ သေချာတယ် ”

“ ဒါတော့ သမီး ပဲ ကြိုက်တာ ဝယ်ပါဗျာ ။ ဒါနဲ့ သူတို့ကလေးတွေ စားဖို့ အတွက် ”

“ မပူပါနဲ့ ဖေဖေ ရ ။ အလုပ် ကို သာ ဖြောင့်ဖြောင့် သွားပါ ။ အိမ် မှာ လိမ္မော်သီး ၊ ပန်းသီး ၊ ငှက်ပျောသီးတွေ ရှိနေတာပဲ ။ သူတို့ မစား စားအောင် သမီး တာဝန်ယူ ကျွေးမှာပါ "

ဤသို့ဖြင့် ကျွန်တော် က တာဝန် ရှိရာ Family မိသားစုမဂ္ဂဇင်း ရုံးခန်း တည်ရာ အရပ်သို့ စိတ် ဖြောင့်ဖြောင့်တန်းတန်း ထွက်လာ နိုင်ခဲ့သည် ။ မဂ္ဂဇင်း လုပ်ငန်း ပိုင်း ထဲ တွင် စိတ် နှစ်၍ လုပ်နေရ သော်ငြား စိတ်အာရုံ က ဇီးကွက်မောင်နှံ ဆီ ရောက် ရောက်သွားသည် ။ လုံခြုံစိတ်ချ ရတဲ့ အိမ် ထဲ ရောက်နေပြီပဲ ဟာ ။ သူတို့ မောင်နှံ ကို သည်းသည်းလှုပ် ချစ်ခင်ကြိုဆို ထွေးပိုက် နေတဲ့ သူ တွေ လည်း ရှိနေပြီပဲ ဟာ ။ ဘာစိုးရိမ် ပူပန်စရာ လိုတာ မှတ်လို့ ။ ထူးခြားမှု ရှိခဲ့ရင် သမီး က အမောတကော ဖုန်းဆက် အကြောင်းကြား မှာပေါ့ ဟူ၍ စိတ် ကို ဖြေလျှော့ ရသည် ။

ညဦးပိုင်း ရုံးခန်း မှ အိမ် သို့ ပြန် ရောက်လာသော အခါ ဇီးကွက်မောင်နှံတို့ ထားရှိရာ အိမ်ရှေ့ ဝရန်တာ သို့ တန်းသွား ပြီး အသံ ပြု လိုက်ပါသည် ။ သူတို့ ထံမှ မည်သို့မျှ တုံ့ပြန်မှု မရရှိခဲ့ပါ ။ လှောင်အိမ် ကို လက်ဝါး နှင့် အသာအယာ လှုပ် ပုတ် လိုက်သည့် အခါ မှ သူတို့ ခမျာ လန့်ဖျပ်ပြီး မျက်လုံးဝါဝါ ကို ဝိုင်းစက် နေအောင် ပြူးကြည့်လျက် အတောင်ပံ ကို တဖျပ်ဖျပ် ခတ် နေပါ တော့သည် ။

“ ဖေဖေ ရေ … ဖေဖေ့ ကလေးတွေ က တစ်နေ ကုန် ဘာမှ မစားဘူး ။ သမီး လည်း အိမ် မှာ ရှိတဲ့ အသီးအနှံတွေ အကုန်လုံး ထည့် ကျွေးတာပဲ ။ အာလူးပြုတ် နဲ့ ခရမ်းချဉ် သီး နဲ့ ကြက်ဥကြော် တောင် ပါသေး ။ စား ကို မစားကြ ဘူး ။ တစ်ချိန်လုံး မျက်လုံး စုံမှိတ် ပြီး ငြိမ်ကုပ် နေကြတာပဲ ဖေဖေ ရဲ့ ”

“ အခု ညပိုင်းတော့ စားချင်စား မှာပေါ့ သမီး ရယ် ။ သူတို့ခမျာ လူတွေ လို ပဲ ရေပြောင်း မြေပြောင်း ဖြစ်ရင် အစားပျက် အအိပ်ပျက် အနေပျက် သလိုများ ဖြစ်တာလား မှ မသိတာ ။ ဘာပဲ ဖြစ်ဖြစ် တစ်နေကုန် ဘာ အစာ မှ မစားဘူး ဆိုတာကတော့ မကောင်းဘူး သမီး ရဲ့ ။ မေမေ ရော ”

“ မေမေ မီးဖိုချောင် ထဲ မှာ ။ မေမေ က ပြောပါတယ် ။ နက်ဖြန် မနက် သူတို့ ကို ငါးဝယ် ပြီး ပြုတ်ကျွေး မတဲ့ ”

“ ဟာ ... သိပ် ကောင်းတာပေါ့ကွာ ”

( ၆ )

“ အဲဒါပဲ ကိုသန်းအုန်း ရေ ။ သံယောဇဉ် က စကား ပြောနေလို့ အခုလို အကူအညီ တောင်း ပူဆာ ရတာ ကို နားလည် ခွင့်လွှတ်ပြီး မဖြစ်မနေ ကူညီပေးပါဗျာ ”

Family မိသားစု မဂ္ဂဇင်း ရုံးခန်း သို့ အလည် ရောက်လေ့ ရှိသော အမျိုးသားစာကြည့်တိုက် မှ တာဝန် ရှိ သူ ကိုသန်းအုန်း ကို ဇီးကွက်သတ္တဝါတို့ ၏ ဘာသာဘာဝ အလေ့စရိုက် ၊ အပြုအမူ ၊ အထူးသဖြင့် အရေးကြီး တာက အစားအသောက် နှင့် စပ်လျဉ်း၍ စာအုပ်စာတမ်း များ ထဲ မှ အချက်အလက် ရှာဖွေ ပေးရန် ကျွန်တော် က ဖြစ်ပုံ ကို ပြောပြသော အခါ ...

“ လွယ်ပါတယ် ဆရာသွေး ရာ ။ ကျွန်တော် အခု ရုံး ပြန်ရောက် ရောက်ချင်း ရှာလိုက်ပါ့မယ် ။ ရှိတတ် ပါတယ် ။ နက်ဖြန် မနက် ကျ တော့ ဆရာသွေး ဆီ Emall နဲ့ ပို့လိုက်မယ်ဗျာ ။ စိတ်ချ ၊ စိတ်ချ ”

ကိုသန်းအုန်း ထံ မှ ကူညီ စကား ကြားလိုက် ရ သောအခါ ကျွန်တော့် ရင် ထဲ တွင် မတင်မကျ ခိုးလိုးခုလု ဖြစ်နေသည့် “ ဇီးကွက်မောင်နှံတို့ ၏ စားသောက်ရေး ပြဿနာ ” အလုံးကြီး ရှင်းပ သွားသည် ။ အမှန် ဝန်ခံရပါမူ ယခု လို ဖြစ်ရသည် မှာ လည်း ကျွန်တော့် ချို့ယွင်းချက် ကြောင့် ပင် ။ ဇီးကွက်မောင်နှံကို အငမ်းမရ ရယူ စဉ် ကတည်း က ငှက်ခတ်သမ ကို မေးရမည် ။ သူတို့ ကို ဘာ ကျွေးရမလဲ ၊ သူတို့ ဘာ စားတတ်သလဲ ၊ ဘာ အစာ ကို ကြိုက်နှစ်သက်သလဲ ဟူ၍ မမေးဖြစ်ခဲ့ ။ မေးရကောင်း မှန်းလည်း မသိခဲ့ ။ ခုတော့ သူတို့ကလေးတွေ အတွက် စားရေးပြဿနာ က တက် လာပြီ ။ မနေ့ က တစ်နေ့လုံး နှင့် တစ်ညလုံး ဇီးကွက်မောင်နှံ တို့ ဘာ အစာ မှ မစား ကြသည် ကို သမီးတို့ သားအမိ စိတ် မချမ်းမသာ ဖြစ်နေ ကြရပြီ ။ ကျွန်တော် လည်း ထိုနည်း နှင်နှင် ။

ညဦးပိုင်း ကျွန်တော် အိမ် ပြန် ရောက်သော အခါ ဇီးကွက်မောင်နှံ ရှိရာ သို့ ဦးစွာ သွားသည် ။ ဝရန်တာမီး အလင်းရောင် အောက် ဝယ် ဝါဝင်းတောက်ပသော မျက်လုံးပိုင်ရှင် သူတို့ မောင်နှံကို တွေ့ရသည် ။ ကျွန်တော် အသံ ပေး လိုက်သော အခါ သူတို့ မောင်နှံ တောင်ပံ တဖျပ်ဖျပ် ခတ်၍ အသံ ပြန် ပြုသည် ။ ထိုစဉ် သမီး ရောက် လာပြီး ...

“ ဖေဖေ လာ မှ အခုလို လှုပ်လှုပ်ရှားရှား ဖြစ် နေတာ ။ တစ်နေ့လုံး ကျ တော့ ကျောက်ရုပ် ။ သမီး ဘယ်လို ပဲ မြှူမြှူ အရေးလုပ်ဖော် မရဘူး ။ သူတို့ သခင် ကျ မှ သိတတ် နေလိုက်ကြတာ ။ ဘက်လိုက်တယ် မတရား ဘူး ”

“ ဪ … သမီး ရယ် ၊ သတ္တဝါ တွေ မှာ လည်း အသိတရား ရှိတတ်ကြ ပါတယ်ကွယ် ။ အသည်းနှလုံး ရှိတတ် ကြပါတယ် ။ ဒီ လူ ဟာ သူတို့ကို တကယ် ချစ်ကြင်နာ တဲ့လား ၊ အနိုင်ကျင့် ရက်စက် ကြမ်းကြုတ်မယ့် သူ လား ဆိုတာ သူတို့ ဘာသာဘာဝ အရ သိတတ်ကြမှာပေါ့ ”

“ ဪ ဖေဖေ ပြောပုံ က သမီး နဲ့ မေမေ က ရက်စက်ကြမ်းကြုတ်တယ် ဆိုတဲ့ သဘောပေါ့ ဟုတ် လား ။ မေမေ ရေ ... လာပါဦး ။ မေမေ့ အချစ်ကြီး ပြောတဲ့ စကားကို လာ နားထောင် လှည့်ပါဦး ”

“ ကြားတယ် သမီး ရေ ။ မေမေ အကုန်လုံး ကြား တယ် ။ ဒါနဲ့ ပြောရဦးမယ် မောင် ရေ ။ ရှင့် ကလေးတွေ တစ်ခု ခုများ ဖြစ်နေသလား မသိဘူး ။ ငါး ပြုတ် ကျွေးတာ တောင် မတို့ မဆိတ်ဘူး ”

“ အေးကွ ၊ အဲဒါ ပြဿနာ ပဲ ။ မောင် လည်း ဒါကိုပဲ စဉ်းစား အဖြေရှာ နေတာ ။ ဒီလို လုပ်ပါလား ။ မနက်ဖြန် မနက် ကိုအေးမင်း ဆေးခန်း ခေါ်သွားပြီး ပြသ ၊ အကြံ ဉာဏ်တောင်း ကြည့်ရင် မကောင်းဘူးလား ”

ကိုအေးမင်း ဆိုသူ မှာ ကျွန်တော်တို့ ရပ်ကွက် ထဲ မှ တိရစ္ဆာန်ဆေးကု ဆရာဝန် ဖြစ်သည် ။

“ သူ က ကြောင်တို့ ၊ ခွေးတို့ ပဲ ဆေးကုတာ မဟုတ် လား ။ ဇီးကွက် နဲ့ ဘာဆိုင်လို့လဲ ”

“ ဆိုင်လိုဆိုင်ငြား ၊ သိလိုသိငြားပေါ့ ကွ ။ သိတော့ လည်း အမြတ်ပေါ့ ”

“ ဟောတော့ …. မေ့ နေလိုက်တာ ။ မောင့် ကို အရေး ကြီးတာ ပြောရဦးမယ် ။ မနက် က ဦးပဉ္စင်း ဆွမ်းခံ ကြွ လာတယ် ။ ဇီးကွက်ကလေးတွေ ကို ဦးပဉ္စင်း မြင် တော့ ဒါယိကာမကြီး ၊ ဇီးကွက် ကို အိမ် မှာ မမွေးကောင်းဘူး တဲ့ ”

“ ဟာ .. ဘာဆိုင်လို့တုံးကွ ။ ဇီးကွက် ကို လာဘ် ကောင် လို့ သဘောထား ယုံကြည်ပြီး ဇီးကွက်ရုပ်ကလေးတွေ ကို ဧည့်ခန်း မှာ ၊ ဆိုင်ခန်း မှာ ၊ ကားယာဉ်မောင်းခန်း ရှေ့ မှာ ချိတ်ဆွဲ နေကြတာပဲ ။ တချို့ ဧည့်ခန်းဆောင်တွေ မှာ ဆိုရင် ဇီးကွက်ပုံ ဆီဆေးပန်းချီကား ချပ်ကြီးတွေ ပေါင်ကွပ်ပြီး အလေးအမြတ် ချိတ်ထား ကြသေးတာ ။ ဒါကလည်း ဇီးကွက် အစစ် ကို ရဖို့ ခက် လို့ ၊ မလွယ် လို့ ကိုယ်စားပြု အရုပ် ကို ပဲ လူတွေ က အဆောင် သဘော ပြုနေကြတာပေါ့ကွာ ”

“ ရီ က ဦးပဉ္စင်း မိန့် သွားတာကို မောင် သိအောင် ပြောပြတာပါ ။ ဦးပဉ္စင်း ဆက် မိန့်သွားတာ ရှိသေးတယ် ။ သဘာဝချင်း မတူတဲ့ ဆန့်ကျင်ဘက် သတ္တဝါ ကို ဘာလို့ များ တယုတယ မွေးနေကြတာလဲ တဲ့ ။ ဇီးကွက် ဆိုတာ မျိုး က သစ်ပင်တောအုပ် မြက်ခင်းပြင်တွေထဲ မှာ ကျင်လည် ကျက်စား နေထိုင် တတ်ကြတဲ့ သတ္တဝါ တဲ့ ။ အလင်းရောင် ရှိတဲ့ နေ့ဘက် မှာ တစ်နေကုန် အိပ်ပြီး ည အမှောင် ထဲ မှာ တစ်ညလုံး ပျံသန်း ကျက်စား ပြီး အင်းဆက် ပိုးကောင် မွှားကောင်ကလေးများ ကို ရှာဖွေ စားသောက် နေထိုင်လေ့ ရှိတဲ့ သတ္တဝါမျိုး တဲ့ ။ ခုတော့ ဒါယိကာမကြီး တို့ က ချစ်လို့ ၊ သနားလို့ ကြောင်တို့ ၊ ခွေးတို့ မွေး သလိုမျိုး အိမ်မွေးသတ္တဝါ အဖြစ် မွေးနေ ၊ ကျွေးနေ ကြတာ မှန်ပေမယ့် တကယ့်တကယ် ဆန်းစစ် ကြည့် ရင် သူတို့ ရဲ့ စရိုက်သဘာဝ အရ ဆိုရင် သူတို့ ကလေးတွေခမျာ စားချင်တာ မစားရ ၊ အိပ်ချင်တိုင်း မအိပ်ရ နဲ့ သူတို့ အတွက် ကျယ်ပြန့်တဲ့ မိုးကုပ်စက် ဝိုင်းကြီး ဆုံးရှုံး ကုန်ပြီပေါ့ ။ ငရဲ ကြီး ပါတယ် ဒါယိကာမ ကြီး တဲ့ ”

မရွှေရီ စကား အဖြတ် တွင် ကျွန်တော့် ရင် သို့ စကားလုံး မြား တချို့ ရုတ်တရက် ဝင်ရောက် စူးစိုက် လိုက်သည့်ပမာ ။ ဘာတဲ့ ၊ “ စရိုက် ဘာသာဘာဝချင်း မတူ ၊ စားချင်တာ မစားရ ၊ အိပ်ချင်တိုင်း မအိပ်ရ ”

“ ဦးပဉ္စင်း မိန့်တာ မှန်တယ် မောင် ။ မောင် က မနက် လင်းကတည်း က အိမ် က ထွက်သွားတာ ဆိုတော့ သူတို့ ဖြစ်ပုံကို မောင် သိတာ ၊ မြင်တာမဟုတ်ဘူး ။ နေ့ မှ အိပ်တတ်တဲ့ သူတို့ကလေးတွေ အတွက် နေ့ ရဲ့အလင်းရောင် ၊ အိမ့် ပတ်ဝန်းကျင် က သီချင်း ဖွင့်သံ ၊ ကာရာအိုကေ ဆိုသံ ၊ ကားဟွန်းသံ ၊ လူသံတွေ ဆူဆူညံညံ နဲ့ ဆိုတော့ သူတို့ခမျာ အိပ်ကောင်းခြင်း ဘယ်အိပ်ရပါ့ မလဲ ရှင် ။ သူတို့ လည်ချိန် ပတ်ချိန် ည ရောက်ပြန်တော့ လည်း ဟောဒီ လှောင်အိမ် ထဲ မှာ ပိတ်ထားတာ ဆိုတော့ ။ ဒါကြောင့် ထင်ပါရဲ့ ။ မနေ့ည က တစ်ညလုံးလိုလို သူတို့ တောင်ပံခတ်သံ ကို ကြားကြား နေရတာကိုး ။ အင်း ... သူတို့ လည်း ပျံသန်းချင်ကြ ရှာမပေါ့ မောင် ရယ် ”

“ ဟုတ်ပြီ ၊ မောင် နားလည်ပြီ မရွှေရီ ။ မောင် သဘောပေါက် သွားပြီ ”

ကျွန်တော် ပြောပြောဆိုဆို ပခုံး မှ လွယ်အိတ် ကို သမီး သို့ ကမ်းပေး လိုက်သည် ။ ကျန် လက် တစ်ဖက် မှ ဇီးကွက်မောင်နှံ လှောင်အိမ် ကို တန်း မှ လှမ်းယူလိုက် သည် ။ တစ်ဆက်တည်း မှာ ပင် လှောင်အိမ် ကို ဆွဲလျက် အိမ် အောက် သို့ ဒရောသောပါး ပြေးဆင်း လိုက်သည် ။

( ၇ )

ကန်တော်ကြီး ပန်းကန်လုံးကျွန်း သို့ ရောက်သော အခါ ကကတက္ကစီကား ပေါ် မှ ကျွန်တော် ဆင်းသည် ။ လှောင်အိမ် ကို ဆွဲ လျက် ပန်းကန်လုံးကျွန်း ရေစပ်နား အနီး အရောက် သွားသည် ။ ခပ်လှမ်းလှမ်း ည ကောင်းကင်ပြင် ၌ သပ္ပာယ်စွာ ဖူးမြော်တွေ့ ရသော ရွှေတိဂုံ စေတီတော်မြတ်ကြီး ကို ဦးခိုက်ပူဇော် ရှိခိုး ပြီး နောက် မြက်ခင်း ပေါ် သို့ ခြေပစ်လက်ပစ် ကျွန်တော် ထိုင်ချ လိုက်သည် ။ ကျွန်တော့် ရှေ့ တွင် လှောင်ချိုင့်စံ ဇီးကွက် မောင်နှံ ။

“ ကဲ ... သားတို့ ၊ သမီးတို့ရေ ... မင်းတို့ကလေးတွေ ကို မြင်မြင်ချင်း ချစ်ခင် တပ်မက်မိတာ မှန်ပေမယ့် မင်းတို့ ကလေးတွေ အပေါ် မှာ ငါတို့မိသားစု က ကရုဏာတရား အပြည့်အဝ ထားရှိကြတာ မှန်ပေမယ့် အမှန်တကယ် တော့ တောင်သမန်အင်းစောင်း က ငှက်ခတ်သမ ရဲ့ အကျဉ်းခံ ဘဝ က နေ ငွေငါးထောင် ပေးပြီး ငါ့ ရဲ့ အကျဉ်းစံဘဝ အဖြစ် လွှဲပြောင်း ရယူလိုက်တာ မျိုး ပဲ ဆိုရတော့ မှာ ပေါ့ ။

ဖြစ်သင့်တာ က တောင်သမန် အင်းစောင်း မှာ ကတည်း က ငွေငါးထောင် နဲ့ မင်းတို့မောင်နှံ ကို ပေးဝယ် ယူပြီးတာ နဲ့ ဟောဒီ လှောင်အိမ်တံခါး ကို ဖွင့်ပြီး မင်းတို့ ကို လွတ်လပ်စွာ ပျံသန်းခွင့် ပေးရမှာ ။ မင်းတို့ လည်း လွတ်လပ်ပျော်ရွှင်ခွင့် ရ ၊ ငါ လည်း ကုသိုလ်ရ ဖြစ်ရမှာ ။ ခုတော့ ငါ သိပ် မှား သွားတယ် ။ ငါ့ရဲ့ ချစ်ခြင်းအတ္တ ၊ ငါ့မိသားစု အတွက် အဖော်အဖက် ပျော်တော်ဆက် ရကောင်းစေ ဆိုတဲ့ ကိုယ်ရေးကိုယ်တာ ဆန္ဒ နဲ့ ငါ့ အပြုအမူ ဟာ မင်းတို့ အပေါ် စာနာသနားရာ မရောက်ဘူး ။ ဒီအတွက် မင်းတို့ မောင်နှံ ငါ့ကို ခွင့်လွှတ်ပါလို့ မတောင်းဆို ရက်ပါဘူး ။ အဲ , တစ်ခုတော့ ငါ တောင်းဆိုချင်တယ် ။ ဆုတောင်းချင်တယ် ။ အဲဒီအခါ ကျ ရင် မင်းတို့ ကို ငါ စောင့်ရှောက်ပါ့မယ် ။ ငါတို့ ကိုလည်း မင်းတို့ က စောင့် ရှောက်ပါ ။ ကူညီအားပေးပါ ။ ပျော်ရွှင်ချမ်းမြေ့ သာယာ ကြည်နူးဖွယ် ကောင်းတဲ့ မိသားစု အသိုင်းအဝိုင်း ပုံစံမျိုး နဲ့ ပေါ့ကွယ် ။

ကဲ ... ကဲ .. အခု အချိန် က စပြီး မင်း တို့ ဇနီးမောင်နှံ ပျံသန်း သွားကြပါတော့ ။ ဘေးမသန်းဘဲ အေးချမ်းစွာ ၊ တက်ကြွရွှင်လန်းစွာ ပျံသန်း သွားကြပါတော့ ။ ဖြစ်နိုင်ရင် လေ မင်းတို့ မွေးဖွားကြီးပြင်း ပျော်ရွှင်ကျက်စားရာ သမိုင်းဝင် မဟာဂန္ဓာရုံ နံဘေး က တောင်သမန်အင်း စောင်း တစ်ဝိုက်ဆီ မရောက် ရောက်အောင် ဖြောင့်ဖြောင့် တန်းတန်း ပျံသန်း သွားကြပါ ။ မင်းတို့ ပျံသန်းရာ လမ်း တစ်လျှောက် လေပြင်းမုန်တိုင်းများ နဲ့ ကင်းဝေးကြ ပါစေ ၊ ကောင်းကင်ပိုက်တန်း နဲ့ ငှက်ခတ်သမတို့ ဘေး အန္တရာယ် အပေါင်းမှ ကင်းလွတ်ကြပါစေ လို့ ဆုတောင်း မေတ္တာ ပို့သ လိုက်ပါတယ် ”

ကျွန်တော် ၏ ရင်လှိုင်းခတ်သံများ သည် တိတ်ဆိတ်ဝန်းကျင် တစ်ဝိုက် အသံ ကျယ်လောင်စွာ ထွက်ပေါ် သွားသည် ။ ကျွန်တော် သည် လှောင်အိမ် အတွင်း မှ ဇီးကွက်မောင်နှံ ကို ငေးစိုက် ကြည့် လိုက်သည် ။ သူတို့ ၏ မျက်လုံးများ သည် ယခု ည မှာ မှ ပိုမို ဝင်းလက် တောက်ပ နေ သယောင်ယောင် ။ ပြီးတော့ တစ်စုံ တစ်ခု ကို ငံ့လင့် နေ သလိုလို ။

ကျွန်တော့် လက် မှ လှောင်အိမ် တံခါးချက် ကို ဆွဲ ဖွင့် လိုက်သည် နှင့် ဇီးကွက်မောင်နှံတို့ သည် လည်း နှစ်ဦးသား ကြိုတင် တိုင်ပင် ညှိနှိုင်း ထားကြသည့် အလား လှောင်အိမ် အတွင်း မှ ဝှီးခနဲ ၊ လှစ်ခနဲ လျင်မြန်စွာ တိုးထွက်ပျံသန်း သွားကြပါတော့သည် ။

“ ရှေးပဋ္ဌာန်းဆက်ကြောင့်ပင် ချစ်ခင်စုံမက် ၊ ဆုံစည်းလျက်က
ချစ်သက်ရှည်ကြာ ၊ မနေသာခဲ့
ခွဲခွာဖို့ရန် ၊ ကြမ္မာဖန်သည် လွမ်းဒဏ်လွမ်းသက် ရှည်ရော့မည် ”

◾မောင်သွေးသစ်

📖 မဟေသီ မဂ္ဂဇင်း
     ၂၀၀၆ ၊ ဒီဇင်ဘာလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment