Tuesday, March 12, 2024

ပို ကောင်း တဲ့ အပြောင်းအလဲ သို့


 

❝ ပို ကောင်း တဲ့ အပြောင်းအလဲ သို့ ❞

[ မန္တလေး MICT Park မှာ မင်းကြီးကြိုက် လုံချည် က Gold Class လို့ အမည် ပေး ထားတဲ့ လုံချည် ဒီဇိုင်း အသစ် စတင် ဖြန့်ချိတဲ့ မိတ်ဆက်ပွဲ လုပ်ပါတယ် ။

ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူ ကိုမိုးဇော်ထွန်း ( ၃၈ နှစ် ) က သူ့ လုပ်ငန်း အကြောင်း ပြောရင်း လုံချည် နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ ဖို့ လိုနေသေးတာတွေ အများကြီး ရှိနေသေးတာ ၊ ဝတ်ဆင်သူ အတွက် အဆင်ပြေ အောင် ဖန်တီးပေးဖို့ လက်ရှိ မျိုးဆက် ပေါ်  မှာ တာဝန် ရှိနေတာတွေ ကို ပြောပြတယ် ။

ဈေးကွက် စီးပွားရေးစနစ် ကို ပြောင်းလဲ လာချိန် မှာ လုံချည် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူ တွေ ဟာ ကောင်း သည် ထက် ကောင်း အောင် ၊ ဈေးကွက် ဝင် သည် ထက် ဝင် အောင် ကြံဆ လုပ်ကိုင် ခဲ့ကြတယ် ။ မြန်မာပြည် မှာ တီဗီ ကို တွင် တွင်ကျယ်ကျယ် အသုံးပြုစ အချိန် မှာ ဝမ်းတွင်းမျိုမျိုး က ပုဆိုးကြော်ငြာ တီဗီ မှာ စ လွှင့် ခဲ့တယ် ။ ပုဆိုး ရေစီးကြောင်း မှာ အဆင်သင့် ဝတ် နိုင်အောင် ချုပ်ပြီးသား ရယ်ဒီမိတ် လုံချည် ကို မင်းကြီးကြိုက် က စ လုပ်တယ် ။ နောက် ရွှေကမ္ဘာ က ချုပ်ရိုး တံဆိပ် ထည့်တယ် ၊ ရွှေရွက်ဝါ က ပလတ်စတစ်အိတ် နဲ့ စ ထည့်တယ် ၊ ဂျိုကာ က ချပ်စက္ကူဘူး စ လုပ်တယ် ။ ယွန်းရွှေရည် က ဟိုလိုဂရမ် စ သုံးတယ် ။ အဆင်ဒီဇိုင်း ပိုင်း မှာ ချည်ကချင် မှ ပိုးကချင် စ ပြောင်းတာ ၊ ပိုးကွက်တူ စ ထုတ်တာတွေ ကို မြနန်းရွှေရည် က စ လုပ်တယ် ။ မနောမြေ က ပိုးရာဇာ ထုတ်တယ် ။ စသဖြင့် ယနေ့ အနေအထား ကို ရောက် အောင် စွမ်းနိုင် သမျှ ကြံဆ လုပ်ကိုင် ခဲ့ကြတာ တွေ့ရတယ် ။

မင်းကြီးကြိုက် က ထုတ်တဲ့ Gold Class လုံချည် ဟာ အဆင်သင့် ဝတ်ဆင် ( ready to wear ) နိုင်တဲ့ အခြေအနေ ကို ရည်ရွယ် ဖန်တီးတာ လို့ ဆိုတယ် ။ ပုဆိုး အသစ် ဆိုရင် ရက်လုပ် စဉ် က ချည် မှာ ပါတဲ့ ကော်တွေ ကြောင့် မာတောင့်တောင့် ဖြစ် နေတာ ကို နူးညံ့ ပျော့ပြောင်းစွာ ချက်ချင်း ဝတ် နိုင်ဖို့ ချည် ကို ကော် မသုံးဘဲ ရက်လုပ် နိုင်အောင် နည်းစနစ်သစ် ကြံဆ ဖန်တီး တာ ၊ လုံချည်သစ် မှာ တံဆိပ် ခွာ လိုက် ရင် ကော်တွေ နဲ့ စက္ကူသား ကပ် ကျန် နေတဲ့ အဆင် မပြေမှု ကို ပြုပြင်တာ ၊ ရေ လျှော် ရင် ကွင်းအနံ ရုန်း ( လျော့ ) မသွား အောင် ရက်လုပ် ရာ မှာ စနစ်သစ် နဲ့ ဖန်တီးတာတွေ နဲ့ ခြေလှမ်းသစ် တစ်ခု လှမ်း ထားတာ လို့ ဆိုတယ် ။

ကိုမိုးဇော်ထွန်း က ပို ကောင်းတဲ့ အပြောင်းအလဲ ကို ဖန်တီး ဖို့ စိတ်အား ထက်သန် သူ တစ်ယောက် ဖြစ်တာ တွေ့ ရတယ် ။ သူ့ အိမ် ကို သွားပြီး သူ နဲ့ စကား ပြော ရင်း သူ့ ဘဝ သူ့ လုပ်ငန်း ကို ယခု လို သိရတယ် ။ ]

•••••   •••••   •••••

ကျွန်တော်တို့ လုံချည် စ ရောင်း တုန်း က အခြား လုပ်ငန်းတွေ က ဘယ်လို ဝန်ဆောင်မှုတွေ ပေးကြတယ် ဆိုတာ ပြော ကြတော့ ကျွန်တော်တို့ က ရော ဘယ်လို ဝန်ဆောင်မှုတွေ ပေးနိုင် သလဲ စဉ်းစားတယ် ။ လုံချည် နဲ့ ပတ်သက်ရင် ဂိတ်ဆုံး နေပြီလို့ ပြော ကြတယ် ။ ကိုယ် ကြိုက် တဲ့ အဆင် ကို ရွေးတယ် ၊ စက်ဆိုင် မှာ ချုပ်ခိုင်းပြီး ဝတ်ရုံ ပေါ့ ။ ကျွန်တော် က ဝယ်မယ့် သူ အဆင်ပြေ အောင် ဘာတွေ ထပ် လုပ်ပေးနိုင် သလဲ စဉ်းစားတယ် ။ လုံချည် ကို အဆင်သင့် ချုပ်ပေး ထားရင် ခု ဝယ် ခု ဝတ် အဆင်ပြေ မှာပေါ့ ။ ဒါနဲ့ စက်ဆိုင် ကို အပ်ပြီး လုံချည်တွေ ကို ချုပ်ခိုင်း ပြီး မှ ready made လုပ် ရောင်းတယ် ။ ကျွန်တော့် အတွက် စက်သမား နဲ့ ဆက်ဆံရတာ အလုပ် ပို လာတယ် ။ လုံချည်တွေ ရက်ကန်းရုံ က ဒီနေ့ ဆိုင် ပေါ် ရောက် ၊ ဒီနေ့ ရောင်း လို့ မရဘူး ။ စက် ကို ပို့ရတဲ့ အတွက် အချိန် ပို ကြာပြီး ငွေ လည်ပတ်မှု နှောင့်နှေးတယ် ၊ စက် မှာ တစ်သုတ် ပို့ ထားရလို့ ငွေ လည်ပတ်မှု အရင်း တစ်ရင်း ပိုတယ် ။ ကုန်ကျစရိတ်တွေ ရှိတော့ အဲဒီ အချိန် ( ၁၉၉၆ ) က လုံချည် တစ်ထည် ကို သုံးဆယ် ဈေး တင် ရောင်းတယ် ။

ဈေး ကို မတင် မဖြစ် တင် ရောင်း တော့ မရောင်းရ သလောက်ပဲ ။ ပတ်ဝန်းကျင် က လည်း ready made လုံချည် ကို မဖြစ်နိုင်ဘူး ပြောကြတာပဲ ။ ဘယ်သူ မဆို လုံချည် တစ်ထည် ဝယ် ပြီး ရင် ကိုယ် က မချုပ် လည်း သူ့ ဆီ မှာ တော့ ချုပ်ရမှာပဲ ။ အဲဒီတုန်း က ကျွန်တော် ကြော်ငြာ တာ က လူကြီးမင်း ရဲ့ တန်ဖိုး ရှိတဲ့ အချိန် တွေ ကို အလေအလွင့် မရှိအောင် လုပ်ပေးတယ် ပေါ့ ။ လူတွေ နင်လား ငါလား ပြေးလွှား ပြီး စီးပွား ရှာကြရတဲ့ အချိန် ၊ အချိန် တန်ဖိုး ကို စပြီး နားလည်တဲ့ အချိန် မို့ ကျွန်တော် က ရေရှည် မှာ အောင်မြင် လာတာ ။ အခုတော့ လုံချည်တိုင်း လိုလို အသင့် ချုပ် ပြီး ဖြစ်သွား ပါပြီ ။

အလုပ် တစ်ခု ကို လက်ရှိ အခြေအနေ ထက် ပိုပြီး အဆင်ပြေ အောင် သက်သာ အောင် ဘယ်လို နည်းလမ်းတွေ သုံးမှာလဲ ဆိုတာ ကျွန်တော် အမြဲ စဉ်းစားလေ့ ရှိတယ် ။ ဥပမာ မီးပူ တိုက်တာ ဆိုပါတော့ ။ ကျွန်တော့် ဆီ မှာ လုံချည်တွေ အများကြီး မီးပူ တိုက် ရတယ် ။ မီးပူကြိုး က ရှုပ် နေ တော့ အချိန် ပို ကြာတယ် ။ ကြိုး ကို မရှုပ် အောင် အပေါ် က ချတော့ အဆင်ပြေ သွားတယ် ။

ကျွန်တော့် အဖေ က လူ ကို အဆင်ပြေ အောင် လုပ်တာ ဝါသနာ ပါတယ် ။ ဥပမာ စာ ဖတ် တဲ့ အခါ စာအုပ် ကို လက် နဲ့ ကိုင်စရာ မလိုဘဲ တင်စရာ စင်ကလေး နဲ့ တင် ဖတ်တယ် ။ ဒါတွေ မြင်တွေ့ ဖန် များ တော့ ကျွန်တော် လည်း အကျင့် ပါလာတယ် ထင်တာပဲ ။ ဒါကို ငယ်ငယ်တုန်း က တော့ မသိပါဘူး ။ အဖေ က ပြောတယ် ၊ ဘာ လုပ်လုပ် အသေးအမွှား ဆိုတာ မရှိဘူး ။ ဖိနပ် ချွတ် တာ က အစ ပြီး စလွယ် မချွတ်ရဘူး ။ သတင်းစာ တစ်စောင် ဖတ် ပြီးလို့ စားပွဲ ပေါ်  ပြန် တင် တာ က အစ သေသေသပ်သပ် ရှိဖို့ အဖေ က လေ့ကျင့် ပေးခဲ့တာတွေ ကို ကျွန်တော် သတိရ ပါတယ် ။ ကျွန်တော် လုပ် သမျှ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပေမယ့် သေသေချာချာ တော့ လုပ်တယ် ။

၁၉၈၃ - ၈၄ မှာ ကျွန်တော် ဆယ်တန်း အောင်တယ် ။ ၁၉၈၈ မှာ ကျောင်း ပြီး ရမှာ ကျောင်း ပိတ် သွားတော့ ၁၉၉၁ ကျ မှ ကျောင်း ပြီးတယ် ။ ကျောင်း ပြီးတော့ ကုမ္ပဏီတွေ မှာ အလုပ် လိုက် လျှောက်တယ် ၊ အလုပ် ရှိချင်လို့ ၊ အဖေ က မေးတယ် ၊ ပိုက်ဆံ လိုချင်လို့ လား ၊ မဟုတ်ဘူး အလုပ် လို ချင်တာ ။ ဘာ အလုပ် မဆို လုပ်မလား မေးတယ် ။ လုပ်မယ် ။ သေချာလား ၊ သေချာတယ် ။ သေချာရင် ငါ့ ကား မှာ ဒရိုင်ဘာ လုပ် တဲ့ ။ လခ ခြောက်ရာ နဲ့ ခန့် လိုက်တယ် ။ အဖေ က ညွှန်ကြားရေးမှူး ။

အရင် က အဖေ့ အခန်း ကို ကျွန်တော့် သဘော နဲ့ ကျွန်တော် ဝင် ချင် သလို ဝင် ၊ ထွက် ချင် သလို ထွက် ၊ အဖေ  နဲ့ အတူ သူ ရုံးခန်း ထဲ မှာ ထမင်း ဝင် စားတယ် ။ ဒရိုင်ဘာ ဖြစ်သွားတော့ အဖေ က ထမင်းချိုင့် ထုတ် ခိုင်းတယ် ။ ရုံး ရောက် ရင် ကားပတ်ကင် မှာ ထိုးရတယ် ။ အဖေ့ အခန်း ထဲ ကို ခွင့် မပြုဘဲ မဝင်ရဘူး ။ ထမင်း ကို ကွပ်ပျစ် မှာ အခြား ဒရိုင်ဘာ တွေ နဲ့ အတူ ပဲ စားရတယ် ။ အဲဒီတုန်း က အဖေ့ ကို လုပ်ရက်လိုက်တာ လို့ မကျေနပ်ဘူး ။

ကျွန်တော် တို့ နေတာ က ရန်ကုန် မှာ ၊ ကျွန်တော့် ရည်းစား မဝါ က ဂန့်ဂေါ မှာ ။ တွေ့ ဖို့ မလွယ်ဘူး ။ သူ မန္တလေး လာတဲ့ အခါ မှ ဆုံကြတာ ။ စနေ ၊ တနင်္ဂနွေ မှာ ကျွန်တော် က သူ ရှိ ရင် မန္တလေး သွားတယ် ။ တစ်ခေါက် မှာ တော့ တနင်္လာနေ့ ရုံး ပြန် တက် ဖို့ တနင်္ဂနွေ ည ပြန် ရ မှာ ရထားလက်မှတ် က ဝယ် မရတော့ တနင်္လာနေ့ ခွင့်မဲ့ ပျက်ကွက် ဖြစ်တယ် ။ အဖေ က အလုပ် က ထုတ် ပစ် လိုက်တယ် ။

အဲဒီ အတွေ့အကြုံ ဟာ ကျွန်တော့် ဘဝ မှာ အင်မတန် အဖိုး တန်ပါတယ် ။

တစ်ခေါက် မှာ ကျွန်တော့် မရီး က မန္တလေး က အပြန် ဂန့်ဂေါလုံချည် တွေ ဝယ်ခဲ့ ဖို့ မှာတယ် ။ ခုနစ်ထည် လောက် ကျွန်တော် သယ် သွားတယ် ။ ရန်ကုန် ရောက် တော့ မရီး က မယူဖြစ်ဘူး ။ ဒါနဲ့ အစ်မ ရုံး ကို ရောင်းပေးပါ ထည့် ပေး လိုက် တော့ ချက်ချင်း ကုန် သွားတယ် ။ ဟာ အိုကေ ပဲ ။ မန္တလေး တက် လိုက် မဝါ ဆီ က အထည်တွေ သယ် ရောင်း လိုက် လုပ်တယ် ။ စိန်ဂေဟာ ကို အပ် ရောင်းတယ် ။ စိန်ဂေဟာ က လည်း ဘယ်လို အထည်တွေ ရောင်းပါ ဆိုတာ အကြံ ပေးတယ် ။ ဒီလိုနဲ့ လုံချည်တွေ ဝယ် ရောင်း ရင်း မင်းကြီးကြိုက် လုံချည် ဖြစ် လာတာပေါ့ ။

လုံချည် ရောင်း နေတဲ့ အခါ မှာ မပြေလည်သေးတဲ့ ပြဿနာတွေ ရှိနေတာ တွေ့ နေရတယ် ။ ဆေး ကျွတ် တဲ့ ပြဿနာ ရှိတယ် ၊ အနာအဆာ ပြဿနာ ရှိတယ် ။ ကုန်ကြမ်း အခက်အခဲ တွေ ရှိတယ် ။

ရှေ့လူ တွေ လည်း သူတို့ ကြုံတွေ့ ခဲ့တဲ့ ပြဿနာတွေ ကို အဆင့်ဆင့် ဖြေရှင်း ရင်း တိုးတက် လာတဲ့ အသီးအပွင့်တွေ ကို ကျွန်တော်တို့ ခံစား နေ ရတယ် ။

လုံချည် အချော ရောင်းတဲ့ သူတွေ ထဲ မှာ ရွှေရွက်ဝါ ရှိတယ် ။ ဦးဂျမ်း ရှိတယ် ၊ မင်းကြီးကြိုက် ရှိတယ် ။ ဆိုင်ဖွင့် ရောင်းကြတဲ့ အထဲ မှာ ယောက်ျားလေး အနေ နဲ့ ကျွန်တော် ပဲ ရှိတယ် ။ ကျန်တဲ့ နှစ်ခု က အမျိုးသမီး တွေ ။ ပြဿနာ ကို ဖြေရှင်းရမယ့် တာဝန် ကျွန်တော့် မှာ ရှိတယ်လို့ ခံယူ ထားတယ် ။

နောက် ဂျင်နရေးရှင်း ကြည့် ပြန် တော့ ကျွန်တော့် သမီး ဆိုရင် တော်တော် ငယ် သေးတယ် ။ အနည်းဆုံး ဆယ်နှစ် လောက် အချိန် ပေးရဦးမယ် ။ လုံချည် လုပ်ငန်း ကို သူတို့ က လုပ်ဦးပါ မှ ။ သူတို့ မလုပ် ရင် သွားပြီ ။ သည် ဆယ်နှစ် ကို သည် အတိုင်း မျှော နေပြီး ပြဿနာတွေ ကို မဖြေရှင်း ဘဲ ကြည့် နေရင် ကျွန်တော် တို့ တာဝန် မဲ့ ရာ ကျမယ် ။ ဘယ်သူ မလုပ်လို့ ဆိုး နေတာလဲ ဆိုရင် ကိုယ်တိုင် လုပ် ရမယ် လို့ ပဲ အဖြေ ရတယ် ။

ဒါကြောင့် ready to wear ကို စ လုပ်တယ် ။ တော်တော် လုပ်ရဦးမှာပါ ။ လုံချည် အသစ် ကို ဝတ် လိုက်ရင် ကော်တွေ ပါ လို့ ဝတ် ရတာ မာတယ် လို့ ပြောတာ ဆယ်စုနှစ်တွေ နဲ့ ချီ နေပြီ ။ မာ တာ ဝတ် နေကျ မို့ ပျော့ တာ ပို ကောင်းတယ် ဆိုတာ လက်ခံ လာဖို့ တော်တော် အချိန် ယူ ရမယ် ။ ဝတ်ဆင် သူ ဘက် က complain တွေ တက်တာ ကြားရမယ် ၊ ဒါတွေ ထပ် ပြင်ရဦးမှာပဲ ။

ကျွန်တော် ကံ ကောင်းတာ က ကျွန်တော့် ဘေး မှာ မိတ်ဆွေကောင်း တွေ ရှိတယ် ။ သူတို့ နဲ့ တိုင်ပင်တဲ့ အခါ မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ် အကြံ ပေးကြတယ် ။ မဖြစ်နိုင်ဘူး ဆိုတာ ဖြစ်နိုင်အောင် ဘယ်လို နည်းလမ်း ရှာမှာလဲ ။ ချွတ်ယွင်းချက် ရှိရင် ဘယ်လို ဖြေရှင်းမလဲ စိတ်ကူးရာ က နည်းလမ်း တွေ ရ လာတယ် ။ ကျွန်တော် လုပ်နိုင်သေးတယ် ၊ ဦးနှောက် အား နေသေးတယ် ၊ အချိန် တွေ လည်း ရသေးတယ် ။

ကျွန်တော်တို့ လောက မှာ အားလုံး ဟာ တစ်လှေ တည်း စီး တွေပဲ ။ ကျွန်တော် နဲ့ ပြိုင်ဘက် ဆိုင် သမား တစ်ယောက် နစ်နာတော့မှာ ပဲ လို့ ကိုယ့် အတွေ့အကြုံ အရ မြင် နေရင် သူ့ ဆီ စကား ပေါက်လောက်တဲ့ သူ ကို ကျွန်တော် ပြောတယ် ။ ဒီလို ဖြစ်လာနိုင်တယ် နော် ။ လုပ်တာ မလုပ်တာ က သူ့ အပိုင်း ပေါ့ ။ သူ့ စီးပွားရေး ကို ကျွန်တော် ဝင် စွက် လို့ မရဘူး ။

သူ ယိမ်း သွား ရင် မဆိုင်ဘူး ထင် ပေမယ့် ကျွန်တော် လည်း ယိမ်း မှာ ၊ လောကသား အားလုံး ထိခိုက်မှာ ပဲ ။ ဥပမာ ဆိုပါတော့ သူ့ ဆိုင် ပြုတ် သွားရင် သူ့ ရက်ကန်းသမားတွေ ဘယ် ရောက် သွားမှာလဲ ၊ ကျွန်တော်တို့ မနိုင်ဝန် ဝင် ထမ်းနိုင်မှာလား ၊ သည်လိုပဲ ဘဝတူ လောကတူ ဖြစ်တဲ့ ရက်ကန်းသမား တွေ ထိခိုက် နစ်နာ နေ ရင် ကျွန်တော် တို့ နဲ့ မဆိုင်ဘူး နေလို့ မရဘူး ။ အကျိုးဆက် က လာမှာပဲ ။ ဒါကြောင့် ကိုယ့် လောက တစ်ခုလုံး ကောင်းဖို့ တိုးတက်ဖို့ လုပ်ကြရမယ် လို့ ကျွန်တော် ထင်တယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment