❝ ဧယင်ကျူး ❞
“ အောင်မလေး .... ကျုပ် အဖြစ် ကို ကြည့်ကြပါဦး တော့ လို့ အရပ် လေးမျက်နှာ ဝက်ဝက်ကွဲ အောင် အော်ဟစ် လိုက် ချင် ပါရဲ့ ။ တကယ် အော် မဖြစ်လို့ ။ ဘာဖြစ် ရမလဲ ။ ဒီလို ဘေးကျပ်နံကျပ် အဖြစ် မျိုးက ကျုပ် တစ်သက် ကြုံဖူးတာ မဟုတ်ဘူး လေ ။ “ ကိုယ် ခင်းတဲ့ ဇာတ် ကိုယ် နိုင်အောင် က ” ဆိုတဲ့ စကား က ကျုပ် အတွက်များ တမင် ရည်ရွယ် ထားခဲ့သလားပဲ ။
“ ကိုင်း ... ဘယ့်နှယ် လုပ်ကြမတုံး မိရွှေရင် ။ အခု ညည်း ခင်း တဲ့ ဇာတ် ညည်း နိုင်အောင် က ပေ တော့ ”
အိုး ... ဒီလို လုပ် နေလို့ တော့ မဖြစ် နိုင်ဘူး ။ ရှေ့ က ပရိသတ်တွေ ရိပ်မိ ကုန် လိမ့်မယ် ။ ဇာတ်ကျော တစ်လျှောက် လုံး လည်း ကြိုးစား ငို လာတာ မျက်ရည် က မထွက် ။ ဘယ် ထွက်ပါ့မတုံး ၊ ကျုပ် စိတ် ထဲ မှာ ဝမ်းမှ မနည်းတာ ။ ဝမ်းနည်း လို့ ဝမ်းနည်းစရာ ကိစ္စတွေ စဉ်းစားမယ် လုပ် ပြန်တော့ ဝမ်း မနည်း တဲ့ အပြင် ဒေါသ ဖြစ်စရာတွေ ချည်း တွေးမိ ။ ခက်တော့ နေပြီ ။ မဖြစ်ဘူး ။ ဖြစ်ဘူး ။ မိရွှေရင် ညည်း ရ အောင် ငို ၊ ရ အောင် ငို ။
အခု ဆရာတော်ဘုရား ရှေ့ ရောက် တော့ မှာ ။ အဲဒီ ကျ ရင် တစ်ခါတည်း ပြေး ပြီးတော့ ဆရာတော်ဘုရား ရုပ်ကလာပ်တော် တင် ထားတဲ့ ပန်းရထား ကို ခေါင်း နဲ့ တိုက် တိုက်ပြီး ငိုရ မှာ အခုတည်း က မျက်ရည်ပေါပေါ ကျ အောင် အစ ပျိုးထား ။ အင်း ... ကျုပ် က လည်း ကျုပ် ။ အရင် သုံး နေကျ နည်းလမ်းတွေ မသုံးဘဲ ကျုပ် အစွမ်းအစ နဲ့ ဘာ အကူအညီ မှ မပါဘဲ ရအောင် ငိုမယ် ဆိုပြီး လုပ် လိုက်တာ လေ ။ ပြီးတော့ စိတ်တိုတို နဲ့ ဘာမှ မ လုပ်ချင် ၊ မကိုင်ချင် ဖြစ်နေတာလည်း ပါ တာ ပေါ့ ။ ကိုင်း .. အခုတော့ ဘယ်နှယ့် ရှိစ ။
ငိုရတာ လည်း သွေးမတော် သားမစပ် ။ မသကာ ဖူး ဖူးတယ် ဆိုရင်လည်း တော်သေး ။ အခု ဟာ က ဆရာတော် ကို ဖူးဖူး ဖို့ မဆိုထား နဲ့ ။ ကြား တောင် မကြားဖူးဘူး လေ ။ ငှား လို့ လာပြီး “ ကျူး ” ပေး ရတာ ။ ဘယ်လိုလုပ် ငိုရပါ့မတုံး ။ “ ကျုပ်တို့ ဒုက္ခ ကို ကိုယ်ချင်းစာ ကြည့်ကြပါ ဦးတော့ ” ဟင်း .. စိတ် ထဲ က အော်ဟစ် ပစ်တာလေ ။
အပြင်ထုတ် အော်လို့ ဘယ် ဖြစ်ပါ့မ လဲ ။ အခု ကျုပ် က စင်ပေါ် မှာ လေ ။ ဧယဉ်ကျူး ဆိုတာ က ဆယ်နှစ် နေလို့ တစ်ခါ ကြုံမယ် ပြောလို့ မရတော့ ပရိသတ်တွေ ဆိုတာ ဝက်ဝက်ကွဲ ပေါ့ ။ မဏ္ဍပ် အကျယ်ကြီး ထဲ မှာ စင်မြင့် ကို နောက်ဘက်ဆုံး မကျတကျ နေရာ မှာ ထိုး ထားတာ ။ စင်မြင့် အလယ် တည့်တည့်မှာ ဆရာတော် ရုပ်ကလာပ် ထားတဲ့ ပန်းရထား ။ အဲဒီ ရှေ့ နေရာ ကွက်လပ်လေး မှာ ကျုပ် ရယ် ၊ မောင်အေး ရယ် က ဇာတ်ကြောင်းလေး နဲ့ ခင်း ပြီး ကျူး ပြရတာ ။
စင်ရှေ့ ရှေ့ဆုံး မှာ တော့ ပျံလွန်တော်မူ သွားတဲ့ ဆရာတော်ဘုရား ရဲ့ ဆွေမျိုး နီးစပ်တွေ ထိုင်ကြတာ ပေါ့ ။ အဲဒီ နောက် မှာ က တော့ ဒီ မြို့ က လူတွေ ကော ၊ ဒီ မြို့ ဘေး က ရွာနီးစပ် က လူ တွေ ကော ။ တချို့ဆို တခြား မြို့ က တောင် တကူးတက လာ ကြည့်ကြ တာ ဆိုတော့ ဒီလောက် ကျယ်တဲ့ မဏ္ဍပ် ထဲ မှာ ပြည့်ညပ်သပ်ပြီး မဆန့်တော့ လို့ မဏ္ဍပ် အပြင် ဘက် နေပူ ထဲ မှာ ထီး ဆောင်း ပြီး မိုးတိုးမတ်တတ် အားပေး နေကြတဲ့ လူတွေ ဆိုတာ နည်းတာ မဟုတ်ဘူး ။ စင်မြင့် နောက် ဆိုင်းသမားတွေ ဘေး မှာ ဆိုတာ လည်း ဆိုင်းသမားတွေ တောင် မမြင်ရတော့ လောက်အောင် နေရာလွတ် မရှိ ပြည့် ညပ်သပ် လို့ ။ ပြီးတော့ ဒီနေ့ က ပထမ ဆုံး နေ့ လေ ။ ကျင်းပ မှာ က သုံးရက် တောင် ။ ဒီတော့ ကျုပ် ကြိုးစားရတာ ပေါ့ ။ နာမည် တစ်လုံး ရဖို့ ဒီလို အခွင့်အရေး ဆိုတာ နည်းမှတ်လို့ ။ တကယ် တော့ ကျုပ် ရဲ့ ဧယဉ်ကျူး သက်တမ်း က တိုပါသေးတယ် ။ ကျုပ် အမေ မင်းသမီးဟောင်းကြီး မျက်နှာ နဲ့ ကျုပ် ကို ငှားကြတာလေ ။ အဲဒီတော့ ကျုပ် က လည်း အစွမ်းကုန် ကြိုးစားရ မှာ ပေါ့ ။
ပရိသတ် ဒီလောက် အများကြီး ထဲ မှာ ဧယဉ်ကျူး ဖူးတာ ဒါ ပထမဆုံး ပဲ လေ ။ ပရိသတ် အားလုံး ခံစား လို့ ရအောင် ဇာတ်မင်းသမီး တွေ ရဲ့ ထုံးစံ အတိုင်း အမူအရာ ပိုပိုသာသာ လေး နဲ့ ပေါ့ တော် ။ ကျုပ် အပြော ကြောင့် ပရိသတ် တွေ ဆိုတာ မျက်ရည် တွေ ကျ ၊ နှပ် တွေ ညှစ် ၊ ပူလွန်း အိုက်လွန်း ၊ လူတွေ ညပ်လွန်း လို့ ချွေးတွေ က တပြိုက်ပြိုက် ကျ ၊ ကလေး ကို ရင်ခွင် ထဲ မှာ သိပ် ရင်း လက် တစ်ဖက် က မျက်ရည်လေး သုတ် လိုက် ၊ နောက် လက် တစ်ဖက် က ယပ်တောင် လေး ခတ် လိုက် နဲ့ ပေါ့ ။
ကျုပ် က အပေါ်စီး က ဆိုတော့ အကုန် မြင် နေရတာပေါ့ ။ ရှေ့ဆုံး က ဆရာတော်ဘုရား ရဲ့ ဆွေမျိုးတွေ ဆို တာ မျက်ရည်တွေ ပြိုက်ပြိုက် ကျ ရော ။
အင်း .... သူတို့ ကသာ ငို နေတာ ။ အဓိက ကျုပ် က မျက်ရက် တစ်စက် မှ မကျသေး ဘူး ။ အသံ က တော့ အကျင့် ရ နေလို့ ငိုသံ ပြော နေရတာပေါ့ ။ ပရုပ်ဆီ က လည်း ထားခဲ့ မိ ။ အင်း .. နောက်ဘက် လှည့် ပြီး မျက်ခွံ ကို ဆွဲ လှန်လိုက်ပြန် ရင် လည်း နောက် က ပရိသတ် တွေ က မြင်ဦး မှာ မျက်ရည် ထွက်အောင် တဘက် နဲ့ မျက်လုံး ထဲ ထိုး ထည့်ရ လွန်း လို့ လည်း မျက်လုံးတွေ က ကျိန်းစပ် နေပြီ ။ မျက်ရည် က မထွက် ။
အံမယ်လေး .... မိရွှေရင် တွေးစမ်း ၊ တွေးစမ်း ၊ ဝမ်းနည်းစရာ တစ်ခု ခု ကို တွေးစမ်း ၊ အင်း .. ဒီ ဆရာတော်ဘုရား နေရာ မှာ မနှိုင်းအပ် နှိုင်းအပ် ကျုပ် အဖေ ၊ ကျုပ် အမေ သေတယ် လို့ မြင် ကြည့်စမ်း ။ အွန် .... ဘယ်လို မှ မြင် ကြည့်လို့ မရပါလား ။ ကျုပ် အဖေ ဆိုတာ အခုမှ သူများ လုံး လို့ ထ လုံးတဲ့ ထဲ မှာ မပါ တဲ့ ချန်ပီယံဟောင်း ဘောသမားစစ် ဆိုတော့ မာလိုက်သမှ ဒေါင်ဒေါင်မြည် တဲ့ အပြင် အခု ကမ္ဘာ့ဖလားပွဲ ကို ပြင်သစ် အထိ သွား ကြည့်ချင်တာ တကဲကဲ လေ ။ ကျုပ် အမေ က လည်း ဇာတ်မင်းသမီးဟောင်း ပေမဲ့ တရား နဲ့ ဓမ္မ နဲ့ အေးအေးချမ်းချမ်း ကုန်စုံဆိုင်လေး ဖွင့် ၊ ပုတီးလေး စိပ် နေတတ် သူ ဆိုတော့ ဘုရား တန်ခိုး နဲ့ အဖျား အနာ တောင် ကင်း လို့ ။ သူတို့ သေရင် ဆိုတဲ့ အတွေး က လည်း ရုတ်တရက် တွေး ကြည့်လို့ မရ ။ အဘိုး ၊ အဘွား သေ တုန်း က လည်း ကျုပ် က ငယ်သေးတော့ ငိုမိလား ၊ မငိုမိဘူးလား တောင် မသိတော့ပါဘူး ။ အခုမှ မှန်း ပြီး ငို ရအောင် က လည်း အခက် ။
အင်း ... ကျုပ် ယောက်ျား ကိုသာဒွန်း ဆိုရင် ကော ။ အံမယ်လေး ... မြန်မြန် သေပါ စေတော် ။ ဟုတ်တယ် ၊ ဒင်း ကြောင့် ကျုပ် ဘဝ ဒုက္ခ ရောက် နေရတာ ။ ကျုပ် မှာ ကလေး တိုးလိုး တွဲလောင်း အတွက် ကော ၊ ကျောင်း တက်နေတဲ့ ကလေးတွေ အတွက် ကော ရှာ ရတဲ့ အပြင် သင်း အရက်ဖိုး ပါ ကျု ပ်က ပေးရသေးတာ ။ အံမယ်လေး လူပျိုတုန်း က များ ကျုပ်တို့ အိမ် ကို ကျုပ် အဖေ နဲ့ ဘောလုံး အကြောင်း လာ လာ ပြောရင်း ကျုပ် ကို ပိုး တာလေ ။ သေနာကျ ၊ ကိုယ်လုံးကိုယ်ထည်လေး ကလည်း အားကစား သမားဂိုက် ။ ဆေးလိပ် တောင် မသောက်တတ်ဘူး ဆိုတော့ အဖေ က ဆိုလေ “ မောင်သာဒွန်းလေး က တော်ရှာတယ် ” တဲ့ လေ ။ အဲဒီတော့ ဟောဒီက မိရွှေရင် တို့ ရင်တွေ ခုန်မိတာ ပေါ့ ။ သူ လာပြီ ဆိုရင် အလုပ် မရှိ အလုပ် ရှာ လေကန်ဖို့ အရေး ကို ကျုပ် မှာ ခြယ်သ ပြင်ဆင် ပြီး ရေနွေးအိုး နဲ့ ထန်းလျက်လေး ချ ပေးရတာ အမော ။
အံမယ် ... ကျုပ် ကို ကြည့်တာ တောင် လေ သိမ်သိမ်မွေ့မွေ့ နဲ့ ခိုးကြောင်ခိုးဝှက်လေး ကြည့် တာ ။ ကျုပ် ဖြင့် လေ ရင် တွေ ခုန် ၊ ရှက် လည်း ရှက် ၊ သနား လည်း သနား နဲ့ ဘယ်လို လေး မှန်း ကို မသိဘူး ။
ဟော ... မကြာပါဘူး ။ ရပ်ကွက် ထဲ က ဦးလေးမောင်အုန်း က တစ်ဆင့် ကျုပ် ကို တောင်းခိုင်းတော့တာပဲ ။ အဖေ ဆိုတာလေ “ ကျုပ် အတွက် စိတ် အေးရပြီ ” တဲ့ ။ ဒီလို တစ်ကောင်ကြွက် ၊ အလုပ်အကိုင် နဲ့ ဆေးလိပ် တောင် မသောက်တဲ့ အားကစားသမား ဆိုတော့ သဘောကျတယ် တဲ့ ။ ကျုပ် ကို လည်း ဇာတ် ထဲ အမေ နဲ့ လိုက်တာ မကြိုက်တဲ့ အဖေ က ခေါ်ပြီး နားချတော့တာပဲ ။ ဟောဒီက မိရွှေရင် က လည်း တော် တော့်ကို ပြောယူ လိုက်ရတယ် ။ “ အဖေ ကောင်းမယ် ထင်ရင် စီစဉ်ပါ ” ဆိုတဲ့ စကား နဲ့ အဖေ ပေါ် လွှဲ ချရင်း ချက်ချင်း ကို ခေါင်းညိတ် ခဲ့တာပါ ။ သင်း အကြောင်း မသိသေးခင် လေ ။
ဟော ... လင်မယား ဘဝ လည်း ရောက် ရော ဇာတိ ပြ လာပြီလေ ။ အခုမှ သင်း သောက်ကျင့်တွေ ဘွားခနဲ ပေါ်လာတော့တာပဲ ။ သောက်ခွက် ကို မကြည့်ချင်ဘူး ။ သူ ပြောတဲ့ အတိုင်း ဆေးလိပ် တော့ မသောက်ပါဘူး ။ အရက် တော့ ခွက်ပုန်း သောက်တယ် တော်ရေ့ ။ သောက် လည်း သောက်ချင် သေး ။ ရပ်ကွက် ထဲ က လူတွေ သိမှာ လည်း ကြောက်သေး ။ အရင်တော့ တစ်ခါတလေ ပေါ့ တော် ။ အခုတော့ နှစ်ခါနှစ်လေ ကနေ ဟော အခု “ အမြဲတမ်း အတွက် ကိုယ်သာဒွန်း ” ဖြစ်နေပြီ ။ သင်း အလုပ် က လည်း ကြော့ကြော့လေး သွား ၊ ကြော့ကြော့လေး ပြန် ရပေမဲ့ ရ တဲ့ လစာ က သင်း တစ်ယောက် စာ တောင် ယိမ်းထိုး နေတယ်လေ ။ ကျုပ် မှာ အမေ့ နောက် လိုက်ရင်း တတ် နေတဲ့ သဘင်ပညာ နဲ့ ပဲ လုပ်စား ရတော့တာ ပေါ့ ။ ကျုပ် လို အအို မင်းသမီး ထက် အပျိုမင်း သမီးလေး တွေ ပေါနေတာ ဆို တော့ ကျုပ် က အရံပေါ့ တော် ။ ဇာတ် နားတဲ့ အချိန် ဒီလို ဆရာတော် တို့ ၊ မယ်တော် တို့ ပျံလွန်တော်မူတာ နဲ့ ကြုံ လို့ ငှားရင် တော့ လည်း ဧယဉ်ကျူး ပေါ့ တော် ။ အခုတော့ ဇာတ် ထဲ က အမေနန်း ရယ် ၊ ကျုပ် အမေ ရယ် ကျေးဇူး နဲ့ ဧယဉ်ကျူး မှာ တော့ ခင်စမ်းရင် ဆိုပြီး နာမည်လေး တော့ ရစ ပြုလာပါပြီ ။
••••• ••••• •••••
အဲ ... အဲ ... ဘယ်တွေ ရောက် ကုန်ပါ လိမ့် ။ ဘာတွေ ပြောမိ ဆိုမိ မှန်း တောင် မသိတော့ပါဘူး ။ အံမယ်လေး တော်သေးရဲ့ ဟဲ့ ။ ပရိသတ် က ဒီ အတိုင်းပဲ ကျုပ် ကို အာရုံတွေ စိုက်လို့ ။ တော်သေး တယ် ။ အလွတ် ရ နေတာ ဆိုတော့ အာရုံ သာ မပါတာ ။ ပါးစပ်က တရစပ် ပြော ထွက်လို့ ။ အို ခင်စမ်းရင် နာမည် မရလို့ တော့ မဖြစ်ဘူး ။ ကြိုးစားစမ်း ၊ ကြိုးစား စမ်း မိရွှေရင် ။ ညည်း ပညာ တွေ ပြ လိုက်စမ်း ။ ဒီ ပွဲ က ပေါ့သေးသေး ပွဲ လည်း မဟုတ်ဘူး ။ အခု ပျံလွန်တော်မူ တဲ့ ဆရာတော်ဘုရား က လည်း ဒီ နယ် မှာ အများ ကိုးကွယ်ကြတဲ့ ဆရာတော် ဆိုတော့ ဧယဉ်ကျူး ဖို့ ငှား ထားတာ တောင် ကျုပ် အပါအဝင် သုံးယောက် လေ ။ ကျန်တဲ့ နှစ်ယောက် က ကျုပ် ရဲ့ မြင်ဆရာတွေ ဖြစ်တဲ့ အမေပျော်ဘွယ် မြင့်မြင့်စန်း နဲ့ အစ်မ သာစည်ခိုင် တို့ လေ ။ ဒီတော့ ဧယဉ်ကျူး ကို ဦးစီးဦး ရွက် လုပ်ဆောင်တဲ့ နာယက တွေ က လည်း ဝါစဉ် အလိုက် လည်း မပေး ၊ တန်းတူ လည်း မကျ အောင် ဧယဉ်ကျူး ပြိုင်ပွဲ သဘောမျိုး အကဲဖြတ် ပေးကြမှာ လေ ။ ဧယဉ်ကျူး ပညာခ ကို လည်း အဲဒီ ပြိုင်ပွဲ ရဲ့ ဆုံးဖြတ်ချက် အတိုင်း အနည်း အများ ရကြမှာ တဲ့ ။
ကျုပ် က ပထမ ရချင် လို့ ၊ ဟို ကျုပ် အစ်မ ဆရာတွေ ကို ကျော ချင်လို့ မဟုတ်ပါဘူး ။ ကျုပ် ရဲ့ ကြိုးစားမှု ကို ပရိသတ် အသိအမှတ် ပြု သွားစေချင် တာပါ ။ ဟော ... အခုတော့ စင်မြင့် ရဲ့ ဘေးထောင့် က မျက်မှန် ကို ကျော်ပြီး စူးစူးစိုက်စိုက် ကြည့် နေကြတဲ့ အကဲဖြတ် ဒိုင် သုံးယောက် ရဲ့ ရှေ့ မှာ အရှက်တွေ တော့ ကွဲတော့ မှာ ပဲ ။
ကြိုးစားမှု ပြဖို့ မပြော နဲ့ ၊ စိတ် ထဲ မှာ လူသ,တ်ချင်စိတ်တွေ ကို ထ နေတာပဲ ။ မနှိုင်းကောင်း နှိုင်းကောင်း ဆရာတော်ဘုရား ပျံလွန်တော် မမူဘဲ သာဒွန်း ဆို တဲ့ အကောင် သေရမှာ ၊ ဘာဖြစ်ရမလဲ ၊ ဒီ ပွဲ က ကြို ငှားထားလို့ အရေးကြီး မှန်း သိရက် နဲ့ မနက် က ကားဂိတ် ဆင်း ကာနီး ပြင်ဆင် နေတုန်း ထမင်း ထဲ ခဲ ပါ လို့ တဲ့ တော်ရေ့ ။ ကျုပ် ကို ငေါက်လား ၊ ဆဲလား နဲ့ ၊ ကျုပ် လည်း ဘာရမလဲ ။ ဒီ လောက် အရေးတကြီး အချိန် မှာ တောင် ပြဿနာ လုပ်ရမလား ဆိုပြီး တစ်ခွန်း မကျန် ပြန် ပက်တာပေါ့ ။ အဲဒါ ထ ပြီး ကျုပ် ကို ပန်းကန် နဲ့ ပေါက်ထည့် လိုက်တာလေ ။ နဖူး မှာ ဘုကြီး ကို ရောင် တက် လာတယ်ပဲ ။ တော်ပါသေးရဲ့ ကျုပ် တစ်လမ်းလုံး ပရုတ်ဆီတွေ နဲ့ သိပ် ပြီး ကြပ်ထုပ် ထိုးလာလို့ ။ ကျုပ် ဆို တာလေ ဒေါသ တွေ ထွက် ၊ ဇိုးဇိုးဇက်ဇက် တုန်ပြီး ပြန် လုံးတာပေါ့ ။ မိရွှေရင် တဲ့ တစ်ရင် တည်း ရှိတယ် ။ အံမယ်လေး ... ရပ်ကွက် ထဲ က လာ ဆွဲမှ ပဲ ကျုပ် ပွဲ ပျက်တော့တယ် ။ အံမယ် ... ဒင်း ပါးစပ် က ဘာ ပြောတယ် မှတ်တုံး
“ ကောင်မ အပျို တုန်း က သိမ်သိမ်မွေ့မွေ့လေး ဆိုပြီး ယူ တာ ၊ အခုမှ မိန်းမကြမ်း မှန်း သိတယ် ” တဲ့ ။ ဒင်း က အံမယ်လေး ။ “ ဟဲ့ကောင် ၊ နင် သာ ငါ့ ကို လိုချင်လို့ ဆေးလိပ် မသောက်ပါဘူး ၊ အားကစားသမား ပါ ဆိုပြီး ငါ့ အဖေ ကို ကပ် တာလေ ။ အခု အားကစား မပြော နဲ့ ဘောလုံး ဆိုတာ တောင် အလုံး လား ၊ အပြား လား မသိတဲ့ အကောင် ၊ ဟီး .. ဟီး ... နင့် ကို .. အခု ကွာမယ် ၊ အခု ဖြတ် ပေး ”
ဟင်း .. ဟင်း .. သိတယ် မဟုတ် လား ။ ဒင်း ကျုပ် ကို မဖြတ်နိုင်ဘူး ဆိုတာ သိလို့ အညှာ ကို ကိုင် လိုက် တာလေ ။
“ အေး .. နင့် လို ကောင်မ ကို လည်း ငါ မပေါင်းဘူး ။ အခု ကွာမယ် ”
ကြည့်စမ်း ၊ ဘုရား ... ဘုရား ... ဒင်း ပါးစပ် က ဒင်း ပါးစပ် က ။
“ အံမယ်လေး တော့ ... အခုတော့ ကျုပ် ကို ကွာမတဲ့ လေ ။ တစ်သက်လုံး မောင့် စောင့်ရှောက်မှု အောက် မှာ ခင့် ကို လုံခြုံစေရမယ် လို့ ဟောဒီ မိရွှေရင့် ပါး ကို နမ်း ရင်း ပြောတာ နင် မဟုတ် လား ဟဲ့ .. အကောင် ရဲ့ ”
အံမယ်လေး ... ကွာမယ် တဲ့ ။ မခံနိုင် လွန်းလို့ သာ ပြန် ပြောလိုက်တာ ။ ကိုသာဒွန်း က စိတ်ကြီး ရင် တကယ် လုပ် တတ်တာ ။ မဖြစ်ဘူး .. မဖြစ်ဘူး ။
“ ကိုင်း ... တော်ကြပါတော့ ဗျာ ။ ခင်ဗျား လည်း ခရီး သွားရတော့ မှာ ။ လင် နဲ့ မယား ပဲ ဗျာ ။ ခဏတစ်ဖြုတ် ပေါ့ ”
အရပ် ထဲ က ကိုအုန်းလှ ဝင် ပြောတော့
“ မဟုတ်ပါဘူး ဗျာ ။ ဒီ မိန်းမ က လွန်လွန်းလို့ ပါ ” တဲ့ လေ ။
ကြည့်စမ်း ။ သူ က ပဲ တစ်ပြန် တစ်စီး ၊ အခုမှ ခွေ လှိမ့် ရာ က ပြန် လာတဲ့ ဖိုးချက် က လည်း ဒီလောက် ရန်ဖြစ် နေတာတောင် ထမင်း ကို ဝင် လှပ် နေလိုက် သေးတယ် ။ ဒီကောင် ဆိုတာ က လည်း ဒင်း အဖေ အတိုင်းပဲ ။ လက်ကြော တင်းမယ့် ပုံ မပေါ်ဘူး ။ နေရာတကာ ပျာယာ ပျာယာ လုပ် တတ်တဲ့ အလတ်မ မဆတ်စလူး ခင်ဖုန်း နဲ့ အငယ်ဆုံး အော့ကြောလန် ဘိုတေး က တော့ အော်ဟစ်ငိုယို နဲ့ ဆူညံ လို့ ပေါ့ ။
“ ဟဲ့ကောင် ... ငတ်ကြီးကျ မနေနဲ့ ။ ဘယ်သူမှ မမျိုရသေးဘူး ။ ဟီး .. ဟီး ”
ကျုပ် တစ်ဖက် က လည်း ငို ၊ တစ်ဖက် လည်း ငေါက်ရသေးတယ် ။ ဟုတ်တယ်လေ ။ သူတို့ အဖေ က တစ်လုတ် နှစ်လုတ်ပဲ စားရသေးတာ ။
••••• ••••• •••••
“ ဟီး ... ဟီး ”
“ အစ်မ တဟီးဟီး နဲ့ နှစ်မိနစ် လောက် ရှိနေပြီ ။ ဘာဖြစ် နေတာတုံး ”
အဲတော့ ... ဟုတ်ပါရဲ့ ။ ကျုပ် အတွေး တွေ လွန် ကုန်တာနဲ့ ဘာဖြစ်လို့ ဘယ် နားတွေ ရောက် ကုန်ပါလိမ့် ။ ကျုပ် နဲ့ တွဲ ကျူး တဲ့ ဖိုးအေး က ကပ်ပြီး တိုးတိုး ပြော မှ သတိ ပြန်ဝင်လာတယ် ။
ဟုတ်ပါ့ .... မဏ္ဍပ် ထဲက ပရိသတ်တွေ ကော ၊ အကဲဖြတ် ဒိုင်တွေ ကော က ဟီး ဟီး နဲ့ နှစ်မိနစ် လောက် နားငြီး နေ ပြီ ။ မျက်ရည် တစ်စက်မှ မကျသေး တဲ့ ကျုပ် ကို ရူးများ သွားပြီလား ၊ မေ့များ လဲတော့မှာလား ဆိုပြီး ပါစပ်လေးတွေ အဟောင်းသား နဲ့ ကြည့် လို့ ။ မဖြစ်ဘူး ၊ မဖြစ်ဘူး .. အတွေးတွေ ကို ထုတ်ပြီး ပြန် ထိန်းဦးမှ ။ တော်သေးရဲ့ ဧယဉ်ကျူး မယ့် သုံးယောက် မှာ ကျုပ် က ပထမ ရက် ဆိုတော့ ဟို အစ်မတွေ နဲ့ ယှဉ် မကြ ည့်ရသေးဘူး လေ ။
ဟွန်း ... ဒီကောင် ဖိုးအေး ဆိုတာ လည်း ဘာမှ ဖေးမ ဖော် မရဘူး ။ အခု ကျုပ် တို့ ဧယဉ်ကျူးတယ် ဆိုတာ က ဇာတ်လမ်းလေး နဲ့ လေ ။ ဒီ ဇာတ်လမ်း မှာ ကျုပ် က အဓိက ဇာတ်ဆောင် ဆို ၊ ဖိုးအေးက ဇာတ်ပို့ ပေါ့ ။ ဇာတ်ပို့ က အပို့ ကောင်း မှ ဇာတ်ဆောင် ပိုပြီး ကောင်း မှာ ပေါ့ ။ အခုတော့ ကျုပ် က ငို မရတဲ့ အပြင် နဖူး က တဆစ်ဆစ် ကိုက်လာလို့ ဒေါသ တွေ ထွက်နေပါတယ် ဆို ၊ ဒီ ကောင် က ဘာမှ ဖေးမ ဖော် မရဘူး ။ ရ ပါ့မလား ။ ဒင်း မျက်ခွက် ကို က ရုပ်ပြောင် ကိုး ၊ ရုပ်ပြောင် ဆို ဒီကောင် က လူရွှင်တော် လေ ။ ကျုပ် နဲ့ အရင်တွဲ ကျူး တဲ့ အဘအောင် နေထိုင် မကောင်း ဖြစ် နေလို့ ဘယ်သူ မှ မရှိတာနဲ့ ဒီကောင့် ကို ပုဆိုးကွက်ကျဲ ဝတ် ၊ တိုက်ပုံအင်္ကျီ ခပ်မှိုင်းမှိုင်း နဲ့ ခေါင်းပေါင်း ပေါင်း ၊ နှုတ်ခမ်းမွှေးတု တပ်ပြီး ကျုပ် နဲ့ မြေးအဘိုး လုပ် ဖို့ ခေါ်လာရတာ ။
ဒီ ကောင် က တော် တော့ တော်တယ် ။ သူ တော်တာ က လူရွှင်တော် လေ ။ သူ့ ခွင် သူ ပေါ့ ။ အခုတော့ ကျုပ် တစ်ယောက် တည်း ကူကယ်ရာမဲ့ သောင်ပြင် မှာ လွှတ် တဲ့ ဒေါင်းမလေး ဖြစ်ပြီ ပေါ့ ။ ခွေး တော့ မဖြစ်ချင်ပါဘူး တော် ။ အဲ ... အခု ဘယ်နား ရောက် နေ ပါလိမ့် ။ အဆိုအပိုဒ်ကလေး ထည့်ရတော့မယ် နဲ့ တူတယ် ။
“ တူမ ရေ ... တူမ ရဲ့ ၊ ဆရာတော်ဘုရား တို့ ရွာ အဝင်လမ်း ရောက်ပဟဲ့ ၊ အားတင်းထားစမ်း ၊ အားတင်းထား ။ ဆရာတော်ဘုရား က မျှော် နေရော့မယ် ”
ဟုတ်ပြီ ၊ ဟုတ်ပြီ ရွာ အဝင် ရောက်ပြီ ဆိုပဲ ။ ကျုပ် ငိုရမယ့် အပိုဒ် ကျုပ် သိပြီ ။
••••• ••••• •••••
ဇာတ်လမ်း က ဒီလို ၊ ကျုပ်တို့ မြေးအဘိုး က တစ်နယ် မှာ ၊ ဆရာတော်ဘုရား က တစ်နယ် မှာ ။ ကျုပ် က ကျုပ် အဘိုး ကို “ ဆရာတော်ဘုရား ကို သတိတွေ ရ လိုက်တာ ။ အိပ်မက်တွေ လည်း မကောင်းဘူး ။ ဆရာတော်ဘုရား ဆီ မ ရောက်တာ လည်း ကြာပြီ ။ ဆရာတော် ဘုရား နေထိုင် မှ ကောင်းရဲ့ လား ။ ဆရာတော်ဘုရား ကို သွား ဖူးချင်လိုက် တာ အဘိုးရယ် ” လို့ ပူဆာ တော့ အဘိုး က “ ကိုင်း ... ကောင်းပြီ ။ ဆရာတော်ဘုရား ကို မဖူးရတာ လည်း ကြာပြီ ။ သွားကြတာပေါ့ ” ဆိုတော့ ကျုပ် က “ ဟောဒါ က ဆရာတော် ဘုရား ကို ကပ် ဖို့ ငှက်ပျောသီး နဲ့ အချိုရည် ။ ဟောဒါ က ဆရာတော်ဘုရား အတွက် အားဆေး ၊ ဟောဒါက သီးစုံပွဲ ” နဲ့ ဆရာတော်ဘုရား အတွက် ဝယ်ခြမ်း လာတဲ့ ပုံစံ လုပ်ပြီး အဲဒီ တောင်း ကို ခေါင်း ပေါ် ရွက် လို့ ။ အဘိုး က ခြင်း ထဲ မှာ ဆရာတော်ဘုရား အတွက် လှူစရာ ၊ တန်းစရာ တွေ ထည့်လို့ ။ ထွက်လာ ခဲ့ကြတာပေါ့ ။
လမ်း မှာ နိမိတ်တွေ က ပြ ၊ ခလုတ် တွေ က တိုက် နဲ့ ဆိုတော့ ကျုပ် က ခေါင်း ပေါ် က သီးစုံပွဲ ကို ချ ။ ခဏ နား ရင်း နဲ့ နိမိတ် မကောင်းတဲ့ အကြောင်း ပြောပြီး ငို ၊ အဲဒီတော့ အဘိုး က “ နိမိတ် မရှိ ၊ နမာ မရှိ မငိုရဘူး ။ ဆရာတော်ဘုရား ဘာမှ မဖြစ်ပါဘူး ။ ကိုင်း .. ဆက် သွားကြရအောင် ” ဆိုပြီး ချော့မော့ ခေါ်လာတာ ။ တကယ်တော့ ဆရာတော်ဘုရား ပျံလွန်တော်မူတယ် ဆိုတဲ့ သတင်း ကို ကျုပ် အဘိုး က ကြား ပြီးသား ။ ကျုပ် ခံစားရမှာ စိုးလို့ မပြော ဘဲ ညာ ခေါ်လာတဲ့ သဘောပေါ့ တော် ။ အခု လျှောက် လာတာ ရွာ အဝင် ရောက်ပြီ တဲ့ ၊ စဉ်းစား ကြည့်စမ်းပါ ဦးတော် ၊ ဒီ စင်မြင့် ကျဉ်းကျဉ်းကလေး ပေါ် မှာ ဆရာတော်ဘုရား ရုပ်ကလာပ်တော် တင် ထားတဲ့ ပန်းရထား ကို ကျုပ် နောက်ဘက် မှာ မြင် နေရရက်သား နဲ့ အံမယ်လေး ... နိမိတ်တွေ မကောင်းလိုက် တာ ၊ ဆရာတော်ဘုရား နေ မှ ကောင်းရဲ့ လား နဲ့ တစ်လမ်းလုံး မမြင်ချင် ယောင် ဆောင် ပြီး ငိုလာခဲ့ရတဲ့ ဘဝ ။ ဟော ... ကျုပ်တို့ မြေးအဘိုး ရွာ က ထွက် လာ တော့လည်း ဒီ နေရာ ပဲ ။ ဆရာတော် ဘုရား ကျောင်းဝင်း ၊ အိုး ... ကျောင်း လှေကားပေါ် တက်တော့ကော ပဲ ။ ကျောင်း ပေါ် ဆရာတော်ဘုရား ရဲ့ ရုပ်ကလာပ် တွေ့ တဲ့ အခ န်းမှ သာ လှည့်တဲ့ ပြီး တော့ “ ဆရာတော် ဘုရား ရဲ့ ” ဆိုပြီး ဆရာတော်ဘုရား ရုပ်ကလာပ် တင် ထားတဲ့ ပန်းရထား ကို ခေါင်း နဲ့ တိုက် တိုက်ပြီး ငိုရမှာ လေ ။ ဪ .... သိသိကြီး နဲ့ မသိချင် ယောင် ဆောင် ကြ ရတာလည်း ပညာ ပဲ ။
“အဘိုး ရေ ... ဆရာတော်ဘုရား ရဲ့ ရွာ ထဲ ကို ရောက်တော့ လာပြီ ။ ရွာ ထဲ မှာ လည်း တိတ်ဆိတ် လို့ ။ အံမယ်လေး .... မိရွှေရင့် ရင်ထဲ တစ်မျိုးကြီး ရှိလိုက်တာ ”
ရွာ ထဲ အရောက် မှာ ကျုပ် ပြောရတဲ့ စကား ။
“ အဘိုး ရေ ... ဆရာတော်ဘုရား ကျောင်းဝင်း ထဲ မှာ လူတွေ က တရုန်းရုန်း နဲ့ ။ ဆရာတော်ဘုရား တစ်ခု ခု များ ဖြစ်လေသလား ။ ပြောပါဦး အဘိုး ရဲ့ ”
“ အို ... ဟုတ်မယ် မထင်ပါဘူး ဟာ ။ ဆရာတော်ဘုရား မွေးနေ့တွေ ဘာတွေများ ကျင်းပ မလို့ ထင်ပါရဲ့ ”
“ မွေးနေ့ ၊ ဟယ် ... မေ့ နေလိုက်တာ ။ ဒီနေ့ ဆရာတော်ဘုရား သက်တော် ၇၅ နှစ် ပြည့်တဲ့ နေ့ပဲ ။ တိုက်တိုက်ဆိုင်ဆိုင် သမီး တို့ တော့ ကံကောင်းတာပဲ ။ အင်း ... သမီးကလေ ဆရာတော်ဘုရား ကို တွေ့ရင် မမြင်ချင်ယောင် ဆောင် နေ လိုက်မှာ ။ ဟုတ်တယ်လေ ၊ ဆရာတော်ဘုရား က မှ သမီး တို့ ကို သတိတရ မဖိတ်တာ ။ ဆရာတော်ဘုရား က ဒကာမကြီး လို့ ခေါ် မှ သမီး က ဆရာတော် ဘုရား မျက်နှာ ကို ဝအော င်ဖူးမှာ ”
ကဲ .. ကြည့် ၊ ကျုပ် ဘဝ ၊ တစ်လမ်းလုံး ငို လာ ၊ အခု ရယ် နဲ့ တော်ကြာ ဝက်ဝက်ကွဲအောင် ငိုရဦး မှာ ။
ဆရာတော်ဘုရား ရဲ့ ကျောင်း လှေကားထစ် လည်း ကျော် ရော ...
“ သမီး ရေ .. သမီး ရဲ့ ။ အားတင်းထား ဟဲ့ ။ ညည်း ဆရာတော် တော့ ပျံလွန်တော် မူရှာပြီကွဲ့ ”
အဘိုး က ဒီလို လည်း ပြော လိုက်ရော ကျောင်း ပေါ် ကို ပြေး တက်တဲ့ ပုံ လုပ်ပြီး စောစော ကတည်း က ခပ်လျော့ရဲရဲ ထုံး ထားတဲ့ ဆံထုံး ကို မသိမသာ ဖြေချ ၊ ဆံပင် ဖားလျား နဲ့ ဆရာတော်ဘုရား ရဲ့ ရုပ်ကလာပ် ကို အတွေ့ မှာ ပစ် လဲ ကျ ၊ ပြန်ထ ပြေး ပြီးတော့ ခေါင်း နဲ့ တိုက် တိုက်ပြီး အားရ အောင် ငိုချ ပစ် လိုက်တာပေါ့ ။ ပရိသတ်တွေ ဆို တာ မျက်ရည်တွေ ကိုယ်စီ ပေါက်ပေါက်ကျ ဆိုင်းသံ က တညံညံ ၊ နေ က ပူ ၊ ကျုပ် က လည်း အပူသည် ရုပ် ဖြစ်အောင် ဆရာတော် ဆုံးမှန်း မသိလို့ လိမ်း လာတယ် ဆိုတဲ့ သနပ်ခါး ကို တဘက် နဲ့ ဖိ ဖျက် ရင်း ...
“ အံမယ်လေး ... ဆရာတော်ဘုရား ရဲ့ ၊ တပည့်တော်မ လာပြီ လေ ။ တမည့်တော်မ ကို ထ ပြီး တရားရေအေးလေး တိုက်ကျွေးပါဦး ဆရာတော်ဘုရား ရဲ့ ။ ဟီး ... ဟီး .. ” နဲ့ အော် ငို ။
“ သမီး ရေ ... ဆရာတော်ဘုရား ရဲ့ နောက်ဆုံး ခရီး သမီး ရဲ့ ။ သမီး ဝ အောင် ငို ၊ ဝအောင် ငို ”
ငိုစမ်း မိရွှေရင် ၊ ရ အောင် ငို ။ ညည်း ရ အောင် ငို ၊ အို ... အရေးထဲ ဒီ မျက်ရည် က လည်း မထွက် ။ ကျုပ် ဆရာတော်ဘုရား ရုပ်ကလာပ် နား က ထ ။ ပရိသတ် ဘက် မျက်နှာ မူပြီး ဆရာတော်ဘုရား ရဲ့ ဂုဏ်ပုဒ်ဖော် လွမ်းဆွတ် သတိရစရာ ဇာတ်ကြောင်း နဲ့ ရော ပြီး ပြောရင်း ဒီ တစ်ခါ ပြေး တဲ့ ပြီး ခေါင်း နဲ့ တိုက် ငိုရမယ့် အရေး ကို စိတ်သွင်း အား ယူ ထား လိုက်တယ် ။
မိရွှေရင် ညည်း အပိုင် လုပ်နော် ။ အကဲဖြတ် တဲ့ သူတွေ ကလည်း ဒီ အခန်း အနှစ် ပဲ ဆို တာ သိတော့ မျက်တောင် တောင် မခတ် ငိုချင်း က အပြီး ၊ ဆိုင်းသံ က လည်း အစွမ်းကုန် စ တီး ။ ကွက်တိ ။ ကျုပ် လည်း တစ်ခါတည်း ပြေးတဲ့ ပြီး တော့ ပန်းရထား ကို ခေါင်း နဲ့ အတိုက် ၊ ထဘီစ ကို တက် နင်းပြီး လဲပါ ရော ။ ကြိုး နဲ့ ချည် ထား တာ ဆိုတော့ မကျွတ်ပေမဲ့ ဟန်ချက် ပျက်ပြီး အလဲ ၊ ဆရာတော်ဘုရား ရဲ့ ရုပ်ကလာပ် တင် ထားတဲ့ ပန်း ရထား က စောစောက ကျုပ် ယမ်း ထား တဲ့ အရှိန် နဲ့ အလွှဲ ၊ ပန်းရထား နဲ့ နဖူး နဲ့ “ ဒိုင်း ” ခနဲ ။ အံမယ်လေး .... ဆွေမျိုး မေ့တယ် ဆိုတာလေ နာလွန်းလို့ မျက်ရည်တွေ ပေါက်ပေါက် ပေါက်ပေါက် ကျလာတယ် ။ ပရိသတ် က လည်း “ ခင်စန်းရင် ကောင်မလေး ကြိုးစားတယ် ။ တော် လိုက်တာ ” နဲ့ ပေါ့ ။ ဒီ က ကျုပ် ပြဿနာ နဲ့ ကျုပ် လေ ။ မထူးပါဘူး ဆို နာ နေတဲ့ အဲဒီ နေရာ နဲ့ တိုက် တိုက်ပြီး ငိုချ လိုက် တာ မျက်ရည်တွေ ဆိုတာ ဘောင်းလန် နေ တာပဲ ။ ပရိသတ်တွေ ဆိုတာ လည်း ကျုပ် ခေါ်ရာ နောက် တစ်ပါတည်း ပဲ ။ မျက်ရည် လည်ရွှဲ နဲ့ လေ ၊ ကျုပ် .. ကျုပ် ခုမှ ပဲ ကျုပ် ကြိုးစားမှု ကို ကျုပ် အားရတော့တယ် ။ တကယ် ။
••••• ••••• •••••
ဘာရမလဲ ၊ အဲဒီနှ စ် က ဧယဉ်ကျူး ကြ တဲ့ သုံးယောက် ထဲ မှာ ကျုပ် က တတိယ ရတယ်လေ ။
သိတယ် မဟုတ်လား ၊ မိရွှေရင် ပဲ ... ။
◾သျှင်နေမင်း ( Model )
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
အမှတ် ( ၁၁ဝ )
ဇန်နဝါရီလ ၊ ၁၉၉၉ ခု နှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment