Wednesday, March 20, 2024

အမွေခံ


 ❝ အမွေခံ ❞ 


ဘုတ်ကြီး ၊ ငါ့ သား ပျင်းနေပြီလား ကွ ။ မပျင်းနဲ့ ဟေ့ကောင် ခဏ နေ မင်း ကြည့်ချင်တဲ့ မင်းသား ၊ မင်းသမီး လာတော့မှာ ။


ရှုတင်ထမင်းကား လည်း လာတော့မှာ ကွ သိလား ။ ဟာ ... ရတာပေါ့ ကွ ။ မင်း လည်း စားလို့ ရတာ ပေါ့ ။ ဘာမှ ပူမနေနဲ့ ။ ဘာလဲကွ ၊ ဟို ခြံဝ က ကား က ၊ အင်း မဟုတ်ဘူးကွ ၊ ကင်မရာအဖွဲ့ကား ကွ ။ အယ်လ်ဖာအုပ်စု ချီတက် လာတာ ။ အဲ ... လာပြီ ၊ လာပြီ ။ သူတို့ ကား နောက် က ဟာ မင်းသမီးကား ကွ ။ မင်းသမီး တော့ လာပြီ ။


ဘယ့်နှယ်လဲ ဟေ့ကောင် ၊ မင်းသမီး က ရုပ်ရှင် ထဲ က နဲ့ တူရဲ့လား ကွ ။ ဘယ်ဟာ က ပိုလှ သလဲ ။ အောင်မာ ၊ မျက်တောင် တောင် မခတ်ဘူး ဒီကောင် ။ မင်းသမီး နဲ့ စကား ပြော နေတဲ့ လူကြီး က ဒါရိုက်တာကြီး ပေါ့ ကွ ။ အေးပေါ့ ။ အဖေ တို့ ကို အမူအရာ ၊ သင်ပေးတဲ့ လူ ။ ဒီ ကား ကို ရိုက်တဲ့ သူ ပေါ့ ။


“ မွတ်ကြီး ၊ လာဟေ့ ။ ဦးစိန်ခိုင် နဲ့ မင်းသမီး အခန်း မှာ မင်း ပါမယ် ။ အဲဒီ အခန်း အရင် ရိုက်မယ် ။ မင်းသား နောက်ကျ နေတယ် ” 


“ လာပြီ ဆရာ ” 


ကဲ .. ငါ့သား မင်း ဒီနား က ပဲ ကြည့် နေနော် ။ အဖေ လုပ်တဲ့ အိုက်တင်တွေ ကို မင်း သေချာ ကြည့်ထား ၊ ဆရာဦးစိန်ခိုင် အမူအရာတွေ ကို ပို ပြီးတော့ သေချာ ကြည့် ကြားလား ။ အေးလေ ရုပ်ရှင် ထဲ မှာ တော့ စိန်ခိုင်ကြီး ပေါ့ ကွ ။ အဲဒါ အဖေတို့ လူကြမ်းဆရာ ပဲ ။ သူ က ရုပ်ရှင် ထဲ မှာ အမြဲတမ်း လူကြမ်းခေါင်းဆောင် နေရာ က ပါရတယ်လေကွာ ။ အဖေတို့ က တပည့် နေရာပဲ ပါ ရတာ  ။ 


“ လာပြီ ဆရာ ” 


“ ဒီမှာ မင်းသမီး ရယ် ၊ မင်း ရယ် ၊ ဦးစိန်ခိုင် ရယ် သုံးယောက် ရှိနေမယ် ။ မင်းသမီး က သူ့ ကို မတရား လိမ်လည်လှည့်ဖြား ခေါ်လာတယ် ဆိုပြီး ဦးစိန်ခိုင် ကို ရန်ထောင်မယ် ၊ ပြောမယ် ။ ဦးစိန်ခိုင် က ပြန် ပြောမယ် ။ ပြော မရတော့ ဦးစိန်ခိုင် က မင်း ကို ဟေ့ကောင် ကြည့် ထိန်းထားစမ်းကွာ လို့ ဒေါသတကြီး ပြောတဲ့ အခါ မင်း က မျက်နှာလို အားရ အမူအရာ နဲ့ ဝင်လာမယ် ။ မင်းသမီး ဆံပင် ကို နောက် က နေ ဆတ်ခနဲ ဆွဲ ဆောင့် ယူမယ် ” 


“ မွတ်ကြီး .. မင်း စကား တစ်လုံး မှ ပြောစရာ မလိုဘူး နော် ။ ဟဲ ဟဲ ဟဲ ဟဲ လည်း မရယ်ရဘူး ။ မင်း မျက်နှာ အမူအရာ က ပဲ ကြမ်းတမ်း ရက်စက် နေရမယ် ၊ နားလည်လား ” 


“ နားလည်တယ် ဆရာ ” 


“ နားလည်ရင် အခု ရီဟာဆယ် ခဏလေး လုပ်စမ်း ၊ ငါ ပြောတဲ့ အမူအရာ နဲ့ ငါ့ ဆီ ဝင်လာကြည့်စမ်း ။ ငါ က မင်းသမီး ဆိုပါတော့ ကွာ ။ ဟေ့ကောင် ငါ့ ဆံပင် ကို ဆွဲဖို့ ပြောတာ မဟုတ်ဘူး နော် ” 


“ ဟဲဟဲ ၊ ဟဲဟဲ သိပါတယ် ဆရာ ရဲ့” 


“ အဲ ... အဲ မင်း အဲဒီ အရယ်မျိုးကြီး လုပ်လိုက် မှာ ငါ ကြောက်တာ ၊ သိလား ၊ မင်း မရယ်တတ်ဘူး မွတ်ကြီး ။ လူကြမ်း ရယ် ရယ်တာ က တော့ မင်းတို့ ကောင်တွေ ဦးစိန်ခိုင်ကြီး ကို တစ်ယောက် မှ မမီဘူး ၊ မင်းတို့ ရယ်တာတွေ က စပ်ဖြီးဖြီး လိုလို ၊ သဘောကောင်းကြီး လိုလို ၊ အသိမိတ်ဆွေ တွေ့ တာ လိုလို ၊ ဒါမျိုးတွေ ချည့် ပဲ ။ ဦးစိန်ခိုင် လို ပရိသတ် သောက်မြင်ကတ်အောင် တစ်ယောက် မှ မရယ်တတ် သေးဘူး ။ ကဲ ... လုပ်စမ်းပါဦး မွတ်ကြီး ။ အိုကေ .. ဟုတ်ပြီ ။ မင်း မျက်နှာ က ရှုတည်တည် ၊ ပုပ်သိုးသိုး အမူအရာ နဲ့ မှ အကိုက် ၊ ရယ်ရင် သွားရော ။ ဟုတ်ပြီ နော် ။ ဒီအတိုင်း ပဲ ၊ ရယ်ဒီ မင်းသမီး ရေ အားလုံး အိုကေ နော် ။ ဦးစိန်ခိုင် ရယ်ဒီ ၊ သုံးယောက် စလုံး နဲ့ ရီဟာဆယ်လေး လုပ် ကြည့်မယ် ” 


“ .................. ” 


“ .................. ” 

  

“ အိုကေ ၊ ရိုက်မယ် ။ ရယ်ဒီ မီးစုံ ... ” 


“ .................. ” 


“ .................. ” 


“ ကတ် ၊ ရပြီ ။ အားလုံး ကောင်းပါတယ် ။ ကဲ .. မင်းသား မလာသေးဘူး လား ။ ဟေ့ကောင် မွတ်ကြီး ၊ မင်းသား လာ ရင် မင်း နဲ့ မင်းသား ဖိုက်တင်ခန်း ရှိသေးတယ် နော် ”  


“ ဟုတ်ကဲ့ ဆရာ ” 


“ ဘုတ်ကြီး ၊ အဖေ့ အိုက်တင် ကောင်းရဲ့လား ကွ ၊ ဘယ့်နှယ်တုံး ၊ မင်း မျက်နှာ က မကြည်မသာ နဲ့ ၊ ဘယ်လို ဖြစ်နေတာလဲ ။ ဟားဟား မင်း က လည်း လူကြမ်းသား လို့ မပြောရဘူး ” 


“ အဖေ က အမြင်ကတ်စရာကြီး ” 


“ ဟားဟား ကောင်းတာပေါ့ကွ ။ မင်း လို သား အရင်းခေါက်ခေါက် က တောင် အမြင်ကတ် ရင် ငါ့ အိုက်တင် ကောင်းပြီပေါ့ ကွ ၊ ဟားဟား ” 


“ ဦးစိန်ခိုင်ကြီး က ပို မုန်းဖို့ ကောင်းတယ် ” 


“ ဟာ ဒါဆို ဦးစိန်ခိုင်ကြီး က ငါ့ ထက် ပို ကောင်းနေပြီကွ ။ ဟားဟား ။ လာဟေ့ ငါ့ သား ထ ၊ ခြံ ထဲ က သစ်ပင် အောက် မှာ မင်း နဲ့ ငါ ဖိုက်တင် သွား ကျင့် မယ် ။ မင်းသား မလာခင် ရီဟာဆယ် လုပ်ရင်း မင်း လည်း သင် ပေးရင်းပေါ့ ကွာ ၊ လာ ထ ”  


“ .................. ” 


ဟေ့ကောင် ၊ လာပါ ဆို ။ သွားမယ် ထ ။ ဒီမှာ လေ့ကျင့်ဖို့ နေရာ ကျယ်ကျယ်လေး ရှိတုန်း မင်း ကို သင်ပေးရ မှာ ။ တို့ အိမ်ခန်း ထဲ မှာ မင်း ဘယ်လို လုပ် သင်မလဲ ။ ဒီလို ခြံကြီးမျိုး ထဲ မှာ မှ ကောင်းတာကွ ၊ သိလား ။ ဒါကြောင့် မင်း ဒီနေ့ အဖေ ခေါ်လာတာ ပေါ့ ။ လာ အဲ ... အဲ ... ဟို ပြုံးပြုံး ပြုံးပြုံး နဲ့ လူ ဟာ ဒီ ခြံ သူဌေး ပေါ့ကွ ။ သဘော ကောင်းတယ် ။


“ ဘယ်လိုလဲ ကိုမွတ်ကြီး ။ ဒါလေးက သား လား ” 


“ ဟာ ဟုတ်ကဲ့ ဆရာ ။ ကျွန်တော့် သား ပါ ။ ဆရာ နေကောင်းတယ် နော် ”  


“ ဟုတ်ကဲ့ ” 


“ ခွင့်ပြုပါဦး ဆရာ ။ နေရာကျယ်ကျယ် ရောက်တုန်း ဒီကောင့် ဖိုက်တင်လေး ဘာလေး သင်ပေးလိုက်ဦးမယ် ဆရာ ။ ခု ကတည်း က သင် ထား မှ ဒီကောင် ကောင်းကောင်း ကျွမ်းမယ် ဆရာ ၊ ဒါကြောင့် .. ”  


“ ဘာလဲဗျ ခင်ဗျား က ကလေး ကို လူကြမ်း လုပ်ခိုင်း မလို့လား ” 


“ ဒါပေါ့ ဆရာ ဟဲဟဲ လူကြမ်းသား ဟာ လူကြမ်း ပဲ ပေါ့ ” 


“ ဟာ မလုပ်ပါနဲ့ဗျာ ။ ကလေး က ရုပ်ကလေး သနားကမား နဲ့ ပါ ။ ဘယ့်နှယ် မဟုတ်တာ ” 


“ ဟဲဟဲ ရုပ်ကလေး ရှိတော့ လည်း ဦးစိန်ခိုင် တို့ လို အဆင့်မြင့် လူကြမ်း ခေါင်းဆောင် ပေါ့ ဆရာ ၊ ဟဲဟဲ ခွင့်ပြုပါဦး ဆရာ ” 


လာကွ ငါ့ သား ။ မင်း သူများ ပြောတာ ကို ဘာမှ နားယောင် မနေနဲ့ ။ ကိုယ့် အဖေ ပြောတာပဲ ကိုယ် နားထောင် ၊ ကြားလား ။ လူတွေ က အဖေ့ ကို ဆိုရင် အမြင်ကတ်ကြတယ် ၊ မုန်းတီးကြတယ် ၊ ရွံရှာစက်ဆုပ်ကြတယ် ။


ရုပ်ရှင်ပိတ်ကား ပေါ် မှာ အဖေ ကို ပေါ်လာပြီလား ဆိုရင် ဟာ မွတ်ကြီး တော့ လာပြီ ၊ စိန်ခိုင်ကြီး တော့ လာပြီ ဒီကောင်တွေ မင်းသား ကို မကောင်း ကြံတော့ မယ် ၊ မင်းသမီး ကို နှိပ်စက်တော့မယ် ၊ သူများ ချစ်ခြင်းကို ခွဲတော့မယ် ၊ တစ်နည်း မဟုတ် တစ်နည်း ကောက်ကျစ်စဉ်းလဲတော့မယ် ဆိုတာ ပရိသတ် က သိ နေပြီ ၊ ဘာမှ မလုပ်ရ သေးဘူး ။ အဖေတို့ မျက်နှာ ပေါ်လာတာ နဲ့ ပရိသတ် က မုန်းလိုက် ပြီး ပြီ ။ စိတ် မထိန်းနိုင်တဲ့ ပရိသတ် တချို့တလေ က အော် တောင် ဆဲ လိုက်ကြပြီ ။


တကယ်တော့ ပရိသတ် အဲလို မုန်းဖို့ ၊ အမြင်ကတ်ဖို့ ၊ ရွံရှာစက်ဆုပ်ဖို့ အဖေ တို့ ဘယ်လောက် ကြိုးစားရတယ် မှတ်လဲ ။ ကိုယ့် မျက်နှာ ကို မြင်တာ နဲ့ ပရိသတ် ဆဲချင် လာအောင် လုပ်ဖို့ လွယ်တယ်များ မှတ်သလား ။


ဒါ တို့ က ရုပ်ရှင် မို့ ။ ဇာတ် လူကြမ်းတွေ ဆိုရင် ကိုယ့် ကိုယ် ကိုယ် အနာ ခံ ၊ ဒလန်တွေ ဘာတွေ ထား ပြီးတော့ တောင် ပရိသတ် အမြင်ကတ် ဖို့ လုပ်ရတာ ကွ ၊ သိလား ။


ဇာတ်ခုံ ပေါ် မှာ မင်းသား ဖြစ်ဖြစ် ၊ မင်းသမီး ကို ဖြစ်ဖြစ် သူ နှိပ်စက် နေ တုန်း ၊ ရက်စက်နေ တုန်း မှာ သူ့ ဒလန် က အောက် က နေ ပြီးတော့ ပြောင်ဖူးရိုး တို့ ၊ ဆီးစေ့ တို့ ၊ စက္ကူစုတ်လုံး တို့ နဲ့ ပေါက် ပေးရတယ် ။ သူ က အပေါ် က  ၊ ပိုပြီး နှိပ်စက် ပြ ၊ အောက် က ဒလန်က ပေါက် နဲ့ ဘေး ပရိသတ် က ပါ စိတ် ပါပြီး ဝိုင်း ပေါက်ကြတာပေါ့ ။ တချို့ ဆို ခဲတွေ ဘာတွေ နဲ့ ပေါက် လို့ ထိ ပြီး သွေးတွေ ဘာတွေ တောင် ကျတယ် ။ ကျပါစေ ၊ အဲဒါဟာ သူ့ရဲ့ အောင်မြင်မှု ပဲ ။


ပရိသတ် ရွံရှာစက်ဆုပ် မုန်းတီး လေ အဖေတို့ ဝမ်းသာရလေ ကွ သိ လား ။ အဲဒါ အဖေ တို့ အောင်မြင်မှု ၊ လူကြမ်း အလုပ် နဲ့ လုပ်စား ပေရော့ လို့ ပရိသတ် ထုတ်ပေး လိုက်တဲ့ ထမင်းစား လက်မှတ် ကွ ။ လူကြမ်း ဆိုပြီး လူကြမ်း မပီသ ရင် အဖေတို့ ကို ဘယ် ဒါရိုက်တာ က ငှားတော့မှာ လဲ ။ ပရိသတ် ဆီ က ဘယ်လို လုပ် ထမင်းစား လက်မှတ် ရတော့ မလဲ ။


လူကြမ်း မွတ်ကြီး ဆိုတဲ့ နာမည်လေး တစ်လုံး ရ ဖို့ ၊ လူကြမ်းစိန်ခိုင်ကြီး ဆိုတဲ့ နာမည်လေး တစ်လုံး ရဖို့ အဖေ တို့ အများကြီး ကြိုးစားခဲ့ရတာ ကွ ။ လူကြမ်း ဖြစ်ချင်တဲ့ ကောင်တွေ မရှိဘူး မထင်နဲ့ ။ ပေါသလား မမေး နဲ့ ။ ထိပ်ဆုံးက လူကြမ်း ဖြစ်ဖို့ ကိုယ့် ပြိုင်ဘက် ကောင်တွေ ကို နင်း တန် နင်း ၊ တွန်း တန် တွန်း ၊ တံတောင် နဲ့ တွက် တန် တွက် ၊ ကိုယ်တိုင် ကလည်း ကြိုးစား ၊ နည်းမျိုးစုံ သုံးရတာ ကွ ၊ သိလား ။ အဖေ ပြော တာတွေ ကို နားလည်စမ်းပါ ကွာ ။ ကဲ လာ ချမယ် ။ ဟို တစ်ခါ သင်ထား တဲ့ လက်သီး ထိုးတာလေကွ ၊ အသင့်ပြင် လေ ကွာ ။ ဟုတ်ပြီ ၊ မင်း က အဖေ့ ကို ထိုး ၊ အဖေ ရှောင် ပြမယ် ။ လက်သီး ဆုပ် တာ မှတ်မိတယ် နော် ။ မိန်းမ လက်သီးဆုပ်ကြီး မဆုပ် နဲ့ ။ လက်မ ကို လက်ချောင်းတွေ အောက် ဘယ်တော့မှ ထည့် မဆုပ်ရဘူး ၊ မှတ်ထား ။


ဟုတ်ပြီ ၊ ထိုးလေကွာ ၊ ထိုး ၊ အဲ ဒီမှာ အဖေ ရှောင်တာ ကြည့် ။ ညာဝိုက် နဲ့ ထိုးရင် ဘယ်လက် နဲ့ ခံ ၊ ဘယ်ဝိုက် နဲ့ ထိုးရင် ညာလက် နဲ့ ခံ ဟုတ်လား ။ ကဲ မင်း ကို ထိုးမယ် ၊ ပြန် ခံစမ်း ။ မျက်နှာ ကို မာထား ၊ တင်းထား ဟုတ်ပြီ ။


နောက်ပြီးတော့ မင်း ဗိုက် ကို ထိုး ခံရရင် ရှေ့ ကို နည်းနည်း ကုန်း ပေးလိုက် ၊ ဘယ်လီ ကို တင်းထား ။ ပါးစပ် က “ အင့် ”  လို့ နာ သွားတဲ့ အသံမျိုး နဲ့ အော် ။ နောက် လက်သီး တစ်လုံး က မင်း ပါးချိတ် ပေါ် လာ လိမ့်မယ် ။ ထိမယ် ၊ နောက် ပြန်လဲမယ် ၊ အကျ ကို ဂရုစိုက် ၊ သတိထား ။ နောက်စေ့ နဲ့ ကျ တတ်ဘယ် ။ မကြောက်နဲ့ ၊ ပိတ်ကား ပေါ်  ရန်ဖြစ်တာ တကယ် ရန်ဖြစ်သလောက် မနာပါဘူး ကွ ၊ ထမင်း စားဖို့ သရုပ်ဆောင် နေတာပဲ ဟာ ။ တကယ် ထိပြု သွား တာ လည်း ရှိတာပေါ့ ကွာ ။ ဒါလောက် တော့ ခံရမှာပေါ့ ။ လူကြမ်း ပဲ ။


မင်း ထမင်း ဆာပြီလား ၊ ဆာပြီ ၊ အေး ငါ လည်း ဆာတယ်ကွ ။ ဒါပေမဲ့ နေဦး ၊ ထမင်းကား မလာသေးဘူး ။ လာတော့မှာ ပါ ။ မလာခင်လေး မင်း ကို ဟို တစ်ခါ ပြထားတဲ့ သိုင်းကွက်လေး ကစား ကြည့်စမ်း ။ ဓားကွက် လေ ကွာ ။ ရာဇဝင် ကားတွေ ဘာတွေ ကျ ဓားကွက် က လိုတယ် ၊ ညာခြေ ရှေ့ တစ်လှမ်း တက် ၊ ဟုတ်ပြီ ခုတ် ၊ ဘယ်ခြေ ကို ပတ်ပြီး ရှေ့ တစ်လှမ်း တက် ၊ ပြီးတော့ ဆက် ခုတ်လေ ကွ ၊ ကြက်တူရွေးတန်းလျှောက် လေကွာ ။ အေး ဟုတ်တယ် ခုတ် ။


ဟုတ်ပြီ ၊ ငါ့ သား က ဘယ် ဆိုးလို့တုံးကွ ။ လာ အဖေ့ နား မှာ လာထိုင် ။ ခဏ နားလိုက်ဦး ။ ရော့ ချွေးသုတ် ၊ ငါ့ စွပ်ကျယ် က တော့ ချွေးအိသွားပြီ ဟေ့ ။ မင်း က အဖေ့ လောက် ချွေးထွက် မသန်ဘူးကွ ။ အဖေ့ ချွေး က တော့ ထွက် သလား မမေးနဲ့ ။ ဟဲဟဲ ၊ ဒါကြောင့် ပရိသတ် က ပြောတာပေါ့ ။ ချွေးသီးချွေးပေါက်တွေ နဲ့ မွတ်ကြီး မျက်နှာကြီး က ရွံစရာကြီး တဲ့ ။ ဆရာဦးစိန်ခိုင် တို့ ကျ တစ်မျိုး ကွ ၊ ပရိသတ် သြဘာ ပေးတာ က ၊ လူ ကြည့် တော့ ခံ့ခံ့ချောချော နဲ့ စကား ပြောတော့ ချိုချို ချိုချို နဲ့ ယုတ်မာ လိုက်တာ ကြည့်ရင်း ကြည့်ရင်း နဲ့ အော့နှလုံး နာလာတယ် တဲ့ ။ ဟားဟား ။


ငါ့ သား ၊ ဆရာ ဦးစိန်ခိုင် လို လူကြမ်းမျိုး ဖြစ်အောင် မင်း ကြိုးစားရမယ် ကွ သိလား ။ မင်း က အဖေ့ လို ရုပ် မကြမ်းဘူး ။ ခုန ဒီ ခြံ သူဌေး ပြောတာ မင်း ကြားတယ် မဟုတ်လား ။ ရုပ်ကလေး သနားကမား နဲ့ ဆိုတာလေ ။ အေး ရုပ်ကလေး သနားကမား နဲ့ ရက်စက် ပြတတ်ရင် လူကြမ်း ခေါင်းဆောင် ဖြစ်မယ် ။ ဆရာဦးစိန်ခိုင် တို့ လိုပေါ့ ကွ ။ အဖေ တို့ က ရုပ်ကြမ်း တော့ နောက်လိုက် လူကြမ်း ပဲ လုပ်ရ တာ ပေါ့ ။


လူကြမ်း နှစ်မျိုး ရှိဘယ် ကွ ။ အဖေတို့ လို ရုပ်ကြမ်း ၊ စိတ်ကြမ်း ၊ ခြေကြီး ၊ လက်ကြီး နဲ့ ထိုးဟယ် ကြိတ်ဟယ် ရိုက်ဟယ် နှက်ဟယ် ပြေးဟယ် လွှားဟယ် လုပ်ရတဲ့ နောက်လိုက် လူကြမ်း ရယ် ၊ ဆရာဦးစိန်ခိုင် တို့ လို ရုပ်နု ၊ စိတ်နု ၊ နုနုနယ်နယ် နဲ့ ထိုးစရာ ကြိတ်စရာ ပင်ပန်းစရာ မလိုဘဲ ခေါင်းဆောင် နေရာ က လူကြမ်း မျိုး ရယ်ပေါ့ ။ တကယ်တော့ ဆရာဦးစိန်ခိုင် တို့ က အဖေ တို့ လိုသာ မပင်ပန်းတာ ၊ လူကြီးလူကောင်း ဆန်ဆန် သိမ်သိမ်မွေ့မွေ့ ကောက်ကျစ် စဉ်းလဲ ပြဖို့ ဆိုတာ အတော် ခက်တာကွ ၊ ဒါကြောင့် လူကြမ်း တိုင်း သူ့ လို နေရာမျိုး မရတာ ပေါ့ကွ ။


ဟေ့ကောင် ဘာ ငိုင် နေ တာလဲ ။ အဖေ ပြောတာတွေ မင်း နားလည်တယ် မဟုတ်လား ။ အလကား ၊ သူများ ပြောတာတွေ ခေါင်း ထဲ ထည့် မနေနဲ့ ။ ကိုယ့် အလုပ် ကိုယ် လုပ်ဖို့ပဲ ကွ ။


လူတွေ က အဖေ တို့ ကို ထင် နေကြတယ် ။


ဒီကောင်တွေ လူကြမ်း အလုပ် ကို မလုပ်ချင်ဘဲ နဲ့ လုပ် နေရတယ် ။ သူတို့ မင်းသား လုပ်ချင် မှာ ပေါ့ ၊ လူရွှင်တော် လုပ်ချင် မှာ ပေါ့ ၊ လူတွေ ရွံမု န်းမှ ထမင်း စားရတဲ့ ဒီ အလုပ်မျိုး ကို ဘယ်သူ လုပ်ချင်ပါ့မလဲ လို့ ။ ဟဲဟဲ ခုန ခြံသူဌေး အံ့သြ သလို ကိုယ် သာ မတတ်သာ လို့ လုပ် နေရတာ ၊ ကိုယ့် သားသမီး တော့ ဘယ်သူ မှ လုပ်ခိုင်း မှာ မဟုတ်ဘူး လို့ ထင်ကြမှာပေါ့ကွာ ၊ တကယ်တမ်း တို့ က ဒီ အလုပ် လုပ်ရတာ ပျော် နေတာ ၊ ကျေနပ်နေတာ ၊ စိတ်ပါလက်ပါ လုပ်နေတာ ကို သူတို့ မသိကြဘူး ကွ ၊ ဟား ဟား ။


ငါ့ သား မင်း လည်း လုပ် ကြည့်တော့ သိလာမှာပါ ကွ ။ 


လာဟေ့ ဟိုမှာ ထမင်းကား ဝင် လာပြီ ။ သွား စားမယ် ။ မင်းသားကား တောင် မလာသေးဘူး ။ မွတ်ကြီး လက်သီး ကြောက်လို့ နဲ့ တူတယ် ။ 


ဟားဟား ၊ ဘုတ်ကြီး ငါ့ သား ၊ အဖေ ပြောတာတွေ ကို သဘောပေါက်တယ် နော် ။ စိတ်ကူး မလွဲစမ်းပါနဲ့ကွာ ၊ လာ ... ။


◾နုနုရည် ( အင်းဝ )


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း

      အမှတ် ၄၀

      ဖေဖော်ဝါရီလ ၊ ၁၉၉၃ ခုနှစ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment