Friday, March 15, 2024

ဆင်စွယ်ရောင် စာမျက်နှာများ


 

❝ ဆင်စွယ်ရောင် စာမျက်နှာများ ❞

ဆယ်တန်း အောင် ပြီးတော့ တက္ကသိုလ် မတက်ရသေး ခင် ဦးလေး တစ်ယောက် ရဲ့ နှင်းဆီခြံ မှာ အလုပ် ဝင် လုပ် ခဲ့ရတယ် ။ နှင်းဆီပင် တွေ ရေ လောင်း ၊ ပျိုးထုပ် ထုပ် ၊ ပျိုးပင်လေးတွေ ပြုစု ၊ အပင် ဝယ်သူ လာ ရင် ရောင်း နဲ့  ၊ ပန်းချီ မရေးဖြစ် သလောက်ပဲ ။

ဦးလေး ခြံ က နေ စည်ပင်သာယာ ရေသန့် ကို ရောက်သွား ပြန်ရော ။ အဲဒီ ကျ တော့ ပန်းချီ တို့  ၊ စုတ်တံ တို့ နဲ့ ပို ဝေး သွား ပြန်ရော ။ ပန်းချီ ရေး ဖို့ မပြောနဲ့ ပန်းချီ ၊ ပန်းပု ကောင်စီ က လုပ်တဲ့ ပြပွဲ တောင် ခြေဦး မလှည့်နိုင်ဘူး ။

ကျောင်း ဖွင့်တဲ့ အခါ ကျောင်း တစ်ဖက် နဲ့ ဓာတ်ပုံဆိုင် တစ်ဆိုင် မှာ အလုပ် လုပ် ရ ပြန်ရော ။ ဓာတ်ပုံ ကူးတာ ၊ ဆေးတာ ၊ ဓာတ်ပုံ ရိုက်တာ အတော်အတန် နားလည် ခဲ့တယ် ။ တချို့ ဓာတ်ပုံကလေးတွေ ဆို ရင် ပန်းချီကား တွေ လို ခံစား မိပြီး ကိုယ် သုံးနှစ် သုံးမိုး သင် ခဲ့တဲ့ ပန်းချီကျောင်း ကို ပြန် လွမ်းမိ ၊ သတိရ မိတယ် ။ ဓာတ်ပုံတွေ ခဲထိုးရ ၊ မှိတ် နေတဲ့ မျက်လုံးတွေ ဖွင့် ပေးရ ၊ စုတ်တံ တော့ ကိုင် မိ သေးတယ် ။

အလုပ် ပါး တဲ့ ဝါတွင်းကာလ တွေ မှာ ပန်းချီကား တချို့ ရေး ဖြစ်တယ် ။ ဘွဲ့ ရတဲ့ အထိ ဓာတ်ပုံဆိုင် မှာ အလုပ် လုပ်ရင်း နေခဲ့ရတာ တချို့ ပန်းချီကားတွေ တောင် ဓာတ်ပုံ ဆိုင် မှာ အခု ထိ ရှိရစ်သေးတယ် ။

အဲဒီ အချိန် မှာ ပန်းချီကျောင်း က နည်းပြဆရာ လိုတယ် ဆိုတဲ့ ကြော်ငြာ ဖတ် လိုက်ရတယ် ။ အဲဒီ ကြော်ငြာ ကို သိပ် စိတ်ဝင်စား သွားတယ် ။

ဒါနဲ့ ကျွန်တော့် ဆရာ ဆရာဦးကျော်လေး ဆီ သွားပြီး အကျိုးအကြောင်း ပြော မေးမြန်း စုံစမ်းရတယ် ။

“ ကျွန်တော် နည်းပြ အလုပ် လျှောက် ချင်တယ် ဆရာ ၊ ဘယ်လို လုပ်ရမလဲ ခင်ဗျား ”

“ ဒီအတိုင်း တော့ မရနိုင်ဘူး ၊ မင်း ဆရာ အဆင့် ရအောင် လေ့လာ လေ့ကျင့် ထားရလိမ့်မယ် ” လို့ ဆရာ က ပြော လိုက်တယ် ။

ဒါနဲ့ လေ့ကျင့်တယ် ။ ဝန်ထမ်း ဆိုတော့ တာဝန် တစ်ဘက် နဲ့ လေ့ကျင့် ရတာ မှန်းသလောက် မပေါက်ဘူးဗျ ၊ ဒီလိုဆို မဖြစ်ချေဘူး ဆိုပြီး လုပ်သက်ခွင့် တစ်လ ယူပြီး လေ့ကျင့်တယ် ၊ ကျင့် တာ မှ ထမင်း မေ့ ဟင်း မေ့ ကျင့်တာ ၊ ဒီ ပညာ က ရေးတိုင်း လဲ ရတာ မျိုး မဟုတ်ဘူး ၊ ရပြန် ရင် လည်း ကိုယ့် ကိုယ် ကိုယ် ဘယ် အတိုင်းအတာ ထိ ရောက်နေပြီ ဆို တာ ခန့်မှန်း ရ အလွန် ခက် တဲ့ ပညာ ။

ဆရာ့ ဆီ မှာ တစ်ပတ် နှစ်ရက် သွား ပြီး ရေးတယ် ။ လေ့ကျင့်တယ် ။ စာမေးပွဲ နား နီး လာတော့ ရက် စိပ် စိပ်လာတယ် ။ တစ်ပတ် ကို ငါးရက် သွား နေရင်း နဲ့ နောက်တော့ တစ်ပတ် လုံး ဆရာ့ ဆီ သွား ရေး ၊ သွား လေ့ကျင့် တဲ့ အထိ ဖြစ် လာတယ် ။ အဲဒီအခါ ဆရာ က မေးတယ် ။

“ မောင်ခင်မောင်စန်း ၊ ငါ့ ဆီ လာပြီး ဘာမှ လည်း မမေး ၊ ဘာမှ လည်း မပြောပါလား ၊ ပန်းချီတွေ ချည်း တွန်း ရေး နေတော့တာပဲ ၊ ဘာလို့ လာ လာနေတာတုံး ”

အဲဒီ နေ့ က ဆရာ့ စတိုင် အတိုင်း လည်ကတုံး အင်္ကျီအဖြူ သန့်သန့်လေး နဲ့ အင်္ကျီလက် တွေ ကို နှစ်ခေါက် သုံးခေါက် ခေါက် လို့  ။

“ ကျွန်တော် နည်းပြ လျှောက်လွှာ တင်ပြီး ကတည်း က စိတ်တွေ သိပ် လှုပ်ရှား နေတယ် ဆရာ ၊ ဆရာ ဆင့် ရအောင် ကျင့် ဆိုတာနဲ့ .. ”  

ဆရာ က ကျွန်တော့် ပန်းချီကား တွေ ကို ယူ ကြည့် တယ် ။ ခေါင်း တညိတ် ညိတ် နဲ့ ...

“ ကျွန်တော် လေ့ကျင့်ထား တာ နဲ့ စာမေးပွဲ နဲ့ အဆင် မှ ပြေပါမလား ဆရာ ”

တစ်ချပ် ပြီး တစ်ချပ် စိတ်အေးလက်အေး ကြည့် နေတယ် ။

“ ကျွန်တော် သွား ဖြေပါပြီ တဲ့ တကယ်လို့ မဖြေနိုင် ရင် ဆရာတို့ မျက်နှာ တွေ အိုးမဲ သုတ်ခဲ့သလို ဖြစ်လေ မလား ၊ ကျွန်တော် ကြောင့် ကိုယ့် ဆရာ တွေ ရဲ့ ဂုဏ်သိက္ခာ တွေ ထိခိုက် ပွန်းပဲ့ ကုန် မှာ စိုးတယ် ဆရာ ”

စာမေးပွဲ အကြောင်း စဉ်းစားရင်း ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှုတွေ နည်း လာ ပြီး အားငယ် သိမ်ငယ် စိတ်တွေ ဝင် လာ နေတဲ့ အကြောင်းပါ အမှန်အတိုင်း ပြောမိတယ် ။ ဒီ နည်းပြ အလုပ် ကို သိပ် ရချင်တဲ့ စိတ် က လွှမ်းမိုး နေတယ် လေ ။

“ ဒါများ မောင်ခင်မောင်စန်း ရယ် ၊ အား ငယ်စရာ မလိုပါဘူး ၊ ဒီ အတိုင်းပဲ ရေးပါ ” လို့ ပြောပြီး ဆရာ ကျွန်တော့် ကို ကြည့် ရင်း စကား တိတ်သွားတယ် ။ ဆရာ့ မျက်လုံး က တော့ စိုက် ကြည့်လျက်ပဲ ။ တော်တော် ကြာတယ် ။ မျက်တောင် ခတ် ရဲ့ လား တောင် မသိဘူး ။ ဆရာ က ကျွန်တော့် ကို ဒီလို စိုက် ကြည့် နေတာမျိုး တစ်ခါ မှ မကြုံဖူးဘူး ။ ဘယ်လောက် ကြာမှန်း မသိဘူး ။

သူ့ အတွေး ထဲ မှာ ကျွန်တော့် ကို ပြောစရာတွေ ၊ ပြောချင်တာတွေ စိတ်ကူး ထဲ က နေ လှမ်း ပြော နေ သလိုပဲ ။ ဆရာ့ ကို ပြန် ကြည့် နေမိတယ် ။ ဒါပေမဲ့ ဆရာ့ အကြည့် ၊ ဆရာ့ မျက်လုံး ဒဏ် ကို ကျွန်တော် မခံနိုင်ဘူး ။ မျက်လွှာ ချ လိုက်ရတယ် ။ ဆရာ့ ခါး မှာ စည်း ထားတဲ့ ပုဆိုးကွက်စိပ် ပြာနက်ကလေး ရဲ့ ခြေကွင်းဝတ် နား က အနား နက်ပြာပြာလေး ကြည့် နေမိတယ် ။ ဒါပေမဲ့ ဆရာ က ကျွန်တော့် ကို ကြည့် နေတုန်း ပဲ ဆို တာ စိတ် ထဲ က အလိုလို သိ နေတယ် ။ ပတ်ဝန်းကျင် က တိတ်လို့ ဆိတ်လို့ ငှက်ကလေးတွေ ရဲ့ တကျွိကျွိ အော်သံ တောင် မကြားရဘူး ။

တအောင့် ကြာ လို့ ဆရာ့ ကို မျက်လွှာ ပင့် ကြည့် လိုက်တော့ ကျွန်တော့် ကို ဆရာ က စိုက်ကြည့် နေတုန်းပဲ ။ စိတ် ထဲ မှာ ဝမ်းနည်း လာ သလိုလို ၊ နွေးနွေးထွေးထွေး လည်း ရှိလာ သလိုလို ရင် ထဲ မှာ တစ်တစ်ဆို့ဆို့ကြီး ။ တစ်ခု ခု ကို သံကုန် အော်ဟစ် ခုန်ပေါက် ထွက်ပြေးချင် သလိုလို ဆရာ့ ကို ထ ဖက် မိတော့ မလို ။

ခဏနေ မှ လည်ချောင်း မနည်း ရှင်း ပြီး ဆရာ့ နှုတ်ဆက် ပြန် လာခဲ့တယ် ။ ဘယ်လို ပြောရမှန်း မသိတဲ့ ခံစားချက်ကြီး က အိမ် အပြန် တစ်လမ်းလုံး ကျွန်တော် နဲ့ အတူ ပါ လာတယ် ။ မနက် က မှ လေ တင်းတင်း ထိုး လာ ခဲ့တဲ့ စက်ဘီး ခမျာ လေလျော့ သွားပြီး နင်း လို့ မကောင်း သလိုပဲ ။

ပတ်ဝန်းကျင် က တော့ အရောင်စုံ လို့ လှလို့ ပလို့ ကြွလို့  ။ မြို့ရိုး ကြည့် မလား ။ ဆည်းဆာ နဲ့ လှ နေတဲ့ မြို့ရိုး က အရောင်တွေ  ရွှန်းစို လို့  ။ ကျုံးရေပြင် က ရော ။ ဣန္ဒြေ ကြီး နေ လိုက်တဲ့ ကျုံးရေပြင်ကြီး ။ ကောင်းကင် က တိမ်စိုင်တွေ က လည်း ဒီဇိုင်းအဆန်း အဆင်ဆန်းတွေ ဝတ်ဆင်ကြ လို့  ၊ စိတ်တွေ ထွေ နေတဲ့ ကျွန်တော့် ကို ရွှန်းစို နေတဲ့ အရောင် တွေ နဲ့ ဝိုင်းပြီး သရော် နေကြ သလိုပဲ ။ လူတွေ က လည်း အဝတ်အစား သစ်သစ်လွင်လွင် သန့်သန့်ပြန့်ပြန့် တွေ နဲ့ ။ ကျွန်တော် သာ စိတ်ရော လူပါ နွံ ထဲ နစ် နေတဲ့ လူ ။ နွံ က ရေဆေးကားတွေ ရေး တဲ့ အခါ စုတ်တံ အထပ်ထပ် ဆေး ထား တဲ့ ရေခွက် ထဲ က အရောင် ။

နောက် တစ်နေ့ မနက် ဆရာ့ အိမ် ရောက် တော့ ဆရာ က ဆီး ပြီး ပြောရှာတယ် ။

“ မနေ့ ညနေ က မင်း ပြော သွား တာ ငါ့ မှာ ဆရာ တစ်ယောက် ဖြစ်ပြီး ဆရာ့ တာဝန် မကျေခဲ့ သလို ခံစားရတယ် ။ မင်း ပြောတယ် မဟုတ်လား ။ ကျွန်တော် ဘာမှ မသိသေး သလိုပဲ ။ ကျွန်တော် ရေး နေတဲ့ ဟာတွေ က ဟုတ်ရော ဟုတ် ရဲ့ လား တဲ့ ” 

ဒီ မနက် ဆရာ့ မျက်လုံးတွေ က အရောင်တွေ ထွက်ပြီး ကြည်လင် နေ သလိုပဲ ။ သူ့ မျက်မှန် ကို ပခုံး ပေါ် က တဘက် နဲ့ ကျကျနန သုတ်ပြီး ပြန် တပ် လိုက်တယ် ။

“ မင်း အဲဒီလို မေးတော့ ဆရာ က ဒီကောင် တွေ သင်ထား ပြီး ဒီလောက် မှ မသိကြတော့ဘူး ၊ မတတ်ကြတော့ဘူးလား ဆိုတဲ့ အတွေး ဝင် လာပြီး ဆရာ့ တာဝန် မကျေသလို များ ဖြစ်နေရော့သလား ကွာ ”

ဆရာကတော် က ရေနွေးကြမ်းကရား နဲ့ ပန်းကန်တွေ လာ ချတယ် ။

“ ဒါကြောင့် မင်း ဘယ်လောက် မှတ်မိသေးသလဲ ၊ မင်း အခြေအနေ သိရအောင် ဆရာ မေးခွန်းတွေ ပြုစု ထားတယ် ။ အတိုလေးတွေ ပါ ကွာ ။ သိပ် ခက်ခက်ခဲခဲ တွေ လည်း မဟုတ်ပါဘူး ။ ပန်းချီ မှာ အခြေခံ အရောင် က ဘာတွေလဲ ။ ဒရောရင်း ( Drawing ) ဆိုတာ ဘာလဲ ၊ ပါစပက်တစ် ( Perspective ) ဆိုတာ ဘာလဲဆို တာမျိုး တွေပါကွာ ”

တကယ့်ကို ပဲ ဆရာ က ကျွန်တော့် အတွက် စေတနာ နဲ့ ပြုစု ထားတဲ့ မေးခွန်းတွေ ပါ ။ အခြေခံအရောင် နဲ့ ဆန့်ကျင်ဘက် တွေ က ဘာတွေလဲ ။ မျဉ်းကြောင်း ဘယ်နှမျိုး ရှိသလဲ ဆိုတာ လို မေးခွန်း ၂၀၀ ကျွန်တော့် ကို ကမ်း ပေး လိုက်တယ် ။

ကျွန်တော့် အပေါ် ဆရာ က ဂရုတစိုက် ရှိ နေပြန်တော့ စိတ်ဓာတ် ပြန် တက် လာ ပြန်ရော ။ ခွန်းအားတွေ ပြည့် လာ သလိုပဲ ။ ဆရာ့ မေးခွန်းတွေ တစ်ခု ချင်း သေသေချာချာ ဖတ်ပြီး ဖြေ လိုက်တာ မေးခွန်း ၂၀၀ ထဲ က ကျွန်တော် ၁၇၅ ခု မှန် တယ် ။ ၂၅ ခု တော့ မမှန်ဘူး ။

ငါ က မင်း ကို တစ်ဝက် လောက် မှန် ရင် မဆိုးဘူး လို့ တွက် ထားတာကွ ။ အခု ၁၇၅ ခု တောင် မှန်တယ် ဆိုတော့ အခြေအနေ ကောင်းပါတယ် ။ ဘာပဲ ဖြစ်ဖြစ် မောင်ခင်မောင်စန်း ရယ် ကြိုးစား ကြည့်ပေါ့ ။

မြှောက်ပင့် ပြောနေတာလား သေချာ အောင် ဆရာ့ ကို အကဲခတ် နေမိတယ် ။

“ မင်း ကို စစ် ကြမယ့် ဆရာတွေ ထဲ မှာ ဆရာဦးသိန်းဟန် ဆိုတာ ဆရာ့ ဆရာ ပဲ ။ ဆရာဦးဘကြည် လည်း ထို့အတူ ပဲ ။ ဆရာတို့ ဆရာ တွေ စစ်ကြမှာ ပါ  ”

ဆရာဦးကျော်လေး က ရေနွေးကရား ကို ငှဲ့တယ် ။ ကျွန်တော် က ဆရာ ငှဲ့ မှ သတိရ ပြီး ဆရာ့ လက် က ယူ ငှဲ့ ရတယ် ။

“ အဲဒီ အထဲ မှာ ပညာရပ်ဆိုင်ရာ နဲ့ ပတ်သက်ပြီး ဆရာဦးဘကြည် က ဒီ ကျောင်းသား ကို သဘောကျတယ် ဆို ရင် ကျန်တဲ့ ဆရာတွေ က မကန့်ကွက် ကြပါဘူး ။ ဆရာဦးဘကြည် သဘောကျ ဖို့ တော့ အတိုင်းအတာ တစ်ခု အထိ လိုအပ်တယ် ။ ဆရာဦးဘကြည် သဘောကျ သူ ကို ဆရာဦးသိန်းဟန် က သူ့ သူငယ်ချင်း လည်း ဖြစ် ၊ တစ်ဆရာ တည်း ရဲ့ တပည့်တွေ ဖြစ်လို့ ဆရာဦးဘကြည် နဲ့ အယူအဆ သဘောထား တွေ တူကြလို့ ပြောခဲ ကန့်ကွက်ခဲ ပါတယ် ။ ကျန်တဲ့ ဆရာတွေ က လည်း ဆရာကြီး နှစ်ယောက် ရဲ့ သြဇာ ကို မလွန်ဆန် ကြပါဘူး ။ မောင်ခင်မောင်စန်း ကြိုးစားကြည့်ကွာ ” တဲ့ ။

ကျွန်တော် ဘူတာ ဆင်းတဲ့ နေ့ က ကျွန်တော်တို့ မိသားစု အရင် ဆရာ က ဘူတာ မှာ ရောက် နှင့် နေတယ် ။ ကျွန်တော့် ဇနီး နဲ့ တောင် ကောင်းကောင်း စကား မပြော ဖြစ်ပါဘူး ။ ဆရာ နဲ့ ပဲ စကားတွေ ပြောနေမိတယ် ။ ဆရာ့ အမှာ စကားတွေ က ကျွန်တော့် အတွက် ခွန်အားတွေပါ ပဲ ။

ရထား ထွက် လာတော့ ဆရာ က စင်္ကြံ ပေါ် မှာ လက် ပြရင်း ကျန် နေခဲ့တယ် ။ ရထား က တရွေ့ရွေ့ သွား နေရာက တော်တော် ဝေးပြီး တစ်ယောက် နဲ့ တစ်ယောက် မမြင်ရကြတော့ မှ ဆရာ လက် အပြ ရပ် သွားတယ် ထင် တာပဲ ။ အမေ မုဆိုးမ က တက္ကသိုလ် စ တက်မယ့် သား ကို ဘူတာ လိုက်ပို့ နှုတ်ဆက် သလို မျိုး ၊ ရထား ခုန်တာ နဲ့ ကျွန်တော့် ရင် ခုန်တာ အပြိုင် ပဲ ။ ဒီ နည်းပြ အလုပ် ရ မှ ရပါ့ မလား ။ ဒီ ရထား က လည်း နှေးရန် ကော ။

တိုတို ပြော ရရင် ရန်ကုန် ရောက် တော့ ဒိပြင် နယ် က လာ ဖြေ ကြတဲ့ လူ တွေ လို ရွှေတိဂုံ တို့  ၊ ဆူးလေ တို့ မဖူးဖြစ်ပါဘူး ။ အမျိုးသားပြတိုက် တို့ ၊ လောကနတ်ပန်းချီပြခန်း တို့ ၊ ကိုညွန့်ဝေ တို့  ၊ ဆရာဦးဝင်းဖေ တို့ ဆီ ၊ ပန်းချီကိုဝသုန် တို့ ၊ ကိုမျိုးမြင့် တို့ စတူဒီယို တွေ လျှောက် လည် လိုက်တယ် ။

စာမေးပွဲ ဖြေ ကြတော့ ကျွန်တော် အပါအဝင် ဖြေကြမယ့် သူတွေ က လူ အစိတ် တောင် ရှိတယ် ။ ဖြေ ရ မှာ က ငါးရက် ဖြေရမယ် တဲ့  ။ စာ ရေးဖြေ တွေ ရော ၊ လက်တွေ့ ပန်းချီတွေ ရော ၊ နောက်ဆုံး သရုပ်ပြ စာ သင်ရဦးမယ် တဲ့  ၊ နောက်ဆုံး ရက် မဲ နှိုက်ပြီး မဲ ပေါက်တဲ့ ပန်းချီ အကြောင်းအရာ ကို အများ ရှေ့ မှာ ၁၅ မိနစ် ထွက်ပြီး သင်ပြရမယ် ။

၁၅ မိနစ် သရုပ်ပြ သင်ဖို့ အတွက် ဘယ်သူ အရင် ဝင်ရမယ် ဆိုတာ နံပါတ်စဉ် ကို အရင် နှိုက်ကြရတယ် ။ ဆရာ က ကြို ပြောတယ် ။ အမှတ်စဉ် ၁ ကျ တဲ့ သူ က တော့ စာ ကြည့် ချိန် မရဘူး ။ အမှတ်စဉ် ၂ ကျတဲ့ သူက ၁၅ မိနစ် စာကြည့် ချိန် ရ မယ် ။ အမှတ် ၃ က နာရီဝက် ၊ ၄ က စာကြည့်ချိန် ၄၅ မိနစ်ရမယ် တဲ့ ။ ဒါကြောင့် အမှတ်စဉ် အရင် နှိုက်ကြရမယ် တဲ့ ။

ကျွန်တော့် ကုသိုလ်ကံ ပဲ ။ ကျွန်တော် နံပါတ် ၃ မဲ ပေါက်တယ် ။ ဒါကြောင့် ၁ နဲ့ ၂ ထက် တော့ တော် သေးတယ် ။ စာ ကြည့်ချိန် ၊ ပြင်ဆင်ချိန် နာရီဝက် ရ မယ် ။ နာရီဝက် က ကျွန်တော့် အတွက် အလွန် အရေးကြီးတယ် ။ ကျွန်တော် နောက်ထပ် တစ်ခါ နှိုက် တော့ ပန်းချီ ကွန်းပိုဆေးရှင်း Composition ၏ အခြေခံ အချက်များ တဲ့  ။ ပန်းချီကား တစ်ချပ် ကို ဘယ်လို ဖွဲ့စည်းရမလဲ ဆိုတဲ့ အခြေခံ အချက်တွေ အကြောင်း ပါ ။ မိနစ် ၃ဝ က ခဏလေး နဲ့ အချိန် စေ့ သွားတယ် ။

ကျွန်တော် တို့ မဖြေခင် ဆရာဦးဘကြည် က

“ ဆရာ လုပ်မယ့် သူ က သင်တတ်ဖို့ သိပ် လိုပါတယ် ။ ရေးတတ် ဖို့ က သီးသန့် တစ်ပိုင်း ပါ ။ ကျောင်းသား နားလည်အောင် သင်ဖို့ ဘယ်လို သင်သလဲ ဆိုတာ ဆရာတို့ နားထောင် နေမယ် ။ ဆရာ တစ်ယောက် ရဲ့ ဌာန်တွေ ၊ မာန်တွေ ဟန်တွေ အရေးကြီးပါတယ် ”

အဲဒီအခါ လာ ဖြေတဲ့ အထဲ က ကျောင်းသား တစ်ယောက် ထ မေးလိုက်တယ် ။

“ ဆရာကြီး ခင်ဗျား ၊ ကျွန်တော်တို့ ကိုးကား ဖို့ Reference စာအုပ် ကိုင် ပြီး သင်ခွင့် ရှိပါသလား ” 

“ သင်ခွင့် ရှိပါတယ် ။ ဒါပေမဲ့ အမှတ် တော့ လျှော့ လိမ့်မယ် ။ ကျောင်းသား တွေ က စာအုပ် ကိုင် သင်တဲ့ ဆရာ ကို သိပ် မလေးစား ချင်ကြဘူး ။ စာအုပ် ကိုင် သင်တဲ့ သူ နဲ့ စာအုပ် မကိုင်တဲ့ သူ ကို ကျွန်တော် အမှတ် ပေးပုံတော့ မတူဘူး ။ စာအုပ် မပါတဲ့ သူ အမှတ် ပို ရမှာ ပဲ ။ ရှင်းပါတယ် နော် ”

ခေါင်း ကုတ် တဲ့ ကျောင်းသား က ကုတ် ၊ လက်ကိုင်ပဝါ ထုတ်ပြီး မျက်နှာ က ချွေးစေးတွေ သုတ် သူ က သုတ် ၊ မျက်နှာကျက် မော့ ကြည့် သူ ကြည့် နဲ့ ကျွန်တော့် မျက်လုံး ထဲ မှာ တော့ ဆရာ ဦးကျော်လေး ရဲ့ လက်ပြ နှုတ်ဆက် နေပုံ ကို မြင်ယောင် နေ မိတယ် ။

“ ကျောင်းသားတွေ ကို ဘယ်လို ထိန်းရမယ် ဆိုတာ ဆရာ တို့ က ကြည့် ချင် တာ ၊ ခွင့်ပြုထားတဲ့ ၁၅ မိနစ် အတွင်း မှာ ခင်ဗျားတို့ ကြိုက် သလို သင်ခွင့် ရှိ တယ် ။ ပန်းချီပညာ နဲ့ ပတ်သက် ပြီးတော့ ကျွန်တော် မစွမ်းဘူးဗျာ ။ ပုံပြင် ပြောပြ ချင်တယ် ဆိုရင်လည်း ပြောခွင့် ပြုတယ် ။ အတန်း ထိန်းပုံ ထိန်းနည်း နဲ့ ထိန်းတဲ့ ပညာ ကို သိချင် တာနော် ” 

ဆရာဦးဘကြည် က ပွင့်ပွင့်လင်းလင်း နဲ့ လွတ်လပ်ခွင့် အပြည့် ပေး ထား တယ် ။ ကျွန်တော်တို့ ရှေ့ က လူတွေ ဘယ်လို သင်သွားကြ ၊ အတန်း ထိန်း သွားကြတယ် ဆိုတာ ကြည့်ခွင့် မရ လိုက်ဘူး ။ အောက်ထပ် မှာ ရတဲ့ အချိန်လေး စာတွေ တွန်း ကြည့် နေရတာ ။

  •••••   •••••   •••••

ကျွန်တော့် စတေ့ချ်ခုံနိမ့်လေး ပေါ် တက် လိုက်တော့ အခန်း ဖွဲ့စည်းထားပုံ ကို မြင်လိုက်ရတယ် ဆိုရင်ပဲ ရင် ထဲ မှာ ထိတ်ခနဲ ဖြစ်သွားတယ် ။ ဒါပေမဲ့ ဟန် ကိုယ့် ဖို့ လုပ် နေရတယ် ။ အတန်းရှေ့ ပိုင်း မှာ ပန်းချီကျောင်းသား ဆယ်ယောက် နဲ့ ကျောင်းသူ ဆယ်ယောက်

ထိုင် နေကြတယ် ။ နောက်တန်း က ရွေးချယ်ကြမယ့် ပုဂ္ဂိုလ်ကြီးတွေ တိုက်ပုံ ကိုယ်စီ နဲ့ တန်းစီ ထိုင် နေကြတယ် ။ ကျွန်တော်တို့ နဲ့ ဆိုင်တဲ့ စာရွက်စာတန်း တွေ က သူတို့ ရှေ့ မှာ ချလို့  ။ ယဉ်ကျေးမှုဝန်ကြီးဌာန က ညွှန်ကြားရေးမှူး အဆင့် လည်း ပါတယ် ။ ဆရာဦးသိန်းဟန် ၊ ဆရာဦးဘကြည် ၊ ဆရာဦးမင်းနိုင် ၊ ဆရာဦးလှတင် စတဲ့ တကယ့် ဆရာတွေ ချည်း ပဲ ။

ကျွန်တော့်အ လှည့် ကျ တော့ တိုက်ပုံ ကို ကြယ်သီး စေ့ အောင် တပ်ပြီး ကိုယ့် ကိုယ် ကိုယ် လည်း တကယ့် ဆရာ တစ်ယောက် ၊ ပီဘိ ဆရာ တစ်ယောက် လို နှလုံး သွင်းတယ် ။

“ မင်းတို့ က လည်း သင်ပုန်းတောင် ဖျက်ထားဖော် မရဘူး ” လို့ ကျောင်းသားတွေ ကို မာန် တစ်ဝက် ၊ ပြော တစ်ဝက် နဲ့ စ ဖွင့်ပြီး သင်ပုန်း ကို ကိုယ်တိုင် ဖျက် လိုက်တယ် ။ ပြီးတော့ ကျောင်းသားတွေ ကို ကွန်ပိုဆေးရှင်း ရဲ့ အခြေခံတွေ အကြောင်း ၊ နောက် နား က ဆရာကြီးတွေ ကောင်းကောင်း ကြားရ လောက်မယ့် အသံ နဲ့ သင်ရ တော့တာပေါ့ ။

ကျွန်တော် သင် လို့ မှ အရှိန် ကောင်း နေတုန်း အခု ကိုမင်းဝေအောင် တို့ ဂယ်လာရီ မှာ ရှိတဲ့ ရန်ကုန်ကျောင်း က ဆရာဦးသုခ ဝင်ချ လာတယ် ။ စိတ် ထဲ မှာ တော့ ထိတ်ခနဲ ဖြစ်သွားတာပေါ့ ။

“ ဟ ... ဒီကောင် မဆိုးဘူး ။ အင်္ဂလိပ် လို အသံထွက် တွေ ဘာတွေ တယ် ကောင်းပါလား ။ ဒီကောင် ဘယ်က အကောင်လဲ ”

“ သူ မန္တလေး က ပါ ဆရာ ” အနား မှာ ရှိတဲ့ ဆရာ တစ်ယောက် က ဝင် ဖြေ လိုက်တယ် ။ ကျွန်တော် သာ ဖြေခွင့် သာ ရ ရင် “ မန္တလေး က ဆရာဦးကျော်လေး တပည့် ပါ ” လို့ ဖြေ လိုက်မှာ ။ “ အေး ဒီ ကောင် မဆိုးဘူးကွ ” လို့ ဆရာဦးသုခ က မှတ်ချက် ချ ရင်း ဝင် ထိုင် နားထောင် ပါ လေရော ။

ကွန်ဒိုဆေးရှင်း အကြောင်း သင်နေ ရင်း နဲ့ ကျောင်းသား တစ်ယောက် ကို မေးခွန်း တစ်ခု  ကောင်ခါငင်ခါ မေး လိုက်တယ် ။ ဖြေနိုင် လောက်မယ် ထင် တဲ့ ကျောင်းသား ကို ပေါ့ ဗျာ ။ လွယ်တာလေး တစ်ခု ကောက် မေးလိုက်တော့ ကျောင်းသား က လည်း ဖြေနိုင်တာပေါ့ ။

ကျွန်တော် ဆက် သင် တော့တာပါပဲ ။ ၁၅ မိနစ် က တော်တော် နဲ့ မစေ့နိုင် ပြန် ဘူး ။ ၁၅ မိနစ် ပြည့် တော့ ကျွန်တော် သင်တာ ကို ရပ် လိုက်တယ် ။ ကျောင်းသား တွေ ကို လည်း “ ဒီနေ့ ဆရာ သင် သွားတဲ့ အထဲ က မင်းတို့ မရှင်းတာ ၊ နားမလည်တာ ရှိရင် မေးကြ ပါ ။ အခုလည်း မေးလို့ ရတယ် ။ လမ်း မှာ တွေ့တွေ့ ၊ လက်ဖက်ရည်ဆိုင် မှာ တွေ့တွေ့ အဆုံးစွန်ဆုံး အိပ်ယာ ထဲ အိပ် နေ တောင် ပန်းချီ နဲ့ ပတ်သက်ရင် နှိုး မေးလို့ ရတယ် ကြားလား ”

ဆရာ့ ဆိုက် ၊ ဆရာ့ ဂိုက် နဲ့ စတေ့ချ်ခုံနိမ့်လေး ပေါ် က ဆင်းမယ် လုပ်တုန်း

“ ဟေ့ကောင် ဟေ့ကောင် မင်း သင် တာ မဆိုးဘူးကွ ။ ဆက် သင်စမ်း ၊ ပြော စမ်းကွာ ” တဲ့ ။ အသံရှင် က ဆရာဦးဘကြည် ဖြစ် နေတယ် ။ ဆရာ့ ရဲ့ ထူထဲတဲ့ မျက်ခုံးမွေးတွေ ကို ကျွန်တော် မှတ်မိနေတယ် ။

မင်း ပြောလက်စ စကားတွေ ကို ပြီးအောင် ဆက် ပြောကွာ လို့ ဆရာကြီး က ပြောပြီး ကျွန်တော် သင်သမျှ ၊ ပြောသမျှ တွေ ကျကျနန နားထောင် နေတယ် ။ ဒါနဲ့ သူများ ၁၅ မိနစ် လောက် ပြောရ တာ ကို ကျွန်တော် မိနစ် အစိတ် လောက် ပြောခွင့် ရတယ် ။

ရင်တွေ ကတော့ တော်တော့် ကို ခုန် နေတာ ၊ ချိုင့် ထူတဲ့ လမ်း လှည်းကြမ်း စီးရတာ ထက် ပို သေးတယ် ။ ဒါပေမဲ့ စိတ် လှုပ်ရှားနေတာ ကို ဇွတ် ကျိတ်မှိ တ် ပြီး ကြိုးစား သင်ရတော့တာပေါ့ ။ အစ တုန်း က တော့ ဆင်း လာ ပြီးရင် ဆရာကြီးတွေ အခြေအနေ တစ်ချက် လှမ်း အကဲခတ် ဖို့ ပဲ ။ တကယ် လက်တွေ့ ကျ ရင်တွေ ခုန်ပြီး မေ့ပြီး ဆင်းလာခဲ့ မိ ရော ။

အဲဒီလို ဆင်းလာတဲ့ အခါ မှတ်တမ်းတင် ဓာတ်ပုံဆရာ က “ ခင်ဗျား ပြော သွား တာတွေ ကျွန်တော် သဘောကျ တယ် ဗျာ ။ ကျွန်တော် ဓာတ်ပုံဆရာ လုပ် နေပြီး အဲဒါ တွေ တောင် မသိဘူး ။ ဓာတ်ပုံဆရာတွေ ပါ သိထားသင့်တဲ့ အချက်အလက် အကြောင်းအရာတွေ ပဲ ဗျာ ” ဆိုပြီး လက်ဆွဲ နှုတ်ဆက် နေတယ် ။

ဆရာဦးကျော်လေး ရဲ့ အမှာစကား ကြောင့် စိတ် ထဲ မှာ တော့ နည်းနည်း ဘဝင် ကျ သလို ခံစားမိသား ။ ဒါပေမဲ့ ကျွန်တော့် အရင် ပုဂ္ဂိုလ်တွေ ကျွန်တော့် နောက် တက်ပြီး သင်ကြမယ့် ပုဂ္ဂိုလ်တွေ ရဲ့ အစွမ်း လည်း လျှော့ တွက် လို့ မရဘူး ။ နည်းပြဆရာ လစ်လပ်တာ နှစ် နေရာ တည်း ။ ရန်ကုန်ကျောင်း မှာ တစ်ယောက် ၊ မန္တလေးကျောင်း မှာ တစ်ယောက် ။ ဖြေကြတဲ့ လူ က နှစ်ဆယ့်ငါးယောက် ။

ရေးဖြေ တုန်း က ကျွန်တော် က ရေဆေး နဲ့ ရေးဖြေခဲ့တာ ။ ဆီဆေး နဲ့ လည်း ဖြေလို့ ရတယ် ။ အမှတ် ပေးတဲ့ အခါ ရေဆေး ပဲ ဖြစ်ဖြစ် ၊ ဆီဆေး ပဲ ဖြစ်ဖြစ် အတူတူ ပေးတယ် ။ ဒီ ကျောင်းသား က တော့ ဆီဆေး နဲ့ မို့ ၊ ဟို ကျောင်းသား က ပိုစတာ နဲ့ မို့ ဒီလို ခွဲခြား မှု မရှိပါဘူး ။

ကျွန်တော်တို့ ဖြေရတဲ့ စာမေးပွဲ က ဒီ ပြင် စာမေးပွဲတွေ လို မဟုတ်ဘူး ။ တစ်ယောက် ဖြေနေ ရေးနေ တာ ကို တစ်ယောက် လာ ကြည့်လို့ ရတယ် ။ ဝင် ပြင် မပေးဖို့ နဲ့ ဝင် စွက်ဖက် မရေးဖို့ ဘဲ လိုတယ် ။ ကိုယ် ရေးနေတာ ကို လည်း သူများ လာ ကြည့်လို့ ရတယ် ။

Model မော်ဒယ် ကြည့် ရေး နေရ တုန်း က ကျွန်တော့် လက် ကျွန်တော် တော်တော် ဟုတ်တယ်လို့ ထင် မိတယ် ။ ဒါပေမဲ့ ဒီပြင် လူတွေ ရေးကြတာ လည်း ကောင်း နေကြပြန် ရော ။ Still Life စတေး ရေး တော့ ကျွန်တော် အပိုင် လေ ။ ကျွန်တော် ရေးတာ ကို လူ တော်တော် များများ က လာ ကြည့် ကြတယ် ။ နှုတ် ဖြေ မှာ တော့ ဆရာ ဦးဘကြည် မေးတာ တစ်ခု မဖြေနိုင် ခဲ့ဘူး ။

“ သီတင်းကျွတ် မှာ မီးရောင်စုံတွေ ထွန်း ထားတယ် ကွာ ၊ မလှဘူးလား ” 

“ လှပါတယ် ဆရာ ” 

“ အဲဒီလို မီးရောင်စုံ ထွန်းထားတာ ဘာလို့ လှတာလဲ ” 

“ အမှောင် နဲ့ အလင်း Contrast ကွန်ထရပ်စ် ဖြစ်နေလို့ ပါ ”

“ ဟ ... မင်း ကလဲ အမှောင် နဲ့ အလင်း မှ ကွန်ထရပ်စ် ဖြစ်သလား ကွ ၊ ဒါဆိုရင် တစ်ခန်းလုံး အဖြူရောင် သုတ် ထားမယ်ကွာ ၊ အမှောင် မဟုတ်တော့ ဘူး ။ အဲဒီ အခန်းဖြူကြီး ထဲ မှာ မီး ရောင်စုံ ထွန်း ထားရင် ကော မလှတော့ ဘူးလား ” 

“ လှပါတယ် ဆရာ ” 

“ အဲဒါ ဘာဖြစ်လို့ လှတာလဲ ” 

“ ကျွန်တော် မသိဘူး ဆရာ ။ မဖြေ တတ်ဘူး ”  

အဲဒီ တစ်ခုတော့ ကျွန်တော် မဖြေနိုင်ခဲ့ဘူး ။

ဆရာဦးဘကြည် က စာမေးပွဲ စစ်နေတဲ့ ကြား ကျွန်တော့် အပေါ် စေတနာ ထားပုံလေး ပြောပါဦးမယ် ။ တကယ် ဆိုရင် မသိဘူး ဆရာ ဆိုရင် အမှတ် လျှော့ ရင် လျှော့ ၊ အမှတ် မပေးဘဲ နေ ရင် နေ ၊ နောက် မေးခွန်း တစ်ခု ထပ် မေးဖို့ ပဲ ပေါ့ ဗျာ ။ အခု တော့ ဆရာဦးဘကြည် က ...

“ မင်း မှတ်ထားကွ ၊ အဲဒါ Pattern ကြောင့် လှ နေတာ ၊ အလင်း ထဲ မှာ အရောင်တွေ လှ နေတယ် ဆိုတာ Pattern ကြောင့်  ”

ကျွန်တော် မသိသေးတာ ကို သင် ပေး လိုက်သေးတယ် ။ ဆရာ့ ကို လေးစား ပြီး ရင်း လေးစားရင်း ပါ ပဲ ။ ဆရာ သင် လိုက်တာ အသည်း ထဲ ကို စွဲ နေတော့တာပဲ ။

“ မင်း ကို မီး ထွန်း ခိုင်းမယ်ကွာ ၊ ငါ က ဒီမှာ အဝါရောင် မီးလုံး ထွန်းမယ် ။ မင်း က ဘာ အရောင် ထွန်းမလဲ ”

“ ကျွန်တော် လိမ္မော်ရောင် ထွန်းပါမယ် ”

“ ကဲကွာ ၊ လိမ္မော်ရောင် ထွန်း ပြီးရင် ကော ”

“ အနီရောင် ထွန်းပါ့မယ် ဆရာ ”  

“ အေး အဲဒါ ဘာ ဟာမိုနီ လဲ ”

“ အင်နာလောကျစ် အိမ်နီးချင်း ဟာမိုနီ ပါ ဆရာ ”

“ နေရောင် ထဲ မှာ အရောင်တွေ ပါတယ် ဆိုပါလား ။ ဘယ် အရောင်တွေ လဲကွ ”

“ ဗစ်ဂျွား VIBGYOR ပါဆရာ ”

  •••••   •••••   •••••

မန္တလေး ရောက် တော့ မိန်းမ ဆီ တန်း မပြန်သေးဘူး ။ ဆရာဦးကျော်လေး ဆီ ပြေး ပြောတယ် ။ ရန်ကုန် က နေ ဖုန်းဆက် သေးတယ် ။ ဖုန်း က ဆက်လို့ မရ ဘူး ။ ရထား ပေါ် မှာ ကတည်း က အလုပ် သာ ရခဲ့ရင် ဒါ ဆရာ့ ကျေးဇူး ပဲ လို့ တွေး လာ ခဲ့တာ ။ ကျွန်တော် ဖြေခဲ့ပုံ အတွေ့အကြုံတွေ အားလုံး ပြန် ပြောပြ တယ် ။ ဆရာ က သူ့ ကိုယ်ရေးကိုယ်တာ လို သေသေချာချာ နားထောင်တယ် ။ ပြီးတော့ ပြုံး နေတယ် ။ အဲဒီ အပြုံး ကို ကျွန်တော် မျက်စိ ထဲ က အခုထိ မထွက် ဘူး ။ ရန်ကုန် မသွားခင် တုန်း က ကျွန်တော့် ကို ကရုဏာ သက်ပြီး အကြာကြီး စိုက် ကြည့်ခဲ့တဲ့ အကြည့် နဲ့ ဒီ တစ်ခါ ပြုံး တဲ့ ခပ်စေ့စေ့ အပြုံး ကို ဘယ်တော့မှ မေ့ မှာ မဟုတ်ဘူး ။ ကရုဏာ နဲ့ တွေတွေ အကြာကြီး ကြည့်ခဲ့ရာ က အခုလို အပြုံး မျိုး ပြုံး နိုင်တာ မဟုတ်လား ။ ဟို အကြည့် နဲ့ ဒီ အပြုံး ဟာ ဆွေမျိုး တော်ကြတယ် ။ ကျွန်တော့် ဘဝ ကို အပြောင်းအလဲ ဖြစ်စေမယ့် အကြည့် နဲ့ အပြုံး ဆိုတာ နောက်တော့ မှ သိရတယ် ။

“ မောင်ခင်မောင်စန်း ၊ မဆိုးပါဘူး ကွ ၊ အလားအလာတော့ ရှိပါတယ် ။ သေချာပေါက် တော့ မဟုတ်ဘူး ပေါ့ ကွာ ၊ ငါ က မင်း ပြောတာကိုပဲ ကြားရ တာ ကိုး ၊ တခြား လူတွေ ဖြေခဲ့ကြပုံ ကို မှ မသိရတာ ” တဲ့ ။

“ ကိုင်း ... ကိုင်း .... မင့် ဇနီး သွား ပြောချေဦး ”

ဆရာ က ကျွန်တော့် ပခုံး ကို ဖက်ပြီး ဝင်းထိပ် ထိ လိုက် ပို့တယ် ။

  •••••   •••••   •••••

နှစ်လ လောက် ကြာတော့ အောင်စာရင်း ထွက် လာတယ် ။ ကျွန်တော့် အိမ် ကို ဆရာ ကိုယ်တိုင် မနက် စောစော စက်ဘီး နဲ့ ရောက်ချ လာတယ် ။ မောင်ခင်မောင်စန်း နိုးပြီလား ကွ ၊ မင်း အောင်တယ် ၊ အလုပ် ရတော မယ် တဲ့ ။ ဆရာ တောင် ဒီလောက် ဝမ်းသာ နေတာ ကာယကံရှင် ဆိုတာ ဘယ်လောက် ဝမ်းသာမလဲ ။ ကျွန်တော့် အိပ်မက် လှေ က ကမ်း ကို မြင်နေရပြီ ။

ဆရာ့ ကို အိမ်ဦးခန်း မှာ အထိုင် ခိုင်း ၊ မိန်းမ ကို လည်း ဒီ သတင်း ကြား ရအောင် အနား ခေါ် ထား နဲ့ ဧည့်ခံစရာ က လည်း အိမ် မှာ ဘာမှ ရှိတာ မဟုတ်ဘူး ။ စကား နည်းနည်း ပြော ပြီးတော့ ဆရာ့ ကို လက်ဖက်ရည်ဆိုင် ခေါ်သွား ပြီး ပြုစု လိုက်တယ် ။

ဆရာ က သူ့ ထုံးစံအတိုင်း ပေါ့ကျ တစ်ခွက် မှာ လိုက်တယ် ။ ဆရာ့ ပန်းချီ စုတ်ချက်တွေ က ခပ်ရဲရဲ ခပ်ပြတ်ပြတ် ရေး သလို လက်ဖက်ရည် လည်း ခပ်ပြင်းပြင်း ခပ်ကျကျ ကြို က်တယ် ။ အဲ့ဒီတုန်း က ဟပ် ( ဖ် ) တီး က ခေတ် မစားသေးဘူး ၊ မပေါ်သေးဘူး ။

ကျွန်တော် လည်း ဆရာ လုပ်ရတော့ မှာ ဆိုပြီး ကိုယ့် ဆရာ မှာ သလို လိုက် ပြီး ပေါ့ကျ တစ်ခွက် မှာ သောက်တယ် ။ အဲဒါ သောက်ပြီး ဒုက္ခ ဖြစ်တော့တာပါ ပဲ ။ ရင်တွေ တုန်ပြီး တစ်နေ့ လုံး နေလို့ မကောင်းဘူး ။ လေတွေ တဂေ့ဂေ့ တက် ၊ ကတုန်ကယင်ကြီး ။ နောက် တစ်နေ့ ကျ တော့ ဓာတ်တွေချုပ် လို့ ။ ဆရာ့ ခြေရာ နင်း ရ မှာ ဆရာ့ ခြေရာ သွား တိုင်း သလို ဖြစ်လို့ ဒဏ်ခတ် ခံရတယ် ထင် တာပဲ ။

လက်ဖက်ရည်ခွက် တွေ ရှေ့ ရောက် တဲ့ အထိ ဘာမှ မပြောဖြစ်သေးဘူး ။ ကျွန်တော် ဝမ်းသာနေပုံ ကို ဆရာ အရသာ ခံပြီး ကြည့် နေတယ် ထင်တယ် ။ ဆရာ့ မျက်နှာ က တော့ သူ ကိုယ်တိုင် စာမေးပွဲ အောင် နေသလိုပဲ ။ ကြည်ရွှင် လို့ ။ “ ဒီနေ့ တော့ ဒီဆိုင် က လက်ဖက်ရည် က ကောင်းလှပါကလား ကွ ”  တဲ့ ။

ခဏကြာ မှာ “ ခင်မောင်စန်း ၊ မင်း ကျောင်း မှာ ဘယ် ဘာသာရပ် သင်မှာတုံး ” လို့ မေးတယ် ။

“ ကျွန်တော် ဖိုင်းအတ် Fine Art သင် ချင်တယ် ဆရာ ”

“ အေး ... ဆရာ ရန်ကုန် ကို ပြောင်းရ တော့မှာ  ၊ ဆရာဦးလွန်းကြွယ် ရဲ့ နေရာ ကို သွားရမှာ ” တဲ့ ။ ဆရာ့ နေရာ ကို ကျွန်တော် ဝင်ရမယ့် သဘောပါလား ။

ဆရာ ပြောင်းရမယ် ဆိုတော့ ရင် ထဲ ဟာတာတာကြီး ။ ပျော်နေတာ ကို မေ့ သွားတယ် ။ ကျောင်း မှာ ဆရာဦးတင်အေး က ကော်မာရှယ်အတ် သင်နေ တယ် ။ ဆရာဦးဇော်ဝင်း က အခြေခံ ပန်းချီပညာ သင်နေကြ ချိန် ပေါ့ ။

တိုတို ပြောကြစို့ ။

စ သင်တဲ့ ပထမနှစ် က တော့ ကျွန်တော့် မှာ မုဆိုးစိုင်သင်နည်း နဲ့ သွား နေ ရတယ် ။ ဘာလို့ ဒီလို ပြောရသလဲဆိုရင် “ ကျွန်တော် သင် နေရတဲ့ ကလေးတွေ ဆရာဦးကျော်လေး နဲ့ နောက်ပိုင်း တပည့်တွေ ဖြစ်နေလို့ ပဲ ”

သူတို့ က တချို့ နေရာတွေမှာ ကျွန်တော့် ထက် ပို တော်ကြတယ် ။ ဆရာ လက်ကျ ရထားကြတဲ့ ကလေးတွေ ၊ ဒါပေမဲ့ ဆရာ ဘယ်လောက် တောင် ကျေးဇူး ကြီးသလဲ ဆိုရင် ကျွန်တော့် ကို သူ သင်ခဲ့တာတွေ ကျွန်တော့် အသည်း ထဲ မှာ ရော ၊ ဦးနှောက် ထဲ မှာ ပါ အခု ထိ သံမှို စွဲထား သလို မှတ်သား ကျင့်သုံး နေတာပါ ။

  •••••   •••••   •••••

ဆရာ စက်ဘီး စီး ရမှာ အလွန် ကြောက်တယ် ။ ကား တိုက်မှာ ကို ကြောက် တာပါ ။ တစ်မနက် တော့ မောင်ခင်မောင်စန်း ရေ ဆရာ တို့ လက်ဖက်ရည်ဆိုင် သွား သောက် ရအောင် တဲ့  ။ ဒါနဲ့ ဆရာ့ ကို စက်ဘီး ပေါ် တင်ပြီး ကျုံး အရှေ့ က နေ အနောက်မြောက်ထောင့် နား က ပလာတာ တို့  ၊ ပူဒီ တို့ ကောင်း တဲ့ လက်ဖက်ရည်ဆိုင် ဆီ နင်း လာခဲ့ကြ တယ် ။ လမ်း မှာ တဖြည်းဖြည်း နင်း ဖို့ လမ်းနံဘေး ကပ် ဖို့ တဖွဖွ ပြော လာတာ ပါ ။ မောင်ဗမာ စက်ဘီး မှာ နဂို က မှ ခပ် နဲ့ နဲ့ ရယ် ။ ဘယ်လောက် မြန် မှာ လဲ ။ ဒါကို ဆရာ က အရှိန် လျှော့ ခိုင်း နေတယ် ။

ဆိုင် ရောက် တော့ လက်ဖက်ရည် မှာ ကြ ၊ ပူဒီ လည်း တစ်ပွဲ စီ မှာ ကြနဲ့  ။ အဲဒီ အချိန်ကြတော့ ဆရာ့ လို လက်ဖက်ရည် ခပ်ကျကျ သောက်နိုင်စ ပြုနေပြီ ။ ဒါလည်း တစ်နေ့လုံး နေ မှ တစ်ခွက် ပါ ။ ဆရာ့ လို ကြုံတိုင်း သောက်တိုင်း လက်ဖက်ရည်ကျကျ တော့ မသောက်နိုင် သေးဘူး ။

ကျုံး နံဘေး က ဒီ ဆိုင် မှာ ...

  •••••   •••••   •••••

“ မင်း ဆရာ တစ်ယောက် ဖြစ်ပြီ ၊ ရောက်တုန်း ရောက်ခိုက် မင်း ကို ပြောစရာလေး တွေ ပြောဦးမယ် ” ဆိုပြီး လက်ဖက်ရည် ကို တစ်ငုံ လောက် သောက် လိုက်တယ် ။ ကျွန်တော် က ဆရာ့ ရဲ့ တည်ကြည်လေးနက် တဲ့ မျက်နှာ ကို ငေး နေမိ တယ် ။

“ ကိုယ် မသိဘဲ နဲ့ တပည့်တွေ ကို ဘယ်တော့မှ ချ မပြနဲ့ ။ ပညာ တစ်ရပ် ကို ကိုယ် အရင် သိအောင် လုပ် ၊ ကိုယ် တကယ် သိပြီ ဆို မှ တပည့်တွေ ကို သင် ပေးပါ ။ ကိုယ် က ယောင်ဝါးဝါး ချ ပြ ရင် တပည့်တွေ က ယောင်ယောင်ဝါးဝါး ပဲ ရ ကြပြီး ယောင်ယောင်ဝါးဝါး တပည့်တွေ ပဲ ဖြစ်ကုန်ကြ လိမ့်မယ် ။ ဒါ နံပါတ် တစ် အရေးကြီး ဆုံး ၊ ကိုယ် မသိ ဘဲ ၊ ကိုယ် မကျွမ်းဘဲ တပည့်တွေ ကို မသင်ပါနဲ့ ၊ တာဝန် မကျေတဲ့ ဆရာ တစ်ယောက် ဖြစ်သွားလိမ့်မယ် နော် မောင်ခင်မောင်စန်း ”

ဆရာ က လေ အေးအေးလေး နဲ့ လေးလေးနက်နက် ပြော နေတာပါ ။

“ ပြီးတော့ တပည့်တွေ ကို သိပ် မမျှော်လင့် နဲ့  ၊ ဆရာ ရဲ့ လုပ်သက် ၁၉ နှစ် အတွေ့အကြုံ အရ ကျောင်း မှာ အင်မတန် တော်ခဲ့ပေမဲ့ အပြင် ရောက် သွား ရင် ဟုတ်ချင် မှ ဟုတ်ကြတာ ၊ ကျောင်း မှာ ပထမ စွဲ ၊ ဒုတိယ ချိတ် ခဲ့ ပေမဲ့ ကျောင်း ပြင် ရောက် တော့ ဘာမှ သုံးစွဲ မရတဲ့ တပည့်တွေ အများကြီး ”

“ ကျောင်း မှာ ဘိတ်ချေး ၊ အဝီစိကပ် နေ ပေမဲ့ ကျောင်းပြင် ရောက်တဲ့ အခါ တော်တည့် အသုံးဝင် ပြီး ကြီးပွား နေကြ သူတွေ လည်း တပုံကြီး ၊ အဲဒီတော့ ကျောင်းသား တစ်ယောက် ရဲ့ အရည်အချင်း ကို ကျောင်း မှာ ရှိစဉ်က အခြေအနေ နဲ့ ဘယ်တော့ မှ တရားသေ အကဲဖြတ် မသတ်မှတ် လိုက်ပါနဲ့  ။ ဒါ ဆရာ ရဲ့ ၁၉ နှစ် လုပ်သက် အတွေ့အကြုံ အရ ပြောတာ ”

ဆရာ က လက်ဖက်ရည် ကို တစ်ငုံ လောက် သောက် လိုက် တော့ မှ ကျွန်တော် လည်း ရှေ့ က လက်ဖက်ရည် ခွက် ကို သတိရ တော့တယ် ။

“ ကိုယ် သင် လိုက် တိုင်း တတ်မယ် လို့ စိတ်ထဲ ဘယ်တော့ မှ မထားနဲ့  ။ ကိုယ် ပေး သလောက် သူတို့ ရချင် မှ ရတာ ။ ကိုယ် ကိုယ်တိုင် က ရော ဘယ်လောက် အထိ ပေးနိုင်မလဲ ။ ကိုယ် ဒီနှစ် ဒီလောက် သင်နိုင်ရင် နောက်နှစ် ကျ ဒီ ထက် သင်နိုင်ဖို့ ဆရာ လုပ်သူ က ရှာဖွေ လေ့လာ ဆည်းပူး ထားရမယ် ။ အသစ် တွေ ရှာ တွေ့အောင် ရေး နေရမယ် ။ ဒါ လည်း အရေးကြီးတယ် ”  လို့ ဆရာ က ဆက် ပြောတယ် ။

“ အခု မောင်ခင်မောင်စန်း တို့ နည်းပြဆရာ ဖြစ် လာ တော့ မင်း တို့ အရင် နှစ် က တပည့် ဖြစ်ခဲ့ဖူး သူ တချို့ က ဆရာ နောက် လူတွေ က ပို သင်ပေးတယ် လို့ စွပ်စွဲ နေကြတယ် ။ ဆရာ့ ကို ဝေဖန် နေကြတယ် ၊ သူတို့ နှစ်တွေ တုန်း က ဆရာ က “ ချို ” ထား သတဲ့ ၊ အမှန် တော့ သူတို့ နှစ် ကျ မှ ပို ပေးတာ မဟုတ်ပါဘူး ကွ ၊ ဆရာ တစ်နှစ် ထက် တစ်နှစ် ပို သင် နိုင်အောင် study လုပ် လေ့လာ နေ လို့ ပါ ၊ ဒီ ပညာ က ရှာလေ တွေ့လေ ပါ ၊ မင်း လည်း အသိပါ ၊ ရှာတာ တွေ့တာ ကြုံကြိုက်တဲ့ တပည့် ကို သင်ပေး နေ တာပါ လို့ ရှင်းပြရတယ် ” 

“ ကိုယ် က ဒီလောက်ပဲ တတ်တယ် ၊ ဆက်ပြီး မရှာ ရင် မဆည်းပူး ရင် ဒီထက် ဘယ် တတ်တော့မလဲ ၊ ဆရာ ဆိုပေမဲ့ ၊ ဆရာ စိတ် မွေးရတယ် ၊ စိတ်ကြီး ဝင်တဲ့ ဆရာ မဖြစ်စေနဲ့ ၊ ဆရာ ကောင်း တစ်ယောက် ဖြစ်အောင် study နာနာ လုပ်ရတယ် ၊ ဒီ ပညာ က ရှာနိုင် သလောက် တွေ့ မယ့် ၊ ရမယ့် ပညာ မို့ မင်း လည်း ရှာပေ တော့ ၊ မင်း ရှာတွေ့ တာ ကို တပည့် တွေ ပေး ၊ သူများ ရှာ ထားတာ သွား မပေးနဲ့ ”  

“ ဥပမာ ကွာ ၊ အနီ နဲ့ အဝါ စပ်ရင် လိမ္မော်ရောင် ဆိုတာ ကိုယ်တိုင် ရှာထား ရင် ပိုကောင်းတယ် ၊ အနီတွေ အများ ကြီး ၊ အဝါတွေ အများကြီး ၊ အထပ်ထပ် စပ် ကြည့် မှ လိမ္မော်မျိုးစုံ ကို သိထား မယ် ၊ ပိုင် ထားမယ် ၊ သီအိုရီ က တော့ အနီ နဲ့ အဝါ စပ် ရင် လိမ္မော်ရောင် လို့ ပဲ ပြောမှာ ”

“ ပန်းချီအနုပညာ ဆိုတာ လက်တွေ့ ရယ် ၊ သီအိုရီ ရယ် ၊ လက်အကျင့် ရယ် ပေါင်းစပ် ချပြ တဲ့ ပညာ ဖြစ်တယ် ၊ လက်အကျင့် အရင် ရအောင် လုပ် ၊ သီအိုရီ လဲ သိအောင် လုပ် ကွာ ၊ လက်အကျင့် က ငါးဆယ် ရာခိုင်နှုန်း ၊ သီအိုရီ က ငါးဆယ်ရာခိုင်နှုန်း ရှိရင် ပြည့်ပြီ လို့ ပြောလို့ ရတယ်  ၊ ဒါပေမဲ့ လက်အကျင့် ငါးဆယ်ရာခိုင်နှုန်း ရှိပြီး သီအိုရီ လုံးဝ မသိလည်း အဲဒီ လူတွေ က ရေး နိုင် တယ် ၊ လက်အကျင့် က ရှိ နေ တာကိုး ၊ ဒါပေမဲ့ သူ မတိုးတက်ဘူး ၊ ဘာလို့ မတိုးတက်တာတုံး ဆိုတော့ အလုပ် မှာ အသိတရား မပါလို့ မတိုးတက်တာ ။ ဒါ ကြောင့် အသိတရား ပါတဲ့ အလုပ် တစ်ခု လုပ်နိုင်ဖို့ ကြိုးစားပါ ” တဲ့ ။

ဆရာ့ စကားတွေ က ကျွန်တော့် အတွက် တော့ ရတနာတွေ ပါ ပဲ ။ ရှေ့လျှောက် ဒီ ရတနာ တွေ ကို ပဲ အရင်း ပြု ပြီး အသက်မွေး ရမှာ ပါ ။

ကျွန်တော်တို့ ပန်းချီကျောင်း က အထက်တန်းကျောင်း တွေ လို “ သင်ရိုး ညွှန်းတမ်း စာအုပ် ” ရယ် လို့ မရှိဘူး ။ ဆရာ တစ်ယောက် နောက် ဆရာ တစ်ယောက် ကို ရော့အင့် ဆိုပြီး လက်လွှဲ ပေး ရမယ့် သင်ရိုးညွှန်းတမ်း စာအုပ် ၊ စာအုပ်ကြည့်ပြီး သင်ရမယ့် စာအုပ်ရယ် လို့ မရှိဘူး ။ သင်ရိုးညွှန်းတမ်း ရယ် လို့ ခေါင်းစဉ် Title တွေ ပဲရှိတယ် ။ ဥပမာ ပထမနှစ် မှာ မျဉ်းကြောင်းများ အကြောင်း သင်ကြားရန် ဒါပဲ ၊ ဒီ မျဉ်းများ အကြောင်း ကို သင်မယ့် ဆရာ တစ်ယောက် စီ ရဲ့ အာဘော်တွေ မတူကြ သလို သင်ကြားနည်းတွေ လည်း မတူ ကြဘူး ။ ရှာဖွေ လေ့လာထားတာတွေ  မတူကြ လို့ တပည့်တွေ ကို ပြန် ပေးရာမှာ လည်း မတူတော့ဘူး ။ ဒါကြောင့် နည်းပြဆရာ က ကိုယ့် သင်ရိုး ကို ကိုယ့် ဘာသာ ပြုစုရတယ် ။

ရေဆေး ရေးနည်း သင်ရန် လို့ သင်ရိုး မှာ ပါတယ် ။ ရေဆေး ဘယ်က စ သင် မှာ တုံး ။ မိုနိုတုန်း အကြောင်း က စ မှာ လား ။ မိုနိုတုန်း အကြောင်း ကို ဘယ် နေရာ က ဘယ်လို စသင်ကြမလဲ ။ သင်မယ့် ဆရာ က ကလေးတွေ အပေါ် မှာ ကိုယ် ရှာဖွေ တွေ့ ရှိ ထား သလောက်ပဲ သင် နိုင်တာ ။ ဒါကြောင့် မောင်ခင်မောင်စန်း မင်း ဒီ နှစ် မှာ မိုနိုတုန်း အကြောင်း ဒီလောက် သိရင် နောက် နှစ် မှာ မိုနိုတုန်း အကြောင်း ဒီနှစ် ထက် ပို သိအောင် ရှာထား ၊ လေ့လာထား ၊ ပါစပက်တစ် လည်း ဒီလိုပဲ ။ ပိုပြီး သိအောင် လုပ်ထား လို့ မှာ ဖူးတယ် ။

ခဏ နေ တော့ ဆရာ က သူ့ လွယ်အိတ် ထဲ က စာအုပ် တစ်အုပ် ထုတ် လိုက် တယ် ။ ဆရာ က သူ ရှာဖွေ ပြုစုထားတာတွေ ၊ ပန်းချီပညာ တွေ့ရှိချက် တွေ ၊ ကျောင်းသားတွေ ကို သင်ရမယ့် သင်ရိုးတွေ ဒီ စာအုပ် ထဲ မှာ ရေးထားတယ် တဲ့ ။

“ ဒါ ဆရာ ပြုစုထားတဲ့ စာအုပ် ပဲ မောင်ခင်မောင်စန်း ”

စာအုပ် က အလျား ၁၈ လက်မ ၊ အနံ ၁၂ လက်မ လောက်ရှိမယ် ။ ဝင်ဆာနယူ တန် တံဆိပ်ပါတဲ့ ညိုဝါဝါ ကတ်ထူဖုံး လေး ၊ အနှောင့် က အပေါက်လေး တွေ ပါပြီး စပရိန်နန်း နဲ့ ချုပ် ထားတယ် ။ လက် တစ်လုံး လောက် ထူတယ် ။

ဒီ စာအုပ် ကြည့်ချင်တဲ့ အာသီသ က ပြင်းပြ လာတယ် ။ ကိုယ့် ဆရာ ဘာတွေ ရေးထားပါလိမ့် ။ လေ့လာချင် စိတ် ပေါ်လာတယ် ။

“ ဆရာ့ စာအုပ် ကျွန်တော် ကြည့်ပါရစေ ခင်ဗျား ”

“ မပြနိုင်ဘူး မောင်ခင်မောင်စန်း ” လို့ လေသံ ပြောင်းပြီး ခပ်မာမာ ပြော လိုက် တယ် ။ ကျွန်တော့် ခေါင်း ကို မိုးကြိုး ပစ် ချ လိုက် သလိုပဲ ။ ချက်ကောင်း ကို ထိတဲ့ အလွန် ပြင်းတဲ့ ဖြောင့်လက်သီး တစ်လုံး ပေါ့ ။ ဆရာ့ စကား ကြားပြီး လူ ကို မွှန်ထူ ပြာဝေ သွားတာပဲ ။ ဆရာ က တော့ ဒါ ဟာ ဘာမှ မထူးဆန်းတဲ့ ကိစ္စ တစ်ခု ၊ ဘာမှ မပြောမိ သလို ဘာ ခံစားချက် မှ မရှိသလိုပဲ ။ ပြီးတော့ ဆက် ပြောပုံကြီး က ...

“ ငါ မင်း ကို ဒီ စာအုပ် ပြ လိုက်ရင် မင်း က အလွယ်တကူ အချောင် ရ သွားမှာ ပေါ့ ။ မင်း ကြိုးစားချင် စိတ် ရှိတော့မှာ မဟုတ်ဘူး ၊ ဒါ ဆရာ့ ဘာသာ ကြိုးစား ရှာဖွေ လုပ်ကိုင်ထားတာတွေ ၊ မင်း လည်း ကိုယ့် ဘာသာ ရှာဖွေထား ကွ ၊ သင်ရိုးတွေ လည်း မင်း သိပြီးသား ။ ကိုယ် သင်ရမယ့် သင်ရိုးတွေ လစဉ် ရေးထားတယ် မဟုတ်လား ”

ကျွန်တော့် စိတ် ထဲ မှာ တော်တော် ကို မကျေမနပ် ဖြစ်မိတယ် ။ ဆရာ့ ကို ပြစ်မှားတာ တော့ မဟုတ်ဘူး မခံချင်စိတ် လည်း ထောင်းခနဲ ထ လာ တယ် ။ ဆရာ က ကိုယ့် တပည့် အပေါ် ပြောရက်လေခြင်း ပေါ့ ။ အတွေးတွေ လည်း ချာချာလည် လို့ ။

  •••••   •••••   •••••

ရာသီတွေ ပြောင်း လို့ နှစ်တွေ လည်း ကြာညောင်း ခဲ့ပြီ ၊ တစ်ထောင်တန် ငွေစက္ကူတွေ ကိုင် သုံးကြ ။ ကျွန်တော် လည်း တစ်ကိုယ်တော် ပြပွဲတွေ လုပ် ၊ ပန်းချီ ကားတွေ ဈေး ကောင်းကောင်း နဲ့ ရောင်း ရ ၊ ကျွန်တော့် ပန်းချီကား တချို့ နိုင်ငံခြား ကို ခရီး ထွက်သွားကြသည် ။ ဆရာဦးကျော်လေး ဆုံးမစကား တွေ ၊ အဆိုအမိန့် တွေ ၊ နားထောင်ရင်း ၊ ကိုယ်ပိုင် ဖြစ်အောင် ရှာရင်း ဖွေရင်း လုပ်သက် အတော် ရခဲ့ပြီ ။ စိတ် ထဲ မှာ တော့ ကိုယ့် ဆရာ နောက်ဆုံး ရိုက်သွား တဲ့ ကြိမ်တံ က စပ်ဖျဉ်းဖျဉ်း ရှိနေတုန်း ။

“ မပြနိုင်ဘူး မောင်ခင်မောင်စန်း ၊ ငါ မင်း ကို ဒီ စာအုပ် ပြ လိုက်ရင် မင်း က အလွယ်တကူ အချောင် ရသွားမှာ ပေါ့ ” ခဏခဏ ပြန် ကြားယောင် ၊ မြင်ယောင် နေတယ် ။ ဒါကြောင့် ကိုယ့် ဘာသာ ကြိုးစား ရှာဖွေ ရေးနေ မိတယ် ။

ဆရာ ရှာထားတာလေး နဲ့ ကျွန်တော် ရှာဖွေ တွေ့ရှိထားတာလေးတွေ ပေါင်းစပ် မိရင် တကယ့် ကို ကောင်းမွန် တဲ့ စာအုပ်ကောင်းလေး ဖြစ်လာ မှာ မို့ ကျွန်တော် စိတ်ကူးယဉ် မိတာ အကြိမ်ကြိမ် ပဲ ။

အခုတော့ ဆရာ ကွယ်လွန် သွား ရှာ ပြီ ။ ရန်ကုန် မှာ ကွယ်လွန် ရှာတယ် ။ ဆရာ ပြုစုထားတဲ့ စာအုပ် က သူ့ အနား က လက်ရင်း တပည့် ပန်းချီကျောင်း က ဆရာ တစ်ယောက် ရ သွားတယ် လို့ ကြား မိတယ် ။

တစ်နေ့ တော့ ရန်ကုန် မှာ ဌာန အစည်းအဝေး ကို သွားရင်း ဆရာဦးကျော်လေး ရဲ့ စာအုပ် ရ သွားတဲ့ ပန်းချီဆရာ နဲ့ လက်ဖက်ရည်ဆိုင် မှာ အတူ ထိုင် မိကြတယ် ။ ဒီလို အတူ ထိုင်မိ အောင် လည်း အကွက်ဆင် ဉာဏ် ကူ ရ တာပေါ့ ။

ဒီ ဆရာ ကို စ တွေ့ ကတည်း က ဆရာ စာအုပ် အကြောင်း မေးချင်လှပြီ ။ စကားလုံးတွေ က နှုတ်ဖျား ကို စုပြုံ ပြီး ရောက် နေကြပြီ ။ ဒါပေမဲ့ ဒီ စကားလုံး တွေ ကို ပြန် ပြန် မြို ချ ပြီး အရေးမကြီး တာ တွေ ၊ အစည်းအဝေး အကြောင်း တွေ ၊ တောပြော တောင်ပြော တွေ လျှောက် ပြော နေရတယ် ။ ခဏနေ မှ -

“ ဒါနဲ့ စကားမစပ် ဆရာဦးကျော်လေး ရဲ့ ပန်းချီစာအုပ် တစ်အုပ် ဆရာ ရထားလိုက်တယ် ဆို ”

ကျွန်တော့် စကား ကို ကြား တော့ ဟို ဆရာ က ပြုံး လိုက်တယ် ။ သူ့ အပြုံး ရဲ့ နောက်ကွယ် မှာ အဓိပ္ပာယ် တခု ခု ရှိနေ သလိုပဲ ။

“ ဟုတ်တယ် ရထားတယ် ဆရာ ” 

“ ကျွန်တော် များ ခဏ လောက် ကြည့် လို့ ရမလား ဗျာ ၊ ဒါမှ မဟုတ် ဆရာ့ အတွက် အသုံးမတည့်လှရင် လည်း ကျွန်တော့် ကို ရောင်းနိုင် ရင် ရောင်းပါ လား ဗျာ ”

ဟို ဆရာ က ပြုံးနေတုန်း ပဲ ။

“ ရောင်း တော့ ရောင်းချင်သား ပဲ ”

ကျွန်တော် ဝမ်းသာလိုက်ပုံ က မဖုံးနိုင် မဖိနိုင်များ ဖြစ်သွားလေသလား ။ ကျွန်တော် မျက်နှာခံ မကောင်း ရင် စာအုပ် က ဈေး မြင့် သွားမယ် ။ သူ ဆိုတဲ့ ဈေး နဲ့ ဝယ်ရမယ့် စာအုပ် မဟုတ်လား ။

“ ခဏနေဦး ဆရာ ၊ စာအုပ် က ကျွန်တော့် ဗီရို ထဲ မှာ အခု ရှိနေတယ် ” 

ရန်ကုန် က ဆရာ က လက်ဖက်ရည် ဆိုင် ထဲ က ထွက် သွားတယ် ။ ကျွန်တော့် မှာ သာ လက်ကျန် ငွေ ရယ် ၊ ရထား လက်မှတ်ဖိုး ရယ် ၊ ကလေးတွေ ဖို့ လက်ဆောင်ပစ္စည်း ဝယ်စရာ တွက်ချက် ပြီး စာအုပ်ဖိုး ငွေ ကို သင့် နေမိတယ် ။ ပြီးတော့ အခု သောက် နေကြတဲ့ လက်ဖက်ရည်ဖိုး က လည်း ကျွန်တော် က ရှင်း မှ ကောင်း မှာ ။ တစ်အောင့် ကြာ တော့ ရန်ကုန်ဆရာ က စာအုပ် တစ်အုပ် ချိုင်းကြား ညှပ် ပြီး ဆိုင် ထဲ ပြန် ဝင် လာတယ် ။

ဒီ ဆရာ နဲ့ စာအုပ် ကို မြင်လိုက် ကတည်း က ကျွန်တော့် စိတ်တွေ က သားကောင် အနံ့ ရတဲ့ အမဲလိုက် ခွေး ကောင်းကောင်း တစ်ကောင် လို ဖြစ်နေပြီ ။

ဒီ ဆရာ က လည်း ဟန် တစ်ခွဲသား နဲ့ ။ ကျွန်တော့် လက် ထဲ မထည့်သေး ဘဲ တန်ဖိုး တက် အောင် သူ့ လက် ထဲ မှာ ကိုင် ပြီး မြှောက် ပြတယ် ။ ကျွန်တော် နဲ့ သူ့ ကြား မှာ လက်ဖက်ရည်စားပွဲကြီး က ခြား နေတယ် ။

“ ဆရာခင်မောင်စန်း ပြော တာ ဒီ စာအုပ် ဟုတ်ရဲ့ လား ”

ကျွန်တော် က ခေါင်း ကို ချက်ချင်း ညိတ်ရင်း

“ ဟုတ် ... ဟုတ်ပါတယ် ”

“ သေချာ တယ် နော် ” 

“ သိပ် သေချာတာပေါ့ ”

စာအုပ် က ဝင်ဆာနယူတန်တံဆိပ် ပါ တဲ့ ညိုဝါဝါ အဖုံးလေး နဲ့ စပရိန် နန်းကြိုး နဲ့ ချုပ် ထားတဲ့ စာအုပ်လေး ။

“ ကဲဗျာ ခင်ဗျား ကို မရောင်း ခင် ဒီ စာအုပ် ကို ဘာလို့ လိုချင်တယ် ဆိုတာ ကို ပြော မပြနိုင်ဘူးလား ဆရာ ”

ကျွန်တော့် စိတ် က စာအုပ် ဆီ မှာ ပဲ ရောက်နေ လေတော့ စကား သိပ် များများ မပြောချင်ဘူး ။

“ ကျွန်တော့် ဆရာ ရဲ့ စာအုပ် မို့ အမှတ်တရ သိမ်းထားချင်လို့ ပါ ” 

ဒီ စကား မုသား မပါပါဘူး ။

“ ကောင်းပြီ ဆရာခင်မောင်စန်း က ဒီ စာအုပ် ကို ဘယ်လောက် ပေးပြီး ဝယ် မှာ တုံး ”

“ ကျွန်တော် လည်း ဆရာ့ လို ပန်းချီကျောင်း က ကျောင်းဆရာ ပဲ ဗျာ ။ ပိုက်ဆံ တတ်နိုင်တဲ့ လူစား ထဲ မှာ မပါ ပါဘူး ။ အပြန် စရိတ် က လည်း ရှိသေးတယ် ”

ကျွန်တော့် စကားကို ဟို ဆရာ က သိပ် စိတ်ဝင်စားပုံ မပေါ်ဘူး ။ သူ ဝတ်စား ထားပုံ က သူ့ လစာ နဲ့ နှိုင်းယှဉ် ရင် ငွေ အသုံး အမြဲ လိုနေမယ့် လူ မျိုး ။

“ နေပါဦး ဗျ ။ ဆရာ က ရော ဘာလို့ ဒီ စာအုပ် ကို မှ ဆရာ့ ဆီ က ယူထား လိုက် တာလဲ ။ ဆရာ မကွယ်လွန် ခင် က တောင်းထား လိုက်တာလား ။ ဆရာ ကွယ်လွန် ပြီး မှ ဆရာ့ မိသားစု ဆီ က ... ”  

“ ဆရာ့ မိသားစု ဆီ က ဆရာ ကွယ်လွန် ပြီး မှ တောင်း ထားတာပါ ”

ဒီ ဆရာ ကို ကျွန်တော် စကား ဆုံး အောင် မပြောလိုက် ရ ဘဲ ဘာလို့ စာအုပ် မှ တောင်းရတယ် ဆိုတာ ကို လည်း သူ က မဖြေဘူး ။

“ ကျွန်တော် ဒီ စာအုပ် ကို မရောင်း တော့ ဘူး ”

“ ဗျာ ...”

“ ဆရာတူ တပည့်ချင်း ပဲ ဗျာ ၊ ကိုယ်ချင်း လည်း စာပါတယ် ။ ကျွန်တော် အမှတ်တရ အနေ နဲ့ လက်ဆောင် ပေး လိုက်ပါ့မယ် ”

ကျွန်တော့် နား ကို ကျွန်တော် မယုံနိုင်အောင်ပါဘဲ ။

ကျွန်တော် ဟန် မဆောင်နိုင်ဘူး ။ သူ ကမ်းပေး လိုက်တဲ့ စာအုပ် ကို ဣန္ဒြ မဆည်နိုင်အောင်ဘဲ ခပ်သွက်သွက် လှမ်း ယူ လိုက်တယ် ။ ကျွန်တော့် အပြုအမူ က နည်းနည်း ရိုင်း သလို တောင် ဖြစ်သွား သေးတယ် ။

ဒီ ဆရာ က တော့ ခပ်ယဲ့ယဲ့ ပြုံး နေ တုန်းပဲ ။ ကျွန်တော့် ဘဝ အတွက် “ တက် ” ဆိုရင် လည်း ဟုတ်တယ် ၊ “ ရွက် ” ဆိုရင် လည်း ဟုတ်မယ့် ကျွန်တော့် ဆရာ ရဲ့ စာအုပ် ။

အနှစ်နှစ် အလလ ကျွန်တော် မက် ခဲ့ရတဲ့ အိပ်မက် ။

တုန်ယင် တဲ့ လက်တွေ နဲ့ ခပ်ဖွဖွ ဆုပ်ကိုင် ထားမိတယ် ။ တံတွေးတွေ အကြိမ်ကြိမ် မျို ၊ လက်ဖဝါးတွေ အေး ၊ ခြေဖဝါး မှ ချွေးစေးတွေ ထွက် နဲ့ ။ ဆရာ့ မျက်နှာ ကို လည်း မြင်ယောင် မိတယ် ။

စာအုပ် ကို ဟန် မဆောင်နိုင် ဘဲ ခပ် မြန်မြန် ဖွင့် ကြည့် လိုက်တဲ့ အခါ ...

  •••••   •••••   •••••

ရန်ကုန်ပန်းချီကျောင်း က ဆရာ ရဲ့ အပြုံး ကို အဓိပ္ပာယ် ဖော်နိုင်ပါပြီ ။

ဆရာဦးကျော်လေး ရဲ့ ကျေးဇူး ကြီး ပါပေတယ် ။

ပန်းချီပညာ ကို ကြိုးစား ရှာဖွေ လေ့လာ ရေး ဖြစ်အောင် ဆရာ က သွန်သင် သွားခဲ့သူပါ ။

◾ညီပုလေး

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၂၃
      ဖေဖော်ဝါရီလ ၊ ၂ဝဝဝ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment