Monday, March 4, 2024

သော့ပို


 

❝ သော့ပို ❞

“ မေပိုးစု ” ည ၁၂ နာရီ အထိ မအိပ် ဘဲ မောင် ပြန် အလာ ကို စောင့် နေရသည် မှာ ရက်သတ္တပတ် မျှ ပင် ရှိချေပြီ ။ ယခင် က မောင် အခုလောက် အထိ အိမ်ပြန် နောက် မကျခဲ့ဖူးပေ ။ မိသားစု စုံလင် မှ ထမင်းစား ဝင် သော မောင် သည် မိသားစု နှင့် အတူ ထမင်း မစားသည် မှာ လည်း တစ်ပတ် ကျော် ချေပီ ။ မောင့် မှာ အဘယ် အရေးကိစ္စတွေ များ ရှိနေပါလိမ့် ဟူသော အတွေးများ ကြား တွင် နစ်မျော နေ စဉ် အိမ်ရှေ့ မှ မော်တော်ကား ဝင် လာ သံ ကြားလိုက်ရ သဖြင့် “ မေ ” အိမ်ရှေ့ သို့ ထွက်ခါ တံခါး ဖွင့် ပေး လိုက်တော့ မောင် က မေ့ ပါးလေး ကို ဖွဖွလေး နမ်း လိုက်သည် ။

“ မေ ရယ် အိပ် နှင့် ရော ပေါ့ ၊ မောင့် မှာ လည်း သော့ပို ရှိပါတယ် ။ မေ အိပ်ရေးတွေ ပျက်မှာပေါ့ ”

မေ က ခပ်ဖွဖွလေး ပြုံး လိုက်ပြီး မောင့် လက် ထဲ မှ အိတ် ကို လှမ်း ယူ လိုက်ပြီး မောင် ဝတ် လာသော ဂျာကင် ကို ချွတ်ခိုင်း ၍ အသာအယာ ခေါက် ကာ လက် ပေါ် တင် လိုက်သည် ။

“ မောင် ရယ် မောင် က မေတို့ သားအမိ အတွက် အလုပ် တွေ ကြိုးစား နေ တော့ မေ တို့ က လည်း မောင့် မေတ္တာတွေ ကို သိတတ်ရမှာပေါ့ ”

မေ့ စကား အဆုံး တွင် မောင် က ဟက်ဟက်ပက်ပက် ရယ် ကာ မေ့ ခေါင်းလေး ကို  အသာအယာ ပွတ်လေသည် ။

“ မေ က သိပ် စကား တတ် တာပဲ ။ မောင် က အဲဒါကြောင့် မေ့ ကို ချစ်နေရတာ ”

“ ကဲပါ ခြေထောက် လက်ထောက် ဆေး ပြီးရင် အိပ်ရအောင် ။ ည နက်နေပြီ ”

“ အမိန့်တော်မြတ် အတိုင်းပါ မမလေးဖုရား ”

မောင် က ရွှတ်နောက်နောက် ဖြင့် ပြောဆို ကာ အိမ် ထဲ ဝင် သွားလေသည် ။ မေ လည်း မောင့် ပစ္စည်းတွေ ကို အခန်း ထဲ ယူသွားပြီး နေရာ ချ လိုက်သည် ။ ဂျာကင် ကို တိုင် တွင် ချိတ် လိုက်စဉ် မေ့ နှာခေါင်းဝ သို့ ထူးဆန်းသော မွှေးရနံ့ တစ်ခု တိုး ဝင် လာသည် ။ အီ ၍ ချိုသော ပန်းအနံ့ မျိုး ပင် ။ မေ သေချာအောင် ဂျာကင် ကို နမ်း ကြည့် လိုက် တော့ မောင့် ဂျာကင် မှ ရနံ့ ပင် ။ မေ သုံးသော ရေမွှေးနံ့ လည်း မဟုတ် သလို အမျိုးသား သုံး ရေမွှေးနံ့ လည်း မဟုတ် ။ မေ စိတ် ထဲ တွင် ထင့် သွားသည် ။ ထိုစဉ် ရေချိုးခန်း ထဲ မှ မောင် ထွက် လာသည် ။

“ မောင် ရေမွေး အသစ် သုံးနေတာလား ”

မေ့ စကား အဆုံး တွင် မောင် မျက်နှာ တစ်ချက် ပျက် သွားသည် ။ ပြီး မှ ကမန်းကတမ်း ပြုံး ကာ မေ့ ကို ဖြေ လေသည် ။

“ ဒီနေ့ လေ မောင့် သူငယ်ချင်း တစ်ယောက် သူ့ မိန်းမ ဖို့ ရေမွှေး ဝယ် လာ တာ ကြွား နေလို့ သူငယ်ချင်းတွေ က နောက် ပြီး ယူ ဆွတ်ကြတာလေ ။ ကဲပါ မေ ရယ် အိပ်ကြရအောင် ၊ မောင် ပင်ပန်း နေပြီ ”

မောင် က မေ့ လက် ကို ဆွဲ ကိုင် ၍ ကုတင် ပေါ်သို့ ခေါ်သွား ကာ မေ့ ကို စောင်ခြုံ ပေး ၍ အိပ်ခိုင်း လေသည် ။ မေ့ အတွေး ထဲ မှာ တော့ ထူးခြားသော ရေမွှေးနံ့ က စွဲထင် နေ သဖြင့် ထို ည က တော်တော် နှင့် အိပ် မရပေ ။

•••••   •••••   •••••

စားသောက်ဆိုင် ထဲ တွင် ဆူညံ စည်ကား နေလေသည် ။ သက်ကို တို့ စားပွဲ တွင် စားသောက်ဖွယ်ရာများ သာ မက ယမကာများ က လည်း အလျှံအပယ် ။ အခုတလော သက်ကို ၏ ဆန္ဒ အရ သူတို့ အုပ်စု ဤ ဆိုင် ကို ဓာတ်ကျ နေကြသည် ။ သက်ကို မိန်းမ ရပြီး ကတည်း က စင်တင် တို့ KTV တို့ ကို ခြေဦး မလှည့်ဖြစ် ခဲ့ တာ သားလေး တစ်သက် ပင် ။ သို့သော် မောင်မောင် တို့ နှင့် လာသည့် အခေါက် မှ စ၍ ဤ ဆိုင် ၏ အမြဲတမ်း ဖောက်သည် ဖြစ် လာခဲ့သည် ။

“ ဟေ့ကောင် သက်ကို ... ချယ်ရီ မလာသေးဘူးလား ကွ ”

“ လာမှာပေါ့ ကွာ မင်းတို့ က လည်း အထဲ မှာ ပြင်ဆင် နေတယ်တဲ့ ။ တော်ကြာ လာမယ် တဲ့ ... မက်ဆေ့ ပို့ ထားတယ် ”

“ ကြည့်လည်း လုပ်ဦးနော် သားကြီး ၊ မင်း ကို ဘတ်ပြီး စပွန်ဆာတွေ နဲ့ လည်း အခန်း ဝင် နေဦးမယ် ”

“ မင်းတို့ က လည်း ကွာ ချယ်ရီ က ငါ လာရင် ဘယ်သူ့ ကို မှ နေရာ မပေးဘူးကွ ”

“ အေးပါကွာ မင်း လည်း ရှောင်တုန်း က လည်း လှည့် တောင် မကြည့်ဘူး ။ အခု ကျ တော့ လည်း မပြောချင်ဘူး ၊ ဒီ ဇယား နား လိုက်ပါတော့လား ကွာ ။ မေပိုးစု သနားပါတယ် ”

“ ဟေ့ကောင် မောင်မောင် ငါ ချယ်ရီ ကို ချစ်တယ် ၊ ဒါပေမယ့် လည်း မေ့ အပေါ် မှာ လည်း ဝတ္တရား မပျက်ဘူးကွ ”

သူ နှင့် မောင်မောင် အချေအတင် ပြောနေကြစဉ် သူတို့ အနား သို့ ချယ်ရီ ရောက် လာလေသည် ။ မီးရောင်စုံ ကြား မှာ ချယ်ရီ အလှ က ထင်ရှား တောက်ပ နေသည် ။ ချယ်ရီ က လည်း သက်ကို မို့ ဆိုလျှင် ချွဲနွဲ့လွန်း သလို ငွေရေး ကြေးရေး လည်း စကား မပြော ။

“ စောင့်နေရတာ ကြာပြီလား ဒါလင် ”

“ မကြာသေးပါဘူး ချယ်လေး ရဲ့ ”

“ ကဲ ... လာ .. ဒိုးကြမယ် ။ ချယ် ဆိုင် မှာ ခွင့် ယူ ထားတယ် ”

သက်ကို နှင့် ချယ်ရီ ထွက် သွားတော့ မောင်မောင် က ငေး ကြည့်ရင်း ကျန် နေရစ်ခဲ့သည် ။ သူ့ သူငယ်ချင်း တစ်ယောက် သမုဒ္ဒရာ ရေ သောက်မိ သွားချေပြီ ဟု တွေးရင်း ခေါင်း ကို အသာ ခါရမ်း လိုက် မိတော့သည် ။

•••••   •••••   •••••

ဒီနေ့ မောင် က မေတို့ သားအမိ ကို ဘုရား နှင့် ကစားကွင်း ကို လိုက်ပို့ ပေးမည် ဟု ဆို သဖြင့် မေ အစောကြီး နိုး နေကာ တက်ကြွ ရွှင်လန်းစွာ ဖြင့် မှန်တင်ခုံ ရှေ့ တွင် အလှ ပြင် နေမိသည် ။ မှန် ထဲ တွင် မြင် နေရသော သူမ ၏ ပုံရိပ် ကို တလှည့် အိပ်ရာ ပေါ် တွင် နှစ်ခြိုက်စွာ အိပ်မောကျ နေသော မောင် နှင့် သား ကို တလှည့် ကြည့် ကာ ပီတိ အတွေး ဖြင့် ပြုံး နေမိသည် ။ သူမ လိုချင်သော မိသားစု ဘဝလေး ပါ လား ဟု တွေး ရင်း ကြည်နူး နေ မိပြန်သည် ။

မှန်တင်ခုံ ရှေ့ တွင် တစ်ယောက် တည်း အလုပ် ရှုပ် နေစဉ် မှန်တင်ခုံ ပေါ် မှ မောင့် ဖုန်း ကို တွေ့ သဖြင့် အလုပ် ကိစ္စ လာ လျှင် ပြောရအောင် ဖွင့် လိုက်သည် ။ မောင့် ဖုန်း သည် ဖုန်းပိတ်စဉ် ကာလ က ပို့ထား သမျှ မက်ဆေ့ နှင့် အဝင်ဖုန်းများ ကို ဖုန်း ဖွင့် ချိန် တွင် မက်ဆေ့ ဝင်သည် ။ ဖုန်း ဖွင့် ပြီး ခဏ အကြာ တွင် မက်ဆေ့ တစ်စောင် ဝင် လာ သဖြင့် ' မေ ' ယူ၍ ကြည့် လိုက်သည် ။ ဖုန်းနံပါတ် က အစိမ်း ။ မက်ဆေ့ ပေါ် လာ ချိန် တွင် တော့ မေ့ ခေါင်း ပေါ် သို့ မိုးကြိုး ပစ်ချ လိုက်သည့် နှယ် ကမ္ဘာ တစ်ခုလုံး လွင့်စင် သွား သလို ခံစား လိုက်ရသည် ။

“ ဆိုင် ကို ဘာလို့ မလာတာလဲ ဒါလင် ချယ် စောင့်နေတာ ... ဖုန်း က လည်း ပိတ်ထား သေးတယ် ။ ဒါလင် လာမယ် ထင်လို့ ဘောစိ တစ်ယောက် ရဲ့ ကမ်းလှမ်းချက် ကို တောင် ငြင်း လိုက်တယ် သိလား ။ ဒီ ကိစ္စ ကို ဒါလင် ပြန် ချော့ပါ ”

မေ တစ်ယောက် တည်း သည်းထန်စွာ ငိုကြွေး နေ မိတော့သည် ။ မောင် သစ္စာ ဖောက်ရက်လေခြင်း ။

•••••   •••••   •••••

မေ သည်းထန်စွာငိုကြွေး နေစဉ် မောင် နိုးလာ ကာ မေ့ အနား သို့ ရောက် လာသည် ။ မောင့် မျက်လုံးများ က နားမလည်နိုင်စွာ ဖြင့် မေ့ ကို ကြည့်ရင်း မေ့ ပခုံးလေး ကို ညင်သာစွာ ကိုင် ၍ မေး လေသည် ။

“ စောစောစီးစီး ဘာလို့ ငို နေတာလဲ မေ ”

မေ အံ ကို တင်းတင်း ကြိတ်ရင်း မောင့် မျက်နှာ ကို စေ့စေ့ ကြည့် လိုက်သည် ။

“ မောင့် မှာ သော့ပို တစ်ချောင်း ရှိ နေတာ ကျွန်မ သိလိုက်ပြီ မောင် ”

မောင် က ခေါင်း ကို တွင်တွင် ကုတ် ရင်း မေ့ ကို စူးစိုက် ကြည့် နေ ပြန်သည် ။

“ မေ ဘာတွေ ပြောနေတာလဲ ... မောင် နားမလည်ဘူး ”

“ မောင် နားလည်အောင် ကျွန်မ ပြောပြမယ် ။ ကျွန်မတို့ သားအမိတွေ ရဲ့ ဘဝ ထဲ မှာ နေထိုင် ဖို့ မောင့် မှာ နှလုံးသား သော့ တစ်ချောင်း ပဲ ရှိမယ် ထင် တာ မောင့် မှာ တော့ တခြား မိန်းမ တစ်ယောက် ရဲ့ ဘဝ မှာ နေဖို့ သော့ပို တစ်ချောင်း ရှိနေတာ ကို အခုမှ ကျွန်မ သိရတာ သိပ် ဝမ်းနည်းတယ် ”

မောင် မျက်နှာ ပျက် သွားပြီး မှန်တင်ခုံ ပေါ် မှ ဖုန်း ကို လှမ်း ယူကာ ဖွင့် ကြည့် လေသည် ။ ပြီးမှ တုန်တုန်ရီရီ ဖြင့် မျက်နှာလေး ငယ် ကာ မေ့ လက်တွေ ကို ဆုပ်ကိုင် လေသည် ။

“ မောင် တောင်းပန်ပါတယ် မေ ... သူ က မောင့် ရဲ့ ခဏတာ နားခိုရာပါ ၊ အပျော် သဘောပါ ... မောင် က လေ မေတို့ သားအမိ ကို ပဲ ချစ်တာပါ ။ မေ ကျေနပ် အောင် တောင်းပန်ပါ့မယ် ... သူ နဲ့ လည်း မောင် အဆက်အသွယ် ဖြတ်ပါ့မယ် ကွာ ”

မေ လက် ကာ ပြ လိုက်သည် ။

“ တော်တော့ မောင် ... ကျွန်မ အဖြစ်သင့်ဆုံး ကို ပြောပြမယ် ။ ကျွန်မတို့ က သား ယောက်ျားလေး မွေး ထားတာပါ ။ ရှင့် အကျင့်တွေ ကူးစက် မခံနိုင်ဘူး ။ အဲဒီတော့ ကျွန်မ တို့ ယဉ်ကျေးစွာပဲ လမ်းခွဲ လိုက်ကြရအောင် ပါ ”

“ မောင် တောင်းပန်ပါတယ် ... မေ ရယ် ပြန် စဉ်းစားပါဦး ”

“ ကျွန်မတို့ ကို ရှင် တစ်ကယ် ချစ်တယ် ဆိုတာ ကို သက်သေ ပြချင် ရင် ကွာရှင်း ပေး ပါ ”

ထိုနေ့ မနက် က မောင် လည်း ငိုသည် ။ ကျွန်မ လည်း ငိုသည် ။ သားလေး လည်း ငိုသည် ။ အားလုံး ငိုကြသည် ။ ဒီလို နဲ့ ပဲ ကျွန်မတို့ မိသားစု ကွဲကွာ သွားခဲ့သည် ။ ထိုနေ့ မှ စ၍ သက်ကို ဆိုသော လူ တစ်ယောက် ကို ကျွန်မ တို့ မတွေ့ကြရတော့ပေ ။

•••••   •••••   •••••

ဆေးခန်း ထဲ တွင် ထိုင်ရင်း ဒေါက်တာဝဏ္ဏကို တစ်ယောက် အတိတ် အကြောင်းတွေ ပြန်တွေး နေမိသည် ။ ဖေဖေ နှင့် မေမေ ကွာရှင်း ပြီးသည့် နောက်ပိုင်း သူ့ ဘဝ အတွက် မေမေ ရုန်းကန်ကာ တည်ဆောက် ပေးခဲ့ သဖြင့် ဆရာဝန် တစ်ယောက် ဖြစ်လာခဲ့သည် ။ အတွေး ထဲ တွင် နစ်မျော နေစဉ် သူနာပြုဆရာမလေး က အခန်း ထဲ သို့ ဝင် လာသည် ။

“ ဆရာ ကော်ဖီ သောက်မလား ... လူနာ ရှင်းနေတုန်းလေး ”

“ နေပါစေ ဆရာမ ... ကျွန်တော် စိုင်းမင်း ဆီ သွားလိုက်ဦးမယ် ”

“ ဟုတ်ကဲ့ ”

သူ လည်း စိတ်ပြေ လက်ပျောက် စိုင်းမင်း အခန်း ကို လာခဲ့သည် ။ ကျောင်း မှာ တည်း က အခင်ဆုံး သူငယ်ချင်း နှစ်ယောက် ။ ဘာ လုပ်လုပ် အမြဲ တိုင်ပင် နေကျ ။ ဒီ ဆေးရုံ ရောက် တော့ သူ က အရိုးအကြော ဆရာဝန် ။ စိုင်းမင်း က ခုခံကျ ဆရာဝန် ။ တောင်တောင်အီအီ တွေးရင်း နှင့် ပင် စိုင်းမင်း အခန်း ရှေ့ ရောက် လာ တော့ အခန်း ထဲ တွင် လူနာ ရှိ နေမှန်း မသိဖြင့် ဝင် သွား ရာ အထဲ ရောက် မှ လူနာ ရှိ နေ သဖြင့် စိုင်းမင်း က လက်ကာ ပြ ၍ ပြန်လှည့် အထွက် တွင် သူတို့ ထံ မှ စကားသံ ထွက် လာ လေသည် ။

“ ဦးလေး နာမည် က ”

“ ဦးသက်ကို ပါ ”

သူ့ နား ထဲ တွင် ကျယ်လောင်စွာ မြည်ဟီး သွားသည် ။ လူနာ ကို သွား ကြည့် လို လှသော်လည်း privacy ရှိ သဖြင့် အခန်းထောင့် တွင် မသိမသာ ရပ် ကာ နားထောင် နေ မိသည် ။

“ ဦးလေး ကိုယ့် ဖာသာ ဆေး ဝယ်သောက် နေတာ ကြာပြီ နော် ”

“ ဟုတ်ပါတယ် ... အခု မတတ်နိုင် တော့ လို့ ... နောက်ဆုံး အနေ နဲ့ လာ ပြတာပါ ဆရာ ”

“ အရင် ဆရာဝန် က အစိုးရဆေးရုံ မှာ ဆေး မထုတ်ခိုင်းဘူးလား ”

“ ခိုင်းပါတယ် ... ကျွန်တော် ရှက်လို့ပါ ”

“ ကဲ အခု ဦးလေး ရှက် မနေနဲ့တော့ ... ကျွန်တော် ပြောသလို လုပ်ပါ ”

“ ဟုတ်ကဲ့ပါ ”

ဒေါက်တာဝဏ္ဏကို တစ်ယောက် ကျလာသော မျက်ရည်တွေ ကို ခပ်ကြမ်းကြမ်း ပင် သုတ် လိုက်ကာ အခန်း အပြင်ဘက် သို့ လှည့် ထွက် လာခဲ့သည် ။ ဖေဖေ့ ကို ပြေး ဖက် ကာ နှုတ်ဆက်လိုက် ချင် သော်လည်း သူ့ ကို မြင် လျှင် ဖေဖေ့ စိတ် သိမ်ငယ် ရမည် စိုးသော ကြောင့် ကျောခိုင်း ခဲ့သည် ။ သူ့ အတွေး ထဲ တွင် တော့ မေမေ ပြောနေကျ ဖေဖေ့ ရဲ့ သော့ပို တစ်ချောင်း က ဖေဖေ့ ဘဝ ထဲ ကို ရောဂါဆိုးကြီး ကို သယ် လာခဲ့သည် ပင် ။ လောက တွင် ရှိနေ ကုန် သော ယောက်ျားသားများ အားလုံး တွင် သော့ပို ရှိ မနေ စေချင်တာ တော့ ဒေါက်တာ ဝဏ္ဏကို ၏ ဆန္ဒ အမှန် ပင် ဖြစ်ပေတော့သည် ။

◾မွန်စွန်း

📖 တစ်ယောက် တစ်ဘဝ ( ၂ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment