အခန်း - ၁၈
“ ထောက် .. ထောက် .. ထောက် ”
တိတ်ဆိတ် ငြိမ်သက် နေ တဲ့ ကျောင်းကြီး ထဲ မှာ ဆရာတော် ကွမ်းသီး ညှပ် နေတဲ့ အသံ က လွဲ ရင် အခြား ဘာသံမှ မကြားရဘူး ။ တစ်ချက် တစ်ချက် ကျောင်း အောက် က နက်ကျားမ ရဲ့ အီ တဲ့ အသံလေး သာ ကြား ရတယ် ။
“ ဒကာကြီး တို့ အသက် ဘယ်လောက် ရှိပြီလဲ ”
နှစ်ဦးသား တစ်ယောက် မျက်နှာ တစ်ယောက် လှမ်း ကြည့် လိုက်တယ် ။ ဗြုန်းစားကြီး ဆိုတော့ ဘာ စ ပြောရ မှန်း မသိဘူး ။
“ ဟို .. ဟို ခြောက်ဆယ် တော့ ကျော်ပြီ ဘုရား ”
“ သူ့ လောက် နီးနီး ပါ ပဲ ဘုရား ”
“ ဟင် ”
ဆိုပြီး ဘုရားစင် ဘက် မျက်နှာ မူ နေတဲ့ ဆရာတော်ဘုရားကြီး က ဖျတ်ကနဲ သူတို့ နှစ်ယောက် ဘက် ကို လှည့် လိုက်ပြီး ...
“ ဘယ်လိုလဲ ဘုရား လည်း မသိ ၊ တရား လည်း မသိ ... ကိုယ့် အသက်အရွယ် တွေ ကိုယ် မသိကြပါလား ”
ဦးကု,လား က တုန်တုန်ရီရီ နဲ့ ...
“ မှန် ... မှန်ပါ့ဘုရား ... တပည့်တော် မွေးသက္ကရာဇ် က ဝါးကျည်တောက် ထဲ မှာ အမေ က ထည့်ထားတာပါ ဘုရား ... ရွာ မီးလောင်တော့ ပါသွားလို့ပါ ဘုရား ... ဒါကြောင့် အဲဒီတုန်း က သူငယ်ချင်း ဖြစ်ခဲ့ဖူးတဲ့ မျက်ပြူး ကို သူ ပြောတဲ့ အသက်အရွယ် လောက် ပါ လို့ ခန့်မှန်းပြီး လျှောက်တာပါ ဘုရား .. ”
ဆရာတော် က ဦးမျက်ပြူး ဘက် မေး တစ်ချက် ဆတ်ပြီး ...
“ ဒကာ မျက်ပြူး ... ပြော မွေးသက္ကရာဇ် နဲ့ အသက် ... ”
“ ဟို .. ဟို ရွာ မှာ ရေတွေ ကြီး တုန်း က ကိုသာအေးကြီး ရဲ့ နွားမ မွေးတဲ့ ရက် .. ”
ဆရာတော်ဘုရား တစ်ကိုယ်လုံး တုန် လာပြီး ‘ ဝုန်း ’ ဆို မတ်တပ် ထ ရပ်ကာ ကျက်သရေခန်း ထဲ ဝင် သွားတယ် ။ ပြီးတော့ သိပ် မကြာဘူး ။ ကြိမ်လုံး တစ်လုံး ကိုင်ပြီး ထွက် လာရင်း ..
“ ဒါဆို ခုနက ခြောက်ဆယ် တော့ ကျော်ပြီလို့ ပြောတာ က ... ဘယ် ခုနှစ် ကို ပြောတာလဲ ... လူ သက္ကရာဇ် လား ... သာအေး ရဲ့ နွားမကြီး သက္ကရာဇ် လား ... ပြော ”
ဦးကု,လား ရော ဦးမျက်ပြူး ပါ နှစ်ယောက် စလုံး ခေါင်းတွေ ငုံ့ ပြီး ဘာ ပြန် ပြောရမှန်း မသိဘူး ဖြစ်နေတယ် ။
“ ဘုရား ကို သိအောင် ကြိုးစားမယ် ... တရား ကို သိအောင် ကြိုးစားမယ် ... မွေးသက္ကရာဇ် ကို သိအောင် ကြိုးစားမယ် မရှိဘူး ... တဆိတ် ရှိ ကြီးကောင် ကြီးမားတွေ နဲ့ ရန်ဖြစ်ကြ တုန်း ... မင်း တို့ သားသမီး တွေ ကို ဘယ်လို ပြန်ပြီး ဆုံးမကြမှာလဲ ... ဒီမယ် ... ငါ ပျံလွန်တော် မူ ရင် ဟောဒီ ကျောင်းကြီး ကို အုပ်ချုပ်ဖို့ သာသနာ အဓွန့်ရှည်စေဖို့ ... အားလုံး စီစဉ်ပြီးသား မင်းတို့ ဘာတွေ စီစဉ် ပြီးပြီလဲ .. ကဲ ကဲ သွား .. ”
ဦးကု,လား ရော ဦးမျက်ပြူး ပါ သားတွေသမီး တွေ ကို လက်တို့ ကမန်းကတန်း ထ ကျောင်း အောက် ကို ဆင်းမယ် အလုပ် ...
“ ဒါက ဘယ်တုံး ”
လှမ်း နေတဲ့ ခြေထောက်တွေ တုန့်ခနဲ ဖြစ် သွားတယ် ။
ဦးမျက်ပြူး က ...
“ ဟို .. ဟို ဆရာတော် က သွား ... လို့ ... ”
“ ဘာ .. ခင်ဗျားတို့ ကိုယ့် ရွာ ရဲ့ ရွာဦးကျောင်း စည်းကမ်း ကို မေ့သွားပြီ လား .. ”
တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကာ ..
“ မ ... မ ... မမေ့ပါဘူး ဘုရား .. ”
“ အေး .. မမေ့ရင် သွား ဆိုတာ က ဘယ်ကို သွားခိုင်းလဲ ”
“ ကျောင်းတိုင် ကို ပါ ”
ဆရာတော် က လက် ထဲ က ကြိမ်လုံး ကို တဆ ဆ လုပ်ရင်း
“ ပြီးတော့ ... ဘာ ဆက် လုပ်ရမလဲ ”
“ ကျောင်းတိုင် ကို ဖက်ထားရမှာပါ ဘုရား ”
“ ဒါလည်း သိကြတာပဲ ... ကဲ ... နောက် က လိုက်တဲ့ သား တွေ သမီး တွေ ... မဟုတ်တာ မမှန်တာ လုပ်ရင် ... ဘယ်လို ဒဏ် ပေးခံရတယ် ဆိုတာ ... ထိုင် ကြည့် ”
ဦးကု,လား ရော ဦးမျက်ပြူး ပါ တိုင် ကို ဖက်ပြီး မျက်လုံး တွေ စုံမှိတ် ထား လိုက်တယ် ။ “ ရွှမ်း ” ဆိုတဲ့ အသံ နဲ့ အတူ “ အား ” ဟု အော် လိုက်သော ဦးကု,လား ကို ကြည့်ရင်း ဦးမျက်ပြူး ထံ မှ ပူပူနွေးနွေး အရည်တွေ ကျ လာတော့သည် ။
“ လုပ်ပြန်ဟေ့ ... မျက်မှေး အဖေ လို့ မပြောရဘူး .. မျက်မှေး .. မင်း အဖေ ရဲ့ ကျင်ငယ်ရေတွေ လာ သုတ် ”
ဆရာတော် ရဲ့ မျက်နှာ ဟာ ပထမ တော့ ဖြူဖွေးနေတဲ့ ပကတိ အသားရောင် ၊ နောက်တော့ တဖြည်းဖြည်း အရောင် ပြောင်းလာ တယ် ။ ဒေါသ ကြောင့် ထင်ပါရဲ့ နီးမြန်း လာတယ် ။
“ အမဲသား ဆို လည်း ဘယ်လောက် ချက်ချက် နူးတာပဲ ... ကြက်သား ... ဝက်သား ... ဆိတ်သား ဆိုလည်း ဘယ်လောက် ချက်ချက် နူးတာပဲ ... စားလို့ ရတယ် .. ခုဟာက ဘာ သား မှန်း လဲ မသိ ဘယ်လောက် ချက်ချက် မနူးဘူး ... ဘယ်လောက် ပြုတ်ပြုတ် နူး မှာလဲ မဟုတ်ဘူး ... ထင်း ကုန်တယ် မီးသွေး ကုန်တယ် ... ပြုတ် လို့ မနူးတဲ့ ပြုတ်မနူးတွေ ... ဒီတော့ မင်းတို့ နဲ့ တန်တာ .. ”
“ ကိုင်း ... ဒါက ဘုရား မသိတဲ့ အတွက် ကဲကွာ ... ကိုင်း ... ဒါက တရား မသိတဲ့ အတွက် ... ကဲကွာ .. ဟောဒါက သံဃာ အတွက် .. ဟောဒါက မွေးသက္ကရာဇ် အတွက် ... ”
အရိုက် ခံရတဲ့သူတွေ တော့ မသိဘူး ။ ကြိမ်လုံး ရဲ့ တရွှမ်းရွှမ်း ဆိုတဲ့ အသံတွေ ဟာ ဆရာတော်ဘုရား ကွမ်းသီး ညှပ် တဲ့ ကွမ်းညှပ် ထက် တော့ သာ နေပါတော့သည် ။
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment