Thursday, March 7, 2024

သရက်ပေါ်ချိန်


 ❝ သရက်ပေါ်ချိန် ❞


အိမ် တစ်ခုလုံး တွင် ရုပ်ယှက်ခတ် နေသည် ။ ဘုရားစင် မှ ခန်းဆီးထရံ သို့ ထောင့်ဖြတ် လျက် ရက်ကန်းယှက် ထားသည့် ပိုးမျှင် တို့ သည် လည်း ပန်းဖြူဆုပ်ကြီး ဆိုင်းထား သလို ရှိနေ၏  ။ ညစ်နွမ်းနွမ်း စောင် ၊ ဆီချေးဝနေသည့် ခေါင်းအုံး ၊ အဖာရာများ ဖြင့် ကျားကန် တည်ဆောက် ထားသည့် ခြင်ထောင်အိုကြီး တို့ သည်လည်း ထို ပိုးမျှင် ပန်းဆိုင်းကြီး အောက်ဘက် ဆီ ဝယ် လုံးလား ထွေးလား ဖြစ်နေသည် ။ တကျွီကျွီ နှင့် ကြွက်ငယ် နှစ်ကောင် ကား ပြေးတမ်း လိုက်တမ်း ကစား နေကြသည် ။


မှိုင်းတက် ဘုရားစင် အောက် မှ အနား ဖွာလန်ကြဲ နေသည့် သင်ဖြူးသေး နှစ်ချပ် မှာ လျော့ရဲရဲ လုပ်ထား သဖြင့် အမူးသမား ပမာ ခပ်ယိုင်ယိုင် ဟန်နေလျက် ။ နယုန် ၊ ဝါဆို ရောက်နေပြီ ။ 

မိုးကလေး ပင် တဖွဲ့ဖွဲ အလည် လာစ ပြုပြီ ။ ခါတိုင်း နှစ်များ ဆို လျှင် တော့ ဒီလ ဒီအချိန် ရောက် လျှင် ဖြိုင်ဖြိုင် လော ဖြိုင်ဖြိုင် ဖြစ်နေပြီ ။ ဒီနှစ် တွင် ပူလွန်း ပြီး မိုးခေါင် နေ သည် ။ ယခု တစ်ပေါက် နှစ်ပေါက် မိတ်ဆက် လာ မှ ပင် ဦးတင်ဖေ ခေါင်မိုး မော့ ကြည့် ဖြစ်၏ ။ မမိုးရသေး ။ သက်ငယ်ပျစ် ကြား မှ မိုးကောင်းကင် ကို လှမ်းမျှော် လို့ ပင် ရနေပြီ ။ ခေါင်မိုး တစ်ခွင်လုံး လည်း မှိုင်းကျပ်ခိုး တို့ စစ်ခင်း နေကြလေသည် ။


ခန်းဆီးထရံ မှ အဝါမှုန်ကလေးများ လည်း ထွက်ပြူကျ နေ၏ ။ ဆန်ခါပေါက်ကလေးများ လည်း တိုးပွား နေကြပြီ ။ ပိုးစား ပြီး ထရံသားတွေ ကုန်ရော့မည် ။ အိမ်ရှေ့ ဘက် ကွက်ကျားကလေး လည်း ကျိုး သည့် ဝါးခြမ်း က ကျိုး ၊ နနွင်းမကင်းကွက် ပုံစံ တွေ ပင် အကွက် ရွဲ့စောင်း နေပြီ ။ ကဲလားကလေး လည်း ခပ် ယဲ့ယဲ့ ပင် ။ ဒါလည်း ထားဦး ရသေးသည် ။ အနောက်ဘက် ထရံ ကို ကား မလဲလို့ မဖြစ် ။ မိုး သည်းသည်း ပက်သွင်း လျှင် ခံနိုင်ရည် ရှိမည် မဟုတ်တော့ ။ သူ့ အထက်က ကျီးပိတ် လည်း ကျီး သာ မက ငှက်ကြီး ဝန်ပို ပင် အဝင်အ ထွက် လုပ်လို့ ရနေပြီ ။ ဒါလည်း အသာ မှေး နေလို့ ရသေးသည် ။ ထားဦး ၊ အရေးကြီး သည် က ကြမ်းခင်း ။ အပေါက် ကျွံ ကျ ခြစ်မိ ခိုက်မိ ၊ ဒူး ပြဲ ခြေသလုံး စုတ် ဖြစ်မည် ။ သူတို့ လည်း ဝါဝါ အမှု န် တွေ ထွက် နေပြီ ။ အိမ် ပေါ် တွင် လျှောက်ရသည် မှာ ကြိုးတံတား ကူး နေရ သလို ဖြစ် နေသည် ။


တိုင်များ တွင် လည်း ကိုရွှေပိုး တို့ ဥမင်လိုဏ်ခေါင်း ဖောက်လုပ် နေကြသည် မှာ ကြာပြီ ။ ရှုပ်ယှက်ခတ် အသွယ်သွယ် ၊ ဝင်္ကပါဥမင်လိုဏ်ခေါင်း ။ အိမ်တိုင် လည်း မယိုင်မကျ မချင်း မှေးနေရပေ ဦးမည် ။


အဆင့် နှစ်ခန်း ၏ တစ်ဖက် မြေစိုက် မီးဖိုခန်း ထဲ တွင်တော့ မှိုင်းတော ထဲ မှ အမည်းရောင် လွမ်းနေ သည့် အိုးများ ၊ ခွက်များ  ။


အိမ် ပေါ် တွင် ဘုရားစင် အနီး တစ်ဝိုက် အိပ်စရာ ကွက်ကွက်ကလေး မှ လွဲ၍ ကျန် နေရာများ အားလုံး တွင် ကောက်ရိုးပြင်ကြီးများ ထွေးရှုပ်ပွ ကြသည် ။ ထို ကောက်ရိုးပြင်ကြီး အောက် တွင် တော့ မွန်းကျပ် နေအောင် ဖိထား ခံရသည့် သရက်သီးစိမ်းများ က တိုးဝှေ့နေကြသည် ။


မြေစိုက် မီးဖို ထဲ မှ မီးခိုးများ ၊ အူထွက် နေလျက် ပြာမှုန့်များ ဘေး လွင့်နေကြသည် ။ ဖူး ... ဖူး နှင့် ကုန်း မီးမှုတ်သံ လည်း ထွက်နေသည် ။ ထင်း အစို မို့ ချက်ချင်း မတောက်နိုင်ဘဲ မီး က ညစ်ပတ် နေသည် ။


“ ကဲ ... အဖေကြီးရေ ၊ ကျောလားကြီးဆန့် ၊ ခါးကြီး ထောက်ပြီး လျှောက် ကြည့်နေလို့ မပြီးသေး ဘူး ။ အိမ် အပင် ဒီ ညနေ ဆွတ်မယ် ”


ဒေါ်သန်းမြ က မီး ကုန်းမှုတ် နေရင်းမှ မျက်စိ တစ်ချက် ပွတ် လိုက်ကာ အိမ်ရှေ့ တွင် ခါးထောက် ပြီး လျှောက်ကြည့် နေသည့် ဦးတင်ဖေ ကို လှမ်း ပြောလိုက်သည် ။


“ ဟေ့ ... အေး ... အေး ၊ ဟုတ်သားပဲ ဟ ”


ခုနစ်စဉ် အမျှင်တန်း လျှောက် ကြည့်ရင်း အိမ် ပြင်ဖို့ စိတ်မော နေစဉ် ဇနီးသည် အသံ ကြား လိုက် မှ ဦးတင်ဖေ ယောင် အမ်းအမ်း နှင့် လှမ်း ကြည့် ဖြစ်သည် ။ ဇနီးသည် မှာ လည်း နေ့နေ့ညည နားရသည် မရှိ ။ လယ် လုပ်ချိန် လယ် ထဲ ၊ လယ် နားချိန် အနောက်တော တက် ၊ သက်ငယ်ရိတ် ၊ ထင်းခုတ် ၊ ကျရာကျပန်း လုပ် နေရသည် ။


အသက် လေးဆယ် အရွယ် မှာ ပင် အဘွားအို ဖြစ်နေပြီ ။ ဆံပင်ဖြူ ပါးရေနားရေ တွန့် နေ ပြီး နေလောင် နေစား ထား သဖြင့် အသားအရေများ လည်း မစိုမပြေ နိုင်တော့ပြီ ။ ဘဝ ၏ ဒဏ်ချက် တို့ ကား ဇရာ ကို အားပေး နေလေသည် ။


ဇနီးသည် ၏ သရက်ထည် လုံချည်နွမ်းကလေး မှာ လည်း အကွက်ပင် မပေါ်တော့ ပေ ။ ထသွား ထလာ ဥပုသ်သီတင်း ဘုရားကျောင်းကန် သွားရန် ပဒုမ္မာအင်္ကျီလေး တစ်ထည် တော့ ဒီနှစ် သရက် ပေါ် ချိန် တွင် ဖြစ်သည့် နည်း နှင့်ချုပ် ပေးမည်ဟု ဦးတင်ဖေ စိတ်ကူး ထား၏ ။


 ”အဖေကြီး ရေအိုး ချ ပေးပါဦး ”


အငယ်မ က အသံစာစာ နှင့် ဝင်လာသည် ။ မျက်နှာဝိုင်းဝိုင်း ၊ နဖူးကျယ်ကျယ် တွင် ဆံရစ်ဝိုင်း ကလေး ကျ နေသည် ။ ပါးမို့မို့လေး ပေါ် သနခါးဘဲကျားလေး ရိုက်ထားသည် ။ သူ့ အမေ ငယ်ငယ် က နှင့် တစ်ပုံတည်း ဖြစ်သည် ။ မျက်လုံးပြူးပြူးလေး အပေါ် မျက်ခုံးကြီး မိုးထားပုံ မှာ ပို တူသေးသည် ဟု ထင် မိ သည် ။ အငယ်မ လည်း ဒီနှစ် ဆယ့်ခြောက်နှစ် ရှိပြီ ၊ အရွယ်ကလေး ရှိလာ သဖြင့် ဝတ်ချင် စားချင် ပေလိမ့် မည် ။ မိဘ မသောင်သာ သဖြင့် သူ လည်း လူချင်း တူ အောင် သိပ် မဆင်နိုင် ။ ဒီနှစ် သရက် ပေါ်ချိန် ကျ ရင် တော့ လုံချည် နဲ့ အင်္ကျီ တစ်စုံ တော့ ချုပ်ပေးမည် မှန်းထား၏ ။


ရွာ ၌ နှစ်စဉ် ဆွမ်းကြီးလောင်းပွဲ ရှိသည် ။ ဘုရားတန်ဆောင်းကြီး တစ်ပတ် သံဃာတော်များ အား ဆွမ်းဆန်စိမ်း လောင်းရသည် မှာ ကြည်နူးစရာ ။ တစ်နှစ် တစ်ခါ မှ ဆွမ်းဆန်စိမ်းလေး မလောင်းရ လျှင် မျက်နှာ ငယ်စရာ လို ခံစားကြရသည် ။ လူကြီးများ က တော့ ကိစ္စ မရှိ ။ ငယ်သူများ က တော့ ရွယ်တူချင်း တွေ သူများ လောင်း နိုင် ၍ ကိုယ် မလောင်းနိုင် လျှင် ပို ခံစား ရသည် ။ ပိုက်ဆံ ရှိသူ တစ်ချို့ က တော့ စာရေးတံမဲ ၊ ဆွမ်း ၊ မုန့် ၊ ကုန်ခြောက် အစုံ ထည့်နိုင်ကြသည် ။ သီတင်းကျွတ်ပွဲတော် တွင် ကိုယ့် ရှိတာလေးတွေ ကို အစွမ်းကုန် ထုတ်ဝတ်တတ်ကြသည် ။ တော်သေးသည် ။ မနှစ်က သီတင်းကျွတ်ပွဲ တွင် ကိုယ် တစ်ဦး တည်း မလောင်းနိုင်သည် မဟုတ် ။ ကွက်သစ် က ရော ၊ ရွာလယ်ပိုင်း ၊ မြောက်ပိုင်း အတော်များ သည် ။


ဒီနှစ် တော့ သရက် ပေါ်ချိန်ကလေး ပဲ အားခဲ ထားသည် ။


“ ကဲ ... ပေါက်ပေါက် ရေ ၊ ရေ မခပ်နဲ့တော့ ၊ နင့် ဖအေ ကျောပြောင်ကြီး လည်း ခိုင်းလို့ မရ ၊ ထမင်းအိုး မီးမှုတ် ၊ ငါ ပဲ သစ်ပင် တက်တော့မယ် ”


ဒေါ်သန်းမြ ဒေါပွ မှ ဦးတင်ဖေ လည်း အတွေး ရပ် ကာ အိမ်ရှေ့ က နောက်ဖေး လာ ခဲ့သည် ။ မီးဖို ထဲ ရွေ့ရွေ့ဝင် လိုက်ကာ ပြာတစ်ဆုပ် ယူ လိုက်ပြီး ခါးတောင်းကျိုက် လျက် လက်မောင်း ၊ ကိုယ် တို့ ကို ပြာ သုတ် နေသည် ။


“ အဖေကြီး ... အိမ် သရက် ဆွတ် ရင် ထဘီ နဲ့ အင်္ကျီ နော် ၊ ဒီနှစ် ဝယ်ပေးမယ် ဆို ”


“ အေးပါ .. သမီး ရယ် ”


“ အစ်ကိုကြီးတို့ များ ဒီနှစ် လာကြမလား မသိဘူး ”


“ အမလေး ... နင့် အစ်ကိုကြီး တို့ မျှော် မနေနဲ့ ၊ သူတို့ လည်း သူတို့ ဟာ နဲ့ သူတို့ ပြေလည်တာ မဟုတ်ဘူး ။ ရွာ တစ်ခေါက် တစ်ခေါက် လာ ရတာ သက်သာတာ မှတ်လို့ ” 


အကြီးကောင်ကြီး မှာ မြို့ တွင် အိမ်ထောင်ကျ နေသည် ။ ရွာ ကို အလွန် တွယ်တာ သော ၊ မိဘ ညီ အစ်ကို မောင်နှမ အပေါ် သံယောဇဉ် ကြီးမားသော ၊ ငယ်ပေါင်းများ အပေါ် ခင်မင်လွန်းသော အကြီး ကောင်ကြီး ။ တစ်နှစ် တစ်ခါ ပင် ရွာ မရောက်နိုင် ။ ရသည့်လခလေး တစ်ရာကျော် နှင့် မိသားစု လုံးလည် လိုက် နေလိမ့်မည် ။


အလတ်ကောင် မှာ လည်း ဆိပ်ကမ်း တွင် အလုပ် ဆင်း နေသည် ဟု ကြားရသည် ။ ပင်ပန်း လိုက် မည် မှာ ဝီ ခေါ် နေ လိမ့်မည် ။ သူ လည်း သူ့ အိမ်ထောင် နှင့် သူ ။ တစ်နေ့လုပ် တစ်နေ့စား သိပ်တော့ ပြေလည်မည် မထင်လှ ။ မိဘ မှာ သူတို့တွေ အတွက်ပါ လိုက် ပူနေရသည် ။ သီတင်းကျွတ်ပွဲတော်ရက် မျိုး တွင် သူများ သားသမီးတွေ ပြန် လာတော့ ကိုယ့်သားသမီး ပြန် မလာရင် ရင် ထဲ ဟာ နေတော့သည် ။ သရက် ပေါ်ချိန်လေး ပြန် လာ ရင်တော့ အပြန် လမ်းစရိတ်လေး မြေးတွေ အတွက် မုန့်ပဲသရေစာလေး ပေးလိုက်နိုင်မည် မှန်း၏ ။ မြေးတွေ လည်း သရက်သီး လှိုင်လှိုင် စားရမည် ။ ဖင်ကောက်သီး မှာ ချိုလွန်း လှ ၏ ။ မချစ်စု က တော့ ဝမ်းပျဉ်း ဆိုလျှင် ပို ကောင်းသည် ။ သူတို့ မြို့ မှာ မောင်းလေး နှင့် တနောင်နောင် တီး ပြီး တစ်မတ်ဖိုး မှ လေးငါးစိတ် ရသည် ။ ရွာ ထွက် တစ်နှစ် သုံးထပ်သီး သရက်က တော့ အခွံ ထူ ပြီး ဆိမ့် နေသည် ။ 


ဒီနှစ် သရက် ပေါ်ချိန်တွင် သုံးထပ်သရက် ကို ဗန်းပြ ရောင်းရမည် ။ မြို့သူမြို့သားတွေ မှာ အဆန်း ဆို လျှင် ဘာရယ် မဟုတ် ၊ တစ်ယောက် ဝယ် ဝိုင်းဝယ်တတ်ကြသည် ။ ဈေး ကို အစောဆုံး သူ့ ထက် ငါ ဦးအောင် သွားရမည် ။ ဒါမှ ဈေးကောင်းလေး ရမည် ။ ဒီနှစ် အရှေ့ပိုင်း ၊ အလယ်ပိုင်း က လည်း သရက်တွေ ထွက် လိမ့်မည် ။


ဦးတင်ဖေ မှာ ခါချဉ်ကောင်များ ကို အထွေးလိုက် သပ် ချ ရင်း အသီးပြွတ်များ ကို သရက်ဆွတ် ခြင်းတံချူ နှင့် ဆွဲ ဆွတ် ဆွတ်နေသည် ။ သစ်ပင်ခွကြား တွင် သံပုံး ကို သင်အူကြိုး ချည်ပြီး အဆင်သင့် ထားပြီး ဖြစ်၏ ။ သံပုံး ထဲ အတွင် ဆွတ်ထည့်နေသည် ။ ဆွဲ ဆွတ်ရင်း အသီး တချို့ အောက် ပြုတ်ကျ ကုန်သည် ။


“ ဟေ့ ... ဖအေကြီး ဖြည်းဖြည်းဟေ့ အောက် မှာ အကုန် ကွဲကုန်ပြီ ။ ဖြည်းဖြည်း လုပ်မှ ပေါ့ ။ သမီး ကြည့် ကောက်နော် ခေါင်းပေါ် ပြုတ်ကျမယ် ”


“ အမလေး ... ”


ဒေါ်သန်းမြ အပေါ် မော့ ပြီး သတိပေး နေရင်း ကြား က ထိပ်ပေါ် ပြုတ် ကျသည် ။ အငယ်မ ရှုံ့မဲ့ ပြီး အပင် အောက် က ပြေးထွက် လိုက်သည် ။ အောက် က သမီး အော်သံ ကြောင့် ယောင်ယောင်မှားမှား ဖြစ် ကာ သံပုံး ထဲ တံချူတံ နှင့် ဆောင့် ထိုးလိုက်သည် ။ သင်အူကြိုး မှာ သံပုံးပြည့်မောက် လာသဖြင့် အလေး ချိန်ဒဏ် မခံနိုင် ဖျစ်ဖျစ် မြည်နေသည် ။


“ ဟဲ့ ... မသန်း ... မသန်း ဘေး ဖယ်နေ ”


ပြောပြောဆိုဆို သံပုံးများ ကြိုး ပြတ်ကျသည် ။ ဒေါ်သန်းမြဲ ခြေထောက် ရှပ် ထိ သွား၏ ။

 

“ အမလေး တော် ... ကုန်ပါပြီ ”


ဒေါ်သန်းမြ မှာ ခြေထောက် ထိသည် ကို မရု မစိုက်နိုင် ။ သရက်သီးများ မြေကြီး နှင့် ပုံးဆောင့်ပြီး ကွဲကြေ ကုန်သည် ကို သာ စိတ်မကောင်း ဖြစ်ရင်း ရှေ့ ခပ်လှမ်းလှမ်း ဆီ လိမ့်သွားသည့် သရက်သီး ကို လှမ်း ကောက် ရန် ခြေ လှမ်း လိုက်ရာ ခြေမျက်စိနား ဆီ က မျက်ခနဲ ဖြစ် သွားကာ ကိုယ် နည်းနည်း ယိုင် သွားသည် ။ ဘေးနား ထိုင်နေသည့် အငယ်မ လည်း ထိပ် ပွတ်ပြီး သရက်သီး ထ ကောက် ပြန်သည် ။


အပင် ပေါ် မှ ဦးတင်ဖေ လည်း ကမန်းကတန်း လျှော ဆင်း လာသည် ။ လက်မောင်း ၊ ရင်ဘက် တို့ တွင် ပွန်းစုတ် ကုန်သည် ။


“ ဘာဖြစ်သွားလဲ ... ဘယ်ထိသွားလဲ ”


ဦးတင်ဖေ ပျာယာခတ် သွားသည် ။ ဒေါ်သန်းမြ မှာ ရှပ် ထိ သွားသော ခြေမျက်စိ နား လှမ်းဖျစ် ကိုင် လိုက်ရင်း ရှုံ့မဲ့ ကာ တဗျစ်တောက်တောက် ပြော နေသည် ။ ဦးတင်ဖေ ကား ဒေါ်သန်းမြကို  ကရုဏာ သက်စွာ ကြည့်ရင်း တဖျဉ်းဖျဉ်း ကုတ် နေတော့သည် ။


 ”ဟေ့ ... အကွဲ နဲ့ အကောင်း မရောနဲ့နော် ။ အကောင်းတွေ က အုပ်ရဦး မှာ  ။ အကွဲတွေ က အကွဲဈေး သပ်သပ် ။ မနက် ရှိတဲ့ အမှည့် ဖော် ၊ စိမ်း တချို့ အကွဲ တချို့ ယူ ... ဈေးထွက်မယ် ။ အရင် အပတ် က မိလှိုင် တို့ ဆီ က ကောက်တဲ့ သရက်မှည့် ရော ပေါ့ ။ ဟဲ့ ... ပေါက်ပေါက် ရေအင်တုံ ယူ တစ်ခါတည်း ရေ စင်စင်ဆေးစမ်း ” 


သမီးငယ် နှင့် ဖအေကြီး မှာ အလုပ် များ သွားကြသည် ။


နေလုံး ပျောက် ၍ မိုးပင် စုံးစုံး ချုပ် နေပြီ ။ မိုးပေါက်ကလေးများ လည်း တဖွဲဖွဲ ကျ နေဆဲ ပင် ။


ကျောပြောင်ကြီး ချွေးအလိမ်းလိမ်း တွင် ပြာမှုန်တွေ ကပ် နေသည် ကို ဂရု မထားနိုင် ။ ဦးတင်ဖေ ကား ကောက်ရိုးမျှင်များ ကို ဆွဲ ဆွဲ ဖယ်ရင်း အမှည့် အကောင်း ရွေး ထုတ်နေသည် ။ တစ်ခြမ်းပုပ် နေသည့် သရက်သီးများ လည်း ထွက် လာသည် ။ သိပ် မမှည့် သေးသည့် ဝမ်းပျဉ်း တချို့ ကို တော့ ချန်ထားရ ဦးမည် ။ အမှည့် လွန် ပြန် လျှင် လည်း ဒုက္ခ ။ အရောင်လည်း ထွက် မှ ။ ခြင်းအထည့် လည်း ခံဦးမှ ၊ ဒါမှလည်း ရောင်းပန်း လှပေမည် ။


“ အမေတို့ နောက် တစ်ခါ သရက် ကောက် တာ ကြည့် ကောက် နော် ။ အနာ ပါတာ အုပ်တော့ ပုပ် ကုန်တာပေါ့ ”


“ အဲဒါ နင့် အဖေ လေ ၊ အားနာပြီး အနာ ပါ တာ ရာရေ ထဲ ထည့် ရေတော့ အခု အပုပ်တွေ များ ကုန် ပြီ မဟုတ်လား ၊ ရှုံး တောင် ရှုံးဦးမယ် ”


“ နင့် ပါးစပ်ပုပ်ကြီး နဲ့ ဟယ် ... ဈေးဦး ဈေးဖျား ”


ဦးတင်ဖေ ကား ဒီ တစ်ခါ ခပ်ဆတ်ဆတ် သူ့ဇနီး ကို ပြောလိုက်သည် ။ အိမ်နီးနားချင်း သရက် တွေ လည်း လာ ပို့ကြသည် ။ အိမ်ရှေ့ ခြံကွက် တွင် သရက်သီးများ နှင့် ပွစာကြဲ နေလေသည် ။


“ ကဲ ... ကဲ တော်ပြီ ၊ ဒီနေ့ အစိမ်းတွေ နောက်နေ့ မှ အုပ်မယ် ၊ ညဉ့် လည်း နက်ပြီ ထမင်းစားကြ မယ် ။ ဖအေကြီး လည်း ရေ မချိုးရသေးဘူး ... အငယ်မ ရော ”


 ”ကျွန်မ လည်း မချိုးရသေးဘူး ”


 ”အေး ... ခု အချိန်မှ ချိုး မနေနဲ့တော့ ရေခပ် သွားတာက တမေ့တမော ။ ဘယ် လင် မျှော် ...တယ် လေ ငါ မပြောလိုက်ချင်ဘူး ”


“ ရေစစ် နေရတယ် အမေ ရဲ့ ”


“ ဟဲ့ ... ငါ့ ပြန် အော်မနေနဲ့ ”

 

“ ဟေ့ .. .ဟေ့ ... တော်ကြ ၊ အချိန် မရှိဘူး ၊ ကဲ ထမင်း စားမယ် ၊ မနက် အစောကြီး ထရဦးမှာ ”


မိသားစုတွေမျာ တစ်ညနေလုံး နားရသည် မရှိ ။ ဟိုလုပ် ဒီလုပ် နှင့် အလုပ် ရှုပ်ရင်း က ပင် မိုးစုံးစုံး ချုပ် သွားသည် ။ အလုပ် များ နေ သဖြင့် အချိန် ကို ပင် မေ့ နေ မိသည် ။


လူကြီးခေါင်းချ ကြက်များ ပင် တွန် ပေပြီ ။ ညဉ့်နက်လှပြီ ။ သရက်ပင်အုပ် အလယ် မှ ယိုင်နဲ့နဲ့ သက်ငယ်မိုး အိမ်ကလေး အတွင်း ဝယ် မီးရောင်ကလေး မှိန်မှိန်ပင် အားယူ လင်း နေရှာ၏  ။ ခပ်ဖျော့ဖျော့ မီးရောင် အောက်ဝယ် ဦးတင်ဖေ တို့ မိသားစု မှာ ယခု မှ ပင် ညစာ စားကြရသည် ။


အပြင်ဘက် တွင် တော့ မိုး တစ်ခွင်လုံး မည်းမှောင် နေသည် ။ တစ်ဖက် တစ်ချက် တွင် လေစိမ်း တိုက်ခတ် လာသည် ။ အိမ်ကလေး မှာ သိမ့်ခါ နေ၏ ။  


“ ဘုရား သိကြား မ လို့ မနက်ဖြန် မိုး မရွာပါစေနဲ့ တော် ” ဟု ဒေါ်သန်းမြ က အပြင် ဘက် လှမ်း ကြည့် ရင်း ဆုတောင်း ရေရွတ် နေသည် ။ အငယ် မက ဝါးခနဲ တစ်ချက် သမ်း လိုက်၏  ။ ဦးတင်ဖေ ကျောပြောင်ကြီး ၌ ချွေးများ ကား စီးကျ လျက် ။


 •••••   •••••   •••••


ရွာဖျား ဘက် ဆီ မှ ခွေး ဟောင်သံများ ကြားရသည် ။ အငယ်မ က ဟောက်များ ပင် ဟောက် နေပြီ ။ ဦးတင်ဖေ ကား တစ်ချက် ငိုက် လိုက်ရာ မှ ခွေးဟောင်သံ ကြောင့် ဖျတ်ခနဲ နိုးလာသည် ။ မီးရောင်မဲ့မဲ့ ဝယ် ဒေါ်သန်းမြ မှာ ပြောင်းဖူးဖက်ဆေးလိပ်ကြီး ခဲ ရင်း ခြင်းကွက်ကျားကြီး ထံ ကောက်ရိုး ဖြန့် ထည့် လိုက် ၊ သရက်သီးမှည့် တွေ ရေ ထည့် လိုက် လုပ်နေသည် ။ ဦးတင်ဖေ မျက်လုံး ပွတ် ထ ထိုင် လိုက်သည် ။ တစ်ဆက် တည်း ပင် အိမ် ရှေ့ မှ လူသံ သူသံ များ ကြားရသည် ။


“ ဟေ့ .. ရှင်မသန်း သွားမယ်ဟေ့ ”


တာဆုံးရွာ ဘက် က ဈေးသည်များ က အသံပြု သွားကြသည် ။ ဦးတင်ဖေ ကား

အငယ်မ ကို လှုပ်နိုး နေသည် ။ အငယ်မ ကား အင်း .. အဲ လုပ်နေ၏  ။ အိပ်သည် မှာ မကြာလှသေး သဖြင့် မျက်လုံး ဖွင့် မရ ။ မထ ချင် ဖြစ်နေသည် ။ ဒေါ်သန်းမြ မှာ တစ်မှေး မျှ ပင် မမှေးရသေး ။


အငယ်မ ကို အတော်လေး လှုပ် နိုး နေရသည် ။  “ နင် အင်္ကျီ မယူဘူးလား ” ဆိုမှ လူးလဲ ထ တော့ သည် ။


ဦးတင်ဖေ က ခြင်း တစ်ဖက် တစ်လုံးနှင့် တစ်ထမ်း ။ ဒေါ်သန်းမြ က ခြင်းတောင်း တစ်လုံး ။ အငယ်မ က တောင်းစောက် တစ်လုံး ။


ဒေါ်သန်းမြ မှာ ခြေထောက် က လှမ်း လိုက်တိုင်း မျက်တက်တက် ဖြစ် နေ သေးသည် ။ အငယ်မ မှာ လည်း တောင်း ကောက် ပင့်ပေး လိုက်သော အခါ တစ်ချက် မျက်နှာ ရှုံ့ သွားသည် ။ ထိပ်ဖု နေ လျက် ကြိတ်မှိတ် ရွက် လိုက်သည် ။


ဒေါ်သန်းမြ ခြေပျက် နေသဖြင့် မီးဆွဲ ကို အငယ်မ က လှမ်းယူ ကိုင် လိုက်သည် ။ သားအမိသားအဖေ သုံးဦး ဈေးထွက် လာသော အချိန်မှာ ကြက်ဦး ပင် တွန် ၍ ရောင်နီ ပင် ပျို့အန် လာပေရော့မည် ။


 •••••   •••••   •••••


ဆိုကောင်း မည်ကောင်း မိုးကြီး သံသံမဲမဲကြီး မရွာ သဖြင့် ဒေါ်သန်းမြ ဆုတောင်း ပြည့် သည် ဟု ပင် ဆိုရမည် ထင်သည် ။ သို့သော် တဖွဲဖွဲလေး ကား ကြဲဖြန့် နေတုန်းပ င် ။ လယ်ကွင်းဖြတ်လမ်း တစ်လျှောက် မှာ ချော်ကျွတ် ချော်ကျွတ် ဖြစ်နေ၏ ။ ဒေါ်သန်းမြ မှာ မနည်းကြီး ထိန်း လျှောက် နေရသည် ။ အတော်ကြီး ဣန္ဒြေ လုပ် လျှောက်တာ တောင် မှ ထော့နဲ့ ထော့နဲ့ ယိုင်နဲ့ နေသေးသည် ။


 ”ဟေ့ ... လမ်း ကြည့်သွားနော် ၊ မီးဆွဲ တည့်တည့်ပြ ”


ဦးတင်ဖေ လည်း မနည်း ထိန်း ထမ်းနေရသည် ။ ယခုလို မိုးလေး တစ်ပြိုက် နှစ်ပြို က် ဖျန်းပက်ပြီး စ တွင် တစ်နွေလုံး ခြစ်ခြစ်တောက် ပူထားသည့် မြေပြင် မှာ အငွေ့များ ပျံ့ ၍ တရှိန်ရှိန် ဖြစ်နေသည် ။ မြွေ ၊ ကင်း တို့ ထွက် တတ်သည် ။ မြက်စပ် နှင့် လှည်းလမ်းကြောင်း ထဲ က မသွားမိ စေရန် သတိပေး နေရသည် ။ မိုးသံ လေသံ တို့ ကား ခြိမ်းခြောက် နေသည် ။ ပတ်ဝန်းကျင် ဝယ် မည်းမှောင် နေဆဲပင် ။


ဦးတင်ဖေ ၏ သရက်ခြင်း ထမ်းပိုး မှာ ညွှတ် ညွှတ်ပြီး တကျွိကျွိ မြည်သံ မှာ ခြေ လှမ်း လိုက် တိုင်း အချက်ကျ ပေါ်ထွက် နေသည် ။


ကွင်းပြင် ထဲ ဖြတ်၍ လေ မှာ တဟူးဟူး တိုက်ခတ် နေသည် ။ မိုးတဖွဲဖွဲ မှ သည်း မလာရန် ဒေါ်သန်းမြ ကား တဖွဖွ ဆုတောင်း လိုက်လာသည် ။ အသီးသီး ဈေးကွက်ဆီ သို့ စိတ်စော နေကြပြီး အတွေး ကိုယ်စီ နှင့် ရှိ နေကြသည် ။ လမ်း မသာ သဖြင့် ခရီးမတွင် သည် ကို အားမလို အားမ ရဖြစ်ကာ စိတ်တို နေကြသည် ။


ဦးတင်ဖေ မှာ ရှေ့ သာ နားစွင့် နေမိကြသည် ။ ယခု ထိ မိမိတို့ ရှေ့ က သွားနှင့်သည့်

ဈေးသည်အုပ် ကို မမီနိုင်သေး ။ ဒေါ်သန်းမြ မှာ ခြေထောက် မျက် နေ သဖြင့် စောင့် ခေါ်နေရသည် ။ အငယ်မ က စိတ်မြန် ကိုယ်မြန် ရှေ့ ရောက် ရောက်သွားကာ ကွာ ကွာ သွားသဖြင့် သတိပေး နေရသည် ။


ဘုန်းကြီးကျောင်းဝင်း ဖြတ် ၊ ကွင်း တစ်ဝက် သာသာ ဂူများ အလွန် လယ်ကန်သင်း ကမူ အတက် တွင် ဒေါ်သန်းမြ မှာ မထိန်းနိုင် ဘဲ ယိုင် ပြီး ခေါင်း ပေါ် မှ သရက်ခြင်း လည်ထွက် သွားသည် ။


“ ဟဲ့ .. နင့်မေကလွှား ”


ဦးတင်ဖေ က ယောင် ပြီး ဖမ်း ထိန်းလိုက် သေး၏  ။ မရလိုက်ပါ ။ ဒေါ်သန်းမြ သရက်သီးခြင်း ကား လှည်းလမ်းကြောင်း တစ်ဖက် လွှင့် သွားသည် ။ သရက်သီးများ လည်း တချို့ လှည်းလမ်းကြောင်း ဖုန်ထဲ ၊ တချို့ ကိုင်းစပ် ထဲ ထိ လိမ့်ပြေး ကြသည် ။


“ ဒီ ဖေ ...  သရက် ကို အကျိုးမပေးဘူး 

ဒေါ်သန်းမြ လည်း စိတ်တိုတို နှင့် ဆဲရင်း လိုက် ကောက် နေသည် ။ အရင် လို မှ အနှေး တွေ့ ဆို သလို ဖြစ်နေသည် ။ တချို့ အမှည့်များ မှာ ပေါက်ပြဲ ကုန်သည် ။ ဖုန် အလိမ်းလိမ်း နှင့် ရွှံ့ပေသည့် အလုံး က ပေနေပြီ ။ မျက်နှာပန်း မလှတော့ ။ ဒေါ်သန်းမြ က ရေရွတ် နေသည် ။ ဦးတင်ဖေ မှာ ခေါင်းသာ အတွင် ကုတ် နေ၏ ။ သူ့ ကျောပြင်ကြီး မှာ လည်း ချွေး ရွှဲ နေ ပြန်ပြီ ။


အငယ်မ လည်း စိတ် တို နေပုံ ရသည် ။ သူ့ ပါးအို့ ပေါ် မှ ဘဲကျားရိုက် ထားသည့် သနပ်ခါးကွက် မှာ လည်း ချွေးကွက် နေပြီ ။ ဆံတောက် အစပ် နဖူး ဆီ တွင် လည်း ချွေးတွေ သီးနေပြီ ။


ထိုစဉ် နောက်ဘက် ခပ်လှမ်းလှမ်း ဆီ မှ လူသံတွေ ကြားရသည် ။ ရွာလယ်ပိုင်း မှ ခွေးမ တို့အုပ်စု ဖြစ်၏ ။ သူတို့ လည်း ခြံထွက် ဆူးပုပ် ၊ ကင်ပွန်းချဉ် ၊ ငှက်ပျောသီး တို့ နှင့် ဈေးထွက် လာခြင်း ဖြစ်၏ ။


“ ဟဲ့ ... ဘယ်သူတွေလဲ မှတ်တယ် ။ ညည်းတို့ အပိုင်း က သရက် မထွက်ဘူးလား ” 


“ ထွက်ပါ တော် ၊ ဒေါ်ကျင်မြိုင်ကြီး ဖောက်သည် ပေး လိုက်တယ် ၊ ရန်ကုန် တင်မလို့ ဆိုလား ”


ရန်ကုန် တင်မည် ဆို၍ ဦးတင်ဖေ ရော ဒေါ်သန်းမြ ပါ အသက်ရှူ နည်းနည်း ချောင် သွားသည် ။ တစ်ယောက် ကို တစ်ယောက် တိုင်ပင် မထားရဘဲ ပြိုင်တူ ကြည့်မိ လိုက်ကြ၏ ။


တော်သေးရဲ့ ဟု ကိုယ်စီ တွေး လိုက်သည် ။ သို့မဟုတ် ပါ က ဤ နယ်ဈေးကွက် သေးသေးတွင် သရက် ဆုံ ကျ နေပါက အထိ နာ ပေလိမ့်မည် ။


သရက်သီးများ ကောက် ထည့် ပြီး ၍ ဆက် ထွက်လာကြသော အခါ ရောင်နီပင် ပြူ စ ပြုပေပြီ ။


“ ကဲ ... သမီး နဲ့ ဖအေကြီး ရှေ့က သုတ်သုတ် သွား နှင့် ၊ ငါ ဒီက ခွေးမတို့ နဲ့ စကား ပြောရင်း ဖြည်းဖြည်း လိုက်ခဲ့မယ် ”


အငယ်မ က သူ့ အမေ ကို ဂရုဏာသက်စွာ ကြည့် လိုက်သည် ။ တစ်ဆက်တည်း ဖအေကြီး ကို ကြည့် လိုက်၏ ။ ဦးတင်ဖေ ခေါင်းညိတ် ပြ လိုက်၏ ။


သုတ်သုတ် သုတ်သုတ် နှင့် အငယ်မ က ရှေ့ က လှမ်းနှင့် သည် ။ စိတ်ဆော နေ သဖြင့် သရက်သီး ကျသည့် ဒဏ် ဖြင့် ထိပ် ကျိန်းနေသည် ကို ပင် မေ့ နေတော့သည် ။


ဦးတင်ဖေ လည်း ဒေါ်သန်းမြ ကို တစ်ချက် ကြည့် လိုက်ပြီး ကောက်ထွက်ခဲ့တော့သည် ။ “ ရှင့် မယား ကို ကိုက် မစားဘူး ၊ စိတ်ချ တော်ရေ ” ဆိုသည့် အာသွက် ခွေးမကြီး လှမ်း နောက်သံ ကြောင့် စိတ်ညစ် ပြေ သလိုတော့ ရှိသွားပြီ ။ အငယ်မ ကား တော်တော်လှမ်းလှမ်း ရောက် သွားပြီ ။ ဦးတင်ဖေ လည်း မပြေးရုံ တစ်မယ် တရကြမ်း နှင် လေတော့သည် ။


 •••••   •••••   •••••


“ လာ လာ ... သုံးထပ်သရက်တွေ ။ တစ်နှစ်သုံးထပ် သီးတယ်နော် ... ချိုတယ် မွှေးတယ် ”


အငယ်မ ၏ အသံစာစာ ကို ကြား ရသည် ။ ဦးတင်ဖေ ဈေးကွက် ထဲ ရောက်တော့ မိုး စင်စင် လင်း နေပြီ ။ အငယ်မ က ကောက်ရိုး ဖြန့် ခင်းပြီး သား ၊ သရက် စီ ချ ပြီးသား ဖြစ် နေပြီ ။ အော် ရောင်း နေပြီ ။ အပျို အရွယ်လေး မရှက်မရွံ့ ဘဲ အာသွက်လျှာသွက် ဖြင့် ဤသို့ မိဘကူညီဖော် ရသည် ကို ဦးတင်ဖေ ကျိတ် ပီတိ ဖြစ်ရသည် ။ ချက်ချာပုံ ၊ စိတ်မြန်ပုံ မှာ သူ့ အမေ နှင့် တစ်ထေရာတည်း ဖြစ်သည် ။ အကြီး ကောင်ကြီး မှာ သူ့ လို မချက်ချာ ။ မြို့ ကျောင်း သို့ စပါးပေး ယူထား ခံ၍ လား မသိ ၊ ရောင်းရေးဝယ်ရေး ကို ရှက်ရွံ့ရွံ့ ရှိသည် ။ အလတ်ကောင် က တော့ မိဘ ခြေ ကို မီသည် ။


“ အမေ ... ဘယ် ကျန်ခဲ့လဲ ”


ဦးတင်ဖေ က ကုန်စိမ်းတန်း ဘက် မျက်စိ ဝေ့ ကြည့်လိုက်သည် ။ တာဆုံးရွာ ဘက် မှ သရက် နှင့် လာသည့် တောသည် နှစ်ဦး သာ တွေ့ရသည် ။ နှစ်ဦး ပေါင်း မှ သရက် နှစ်ရာ ကျော်ကျော် သာ ရှိ လိမ့်မည် ။ တော်သေးရဲ့ ဟု စိတ် ထဲ က အောက်မေ့ မိ လိုက်သည် ။ အငယ်မ ဘေး တွင် ဟင်းရွက်သည် နှစ်ဦး ရောက် နှင့် နေ သဖြင့် တစ်ဖက် မှ သာ ခင်းရ တော့သည် ။


“ ဘယ်လို ရောင်းလဲ ”


“ တစ်ကျပ် သုံးလုံး ပါ ၊ သုံးထပ်သရက် ဟုတ်ကဲ့ ”


“ ခြောက်လုံး ရမလား ခြောက်လုံး ”


အငယ်မ ခါးထောက် ပစ် လိုက်သည် ။ ဖြူဖြူဖိုင့်ဖိုင့် ဝင်းအိ နေသည့် လက်မောင်း ပေါ် ၌ ကျောက်စိမ်းလက်ကောက်တွေ ဆင့်ဝတ်ထားသည့် ခပ်ချောချော မိန်းမ ၊ ဇာအင်္ကျီလှလှ အတွင်းမှ ယိုးဒယား ဘတ်ကြိုးကြီး က လျှာထုတ် ပြောင်ပြ နေသယောင် ထင် မိသည် ။ ပါတိတ်အကောင်းစား အစစ် နှင့် ခေါင်း တွင် ရွှေဘီး စိုက်လျက် ။ ဒီလို လူစားမျိုး က အားမနာ လျှာမကျိုး နှင့် ဆစ် ရက်သည် ။ အငယ်မ မှာ တစ်ဆက် တည်း ထိပ်ပေါ် သရက်သီး ပြုတ်ကျသည် ကို သတိရ လာသည် ။


ခြေထော့ကျိုး နှင့် အမေ ပင် ရောက် မလာသေး ။ ချွေးရွှဲ ကျောပြင်ကြီး နှင့် ရင်ဘတ်တွေ ပွန်း ကုန်သည့် ဖအေကြီး မှာ တစ်ဖက်တွ င် ကုန်း ပြီး သရက်တွေ စီခင်း ချနေသည် ။ လမ်းချော်ချော် ထဲ တွင် အမောတကော ရွက်လာရသည် မှာ အမောပင် မပြေသေး ။ သရက်ဖော်စဉ် က လည်း အလုပ်တွေ များ လှသည် ။ ရွာ တွင် အစိမ်းတောင် တစ်ကျပ် ငါးလုံး ကောက်ခဲ့ရသည် ။


“ ဘယ်လိုလဲ ... ရမလား ၊ ရရင် ယူမယ် ၊ အောက် မှာ ညစ် လည်း ညစ်ပတ် နေတယ် ။

သူများ မှာ လိုက်လို့ သာ ”


“ မရဘူး ၊ ဒါ ဈေးကွက် ရှင့် ... အောက်ခင်း မရောင်းလို့ ဘယ်ပေါ် တင် ရောင်းရမလဲ ။ အောက် မှာ ပေမယ့် ကောက်ရိုး ခင်း ထားတယ် ။ ဒါ သုံးထပ်သရက် သိရဲ့ လား ။ ဒါလောက် ဈေးဦးဈေးဖျား ”


“ ဟဲ့ ... ဟဲ့ ”


အငယ်မ က ဒေါပွ ပြီး ပြော နေသည် ။ အငယ်မ အသံ ကြား မှ ဦးတင်ဖေ ခေါင်းမော့ ကြည့်ပြီး လှမ်း တားရ သည် ။ ကျောက်စိမ်းလက်ကောက် နှင့် မိန်းမ မှာ ထ ရပ် လိုက်သည် ။ သူ့ နောက် က ဆွဲခြင်းကိုင် ကလေးမလေး မှာ ခပ်ယို့ယို့ကုပ်ကုပ်ကလေး ပင် ။ ခပ်ချောချော မိန်းမ လည်း ဟန်ပါပါ ခါး ထောက် လိုက် သည် ။ ဘေးနား မှ တောသည်တွေ မှာ ထို မိန်းမ ကို ငေး ကြည့် နေကြ၏ ။


“ ဟေ့ ... ရောင်းသူ နဲ့ ဝယ်သူ ရ မလားလို့ ဆစ် တာပဲ ။ တောသူမ က လူပါးဝ လို့ ။ အနုတ်စုတ် ဂုတ်စုတ် နဲ့ ၊ ရောင်းတော့ သရက်သီး ၊ မာရေကျောရေ နဲ့ ”


မိန်းမ မှာ ချော သလောက် မှိုချိုးမျှစ်ချိုး နှိမ်နင်း ပြောချ နေသည် ။ အငယ်မ မျက်နှာထား လည်း ခက်ထန် နေပြီ ။


“ ကဲ ... တောသူမ အကြောင်း သိချင် လာခဲ့စမ်း ”

 

“ ဟဲ့ ... ဟဲ့ ”


အငယ်မ မှာ တဆတ်ဆတ် တုန်နေပြီ ၊ ဦးတင်ဖေ ရော ။ ဘေးနား က ဈေးသည်တွေ ပါ အငယ်မ ကို ဝိုင်း ဆွဲ ထားရသည် ။ အငယ် မမှာ ဝိုင်း ဆွဲသည့် ကြား က အင်္ကျီ လက်မောင်း ပင့် တင် လိုက်ကာ တစ်ချက် စောင့်ရုန်းပြီး ဖိနပ် ကောက် ကိုင်လိုက်သည် ။ ရိုက်ပစ်မယ် တကဲကဲ လုပ်နေသည် ။ ကျောက်စိမ်း လက်ကောက် နှင့် ခပ်ချောချော မိန်းမ မှာ နောက်သို့ နည်းနည်း ရို့ သွားသည် ။


“ ဟေ့ ... ယူ ဘယ်လို ဖြစ်လို့လဲ ”


“ အလကားပါ ကွယ် ၊ အောက်တန်းစားတွေ နဲ့ ဆက်ဆံရတာ သိပ် အောက်တာပဲ ” 


စိန်နားကပ် နှင့် မိန်းမ တစ်ယောက် ရောက် လာပြီး ခပ်ချောချော မိန်းမ နှင့် လေပေးဖြောင့် သွား ကြသည် ။ အငယ်မ မှာ ထဘီတိုတို ဝတ် လိုက်ပြီး အံ ကို တင်းတင်းကျိတ် ထားသည် ။


“ ကောင်မတွေ က လူပါးဝ လို့ ၊ ကျောက်စိမ်းလက်ကောက် ဝတ် လို့ အထင်ကြီးမယ်များ အောက်မေ့ နေသလား မသိဘူး ၊ ဖိနပ်စာ ကျွေးပစ်လိုက်လို့ ပါးကွဲ ထွက်သွားမယ် ”


“ ဟဲ့ ... ဟဲ့ ဘယ်လိုဖြစ်ကြတာလဲ ”


ခြေထောက် ထော့နဲ့ ထော့နဲ့ နှင့် ဒေါ်သန်းမြ တို့ လည်း ရောက်လာကြပြီ ။ အငယ်မ ဒေါပွနေသည် ကို တစ်ချက် ကြည့် ပြီး ဦးတင်ဖေ ကို မေး လိုက်သည် ။ ဦးတင်ဖေ လည်း ဒေါ်သန်းမြ ခေါင်း ပေါ် မှ သရက်ခြင်း ကို ခပ်ဖြည်းဖြည်း ထိန်း ချ ပေးလိုက်သည် ။


“ နင့် သမီး .. ဟိုမှာ ဆစ်သွားလို့ တဲ့ ”


“ ဆစ်ရုံတင် မဟုတ်ဘူး အမေ ရ ၊ ကောင်မတွေ ကို က လူပါး ကို ဝတယ် ”


ယခုထိ အငယ်မ မှာ ခုံဖိနပ် ကို ကိုင်လျက် ။ အသား တဆတ်ဆတ် တုန် ဒေါသ ဖြစ်ဆဲ ။


“ နေစမ်းပါဦး ၊ ဘယ်လောက် ဆစ်လို့လဲ ”


“ တစ်ကျပ် သုံးလုံး ပြောတာ ဟိုက ခြောက်လုံး ဆစ်တယ် ”


ဦးတင်ဖေ က ရှင်းပြ နေသည် ။


“ ရွာ မှာ အစိမ်းတောင် တစ်ကျပ် ငါးလုံး ယူရကာ  ၊ အကွဲတွေ ရာရေထဲ ပါလို့ ၊ အမှည့် ဖော်တုန်း က တောင် အပုပ်တွေ အများ ကြီး ထွက်လာတယ် မဟုတ်လား ။ အမှည့် ခေါင်လုံးတွေ တစ်ကျပ် သုံးလုံး မှ မရောင်း ရ ရင် ဘယ့်နှယ် လုပ်မလဲ ။ နောက် အအိပ်ပျက် ၊ အစားပျက် လုပ်ရတာ ”


မကျေမနပ် နှင့် အငယ်မ က ပြော နေသည် ။ ဒေါ်သန်းမြ က သက်ပြင်း ချ လိုက်သည် ။ မိမိ ကိုယ်တိုင် လည်း အသိပင် ။


“ အေး ... ဒါပေမဲ့ သမီး ရေ ၊ ဟိုဘက် ထိပ် မှာ ဒေါ်ကျင်မြိုင်ကြီး တို့ တစ်ကျပ် ခြောက်လုံး နဲ့ ခေါင် လုံးတွေ အော် ရောင်း နေတယ် “ 


“  ဟင် ... ”


ပါးစပ် အဟောင်းသား ဖြစ် သွားသည် ။ အငယ်မ လည်း မျက်လုံး ပြူး သွားတယ် ။ ဒေါ်သန်းမြ လည်း စိတ်ပျက်လက်ပျက် နှင့် ထိုင် လိုက်သည် ။


 ”ကျင်မြိုင်ကြီး တို့ ရန်ကုန်ကား မမီလို့ တဲ့ ။ သရက် ထောင့်ငါးရာ လောက် ရှိမယ် ။ အရှုံးခံချ တာပဲ ။ မြောက်ဘက် ကျောက်တိုင်ဈေးတန်း လည်း ညောင်ပိုင်းဘက် က သရက်တွေကျ နေတယ် တဲ့ ။ မိလှိုင် လာ ပြောသွားတယ် ။ ကျင်မြိုင်ကြီး တို့ သရက် က ကျုပ်တို့ သရက် လောက် တော့ အရောင် မထွက်သေး ဘူး ။ နည်းနည်း မာ မှာ ပေါ့ ”


ဦးတင်ဖေသည် ခေါင်း ကို နာနာ ကုတ် လိုက်သည် ။ အင်္ကျီ မကပ် နိုင် သည့် သူ့ ကျောပြင်ကြီး မှာ ပိုပြီး ချွေးရွှဲ လာသည် ထင်သည် ။ မိမိတို့ သရက် လောက် အရောင်မထွက် ဆို သဖြင့် စိတ်တော့ နည်းနည်း သက်သာသည် ။ မြောက်ဘက် ကျောက်တိုင်ဈေးလည်း ညောင်ဝိုင်းသရက်တွေ ကျနေပတဲ့ ဆို သဖြင့် ခေါင်းတော့ ရှုပ်မိ ပြန်သည် ။ အငယ်မ က တော့ အံ ကို ကျိတ်ထား ဆဲ ပင် ဖြစ်သည် ။


ဒေါ်သန်းမြ ကား ခြေထောက် မျက်သည့် နေရာ ကို လက် နှင့် ဖျစ် လိုက်ရင်း ပြောင်းဖူးဖက်လိပ် ကို ငေါ့ နေသည် ။ ဦးတင်ဖေ ထပ် ခေါင်း ကုတ်ပြီး ခါးကြီး ထောက်လိုက်သည် ။ ပြီး ... အနောက်ဘက် ဈေးတန်း ဆီ လှမ်း မျှော် ကြည့်လိုက်၏  ။ ဘာရယ်လို့တော့ မဟုတ် ။ ကြံရာ မရ ဖြစ်နေသည် ။


အနောက် ကောင်းကင် တခု တွင် ညိုမှိုင်း နေပြီး မိုးလုံးကြီး ချီလာသည် ။ မိမိတို့ သရက် က အရောင် ထွက် စားဖို့ အနေတော် အမှည့် ဖြစ်နေ သဖြင့် တစ်ပန်း သာသည် ဟု သက်သာရာ ရခဲ့သည့် စိတ်ကလေး မှာ မိုးလုံးကြီး တက် လာ သဖြင့် ပျောက်ကွယ်ကုန်သည် ။ မိုးကြီး သည်းထန်စွာ ရွာ လျှင် သရက်မှည့်များ ပျော့ပြဲ ကုန်လိမ့်မည် ။


ကုန်း ပေါ် တွင် မဆောက် နိုင် သဖြင့် လေ ထဲ တွင် တဲအိမ်ကလေး ထိုး ကြည့် မိသည် ။ ထို တဲအိမ်ကလေး လည်း ပြိုကျ သွားတော့သည် ။


“  ကဲ ... လာ လာ ... သုံးထပ်သရက်တွေ ၊ တစ်ကျပ် ခုနစ်လုံး ၊ ခုနစ်လုံး ပေါပေါ ပေး နေပြီ ”


ရုတ်တရက် ဦးတင်ဖေ ထ အော်သည် ။ ဒေါ်သန်းမြ ရော အငယ်မ ပါ မျက်လုံး ပြူး ပြီး ဦးတင်ဖေ ကို ကြည့် ကြသည် ။ ဘယ်လိုမှ နား မလည်နိုင်ကြ ။ တစ်ကျပ် ခုနှစ်လုံး အော် သဖြင့် ဝယ်သူ တချို့ ရောက် လာ ကြသည် ။


“ ဟေ့ .. ကြည့် မနေနဲ့ မသန်း ၊ ထ ... ထ နင့် ခြင်း ထဲ က ထုတ် ... ”


ဒေါ်သန်းမြ လည်း ကမန်းကတန်း ထ သည် ။ အငယ်မ လည်း ပြန် လှုပ်ရှား လာသည် ။ ဖအေကြီး ကို လည်း မကျေမနပ် ကြည့် လိုက်သည် ။ သူ့ စိတ်ကူးထဲ က အင်္ကျီ အဆင်ဆန်းကလေး လည်း ပျောက် သွားပြီ ။ သီတင်းကျွတ်ပွဲတော် နွှဲမည် စိတ်ကူးလှေကလေး လည်း မိုးရေ ထဲ မျောပါ သွားပြီ ။


“ တစ်ကျပ် ရှစ်လုံး ရမလား ”


“ ဟေ့ ... ပေးလိုက် ... ပေးလိုက် ”


အငယ်မ ဘက် က ဆစ်သံ ကြား သဖြင့် ဦးတင်ဖေ က ကမန်းကတန်း လှမ်း ပြောရင်း သူ ကိုယ်တိုင် လည်း ဝယ်သူ ကို ရေတွက် ထည့် ပေး နေသည် ။ အငယ်မ မကျေမနပ် လှမ်းကြည့်လိုက်သည် ကို လည်း သူ ဂရုမစိုက်တော့ပြီ ။


အနောက်ဘက် မှ မိုးသားတွေ လိမ့် တက် လာပြီ ။ လျှပ် ပြက် လိုက် တဂျိမ်းဂျိမ်း မာန် ဖီလိုက် နှင့် ။ တဖွဲဖွဲ မှ တသည်းသည်း ချပေတော့မည် ။ မကြာခင် က ပင် သဲကြီးမဲကြီး ရွာပေရော့မည် ။


ထိုအခါ မှ ဒေါ်သန်းမြ လည်း လှုပ်ရှား လာသည် ။ ခဏအကြာ တွင် တော့ “ ဆယ်လုံး ဆယ်လုံး ” ဆိုသည့် ဦးတင်ဖေ အသံကြီး က ဈေးကွက် ထဲ လွှမ်း နေသည် ။ ဒေါ်သန်းမြ ကား ရာသီဥတု ကို ကျိန်ဆဲ နေ လေတော့သည် ။


◾ကြည်နိုင်


📖 မိုးဝေ မဂ္ဂဇင်း

      ၁၉၈၁ ခု ၊ မေလ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment