Thursday, March 7, 2024

ဂီတအတွက် ကဗျာငှက် အားလုံးအတွက် ထူးအိမ်သင် ( ၂ )


 

( နှစ် )

“ ကျော်မြင့်လွင် ”  “ သျှပ်မှူးကျော် ” ဆို တဲ့ ကဗျာ ရေးခဲ့တဲ့ ဘဝလေး ၊ ကဗျာ ကို ဖက်တွယ် ချစ်မက်ခဲ့တဲ့ ကဗျာဆရာ စိတ်လေး ဟာ ထူးအိမ်သင် ဆိုပြီး နိုင်ငံကျော် ဖြစ်နေတဲ့ ထိ ဂီတ လောက မှာ အနုပညာ အရ ဖယ်ရှား လို့ မရနိုင် အောင် သြဇာ ရှိနေချိန် ထိ ကဗျာဆရာ ဆိုတဲ့ ဂုဏ် ကို ဘာ နဲ့ မှ မလဲနိုင် အောင် ကဗျာ ကို ချစ်ခဲ့တာလေး ပြောပြမယ် အမေ ။

ကျွန်တော် က ဝါတွင်း ဆို မသောက်မစား သက်သတ်လွတ် ဆိုတော့ မြင့်မိုး နဲ့ လိုင်း တူ သွားပြီး အားတာ နဲ့ အတူ ရှိကြ ၊ ကဗျာ အကြောင်း ပြော ၊ ရေးထားတာ တွေ ဖတ်ကြ ပြုကြ ၊ နေနေကျ ။ တစ်ရက် မှာ ငှက် က မြင့်မိုး ဟန်းဖုန်း ကို ဆက် ပြီး “ မင်း ဘယ် မှာ ရှိ လဲ အရေးကြီး လို့ ငါ လာခဲ့မယ် စောင့်နေ ” ဆိုပြီး ကျွန်တော် တို့ ရှိရာ လာပါတယ် ။ ကျွန်တော်တို့ က မစ္စတာဂစ်တာ မှာ ပါ ။

ရောက် လာတော့ ခြေကားယား လက်ကားယား နဲ့ အတော် ဒေါသ ထွက် နေတဲ့ ပုံ ပါပဲ ၊ မြင့်မိုး ကို

“ ဖြူဖွေး မင်း ဖတ်ပြီးပြီ မဟုတ်လား ၊ ဘာမှ စာမျက်နှာ ပေါ် မှာ ရေးကြီးခွင်ကျယ် လုပ်ရမယ့် အလုပ် မဟုတ်ဘဲနဲ့ ငါ ရော မင်း ပါ လေထန်ကုန်း ရောက် နေတာပဲ ၊ မရောက် လည်း တစ်ယောက် ယောက် ခေါ် ခိုင်းပေါ့ ကဗျာဆရာ ချင်း ဆိုတဲ့ စိတ်တောင် မ မွေးဘူး ။ အဲဒီကောင် က ဘယ် အရွယ် က ကဗျာ ရေးတာမို့ လဲ ၊ ကဗျာ ဘယ်နှသိန်း ဖတ်ပြီး ကဗျာ ဘယ်နှသိန်း လောက် ရေး ပြီး ပြီလဲ လာ အခု သွား ရှင်းမယ် xxxxxxxx ... ”

ကဗျာဆရာ တစ်ယောက် က သီချင်း ခေါင်းစီး ကိစ္စ သူတို့ ကို စွပ်စွဲထားမှု ကို ဘဝင် မကျ ဒေါသ ထွက် နေမှန်း ကျွန်တော် သိ လိုက်ပါတယ် ။ မြင့်မိုး က ငှက် နဲ့ ကွဲလွဲစွာ သူ့ ဟန် အတိုင်း အေးဆေးစွာပဲ ဖျောင်းဖျ ပါတယ် ။

“ ဘဲဥ ရာ ကဗျာဆရာ ချင်း မတွေ့ကြ သေးလို့ ပါ ၊ တွေ့ ပြီး ရင် ပြေလည် သွား မှာ ပါ ၊ ငါ ရှင်းပါ့မယ် ”

မြင့်မိုး ပြောတဲ့ အတိုင်း ပဲ ကဗျာဆရာ ချင်း တွေ့ကြတော့ အဲဒီ ကိစ္စ ပြေလည် သွားကြတာပဲ ။ အဲဒီမှာ ကျွန်တော် ပြော ချင်တာ က ကဗျာ ပုဒ်ရေ ဘယ်နှသိန်း ဖတ်ပြီးပြီလဲ ဆိုတဲ့ စကား ပါ ပဲ ။ အမေ့ သား က လစဉ် အပတ်စဉ် ထွက် နေတဲ့ မဂ္ဂဇင်းစာစောင်တွေ က ကဗျာ မှန် သမျှ အဟောင်းအသစ် အားလုံး မဖတ်ဘဲ မ နေတာ ။ ပြော လိုက်ရင် သူ ဖတ်ပြီး သားပဲ ။ အဲဒီအကျင့် ကို ကျွန်တော် ကြိုက်တာ ။

တစ်ခါ အင်္ဂလန် က ကဗျာဆရာမ တစ်ယောက် က ယဉ်ကျေးမှု ပူးပေါင်းရေး အစီအစဉ် နဲ့ ကျွန်တော် တို့ မြန်မာပြည် ကို ရောက်လာ ၊ ကဗျာဆရာ ဆရာမတွေ နဲ့ တွေ့ ။ ဝပ်ရှော့ တွေ လုပ် ။ ကဗျာတွေ ရွတ် စာတန်းတွေ ဖတ် ၊ ကဗျာအနုပညာ ဖလှယ်ကြတာပေါ့ ၊ အမေ့ သား လည်း ပါတာပေါ့ ။ ကဗျာဆရာတွေ ထဲ နိုင်ငံကျော် အဆိုတော် ဖြစ်တဲ့ အပြင် ကိုယ်ပိုင်သံစဉ် က လည်း ဂီတ မှာ အဆင့် ရှိတဲ့ ကိုယ်ပိုင် သံစဉ်တွေ သာ ရေးဆို ဖြစ်မှန်း အဲဒီ ကဗျာဆရာမ က သိ သွားတော့ တစ်ရက် မစ္စတာဂစ်တာ အပေါ် က တဲကြီး ထဲ မှာ ကဗျာ ရွတ် နေတုန်း ငှက် ကို သီချင်း တစ်ပုဒ် လောက် ဆို ပြ ဖို့ တောင်း ဆိုတော့ အမေ့ သား က ဂစ်တာ ကို ကိုယ်တိုင် တီး ပြီး အမေ့ ရဲ့ ဒုက္ခအိုးလေး ကို ဆို ပြတယ် ။ အင်္ဂလိပ် လို လည်း သူ ဆိုပြ နိုင် ရဲ့ သား နဲ့ သူ တမင် ဗမာ လို ပဲ ဆိုပြ ပါတယ် ။ သူ ဆိုတာ နားထောင် နေတဲ့ အင်္ဂလန် ကဗျာဆရာမ ကြွေ သွားပါတယ် ။ ကဗျာဆရာမ က ...

“ You are a great musician ”

“ No no I am not a great musician , I am a poet ” 

“ မင်း ထင် သလို မဟုတ်ဘူး ငါ ကဗျာဆရာ ကွ ”  ဆိုတဲ့ စကားမျိုး ချက်ချင်း တုံ့ဆိုင်းခြင်း မရှိဘဲ ပြန် ပြော တာ ကျွန်တော် ကြွေ သွားတယ် အမေ ။ အင်္ဂလန် ကဗျာဆရာမ ပြန်သွား တော့ အောင်ဝေး ၊ ကြည်လင်အေး ၊ စန်းဦး ၊ မင်းထက်မောင် ၊ ဇေယျာလင်း ၊ ငြိမ်းဝေ ၊ မအိ တို့ က တစ်ခါတလေ မြင့်မိုးအောင် နဲ့ ကျွန်တော် တို့ ကဗျာဝပ်ရှော့လေး တစ်လ တစ်ခါ ဇေယျာလင်း အခန်း မှာ လုပ်ဖြစ်ကြတယ် ။ တစ်နှစ် လောက် ပေါ့ ။ အဲဒီမှာ ငှက် က သူ မပါတဲ့ အခါ သူ့ ကို အကြောင်း မကြားတဲ့ အခါ ဆို ကျွန်တော့် ကို အမြဲ ရန် လုပ်တယ် ။ အမေ့ သား က လည်း ဖမ်းရ ခက် တော့ သူ မပါ ဘဲ လုပ် လိုက်ရတဲ့ အခါမျိုး မှာ သူ လုံးဝ မကျေနပ်ဘူး ။ ကဗျာ ကိစ္စ သာမှု နာမှု သူ အကုန် သိချင်တယ် ။ သူ အကုန် ပါချင် တယ် ။ ဒါ ထူးအိမ်သင် ပဲ ။

ကိုယ်ရည်သွေး ခွင့် ပြုပါအုံး အမေ ။ ကျွန်တော့် ကို ကဗျာဆရာ လို့ ခေါ်တာ သူ က စ တာလား ၊ မောင်ဇော်သစ် က စ တာလား မသိဘူး ။ သူတို့ ခေါ် လို့ ဇော်ဝင်းထွဋ် နဲ့ EMG အသိုင်းအဝန်း က ကျွန်တော့် ကို နာမည် မခေါ်ဘူး ကဗျာဆရာ ပဲ ခေါ် ကြတာ ။ အမေ့ သား ကျွန်တော့် ကို နှုတ်ဆက်ပုံ က ဘယ်မှာ တွေ့တွေ့ “ ကဗျာဆရာ ( ... ) ပဲ ဗျာ ဘာလုပ်နေလဲ ” အဲဒီလို ။ ကဗျာဆရာ ခေါ် လို့ ကျေနပ် နေ တုန်း နောက် က သူ့ ဟာကြီး နဲ့ တိုင်းတာ ။ အ စတော့ အောင့်သီးအောင့်သက် ပေါ့ ... နောက်တော့ လည်း အဲဒီလို နှုတ်ဆက် မှ သူ နဲ့ တွေ့ရတာ ပြည့်စုံ သလိုပဲ ( သူ ဆုံးပြီး မှ ကျွန်တော် ခံစားရတာ သူ ကျွန်တော့် ကို ဆဲ ဆဲနေတာ သူ့ ငယ်ပေါင်း လီယိုနာဒ် မောင်မောင်လွင် တို့ ကြွက်နီ တို့ မြင့်မိုးအောင် တို့ အောင်ရင် တို့ လို ချစ်ခင် လို့ ဆဲတာ လို့ )

သူ နဲ့ ကျွန်တော် ဟာ အဆိုတော် ကြောင့် မဟုတ်ဘဲ ကဗျာ အကြောင်းပြု ခင်မင် ခဲ့တာ ဖြစ်ပြီး ကျွန်တော် ရေးခဲ့ သမျှ ကဗျာ ရာပေါင်း များစွာ ထဲမှာ သူ သေတဲ့ အထိ ကျွန်တော့် ကဗျာလေး နှစ်ကြောင်း ပဲ ငှက် ကြိုက်တယ် ပြောဖူး ပါတယ် ။ အဲဒါ က တော့ “ လရိပ်ကျ ည ” ထဲ က “ အမုန်း နဲ့ မှ တောက်လောင် ကျယ်လွန့်မယ့် ခမ်းနားမှုတွေ ထဲ အချစ် နဲ့ ပဲ သေးနုပ် သိမ်ငယ်ခွင့် ပြုပါ မေမေ ” ဒီ နှစ်ကြောင်း ပါ အမေ ။ ဒီ ကဗျာလေး ကို ကျွန်တော် ရွတ်တော့မယ် ဆို စင်ပေါ် ဖြစ်ဖြစ် ၊ စင်အောက် မှာ ဖြစ်ဖြစ် သူ အမြဲ ဂစ်တာ နဲ့ ဘက်ကင် လိုက် ပြီး တီး ပေး တတ်တယ် ။ ဒီ ကဗျာ ကို သူ့ အသံ နဲ့ ဖတ်ပေးခဲ့မယ် လို့ လည်း ပြောဖူးလေ ရဲ့ အမေ ။ ကျွန်တော် ကဗျာ ရွတ် ရင် ငှက် က ဂစ်တာ တီး ပေးတာ ကို အခု ချိန် ထိ နီကိုရဲ တို့ ကြွက်နီ တို့ က ကျွန်တော့် ကို မနာလို ဖြစ်တုန်း ။ ကုသိုလ် ထူးတာပေါ့ အမေ ။

မဂ္ဂဇင်း တစ်စောင် မှာ ကျွန်တော်တို့ ကဗျာဆရာကြီး နှစ်ဦး ရဲ့ အယူအဆ ကို ကျွန်တော် က မော်ဒန်ကဗျာ ဘက် က ချေပတာ ကို မကြိုက်ကြတဲ့ လူတွေ က စာမျက်နှာ ပေါ် မှာ နှစ် ပေါက် အောင် စာ နဲ့ ချ နေ ကြပါတယ် ။ စာ ရေး စား တဲ့ လူ ရော ၊ ဘောလုံးဆောင်းပါး ရေး စား တဲ့ သူတွေ ပါ ကျွန်တော့် ကို ဝိုင်း ဆော်နေ ကြ ချိန် မှာ အမေ့သား ထူးအိမ်သင် က “ ခင်ဗျား မှန်တယ် ။ ခင်ဗျား ကို ဆော်နေ တဲ့ ကောင်တွေ မှန် သမျှ ကဗျာ ဆိုတာ ကို နားမလည်တဲ့ ကောင်တွေချည်း ပဲ သောက် ဂရု မစိုက်နဲ့ ကျွန်တော် အကုန် ဖတ်ပြီးပြီ ” တဲ့ ၊ ကျွန်တော့် ဘက် က ခိုင်ခိုင်မာမာ ရပ် ပေးခဲ့ပါတယ် အမေ ။

တစ်ည မှာ ပေါ့ ကျွန်တော် က မစ္စတာဂစ်တာ ကို ည ၉ နာရီ လောက် ရောက် တော့ ငှက် က ရောက် နှင့် နေပြီး ကိုရိုးနား ဘီယာ သောက် နေတယ် ။ ဒါနဲ့ ကျွန်တော် က ...

“ ကိုငှက် ဒီည ကျွန်တော် ခင်ဗျား နဲ့ မထိုင်နိုင်သေးဘူး ။ ကိုသိန်းဇော် ဂယ်လာရီ မနက်ဖြန် ဖွင့် မှာ မို့ သွား ကူရအုံး မယ် ”

“ ခင်ဗျား သူငယ်ချင်း က ကဗျာ ရွတ် မှာ လား ရွတ်မယ် ဆို ကျွန်တော် လိုက်မယ်လေ ”

“ ခင်ဗျား ပါတာ ပဲ ရွတ် မှာ ပေါ့ ဗျ ။ ကျွန်တော်တို့ချင်း က အမြဲ ရွတ်နေကျကို ”

“ ကျွန်တော် က ဘီယာ သောက်ထားပြီ ၊ ခင်ဗျား ဘော်ဒါ က အရက် မသောက် သက်သတ်လွတ်သမား ဖြစ်ပါ့မလား ”

“ ဖြစ်ပါတယ်ဗျာ သူ မောင်ချောနွယ် နဲ့ တောင် နေလာတာ ”  

ငှက် သောက်လက်စ ဘီယာ ကို မော့ချပြီး ၃၄ လမ်း က AZADA ကို လိုက်လာတယ် ။ ရောက် တော့ အခန်းဝ မှာ ဆေးလိပ် မသောက်ရ ကပ် ထားတော့ ငှက် က “ တစ်မိနစ် လောက်လေး ခဏဗျာ ” ဆိုပြီး သူ့ အိတ် ထဲ က စီးကရက် ကို ထုတ် သောက်တယ် ။ ပြီးတော့ တစ်ဝက်လောက် မှာ မီးသတ် ပြီး အခန်း ထဲ ဝင်ကြ ။ ကြမ်းပြင် မှာ သင်ဖြူးဖျာ ကို သိန်းဇော် က ခင်း ပေးပြီး ကျွန်တော် က ကဗျာ တစ်ပုဒ်လောက် စ ပေး လိုက်တာ နဲ့ ကိုသိန်းဇော် က ရွတ် ၊ သူ က နားထောင်လိုက် ၊ မေးလိုက် ၊ အပြန်အလှန် ပြောလိုက် နဲ့ တစ်ခါပဲ သုံးမိနစ် လောက် ကိုသိန်းဇော် ကို ခွင့်တောင်းပြီး ဆေးလိပ် ထွက် သောက်တယ် ။ မနက် သုံးနာရီ ထိုး မှ ကဗျာရွတ်ပွဲ သိမ်း ဖြစ်ကြတယ် ။ အောက် ရောက် တော့ ကျွန်တော် က ... ။

“ ခင်ဗျား က ကဗျာ ကို ရွတ်တာ မကြိုက်ဘူး ဖတ်တာ ပဲ ကြိုက်တယ် ဆို ။ မင်းသား ရွတ်တာကျ မနက် သုံးနာရီ ထိ ဘာလို့ နားထောင်လဲ ”

“ ကိုသိန်းဇော် ရွတ်တဲ့ အသံ က ကျက်သရေ ရှိတာကိုး ” 

“ ကျွန်တော် ရွတ်တာ ကျ ကျက်သရေ မရှိဘူးပေါ့ ”

“ ဟာ ကဗျာဆရာ - ီးပဲဗျာ ပြန်အိပ်မယ် ”

“ အိုအေစစ် သွား မှာ ဆို သွားလေ ။ ဒီ အချိန်ကြီး ခင်ဗျား တစ်ယောက် ထဲ တော့ မလွှတ်ဘူး ကျွန်တော် အဖော် လိုက် ပေးမယ် ”

“ ကျွန်တော် ပြန် မအိပ်တာ ကြာပြီ ဒီ ည တကယ် ပြန် အိပ်မှာ ကဗျာ အရသာလေး နဲ့ အိပ်လို့ ရပြီ ဂွတ်နိုက် ဗျာ ” 

ကား ပေါ် တက် သွားပြီး မှ ကား မှန် ဖွင့် ပြီး “ ကဗျာဆရာ ကိုသိန်းဇော် ကို ပြော ဗျာ ဒီအတိုင်းလေး သုံးလေးလ တစ်ခါ တွေ့ကြရအောင် လို့ ”  ပြောပြီး မောင်း ထွက် သွားတယ် ။ ကျွန်တော် မယုံ လို့ သူ့ နောက် က လိုက် မောင်းပြီး ကြည့် တော့ ကျောက်မြောင်း အိမ် ပေါ် တက် သွား မှ ကျွန်တော် အိမ် ပြန် ခဲ့တယ် ။

အမေ စဉ်းစားကြည့်ပါ ။ ကျွန်တော့် အသံ က ကျွန်တော့် ဖာသာ တောင် ပြန် နားမထောင်ချင်ပါဘူး ။ မနေနိုင်လွန်း လို့ ရွတ်ချင် ဖတ်ချင် လို့ ကဗျာ ရွတ်နေ တာ ၊ အဆိုတော် ထူးအိမ်သင် က နားထောင် ပြီး ဂစ်တာ တီး ပေးတယ် ။ ပြီးတော့ ကျွန်တော့် အသံ ကို ကျက်သရေ မရှိဘူး လို့ ပြော မသွားဘူး ။ နောက် သူ့ အသံ ကို သာ အများ သူငါ က ဝယ်ယူ သိမ်းဆည်း မြတ်နိုး နေကြရုံ နဲ့ သူ မနေဘူး ။ သူများ ကဗျာရွတ် တဲ့ အသံလေး နဲ့ ကျက်သရေ ရှိရှိ အိပ်မယ် တဲ့  ။

ဒါတွေဟာ ကဗျာ ကို ချစ်တဲ့ စိတ် ၊ တန်ဖိုး မြင့်မြင့်မားမား ထားတဲ့ စိတ် ပေါ်လွင် နေခဲ့ပါပြီ အမေ ။ မောင်သိန်းဇော် နဲ့ ကျွန်တော် တွေ့ တိုင်း အမေ့ သား ကို လွမ်းမဝ ပါ ပဲ ။ သတိရတယ် ငှက် ရေ ။

◾စောဝေ

📖 ထူးအိမ်သင် အသက် ( ၅၀ ) ပြည့် အမှတ်တရ
     ဂီတအတွက် မမေ့မလျော့သော လမ်းကလေး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment