❝ ကင်ဆာရောဂါသည် တစ်ယောက် ❞
ဆရာကြီး ဦးဉာဏ်ထွန်း ရဲ့ “ ကင်ဆာရောဂါ ဆေးကုသမှု မှတ်တမ်း ” ဆိုတဲ့ စာအုပ်လေး ကို ဖတ် ရတယ် ။ စာအုပ် မျက်နှာဖုံး မှာ “ ကိုယ်တိုင် ခံစား ပြုစုတင်ပြသည် ” လို့ ဖော်ပြထားတယ် ။
ဆရာကြီး ဦးဉာဏ်ထွန်း ( ယခု အသက် ၈၄ နှစ် ) ဟာ တိုင်းရင်းဆေးသိပ္ပံ ကျောင်းအုပ်ကြီး ၊ တိုင်းရင်းဆေးရုံအုပ်ကြီး ၊ တိုင်းရင်းဆေးကောင်စီဝင် စတဲ့ တာဝန်တွေ ကို ထမ်းဆောင်ခဲ့ သူ ဖြစ်တယ် ။ ယခုအခါ ကင်ဆာရောဂါ စွဲကပ်ခံရတယ် ။
ဆရာကြီး က သူ့ ကို စွဲကပ်လာတဲ့ ကင်ဆာရောဂါ ကို အမှု မထားဘဲ ဆေးပညာရှင် တစ်ယောက် အနေ နဲ့ ရောဂါကြီး တစ်ခု ကို ကိုယ်တိုင် ဆန်းစစ် သုတေသန ပြုခွင့် ရတယ် လို့ ခံယူ ထားသူ ဖြစ်တယ် ။ ဆေးပညာ ကို အကျိုးပြုနိုင် ဖို့ ကိုယ်တွေ့ တွေ ကို မှတ်တမ်း လုပ် နေတယ် ။ စာအုပ် တစ်အုပ် စတင် ထုတ်ဝေတယ် ။
ဆရာကြီး နဲ့ စကားစမြည် ပြော ဖို့ သူ့ အိမ် ကို ကျွန်တော် သွားတယ် ။ မန္တလေးမြို့ ၊ ညောင်ပင်ဈေး မြောက်ဘက် နား က အိမ် မှာ ဆရာကြီး က “ ပြည်လုံးချမ်းသာ ဆေးကုဌာန ” ကို ဖွင့်လှစ်ပြီး လူနာတွေ ကို ဆေးကု ပေးနေတယ် ။
ကျွန်တော် ရောက် သွားတော့ အေးအေးဆေးဆေး စကား ပြော ရအောင် အိပ်ခန်း ထဲ သွားကြမယ် လို့ ခေါ်တယ် ။ ဆရာကြီး ရဲ့ အိပ်ရာ ခုတင် ပေါ် မှာ သူ နဲ့ ကျွန်တော် နှစ်ယောက် အတူတူ ထိုင် ကြတယ် ။
“ ကင်ဆာရောဂါ ဘယ်လို စဖြစ်တာလဲ ” လို့ ကျွန်တော် က မေးတယ် ။ ဆရာကြီး က သူ့ နား ကို လက်ဝါး နဲ့ ကာ ပြီး နားထောင်တယ် ။ “ ကျွန်တော် က နား နည်းနည်း လေးတယ် ။ ကျယ်ကျယ် ပြောပါ ” လို့ ဆရာကြီး က ဆိုတယ် ။
“ ကင်ဆာရောဂါ ဘယ်လို စ ဖြစ်တာလဲ ” မေးခွန်း ကို ပဲ ကျွန်တော် ထပ် မေးတယ် ။
“ ကင်ဆာရောဂါ လို့ မသိသေး ခင် လွန်ခဲ့တဲ့ ရှစ်လ လောက် ၊ ဝါဆိုလ က စပြီး အစာ မျိုရ ခက်တာ က စတယ် ၊ ထမင်း စားတဲ့ အခါ အစာ မျို ရတာ တဖြည်းဖြည်း ၊ တဖြည်းဖြည်း ပို ပို ခက် လာတယ် ။ အရည် တစ်ခု ခု နဲ့ ကူ မျို မှ သာ ရတယ် ။ အရည် နဲ့ ကူ မျို ပေမယ့် အလွယ်တကူ မကျဆင်း ဘဲ အားပြု လိုက် မှ ကျဆင်းတယ် ။ အားပြု လိုက် ပြန်တော့ ရင်ခေါင်း ထဲ မှာ အောင့်သက် နာကျင်မှု ကို အနည်းငယ် ခံစားရတယ် ။ ခံစားရတာ က တဖြည်းဖြည်း ပို ပို လာတယ် ။ ရင်ခေါင်း ထဲ မှာ အထက် အောက် အခန်း နှစ်ခန်း ဖြစ် နေတယ် လို့ ထင်မှတ်ရတယ် ။ ချွဲသလိပ်တွေ က တဖြည်းဖြည်း ပျစ်ခဲ လာတယ် ။ ဆီး ပုံမှန် သွား ပေမယ့် ဝမ်း အလွန် ချုပ် လို့ မကြာခဏ ဝမ်းနုတ် ပေးနေရတယ် ”
“ အဲဒီတော့ ”
“ ကျွန်တော် က တော့ ရိုးရိုး အကျိတ် ကြောင့် ပဲ လို့ ထင်ပြီး ကျွန်တော့် ဆေးတွေ ကျွန်တော် သောက် နေတာ ။ ဒါပေမဲ့ တိုး မလာပေမယ့် လျော့ မသွားဘူး ။ နောက်ပိတ်ဆုံး ကျ အစာ လမ်းကြောင်း ပိတ် မယ့် အနေအထား ဖြစ်လာတယ် ”
ဆရာကြီး မှာ သားသမီး ခုနစ်ယောက် ရှိတယ် ။ ဆရာဝန်နှစ်ဦး ၊ တိုင်းရင်းဆေးဆရာ နှစ်ဦး လည်း ပါတယ် ။
“ သား အကြီး ဆရာဝန် ကို ပြောတော့ ရင်ခေါင်း ထဲ တစ်နေရာရာ မှာ အဖုအကျိတ် ရှိနိုင်တယ် ။ အကျိတ် ကြောင့် မန်း ဝင်ပြီး အစာပြွန်ရောင်ရမ်းကာ အစာ မျို ခက် နိုင်ကြောင်း ပြောပြပြီး သောက်ဆေး နှစ်မျိုး ပေးတယ် ”
“ အနောက်တိုင်းဆေး လား ”
“ အင်္ဂလိပ်ဆေး ၊ တစ်လခွဲ စား ကြည့်တယ် ။ ရောဂါ မတိုးတာ ဘဲ ရှိတယ် ။ မထူးခြားဘူး ။ မထူးခြား တော့ သူ့ ဆီ လှမ်း အကြောင်း ကြားတယ် ”
“ ဒေါက်တာဦးနေဝင်း က ယခု ဘယ်မှာလဲ ”
“ ဗန်းမော်ဆေးရုံ မှာ ၊ သူ ကဆင်း လာပြီး ဖေဖေ ဒါဆိုရင် တော့ ရောဂါ ကို သေချာအောင် ရှာ မှ ဖြစ်မယ်ဆိုပြီး ရောဂါ ရှာကြတာပဲ ။ အထူးကု ဆရာဝန်ကြီး တွေ နဲ့ သူတို့ က နည်းမျိုးစုံ နဲ့ ရှာကြတော့ ရင်ခေါင်း ထဲ က အစာမျို ရာ လမ်းကြောင်း မှာ ကင်ဆာ လက္ခဏာ နဲ့ အဖုအကျိတ် ကို တွေ့တယ် ။ မိသားစု တစ်စုလုံး က တော့ လန့် သွား တာပေါ့ ။ ကျွန်တော် က တော့ မလန့်ဘူး ”
“ ဆရာကြီး ကို ကင်ဆာ လို့ အသိ ပေးသလား ”
“ အသိ ပေးတယ် ။ ကျွန်တော် က ဆေးစစ်ချက် မှတ်တမ်းတွေ ကို အကုန် ဖတ် နေတာပဲ ”
ဆရာကြီး က ချောင်း နည်းနည်း ဆိုးတယ် ၊ ပြီးမှ ဆက် ပြော ပါတယ် ။
“ ကျွန်တော့် သား က လည်း ပွင့်ပွင့်လင်းလင်း ပဲ ပြောတယ် ။ အဖေ ကင်ဆာ ပဲ တဲ့ ။ ကျွန်တော် က လည်း ကင်ဆာ ဆိုပေမယ့် မကြောက်ဘူး လို့ ။ ဒါပေမဲ့ မင်းတို့ ကု တာ ချည်း တော့ ငါ မခံနိုင်ဘူး ။ ငါ့ မှာ လည်း ပညာတွေ ရှိတယ် ။ မင်းတို့ ကု လို့ သေ သွား ရင် ငါ ကျေနပ် မှာ မဟုတ်ဘူး ။ ငါ့ ပညာတွေ နဲ့ ငါ ကု လို့ သေသွား ရင် လည်း မင်းတို့ က ကျေနပ် မှာ မဟုတ်ဘူး ။ အဲဒီတော့ အနောက်တိုင်းနည်း နဲ့ တိုင်းရင်းဆေးနည်း နှစ်ခု ပေါင်း ကုလို့ ရ ရင် ငါ ကုမယ် ။ ပေါင်း ကုလို့ မရဘူး ဆိုရင် မင်းတို့ မကုနဲ့ တော့ ငါ့ ဘာသာ ငါ ကုမယ် ”
ဆရာကြီး ပြောရင်း ချောင်းဆိုး လာ လို့ ခဏ နားတယ် ။
“ အဲဒီလို ပြောတော့ သားကြီး က ရပါတယ် ၊ ဖေဖေ ကြိုက်သလို လုပ်ပါ တဲ့ ။ အဲဒါနဲ့ ကျွန်တော် က ပေါင်းကူးကုထုံး ကို အကု ခံ လိုက်တာ ။ အနောက်တိုင်း နဲ့ တိုင်းရင်းဆေး ကုထုံး နှစ်မျိုး ပေါင်းစပ် ကုသတဲ့ ကုထုံး သစ် တစ်ခု စမ်းသပ်ခွင့် ရတဲ့ အတွက် သားတွေ အတွက်ရော ကျွန်တော့် အတွက် ပါ ကံကောင်းတယ် ။ လူသား အကျိုးပြု လုပ်ရပ် တစ်ခု လုပ်ခွင့် ရတယ်လို့ မှတ်ယူတယ် ။ သူတို့ က လည်း ဓာတ်ရောင်ခြည် ကင်မယ် ။ ကျွန်တော် က လည်း ကျွန်တော့် ဆေးတွေ ဆက် စားတယ် ”
“ ဆေး အမည်သစ် ထပ် ဖော်တာလား ”
“ အသစ် ထပ်ဖော်တာ ။ ဒီဆေး ပေါ့ ”
ဆရာကြီး က ဘူး တစ်ဘူး ကို ဖွင့် ပြီး ဆေးလုံးတွေ ပြပါတယ် ။
“ သန္နိပါတ်ကွန်ချာ ဆိုပြီး တော့ အသစ် ဖော်လိုက်တာ ၊ အဲဒီ ဆေး တစ်နေ့ ကိုးလုံး သောက် တာ တစ်ဘူး ကုန်သွားပြီ ။ အဲဒီလို သောက်တော့ အံ့သြစရာ ကောင်းတာ က ဓာတ်ရောင်ခြည် ကု တာ ၁၃ ရက် ကု ရတယ် ။ ၁၃ ရက် ကု ပြီးတဲ့ အချိန် မှာ အဲဒီ အလုံး ပြုတ် ကျ သွားရော ။ မှန်ပြောင်း နဲ့ ပြန် ကြည့်တော့ ဆရာဝန်မကြီး က အကျိတ် မရှိတော့ဘူး တဲ့ ”
“ တခြား တိုးတက်မှုတွေ ကော ”
“ ထမင်းများ ခက်ခဲမှု မရှိဘဲ စားမျို နိုင်လာတယ် ။ ရင်ခေါင်း ထဲ မှာ တစ်ခါ တစ်ရံ အမှတ်မထင် အောင့် တာ တော့ မပျောက်သေးဘူး ။ နာကျင်ကိုက်ခဲမှု မရှိဘူး ။ ဓာတ်ရောင်ခြည် အခန်း ထဲ ကို ကုသမှု မခံမီ က ကိုယ်အလေးချိန် ၁၄၄ ပေါင် ရှိတယ် ။ ဓာတ်ရောင်ခြည် ကုသမှု ခံယူတာ ၁ဝ ရက် ရ တော့ ၁၄၅ ပေါင်ရှိတယ် ။ ကိုယ်အလေးချိန် ကျ မသွားဘူး ”
“ ဓာတ်ရောင်ခြည်ကုထုံး ကို ဆရာကြီး ဘယ်လို မြင်သလဲ ”
“ ဓာတ်ရောင်ခြည် ကို ပူ တဲ့ခံစားမှု ခံစားရလိမ့်မယ် မှတ်ထင် ထားပေမယ့် အဲယားကွန်း လေအေးပေးစက် က တဖြည်းဖြည်း ချင်း လာ နေတဲ့ အအေးဓာတ် အတွေ့အထိ ကို ခံစား ရတယ် ။ ရင်ခေါင်း ထဲ မှာ အပူ ကို အကြောင်းခံ ပြီးဖြစ် နေတဲ့ အနာ ကို အအေး နဲ့ ကုတာ ဟာ တိုင်းရင်းဆေးပညာနည်း အရ လည်း မှန်ကန်တဲ့ ကုထုံး ဖြစ်တယ် ။ ယနေ့ အချိန်အခါ မှာ ကင်ဆာရောဂါ ကို လျင်မြန်စွာ သက်သာရာ ရစေနိုင်တဲ့ ကုထုံး က ဒီ ဓာတ်ရောင်ခြည်ကုထုံး က လွဲပြီး တခြား ကုထုံး မရှိသေးဘူး ”
“ ဆရာကြီး ဖော်စား နေတဲ့ ဆေးတွေ က ကော ”
“ ကနေ့ အထိ ကျွန်တော့် ဆေး စား နေတာပဲ ။ ဆေး စားနေတော့ အဲဒီ ရောဂါ ရဲ့ ဆိုးကျိုးတော့ ဘာမှ မလာသေးဘူး ။ စားလို့ သောက်လို့က လည်း ပကတိ ပုံမှန် လို ဖြစ်သွားပြီ ။ ဒါပေမဲ့ ရောဂါ က စိတ် မချရဘူး ။ ဘယ်အချိန် ဘယ်လို ဒုက္ခ ပေးမယ် ဆိုတာ မသိသေးတော့ အနည်းဆုံး သုံးလ ၊ အများဆုံး ခြောက်လ သူ့ ကို လေ့လာ ဦးမယ် ။ လေ့လာပြီး ပို ကောင်းတယ် ဆိုရင် ကျွန်တော် စာအုပ် တစ်အုပ် ရေးမယ် ။ ကျွန်တော် စား နေတဲ့ တိုင်းရင်းဆေး ၊ ကင်ဆာဆေးတွေ ကို ဇီဝိတဒါန လုပ်မယ် ။ ကင်ဆာသမား တွေ ကို အလကား ပေးမယ် ။ အဲဒီလို ရည်ရွယ်ချက် ရှိတယ် ”
ဆရာကြီး ဦးဉာဏ်ထွန်း ရဲ့ လေသံ က သိပ် ကို မာထန်တယ် ။ သူ့ အိပ်ခန်း က လုံ နေတော့ အသံ က ပို ကျယ်တယ် ။
“ ဆရာကြီး သေရ မှာ မကြောက်ဘူးလား ”
“ လူတိုင်းလူတိုင်း သေရမှာ ကြောက်တာပဲ ။ ကျွန်တော် မကြောက်ဘူး ။ ဘာကြောင့်လဲ ။ ကျွန်တော် သေလို့ ရှိရင် လက်ရှိ ဘဝ ထက် နိမ့်တဲ့ ဘဝ မရောက်နိုင်ဘူး ။ အပါယ်လေးပါး မကျတော့ဘူး ”
ဆရာကြီး ပြောတာ ကို ကျွန်တော် အသံတိတ် နားထောင် နေပါတယ် ။
“ ဒုတိယ အကြောင်း က ကျွန်တော့် အသက် ၈၄ ၊ သက်တမ်း အရ ကမ္ဘာ နဲ့ တွက်တွက် ၊ မြန်မာ နဲ့ တွက်တွက် ကုန်ပြီ ။ ကံစွမ်း ပဲ ကျန်တော့တာ ။ ဒီ ကံစွမ်းလေး ကုန် ရင် သေရ မှာ ။ ဒီ ရောဂါ နဲ့ မသေ လည်း တခြား ရောဂါ နဲ့ သေ ရမှာ ။ တခြား ရောဂါ နဲ့ သေမယ့် အစား ကင်ဆာရောဂါ နဲ့ သေရတာ ကိုယ့် အတွက် ကံ ကောင်းတယ် ”
“ ဘာကြောင့်လဲ ”
“ ပြည်သူ့ အကျိုးပြု သုတေသနတွေ လုပ်ခွင့် ရတယ် ။ ကင်ဆာရောဂါ အကြောင်း ကို ကျကျနန မှတ်တမ်း ပြုစု ပြီး မှ ကျွန်တော် က သေမှာ ။ ဒါမှ ပြည်သူတွေ ရှောင်စရာ ရှိရင် ရှောင် မှာ ၊ လုပ်စရာ ရှိတာ လုပ်ရမှာ ပေါ့ ”
“ ဆရာကြီး ဘာကြောင့် ကင်ဆာရောဂါ ဖြစ်တာလို့ ထင်သလဲ ”
“ ကျွန်တော် ရဟန်းဝါ ၁၅ ဝါ ၊ အသက် ၃၅ နှစ် လောက် ကတည်း က အဂ္ဂိရတ် အလုပ် ကို ပြင်းပြင်းထန်ထန် လုပ်တယ် ။ ဖို ထိုးတယ် ။ ၇၅ နှစ် ကျ မှ ရပ်လိုက် တာ ။ ရင်ဘတ် မှာ မီး အပူရှိန်တွေ နှစ်ပေါင်း ၄ဝ လောက် ဒဏ် ခံခဲ့တာ ။ ( လက် နဲ့ ရင်ဘတ် ကို ညွှန်ပြပြီး ) ဒီ ထဲ မှာ တေဇောတွေ ခိုပြီး ကျွန်တော့် ရင်ခေါင်း ကို ဒုက္ခ ပေးတော့တာပဲ ။ ကမ္ဘာ က ဒီ အနာ ဘာကြောင့် ဖြစ်တယ် ဆိုတာ မသိသေးဘူး ။ ဒီ အနာ ဟာ တေဇော ကြောင့် ဖြစ်တယ် ဆိုတာ ကျွန်တော် အသိ ပေးရင် လက်ခံမလား ”
ဆရာကြီး က ပြောရင်း ချောင်းဆိုး လို့ စကား ကို ခဏ နားတယ် ။
“ ပြည်သူ ကို ကျွန်တော် အသိ ပေးချင်တာ က ကင်ဆာရောဂါ စွဲကပ် လာ ရင် စိတ်ဓာတ် နဲ့ အရှုံး မပေးတဲ့ ခံယူချက် ရှိရမယ် ။ ဒီ ရောဂါဖြစ်ရင် သေမှာပဲ လို့ မခံယူပါနဲ့ ။ ငါ အချိန် မီ ကုရင် ပျောက်မယ် လို့ ခံယူပါ ။ ကြံ့ကြံ့ ခံပြီး ကုပါ ။ ကမ္ဘာ မှာ လည်း ကင်ဆာ ကို နု တဲ့ အချိန် မှာ ရှာ တွေ့ရင် ကု လို့ ပျောက် နေပြီ ”
“ ဆရာကြီး က ရဟန်း ပြုခဲ့ဖူးတယ် နော် ”
“ ကျွန်တော်တို့ က တစ်မျိုးလုံး တောင်သူ လယ်သမားတွေ ။ ဘုန်းကြီး မျိုး ၊ မိဘတွေ က မြင်းခြံ ၊ သမုန်းကိုင်းရွာ က ။ ငယ်ငယ် က ရန်ကုန် မြို့မကျောင်း မှာ နေတာ ။ ဘကြီးဘုန်းကြီး ခေါ် လို့ ကိုးနှစ်သား က ရန်ကုန် လိုက်သွားတာ ။ သတ္တမတန်း အထိ ကျောင်း နေတယ် ။ ၁၄ နှစ်သား ကျ ဒုတိယကမ္ဘာစစ် ဖြစ်လို့ ရွာ ပြန်လာခဲ့တာ ”
“ ရဟန်း ပြုဖြစ်တာ က ကော ”
“ လူဝတ် နဲ့ နေရင် ဆင်းရဲ မှာ စိုးလို့ မိဘတွေ က ကိုရင် ဝတ် ပေးတာ ။ မြင်းခြံ မှာ ကိုရင် ဝတ်ပြီး ကျွန်တော့် ဆရာ ဘုန်းကြီး က ဘိုကလေး မှာ စာသင်တိုက် ခွဲ တော့ ဘိုကလေး ရောက် သွားတာ ။ ရဟန်းစာတွေ သင်တာ ဓမ္မာစရိယ ၊ ပါဠိပါရဂူ ၊ ပိဋကတ် သုံးပုံ တစ်ပုံ ဆောင်ခဲ့ သေးတယ် ။ ဒီဃဘာဏက ၊ ရဟန်းဝါ ၁၅ ဝါ ရ တော့ ငါ တောထွက် ဦးမယ် ဆိုပြီး ကျောင်း ကို တပည့်တွေ အပ်ခဲ့တယ် ။ မင်းကွန်း မနောမယချောင် မှာ သီတင်း သုံးတယ် ”
ဆရာကြီး က အားပါးတရ ပြောပြ နေတယ် ။ ကျွန်တော် က မေးခွန်းလေး အနည်းအကျဉ်း ထောက် ပေးရုံ ပါ ။ ဆရာကြီး မော နေလိမ့်မယ် လို့ တွေးမိ ပေမယ့် သူ့ စကားတွေ စိတ်ဝင်စားစရာ ကောင်း လို့ ကျွန်တော် ငြိမ်ပြီး နားစိုက် ထောင် နေ မိတယ် ။
“ ရဟန်းဝါ ၁၈ ဝါ အရ မှာ ကျွန်တော် အိပ်မက် မက်တယ် ။ ဆရာတော် တစ်ပါး ကြွ လာပြီး မင်း လူ ထွက် တဲ့ ။ ကျွန်တော် လူ ထွက် လိုက်တယ် ။ လူ ဖြစ် သွား တော့ ဘာမှ မလုပ်တတ်ဘူး ။ မနောမယ မှာ ပဲ လူဝတ်ကြောင် အဖြစ် နဲ့ နေတာ ။ အိပ်မက် မက် ပြန်ရော ။ အိပ်မက် ထဲ မှာ မနောမယဆရာတော်ကြီး က မင်း ပိဋက ဖြေရမယ် တဲ့ ။ တပည့်တော် လူထွက် နေပြီ ။ ဖြေ လို့ မရတော့ဘူး လို့ ။ အဲဒီမှာ ၁၉၆၉ ခု တိုင်းရင်းဆေး သုံးဘာသာ စာမေးပွဲ ပေါ် လာတယ် ။ ဒါ အိပ်မက် အရ စာမေးပွဲ ပဲ ဆိုပြီး ဝင် ဖြေလိုက် တာ သုံးဘာသာ စလုံး ဂုဏ်ထူး နဲ့ အောင်တယ် ။ ဆေး တော့ မကုတတ်ဘူး ”
“ ဆေးပညာ သင်ယူတာ ကကော ”
“ ဗန်းမော်ဆရာတော် က ကျွန်တော့် ကို ဆရာကြီး ဦးအုန်းရွှေ ဆီ အပ် ပေးတယ် ။ ဆရာကြီး ဆီ မှာ လက်တွေ့ ကုထုံး တွေ သင်ရင်း ဆေးဆရာ ဖြစ်လာတာ ”
“ တိုင်းရင်းဆေးသိပ္ပံ ကျောင်းအုပ်ဆရာကြီး ဖြစ်လာ ပုံ လည်း ပြောပါဦး ဆရာကြီး ”
“ ၁၉၇ဝ ၊ ၇၁ မှာ တိုင်းရင်းဆေးသိပ္ပံ ဖွင့်မယ် ဆိုတော့ ကျွန်တော် အလုပ် လျှောက်တယ် ။ နည်းပြဆရာ အဖြစ် အရွေး ခံရတယ် ၊ အဲဒီ က နေ အဆင့်ဆင့် ရာထူး တက် သွားပြီး ကျောင်းအုပ်ကြီး ဖြစ်သွား တာ ။ ၁၉၈၃ ခုက နေ သက်ပြည့်ပင်စင် ယူ တဲ့ ၁၉၈၇ ခုနှစ် အထိ ပေါ့ ”
“ ဆရာကြီး က ပြည်လုံးချမ်းသာဆေးကုဌာန ဆိုပြီး ဆေး ကုသ ပေး နေတာ တွေ့ပါတယ် ။ ဆရာကြီး ဆီ မှာ ဆေး ဈေးတွေ သိပ် သက်သာတယ် ။ ခု ကာလ မှာ တိုင်းရင်းဆေး ထုတ်လုပ်ပြီး ချမ်းသာ နေတဲ့ သူတွေ ရှိတယ် ။ ဆရာကြီး ချမ်းသာ အောင် ဘာကြောင့် မလုပ်တာလဲ ”
“ ကျွန်တော် ချမ်းသာ အောင် လုပ် ရင် လူတွေ ဆင်းရဲ ကုန် မှာပေါ့ ။ လူနာတွေ အဆင်းရဲ မခံနိုင်ဘူး ။ ကိုယ် ပဲ အဆင်းရဲ ခံမယ် လို့ ”
◾ကျော်ရင်မြင့်
📖 ဘဝကြေးမုံ အဖြစ်စုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment