Friday, March 22, 2024

ငိုကြွေးခြင်း ၏ အဘိဓါန်


 ❝ ငိုကြွေးခြင်း ၏ အဘိဓါန် ❞ 


ဆူညံ နေသော အိုးပုတ်သံများ သည် ရမ်းဘိုကုန်းရွာ ၏ နံနက်ခင်း အား ကြိုဆိုလျက် ရှိနေကြ ပေသည် ။ မှောင်ရိပ်ပျပျ သာ ကျန်တော့သည့် အချိန် မှ စတင်ပြီး အိုးပုတ်သံများ ထွက်ပေါ် လာနေခြင်း ဖြစ်၏ ။ မကျီးဒန် တို့ မှာ နားနေ အိပ်စက်ရမည့် အချိန် ကို ပင် မလိုလား နိုင်အောင် အလုပ် ကို တွန်းပို့ နေကြရ၏ ။


ဆောင်းတွင်းအိုး များ ကို ဆောင်း မကုန်မီ ပြီးအောင် လုပ်ကြရသည် ။ ရမ်းဘိုကုန်းရွာ မှ ဆောင်းတွင်းအိုး များ မှာ အေးမြသော ရေကြည် ကို တောင့်တ မက်မော ကြ ရသည့် နွေရာသီတွင် အသုံးဝင် လှပေသည် ။ ရန်ကုန် လို နေရာမျိုး ၌ တွေ့မြင် သုံးစွဲနေကြ ရသော ရွှေဖရုံသီး သဏ္ဌာန် ပုဝိုင်းဝိုင်းအိုးများ လို သင်္ဘောဆေး ကျံထားခြင်း မဟုတ် ။ အသားကျ အောင် အကြိမ်ကြိမ် အထပ်ထပ် နင်းနယ် ထားသော ရွှံ့စေး ကို သဲမျက်ဆန်ကြောင်ကလေးများ ဆတူ ရောစပ် ပြီး ခါ မှ ပြုလုပ် ထားသော အိုးများ ဖြစ်သည် ။ နွေရာသီ ၌ သည်လို ရေအိုး ( သောက်ရေအိုး ) မျိုး လုပ်၍ ရ သော်လည်း ယခု လို ဆောင်းတွင်း ၌ လုပ်သော အိုး ကဲ့သို့ မအေးချေ ။


သို့မို့ကြောင့် ဆက်ရက်သံ တညံညံ ၊ ဥဩသံ ကလေး ခပ်ပြောက်ပြောက် ဖြင့် နီရဲသော လက်ပံပွင့် များ သည် ဆောင်း ၏ နှောင်းအိုသော ဇရာ သဘော ကို ပြ သ လာသော ကာလ ၌ ဆောင်းတွင်းအိုးများ ကို ဆောင်း မကုန်မီ ပြီးစီး အောင် လုပ်နေရခြင်း ဖြစ်၏ ။ 


“ ဘုံဘုံဘုံ ... ဘုံဘုံဘုံ ” 


အိုးပုတ်သံများ သည် ဆောင်းလေ နှင့် ရောနှော လွင့်ပျံ နေလေသည် ။ အာဋာဋ ဝိဋာဋ မည်ငြား ၊ စည် အပြားပြား ၌ တစ်ဖက်ပိတ်စည် ဖြစ်သော အိုးစည် ကို အမင်္ဂလာစည် ဟူ၍ သတ်မှတ် ခေါ်ဆို ကြ၏ ။ အိုး ကို နောက်ဆုံး အချောသပ်ခါ နီး တွင် လက်ခတ်ပါးကလေးဖြင့် ပုတ်သံသည် လည်းကောင်း ၊ တိုးယိုအိုးပေါက်ကို  လက်ခတ်ကြမ်းကြီး ဖြင့် ဖင် ပိတ်အောင် တအား ပုတ်သံသည် လည်းကောင်း အိုးစည် ထုသံ နှင့် တူလှပေသည် ။


စင်စစ်မူကား ရမ်းဘိုကုန်းရွာ ၏ အရုဏ်ဦး အဖွင့် သည် အမင်္ဂလာစည်သံ ဖြင့် ဖွင့် လာရခြင်း မဟုတ်ပါလော ။ အမင်္ဂလာစည်သံများ သည် ကျီး မနိုးမီ ကာလ က ပင် ထွက်ပေါ် မြည်ဟိန်း နေလိုက်သည် မှာ ညဉ့် အချိန် တွင် သက်ကြီး ခေါင်းချ ၊ တစ်ခါတစ်ရံ လုလင် ပြန် ကြက်တွန် မှ သာ ရပ်စဲ သွားလေသည် ။ ထို့ကြောင့် ရမ်းဘိုကုန်းရွာ ၏ တစ်နေ့တာ ကုန်ဆုံး နားစက်ခြင်း သည် လည်း အမင်္ဂလာစည်သံ ဖြင့် ပင် နိဂုံးချုပ် ခဲ့ရလေ၏ ။


မည်သို့ပင် ဖြစ်စေကာမူ ယနေ့ နံနက် သည် လည်း အမင်္ဂလာစည်သံများ ဖြင့် ပင် နိုးကြားပွင့်ကာ လာရပြန် ပေပြီ ။ မစင်တွင်း ထဲ သို့ လူသေလောင်း တစ်ခု ပစ်ချ လိုက်ခြင်း အားဖြင့် ထူးခြား ပြီး ပုပ်ဟောင် နံစော် လာ လိမ့်မည် မဟုတ်ပေ ။ ထို့ အတူပင် မိုက်မှောင်မှု ဖြင့် သာ ထာဝစဉ် လွှမ်းခြုံ ထားခြင်း ခံရသော ကိုဆေးရိုး တို့ ၏ ဘဝ မှာ ရော ။ ဤ ဘာ မဟုတ်သော သဒ္ဒ အသွင် တူညီခြင်း အတွက် ထူးခြား၍ ဆိုးဝါး လာနိုင်ဦးမည်လော ။ 


ပင်လယ်ကြမ်းပြင် ပေါ် ၌ လဲလျောင်း နစ်မြုပ် နေ သော သင်္ဘောပျက်ကြီး အတွက် နောက်ထပ်ပြီး နစ်မြုပ် နိုင်စရာ လမ်း မကျန်တော့ သလိုပင် ကိုဆေးရိုး တို့ ၏ ဘဝ ကဏ္ဍ ၌ လည်း တိုးဆင့် မှောင်မိုက်စရာ မရှိ တော့သည်သာ တကား ။


ရွာ ၏ အနောက်ဘက် ရှိ ကသစ်ပင်ကြီး မှာ သန္တာရည် ယှက်သော အပွင့်များ ဖြင့် ဝေဆာလှပ နေသည် ။ ဆက်ရက်ခေါင်းညို များ သည် သည် တစ်ပွင့် မှ ဟို တစ်ပွင့် သို့ လည်းကောင်း ၊ ဟို တစ်ပွင့် မှ သည် အခြား အပွင့် များ သို့ လည်းကောင်း ခုန်ပျံကူးယှက် ရန် တွေ့လျက် နေကြသံများ သည် သောသောကြွယ် နေ၏ ။ သူတို့ ကြား တွင် ဆက်ရက်ခေါင်းဖြူကလေးများ မှာ ငြိမ်သက်စွာ စားသောက် နေကြသည် ။ ကျီးကန်း နှင့် ချိုးသိမ်း စသော အဖျက် သတ္တဝါများ က လည်း တစ်ချက် တစ်ချက် ဝယ် ဝင်ရောက် နှောင့်ယှက် နေကြ၏ ။ သည် တစ်ခု ၌ နှစ်ခြိုက် အာရုံစိုက်ခြင်း မရှိ ၊ ဟိုဟာ ကောင်း နိုးနိုး သည်ဟာ ကောင်း နိုးနိုး ဖြင့် ပြေးလွှား ခုန်ကျော် နေကြသော ဆက်ရက်ခေါင်းညိုများ ၏ အငြိမ် မနေမှု ကြောင့် ပတ္တမြားပွင့်လွှာကလေးများ မှာ မြေ သို့ တဖုတ်ဖုတ် ကြွေကျ လေသည် ။


“ ကျီးဒန် သေရင် လည်း ဒီ ဆက်ရက် လာ ဖြစ်မှာပဲ ”  


ကိုဆေးရိုး က ဆူညံ နေသော ဆက်ရက်များ ကို မော့ ကြည့်ပြီး ရေရွတ် လိုက်သည် ။ သူ့ နောက်ပါး မှ ပါ လာသော စိန်ဆောင် က အားရပါးရ ရယ်မော လိုက် ကာ ၊


“ အဟီး  ... ” ဟူ၍ ရယ်ခြင်း ကို အဆုံးသတ်လိုက်ပြီး


“ ဘာတွေများ မြည်တွန် လွှတ်လိုက်လို့လဲဗျ ” ဟု မေး လိုက်၏ ။


ကိုဆေးရိုး က ချက်ချင်း ပြန် မပြောသေးဘဲ ရှေ့ တွင် အတော်ကလေး ကျော်လွန် ဝေးကွာ သွားသော ဘညိန်း အား လှမ်း ကြည့် လိုက်ပြီး မှ


“ အလကားပါကွာ ၊ အလုပ် လုပ်လို့ နည်းနည်းကလေး ပင်ပန်း လာ ရင် ဘာမှန်း မသိဘူး ဗျစ်တောက် ဗျစ်တောက် နဲ့ လုပ်တော့တာပဲ ” 


“ မိန်းမ ဆို ဒီလိုပေါ့ဗျ ” 


“ ဟယ် ဒီပြင် မိန်းမတွေ နဲ့ ကို မတူပါဘူးကွာ ”  


သည့် နောက်တော့ စိန်ဆောင် က ဘာမှ ပြန် မပြော ပေ ။ ခပ်ငူငူကလေး သာ တစ်စုံတစ်ခု ကို တွေးတော လိုက်ပါ လာသည် ။


“ ဪ ... မေ့လို့ ဟေ့ ။ ငါ တောင် မင့် ကလေး မမာတာ ကို လာ မမေးမိဘူးကွာ ၊ ဘယ့်နှယ် နေလဲဟေ့ ”  


“ ဒီလိုပါပဲဗျာ ၊ မသန်း က လည်း ကောင်းကောင်း မမာရတဲ့ အထဲ မှာ ကလေး က ပါ ရောပြီး မမာ တော့ ဒုက္ခ ပေါ့ ”  


စိန်ဆောင် စိတ်ပျက် လက်ပျက် ညည်းတွားသံ ဖြင့် အဖြေ ပေး လိုက်ပြီး ဟင်းခနဲ သက်ပြင်း ချ လိုက်သည် ။


“ အေးကွ အဲဒါ က လည်း ဓမ္မတာ လို ဖြစ် နေတာကွ ။ ကလေး နှစ်လသား ၊ သုံးလသား ရှိလာ ရင် ဝဝဖြိုးဖြိုး ရယ်ရယ်မောမော နေရာ က ကောက် ပြီး မမာတော့တာ ပဲ ကွ ။ အဲ ... မအေ က ပါ ရောပြီး မမာ လိုက်သေးတယ် ဗျား ။ မအေ က လည်း ပိန်ခြောက် နေ ၊ ကလေး က လည်း နို့တောင် ကောင်းကောင်း မစို့ တဲ့ ဘဝ မှာ သေ ရင် လည်း သေ ၊ မသေ ရင် လည်း စိတ်ပျက်စရာကြီးပါ ကွာ ” 


“ ဟင် ... ဘာဖြစ်လို့လဲ ” 


“ ဟာ ကလေး က လည်း ခေါင်းကြီး ဖင်ချွန်းကလေး နဲ့ ဖြစ်နေတော့တာကွ မအေ က လည်း တရှောင်ရှောင် နဲ့ အခါလည် အခါကြူး ဖြစ်နေပါလေရာ ”  


“ အင်း ” 


စိန်ဆောင် က အင်းရှည်ကြီး ဆွဲ ကာ မြည်တမ်း လိုက်ပြီး သည့် နောက်


“ ဟုတ်တယ်ဗျို့ ဟုတ်တယ် ၊ ကျုပ် မိန်းမနဲ့  ကျုပ် ကလေး ဟာ ဗျာ ၊ ခင်ဗျား ပြောတဲ့ အတိုင်း တစ်သဝေ မတိမ်း ပဲ ၊ အင်း ခက်ပါတယ်ဗျာ ” 


စိန်ဆောင် မှာ ကိုဆေးရိုး ၏ နောက် မှ ခေါင်းငိုက် စိုက် ချပြီး လိုက် လာသည် ။ သူတို့ နှစ်ယောက် ၏ ပခုံး ထက် မှ ငန်းပြား တွင် ချိတ်ဆွဲ ထားသော ဘူးခါးခြောက် ရေဘူးများ သည် စိန်ဆောင်၏  ဆောက်တည်ရာ မရ သော နှလုံး ပမာ ယိမ်း လို့ လှုပ်ယမ်း လျက် လိုက်ပါလာ ကြသည် ။


ပုရပိုက်တန်းရွာ ၏ အရှေ့ဘက် ရှိ ကုန်းကလေး သို့ ရောက်သော အခါ ဆူညံ နေသော ဆက်ရက်သံများ က ဆီးကြို ကြ ပြန်၏ ။ လက်ပံပွင့်များ သည် တဖုတ် ဖုတ် ကြွေကျ နေကာ ၊ လက်ပံပွင့် တစ်ပွင့် မြေ ပေါ် သို့ ကျရောက် တိုင်း ဖုန်မှုန့်ကလေးများ သည် ထောင်းခနဲ ထောင်းခနဲ ထ လာ လေသည် ။ ကိုဆေးရိုး တို့ ဘ ဝကား ထို လက်ပံပွင့်များ သဖွယ် အတား မရှိ အဆီးမ ရှိ ကြွေ ကျ နေကြရလေသည် သာ ။ ပညာရေး ၊ နေရေး ၌ နုံချာ သည် သာ မက ၊ စားရေး ၊ ကျန်းမာရေး စသည်များ ၌ လည်း ကမ္မသကာ ဘဝ သာ ဖြစ်ကြရ၏ ။ 


စိန်ဆောင် ၏ မယား မသန်း နှင့် ကလေး တို့ ၏ ရောဂါဝေဒနာမျိုး များ သည် ကျန်းမာရေးအသိအမြင် ခေါင်းပါးခြင်း နှင့် အစားအစာ မဝလင်မှု မှ ပေါက်ဖွား လာသော ဓမ္မတာ ရောဂါ ဖြစ် နေရလေပြီ ။ ပစ်စလက်ခတ် နေရ၏ ။ ထို့နောက် ပစ်စလက်ခတ် သေကြရလေသည် ။


“ ကဲဟေ့ ခပ်သွက်သွက်ကလေး လှမ်းကြဦးစို့ ဟေ့ ”  


အတွေး ကိုယ်စီ နှင့် တုံ့နှေးစွာ လျှောက်လာကြ ခိုက် တွင် ကိုဆေးရိုး က သတိပေး လိုက်ခြင်းဖြစ်၏ ။ စောစောက ရွက်သစ်ကလေးများ ထိုးယှက်ကာ စိမ်းစို နေသော ရိုးပြတ်များ ဖြင့် ပြည့်လွှမ်း နေသော လယ်ကွင်း မှာ ကပ်စေးနှဲပင်များ ၏ မြသားရောင် က ဖို့ မိုးနေ လေပြီဖြစ်သည် ။ 


အိမ် မပြန်သည် မှာ ကြာပြီ ဖြစ်သော နွားများ မှာ လည်း ကပ်စေးနှဲရွက်နုကလေးများ ကို ကိုက်ဖြတ် စားသောက် နေကြ၏ ။ နွားခိုးများ ၏ သဘော ဖြင့် မတွေ့ နိုင် လောက်အောင် ပိန်ချုံး နေသော သူတို့ ကိုယ်ခန္ဓာ များ က သူတို့ ၏ အသက် ကို ကာကွယ် ထားလေသည် ။ လယ်ကွက်များ အတွင်း မှ ဖြတ်ဖောက် ထားသော လှည်းလမ်းများ ၏ ဘေးရှိ ကပ်စေးနှဲပင်များ မှ နှင်းဥ ကလေးများ နှင့် ဆွတ်လိုက် ၊ ဖုန် နှင့် လူးလိုက် ဖြစ်နေ သော ကိုဆေးရိုး တို့၏ ခြေထောက်များ မှာ ရွှံ့တော ထဲ လျှောက်သွား သကဲ့သို့ ရှိတော့သည် ။ 


“ အဖေ က လည်း ကြာလိုက်တာဗျာ ”  


ကိုဆေးရိုး တို့ လယ် မှ ရေယူ နေရသော မြောင်း ၏ ပေါင် ပေါ်ဝယ် ရပ်နေသည့် ဘညိန်း က ကိုဆေးရိုး ကို ဆီး ပြီး အပြစ် တင်လိုက် သဖြင့်


“ ကွာ ... လူလေး က လည်း စောပါသေးတယ် ကွ ၊ လောလှချည့်လား ” 


ဟု အဝေး တွင် ဝှေ့ နေသော နွား တစ်အုပ် ကို ငေးကြည့် ကာ ပြန် ဖြေသည် ။


“ စောစော ပြီးရင် စောစော ပြန်ရတာပေါ့ အဖေ ရ ၊ ကျုပ် က ကိုယ့် တာ ကို မသိလို့ ၊ သိလို့ သာ ကူး ရရင် တစ်လံတော့ ပြီး နေပြီ ” 


မြောင်းမကြီး ဖြစ်သော မုန်းမြောင်း ကို ပြုပြင်ရာ ၌ ဆည်ဘက်ဌာန ၏ တာဝန် ဖြစ်သော်လည်း ယင်း မြောင်းမကြီး မှ ခွဲ လာသော ရေမြောင်းများ မှာ မူ ထို မြောင်းရေ ကို မှီတင်း နေရသော လယ်များ မှ လယ်သမားများ ၏ တာဝန် ဖြစ်လေသည် ။ တစ်ဖန် ထို ရေဝေမြောင်းများ မှ တစ်ဆင့် လယ်တွင်း သို့ သွယ်ယူသော မြောင်းလက်တက်ကလေးများ မှာ လည်း ကိုယ့် တာဝန် ပင် ဖြစ်၏ ။ မြောင်းလက်တက်ကလေးများ ကို တူး ချင် တူး မတူး ချင် နေနိုင်ငြား သော်လည်း ၊ ရေဝေမြောင်း များ မှာ မတူး မနေရ ၊ တစ်နှစ် တစ်ခါ ပြန်လည် တူးဆွ ပြုပြင်ရသည် ။ မိမိ လုပ်သော လယ်ဧက နှင့် လျော်ညီသော တာ အတိုအရှည် ကို သတ်မှတ်ချထား ပေး ကာ အဆိုပါ ကွင်း ကို ပိုင်သော သူကြီးများ က မြောင်းခေါင်းများ ခန့်ထား ကြီးကြပ်ရ၏ ။ အချို့မှာ ကိုယ့် တာ သည် ကိုယ့် လယ်ဘေး တွင် ကျ သော်လည်း ၊ အချို့မှာ ကိုယ့် လယ် နှင့် ဝေးကွာသော နေရာ ၌ သွားရောက် တူး ကြရ လေသည် ။ ကိုဆေးရိုး တို့ မှာ တခြား သူ ၏ လယ် ဘေး တွင် သွားရောက် ကျ သောကြောင့် ဘညိန်း မှာ ဘယ်က စ၍ ဘယ်ဘက် သို့ တူး သွားရမှန်း မသိ ဖြစ် နေကာ စောင့် နေရခြင်း ဖြစ်၏ ။ 


“ ကိုဆေးရိုး ၊ ခင်ဗျာ့ လယ် က ဘယ်က စလဲ ” 


စိန်ဆောင် က ငန်းပြား ကို မြေကြီး ပေါ် တွင် စောင့်စိုက် ရာ က မေး လိုက်သည် ။


“ ဟာဟို ဥနှဲပင် က စ တာပဲ ၊ မင်း က အနောက်ဘက် ကို တူး တို့ က အရှေ့ဘက် ကို တူး ”  


“ အင်း ... မနည်းဘူး ဗျို့  ၊ အတော့် ကို ကြိတ်ရမှာ ပါလား ” 


တစ်ယောက် စိုက် ကို တစ်လံကျ ဖြစ်သောကြောင့် စိန်ဆောင် က အလံ လေးဆယ်ကျော် တူးရမည် ဖြစ်၍ ကိုဆေးရိုး တို့ က အလံ ငါးဆယ် ကျော် တူးရပေလိမ့်မည် ။ 


“ မင်း က သုံးရက် တော့ တူးရမှာပဲကွ ”  


ကိုဆေးရိုး က ဂေါ်ပြား ကို ကောက် ကိုင်လိုက်သည် ။ ဘညိမ်း မှာ ကား တာ အစ မှ နေ၍ ပက်ကော နေ သော မြောင်း အခြေ ကို ငန်းပြား နှင့် ထိုး နေလေသည် ။ စိန်ဆောင် မှာ လည်း ငန်းပြား နှင့် ဂေါ်ပြား တစ်ဖက် ၊ ရေဘူး တစ်ဖက် ကိုင်ပြီး ဘညိန်း ဘက် သို့ လျှောက် သွားလေသည် ။


  •••••   •••••   •••••


နေ က တဖြည်းဖြည်း ပူလာ လေပြီ ။ ခပ်ဝေးဝေး မှ ထန်းရွက်ကြွေသံ ၊ နွားမြည်သံ ၊ ချိုး လည်ပြောက်ကလေးများ ၏ တွန်ကြူးသံများ က သာ တိတ်ဆိတ် နေသော လယ်တောကြီး ကို တစ်ချက် တစ်ချက် ၌ ဝင်ရောက် အသက် သွင်း ပေး လိုက်သည် ။


“ အဖေ  ... ရေဘူး ရော ” 


ဘညိန်း က ချွေးပေါက်များ တဒီးဒီး လိမ့်နေသော မျက်နှာ ကို လုံချည် ဖြင့် သုတ် လျက် မေးလိုက်လေ သည် တွင်


“ ဟောဟို ချုံစပ်မှာ ” ဟု ကိုဆေးရိုး က မြေစာများ ကို မြောင်းပေါင် ပေါ် သို့ ပက် တင်ရင်း ဖြေ လိုက်သည် ။ မည်းကြုတ် နေသော ကျောပြင်များ မှာ ချွေးစေးများ ဖြင့် ပြောင်လက် နေ ကာ နေရောင် ဖြင့် အရောင် ထ နေ၏ ။ ခွေးလှေးများ နှင့် ထန်းစေ့မှုတ်ပျား ခေါ် ပျားပေါက်စကလေးများ က လည်း ကျောပြင် ၊ မျက်နှာ ၊ လက်မောင်း စသည်များ ရှိ ချွေးများ ကို လာရောက် သောက်စို့ နေကြသည် ။


"လူလေး ရေ  ... ဒီကို ယူခဲ့ဦးကွာ ” 


ကိုဆေးရိုး က မြေများ ကို ကော်ပစ် လိုက်ရာ က ရပ်ပြီး ပြော လိုက်သော ကြောင့် ဘညိန်း က ပါးစပ် တွင် ရေဘူးကြီး မော့ သောက် ရင်း လျှောက် လာသည် ။ 


“ အနား ထိုး တာ နည်းနည်း ကျယ်ကျယ်လေး လည်း ထိုး မှ ပေါ့ကွ ” 


အနား ထိုးသည် ဆိုခြင်း မှာ ညွှန်များ ကြောင့် ပက် ကော နေသော မြောင်း ၏ အခြေ ကို ညီ သွားအောင် ညွန် များ ကို တူးကော် ပစ်ခြင်း ဖြစ်၏ ။


“ တော်ရောပေါ့ အဖေ ရ ၊ သူများတွေ တူးတာ လည်း သွား ကြည့်ဦးမှ ပေါ့ ” 


စင်စစ် အား ဖြင့် မြောင်း တာတူး သည် ဆိုခြင်း မှာ ကုန်လွန်ခဲ့သော နှစ် က တစ်နှစ်လုံး ရေ နှင့် ပါ လာသော သဲများ ၊ နုန်းများ ကို သတ်မှတ် ထားသော ကိုယ့် တာဝန် ကျ နေရာများ ၌ တူး ပစ်ခြင်း ဖြစ်၏ ။ ဤသို့ လျှင် တစ်နှစ် တစ်ကြိမ် မှန်မှန် တူးပစ် နိုင်ပါ မှ တဖြည်းဖြည်း မြောင်းကော တိမ် သွားခြင်း ကြောင့် မြောင်း ကျိုးခြင်း ၊ ရေလျှံခြင်း ဘေး မှ ကာကွယ် နိုင်ပေမည် ။ မြောင်းရေ လျှံ လာပြီး မလိုသော နှမ်းခင်း ၊ ပျိုးခင်းများ တွင်း သို့ ရေ ဝင် ကုန် ပါ က ကောင်းနိုင်မည် မဟုတ် ။ အထက် တွင် မြောင်းကျိုး နေ သောကြောင့် အောက် က ရေ လိုနေသော လယ်များ မှာ မပျက်စီးသင့် ဘဲ နှင့် ပျက်စီး ရမည် ။ နောက် မကျတန်ဘဲ နှင့် ကျရတော့မည် ။


ဟုတ်တော့ ဟုတ်သည် ။ တစ်ယောက် က စ ပြီး သာမန်ကာ လျှံကာ လုပ်လာသည့် နောက် ၌ ကျန် လူ များ က မင်းတိုင်း ကျေ လုပ် လာ ကြ တော့သည် ။ ပြီး တော့ ရေဝေမြောင်း ကို ကျကျနန ပဲ တူးဖော်ကြသည် ထားဦး တော့ ၊ ကိုယ်ပိုင် မြောင်းလက်ကလေးများ ကို ရေဝေမြောင်း ထက် နက်အောင် မတူးကြ ပါ က ရေဝေ မြောင်း မှာ ချက်ချင်း ကောပက် သွားရလေသည် ။ အများ ကောင်း မှ တကယ် ကောင်းမည့် အလုပ်မျိုး ဖြစ်ပေရာ အချို့အဝက် မကောင်းသော ကြောင့် အားလုံး ညံ့ဖျင်း ကုန် ရ၏ ။ မြောင်းလက်တက် ကို နက် အောင် မတူး လျှင် ရေ မရစိမ့်သော ငှာ စည်းကမ်း သတ်မှတ် ထားပုံ မှာ ရေဝေမြောင်း ကို ပင်း၍ ( သို့ ) ယင်းတား ချ ၍ (သို့ ) ပိတ် ၍ ရေ မယူရ ဟူ သတည်း ။ သို့ရာတွင် ဘယ်သူမျှ မလိုက်နာ ခဲ့ကြချေ ။


“ ကိုယ့် လယ်တွေ ရေ မှန်ဖို့ ကောင်းဖို့ အရေးတောင် မှ တာဝန် ကျေကျေ မလုပ်ချင်ကြတဲ့ လူတွေ ၊ အလကား လူတွေ ” ဟု သူတို့ အား အပြစ်တင် နေမည့် အစား မှန်ကန်စွာ သိနားလည်အောင် ပညာ ပေးဖို့ သာ လိုပေ၏ ။ သတင်းစာ ထဲ တွင် သတင်းဓာတ်ပုံကလေး ပါ ဖို့ သာ အဓိက ထားသော လုပ်ငန်းများ ကျ တော့ လည်း တယ်ပြီး အာနိသင် မရှိလှချေ ။


‘ ဒါ .. တို့ တာဝန် ’ ၊ ‘ ဒါ ... တို့ လုပ်ငန်း ’ ဟူ၍ ရိုးတွင်း က သိမြင် ယုံကြည် လာ မှ သာ တို့တာဝန် ကို တို့ မကျေပြွန် လျှင် တို့ သာ ခံရမည် ၊ တို့ သာ နာရမည် ဟူ၍ တကယ်တမ်း သဘောပေါက် လာနိုင် ပေမည် ။ ယခု မူ သားငယ် နို့စို့ကလေးလေး ကို ထိန်းပိုး ထား စေလိုသောကြောင့် ခေါင်း ကို နှပ် နှင့် သုတ် သွားသော သားငယ် အား ဘာမျှ မပြောသော မိုက်မဲသည့် မိခင် ၏ ‘ တံစိုးစား မေတ္တာ ’ မျိုး ကဲ့သို့ ဖြစ်နေရ လေပြီ ။ 


ယခု ဆို လျှင် ဘသိန်း တို့ သားအဖ မှာ အနားထိုး တာ ကို ပင် များများ ထိုးဖို့ နှင့် နည်းနည်း ထိုး ဖို့ ဆို တာ အတွက် အငြင်းပွား နေကြရ၏ ။ များများ ထိုး လျှင် မြေစာ ကို များများ ပက် ပစ်ရမည် ဖြစ်သောကြောင့် များစွာ ပင်ပန်းကာ အချိန် များများ ကုန်ပေမည် ။ သူတို့ စီးပွားရေး အခြေအနေ က လည်း ကြက်ဝိုင်း မှာ ထိုင် ပြီး အချိန် ဖြုန်း ကာ မှ ဖြုန်း ရော ၊ တကယ် တော့ နွား အားချိန် ၌ လှည်းငှား ၊ ကျွဲငှားကလေး လိုက် ပြီး ငွေ ရှာကြရ၏ ။ တောတက် ပြီး ရွာစည်းရိုး ကပ် ဖို့ ဆူးခုတ် ပြီး ရောင်းကြ၏ ။ စောင်ရန်းတိုင် ခုတ်ပြီး ရောင်းကြရ၏ ။ ဒါသည်ပင် အချိန် ကို လုပြီး သူ့ အချိန် နှင့် သူ့ ရာသီ ငွေ ရှာကြရကြောင်း ကို ဖော်ပြ နေပေ၏ ။ ကိုဆေးရိုး တို့ ဆိုလျှင် လယ် တစ်ဖက် ၊ အိုး တစ်ဖက် မဟုတ်ပါလား ။ တော တက်မည့် အဖော် ရှိခိုက် တွင် ထင်း ခုတ် ဖို့ လိုက် မသွားနိုင်ပါလား ။ ဒါကြောင့်လည်း ကရော်ကမည် လုပ်ကြခြင်း ဖြစ်သည် ဟူ၍ ကောက်ချက် ချလိုက်ပါ က မမှား သော်လည်း ဇာစ်မြစ် ကို ဖွေရှာ ပါမူ ညံ့ဖျင်းသော စီးပွားရေး စနစ် သည် သာ တရားခံ အဖြစ် ပေါ်လာရသည် မဟုတ်လော ။


 •••••   •••••   •••••


နေ က တစ်စ တစ်စ ပူပြင်း မြင့်လွန်းလာသည် နှင့် အမျှ ကိုဆေးရိုး မှာ ရင်တွင်း မှ ပူလောင်လာသည် ။ ကိုယ် လက်များ နုံးချည့် လာရုံ သာ မက မောပန်း လာသည် ။ ချွေးပေါက်များ က မျက်လုံး အတွင်း သို့ စီးဝင် လာ သဖြင့် ပူစပ် လာ၏ ။ ချွေး ကို စုပ်ယူသော ပျားများ က လည်း အသား ကို ပါ ကိုက်ခဲ၏ ။ အသာကလေး ပွတ် ပစ် ပါက လူ ကို ပင် တုပ် သွားလိုက်သေး၏ ။ အဝေးရှိ  ဆန်စက် သုံးလုံး မှ နံနက်စာ စားချိန် ဥဩ ဆွဲသံ သည် လယ်ကွင်းများ အတွင်း သို့ ပျံ့လွင့်လာသည် ။


“ ကဲ ... လူလေး ၊ တော်တော့ ဟေ့ ... ဥဩ ဆွဲပြီ ”  


“ ဟာ အဖေ က လည်း အစောကြီး ရှိသေးတဲ့ ဟာ ကို ”  


ဘညိန်း က ခေါင်း ခါခါ လည်ခါခါ နှင့် ငြင်းလိုက်၏ ။


“ ဟ ... လူလေးး  ၊ ပြန်ရမယ့် ခရီး က နည်းသလားကွ ” 


“ ပြောင်းဖူးစေ့တွေ စား လာသားပဲ ” 


“ အမယ် မင့် ပြောင်းဖူးတွေ က ငန်းပြား စားလို့ ကုန် ရောပေါ့ကွ ။ ကဲ .. ဒါလေး တင် ပြီးရင် တော်တော့ ”  


ကိုဆေးရိုး က စိတ်အား သန်သန် ဇွဲ ပြင်းပြင်း ဖြင့် ဆာလောင်ရမှန်း မသိ ဖြစ် နေသော သား အား ဖျောင်းဖျ ပြီး နောက်


“ ဟေ့ .. စိန်ဆောင် ၊ စိန်ဆောင် ရေ ပြန်ရအောင် ဟေ့ ” ဟု ရှိသမျှ အား ကို ညှစ်ထုတ်ပြီး အော် လိုက်၏  ။ စိန်ဆောင် ၏ ထူးသံ ကို ကား မကြားရ ။


စိန်ဆောင် မှာ တစ်ဖက် လယ်ကွင်း ထိပ် ရှိ မြောင်း လက်တက်ကလေး ဘေး မှ ညောင်ပင်ရိပ် တွင် ညောင်မြစ် ကို ခေါင်းအုံး ပြီး အပန်းဖြေ ရင်း က အိပ် ၍ ပင် ပျော်နေပြီ ။


“ စိန်ဆောင် ရေ .... စိန်ဆောင် ” 


ကိုဆေးရိုး က ထပ်ဆင့် ခေါ် နေပြန်သည် ၊ သည် အခိုက် တွင် နွား နှစ်ကောင် မှာ တရကြမ်း ဝှေ့ နေရာ က ရှုံး ထားသော နွား က နောက်သို့ ဆုတ်ပေးရ သောကြောင့် ဖုန် တထောင်းထောင်း ထ ကာ ကန်သင်းတွေ ပါ ပဲ့ကျ လာသည် ။


“ အလကားပါပဲ အဖေ ရာ ၊ ကျုပ် တို့ တူးထား လည်း နမြိုင် လိုက်တာ ၊ နွားချင်း ခွေ့တာ ၊ ချို သွေးတာ နဲ့ ပဲ ပြန်ပြီး ပို့ ကုန်ဦးမှာပဲ ” 


ဘညိန်း က ဝှေ့ နေသော နွား နှစ်ကောင် ကို ကြည့် ပြီး စိတ် မသက်သာလှစွာ ဖြင့် ရေရွတ်နေစဉ် မှာ ပင် နွား နှစ်ကောင် သည် စိန်ဆောင် အိပ် နေသော မြောင်း လက်တက်ကလေး အနီး သို့ ချဉ်းကပ် သွားရာ က  ၊ နောက်ဆုတ် လာရသည့် ရှုံးနွား သည် မြောင်း လက်တက်ကလေး ကို ကျော်တက် လိုက်ရာ နောက်ခွာ နှစ်လုံး သည် ညောင်ပင်ရင်း တွင် အိပ်ပျော် နေသော စိန်ဆောင်  ၏ ရင်အုံ ပေါ် သို့ ပြင်းထန်စွာ ဖိကျ သွားလေ၏ ။ 


“ အမလေး ” 


မရှေးမနှောင်း ပင် စိန်ဆောင် ၏ အော်သံ က ထွက် ပေါ် လာ၏ ။ သို့ရာတွင် သူ ၏ အော်သံ က အားရပါးရ မရှိလှ ။ မချိတင်ကဲ နှင့် ယောင်ယမ်း ပြီး အားစိုက် အော် လိုက်ခြင်း ဖြစ်ရုံသာ မက အော်သံ မှာ အဖျား ၌ တိမ်နစ် ငုံ့လျှိုး သွားရ၏ ။


ကိုဆေးရိုး မှာ မသင်္ကာဖွယ် ကောင်းသော အော်သံ ကို ကြားရသော ကြောင့် နောက်ထပ် ကြားရ လို ကြားရ ငြား နားစွင့် နေလိုက်ပါ သော်လည်း နောက်ထပ် မကြားရ သဖြင့် မျက်လုံးမျက်ဆန် ပြူး ကာ မြောင်းတွင်း မှ ကုပ် တက် ပြီး မြောင်းပေါင် ပေါ် ၌ ရပ် ကြည့်လိုက် သော အခါ မျက်လုံး မှာ ပို၍ ပြူး သွားရကာ 


“ ဟာ ...”  ဟူ၍ သာ အော် နိုင်ပြီး စိန်ဆောင် ရှိရာ ညောင်ပင် ဆီ သို့ ပြေး သွားလေ၏ ။


“ စိန်ဆောင် ၊ စိန်ဆောင် ... ” 


ကိုဆေးရိုး က သွေး အလိမ်းလိမ်း ဖြင့် လူးလှိမ့် နေ သော စိန်ဆောင် အား ပွေ့ယူပြီး ခေါ်၏ ။ စိန်ဆောင် မှာ ထူးဖို့ ကို ဝေးစွ ၊ ညည်းညူခြင်း ကို သော်မှ မပြုနိုင် ရာ ၊ ပြင်းထန်သော ဒဏ်ချက် ကြောင့် မျက်လုံး အစုံ မှာ ပြူးကျယ်ပြီး ချာချာလည် နေ၏ ။ နှုတ်ခမ်းများ မှာ တဆတ်ဆတ် တုန် နေ၏ ။ ကိုဆေးရိုး ၏ တစ်ကိုယ်လုံး မှာ စိန်ဆောင် ၏ ကိုယ် မှ သွေးများ ဖြင့် ရွှဲ နေသည် ။ 


“ ဖြစ်ရလေကွယ် ” 


ကိုဆေးရိုး က စိန်ဆောင် ကို ပခုံး ပေါ် သို့ ပွေ့တင် ကာ မြည်ရွတ် မိ ရှာသည် ။ ကိုဆေးရိုး မှာ ရင်တွ င်း၌ နင့်ဆို့ ပြီး မျက်ရည်များ ပင် လည်လာ ရှာ သည် ။ သူ့ မျက်စိ အောက် တွင် ကြီးပြင်းလာ သော စိန်ဆောင် ၊ မိဘ ကို ရိုသေကျိုးနွံ ၍ ပျော်ပျော်ပါးပါး နေလိုစိတ် ရှိ ကာ သံကုန် ဟစ်၍ ရယ်လေ့ ရှိသော စိန်ဆောင် ၊ မိဘ ပေးစား သော မယား နှင့် ပေါင်းသင်းကာ သား တစ်ယောက် အရ တွင် သား ရော မယား ပါ သေကောင် ပေါင်းလဲ ဖြစ် နေသောကြောင့် အပူမီးလှိုင် နေရတုန်း မှာ မှ အသေဆိုး သေသွားရခြင်း အတွက် ကိုဆေးရိုး မှာ မျက်ရည် ကို ထိန်း၍ မရချေ ။


တစ်ချက်ထိုး လောက် တွင် ရွာ မှ မြင်းလှည်း ဖြင့် မြို့ ပေါ် ရှိ ဆေးတိုက် နှစ်တိုက် သို့ သွားကြ သော်လည်း ကိရိယာ မပြည့်စုံမှု ကြောင့် စလင်းဆေးရုံကြီး သို့ ညွှန် လိုက်ကြ လေ၏ ။ သို့ရာတွင် စိန်ဆောင် မှာ ဒုက္ခသည် သားအမိ နှစ်ယောက် ၏ ထံသို့ အသက် ဖြင့် ပြန် မလာ နိုင်တော့ပေ ။ နေဝင်ရိုးရီ ၌ သူ ၏ အလောင်း သည် သာ ပြန် ရောက်လာ၏ ။


“ ကိုစိန်ဆောင် ရေ .. အမယ်လေး ကိုစိန်ဆောင် ရဲ့ ” 


မသန်း ၏ အသည်း ကြေကွဲစွာ ငိုဟစ် လိုက် သော အသံ က သာ ကြားရသူ အပေါင်း အား ရင်ဆို့ သွားစေ ပြီး အမင်္ဂလာစည်သံ ဖြင့် နိုးထ လာ သော ရမ်းဘိုကုန်း ရွာကလေး ၏ နေ့အချိန် ကို ငိုရှိုက်သံ ဖြင့် အဆုံးသတ် လိုက် လေသည် ။


◾ဆင်ဖြူကျွန်းအောင်သိန်း


📖 ကိုဆေးရိုး ပေါင်းချုပ် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment