Thursday, March 28, 2024

ဦး ရဲ့ ကိုကို


 

❝ ဦး ရဲ့ ကိုကို ❞

၁ ။

ကျွန်တော့် ဦးလေး ဦးတိုး တစ်ယောက် တတိယမြောက် မိန်းမ ယူလိုက် သည့် သတင်း ကို ကျွန်တော် သိရချိန် မှာ တော့ ဦးလေး သည် သူ့ဟာမလေး နဲ့ ချောင်းသာ ဆိုလား ၊ ငပလီ ဆိုလား နေလို့ ကောင်းသည့် အရပ်ဒေသ တစ်ခု ခု မှာ အပျော်ကျူး နေလောက်ပါပြီ ။ တဝုန်းဝုန်း ရိုက်ခတ် နေသည့် ပင်လယ်လှိုင်းသံတွေ ကို နားထောင်ရင်း တစ်ဦး နဲ့ တစ်ဦး လိုက်တမ်းပြေးတမ်း ကစားကြ လေမလား ။ ဒါမှမဟုတ် လေသွင်း ထားသည့် မော်တော်ကား ကျွတ် ပေါ် သို့ တစ်ဦး နဲ့ တစ်ဦး အလုအယက် ခုံတက်ကြရင်း ခိုးခိုးခစ်ခစ် ရယ်မောကြ သလား စသဖြင့် တွေးရင်း ကြား က ဝင်ပြီး စိတ်ကူးယဉ် လိုက်မိသည် ။ ကျွန်တော် တို့ မန္တလေး က ရတနာ အရောင်းအဝယ် လောက မှာ ဦးလေး ရဲ့ မိန်းမ ထပ်ယူသည့် သတင်း က လူ ပြောချင်စရာ ဖြစ်သည် ။ တကယ်တော့ ဦးလေး မိန်းမ ယူသည့် သတင်း သည် ဆန်းကြယ်သည့် ကိစ္စ မဟုတ်ပါလေ ။ ယောက်ျား ပဲ ဗျာ ။ ကိုယ် ကြိုက် လို့ ကိုယ် ကျွေးနိုင် ရင် ယူချင် သလောက် ယူလို့ ရတာပဲ မဟုတ်လား ။ ပြီးတော့ ယောက်ျား ကောင်း မောင်းမ တစ်ထောင် လို့ ဆိုကြသည် ။ အခု ဦးလေး ခမျာ သူ ယူသည့် မိန်းမ အရေအတွက် က တစ်ထောင် မပြောနဲ့ ။ လက် တစ်ဝါး တစ်ဖက် စာ ပင် မပြည့်သေး ။

ဒါပေမယ့် သူ့ အသိုင်းအဝိုင်း မှာ သည် ကိစ္စ ကို ဘယ်လို ပြောကြမလဲ ဆိုတာတော့ ကျွန်တော် သိချင်စမ်းလှသည် ။ တို့ လူကြီး က တော့ လုပ်ချလိုက်ပြန်ပြီ ဟေ့ လို့ ရယ်ပွဲ ဖွဲ့မလား ။ အင်း ... အသက်ကြီး တော့ ဖွဲနုလေး ရေစိမ် ကျွေး မှ အစာဝင်သဟဲ့ လို့ များ ရက်ရက်စက်စက် ပြောကြ မလား ။ ကျွန်တော် မသိ ။ အရောင်းအဝယ်ကိစ္စ နဲ့ ရပ်ဝေး သို့ ခရီး ထွက် ရာ မှ ပြန် ရောက် ရောက် ချင်း ဖင် ပူ အောင် မထိုင်ရသေးမီ ဇနီးသည် က ဦးလေး သတင်း ကို ကျွန်တော့် အား ပြောပြ ပါသည် ။ ဦးလေး ရဲ့ တတိယမြောက် မိန်းမ သည် မိုးကောင်းမြို့ မှ ဖြစ်ပါ သတဲ့ ။ အရင် က ကွဲ သွားခဲ့သည့် ဒုတိယဇနီး ထက် အသက် ၅ နှစ် တောင် ငယ်သေး သတဲ့ ။ ဗုဒ္ဓဟူး သမီး ဖြစ်ပေမယ့် ကောင်မလေး နာမည် က နေ့သင့်နံသင့် မဟုတ်ဘဲ ခင်မြတ်ထွေး ဖြစ်ပါ သတဲ့ ။

ကျွန်တော် သည် အသေးစိတ် စုံစမ်း သိရ သမျှ ကို အချက်အလက် စုံလင်စွာ နဲ့ ဂုဏ်တင် ကာ ပြောပြ နေသည့် ဇနီးသည် အား မျက်လုံးကြီး ပြူးကာ ကြည့် နေမိသည် ။ သူ့ အတွက် တော့ ကိုယ့် လင်သား ခရီးဝေး က ပြန်လာတာ လုပ်ငန်း အခြေအနေ အဆင်ပြေ မပြေ သိဖို့ ထက် ဦးလေး ကိစ္စ ပြောပြဖို့ က အင်မတန် အရေးကြီး နေရှာသည် ။ ကျွန်တော့် ဇနီး က သူ ကြားရသမျှ သတင်းတွေ ကို ခဏ ရပ် ပြီး ဤမျှ သာ မလုပ်နိုင်သေးအား စိတ်ဝင်တစား စကား ဆက်ပြန်ပါ၏ ။ တတိယမြောက် ကောင်မလေး သည် ဒုတိယ ကောင်မလေး ထက် များစွာ များစွာ လှပ သည် ။ ကိုယ်လုံး ကိုယ်ပေါက် လည်း တောင့်တင်းသည် ။ သို့သော် အကျင့်စာရိတ္တ တော့ အရင်ဟာ နဲ့ ထူး မခြားနား ။ အသက် ၂၅ နှစ် အတွင်း မှာ လင် နှစ်ယောက် နဲ့ ကွဲသွားခဲ့ ပြီးပြီ ။ ဦးလေး နဲ့ မရခင် လေးငါးခြောက်လ အတွင်း မှာ ပင် တခြား သော ယောက်ျားများ နဲ့ လည်း ရှုပ်ရှုပ် သတင်း ကြားရသည် ။ ( မိုးကောင်း က သတင်း တွေ ကို မန္တလေး က နေပြီး ဘယ်လို ရအောင် စုံစမ်းသလဲ ဆိုတာ ကို ကျွန်တော် ဇနီးသည် အား အားလပ်သည့် အချိန်မှ မေးရပေဦးမည် ) ဦးလေးက လည်း သည် အကြောင်းတွေ ကို အားလုံး သိသည် ။ ခွင့်လွှတ်နိုင်သည် ။ ကောင်မလေး အဖြစ် က ဆင်းဆင်းရဲရဲ နဲ့ သနားချင်စရာ ကောင်းသည် ကိုး ။ အဲသဟာကြောင့် ရင် ထဲ မှာ ချစ်ကြင်နာ သနား ဖြစ်လာကာ မန္တလေး သို့ ပြန်ခါနီး တွင် ဦးလေး က ..

“ ဟဲ့ ကောင်မလေး ၊ နင့် ကို ငါ မကြည့်ရက်ဘူး ။ ငါ နဲ့ လိုက်ခဲ့ပါလား ။ နင့် ကို တင့်တောင့်တင့်တယ် ထားမယ် ” ဟု ပြော သတဲ့ ။ ဤသို့ဖြင့် နောက် တစ်နေ့ တွင် စန်းသော်တာ အမြန်ရထား နဲ့ ခင်မြတ်ထွေး ကို ခေါ်ပြီး မန္တလေး ကို ဆင်း လာခဲ့ကြသည် ။ အဲဗျာ ဒီလိုတော့ လည်း ဦးလေး မိန်းမ ယူတာ လွယ်ကူလှ ချည့်လား ။

“ သူ့ မိန်းမ ကို များ ဆင်ထား လိုက်တာ ညွတ်နေတာပဲ တော် ။ အကုန်လုံး ဒေါ်လေး ဒေါ်သိန်းအိ ပစ္စည်းတွေ ချည်း ပဲ အစ်ကို ရ ”

အားမလို အားမရ နဲ့ သူ့ စကား ကို အဆုံးသတ်ပြီး ကျွန်တော့် အား ပြုံးထေ့ထေ့ နဲ့ ကြည့်၍ နေချေသည် ။ ကျွန်တော် က သည်လို အပြုံးမျိုး သိပ်ပြီး သဘော မတွေ့ ၊ ဇနီးသည် ရဲ့ အပြုံး သည် ဘယ်အရာ ကို ရည်ညွှန်း နေရပါသနည်း ။ ယောက်ျားတွေ ဟာ အသက် ကြီးကြီးငယ်ငယ် ဒီလိုချည်း ပဲ လို့ ဝါးလုံးသိမ်း ပြော ချင်သလား ။ အဲဒါမှ မဟုတ် တော်တို့ အမျိုးတွေ က မိန်းမ ဆိုရင် ငမ်းငမ်းတက် လို့များ ဆိုချင် သလော ။ သူ့ အမူအရာ ကို ကျွန်တော် မခန့်မှန်း နိုင် ။ ကျွန်တော် က တော့ ဦးလေး ကို နည်းနည်း သနား မိသည် ။ သူ့ ခမျာ တစ်ယောက် မကောင်း လို့ တစ်ယောက် ပြောင်း ရင်း ယခု တစ်ခါ တတိယမ္ပိ ပြန်ပါပြီ ။ အဲသည် တတိယမြောက် နဲ့ လည်း အိမ်ထောင်ရေး သုခ ရပါ့မတဲ့လား ။ သေချာတာ က တော့ ဦးလေး ခမျာ သူ့ အနား မှာ မိန်းမ မရှိ လျှင် မနေတတ်တော့ခြင်း ဖြစ်ပါသည် ။

၂ ။

လောက တွင် လူရိုး များ ဆန်းပြား ဗွေ ဖောက်ပြီ ဆိုမှတော့ ဘယ်သူမှ လိုက် မီတော့မည် မထင်ပေ ။ ဦးလေးတိုး သည် အမှန်တကယ် ပဲ လူရိုးလူကောင်း ဖြစ်ပါသည် ။ ကိုယ့် ဦးလေး မို့ အမွှမ်းတင် လိုက်ခြင်း မဟုတ်ပါ ။ အမှန်တော့ ဦးလေးတိုး သည် ကျွန်တော့်အဒေါ် ဒေါ်သိန်းအိ နဲ့ စပ်မှ အမျိုး တော်ရခြင်း ဖြစ်ပါ သည် ။ ဒေါ်လေး နဲ့ မရခင် က ဦးလေးတိုး သည် ကျွန်တော်တို့ ရပ်ကွက် လမ်းထိပ် မှာ နာရီပြင်ဆိုင်လေး ဖွင့် ထားသည် ။ အသက်အရွယ် က ၄ဝ ကျော် ။ မိဘ မရှိ တော့ ။ အသောက်အစား ကင်း ၊ ရိုးသားကြိုးစားသည် ။ အားလပ်သည့် အချိန် မှာ တရား အားထုတ်သည် ။ ဤကား ဦးလေးတိုး ရဲ့ အရည်အချင်း ။

ကျွန်တော့် အမေ တွင် ညီအစ်မ သုံးယောက် ရှိသည် ။ အစ်မ အကြီးဆုံး ကြီးတော် ဒေါ်သိန်းရှိ ၊ ပြီးမှ ကျွန်တော့် အမေ ဒေါ်သိန်းမိ နဲ့ အငယ်ဆုံး ဦးလေး ရဲ့ ဇနီး ကွယ်လွန်သူ ဒေါ်သိန်းအိ ဖြစ်ပါ၏ ။ ညီအစ်မ သုံးယောက် ထဲ တွင် အသက် ၄ဝ နီး တာ တောင် အိမ်ထောင် မပြုနိုင်သေးဘဲ အစ်မကြီး နဲ့ အစ်မလတ် က မွေး ထုတ် သမျှ တူ ၊ တူမတွေ ကို ပဲ ထိန်းကျောင်း နေရရှာသည် ။ ဒေါ်လေး က စီးပွား ရေး ကောင်းသည် ။ ဈေးချို ရွှေဆိုင်တန်း မှာ ဆိုင်ခန်း ရှိသည် ။ ကျောက်စိမ်း နဲ့ ပတ္တမြား အရောင်းအဝယ် လည်း လုပ်သေးသည် ။ သို့ပေမယ့် ဒေါ်လေး ခမျာ သူ့ ဘဝ ကို သူ မပိုင် ။ အဆင် မသင့် လျှင် ကလေး တစ်ယောက် လို အစ်မ နှစ်ယောက် ရဲ့ အဆူအငေါက် ကို ခံရတတ်သည် ။ သူ့ခ မျာ နေ့စဉ် နဲ့ အမျှ အစ်မတွေ ရဲ့ မျက်နှာ ရိပ် မျက်နှာကဲ ကို ပဲ ကြည့် နေရရှာသည် ။ အလိုမကျ လို့ အစ်မတွေ ရဲ့ အဆူခံ ထိပြီ ဆိုမှ ဖြင့် ဒေါ်လေး နေစရာ မရှိပြီ ။ အဲသည်လောက် အထိ အစ်မတွေ ကို ဒေါ်လေး ကြောက်ရရှာသည် ။ ဒါကြောင့်လည်း ဒေါ်လေး ခမျာ အပျိုကြီး ဖြစ်နေ ရဟန် တူသည် ။ အသည်းနှလုံး နဲ့ လူ ပဲ လေ ။ တစ်ချိန်တုန်း က တော့ အချစ် ဆိုသည့် အရာ သည် သူ့ ရင် မှာ ခိုနားကောင်း ခိုနား ခဲ့မည် လို့ ကျွန်တော် ထင်သည် ။

ဤသို့ဖြင့် ကိုယ့် ထမင်း ကိုယ် ရှာ စားပြီး တူ ၊ တူမတွေ ကို ထိန်းကျောင်း ရင်း နဲ့ လူ တစ်ယောက် ရဲ့ အနိမ့်အမြင့် မရှိသော ဘဝ တစ်ခု ကို ပျင်းရိစွာ ဖြင့် ကုန်ဆုံး လိုက် ဖို့ ဒေါ်လေး စိတ်ကူး ထားဟန် တူ ပါ၏ ။ ဒါပေမယ့် ဒေါ်လေး မှာ အပျိုကြီး ဖြစ်မည့် ကံဇာတာ ပါလာဟန် မတူ ။ ကံ ကောင်းသည် လို့ ပဲ ပြောရတော့ မည် ။ မြားနတ်မောင် သည် အချိန် အတော် နောက်ကျ မှ ဒေါ်လေး နဲ့ ဦးလေးတိုး ကို သတိရ သွားခဲ့သည် ။

တစ်နေ့ မှာ ဒေါ်လေး ရဲ့ တစ်တိုနီ လက်ပတ်နာရီလေး ပျက် သွားသည် ။ ဤသို့ဖြင့် နံနက်ခင်း ဈေး သွားချိန် မှာ ဦးလေးတိုး ရဲ့ ကောင်းမှကောင်း နာရီ ပြင်ဆိုင်လေး ဆီ သို့ ရောက်လာခဲ့ကြသည် ။

“ ဘာကိစ္စပါလိမ့် ၊ ဪ ... နာရီ ပျက်လို့လား ။ ညနေ ဈေး အပြန်ကျ ဝင် ယူလှည့်နော် ။ ကျွန်တော် အကောင်းဆုံး ဖြစ်အောင် ပြင် ထားလိုက်ပါ့မယ် ”

“ ဘယ်လောက် ပေးရမလဲ ရှင့် ”

“ တစ်ရပ်ကွက် တည်း နေသူတွေပဲ ဗျာ ။ ပြင်ခ မယူပါဘူး ”

“ အို .. မဟုတ်တာရှင် ။ ကျသင့် တာ ယူပါ ”

“ ကျွန်တော့် ရဲ့ စေတနာပါ ဗျာ ။ မယူပါရစေ နဲ့ ” ဟု ပြောပြီး တစ်တိုနီ နာရီလေး ကို တယုတယ ကိုင်ရင်း မသိန်းအိ ရဲ့ မျက်နှာလေး ကို စူးစူးစိုက်စိုက် ကြည့် လိုက်သည် ။ သူ့ အကြည့်တွေ ကြောင့် တစ်ကိုယ်လုံး အင်အားတွေ ဆုတ်ယုတ် သွားသလို ခံစားရသည် ။ “ ဪ ... သူ ရယ် ” ရင်ထဲ မှာ ဖိုလှိုက်ပြီး မသိန်းအိ ညည်း လိုက်မိသည် ။

ဝတ္ထု ရေး လျှင် သူတို့ နှစ်ယောက် တွေ့ဆုံခန်းလေး သည် သည်လိုပဲ ကြည်နူးဖွယ် ဖြစ်အောင် ရေးဖွဲ့ ပေလိမ့်မည် ။ ဒါပေမယ့် လက်တွေ့ တော့ အဲသလို မဟုတ် ။ ဦးလေးတိုး သည် နာရီ ကို ဖင်ပြန် ခေါင်းပြန် ကြည့် သည် ။ ပြီး မှ ...

“ နာရီ ချေး ဆေးပစ်ရမယ် ။ အစိတ် ကျမယ် ၊ ညနေ လာ ယူလှည့် ” ဟု တုံးတိတိ နဲ့ ပြော ချလိုက်သည် ။ နာရီ ပျက် လို့ လာ အပ်သူက ဘယ်သူ ဘယ်ဝါ ဆိုတာ ဦးလေးတိုး မော့ လည်း မကြည့် ။ “ ဟုတ်ကဲ့ရှင့် ” ဟု ဒေါ်လေး က ပြော လိုက်သည် ။ အဲဒါပါ ပဲ ။ ကဲ ... သည် နှစ်ယောက် ဘယ်လို လုပ်ပြီး ညား နိုင်မလဲ ။ သည် အတိုင်း ဆို ဘယ်လို မှ ညားသွားစရာ အကြောင်း မရှိပေ ။ ဒါပေမယ့် သူတို့ နှစ်ဦး ရဲ့ ဖူးစာကံ ပါလာလေတော့ ဒေါ်လေး နဲ့ အတူ ပါလာသည့် ကြီးတော် ဒေါ်သိန်းရှိ က ဦးလေးတိုး ရဲ့ ပြောဟန်ဆိုဟန်တွေ ကို ဗလာချီ သဘောကျ သွား တော်မူသည် ။ သူ့ စိတ် ထဲ တွင် အသက်အရွယ် မတိမ်းမယိမ်း ဒီ နှစ်ယောက် ကို ပေးစား လိုက် ရ လျှင် ကောင်းလေစွ ဟု တွေးမိသည် ။ မောင်တိုး ဆိုတာ အတွင်းသိ ၊ အစဉ်းသိ ၊ ပစ္စည်းဥစ္စာ ချို့တဲ့တာ က လွဲလို့ တခြား ဘာမှ ပြောစရာ မရှိ ။ ဤသို့ ဖြင့် ကြီးတော် သည် ထို အတွေး ကို သူ့ ခေါင်း မှာ ရေခဲရိုက် ပြီး ကြာကြာ သိမ်း မထားနိုင်အားဘဲ ကျွန်တော့် အမေ ရှိရာ သို့ ကတိုက်ကရိုက် ပြေး လာခဲ့သည် ။

အမေ က အဝတ်တွေ ကို တဖုန်းဖုန်း ရိုက် လျှော်ရင်း ကြီးတော် ရဲ့စ ကား ကို ဆုံးအောင် နားထောင်သည် ။ ပြီးမှ “ ကောင်းသားပဲ မမ ရဲ့ ။ မောင်တိုး ဟာ လူရိုးလူကောင်းလေး ပဲ ။ သိန်းအိ အတွက် လည်း စိတ်ချရတာပေါ့ ” ဟု မဲ ပေးလိုက် သည် ။ ဤမှာပင် ပွဲ က ပြတ်သွားခဲ့ပြီ ။ ဒေါ်လေး အတွက် သည် နှစ်ယောက် က “ မိန်း ” မဟုတ်ပါလား ။ ထိုအချိန်က ကာယကံရှင် နှစ်ယောက် ခမျာ သည် ကိစ္စ ကို ဘာမျှ မသိရှာ ။ သိစရာ လည်း မလိုတာဘဲ ။

၃ ။

အဲဒီ နှစ် က ခန်းမ ( ၁ ) မှာ ကျင်းပခဲ့သည့် ဒေါ်လေး တို့ မင်္ဂလာပွဲ သည် အစည်ကားဆုံး ဖြစ်ခဲ့သည် ။ သည် အသက် သည် အရွယ် ရောက် မှ လက်ထပ်ကြ လို့ အံ့သြခြင်း ဖြစ်ကာ လေ့လာ စူးစမ်းရင်း မင်္ဂလာပွဲ ကို လာကြ သလို အင်မတန် မှ ဂဂျီဂဂျောင် နိုင်တတ်သော ကိုယ့် အမျိုး က လွဲ လျှင် ဘယ်သူ့ ကို မှ အကောင်း မထင်တတ်သော အသိုင်းအဝန်း ထဲ သို့ ဘယ်လို လူစားမျိုး ရောက်လာသလဲ ဆိုတာ သိချင် ၍ လာကြသူတွေ လည်း ရှိသည် ။ မည်သို့ပင် ဖြစ်စေ ၊ ဒေါ်လေး နဲ့ လက်ထပ် ပြီး နောက် ဦးလေး လည်း သူ့ နာရီပြင်ဆိုင်လေး ကို ဖြုတ်ပြီး ဈေးချို ရွှေဆိုင်တန်း ထဲ သို့ ရောက် သွားခဲ့ရ၏ ။ ဒေါ်လေး က ရွှေနဲ့ ကျောက်မျက်ရတနာ အရောင်းအဝယ် နည်းနာနိဿယများ ကို ဦးလေး အား သင်ပေးသည် ။ ထိုစဉ်က ကျောက်စိမ်း အရောင်းအဝယ် သည် မူဆယ် မှ တစ်ဆင့် တစ်ဖက် နိုင်ငံ သို့ မှောင်ခို ပို့နိုင်လျှင် အမြတ်အစွန်း ကောင်းကောင်း ရသည် ။ ဒေါ်လေး အိမ်ထောင်မကျခင် တုန်း က တော့ အဲဒီ ရတနာပစ္စည်းတွေ ကို ကျွန်တော် က ပဲ ဒိုင်ခံပြီး အရောင်းအဝယ် လုပ် ပေးရဖူးသည် ။ ခရီးဝေး သွားစရာ ရှိလျှင် ကျွန်တော် ပဲ သွားသည် ။ ယခု ဦးလေး ရှိတော့ ကျွန်တော် အကူအညီ ပေးစရာ မလိုတော့ ။

ဦးလေး သည် တခြားသော အရောင်းအဝယ် မိတ်ဆွေ အချို့ နဲ့ အတူ မူဆယ် သို့ ခရီးထွက်သည် ။ မန္တလေး မူဆယ် ခရီးသည် တစ်နေကုန် ကား မောင်း ရသည် ။ လမ်းပန်း အခြေအနေ ကလည်း ယခုလို မချောမွေ့သေး ။ မော်တော်ကား စ ထွက် ကတည်း က ဘုရားစာ ၊ တရားစာများ ရွတ်ဖတ်ပြီး လိုက်ရသည် ။ အန္တရာယ် တစ်ခု ခု ကြုံလာလျှင် ဘုရား မှ လွဲ၍ ဘယ်အရာ မှ အားကိုးစရာ မရှိပေ ။ ဤကဲ့သို့ စွန့်စွန့်စားစား သွားရောက်ပြီး ရောင်းရငွေ သည် ကိန်းဂဏန်း ကြီးမား သည် ။ သို့သော် အချို့ အရောင်းအဝယ်သမားတွေ မှာ တော့ ရောင်းရငွေ သည် အိမ် သို့ ပြန်ပါ မလာတတ် ။ ငွေ ကုန်စရာ အပျော်အပါး ကိစ္စတွေ က လည်း များသည် ကိုး ။ ဦးလေး က တော့ ရှင်းသည် ။ အရောင်းအဝယ် ကိစ္စက လွဲ လို့ တည်းခိုးခန်း အပြင် ထွက်ခဲသည် ။ တည်းခိုးခန်း ထဲ မှာ ပင် ပုတီးစိပ် တရားထိုင် သည် ။ ပြီးလျှင် သူ့ လက်စွဲ ဇိနတ္ထပကာသနီ စာအုပ် ကို ဖတ်သည် ။

တက်ထရွန်အင်္ကျီလက်တို နဲ့ ချည်လုံချည် ကွက်စိပ်လေး ပဲ အမြဲတမ်း ဝတ်ဆင်သည့် ဦးလေး ရဲ့ ပုံသဏ္ဌာန် သည် ကျောက်အရောင်းအဝယ်သမား လို့ ဘယ်လို ပြောလို့မှ ယုံနိုင်စရာ မရှိ ။ များသောအားဖြင့် ကျောက်သမားများ သည် လက် ထဲ မှာ ပိုက်ဆံလေး ဖောဖောသီသီ ရလာ လျှင် မြန်မာ့သတ္တိ ကို ပြကြသည် ။ ကောင်းကောင်း ဝတ်သည် ။ ကောင်းကောင်း စားသည် ။ အရက်ကလေး တမြမြ လုပ်ရင်း တခြားသော အပျော်အပါး ကိစ္စတွေ ဘက် သို့ ရောက် ကုန်ကြတတ်သည် ။ ဦးလေး က တော့ အရောင်းအဝယ်ကိစ္စ ပြီး လျှင် မန္တလေး သို့ ချက်ချင်း ပြန် ဆင်း သည် ။ သူ့ မိတ်ဆွေများ က ခဏတစ်ဖြုတ် နေပါဦး လို့ ပြောတာ တောင် ဦးလေး မနေနိုင် ။

“ မအိ စိတ်ပူ နေလိမ့်မယ်ကွဲ့ ”

“ မအိ က အရောင်းအဝယ် ကိစ္စ ပြီးပြီးချင်း ပြန်လာရမှာ တဲ့ ”

“ မအိ က အပိုသုံး မကြိုက်ဘူးကွဲ့ ” စ သဖြင့် သူ့ အား တား သမျှ လူတိုင်း ကို တအိ တည်း အိ ပြ၍ မန္တလေး သို့ ပြန်ပြေး လေ၏ ။ ဒါကြောင့်လည်း သူတို့ လင်မယား စီးပွားရေး သည် တစ်မဟုတ်ချင်း တိုးတက် ကြီးပွားသည် ။ တိုက် ၊ ခြံ ၊ ကား စသဖြင့် လက်ထက်ပွား ပစ္စည်းတွေ က လည်း မနည်းမနော ။

နတ်ဖက် သည့် လင်မယား ဟု လူတိုင်း က အားကျပြီး ချီးမွမ်းကြသည် ။ ပျော်ရွှင်စရာ ကောင်းသည့် သုခဘုံလေး ဖြစ်သည် ။ သို့ပေမယ့် ကံကြမ္မာ က ကြောက်စရာ ကောင်းသည် ။ သည်လင် သည်မယား ခမျာ အိုအောင်မင်းအောင် မပေါင်းသင်း လိုက်ရရှာ ။

သင်္ကြန် ကျခါနီး မှာ ဒေါ်လေး တစ်ယောက် ရုတ်တရက် ကောက်ခါ ငင်ခါ ဖျားသည် ။ အပူအား ကြီးလွန်း၍ သတိလစ် သွားသည် အထိ ဖြစ်သည် ။ ဆရာဝန် ကို အမြန် သွားပင့် သော်လည်း ဒေါ်လေး အသက် ကို မမီတော့ ။ လောက မှာ ဘယ်အရာ မှ မမြဲသည့် အနိစ္စတရား ကို ဦးလေး နားလည်ပါသည် ။ ဘယ်လိုပဲ သံယောဇဉ်တွေ တွယ်တာ လာခဲ့ကြပေမယ့် အချိန် တန် လျှင် ခွဲခွာကြရပေမည် ။ ယခုတော့ အချိန် မတန်ခင် မှာ ခွဲခွာ ခဲ့ရပြီ ဖြစ်သည် ။ ယူကျုံး မရသည့် ပူဆွေးမှု တွေ ကြောင့် အမြဲ ရှုမှတ်ခဲ့သော အနိစ္စတရား ကို ပင် ဦးလေး မေ့ သွားခဲ့သည် ။ အသက် ဝိညာဉ် ကင်းမဲ့ နေသည့် ဒေါ်လေး ရဲ့ ခန္ဓာကိုယ်လေး ကို ပွေ့ဖက်ရင်း မျက်ရည်တွေတွေ ကျလျက် ရှိသည် ။

“ မသိန်းအိ ရယ် ၊ မင်း ငါ့ ကို တစ်ယောက်တည်း ထားခဲ့ရက်တယ်နော် ” ဟု ငိုသံပါကြီး နဲ့ အော် ပြောလိုက်သည် ။ အသုဘ လာကြသူတိုင်း မည်သူမျှ မျက်ရည် မဆည်နိုင်ကြ ။ ဦးလေး ရဲ့ ငိုရှိုက်ပြီး ပြောလိုက်သံ က ကျွန်တော့် နားထဲ မှာ ပဲ့တင် ထပ် သွားသည် ။ ဪ ... သနားစရာ ကောင်းတဲ့ ဦးလေး ရယ် ။ ဒေါ်လေး မရှိတော့ သည့် နောက် မှာ သူ့ ခမျာ တစ်ယောက်တည်း ဘယ်လို နေရှာ မည်နည်း ။ ဦးလေး အတွက် တွေးရင်း ကျွန်တော် ရင်မော သွားခဲ့မိသည် ။

၄ ။

တစ်ယောက် တည်း နေရတာ ကို ဦးလေး ခမျာ မနေတတ် မထိုင်တတ် ဖြစ်ဟန် တူသည် ။ ဒေါ်လေး ဆုံးသွားလို့ မှ ၆ လ မပြည့်သေး ။ မိန်းမ တစ်ယောက် ကောက် ယူ လိုက်လေ၏ ။ ထို သတင်း ကို ကြားခါစ က ကိုယ့် နား ကိုပင် မယုံချင် ။ မကြာခင် ဖြစ်ကြောင်းကုန်စင် သိရတော့ မှ အံ့ဩ ရ သလို ဦးလေး အတွက် စိတ် မကောင်း ဖြစ်ရသည် ။ ဦးလေး ယူလိုက်သည့် မိန်းမ က သူ့ ထက် အသက် ထက်ဝက် ခန့် ငယ်သည် ။ ပြီးတော့ မိန်းမကောင်း မဟုတ် ။

“ တို့ အပြစ်ပါပဲ ကွာ ။ အပျော်သဘော နဲ့ စ ရင်း နဲ့ သူ့ ကို ထိန်းလို့ မရတော့ ဘူးဟေ့ ” ဟု သူ့ မိတ်ဆွေ တစ်ယောက် က ပြော ပြပါသည် ။

“ မူဆယ် က တည်းခိုခန်း မှာ ပေါ့ ကွာ ။ မင့် ဦးလေး က တော့ ထုံးစံအတိုင်း အခန်း ပိတ် ပြီး ပုတီးစိတ် ၊ တရားထိုင် နေတာပဲ ။ အဲဒါကို တို့တစ်တွေ က အပျော် သဘော နဲ့ မကောင်းတဲ့ ကောင်မလေး ကို သူ့ အခန်း ထဲ လွှတ်လိုက် မိတယ် ။ ဒါပေမယ့် မောင်တိုး က လက်ဖျား နဲ့ တောင် မတို့ တဲ့ အပြင် ဒီ အလုပ် ဟာ မကောင်းတဲ့ အကြောင်း တရားဟော လွှတ်လိုက်သေးတာ တဲ့ ။ နောက် တစ်ယောက် လွှတ်လိုက် တော့ လည်း အရင် မိန်းကလေး အတိုင်းပဲ ။ တို့ လည်း မောင်တိုး ရဲ့ ကိုယ်ကျင့်သိက္ခာ ကို တကယ် လေးစား သွားမိတယ်ကွ ။ အဲဒီ အချိန်မှာ ကျော်မြ က ရောက် လာပြီး အကြိုက် မတွေ့သေးလို့ပါဗျာ ။ သူ့ အကြိုက် တွေ့ရင် ဘာမှ မခံနိုင်ဘူး ။ ဈာန် ရတဲ့ ရသေ့ တောင် ဈာန် လျှော သေးတာပဲ တဲ့ ပြောတော့ တို့ နဲ့ အခြေအတင် စကား ပြော ကြရင်း မဆီမဆိုင် အလောင်းအစား တစ်ခု ဖြစ်သွားတယ် ကွ ။ မောင်တိုး ကို ဈာန် လျှော အောင် လုပ်နိုင်တဲ့ မိန်းကလေး ရှိရင် ငွေ ၅၀၀၀ ကျပ် ဆုချမယ်ပေါ့ ကွာ ။ အဲဒီမှာ ပဲ အခု မင့် ဦးလေး ယူ လိုက်တဲ့ ဝေဝေမြင့် က သူ တာဝန် ယူရဲတယ် တဲ့ ။ မင်း ဦးလေး ဈာန် လျှောစေရမယ် တဲ့ ။ မကြာပါဘူး ကွာ ။ ပြောသလို ပဲ မောင်တိုး ဈာန် လျှောတော့တာပဲကွ ။ အင်း ... လျှော ရုံတင် မဟုတ်ဘူး ။ မင်း မြင် တဲ့ အတိုင်း ဝေဝေမြင့် ကို ယူလိုက်တဲ့ အဆင့် အထိ ရောက်သွားတယ် ။ တို့ က ဘယ်လို တရား ချချ ဘယ်လို ပြောပြော မရတော့ဘူး ။ ဝေဝေမြင့် မှ ဝေဝေမြင့် ပဲ ။ အတွေ့အကြုံ မရှိတော့ စွဲလမ်း သွားပြီလေကွာ ။ စွဲလန်း သွားအောင်လည်း ဟို ကောင်မ က လုပ်ထားတာ ကိုး ။ အပျက်မ ဆိုတော့ ဒါမျိုး နောကြေ နေပြီလေ ။ ပထမဦးဆုံး မင်း ဦးလေး အခန်းကို သွား ပလူးပလဲ မလုပ်သေးဘဲ မင်း ဦးလေး နဲ့ စကား ပြော ၊ သူ့ အကြောင်းတွေ ကို မဟုတ်က ဟုတ်က သနားစရာ ဖြစ်အောင် ပြောတယ် တဲ့ ။ သူ့ ခမျာ ဦးလေး မရှိလို့ ဦးလေး အစား ရ လို့ ဝမ်းသာမိတယ် တဲ့ ။ ဒါက အစပျိုး တဲ့ နေ့ ၊ နောက် တစ်ရက် ရောက်တော့ ရင်းနှီး လာပြီလေ ကွာ ။ သူ တရားထိုင် နေချိန်မှာ ယပ်ခတ် ပေးရတာနဲ့ ၊ ရေပူရေချမ်း ကမ်းလှမ်းရတာနဲ့ ၊ နောက်ဆုံးတော့ ရက်တစ်ပတ် တောင် မပြည့်လိုက်ဘူး ”

ယခု မှ စိတ် မကောင်း ဖြစ်နေရှာသည့် ထို ပုဂ္ဂိုလ်အား ဒေါသ ဖြစ်သွား ခဲ့သည် ။ သူ့ ကို ပိုးစိုးပက်စက် ပြောလိုက်ချင်သည့် စိတ် ကို မနည်း ထိန်းထားရ သည် ။ သူတို့ တစ်တွေ ရဲ့ အပျော်သဘော အလောင်းအစား သည် လူ တစ်ယောက် ရဲ့ ဘဝ ကို အများကြီး ပြောင်းလဲ သွားစေခဲ့ပြီပဲ ။

“ မသိန်းအိ နဲ့ ညားခဲ့တုန်း က တော့ အိပ်ရာ ထဲ မှာ ပရုပ်ဆီ အနံ့ ပဲ ရှူခဲ့ရ တာကိုးကွ ။ အခု ယဒ်ဒလေ တို့ ၊ ဂိုယာ တို့ နဲ့ တွေ့မှ ကောင်းမှန်း သိ နေပြီလေ ”

သူ့ စကား ကို ဆုံးအောင် နားမထောင် တော့ ဘဲ ချာခနဲ လှည့် ထွက်လာ ခဲ့သည် ။ ဖြစ်ပြီးမှ တော့ ကျွန်တော် ဘာမျှ မတတ်နိုင်တော့ပါ ။ ဘယ် လမ်း ဘယ် စခန်း အထိ လျှောက်လှမ်းကြမည် ကို ပဲ စိတ်မောစွာ စောင့်ကြည့်ရ ပေတော့မည် ။ သွေး ပူနေချိန် မှာ တော့ ဂိုယာနံ့လေး ကို ရှူရှိုက်ရင်း ကောင်မလေး ဆီ က ကိုကို ... ကိုကို လို့ ခေါ်တဲ့ အသံ ကို ပဲ စွဲလမ်း နေမှာ ဖြစ်သည် ။ တရားသမား ကို တရား ပြ ဖို့ ဆိုတာ လွယ်ကူသော အလုပ် မဟုတ်ပေ ။

၅ ။

ကံ ကောင်းချင် တော့ ဦးလေး နဲ့ အိမ်ထောင် ကျ အပြီး လေးလ လောက် မှာ ဝေဝေမြင့် က သူ့ ဇာတိရုပ် ကို မဖုံးနိုင်တော့ ။ ဦးလေး ခရီးထွက် နေစဉ် အိမ် က လက်ဝတ်ရတနာ ၁၀ သိန်း ဖိုး လောက် ယူပြီး တခြား ယောက်ျား တစ်ယောက် နဲ့ လစ်ပြေး သွားတော့သည် ။ အဲဒီ သတင်း ကြား ရချင်း မန္တလေး သို့ ရောက်ရာ အရပ်မှ ဦးလေး ပြန် လာခဲ့သည် ။

“ မောင်ညို ရာ ၊ ဦးလေး ကို ကူညီစမ်းပါဦးကွာ ။ မိတ္ထီလာ မှာ မင်း အမေ ရောက်နေတယ်တဲ့ ။ မင်း လိုက်သွားပေး ကွာ ။ ဦးလေး က ခွင့်လွှတ်တယ်လို့ ပြောနော် ။ မင်း နဲ့ တစ်ပါတည်း ခေါ်ဖြစ်အောင် ခေါ်လာခဲ့ ကွာ ။ ပြေပြေလည်လည် ဖြစ်အောင် လုပ်ခဲ့ ။ မင်းအမေ က စိတ်ကြီးတယ် ကွ ”

ဆောက်တည်ရာ မရ ဖြစ်နေသည့် ဦးလေး ကို ကြည့်ရင်း စိတ်ညစ် သွားရပါ၏ ။ ကဲ ... ဦးလေး စကား ကို ပဲ နားထောင်စမ်း ပါဦး ။ ကျွန်တော့် ထက် အသက် ငယ် တဲ့ သူ့ မယားလေး ကို မင်း အမေ တဲ့ ။ အမယ့် မိန်းမပျက် က လာလာ ချေသေး ။ စိတ် ကြီးတော်မူသတဲ့ ဗျာ ။

မ - စိတ် မွှန်၍ သင့်မသင့် မချိန်ဆ နိုင်သည့် ဦးလေး ရဲ့ စကား ကို ဟုတ်ကဲ့ ဟု ပြောပြီး မိတ္ထီလာ သို့ လိုက် သွားသည် ။ သို့ပေမယ့် ဦးလေး မှာ သလိုတော့ ကျွန်တော် မပြောနိုင် ။ အကျင့်ပျက် သည့် မိန်းမ တစ်ယောက် ကို မေတ္တာတရား အကြောင်း နားလည် အောင် တရား မဟောချင် ။ ခပ်ကြမ်းကြမ်းလေး ကိုင်တွယ် မှ ဖြစ်ပေမည် ။ ဒါပေမယ့် မိတ္ထီလာ ရောက် တော့ ကျွန်တော် ကံ ကောင်းသွား သည် ။ ထို မိန်းမ မရှိတော့ပြီ ။ တောင်ကြီး ကို တက်သွားသည့် သတင်း ကြားရသည် ။ ဦးလေး ဆီ သို့ သည် ကိစ္စ ကိုဖုန်းဆက် ပြောတော့ တောင်ကြီး ဆက်လို က်တဲ့ ။ အမိန့်တော် ပါးလိုက်သည် ။ မလွယ်ပါလား ။ ရေမြေ ဆုံးစေတော့ ခင်ဖုန်း ကို တော့ တွေ့ အောင် ရှာရတော့မည် ထင်သည် ။ ဒါပေမယ့် တောင်ကြီး အထိ ကျွန်တော် မသွားတော့ ။ မိတ္ထီလာ မှာ ပဲ သုံးရက် လောက် နေသည် ။ ပြီးမှ မန္တလေး ကို ပြန်လာ ခဲ့သည် ။

“ ဦးလေး ရာ ၊ တောင်ကြီး ၊ ကလော ၊ ပင်းတယ နှံ့ နေအောင် ရှာတာပဲ ဗျာ ။ စုံစမ်းလို့ မရဘူး ”

ခြူသံ ပါ အောင် ညည်း လိုက်သည့် ကျွန်တော့် ကို ကြည့်ရင်း ဦးလေး ခမျာ မျက်စိ မျက်နှာ ပျက်သွား ရှာသည် ။ ဦးလေး ကို သနား သွားမိသည် ။ ဒါပေမယ့် ဇာတ်လမ်း က ပြီးပြတ် သွားတာ မို့ လည်း ဝမ်းသာ သွားမိသည် ။ နောက် တစ်လ လောက် ကြာတော့ ကွာရှင်းပြတ်စဲစာချုပ် နဲ့ စာတိုလေး တစ်စောင် ဦးလေး ဆီ သို့ ရောက်လာခဲ့သည် ။

“ ကိုကို ရယ် ....

      ချစ်သူ အသစ် တွေ့ခဲ့မိလို့ ရက်စက်တဲ့ အမိုက်မ မိဝေ ကို ခွင့်လွှတ်ပါနော် ”

ဦးလေး က တော့ စာ ကို ဖတ် ပြီး ကလေး ရယ် ၊ မိုက်လှချည်လား လို့ မြည်တမ်း ၍ နေချေသည် ။ ငွေ ၁၀ သိန်းကျော် ဖိုး ဖြောင် သွားတာ ကို ပင် စိတ် ထိခိုက် ခံစားရဟန် မတူပေ ။ ကျွန်တော် သာ ဦးလေး ကို မကြောက်ရ လျှင် တကယ် မိုက် တာ ဟို ကောင်မ မဟုတ်ဘူး ။ ဦးလေး ဗျ ဦးလေး ဟု ပြောလိုက်မိပေမည် ။ ဦးလေး သည် လေးတွဲ့စွာ သက်ပြင်း မှုတ်ထုတ်လိုက်ရင်း နံရံ မှာ ချိတ် ထားသည့် ဒေါ်လေး ရဲ့ဓာတ်ပုံ နား က စိတ်ပုတီး ကို ကိုင် ကာ  ဘုရားခန်း ထဲ သို့ ဝင်သွား လေ သည် ။ ယခုမှ ပဲ ဘုရား ကို ပြန်လည်သတိရ ဟန် တူ၏ ။

ယခုတော့ လည်း ဘုရားတရား ကို ဦးလေး မေ့ သွားပြန်ပြီ ထင်သည် ။ ထို့အတူ ဒုတိယမြောက် မိန်းမ ကို လည်း သတိရဟန် မတူတော့ ။ တတိယမြောက် ကလေး နဲ့ ပျားရည်ဆမ်း ခရီးသည် တစ်လခွဲ လောက် ကြာသည် ။ ကျွန်တော့် ဆီ သို့ လက်ဆောင်ပစ္စည်းတွေ ပို့သည့် အသစ်စက်စက် ဇနီးမောင်နှံ ကို ဘယ်လို ဆုတောင်း ပေးရမှန်း ကျွန်တော် မသိ ။ ပင်လယ်ကမ်းခြေ မှာ လေကောင်းလေသန့် တွေ ရှူရှိုက် လို့ အကြောအခြင်တွေ ပြေသွားသည် ထင့် ။ ဦးလေး ရဲ့ ရုပ်ခန္ဓာ သည် အတန်အသင့် နုပျို နေသည် ။ ဦးလေး က မော်တော်ကား ထဲ က မဆင်းပါ ။ ထီးလင်းတိုက်ကို မင်္ဂလာဆွမ်းကပ် ဖို့ ကိစ္စအတွက် သွားစရာ ရှိသေးတာကြောင့် ဟု ပြောသည် ။

ကျွန်တော် က ဦးလေး နဲ့ စကား ပြောရင်း ဦးလေး ရဲ့ တစ်ဖက်ခုံ မှာ ထိုင် နေသည့် အဒေါ်တော် ရဦးမည့် အမျိုးသမီး ကို အကဲခတ် လိုက်သည် ။ ဦးလေး ကြိုက်မည် ဆိုလည်း ကြိုက်ချင်စရာ ဖြစ်ပါ၏ ။ မော်တော်ကား အတွင်း သို့ ကပ်သီးကတ်သတ် ဝင်လာခဲ့သည့် နံနက်ခင်း နေရောင်ခြည်များ သည် ဦးလေးကတော် ရဲ့ နား နှစ်ဖက် က စိန်နားကပ် ကို ထင်းခနဲ ရှင်းခနဲ လင်းလက် သွားစေခဲ့သည် ။ ဒါလည်း ဒေါ်လေး ရဲ့ စိန်နားကပ် ပါ ပဲ ။ ကျွန်တော် မှတ်မိသည်လေ ။ ဦးလေး က အရောင်းအဝယ်အခြေအနေ ကို ကျွန်တော့် အား မေးသည် ။ လုပ်ငန်းကိစ္စ ဘက် ရောက်သွား တာ ကြောင့် စကားအမျှင် က မပြတ်နိုင် ။ အနား က မချော က ကျွန်တော်တို့နှ စ်ယောက်ကို ကြည့်ရင်း စိတ်ရှည်တော့ ဟန် မတူပေ ။

“ ကိုကို သွားကြစို့လေ ။ ဘုန်းကြီးကျောင်း က ပြန်ရင် ဈေးချို ကို လည်း သွားဦးမှာနော် ” ဟု ဦးလေး ရဲ့ ပေါင် ကို ပုတ်ရင်း သတိပေး လိုက်သည် ။

“  ဪ ... အေးအေး ၊ ကဲ ... မောင်ညို ၊ ဦးလေး သွားမဟေ့ ။ ဦးလေး ဆီ လာခဲ့ဦးကွာ ။ နောက်မှပဲ အလုပ် ကိစ္စ အတွက် စကား ပြောကြရအောင် ”

ဦးလေး ရဲ့ အသံ က ထူးထူးခြားခြား မြူးကြွလို့ နေပါသည် ။ ကျွန်တော် သည် စက်သံညက်ညောစွာ နဲ့ လျှောခနဲ ပြေးထွက် သွားသည့် မော်တော်ကားလေး ကို ပဲ ငေးမောကြည့်နေမိသည် ။ ဟင် ... ဒီ တစ်ယောက် က လည်း ကိုကို လို့ ခေါ်နေ ပြန်ပါလား ။ ဦးလေး သည် ကိုကို ဆိုတဲ့ အသံလေး ကို အလွန်တရာ မှ နားဝင် ချို ဟန် ရှိသည် ။ အရင် ကိုကို က တော့ သူ့ ဆီ မှာ ၄ လ ပဲ ခံသည် ။ ယခု ကိုကို က တော့ ဘယ်နှလ အထိ ခံလေမည်နည်း ကျွန်တော် မသိပါ ။ တတိယမြောက် ကိုကို က ဒုတိယ က ကိုကို ထက် များ လက်သံ ပြင်းလိုက် လျှင် တော့ ဦးလေး ခမျာ လန်ကွတ်တီ ဝတ် ပြီး တောရိပ် ခို ဖို့ပဲ ကျန်တော့သည် ။ ဦးလေး ရဲ့ ကိုကို တို့ ရယ် ကျွန်တော့် ဦးလေး အပေါ် မှာ တစ်ဆိတ် လောက် ကြင်နာ သနားကြပါကွယ်လို့ ရင် ထဲ မှ ဆုတောင်း ပေးရုံ က လွဲ လို့ ကျွန်တော် က ကော ဘာများ တတ်နိုင်ဦးမည်နည်း ။

◾ ညိုထွန်းလူ

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      အမှတ် ၆၉
      ဇူလိုင်လ ၊ ၁၉၉၅

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment