Saturday, March 30, 2024

ဟိုးဆရာ ဟိုး ၊ ဒီ ဆိုင် မှာ ထမင်းစား နားမယ်


 

❝ ဟိုးဆရာ ဟိုး ၊ ဒီ ဆိုင် မှာ ထမင်းစား နားမယ် ❞

[ ချင်းတွင်းမြစ် ကို ဆင်ဖြူရှင်တံတားကြီး က ဖြတ်ကူးပြီး ပခုက္ကူ ဘက် ကို လာမယ် ဆိုရင် ပခုက္ကူ - ဂန့်ဂေါ လမ်းမ နဲ့ ဆုံတဲ့ နေရာ မှာ ထမင်းဆိုင် တစ်ဆိုင် တွေ့ မယ် ၊ ထမင်းဆိုင် ကို မတွေ့ ခင် လမ်းမ ပေါ် က ‘ ဟိုး ဆရာ ဟိုး ၊ ဒီ ဆိုင် မှာ စားကြမယ် ၊ သောက်ကြမယ် ဟေ့ ’ ဆိုတဲ့ ဆိုင်းဘုတ်ကြီး ကို အရင် တွေ့ ရပါမယ် ။

ဆိုင်ရှေ့ မျက်နှာစာ မှာ မြေကွက်လပ် ကျယ်ပြီး ကားတွေ အများကြီး ရပ်နား ၊ စားသောက် နေကြတာ တွေ့ နိုင်ပါတယ် ။ ဆိုင်အမည် က လမင်းဦး ပါ ။ ဒါပေမယ့် လူတွေ က ဟိုး ဆရာ ဟိုး ထမင်းဆိုင် လို့ပဲ အသိ များတယ် ။

ဆိုင်ပိုင်ရှင် ကိုမောင်ဝင်း ( ၄၂ နှစ် ) ကို သူ့ ဆိုင် စားပွဲ မှာ ပဲ ထိုင် ပြီး သူ့ ဘဝဇာတ်ကြောင်း ကို မေးမြန်းခဲ့ပါတယ် ။ ]

••••• ••••• •••••

ကျွန်တော့် ဘဝ က သုည က စခဲ့ရတာ ဗျ ။ တစ်ချိန် က တော့ ကျွန်တော် ဟာ ထန်းတက်သမား ပါ ။ အသက် ၁၄ နှစ်သား ရင်းထောင် ကို မနိုင့်တနိုင် အရွယ် ကတည်း က တက်ခဲ့ရတာ ။ ပင်ပန်းသလား မမေးနဲ့ ။ လူတွေ ပြောနေကြတဲ့
နေပူ မရှောင် မိုးရွာ မရှောင် လုပ်ရတယ် ဆိုတဲ့ အလုပ်မျိုးပဲ ။ နေ ပူပူ ၊ မိုး ရွာရွာ ၊ လေ တိုက်တိုက် နပ်ပျက် လို့ မရဘူး ။ ၁၅ နှစ် လောက် ထန်း တက် ခဲ့ရတယ် ။ တစ်နေ့ အပင် ၇ဝ လောက် တက် ရတာ ၊ မသက်သာဘူး ။

အဲဒီ အချိန် က အခု လောက် လူတွေ နား မျက်စိ မပွင့်ကြသေးတော့ စီးပွားရေး အောင်မြင်မှုတွေ ကို အားကျရ မှန်း လည်း မသိဘူးလေ ။ နေရတာ က လည်း တော ထဲ မှာ ဆိုတော့ ကိုယ့် အလုပ် နဲ့ ပဲ ကိုယ် ပျော်နေတာပေါ့ ။

အဲဒီလိုနဲ့ တစ်နေ့ မှာ အစ်ကို နှစ်ဝမ်းကွဲ တော် တဲ့ ကိုသန်း ၊ ယခု လိုရာပြည့် အမွေးတိုင် ကုမ္ပဏီပိုင်ရှင် က အလှကုန် ကို အထမ်း နဲ့ ရောင်းတဲ့ အထမ်းသမား ဘဝ နဲ့ ရောက် လာတယ် ။ သူ က ကျွန်တော့်ကို ထန်းတက်သမား ဘဝ ကို
စွန့်လွှတ်ပြီး အရောင်းအဝယ်သမား ဖြစ်အောင် ကြိုးစားဖို့ ၊ ထန်းသမား ဘဝ ဟာ
ရင်းထောင် ထောင် ပြောင် ၊ ရင်းထောင် လဲ မွဲ ဆိုသလို ဘဝ က ပြားလိုက် ပိန်လိုက်
သံသရာ လည် နေတာမို့ ထန်းသမား အလုပ် ကို စွန့်လွှတ်ဖို့ တိုက်တွန်းတယ် ။ ပထမ ငွေ အရင်းအနှီး တစ်ထောင် ရအောင် ရှာ ၊ အဲဒီ တစ်ထောင် ကို နှစ်ထောင် ဖြစ်အောင် လုပ်ရတာ အလွန် သက်သာတယ် ။ မင်း ထန်း တက် သလောက် မဆင်းရဲဘူး ပြောတာ နဲ့ ကိုယ့် ကို ထမင်း အနပ်ပေါင်း များစွာကျွေး လာခဲ့တဲ့ ထန်းပင်တွေ ကို ကျေးစွပ် လိုက်ရတယ် ။

ထန်း လုပ်ငန်း ကို သာ စွန့်ပစ် လိုက်ရတယ် ။ လက် ထဲ မှာ အရင်းအနှီး လည်း မရှိဘူးဗျ ။ ဒါနဲ့ ကျွန်တော့် တစ်ဝမ်းကွဲ အစ်မ ဆီ က ငွေ ၁၅၀၀ ချေးပြီး အိမ်ဆိုင်ကလေး တစ်ဆိုင် စ ဖွင့် လိုက်တယ် ။ အဲဒီ အချိန် က ငွေ ၁၅၀၀ ဆိုတာ က လည်း မုန့် ၊ ပဲ ၊ သွားရည်စာ နဲ့ လူသုံးကုန် ပစ္စည်း တော့ အတော်ကလေး စုံအောင် ဝယ် လို့ ရတယ် ။ အနီးအနား ရွာဝန်းကျင် မှာ တော့ ပထမဆုံး အဆင့်မီ အိမ်ဆိုင် ပါပဲ ။ ရေစကြိုမြို့နယ် ကြက်ဆူကျင်းရွာ မှာ ဖွင့် တာပါ ။

ကြက်ဆူကျင်းရွာ က ရေစကြိုမြို့ နဲ့ ဆယ်မိုင် လောက် ဝေးတယ် ၊ ပခုက္ကူ ကားလမ်း ဘေး မှာပေါ့ ။

ကျွန်တော့် ရည်မှန်းချက် က ကျေးရွာ အဆင့် အိမ်ဆိုင်ကလေး ဖြစ်ဖို့ လောက် ပဲ မျှော်မှန်း ထားတာပါ ။ ယခုလို စားသောက်ဆိုင်ကြီး နဲ့ သနပ်ခါးခြံကြီး နဲ့ အဆင့် အထိ စိတ်မကူးရသေး စိတ်မကူးရဲသေးပါဘူး ။

တစ်ဘက် က အိမ်ဆိုင်ကလေး ရောင်း ၊ ရောင်းဖို့ ပစ္စည်းတွေ မြို့ သွားပြီး ဝယ် လုပ်ရင်း တစ်ဘက် က လည်း ဒီနား ရွာနီး ဝန်းကျင် က ဘက်ထရီအိုးတွေ လက်ခံ စုပြီး မြို့ မှာ အားသွင်း ဖို့ အပို့အယူ လုပ်တယ် ။ တစ်ခေါက် ကို စက်ဘီး နဲ့ ၁၅ လုံး တင်တယ် ။

တစ်နေ့ မှာ တော့ ဘက်ထရီအိုးတွေ ပို့ ဖို့ အသွား ရွာအထွက် ကားလမ်း အရောက် မှာ ကား သုံးစီး နား နေပြီး ကားသမားတွေ စကား ပြောသံ ကြားလို့ နားစွင့် မိတယ် ။ သူတို့ ပြောတာ က “ ဒီ လမ်းကြော မှာ စားသောက်စရာ နေရာ ရှားတယ် ။ စိတ်တိုင်းကျ မရှိဘူး ။ ဒီနေရာ မှာ စားသောက်ဆိုင် တစ်ဆိုင် လောက် ရှိရင် ကောင်း မှာပဲ ။ ကြားစခန်း လည်း ကျတယ် ၊ လွတ် လည်း လွတ်လပ်တယ် ” တဲ့ ။

အဲဒီလို ပြောသံ ကြားတာ နဲ့ ကျွန်တော့် ဆိုင် ကို ကားလမ်း ဘက် ရွှေ့ ဖွင့် ပြီး လက်ဖက်ရည် နဲ့ အသုပ်စုံ စမ်း ရောင်း ကြည့်တယ် ။ ထင် ထားတာ ထက် တောင် အဆင် ပြေတယ်ဗျ ။ ကားသမား တချို့ က ထမင်းချက် ရောင်း ဖို့ အကြံ ပေးတယ် ။ ချက်ထား ပြီး ကား မလာ ရင် ၊ ရပ် မစား ရင် ဆုံးရှုံး မှာ ကို မခံနိုင်တော့ သူတို့ စားချင်တယ် ၊ စောင့် နိုင်တယ် ၊ ချက် ပေးပါ ဆိုမှ ပဲ ချက် ပေးတယ် ။ တချို့ ကားသမားတွေ ကလည်း မစောင့်နိုင်ဘူး ။ ဒါနဲ့ အရဲစွန့် ပြီး ထမင်းတွေ ကြိုတင် ချက်ထား လိုက်တယ် ။ ထမင်း တွေ သာ ချက် ထားတာ ကား လာရင် လမ်းပေါ်  တက်ပြီး ထွက် မခေါ် ရဲတာနဲ့  ‘ ထမင်း စားလို့ ရပြီ ’ ဆိုတဲ့ ဆိုင်းဘုတ်ကလေး ကို ကားလမ်း ဘေး မှာ မြင်သာ အောင် စိုက်ထား လိုက်တယ် ။ အဲဒီက စပြီး ချက် သမျှ ကုန်တာပဲဗျို့ ။

ကားသမားတွေ က လည်း စားရတာ နားရတာ အဆင် ပြေတဲ့အတွက် သူတို့ က ပဲ ကိုယ့် ကို ကျေးဇူး တင်တဲ့ အကြောင်း ပြောသွားကြ သေးတယ် ။ ရင်းနှီး တဲ့ ကားသမား တချို့ က တော့ ကျွန်တော်တို့ ကို ဆက်ဆံရေး အပိုအဆာ မပါဘဲ အရိုးခံ အတိုင်းမို့ သဘောကျ သတဲ့လေ ။

ကျွန်တော် က တော့ ကားတွေ ကို အထူး မဆွဲဆောင် ခဲ့ပါဘူး ။ အခု အချိန် အထိ ကျွန်တော့် ဆိုင် ကို ရပ်နား ပေး ဖို့ ကားသမားတွေ ကို မစည်းရုံး ခဲ့ပါဘူး ။ ဒါကလည်း ကျွန်တော် က လုံလောက် ပြည့်စုံချမ်းသာ နေလို့ မဟုတ်ဘူး ။ သူတို့ စိတ် မပါဘဲ ၊ စေတနာ မရှိဘဲ အားနာလို့ ရပ် ပေးရတာမျိုး ဖြစ်မှာ မလိုလား လို့ပါ ။ ပြီးတော့ အခြား ဆိုင် မှာ ရပ်ပေး နေတဲ့ ကား ကို ကျွန်တော်တို့ က ဈေးခေါ် လို့ လာ ရပ်ပေး ရင် အခြား ဆိုင် က နစ်နာ ဆုံးရှုံး သွားမှာကို လည်း မလိုလားဘူး ။
ဒါပေမယ့် ကျွန်တော်တို့ ဆိုင် မှာ လာ ရပ်ပေး နေတဲ့ ကားတွေ ကိုတော့ ကျွန်တော် တို့ ရဲ့ ကျေးဇူးရှင် တွေ အဖြစ် အမြဲ အောက်မေ့တယ် ။ မေတ္တာ ပို့ပါတယ် ။ စေတနာ မှန် လို့ပဲလား မသိဘူး ။ ဒီနေ့ ဒီအချိန် အထိ မိတ်ဆွေတွေ က ရောင်းကောင်း သလား
မေး ရင် ကောင်းပါတယ် ခင်ဗျာ လို့ ပြောနိုင်ပါ သေးတယ် ။

မလှူ နိုင် ဈေးရောင်း ဆိုတဲ့ စကား ကို အခုမှ ကောင်းကောင်းကြီး သ
ဘောပေါက် တော့တယ် ။ အချို့ က စားပြီး ပိုက်ဆံ မရှင်းဘဲ ထ သွားတယ် ။ အချို့ က အကြွေး စားပြီး မပေးဘူး ။ လုပ်သက် နု တုန်း ကတော့ စိတ် ထဲ မှာ နှမျော တာ ရော ဒေါသ ဖြစ် တာရော ကသိကအောက် ပေါ့ ။ ကြွေးစား ထား တဲ့ လူ နောက် တစ်ခေါက် လာရင် ပေါင်း တောင်းတယ် ။ အဲဒီတော့ နောက် တစ်ခေါက် မှ ပေးမယ်
ပြောပြီး ထွက်သွား ပြန်တယ် ။ နောက်ကျ မလာတော့ဘူး ။ အဲဒီတော့ အရင် ကြွေး လည်း မရ ၊ နောင် လည်း မရောင်းရ ဖြစ်ရော ၊ ခုတော့ အကြွေး ယူ သွားရင် စာရင်း လည်း မမှတ်တော့ဘူး ။ တောင်း လည်း မတောင်းရဲတော့ဘူး ခင်ဗျ ၊ ကိုယ် လည်း
သံသရာ က ကျွတ်အောင် မရုန်းနိုင် သေးတော့ ဒါန လို့ သာ သဘောထား ရတော့တာပဲ ။

ပြောရဦးမယ် ၊ ကျွန်တော့် မှာ အခု အချိန်ထိ ဖြေရှင်းကိုင်တွယ် လို့ မရတဲ့ အခက်အခဲ ရှိသေးတယ်ဗျ ။ ကျွန်တော် ထမင်း စ ရောင်းခါစ လောက်ကပေါ့ ။ ရွှေကူ - သလ္လာလိုင်းကား က ခရီးသည်တွေ အပြည့် နဲ့ ဝင်ချလာပေါရော ။ ဆိုင် စားပွဲထိုးတွေ က ‘ လိုင်းကား ဝင်လာပြီ ဟေ့ ’ လို့ အားရဝမ်းသာ ထ ပြောတယ် ။ ကျွန်တော်
လည်း ထွက်ပြီး ခရီးဦးကြို ပြုတယ် ။ ကားသမားတွေ အတွက် အတွင်း ဘက် မှာ
သီးသန့် ပြင်ပေးပြီး အပို ဟင်းကလေးတွေ ဖွယ်ဖွယ်ရာရာ လုပ်ပေး လိုက် တာပေါ့ ။

ဒါကို တခြား စားပွဲ မှာ ထမင်းစား နေတဲ့ ကုန်ကားသမား က မြင် တော့ ကားသမား အချင်းချင်း အတူတူ ခရီးသည်တင်ကား ကျတော့ ပို ဂရုစိုက်တယ် ၊
ငါတို့ လည်း ပိုက်ဆံ ပေး စားတာပါကွ လို့ ပြောတယ် ။ ကျွန်တော် က သူ့ ကို ပြန် ရှင်း ပြ ရတယ် ။ အခြား ကုန်ကားသမားတွေ က ခရီးသည်လိုင်းကား ဝင် လာရင် အခွင့်အရေး ပေးပြီး ဧည့်ခံပါ ။ ခရီးသည်တင် ကား က အခေါက်ရေ လည်း စိပ်တယ် ၊ ခရီးသည်တွေ ဦးရေ များများ စားတော့ ထမင်းဆိုင် လည်း အကျိုးအမြတ် ရှိတယ်
လို့ အကြံ ပေး ထားလို့ပါ ။ ကျွန်တော်တို့ ကို နားလည် ပေးကြပါ ။ ခင်ဗျားတို့ ကို
တောင်းပန် ပါတယ် ။ ခင်ဗျားတို့ ဆီ က ယူတဲ့ ငွေ နဲ့ ထိုက်တန်အောင် ကျွန်တော် တို့ ကျွေးပါတယ် လို့ ပြော ရတယ် ။ အဲဒီ ကုန်ကားသမား က ငါ နားလည်ပါတယ် ကွာ ။ မင်းတို့ ကို စတာပါ တဲ့ ပြော သွားတယ် ။ အဲ ဒါပေမယ့် အဲဒီ ကုန်ကားသမား နောက်ထပ် လာ စားတာ မတွေ့ ရတော့ဘူး ။ ကျွန်တော် လည်း စိတ်ညစ် သွား တာပေါ့ ။

ဒီ နောက်ပိုင်း မှာ တော့ လိုင်းကား ဝင် လာရင် မအော်မိ ဖို့ စားပွဲထိုးတွေ ကို သတိပေး ထားရတယ် ။ ဒါပေမယ့် လိုင်းကား ဝင် လာရင် ဆိုင် က အလုပ်သမားတွေ က ကျန်တဲ့ လူတွေ ကြိုတင် ပြင်ဆင်ချိန် ရအောင် ထထ အော် နေမိလို့ လက်ကုတ် ထားရတယ် ။ လိုင်းကား အသစ် ဝင် လာရင် ကိုယ် ကဝမ်းသာ ပေမယ့် လည်း လွတ်လွတ်ကျွတ်ကျွတ် ဝမ်းမသာ မိအောင် ကိုယ့် ကိုယ် ကို ဘရိတ်အုပ် ထားရပါတယ် ။ ကုန်ကားသမားတွေ ကို လည်း ဟင်းပွဲ အပို လုပ်ပေးတာ တို့ သစ်သီးပွဲ အပို ကျွေးတာ တို့ လုပ်ပေး ရတယ် ။ လက်ဖက် နဲ့ ဆေးလိပ် လည်း တည်တယ် ။

ကျွန်တော် ကိုယ်တိုင် အရက် မသောက်ဘူး ၊ ဆေးလိပ် မသောက်ဘူး ၊ ကျန်းမာရေး အတွက် ရော လူမှုရေး အတွက် ရော မသောက်တာ ။ ဒါပေမယ့် ကျွန်တော့် ဆိုင် မှာ ရောင်း နေရတာ စိတ် မကောင်းဘူး ။ မရောင်း တော့ဘူး လုပ်လို့ မရနိုင်ဘူး ။ ဆိုင်က ဒီ တစ်ဆိုင် ပဲ ရှိတာ ဆိုတော့ ကား ပေါ် ပါလာတဲ့ ခရီးသည် က အာသာ ရှိရင် မရ မဖြစ်အောင် ရောင်း နေရတာပါ ။

ကျွန်တော့် ဆိုင် က လမ်းဆုံ မှာ ဆိုတော့ ပုလဲ ၊ ဂန့်ဂေါ ၊ ပခုက္ကူ ၊ ရေစကြို ၊ ချောင်းဦး ၊ မန္တလေး ၊ မုံရွာ ကားတွေရပ်နားကြပါတယ် ။ ပခုက္ကူ မှ ၂၈ မိုင် မှာ ‘ ဟိုး ဆရာ ဟိုး ’ လို့ အများ သိကြတယ် ။

ကျွန်တော့် ဆိုင် မှာ ခရီးသည်တွေ အေးအေးဆေးဆေး နားပြီး စားသောက် လို့ ရအောင် ကား လေဖြည့် ၊ ကား ရေဖြည့် ၊ လူ ရေချိုး ၊ လိုအပ်ရင် တယ်လီဖုန်း ဆက်လို့ ရအောင် စီစဉ် ပေးထားတယ် ။

ကျွန်တော့် ဆိုင် ရောင်းအား ကောင်းတာ က တော့ နေရာ နဲ့ စေတနာ ကြောင့် ပါ ။ အဲ အချက်အပြုတ် နဲ့ သန့်ရှင်း လတ်ဆတ်မှု လည်း ပါဦး မှ ဖြစ်မယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment