Friday, March 1, 2024

ငှက်ခတ်သမား


 

❝ ငှက်ခတ်သမား ❞

[  ဦးသိန်းဝင်း ( ၄၇ နှစ် ) က အပေါင်းအသင်း ကောင်း လို့ လူချစ်လူခင် များ ပါတယ် ။

သူ့ ဘဝ ဇာတ်ကြောင်း ကို စိတ်ဝင်စား လို့ အမရပူရ ရတနာ့ဂူ နတ်ပွဲ ငှက်ဆိပ် ကို ကျွန်တော် လိုက် သွားတယ် ။ ကိုသိန်းဝင်း က အခစား ငှက် ခတ်တယ် ။ အညာဒေသ မှာ ကူးတို့ သမ္ဗာန်ငယ် ကို ငှက် လို့ ခေါ်တယ် ။ ရတနာ့ဂူပွဲ ကို လာ သူ တွေ က ငှက် စီးပြီး ပျော်လေ့ ရှိတယ် ။ ကျွန်တော် ရောက် သွား ချိန် က ဦးသိန်းဝင်း ဆိပ်ကမ်း မှာ မရှိပါဘူး ။ ငှက် စီးသူတွေ ခေါ် ရာ အငှား လိုက် သွားတယ် ။

ဦးသိန်းဝင်း ကျောက်ချ နေလေ့ ရှိတာ က တောင်သမန်အင်းစောင်း ပါ ။ တောင်သမန် ကို လာ လည် တဲ့ နိုင်ငံခြားသား တွေ ၊ မြန်မာပြည်သား တွေ ငှက် အပျော် စီး ရင် သူ ပို့ ပေးတယ် ။

သူ နဲ့ တောင်သမန် အင်းစောင်း က အကြော်ဆိုင် တစ်ခု မှာ အတူ ထိုင် ရင်း သူ့ ရည်မှန်းချက် တွေ ကို ကျွန်တော် မှတ်တမ်း တင်ခဲ့ပါတယ် ။ ]

•••••   •••••   •••••

ကျွန်တော် က ငယ်ငယ် ကတည်း က ငှက် ခတ်ခဲ့တာ ။ ကျွန်တော့် မိဘ တွေ က လည်း ငှက်ခတ်သမား ပဲ ။ ကလေး သဘာဝ အိမ် က ငှက် ကို တက် ဆော့ရင်း ဆော့ရင်း ခတ် တတ် သွားတာ ။ ခွန်အား သုံး ရတဲ့ အလုပ် မို့ လုပ် စား လို့တော့ မရဘူးပေါ့ ။

မှတ်မှတ်ရရ ခြောက်တန်း အောင် တော့ မိဘ က ကျောင်း ဆက် မထား နိုင်တော့ဘူး ။ အလုပ် လုပ်တော့ လို့ ပြောတယ် ။ တန်ခူး ၊ ကဆုန် ၊ နွေ ကျောင်းပိတ်ရက် တစ်လခွဲ လောက် မှာ ရက်ကန်းပညာ သင်ပြီး မိဘ ကို ရက်ကန်း ခတ် ကျွေးတယ် ။ ကျောင်းတွေ ပြန် ဖွင့် တော့ ကျောင်း မနေရ တော့ဘူး ။ ကျောင်းသား တွေ ရက်ကန်းရုံ နား က ဖြတ်သွား တာ မြင်ရင် မျက်ရည် ကျတယ် ။ ကျောင်း နေ ချင်တာ ကိုး ၊ မိဘ က လည်း ကျောင်း မထားနိုင်ဘူး ။ ဒါနဲ့ ကိုယ့် စိတ် ကိုယ် ဖြေပြီး ရက်ကန်း ခတ် ရင်း နဲ့ ငါ မိဘ ဖြစ်လာရင် ငါ့ သားသမီးတွေ ပညာ တတ် အောင် သင်ပေးမယ် လို့ ဆုံးဖြတ်တယ် ။

ကျွန်တော့် မှာ သားသမီး သုံးယောက် ရှိတယ် ။ ကလေးတွေ ပညာ ကို ကြိုးစား သင်ကြစေ ချင် ပေမယ့် ဖြစ် မလာဘူး ။ အကြီးဆုံး သား ဆိုရင် ဆယ်တန်း ဖြေ တာ မနှစ်က သုံးနှစ် ရှိ သွားပြီ ။ မအောင်ဘူး ။ သူ ဆိုး သလား မေး ရင် မဆိုးဘူး ။ ဒါဖြင့် ဆယ်တန်း ကို သုံးနှစ် တောင် ဖြေတာ သူ ဘာဖြစ်လို့ ကျ ရတာလဲ ၊ ကျွန်တော် မစဉ်းစား တတ်ဘူး ။

အလတ်ကောင် က ဘောလုံးကောင်း တော့ မန္တလေးတိုင်း က ယူဆယ့်သုံး ရွေး ထားတယ် ။ သူ က ဘောလုံး ချည်း ပဲ သွား ကန် နေတာ ။ ကျူရှင် လည်း မနေရ တော့ မနှစ် က ဆယ်တန်း မအောင်ဘူး ။ ဆယ်တန်းလေး တော့ အောင် အောင် ဖြေကြပါကွာ လို့ ပြော ထား ရတယ် ။ သမီး အငယ်ဆုံး က ကိုးတန်း ။ သူတို့ ကို ပညာ တတ်စေချင် လွန်း လို့ ကျွန်တော် ဖြစ် သလိုစား ပြီး ကျောင်း ထား ပေးတာပါ ။

ရက်ကန်း ခတ် တာ က မစားလောက်ဘူး ။ ကျွန်တော့် မှာ ကြွေးတင် နေတာ ချည်း ပဲ ။ ကိုယ်ပိုင် အရင်းအနှီး နဲ့ ပိုးတန်းတွေ တင် ပြီး ကိုယ်တိုင် ခတ် နိုင်ရင် တော့ ကျန် မှာ ပေါ့လေ ။ ပိုးတန်း က အရင်းအနှီး ကြီးတယ် ။ သောင်းချီ ပြီး လုပ် ရတာ မတတ်နိုင်ဘူး ။

ငှက် စ ခတ် တုန်း က ဦးပိန်တံတား က အခုလို ၁၂ ရာသီ ရေ မရှိသေးဘူး ။ ၁၉၉၆ ကျ မှ ရေ လှောင်တာ ။ အရင်က ချောင်းရိုးလေး ပဲ ရှိတာ ။ ကျွန်တော် က ကျွန်တော့် ဇာတိ ဖြစ်တဲ့ ပန်းချီကုက္ကို နဲ့ ကားဆိပ် ကို ဈေးသည်တွေ ကုန်သည် တွေ ငှက် နဲ့ ပို့ ရတယ် ။ ဝါဆိုလ က စပြီး သီတင်းကျွတ် ၊ တန်ဆောင်မုန်း ရေ ကုန် ရင် ငှက် ကို သိမ်း ၊ ရက်ကန်း ဘက် ဝင်ရတယ် ။ ရက်ကန်း က မစား လောက် တော့ ကျွဲနဖားတောင် ရဲ့ တောင်ဘက် မြလိပ်တောင် အထိ တက်ပြီး ထင်း ခုတ် ရောင်းစား ရတာ ။

အခုတော့ တိုးရစ်တွေ လာ အောင် တောင်သမန်အင်း ကို ၁၂ ရာသီ လှောင် ထားတယ် ။ ကျွန်တော် တို့ လည်း ၁၂ ရာသီ ငှက် ခတ် ရလို့ ကလေးတွေ ကျောင်း ထား နိုင်တယ် ။

ကျွန်တော် တို့ က တိုးရစ် ပဲ အားထား ရတာ ။ ရတနာပုံ တက္ကသိုလ် အဝေးသင် စာမေးပွဲ ရှိ ရင် ကျောင်းသူ ကျောင်းသားတွေ လာ စီးတယ် ။ မြန်မာ ဧည့်သည် က ရှား တော့ တိုးရစ် ပဲ ချောင်းရတော့ တာပေါ့ ။

တောင်သမန် မှာ ငှက် က ၄၈ စီး ရှိတယ် ။ ကျွန်တော် က နံပါတ် ၁၁ ။ အခု ကိုင် နေတဲ့ ငှက် ကို ၁၉၈၈ ခုနှစ် က အသစ် ခွေ တာ ။ ဆေး မခြယ် နိုင် သေးတော့ ငှက်ကတုံးကြီး ရေ ချ ပြီး စ ခတ် ခဲ့ရတယ် ။ ငှက် တစ်စင်း အခု ဝယ် ရင် တစ်သိန်းနှစ်သောင်း လောက် ကျတယ် ။ ရိုရိုသေသေ ကိုင် ရင် နှစ် ၂၀ လောက် ကိုင် ရပါတယ် ။

ကျွန်တော် တို့ ငှက်တွေ က အလှည့် ချိတ် ထားတယ် ။ ကိုယ့် အလှည့် နဲ့ ကိုယ် ။ ဧည့်သည် လာ ရင် အလှည့် ကျ တဲ့ ငှက်သမား က ငှက် စီး မလား လိုက် မေး ပါတယ် ။ သူတို့ က ဦးပိန်တံတား ပေါ် က နေ ဟိုဘက် သွားပြီး ဟိုဘက် က အပြန် မှာ ငှက် စီးလေ့ ရှိတယ် ။

ကျွန်တော် တို့ မှာ အစည်းအဝေး ဆုံးဖြတ်ချက် လုပ်ပြီး ဟိုဘက် က ဒီဘက် စီး ရင် နှစ်ထောင် ၊ အသွားအပြန် စီး ရင် လေးထောင် လို့ နှုန်း သတ်မှတ် ထားတယ် ။

ဧည့်သည် ကို ငှက် စီးမလား ဆိုတာ မြန်မာ လို ရေးကျက်ထား တဲ့ စကား နဲ့ မေးရတာပါ ။ ကျွန်တော် မေးတာ က ကျွန်တော် နားလည် တာ မဟုတ်ဘူး ။ တိုးရစ် က အပြန် မှာ ငှက် စီးတာများတော့ ဦးပိန်တံတား ထိပ်လောက် အထိ လိုက်ပြီး ဟဲလို အိတ်စကျူမီ ခွင့်ပြုပါ ။ ကျွန်တော် လှေသမား ၊ အပြန် မှာ လှေ စီး မလား ၊ အစ်ဖယူဂိုးဘက် ၊ ယူကင်တိတ်ဘုတ် ။ သူများ သင်ပေး ထားတာ နဲ့ မေးရတာပဲ ။ အိုကေ ၊ ဟောင်းမတ်ချ် မေးရင် ဈေးပြော ရတယ် ။ ဈေး တည့် ရင် အိုင်ဝယ်လ်ဝိတ် ဖရွန်ဟီးယား ၊ ဟိုနေရာ က စောင့်မယ် ပြောပြီး တစ်ဖက် ကမ်း ကို လက်ညှိုး ထိုး ပြရတာပဲ ။ သူ က ဆစ် ရင် ဟောင်းမတ်ချ်ယူပေး ၊ ဘယ်လောက် ပေးမလဲ မေးရတာပေါ့ ။ အချို့ က မတန်တဆ ဆစ်တာမျိုး လည်းရှိတယ် ။ နှစ်ရာ လောက် ပဲ ပေးတာ ။ နှစ်ရာ ဆိုတာ လွန်ခဲ့တဲ့ ငါးနှစ် လောက် က ဈေး ။ သူတို့ က ငါးနှစ် လောက် က စာအုပ် ကိုင် လာပြီး ဆစ်တာ ။ သည် မှာ ပြောင်းလဲ နေတာ သူတို့ မသိဘူး ။

နိုင်ငံခြားသား ကို ပြောနိုင် ဆိုနိုင်တဲ့ လူ က ပိုက်ဆံ ပို ရတယ် ။ သူတို့ က သနားတတ်တယ် ။ ငှက်အဖွဲ့ ထဲ က နံပါတ် ၃၃ ဆို ရင် ဘုန်းကြီးကျောင်း ထွက် ။ တန်းကျောင်း လည်း မနေဖူးဘူး ။ အေဘီစီ လည်း မသိဘူး ။ ဒီကောင် က အင်္ဂလိပ် အသံထွက် တွေ မြန်မာ လို ရေး ကျက်တာ ။ ည တစ်ချက်တီး နှစ်ချက်တီး အထိ ကျက်တာ ။ မင်း ဒါလောက် လုပ် နေရင် ရူးလိမ့်မယ် လို့ တောင် ကျွန်တော် ပြောမိသေးတယ် ။ ဒါလည်း မရဘူး ။ အိမ်သာ တက် လည်း ကျက် ၊ ထမင်း စား လည်း ကျက် ၊ ထမင်းစား လည်း ကျက် ၊ အခုတော့ ဖော်ရိန်နာ တွေ က သူ မှ သူ ဆိုပြီး ဖြစ်နေတာ ရှိတယ် ။ အချို့ သုံးလေးငါးခေါက် ပြန် လာတာ ၊ လာ တိုင်း သူ့ ပဲ ဆို တဲ့ လူတွေ ရှိတယ် ။

တိုးရစ်တွေ က ငှက်ခ အပြင် ပလဲဇင့်တွေ လည်း ရော့ နှစ်ကျပ် ၊ ရော့ သုံးကျပ် ဒေါ်လာ တွေ ပေးတယ် ။ အချို့က ဒေါ်လာ မထွက် ဘဲ ရေမွှေး တို့ ၊ ဘောပင် တို့ ၊ ခေါင်းလျှော်ရည် တို့ ထွက်တယ် ။

မနက် တုန်း က ပေါ့ ။ တိုးရစ်မ နှစ်ယောက် က မင့် ကလေး ဘယ် နှစ်ယောက် ရှိသလဲ တဲ့ ။ သုံးယောက် ရှိတယ် ဆိုတော့ ဘောလ်ပင် ကိုးချောင်း ပေး သွားတယ် ။ တိုးတွေ ပေး တဲ့ ပလဲဇင့် ကို ပြန် ကောက်တဲ့ လူ ရှိတယ် ။ ကျွန်တော် က ကျောင်းသားတွေ နဲ့ ဆိုတော့ ဘောလ်ပင်တွေ ကို ပြန် ရောင်း လို့ ဘယ် ရမှာလဲ ။

ကျွန်တော် ငယ်ငယ် က ငှက်တက် ခတ် ခဲ့ ဖူးပေမယ့် ကျွန်တော့် ကလေး တွေ ကို သနား လို့ လုံးဝ ငှက် မခတ် စေရဘူး ။ ကျွန်တော့် ဘဝ ဘယ်လိုပဲ နေနေ ကလေးတွေ ကို ပညာ နဲ့ ပဲ အသက်မွေး စေချင် တယ်လေ ။

သူတို့ ကို ပညာ တတ် စေချင်တယ် ။ ကျွန်တော့် ထက် သာ စေချင်တယ် ။ ကျွန်တော် က ဒီ ဘဝ ထဲ ရောက် လာတော့ ပညာ တတ် တဲ့ လူ နဲ့ မတတ်တဲ့ လူ ဘယ်လောက် ကွာသလဲ ဆိုတာ သိပ် သိတယ် ။ ကလေးတွေ ကို လည်း သိစေချင် လိုက်တာ ၊ ပညာ ကြိုးစားပြီး သင်စေချင် လိုက်တာ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment