Saturday, March 23, 2024

မရောင်းရ အိုး နဲ့ ဖျာ


 

❝ မရောင်းရ အိုး နဲ့ ဖျာ ❞

အင်းစိန် ပစ်တိုင်းထောင် ဇာတ်ရုံကြီး ကို ဘေးတိုက် နောက်ခံ ထားလျက် ဘီအိုစီ ကွေ့ မရောက် တရောက် ပလက်ဖောင်း ဘက် တွင် ဟည်း နေအောင် ထိုး ထားသည့် ကနားဖျင်းကြီး တစ်ဆောင် ။

အလျား ပေ လေးဆယ် ၊ အနံ တစ်ဆယ့်ငါးပေ ၊ အမြင့် ဆယ့်ငါးပေ ကျယ် သည့် ကနားဖျင်းကြီး ။ ဤ ကနားဖျင်းကြီး ကား ကိုရင်သြ ယာယီ အားဖြင့် ပိုင်ဆိုင်သည့် အဆောက်အအုံ ။

သည် အဆောက်အအုံ ထဲ တွင် ရောင်းချစရာ ပစ္စည်း ဆို၍ နှစ်မျိုး သာ ခင်းကျင်း ထားသည် ။

အိုး နှင့် ဖျာ ။ ရောင်းစရာ အိုး နှင့် ဖျာ သာ ရှိသည် ဆို၍ ပေါ့ပေါ့ မထင် လိုက်ပါ နှင့် ။ ရင်းနှီး ရသည့် ငွေ ချည်း နှစ်သောင်း ကျော် ။ ကုန်ကျစရိတ် ၊ သယ်ဆောင်ခ ၊ ကနားဖျင်းထိုးခ ၊ ကနားဖျင်းထိုး ဖို့ ပစ္စည်း ဝယ်ခ ၊ ဇာတ်ရုံ ကန်ထရိုက် အား ပေးရသည့် အခ ၊ သက်ဆိုင်ဌာန သို့ ပေးရ ကမ်းရသည့် စရိတ် စသည် ဖြင့် စုစုပေါင်း လိုက် လျှင် နှစ်သောင်းငါးထောင် နီးနီး ခိုက် သွားပြီ ။ ကိုရင်ဩ နှင့် အလုပ်သမား သုံးယောက် စားစရိတ် မည်မျှကုန်ကျ မည် မသိရသေး ။

ပစ်တိုင်းထောင် ဇာတ်ရုံ က ခုမှ ရုံ ထိုးကာ စ ။ သီတင်းကျွတ်လ ကုန် လောက် မှ တပေါင်း လကုန် အထိ ခင်းကျင်း ပြသလေ့ ရှိသော မဟာရန်ကုန် ပွဲခွင် အတွင်း ကနားဖျင်းကြီး ထဲ ရှိ ပစ္စည်းများ အကွဲအရှ က လည်း ရှိတတ် သေးသည် ။ အပျောက်အရှ လည်း ဖြစ်တတ်သေးသည် ဟု အိုးကုန်သည်ကြီး များ ထံ မှ ကြားဖူးနားဝ ရှိထား၏ ။

မည်သို့ပင် ဖြစ်စေ ခေါက်ပြန်ပေး ယူလာသည့် အိုး နှင့် ဖျာ အချို့ လည်း ရှိနေ သေးရာ အမြတ်ကြီး မမြတ် သော် မှ တစ်နေ့ ခြောက်ကျပ်ခွဲနှုန်း ဖြင့် လုပ်အားပေး စာရေး ဝင် လုပ်သည် ထက် တွက်ချေကိုက် လိမ့်မည် ဟု ကိုရင်သြ က တွက် ထား၏ ။

ကိုရင်သြ ဆိုသည် က သူ့ ကျောင်း နာမည် မဟုတ် ။ သူ့ ကျောင်းနာမည် က မောင်ကျော်ဝင်း ။ ကိုရင်ဩ က ရွာ က ဘုန်းကြီး ပေးသည့် နာမည် ။ ကဝိ လက္ခဏာ သတ်ပုံကျမ်း ကို ပြုစုခဲ့သူ ၊ ရတုကဗျာ ဆိုခဲ့သူ စိန္တကျော်သူ ဘွဲ့ခံ ဦးဩ ကဲ့ သို့ မြန်မာစာပေ ဘက် တွင် ထွန်းကားမည် ဟူသော ဗေဒင်ဟောကိန်း အရ ဘုန်းကြီး က ပေးခဲ့သည့် ငယ် နာမည် ။

ကျော်ဝင်း ဆိုသော အမည် က ဖခင် ဖြစ်သူ ပေးခဲ့သည့် အမည် ။ စစ်ပြီး ခေတ် ရုပ်ရှင်ပြဇာတ် ကာလ တွင် နာမည်ကြီး လာသော ရုပ်ရှင် ဇာတ်လိုက် ပြဇာတ် မင်းသား ကျော်ဝင်း တို့ ၊ မျိုးချစ် တို့ ကို ဖခင် ဖြစ်သူ က အားကျ ကာ ပေးခဲ့သည့် အမည် ။

ဘုန်းကြီး ပေးခဲ့သည့် ငယ်နာမည် အတိုင်း မောင်ကျော်ဝင်း သည် မြန်မာစာ ၌ ‘ တော် ’ သည့် ဆယ်တန်းကျောင်းသား တစ်ယောက် ဖြစ်လာခဲ့ သည် ။

ဆယ်တန်း ကို မြန်မာစာဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့ ပြီး နောက် မြန်မာစာ မေဂျာ ဖြင့် ကောလိပ် သို့ ဆက်တက်သည် ။ သို့ရာတွင် အင်္ဂလိပ်စာ ၌ အလွန် ညံ့ နေသောကြောင့် ကောလိပ်ပထမနှစ် တွင် ၂ နှစ် ဆက် ကျခဲ့၏ ။ ကိုရင်သြ က ညံ့ နေသည့် အင်္ဂလိပ်စာ ကို ကြိုးစားပမ်းစား ဖတ် ၊ ကြိုးစားပမ်းစား လေ့လာရမည့် အစား ကဗျာတွေ ကို ချည်း စပ်နေခဲ့သည် ကိုး ။

ကိုရင်သြ ကောလိပ် ရောက်သည့် နှစ် တွင် ပင် ရွာ မှ ကွမ်းတောင်ကိုင် နုနု အား တစ်ဖက်သတ် ကျိတ်ပိုး ကာ နုနု အား ရည်ရွယ် လျက် ကဗျာ ချည်း စပ် နေခဲ့သည် ။ နုနု သို့မဟုတ် နုနုထွေး က ငါးတန်း ထိ သာ သင်ဖူး ပြီး မိခင် နှင့် အတူ ကောက်စိုက် ပျိုးနုတ် လုပ် နေသူ ။

နုနုထွေး ကြောင့် တစ်ရေး မှ အိပ် မပျော်ဘဲ စာ လည်း မကျက် နိုင်သည့်

အကြောင်း ကိုရင်ဩ က ကဗျာ စီ ကာ မဂ္ဂဇင်းတိုက် သို့ ပေးပို့ ခဲ့သည် ။

ကဗျာ ခေါင်းစီး က “ စာမေးပွဲ ”

( ၁ )

ခါတိုင်းဆိုလျှင် ၊ သည်လိုအချိန်
ညည့်မီးအိမ်အောက် ၊ ငါတစ်ယောက်တည်း
စာမေးပွဲကြောင့် ၊ ဇွဲနှင့်မအိပ်
တစ်မှိတ်မမှေး ၊ တစ်ရေးမလျော့
သော့ကာမှန်မှန် ၊ စာပေအံသည်
ထက်ယံနေခြည် ၊ လင်းသည်ထိ ။

( ၂ )

အခုလည်းပဲ ၊ စာမေးပွဲလည်း
သဲသဲအုတ်အုတ် ၊ ရုတ်တရက်ပဲ
ရဲရဲရောက်လာ ၊ နေပကော ။

( ၃ )

ရင်ဆိုင်ရောက်လာ ၊ ကျောင်းကစာကို
အသာလက်နှင့် ၊ တစ်ချက်ယူကြည့်
ကိုင်လိုက်မိစဉ် ၊ ‘ ထင်း ’ ခနဲသာ
ဝင်းဝင်းဖြာပြီး ၊ ငါ့မှာသတိ
မေ့မိယောင်မှား ၊ ရူးသွားသလား
မဆိုအားတတ်
ဖျတ်လတ်တောင့်တင်း ၊ ပဝင်းရုပ်ရည်
ပြုံးတည်တည်နှင့် ၊ ချစ်ကြည်ဖွယ်သာ
‘ သူ ’ ရောက်လာသည်
စာမှာ စိတ်က မဝင်စား ။

( ၄ )

တစ်ဖက်သတ်ပဲ ၊ စွဲစွဲမြဲချစ်
သို့စဉ်ဖြစ်လည်း ၊ မရဲမဝံ့
ကြောက်ရွံ့ရွံ့နှင့်ပါလားကွယ် ။

( ၅ )

ညည့်ဦးသန်းခေါင်
လင်းရောင်ခြည်နု ၊ ပေါ်လုလုထိ
မျက်ရှုကြေးမုံ ၊ သူရဲ့ပုံသာ
တစ်ဖုံလဲလဲ ၊ စိတ်မှာစွဲတော့
ကဲလွန်းတယ်ပဲ ဆိုမလားလေ ။

( ၆ )

စာမေးပွဲလည်း ၊ သဲသဲအုတ်အုတ်
ရုတ်တစ်ရက်ပဲ
ရဲရဲရောက်လာ နေပြီကောကွယ် ။

စာ မကျက်ဖြစ် ။ ထို့ကြောင့် စာမေးပွဲ ရှုံး ။ ရှုံး တော့ ကျောင်းသား ထုံးစံ အတိုင်း ထင်ရာစိုင်း ၊ သည်လို စိုင်း ပြီးမှ နောင်တ ရ ကာ ဒုတိယနှစ် ကောလိပ် ဆက် တက် ။ သည်လို ဖြစ်သည် ကို ခံစားရသည့် ဝေဒနာ ကို ကိုရင်သြ က မိခင် ဖြစ်သူ နှင့် တစ်ဖက်သတ် ချစ်နေရသူ နုနုထွေး ထံ မြန်မာစာ မေဂျာ သမား ပီပီ ကဗျာ စီ ရေးခြယ် ပေးခဲ့သည် ။

ခေါင်းစီး က “ မာတာ နှင့် သား ” 

မိုက်အမှားကိုဖြင့်
လိုက်စားကာ မပျော်လေနှင့်တဲ့
မွေးမေမေ နှုတ်ချိုသွေးကာပ
ရေးလေတဲ့ ရွှေပေလွှာ ။

မေမေ့သားမှာတော့
မိုက်မှားကာ အပျော်တွေနှင့်
လိုက်စားကာလေ သွေချော်လို့
မွေးမေနော် မှာစကားကိုဖြင့်
ဝေးနေသော် တစ်မြေခြားတယ်လို့
ရွှေနားဖြင့် မောင်မနာ ။

သားတစ်ယောက်ပေမို့တဲ့
ထွန်းပေါက်ကာ လူရည်ချွန်ဖို့
ရပ်ဝေးလွန် ဆရာ့ပါးမှာဖြင့်
တတ်ရေးပွန် ပညာပွားစေလို့
ညွှန်ကြားကာ မွေးမေလွှတ်ပေမယ့်
သွေချွတ်ကာ မောင်မသင်လျှင်ဖြင့်
မယ့်ရင်ခွင် အလျင်ချည်းတော့လို့
နှုတ်ညင်းနှင့် ခြွေကာသာ
စေတနာနှင့် မှာစကား ။

ငယ်အခိုက်ပေမို့
သားမိုက် မလိမ္မာဖြင့်
ကြိမ်တစ်ခါ လိုက်ရှာမှားမိပေါ့လို့
ဝပ်တွားကာ ကျွန်ပန်ထွာတော့
မွေးမာတာ နှုတ်ချိုပြုံးကာပ
ဆုသုံးခါ သာဓုဘုန်းတွေနှင့်
ငါ့သားမောင် သင်လေဦးရယ်လို့
ဆုံးမမြွက်ကြား ။

ကိုရင်ဩ ၏ မိခင် သည် သား ဖြစ်သူ ၏ ကဗျာ တွင် ပါသည့် အတိုင်း “ ဆုသုံးခါ သာဓုသုံးကြိမ် ” ပေးပြီး ခေါ်ပြီး နောက် ကွယ်လွန် သွားခဲ့ ရှာသည် ။ သူ တစ်ဖက်သတ် ချစ်နေသော နုနုထွေး က မူ ကိုရင်သြ အား ကဗျာရူး စာရူး အဖြစ် သာ မြင် နေလေသည် ။

“ ကိုယ့် အသက်မွေးဝမ်းကျောင်း ဘာမှ မလုပ်နိုင်သေးတဲ့ လူ ” 

“ ကိုယ့် ခြေထောက် ပေါ် ကိုယ် မရပ်နိုင်သေးတဲ့ လူ ကို ဘယ်လို ကြင်ဖော် ကြင်ဖက် အဖြစ် သတ်မှတ်လို့ ဖြစ်နိုင်ပါ့မလဲ ”

“ ချစ်တယ် ဆိုတိုင်း အိမ်ထောင် တည်လို့ မဖြစ်ဘူး ရှင့် သိလား ”

နုနုထွေး ထံ မှပေးစာ ၊ မောင်ကျော်ဝင်း ဒုတိယအကြိမ် မြန်မာစာ အဓိက ပထမနှစ် ဆက် တက်သည် ။ နုနုထွေး က ကိုယ့်ရပ် ကိုယ့်ရွာ တွင် ပင် ကောက်စိုက် ၊ ပျိုးနုတ် ၊ ထင်းခွေ ၊ ရေခပ် ။

မောင်ကျော်ဝင်း က နုနုထွေး ထံ ကဗျာတွေ ရေး ၊ မဂ္ဂဇင်းတိုက်တွေ ကဗျာတွေ ရေး ဖြင့် ဒုတိယနှစ် တွင် လည်း စာမေးပွဲ ကျ ပြန်၏ ။ သည်တွင် နောက် မိန်းမ ယူ ထားသော ဖခင် ဖြစ်သူ က မောင်ကျော်ဝင်း အား ငွေ ငါးသောင်း အပြတ် ပေးကာ အမွေ ခွဲ ပစ်လိုက်၏ ။ သည်တွင် မောင်ကျော်ဝင်း ခေါ် ကိုရင်ဩ သည် အင်းစိန် ပစ်တိုင်းထောင် ဇာတ်ရုံကြီး ကို ဘေးတိုက် နောက်ခံ ထားလျက် ဘီအိုစီ ကွေ့ မရောက်ခင် ပလက်ဖောင်း နောက်ဘက် နား ၌ ဟည်း နေအောင် ထိုးထားသော အိုး နှင့် ဖျာ ပိုင်ရှင်ကြီး ဖြစ်လာရ တော့၏ ။

( ၂ )

မဟာရန်ကုန် ဇာတ်ခွင် အခင်းအကျင်း ကား ကျယ်ဝန်းလှသည် နှင့် အမျှ ရှုပ်ထွေးလှ ချေ၏ ။ ဘယ်နေ့ ဘယ်ည ဘယ်ရုံ ဘယ်သူ့ ဇာတ်အဖွဲ့ ဟူသော ကြော်ငြာများ သတင်းစာများ တွင် ထွက် မလာမီ ဇာတ်ရုံကန်ထရိုက်တာ များ မှ တစ်ဆင့် ဇာတ်ရုံပိုင်ရှင်များ က ကြိုတင် သိနေကြပြီ ။

နာမည်ကြီး ဇာတ်သဘင်အဖွဲ့ မိမိတို့ ဇာတ်ရုံ သို့ ဝင်လာမည် ကို သိရသည် နှင့် တစ်ပြိုင်နက် ဇာတ်ရုံကန်ထရိုက်တာ အချို့ ၏ ဆက်ဆံမှု က မောက်မာ လာသည် ။ သည်တော့ ကိုရင်ဩ ခေါ် မောင်ကျော်ဝင်း တို့ လို ဇာတ်ပွဲ အခင်းအကျင်း နှင့် ပတ်သက်၍ အထာမဝသေးသူ တို့ အဖို့ ကနားဖျင်းငှားခ တိုးပေး ရ မလိုလို ရှိသမျှ ပစ္စည်း လျှော့ဈေး ချ ၍ ရွာ ပြန်ရ မလိုလို ကြောက်အား ပိုလာ သည် ။

သည် အထဲ အခါ မဟုတ်သည့် ဆောင်းတွင်းမိုး က ရွာ ချ ပြန်သောအခါ အိုးများ အတွက် မထောင်းသာ သော်လည်း ဖျာများ အတွက် စိတ်စက် အနှောင့်အယှက် ဖြစ်ရ ပြန်သည် ။ ကနားဖျင်း ထဲ တွင် ရာဝင်အိုး မှ အစ ဆယ်ဝင် ၊ ပိဿာဝင် ၊ ငါးဆယ်ဝင် ၊ စဉ့်အိုးများ အစီအရီ ခင်းကျင်း ထားသလို မြေအိုး ရေအိုး က လည်း အထပ် လိုက် ။

သပေါ့ဖျာ ၊ သင်ဖြူးဖျာ ၊ စပါးလှန်းဖျာ များ က လည်း အထပ်လိုက် ၊ သည် ဖျာများ ရေထိပြီလား ဆို လျှင် မှိုတက် ပျက်စီးလာလေ့ ရှိသည် ။ ထို့ကြောင့် မိုးရေစဲ သွားသည် နှင့်တစ်ပြိုင်နက် ဖျာများ ကို ရေ စင်အောင် သုတ်ရ ၊ နေပူ ထဲ ထုတ်၍ နေလှန်းရသည် က လည်း တစ် ဒုက္ခ ။

သည်လို နှင့် ရက်တွေ လတွေ တဖြည်းဖြည်း ညောင်း လာသည် ။ သုံးလ အတွင်း နုနုထွေး ထံ မှ ပြန်စာ တစ်စောင် ရရှိ လာ၏ ။ ဤသို့ ပြန်စာ ရရှိလာခြင်း ကို ပင် အမြတ် ဟု ကိုရင်ဩ က သဘောထားရတော့၏ ။

သို့ရာတွင် နှစ်သောင်းကျော် ဖိုး ရင်းနှီး ထားရသည့် အိုး နှင့် ဖျာများ က အရောင်း မသွက် ၊ အရောင်းမသွက် ဆိုသည်မှာ မရောင်းရသည် နှင့် မထူးခြား လှ ၊ နေ့စဉ် စားသောက်စရိတ် ကို ပင် အိတ် ထဲ မှ နှိုက် ၍ သုံး နေရလေသည် ။ ကိုရင်သြ က ညဉ့်နက်ချိန် တွင် သင်ဖြူးဖျာ အထပ်ကြီး ပေါ် ၌ ခေါင်းအုံး တစ်လုံး နှင့် ဂွမ်းစောင် တစ်ထည် ကို အဖော် ပြုရင်း ဇာတ်ရုံကန်ထရိုက် ပေး ထားသော မီးချောင်းအလင်းရောင် ဖြင့် နုနုထွေး ထံ ထပ် ၍ စာရေး လိုက်သည် ။

မဟာရန်ကုန် ဇာတ်ခွင်များ ရုပ်သိမ်း ချိန် တပေါင်းလ လောက် ၌ နုနုထွေး ထံ ငွေထုပ် ပိုက်၍ ပြန် လာ ကာ ပုဆိုးတန်းတင် အကြင်လင်မယား အဖြစ် မိသားဖသား ပီပီ မင်္ဂလာစရိတ် တင်၍ တောင်းယူမည် ဖြစ်ကြောင်း နှင့် အတူ ကဗျာလေး တစ်ပုဒ် ကို သာ ရေးစပ်ပေး လိုက်၏ ။ ကဗျာ က လေးချိုး ကဗျာ အမျိုးအစား ။

ခေါင်းစီး ကို “ နှောင်ကြိုး ” ဟု ပေးလိုက်သည် ။

သံသရာ ချာချာလှည့်မှာဖြင့်
ဘာဝနာ ခါခါငဲ့ပါလို့
တွယ်ရာမဲ့ တစ်ကိုယ်သာ ။

ဇွတ်မတားပါနှင့်
ဇွတ်မတား ခင်ပျိုမေရဲ့
တစ်ကိုယ်ရေ ဝနေ နန်းဆီသို့
ညိုညိုလေ မွေသင်္ကန်းရယ်နှင့်
ထွက်လှမ်းလို့ ပျော်တော့မှာ ။

ထက်ဝဠာ မိုးတွေညို့လျှင်ဖြင့်
ခက်သဗျာ ညိုးငွေမဆို့ပါဟု
ဖြိုးဝေသမို့သာပ တည်ရတနာ
ကြည်သာယာလို့ ဗျာပါမပိုင်း
ဪ ... သည်တစ်ခါဖြင့် သာသနာကသိုဏ်း ။

စိတ်ကူးငယ်ယဉ်
ထိပ်မူးမာလာခင်က
‘ နု’ ယဉ်ယဉ် ရှုသွင်ပြုံးကာပ
ယုခင်မင် ၊ မှုကြင်ထုံးရယ်နှင့်
ဘုန်းရဲ့ရင် တမင်နွှဲပြန်တော့
မုန်းမဲ့သခင် အထင်မတဲ့နိုင်ဘု
( အိုဗျာ ) မျှင်ကွဲ့ ပတ်ဆိုင်း ။

ဤ လေးချိုးကဗျာ ရေးစပ် အပြီးတွင် နံနက် လေးနာရီ ထိုးနေပြီ ။ လုပ်ဖော်ကိုင်ဖက် နှစ်ယောက် လည်း သပေါ့ဖျာ အထပ်ကြီး ပေါ် တွင် ဂွမ်းစောင် ဖြင့် ကွေးကာ ဟောက် နေပြီ ။ ဇာတ်ရုံ ထဲ မှ ငိုချင်း ချသံ ပတ်မကြီး ထုသံ ကို အတိုင်းသား ကြားနေရ၏ ။ ကိုရင်ဩ က လေးချိုးကဗျာ အဆုံး တွင် လက်တန်းကဗျာ တစ်ပုဒ် ကို ရေးထည့် ပေး လိုက်သည် ။

“ အိုးနှင့်ဖျာ
နေရာ က မကျ ။
မိုး က ဖျက် ၊ ပိုး က တက် နှင့်
ရောင်းမသွက်လှ ။ ”

( ၃ )

ရွှေတိဂုံ တပေါင်းပွဲတော်ကြီး ပင် နီး လာပြီ ။ ကိုရင်ဩ ၏ အိုး နှင့် ဖျာ က အရောင်း မသွက်သေး ။ လုပ်သားရဲဘော် နှစ်ယောက် အား သပေါ့ဖျာ ၊ သင်ဖျာ အလိပ်ကြီး တစ်လိပ် စီပေး၍ အင်းစိန်မြို့ ထဲ လမ်းတကာ လှည့် ၍ အရောင်း ခိုင်းသည် ။ သောက်ရေအိုး ၊ ထမင်းအိုး ၊ ဟင်းအိုးများ ကို လည်း ဆိုင်း တစ်ဖက် တစ်ချက် တွင် ထည့်ကာ လှည့် ၍ ရောင်း ခိုင်းသည် ။ နေ့ စရိတ် ကျေရုံ သာ ။ ရွှေတိဂုံဘုရားပွဲတော် စတင် ကျင်းပသည့် တပေါင်းလပြည့်နေ့ တွင် နုနုထွေး ထံ မှ အရေးတကြီး စာ တစ်စောင် လူကြုံ ဖြင့် ရောက်လာသည် ။

ပဉ္စမတန်းကျောင်း ထွက် တောသူလေး ပီပီ ရေး လိုက်သည့် စာ က ရိုးရိုးကလေး ။ သို့သော် စာ အဆုံး တွင် စကားထာ စကားဝှက် တစ်ခု ပါ လာသည် ။

“ သည် တပေါင်းလ အတွင်း မှာ နုနု ကို ရွာ က လယ်ပိုင်ရှင်သား တစ်ယောက် နှင့် အိမ်ထောင်ချ ပေးဖို့ မိဘတွေ က စီစဉ်နေပြီ ”

မရောင်းရ အိုးနှင့်ဖျာ

ကိုရင်ဩ က တောသား ကောလိပ်ကျောင်း ထွက် ပီပီ နောက်ဆုံး မှာ စကားထာ စကားဝှက် ကို နားလည် လိုက်ပါ၏ ။

မရောင်းရ အိုး နှင့် ဖျာ
တပေါင်းလ ခိုးလှည့်ပါ ။

သို့ရာတွင် ခက် နေသည် က မိမိ ကနားဖျင်းကြီး အတွင်း ရှိ ပစ္စည်းများ ယနေ့ ထိ အရောင်းရ မသွက်ရုံ မက လက်ကျန် ကုန် တစ်ပုံတစ်ပင် ဖြင့် ရှေ့ မတိုး သာ နောက် မဆုတ် သာ ဖြစ်နေသည့် ဒုက္ခ ။ ကိုရင်သြ ထူးထူးထွေထွေ ပြန် ရေး မနေဘဲ သူ့ လေးချိုးကဗျာ အောက် တွင် ရေးထည့် ပေး လိုက်သော လက်တန်းကဗျာ ကို ပင် ရေး ကာ လူကြုံ ဖြင့် ပေးလိုက်သည် ။

“ အိုးနှင့်ဖျာ
နေရာက မကျ
မိုးကဖျက် ၊ ပိုးကတက်နှင့်
ရောင်းမသွက်လှ ။ ”

သို့ရာတွင် နုနုထွေး ထံ မှာ မူ နေ့စဉ် ပင် လူကြုံ ဖြင့် စာတိုကလေး တစ်စောင် ရောက်လာ နေသည် ။

မရောင်းရ အိုးနဲ့ဖျာ
တပေါင်းလ ခိုးလှည့်ပါ ။

မရောင်းရ အိုးနဲ့ဖျာ
တပေါင်းလ ခိုးလှည့်ပါ ။

မိုး လင်းသည် အထိ အိပ် မပျော်နိုင်သော ကိုရင်ဩ က ဇာတ်ရုံ ထဲ မှ ငိုချင်း အတိုင်း လိုက် ၍ အော် ဆိုရင်း ငိုချင်းချ လိုက်သည် ။ ကိုရင်ဩ ရင်ထဲ တွင် နုနုထွေး ရေး ပေး လိုက်သော စာတိုကလေး က ပဲ့တင်ထပ် နေလေ သည် ။

မရောင်းရ အိုးနှင့်ဖျာ
တပေါင်းလ ခိုးလှည့်ပါ ။

◾တက္ကသိုလ်နန္ဒမိတ်

📖 ကိုတောလူ နှင့် အခြားဝတ္ထုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment