Sunday, March 10, 2024

မြို့ဟောင်း မှ ဦးခင်မောင်ညို သို့ ၊ ( ၃၅ ) နှစ်


 ❝ မြို့ဟောင်း မှ ဦးခင်မောင်ညို သို့ ၊ ( ၃၅ ) နှစ် ❞


ဦးသူတော် က လက်ညှိုး နဲ့ ထောက် ပြလို့ ကျုပ် က အသေအချာ ကြည့်ပါ တယ် ။ ဒါဟာ ကိုရင်ခင်မောင်ညို ကို ပထမဆုံး ကျုပ် တွေ့ဖူးတာ ပါ ။ ကိုရင်ခင်မောင်ညို ဟာ မန်ကျည်းပင် မှာ ပြားကပ် နေပါတယ် ၊ မနည်း ကြည့် ယူရတယ် ။


“ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် က ညှပ်ကြီး ကိုယ်တိုင် ဓား နဲ့ ထွင်း ထား တာလေ ”


ဦးသူတော် က ကိုရင်ခင်မောင်ညို ရဲ့ ငယ်နာမည် ဟာ ညှပ်ကြီး လို့ ခေါ်တာ ကို လည်း ရှင်းပြပါတယ် ။ ကိုရင်ခင်မောင်ညို ကို သူ့ အမေ က ခက်ခက်ခဲခဲ မွေးယူရတယ် ဆိုပဲ ၊ မြို့ ဆေးရုံ မှာ တက်ပြီး ညှပ် နဲ့ ဆွဲထုတ် ရ သတဲ့ ။


“ ထူးခြားမယ့် လူ ဟာ အစ ကတည်း က သိသာသကွ ”


ဦးသူတော် ရဲ့ အပြော နော် ၊ မီးတွင်း မှာ ကတည်း က ကိုရင်ခင်မောင်ညို ရဲ့အမေ ဆုံးသွား သတဲ့ ၊ ဒါကို ထူးခြားတယ် လို့ ဆိုတာ ကို တော့ ကျုပ် က သိပ်ပြီး မကျေနပ်လှပါဘူး ။ ကိုရင်ခင်မောင်ညို ကိုယ်တိုင် တောင် ဒီတုန်း ကတည်း က မသေ တာ ကံကောင်း မဟုတ်လား ။


ဘာပဲဖြစ်ဖြစ် ကိုရင်ခင်မောင်ညို ရဲ့ အကြောင်း ဦးသူတော် က သတိရ လာတဲ့ အတွက် ကျုပ်တို့ ရွာ ထူးထူးခြားခြား ဖြစ်လာတာ က တော့ အသေအချာ ပါ ပဲ ။


ဘယ့်နှယ်ဗျာ ထိန်ကုန်း က ကောင် တွေ ထစ်ခနဲ ရှိ တိုင်း စော်ကား တာ ကို ခံ ခံနေရတာ  ကြာပြီ ဗျ ၊ အင်း ... စော်ကားတယ် ရယ် လို့ တော့ မဟုတ် ဘူးလေ ။ မခံချင်စရာလေး တွေ ပြော တတ်တာ ကို ပြော တာပါ ။


ဒီလိုလေ ၊ ကျုပ်တို့ သာယာကုန်း နဲ့ သူတို့ ထိန်ကုန်း နဲ့ က အပြိုင် ဗျ ၊ ကျုပ်တို့ ရွာ က သာယာကုန်း လို့ သာ ဆိုတာပါ ၊ တကယ် သာယာ တာ က သူ တို့ ထိန်ကုန်း ဗျ ။ ကျုပ်တို့ ရွာ မှာ က ရေကန် နဲ့ ငှက်ပျောခြံ ၊ သရက်ခြံ လောက် ရှိတာ ။ သူတို့ မှာ က စိုက်ပျိုးရေးခြံ တွေ က လည်း ကျုပ်တို့ ထက် စုံတယ် ။ နောက်ပြီး ရေကန် က လည်း ကြာကန် ဗျ ။ နောက်ပြီး သူတို့ ရွာ ဘေး မှာ ရွှေလောင်းချောင်း က လည်း ရှိတယ် မဟုတ်လား ။ သူတို့ ကွယ်ရာ မှာ မို့ မှန်တဲ့ အတိုင်း ပြောရရင် ကျုပ်တို့ ထက် သာတာ က တော့ အမှန်ပဲ ဗျ ။ 


နောက်ပြီး အများကြီး ရှိ သေးတယ် ။ ရပ်ရွာ ထုံးစံ မို့ ရာသီပွဲ တွေ မှာ ကကြ ၊ မှုတ်ကြ ၊ ကခုန်ကြ ရ ပြီ ဆိုရင် လည်း သူတို့ ရွာ က ပို ကောင်းတယ်ဗျ ။ ဘောလုံး ချိန်း ကန်ကြ ပြန် ရင် လည်း သူတို့ ပဲ နိုင်တာပဲ ၊ အဲလို သူတို့ နိုင် လို့ ရိုက်ပွဲ ဖြစ်ပြန် ရင် လည်း ကျုပ်တို့ ရွာ က နာတာပါပဲ ဗျာ ။ ယုတ်စွ အဆုံး မနှစ် က သူတို့ ဘုန်းကြီး ပျံတော်မူတယ်ဗျာ ၊ ဘုန်းကြီးပျံ လုပ် လိုက်တာ သိပ်စည် ၊ သိပ်မြိုင်ပေါ့ ။ ပျော်လိုက်ကြတာ ဆို မပြောနဲ့ တော့ ။ 


ကျုပ် တို့ ဦးသုမန က တော့ နှာစေး လိုက် ၊ ချောင်းဆိုး လိုက် တော့ ဖြစ်ပါရဲ့ ၊ ဒါပေမဲ့ ဘုန်းကြီးပျံ လုပ် နိုင်ဖို့ က တော့ ဝေးပါ သေးတယ် ။


ကျုပ်တို့ ရွာ က ဟာတွေ က လည်း ညံ့ ပါတယ် ။ ဘာကမှ ထိန်ကုန်း ကို ယှဉ်နိုင်တယ် မရှိပါဘူး ။ ကျုပ် က တော့ နွားကျောင်း ဖို့ လောက် တတ် တာပါ ။ ထိန်းကုန်း နဲ့ နွားပြိုင်ကျောင်း ဖို့ ဆိုတာ က အဓိပ္ပာယ် မှ မရှိတာ ၊ မဟုတ်ဘူးလား ဗျာ ။


ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ရွာ က ထိန်ကုန်း ကို တစ်နေရာ မဟုတ် ၊ တစ်ခု မဟုတ် တစ်ခု တော့ အသာ ရ ဖို့ က လောက မှာ အရေးကြီးတယ် ဗျ ၊ ကျုပ်တို့ ရွာ က လူတွေ လည်း သိပါတယ်ဗျာ ၊ လောက မှာ ဘာ အရေးကြီး သလဲ ဆိုတာ ။


ဦးသူတော် ရဲ့ အပြော ပေါ့ လေ ၊ ကိုရင်ခင်မောင်ညို ဆိုတာ က ကျုပ် တို့ ရွာ ဘုန်းကြီးကျောင်း က ထွက် သွားတာတဲ့ ဗျ ။ ဦးပဉ္စင်းဃော ရဲ့ တပည့်ရင်းကြီး ဆို ကိုး ။ အသက် ဆယ့်နှစ်နှစ် လောက် မှာ ရန်ကုန် ကို တက် သွား တာ တဲ့ ။ ဘာက နေ ဘယ်လို ဘယ်လို ဖြစ်သွားတယ် တော့ ကျုပ် က ရေလည် အောင် ပြော မပြတတ်ဘူး ။ ကောလိပ်တွေ တက္ကသိုလ်တွေ ဆိုတာတွေ အောင် ကုန် သတဲ့ ။ နောက်ဆုံးတော့ အင်္ဂလိပ် လို တိုက် ဆောက် တဲ့ ပညာ တို့ ၊ အိမ် ဆောက် တဲ့ ပညာ တို့ တတ်လာ သတဲ့ ။ တော်တော့ ကို တော် သတဲ့ ဗျာ ။ ရန်ကုန်မြို့ကြီး က သိမ်ကြီးဈေး အသစ်ကြီး ကို တောင် သူ ဆောက် သလို လို ဦးသူတော် က ပြောတာပဲ ။ ကျုပ် က မယုံလှပါဘူး ။ ဒါပေမဲ့ သူ က သာယာကုန်း သား ဆိုတော့ မယုံ လို့ မဖြစ်ဘူးဗျ ၊ စိတ် ကို က ဟုတ်မှာပါပဲ လို့ ဖြစ်နေတယ် ဗျ ။


ဘာပဲ ပြောပြော ကိုရင်ခင်မောင်ညို ဟာ နိုင်ငံကျော် လူ တစ်ယောက် ဆို တာ တော့ အမှန်ပဲဗျ ။ ဦးသူတော် က အတိအကျ ပြောပြပါတယ် ။ ကိုရင် ခင်မောင်ညို ဟာ သတင်းစာ ထဲ မှာ သုံးခါ တိတိ ပါလာဖူး သတဲ့ ။ တစ်ခါ က တော့ ဓာတ်ပုံ တောင် ပါလာတယ် တဲ့ ။ လှည်းကူး က မွေးမြူရေးစခန်း ကို လေ့လာကြမယ့် ဗိသုကာများ လို့ ဓာတ်ပုံ ရဲ့ အောက် မှာ ရေးထား သဗျ ။ ကိုရင်ခင်မောင်ညို က သံပရာခွံ ဦးထုပ်ကလေး ဆောင်း ထားတယ် ဆိုပေမယ့် ဥပဓိရုပ် က တော့ အခန့်သား ဗျ ။ ဦးသူတော် ပြ လို့ သတင်းစာ ဖြတ်ပိုင်း ကို ကျုပ် ကြည့် ရတယ် ။


အဲ အရေးကြီးဆုံး က ကိုရင်ခင်မောင်ညို ဟာ သာယာကုန်းရွာ ကို ပြန်လာလိမ့်မယ် ဆိုတဲ့ သတင်း ဗျ ။ ထိန်ကုန်း က ကောင်တွေ က ကျုပ်တို့ ထက် စောပြီး သိနေ သဗျ ။ ဘာပြော ကောင်းမလဲ ၊ ကျုပ်တို့ သာယာကုန်း က ကောင်တွေ လည်း ဒီတော့ မှ လက်ခမောင်း ခတ် နိုင်ကြတော့တာကိုး ဗျ ။ ကိုရင်ခင်မောင်ညို လို လူ က သူ တို့ ထိန်ကုန်း မှာ တစ်ယောက် မှ မရှိဘဲ ၊ ဟား ဟား ဟား ။ ဒီတုန်းက ဖြင့် ဝမ်းသာလွန်းလို့ ပြောလိုက်ကြတာ ၊ ပြော လိုက်ကြတာ ။ ကိုရင်ခင်မောင်ညို အကြောင်း ဂုဏ် ယူလို့ မဆုံးပေါ့ဗျာ ။ ထိန်ကုန်း တစ်ကုန်း လုံး က တော့ ဟုတ်လို့ ပေါ့ ။ အဲ အဲ တစ်ခုတော့ ရှိတယ် ၊ သူတို့ က ပြော တော့ ပြော သေးတယ် ။ ကိုရင်ခင်မောင်ညို သာယာကုန်း ကို ပြန်လာမယ် ဆိုတာ အလကားပါ တဲ့ ၊ ကြည့်နေ တဲ့ ၊ နောက်ဆုံး လာဖြစ် မှာ မဟုတ်ဘူး တဲ့ ။


ကျုပ် ဗျာ သူတို့ က ဒီလို ပြော တော့ ရင် ထဲ မှာ တဒိတ်ဒိတ် နဲ့ပေါ့ ၊ သူတို့ ပြောသလိုများ မှန်နေမလား လို့ ။ ဘာမှ မကြာလိုက် ပါဘူး ၊ ကျုပ်တို့ ရွာ ကို ကိုရင်ခင်မောင်ညို ရောက် လာပါတယ် ဗျ ။ ထုံးစံအတိုင်း သူကြီး အိမ် မှာ သူ့ ကို ဧည့်ခံကြသဗျ ။ ဟား ... လာ ကြည့်ကြတဲ့ လူတွေ ၊ လူတွေ ဆိုတာဗျာ ။ သူကြီးအိမ် နဲ့ ကပ်လျက် ရွာလယ်ကွင်း မှာ ပွဲလေး ကျနေတာ ပဲ ။ ကျုပ် လည်း အဲဒီ နေ့ က တော့ နွားတွေကို ရွာတောင် က ကွင်း ထဲ ပစ်ထား ခဲ့ပြီး ၊ သူကြီးအိမ် နား မှာ ယောင်လည်လည် နဲ့ တစ်နေ ကုန်ရတာပါပဲ ဗျာ ။ နွားရှင် ဘဒွေးလှ က “ ဟေ့ကောင် ခွေးမသား ၊ နွားတွေ ပစ်ထားခဲ့ပြီး ဒီမှာ ဘာ လာ လုပ်နေတာလဲ ” တဲ့ ။ 


ကျုပ် အတော် လန့် သွားတယ် ဗျ ၊ ဒါနဲ့ ကျုပ် က လည်း ကြောက်ကြောက် နဲ့ အမှန်အတိုင်း ပဲ ပြော လိုက်မိတယ် ။


“ ကျုပ် ကျုပ် ၊ ကိုရင်ခင်မောင်ညို လာ လာ လာတယ် ဆိုလို့ ဝမ်းသာ လွန်းလို့ လာ ကြည့်တာပါဗျာ ” လို့ ။ 


အံမယ် ဟန်တော့ကျသား ဗျ ။ ကျုပ် က အဆူအဆဲ ခံရမယ် မှတ်နေတာ ။


အေး သူ လို လူ ကို မင်း အသေအချာ ကြည့်ထား တဲ့ ၊ ဒါပေမဲ့ တဲ့ နောက်ကို ကိုရင်ခင်မောင်ညို ၊ ကိုရင်ခင်မောင်ညို နဲ့ မပြောနဲ့ တဲ့ ၊ ဦးခင်မောင်ညို လို့ ပြောရမယ် တဲ့ ။ 


“ အလကား တောသား ” တဲ့ ။


ဟုတ်ပါရဲ့ဗျာ ၊ ကျုပ် က လည်း တောကျတယ် မဟုတ်လား ။ အေးလေ နောက်တော့ ကျုပ် က ဦးခင်မောင်ညို လို့ ပဲ ပြောပါ့မယ် ။ 


အဲ ဦးခင်မောင်ညို သာယာကုန်း ကို ရောက်ပြီ ဆို ကတည်း က သာယာကုန်း မှာ ဝက်ဝက်ကွဲ အောင် ရုတ်ရုတ်သဲသဲ ဖြစ်တော့တာပါပဲ ဗျာ ။ ဦးခင်မောင်ညို ကို တွေ့ချင် တဲ့ လူတွေ က အများကြီး ဗျ ။ ကျွေးချင် မွေးချင် ဧည့်ခံချင် တဲ့ လူတွေ ဆိုတာ က လည်း ဒု နဲ့ ဒေး ။ ဒီ အထဲ ထိန်ကုန်း ဘုန်းကြီး ၊ ကျောင်းထိုင် အသစ်စက်စက် ဦးသာဂရ ကိုယ်တော် တိုင် က ဦးခင်မောင်ညို ကို တွေ့ချင်တယ် ဆိုပြီး တကူးတက နဲ့ ခေါ်ခိုင်း လိုက်တယ် ဆိုတော့ ဘာပြော ကောင်းမလဲဗျာ ။ ကျုပ်တို့ ရွာသားတွေ ဟာ ရွှေနားတောင်ရောင် နဲ့ ပါးပြောင် ကြတာပေါ့ ။ ဦးသာဂရ က ဦးခင်မောင်ညို ကို အားကိုးတကြီး အထင်တကြီး နဲ့ တာဝန် ပေးသတဲ့ ဗျာ ။ သိမ် တစ်ခု နဲ့ ဂန္ဓကုဋီတိုက် တစ်ခု ဆောက်ဖို့ ပုံစံ ဆွဲ ဖို့ တဲ့ ။ ဦးခင်မောင်ညို က လည်း အာဂလူ ခင်ဗျ ၊ အတော့်ကို တော်တဲ့ လူပါပဲ ဗျာ ။ ဘာ ကြာလိမ့်မလဲ ပုံကြမ်း ဆိုတာတွေ ကို ဆွဲထုတ် လိုက်တာ ၊ အချက်အလက်တွေ က လည်း သိပ် စုံ သတဲ့ ။ ဘာတွေရယ် လို့ တော့ ကျုပ် ကလည်း ပြော မပြတတ်ဘူး ။ အေးလေ ကျုပ် လို ကောင် က အနား ကပ်နိုင် တာ မှ မဟုတ်ဘဲ ၊ ကပ် နိုင် ရင် လည်း နားလည် မှာ မဟုတ်ပါဘူး လေ ။ ဦးသာဂရ ကိစ္စ က တစ်ခု ရှိသေးတာ ဗျ ၊ သူ ရောက် လာ မှ ဟိုးလေးတကြော် နဲ့ ကိစ္စတွေ က အများကြီး ဗျ ။ ဟောပြောပွဲ တို့ ၊ ဆွေးနွေးပွဲ တို့ ဘာညာ နဲ့ ပေါ့ ဗျ ၊ ဂဃနဏ က တော့ ကျုပ် မပြောတတ်ဘူးပေါ့ လေ ။ စုံနေတာပါပဲ ။ အဲ တစ်ချက် က တော့ ဒီ တစ်ပွဲ မှာ ကျုပ်တို့ သာယာကုန်း က ထိန်ကုန်း ကို လှလှကြီး နိုင် လိုက်တယ်ပေါ့ ဗျာ ။


နေဦး နေဦး ၊ ဖြတ်ပြီး ပြော လိုက်ရဦးမယ် ၊ တစ်နေ့ က တော့ ဗျာ ၊ ရွာတောင် က ကိုဖိုးချစ် တို့ ခြံကြား လမ်းကလေး မှာ ကျုပ် နဲ့ ဦးခင်မောင်ညို နဲ့ မျက်နှာချင်း ဆိုင် ဆုံဖူး သဗျ ။ ကျုပ် က လည်း အရီး မယ်လှ တို့ အိမ် သွား မလို့ ၊ နဗူးချုံကလေးတွေ ကို ကွေ့ ပြီး ခြံကြား လမ်းကလေး ထဲ အဝင် သူ က လည်း ဘကြီးကျား အိမ် က ပြန်လာတယ် ထင်ပါ့ ဗျာ ၊ ခြံကြား လမ်း ထဲ မှာ ဆုံကြတာ ဗျ ။ ကျုပ် ဗျာ ဝမ်းသာလွန်း လို့ ရင်တွေ ပန်းတွေ တောင် တုန်မိ ခုန်မိ ပါတယ် ။ ပြီးတော့ ကိုဖိုးချစ် တို့ ခြံစည်းရိုး ဘက် ကို လည်း တအား ကပ် ပေးရ သဗျ ၊ နို့မို့ရင် သူ့ အရိပ် ကို ကျုပ် နင်း မိမယ် မဟုတ် ဘူးလား ။ ကျုပ် အနား ရောက် တော့ သူ က ကျုပ် ကို သိနေတယ် ဗျ ၊ အံ့ရော ။ 


“ ဘယ်က လာတာလဲ ကိုဖိုးထင် ” တဲ့ ။


“ ဪ … ဒီနားတင် က ပါ ပဲ ဘုရား ၊ အဲ အဲ ၊ ဒီ ဒီဘက် ကပါပဲ ခင်ဗျ ၊ ဟဲဟဲဟဲ ”


“ ဟား ဟား ဟား ဖိုးထင်

က လည်း နောက်တတ် သကိုး ” တဲ့ ။ 


အင်း … ကျုပ် က နောက်တာ မဟုတ်ဘူး ဗျ ၊ ပါးစပ် က ယောင် သွားတာပါ ။ မယောင်ဘဲ နေပါ့မလား ၊ ဒီလိုဗျ ၊ ကျုပ် က နည်းနည်း တော့ ရှင်းအောင် ပြောရဦး မှာ ပဲ ။ ကျုပ်တို့ ရွာသူကြီး ဦးသိန်း ဟာ ဥပဓိ အတော် ခန့် တဲ့ လူ ဗျ ။ ဒါဟာ အမှန်ပါ ပဲ ။ ကျုပ်တို့ ရွာ မှာ တော့ သူ့ ကို ကြောက်ချစ် ရိုသေကြတယ်ပေါ့ ဗျာ ။ ဒါပေမဲ့ ဦးခင်မောင်ညို ရောက် လာ တော့ သူကြီးသိန်း ကြည့် ရ တာ ခန့် တော့ ခန့်ပါ ရဲ့  ၊ တောကျ သလိုလို တော့ ဖြစ်သွားတယ် ဗျ ။ ဒါ ကျုပ် သဘော တစ်ခု တည်း ပြောတာ မဟုတ်ဘူး နော ။ တစ်ရွာလုံး မှာ ကို ဒီလို ဖြစ်နေတာ ဗျ ။ ကဲ ကျုပ် ပါးစပ် က ယောင် ပြီး ဘုရား ထူး မိတာ လွန်သလား ဗျာ ။


အဲ ... နောက်ဆုံး ပြောချင် တာ က တော့ ကျုပ် က တိုးတိုးတိတ်တိတ် နဲ့ ဝန်ခံ ချင်တဲ့ အပိုင်း ဗျ ၊ ဟုတ်တယ်လေ ... ကျုပ် လုပ်ချင်တာကလေး ကို ကျုပ် လုပ်လိုက်တယ် ၊ ကျုပ် ကျေနပ်တယ် ။


ဒီလိုဗျ ။ ကျုပ်တို့ တစ်နယ်လုံး မှာ ဦးခင်မောင်ညို တဲ့ ဟေ့ ၊  သာယာကုန်းသား တဲ့ ဟေ့ ၊ ဘယ်ကောင် ယှဉ်မလဲ ဆိုတဲ့ အပေါက် နဲ့ ကြွား လို့ ကောင်းတုန်း ဖျတ်ခနဲ ဆို ဦးခင်မောင်ညို ကို ပိုး ထိ ပါလေရော ဗျာ ။


နေဦး ဖြစ်ပုံ ကို ပြောရ ဦးမယ် ။ တစ်မနက် လင်းအားကြီး မှာ ဦးခင်မောင်ညို က မျက်နှာ သစ် မလို့ ရေခွက် ကို ယူ လိုက်သတဲ့ ဗျာ ၊ မြွေပွေး က ရေခွက် ထဲ မှာ ခွေ နေတာဗျ ၊ လင်းအားကြီး မိုးတိုး မှောင်တောင် ဆို တော့ ဘယ် မြင် ရှာ မလဲ ။ မြွေပွေး က ဦးခင်မောင်ညို ရဲ့ နားထင် ကို တွတ်ထည့် လိုက်တာပေါ့ ၊ အဆိပ်က ခေါင်း ထဲ ကို အမြန်ဆုံး ရောက် သွားတာ ကိုး ။ ဘာ ဆေး ဘာ မန္တာန် ၊ ဘာ ဂါထာ မှ မကယ်လိုက် နိုင်ဘူး ဗျာ ။


ဦးခင်မောင်ညို တစ်ယောက် ပိုး ထိ လို့ ဆုံးပါပြီကော လို့ လည်း သိရော တစ်နယ်လုံး ဟာ အကြီးအကျယ် လှုပ်ရှား ချောက်ချား သွားတယ် လို့ ဆိုတယ်ဗျ ။ တုန်လှုပ် ချောက်ချား သွားတယ် ဆိုတဲ့ စကားလုံးတွေ ကို ကျုပ် က အရင် ဘယ်နား သုံးရမှန်း မသိပါဘူး ဗျာ ။ ဒီတုန်းက မြေတိုင်း စာရေး တင်မောင်လေး သုံး လိုက်တာ ကို သဘောကျ လွန်း လို့ မှတ်ထား လိုက်တာပါ ။ ထားပါတော့ ဗျာ ၊ တစ်ရွာလုံး ဟာ မချိတင်ကဲ နဲ့ ဦးခင်မောင်ညို ကို ရွာသင်္ချိုင်း မှာ သင်္ဂြိုဟ် မြှုပ်နှံ လိုက်ရတယ် ဗျ ။


ဪ … တစ်ခု ကံ ဆိုးတာ ရှိသေးတယ် ၊ ဒီတုန်းက နယ်မြေ မှာ သိပ် မငြိမ်မသက် ဖြစ် နေတယ်ဗျ ။ ဒါကြောင့် ဦးခင်မောင်ညို ကို မြှုပ်နှံတဲ့ နေရာ မှာ အုတ်ဂူ ရယ် ဘာ ရယ် ခန့်ခန့်ညားညား မလုပ်နိုင်ကြဘူးဗျ ၊ ရိုးရိုးပဲ မြေပုံ မှာ အသားတိုင်ကလေး နဲ့ သစ်သားပြားကလေး ကပ်ပြီး “ ဦးခင်မောင်ညို အသက် ၃၅ နှစ် ” လို့ သာမည ရေး ထား သဗျ ။ နောက် တစ်နေ့ နေ့ ကျ ရင် တော့ ထိုက်သင့်သလို လုပ်မယ်ပေါ့ ဗျာ ၊ ဒီလိုကိုး ... ။


ဘာပဲပြောပြော အဲဒီလိုကြီး ဖြစ်နေတာ ကို ကျုပ် က တော့ နည်းနည်း မှ မကျေနပ်ဘူး ဗျ ။ 


ကြည့်လေ … သူတို့ ပြောတဲ့ တစ်နေ့ နေ့ တစ်ချိန် ချိန် ဆိုတာ ဘယ်တော့လဲ လို့ ဘယ်သူ ပြောနိုင်မလဲ ၊ ကဲ … တကယ်တော့ ရွာ လူ တွေ အားလုံး သိပါတယ် ဗျာ ။ ခုလို ထူးခြားတဲ့ လူ ဆိုတာ ကျောက်တိုင် တွေ ဘာ တွေ စိုက် ပြီး ဂုဏ်ပြုရမယ် မဟုတ်လား ဗျ ။ ဂုဏ်ပြုတယ် ဆိုတာ ကြွေး ထား သလို လုပ် လို့ ဘယ် ကောင်းမလဲ ။ ကျုပ် က တော့ နည်းနည်း မှ မကျေနပ်ဘူး ။ ဒေါသ ဖြစ်တယ် ၊ ဝမ်းနည်းတယ် ၊ မျက်ရည် ကျရတယ် ။ ဝမ်း ထဲ မှာ လည်း ဟာ နေတယ် ။


ကျုပ် တစ်သက် မှာ စွန့်စွန့်စားစား အလုပ် တစ်ခု လုပ်လိုက်တယ် ဗျ ။


ဘယ်ရမလဲ ကျုပ် က သူကြီးသိန်း အိမ် ပေါ် တက် သွားပြီး သူကြီး ကို တိုက်ရိုက် ပြောချ လိုက်တယ် ။ စကား က သိပ် မပြောတတ် တော့ စီကာ ပတ်ကုံး တော့ ဖြစ်ချင် မှ ဖြစ်မယ်ပေါ့ ဗျာ ။ ဒါပေမဲ့ ဦးခင်မောင်ညို ရဲ့ အထိမ်းအမှတ် ကျောက်တိုင်ကြီး မစိုက်နိုင် သေး ရင် တောင် ကျောက်တိုင်လေး လောက် တော့ ရှိသင့်ပါတယ် ဘာညာ ပေါ့ ဗျာ ။


ပထမ တော့ သူကြီး နဲ့ အတူ အားလုံး ဟာ တစ္ဆေ ခြောက် ခံရ သလို လန့် သွားတယ် ဗျ ၊ နောက်တော့ မှ ရုတ်တရက် သတိရ လာကြသလို ကျုပ် ကို ဝိုင်း ပြီး ဟောက် ကြတယ် ဗျာ ။


ဒီ ကိစ္စ ဟာ ကျုပ် နဲ့ ဘာ ဆိုင်သလဲပေါ့ ဗျာ ၊ လူ ဆိုတာ ဒူး နေရာ ဒူး ၊ တော် နေရာ တော် ၊ ဘာညာ ပေါ့ ။ ကျုပ် က တော့ ဘာမှ သွက်သွက်လက်လက်

ပြန် ပြောတတ်တဲ့ ကောင် မှ မဟုတ်ဘဲ ။ အံ ကို ကြိတ်ပြီး ပြန် ခဲ့ရတာပေါ့ ဗျာ ။ အလကား လူတွေ ... တောက် ။ 


အဲဒီ ညနေ က ကျုပ် ထမင်း လည်း မစားနိုင်ဘူး ၊ ဆေးလိပ် သောက် ရတာ လည်း စိတ်တို နေတယ် ။ စိတ် မကောင်းတာပါ ဗျာ ၊ စိတ် ထိခိုက်နေတာ ပေါ့ ။ ကျုပ် မျက်စိ ထဲ မှာ “ ဦးခင်မောင်ညို အသက် (၃၅) နှစ် ” ကို ရေး ထားတဲ့ သစ်သားပြား ခပ်နဲ့နဲ့ကလေး ကို မြင် နေမိတယ် ဗျာ ။


ဟား ဟုတ်ပြီ ။ သုံးဆယ့်ငါး ၊ သုံးဆယ့်ငါး ။ နေဦး ကျုပ် ဘယ်မှာ တွေ့ မိပါလိမ့် ။ ဩော် ဟုတ်သားပဲ ၊ ကား မိုင်တိုင် ကျုပ်တို့ ရွာ ရဲ့ အနောက်ဘက်ကွင်း ကို ကျော် လိုက်ရင် ကားလမ်း ရှိတယ် ဗျ ၊ အဲဒီ မှာ မိုင်တိုင် ရှိတယ် ။ “ မြို့ဟောင်း မှ ရွှေကန် သို့ ( ၃၅ ) မိုင် ” လို့ ရေးထားတယ် လေ ။ အင်္ဂတေ နဲ့ အခိုင်အမာ လုပ်ထားတာ ဗျ ။ ပြီးတော့ ဘယ်လောက် တိုက်ဆိုင် သလဲ ၊ ဦးခင်မောင်ညို က ( ၃၅ ) နှစ် ၊ တိုင် က ( ၃၅ ) မိုင် ။


အင်း ... ဒါတွေကို ဘယ်လို လုပ်ရရင် ကောင်းမလဲ ။ ကျုပ် တွေး တာ ကျုပ် တွေးတာ ။ အဲဒီ မိုင်တိုင် ကို တစ်ည မှာ သွား နုတ်ပြီး ဦးခင်မောင်ညို ရဲ့ မြေပုံ မှာ စိုက် ထားလိုက်မယ် ။ တိုင် ပေါ် က စာတွေ ကို တော့ ( ၃၅ ) ဆိုတာ ကို ချန် ပြီး ပြောင်း ပစ်ရမှာ ပေါ့ လေ ။


နေဦး .. နေဦး ဒီလို လုပ် လည်း မဖြစ်သေးဘူးဗျ ။ ဒီလို လုပ် လိုက် ရင် တစ်ခု ခု ဒုက္ခ ရောက် နိုင်တယ် ။


 တွေးရင်း တွေးရင်း နဲ့ အတော် မှောင် လာပြီ ပဲ ။ အင်း အခု မှ သတိ ရတယ် ။ ဒီနေ့ လကွယ်နေ့ ပဲ ၊ ပို မှောင်မှာ ပေါ့ ။ မှောင် တော့ ပို ကောင်း တာပေါ့ ။ ကျုပ် လည်း ဆက် စဉ်းစား မနေတော့ ပါဘူး ။ ရေနံဆီမီးခွက် နဲ့ တောက်တိုမည်ရ လိုမယ် ထင်တဲ့ ပစ္စည်း တချို့ ယူပြီး သင်္ချိုင်းကုန်း ဘက် အသာ ထွက် ခဲ့တယ် ။ သင်္ချိုင်း ဆိုရင် လူ တော်တော်များများ က ကြောက်ကြတယ် ဗျ ။ ကျုပ် ဆိုတာ က တော့ နွား ကျောင်း တဲ့ ကောင် ပဲ ဗျ ။ သင်္ချိုင်းကုန်း ဆို ကျုပ် တို့ အဖို့ ကိုယ့်အိုး ကိုယ့်အိမ် လို ဖြစ်နေတယ် မဟုတ်လား ။


ကျုပ် ရောက်သွားတဲ့ အချိန် မှာ သင်္ချိုင်း တစ်ခုလုံး တိတ်လို့ ဆိတ်လို့ ။ ဒါပေမဲ့ မီးခွက် ကို ထွန်း လို့ တော့ မဖြစ်ဘူးဗျ ။ လှမ်း မြင် တဲ့ လူ က မသင်္ကာ လို့ လာ ကြည့်ရင် ဘယ့်နှယ် လုပ်မလဲ ၊ မဟုတ်ဘူးလား ။


ကျုပ် ကြာကြာ စဉ်းစား မနေပါဘူး ၊ ဦးခင်မောင်ညို ရဲ့ အလောင်း ကို ခေါင်း နဲ့ အတူ ပြန် ဖော် လိုက်တယ် ။ အတော် ပုပ်နေပြီ ဗျ ။ နံလိုက်တာ ဗျာ ၊ ဒါ အမှန်အတိုင်း ပြောတာ နော် ။ ဒါပေမဲ့ ဦးခင်မောင်ညို နဲ့ ပတ်သက်ပြီး နံလိုက်တာ လို့ မပြောချင်ဘူးဗျ ၊ ကျုပ် စိတ် မကောင်းပါဘူး ။


ထားတော့ ၊ ရွာ သင်္ချိုင်း က နေ တစ်တိုင် လောက် ဝေး တဲ့ ကားလမ်း ရောက် အောင် ဦးခင်မောင်ညို ရဲ့ အလောင်း ကို သယ်ရတာ က မလွယ်ဘူးဗျ ။ ကျုပ် က လည်း တစ်ယောက် တည်း မဟုတ်လား ။


ကလေး လက်တွန်းလှည်း အဟောင်းကလေး ကို ကျုပ် က အမှိုက်ပုံ တစ်နေရာ မှာ တွေ့ ထားမိလို့ သာ ပေါ့ ။ ခေါင်း ကို အဲဒီ လှည်း နဲ့ တင် တွန်း ရတာ ဗျ ။ လမ်းတွေ က မညီ ၊ ချိုင့်တွေ ကျင်းတွေ နဲ့ မှောင် က လည်း မှောင် ၊ အရေး ထဲ မှ ဘီးတွေ က ဆီ မရှိ ၊ မနိုင်ဝန် လည်း ထမ်းထားရတယ် ဆိုတော့ တကျွိကျွိ နဲ့ မြည်တယ် ဗျာ ။ ကံ ကောင်းတာ က နောက်ပိုင်း မှာ ပုစဉ်းရင်ကွဲ က ထ အော်တယ် ဗျ ။ အဲဒီမှာ တင် နည်းနည်း တော် သွား တာ ။ နို့မို့ရင် တိတ်ဆိတ် တဲ့ ည မှာ ဒီ လှည်းဘီးသံ တကျွီကျွီ က သိပ် မြည်တယ် ဗျ ။


ဒါနဲ့ ဆိုပါစို့ ၊ ရောက် ရော ဗျာ ။ အဲ ရောက် တော့ သန်းခေါင် လောက် တောင် ရှိနေပြီ ဗျ ။ ကျုပ် က တစ်ခါ မိုင်တိုင် ကို တူး ပြီး နုတ် ရသေးတယ် ဗျ ။ နောက်ပြီး ဦးခင်မောင်ညို ရဲ့ အလောင်း ကို သေသေသပ်သပ် နဲ့ မြှုပ်နိုင် အောင် လည်း ကျင်း တူးရ သေးတယ် ဗျ ။


မသက်သာဘူး နော် ။ ဒါပေမဲ့ ကျုပ် စိတ်ကူး နဲ့ ကျုပ် မို့ ပင်ပန်းတယ် မထင်ပါဘူး ဗျာ ။ သူကြီး နဲ့ သူကြီး လူ တွေ ရဲ့ မျက်နှာတွေ ကို မြင် နေတယ် ဗျ ။


ကျုပ် က ရယ် လိုက် ချင်တယ် ။ ဒီ လူတွေ က အလကား လူတွေ ပဲ ။ စေတနာ မှ မရှိတာ ၊ နေပါစေ ။ ဟင်း ဟင်း သူတို့ သိရမှာ ပေါ့ ။


ကျောက်တိုင် ဆို တာ ဖြစ်အောင် လုပ် ရင် ဖြစ် ကို ဖြစ်တယ် ဆိုတာ ။ ကျင်းတွေ ဘာတွေ အဆင်သင့် ဖြစ်ပြီ ဆိုတော့ အလောင်း ကို ပြန် မြှုပ် ရတော့မယ် လေ ။ မမြှုပ် ခင် တော့ ခေါင်း ဖွင့်ပြီး ဦးခင်မောင်ညို ရဲ့ မျက်နှာ ကို ကျုပ် က ကြည့် လိုက်သေးတယ် ဗျ ။


ဒါနဲ့ မီးခွက် ကို ရွာ ဘက် က မမြင်ရ အောင် ကွယ် ထွန်း ပြီး ခေါင်း ဖွင့် ကြည့် ရတာ ကိုး ။ အလောင်း က ပုပ် နေပြီ မဟုတ်လား ။


မျက်နှာကြီး က ယောင်ကိုင်း ဖောင်းပွ ပြီး မျက်လုံးကြီး က ပြူးထွက် နေ တော့ ရယ်စရာကြီးပေါ့ ဗျာ ။ ဒါပေမဲ့ ကျုပ် မရယ်ရဲပါဘူး ။ ဦးခင်မောင်ညို  ကို လေးစားရမယ် မဟုတ်လား ။ နောက်ပြီး အရေး ထဲ မှာ ဦးခင်မောင်ညို ရဲ့ ခါး က အင်းလေး ပုဆိုးကလေး ကို ချွတ် ယူချင်တဲ့ စိတ် က ပေါက်လာ သေးဗျာ ။


ကျုပ် ချက်ချင်း ကိုယ့် ပါးကိုယ် ပိတ် ရိုက် ပစ် လိုက်တယ် ။ မယူ ပါဘူး ၊ မယူဖြစ်ပါဘူး ။ ထိန်ကုန်း က ကျားကြီး သာ ဆိုရင် ဘယ် နေလိမ့် မလဲ ၊ ခွေးမသား ။


ထားပါလေ ။ မြောက်ရွာ က သံချောင်း နှစ်ချက် ခေါက်သံ ကြား တော့ ကျုပ် က ခေါင်း ကို ပြန် မြှုပ်ပြီး နေပြီ ။ မြေ လည်း ပြန် ဖို့ ပြီး နေပြီ ။ အဲ တစ်ခု ပဲ ကျန်တယ် ၊ မိုင်တိုင် ပေါ် က စာလုံး တွေ ပြောင်း ပစ်ရဦးမယ် ။


မြန်မြန် လုပ် မှ ၊ ( ၃၅ ) မိုင် ဆိုတဲ့ နေရာ မှာ မိုင် ကို ဖျက် ပြီး ( နှစ် ) လို့ ပြန် ထွင်း ထည့်ရတယ် ဗျ ။ ဒါဟာ မလွယ်ဘူး နော် ။ အင်္ဂတေ ထဲ မှာ ထွင်း ထားတဲ့ စာလုံး ကို ဖျက်ပြီး မျက်နှာပြင် ပြန် ချော အောင် တိုက် ပစ် ။ နောက်ပြီး မှ ကိုယ် လိုချင်တာ ပြန် ထွင်း ယူရတာ ဗျ ။


ဟော ပြောရင်း ဆိုရင်း မိုးတောင် စင်စင်လင်း နေပြီပဲ ။ မဖြစ်ဘူး မဖြစ်ဘူး လစ်မှ ၊ မတော်လို့ တစ်ယောက် ယောက် မြင် သွားရင် ရှုပ်ကုန် နိုင်တယ် မဟုတ်လား ။ ကျုပ် လုပ်ထားတာ တွေ အားလုံး ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် နောက်ဆုံး ခပ်သုတ်သုတ်ကလေး လှည်းကျင်း ပစ်ရ သေးတယ် ဗျ ။ ပြီးတာ နဲ့ ကျုပ် ကားလမ်းမ ပေါ် က ရွာ ဘက် ကို ဆင်း ခဲ့တယ် ။ ဒီတော့ မှ မောရမှန်း သိတယ် ဗျာ ။ ခွန်အား အပြည့် ရှိ နေတယ် ။ အိပ်ချင်စိတ် တို့ ဘာ တို့ လည်း မပေါ်ပါဘူး ဗျ ။ လေ ရှူရတာ လည်း အရသာ ရှိလိုက်တာ ဗျာ ။ အရေးကြီးဆုံး က တော့ သိတဲ့ အတိုင်းပဲလေ ။ ကျုပ် လုပ် ချင်တာ ကို ကျုပ် လုပ်လိုက်ရတယ် မဟုတ်လား ။


ဒါဟာ ကျုပ် တစ်သက် မှာ အကြီးကျယ်ဆုံး အလုပ် တစ်ခု ပဲ မဟုတ် လား ။ ပျော်ပြီ ဆိုရင် လူ ဆိုတာ အလိုလို သီချင်း ဆို မိတယ် ဗျ ။


“ ကိုယ့် ဘုရင် ၊ ကိုယ့် သခင် ကို မျှော်မှန်းရည် ။ ယနေ့ တိုင် မမေ့ နိုင်ပါတော့သည် ”


•••••   •••••   •••••


မြို့ဟောင်း မှ ထွက်ခဲ့သော ကုန်ကားကြီး တစ်စင်း ရွှေကန် သို့ ဦးတည်၍ မောင်းနှင် လျက် ရှိသည် ။ သာယာကုန်းရွာ အနီး သို့ ရောက်သော အခါ ကား ကို လမ်းဘေး သို့ ချ ပြီး ရပ် လိုက်သည် ။ ဒရိုင်ဘာ ရော စပယ်ယာ ပါ စိတ် တူ သဘော တူ အပေါ့ သွားရန် ကား ပေါ်  မှ ဆင်း ကြသည် ။ 


ဒရိုင်ဘာ လုပ်သူ သည် အပေါ့ သွားရင်း လယ်ကွင်းပြင် ကို ဖြတ် ၍ မျှော် ကြည့် လိုက်သည် ။ လယ်ကွင်း ကို ဖြတ် ၍ လူ တစ်ယောက် ပေါ့ပါး ဖျတ်လတ်စွာ သွား နေသည် ကို မြင် ရသည် ။ ဖျတ်လတ်စွာ ဟု ဆိုရာ ၌ ပို၍ တိကျ အောင် ပြောရ လျှင် ကခုန် ၍ ဟု အစား ထိုး လောက် ပါသည် ။ စပယ်ယာ သည် မိုင်တိုင် အနီး ၌ အပေါ့ သွားရင်း အဝေး သို့ မကြည့်ဘဲ မိုင်တိုင် ကို အမှတ်တမဲ့ ကြည့် မိသည် ။ ရယ်ရ လွန်း ၍ သေး ပါသည် ဟူသော စကား နှင့် ဖီလာဆန့်ကျင်စွာ ရုတ်တရက် ရယ်ရ သော ကြောင့် သေး ရပ် သွားသည် ။ ဒရိုင်ဘာ လုပ် သူ လာ ကြည့်သည် ။ 


မိုင်တိုင် တွင် “ မြို့ဟောင်း မှ ဦးခင်မောင်ညို သို့ ( ၃၅ ) နှစ် ” ဟု အထင်အရှား တွေ့ ရ၏ ။ စပယ်ယာ နှင့် ရော၍ ရယ်ရလေသည် ။ တစ်ယောက် ယောက် နောက် ထားတာပဲ ဟု အမှတ်မဲ့ တွေးရင်း ကား ပေါ် တက် ၊ မောင်းထွက် သွားကြသည် ။


မိုင်တိုင် အောက် တွင် ဦးခင်မောင်ညို ၏ အလောင်းကြီး စင်စစ် ရှိနေမည် ဟု စိုးစဉ်းမျှ မတွေးမိကြရှာချေ ။ 


◾ဝင်းဖေ


📖 မိုးဝေ မဂ္ဂဇင်း

      ၁၉၇၈ ၊ ဇူလိုင်လ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment