Friday, March 1, 2024

ပြုတ်မနူး ( ၁၅ )


 အခန်း - ၁၅


“ တွံသေး ... အဲလေ တွံတေးဦးသိန်း ရဲ့ ပျင်းတောင် ပျင်းသေးတယ် ဆိုတဲ့ တေးသံ ကို လည်း ဆက်လက် နားသောတ ဆင်တော်မူကြပါ ခင်ဗျား ..”


“ ဖြောင်း ဖြောင်း .. ရွှီး ..”


လက်ခုပ်သံ လက်ခေါက်မှုတ်သံတွေ ဆူညံ သွားတယ် ။ တွံတေးဦးသိန်းတန် ကွယ်လွန် သွား တာ ဘယ်လောက် ကြာပြီလဲ ။ ဘာဖြစ်လို့ ခုမှ လာ ဆိုနေတာလဲ ။ ရွာ မှာ ဘုရားပွဲ လည်း မရှိပါဘူး ။ ဒါဆို ဘယ်က လာ တဲ့ အသံ လည်း စသည့် စသည့် ဖြင့် အိပ်ရာ ထဲ မှာ အတွေးတွေ ချာချာလည် ရင်း ...


“ အကုန်ထက ... အကုန်ထက ဟဟ ... ယို့ ယို့ ” 


ဒီ အသံ လည်း ကြားဖူးပါတယ် ။ ဘယ် က လာတဲ့ အသံ လဲ ။


ဪ .. ငါ့ လက်ဖက်ရည်ဆိုင် က ဖွင့် တာပဲ ။ ဒါဆို ခုနက တွံတေးသိန်းတန် အသံ က ဟာ .. စဉ်းစားမိ သွားတယ် ။ ကမန်းကတန်း အိပ်ရာ က ထပြီး ပြတင်းပေါက် ကို ဖွင့် လိုက်တော့ ... 


“ ကဲ ရော့ .. စီးကရက် ... တစ်ယောက် တစ်လိပ် ပဲ ရမယ်နော် ”


“ တန်းစီ ဝင် ... တန်းစီ ... အရမ်း မတိုးနဲ့လေ ... တစ်နေကုန် တိုက်မယ့် ဥစ္စာ ...”


တန်းစီ ပြီး ဝင်ရောက် နေတဲ့ လူတွေ ကို ဦးမျက်ပြူး ရဲ့ သား မျက်မှေး က စီးကရက်တွေ ဝေပေး နေတယ် ။ မလှမ်းမကမ်း မှာ တော့ 


“ တောက် ... သေခါနီးကြီး က ... ကိုယ် နဲ့ ကိုက်၏ .. မကိုက်၏ မကြည့်ဘူး ... ဝတ်ထားစားထား လိုက်တာ ... အရူးကြီး ရှက်ခြင်းတရား နည်းပါးတဲ့ ကောင် ”


ဥရောပ ကုတ်အဖြူ ဝမ်းဆက် ကြောင်ရှာသီး အနက်စင်းကြားကြီး က ထင်ထင်ရှားရှားကြီး ။  မရှိမဲ့ ရှိမဲ့ ဆံပင်လေး ကို ဘာတွေ နဲ့ ထောင် ထားတယ် မသိဘူး ။ အီးတီ လိုလို ဂြိုဟ်သား လိုလို နဲ့ ဦးမျက်ပြူး


“ မင်္ဂလာ ရှိသော နေ့ မှာ ... မင်္ဂလာ စကား တစ်ရပ် ပြောချင်ပါတယ် ... အိမ်ထောင်ပြု မင်္ဂလာဆောင် တာ လည်း မင်္ဂလာ တစ်ပါး ပါပဲ .. စီးပွားရေး တစ်ရပ် အောင်မြင်ခြင်း ဟာ လည်း မင်္ဂလာ တစ်ရပ် ပါ ပဲ .. အဲဒီတော့ မင်္ဂလာ ပရိသတ် ကို ယခုအချိန် မှ စပြီး ... ကျွန်တော် တို့ မင်္ဂလာ သားအဖ ရဲ့ ‘ လုံထီး ’ ဆိုတဲ့ မင်္ဂလာ လက်ဖက်ရည်ဆိုင်ကြီး ကို မင်္ဂလာပန်းတွေ ကြဲကြပါစို့ ...”


အသား က မည်းမည်း ဆိုး ထား လိုက်တဲ့ နှုတ်ခမ်း အနီရဲရဲ ဖရဲသီးစိတ် ကို ကပ္ပလီမ စားထား သလို ၊ ဝတ်ထားတာ က ဇာအဝါရောင် ကျွဲမ ကို နနွင်းတွေ လိမ်းကျံ ထား သလို ၊ အောက် က ကမ်းထီး ဖိနပ်အမြင့် နဲ့ လက် ထဲ မှာ ငွေဖလား ကိုင်ပြီး ပေါက်ပေါက်ဆုတ် တွေ နှင်းဆီပန်း တွေ စံပယ်ပန်း တွေ မင်္ဂလာဆောင် ပန်းကြဲ သလိုမျိုး ၊ ဘယ်က ကောင်မလေး မှန်း မသိ ။


“ မင်္ဂလာပန်းကြဲ ပြီး တဲ့ နောက် ဟောဒီ က ကျွန်တော် တို့ မင်္ဂလာဆိုင် ရဲ့တာဝန်ခံ ငွေသိမ်းကောင်တာ မှာ ထိုင်မယ့် ကျွန်တော် ရဲ့ တစ်ဦးတည်းသော တူမ သင်ဇာချက်ပေါ် ... ( အဲလေ ) သင်ဇာဝင့်ကျော် နဲ့ ချွတ်စွတ် တူတဲ့ “ ဝင့်ကျော်ပြူး ” ဖြစ်ပါတယ် ”


ဦးမျက်ပြူး က သူ့ တူမ ကို သတိုးသမီး လက်ချိတ် သလိုမျိုး ချိတ် ကာ တစ်ဖက် က မိုက်ခရိုဖုန်း ကိုင် ပြီး လှေကား အပေါ် ထစ် မှ တစ်လှမ်းချင်း ဆင်း လာသည် ။ လုပ် ကောင်းလား မလုပ်ကောင်းလား မသိ သား ဖြစ်သူ မျက်မှေး က စီးကရက် ဝေ နေရာ မှ ကမန်းကတန်း အိမ် ပေါ် ထပ် ပြေးတက် သွားပြီး သူ့ ရဲ့ ဖေဖေ ဓာတ်ပုံ ကို လက် နှစ်ဖက် နဲ့ ကိုင် ပြီး ပန်းကြဲ သွားတဲ့ ဦးမျက်ပြူး နဲ့ သူ့ တူမ သင်ဇာဝင့်ကျော် ( ခ ) ဝင့်ကျော်ပြူး ရဲ့ နောက် က တစ်ကောက် ကောက် လိုက် နေ လိုက်သေးသည် ။ 


မထူးခြား ရင် မျက်ပြူး တို့ က ဘာမှ မလုပ်ဘူး ထူးခြား မှ လုပ်တတ်တာ မျက်ပြူး ရဲ့အကျင့် ။


အခု ထူးခြားတာ က မျက်ပြူး ရဲ့ အသက် ၆ဝ တင်းတင်း ပြည့်တဲ့ နေ့ မှာ လက်ဖက်ရည်ဆိုင် ဖွင့်ပွဲ နဲ့ တိုက်ဆိုင် နေတာ ...


“ မျက်ပြူး မွေးနေ့ ... ဆိုင် မွေးနေ့ ဘာတဲ့ ပရိသတ်တို့ လိုက်ဆိုပေးပါ ... ”


စိုင်းစိုင်း အိုက်တင် ဖြင့် ... ကလေးတွေ က ဝိုင်း ပြီး 


“ မျက်ပြူး မွေးနေ့ .. ဆိုင်မွေးနေ့ ”


“ ဒီကောင် မအော်ဘူး ... သွားသွား ... မုန့် လည်း မကျွေးနဲ့ လက်ဖက်ရည် လည်း မတိုက်နဲ့ ”


ဟု မျက်မှေး က ဝင် ပြောရာ အခြား ကလေး တစ်ယောက် က 


“ ဦးမျက်မှေး .. ဒီကောင် က စကား မပြောတတ်ဘူးလေ ဦးမင်းလှိုင် ရဲ့ တူ ...”


“ ဪ ... အေး ဟုတ်သားပဲ ”


အဲဒီ အချိန်မှာ ဆောင်းဘောက် ( စ် ) ထဲ က ထွက်ပေါ်လာတဲ့ အသံ က တော့


“ မင်္ဂလာ ရှိတဲ့ ဆိုင်ဖွင့်ပွဲ ... ဦးမျက်ပြူး မွေးနေ့ပွဲ စတင် ကျင်းပလိုက်ပါပြီ ... မုန့်များ လက်ဖက်ရည်များ ...”


စကား မဆုံးလိုက် ၊ ဘယ်က ဘယ်လို ထွက်လာတဲ့ မီးခိုးတွေ မှန်း မသိ အိမ်ဆိုင် တစ်ဆိုင်လုံး မီးခိုးတွေ နဲ့ မှောင်မည်း သွားပါတော့ သည် ။ လူလုံး မသဲကွဲ တော့ ဖန်ခွက်တွေ တက်နင်း ခုံတွေ ဝင်တိုက် လူတွေ တက်နင်း နဲ့ ဝရုန်းသုံးကား ဖြစ်ကုန် တော့သည် ။


“ အောက်မှ လူ ... လူ သေပါပြီဗျာ ... ဟေ့ ဟေ့ ပုဆိုး ကို မဆွဲနဲ့လေ ”


“ ဟာ ဒါကြီး က ဘာကြီးလဲ ... ပျော့စိစိ ... ပြောင်တောင်တောင် နဲ့ .. ပတ်ပတ်လည် မှာလည်း အမွေးတွေ ... အဟွတ် .. အဟွတ် .. အဟွတ် ”


“ ခွေးမသားတွေ ငါ ကွ ... ဦးပြောင် ... ဘယ်နှယ့် ငါ့ ခေါင်း ကို လာ ကိုင် နေရတာလဲ ”


အမေ ကယ်ပါ ... အဖေ ကယ်ပါ နဲ့ ဆူညံ နေတုန်း ဝုန်းဝုန်း ဆိုပြီး ရေတွေ ဝင်လာတယ် ။ မီးလောင်တယ် မှတ်ပြီး ရေတွေ နဲ့ ပက် သူ က ပက် ။


တစ်နာရီ နီးပါး ကြာ မှ မီးခိုးလုံးတွေ ရှင်း သွားပြီး ဦးမျက်ပြူး အဖြူဝမ်းဆက် နဲ့ ညစ်ပတ်စုတ်ပေစွာ ခြံပြင် ကို လေးဖက်ထောက် ထွက် လာပြီး ... 


“ အဟွတ် ခွေးမသား ... ရှဲဒိုး .. အဟွတ် မီးခိုးမှုတ်စက် ကို အကုန် ဖွင့်ရသလားကွ ... နည်းနည်းပါးပါး ဆို ရပါတယ် ... အဟွတ် ... အဟွတ် ”


အဲဒါပါပဲ ။ လုံထီး ဆိုင်ဖွင့်ပွဲ က တော့ ကြွေပန်းကန်လုံး အလုံး နှစ်ရာကျော် ကွဲ ၊ ရေစိုကု န်တဲ့ စီးကရက် သုံးကာတွန်း ၊ ရေ ထဲ မျောပြီး ခြေထောက်တွေ နဲ့ တက်နင်း မိတဲ့မုန့်မျိုးစုံ က မနည်းမနော ဦးမျက်ပြူး ရဲ့ တူမ ပက်လက် အလဲ မှာ ဘယ် နေရာ တက် နင်း မိသည် မသိ တဂစ် ဂစ် နဲ့ သတိ လစ် လို့ နေပါတော့သည် ။


◾ကျော်ထူး


📖 ပြုတ်မနူး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment