Showing posts with label နတ်နွယ်. Show all posts
Showing posts with label နတ်နွယ်. Show all posts

Thursday, November 16, 2023

မြေ ကို လျှိုး ၍ မိုး ကို ပျံ


 ❝ မြေ ကို လျှိုး ၍ မိုး ကို ပျံ ❞


သည်နေရာ ကျ မှ ရွှေလ ငွေလ ချစ်သောလ က 

မလင်းလဲ့လဲ့ လင်းလဲ့လဲ့ 

မပြုံးသည်သို့ ပြုံးသည်သို့ 

မှိုင်းညို့ဝေရီ  

လေပြည်သည်သာ လွန့်လွန့်လူးလူး 

မြူးမြူးနောက်နောက် 

ဟိုမှ ရောက်လာသလိုလို 

သည်မှ ရောက်လာသလိုလို 

ကြိုကြိုကြားကြားမှ တရှဲရှဲ 

ဝဲယာ ရှေ့နောက်မှ တဖျတ်ဖျတ်

အို

ည သည် ချစ်ဦးသူ သို့ 

မိန်းမူး ရာ လား 

ဘီလူးဂုမ္ဘာန် သို့ 

ချောက်ချားအံ့ ရာ လား 

ခွဲခြားမထင် မတင်မကျ 

ရင် က လှပ်လှပ် 

စိတ် က လွင့်လွင့် 

သည်လို ည မှာ 

မိုး နှင့် ကျွန်တော် 

တွေ့ရကြုံရ အံ့သြရ ကြည်နူးရ 

ပြီးတော့ 

ပြေးကာ လွှားကာ သည်းထိတ်ရင်ဖိုကာ 

လက်စ သတ်တော့ မိုး ဆို တဲ့ မရွှေမိုး က ...


( ၁ )


ဟုတ်သည် ။ 


ဤနေရာ ကျ မှ ငွေလရောင် က မှိုင်းပျ သွားသည် ။ တိမ်လွှာပါးပါးကျဲကျဲ တို့ ရွှေ့ကာ ထပ်ကာ ဖုံးလွှမ်း လာ၍ ဖြစ်သည် ။ သည်တော့ ည သည် မလင်း သလို ၊ လင်း သလို ။


ကျွန်တော် သုတ်သုတ် လျှောက်သည် ။ မျှော်လင့်စွာ နှင့် မော့ ကြည့်သည် ။ အရှေ့သို့ လား သော် ယုဇနာ ငါးဆယ် ၊ အနောက်သို့ လားသော် ယူဇနာ ငါးဆယ် ၊ တောင် သို့ လားသော် ယူဇနာ ငါးဆယ် ၊ မြောက် သို့ လားသော် ယူဇနာ ငါးဆယ် ဟု ဆိုစလောက် သော သစ်ရွက်သစ်ခက် တို့ သည် ယှက်တင် မိုးကာလျက် ရှိကြသည် ။ နေ့ အခါ မှာ ပင် မှိုင်းမှုန်ရီလျက် ရှိသည် ။ ကြယ် မသာ ။ လ မသာ ။ ည အခါ ဆို လျှင် ပြောဖွယ် မရှိ ။ အမှောင်တိုက် ဖြင့် ပြီးသည် ။ ကြယ် ရောင် ၊ လရောင် ရှိလျှင် တော်သေးသည် ။ ပျပျလဲ့လဲ့ ၊ ရေးရေးရိပ်ရိပ် ။ 


ခု မတော့ ...


စောစောက ရှိနေသော ရွှေလ ငွေလ သည် တိမ်ညိုညို ဝါဝါ တို့ ကွယ်ခြင်း ၊ ကာခြင်း ၊ ဖုံးကွယ်ခြင်း ပြု၍ လျော့လျော့ သာ ဝင်းနိုင်သည် ။ အပြန့်အပြော ၊ အထုထည် ကြီးမား လှသော သစ်ပင်အုပ် ၊ သစ်ပင်တန်း ကို မထွင်းဖောက်နိုင် ရှိသည် ။ အရွက်အခက် တို့ ပါးလှပ် ရာ ကွက်ကွက်ပြောက်ပြောက် လောက် တွင် သာ စိမ့်ဝင် နိုင်သည် ။


သည်တော့ ...


ရွှေလ ငွေလ သည် သစ်ရွက်သစ်ခက် တို့ မဖုံးကာ လျှင် တိမ်ညိုညို ၊ ဝါဝါတိမ်လွှာ တို့ က ဖုံး ကာသည် ။ တိမ် လွှာတို့ က မကွယ်လျှင် သစ်ရွက် ညိုညိုမောင်းမောင်း တို့ က ကွယ် သည် ။ တိုက်တိုက်ဆိုင်ဆိုင် သည် နှစ်ခု စလုံး မှ ကင်း လွတ်သည့် အခါ တွင် သာ ကြယ်ဖြူပွင့်များ အကြား လဝါဝါ လှစ်ခနဲ ပြိုး ပြက်သည် ။


သို့သော် ဟိုအဝေးဝေး တွင်တော့ ဝင်းဝါရောင် ပျို့ပျို့ ။ ယင်းကြောင့် လည်း ည သည် မမှောင် တစ်ဝက် မှောင် တစ် ဝက် ။ သို့သော် အမှောင်ဘက် အားကြီးသည် ။ အထူးသဖြင့် ဤနေရာ ။ သစ်ရိပ် ကောင်းကောင်း ၊ လရောင် နည်းနည်း ၊ လူခြေ တိတ်တိတ် ။  


ဤနေရာ တစ်ဝိုက် သည် လူနေ အိမ်ခြေ မရှိသလောက် ဖြစ်သည် ။ လမ်း တစ်ဘက် တွင် အင်္ဂလိပ် သချိုင်း ရှိသည် ။ အနံအလျား ကောင်းသည် ။ နန်းမြို့ဟောင်း တမျှ ဖြစ်သည် ။ အေးချမ်း သန့်ပြန့် သဖြင့် ပိုမို တိတ်ဆိတ်သည် ဟု ထင်ရ သည် ။


အခြား တစ်ဘက် တွင်ကား ပထမဆုံး ဘုန်းကြီး ကျောင်း ၊ ကျောင်း ဟု သာ ဆိုရ သော်လည်း တောကြီးမြက် မည်း ။ ကျောင်းအိုကြီး ၊ ဇရပ်ပျက် နှင့် သိမ်ငယ် တို့ သည် သစ်ပင်များ အကြား တွင် မြုပ် နေသည် ။ စာသံပေသံ မဆူညံ ၊ လေ အတိုးအဝှေ့ ကြောင့် ဖြစ်ပေါ်သော ပြတင်း တံခါးများ တကျီကျီ ဖွင့်ပိတ်သံ ၊ လန်နေသော သွပ်မိုးများ တဗြန်းဗြန်း ရိုက်မြည်သံ တို့ က သာ ည ကို ခြောက်လှန့်လျက် ရှိသည် ။ ဤ ကျောင်း တွင် ဘုန်းတော်ကြီး တစ်ပါး သာ ရှိ သည် ။ ယင်း ဘုန်းတော်ကြီး ကို မြင်တွေ့ ရ လျှင် ထိတ်လန့်စရာ ။ မုတ်ဆိတ်ကျင်စွယ် ထူထပ်စွာ ။ သင်္ကန်း ညစ် ညစ် ။ ပါးစပ် မှ တတွတ်တွတ် တဖျစ်ဖျစ်  ။ လူ အများ က အဂ္ဂိရတ်ရူး ဟု အသိအမှတ် ပြုကြသည် ။ တစ်ခါ မ က စိတ္တဇ ဆေးရုံ သို့ ပို့ကြသည် ။ ပြန်၍ ပြန်၍ သာ ရောက် လာသည် ။


ထို့နောက် ကု,လားကြီး တစ်ယောက် ၏ နွားခြံ ။ ယင်း နွားခြံ သည် တစ်ချိန် က မူ အင်မတန် ကြီးကျယ် စည်ကားသည် ။ နို့စားနွားမ တစ်ထောင် ကျော် သည် ဟု ပြော ကြသည် ။ တစ်မြို့လုံး သုံးစွဲရန် နို့ ကို ဤမှ အများဆုံး ရ သည် ဟု ဆိုစမှတ် ရှိသည် ။ မျက်နှာချင်းဆိုင် တွင် ရှိသော အင်္ဂလိပ် သင်္ချိုင်း ပမာ သေသပ်လှပသည် ။


လွန်ခဲ့သော ငါးနှစ် မှ အစ ပြု၍ နို့သူဌေးကြီး စီးပွား ပျက်သည် ။ နွားခြံ ပျက်သည် ။ ယခုအခါ တွင် နွားခြံ သည် ဘေးချင်းကပ် ကျောင်းဝိုင်း နှင့် အတူ တောအုပ်ကြီး ဖြစ်နေ တော့သည် ။ နို့သူဌေးကြီး လည်း ဥစ္စာရူးကြီး ဖြစ်နေပြီ ။ အဝတ်အထည် မဝတ် ။ လန်ကွတ်တီ တစ်ထည် ဖြင့် ချုံနွယ် ပိတ်ပေါင်းများ အကြား တွင် ဥစ္စာစောင့် မ ကို ရှာဖွေလျက် ရှိ တော့သည် ။


ဤနေရာ တစ်ဝိုက် တွင် ဥစ္စာစောင့်မ ရှိသည် ဟု ဆို ကြသည် ။ လမိုက် ညဉ့်များ တွင် ဖြူဖွေးသော အဝတ်အ ထည် ဖြင့် တစ်ကိုယ်တည်း သွားလာ လှုပ်ရှား နေတတ်သည် ဟု ဆို ကြသည် ။


တစ်ချိန်တွင် ဤ တစ်ဝိုက် ကို ရဲအဖွဲ့ က ပိုက်စိပ်တိုက် ရှာဖွေရာ ရွှေချောင်း အချို့ ရ ရှိ သဖြင့် ဘုန်းတော်ကြီး ၏ အဆိုအမိန့် ကို ယုံကြည်သူ များ သွားသည် ။ ဘုန်းတော်ကြီး ကို ပင် သိဒ္ဓိ ပေါက်ရောက်ပြီ ဟု ယုံကြည် သွားကြသည် ။


သည် ကြားထဲ တွင် ခရစ်ယာန် သချိုင်းစောင့် ဖြစ်သူ ကရင်စ စ်သားဟောင်းကြီး က လည်း ဥစ္စာစောင့် ကို သူ ကိုယ်တိုင် လည်း မြင်တွေ့ရပါသည် ဟု ဆို လာသဖြင့် ဇာတ် ပို ရှုပ် လာသည် ။ ပို၍ သတင်း ကြီး လာသည် ။


ဤ ကြား ထဲ တွင် ဤ နေရာ တစ်ဝိုက် မှ တစ်လအတွင်း ဇက် ကျိုး နေသော အလောင်း သုံးလောင်း တွေ့ရှိကြ ရသည် ။ ဥစ္စာစောင့် ၏ အစေအပါးများ က ကုပ်ချိုးသတ် ဖြတ်ခြင်း ဖြစ်သည် ဟု သတင်း ကြီးသည် ။


သို့သော် ...


ခေတ်မီ တိုးတက်သော အမြင် ရှိသူများနှင့် ရဲအဖွဲ့ဝင် များ က မူ ဤ အခြေအနေ ၊ အဖြစ်အပျက် တို့ ကို သိပ္ပံနည်း ကျ တွေးခေါ် ကောက်ချက် ချကြသည် ။


ဤ ဒေသ သည် လူသူ ကင်းဝေး သဖြင့် ဥပဒေ မျက်ကွယ်ရာ သို့ ရှိသည် ။ ဥပဒေ ချိုးဖောက်သူများ ၏ အခြေစိုက် စခန်း ဖြစ်သည် ။ ခိုးဝှက်ရန် ဤမှ ချောင်းမြောင်း သည် ။ တိုက်ခိုက်ရန် ဤ မှာ စုဝေးသည် ။ မြူဆွယ်ရန် ဤမှာ စားကျက် ချသည် ။ ဤမှာ ပုန်းခိုကြသည် ။ ခြောက်လှန့်သော သတင်းများ ကို လည်း သူတို့ ပင် ဖန်တီး ကြမည် ။ လွှင့်ကြမည် ။


ဤ အယူအဆ ကို လက်တွေ့ အကောင်အထည် ဖော် သော အားဖြင့် ဤနယ်မြေ ကို ရဲအဖွဲ့ဝင်များ ပိုက်စိပ်တိုက် ရှာဖွေသည် ။ ကင်းလှည့်သည် ။ ကင်းဝပ်သည် ။ ဓားပြများ ၊ သူခိုးများ ၊ အရက်ပုန်း ချက်သူများ ၊ လောင်းကစားသူများ ၊ ပြည့်တန်ဆာများ တသီကြီး မိသည် ။ ဤသို့ နှစ်ကြိမ် သုံးကြိမ် မျှ ဆက်တိုက် အရေးယူ လိုက်သော အခါ ရုတ်ရုတ် သဲသဲများ အတော်ကလေး ငြိမ်သက် သွားသည် ။  


သည်အခါ လူအများ သည် ဤဒေသ ကို နှစ်ဆ တိုး ၍ ကြောက်ရွံ့ လာ ကြသည် ။ ဥစ္စာစောင် နှင့် နာနာဘာဝ များ လည်း ရှိသည် ။ လူဆိုးသူခိုး များ လည်း ရှိသည် ။


ထို့ကြောင့် အသွားအလာ တတ်နိုင် သမျှ ဆင်ခြင် ကြသည် ။ ညဘက် တွင် အရေး ကြီးသော ကိစ္စ မရှိ လျှင် လုံးဝ မသွားလာကြ ။ သည်တော့ ပို၍ တိတ်ဆိတ်ခြင်း ၊ ခြောက်ကပ်ခြင်း ဖြစ်ရသည် ။ ကြောက်လန့် ချောက်ချားဖွယ် ရာ ရှိ လှသည် ။  


အမှောင် သည် ခြောက်လှန့်ခြင်း ။ 

တိတ်ဆိတ်ခြင်း သည် ဖမ်းစားခြင်း ။


ကျွန်တော် သည် သုတ်သုတ် လျှောက်သည် ။ မျှော် လင့်စွာ မော့ ကြည့်သည် ။ ဝိုးဝိုးဝါးဝါး ။


နား အကြား တွင် 

တရှဲရှဲ ၊ တကျီကျီ ၊ တဗြန်းဗြန်း ။


ကျွန်တော် လည်း မကြောက်မလန့် တတ်တော့ မဟုတ် ။ ကြောက်လန့် တတ်ပါသည် ။ နာနာဘာဝ ဝိနာ ဘာဝ တို့ကို မယုံ သော် လည်း ဓားပြများ ၊ သူခိုးများ ၊ အရက် ပုန်းသမားများ ၊ လောင်းကစားသမားများ ၊ ပြည့်တန်ဆာ များ ရှိသည် ကိုကား ယုံပါသည် ။ ကြောက် လည်း ကြောက် ပါသည် ။ သူတို့ က လက်ဦးမှု ရနိုင်သည် ။ လူအင်အား ၊ လက်နက် အင်အား သာ နိုင်သည် ။ သူတို့ ဘက်တွင် အမှောင် ထု ရှိသည် ။ တိတ်ဆိတ်မှု ရှိသည် ။  


ကျွန်တော့် ဘက်တွင် ဘာမျှ မရှိ ။ ကြယ် နှင့် လ ပင် မရှိ ။ သူတို့ အတွက် ကျွန်တော့် ကို အမှောင်ထု က တိုးဝင် ချုပ် နှောင် ပေးထားသည် ။


သည်တော့ ကျွန်တော် အဘယ်မှာ မကြောက်မလန့် ဘဲ ရှိ ပါမည်နည်း ။ ကြောက်လန့် ပါသည် ။


ကိုယ့် ကိစ္စ နှင့် ကိုယ် မို့သာ ဤ ခရီး ကို သွားသည် ။ ဤ အန္တရာယ် ကို ဖြတ်သန်း ရသည် ။ ဤ စွန့်စားမှု ကို ပြုလုပ် ရသည် ။


ကိုယ့် ချစ်သူ နှင့် တွေ့ရမည့် အရေး ဆိုတော့လည်း ဤ အန္တရာယ် ၊ ဤ ခရီး လောက် ကို ကြောက်နေ၍ မဖြစ် ။ ဒါလောက် တော့ စွန့်စား ရမည် ။ ဒါထက် မက လည်း စွန့်စား ရ မည် ။  


ခုလောက် ဆိုလျှင် ကိုယ့် ချစ်သူ စောင့် နေရော့မည် ။ ကြောင့်ကြ နေရော့မည် ။ ကျွန်တော် သုတ်သုတ် လျှောက် သည် ။ ဘာကို မျှ မကြည့်တော့ ။


( ၂ )


ကျွန်တော် သုတ်သုတ် လျှောက်သည် ။ 


ကု,လားကြီး နွားခြံ နှင့် ဘုန်းကြီးကျောင်း အစပ် ကို လွန် လာပြီ ဖြစ်သည် ။ အန္တရာယ် ခရီး တစ်ဝက် ကျိုးပြီ ဟု ဆို နိုင်သည် ။ အမှန်တော့ တစ်ဝက် ပင် မကချေ ။ ဘုန်းကြီးကျောင်း ၏ အလျား သည် နွားခြံ ၏ အလျား လောက် မရှည် ပေ ။ 


အင်္ဂလိပ်သချိုင်း အတွင်းပိုင်း ကို မြင် လာရသည် ။ သင်္ချိုင်း ၏ အရှေ့ဘက်ပိုင်းအုတ်ဂူများ ကို ဖွေးဖွေးရေးရေး မြင် ရသည် ။  


ဟောဟို  အုတ်ဂူ က မနေ့ က မှ အသစ် တိုး လာခြင်း ။ ကပြားမကလေး တစ်ယောက် ။ ကျွန်တော် မြင် ဖူးသည် ။ လှသည် ။ တက္ကသိုလ် ကျောင်းသူ ၊ ကောင်ကလေး တစ်ယောက် က သူ့ ကို သစ္စာ ဖောက်ရ ကောင်းလား ဆိုပြီး ဓား နှင့် ထိုးသတ်ခြင်း ၊ အစိမ်းသေ ။


အဘယ့်ကြောင့် မှန်း မသိ ကျွန်တော့် နားရွက် မှာ ရုတ်တရက် ထူထူပူပူ ဖြစ်လာသည် ဟု ထင်မိသည် ။ မူလ က ထက် နှစ်ဆမျှ ကြီးသွားသည် ဟု ထင် ရသည် ။ စိတ် ၏ ခြောက်လှန့်ခြင်း သည် ဆန်းကြယ်သည် ။ မယုံပါဘူး ၊ မကြောက်ပါဘူး ဆိုသည့် ကြားက ကြက်သီးမွေးညင်း ထမိ သည် ။


မိမိ တွင် ရှိသော သတ္တိများ ကို ပြန်လည် စုစည်းသော အား ဖြင့် ကျွန်တော် တန့်ခနဲ ရပ် လိုက်သည် ။ ကျွန် တော် ဘာကိုမျှ မကြောက် ဟု ခိုင်မာစွာ ပြဆိုခြင်း ဖြစ်သည် ။ ဘာမျှ မရှိ ဆိုသည် ကို သေချာအောင် ဝန်းကျင် ကို ကြည့်သည် ။


ကျွန်တော့် ရင် အေးခနဲ ဖြစ်သွားသည် ။ သင်္ချိုင်း တံခါးဝ တွင် ရုတ်တရက် ပေါ်လာသော သဏ္ဍာန် တစ်ခု ကို မြင်တွေ့ရ ၍ ဖြစ်သည် ။ ကျွန်တော် က ကိုယ့် မျက်လုံး ကိုယ် မယုံသဖြင့် ပွတ်သပ်ပြီး ပြန် ကြည့်သည် ။


ဖြူဖြူ ရေးရေး လူ တစ်ယောက် ။ အမျိုးသမီး ၊ ကျွန်တော့် ဘက် သို့ မျက်နှာ တူရူ ပြုထားသည် ။


ဟော ... ကျွန်တော့် ဆီ ကို လာ နေပြီ ။  


ကျွန်တော် က အောက် နှုတ်ခမ်း ကို အထက် သွား ဖြင့် နာ နာ ကိုက်ထား မိသည် ။ ထို့နောက် ကျွန်တော့် ထံ သို့ တအိအိ ရွေ့လာသော ဖြူဖြူသဏ္ဌာန် ကို မျက်တောင် မခတ် ကြည့် ရင်း နေရာ တွင် ခိုင်မြဲစွာ ရပ် နေမိသည်  ။


ဖြူဖြူသဏ္ဌာန် ရွေ့လာပုံ မှာ လူ တစ်ယောက် လမ်း လျှောက်သည် နှင့် မတူဘဲ လေထဲ တွင် ဂွမ်းဆိုင်ဂွမ်းခဲကြီး လွင့်မျော လာသည်နှင့် တူသည် ။ သို့သော် တဖြည်းဖြည်း ခြေလှမ်း စိပ်စိပ် ၊ ခြေနုတ် မြန်မြန် လျှောက် လာနေမှန်း သိရ သည် ။ အသွင်သဏ္ဌာန် ပီသ လာသည် ။ အသက် နှစ်ဆယ် ဝန်းကျင် ရှိ မိန်းမရွယ် တစ်ဦး ။ ကိုယ်လုံးကိုယ်ထည် တောင့် တင်းလှပသည် ။ အင်္ကျီဖြူ ၊ လုံချည်ဖြူ ဝတ်ထားရုံမျှ မက ခေါင်းတွင်လည်း ပဝါ စည်းထားသည် ။ မျက်နှာ ကို တော့ သဲကွဲစွာ မမြင်သာသေး ။


အမျိုးသမီး သည် လမ်း တစ်ဘက် ကျွန်တော် နှင့် တည့်တည့် လောက် တွင် ခေတ္တမျှ ရပ် လိုက်သည်  ။ ကျွန်တော့် ကို အကဲ ခတ် ဟန် ရှိသည် ။ ကျွန်တော် က မလှုပ် မရှက် ။ ခပ်မဆိတ် ။ ခဏအကြာ တွင် အမျိုးသမီး သည် လမ်း ကို ဖြတ်ကူးလာသည် ။ စောစောက လို ခြေနုတ် မြန်မြန် ၊ ခြေလှမ်း စိပ်စိပ် မဟုတ်တော့ တစ်လှမ်းချင်း ယိမ်းကာ နွဲ့ကာ ၊ ယိမ်းနွဲ့ကာ နှင့် ။


သူမ ၏ မျက်နှာ ကို မှုန်ဝါးဝါး မြင်ရသည် ။ လှလိမ့် မည် ဟု ထင်ရသည် ။ သူမ ၏ ကိုယ် မှ ရနံ့ သင်းပျံ့လာ သည် ။ ထိုအခါ ကျွန်တော် ကျောချမ်း မိသည် ။


ကျွန်တော် နှင့် တစ်လှမ်းကွာ လောက် တွင် အမျိုးသမီး ရပ်တန့်သည် ။


“ ရှင် ဘယ်သူလဲ ” 


ဘုရား ၊ သူ ကပဲ စစ်ကာ ဆေးကာ  ။ သူမ ၏ အသံမှာ ကြည်လင်ချိုသာသော်လည်း မနွဲ့ ချေ ။ အနည်းငယ် မာ ပြတ်ဟန်ပင် ရှိသည် ။  


“ ခင်ဗျား က ကော ဘယ်သူလဲ ” 


ကျွန်တော် က ခပ်ကျယ်ကျယ် ခပ်မာမာ ပြန် မေး လိုက်သည် ။ ထို့နောက် ကျွန်တော် တို့ နှစ်ယောက် မည်သူ့ ကိုမျှ မည်သူ မဖြေဘဲ တိတ်ဆိတ်စွာ ရပ် နေ ကြသည် ။ တစ်ယောက် အကဲ ကို တစ်ယောက် ကြည့် နေကြသည် ။ သို့သော် သဲကွဲစွာ လည်း မမြင်ကြရ ။ 


“ ရှင် လူဆိုး တော့ မဟုတ်ပါဘူးနော် ”  


သူမ ၏ အသံ အနည်းငယ် ပျော့ သွားသည် ။ 


“ မဟုတ်ပါဘူး ၊ ကျွန်တော် လူကောင်းပါ ” 


“ ဟုတ်ပါတယ် ၊ ရှင် လူကောင်းပါပဲ ”  


“ ဟုတ်ကဲ့ ၊ ကျွန်တော် လူကောင်းပါ ။ ခင်ဗျား က ကော ” 


အမျိုးသမီး က ချက်ချင်း မဖြေ ။ တစ်ခုခု ကို ချိန်ဆ နေဟန် ရှိသည် ။


“ ဥစ္စာစောင့် တော့ မဟုတ်ဘူး မဟုတ်လား ”  


“ ကျွန်မ ကို ကူညီပါ ”  


“ ခင်ဗျာ ... ” 


အမျိုးသမီး ထံ မှ မမျှော်လင့်သော စကား ကို ရုတ်တရက် ကြား လိုက်ရသဖြင့် ကျွန်တော် က အာမေဋိတ်သံ ပြု လိုက်သည် ။ ထို့နောက် အကြံ ရသဖြင့် စီးကရက် တစ်လိပ် ကို ပါးစပ် တွင် လျင်မြန်စွာ တပ် လိုက်ပြီး မီး ခြစ်လိုက်သည် ။


အမျိုးသမီး မျက်နှာ သည် ကျွန်တော် ထင်ထားသည့် အတိုင်းပင် လှပသည် ။ သို့သော် တည်ငြိမ်သည် ။ မြူဆွယ်ခြင်း မရှိ ။ သူမ ၏ မျက်လုံးများ သည် တစ်စုံတစ်ခု တွင် အာရုံ စော နေကြောင်း ပြသသည် ။ ကျွန်တော် က ဆေးလိပ် မီး ညှိရင်း သူမ ၏ ပါး မှ မှဲ့ အနက် ကို သတိထား မိသည် ။ မှဲ့ ။ စံပယ်တင်မှဲ့ ။


မီး ငြိမ်း သွားပြီး နောက် လည်း မျက်စိ ထဲ တွင် စံပယ်တင်မှဲ့ သည် စွဲထင်၍ ကျန်ရစ်သည် ။


“ ဆေးလိပ် သောက်မလား ” 


ကျွန်တော် က ခပ်သောသော အမူအရာ ဖြင့် မေး လိုက် သည် ။ အမျိုးသမီး က ကျွန်တော့် အမေး ကို မဖြေဘဲ စောစော က စကား ကို ထပ် ပြောသည်  ။


“ ကျွန်မ ကို ကူညီပါ ”  


“ ဆိုပါဦး ” 


ကျွန်တော် က မယုံရဲရဲ ယုံရဲရဲ မေးကြည့်သည် ။ အမျိုးသမီးတို့ ကို အကဲ ခတ်ရသည်မှာ မလွယ်ကြောင်း ကျွန် တော် သိသည် ။ တကယ့်တကယ် ကျတော့ သူတို့ က အင်မတန် တတ်နိုင်သည် ။ မငိုချင် ဘဲ နှင့် လည်း ငို တတ် သည် ။ မရယ်ချင် ဘဲနှင့် လည်း ရယ် တတ်သည် ။  


“ ကျွန်မ ယောက်ျား နဲ့ စိတ်ဆိုးပြီး ဆင်း လာတာပါ ။ ကျွန်မ မိဘ အိမ် သွား မလို့ပါ ။ ကျွန်မ ကြောက်ကြောက် နဲ့ လျှောက် လာတုန်း ရှင် နောက် က လိုက် လာတာ တွေ့ လို့ ဟိုနား မှာ ခဏ ပုန်းနေတာပါ ” 


သူမ က အအို ဖြစ်ကြောင်း ကြေညာ လိုက်သည် ။ ကျွန်တော် မယုံပါ ။ အအို နှင့် မတူပါ ။ သို့သော် သည်ကိစ္စ တွေ ကျွန်တော် သိပ် မသိပါ ။ အအို လှ တာတွေ လည်း ရှိပါ လိမ့်မည် ။ အပျို နှင့် ခွဲ မရအောင် ရှိ ပါလိမ့်မည် ။


သို့သော် အချို့ အမျိုးသမီးများ သည် သူတို့ ကိုယ် ကို ကာကွယ်သော အားဖြင့် အအို ဟု ပြော တတ်ကြသည် မဟုတ်လား ။ ခက်သည် ။ အချိန် မတော်ကြီး မှာ ယောက်ျား နဲ့ စိတ်ဆိုးပြီး ဆင်း လာတာပါ ဟု ပြောခြင်း သည် ဘယ် သဘောနည်း ၊ အရောင်းအဝယ် စ  တင်ခြင်း လား ၊ ဈေးကြီးကြီး ခေါ်ခြင်းလား ။ ကျွန်တော် မသိ ။


ဘာပဲ ဖြစ်ဖြစ်လေ အမျိုးသမီး တစ်ယောက် က ကူညီပါ ဆိုလာမှ တော့ ကူညီ နိုင်သလောက် တော့ ကူညီ ကြည့် သေးတာပေါ့ ။ နောက်ကျ မှ ရောက်ရား ပေါ့ ။


“ ကျွန်တော် က ဘယ်လို ကူညီရမှာလဲ ။ ခင်ဗျား ယောက်ျား လိုက်လာရင် လက်သီး နဲ့ ဆီး ထိုး ရမှာလား ” 


“ အို .. သူ ဘယ်နည်းနဲ့ မှ လိုက်လာမှာ မဟုတ်ပါ ဘူး ၊ ကျွန်မ အစ်ကိုကြီး နဲ့ အတူ ဟိုဘက် ထိပ် အထိ လိုက် လာ ရရင် တော်ပါပြီ ။ အစ်ကိုကြီး က ဘယ် အထိ သွားမှာလဲ ” 


“ ကျွန်တော် လည်း ဟိုဘက် ထိပ် ။ အင်း ... ဟိုဘက် ထိပ် ရဲ့ ဟိုဘက် နှစ်လမ်း သုံးလမ်း ပေါ့ ” 


“ ကိစ္စ မရှိပါဘူး ။ ဟိုဘက်ထိပ် ရောက်ရင် သွား ရဲ ပါ ပြီ ၊ ဒီနား တစ်ဝိုက် မှာ သာ ... ” 


“ ဟုတ်တယ် ၊ ဒီ နား က တော့ ကြောက် စရာပဲ ။ ဘယ်သူ မှ တစ်ယောက် တည်း ၊ နှစ်ယောက် တည်း မသွားရဲဘူး ။ လူဆိုးတွေ လည်း ရှိတယ် ။ နောက်ပြီး ဥစ္စာစောင့် လည်း ရှိ တယ်လို့ ပြောကြတယ် ”   


ကျွန်တော် က သူမ အကဲ ကို စမ်း လိုက်သည် ။ ယခု အခါ ကျွန်တော် တို့ နှစ်ယောက် ဘေးချင်း ယှဉ်၍ တစ်လှမ်း ချင်း လျှောက် နေကြသည် ။  

“ ဥစ္စာစောင့် တော့ မကြောက်ပါဘူး ”  


“ ကျွန်တော် က ခင်ဗျား ကို ဥစ္စာစောင့် လို့ ထင်နေတာ ” 


“ ဟုတ်ပါရဲ့ ၊ ကျွန်မက ဒီနေ့ မှပဲ တစ်ကိုယ်လုံး ဖြူနေ တာကိုး ” 


အမျိုးသမီး က ခပ်ပေါ့ပေါ့ ပြန်ပြောသည် ။


“ ခင်ဗျား ကို ကြည့်ရတာ ယောက်ျား နဲ့စိတ်ဆိုး ပြီး ဆင်းလာတာ နဲ့တော့ မတူဘူး ” 


အမျိုးသမီး လမ်းလျှောက် ရပ်သွားသည် ။ ကျွန်တော် လည်း ရပ် လိုက်သည် ။ လက် မှ စီးကရက်တို ကို လွှင့် ပစ် လိုက်သည် ။


“ နောက်ထပ် ဆေးလိပ် သောက်ပါဦး ”  


“ ဘာဖြစ်လို့လဲ ”  


“ မီး ရှိတော့ အားရှိတာပေါ့ ”  


“ ခင်ဗျား လည်း သောက်မလား ”  


“ အင်း ..... တစ်လိပ် ပေးလေ ” 


အမျိုးသမီး ဆေးလိပ် ကောင်းကောင်း သောက် တတ်ကြောင်း ကျွန်တော် အကဲခတ် မိသည် ။


“ ဘယ့်နှယ်လဲ ကျွန်တော် ပြောတာ ”  


“ ဘာကိုလဲ ”  


“ ခင်ဗျား ဟာ ယောက်ျား နဲ့ စိတ်ဆိုး လာတယ် ဆို တာ လိမ် ပြောတာမဟုတ်လား ” 


“ ဘာဖြစ်လို့လဲ ” 


“ အသိသာကြီးပဲ ။ ခင်ဗျား ကို ကြည့်ရတာ တည်ပေ မဲ့ လင် နဲ့ စိတ်ဆိုးလာတဲ့ ပုံမျိုးတော့ မဟုတ်ဘူး ။ မျက်နှာ မှာ ဒေါသ လည်း မရှိဘူး ။ မျက်ရည် လည်း မရှိဘူး ။ နောက် ပြီး ခင်ဗျား ကို ကြည့်ရတာ အအို နဲ့ လည်း မတူဘူး ” 


“ အလိုလေး .. ရှင် စောစောက ပြောတော့ လူ ကောင်း ဆို ” 


အမျိုးသမီးက အနည်းငယ် ထေ့ညု ဟန် နှင့် ပြောသည်  ။


“ အကူအညီ ပေးတဲ့ နေရာ မှာ ပျိုတာ အိုတာတွေ မေး နေဖို့ လိုသလား ” 


“ မှန်တာ ကို သိဖို့ မလိုဘူးလား ”  


“ ကျွန်မ မှာ အကူအညီ ရှိ  နေတာတော့ အမှန်ပါပဲ ”  


“ ဒါဖြင့် စောစောက ပြောတာ မဟုတ်ဘူးပေါ့ ”  


“ အအို ဆိုတာတော့ ဟုတ်ပါတယ် ” 


“ နေပါဦး ၊ ဘာ သဘော နဲ့ ခင်ဗျား အအို ဆိုတာ ထပ် တလဲလဲ ပြော နေတာလဲ ။ ကျွန်တော့် ကို စိတ် မချလို့ လား ၊ ဒါမှ မဟုတ် ... ” 


ကျွန်တော့် စကား တစ်ပိုင်း တစ်စ ဖြစ် သွားသည် ။


ကျွန်တော်တို့ နှစ်ယောက် ပေါ် သို့ လက်နှိပ်ဓာတ်မီး ရောင် ကျ လာသောကြောင့် ဖြစ်သည် ။ သင်္ချိုင်း အတွင်း မှ ထိုး ခြင်း ဖြစ်သည် ။ ကျွန်တော် သည် ရုတ်တရက် ထွက်ပေါ် လာသော လက်နှိပ်ဓာတ်မီးရောင် ကို အံ့အား သင့်ကာ ငေးမော ကြည့် နေမိစဉ် တွင် သူမ ၏ အပြုအမူ ကြောင့် ပို၍ အံ့ဩ မိရ သည် ။


အမျိုးသမီး သည် သူမ ၏ လက်ပွေ့အိတ် ထဲ မှ မှန် ဝိုင်းငယ် တစ်ခု ထုတ်ပြီး လက်နှိပ်ဓာတ်မီးရောင် တွင် ရောင် ပြန် လက်စေသည် ။ အမျိုးသမီး သည် အချက် ပြသည့် အနေ ဖြင့် လက်နှိပ်ဓာတ်မီးရောင် တွင် မှန် ကို သုံးခါ မျှ လှုပ်ခါ ပြနေ သည် ။ ထို့နောက် လက်နှိပ်ဓာတ်မီးရောင် ပျောက် သွား သည်  ။


“ ဒါက ဘယ်လို သဘောလဲ အမိ ” 


ကျွန်တော် က ဒေါသသံ ဖြင့် ခပ်တုန်တုန် မေးလိုက် သည် ။ အမျိုးသမီး က ဆေးလိပ် ကို အားရပါးရ ရှိုက်ဖွာရင်း


“ အချိန်းအချက် လုပ်ကြတာလေ ၊ အခု သူတို့ ဒီ ကို လာ ကြလိမ့်မယ် ” 


“ သူတို့ က ဘယ်သူတွေ လဲ ”  


“ ကျွန်မ မိတ်ဆွေတွေ ပါ ”  


“ ဒီတော့ ကျုပ် က ဘာ လုပ်ရမှာလဲ ” 


“ ဘာမှ လုပ်စရာ မလိုတော့ပါဘူး ။ အစ်ကိုကြီး သွား မယ့် လမ်း ကို ဆက် သွားနိုင်ပါပြီ ။ အခုလို ကူညီတဲ့ အတွက် အစ်ကိုကြီး ကို အများကြီး ကျေးဇူးတင်ပါတယ် ” 


အမှန်တော့ ကျွန်တော် သည် အမျိုးသမီး က သွား နိုင်ပါပြီ ဆိုလျှင် သွားဖို့ပဲ ရှိသည် ။ ကျွန်တော့်အလုပ် ၊ ကျွန်တော့် ကိစ္စ ဘာမျှ မရှိတော့ ။ ကျွန်တော့် အဖို့ ဤ နေရာ မှ မြန်မြန် ထွက်ခွာခြင်းသည် အန္တရာယ် အကင်းဆုံး နှင့် အကောင်းဆုံး ဖြစ်နိုင်သည် ။ သို့သော် ကျွန်တော့် စိတ် ထဲတွင် မတင်မကျ ဖြစ် နေသည် ။ အမျိုးသမီး နှင့် ဤအတိုင်း မခွဲခွာ ချင် ရှိ နေသည် ။ ထို့ကြောင့် ...  


“ နေပါဦး ၊ ခင်ဗျားတို့ ဟာ က ဘာသဘော နဲ့ ဘာ တွေလဲ ။ ကျွန်တော် မသိရဘူးလား ” 


အမျိုးသမီး သည် တစ်ဘက် သို့ ကြည့် နေရာမှ ကျွန်တော့် ဘက် သို့ ဆတ်ခနဲ လှည့် လိုက်ပြီး ... ။


“ သိရလို့ အစ်ကိုကြီး အဖို့ ဘာမှ အကျိုးကျေးဇူး မရှိ နိုင်ပါဘူး ။ အစ်ကိုကြီး လမ်း ကို အစ်ကိုကြီး သွားပါ ” 


“ မသိရရင် မသွားဘူး ဆိုရင်တော့ ” 


ကျွန်တော် က အရဲ စွန့်၍ သွေးတိုး စမ်းလိုက်သည် ။ အမျိုးသမီး သည် ခေတ္တမျှ တိတ်ဆိတ် နေပြီးနောက် အသံ ထွက် ကာ ရယ်မော လိုက်သည် ။  


“ အစ်ကိုကြီး နဲ့ ဒီ အလုပ် နဲ့ မကိုက်ပါဘူး ။ အစ်ကိုကြီး က တကယ့် လူရိုး ပဲ ။ ကိုယ့် လက်ခုပ် ထဲ ရောက်လာတဲ့ ရေ ကို သူများ လက်ခုပ် ထဲ လောင်း ထည့်တာပဲ ။ ကျွန်မ ဘာ ဆိုတာ အစ်ကိုကြီး မသိဘူးလား ” 


ကျွန်တော် မဖြေ ။ 


“ ဒီလို နေရာ ကို အကြောင်းကိစ္စ မရှိဘဲနဲ့ ဘယ် မိန်းကလေး တစ်ယောက် တည်း လာ ရဲ မလဲ ။ စောစောက လူတွေ နဲ့ ကျွန်မ နဲ့ နဂို ကတည်းက ချိန်း ထားတာ ။ ကျွန်မ ရဲ့ ဆေးလိပ် ကို မြင်ရင် သူတို့ က လက်နှိပ်ဓာတ်မီး နဲ့ ထိုးမယ် ။ ကျွန်မ က မှန် ပြန်ပြမယ် ။ ဒါပေမဲ့ ကျွန်မ ဒီ နား မှာရောက်နေပြီး ဆေး လိပ် တစ်ဘူး သာ ကုန်ရော သူတို့ ရောက်မလာဘူး ။ အစ်ကိုကြီး ပဲ ရောက် လာတယ် ။ ဒါနဲ့ ကျွန်မ အစ်ကိုကြီး နဲ့ လိုက် လာတုန်း မှာ အခုလို .. ” 


“ ဟုတ်ပြီလေ ... ဒါဖြင့် ကျုပ် သွားမယ် ။ ခင်ဗျားတို့ အလုပ် ဖြစ်နေပြီပဲ ” 


ကျွန်တော် က သူမ ၏ စကား ကို ဖြတ်၍ ပြော လိုက် သည် ။


“ ဟုတ်ပြီလေ ... ဒီ ည တော့ ဒီလိုနဲ့ပဲ ခွဲကြဦးစို့  ၊ အ ဆင်သင့်ရင် နောက် ညတွေ မှာ တွေ့ကြသေးတာပေါ့ ။ ကျွန်မ နာမည် ကို မိုး လို့ မှတ် ထားပေါ့ ။ အစ်ကိုကြီး နာမည် ကို တော့ “ ကိုလူရိုး  ” လို့ ပဲ ခေါ်မယ်လေ ။ နော် ဟုတ် လား ” 


အမျိုးသမီးက ဤသို့ သရော်သလို လှောင်သလို ပြောသော အခါ ကျွန်တော့် မှာ မခံချင် ဖြစ်မိသည် ။ သို့သော် ဘာမျှ မပြောတော့ သူမ ပြောသလို ပင် နောက် ညတွေ မှာ တွေ့ကြသေး လျှင်တော့ အရင် ရှင်း ကြသေးတာပေါ့ ။  


ကျွန်တော် က တော့ ဤလမ်း ကို ညတိုင်း လာရမည် ဖြစ်သည် ။ ချစ်သူ နှင့် ညတိုင်း တွေ့ရမည် ဖြစ်သည် ။ ကျွန်တော့် မှာ ချစ်သူ ရှိသည့် အကြောင်း ၊ ကျွန်တော့် ချစ်သူ အ ကြောင်း ရွှေမိုး ကို ပြော ပြရဦးမည် ။ ခုတော့ လမ်းခွဲကြဦး စို့ ။


“ ဟုတ်ပြီ ၊ ကျုပ် သွားမယ် ။ နောက် ည တွေ မှာ တွေ့ ချင်လည်း တွေ့ကြဦးမှာပေါ့ ။ ကျုပ် က တော့ ညတိုင်း ဒီ အချိန် မှာ ဒီလမ်း ကို လျှောက်တဲ့ လူပဲ ” 


ကျွန်တော် က ဤသို့ ပြောပြီး ထွက်ခွာရန် ခြေလှမ်း ပြင်သည် ။ သူ့ မိတ်ဆွေ ဆိုသူများ လည်း သင်္ချိုင်း ထဲ မှ ထွက် လာ နေကြပြီ  ဖြစ်သည် ။ တစ်ယောက် ၊ နှစ်ယောက် ၊ သုံးယောက် ။ ကျွန်တော် က တဒင်္ဂ အတွင်း ရေတွက် ကြည့် လိုက်မိသည် ။


အမျိုးသမီး က ကျွန်တော့် လက်မောင်း ကို လှမ်း ဆွဲ လိုက်သဖြင့် လှမ်း ထားသော ခြေလှမ်း ကို ပြန် ရုတ် လိုက်ရ သည် ။ ကျွန်တော် က သူမ ၏ အပြုအမူ ကို မေးမြန်း စုံစမ်းမည် ပြုစဉ် သူမ ၏ ဟန့်တား ရခြင်း အကြောင်းရင်း ကို သိ လိုက်ရသည် ။


ဘုန်းကြီးကျောင်း အတွင်း မှ အသံဗလံများ ရုတ်တရက် ထွက်ပေါ်လာသည် ။ ဖိနပ်သံများ ၊ အော်ဟစ်သံများ ၊ လက်နှိပ်မီးရောင်များ ။  


“ ပုလိပ်တွေ ၊ ပုလိပ်တွေ ပြေး ပြေး ” 


အမျိုးသမီး ယင်းသို့ ပြောပြီး သင်္ချိုင်း ဘက် သို့ တစ်ဟုန်ထိုး ပြေးသွားသည် ။ သူမ ၏ မိတ်ဆွေ သုံးယောက် လည်း ပြေး ချေပြီ ။


ကျွန်တော် က နေရာ တွင် ရပ် နေသည် ။ ကျွန်တော့် တွင် ပြေးရန် အကြောင်း မရှိ ။ မကြာမီ ကျွန်တော့် အနီးသို့ ရဲများ ရောက်လာသည် ။ ရဲသား နှစ်ယောက် က ကျွန်တော် ကို တစ်ဘက် တစ်ချက် စီ မှ ချုပ် ထားကြသည် ။ ကျွန်တော် မပြေးပါ ။ ကျွန်တော် မရုန်းပါ ။


ရဲ အချို့ သည် အမျိုးသမီး နှင့် သူမ ၏ မိတ်ဆွေ သုံးယောက် နောက်သို့ ပြေး လိုက်ကြသည် ။ အတန် ကြာသော အခါ ရဲအဖွဲ့ဝင်များ အားလုံး ကျွန်တော် နှင့် ရဲသား နှစ်ဦး ရှိရာ သို့ ပြန် ရောက် လာကြသည် ။


ကျွန်တော့် ကို စစ်ဆေးသည် ။ ငါးမိနစ် အတွင်း မှာ ပင် ကျွန်တော် လူကောင်း တစ်ယောက် ဖြစ်ကြောင်း ယုံကြည် သွားကြသည် ။ အမျိုးသမီး အကြောင်း ဆက်၍ မေးကြ သည် ။ ကျွန်တော် သိသမျှ ၊ မြင်သမျှ အကုန်အစင် ပြောပြ သည် ။


“ ဒီ နား မှာ စံပယ်တင် မှဲ့ ပါတယ် မဟုတ်လား ”  


ရဲအရာရှိ က သူ ၏ ပါး တစ်ဖက် ကို လက်ညှိုး ဖြင့် ထောက်ပြ ရင်း မေးသည် ။


“ ဟုတ်တယ် ”  


“ သေချာပါတယ် မိရွှေနှင်း ပဲ ”  


“ ကျွန်တော့် ကို ပြောတော့ သူ့ နာမည် မိုး တဲ့ ” 


“ ဟုတ်လား ၊ မိုး ဆိုတာ လည်း ဟုတ်မှာပေါ့ ၊ သူတို့ မှာ နာမည်တွေ အများကြီးပဲ ” 


“ နေပါဦး ၊ သူ က တကယ်ပဲ မကောင်းတဲ့ မိန်းမ လား ” 


ကျွန်တော် က စိတ် ထဲ တွင် ယခုတိုင် မယုံနိုင်ဘဲ ရှိနေ သည့် အချက် ကို ထုတ်၍ မေးလိုက်သည်  ။ ရဲအရာရှိ သည် အံ့ဩသော လေသံ ဖြင့် ...


“ ဘာလဲ ၊ ခင်ဗျား က သူ့ ကို မကောင်းတဲ့ မိန်းမ လို့ ထင် နေတာလား ” 


“ အင်းလေ ... မဟုတ်ဘူးလား ” 


“ ဘယ်က ဟုတ်ရမှာလဲ ၊ မကောင်းတဲ့ မိန်းမ လောက် ဆိုရင် ဘာအရေးလဲ ” 


“ ဒါဖြင့် သူ က ဘာလဲ ”  


“ သူပုန်ဗျ ၊ သူပုန် ”  


“ ခင်ဗျာ ” 


ကျွန်တော် က ရဲအရာရှိ ၏ စကား ကြောင့် များစွာ မှ အံ့သြ ရပါသည် ။


“ ခင်ဗျာ မနေ နဲ့ ၊ နှင်း ဆိုတာ တကယ့် နာမည်ကြီး သူပုန်မ တစ်ယောက် ဗျ ။ ခင်ဗျား နောက် ကို သူ နဲ့ တွေ့ရင် ကျုပ်တို့ ဆီ ကို အကြောင်း ကြား ” 


( ၃ ) 


နောက် ည များတွင် ကျွန်တော် သွား ပါသည် ။ မိုး ကို လည်း မတွေ့ပါ ။ နှင်း ကို လည်း မတွေ့ပါ ။ ည သည် အမှောင်ဝိုးဝါး ချည်း သက်သက်သာ ရှိပါသည် ။  


ယခု ဆိုလျှင် သူမ နှင့် ကျွန်တော် အမှတ်မထင် တွေ့ ခဲ့ကြသည် မှာ ကာလ အပိုင်းအခြား အားဖြင့် ဆယ်နှစ် ပင် ကျော် ခဲ့ချေပြီတည်း ။


မိုး ဘယ်မှာလဲ ။ နှင်း ဘယ်မှာလဲ ။ 


◾နတ်နွယ် 


📖 မိုးဝေမဂ္ဂဇင်း

      ၁၉၇၀ ၊ မေလ 

      

#ကိုအောင်နိုင်ဦး


.

Friday, August 11, 2023

မိမိ နှင့် သော်တာဆွေ


 ❝ မိမိ နှင့် သော်တာဆွေ ❞


( ၁ )


အမှန်အတိုင်း ဝန်ခံရ လျှင် ဆရာသော်တာဆွေ နှင့် ခရီး တစ်ခု တည်း အတူ သွားဖူး ချင်သည် ။ သွား ရမှာ လည်း ကြောက် နေသည် ။ 


အကြောင်း မှာ သူ့ အကြောင်း ကို သူ ရေးသည့် စာတွေ ထဲ မှာ လည်း ဖတ်ဖူးသည် ။ ဟိုလူ သည်လူ တွေ ပြောကြတာ တွေ ကို လည်း ကြားဖူး သည် ။ သူ့ စာ ထဲ မှာ ဘာ တစ်ခု မှ မထိမ်ဝှက် ။ သူ က ကြက် လည်း တိုက် တတ်သည် ။ ဟိုလို သည်လို မိန်းမတွေ နှင့် လည်း ပတ်သက် ဖူးသည် ။ အရက် လည်း သောက် တတ်သည် ။


ထပ်ပြီး ပြော ရ လျှင် သူ က အရက် သောက် လျှင် မူး တတ်သည် ။ အရက် ကို မူး အောင် သောက် တတ်သည် ။ အရက် မူး လျှင် ပြဿနာတွေ ဖြစ် တတ်သည် ။ ခိုက်ရန် ဖြစ်ပွား တတ်သည် ။ ပြီးတော့ သူ က ပေါင်းတည်သား ဟု ဆိုထား သည် မဟုတ်လား ။


မိမိ က အရက် သောက် တတ် သော်လည်း အရက်မူးသမား ကို တော့ အင်မတန် ကြောက်သည် ။ မည်သည့် အချိန် မှာ ပဲ ဖြစ်ဖြစ် အရက် မူး နေသူ တွေ့ လျှင် ဝေးဝေး က ရှောင်သည် ။ တတ်နိုင်သမျှ မပတ်သက်အောင် နေသည် ။ မိမိနှင့် အတူ သောက်သူများ မူးပြီး ဂျီ ကျ လျှင် အင်မတန် စိတ် ညစ်သည် ။ စကားများ ရန်ဖြစ် ကြ လျှင် ပိုပြီး စိတ် ညစ်သည် ။ ဝိုင်း နှင့် သောက်ရမည် ကို ကြောက် သွားသည် ။ သို့သော် မိမိ က တစ်ယောက် တည်း လည်း မသောက်တတ် ။ အဖော်အပေါင်း အသိ မိတ်ဆွေများ နှင့် ဟို အမြည်း သည် အမြည်း စားရင်း ၊ စကား စမြည်ကလေး ပြောရင်း သာ မမူး အောင် သောက် ချင်သည် ။


အမှန်တော့ မိမိ အရက် သောက်ဖြစ် နေခြင်း မှာ လည်း ကိုမိုးဝေ နှင့် အတူ လိုက်ပါပြီး အမြည်းစား ရာ မှ စသည် ။ အရက်သမားများ ၏ ထုံးစံ အတိုင်း ပင် ကိုမိုးဝေ က “ နည်းနည်း တော့ သောက်ဗျာ ၊ နည်းနည်း ကလေးပါ ။ မမူးပါဘူး ၊ စားလို့သောက်လို့ ကောင်းတာပေါ့ ” ဟု ဇာတ် သွင်းသည် ။


ယင်းသို့ဖြင့် မော့ဝီစကီ ပက်ဝက် ကို ဆိုဒါ ဖန်ခွက် အပြည့် ရောပြီး သောက် ရာ မှ ဇာတ်လမ်း စတင် ခဲ့သည် ။ သို့သော် မိမိ သည် သူများတွေ အရက် မူး သည် ကို ကြောက်သည့် ထုံးစံ အတိုင်း သူတို့ တွေ မူးကြသည် အထိ ဝိုင်း မှာ ကြာကြာ မနေ ။ မိမိ လည်း ဗိုက် ထဲ မှာ အတော်ကလေး တင်း သွားပြီ ၊ ဝိုင်း ထဲ မှာ လည်း အတော်ကလေး စီညံ လာပြီ ဆိုလျှင် မိမိ လစ် တော့သည် ။


၁၉၆၀ တစ်ဝိုက် က ကိုမိုးဝေ နှင့် ပတ်သက်သော ဝိုင်းများ တွင် ဆရာတင့်တယ် ၊ ဆရာသော်တာဆွေ ၊ ဆရာမင်းရှင် ၊ ဆရာသန်းဆွေ ၊ ဆရာနန္ဒမိတ် တို့ နှင့် ကြုံရ ဆုံရပါသည် ။ သို့သော် လူများ ပြီး ဝိုင်းကြီး လာ လျှင် မိမိ ပြန် စမြဲ ဖြစ်သည် ။ သူတို့ ဘယ်အချိန် မှ ပြန်ကြသည် ကို မိမိ မသိတော့ ။ သူတို့ ဘာဖြစ်ကြသည် ကို မိမိ မသိတော့ ။ နောက် တစ်နေ့ နံနက် ကျ မှ သာ လျှင် သတင်း စကားများ ပြန်ပြီး ကြား ရသည် ။ သည်တော့ မှ ပြုံးရသည် ၊ ရယ်ရသည် ၊ ရင်တမမ ရှိ ရသည် ။ 


ယင်းကြောင့်ပင် မိမိ သည် သူ နှင့် လူချင်း သိကျွမ်းရုံ မျှ သာ ရှိပြီး ရင်းနှီးခြင်း မရှိခဲ့ပါ ။


( ၂ )


သို့သော် သူ့ စာများ ကို ကား မိမိ ကောင်းစွာ ရင်းနှီး ပါသည် ။ ရှုမဝ အစု တွင် မိမိ အကြိုက်ဆုံး စာရေးဆရာ နှစ်ဦး မှာ ဆရာတင့်တယ် နှင့် ဆရာသော်တာဆွေ ပင် ဖြစ်သည် ။ သူတို့ ၏ စာတွေ ကို အားလုံး လောက် ပင် ဖတ်ဖူးသည် ။ ယနေ့ အထိ လည်း ရှုမဝ ကို တွေ့ လျှင် ဆရာသော်တာဆွေ ၏ “ ကျွန်တော့် ဘဝ ဇာတ်ကြောင်း ” ကို အရင်ဆုံး ဖတ်မိသည် ။


သူ့ စာတွေ ထဲ တွင် မိမိ နှင့် သဘောချင်း မတိုက်ဆိုင်သည်များ ၊ မိမိ မကြိုက်သည်များ ပါရှိသည် ။ သို့သော် ဆရာ့ စာများ ကို မဖတ်ဘဲ က လည်း မနေနိုင်ပါ ။


မြန်မာနိုင်ငံ တွင် ယခုအခါ စာရေးဆရာ ဆိုသူတွေ တော်တော် များသည် ။ အချို့လည်း အတော်ကလေး ပင် နာမည် ကြီး နေကြသည် ။ ကလောင်ဟောင်း တွေ လည်း ပါသည် ။ ကလောင်သစ် တွေ လည်း ပါ သည် ။ သို့သော် မြန်မာစာ တတ် သူများ ကား တော်တော်ကလေး ပင် နည်းပါးသည် ။


သူ က မြန်မာစာ တတ် သည် ။ မြန်မာစာ အရေးအသား ကျွမ်းကျင် နိုင်နင်းသည် ။ ပြီးတော့ စာ ရေး တတ်သည် ။ သူ ပြော ချင်တာ ကို ပရိသတ် နား လည်အောင် ၊ စိတ်ဝင်စားအောင် ပြော တတ်သည် ။


သည်လို ပုဂ္ဂိုလ်မျိုး တစ်ယောက် ကို ခင်မင်ရင်းနှီး နိုင် ဖို့ အခွင့်အလမ်း ရှိပါ လျက် ခင်မင်ရင်းနှီးခြင်း မရှိ ဟု ဆိုလျှင် မိမိ အနေ နှင့် အခွင့် အရေး တစ်ခု ဆုံးရှုံးခြင်း ပင် ဖြစ်ပေ လိမ့်မည် ။ 


သို့ဖြင့် မိမိ သည် သူ နှင့် အတူ ခရီး သွားရန် ဆုံးဖြတ်မိခြင်း ဖြစ် သည် ။ ရွှေတောင် ၊ ပန်းတောင်း ၊ တောင်ကုတ် စာပေဟောပြောပွဲ ခရီး ကို လိုက်ပါရန် ကတိ ပေး လိုက်ခြင်း ဖြစ်သည် ။ သို့သော် ရင် ထဲ မှာ တော့ လေး နေသည် ။


( ၃ ) 


အလုပ်တွေ က လည်း ဘယ်တော့မှ အားသည် မရှိပါ ။ မဂ္ဂဇင်း အလုပ် မရှိသောအခါ စာ ရေး သည့် အလုပ် က ပိုပြီး များ လာသည် ။ ရေးချင် သည်များ နှင့် ရေးစရာများ ကို အကွက် လည် အောင် မရေးနိုင် ဘဲ ရှိနေ သည် ။


ပြီးတော့ ခရီး က လည်း ပန်း နေပြီ ဖြစ်သည် ။ မောင်နေဝင်း ၊ မင်းကျော် တို့ နှင့် ကြံခင်း ဟောပြောပွဲ သွားသည် ။ လေးပွဲ ဟော ရသည် ။ ကြံခင်း မှ အပြန် တွင် ဘာသာ ပြန် လက်စ လုံးချင်း တစ်ပုဒ် ကို ပန်းတောင်း ခရီး မတိုင်မီ တွင် အပြီးသတ် မည် စိတ်ကူးသည် ။ သို့သော် ချစ်စံဝင်း ၊ မင်းကျော် တို့ နှင့် အတူ တောင်သာ သို့ လိုက်ပါ သွားရ ပြန်သည် ။ သည်မှာ လည်း လေးပွဲ ဟောရသည် ။ ခရီး က လည်း နည်းနည်းလေး ကြမ်းသည် ။


ပို၍ ဆိုးသည် က တော့ ဇန်နဝါရီလ ၈ ရက် နေ့ တွင် ရန်ကုန် က ထွက်သွားသည် ။ ရန်ကုန် သို့ ၁၂ ရက်နေ့ ည ၁၀ နာရီ တွင် မှ ပြန် ရောက် သည် ။ နောက် တစ်နေ့ နံနက် ၁၁ နာရီ တွင် ပန်းတောင်း ခရီး ကို ပြန်ထွက် ရသည် ။ နောက်ပြီးတော့ သည် ခရီး က အရှည်ကြီး ဖြစ်သည် ။ နှစ်ပတ် လောက် ကြာမည် ။


တိတိကျကျ ပြန် တွက် လိုက်တော့ ၁၃ ရက် တိတိ ကြာသည် ။ ၁၃ ရက် နေ့ မှာ ခရီး စထွက် ရသည် ။ ၁၃ နှစ်ထပ် ကွမ်း ဖြစ်သည် ။ 


သည်တော့ လည်း အစွဲအလမ်း ရှိသူများ ဘက် က ကြည့် လျှင် ပြဿနာ ဖြစ်ရသည် မှာ မဆန်းပါ ။


သို့သော် မိမိ နှင့် သော်တာဆွေ အဖို့ မူ သည် ခရီး သည် အမှတ်တရ ပင် ဖြစ်တော့သည် ။ တစ်သက် တွင် ဘယ်တော့ မှ မေ့နိုင်ကြမည် မဟုတ် ပါ ။


မိမိတို့ နှစ်ယောက် သည် ထန်းပင် ပေါ် တွင် လည်း အတူ တက်ပြီး ထန်းရည် သောက် ခဲ့ကြသည် ။ ကား မှောက်ပြီး သေမလို လည်း ဖြစ်ခဲ့ကြရ သည် ။


( ၄ ) 


စ ကတည်း က ပင် တလွဲတချော်ကလေး ဖြစ်သည် ။ ပထမ က ဤ ခရီး ကို မိမိ ၊ သော်တာဆွေ ၊ နေသွေးနီ ဟု နားလည် ခဲ့သည် ။ ယင်း ကြောင့်ပင် မိမိ နှင့် နေသွေးနီ ဟူ သော ဆောင်းပါး ကို ပင် ကြိုပြီး ရေးခဲ့ သည် ။ သို့သော် တောင်သာ မှ ပြန်ရောက် မှ အကြောင်း ကိစ္စ တစ်ခု ခု ကြောင့် နေသွေးနီ မလိုက်နိုင် ဆိုသည် ကို မိမိ သိရသည် ။ သူ့ အစား အီကြာကွေး ဟု ဆိုသည် ။


ကောင်းသည် ။ အီကြာကွေး နှင့် မိမိ ခရီး တစ်ခါ သွား ဖူးသည် ။ ကြာပြီ ။ ၁၉၇၂ ခုနှစ် က ရှမ်းပြည် မြောက်ပိုင်း သို့ ဖြစ်သည် ။ ယခု ၁၃ နှစ် ကြာ မှ ဒုတိယ အကြိမ် ပြန်လည် တွဲမိခြင်း ဖြစ်သည် ။ သို့သော် တကယ့် တကယ် ကျတော့ အီကြာကွေး ပင် ကျန်ရစ်တော့ မလို ဖြစ်သည် ။ မိမိ တို့ ကို လာ ကြိုသည့် ကား က မကောင်းပါ ။ ကားသမား က လည်း အမောင်း မကျွမ်းကျင်ပါ ။ သို့ဖြင့် ရန်ကုန်ဘူတာကြီး သို့ မိမိ နှင့် သော်တာဆွေ ရောက်ရှိ သွားသော အခါ ၁၂ နာရီ ၃၀ ရှိ နေပြီ ။ ရထား က ၁ နာရီ ထွက်မည် ။ ဤအချိန် ကျ မှ အီကြာကွေး ကို တောင်ဥက္ကလာ ကို သွား ခေါ် လျှင် မီစရာ မရှိတော့ပါ ။ သို့ဖြင့် လာ ကြိုသူ က မိမိတို့ နှစ် ယောက် ကို ရထား ပေါ် တင် လွှတ် လိုက်ပြီး သူ နှင့် အီကြာကွေး ဘတ်စ် ကား ဖြင့် ပြည် ကို လိုက်ခဲ့ပါမည် ဟု ဆိုသည် ။ သို့သော် သုံးဆယ်ဘူတာ သို့ ရောက်ရှိသော အခါ မိမိတို့ ကို စောင့်ကြို နေသော အီကြာကွေး ကို တွေ့ ရသည် ။ သူ က လက်ပံတန်း ကား ဖြင့် ရထား ကို အမီ လိုက် လာခြင်း ဖြစ်သည် ။ သည်တော့ မှ ရထား ပေါ်  မှာ လူစုံတက်စုံ ဖြစ် သွားသည် ။ တစ်ခု စိတ်အေး သွားရသည် ။ သည်တော့ မှ သူ့ ကို မိမိ အင်မတန် မေး လိုသော မေးခွန်းတစ်ခု ကို မရဲတရဲ ဖြင့် မေးရသည် ။ 


“ ကိုဆွေ အခု ဖြတ်ထား သလား ”


“ ခရီး သွား ရင်တော့ သောက် ပါတယ် ”


ဟိုက် .. ။


“ ခင်ဗျား နဲ့ လည်း အဖော် ရှိလို့ပါ ”


ကောင်းပါပေ့ ။


မိမိတို့ နှစ်ယောက် သောက် ကြသည် ။ ခရီး တစ်လျှောက် လုံး သောက် ကြသည် ။ နား နေသည့် အချိန် တွင် လည်း သောက်သည် ။ ခရီး သွား ရင်း လည်း သောက်သည် ။ ဒေသခံများ နှင့်လည်း အတူ သောက် သည် ။ နှစ်ယောက် တည်း လည်း သောက် ကြသည် ။ အလယ်အလတ် ဖြစ်သော ရမ် ၊ ဘရန်ဒီ နှင့် ဘီယာ တို့ ကိုလည်း သောက်သည် ။ အထူး တလည် တိုက်သော တန်ဖိုး ကြီးမားသည့် နိုင်ငံခြား ဝီစကီ ကို လည်း သောက် ရသည် ။ အနီ မရသည့် အခါ တွင် အဖြူ ဟု ခေါ်သော ဘီအီးဒီစီ ကို လည်း သောက်ကြသည် ။ ပြီးတော့ မိမိ တို့ ရိုးရာ ဖြစ်သော ထန်းရည် နှင့် ဓနိရည် ကို လည်း သောက် ကြသည် ။ ထန်းရည် ကို ဘယ်လို သောက် သနည်း ဆိုလျှင် ထန်းပင် ပေါ် တက်ပြီး သောက် ကြသည် ။


သည်လို ။


မင်းတုန်းနယ် မှာ ဓလေ့ တစ်ခု ရှိသည် ။ ထန်းပင် ပေါ် တွင် ဝါးစင် တစ်ခု ထိုး ထားသည် ။ လူ လေးယောက် တက်ပြီး သောက် နိုင်သည် ။ တစ်ယောက် ယောက် မူး ပြီး ပြန် မဆင်းနိုင် လျှင် ကြိုး နှင့် တုပ် ထားခဲ့သည် ။ ထို လူ အမူး ပြေ မှ ကြိုး ကို ဖြေပြီး ပြန် ဆင်း ရသည် ။


စက်ရုံမှူး တစ်ဦး သည် ယင်း အဖြစ် ကို သဘော ကျပြီး သူ ၏ စက်ရုံ ဝင်း ထဲ ရှိ ထန်းပင် တစ်ပင် တွင် သံစင် တစ်ခု ထိုး ထားသည် ။ သံလှေကား  ဖြင့် တက် ရသည် ။ သို့သော် မူး နေလျှင် ပြန် ဆင်းနိုင်ရန် သံမဏိကြိုးရထား လုပ် ထားသည် ။ ကြိုးရထား ဖြင့် ပြန် ဆင်း ရသည် ။ မိမိ နှင့် သော်တာဆွေ လည်း ထို စက်ရုံမှူး နှင့် အတူ ထန်းပင် ပေါ် သို့ တက်ပြီး လေ့လာသည် ။ ထန်းရည် ဖွင့်ပွဲ လုပ်သည် ။ ပြီးတော့ ကေဘယ် ကြိုးရထား ဖြင့် ပြန် ဆင်း ကြသည် ။ မူး ၍ တော့ မဟုတ်ပါ ။ အတွေ့အကြုံ ရှိအောင် ဖြစ်ပါသည် ။


သည် ခရီး မှာ မိမိ တို့ မမူးကြပါ ။ ဆရာသော်တာဆွေ မမူးပါ ။ သည်တော့မှ သူ က ပြောသည် ။


“ ကျုပ် က အရက် ကို မူးအောင်လည်း သောက် တတ်တယ် ၊ မမူး အောင်လည်း သောက် တတ်တယ် ”


သည် ခရီး မှာ သူ မူးအောင် လည်း မသောက်ပါ ။ ဟောပြောပွဲ တာဝန်များ ရှိသော ကြောင့် ဖြစ်သည် ။ မိမိတို့ သည် နေ့ပွဲ ညပွဲ တစ်နေ့ နှစ်ပွဲ ပြောရသည် ။ ၁၃ ရက် ခရီး တွင် ဟောပြောပွဲ ၁၁ ပွဲ နှင့် ဆွေးနွေးပွဲ ၂ ပွဲ ပြုလုပ် ရသည် ။ အားလုံးပင် အောင်မြင်ပါသည် ။ အစီအစဉ် ကောင်းမွန်သည် ။ ပရိသတ် ကောင်းမွန်သည် ။ မိမိတို့ ဟောပြောသည် များ ကို လည်း ကျေနပ်ကြဟန် ရှိသည် ။ အီကြာကွေး က ရယ်စရာ ပြော သည် ။ ရယ်ရသည် ။ သော်တာဆွေ က နိုင်ငံခြား အတွေ့အကြုံ ပြော သည် ။ မှတ်သားစရာ ဖြစ်သည် ။ ပြုံး ရသည် ။ ရယ် ရသည် ။ သူ က တစ်နာရီ လောက် ပြောသည် ။ ပရိသတ်များ စိတ်ဝင်စားစွာ နားထောင် ကြ သည် ။


သည်တော့ မိမိတို့ ၏ ခရီးစဉ် အောင်မြင်သည် ဟု ဆိုရမည် ။ ပျော်ပျော်ရွှင်ရွှင် နှင့် ပြန်ကြရုံ သာ ဖြစ်သည် ။ သို့သော် အပြန် ခရီး တွင် မှ ပြဿနာ ဖြစ်ရသည် ။ တောင်ကုတ် မှ သံတွဲ သို့ ကား နှင့် အသွား တွင် ကား မှောက်သည် ။ ကံကောင်း ၍ မသေကြရခြင်း ဖြစ်သည် ။ မိမိတို့ ကို လိုက်ပို့ သူ တစ်ဦး သာ လက်ဆစ် လွဲ သွားသည် ။


ကား မှောက်သည် မှာ အရက် နှင့် မဆိုင်ပါ ။ မိမိတို့ နှင့် မဆိုင်ပါ ။ ကား အရှိန် များ ပြီး တောင်စောင်း ကို ဝင် တိုက်သည် ။ တစ်ပတ် လိမ့် သွား သည် ။ မှောက်ခုံကြီး ဖြစ် သွားသည် ။ မိမိ တို့ ကား ထဲ မှ လေးဖက် ထောက် ပြီး ထွက် ရသည် ။ လမ်းလုပ်သားများ နှင့် ကျောင်းကုန်းကျေးရွာ မှ ပုဂ္ဂိုလ်များ က မိမိတို့ ကို စောင့်ရှောက်ကြသည် ။ တိုက်နယ်ဆေးရုံ ရှိ သော ရွှေလှေ သို့ လှည်း တစ်တန် ၊ လှေ တစ်တန် ဖြင့် ပို့ပေး ကြသည် ။ ဆရာဝန် က မိမိ တို့ ကို ကုသ ပေးသည် ။ ထမင်း ကျွေးသည် ။ ( အရက် လည်း ပါ ပါ သည် ။ ) တောင်ကုတ် မှ ကယ်ဆယ်ရေး ကား နှစ်စီး လိုက် လာကြပြီး မိမိ တို့ ကို လိုသေးလေး မရှိ ပြုစု စောင့်ရှောက်ကြသည် ။ မိမိ မှာ အနည်းငယ် ပွန်းပဲ့ သွား သော်လည်း သော်တာဆွေ နှင့် အီကြာကွေး ဘာမှ မဖြစ်ပါ ။ သို့သော် ဆရာသော်တာဆွေ မလှုပ်နိုင်ပါ ။ ထမင်း လည်း မစားနိုင်ပါ ။ အရက် လည်း မသောက်နိုင်ပါ ။ သူ က ခရီး လည်း ပမ်း နေပြီ ဖြစ်သည် ။ အသက် က လည်း ထောက် နေပြီ ဖြစ်သည် ။ ၆၇ နှစ် ။ ဤအရွယ် နှင့် ဤ ခရီး ဒဏ် ကို ခံနိုင်သည် မှာ အံ့သြစရာ ပင် ဖြစ်သည် ။


( ၅ )


ကောင်းပြီ ။ ဤ ၁၃ ရက် ခရီး တွင် ဆရာသော်တာဆွေ နှင့် အတူ အိပ် ၊ အတူ စား ၊ အတူ သောက် ခရီး သွားလာ ရသောအခါ ဆရာ့ ကို မိမိ မည်သို့ တွေ့မြင်ရ သနည်း ။


သူ က မိမိ နှင့် အီကြာကွေး တို့ ကို ညီ နှစ်ယောက် လို ၊ တူ နှစ်ယောက် လို စာနာ သည် ။ စောင့်ရှောက်သည် ။ စာ အကြောင်း ၊ စာပေလောက အကြောင်း မိမိ တို့ နှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေး သည် ။


သူ က စိတ် မြန်သည် ။ ပွင့်လင်းသည် ။ သူ့ ရင် ထဲ မှာ ရှိသည် ကို ဖုံးကွယ် ထားတတ်ခြင်း မရှိ ။ ဟန်ဆောင် တတ်ခြင်း မရှိ ။ ပရိယာယ် မာယာ မရှိ ။


အချုပ် ကို ဆိုရလျှင် 


သူ့ စာများ သည် သူ့ အတိုင်း ပင် ဖြစ်သည် ။


သူ သည် သူ့ စာများ အတိုင်းပင် ဖြစ်တော့သည် ။


◾နတ်နွယ်


📖 ချယ်ရီ

      မတ် ၊ ၁၉၈၆


#ကိုအောင်နိုင်ဦး


.

Monday, July 11, 2022

အမြင့်ကြိုက်သူ


 

❝ အမြင့်ကြိုက်သူ ❞

ရှေ့ မှာ လူတွေ အများကြီးပါ ကလား ။ ဘာ လုပ်နေကြတာလဲ ။ ဘာ ပေးနေတာလဲ ။ ဘာ တိုးနေကြတာလဲ ။ ဦးဘုမ္မာ ခပ်သုတ်သုတ် လျှောက် သွားသည် ။

တစ်ခုခု ပေးနေတာတော့ မဟုတ် ။ တန်းစီနေကြတာ မဟုတ် ။ လူတွေ စုံရုံးနေကြခြင်း သာ ဖြစ်သည် ။ လူအုပ်ကြီး တစ်ခု သာ ဖြစ်သည် ။ ရုတ်ရုတ် ရုတ်ရုတ် ။

ဘာ ဖြစ်တာလဲ ။ ကား တိုက်တာလား ။ ရန် ဖြစ်တာလား ။ မဟုတ်သေးဘူး ၊ အပေါ် ကို မော့ ကြည့် နေကြသည် ။ အပေါ်ထပ် အခန်း တစ်ခုခု မှာ ဘာ ဖြစ်သနည်း ။ သူ သတ်ထားသလား ။ အနုကြမ်း စီးသလား ။

ဦးဘုမ္မာ စူးစမ်း ချင်သည် ။ မြို့ထဲ က ပြန်လာ လို့ မှ မြို့ ထဲ မှာ ဘာ ဖြစ်သည် ကို အိမ် မှာ ပြန်ပြီး မပြောနိုင်ခဲ့လျှင် နုံ ရာ ကျပေမည် ။ အရပ် ထဲ မှာ သူများတွေ ပြော မှ သိ ရလျှင် ညံ့ ရာ ကျပေမည် ။

သို့သော် ဦးဘုမ္မာ တွင် အချိန် မရှိပါ ။ သူ ကနေ့ မဂ္ဂဇင်းတိုက် သုံးတိုက် သို့ ရောက်ခဲ့ပြီး ဘယ် တိုက် က မှ စာမူခ မရခဲ့ပါ ။ သို့ဖြင့် နောက် တစ်တိုက် သွားရဦးမည် ။ အချိန်က အတော် ကလေး နည်း နေပြီ ။ ငွေထုတ်ပေးသည့် သူ ပြန် သွားခဲ့လျှင် သွား အလကားချည်း ဖြစ်နေမည် ။ အုပ်မိ အောင် သွားမှ ။

လူအုပ်ကြီး အနီး သို့ ဦးဘုမ္မာ ရောက်ရှိသွားသည် ။ လူ တွေ က နောက်ဖေး လမ်းကြား ထိပ် တစ်ခု တွင် စုရုံး နေခြင်း ဖြစ်သည် ။ လမ်းကြား ထဲ တွင် လည်း လူတွေ အများကြီး ဖြစ်သည် ။ အားလုံးပင် အပေါ် ဘက် သို့ မော့ ကြည့်နေကြသည် ။

ဦးဘုမ္မာ လည်း မော့ ကြည့်လိုက်သည် ။ တိုက်တစ်ခု ၏ နောက်ဘက် တွင် သံ ဖြင့် ပြုလုပ် ထားသော ကြောင်လိမ်လှေကား တစ်ခု ရှိသည် ။ မီးထင်း ကိစ္စ အတွက် အရေးပေါ်အသုံးပြုရန် တပ်ဆင်ထားခြင်း ဖြစ်သည် ။ လှေကား မှာ အတန်ငယ် ဟောင်းမြင်းနေပြီ ။

ထို လှေကား ပေါ် တွင် လူတစ်ယောက် ရှိနေသည် ။ လှေကားခုံ တစ်ခု ပေါ် တွင် ရပ် နေသည် ။ သူ က အောက်ဘက် မှ လူအုပ်ကြီး ကို ငုံ့ကြည့်နေသည် ။ လူအုပ်ကြီး က သူ့ ကို မော့ကြည့်နေသည် ။

ဘာ လုပ်နေကြတာနည်း ။

ဦးဘုမ္မာ က သူ့ ဘေး မှ လူတစ်ယောက် ကို မေးမည် ရှိစဉ် ကြောင်လိမ်လှေကား အနီး မှ လူကြီး တစ်ယောက် က အပေါ်မှ လူ ကို -

“ ဟေ့လူ ဆင်းခဲ့တော့လေ ” 

ထိုနေရာတွင် လူကြီးတွေ လေးငါးယောက် ရှိနေသည် ။

“ ကျုပ် ဆင်းခဲ့ရင် ခင်ဗျားတို့ ငွေတစ်ထောင် တကယ် ပေးမှာလား ”  

ကြောင်လိမ်လှေကား ပေါ် မှ လူ က ပြန်မေးသည် ။

“ ပေးမှာပေါ့ကွ ” 

ထို လူ က ပြန်ပြောသည် ။

“ ဘယ်တော့ ပေးမှာလဲ ” 

“ အောက် ရောက်ရောက်ချင်း ပေးမယ် ” 

“ ဟား ... ဟား ... ဟား ” 

ကြောင်လိမ်လှေကား ပေါ် မှ လူ သည် အောင်ပွဲ ရရှိသော စစ်သူကြီး ပမာ ရယ်မောလိုက်သည် ။ ထို့နောက် သူ သည် လှေကား မှ ဆင်း မလိုလို လုပ်ပြီး မှ မဆင်းဘဲ အထက် သို့ တက် သွားသည် ။

လူအုပ်ကြီး ကျွက်စီကျွက်စီ ဖြစ်သွားသည် ။ ထို လူ သည် တစ်ထစ် ပြီး တစ်ထစ် လှည့်ကာပတ်ကာ တက်သွား နေရာ မှ တတိယထပ် လှေကားခုံ သို့ ရောက်သော အခါ ရပ် လိုက်သည် ။ လူအုပ်ကြီး ကို ငုံ့ ကြည့်သည် ။ ထိုနောက် ခုံပေါ် သို့ တက် လိုက်သည် ။ လူအုပ်ကြီး ဟာခနဲ ဖြစ်သွားသည် ။

“ ဟေ့လူ ဘာလုပ်နေတာလဲ ၊ ကျသွားမယ် ” 

အင်္ကျီအနက် နှင့် လူ က မေးလိုက်သည် ။

“ ကျုပ် ခုန်ချမလို့ ” 

“ စောစောက ပြောတော့ ငွေတစ်ထောင် ပေးရင် ဆင်းခဲ့မယ် ဆို ”

“ ဟားဟားဟား ကျုပ် အခု တစ်ထပ် ပို မြင့်သွားပြီဗျ ။ ငွေတစ်ထောင် နဲ့ မဆင်းနိုင်တော့ဘူး ။ တစ်သောင်း ရ မှ ဆင်းမယ် ” 

လူအုပ်ကြီး စီစီညံညံ ဖြစ်သွားပြန်သည် ။ လူကြီးများ ခေါင်းချင်း ရိုက်နေသည် ။

“ ဘယ်လို ဖြစ်တာလဲဗျ ” 

ဦးဘုမ္မာ က ဘေး မှ လူ တစ်ယောက် ကို မေးလိုက်သည် ။

“ အဲဒီ လူ စောစောက ပထမ ထပ် က နေပြီး ခုန် ချမလို့ လုပ်နေတယ် ။ လူကြီးတွေ က ခုန်မချဖို့ ပြောတော့ ငွေတစ်ရာ ရရင် ဆင်းခဲ့မယ် တဲ့ ၊ လူကြီးတွေ က  ငွေတစ်ရာ ပေးမယ် လည်း ဆိုရော သူ မဆင်းတော့ဘူး ၊ ဒုတိယ ထပ် ကို တက် သွားပြီး ငွေတစ်ထောင် တောင်းတော့တာပဲ ။ တစ်ခါ လူကြီးတွေ က ငွေတစ်ထောင် ပေး မယ်လည်း ဆိုပြန်ရော  မြင်တဲ့ အတိုင်းပဲ တတိယ ထပ် ကို တက် သွားပြီး တစ်သောင်း တောင်းတော့တာပဲ ” 

“ ဒီ လူ က အရူးလား ” 

“ သူ မရူးဘူး ဆိုရင်တော့ ကျန်တဲ့ လူတွေ က အကုန် ရူးတာပဲ ဖြစ်မှာပေါ့ ”  

ထို လူ ၏ စကား ကို သဘော မပေါက်သလို ပေါက် သလို ရှိသဖြင့် ဦးဘုမ္မာ မျက်မှောင် ကုပ် လိုက်သည် ။

ထိုစဉ်မှာ ပင် အင်္ကျီ အနက် နှင့် လူကြီး က ...

“ ဟေ့ လူ တစ်သောင်း ရရင် တကယ် ဆင်းမလား ” 

“ ဟားဟားဟား ခင်ဗျားတို့ က တကယ် ပေးမှာလား ” 

“ ပေးမှာပေါ့ ကွ ” 

“ ဒါဖြင့်ရင်ကောင်းပြီ ” 

သို့သော် သူ ဆင်းမလာဘဲ ဆက်ပြီး တက်သွားသည် ။ ပရိသတ်ကြီး ဆူညံသွားသည် ။

နောက်ဆုံးတွင် လေးထပ်တိုက် ခေါင်မိုး ပေါ် သို့ သူ ရောက်သွားသည် ။ တိုက်ခေါင်မိုးစွန်း တွင် သူ ရပ်နေသည် ။ နည်းနည်းကလေး ဟန်ချက် လွဲသွားလျှင် လိမ့်ကျလာမည် ဖြစ်သည် ။ လေ ကလည်း တိုက် နေသည် ။ သူ ၏ အဝတ်အစားများ လေထဲ တွင် လွင့် နေသည် ။ ဦးဘုမ္မာ ပင် ရင်ဖို နေမိတော့သည် ။

ထိုစဉ်မှာပင် မီးသတ်ကား တစ်စီး ရောက်ရှိ လာသည် ။ လှေကားနီနီကြီး ကို ထောင်ပြီး မီးသတ်သမား တစ်ယောက် တိုက်ခေါင်မိုး ဆီ သို့ တက်မည် ပြုသည် ။

“ ဟေ့ လူတွေ ခင်ဗျားတို့ တစ်ယောက် မှ တက် မလာနဲ့ နော် ၊ ခင်ဗျားတို့ တက် လာတာ နဲ့ တစ်ပြိုင်နက် ကျုပ် ခုန်ချလိုက်မယ် ” 

သူ က တကယ် ခုန်ချမည့် ဟန် ပြုသဖြင့် မီးသတ်သမားများ နောက် ဆုတ် သွားရသည် ။

ထိုစဉ်မှာပင် လူနာတင်ကား လည်း ရောက်ရှိ လာသည် ။ လူအုပ်ကြီး လည်း ပိုပြီးများ လာသည် ။

“ ဟေ့လူ ခင်ဗျား ဆင်းမယ် ဆိုတာ ဆင်းခဲ့လေ ” 

အင်္ကျီအနက် နှင့် လူ က အော် ပြောလိုက်သည် ။

“ ကျုပ် အခု လေးထပ် မှာ ရောက်နေပြီ ခေါင်မိုး ပေါ် မှာ ရောက်နေပြီ ”

“ ခင်ဗျား လိမ့်ကျလိမ့်မယ် ၊ ဆင်းခဲ့တော့ ၊ ခင်ဗျား မဆင်းရဲရင် ကျုပ် တို့ တက် ခေါ်မယ် ” 

“ ဟားဟားဟား ကျုပ် က ဘာလို့ ဆင်းရမှာလဲ ” 

“ ငွေတစ်သောင်း ရရင် ဆင်းမယ် ဆို ” 

“ ဟားဟားဟား ကျုပ် အခု တစ်သောင်း နဲ့ မဆင်းနိုင်တော့ဘူး ” 

“ ဒုက္ခပါပဲကွာ ၊ ဘယ်လို လူ လဲ မသိဘူး ” 

“ ကျုပ် ခုန်ချ လိုက်ရမလား ” 

ထို လူ ခုန်ချမည့် ဟန် ပြင်သည် ။

“ မလုပ်နဲ့ ၊ မလုပ်နဲ့ ” 

အောက် မှ ဝိုင်း အော်ကြသည် ။

“ ဟား ... ဟား ... ဟား ... ဒါဖြင့်ရင် ငွေတစ်သိန်း ပေးမလား ” 

လူကြီးတွေ ခေါင်းချင်းရိုက်ကြပြန်သည် ။ ထို့နောက် အင်္ကျီအနက်နှင့် လူ က ...

“ ပေးမယ်ကွာ ၊ မင်း အခု ဆင်းခဲ့ ” 

“ ခင်ဗျားတို့ တကယ် ပြောတာလား ”

“ တကယ်ပေါ့ကွ ”  

“ ဟားဟားဟား ကျုပ် လိုချင်တာ တစ်သိန်း မဟုတ်ဘူး ၊ တစ်သန်း တစ်သန်း ” 

ထိုအခါ တိုက်ပုံအင်္ကျီအနက် နှင့် လူ ဒေါသ ဖြစ်သွားဟန်ဖြင့် ...

“ ဟေ့လူ မဖြစ်နိုင်တာတွေ လျှောက် ပြောမနေ နဲ့ ခင်ဗျား အခု ခေါင်မိုး ပေါ်  ကို ရောက်နေပြီ ။ နောက်ထပ် တက်စရာ အထပ် မရှိတော့ဘူး ”  

“ ဟားဟားဟား လူ လုပ်ရင်ဘာမဆို ဖြစ်တာပဲ ၊ ခင်ဗျား တို့ ကျုပ် တက် ဖို့ နောက် တစ်ထပ်  ဆောက်ပေးကြပေါ့ ” 

လူအုပ်ကြီး ရယ်မောသည် ။

လူကြီးတွေ ခေါင်းကုတ်ကြသည် ။

ခေါင်မိုး ပေါ် မှ လူ ခုန်ချမည် လုပ်သည် ။

“ ဟေ့လူ ဆင်းခဲ့တော့ ၊ နောက် တစ်ထပ် ဆောက်ပေးလို့တော့ မဖြစ်ဘူး ၊ ဒါပေမဲ့ ခင်ဗျား လိုချင်တဲ့ ငွေ တစ်သန်း ကို ပေးမယ် ”

“ ဟားဟားဟား ကျုပ် ငွေတစ်သန်း ကို လိုချင်တာ မဟုတ်ဘူး ငါးထပ် ကို တက်ချင်တာ ။ ခင်ဗျားတို့ နောက် တစ်ထပ် ဆောက်ပေးတဲ့ အထိ ကျုပ် ဒီ ကနေ စောင့်နေမယ် ၊ ခင်ဗျားတို့ ကူလီကူမာ လုပ်မယ် ကြံရင် ကျုပ် ခုန် ချလိုက်မယ် ဒါပဲ ” 

ဤတွင် ...

“ ဒီ လူ့ ရောဂါ က ဘယ်လိုများလဲ ဗျာ ” 

ဦးဘုမ္မာ အမှတ်မထင် ညည်း လိုက်မိသည် ။

◾နတ်နွယ် ( ၁၉၈၃ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို

www.facebook.com/aung.naingoo.3726613

.