Monday, August 23, 2021

ငါးကျပ်တန် တစ်ရွက်


 

❝   ငါးကျပ်တန် တစ်ရွက်  ❞

ထိုနေ့သည် နေပူ၍ လေတိုက်ခတ်သော ကြာသပတေးနေ့ ဖြစ်လေသည် ။

ထိုထက်ပို၍ ပြောရလျှင် ထိုကြာသပတေးနေ့သည် မနက်ပိုင်းတွင် လက်တွေ့ ရှိသည့်နေ့ တစ်နေ့ဖြစ်ပြီး လက်တွေ့ဆင်းပြီးသောအခါ အတန်းတက်ချင်စိတ် မရှိတတ်သော တက္ကသိုလ်ကျောင်းသားတို့၏ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်ထဲမှာ ရှိလေသည် ။

ကျွန်တော်က လက်ဖက်ရည်ချိုကျကို အရသာခံသောက်ရင်း နံဘေးမှ မုန့်ဟင်းခါးတစ်ပွဲ၏ အရသာမှလွဲ၍ ဘာကိုမျှ စိတ်ဝင်စား ဟန်မတူသော ကြည်ပြာ ၏ မျက်နှာကို ရလျှင်ရသလို ခိုး‌ေငး နေခဲ့သည် ။ မုန့်ဟင်းခါးဇွန်းကို အသာ မယူ၍ ဦးခေါင်းကလေးကို နှိမ့်လိုက်သည့်အခါ လည်တိုင်မှ ယိမ်းလှုပ်သွားသော ဆံပင်တိုကလေးသည် အရှေ့သို့ ငိုက်ကျလာပြီး ဖျတ်ခနဲ ပေါ်လာတတ်သည့် ဖြူဖွေးနေသော လည်ကုပ်အစပ်ကလေးမှ မွေးညင်းနုကလေးတွေ ၊ မုန့်ဟင်းခါးကို ဝါးရင်းမှ တဖျတ်ဖျတ်ခတ်သည့် မျက်တောင်ကော့ကော့ ၊ ရွှန်းလဲ့တည်ငြိမ်သည့် မျက်ဝန်း  ၊ နဖူးအစပ်မှ သွယ်လျစွာ ဆင်းလာသည့် နှာတံ ၊ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတတ်သည့် ညာဘက်ပါးပြင်ထက်က ပါးချိုင့်ရာကလေး ... ငေးမောရင်းမှ ကျွန်တော် ရင်တွေ ဘာတွေ ခုန်လာသည် ။

မိုးမိုး က ကျွန်တော့်ကို ခုံအောက် မှ လှမ်းဆိတ်သည် ။ ခုန်နေသည့်ရင်တွင် စူးခနဲနာကျင်သည့် ခံစားမှုက ကန့်လန့်ကြီး ဝင်လာသဖြင့် ကျွန်တော် အထိတ်တလန့် မော့ကြည့်တော့ မိုးမိုးက နှုတ်ခမ်းကို ကိုက်ပြသည် ။ ဣနြေလေးဘာလေး ဆယ်ပါဦးဆိုသည့် သဘော ။ အေးလေ ... ဟုတ်ပါရဲ့ဟု တွေးကာ ကျွန်တော် ကိုယ်ရှိန် သတ်ရသည် ။ အခုအချိန်က ကျွန်တော့်ဘက်က တစ်ချက်ကလေးမှ အမှားခံလို့ မရသည့် အချိန်မျိုး မဟုတ်လား ။ အဖြေ မပေးရသေးသည့် မိန်းကလေး တစ်ယောက်နှင့် အဖြေ စောင့်နေသော ယောက်ျားလေး တစ်ယောက်၏ အကြားတွင် အမှားဆိုသည့် ကိစ္စသည် အားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်တာ သေချာပါသည် ။ ထိုအချိန်သည် မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို နိုင်ချင်တိုင်း နိုင်ခွင့် ရှိပြီး ၊ ထိုနိုင်ချင်တိုင်း နိုင်ခွင့်ရခြင်းမှပင် သူတို့ ဆုံးဖြတ်ချက်သည် အချစ် ဆိုတာကို မွေးဖွားပေးနိုင်သည် မဟုတ်လား ။

°°°°°  °°°°°  °°°°°

တကယ်တော့ ကြည်ပြာ နှင့် ကျွန်တော်သည် သူငယ်ချင်းသာ ဖြစ်သည် ။ ကျွန်တော်တို့ သူငယ်ချင်းအုပ်စုထဲမှာ ယဉ်ယဉ်သိန်း နှင့် အောင်နိုင်စိုး လည်း ပြေလည်သွားကြပြီ ။ မိုးမိုး နဲ့ လွင်ဦးလည်း ချစ်သူ‌ေတွ ဖြစ်သွားကြပြီ ။ ထို့နောက် များမကြာမီ ကျွန်တော်လည်း ကြည်ပြာ ကို ချစ်သည်ဟု ဖွင့် ပြောခဲ့ သည် ။ ထိုသို့ ဖွင့်ပြောပြီးသည့်အခါ ကြည်ပြာ က တူးတူးခါးခါး ငြင်းသည် ။ စွပ်စွဲချက် နှစ်ခုကို ပြောခဲ့သည် ။

ပထမစွပ်စွဲချက် မှာ သူငယ်ချင်းမိန်းကလေးများ အတွဲပြည့်သဖြင့် ကျွန်တော်သည် သူမကို အလွယ်တကူ ကြံစည်ခြင်းဆိုသည့် ကိစ္စဖြစ်သည် ။

“မဟုတ်ဘူး ကြည်ပြာ ၊ နင်ထင်ထားသလို လုံးဝမဟုတ်ဘူး ၊ ငါဟာ နင့်ကို ရင်းနှီးစ ကတည်းက ချစ်ခဲ့တာ ၊ မိုးမိုး နဲ့ လွင်ဦး မပြေလည်ခင်ကတည်းက ချစ်ခဲ့တာ ၊ ငါ နင့်ကို ဘာကြောင့်အခုမှ ဖွင့်ပြောသလဲ ဆိုတော့ ငါတို့ ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတဲ့ အလိုကြီး အရနည်းဆိုတဲ့ ပုံပြင်ကလေးကို သတိရသလား ၊ အဲဒီပုံပြင်ထဲကလို ဖြစ်မှာစိုးရိမ်လို့ ငါကချစ်မိနေပြီးသားဆိုတော့ နင် နဲ့ ဝေးမသွားချင်ဘူးဟာ ၊ သူငယ်ချင်းဘဝမှာ နင်နဲ့ နေ့တိုင်း တွေ့နေရ ၊ အတူတူသွားရ လာရ ၊ ရယ်မောပျော်ရွှင်ရတာတွေကို ငါသိပ် တပ်မ က် တယ် ။ ဖွင့်ပြောမှ နင်က မချစ်နိုင်ဘူးဆိုရင် ဝေးသွားရမယ့် ဒဏ်ကို ငါ ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး ။ တစ်ခါ နင်နဲ့ အတူတူနေရတဲ့ ရက်တွေက ရတဲ့ သံယောဇဉ်တွေကလည်း ငါ့ကို ဘယ်လိုမှ ရုန်းထွက် မရနိုင်လောက်‌ေအာင် ချည်နှောင်ထားသေးတယ် ။ ငါ့မှာ နေ့စဉ် နင့်ဆီက ရနေတဲ့ သူငယ်ချင်းဘဝ ပျော်ရွှင်မှုလေးတွေနဲ့လည်း ခံစားမှုက မကျေနပ်နိုင် ၊ သူငယ်ချင်း ဘဝလေးကိုလည်း စွန့်စားပြီး မခွဲရက်နဲ့ ၊ နောက်ဆုံးတော့ ငါ လွင်ဦး တို့နဲ့ တိုင်ပင်တယ်လေ ၊ နင့်ဆီက ငါ့အပေါ် သံယောဇဉ် ခိုင်မာလာပြီဆိုမှ ဖွင့်ပြောမယ်လို့ အဲဒီနေ့ကို ငါစောင့်နေခဲ့တယ် ကြည်ပြာ ၊ ငါ့မှာက အားကိုးစရာလည်း သံယောဇဉ်ပဲ ရှိတယ် မဟုတ်လား ၊ ဒါကြောင့် ငါဟာနင့်ကို နောက်ဆုံးမှ ဖွင့်ပြောခဲ့တာ ၊ ငါ့ကို နားလည်ပေးပါဟာ ”

ကျွန်တော့်စကားဆုံးတော့ ကြည်ပြာ တွေသွားသည် ။ လွင်ဦး နဲ့ ဇော်မင်းထွေး တို့ကလည်း ဟုတ်တယ် ဘာညာ ထောက်ခံချက် တသီကြီး ပေးကြသည် ။ ကြည်ပြာသည် သက်ပြင်းကို ဖွဖွကလေး ချကာ ကျွန်တော့်ကို မော့ကြည့်ခဲ့သည် ။ ကျွန်တော် ရင်တွေဘာတွေ ခုန်သွားသည် ။ ပြီးတော့ ကြည်ပြာ ခေါင်းကိုငုံ့ကာ ငြိမ်သွားပြန်သည် ။ မိုးမိုး ၊ ယဉ်ယဉ်သိန်း နှင့် ဟိုနှစ်ကောင် ထလစ်သွားကြသည် ။ ဇော်မင်းထွေး က ကျွန်တော့်ကို အံကြိတ်ကာ မေးဆတ်ပြ၏ ။

နှလုံးသားကို တွန်းထိုး ဆန်တက်လာသော ရင်ခုန်သံသည် ခေါင်းငုံ့ကာ ငြိမ်သက်သွားသော ကြည်ပြာကို မြင်သောအခါ တော်လှန်ရေးနေ့တွင် ပစ်ဖောက်လိုက်သော မီးရှူးမီးပန်းလို ဖွာခနဲ လွင့်စဉ်ကြဲထွက်သွားကာ ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင်းရှိ သွေးကြောများဆီသို့ ဖြာကျသွားခဲ့သည် ။

“ ကြည်ပြာ ... ယုံတယ် မဟုတ်လားဟင် ”

ကြည်ပြာ သက်ပြင်းကို ဒုတိယအကြိမ် ချသည် ။ ငုံ့ချထားသော ဦးခေါင်းကို ဖျတ်ခနဲပင် မော့လိုက်သည် ။ ကျွန်တော် တဝုန်းဝုန်း တဒိုင်းဒိုင်း ... ။

“ ထားပါတော့ ... ဒါပေမဲ့ဟာ ... အို .. နင် နဲ့ ငါ မဖြစ် နိုင်ပါဘူးဟာ ”

ဘုရား ဘုရား ခန္ဓာကိုယ်ထဲက ကလီစာတွေ တထွေးကြီး နှုတ်ဖျားမှ ထွက်ကျသွားသလို ကျွန်တော့်ရင်သည် ဟာလာဟင်းလင်း ဖြစ်သွားသည် ။ ချွေးစေးတွေ တစ်ကိုယ်လုံး စိမ့်ပြန့်တက်လာသည် ။

“ ဘာဖြစ်လို့လဲ ကြည်ပြာရယ် ... ဟင် ဘာဖြစ်လို့လဲ ”

“ ငါ ... မပြောချင်ဘူးဟာ မဖြစ်ပါဘူးဟာ ၊ ငါကလေ အိုတော်ပြီဟာ နင် မဖြစ်နိုင်ဘူးလို့ပဲ မှတ်ထားလိုက် ”

ကျွန်တော့် ခန္ဓာကိုယ်တွင်းမှာရှိသော သွေး ဆယ့်နှစ်ပုလင်းစလုံးသည် အေးအေးဆေးဆေးပင် ကျွန်တော့်ရှေ့မှာ စီးကျသွားသလို ခံစားရ၏ ။

“ ဘာကြောင့်လဲ ဆိုတာကိုတော့ ငါ သိပါရစေ ၊ ကြည်ပြာ ရယ် ၊ ဘာများ မှားခဲ့မိလို့လဲ ... ငါဘာများ ... ”

“ ဟင့်အင်း နင့်မှာ ဘာမှ အပြစ်မရှိပါဘူး ... ဒါပေမဲ့ ”

ကြည်ပြာက ဆက် မပြောဘဲ ကျွန်တော့်ကို မော့ကြည့်သည် ။ ကြည်ပြာမျက်ဝန်းထဲမှာ အားနာခြင်း ၊ စိတ်မကောင်းခြင်း ၊ ဝမ်းနည်းခြင်းတို့ကို ကျွန်တော် အသေအချာတွေ့ နေရသည် ။

“ ပြောပါ ကြည်ပြာ ... ဘာဖြစ်လို့ ငါ့ကို ဒီလောက်ငြင်းဆန် နေရတာလဲ ၊ နင်ငါ့ကို ပြန်မချစ်နိုင်လောက်အောင် ငါ ဘာတွေများ ချို့ယွင်းခဲ့လို့လဲ ၊ ခုနကလို လွဲမှားနေတဲ့ ခံစားမှုမျိုး ဖြစ်နေမှာငါအရမ်း စိုးရိမ်တာပဲ ၊ ငါ သိပါရစေဟာ ”

ကြည်ပြာက ဒီတစ်ကြိမ်မတော့ သက်ပြင်းကို ရှည်ရှည်လျားလျား ချသည် ။ ကျွန်တော်၏ ရွဲ့စောင်းနေသော အင်္ကျီကော်လံကိုလည်း ဆွဲတည့်ပေးလိုက်သေး၏ ။ ပြီးတော့ ခေါင်းကို ဖြည်းညင်းစွာ ခါသည် ။

“ ဒီတစ်ခါတော့ မလွဲနိုင်ပါဘူး ၊ ဒါပေမဲ့ဟာ ငါမပြောချင်ဘူး ”

“ ပြောခဲ့ပါ ကြည်ပြာရယ် ၊ ငါ အသည်းကွဲရမယ်ဆိုရင်လည်း ဘာကြောင့် ကွဲရတယ် ဆိုတာကိုတော့ ငါသိသွားချင်ပါတယ် ၊ ငါ နင့်ကို သိပ်ချစ်တယ် ကြည်ပြာ ”

“ အေးပါဟာ ... နင် ဒီလောက် သိချင်နေလည်း ပြောပြမယ်လေ ၊ ဒါပေမယ့် နင် အဲဒါကို မိုးမိုး တို့ ယဉ်ယဉ်သိန်း တို့ကို ပြန်မပြော ရဘူးနော် ၊ နင် အဲဒါ ကတိပေးမလား ”

ကြည်ပြာ ဆီမှာ ဘယ်သူမှ မသိဘဲများ ချစ်သူရှိနေပြီလား ။ ကြည်ပြာ သူ့ကို ပြန်မချစ်နိုင်တာဟာ သူငယ်ချင်းတွေရဲ့ကြားမှာ လျှို့ဝှက်ချက် တစ်ခုလား ၊ ဘာဆိုတာကို ကျွန်တော် မကွဲပြား ၊ သိချင်စိတ်က တစ်ကိုယ်လုံးမှာ ကလေးကစားသည့် ဘောလုံးတစ်လုံးလို ခုန်၍ နေခဲ့သည် ။

“ ပေးတယ်ဟာ ... ပြော ”

“ တကယ်နော် ဟိုလေ ... နင်လည်း စိတ်မဆိုးရဘူးနော် ၊ စိတ်မကောင်းလည်း ဖြစ်မနေနဲ့ပေါ့ဟာ ။ နင်က ငါ့ထက် အရပ် ပုလို့ ”

“ ဘာ ”

“ နင်ကလည်း အော်လိုက်တာဟာ ၊ ကျားတွေ့တာကျနေတာပဲ ။ နင်ကတော့ ရယ်ချင်နေမှာပဲ ၊ အဲဒါဟ ... ဟိုလေ ငါက ဟိုး အရင်ကတည်းက ရည်းစားထားရင် ငါ့ထက် အရပ်ရည်တဲ့လူပေါ့ ဟာ ၊ အဲဒီလိုဟ ၊ မိန်းကလေးတိုင်း အဲဒီလိုပဲဟ ၊ ဒါပေမဲ့ နင်စိတ်ဓာတ်တော့ မကျနဲ့ပေါ့ ၊ ပုတဲ့လူကိုလည်း "

“ တော် ... တော်ပါတော့ ကြည်ပြာရယ် ”

ကျွန်တော့်ဘဝတွင် ထိုတကြိမ်တည်းသာ ပြင်ပ ရုပ်ပတ်ဝန်းကျင်ရော ၊ ခန္ဓာကိုယ်တွင်း အသိဉာဏ်နှင့်ရောပါ ကင်းလွတ်သွားခဲ့ဖူးပါသည် ။ အသိဉာဏ်ရော ၊ ခံစားမှုပါ အားလုံး ဟင်းလင်း ... ။ ကြည်ပြာက ဖျတ်ခနဲ မတ်တတ်ရပ်သည် ။

“ နင် လျှောက် မပြောနဲ့နော် ရဲဝင်း ၊ မေ့ထားလိုက်ပါဟာ ၊ ငါသွားမယ် သိလား ”

ကျွန်တော် ခေါင်းငိုက်စိုက်ကျကာ ‌ေလျှာက်လာခဲ့သည် ။ မဟာပထဝီမြေကြီးနှင့် ကျွန်တော့်အမြင်သည် နီးလွန်းလှပါကလား ၊ အီလည်လည် နှင့် မွန်းကျပ်သော ခံစားမှုသည် ဆိုဖွယ်ရာမရှိလောက်အောင် ကျွန်တော့်ကို လောင်ကျွမ်းလျက် ရှိလေသည် ။ အဆောင်တံခါးဝ ရောက်တော့ ကော်ရစ်တာထောင့်မှာ မိုးမိုး နှင့် ထိုင်နေသော လွင်ဦး က ဖျတ်ခနဲ ထလာကာ ကျွန်တော့် ပခုံးကို လာဖက်သည် ။

“ ဟေ့ကောင် ရဲကြီး ၊ အဆင်ပြေခဲ့တယ် မဟုတ်လား ”

ကျွန်တော် ဒေါသတကြီးဖြင့် လွင်ဦး လက်ကို ပုတ်ထုတ်ပစ်ခဲ့သည် ။

“ ဘယ်လို ဖြစ်တာလဲဟင် ... ကြည်ပြာ က ဘာတဲ့လဲ ရဲဝင်း ”

မိုးမိုးက အမောတကော ပြေးလာကာ ထိတ်လန့်သော မျက်နှာဖြင့် ကျွန်တော့်ကို ကြည့်ကာ မေးသည် ။ ကျွန်တော် ကြည်ပြာကို ပေးခဲ့သည့် ကတိ ဆိုတာကို မေ့လျော့နေခဲ့သည့်တိုင်အောင် ဘာမှ ပြောမထွက် ။ ရှက်ရွံ့မှု ၊ ကြေကွဲစိတ်တို့ဖြင့် ကျွန်တော့်ရင်ခွင်တစ်ဝိုက်သည် နာကျင်တောင့်တင်း၍ နေခဲ့သည် ။ ငူတူတူဖြင့် နှုတ်ခမ်းကိုသာ ကိုက်ပစ်လိုက်သော ကျွန်တော့်မျက်နှာကို မြင်ရတော့ မိုးမိုး က နားမလည်နိုင်စွာ အနားမှာရပ်နေသည့် လွင်ဦး လက် မောင်းကို ဖျတ်ခနဲကိုင်ကာ မော့ကြည့်လေသည် ။ ဪ ... လွင်ဦး ကလည်း မိုးမိုး ထက်  အရပ်ရှည်တာပဲ ၊ မိန်းကလေးတွေဟာ ဒီလိုပဲ ကိုယ့်ချစ်သူ လက် မောင်းကလေးကို ကိုင်ပြီး အားကိုးတကြီး မော့ကြည့်ချင်တာလား ၊ ကျွန်တော့်ရင်သည် ကျင်ရှကာ နာသွားသည် ။

“ သူငယ်ချင်း ဘာဖြစ်ရတာလဲကွာ ... ငါတို့ ဘာကူညီရမလဲ ၊ ကြည်ပြာ က ဘာတဲ့လဲ ”

“ ကြည်ပြာ ကိုပဲ မေးကြည့်ကြပါတော့ကွာ ”

ကျွန်တော် ဒါပဲ ပြောနိုင်ခဲ့သည် ။ အိမ်ပြန်လာသည့် လမ်းတစ်လျှောက်လုံး ကားပေါ်မှာ ၊ ပလက်ဖောင်းပေါ်မှာ တွေ့နိုင်သမျှ သမီးရည်းစားတွေ အားလုံးက ကောင်မလေးတွေထက် အရပ်ရှည်ကြသည် ။ ကျွန်တော့် မျှော်လင့်ချက်သည် လုံးဝ ကုန်ဆုံးသွားလေသည် ။

ထိုညတွင် လမင်းရော ကြယ် တော်တော်များများပါ ကောင်းကင်တွင် ရှိသည် ။ ညဉ့်လေက ဝေးကွာနေသော သစ်ရွက်နှုတ်ခမ်းနှစ်လွှာကို ထိခတ်ကာ ရယ်သံတိုးတိုးညင်းညင်းကလေး ချပေးသည် ။ အမှောင်သည် သစ်ပင်များအောက်တွင် ငြိမ်ငြိမ်ကလေးရပ်နေပြီး တိတ်ဆိတ်ခြင်းသည် သူ့ခန္ဓာကိုယ်ပေါ်မှာ အသံတစ်ခုခု တင်ပြရလိမ့်နိုးဖြင့် နေရာတိုင်းတွင် အဆင်သင့် စောင့်ဆိုင်း၍ နေလေသည် ။

ရှုံးရင်လည်း သီချင်းဖြစ်သည်ဟူသော သီချင်းရေးဆရာ သုခမိန်လှိုင်၏ ကဗျာကို သတိရသည် ။ ကျွန်တော်လည်း အရပ်ရှည်ရှည်နှင့်သာ ရှုံးရမည်ဆိုလျှင် ထိုညသည် အကောင်းဆုံး ကဗျာတစ်ပုဒ် ဖြစ်နိုင်ပါသည် ။ အခုတော့ မတွေးချင်ဘူး ။ ဘဝကို ဘဝနှင့်ချီပြီး စိတ်နာရသည် ။ ကိုယ့်အရှုံးကို ကိုယ်ပြန်တွေးမိရတိုင်း ရင်ထဲမှာ မအီမလည် ။ စာလုံးမဲ့ ကဗျာမဲ့ အရှုံးကြီးပါတကား ။ ချစ်သူတို့ ရက်စက်ခြင်းထဲတွင် ထိုရက်စက်ခြင်းသည် အဆိုးဝါးဆုံးပါကလား ။ လမင်းကြီးနံဘေးမှာ ဝိုင်းနေတဲ့ ရောင်စုံညသက်တန့်ကို ငေးမောမိသည် ။ အရပ် ငါးပေရှိတဲ့ လူတစ်ယောက်ဟာ မချစ်တတ်ဘူးလို့များ ... ။

တော်ပြီ ။ အရသာမဲ့လှချည်လား ။ ကြေကွဲခြင်း ၊ ဝမ်းနည်းခြင်း ၊ နာကျင်ခြင်းတို့သည် အချစ်၏ သဘာဝအတိုင်း နူးညံ့သိမ်မွေ့ လှပနေကြသော်လည်း ထိုခံစားမှုများဖြစ်စေသော အချက်သည် ဘယ်လိုမှ ကြိုးစားပြီး ခံစား၍ မရသော အချက်တစ်ချက်ဖြစ်နေသဖြင့် ကျွန်တော့်မှာ ဘာကြီးမှန်းမသိကို ဖြစ်နေခဲ့ရသည် ။ ရင်ထဲက ခံစားမှုကို တစ်ယောက်ယောက်ထံ ဖွင့်ဟပစ်လိုက်လျှင် ပေါ့သွားမည်မှန်းသိသော်လည်း ဘယ်သူ့ကိုမှ ပြောပြလို့မထွက် ။ ပြောပြမိလျှင် ထိုစကားလုံးများကို ကြားပြီးနောက် ကျွန်တော့်ရင်ထဲမှ ခံစားမှုကို ဘယ်သူကမှ အားမနာနိုင်စွာ ရယ်မောမှာ ... အားရပါးရ ရယ်မောကြမှာ သေချာပါသည် ။

အိပ်၍လည်းမရ ၊ ခံစားမှုက ရင်ကို တွန်းမ ပင့်တင်ထားသည် ။ လောလောလတ်လတ် အသည်းကွဲခဲ့ရသည့် အဖြစ်ကြီးကို မတွေးဘဲ နေလို့မရ ၊ အတွေးထဲက ရုန်းမထွက်နိုင် ။ တွေးမိသည့်အခါတိုင်းလည်း ရှက်စိတ်က အသိဉာဏ်ထဲမှ ခုန်ထွက်လာကာ ကျွန်တော့်ပါးပြင်ကို ဖြန်းခနဲ ရိုက်ပုတ် ။ ဒီလိုနဲ့ပင် ထိုညသည် မိုးလင်းခဲ့ရလေသည် ။

မနက် မိုးလင်းတော့ ကျွန်တော် ကျောင်းမတက်တော့ ။ ငါးပေ သာသာရှိသော ကျွန်တော့်အရပ်ကို ကြည်ပြာ ရှေ့တွင် ဆန့်ထုတ်ပြရမှာကို ရှက်ရွံ့နေမိသည် ။ နာကျင် နေမိသည် ။ ကျွန်တော့် အရပ်ကို ကြည်ပြာ ရှေ့မှာ ဘယ်လို လုံခြုံအောင် ဖွက်ယူထားလို့ ရနိုင်မလဲ ။

အသက် နှစ်ဆယ့်ငါးနှစ်ကျမှ ရိန်းဘားကွင်း ခို၍လည်း ရနိုင်မည် မဟုတ် ။ ဆယ့်လေးရက်အတွင်း အရပ်ရှည်နည်းစာအုပ်ကလည်း ကယ်နိုင်မည် မထင် ။ ဪ ... လွမ်းလွမ်းဆွေးဆွေးလည်း အသည်းကွဲခွင့် မရပါလား မကြည်ပြာ ။

တစ်ရက်
နှစ်ရက်
သုံးရက် ...
လေးရက် မြောက်နေ့ကျတော့ မိုးမိုး ၊ ယဉ်ယဉ်သိန်း နှင့် လွင်ဦး တို့ လိုက်လာကြသည် ။ မိုးမိုးက ကျွန်တော့်ကို ကြည့်ပြီး အားရပါးရ ရယ်သည် ။

“ ကြည်ပြာကလည်း တစ်နေ့ကအထိ မေးလို့မရဘူးဟ ၊ မနေ့က မနက်ကမှ အတင်းမေးလို့ ပြောပြတာ ။ အဓိပ္ပာယ် မရှိတာဟာ ။ နင်ကလည်း ငါတို့မေးတုန်းက ပြောရောပေါ့ ၊ သုတပဒေသာ စာအုပ်ထဲမှာဆို ၃ - ပေလောက် သာသာကလေးတွေကိုတောင်မှ ယူကြတာပဲ ၊ ဘာဖြစ် သေးလဲ ၊ နင်က ငါးပေလောက်တော့ ရှိမှာပေါ့ ဟား .. ဟား ”

သူငယ်ချင်းတွေက တဝါးဝါး တဟားဟား ၊ ကျွန်တော် ရှက်လွန်းသဖြင့် သေချင်နေသည် ။ အားပေးစကားတွေကလည်း သုံးပေတွေ ၊ ငါးပေတွေချည့် ၊ ကဗျာမဆန်ပါကလား ။

“ ရဲကြီး မင်းလိုက်ခဲ့ ၊ ငါတို့ ကြည်ပြာကို ပြောပြီးပြီ ၊ တကယ်တော့ အချစ်ဆိုတာကကွာ အရပ် ... ”

“ တော်ပါတော့ကွာ ”

တဝါးဝါး တဟားဟား ရယ်ကြပြန်သည် ။ ရယ်စရာကြီးကို ဖြစ်နေသလား ။ ကျွန်တော် ကြေကွဲနေရမှာလား ၊ သူတို့နဲ့ အတူ လိုက်၍ ရယ်မောပစ်ရမှာလား ။

“ အခု ... ကြည်ပြာက ခေါ်ခိုင်းလိုက်တာဟေ့ကောင် ၊ လက်ဖက်ရည်တိုက် မှဆိုလို့ လက်ဖက်ရည်တောင် တိုက်လိုက်သေးတယ် ။ လိုက်ခဲ့ပေတော့ ”

“ ကြည်ပြာကို မင်းတို့ ဘယ်လိုပြောလိုက်လို့လဲ ”

“ ဟ ... နင် ရူးနေသလားလို့ ပြောလိုက်တာပေါ့ကွ ”

အင်း ... ဒီလိုဆိုတော့လည်း အလွယ်ကလေးပါလား ။ တစ်ညလုံး ၊ တစ်ညလုံး လွမ်းရ ဆွေးရ မအီမလည်ဖြစ်နေရတာနှင့်တောင်မှ မတန်ချင် ၊ တကယ့်ကို လွယ်လွယ်ကလေးပါကလား ။

“ အခု ကြည်ပြာ နဲ့ ငါ ပြေလည်ပြီလား ”

“ ဟိုးထား မောင် ၊ အဲဒီလိုတော့ မဟုတ်သေးဘူး ။ ဒါပေမဲ့ ဟို ငါးပေကိစ္စတော့ မဟုတ်ဘူးပေါ့ကွာ ၊ ဟားဟား ..  သူ စဉ်းစားပါရစေဦးတဲ့ ”

°°°°°  °°°°°  °°°°°

အခုတော့ ကြည်ပြာနှင့် ကျွန်တော်သည် ထိုအခြေအနေတွင် ရှိလေသည် ။ အခုဆိုလျှင် စဉ်းစားသည့်ကာလသည် တစ်လကျော်သွားပြီ ။ တစ်ကျောင်းလုံးကလည်း ကျွန်တော့်ထက် အရပ်ရှည်ကြသူတွေချည်းဆိုတော့ ကျွန်တော့်ချစ်သူကို ကျွန်တော် ဘယ်နည်းနှင့်မှ စိတ်မချနိုင် ။ အရပ်ကောင်းကောင်း ယောက်ျားတစ်ယောက်ကို တွေ့တိုင်း ကြည်ပြာ မကြည့်ပါစေနှင့်ဟု ဆုတောင်းရတာလည်း စိတ်ထဲအမော အတူတူ ယှဉ်လျှောက်ကြသည့်အခါတိုင်း ကြည်ပြာက ကျွန်တော့်ကို စိတ်ဓာတ်ကျနေမလားဟု တွေးမိရတာလည်း အကြိမ်ကြိမ် ၊ ဝဋ်ဒုက္ခ ကြီးမားစွာ ကျွန်တော်နေရပါသည် ။

ကြည်ပြာ မုန့်ဟင်းခါစားပြီးသွားသည် ။ ကြည်ပြာ မုန့်ဟင်းခါး စားပြီးသွားလျှင် ကျွန်တော်က ညတုန်းက ရေးထားခဲ့သည့် “ ဝတ်ဆံများ၏ အိပ်မ က် ”ဆိုသော ကဗျာကလေးကို ပေးဖတ်ဖို့ စဉ်းစားထား၏ ။ မပွင့်ရသေးသော ပန်းကလေးတစ်ပွင့်ထဲမှ ဝတ်ဆံကလေးတွေက ပန်းကလေး ပွင့်လိုက်သည့်အခါ သူမမြင်ဖူးသေးသော ပြင်ပ ပတ်ဝန်းကျင်ကို ဘယ်လိုများ တွေ့လိုက်ရမလဲ ဟူသော အတွေးကို အဖြေမရသေးသော ချစ်သူတစ်ယောက်၏ ချစ်ခြင်းမေတ္တာအပေါ် ဘယ်လို ရင်ခုန်ရမလဲဆိုသည့် အကြောင်းအရာဖြင့် နိမိတ်ပုံပြုထားသော ကဗျာကလေး တစ်ပုဒ်ဖြစ်၏ ။ ကြည်ပြာက မုန့်ဟင်းခါး ပန်းကန်ကို တွန်းကာ စမူဆာ ပန်းကန်ကို ဆွဲ၏ ။

“ ကြည်ပြာ ... ငါညက ရေးထားတဲ့ ကဗျာ ဖတ်ကြည့်စမ်းပါဟာ ”

ကြည်ပြာက ငရုတ်သီးစပ်နေသော လျှာကို လေဖြင့် တစ်ချက် နှစ်ချက် မှုတ်ကာ ဆံစကလေးတွေ စိုရုံထွက်နေသော ချွေးကို သုတ်ရင်း “ အမလေးဟဲ့ ” ဟု ညည်းသည် ။

“ ဖတ်ကြည့်စမ်း ကြည်ပြာ ၊ မိုး ဖတ်ပြီးပြီ ၊ ရဲဝင်းက ကဗျာရေး သိပ်တော်တာပဲ ၊ နင် မဂ္ဂဇင်းကို ပို့ပါလားဟ ၊ ပါနိုင်တာပဲဟာ ”

“ နောက်တော့ ကြိုးစားတာပေါ့ မိုးရာ ... အခုတော့ "

ကြည်ပြာက ကျွန်တော့်လက်ထဲက စာရွက်ခေါက်ကို မြန်မြန် ဆွဲယူသည် ။ ပြီးတော့ ရှစ်ပိုဒ် တိတိ ရှိသော ကျွန်တော့်ကဗျာကို တစ်မိနစ် အတွင်း ပြီးအောင် ဖတ်ပစ်လိုက်သည် ။ အယ်ဒီတာတစ်ယောက် အတိုင်းပါပဲလား ။

“ သေသေ ချာချာ ဖတ်ဟာ ”

ကျွန်တော့်စကားကြောင့် ကြည်ပြာက မျက်နှာကို ရှုံ့ကာ ဒုတိယအကြိမ် ဖတ်သည် ။ ကြည်ပြာဖတ်နေတုန်း ကျွန်တော်က ကဗျာကို စိတ်ထဲက ပြနီရွတ်ကြည့်နေမိသည် ။ ပြီးတော့ ကြည်ပြာက စာရွက် မှ မျက်နှာကို ခွာလိုက်သည် ။ ကျွန်တော့် မျှော်လင့်ချက်ကို ကြည်ပြာ တွေ့ရှိသွားပြီးလား ၊ ကြည်ပြာ ကျွန်တော့်ကို ဘာပြောမလဲ ။

“ စမူဆာတွေက တူးနေတယ် ၊ လဲပေးဟာ ”

“ ဘာ ”

“ ဒီမှာ ငါ စမူဆာစားမလို့ ၊ နီနီရဲရဲကလေးတွေနဲ့ လဲပေးပါလို့ပြောတာ ၊အူကြောင်ကြောင်နဲ့ ဘာမှန်းလဲ မသိဘူး ”

ကျွန်တော် ခေါင်းငိုက်စိုက် ကျသွားသည် ။ ရှိပါစေလေ ၊ စမူဆာ စားရင်း ငါ့ကဗျာကို ထပ်ဖတ်မယ် ထင်ပါရဲ့ ၊ ကျွန်တော် စားပွဲထိုးကို ခေါ်မနေတော့ဘဲ တခြားဝိုင်းက စမူဆာပန်းကန်နှင့် ထလဲပေးလိုက်သည် ။ ကြည်ပြာက လက်သည်းနီဆိုးထားသော လက်ချောင်းကလေးနှင့် စမူဆာကို ထိုးကြည့်သည် ။ ကျွန်တော် မော့မကြည့်တော့ ၊ လက်တစ်ဖက်က ကျွန်တော့်ကဗျာကို ကိုင်ထားဆဲ ၊ စမူဆာကိုက်သံကို ကြားရသည် ။ စမူဆာလောက် မကောင်းဘူးများ ပြောမလား ၊ ပန်းဖူးကလေးထဲက ဝတ်ဆံတွေရဲ့ အိပ်မ က် မှာ ။

“ အချဉ်ရည် ... ”

“ .... ....  ..... ”

“ ပြူးတူးပြဲတဲနဲ့ ဘာဖြစ်ရတာလဲ ၊ အချဉ်ရည် ခွက်လေ ခုနကတည်းက တစ်ခါတည်းတော့ ယူမလာဘူး ၊ ဘာမှလဲ အလိုက်ကမ်းဆိုး မသိဘူး ”

ရှိစေတော့ ၊ အချဉ်ရည်ခွက် ထယူပေးပြီးတော့ ကြည်ပြာ လက်ထဲက ကျွန်တော့်ကဗျာကို အားနာစွာ ပြန်ယူလိုက်သည် ။ မှားသည် ။ ဒီမိန်းမကို ချစ်မိတာ မှားသည် ။ အရပ်ငါးပေ မကျော်တာလည်း မှားသည် ။ ကဗျာဆရာလုပ်ဖို့ ဆုံးဖြတ်မိတာလည်း မှားပြီ ။ ဒီလိုနှင့်ပင် ကျွန်တော်တို့ စကားဝိုင်းသည် ပြန်လည် တိတ်ဆိတ်သွားလေသည် ။

“ ကဲ ... ဘယ်နှစ်နာရီရှိပြီလဲ ။ တော်ကြာ ရုပ်ရှင်မမီဘဲ နေဦးမယ် "

“ ကြည်ပြာ ... ငါ အဲဒါပြောမလို့ ၊ ငါ မအားတော့ဘူးဟာ ၊ ဒီနေ့ လွင်ဦး အဒေါ်တစ်ယောက် ဆေးရုံတက်ရတာ သွားမေးဖို့ ရှိလို့ ၊ တော်ကြာ လွင်ဦး ရောက်လာလိမ့်မယ် ၊ နင် ရဲဝင်းနဲ့ပဲ လိုက်သွားလိုက်ပါဟာနော် ”

မိုးမိုးက ကျွန်တော့်ကို စားပွဲအောက် မှ ဒုတိယအကြိမ် ဆိတ်ပြန်သည် ။ နာလိုက်သည့် ဖြစ်ခြင်း ၊ ခွေးမ ။ သို့သော် ကျွန်တော် ကြိတ်ခံရသည် ။ ကြည်ပြာ နဲ့ မိုးမိုး ရုပ်ရှင်ကြည့်ဖို့ ချိန်းထားသည်ဆိုတာ ကျွန်တော် လုံးဝ မသိခဲ့ရ ၊ ဧကန္တ မိုးမိုးက စီစဉ်ပေးခြင်း ဖြစ်မည် ။

“ နင် လုပ်ပြီဟာ ၊ အသေအချာ ပြောထားတာကို နောက်နေ့မှ နင့်ကိစ္စသွားဟာ ”

“ ဟဲ့ ကောင်းမလားဟ ၊ ဒီနေ့ လာမေးမယ် ပြောထားတာ ၊ ခဏကြာရင် လွင်ဦး လာလိမ့်မယ် ၊ ငါ လုံးဝ မအားလို့ပါဟာ ၊ ဟိုနှစ်ကောင်ကလည်း အစောကြီးကတည်းကလစ်ပြီ ၊ ရဲဝင်း တစ်ယောက်လုံး ပါတာပဲဟာ ”

“ သွားစမ်းပါ ၊ မိုးလိုက်ခဲ့ဟာ ၊ အဲဒီကားက ဒီသောကြာဆိုရင် လဲတော့မှာဟ ”

“ မအားလို့ပါဆို ကြည်ပြာရယ် ၊ ရဲဝင်းနဲ့ပဲ သွားလိုက်ဟာ ”

မိုးမိုးက တတိယအကြိမ် ဆိတ်ပြန်သည် ။ ကြာရင် ပေါင်သားတွေတော့ ပဲ့ကျကုန်တော့မှာပဲ ။

“ ကြည်ပြာရယ် နင်ကြည့်ချင်လည်း သွားပေါ့ ၊ မိုးမိုးက လူမှုရေးကိစ္စကြီးဟ ဖျက်လို့ ဘယ်ကောင်းမလဲ ”

ကြည်ပြာ အကြံရခက်နေပုံရသည် ။ မိုးမိုးကိုရော သူ့ကိုပါ မျက်စောင်း လေးခါလောက် ထိုးသည် ။ တမင် ပေါင်းကြံသည်ဆိုတာကိုလည်း သိပုံရသည် ။

ဒါပေမဲ့

ကြည်ပြာက နောက်ဆုံးတော့ ...

“ အေးလေ မအားလည်း သွားပေါ့ ၊ ရဲဝင်း နင် လိုက် မယ် မဟုတ်လား ... ” တဲ့ ။

ရင်ထဲမှာ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဘုရားပွဲရော ၊ တရုတ်နဂါးပွဲရော လှည့်လေသည် ။ ကျွန်တော် ဝိုင်းကျသင့်ငွေကို ရှင်းလိုက်သည် ။ လွင်ဦးရောက်လာပြီး မိုးမိုးက နှုတ်ဆက်ကာ ထသွားသည် ။ မထခင် ကျွန်တော့်ပေါင်ကို အပြင်းထန်ဆုံး ဆိတ်သွားသေး၏ ။ ကြည်ပြာက ရှေ့ခရီးအတွက် သူမမျက်နှာကို အခုကတည်းက အစွမ်းကုန် တည်၍ ထားလေသည် ။

°°°°°   °°°°°   °°°°°

ကား‌ေပါ် ရောက်တော့ ကားခ ဆယ်တန် ကျွန်တော်ထုတ်ပေးသည် ။ စပယ်ယာက ပြန်မအမ်း ၊ ဆင်းခါနီးကျတော့ အနောက်ပေါက် ရောက်နေသည် ။ ပိုက်ဆံအော်တောင်းလျှင် ကြည်ပြာ ရှက်သွားမှာစိုး၍ ကမ္မသကာ ထားလိုက်ရသည် ။ အဖြေ မရသေးသည့် ယောက်ျားလေးတစ်ယောက်အတွက် တလောကလုံးသည် သည်းခံစရာချည့် ဖြစ်လေတော့သည် ။

ရုပ်ရှင်ရုံရောက်တော့ တန်းစီကြသည် ။ လက် မှတ်ပေးတော့ ထုံးစံအတိုင်း တန်းမရွေ့ဘဲ အပေါက်ကလေးမှာ တိုးကြိတ်ဝယ်ကြသည် ။ ကျွန်တော် အနားကပ်၍ မရ ။ လူအုပ်ကြီးနားမှာ ခုန်ဆွ ခုန်ဆွ လုပ်ရင်းဖြင့် လက် မှတ်က ကုန်သွားသည် ။ ကြည်ပြာ ကတော့ ကျွန်တော့်ကိုကြည့်ကာ စိတ်ဓာတ်အကြီးအကျယ် ကျနေပုံရသည် ။ သူ ကြည့်ချင်တဲ့ ကားလည်း မကြည့်ရတော့ ။ ဒီကိစ္စက ကျွန်တော်၏ သေးကွေးသော ကိုယ်ခန္ဓာ ငါးပေသောအရပ်ကို ဒုက္ခပေးဦးမှာလားဟု ကျွန်တော် တွေးပူနေခဲ့ရသေး၏ ။ တော်ပါသေး၏ ၊ ကြည်ပြာ က တန်းမစီဘဲ တိုးသူများကိုသာမေတ္တာပို့သည် ။ စိတ်ဓာတ်ကျစွာနှင့် ပြန်ကြစဉ် ဂုဏ်ရုံအောက်ကို ရောက်တော့ လက် မှတ်များ မကုန်သေး ။ တန်းစီသူ ဝယ်သူမရှိ ၊ ကျွန်တော်ကတော့ ရတောင့်ရခဲ အခွင့်အရေးတစ်ခုကို အဆုံးရှုံးမခံချင်သည့်အတွက် ကြည်ပြာကို အင်္ဂလိပ်ကားကြည့်ဖို့ မရဲတရဲ ပြောရသည် ။

“ မကြည့်ချင်ပါဘူး ၊ အင်္ဂလိပ်ကားကြည့်တာ ဝါသနာမပါဘူး ”

“ နင်ကလည်းဟာ ၊ မထူးတော့ပါဘူး ၊ ဒီအချိန်ကျောင်းပြန်တော့လည်း ဘာလုပ်ရမှာလဲ ၊ ရောက်လာပြီးမှပဲဟာ ၊ ဒီကားက ကောင်းမှာပါဟ ၊ ကြည့်မယ်ဟာ ”

နောက်ဆုံးတော့ ကြည်ပြာသည် အံကိုတစ်ချက်ကိုက်ကာ မထူးတော့ပြီဟု သဘောထားလိုက်ပုံ ရလေသည် ။ ရုံထဲရောက်တော့ နေကြာစေ့တစ်ထုပ် ၊ မရမ်းပြားတစ်ထုပ် ၊ အာလူးကြော်တစ်ထုပ်နှင့် ပူရှိန်းတစ်တောင့် ကျွန်တော်က အလျင်အမြန် ဝယ်ရသည် ။ ငွေနှစ်ဆယ် ထုတ်ပေးတော့ အားလုံး နှစ်ဆယ့်တစ်ကျပ်ကျသည်ဟု ဆိုသည် ။ တစ်ကျပ်ပေးရန် အိတ်ထဲနှိုက်သောအခါ ပိုက်ဆံတစ်ပြားမှ မရှိတော့ ၊ ကြည်ပြာကို လှမ်းကြည့်တော့ အဝေးမှာ စိတ်ညစ်စွာ ရပ်‌ေနသည် ။ ရောင်းတဲ့ကောင်မလေးက “ အကြွေမပါရင် ရတယ်အစ်ကို ” ဆိုသဖြင့် အဆင်ပြေသွားသည် ။

ရုံထဲရောက်တော့ အပေါ်ထပ်မှာ လူက ဆယ်ယောက် မပြည့်ချင် ၊ အတွဲက လေးတွဲပါသည် ။ ကြည်ပြာက မျက်စိမျက်နှာ ပျက်ချင်နေကာ ကျွန်တော့်ကို မယုံသင်္ကာသလို ကြည့်၏ ။ မျက်နှာကလည်း မာထန်၍ လာလေသည် ။

“ နင့်ကို ငါ အဖြေမပေးရသေးဘူးနော် ... အူကြောင်ကြောင်‌ေတာ့ မလုပ်နဲ့ ၊ ငါထပြန်မှာ နင့်ကားကလည်း ကောင်းရောကောင်းရဲ့လား ၊ ကြည့်မိတာ မှားပြီထင်ပါရဲ့”

“ ကောင်းမှာပါ ၊ စိတ်ချပါဟာ ငါ နားလည်ပါတယ် ၊ ဒါပေမဲ့လေ ”

ကျွန်တော်စကားကို ဆက်၍ မပြောနိုင် ၊ ကိုယ့်ကို အဖြေပေးဖို့ လေ့လာနေတဲ့ မိန်းကလေးတစ်ယောက်ထံက အပြန်လမ်းစရိတ် တောင်းရမည်ဆိုတာ သင့်တော်ပါ့မလား ၊ ကျွန်တော့်ထံက အထင်ကြီး စရာကလေး တစ်ခု နှစ်ခုကို ကြည်ပြာ ရှာနေသည့် အချိန်မျိုးတွင် ထို စကားသည် ကြည်ပြာ ကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်အထိ ကြီးမားသွားမှာလား ၊ အေးလေ ... ကြည်ပြာ နဲ့ ငါဟာ သူငယ်ချင်းဘဝက ဖြတ်သန်းပြီးလာကြသူတွေပဲ ၊ ပြီးတော့ ဒါမျိုးဆိုတာကလည်း ကြုံတတ် ဖြစ်တတ်သည့်သဘောမျိုး မဟုတ်လား ။ သိနားလည်နိုင်မှာပါ ။

စိတ်ဖြေ‌ေတွးသော်လည်း ပြောဖို့ကြိုးစားသည့်အခါ စကားလုံးများသည် ကျွန်တော့်လည်ချောင်းထဲမှာ ခိုင်၍နေသည် ။ အရပ်ကလည်း ပေမမီ ဒေါက် မမီ ၊ အပြန်လမ်းစရိတ်ကလည်း မရှိသော ယောက်ျားတစ်ယောက်ကို မိန်းကလေးတစ်ယောက်ဟာ ...  ။

“ နင် ဘာဖြစ်နေတာလဲ ... နင့် မျက်နှာက မရိုးသားဘူး ၊ တော်ပြီ မကြည့်တော့ဘူး ၊ ငါပြန်တော့မယ် ”

“ ဟာ ... မဟုတ်ပါဘူး ၊ ဒုက္ခပါပဲ စိတ်ချပါဟာ ငါရုပ်ရှင်ပဲ ကြည့်မှာပါ ၊ ဟိုလေ ... ငါ ... ငါ့မှာ ပိုက်ဆံကုန်သွားပြီဟ ၊ တစ်ပြားမှကို မရှိတော့တာ ... အဲဒါ အပြန်ကျရင် ငါ့ကို လမ်းစရိတ် ပေးလိုက်ပါဦးလို့ ပြောမလို့ ၊ နှင့်ကို ပြောမထွက်လို့ပါဟာ ၊ ငါ့ဆီမှာ ဘာအကြံအစည်မှ မရိုးမသား မရှိပါဘူး ၊ စိတ်ချပါ ”

ကြည်ပြာမျက်နှာပေါ်က ရှက်စိတ် ၊ ကြောက်စိတ်နှင့် သံသယစိတ်များ လွင့်စဉ်၍ သွားသည် ။ စိတ်ပျက်သွားသည့် အမူအရာနှင့် မျက်ဝန်းသာ ထင်းထင်းကြီး ကျန်ရစ်ခဲ့သည် ။ ကြည်ပြာက သက်ပြင်းကို ချသည် ။ အံကိုကြိတ်သည် ။ ဘယ်လိုအူကြောင်ကြောင် ကောင်နဲ့ လာတိုးနေပါလိမ့် ။ သူမ သိပ်ကြိုက်သော မြန်မာရုပ်ရှင်ကားတွေထဲက မင်းသားတွေလိုလည်း မဟုတ်ပါလားဟု တွေးနေပုံရသည် ။ ကျွန်တော်လည်း စိတ်ဓာတ် အကြီးအကျယ် ကျလာကာ ဝမ်းနည်းသွားသည် ။ တကယ့်လက်တွေ့ဘဝဆိုတာ အသေအချာ အစီအစဉ်ချထားတဲ့ ဝတ္ထုတစ်ပုဒ် မဟုတ်ဆိုတာ သေချာပြီ ။ ကြည်ပြာက နှာခေါင်းကို ရှုံ့သည် ။ မျက်စောင်းကို ဒိုင်းခနဲနေအောင်ထိုးသည် ။

“ လဲသေလိုက် ”

ကျွန်တော့်မျက်နှာသည် ဖျင်းခနဲပူသွားသော်လည်း ရုပ်ရှင်ရုံက မီးများကို မှိတ်ချလိုက်သဖြင့် အတော်အရှက်ရ သက်သာသွားခဲ့သည် ။ ဒုက္ခပါပဲ ။

“ နင်ကလည်းဟာ ငါက ရိုးရိုးသားသား ပြောတာပါ ။ နို့မို့ဆိုရင် ငါက အပြန်မှာ ဒုက္ခရောက် မှာကို ... ”

“ အေးပါ အေးပါ ရိုးသားပါပေတယ် ၊ ပေးမယ် ၊ ပေးမယ် ။ ငါ့အနား သိပ်မကပ်နဲ့ အပြန်ကျ ပေးမယ် ၊ ဘာမှန်းကို မသိဘူး ၊ သေချင်တာပဲ ”

တော်ပါသေး၏ဟု ကျွန်တော်တွေးရသည် ။ ရုပ်ရှင်စပြသည် ။ ကျွန်တော် ကံမကောင်း ၊ ရုပ်ရှင်စပြကတည်းက စကားတွေပြောသည် ။ အဝေးပြေးလမ်းမပေါ်မှာ ဓာတ်ဆီဆိုင်ကလေး တစ်ဆိုင်ရှိသည် ။ လင်မယားနှစ်ယောက်နှင့် သမီးလေးတစ်ယောက်ရှိ၏ ။ လင်မယား နှစ်ယောက်က အိမ်ထောင်ရေးအဆင်မပြေ ၊ မကြာခဏ ရန်ဖြစ်ကြသည် ။ အယူအဆတွေ မတူကြ ၊ နောက်ဆုံး ယောက်ျားဖြစ်သူက အိမ်မှထွက်သွားသည် ။ မိန်းမကလည်း Good bye  ။ သမီးကလေးနှင့် တွေ့ချင်သည့်အခါ ညဘက်လာ ခိုးတွေ့ရသည် ။ နောက်ဆုံး ဓာတ်ဆီဝင်ထည့်ကြသည့် ယောက်ျားနှစ်ဦးက မိန်းမတစ်ဦးနှင့် ကလေးသာ ရှိမှန်း သိသွားသောအခါ ပိုက်ဆံကို ဓားပြတိုက်၍ မင်းသမီးဖြစ်သူကို အဓမ္မကျင့်ဖို့ ကြိုးစားစဉ် ယောက်ျားဖြစ်သူ ရောက်လာကာ ကယ်တင်သဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်သွားကြသည် ။ ပြေလည်သွားကြသည် ။

မီးများ ပြန်ဖွင့်သောအခါ ကျွန်တော့်မှာ ပြေလည်မှုမရ ၊ ကြည်ပြာ မျက်နှာက ကြောက် မ က် ဖွယ်ရာ ကောင်းလောက်အောင်ကို မာတင်း၍နေခဲ့သည် ။ ရုပ်ရှင်ထဲက မင်းသမီးနှင့် မင်းသားထက် အရင် နားလည်မှုရသွားသောအတွဲလေးတွဲ၏ စည်းလုံးညီညွတ်မှု ၊ စပြကတည်းက စကားပဲ ပြောနေသောကြောင့် အော်ကြသည့် တော်ပါတော့ဆိုသည့် အားပေးသံများ ..

“ ကောင်းတယ် ၊ သိပ်ကောင်းတဲ့ ရုပ်ရှင်ပဲ ၊ နောက်တစ်ပွဲ ဆက်ကြည့်ဦးမလား ”

“ နင်ကလည်းဟာ နိုင်ငံခြားကားဆိုတာ ဒီလိုပဲပေါ့ ၊ ရိုက်ချက်တွေ ကောင်းပါတယ်ဟ  ”

“ အေး ငါကတော့ ပါးပဲ ရိုက်ချင်တယ် ၊ တော်ပြီ ရဲဝင်း ၊ နင့်အကြံကို ငါသိတယ် ၊ နောက်ကို ဘယ်တော့မှ ငါ့ကို ရုပ်ရှင်ကြည့်ဖို့ မပြောနဲ့တော့ ”

“ ကြည်ပြာ နင့်စကားကို ပြင်ပြောနော် ၊ ငါ့မှာ ဘာအကြံမှမရှိဘူး ၊ ငါ နင့်ကို ဘာများစော်ကားလို့လဲ ”

“ ဪ ... ”

ကြည်ပြာက ခါးကို ဖျတ်ခန် ထောက်ကာ ကျွန်တော့်ကို စိမ်းစိမ်းကြည့်သည် ။ ပြီးတော့ ဘာမှ မပြောတော့ဘဲ အပါးမှ ချာခနဲ လှည့်ထွက်သွားသည် ။ ဪ တိုက်ဆိုင်လာသည့် အဆင်မပြေမှုများအပေါ် နားလည်နိုင်စိတ် မရှိပါလား ။ ကျွန်တော် စိတ်ဓာတ် အကြီးအကျယ် ကျကာ ကြေကွဲဝမ်းနည်းသွားရင်း ကြည်ပြာ့ နောက် မှ လိုက်လာခဲ့သည် ။ ဖြူစင်သန့်ရှင်းစွာ မြတ်နိုးရသည့် ချစ်ခြင်းမေတ္တာ၏ မြင့်မြတ်ကြီးကျယ် ခမ်းနားမှုများသည် သဘာဝကျကျ ဖြစ်လာရသည့် အကြောင်း အချက် များအောက်တွင် တစ်စစီ ကွဲကြေလွင့်ပါးကုန်ကြသည် ။

°°°°°   °°°°°   °°°°°

ရန်ကုန်မြို့ ညနေရီဦးသည် ဟိုမှသည် သည်မှဟို အုပ်စုလိုက် ရွေ့လျားနေကြသော လူအုပ်ကြီးများ ၊ ပလက်ဖောင်းပေါ်က ဈေးအော်သံ ခေါ်သံ ၊ ကားဟွန်းသံများနှင့် စဉ်ဆက် မပြတ် ရွေ့လျားနေကြသော ကားများ .... ကားများ ....  ။

ဟာ ... ကားခ ။ ကျွန်တော့်အရှေ့မှ လျှောက်နေသော ကြည်ပြာ့ နောက် ကမန်းကတန်း ပြေးကပ်လာခဲ့သည် ။ အပြန် ကားခတောင်းရဦးမှာပါကလား ၊ ကြည်ပြာ မျက်နှာသည် မာတင်း၍ နံဘေးမှ ရောက်လာသော ကျွန်တော့်ကို တစ်ချက် မှ လှည့်မကြည့်ဘဲ လမ်းကို အတတ်နိုင်ဆုံး သွက်သွက်လျှောက်လေသည် ။

“ ကြည်ပြာ ... ငါ ... ”

“ မပြောနဲ့ ဘာမှ ရှင်းပြမနေနဲ့ ၊ ဘာမှ အသုံးမကျဘူး ၊ တော်ပြီဟာ အားလုံးကို ငါစိတ်ပျက်တယ် ၊ အတူတူပဲ ၊ အားလုံးပဲ ”

“ ကြည်ပြာ နင်ကလည်းဟာ ၊ စိတ်မဆိုးပါနဲ့ ၊ ဟို ငါလေ ”

“ တော်တော့ ... ”

ကြည်ပြာက မြန်မြန်သွက်သွက်ကြီး လျှောက်နေရာမှ ဗြုန်းခနဲ ရပ်ကာ တအားအော်ခဲ့သည် ။ နံဘေးနားက ဖြတ်လျှောက်သွားသူတွေက ကျွန်တော့်ကို လှည့်ကြည့်ကြသည် ။

ရှက်ရွံ့စိတ် ၊ ဒေါသ ၊ မာန နှင့် ဝမ်းနည်းခြင်းတို့သည် ဝုန်းခနဲ ကျွန်တော့်နှလုံးသားမှ ဆန်တက်လာကြသည် ။ ကြည်ပြာက ချာခနဲလှည့်ကာ ဆက်လျှောက်သွား၏ ။ ကျွန်တော် ကြေကွဲစွာ ခေါင်းငိုက်စိုက်ကျရင်း လျှောက်လိုက်လာမိသည် ။ ခဏကြာတော့ ကျွန်တော့်ရင်ထဲမှာ ဝမ်းနည်းစိတ်တစ်ခုသာ အကြီးမားဆုံး တောက်လောင်နေကာ အရာရာကို ဖြစ်ချင်တာဖြစ်စေတော့ဟု သဘောထားလိုက်တော့သည် ။ ဒါပေမဲ့ ကြည်ပြာစီးရမည့် ကားမှတ်တိုင်အထိတော့ ကျွန်တော် လိုက်လာခဲ့ပါသည် ။ သူမ ဘယ်လောက်ပင် ကျွန်တော့်အပေါ် နားမလည်သည်ဖြစ်စေ ၊ ကျွန်တော်ကတော့ နောက်ဆုံးအထိ သည်းခံခွင့်လွှတ် နားလည်ပေးဖို့ ဆုံးဖြတ်ထားသည် ။

ဆူးလေမှတ်တိုင်ကို ရောက်တော့ ကြည်ပြာသည် လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကာ ရပ်နေသည် ။ ကျွန်တော့်ကို လှည့်မကြည့် ၊ ဘယ်သူ့ကိုမှလည်း ဂရုမစိုက် ၊ ကြောက် မ က် ဖွယ်ရာ ဒေါသကြီး တစ်ခုသာ သူမမျက်နှာတွင် ယိမ်းထိုးလျက်ရှိ၏ ။ ကျွန်တော်နောက်ဆုံး မာနကို လျှော့ကာ မေတ္တာ မရချင်လည်း နေပါစေတော့ ၊ ကားခ တစ်ကျပ်လောက် တောင်းဖို့ ကြည်ပြာအနီးကို မရဲတရဲ တိုးကပ်ခဲ့သည် ။ ကြည်ပြာသည် လှည့်မကြည့်သော်လည်း ကျွန်တော် ကပ်လာမှန်း သိနေလေသည် ။ အံ့ဩ ဖွယ်ရာ မိန်းမတို့၏ အစွမ်းအစပါလား ၊ ဖျတ်ခနဲ ကျွန်တော်နှင့် ဝေးရာကို ရွှေ့သွား၏ ။

ကျွန်တော့်ကမ္ဘာတွင် ဘာမှ မရှိတော့ ။ အရာအားလုံးသည် ကြေကွဲဖွယ်ရာ ဆုံးရှုံးသွားခဲ့ပြီးသာ ဖြစ်လေသည် ။ အမြန်ကားလေးတစ်စင်း ထိုးဆိုက်လာသည် ။ ကြည်ပြာ ပြေးကပ်သည် ၊ မရ ။ ကျွန်တော် ဝမ်းနည်းကြေကွဲစွာ ကြည့်နေမိသည် ။ ကြည်ပြာနှင့် ကျွန်တော်က ပြန်ရမည့်လမ်းက မတူ ၊ စီးရမည့်ကားက တခြားစီ ၊ ကြည်ပြာ စီးမည့်ကားပေါ်လည်း ကျွန်တော် တက် မလိုက်ဝံ့တော့ ၊ ဟိုး အလျင် အဆင်ပြေနေစဉ်ကာလကပင် လုပ်ခွင့်မရသော အပြန်လိုက်ပို့သည့်အဖြစ်မျိုးသည် ယခုအချိန်တွင် ပို၍သာ ဆိုးတော့မည် ဖြစ်သည် ဆိုတာကို ကျွန်တော်နားလည်သည် ။

နောက်ကားတစ်စင်း ရောက်လာသည် ။ ကြည်ပြာ ထပ်မံ ပြေးကပ်သွားပြန်သည် ။ သူမသည် ကျွန်တော်နှင့် ဝေးရာကို အတော် ရောက်ချင်နေပုံရ၏ ။ တစ်ချက်နှစ်ချက် လန်ထွက်လာပြီး နောက်ဆုံး ကြည်ပြာ ကားပေါ်ရောက်သွားသည် ။ ကားလေး အလယ်တန်း အပေါက်ဝ ငါးယောက် မြောက် မှာ နေရာရသွားသည် ။ စပါယ်ရာက ခုံပြည့် အတွယ်တစ် မောင်း ဟု အော်သည် ။

ကားလေးသည် ကျွန်တော့်အနားမှ တိုးထွက်သွားသည်မှာ ကျွန်တော့်ဘဝကြီး တစ်ခုလုံးကို တင်ပြီး မောင်းထွက်သွားသလို ခံစားရ၏ ။ ကျွန်တော့်ထံမှာ ဘာမှမရှိတော့ ၊ ဝေးပြီ ။ နောက်ဆုံးအနေနှင့် နောက်ဆုံးခုံတွင် ပါသွားသော ကြည်ပြာ ကို ကျွန်တော် လှမ်းငေးသည် ။ ကြည်ပြာက အပေါ်တန်းနှစ်တန်းကို မြဲမြံအောင် ကိုင်ထားကာ မျက်နှာကို ကျွန်တော်နှင့် ဝေးရာဘက်သို့ လွှဲထားသည် ။ ဪ ... ကြည်ပြာရယ် ၊ ကျွန်တော်ကတော့ ရက်စက်သည့် အပြုအမူကိုပင် တစ်ခုမှ မလွတ်ရအောင် ငေးမောနေခဲ့သည် ။ ကြည်ပြာကားကလေးသည် ဆူးလေမီးပွိုင့်မှာ မိသဖြင့် ရပ်သွားသည် ။ ကြည်ပြာ ကျွန်တော့်ကို တစ်ချက် မှ လှည့်မကြည့် ။ ကျွန်တော် ခေါင်းငိုက်စိုက်ချထားလိုက်သည် ။ မော့မကြည့်တော့ ။ ညနေရီနေရောင်၏ ငြိုးရည်သင့်အလင်းအောက်တွင် ခေါင်းငိုက်စိုက်ကျသွားသော လူတစ်ယောက်ကို ကြည်ပြာ နားလည်နိုင်ပါစေတော့ ။ သို့သော် ကျွန်တော် ဘာကိုမှတော့ မျှော်လင့်မထားတော့ပါ ။ ထိုစဉ် ရဲဝင်း ရဲဝင်း ဆိုသည့် ကြည်ပြာ အသံသည် အံ့ဩ တုန်လှုပ်ဖွယ်ရာ ကျွန်တော့်နားစည်ကို ဖြတ်သန်းကာ အသိဉာဏ်အတွင်းသို့ ရောက်လာလေသည် ။ ဘုရား ... ဘုရား ...  ကြည်ပြာ ။

ကျွန်တော် မော့ကြည့်တော့ ကြည်ပြာ သည် အပေါ်တန်းများကို ဆုတ်ကိုင်ထားသော သူမ၏ လက် များကို ဖြုတ်ကာ လွယ်အိတ်ကို နှိုက်သည် ။

“ ရဲဝင်း ပိုက်ဆံ ပိုက်ဆံ "

အနက်ရောင် ပိုက်ဆံအိတ်ကလေး လွယ်အိတ်ထဲမှ ထွက်လာစဉ်တွင် မီးပွိုင့်လွတ်သွားကာ ကားများ မောင်းထွက်စပြုသည် ။ ကြည်ပြာသည် ပိုက်ဆံအိတ်ကိုဖွင့်ကာ အထဲမှ ဆွဲမိ ကိုင်မိရာ ပိုက်ဆံများကို ဆွဲထုတ်ရင်း ကျွန်တော့် နာမည်ကို ထိတ်လန့်တကြား အော်သည် ။ ထို့နောက် အရှိန်ရလာခါစ ကားပေါ်မှ ပိုက်ဆံများကို နံဘေးသို့ ပစ်ချလိုက်သည် ။ ဆက်တိုက် ဖြစ်ပျက်သွားသော အဖြစ်အပျက် များကို အံ့ဩ မှင်တက်စွာ ငေးမောနေစဉ် ပိုက်ဆံများက ဖွေးခနဲ ကားလမ်းမပေါ် ကျလာသည် ။ ဆူးလေ မီးပွိုင့်မှာ တောင်းနေကြသည့် ကောင်လေးတစ်အုပ်က ပိုက်ဆံများဆီ ပြေးအသွားတွင် ကျွန်တော်လည်း သတိလက်လွတ် ဖြစ်သွားကာ ထိုနေရာသို့ တစ်ဟုန်ထိုး ပြေးထွက်သွားမိပြီး ... ။

ကျွန်တော် ငါးကျပ်တန်တစ်ရွက်ထံ တစ်ဟုန်ထိုး ပြေးကာ လက်လှမ်းစဉ် ကောင်လေးတစ်ယောက်နှင့် တိုက် မိကာ ထိုကောင်လေးပေါ်မှ ကျော်ပြီး ကားလမ်းမပေါ် ကျသည် ။ သို့သော် ကျွန်တော် ငါးကျပ်တန် ကိုတော့ ရအောင် ကောက်လိုက်နိုင်သည် ။ ထိုစဉ် တစ်ယောက်က ကျွန်တော့်ကို ဝင်တိုက်သည် ။ ကားများ ဘရိတ်အုပ်သံ ၊ ကျွန်တော် ဘာမှ မသိတော့ ။

သတိရရချင်း ကျွန်တော် ကားလမ်းမပေါ်က မွှန်ထူကာ ထရပ်လိုက်သည် ။ တစ်ကိုယ်လုံး တုန်ရင်ကာ နေ၏ ။ ပလက်ဖောင်းပေါ်မှ လူစီးကြောင်းကြီး ခဏ ရပ်တန့်၍ သွားသည် ။ ကားများ ပိတ်ကုန်သဖြင့် ဟွန်းသံ တဂျီဂျီ တဂွမ်ဂွမ် မြည်နေကြသည် ။ ကားပေါ်မှ ပလက်ဖောင်းပေါ်မှလူတွေ ပိုက်ဆံတောင်းသည့် ကောင်လေးသုံးယောက် ၊ မိန်းမကြီးတစ်ယောက်နှင့်အတူ ပိုက်ဆံလုကောက်နေသော ကျွန်တော့်ကို နားမလည်နိုင်စွာ ငေးကြည့်နေကြသည် ။ လူတွေ ချက်ချင်း အုံလာသည် ။ ကားသမားတစ်ယောက်က မျိုးစုံ ဆဲ၍ သွားသည် ။ ဘာဖြစ်တာလဲ ၊ ကားတိုက်တာလား ၊ မျက်လုံးပေါင်းများစွာ ကျွန်တော့်ထံ ရောက်လာသည် ။ ငါးကျပ်တန်တစ်ရွက်ကို ဆုပ်ကိုင်ကာ ကျွန်တော် ဇောချွေးတွေ ပြန်လာ၏ ။

“ အမလေး ကားပေါ်က လှူသွားတဲ့ ပိုက်ဆံကိုတောင်မှ ဝင်လုတဲ့ လူက ရှိသေး ၊ ရုပ်ကလေးက သနားကမားနဲ့ ”

ကျွန်တော်နှင့်အတူ ပိုက်ဆံလုသူအမျိုးသမီးကြီးက အော်ပြောသည် ။

“ ဪ ... သူက လုတာ .. "

“ မဟုတ်ဘူး ၊ မဟုတ်ဘူး ”

“ ကဲ ကိုယ့်လူ ဘယ်လို ဖြစ်ရတာလဲ ... "

မီးပွိုင့်မှ အစအဆုံးမြင်လိုက်ရသော ယာဉ်ထိန်းရဲ တစ်ယောက်က တိုးဝှေ့ကာ ကျွန်တော့်ကို မေးသည် ။

“ မဟုတ်ဘူး ... သူက ကျွန်တော့် ရည်းစားဗျ ”

“ မင်းရည်းစား ဘာလဲကွ ၊ ကားက မင်းဘကြီး မဟုတ်ဘူး ၊ ပိုက်ဆံက ဘယ်လောက် တန်လို့လဲ ၊ သေသွားနိုင်တယ် သိသလား ”

လူအုပ်ကြီးက နားမလည်နိုင်စွာ အုံပြီး ကြည့်နေကြသည် ။ ကျွန်တော် ဘာတွေဖြစ်ခဲ့လေသနည်း ။ ကျွန်တော် ဘာကိုမှ နားမလည်တော့ ။

◾ နီကိုရဲ

📖 မကြည်ပြာ

koaungnaingoo.blogspot.com

.

Sunday, August 22, 2021

မင်းနန်သူ


 

        ❝  မင်းနန်သူ  ❞

တစ်ခါက ကျွန်ုပ်သည် ငမိုးရိပ်ချောင်း ကမ်းပါးပေါ်ရှိ ရွာကြီးတစ်ရွာတွင် အလွတ်ပညာသင်ကျောင်းဆရာ လုပ်ခဲ့ဖူး၏ ။ အစိုးရကျောင်းကို မတက်ဘဲ အပြင်မှ ( ၇ ) တန်း ၊ ( ၁ဝ ) တန်း ဝင်ရောက်ဖြေဆိုလိုသော ကလေးများကို အများစု သင်ပြပေးရခြင်းဖြစ်၏ ။ စာမေးပွဲမဖြေသော်လည်း အင်္ဂလိပ်စာတတ်ချင်သော လယ်သမား ၊ ချောင်းသမားများလည်း ကျွန်ုပ်၏ကျောင်းကို တက်ကြလေ၏ ။ ထိုသို့ တက်သောသူများထဲတွင် ထိုရွာကို အုပ်ချုပ်သော သူကြီး ' ဦးစိန်အုပ် ' လည်း ပါလေ၏ ။

ထိုကျောင်းကို ပိတ်၍ အခြားအလုပ်အကိုင်သို့ ပြောင်းလဲလုပ်ကိုင်သော်လည်း ထိုရွာသို့ မကြာခဏ အလည်အပတ် ရောက်ရှိသွား၏ ။ တစ်ရွာလုံးလိုလိုရှိ လူများသည် မိတ်ဆွေများ ဖြစ်သောကြောင့် သွားရောက်လည်ပတ်သောအခါ ဟိုအိမ်က ထမင်းစားဖိတ် ၊ ဒီအိမ်က ထမင်းစားဖိတ်နှင့် အားရသည်ကိုမရှိပေ ။ နေ့လည်နေ့ခင်းများတွင် ရွာရှိလူငယ်များနှင့် ငမိုးရိပ်ချောင်းအတွင်း လှေငယ်တစ်စီးဖြင့် အစုန်အဆန် လှော်ခတ်သွားရင်းပင် ချောင်းထဲတွင် မျော၍ပါလာသော ဒိုက်ပုံများကိုစီး၍ ပါလာသည့် ဘုတ်ငှက် များ ၊ ရေကြက် များကို ဖမ်းဆီးလေ၏ ။

ရေဝမ်းဘဲများကိုလည်း လေသေနတ်ဖြင့်ပစ်ကာ ဖမ်းယူလေ၏ ။ ထို့ပြင် ကြွက်ထိုးခြင်း ၊ ဖားရိုက်ခြင်းအလုပ်များကိုလည်း ထိုရွာသားများနှင့်အတူ ရော၍ လုပ်ကိုင်ခဲ့လေ၏ ။ ရှာဖွေ၍ရသော အကောင်ပလောင်များကို ရွာထိပ်ရှိ ဇရပ်ကြီးတွင် ကာလသားများနှင့် စုရုံးကာ ချက်ပြုတ်၍ စားသောက်လေ၏ ။

ထိုအလုပ်မှာ အကုသိုလ်များသော အလုပ်ဖြစ်သော်လည်း လွန်စွာမှ ပျော်စရာကောင်း၏ ။ ကျွန်ုပ်နှင့် ကာလသားများ ထိုသို့ချက်ပြုတ်စားသောက်ကာ ပျော်ပွဲရွှင်ပွဲတွင် ထိုရွာ၏ သူကြီး ဦးစိန်အုပ် လည်း ပါမြဲဖြစ်၏ ။

တစ်ညတွင် ဦးစိန်အုပ်က ...

“ နေပါဦး ဆရာ ၊ ခင်ဗျားက ဗေဒင်တတ်တယ်လို့ ပြောသံကြားတယ် ။ တတ်တာမှ အတော့်ကို တတ်တယ်ဆိုပဲ ၊ နာမည်ကြားရုံနဲ့ အဟောထုတ်နိုင်တယ်လို့ ရွာက ကလေးတွေက ပြောနေကြတယ် ။ ကြုံကြိုက်တုန်း ကျုပ်ကို ဟောစမ်းပါဗျာ ” ဟု ပူဆာလေ၏ ။

“ ဒီမှာ သူကြီး ၊ ခင်ဗျားနာမည်က စိန်အုပ်တဲ့ ၊ စိန်ဆိုတာ ပွင့် တဲ့ အရာဗျ ၊ လင်း တဲ့ အရာဗျ ၊ အဲဒါကို ဆန့်ကျင်ဘက်လုပ်ပြီး ' အုပ် ' လို့ မှည့်ထားလေတော့ မပွင့်မလင်း တိတ်တိတ်ခိုးကြောင်ခိုးဝှက် လုပ်တဲ့အလုပ်တစ်ခု ခင်ဗျားမှာ ရှိနေတယ် ။ ကျုပ်သိသလောက်က ခင်ဗျားဟာ အရက်လည်း ခိုးမသောက်ဘူး ။ ဘိန်းလည်းမရှူဘူး ၊ လောင်းကစားလည်း မလုပ်ဘူး ။ မဟုတ်မှလွဲရော ... တိတ်တိတ်ကျိတ်ပြီး မယားငယ် ယူထားတယ်နဲ့ တူတယ် ” ဟု ကျွန်ုပ်က ပြောလိုက်ရာ အနီးအပါးရှိ ကာလသားများက ဝါးခနဲ ဝိုင်း၍ ရယ်ကြလေ၏ ။ ထိုအထဲမှ ခပ်စွာစွာ လူငယ်တစ်ယောက်က ...

“ သူကြီး ဝန်ခံလိုက် ဝန်ခံလိုက် ၊ ဒီထက် အခြေအနေထပ်ပြီး ဆိုးသွားမယ်နော် ” ဟုပြောလိုက်ရာ သူကြီးက ...

“ ခက်တော့တာပဲ ၊ ဆရာ့ဆီမှာ ဗေဒင်မေးမိခါမှ အရှက်ကတော့ ကွဲပါပြီ ” ဟု ပြောသဖြင့် ကျွန်ုပ်လည်း ဆက်၍ မဟောတော့ဘဲ နှစ်သိမ့်လိုက်ရလေ၏ ။ ထို့နောက် ကျွန်ုပ်က –

“ ဒီမှာ သူကြီး ၊ ချောင်းကမ်းပါးထိပ်က ခြံဝင်းနဲ့ အိမ်ကြီးဟာ လူလည်း မရှိပါလားဗျ ” ဟုပြောလိုက်ရာ သူကြီး ဦးစိန်အုပ်က...

“ အဲဒီအိမ်ကလူတွေ ရန်ကုန်ကို ပြောင်းသွားကြပြီဗျ ။ ခြံနဲ့အိမ်ကို ဒီအတိုင်းထားခဲ့ကြတာ ။ ဝယ်တဲ့လူ ရှိရင်တော့ ရောင်းမယ်ပေါ့ဗျာ ။ ဒါပေမဲ့ အိမ်က နာမည်ပျက်နေတယ်ဗျ ”

“ သင်္ဃန်းကျွန်းက လူတစ်ယောက် ဝယ်မလို့ ဒီအိမ်မှာ တစ်ညလာပြီး အိပ်တယ် ၊ အဲဒီလူလည်း နောက်နေ့မနက် အစောကြီး ပြန်ပြေးတာပဲ ။ ဒီရွာသားတွေဆို မိုးချုပ်ရင် အဲဒီအိမ်နားတောင် မသွားရဲဘူး ”

“ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ အိမ်ပေါ့ဗျာ ၊ အဲဒီတော့ ပိုင်ရှင်က လာလည်း မပြင်တော့ အိမ်က အတော်ပျက်စီးနေပြီဗျ ” ဟုပြောလေ၏ ။

“ သူကြီးရော အဲဒီအိမ်ကို သွားမကြည့်ဖူးဘူးလား ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ...

“ မလုပ်နဲ့ဆရာ ၊ ကျုပ်က နေ့ခင်းတောင် မသွားရဲဘူး ။ ဒီရွာမှာ ကျုပ်က အကြောက်တတ်ဆုံးပဲဗျ ။ ဒါကြောင့် သူကြီးရာထူး မြဲနေတာပေါ့ဗျာ ” ဟု သူကြီးဦးစိန်အုပ်က ပြောလေ၏ ။

ထို့နောက် ကျွန်ုပ်တို့လည်း ဟင်းကျက်ပြီ ဖြစ်သဖြင့် ညလယ်စာစားကြလေ၏ ။ ထိုအချိန်၌ ကာလသားတစ်ဦး ရောက်လာပြီးလျှင် –

“ သူကြီး ... သူကြီး ချောင်းကမ်းပါးထိပ်က သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ အိမ်ကြီးမှာ မီးလင်းနေတယ်ဗျ ။ လူလည်းမရှိဘဲ မီးလင်းနေတာ အဆန်းပဲဗျ ” ဟု ပြောသဖြင့် သကြီးက

“ ကဲ ... ငါတို့အားလုံး သွားကြည့်မယ်ဟေ့ ၊ ဒီလောက် လူအုပ်ဆိုရင်တော့ ကြောက်စရာမရှိပါဘူး ” ဟုပြောသဖြင့် ဆယ်ဦးကျော်ကျော်ခန့်ရှိ ကာလသားများသည် တုတ် ၊ဓား ၊ လက်နက်ပြည့်စုံစွာဖြင့် လိုက်ပါလာကြလေ၏ ။ ထိုခြံဝင်းရှေ့သို့ ရောက်သောအခါ၌ ထိုအိမ်၏ အိမ်ခန်းအတွင်းမှ ထွန်းထားသော ဖယောင်းတိုင်၏ အရောင်ကို မြင်တွေ့ရလေ၏ ။

“ ဟုတ်ပါရဲ့ ၊ အခန်းထဲမှာ ဖယောင်းတိုင် ထွန်းထားတယ် ။ လူမရှိတဲ့အိမ်မှာ ဘယ်သူများ လာထွန်းမှာလဲ ။ ကဲ ... ဒီတော့ မကြောက်တတ်တဲ့ ကုလားတို့လူစုက ရှေ့ကတက်ကွာ ။ ငါနဲ့ ဆရာနဲ့က အလယ်က လိုက် မယ် ” ဟုဆိုကာ တက်ကြလေ၏ ။ အိမ်ပေါ်သို့ရောက်၍ မီးရှိသော အခန်းအတွင်းသို့ ဝင်လိုက်ရာ သစ်သားတုံးတစ်တုံးပေါ်တွင် ဝါဆို ဖယောင်းတိုင်ကြီးအရွယ် ဖယောင်းတိုင်ကြီးတစ်တိုင် ထွန်းညှိထားသည်ကို တွေ့ရလေ၏ ။

ကြမ်းပြင်ပေါ်တွင် မွေးကင်းစ တစ်ဦးအား အနှီးဖြင့် ပတ်ထုပ်၍ ချထားသည်ကိုလည်း အံ့ဩဖွယ်ရာ တွေ့ရလေ၏ ။ ကျွန်ုပ်သည် ရှေ့သို့ တိုးသွားပြီးလျှင် ကလေးကိုကောက်၍ ချီလိုက်လေ၏ ။ ထိုသို့ကောက်၍ချီလိုက်ရာ အနှီးအတွင်းမှ စာရွက်ခေါက်နှစ်ခု ထွက်ကျလာလေ၏ ။ ကျွန်ုပ်လည်း ထိုစာရွက်ခေါက်နှစ်ခုကို ကောက်၍ ယူလိုက်လေ၏ ။

စာရွက် မှာ ရိုးရိုးစာရွက်မဟုတ်ဘဲ မှိုင်းကိုင်စက္ကူဖြစ်၏ ။ မီးရောင်တွင် ဖွင့်၍ ဖတ်ကြည့်လိုက်ရာ ကလေး၏ မွေးခု ၊ မွေးလ ၊ မွေးရက် ၊ မွေးချိန်နှင့် ဖွဲ့ထားသော ဇာတာတစ်စောင်ကို တွေ့ရလေ၏ ။ ရေးထားသောစာနှင့် ဇာတာမှာလည်း မင်ဖြင့် မဟုတ်ဘဲ ဟင်္သာပြဒါးနှင့်ရေးသားခြင်း ဖြစ်၏ ။

ထို့နောက် တခြားသော စာတစ်စောင်ကို ဖတ်၍ကြည့်ရာ ထိုအတိုင်းပင် ဟင်္သပြဒါးနှင့် ရေးထားခြင်းဖြစ်၏ ။ စာမှာအောက်ပါ အတိုင်းဖြစ်လေ၏ ။

ကိုယ်တိုင်မွေးမှယူပါ
တစ်ဆင့်မပေးရ ။ ကလေးသည် ကြာသပတေးသမီးဖြစ်သည် ။ အမည်ကို ' မင်းနန်သူ ' ဟူ၍ မှည့်ခေါ်ပါ ။ ပြောသည့်အတိုင်း မလုပ်ခဲ့သော် မြွေပွေး ၊ မြွေဟောက် ၊ ငန်းပြောက် ၊ ငန်းကျား ၊
ငန်းငါးပါးလည်း ကိုက်၍ မနေ သေစေသောဝ်ဟူလေ သေပါစေ ... သေပါစေ ... ။

ထိုမှတစ်ပါး ကြည်းဝယ်သွားလည်း ကြည်းသား အများအပြားသည့်အနေ ကိုးကုဋေတွင် သစ် ၊ ကျား ၊ ဆင်ရဲ ၊ စိုင်ထီး ငမွဲ ၊ ဝက်ရဲ စား၍ ထွားထွားညက်ညက် ကိုယ်လုံးပျက်၍ သေစေသောဝ်ဟူလေ သေပါစေ ... သေပါစေ ။

ထိုမှတစ်ပါး ဂွမ်းတစ်လှည်းကို အကျွမ်းဖုတ်သော် တစ်ဆုပ်လောက်မျှ စမ်းမရသို့
ဖြစ်စေသောဝ်ဟူလေ ဖြစ်ပါစေ .. ဖြစ်ပါစေ ။ ထိုမှတစ်ပါး မင်းနန်သူ ကျိန်ခြင်း ထုံနှယ်ဆင်းသည့်
ထင်းစမီးသို့ တစ်စတစ်စ တိုစေသောဝ်ဟူလေ တိုပါစေ .. တိုပါစေ ။

ပုခံခေတ် မင်းနန်သူကျိန်စာဖြင့် ကျိန်စာတိုက်ထားသည် ။ ပြောသည့်အတိုင်းလုပ်ပါ ။
အမှားမခံ ကျမ်းစူး၍ သေလိမ့်မည် ။

       ထိုကလေးအား အုပ်ထိန်းသူ

သူကြီးသည် ကျွန်ုပ်၏ နောက်ကျောမှနေ၍ ထိုစာကိုဖတ်မိသည်ဖြစ်ရာ - “ သူ့ဟာကလည်း မလွယ်ပါလား ။ ကျိန်စာတွေနဲ့ဆိုတော့ မွေးတဲ့လူကတော့ အခက်ပဲ ” ဟုပြောလိုက်ရာ ကျွန်ုပ်က –

“ ဘာမျှမခက်နဲ့ ။ ကျုပ်မွေးမှာ ၊ နို့ဘူးတိုက်ပြီး မွေးမယ် ။လောလောဆယ် ကျုပ် ခုဝတ်ထားတဲ့ သက္ကလပ်တိုက်ပုံအင်္ကျီကိုရောင်းပြီး နို့မှုန့်ဘူးဝယ်ရမှာပဲ ။ သူကြီး တာဝန်ယူပြီး ရောင်းပေးစမ်းပါဗျာ '' ဟုပြောလိုက်ရာ သူကြီးက ...

“ တစ်နေ့က ကျေးရွာအစည်းအဝေးပွဲသွားတာ တိုက်ပုံအင်္ကျီမပါလို့ အပြောခံရတယ် ။ ကျုပ်ပဲ ဝယ်မယ်ဗျာ ၊ တစ်ရာ့ငါးဆယ်ပေးမယ် ” ဟုဆိုကာ ကျွန်ုပ်၏ အင်္ကျီကို ယူပြီးလျှင် ငွေတစ်ရာ့ငါးဆယ်ထုတ်ပေးလေ၏ ။

“ ဒီညကတော့ အချိန်မရှိဘူး ။ နို့မှုန့်ဘူးက မနက်မှ ဝယ်ရမှာ ။ ပြီးတော့ သူ့ကို တိုက်ဖို့ ဖန်နို့ဘူးလေးတစ်လုံးလည်း ဝယ်ရမယ် ။ ဒီညအခက်ပဲ ၊ သူကြီး ဒီညအတွက် နွားနို့ ရှာပေးဗျာ ” ဟု ပြောလိုက်ရာ သူကြီးက ...

“ အဲဒါတော့ ရပါတယ်ဗျာ ၊ ဒီရွာမှလည်း နို့ဘူးတိုက်ပြီး မွေးရတဲ့ ကလေးတွေရှိပါတယ် ။ အဲဒီက နို့ဘူးတစ်လုံးသွားပြီး ငှားတာပေါ့ ။ ကလေးရဲ့မူလပိုင်ရှင်ကတော့ ' မင်းနန်သူ ' လို့ နာမည်ပေးခိုင်းတယ်ဗျ ။ အမှန်ကတော့ ဒီကလေးဟာ ' ကောက်ရသူ ' ဗျ ... ဟုပြောလိုက်ရာ ကျွန်ုပ်က ...

“ သူကြီးကတော့ မင်းနန်သူ ကျိန်စာသင့်တော့မှာပဲ ။ မြွေပွေး ၊ မြွေဟောက် ၊ ငန်းပြောက် ၊ ငန်းကျား ၊ ငန်းငါးပါးနဲ့ တွေ့သွားလိမ့်မယ်နော် သူကြီး ” ဟု သတိပေးလိုက်ရလေ၏ ။

ကျွန်ုပ်သည် ရန်ကုန်သို့ မပြန်သေးဘဲ ထိုကလေးနှင့် ထိုရွာတွင် နောက်တစ်ည ဆက်၍နေလေ၏ ။ ရွာသားတစ်ဦးကို လွှတ်ကာ သင်္ဃန်းကျွန်းဈေးမှ နို့မှုန့်ဘူး ၊ နို့သီးခေါင်း စသည်တို့ ဝယ်ခိုင်းလိုက်ရလေ၏ ။ ရွာမှ သားသည်အမေများကလည်း ကလေးအတွက် အင်္ကျီများ ၊ အနှီးများ ၊ အုပ်ဆေးများ လာ၍ပေးကြလေ၏ ။

ညပိုင်းသို့ ရောက်သောအခါ ကျွန်ုပ်သည် သူကြီးအိမ်တွင် ကာလသားများနှင့် စုဝေးကာ စကားပြောနေလေ၏ ။ ထိုအချိန်၌ ကာလသားတစ်ဦးရောက်လာပြီးလျှင် ...

“ သူကြီး သူကြီး  ၊ ဟိုအိမ်ကြီးမှာ မီးရောင်တွေ့ပြန်ပြီဗျ ” ဟုဆိုသဖြင့် ကာလသားတစ်အုပ် ၊ လက်နက်အစုံအလင်ဖြင့် လိုက်ပါစေကာ ကျွန်ုပ်နှင့် သူကြီးသည် ထိုအိမ်သို့ တက်ရပြန်လေ၏ ။

အခန်းတွင်းသို့ ဝင်လိုက်ရာ ယမန်နေ့က ထွန်းထားသော ဖယောင်းတိုင်ကိုပင် ပြန်၍ ထွန်းထားသည်ကို တွေ့ရလေ၏ ။ ကလေးရခဲ့သောနေရာ ကြမ်းပြင်ပေါ်တွင် အနီရောင်ကတ္တီပါရှုံ့ကြိုးအိတ်ကလေးတစ်အိတ်ကို တွေ့ရသဖြင့် အိတ်အတွင်းသို့ နှိုက်ကြည့်ရာ ငွေတစ်သိန်းထုပ်တစ်ထုပ်ကို တွေ့ရလေ၏ ။ ထို့အတွ စာတစ်စောင်လည်း ပါလာလေ၏ ။

ကလေးအဖေလုပ်တဲ့လူ ကိုယ်ဝတ်တဲ့ တိုက်ပုံအင်္ကျီကိုရောင်းပြီး နို့မှုန့်ဘူးဝယ်ရတာကိုသိလို့ ငွေတစ်သိန်း
လာပြီးပေးတာပါ ။ ကလေးကို ကောင်းကောင်းမွေးပါ ။

        ကလေး၏ အုပ်ထိန်းသူ

သူကြီးသည် ကျွန်ုပ်၏ နောက်ကျောမှ စာကိုဖတ်ပြီးသည်ဖြစ်ရာ –

“ ဆရာရေ ငွေတစ်သိန်းဆိုတော့ အဲဒီကလေးကို ကောင်းကောင်းမွေးနိုင်ပါပြီဗျာ ...  ” ဟု ပြောလေ၏ ။ ထိုအခါ ကျွန်ုပ်က... “ တစ်ခုပဲ သိချင်တယ်ဗျာ ၊ ဒီကလေးရဲ့ အုပ်ထိန်းသူဆိုတာက ဘယ်သူလဲ ။ သူ့ရဲ့မိဘလား ။ ကလေးကို ဘာကြောင့် ဒီလိုပစ်ရတာလဲ ။ ပစ်ပြီးတော့လည်း ပြန်ကြည့်ထားသေးတယ် ။ ဆန်းတော့ အတော်ဆန်းတာပဲ ။ ပစ်ပြန်တော့လည်း သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ပျက်ကြီးမှာ လာပစ်ထားတယ် ” ဟု ပြောလိုက်ရာ သူကြီးက –

“ ကျုပ်ဖြင့် မစဉ်းစားတတ်ပေါင်ဗျာ ၊ ခင်ဗျားဘာသာခင်ဗျား စဉ်းစားပါ ။ ပြီးတော့လည်း သူ့ဟာလည်း ကျိန်စာတွေဘာတွေနဲ့ဗျ ။ ကျိန်စာကလည်း အခုခေတ် ကျိန်စာမဟုတ်ဘူး ။ ပုဂံခေတ်က ကျိန်စာဗျ ” ဟု ပြောလေ၏ ။

ထိုအခါ ကျွန်ုပ်က ...

“ အဖြစ်အပျက်ကတော့ ခပ်ဆန်းဆန်းပဲဗျ ။ ကလေးရဲ့ မွေးဇာတာကိုတောင် ဖွဲ့ပေးလိုက်သေးတယ် ။ ဒီကလေးရဲ့မိဘဟာ အထူးသဖြင့် အဖေပေါ့ဗျာ ၊ သူဟာ ဗေဒင် ကောင်းကောင်း တတ်ပုံရတယ် ။ နောက်ပြီးတော့ မြန်မာစာပေနဲ့ မြန်မာသမိုင်းကို တီးမိခေါက် မိပုံရတယ် ” ဟုပြောလိုက်ရာ သူကြီးက ...

“ ဟုတ်မယ်ဗျို့ ” ဟု ပြောလိုက်လေ၏ ။

ကျွန်ုပ်က မင်းနန်သူကလေးကို ချီ၍ ရန်ကုန်သို့ ပြန်လာပြီဖြစ်၏ ။ ရန်ကုန်သို့ ရောက်လျှင်ရောက်ချင်း ကလေးထိန်း တစ်ယောက်ကို အသည်းအသန် ရှာဖွေရလေ၏ ။ ကလေးထိန်းရသောအခါ ကလေးကို သူ၏ လက်သို့အပ်၍ ထိန်းကျောင်းခိုင်းရလေ၏ ။ တစ်ပတ်ခန့် ကြာသောအခါ သူကြီးသည် အသက် ၃ဝ ကျော်အရွယ် မိန်းမတစ်ယောက်နှင့်အတူ ကျွန်ုပ်၏ အိမ်သို့ ရောက်လာလေ၏ ။ “ ဆရာရေ ကလေးတစ်ယောက်နဲ့ ဆရာဒုက္ခရောက်နေပြီဆိုတာ သိလို့ ကလေးထိန်းခေါ်လာတာ ။ ဒီမိန်းကလေးနာမည်က မခင်စိန်တဲ့ ၊ မုဆိုးမလေးပါဗျ ။ သူက လခပေးဖို့ မလိုဘူး ။ ကလေးထိန်းပေးမယ် ၊ မိသားစုလို နေမယ်ပေါ့ဗျာ ။ ထမင်းဟင်းတွေ ဘာတွေလည်း ချက်ပေးမယ်ပေါ့ ” ဟုပြောလေ၏ ။

“ သူကြီးဖြစ်ပါ့မလားဗျ ။ ကျုပ်ကလည်း အိမ်ထောင်ရှိတာမဟုတ်ဘူး ၊ လူလွတ်ဗျ ။ ဒီမိန်းကလေးနဲ့ အတူနေလို့ သင့်တော်ပါ့မလား ” ဟု ပြောလိုက်ရာ သူကြီးက –

“ ဆရာ့သိက္ခာကို ဆရာယုံရင် အတူနေပေါ့ ။ ပတ်ဝန်းကျင်ကပြောမယ့် စကားကို ဂရုမစိုက်ပါနဲ့ ။ မင်းနန်သူ ကလေး အတွက်ပဲ ကြည့်ရမယ် ။ ခင်စိန်ဟာ မုဆိုးမဆိုပေမဲ့ ကလေး ရဖူးတယ်ဗျ ။ သူ့ကလေးက တော်တော်ကလေးကြီးလာမှ ဆုံးသွားတာဆိုတော့ ကလေးလည်း ထိန်းတတ်ပါတယ်ဗျာ ။ ဆရာ့အတွက် အများကြီးအထောက်အကူ ပြုမှာပါ ” ဟု ပြောပြန်လေ၏ ။

ထို့ကြောင့် ကျွန်ုပ်လည်း ပထမ ဝင်လာသော ကလေးထိန်းကို ဖြုတ်ပစ်လိုက်ပြီးလျှင် ၎င်း မခင်စိန် ကိုပင် ကလေးထိန်းရန်အတွက် အိမ်၌ ခေါ်ထားလိုက်လေတော့၏ ။ မခင်စိန်နှင့် ကလေးအတွက် အခန်းတစ်ခန်း ပေးရလေ၏ ။ မခင်စိန်ကို လခမပေးရဟု ဆိုသော်လည်း တစ်လလျှင် တစ်ရာ သတ်မှတ်ကာ စာတိုက်၌ မခင်စိန်အတွက် ငွေစုပေးခဲ့လေ၏ ။ ကျွန်ုပ်သည် နံနက်မိုးလင်းသည်နှင့် ကားလမ်းရှိ ကျွန်ုပ်၏ ဗေဒင်ဟောခန်းသို့ သွားရေလေ၏ ။ နံနက်စာကို ဆိုင်တွင် ဝယ်စား၏ ။ ညနေစာကိုမူ ဈေးဖိုး ပေးခဲ့သောကြောင့် မခင်စိန်က ချက်ပြုတ်ထားလေ၏ ။

မခင်စိန်သည် ဟင်းချက်ကောင်းသော မိန်းမတစ်ဦးဖြစ်၏ ။ ကျွန်ုပ်၏ အဝတ်အစားများကိုလည်း လျှော်ဖွတ်၍ မီးပူတိုက်ပေးထားတတ်၏ ။ တစ်အိမ်လုံးလည်း ပြောင်စင်အောင် လှည်းကျင်းထားတတ်၏ ။ ဘုရားစင်မှာလည်း အစဉ်သဖြင့် ပန်းများ ၊သောက်တော်ရေချမ်းများဖြင့် စည်ကားသိုက် မြိုက်လှ၏ ။

ကျွန်ုပ်သည် မခင်စိန်အတွက် လုံချည်အဝတ်အစားများမကြာခဏ ဝယ်ပေးလေ့ရှိ၏ ။ မခင်စိန်သည် အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်းလုံးကြီးပေါက်လှ အမျိုးသမီးဖြစ်၏ အဝတ်အစားကို အဆင်ပြေအောင် ဝတ်တတ်၏ ။ ကလေးကိုလည်း လွန်စွာမှ ဂရုစိုက်၏ ။ သူသည် ကလေးကို နာမည်ပင်မခေါ်  ' သမီး ' ဟုသာ ကြင်နာစွာ ခေါ်တတ်လေ၏ ။

ကျွန်ုပ်ပြန်လာသောအခါ၌ သမီးကလေး ဘာလုပ်ပြသည်ကို တကူးတက ပြောပြတတ်လေ၏ ။

“ ဆရာရေ ၊ ဆရာ့သမီး ဒီနေ့ အူမြူးလိုက်တာ မပြောနဲ့တော့ ၊ တစ်နေလုံး တခစ်ခစ်ရယ်နေတယ် ။ ဒီနေ့တော့ တစ်နေ့လုံး ဂျီတိုက်နေတယ် ။ ကလေး လေဆေးတိုက်လိုက်မှ ဝမ်းရော ၊ လေရော သွားပြီး အိပ်သွားရှာတယ် ၊ လေဆန်နာ ရှိတယ်နဲ့တူပါရဲ့ ” ဟူသော စကားမျိုးကို ပြောတတ်လေ၏ ။

ဤသို့နှင့်ပင် မင်းနန်သူလေးသည် စကားတွတ်တီးတွတ်တာပြောတတ်သော အရွယ်သို့ ရောက်လာလေ၏ ။ ကျွန်ုပ်ကိုလည်း “ ဖေဖေကြီး ” ခေါ်တတ်နေပြီ ဖြစ်၏ ။ မခင်စိန်ကိုမူ... '' အမေစိန် '' ဟုခေါ်လေ၏ ။

ကျွန်ုပ်မှာ လွန်စွာခိုင်၍ လွန်စွာတင်းသော သံယောဇဉ်ကြိုးတစ်ချောင်း ငမိုးရိပ်ချောင်းအနီး ရွာကြီးတစ်ရွာမှ ရရှိခဲ့ပြီဖြစ်၏ ။ ဤသို့နှင့်ပင် ကလေးကို ကျောင်းအပ်သောအရွယ်သို့ ရောက်လာလေတော့၏ ။

ထို့ကြောင့် မူကြိုကျောင်းကို အပ်ရလေ၏ ။ ထိုမှတစ်ဖန် မူလတန်းကျောင်းသို့ အပ်ရသောအရွယ်သို့ ရောက်လာပြန်၏ ။ ထိုအခါ မူလတန်းကျောင်းသို့ အပ်ရပြန်၏ ။ တစ်နေ့တွင် ကျွန်ုပ်အံဆွဲ၌ ထည့်ထားသော ရာတန်နှစ်ရွက် ၊ ပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် သမီးကိုခေါ်၍ ...

“ သမီး ... အဖေကြီးအံဆွဲထဲက ငွေနှစ်ရာ ပျောက်နေတယ် သမီးယူသလား ” ဟုမေးရာ ၎င်းက ...

“ ဘုရားသခင်ဟောတော်မူသော ဝိနည်း ၅ ကျမ်း ၊ သုတ် ၃ ကျမ်း ၊ အဘိဓမ္မာ ရ ကျမ်း ၊ ဓမ္မခဏ္ဍာပေါင်းရှစ်သောင်း လေးထောင် ကျမ်းကုန်အောင်ကို စောင့်သောနတ်လည်း သတ်၍ မနေ သေစေသောဝ်ဟူလေ သေပါစေ .. သေပါစေ ။

“ ဖေဖေကြီးပိုက်ဆံကို သမီးမခိုးပါ ၊ ခိုးမိခဲ့လျှင် မင်းနန်သူကျိန်ခြင်း ၊ ထုံးနှယ်ဆင်းသည် ၊ ထင်းမီးစသို့ တစ်စတစ်စ တိုစေသောဝ်ဟူလေ တိုပါစေ ... တိုပါစေ ” ဟု ကျိန်ပြန်လေတော့၏ ။

ကျွန်ုပ်လည်း ထိတ်လန့်သွားလေ၏ ။ ကလေးငယ်တစ်ဦးက ဤသို့လျှင် ခမ်းခမ်းနားနား ကျိန်လိုက်သောကြောင့် ...

“ ကြည့်စမ်း ကြည့်စမ်း ကလေးလေးက အတတ်ကောင်းတွေ တတ်နေလိုက်တာ ။ ခင်စိန် လာစမ်း ၊ ဒါ နင်သင်ပေးထားတာမဟုတ်လား ။ အဲဒီလို မဟုတ်တာတွေကို မသင်နဲ့နော် ငါမကြိုက်ဘူး ” ဟု ပြစ်တင်ကြိမ်းမောင်းရလေ၏ ။

ခင်စိန်သည် အသားများ တဆတ်ဆတ်တုန်သည်အထိ ကြောက်လန့်ကာ နောက်နောင် မလုပ်တော့ကြောင်း ဝန်ခံကတိပေးလေ၏ ။ ပျောက်ဆုံးသွားသော ငွေနှစ်ရာကလည်း ခင်စိန် က ၎င်းပင် ယူ၍ ကနုကမာ ဆံညှပ်တစ်ခု ဝယ်မိကြောင်း ထုတ်ဖော်ဝန်ခံလေ၏ ။ ကျွန်ုပ်သည် မင်းနန်သူကလေးကို အပြင်သို့ ခေါ်သွားပြီးလျှင် ချော့မော့ရလေ၏ ။ ၎င်းအလိုရှိသော ပစ္စည်းများကို ဝယ်ပေး၍ ခင်စိန်က ကျိန်ဆိုခြင်းကို မည်သို့မည်ပုံသင်ပေးကြောင်း သိလို၍ မေးမြန်းရာ ကလေးက ပြောသဖြင့် အကြောင်းစုံကို သိရလေတော့၏ ။

ခင်စိန်သည် ကလေးငယ်စဉ်ကပင် ကလေး မအိပ်၍ ချော့သိပ်သောအခါ၌ သီချင်းဆို၍ မသိပ်ပဲ ကြားရသူတိုင်း ကြက်သီးမွေးညင်း ထဖွယ် အသံနေအသံထားဖြင့် ရွတ်၍ သိပ်ခဲ့ကြောင်း သိရလေတော့၏ ။ ကျွန်ုပ်ချစ်သော သမီးကလေးသည် ကြောက်မက်ဖွယ်ကောင်း၍ လွန်စွာမှရှည်လျားသော မင်းနန်သူကျိန်စာကို အလွတ်ရွတ်ဆိုနိုင်လေ၏ ။ ထို့ကြောင့် ကျွန်ုပ်လည်း ထိုကျိန်စာကို မေ့ပစ်ရန် နောက်နောင် မကျိန်ရန် ချော့မော့ ဆုံးမရလေ၏ ။ သမီးကလေးကလည်း နောက်နောင်ဤသို့ ပြုလုပ်မည် မဟုတ်ကြောင်း ဝန်ခံကတိပေးလေတော့၏ ။

တစ်နေ့တွင် ကျွန်ုပ်နှင့် သမီးလေးသည် စာအုပ်အဟောင်းရောင်းသော ဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားလေ၏ ။ ထိုဆိုင်တွင် စာအုပ်အဟောင်းသာမက ပစ္စည်းအဟောင်းများကိုပါ ရောင်းလေ့ရှိသော ' ခင်ကျော် ' ဆိုသော လူတစ်ဦးနှင့် တွေ့ဆုံလေ၏ ။

ကျွန်ုပ်သည် ၎င်း ခင်ကျော်အား -

“ ကိုခင်ကျော်တစ်ယောက် မတွေ့တာကြာမင့်ပဲ ” ဟုပြောလိုက်ရာ ၎င်းက ...

“ ခရီးထွက်နေတယ် ဆရာရဲ့ ၊ မြင်းခြံဟိုဘက် ဆင်တဲဝနားကို သွားနေရတယ် ။ အဲဒီအနားမှာက ရှေးဟောင်းရွာကြီးတွေရှိတယ် ။ မင်းရင် ၊ ဇဂျမ်းကန်မြဲ ၊ တမိုက်သာဆိုတဲ့ ရွာကြီးတွေပေါ့ ''

“ အဲဒီရွာကြီးတွေမှာ ရေတွင်းတူးရင်း ဘာရင်း ရှေးဟောင်း ပစ္စည်းတွေ ရလေ့ရှိတယ် ။ ဒါကြောင့် ဟိုဘက်ကို လိုက်ပြီး ရှာနေတာ ။ အလောင်းဘုရား ကိုင်တော်မူခဲ့တဲ့ တိုက်ပွဲဝင်ဓား တစ်လက် ရခဲ့တယ် ။ ဆရာ ပိုက်ဆံပေးလိုက် ၊ ကျွန်တော်ယူခဲ့မယ် ။ ဒါမှမဟုတ် ကျွန်တော်နဲ့လိုက်ခဲ့ အိမ်မှာရှိတယ် ” ဟု အသံပျော့ပျော့ဖြင့် ပြောလေ၏ ။ ထိုအခါ သမီးကလေး မင်းနန်သူသည် ကျွန်ုပ်အား တံတောင်ဖြင့် အသာအယာတို့လေ၏ ။

“ ကျွန်တော့်ကို ယုံရင်တော့ ငွေသာပေးလိုက်ပါ ။ ကျွန်တော်လာပို့ပါ့မယ် ၊ မယုံရင်တော့ လိုက်ခဲ့ပေါ့ ” ဟု ကိုခင်ကျော်က ညင်သာစွာ ပြောပြန်လေ၏ ။ ထို့ကြောင့် ကျွန်ုပ်က –

“ မယုံလို့တော့ မဟုတ်ပါဘူးဗျာ ၊ ကြည့်ချင်လို့ လိုက်ခဲ့ချင်တာပါ ” ဟုဆိုကာ လေးဘီးကားငှား၍ ကျွန်ုပ်တို့ သားအဖနှစ်ဦးလည်း ကိုခင်ကျော်နဲ့အတူ လိုက်၍ သွားလေ၏ ။ ၎င်းကိုခင်ကျော်၏ အိမ်သည် သင်္ဃန်းကျွန်းဘူတာအနီးမှ သွားရ၏ ။ လွန်စွာမှချောင်ကျလေ၏ ။

၎င်းအိမ်သို့ရောက်သောအခါ၌ အလောင်းဘုရားကိုင်တော်မူခဲ့သည်ဆိုသော တိုက်ပွဲဝင်ဓားကို မတွေ့ရချေ ။ ဟိုလူ့ကို ကြည့်ဖို့ ပေးလိုက်သည် ။ ဒီလူ့ကို ကြည့်ဖို့ ပေးလိုက်သည်ဟူသော မရေရာသော စကားများကိုသာ ကြားရလေ၏ ။ ထို့ကြောင့် ကျွန်ုပ်တို့ သားအဖလည်း စိတ်ပျက်စွာဖြင့် ပြန်လာခဲ့ကြလေတော့၏ ။ လမ်းတွင် သမီးလေး မင်းနန်သူ က ကျွန်ုပ်အား ...

“ အဖေကြီးကလည်း သမီးတံတောင်နဲ့ တွက်နေတာပဲ ။ ဒီလူ မမှန်ဘူးဆိုတာ သမီးတောင်သိနေတယ် ၊ အဖေကြီးမသိဘူးလား ” ဟုပြောလေသည် ။ ထို့ကြောင့် ကျွန်ုပ်က

“ သမီးဘယ်လို သိတာလဲ ” ဟုမေးရာ သမီးလေးက ...

“ သူ့နာမည်က ခင်ကျော်တဲ့ ။ ခင်ဆိုတဲ့အလုံးဟာ ဓနိတ ဗျည်းနဲ့ မှည့်ထားတာ ။ စကားပြောရင် အသံမာမာ ငေါက်ဆတ်ဆတ် ပြောရမှာ ၊ အခု သူ့စကားသံက အလွန်ပျော့ပြီး အလွန်ချိုနေတယ် ဒါကြောင့် မမှန်ဘူးလို့ သမီးက သိနေတာ ။ ပြီးတော့ ကကြီးနောက် က ခကွေး လိုက်ရမှာ အခုတော့ ခင်ကျော် ဆိုတော့ ခကွေးနောက် က ကကြီး လိုက်နေတယ် ။

“ အဲဒီတော့ သူ့နာမည်က ဝုတ္တိပြန်နေတယ် ။လောင်းကစားရင်လုပ် ၊ အရက်ရင်သောက် ၊ အပျော်အပါးရင် လိုက် ၊ တစ်ခုခုမှာ အလွန်အကျွံဖြစ်တတ်တယ် ” ဟုပြောလိုက်ရာ ကျွန်ုပ်က ...

“ ဟုတ်တယ်သမီး ၊ ဒီလူက ဖဲသမားပဲ ။ တစ်လောက အိမ်ကိုပေါင်ပြီး ဖဲရိုက်လို့ နေစရာမရှိအောင် ဖြစ်သွားသေးတယ် ။ နေစမ်းပါဦး ၊ သမီးက ဒါတွေကိုဘယ်လိုလုပ်ပြီးတတ်နေရတာလဲ''

ဟု မေးလိုက်ရာ သမီးလေးက ...

“ ဒီဥစ္စာ ဆန်းကျမ်းဗေဒင်ပဲ အဖေကြီးရဲ့ ၊ သမီးကို အမေစိန်က သင်ပေးထားတာ ။ သမီး ( ၇ ) တန်း ကတည်းက တတ်ပါတယ် ” ဟုပြောလေ၏ ။

“ နေစမ်းပါဦး ၊ ဒီခင်စိန်က ဒါတွေတတ်သတဲ့လား ” ဟု ကျွန်ုပ်မေးလိုက်ရာ မင်းနန်သူလေးက ...

“ အမေစိန်ရဲ့ အဖေကြီးက ဗေဒင်အလွန်တတ်တယ်ဆိုပဲ ။ နောက်ပြီးတော့ အဲဒီရွာမှာ မူလတန်းကျောင်းအုပ်ဆရာကြီးတဲ့ ။ အခုတော့ မရှိတော့ပါဘူး ။ အမေစိန်က သမီးကိုဇာတာဖွဲ့နည်း ၊ အာယုစန်းဟောနည်းပါ သင်ထားပေးတယ် ။ သမီး ဇာတာဖွဲ့တတ်ပါတယ် ။ ထန်းဖူးပေါ်မှာ ကညစ်နဲ့လည်း ရေးတတ်ပါတယ် ” ဟု ပြောရာ ကျွန်ုပ်လည်း မျက်လုံးပြူး၍ သွားရလေ၏ ။ ထို့နောက် မင်းနန်သူက အင်္ဂဝိဇ္ဇာအကြောင်း ပြောပြန်လေ၏ ။ သူပြောပြသော အင်္ဂဝိဇ္ဇာမှာ ပုဂံ ခေတ်တွင် အသုံးပြုခဲ့သော အင်္ဂဝိဇ္ဇာ ၊ မိတ္ထီလာပြည်ကြီးတွင် ဆရာကာလီဒါသက တြိစန္ဒြမင်းနှင့် အတိတျာမင်းသားတို့ကို သင်ပေးခဲ့သော အင်္ဂဝိဇ္ဇာဖြစ်၏ ။ ကျွန်ုပ်လည်း အံ့ဩနေ၏ ။

“ ဪ ခင်စိန်က အဲဒီလောက်ကို တတ်သကိုး ၊ ပြီးတော့ သမီးကလေးပါ အဲဒီလောက်ထိ တတ်ထားတာကိုး ” ဟုပြောလိုက်ရာ မင်းနန်သူက ...

“ တတ်ပါတယ် အဖေကြီးရဲ့ ၊ သမီးကျိန်ပြီးပြောရမလား ” ဟု ပြန်၍ မေးလေ၏ ။ ထိုအခါ ကျွန်ုပ်က ... “ ယုံပါတယ် သမီးရယ် မကျိန်ပါနဲ့တော့ ၊ သမီးဆိုတဲ့ ကျိန်စာကို အဖေကြီး ကြက်သီးထလွန်းလို့ပါ ” ဟုပြောရလေ၏ ။

ဤသို့နှင့်ပင် သမီးကလေး မင်းနန်သူသည် ( ၁ဝ ) တန်းသို့ပင် ရောက်ရှိလာ၏ ။ ထိုအချိန်၌ သမီးကလေးက စင်ကာပူတွင် ကျောင်းတက်လိုသည်ဆိုသဖြင့် ကျွန်ုပ်လည်း ကြိုးစားရလေ၏ ။

သမီးကလေး စင်ကာပူသို့ သွားမည့်နေ့တွင် ခင်စိန်သည် မခွဲနိုင်သဖြင့် လူးလှိမ့်၍ ငိုလေ၏ ။ ကျွန်ုပ်လည်း မျက်ရည်သာ မကျခြင်း ဖြစ်၏ ။ သို့ရာတွင် ငိုကြွေးနေ၏ ။ နေ့စဉ်နေ့တိုင်းလည်း ခင်စိန်နှင့် ကျွန်ုပ်သည် ...

“ သည်အချိန် သမီးကလေး ကျောင်းတက်နေပြီ ၊ ဒီအချိန် သမီးကလေး ထမင်းစားနေပြီ ၊ ဒီနေ့ကျောင်းပိတ်တယ် ၊ သမီးကလေး ဘယ်လျှောက်လည်နေမယ် မဆိုနိုင်ဘူး ” ဟု ပြောဖြစ်ကြတော့၏ ။

( ၂ ) နှစ်ခန့်ကြာသောအခါ ကျွန်ုပ်လည်း သမီးကလေးကို လွန်စွာမှ လွမ်းဆွတ်မိလေ၏ ။

ထို့ကြောင့် သမီးကလေး ပြန်လာရန် အတွက် “ အဖေကြီး အသည်းအသန် ဖြစ်နေသည် ။ ဆေးရုံတက်နေရသည် ” ဟု လိမ်လည်၍ မှာကြားလိုက်ရာ ချစ်လှစွာသော သမီးကလေး မင်းနန်သူ သည် နေ့ချင်းညချင်း ရောက်ရှိလာလေ၏ ။

ကျွန်ုပ် ဘာမှမဖြစ်သည်ကိုတွေ့လျှင် သမီးကလေးက ...

“ အဖေကြီးက သမီးကို လိမ်တာကိုး ၊ အဲဒီလို လိမ်တာကိုမကြိုက်လို့ ပုဂံခေတ်က လူတွေက ကျိန်ဆိုတဲ့ဓလေ့ လုပ်ကြတာပဲ ” ဟုပြောလေ၏ ။ သမီးကလေး ရှိနေစဉ်အတွင်း စိတ်ပြေလက်ပျောက်သဘောဖြင့် သမီးကလေးကို ရခဲ့သော ငမိုးရိပ်ချောင်းဘေးမှ ရွာကြီးဆီသို့ အလည်အပတ်သွားကြလေ၏ ။ ခင်စိန်လည်း လိုက်ပါခဲ့လေ၏ ။ ကျွန်ုပ်တို့ လာမည်ဆိုသောကြောင့် သူကြီးဦးစိန်အုပ်က ကြက်သားဟင်းဆီပြန် ၊ ပုဇွန်တုပ်အစိမ်းသုပ် ၊ ငါးဖယ်ရိုးဟင်းချိုတို့ကို စီမံထားလေ၏ ။

မင်းနန်သူကလေးကို ကောက်ရစဉ်က လိုက်ပါခဲ့သော ကာလသားများလည်း လူကြီးများ ဖြစ်ကုန်ကြပြီဖြစ်၏ ။ အချို့မှာ ကျေးရွာကောင်စီအဖွဲ့ဝင်များ ဖြစ်၏ ။ အချို့မှာ ကုန်သည်ကြီးများ ဖြစ်နေကြပြီဖြစ်၏ ။ ၎င်းတို့အနက် မှ အချို့က ကျွန်ုပ်အား ... “ ဆရာ ဟိုအိမ်ကြီးပေါ်က ကျိန်စာနဲ့ရတဲ့ ကလေးလား ” ဟု မေးကြလေ၏ ။

ကျွန်ုပ်ကလည်း “ ဟုတ်ပါတယ် တိုးတိုးပြောစမ်းပါ ၊ သမီးကြားသွားပါဦးမယ် ” ဟု ဟန့်တားရလေ၏ ။ အချို့ကလည်း - “ ကြည့်စမ်းပါဦး  ၊ တသွေးတမွေးကြီးနော် ” ဟု ပြောကြကုန်၏ ။ ထမင်းစားပြီးသောအခါ၌ ငမိုးရိပ်ချောင်းဘေးတွင် လျှောက်၍ ကြည့်လိုသည်ဟု သမီးက ပူဆာသောကြောင့် ကျွန်ုပ်နှင့် ခင်စိန်သည် သမီးကလေးကို လိုက်လံပြကြလေ၏ ။

တစ်နေရာသို့ ရောက်သောအခါ၌ ရှည်လျားသော မြက်တောတစ်ခုကို ဖြတ်၍ လျှောက်ရလေ၏ ။ ထိုသို့ လျှောက်စဉ် သမီးကလေးသည် “ အား ” ဟု ငယ်သံပါအောင် အော်၍ လဲကျသွားသဖြင့် ကျွန်ုပ်လည်း သမီးကလေးအား ပွေ့ထားရလေ၏ ။ ခင်စိန်ကမူ သမီး၏ ခြေထောက်အနီးသို့ ကြည့်လိုက်ပြီးလျှင် - “ မြွေ မြွေ မြွေ ” ဟု အလန့်တကြား အော်လေ၏ ။ ထိုအခါ လှည်းလမ်းကြောင်းတွင် လျှောက်လာသော ရွာသားတစ်ဦးက တုန်တစ်ချောင်းကို ကောက်လာပြီးလျှင် ထိုမြွေကို ရိုက်၍ သတ်လိုက်လေ၏ ။

ကျွန်ုပ်လည်း မကြည့်မရဲကြည့်ရဲနှင့် ထိုမြွေကိုကြည့်လိုက်ရာ တစ်ကိုယ်လုံး အစက်အပြောက်များ ပြည့်နေသည့် မြွေမျိုးဖြစ်သည်ကိုတွေ့ရလေ၏ ။ မြွေကို ရိုက်သောသူက “ ငန်းပြောက် ငန်းပြောက် ၊ မြွေဟောက်အုပ်စုထဲမှာပါတယ် ။ သူတို့က ငါးမျိုးရှိတယ် ။ ငန်းပြောက် ၊ ငန်းကြား ၊ ငန်းငါးပါးလို့ခေါ်တယ် ၊ အဆိပ်ပြင်းတယ် ၊ ကျွန်တော် ကျန်းမာရေးမှူးကို သွားခေါ်ဦးမယ် ” ဟု ဆိုကာ ပြေးထွက်သွားလေ၏ ။

ကျွန်ုပ်လည်း အားပေးစကားပြောကာ သမီးကလေးကို ပွေ့ထားရလေ၏ ။ ခင်စိန် မှာမူ ထဘီကို ဖြဲ၍ မြွေကိုက်သော ဒဏ်ရာအထက် မှနေ၍ စည်းပေးထားလေ၏ ။

ကျန်းမာရေးမှူးရောက်လာပြီးလျှင် စမ်းသပ်ကြည့်ကာ ခေါင်းကိုဖြေးညင်းစွာ ခါလိုက်လေ၏ ။ သမီးလေးမှာ အသက်ပျောက်နေပြီဖြစ်၏ ။ ခင်စိန်သည် မြေပြင်ပေါ်တွင် လူးလှိမ့်၍ ငိုကြွေးနေ၏ ။

ငိုကြွေးရင်း တက်၍ သွားသဖြင့် အနီးအပါးမှ မိန်းမများက ခြေမများ ၊ လက် မများကို ချိုးပေးကြလေ၏ ။ ကျွန်ုပ်မှာလည်း ကမ္ဘာပျက်သကဲ့သို့ ခံစားရလေ၏ ။ သမီးကလေးသည် အသက်ထွက်ခါနီးတွင် ...

“ အဖေကြီး ဘယ်တော့မှ မကျိန်နဲ့ နော် ” ဟု မပီကလာ ပီကလာပြောသွားလေ၏ ။ ကျွန်ုပ်လည်း ခင်စိန် သတိရလာသောအခါ၌ ခင်စိန်အား ကြိမ်းမောင်းမိလေ၏ ။

“ အယုတ် တမာမ ၊ ကလေးကို ကျိန်နည်းတွေ နင်သင်တာ ၊ မြို့မှာနေတဲ့ ကလေး မြွေကိုက်သေရတယ်လို့ဗျာ ” ဟု ယောင်ယမ်း၍ အော်ဟစ်မိလေတော့၏ ။ ထို့နောက်တွင်ကား သူကြီး၏ အကူအညီနှင့်ပင် ထိုရွာ၏ သင်္ချိုင်း၌ သမီးကလေးကို ဂူသွင်း၍ သင်္ဂြိုလ်လေ၏ ။

ကျွန်ုပ်သည် ရန်ကုန်တွင်နေသည်ဆိုသော်လည်း တစ်ပတ်တစ်ခါ ထိုသင်္ချိုင်းသို့ သွားရောက်ကာ သမီးကလေး၏ အုတ်ဂူ၌ရှိသော ပန်းအိုးကလေးများကို ပန်းလဲ၍ ပေးတတ်လေ၏ ။ ထိုအချိန်မှစ၍ ကျွန်ုပ်သည် ရာသက်ပန် ကိုးပါးသီလနှင့်သာ နေလေတော့၏ ။ တစ်နေ့တွင် ကျွန်ုပ်သည် သမီးကလေး၏ အုတ်ဂူတွင်ကပ်နေသော ရေညှိများကို အုန်းဆံဖတ်နှင့် တိုက်နေမိလေ၏ ။ ထိုအချိန်၌ မော်တော်ကားတစ်စီးသည် မလှမ်းမကမ်းတွင် လာ၍ရပ်လေ၏ ။ ထို့နောက် ကားပေါ်မှ သမီးကလေးတို့အရွယ် ကောင်လေးတစ်ယောက် ဆင်းလာလေ၏ ။

ကောင်လေးမှာ ရုပ်ရည်ချောမော၍ ယောက်ျားပီသပြီးလျှင် အရပ်အမောင်း ကောင်းလေ၏ ။ ထို့နောက် ထိုကောင်လေးက ကျွန်ုပ်အား အင်္ဂလိပ်ဘာသာစကားဖြင့် နှုတ်ဆက်လေ၏ ။ ပြီးလျှင် ထိုကောင်လေးက သူသည် မင်းနန်သူနှင့် စင်ကာပူတွင် ကျောင်းနေဖက်ဖြစ်ကြောင်း ၊ ထို့ပြင် မင်းနန်သူ၏ ချစ်သူလည်း ဖြစ်ကြောင်း ရှင်းပြလေ၏ ။

မင်းနန်သူနှင့် ၎င်းသည် ခွဲ၍ မပြန်ကြောင်း ကတိကဝတ်ထားကြလေ၏ ။ ထိုသို့ထားရာတွင် ၎င်းက မင်းနန်သူအား မယုံဘူးဟု ပြောမိရာ ... “ အန်ကယ်ရယ် မင်းနန်သူက ကျိန်လိုက်တာ မပြောနဲ့တော့ ခွဲပြီး ပြန်ခဲ့လို့ရှိရင် အဲဒီကျိန်စာ စူးပါစေပေါ့ ။ ကျိန်စာကလည်း အရှည်ကြီးပဲ ၊ သူပဲတတ်တယ် ။ သူ့ကျိန်စာကို နားထောင်ရတာ ကျွန်တော်ဖြင့် ကြောက်တောင် ကြောက်တယ် ။ မီးစလို တိုပါစေ ဆိုတာလည်း ပါတယ် ၊ မြွေကိုက်ပြီး သေပါစေ ဆိုတာလည်း ပါတယ် ။ မြွေနာမည်တွေတောင် ထည့်ပြီးဆိုတယ် ။ အန်ကယ်က လိမ်ပြီးခေါ်လိုက်တော့ မင်းနန်သူက ပေးထားတဲ့ ကတိကိုဖျက်ပြီး ပြန်လာရတော့ သူကျိန်တဲ့ ကျိန်စာဟာ သူ့ကို စူးသွားပြီနဲ့တူတယ် ” ဟုပြောလိုက်ရာ ကျွန်ုပ်က ... “ သိပြီ သိပြီ မပြောနဲ့တော့ ” ဟု ပြောလိုက်ရလေ၏ ။ ခင်စိန်မှာမူ မျက်နှာကို လက်ဝါးနှင့် အုပ်ကာ ရွာဘက်သို့ ထွက်ပြေး သွားလေတော့၏ ။

ကျွန်ုပ်သည် မင်းနန်သူ၏ အုတ်ဂူကို ခေါင်းဖြင့်ဆောင့်၍ ငိုကျွေးနေလေ၏ ။ ထိုအချိန်၌ မိန်းမကြီးတစ်ယောက်သည် တောင်ဝှေးတစ်ချောင်းထောက်၍ ကျွန်ုပ်ထံသို့ ရောက်လာလေ၏ ။ ထို့နောက် ကျွန်ုပ်အနီးတွင် ထိုင်ကာ ...

“ ကဲ ကျောင်းဆရာလေး ၊ အဒေါ်က ဟိုးဘက် ရွာကပါ ။ ကလေးမအတွက် စိတ်မကောင်းလို့ပါ ။ ကျောင်းဆရာလေး ကလေးမအတွက် ဘယ်လောက် ပူဆွေးနေရတယ်ဆိုတာလည်း အဒေါ်ကြားတယ် ။ အဒေါ်ဟာ အခု အသက် ၈ဝ ကျော်ပါပြီ ၊ သွေးတိုးရောဂါလည်းရှိတယ် ၊ သိပ်ပြီး ကြာကြာ နေရမှာ မဟုတ်ပါဘူး ။ ဒါကြောင့် ကလေးမရဲ့ အဖြစ်မှန်ကို သိအောင် လှည်းကြုံနဲ့ လိုက်လာပြီး ကျောင်းဆရာလေးကို လာတွေ့တာပါ ။ ဒီကလေးမလေးဟာ ဘယ်သူ့သမီးလဲ ” ဟု မိန်းမကြီးက မေးလေ၏ ။

“ ဘယ်သူ့သမီးကမလဲ အဒေါ်ရယ် ၊ မင်းနန်သူကလေးဟာ ကျွန်တော့်သမီးပေါ့ '' ဟုပြောလိုက်လျှင် မိန်းမကြီးက ... “ ဆရာလေးသမီးဆိုတာတော့ ဟုတ်ပါတယ် ၊ ဒါပေမဲ့ သမီး အရင်းတော့ မဟုတ်ဘူးလေ ။ ဟိုချောင်းနဖူး သရဲခြောက်တယ်ဆိုတဲ့ အိမ်ကြီးက ဒီကလေးရခဲ့တာ မဟုတ်လား ။ ဒီကလေးဟာ မင်းအိမ်ကို ရောက်နေတဲ့ ခင်စိန်နဲ့ သူကြီးစိန်အုပ် တို့ တိတ်တိတ်ညားပြီး ရတဲ့ ကလေးကွယ့် ။ ခင်စိန် ကိုယ်ဝန်ရှိတဲ့ အခါမှာ ရွာက မသိအောင် သူကြီးစိန်အုပ် ကိုယ်တိုင် အဒေါ့် အိမ်မှာ လာပြီး ပို့ထားတာ ။ ဒီကလေးကို အဒေါ့်အိမ်မှာပဲ မွေးသွားတာ ''

“ ဒီကလေးကို မင်းလက်ထဲရောက်အောင် စီမံတာကတော့ ခင်စိန်ဉာဏ်ပဲ ။ ခင်စိန်ဟာ အတော်ဉာဏ်ပြေးတဲ့ မိန်းကလေး ။ မင်းဆီကိုလည်း ကလေးရောက်ရော ၊ သူကြီးက သူ့ကို ကလေးထိန်းအဖြစ်နဲ့ တစ်ဖက်လှည့် လာပို့တာ ။ ခင်စိန်ဟာ တောသူဆိုပေမဲ့ မခေဘူး ကျောင်းဆရာရေ့ ၊ ဗေဒင်လေးပုံကိုလည်း ဆူရာရွေးနှုတ်ပြီး မီးဖုတ်စားထားတဲ့ မိန်းမ ''

“ ရှေးဟောင်းရာဇဝင်တွေလည်း ထုံးလိုချေ ရေလိုနှောက်ထားတာ ၊ အဲဒါလေး သိအောင် လာပြီးပြောတာ ။ နောက်တစ်ခုကတော့ သူကြီး နဲ့ ခင်စိန်က ပေါင်းတော့တာမှ မဟုတ်ပဲ ၊ အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ကို ဒီအတိုင်း ပစ်မထားပါနဲ့ကွယ် ၊ မင်းပဲ ယူလိုက်ပါ ” ဟု ပြောသဖြင့် ကျွန်ုပ်က

“ ကျွန်တော်က ကျိန်စာကိုကြောက်တယ် ၊ ခင်စိန့်ကိုမယူရဲပေါင် ” ဟု ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်ပြီးနောက် ... “ သမီးကလေး မင်းနန်သူရေ အဖေကြီးပြုတဲ့ ကုသိုလ်ကောင်းမှုတွေ အားလုံး ရပါစေကွယ် ၊ အမျှ  ၊ အမျှ  ၊ အမျှ ” ဟု အမျှပေးလိုက်ပြီးလျှင် ကျွန်ုပ်၏ မျက်လုံးအိမ်မှ စီးကျလာသော မျက်ရည်နှစ်ပေါက်ကို လက်ဖနောင့်နှင့် သုတ်ရင်းထိုနေရာမှ ထွက်လာခဲ့လေ၏ ။

ထို့နောက် မင်းနန်သူ၏ ချစ်သူဆိုသော ကောင်ကလေး၏ ကားနှင့်ပင် ကျွန်တော်ရော ခင်စိန်ပါ လိုက်ပါလာကြလေတော့သတည်း ။

◾ မင်းသိင်္ခ

📖 မင်းနန်သူ နှင့် ဂမ္ဘီရလောက ဝတ္ထုတိုများ

koaungnaingoo.blogspot.com

.

Saturday, August 21, 2021

သာဓု သာဓု သာဓု


 

❝  သာဓု သာဓု သာဓု ❞

( ၁ )

ပါဠိတွင် “ သာဓု ” ဆိုသည်မှာ “ ကောင်းလေစွ ” ဟု အဓိပ္ပာယ်ရရှိပါသည် ။

“ သု - စိ - ပု - ဘာ - ဝိ - လိ - သိ - ဓာ အက္ခရာစွဲသုံး ဤရှစ်လုံးကိုသီကုံးပန်းသွင် နေ့တိုင်းဆင်လော့ ”

ဟူ၍ ရှေးစာ၌ ကျွန်တော် ဖတ်မှတ်ခဲ့ဖူးပါသည် ။ ထိုမှနေ၍ ( သု ) ပထမဆုံး အက္ခရာနှင့် ( ဓာ ) နောက်ဆုံးစာလုံး အက္ခရာကိုယူပြီး သုဓာ-သာဓု ဟု ပြောင်းပြန် ပြန်ဆိုကြသည်ဟူ၍လည်း ပညာရှင်အချို့က မိန့်ဆိုပြန်ပါသည် ။

မည်သို့ပင်ရှိစေ သာဓုသည် ကောင်းမြတ်သော နိမိတ်ကို ဆောင်သည်မှာကား သေချာပေ၏ ။

မင်္ဂလာကိစ္စ၌ဖြစ်စေ ၊ အမင်္ဂလာဖြစ်စေ အမျှပေးဝေခြင်းဆိုင်ရာ ကိစ္စ များတွင် သာဓု ... သာဓု ... သာဓု ဟူ၍ သုံးကြိမ်တိုင်တိုင် အနုမောဒနာ ပြုကြရမြဲ ဖြစ်သည်ကိုကား ဗုဒ္ဓဘာသာဝင်အပေါင်းတို့ သိပြီးသား ဖြစ်ပါလိမ့်မည် ။

ကျွန်တော်သည် ဗုဒ္ဓဘာသာ၌ သက်ဝင်သူတစ်ဦး ( ဆုတောင်းခြင်း မဟုတ်ပါ ။ မြတ်စွာဘုရား၏ အဘိဓမ္မာကို ဆိုလိုပါသည်) ဖြစ်သည့်အလျောက် ထိုသာဓု ဝေါဟာရနှင့် ပတ်သက်၍ စိတ်ဝင်စားခဲ့သည်မှာ ကြာပါပြီ ။

သို့ရာတွင် ကျွန်တော် ယခုပြောလိုသည်မှာ သာဓု အကြောင်း မဟုတ် ရပါ ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် ပါဠိဘာသာ၌ ကျွမ်းကျင်သူ တစ်ယောက် မဟုတ်သောကြောင့် ဖြစ်ပါကြောင်းဗျာ ။

ထားပါတော့ ၊ ကျွန်တော်က ပါဠိဘာသာ၌ ကျွမ်းကျင်သူ ဖြစ်ပါစေဦးတော့ ။ ဤဝတ္ထု၌ ထိုကိစ္စသည် ကျွန်တော်ပြောလိုသော အကြောင်း မပါဝင်ပါဟု ဝန်ခံရပါမည် ။ ထို့ကြောင့် ထိုပါဠိ သာဓုအကြောင်းကိုကျွန်တော် ပြောနေခြင်းမဟုတ်ဟု ဝန်ခံရခြင်း ဖြစ်ပါသည် ။

ကောင်းပါပြီ ၊ ဘယ်သာဓု အကြောင်းပါလိမ့်ဟု မေးရန် အကြောင်းရှိပါသည် ။

ကျွန်တော် သိပါသည် ။ “ ဟဲ .. ဟဲ ... မင်းအဖေရဲ့ နာမည်ကိုသုံးတာ ပြောတာ မဟုတ်လား ” ဟု ထင်ကြပါလိမ့်မည် ။

ကျွန်တော်သည် အမေရိကန်လူမျိုး ၊ အင်္ဂလိပ်စသော အနောက်တိုင်းလူမျိုး မဟုတ်ရပါ ။ မြန်မာလူမျိုး ဖြစ်သည့်အလျောက် မိမိ၏ မွေးကျွေးမိဘကို မည်သို့လျှင် သူငယ်ချင်း အချင်းချင်း ခေါ်ငင်သကဲ့သို့ ခေါ်ငင်ရပါမည်နည်း ။

“ သာဓု ” ဟု ။

ကုန်ကုန်ပြောကြကြေးဆိုလျှင် ကျွန်တော့်မှာ ဦးသာဓုဟုပင် ခေါ်ပိုင် ခေါ်နိုင်ခွင့် မရှိပါ ။

ခေါ်တော့ကော ဘာဖြစ်သနည်း ။ ဘာမျှမဖြစ်ပါ ။ စာရေးဆရာ ဟူသည်မှာ ရာထူးဌာနန္တရ ရှိသူများ မဟုတ်ပါ ။ မိမိကိုယ် မိမိ ဘွဲ့ပေးရသူများ ဖြစ်ပါသည် ။ အဲ ... ကိုယ့်ဘာသာကိုယ် ပေးပြီး ၊ ကိုယ့်ဘာသာကိုယ် ထောက်ခံသော ဘွဲ့ မျိုးတော့ကား မဟုတ် ။ အများပြည်သူ စာဖတ်ဆရာ - စာပေဆရာ ( ရှဲဒိုးမပါ ) ကလည်း သတ်မှတ်ပေးရပေမည် ။ ထားပါ ။ ကျွန်တော် ပြောလိုသည်မှာ စာရေးဆရာချင်း တစ်ဦးနှင့် တစ်ဦး ခေါ်ဆိုရာ၌ အသက်ဂုဏ် ၊ ပညာဂုဏ်ကိုလိုက်ပြီး ဆရာကြီး ၊ ဆရာ ဟူ၍ ခေါ်ဝေါ် သုံးစွဲနိုင်သလို ၊ ကလောင်နာမည်ကိုပင် တိုက်ရိုက် သာဓု ၊ သော်တာဆွေ စသည်ဖြင့် ခေါ်ဝေါ်နိုင်ခွင့် ရှိပေသည် ။ သဘာဝကျသည်မှာလည်း သေချာပေသည် ။

ဆိုပါစို့ ။ စာရေးဆရာ မောင်စွမ်းရည် ၊ တပ်ကြပ် မောင်ထူး တို့အား ကျွန်တော်က ဆရာဟု ခေါ်တန်ရာသည် ။ သို့မဟုတ် ပရိသတ်တစ်ယောက်အနေဖြင့် ကလောင်အမည်ကိုသာ ခေါ်ရပေမည် ။ ဦးတပ်ကြပ် အဲ ... စဉ်းစားသာ ကြည့်ကြပေရော့ပဲ ။

ထို့ကြောင့် စာရေးဆရာချင်း ဆက်သွယ်ရာ၌ ဆရာဟူသော ဂုဏ်ပုဒ်ကို သုံးလျှင်သုံး ၊ ကလောင်အမည်ကို သုံးချင်သုံးဟု ကျွန်တော် ယူဆမိခြင်း ဖြစ်ပါသည် ။

သို့ရာတွင် -

လူတစ်ယောက်ကို စာရေးဆရာသော ဘာသော သဘောမထားဘဲ လူသားတစ်ယောက် အနေနှင့်သာ ဆက်ဆံမည်ဆိုပါမူ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ ဦး - ဒေါ် - ကို - မ စသဖြင့် အဆုံးစွန် “ ဟဲ့ကောင် ” ထိ အလိုက်အထိုက် ခေါ်ဆိုနိုင်ကြပါသည် ။

ယခု ကျွန်တော် ပြောလိုသည်မှာ ကျွန်တော်၏ ဖခင်ကို “ သာဓု ” ဟု ခေါ်၍ မဖြစ်ခြင်းအကြောင်း ဖြစ်ပါသည် ။

အဘယ့်ကြောင့်ဆိုသော် ထိုအဘယ့်ကြောင့်ဆိုသော်သည် အရေးကြီးသော အဘယ့်ကြောင့် ဖြစ်ပါသည် ။

အဘယ့်ကြောင့်ဆိုသော် -

ကျွန်တော့် ဖခင်သည် ' အဖေ ' ဖြစ်သောကြောင့် ဖြစ်ပါသည် ။

ကျွန်တော်၏ စကားများကို ကျွန်တော် မေ့လေ့မရှိပါ ။ သူများ စကားကိုတော့ တန်ဖိုးအလိုက် သတိထား မှတ်ပါသည် ။

ကျွန်တော် အစ၌ ပြောခဲ့ပြီးပါပြီ ။ မိမိ၏ ကျွေးမွေးဖခင်ကို မည်သို့လျှင် သူငယ်ချင်းခေါ် ခေါ်ရပါ့မည်နည်းဟု ။ ကောင်းပြီ ၊ ဆရာဟု ခေါ်ရပါမည်လား ။ တစ်မျိုးကြီးပဲ ။ ကိုသာဓု ဟု ခေါ်ရအောင်ကလည်း ရွယ်တူတန်းတူ ကျနေတာပဲ ။

ထို့ကြောင့်ပင်လျှင် အဖေ့ကို သာဓု ဟု ကျွန်တော် ခေါ်ဝေါ်သုံးစွဲခွင့် မရှိကြောင်း အစဉ်ဖော်ပြခဲ့ခြင်း ဖြစ်ပါသည် ။

ကျွန်တော်သည် အဖေ့ကို အဖေဟူသော ဝေါဟာရမှအပ အခြား စကားလုံးဖြင့် သုံးစွဲခေါ်ပိုင်ခွင့် မရှိပါချေ ။

ဒါဖြင့် မည်သည့် မည်သို့သော သာဓုအကြောင်းကို ပြောလိမ့်မည် ထင်ကြပါသနည်း ။

( ၂ )

စာရေးဆရာ မောင်ရွှေစွန်သည် ရုပ်ရှင်မဂ္ဂဇင်း၌ ဆရာဦးညာဏ အကြောင်းကို ရေးသားခဲ့ဖူးပါသည် ။ ဆရာကြီးသည် စာရေးဆရာ ဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာ ဖြစ်ပါသည် ။ ပညာအရာ၌ ထက် မြက်ပြီး သဘောကောင်းသလောက် ပေကတ်ကတ် ဂျစ်ကန်ကန် အတွေးအခေါ်များ ရှိတတ်သည်ဟု ကျွန်တော်လည်း ကြားဖူးနားဝ ရှိခဲ့ပါသည် ။

တစ်နေ့တွင် မောင်ရွှေစွန်သည် သူ၏ဖခင် ပိုင်ဆိုင်သော ရုပ်ရှင်မျက် မှန် မဂ္ဂဇင်းအတွက် ဆရာကြီးထံ စာမူသွားတောင်းသော ဟူ၏ ။

ဟိုရောက်သောအခါ ထုံးစံအတိုင်း ဆရာကြီး၏အနီး၌ ပံု့ပံု့ကလေး ထိုင်ပြီး ရိုသေစွာ တောင်းခံလေသည် ။

“ အဘ စာမူလာယူတာပါ ” ဟု ပြောသတတ် ။

ဆရာကြီးသည် “ ငါ့ကို အဘလို့ ခေါ်ရသလား ” ဟူ၍ မောင်ရွှေစွန် အား ကြိမ်းမောင်းသည်ဟု ဆို၏ ။

ထိုစဉ်က မောင်ရွှေစွန်သည် အသက် ဆယ့်လေး ၊ ဆယ့်ငါး အရွယ်မျှသာ ရှိသေးသည်တဲ့ ။ ဆရာကြီးကား အဘ ခေါ်ရလောက်သော အရွယ် ရောက်နေပြီတဲ့ ။ သို့ကြောင့် ဆရာကြီး၏ စကားကြောင့် မောင်ရွှေစွန် ခမျာမှာ သူ့နဂိုအရပ်တွင် မကဘဲ ခေါင်းပါပု၍ သွားရသည်ဟု ဆိုပါသည် ။ ပထမတော့ကား သူ နားမလည်ရှာခဲ့ပါတဲ့ ။ နောက် မှ ... ။

“ ဟေ့ ... စာမူလိုချင်ရင် အလဲအလှယ် လုပ်ရမယ် ”

မောင်ရွှေစွန် နားလည်လိုက်ပြီဟု သူ့ကိုယ်သူ ထင်၏ ။ အိတ်ထဲ အသင့်ပါလာသော စာမူခကို ထုတ်ပေး၏ ။ ထိုအခါမှ ပိုဆိုးသွားသည် ။ ဆရာကြီးက သူ့ အား ဆဲလေသည်တဲ့ ။

“ ဟေ့ ... ချာတိတ် ၊ ငါလိုချင်တဲ့ အလဲအလှယ်က ဒါမဟုတ်ဘူးကွ ၊ ပိုက်ဆံဆိုတာ နေရာတကာမှာ အဆုံးအဖြတ် မပေးနိုင်ဘူး ၊ မင်း ငါ့ဆီက စာမူလိုချင်သလား ၊ အေး ... ငါလိုချင်တာ မင်းပေးရမယ် ”

“ ခင်ဗျာ ”

“ ငါလိုချင်တဲ့ အပေးအယူက တခြားမဟုတ်ဘူး ၊ ငါ့ကို ဟေ့ ... ဉာဏလို့ ခေါ်ဖို့ပဲ ၊ ဒါဆို စာမူရမယ် ”

ထိုကိစ္စနှင့် ပတ်သက်၍ ကြောက်ကြောက်လန့်လန့်နှင့်ပင် အချေအတင် ပြောဆိုပြီးသကာလ မောင်ရွှေစွန်သည် ဆရာကြီးအား ဟေ့ .. ဉာဏဟု မျက်စိမှိတ်ပြီး ခေါ်လိုက်ရရှာပါသည်တဲ့ ။

ထိုအခါကျကာမှ ဆရာကြီးသည် မူလ စူပုပ်နေသော သူ့မျက်နှာကို ရုတ်ခြည်းဆိုသလို ပြုံးရွှင်ကြည်သာလိုက်ပြီး -

“ အေးကွ ... ဆရာကြီး ၊ ဆရာ ဦးဉာဏ ၊ ဘဘ ဆိုသလို အခေါ်ခံနေရတာ ငြီးငွေ့လာပြီ ၊ တစ်ခါတစ်ခါတော့ အခုလို အခေါ်ခံချင်သေးတာပေါ့ ”

ဟု ပြောပြီး စာမူ ထုတ်ပေးပါသည်တဲ့ ။

လူကြီးတို့၏ သဘာဝသည် တစ်မျိုးပဲ ။

( ၃ )

စာရေးဆရာ မင်းလူသည် ကျွန်တော်၏ ညီငယ် ဖြစ်ပါသည် ။

တစ်ကြိမ်သောအခါက ကျွန်တော်နှင့် ဆရာအောင်ပြည့်တို့ တစ်ပုဒ်စီ ပူးတွဲရေးသော ' ပန်းစွယ်တော် ရွက်ကလေး ' ဝတ္ထုတစ်အုပ် ထွက်ခဲ့ပါသည် ။

ထိုဝတ္ထုစုံတွဲတွင် ကျွန်တော်နှင့် အောင်ပြည့်တို့နှစ်ဦး သဘောတူပြီး -

“ ကိုယ့်ထက် အသက်ရော ၊ ဂုဏ်ပါငယ်တဲ့လူကို အမှာစာ ရေးခိုင်းကြရအောင် ” ဟု သဘောတူ နားလည်မှု ရခဲ့ကြပါသည် ။

သို့အတွက် မင်းလူကို အမှာစာ ရေးခိုင်းကြပါသည် ။ ပထမသူက ငြင်းဆန်ပါသေးသည် ။ နောက်တော့ အစ်ကို နှင့် ဆရာကို အားနာစွာဖြင့် အမှာစာ ရေးပါတော့သည် ။ ထိုအမှာစာတွင် မင်းလူ ကျွန်တော့်ကို ဝေဖန်ပါသည် ။ သူ မှန်ပါသည် ။ စာရေးဆရာ တစ်ယောက်သည် ဝေဖန်သူကိုမှ မဟုတ် ။ စာဖတ်သူ တစ်ယောက်ကိုပင် အလေးထား နားထောင်အပ်ပေသည် ။

တကယ်တမ်းကျတော့ သူ ဝေဖန်ထားသော အချက် များကို ကျွန်တော်ကိုယ်တိုင်ပင် ကိုယ့်ဘာသာကိုယ် အမှတ်မထားမိသော အချက်ဖြစ်နေကြောင်း ကျွန်တော် ဝန်ခံရပါသည် ။

ဟုတ်တော့လည်း ဟုတ်သား ။ ကျားထိုးနေသူထက် ဘေးမှကြည့်သူက ပိုမြင်ပေမည်သာ ။

သူက ဆိုသည် ။

ကျွန်တော်သည် ဝတ္ထုရေးသောအခါတွင် အတင်းပြောနေသကဲ့သို့ ဟိုခုန်သည်ခုန် ရေးတတ်သည်ဟု ။

သို့ရာတွင် အဆုံး၌ ထိုဟိုခုန်သည်ခုန်များကို ငုံခြုံမိအောင် လုပ်တတ်သည်မှာ အံ့ဩ စရာဖြစ်သည်ဟု ။

အသက်နှင့် ဂုဏ် ၊ ကြီးသည်ငယ်သည် မဟူရာပဲ ၊ သူပြောသော စကားကို နားလည်စွာဖြင့် ယခု ကျွန်တော်၏ ဟိုခုန်သည်ခုန် ပြောခဲ့သော အကြောင်းများကို အဆုံးသတ်ပါတော့မည် ။ ကျွန်တော်၏ ဝတ္ထု စပါပြီ ။

( ၄ )

ကျွန်တော်၏သား မောင်သောကြာသည် ယခု အသက် တစ်နှစ် နှင့် ငါးလရှိပါပြီ ။

သားသည် တစ်နှစ်နှင့် နှစ်လတွင် စ၍ စကားပြောပါသည် ။ သူ၏ နှုတ်မှ ပထမဆုံးစ၍ ထွက်သော စကားမှာ သူ့အဘိုးအမည် သာဓု ဖြစ်ပါကြောင်း ၊ ထိုသတင်း ကြားသောအခါ ကျွန်တော်၏ဖခင် ( သား၏ အဘိုး ) သည် အလွန်သဘောကျသဖြင့် သွားကျိုးများပေါ်အောင် ရယ်မောလေသည် ။ “ သားအချစ် မြေးအနှစ် ” ဟု မြန်မာဆိုရိုးစကား ရှိပါသည် ။

ဪ .. သာဓု ... သာဓု ... သာဓု ... ။  ။

◾ သုမောင်

📖  ရှုမဝ မဂ္ဂဇင်း

       ဩဂုတ်လ  ၊ ၁၉၈၃ ခုနှစ်

koaungnaingoo.blogspot.com

.

Friday, August 20, 2021

ည အိပ်ရာထဲ ဝင်


 

  ❝  ည အိပ်ရာထဲဝင် ❞

   “ ညအိပ်ရာထဲဝင်
     ဘုရားရှိခိုးလျှင်
     မောင့်ကို ရည်မှန်းကာ
     ကျန်းမာပါစေ ၊ ချမ်းသာပါစေရှင် ... ”

စာတစ်စောင်ကို လက်တစ်ဖက်၌ ကိုင်ကာ ကျောင်းသူ ခင်စိန်သည် သူ့အိပ်ရာပေါ်တွင် ခြေပစ်လက်ပစ် မချိတရိ ဖြစ်နေ၏ ။ ခင်စိန်၏ ရွှေမျက်နှာတော်သည်ကား ဒေါသမိုးစွေလျက် ချက်ချင်းပင် မျက်ရည်များ သည်းထန်စွာ ရွာချတော့မည်ကဲ့သို့ ဖြစ်နေလေသည် ။

“ အို .. မကြိုက်ဘူး ၊ မကြိုက်ဘူး ၊ ဒီစာကို နည်းနည်းမှ မကြိုက်နိုင်ပါဘူး ။ သူ ငါ့ကို သေသေချာချာ ချိုးတာပါ ၊ အသိသာကြီးပါ ။ ရယ်စရာ မဟုတ်ဘူး ။ ချိုးတာ ... ချိုးတာ ၊ သိပ်ယုတ်တာပဲ ၊ ရွှတ်ပြက်ပြက်နဲ့ ၊ သိပ်ယုတ်တာပဲ ၊ သိပါတယ် ၊ သူ လုပ်လိုက်မှဖြင့် ဒါမျိုးချည်း”

အံကြိတ်လျက် ခင်စိန်သည် စာကို တစ်ဖန် ပြန်ဖတ်လေသည် ။

“ ခင် ... ပေးပို့လိုက်သော ပန်းထိုး လက်ကိုင်ပဝါကလေးအတွက် အများကြီး အားကြီး ကျေးဇူးတင်ပါသည် ။ မောင့်မှာလည်း ပိုးလက်ကိုင်ပဝါများ ပေါပါသည် ။ ထိုကြောင့် ခင်က ပေးသော ထိုပိုးလက်ကိုင်ပဝါကလေးကို နှာစေးနေသော မိတ်ဆွေတစ်ဦးအား ပေးပစ်လိုက်ပါသည် ”

“ အို ... ဟုတ်ပါတယ် ၊ သူ အပြောင်ရေးနေတာ မဟုတ်ဘူး ၊ ချိုးတာ ။ သူ ငါ့ကို တမင်ချိုးတာ ”

“ ဪ .. ငါ မှားတာပဲ ။ သူ့ကို သနားမိတာ ၊ သူ့ကို စာပြန်မိတာ မှားတာပဲ ။ သူ့ဟာသူ သေနေနေ ၊ အစက ငါ့ဣနြေနဲ့ ငါနေရင် ဒီလို အချိုးခံရဖို့ ဝေးလို့ ။ ငါ ရေးမိတဲ့ စာတွေကို ခုနေ အကုန် ပြန်ပြီးရရင် ကောင်းမှာပဲ ။ ဘယ့်နှယ်လုပ်ရမလဲ မသိဘူး ၊ အကုန် ပြန်ရချင်တယ် ၊ အားလုံး စိစိညက်ညက်ခြေပြီး မီးရှို့ပစ်မယ် ။ ငါ့ကိုယ်ကလည်း မိုက်ပြီး စနေနေ့မှာမှ သူ့ဆီကို စာသွားရေးမိတာကိုး ။ စနေနေ့မှာ စာရေးရင် ဘယ်တော့မှ မကောင်းဘူး ၊ ဒါမျိုးချည်း ဖြစ်တတ်တာပဲ ။ ငါကလည်း လွန်လွန်းပါတယ်လေ ၊ ပျော့လွန်းပါတယ် ။ ဘာလို့ သူနဲ့ စာပေးစာယူ လုပ်မိရသလဲ ။ ဪ .. မရေးဘဲလည်း မနေနိုင်ရှာပဲကိုးနော် ။ ချစ်ပါတယ် ၊ ခင်ပါတယ် ၊ ကြင်နာပါတယ် ဆိုတာတွေက သိပ်များနေရှာတာကိုး ။ လောကကြီးမှာ “ကိုကိုရေ ... ကိုကိုရေ ” နဲ့ အမြဲတမ်း လွမ်းချင် ဆွေးချင်နေတဲ့ ငါပေကိုး ။ ဒါ့ကြောင့် အခုလို ထောင့်ငါးရာ ကိလေသာ အားကြီးမှုတွေ ရောက်ကုန်တာပေါ့  ။ အို … ဒီလိုလည်း ဟုတ်သေးပါဘူး ၊ တစ်မျိုးပဲလေ ၊ စာရေးရတာကလည်း ကောင်းပါတယ် ၊ စာရေးရင် စိတ်ထဲမှာ တမြည့်မြည့်ဆွေးပြီး တငွေ့ငွေ့ကလေး ချစ်ချင်လာတာပဲ ။ ဪ ... ငါကလည်း ငါ... ”

“ဒီတနင်္ဂနွေကျရင် ဘုရားကို သွားရဦးမယ် ၊ ခုလို ဆွေးပင်လယ် ဝေနေလို့လည်း ဖြစ်သေးပါဘူး ၊ သေချင်ရုံပဲ ၊ ပန်းဝယ်ပြီး လှူရဦးမယ် ၊ ရတနာသုံးပါးကို ဆည်းကပ်မယ် ၊ ဒီပြင် ဘာမှ ဂရုမစိုက်တော့ဘူး ၊ အားလုံး မေ့ပစ်လိုက် ၊ ကောင်းကောင်းကြီး ဘုရားရှိခိုးလိုက်ဦးမယ် ၊ ဘုရား ဝတ်တက်ရတာလည်း သိပ်ကောင်းတာပဲ ၊ စိတ်ကြည်တယ် ။ “ အစိန္တေယျ ၊ အစိန္တေယျ ၊ အပမေယျ ၊ ကျေးဇူးတော်ရှင် ... ”

ခင့်စိန် သည် စိတ်ထဲ၌ သံနေသံထားနှင့် ဘုရားရှိခိုးကို လေးလေးပင်ပင် ရွတ်ဆိုနေမိ၏ ။ ရွတ်ဆိုရင်းပင် လက်ထဲက စာကို မြင်မိပြန်လေသည် ။

“ ခင်ကိုယ်တိုင် ထိုးသော ပန်းကလေးများမှာ အလွန်လှပသေသပ်၍ ခင်ကဲ့သို့ပင် ချစ်စရာကောင်းပါ၏ ။ သို့သော် နှာစေးသူ မိတ်ဆွေအား ဒါနပြုလိုက်သည်ကို မုချ သာဓုခေါ်လိမ့်မည်ဟု မျှော်လင့်ပါသည် ”

“ အမယ်လေး .. ကဲလိုက်တာ ၊ ကဲလိုက်တာ လွန်လို့ ၊ ယောက်ျားတွေဟာ ဒါမျိုးချည်းပါပဲ ၊ သိပ်လူပါးဝကြတာပဲ ၊ သူ့ကိုယ်သူ ဘာထင်နေသလဲ မသိဘူး ။ ဟုတ်ကဲ့ ... ကျုပ်က သူ့လို ကြမ်းပိုးကို တရိုတသေ ပန်းထိုးပေးရမယ် ၊ မျှော်နေ ၊ သည်လို လက်ကိုင်ပဝါမျိုး စကော့ ( ဗိုလ်ချုပ် ) မှာ တစ်ပဲကို ကိုးထည် ရတယ်ရှင့် ၊ ဟုတ်ပါရော ။ အဲသလို ပြောလိုက်ရတော့ မကောင်းဘူး ၊ သိပ် လူလည်လုပ်တာပဲ ။ ငါ့ကို ဘယ်လို မိန်းမစားများ ထင်နေပါလိမ့် ။ အို .. ငါ့ကိုယ်ကလည်း အူပါတယ် ၊ သူ့ကို အသနား စောမိတာ ငါးပါးမှောက်ကုန်တာပဲ ၊ သူ့ကို မခွဲနိုင် မခွာရက် သိပ်စွဲနေပြီလို့များ ထင်နေရော့သလား ။ ပန်းထိုးပဝါ ပေးတာက တခြားပါ ၊ မဆိုင်ပါဘူး ၊ ငါ့ကို အထင်သေးစရာ ဘာမှ မရှိဘူး ။ ငါ့ကိုများ အပေါစားလို့ ထင်ရင် “ ဟုတ်ကဲ့ရှင် ... ရှင့်ဟာတွေသာ နှစ်ပြား တန်ကြပါပေတယ်ရှင် ” လို့ ပြောင်ပြောင်ကြီး ပြောပြလိုက်စမ်းချင်တယ် ။ သိပါပြီ ၊ နောက် များတော့ သိကြရောပေါ့ ၊ ဘယ်တော့မှ စာမပြန်ဘူး ၊ သေတောင် မရေးဘူး ။ ကြည့်နေ ၊ ဘာ အသုံးကျသလဲ ။ ငါက ချစ်ရပြီး သူက ဒီလို ဂရုမစိုက်သလို စီးပိုး စော်ကား လုပ်နေရင် ဘယ်တော့ ဖြစ်မှာလဲ ၊ ဘယ်လို ယောက်ျားတွေလဲ မသိဘူး ”

“ ကာလကြီးက ခက်သားပဲလေ ၊ သူတို့ကိုလည်း လုံးလုံးအပြစ်ဖို့လို့ မဖြစ် ။ ရည်းစားထားရတာများ စိတ်ပျက်စရာကြီး ။ ဟို ကောက်စိုက်သမသီချင်းလိုပဲ ၊ “ မြေပဲ ကောက်ရတာလေ .. ဖုတ်တွေ မြေတွေ လူးလှချည်ရဲ့ .. ကျုပ် မနေဘူးတော့ ... ဇာတ်ထဲ လိုက်တော့မယ် ၊ ဇာတ်ထဲ လိုက်တော့မယ်...” ရည်းစားထားရတာလည်း မသင့်မတင့် အဆင်မပြေတဲ့ အခါမှာ မိန်းမသားများအဖို့ ဣသိက္ခာ အင်မတန် ပျက်ပြားစေတယ် ။ ငါကလည်း မထားဘဲ မနေနိုင် ။ ရည်းစားများကလည်း အစမှာတော့ သိပ်ပြီး သည်းကြတာပါပဲ ။ “ ခင်က သိပ်ချောတာပဲ ၊ ခင့်ကို သိပ်ချစ်တာပဲ ၊ အချဉ်စားရင် ချိုတယ် ၊ ခင် မသနားရင် ငိုမယ် ” လေး ဘာလေး ညာလေးနဲ့ ။ ဒီကတော့လေ ... အဟုတ်ပဲ သနားလာလို့ ယုံမိ ၊ စာပြန်မိတယ် ၊ စကားလက်ခံပြောမိတယ် ။ တော်တော်ကြာတော့ သူတို့အချစ်တွေက ဘယ့်နှယ် အချစ်တွေလဲ မသိဘူး ၊ အင်မတန် ဖောက်ပြန်တယ် ။ ခွေးအချစ် ၊ ဝက်အချစ်တွေပါ ။ ဟုတ်သားပဲ ၊ မကောင်းဘူး ၊ ဘာမှ မကောင်းဘူး ”

“ ခက်ပါသေးတယ် ၊ ငါကလည်း သဘောကောင်းလွန်းဟန် တူပါတယ် ။ ခက်တယ် ၊ အခုခေတ် ရည်းစားထားရတာကို သိပ်ခက်တာပဲ ။ သဘော မကောင်းပြန်တော့လည်း မကောင်းဘူးတဲ့ ၊ သဘောကောင်းပြန်တော့လည်း ကောင်းလွန်းလို့ မကောင်းဘူးတဲ့ ၊ ဈေးပေါသတဲ့ ။ အို ... သိပ်ခက်ပါတယ် ။ ခြောက်ပြစ်ကင်း ကောင်းနေလို့ပဲ ၊ မတတ်တော့ဘူး ၊ ငါကလည်း လုံးလုံး အပြစ်ကင်းချင်မှ ကင်းမယ်လေ ၊ မပြောတတ်ပါဘူး ၊ ယောက်ျားတွေဟာ ငါနဲ့ တွေ့စမှာတော့ သိပ်ရူးကြတာချည်းပဲ ၊ နောက်ပြီးတော့လည်း တဖြည်းဖြည်း ခွာပြဲကုန်ကြရော ၊ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြရော ”

“ ငါ့မှာ ဘာများ ဒါလောက် ကြောက်စရာ လန့်စရာ ရှိနေလို့ပါလိမ့် ၊ နောက် များမှ အေးအေးဆေးဆေး စဉ်းစားကြည့်ရဦးမယ် ”

“ နို့ပေမဲ့ ငါ စိတ်ရင်းကောင်းမှန်း ၊ ချစ်တတ် ခင်တတ်မှန်းကိုတော့ သူတို့အားလုံး သိကြမှာပါပဲလေ ။ အို .. အဲသည်လို သဘောကောင်းတာတွေကိုပဲ လန့်နေကြတာ ထင်ပါရဲ့ ။ သူတို့ ဘယ်လိုပဲ လန့်ကြ ထိတ်ကြပါစေ ၊ ငါတော့ ချစ်တတ် ခင်တတ်တာ အမှန်ပဲ ၊ ချစ်တတ်တယ်လေ ... “ မြင်းမိုရ်ရွှေတောင်လုံးသာပ ” ပေါ့ ... “ လေးဆူဒီပါ သီတာရေမြေ ဆုံးစေတော့ ” ပေါ့ ။ ဟုတ်တယ် ၊ ဘာဖြစ်သေးလဲ ၊ ချစ်ခြင်းမေတ္တာ ဆိုတာ ရှက်စရာ မဟုတ်ပါဘူး ။ ငါနဲ့ စိတ်တူကိုယ်တူ ၊ တစ်ယောက်အကြောင်းကို တစ်ယောက် နားလည်ပါးလည်နဲ့ ကြင်ကြင်နာနာ လူတစ်ယောက် များ တွေ့ရင် သိပ်ချစ်ပစ်လိုက် မှာပဲ ။ တကယ်ပဲ ၊ သူ့ကို တစ်သက်လုံး ချစ်မယ် ၊ ဘယ်သူတားလို့မှ မနေဘူး ၊ ဇွတ်ချစ်မယ် ။ သူတောင်းစားပဲ ဖြစ်နေနေ ၊ ငဆွံ့ပဲ ဖြစ်ဖြစ် သိပ်ချစ်မှာပဲ ။ သူ့ကို စောင့်ရှောက် မယ် ၊ ကြည့်ရှုမယ် ၊ ကျွေးမယ် ။ သူ ပျော်အောင် ဘာမဆို လုပ်မှာပဲ ၊ အို .. သိပ်ကို ချစ်ပစ်လိုက် မှာပဲ ။ ဒီလို ငါ ချစ်နိုင်မယ့် ငါချစ် တစ်ယောက်လောက် တွေ့စမ်းချင်တယ် ၊ ခဲယဉ်းလိုက်ပါဘိ ၊ အခု တွေ့ရတာတွေကတော့လည်း ခွစာနဲ့ ကြမ်းပိုးနဲ့ တေလေချည်းပါပဲ ၊ မိခင်စိန်တို့ ကုသိုလ်နည်းလိုက်တာ "

“ အဟုတ်ပဲလေ .. လောကကြီးမှာ ကိုယ်ချစ်တာမှ ကိုယ် ယူရမယ်ဆိုတာ မှန်တယ် ၊ သူ့ကို ဘာမှ မခိုင်းမစေဘဲ ငါကချည်းပဲ သမ္ဘူလ တို့လို ပြုစုနေစမ်းချင်တယ် ၊ နေရာတကာမှာ ငါ့ကိုပဲ အားကိုးစေချင်တယ် ၊ ဒီလိုသာဆိုရင် တစ်မျိုးကောင်းမှာပဲ ၊ ပျော်ပြီး လုပ်အား ကိုင်အားတွေ တိုးလာမှာပဲ ။ ကိုယ်ကအားကိုးအားထား လူကြီးလုပ်ရတဲ့ ဘဝမှာ လူကြီးပီပီ လုပ်ကိုင်ကျွေးမွေးရလို့မို့ “ ဝတ္တရားနဲ့ ပြည့်စုံခြင်း သောမနဿ ၊ တာဝန်ကျေပွန်ခြင်း ပီတိ ” ဆိုတာတွေကို ခံစား စံစားရပြီး လောကကြီးဟာ သာယာမှာပဲ ။ ဟုတ်တယ် ၊ အို .. သိပ်ပျော်မှာပဲနော် ၊ ခုလိုပုံနဲ့တော့ ခက်ပါသေးတယ် ၊ စိတ်ရှုပ်ရဖို့ချည်း ဖြစ်နေရတာပဲ ။ တချို့ မိန်းမတွေဟာ ပန်းကလေးတွေကိုချစ်ပြီး သူနာပြုတပ်တို့ ဘာတို့ တည်ထောင်ကြတာဟာ ဒါကြောင့်ပဲ ထင်တယ် ။ မိန်းမ ဆိုတာ ချစ်တတ် ခင်တတ်တဲ့ သဘာဝတွေပဲ ။ ယောက်ျား ဆိုတဲ့ အိမ်က သတ္တဝါများက နည်းနည်းမှ အသုံးမကျကြတော့ သူတို့ဝမ်းထဲမှာ ပိုလျှံနေတဲ့ မေတ္တာရေတွေကို ခုလိုပဲ ပန်းကလေးတွေ ၊ ခွေးနာကလေးတွေပေါ်မှာ သွန်းလောင်းကြရရှာတော့တာပေါ့ ။ ဟုတ်ပါပေတယ် ၊ နို့ပေမဲ့လေ ယောက်ျားထဲမှာလည်း ငါတို့လို ချစ်တတ် ခင်တတ်တာ တစ်ယောက်တလေတော့ ရှိဦးမှာပေါ့ ၊ ဧကန္တ ရှိမှာပါပဲ ”

“ ကနေ့ည ငါ ဘာဖြစ်နေတယ် မသိဘူး ၊ ငိုချင်သလိုလို ၊ ဟောဒီ သေခြင်းဆိုးရဲ့ စာကြောင့်ပါပဲ ၊ သူ့ကိုလည်း သည်လောက် ဂရုစိုက် မနေချင်ပါဘူး ၊ ခက်ပါသေးတယ် ၊ တွေးရင်း တွေးရင်း ဘာလိုလို ညာလိုလိုနဲ့ ငါ့မှာလည်း အချိန်ကုန်လှပြီ ။ တစ်နေ့ တစ်နေ့နဲ့ မငယ်တော့ဘူး ၊ ဒီလိုပဲ လိုတာ မရ ၊ ရတာ မလိုနဲ့ ဇရာယွန်းမှန်းမသိ ယွန်းနေပြီ ။ ကြောက်တယ် ၊ စာသင်ရတာကလည်း ပင်ပန်းလှပြီ ၊ အသားအရေကတော့ ကောင်းပါသေးတယ် ။ မနက်စောစော သနပ်ခါးလူးရဦးမယ် ၊ ပေါင်ဒါလည်း ကုန်ခါနီးပေါ့ ထင်ရဲ့ ၊ အရီတို့ ဈေးထွက်ကြရင် မှာလိုက်ဦးမှပဲ ၊ ခေါင်းမလျှော်ရတာလည်း ကြာသွားပြီ ။ “ ခင့်ဆံထုံးလောက် ကြည့်ကောင်းတာ မြန်မာနိုင်ငံမှာ မရှိဘူး ” တဲ့ ။ ဟဲ .. ရယ်စရာကြီး ။ “ ခင် လမ်းလျှောက်ပုံကလေးကလည်း ဆင်မယဉ်သာလို သိပ်ယဉ်တာပဲ ၊ မောင့်မျက်စိထဲမှာ အမြဲမြင်နေတယ် ” တဲ့ ။ ဪ .. ရွှတ်ပြက်ပြက်နဲ့ တစ်ချက်တစ်ချက် ဘောက်ဆန်တတ်ပေမဲ့ သူ ကောင်းတဲ့ တော်တဲ့ နေရာများလည်း ရှိပေသားပဲ ၊ ငါ့ကို ချစ်ရှာပါတယ် ။ အို .. သူ့ စာကြီးကိုတော့ မကြိုက်နိုင်ပါဘူး ၊ မုန်းပါတယ် ၊ ငါ့ကို တမင်ချိုးတာ ၊ တမင် စိတ်မကောင်းအောင် လုပ်တာ ”

“ မိန်းမများ စိတ်မကောင်းရင် အင်မတန် ဒုက္ခရောက်ကြရှာတာပဲ ။ တချို့ မိန်းမတွေ အရက်သောက်ပြီး ပျက်စီးကုန်ကြတာ ဒါကြောင့်ပေါ့ ”

“ ဟောတော့ .. မီးငြိမ်းသွားပြီ ၊ အို ... သူ့စာကို မီးရှို့ပစ်မယ် ၊ ဘာပဲ ဖြစ်နေနေ ၊ မုန်းစရာကြီး ၊ မသနားဘူး ။ “ မောင့်မှာလည်း ပိုးလက်ကိုင်ပဝါများ ပေါပါသည် ” တဲ့ ။ လူပါးဝလိုက်တာ ၊ ပေါပေမှာပေါ့ ၊ သူ့နှမတွေက ပေးကြမှာကိုး ။ ဪ ... သွေးကြီးနေဦးမယ် ၊ သူ့ဟာသူ ဈေးက ဝယ်တာတွေ နေမှာပါ ”

“သူ့စာကိုများ မီးရှို့ပစ်ရင် ဘာတွေပြောဦးမလဲ မသိဘူး ။ ဪ .. လာပြီး ချွဲနေဦးမှာ မြင်သေးတယ် ၊ သူ ချွဲတာကပေမဲ့ နားထောင်လို့ အကောင်းသား ။ ခေါင်းကြီးငိုက်စိုက်နဲ့ ၊ မျက်စိကလေးတွေ မှေးပြီး ယောင်ချာချာနဲ့ ။ ဪ .. သည်လိုတော့လည်း သနားတယ် ၊ ဒါနဲ့ ချစ်မိပြန်ရော ”

“ အို ... မောပါတယ် ၊ အိပ်မယ် ၊ အိပ်ချင်ပြီ ၊ ခေါင်းမြီးခြုံပြီး ငိုပစ်လိုက်ရ ကောင်းမလားပဲ ။ ဪ ... ဟိုနေ့က ဘိုင်စကုပ်ကြည့်ကြတုန်းကတော့လည်း သူက သိပ်အလိုလိုက်ရှာတာပဲ ၊ ချော့ကလက်တွေ ဝယ်ပေးရှာတယ် ၊ သူ ငါ့ကို ချစ်ရှာပါတယ် ၊ သိပ်ပြီး သည်းညည်းခံတတ်ရှာပါတယ် ။ ညှဉ်းသမျှ ခံရှာတာချည်းပါပဲ ၊ သူ ငါ့ကို ချိုးတာ မဟုတ်နိုင်ပါဘူးနော် ။ ငါ အထင်လွဲလို့ နေမှာပါ ၊ ချစ်လို့ ကျီစားရှာတာပါ ၊ မချိုးပါဘူး ၊ ချိုးတာ မဟုတ်ပါဘူး ၊ ချစ်လို့ ကျီစားတာ ၊ ကလိတာ ၊ အချစ်စမ်းရှာတာပါ ။ အို ... အိပ်ချင်ပြီ ကိုကို ”

◾ ညိုမြ

📖 ဂန္ထလောက မဂ္ဂဇင်း
      ၁၉၃၇ - ခု  ၊ ဇူလိုင်လ
     
koaungnaingoo.blogspot.com

.

နေဝင်သွားတော့ လထွက်သည်


 

❝  နေဝင်သွားတော့ လထွက်သည် ❞

( ၁ )

မမ၏ မျက်နှာသည် လေ ငြိမ်သော ညအခါတွင် အင်းလျားကန်ရေပြင်၌ ပေါ်ထွန်းနေသော လပြည့်ဝန်းကြီးနှင့် တူပါသည် ။ သစ်သစ်၏ မျက်နှာသည် လှိုင်းကြက်သော အင်းလျားကန်ရေမျက်နှာပြင်ကို တဖျတ်ဖျတ် ထိခတ်သော နေရောင်ခြည်နှင့် တူပါသည် ။

( ၂ )

ချစ်သူနှစ်ယောက် ထားဖူးကြပါလိမ့်မည် ။ နှစ်ယောက်စလုံးက တစ်ချိန်တည်း တစ်ပြိုင်တည်း ချိန်းဆိုထားသောအခါ မည်သူ့ထံသို့ သွားရမည်မသိသော အဖြစ်ကိုလည်း ကြုံဖူးကြပါလိမ့်မည် ။ ဇွန်လ ၂၀ ရက် ၊ စနေနေ့ ဖြစ်ပါသည် ။ မမက အရေးကြီးသောကိစ္စ ပြောစရာရှိ၍ လာခဲ့ရန် ချိန်းထားပါသည် ။ မွန်းတည့် ဆယ့်နှစ်နာရီတိတိ အချိန်တွင် မမတို့ ရုံးရှေ့က ကြိမ်ခြင်းတောင်းလေးတွေရောင်းသော တဲလေးများရှေ့က စောင့်ရန် ။ သစ်သစ်က မွန်းတည့် ဆယ့်နှစ်နာရီတိတိတွင် အဆောင်သို့ လာခဲ့ရန် ချိန်းထားပါသည် ။ ဒီနေ့ သစ်သစ် ကျောင်းတက်သောကြောင့် သစ်သစ်ရှိရာ အင်းကြင်းဆောင်သို့ သွားရမည် ။ ကျွန်တော်သည် တက္ကသိုလ်ကျောင်းဝင်းထဲ ကိုအောင်ရင် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေပါသည် ။ ဆယ့်တစ်နာရီ ဆယ့်ငါးမိနစ် ရှိပါပြီ ။

( ၃ )

မမ၏ အချစ်ကိုရရန် တစ်နှစ် တစ်လ နှင့် နှစ်ရက် တိတိ ကြိုးစားခဲ့ရပါသည် ။ မမ၏အချစ်ကိုရရန် မူယာမာယာများ သုံးခဲ့ရပါသည် ။ မမ ကမှ ပြန်မချစ်ရင် စာမေးပွဲ မဖြေတော့ဘူး ဆိုတော့မှပင် ချစ်ပါသည် ။ မသည် ကျွန်တော်နှင့် ချစ်ခါစက ကျွန်တော့်ကို " သူ " ဟု ခေါ်ပါသည် ။ သုံးနှစ်လောက်ကြာတော့မှ “ မောင် ” ဟုခေါ်ပါသည် ။ " မောင် " ဟု ခေါ်ရတိုင်းလည်း မ ရှက်နေတတ်ပါသည် ။ သစ်သစ်၏ အချစ်ကို ရရန် ခြောက်ရက်ခန့် ကြိုးစားရပါသည် ။ အမှန်မှာ ငါးရက် ဖြစ်ပါသည် ။ တနင်္ဂနွေတစ်ရက် ခံသွားသောကြောင့် ခြောက်ရက် ဖြစ်သွားပါသည် ။ သစ်သစ်သည် ကျွန်တော်နှင့် မချစ်ခင်က “ ယူ ” ဟုခေါ်ပါသည် ။ ကျွန်တော်နှင့် ချစ်သည်နေ့မှစ၍ “ ကိုကို ” ဟုခေါ်ပါသည် ။

( ၄ )

မမကို ချစ်ခွင့်ရပြီး လေးလကြာမှ မမ၏ လိုင်စင်ဓါတ်ပုံတစ်ပုံကို ရပါသည် ။ ခြောက်လကြာမှ နှစ်ယောက်ချင်း တွေ့ခွင့်ပေးပါသည် ။ တစ်လလျှင် တစ်ကြိမ်ခန့် ။ သို့ရာတွင် လွန်ခဲ့သော သုံးလခန့်မှစ၍ မသည် တစ်လတစ်ကြိမ်တွေ့ခွင့်ကို အကန့်အသတ်မရှိ ရပ်စဲလိုက်ပါသည် ။ နောက်ဆုံးတွေ့ကြသောနေ့က မမကို ကျွန်တော်က အတင်းနမ်းမိသောကြောင့် ဖြစ်ပါသည် ။ သစ်သစ်သည် ကျွန်တော့်ကို ချစ်ပြီး နောက်တစ်နေ့တွင် သူ၏ ဓါတ်ပုံအယ်လ်ဘမ်ကို လက်ဆောင်ပေးပါသည် ။ လေးလခန့်အတွင်း သစ်သစ်နှင့် ကျွန်တော် ငါးဆယ့်နှစ်ခါတိတိ တွေ့ခဲ့ပါသည် ။ သစ်သစ်သည် အဆောင်ကို ပြန်ခါနီးတိုင်း ကျွန်တော့်ကို သတိပေးတက်ပါသည် ။
“ ကိုကို ဒီနေ့ သစ်သစ်ကို မနမ်းရသေးဘူး "

( ၅ )

မမသည် ကျွန်တော် ဆေးလိပ်သောက်သည်ကို မကြိုက်ပါ ။ “ လူလေးက ငယ်ငယ်လေး ၊ မျက်နှာက ရင့်နေလိမ့်မယ် ။ ပြီးတော့ ဆေးလိပ်သောက်ရင် အဆုတ်မှာ ကင်ဆာဖြစ်မယ် ။ အင်္ကျီမီးပေါက် မယ် ။ ပိုက်ဆံကုန်မယ် ။ ပါးစပ်က ဆေးလိပ်နံ့ နံမယ် "

သစ်သစ်သည် ကျွန်တော် ဆေးပေါ့လိပ်သောက်သည်ကို မကြိုက်ပါ ။

“ ဆေးပေါ့လိပ်ဆိုတာ စာရေးဆရာတွေသောက်တာ ။ ကိုကိုက သူဌေးသားပဲ ။ စီးကရက်သောက်ပေါ့ ။ ဖီလ်တာနဲ့ပြောတာနော် ။ ပြီးတော့ ဆေးပေါ့လိပ်နဲ့ ကိုကို ဂက်စ်လိုက်တာနဲ့ မလိုက်ပါဘူးနော် "

( ၆ )

ဆန်းပြားသော ပုံစံများ ၊ ကြောင်ကျားသော အဆင်များဖြင့် ချုပ်ထားသော အဝတ်အစားများဝတ်လျှင် မမ မကြိုက်ပါ ။ ဘောင်းဘီဝတ်ခြင်းကို မမ တားမြစ်သည် ။ မမထံသို့ တိုက်ပုံအင်္ကျီ မပါဘဲသွားလျှင် အဆူခံရတက်ပါသည် ။ သစ်သစ် သည် ကော်လာမပါသော လည်ပြတ်အင်္ကျီများ ဝတ်သည်ကို မကြိုက်ပါ ။ " ခေတ်က ကျော်ဟိန်းခေတ်လေ ကိုကိုရဲ့ ။ မောင်ဘတင့်ခေတ် မဟုတ်တော့ဘူး ” ထို့ကြောင့် သစ်သစ်သည် ကျွန်တော့်ကို ဘောင်းဘီဝတ်ခိုင်းသည် ။

“ဘောင်းဘီချုပ်ရင် ဖလဲချုပ်နော် ။ ပြီးတော့ကျတော့ အီလပ်စတစ်နဲ့ မချုပ်နဲ့ ။ တောင့်တောင့်ကြီးဖြစ်နေလိမ့်မယ် ။ တက်ထက်စ်ပလိန်းနဲ့ ချုပ် သိလား "

( ၇ )

မမ သည် ကျွန်တော်၏ ရှည်လျားသော ဆံပင်ကို မနှစ်သက်ပါ ။ “ မောင့်ဆံပင်ကြီးကလည်းကွယ် စုတ်ဖွားဖွား ညှဉ်းသိုးသိုးနဲ့ ။ နောက်တစ်ခါ ဒီလိုဆံပင်ကြီးနဲ့ဆိုရင် မမ ဆီ မလာနဲ့ " မမထံသို့သွားလျှင် ဆံပင်နားရွက် မဖုံး‌ေစရ ။ ကော်လာအောက်သို့ ဆံပင် မရောက်စေရ ။ သစ်သစ်သည် ဆံပင် အတိုထားများကို ရှုတ်ချတက်လေသည် ။ " ဆံပင်အတိုနဲ့ဆို ကြည့်ရတာ သိပ်အောက်တာပဲ ။ အေးမြင့် ကို ကြည့်ပါလား ဆံပင်က တိုနံ့နံ့ ။ ကုပ်သားကြီးက ပြောင်ပြောင် ၊ တိုက်‌ေဂါ ပုံကြီး ။ ကိုကို့ပုံကတော့ မိပါတယ် ။ ကိုကို့ဆံပင် ခွေခွေကောက်ကောက်ကလေးတွေက ကုပ်သားပေါ် ဝဲကျနေတာ သိပ်မိုက်တာ ”

( ၈ )

မမ သည် ဆန်းသစ်တီထွင်သော စကားလုံးများကို နားမလည်ပါ ။

“ ဟိုနေ့က မတို့ရုံးကို ဖုန်းဆက်တုန်းကလေ ဖုန်းလာကိုင်တဲ့လူကြီးက ဘယ်သူလဲ ၊ ဘယ်ကနဲ့ တကယ်ဒတ်စ်ပဲ "

" ဘာလဲ မောင်ရဲ့ ၊ ဒတ်စ်ဆိုတာ ”

“ ဒတ်စ်ဆိုတာ အမှိုက်လို့ပြောတာ ၊ ရှုပ်တယ်လို့ပြောတာပေါ့ ”

" မောင်တို့ လမ်းသရဲစကားတွေ မမ နားမလည်ဘူး ။ ဘာတွေမှန်းလည်း မသိဘူး "

စကားအသစ်အဆန်းတီထွင်မှုတွင် သစ်သစ်ကို ကျွန်တော် လိုက်လို့မမီပါ ။

“ ကိုကို ကိုမဲလုံးက ကိုကို့ကို လိုက်ရှာနေတယ် "

“ ဘယ်က ကိုမဲလုံးလဲ "

" ခါလာကြီးရဲ့သား ကိုမဲလုံးလေ "

" ဘယ်က ခါလာကြီးလဲ ၊ ကိုကို မသိပါလား "

“ ကိုကိုကလည်း တုံးလိုက်တာ ”

“ ပြောစမ်းပါဦး သစ်သစ်ရဲ့ ဘယ်သူတွေလဲ "

“ ဘယ်သူတွေမှ မဟုတ်ဘူး ၊ တကယ်လည်း မရှိဘူး ။ ကိုကို့ကို အကြောင်ရိုက်တာ ။ ကိုမဲလုံးက လိုက်ရှာနေတယ်ဆိုရင် တွေ့ပြီးပြီလို့ ပြောရတယ် ။ ဟင်း ... ဘယ်ကလဲ ၊ ဘာညာလုပ်နေရင် ကိုကို အကြောင်မိပြီ ဆိုပြီး ဝိုင်းဟားခံရမှာပေါ့ ”

" ကိုကိုတော့ တစ်ကွက်နောက်ကျသွားပြီကွာ "

( ၉ )

မမ နှင့် နှစ်ယောက်တည်း သွားကြသောအခါ ကျွန်တော်တို့ ရှောင်ရာနေရာများမှာ တက္ကသိုလ်ကျောင်းဝင်း ၊ အင်းလျားကန် ၊ ဗိုလ်တထောင်ဆိပ်ကမ်း ၊ ဗိုလ်ချုပ်ပန်းခြံ ၊ လူရှင်းသော နေရာမှန်သမျှ ဖြစ်ပါသည် ။ အမြဲတမ်းသွားနေကျနေရာမှာ ရွှေတိဂုံဘုရားဖြစ်ပါသည် ။ အများအားဖြင့် ကြေးဆင်းတုတော်ကြီးတွေ ရှိနေသောနေရာ ဖြစ်ပါသည် ။ ဘုရားပေါ်ရောက်လျှင် မမသည် ဘုရားအကြာကြီး ရှိခိုးတက်ပါသည် ။ သစ်သစ် နှင့် လျှောက်လည်ကြသောအခါ ဘုရားပေါ်သို့ မတက်ဖြစ်ကြပါ ။ သစ်သစ်သည် ဗိုလ်ချုပ်ဈေးနှင့် ရုပ်ရှင်ရုံကလွဲ၍ လူရှပ်သောနေရာမျိုးကို မကြိုက်ပါ ။ " လူတွေ့မြင်နိုင်တဲ့နေရာမှာ ထိုင်ချင်ပါဘူး ကိုကိုရယ် ။ ပေါ်တင်ကြီးဆိုတော့ မကောင်းဘူးလေ ၊ သိတယ်ဟုတ်လား "

( ၁၀ )

မမ သည် စိတ်ဘယ်တော့မှမကောက်တက်ပါ ။ သို့ရာတွင် ဆရာသိပ်လုပ်တတ်ပါသည် ။ ဘယ်လိုနေ ဘာလုပ် ဘာတွေဆင်ခြင် ဘာညာကွိကွ မမသည် ကျွန်တော့်ကို အလို မလိုက်ပါ ။ ကျွန်တော်လိုချင်သော အခွင့်အရေးများကို မပေးပါ ။ ထိုအခါ ကျွန်တော် စိတ်ကောက်ပါသည် ။ နောက်တော့ မနေနိုင်လို့ မမကို ပြန်ခေါ်ပါသည် ။ သစ်သစ်သည် တစ်နေ့လျှင် အနည်းဆုံး တစ်ခါ စိတ်ကောက်ပါသည် ။ နာရီပိုင်းအတွင်း စိတ်ပြန်ပြေ သွားတက်ပါသည် ။ သစ်သစ်သည် တစ်လလျှင် အခါသုံးဆယ် ( သို့မဟုတ် ) သုံးဆယ့်တစ်ခါ စိတ်ကောက်တော်ပါသည် ။ တစ်လလုံးနေလို့မှ သစ်သစ် နှစ်ဆယ့်ရှစ်ခါပဲ စိတ်ကောက်တော်သည့်လ လည်းရှိပါသည် ။ ဖေဖော်ဝါရီလ ဖြစ်၏ ။

( ၁၁ )

အခန်းနံပါတ် AB3 ထဲက ကျောင်းသူများ ဆူညံစွာ ထွက်လာကြပါသည် ။ ဆယ့်တစ်နာရီ ငါးဆယ်မိနစ် ရှိပါပြီ ။ ကျွန်တော်သည် ကားပေါ်တက်၍ မောင်းထွက်ခဲ့ပါသည် ။ စီးပွားရေးတက္ကသိုလ်ရှေ့က လမ်းနှင့် ပြည်လမ်းဆုံရာတွင် ကားကို ရပ်ပါသည် ။ ခုချိန်အထိ ကျွန်တော်သည် ဘယ်ကိုသွားရမှန်း မသိသေးပါ ။ ညာဘက်သို့ ချိုးလျှင် သစ်သစ်ရှိရာ အင်ကြင်းဆောင်သို့ ။ ဘယ်ဘက် သို့ချိုးလျှင် မမ တို့ ရုံးသို့ ။

နောက်က ကားတစ်စီးက ဟွန်းတီးနေပါသည် ။ ထိုကားသည် ညာဘက်သို့ကွေ့ရန် အချက်ပြမီးကို ဖွင့်ချည်မှိတ်ချည် ပြုလုပ်နေပါသည် ။

ကျွန်တော်သည် ကားကို ဘယ်ဘက်သို့ ကွေ့ချလိုက်ပါသည် ။

( ၁၂ )

မမ သည် ဗိုလ်ချုပ်ပန်းခြံသို့သွားချင်သည်ဟု ထူးထူးခြားခြား ပြောပါသည် ။ ဗိုလ်ချုပ်ပန်းခြံထဲက ကျောက်ခုံကြီးတစ်ခုံမှာ ကျွန်တော်တို့ ထိုင်ကြပါသည် ။ “ မောင့်ကို အရေးကြီးတဲ့ကိစ္စတစ်ခု ပြောစရာရှိတယ် " မ၏မျက်နှာသည် ထူးခြားစွာ တည်ငြိမ်နေပါသည် ။ အနည်းငယ် တင်းမာသယောင်ရှိပါသည် ။ သို့ရာတွင် ကျွန်တော် မမကို မကြောက်ပါ ။

" မောင် ဘွဲ့ရပြီးရင် ဘာလုပ်ကြမလဲ ”

ကျွန်တော်မဖြေတက်ပါ ။ ဘွဲ့ရပြီးလျှင် ဘာလုပ်ကြမလဲ ။ ဘာလုပ်ကြမလဲ ။ မမသည် ကျွန်တော့်အဖြေကို စောင့်နေပါသည် ။

" ဟင် "

" ဘာလုပ်ကြမလဲ "

“မောင်က သိပ်ခက်ပါလား ၊ မောင် ဘယ်နှနှစ်ရှိပြီလဲ "

" အသက် နှစ်ဆယ် "

" ဒါကို ပြောတာ မဟုတ်ဘူး ။ တက္ကသိုလ်မှာ ဘယ်နှနှစ်ရှိပြီလဲလို့ မေးတာ "

" တတိယနှစ် "

" မမ နဲ့ မောင် နဲ့ ချစ်ခဲ့တာ ဘယ်နှနှစ်ရှိပြီလဲ "

" လေးနှစ်နဲ့တစ်လနဲ့ ၊ အင်း ... နှစ်ဆယ်ရက်နေ့ဆိုတော့ ”

“ ထားပါတော့ လေးနှစ် ။ လေးနှစ်အတွင်းမှာ မောင် လေးလေးနက်နက် လုပ်တဲ့အလုပ် ဘယ်နှခု ရှိခဲ့သလဲ "

ဘယ်နှခုရှိသလဲ ။ ကျွန်တော် မဖြေတက်ပါ ။ မမ ဘာကို ဆိုလိုချင်ပါသနည်း ။ မမကြီးများသည် သူတို့ပြောချင်သော စကားများကို သူတို့ကိုယ်တိုင် မပြောဘဲ မောင်လေးများကို အဘယ်ကြောင့် ခိုင်းရပါသနည်း ။

" ဘယ်နှခု ရှိပါသလဲ "

မမကို ကျွန်တော်က ပြန်‌ေမးပါသည် ။ မမက ဖြေပါသည် ။

" တစ်ခုမှ မရှိဘူး ။ မောင်ဟာ မမနဲ့ လျှောက်လည်ဖို့ ၊ ရုပ်ရှင်ကြည့်ဖို့ ၊ မမဆီက အခွင့်အရေးတွေ အမျိုးမျိုးတောင်းဖို့ ၊ မမကို စိတ်ကောက်ဖို့ ၊ ပြီးတော့ ”

" ပြီးတော့ကျတော့ ဘုရားရှိခိုးဖို့ "

" မမကို မငေါ့နဲ့ ။ ခုချိန်မှာ မမနဲ့ မောင်တို့အတွက် ရှေ့ပြေးစီမံကိန်းဆိုတာ ရှိသင့်လာပြီမောင် "

“ ရှေ့ပြေးစီမံကိန်း ၊ ဟုတ်လား ။ အဲဒါတွေက ဘာတွေလဲ "

" မမ မေးမယ် ၊ မမနဲ့မောင်နဲ့ ရှေ့ရေးသာယာဖို့ ဘာတွေလိုသလဲ "

" မမနဲ့ မောင်နဲ့ သစ္စာရှိရှိချစ်ဖို့ "

" မဟုတ်ပါဘူး "

" မော်တော်ကားလိုတယ် ”

" မဟုတ်ဘူး ”

“ ဟိုဒင်း ၊ နေဖို့အိမ် လိုတယ် "

" မဟုတ်ဘူး ၊ လိုတာတွေက အများကြီး ”

“ဟုတ်တယ် ၊ ဟုတ်တယ် ၊ အများကြီး ပိုက်ဆံတွေ အများကြီးလိုတယ် ။ မောင့်ဖေဖေက သူဌေးပဲ "

“ မဟုတ်ဘူး ၊ တစ်ခုမှ ဟုတ်ဘူး ”

“ ဒါဖြင့် ဘာလဲ "

“ ဒါကို မောင်သိပြီးသား ဖြစ်ရမယ် "

ဟော .. မောင် သိပြီးသားတဲ့ ။ ဘာကို သိရမှာလဲ ။ မမကြီးများသည် အဘယ်ကြောင့် ဝေ့လည်ကြောင်ပတ်လုပ်တတ်ရပါသနည်း ။

" မောင့်မှာ ဘာအရည်အချင်းတွေရှိလဲ "

" မောင့်မှာ ဟို .. ကားမောင်းတက်တယ် ။ ပြီးတော့ ကြက်တောင် အရိုက်ကောင်းတယ် ။ ပြီးတော့ လက်ရေးလှတယ် ။ ပြီးတော့ ... ”

“ မောင့်မှာ ဘာအရည်အချင်းမှ မရှိဘူး ”

" ဘာပြောတယ် မမ မောင်က အားကိုးလောက်တဲ့လူ မဟုတ်ဘူးပေါ့ ။ မောင့်မှာ ဦးဆောင်နိုင်တဲ့ အရည်အချင်း မရှိဘူးပေါ့ ။ မောင်က ယောက်ျားကောင်းတစ်ယောက် မဟုတ်ဘူးပေါ့ "

“ ဟုတ်တယ် "

“ ဘုရားပေါ်ကို သွားရအောင် မမ "

" ဟင့်အင်း ၊ မသွားချင်တော့ဘူး ။ ဘုရားဆို ရေစက်ဆုံနိုင်တဲ့ လူတွေမှ သွားရတာ "

“ ဘာ .. မမ ဘာကို ဆိုလိုတာလဲ "

“ မမ မှာ စဉ်းစားနေတဲ့အပိုင်းကနေ ဆုံးဖြတ်ရမယ့်အပိုင်း ရောက်လာပြီ ”

" မောင်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ဖို့လား ”

“ ဟုတ်တယ် ၊ မောင်နဲ့ မမနဲ့ လမ်းခွဲကြဖို့ပဲရှိတော့တယ် ”

" မ မောင်နဲ့ ခွဲနိုင်လို့လား ”

" ခွဲနိုင်အောင် ကြိုးစားရမှာပေါ့ ။ တကယ်တော့ ကိုယ့်လမ်းကိုယ် သွားကြရမှာပါ ။ ခံတော့ ခံစားရမှာပေါ့ ။ အလွန်ဆုံး တစ်နှစ်ပါပဲလေ ။ ကြာတော့လည်း မေ့သွားကြမှာပါ "

နေမင်းကြီးသည် ငိုတတ်ပါသလား ။ မမ၏ မျက်နှာကို ကြည့်ရသည်မှာ မွန်းတည့်နေသော နေမင်းကြီးကို ကြည့်ရသည်နှင့် တူပါသည် ။

“ ကောင်းလှပါပြီ ဒေါ်မေရီ ၊ ကျွန်တော်ကလည်း ကျွန်တော့်လမ်း ကျွန်တော်သွားရမှာပါပဲ ။ ဒါပေမယ့် ကျွန်တော့်လမ်းက မော်တော်ကားနဲ့ သွားရမှာ ။ ကျွန်တော့်ကို ခွင့်ပြုပါဦး ခင်ဗျာ ”

နေမင်းကြီးသည် အဘယ်ကြောင့် တည်ငြိမ်စွာ ဟန်ဆောင်တတ်ပါသနည်း ။

( ၁၃ )

အင်ကြင်းဆောင်ကို ရောက်သောအခါ တစ်နာရီနှင့် ငါးမိနစ်ရှိပါပြီ ။ အဆောင်စောင့် ဦးလေးသိန်းအား သစ်သစ်ကို ခေါ်ပေးဖို့ ပြောပါသည် ။

“ ခဏနေဦးကွာ ၊ ငါသွားခေါ်ပေးမယ် ။ ခုနတော့ ဧည့်ခန်းထဲမှာ မင်းကိုစောင့်နေတာ တွေ့တယ် "

ဦးလေးသိန်း ထွက်သွားပါသည် ။ ဦးလေးသိန်း ပြန်လာသည် ။

" မရှိဘူးလို့ ပြောခိုင်းလိုက်တယ် "

" ဦးလေးသိန်း ကျွန်တော်က သိပ်အရေးကြီးကိစ္စ ပြောစရာရှိလို့လို့ ”

သစ်သစ် ဆင်းလာပါသည် ။ နှုတ်ခမ်းကို စူ ထားပါသည် ။ ကျွန်တော့်ကို ကြည့်လည်း မကြည့် စကားလည်း မပြောဘဲ ကားပေါ် တက်ထိုင်ပါသည် ။

“ ကိုကို နည်းနည်းနောက်ကျသွားတယ်ကွာ ”

သစ်သစ်က ဘာမျှပြောပါ ။ နှုတ်ခမ်းကို ပို၍ စူလိုက်ပါသည် ။

“ အရေးကြီးတဲ့ကိစ္စရှိရင် ပြော "

“ တခြားမဟုတ်ပါဘူး ၊ သစ်သစ်ကို ကိုကို ရုပ်ရှင်လိုက်ပြမလို့ ၊ ချာလီလေ "

သစ်သစ်က ခစ်ခနဲ ရယ်ပါသည် ။ လမင်းကြီး ရယ်သည်ကို တွေ့ဖူးကြပါလိမ့်မည် ။

“ သစ်သစ် ကိုကို့ကို စိတ်ဆိုးနေတုန်းပဲလား "

“ အစကတော့ စိတ်ဆိုးတယ် ။ ကိုကို့မျက်နှာကို မြင်လိုက်တော့ စိတ်မဆိုးတော့ဘူး ”

လမင်းကြီးသည် ဟန်မဆောင်တတ်ပါ ။

ကျွန်တော်သည် ကျွန်တော် မဖြေတတ်ခဲ့သော မေးခွန်းကို သစ်သစ်အား မေးကြည့်ပါသည် ။

" သစ်သစ် ကိုကိုတို့ ဘွဲ့ရပြီးရင် ဘာလုပ်ကြမလဲ "

" ဘွဲ့ရပြီးရင် လက်ထပ်ကြမှာပေါ့ ကိုကိုရဲ့"

အို ... ဟုတ်တာပေါ့ ၊ ဟုတ်တာပေါ့ ။ ကျွန်တော်တို့ ဘွဲ့ရပြီးရင် လက်ထပ်ကြရလိမ့်မှာပေါ့ ။

◾ မင်းလူ

📖  ရုပ်ရှင်ပဒေသာ
       နိုဝင်ဘာ  ၊ ၁၉၇၆

koaungnaingoo.blogspot.com

.

Thursday, August 19, 2021

ရောင်းခါစ


 

❝   ရောင်းခါစ  ❞

( ၁ )

ကျွန်တော်တို့အိမ်ရှေ့ လမ်းနံဘေး၌ မုန့်ဟင်းခါးသည် လက်သစ်တစ်ဦး အထမ်းခင်း၍ ရောင်းချနေသည်မှာ ရက်သတ္တတစ်ပတ် နီးပါးမျှ ရှိခဲ့လေပြီ  ။

ကျွန်တော်၏ စာရေးစားပွဲရှေ့ ပြတင်းသံတိုင်ကလေးများ အကြားမှ လမ်းမဘက်သို့ ငုံ၍ ကြည့်လိုက်လျှင် ထို မုန့်ဟင်းခါးသည်နှင့်တကွ သူ၏ မုန့်ထမ်းတို့ကိုပါ အိမ်ပေါ်မှ စီး၍ မြင်နိုင်၏  ။ အိမ်ရှေ့သို့ ထို မုန့်ဟင်းခါးသည် စတင် ရောက်ရှိလာသည့် နေ့မှ စ၍ နံနက်တိုင်းလိုလိုပင် သူ့ကိုသာ စာရေးစားပွဲမှ နေ၍ အာရုံစူးစိုက် ကြည့်ရှုမိခဲ့ပါသည်  ။

နံနက် ( ၆ ) နာရီခွဲကျော်လျှင် ကျွန်တော်တို့ အိမ်ရှေ့လမ်းမှာ ဈေးသွား ဈေးပြန်  ၊ အလုပ်သွားသူ  ၊ ကျောင်းတက်သူ စသည်တို့ဖြင့် စည်ကားစ ပြုတော့၏  ။ ထိုအချိန်မှ စ၍ ၉ နာရီအတွင်းဆိုလျှင် မုန့်ဟင်းခါးသည်မှာ လက် မလည်အောင် ရောင်းချခွင့် ရပေတော့သည်  ။ သူ၏ မုန့်ထမ်းကလေးတစ်ခုလုံးမှာ ဇွန်း  ၊ပန်းကန်ခွက်ယောက်  ၊ မုန့်ထည့်သည့် ဇလုံ  ၊ မုန့်ဖုံးသောအဝတ်တို့က အစ ဒန်ဟင်းအိုးကြီးအထိ သန့်ရှင်းဖြူစင်  ၊ မြင်ရုံနှင့် စားချင့်စဖွယ် ရှိသောကြောင့် တစ်ခါတစ်ရံ မုန့်စားနေသူများအား လှမ်းကြည့်မိရင်းက ကျွန်တော်ကိုယ်တိုင် သွားရည်ယို အားကျလာမိတော့ကာ အိမ်အောက်ဆင်း၍ ဝယ်စားရသော အခြေသို့ ဆိုက်ရောက်တတ်ပါ၏  ။

တစ်နေ့ကလည်း ကျွန်တော်သည် ထုံးစံအတိုင်း မုန့်ထမ်း ရှေ့သို့ ဆိုက်ဆိုက် မြိုက် မြိုက် ရောက်သွားခဲ့၏  ။ ထိုအချိန်က မုန့်ဟင်းခါးသည် လူရွယ်သည် ကျွန်တော့်အပြင် အခြား လူပေါင်း ခြောက်ယောက်တို့အား လက် မလည်အောင် မုန့်ပြင်ပေးနေရ၏  ။ မိန်းမ ဝဝကြီးတစ်ဦးမှာ နှစ်ပန်းကန် စားပြီးသည်နှင့်ပင် တင်းတိမ်ရောင့်ရဲသေးဟန် မတူ  ။

“ ထည့်စမ်းပါဦးကွယ့် နောက်တစ်ပန်းကန်  ၊ အကြော်တစ်ခုကော ထည့်လိုက်ပါဦး ”

လူရွယ်မှာ မိန်းမကြီးအတွက် ပြင်၍မှ မပြီးသေးမီ “ တယ်ကောင်းကိုးကွယ့်  ၊ ထည့်ပါဦး  ၊ ဘယ်ကများ လာရောင်းတာလဲကွယ့် ” ဟု စားပြီး ပန်းကန်ကို ထိုး၍ ပေးနေသော မွန်မွန်ရည်ရည် လူကြီးတစ်ယောက်အား “ ကြည့်မြင်တိုင်ထဲကပါ ဦးကြီး  ၊ အရင် တစ်လနီးပါးလောက်ကမှ အစမ်း ရောင်းကြည့်တာပါ ” ဟု ဖြေလိုက်ရင်း မုန့်ထပ်ထည့်ပေးနေရပြန်၏  ။ တစ်ဖန် ကလေးသုံးယောက်တို့အား ကျွေးနေသော မိန်းမကြီးတစ်ယောက်က ကလေးတွေကို ထပ်လိုက်ပေးပါဦးကွယ်  ၊ အဒေါ်လည်း နောက် တစ်ပန်းကန်  ။ ရောင်းခါစမို့ ထင်ပါ့  ၊ တယ် ကောင်းကိုးကွယ့် ”

“ မဟုတ်ပါဘူး ခင်ဗျာ  ၊ နောင်ကိုလည်း အမြဲတမ်း ကောင်းအောင် ကြိုးစားမှာပါပဲ ”

ပြောပြောဆိုဆို လူရွယ်သည် ကလေးတို့၏ ပန်းကန်များကို ထပ်မံဖြည့်ပေးနေလေသည်  ။ ထိုအခိုက် “ ဟင်းရည်ကလေး နည်းနည်း ” ဟု မိန်းမဝဝကြီးက စားပြီး ပန်းကန်ကို လက်ထိုးပေးနေပြန်သဖြင့် ဟင်းရည်လိုက်ရပြန်လေ၏  ။

လူရွယ်သည် ဤသို့ လက် မလည်အောင် မုန့်ဟင်းခါး ပြင်ပေးနေစဉ်၌ မယ်စီကုန်းလမ်းဘက်ဆီသို့ မကြာခဏ မျှော်၍ မျှော်၍ ကြည့်တတ်သည်ကို မသိမသာ အကဲခတ်လိုက် မိသော ကျွန်တော့်မှာ တစ်စုံတစ်ခုကို သိလို  ၊ စုံစမ်းလိုသော ဝါသနာ ဘာဂီကလေးအတိုင်း မုန့်ပန်းကန်ထဲမှ မုန့်ကျန် အနည်းငယ်မျှကို အစမသတ်သေးဘဲ လူရွယ့်နည်းတူ မယ်စီကုန်းလမ်းဘက်သို့ လှမ်းမျှော်ကြည့်လိုက် မိပါသည်  ။ မကြာမီအတွင်းမှာပင် လူရွယ်၏ မျက်လုံးများ ပြောင်လက် တောက်ပသွားသည်ကို မြင်လိုက်ရသဖြင့် သူ မျှော်ကြည့်ရာ ဆီသို့ ကြည့်လိုက် မိပြန်ရာ  ၊ မယ်စီကုန်းလမ်းထဲမှ ကနွဲ့ကလျ လျှောက်လာနေသော မိန်းမပျိုကလေး တစ်ဦးကို လှမ်းမြင်ရပါတော့၏  ။

“ ဟေ့ မောင်ရင်  ၊ ရော့ ပိုက်ဆံကွယ့် ” ဟု မိန်းမဝဝကြီးက ပိုက်ဆံထုတ်ပေးတော့မှပင် လူရွယ်လည်း လမ်းဘက်ဆီမှ မျက်နှာလွှဲလိုက်နိုင်၏  ။ နောက် နှစ်မိနစ်ခန့်အကြာတွင် မိန်းမပျိုသည် ကျွန်တော်တို့ ဘေးနားသို့ ဝင်ထိုင်လိုက်ပါသည်  ။

“ တစ်ခွက်ရှင့်  ၊ အကြော်လည်း ထည့်ပါ "

လူရွယ်သည် မုန့်ရော ဟင်းပါ သူတကာထက် ပိုမို ထည့်ပေးလိုက်သည်ဟု ထင်မိပါသည်  ။ ကလေး သုံးယောက်နှင့် မိန်းမကြီးက မိန်းမပျိုစားတော့မည့်ဟန်ပြင်သော မုန့်ပန်းကန်ကို လှမ်းကြည့်ရင်း -

“ မောင်ရင်က ရောင်းခါစမို့ လက် မမှန်းတတ်သေးဘူး ထင်တယ်  ။ ရော့ .. ရော့ ပိုက်ဆံ ” ဟု မုန့်ဟင်းခါးဖိုး ထုတ်ပေးနေသဖြင့် ရိုးသားပုံရသော လူရွယ်၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်းအသွင် ဆောင်သွားရင်း -

“ ဟုတ်ကဲ့ ခင်ဗျာ  ၊ တစ်ခါတလေ လက်ဆ မမှန်သေးဘူး ခင်ဗျ ” ဟု စကားရော ဖောရောနှင့် ငွေများကို လှမ်းယူလိုက်လေ၏  ။

“ ထည့်ပါဦးရှင့် ”

လူရွယ်သည် ထပ်မံ၍ သွက်လက်စွာ ပြင်ပေးလိုက်ပြန်၏  ။ ဤတစ်ကြိမ်၌လည်း သူ့လက် မမှန်းတတ်သေး၍လား မသိ  ။ မုန့်များမှာ ယခင်အတိုင်းပင် များနေပြန်တော့သည်  ။ မိန်းမပျို ဘေးနားမှ လူကြီးကတော့ မသိမသာ ပြုံးလိုက်ပါသည်  ။

“ ကဲ ... ကဲ ဦးကိုလည်း နောက်တစ်ခွက် ”

လူရွယ်သည် ထိုလူကြီး၏ ပန်းကန်ကိုလည်း မိန်းမပျိုအား ပြင်ပေးလိုက်သည့်နည်းတူ ခပ်များများကလေး ပြင်ပေးလိုက်၏  ။ ကျွန်တော်လည်း ထိုအချိန်ကျမှပင် မိမိ ပန်းကန်ထဲ၌ မုန့် လုံးဝ ကုန်နေကြောင်း သတိပြုမိသဖြင့် တကယ်တမ်း ထပ်စားလိုစိတ် မရှိသော်လည်း တမင်သက်သက်ပင် မှာစားလိုက်ရပြန်သည်  ။ လူရွယ်သည် ကျွန်တော့်ကိုလည်း ပြင်နေကျ မုန့်ဆထက် ပိုမို၍ ထည့်ပေးလိုက်ကြောင်း တွေ့ရပါသည်  ။ ဒါကို အာရုံစိုက်နေပုံရသည့် လူကြီးက “ ဟဲ .. ဟဲ ဟုတ်သားပဲ  ၊ မောင်ရင်က လက် မမှန်သေးတာ အမှန်ပဲ  ။ ဒီလိုဆို မောင်ရင် ဘယ်အမြတ်ပေါ်ပါ့မလဲ ”  ဟု ပြုံးပြုံးကြီး ပြောလိုက်တော့မှ လူရွယ်သည် မပြုံးချင် ပြုံးချင် ပြုံးရင်း လူကြီးအား မော့ကြည့်လိုက်ကာ -

“ ဟဲ .. ဟဲ ... ဟုတ်ကဲ့ ” ဟု ချော်လဲရောထိုင် ရောနှော ရယ်မောလိုက်လေ၏  ။ ထိုအခိုက်တွင် -

“ ဟင် .. ပိုက်ဆံအိတ် အိမ်မှာ မေ့ကျန်ခဲ့ပြီ  ။ ကြည့်စမ်းပါဦး  ၊ မေ့ပဲ မေ့တတ်လွန်းပါရောရှင်  ။ အိမ်ပြန် ပြေးယူဦးမှပါပဲ  ။ ရှင့်ပိုက်ဆံ နောက် မှပဲ ယူပေါ့ နော်  ။ ရုံးကားတောင် လာခါနီးပြီ ” ဟု ပြောပြောဆိုဆို မိန်းမပျိုသည် ပျာပျာသလဲ ထပြေးလေတော့၏  ။

“ အို ... ကိစ္စမရှိပါဘူး  ။ ဘယ်တော့မှ ပေးပေးပေါ့ဗျာ ” ဟု လှမ်းပြောလိုက်သော မုန့်ဟင်းခါးသည် လူရွယ်၏ အသံကြီးမှာ ကရုဏာသံတွေ ယှက်သန်းနေသည်ဟု သဘောပေါက်သွားမိရင်းက ကျွန်တော့်အဖို့ ထို တစ် မနက်ခင်းအတွက် မုန့်ဟင်းခါး စား၍ ဝမ်းဗိုက်ပြည့်သည်ထက် စိတ်ထဲ၌ မဖော်ပြတတ်သော ကြည်နူး နှစ်သိမ့်မှုကလေးများ ပြည့်သိပ်သွားမိပါတော့သည်  ။

( ၂ )

နောက်နေ့များတွင် ကျွန်တော်သည် မုန့်ဟင်းခါးသည်ကလေးအား အထူး ပိုမို ဂရုစိုက် မိပါတော့သည်  ။ သူ့ကို ဂရုစိုက် မိသည်အမျှ နံနက် ( ၈ ) နာရီခွဲတိုင်း၌ မယ်စီကုန်း လမ်းထဲမှ ကိုယ်ဟန်နွဲ့နွဲ့ လျှောက်လာတတ်စမြဲ ဖြစ်သော အမည်မသိ ရုံးစာရေးမလေးကိုလည်း အာရုံစိုက်မိတော့သည်  ။

တစ်ကြိမ်သော တနင်္ဂနွေနေ့ တစ်နေ့၌ ကြုံတွေ့လိုက်ရသော အဖြစ်အပျက်ကား အင်မတန်မှပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်  ။ ထိုနေ့ မယ်စီကုန်း လမ်းထဲမှ လျှောက်ထွက်လာသော စာရေးမကလေးမှာ အခြား အခြားသော နေ့များကကဲ့သို့ တစ်ကိုယ်တည်း မဟုတ်ဘဲ ၎င်း၏ နံဘေး၌ မွန်မွန်ရည်ရည် ယောက်ျားပျို တစ်ဦးနှင့် ယှဉ်တွဲ လျှောက်လာခြင်းကြောင့် မျက်စိပသာဒတွင် ထူးခြားနေသယောင်ယောင် ရှိမိပါသည်  ။ ကျွန်တော်သည် အိမ်ပေါ်မှ အကဲခတ် ကြည့်ရှုရသည်ကို အားမရနိုင်တော့သည်နှင့် ကော်ဖီနှင့် ပေါင်မုန့် ဗိုက်အပြည့် စားထားပြီး ဖြစ်လျက်နှင့် တမင်သက်သက် မုန့်ဟင်းခါးဆိုင်သို့ ဆင်းခဲ့မိပေ၏  ။

“ လာ ကိုကို  ၊ ဒီဆိုင်ပေါ့ ကျွန်မ ပြောတာ  ၊ တခြားဆိုင်နဲ့ မတူဘူး  ။ သိပ်ကောင်းတာပဲ ” ဟု မိန်းမပျိုသည် သူနှင့်အတူ ပါလာသော ယောက်ျားပျိုအား လှည့်ပြောရင်း မုန့်ဟင်းခါးသည် ရှေ့တွင် ဝင်ထိုင်လိုက်ကြသည်  ။

“ နှစ်ခွက် ထည့်ပေးပါရှင်  ၊ တနင်္ဂနွေနေ့ ရုံးပိတ်ရက် တစ်ခါမှ လာမစား ဖူးသေးဘူး  ။ ကိုကို့ကို ကျွေးချင်လွန်းလို့ လာခဲ့တာ  ၊ ကောင်းကောင်းကလေး ပြင်ပေးရမယ်နော် ”

“ ဟုတ်ကဲ့ ခင်ဗျာ ” ဟု ဆိုကာ မုန့်ပြင်ပေးနေသော မုန့်ဟင်းခါးသည် ကလေး၏ လက်တို့မှာ အခြားသော နေ့ကလောက် မသွက်လက်ချေ  ။

“ ဒီတစ်ခါ နည်းသွားတယ်နော်  ၊ ဟိုနေ့တွေက လက်ဆ မမှန်လို့ ရှုံးပြီ ထင်တယ်  ။ ဟင်း .. ဟင်း ” ဟု မိန်းမပျိုက ငွေဆည်းလည်းသံလေးဖြင့် ရယ်လိုက်၏  ။

“ ဟုတ်ကဲ့ ” ဟုသာ လူရွယ်က တုံးတိတိ ပြန်ဖြေလိုက်၏  ။ သူ့မျက်လုံးကြီးများကား မိန်းမပျို၏ ဘေး၌ မုန့်ဟင်းခါး ကုန်း၍ လွေးလျက်ရှိသော ယောက်ျားပျိုအပေါ်သို့ မသိမသာ ရောက်ရှိနေကြောင်း ကျွန်တော် အကဲခတ်လိုက် မိပါသည်  ။

“ ပေးပါဦး နောက်တစ်ခွက်စီ ” ဟု မိန်းမပျိုက မှာလိုက်ပြန်သည်  ။ လူရွယ်ကား မုန့်များကို နှေးကန်စွာပင် ထပ်မံ၍ ပြင်ပေးနေပြန်၏  ။

“ မုန့်ဟင်းခါး ရောင်းရတာ သိပ်ဟန်မကျဘူး ထင်တယ်  ။ ရှင့် ကြည့်ရတာ ရောင်းခါစတုန်းကလို မဟုတ်ဘူး  ။ ဒီလိုပေါ့ရှင်  ၊ ရောင်းခါစဆိုတာ ဘယ်တွက်ချေကိုက်ဦးမလဲ  ။ နောင် ရောင်းရင်း ရောင်းရင်းနဲ့ပဲ ဟန်ကျလာမှာပေါ့ ” ဟု မိန်းမပျိုက ပြုံးပြုံးကလေး အားပေးလိုက်သဖြင့် လူရွယ်မှာ စိတ်ထဲ၌ ကျိတ်၍ ဒေါပွသွားဟန်တူသည်  ။

မိန်းမပျို နံဘေးမှ ယောက်ျားပျိုမှာကား စကားတစ်ခွန်းမှ မပြော  ။တစ်ယောက်တည်း ခေါင်းကြီးငုံ့၍သာ မြိန်ရှက်စွာ စားနေ၏  ။

“ ရော့ ရှင့်ပိုက်ဆံ  ၊ ဒီကနေ့တော့ မုန့်ပြင်တာ သိသိသာသာ နည်းသွားတာပဲ  ။ ရှင်က လျှော့မယ့်လျော့တော့လည်း ဖောက်သည်တွေကိုတောင် လျှော့တော့တာကိုးရှင့် ” ဟု စကားတပြောပြောနှင့်ပင် ပိုက်ဆံများကို ရှင်း၍ မိန်းမပျိုရော သူ့အဖော် ယောက်ျားပျိုပါ မယ်စီကုန်းလမ်းထဲသို့ ပြန်လည် ဝင်ရောက် သွားကြလေတော့သည်  ။ သူတို့နှစ်ဦး ထွက်သွားရာဆီသို့ လှမ်းမျှော်ကြည့်လိုက်စဉ် မုန့်ဟင်းခါးသည် လူရွယ်၏ မျက်နှာမှာ ညိုပုပ်လျက် ရှိခဲ့၏  ။

( ၃ )

ကျွန်တော့်အဖို့ ရုံးများ ပြန်လည်ဖွင့်မည် ဖြစ်သော တနင်္လာနေ့ ( ၈ ) နာရီခွဲ အချိန်ကိုသာ စိတ်စောနေမိခဲ့၏  ။ ထိုနေ့ နံနက်၌ ပို၍ စောစောထကာ မျက်နှာသစ်  ၊ အဝတ်အစား လဲလှယ် ဝတ်ဆင်ပြီး သကာလ မယ်စီကုန်း လမ်းထဲမှ အမည်မသိ ရုံးစာရေးမကလေး ထွက်လာမည့် အချိန်ကိုသာ စောင့်စားနေမိပါတော့သည်  ။

မုန့်ဟင်းခါးသည်ကလေး၏ ရှေ့၌ကား ထုံးစံအတိုင်းပင် လူစည်ကားလျက် ရှိ၏  ။ သို့သော် သည်တစ်ခါ သူသည် ယခင်နေ့တွေတုန်းကလို မမျှော်  ။ ခေါင်းကြီးငုံ့၍သာ မုန့်ဟင်းခါး ပြင်ပေးလျက် ရှိတော့သည်  ။

“ ရှင့်ဆရာကြီး  ၊ မုန့်တစ်ခွက် ပြင်ပေးစမ်းပါ ”

သူကလေး၏ အသံကား အခါတိုင်း နေ့များကလိုပင် သာယာမြဲ သာယာလျက် ရှိ၏  ။ သို့သော် မုန့်ဟင်းခါးသည်လေးကတော့ မှာသော မုန့်ကိုသာ လေးကန် ဖင့်နွှဲလှစွာဖြင့် ပြင်ပေးလိုက်လေသည်  ။ မိန်းမပျို မုန့်ဟင်းခါးကို ငုံ့၍ စားနေတော့မှပင် မသိမသာ သူ ခိုးကြည့်လိုက်၏  ။

“ ရှင် မုန့်ပြင်ပေးတာ အတော်ကြီးကို လက်မှန်သွားပြီနော်  ၊ ဒါမှလည်း အမြတ်ပေါ်မှာပေါ့ရှင့် ”

မိန်းမပျို၏ မှတ်ချက်ကို “ ဟုတ်ကဲ့ ” ဟုသာ လူရွယ်က စကားပြန်လိုက်လေသည်  ။

“ မနေ့က ရှင်  ၊ ကျွန်မ အစ်ကိုကြီးကဖြင့် ရှင့် မုန့်ဟင်းခါးကို ချီးမွမ်းလို့ မဆုံးဘူး  ။ သူက တစ်နေ့ကမှ တရုတ်ဖြူ စစ်မြေပြင်က စစ်တိုက်ပြီး ပြန်ရောက်လာတာရှင့်  ။ ငှက်ဖျားမိခဲ့လို့ စစ်ဆေးရုံ တက်ရပြီး ခုမှ ပြန်ဆင်းလာတာ  ။ လူမမာ နာလန်ထ ဆိုတော့ သရေစာဆိုရင် သိပ်စားချင်နေတာ  ။ ဒီကနေ့တောင် ကျွန်မကို လိုက်ပို့ရင်း ရှင့် မုန့်ဟင်းခါး စားဦးမလို့တဲ့  ။ အပြင် ခဏခဏ ထွက်ရင် ပြန်ဖျားနေမှာစိုးလို့ မနည်း တောင်းပန်ထားခဲ့ရတယ်  ။ လုပ်စမ်းပါဦး နောက်တစ်ခွက်  ၊ ဒီကနေ့တော့ မနက်စာအလွတ် စားသွားမှပဲ  ။ အိမ်က ထမင်း စားမလာခဲ့ရဘူး ”

မုန့်ဟင်းခါးသည် လူရွယ်သည် မိန်းမပျို၏ စကားများကို တအံ့တဩ နားထောင်နေရာက တစ်စ တစ်စ မျက်နှာအသွင် ပြောင်းလဲလာပြီးနောက် မိန်းမပျိုက “ နောက်တစ်ခွက် ” ဟု ဆိုလိုက်သည်နှင့် တစ်ပြိုက်နက် ဘေးလူ မည်သူကိုမှ ဂရုမစိုက်  ၊ ပြောင်ပြောင်ကြီးပင် မုန့်ရော ဟင်းပါ စေတနာ ဗရပွ မောက် မောက်ကြီး ပြင်ပေးလိုက်တော့၏  ။

“ ဟင် ... ရှင့်ကို မုန့်ပြင်တာ လက် မှန်သွားပြီ ထင်နေတာ  ၊ ဟော ... အခု များလာပြန်ပြီ ” ဟု မိန်းမပျိုက ပါးချိုင့်ကလေးများ ခွက်ဝင်သွားအောင် ပြုံး၍ ပြောလိုက်သည့် အခါတွင်မူ “ ဟဲ ... ဟဲ တစ်ခါတလေတော့လည်း များသွားတတ်တာပဲပေါ့ ဗျာ  ။ ရောင်းခါစ ကိုး ” ဟု ပြုံးပြုံးကြီး ပြန်ဖြေသည်ကို ကြားလိုက်ရပါတော့သည်  ။

◾ မင်းရှင်

📖 ရှမဝ မဂ္ဂဇင်း
      စက်တင်ဘာ ၁၉၅၅

koaungnaingoo.blogspot.com

.