Monday, August 23, 2021

ငါးကျပ်တန် တစ်ရွက်


 

❝   ငါးကျပ်တန် တစ်ရွက်  ❞

ထိုနေ့သည် နေပူ၍ လေတိုက်ခတ်သော ကြာသပတေးနေ့ ဖြစ်လေသည် ။

ထိုထက်ပို၍ ပြောရလျှင် ထိုကြာသပတေးနေ့သည် မနက်ပိုင်းတွင် လက်တွေ့ ရှိသည့်နေ့ တစ်နေ့ဖြစ်ပြီး လက်တွေ့ဆင်းပြီးသောအခါ အတန်းတက်ချင်စိတ် မရှိတတ်သော တက္ကသိုလ်ကျောင်းသားတို့၏ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်ထဲမှာ ရှိလေသည် ။

ကျွန်တော်က လက်ဖက်ရည်ချိုကျကို အရသာခံသောက်ရင်း နံဘေးမှ မုန့်ဟင်းခါးတစ်ပွဲ၏ အရသာမှလွဲ၍ ဘာကိုမျှ စိတ်ဝင်စား ဟန်မတူသော ကြည်ပြာ ၏ မျက်နှာကို ရလျှင်ရသလို ခိုး‌ေငး နေခဲ့သည် ။ မုန့်ဟင်းခါးဇွန်းကို အသာ မယူ၍ ဦးခေါင်းကလေးကို နှိမ့်လိုက်သည့်အခါ လည်တိုင်မှ ယိမ်းလှုပ်သွားသော ဆံပင်တိုကလေးသည် အရှေ့သို့ ငိုက်ကျလာပြီး ဖျတ်ခနဲ ပေါ်လာတတ်သည့် ဖြူဖွေးနေသော လည်ကုပ်အစပ်ကလေးမှ မွေးညင်းနုကလေးတွေ ၊ မုန့်ဟင်းခါးကို ဝါးရင်းမှ တဖျတ်ဖျတ်ခတ်သည့် မျက်တောင်ကော့ကော့ ၊ ရွှန်းလဲ့တည်ငြိမ်သည့် မျက်ဝန်း  ၊ နဖူးအစပ်မှ သွယ်လျစွာ ဆင်းလာသည့် နှာတံ ၊ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတတ်သည့် ညာဘက်ပါးပြင်ထက်က ပါးချိုင့်ရာကလေး ... ငေးမောရင်းမှ ကျွန်တော် ရင်တွေ ဘာတွေ ခုန်လာသည် ။

မိုးမိုး က ကျွန်တော့်ကို ခုံအောက် မှ လှမ်းဆိတ်သည် ။ ခုန်နေသည့်ရင်တွင် စူးခနဲနာကျင်သည့် ခံစားမှုက ကန့်လန့်ကြီး ဝင်လာသဖြင့် ကျွန်တော် အထိတ်တလန့် မော့ကြည့်တော့ မိုးမိုးက နှုတ်ခမ်းကို ကိုက်ပြသည် ။ ဣနြေလေးဘာလေး ဆယ်ပါဦးဆိုသည့် သဘော ။ အေးလေ ... ဟုတ်ပါရဲ့ဟု တွေးကာ ကျွန်တော် ကိုယ်ရှိန် သတ်ရသည် ။ အခုအချိန်က ကျွန်တော့်ဘက်က တစ်ချက်ကလေးမှ အမှားခံလို့ မရသည့် အချိန်မျိုး မဟုတ်လား ။ အဖြေ မပေးရသေးသည့် မိန်းကလေး တစ်ယောက်နှင့် အဖြေ စောင့်နေသော ယောက်ျားလေး တစ်ယောက်၏ အကြားတွင် အမှားဆိုသည့် ကိစ္စသည် အားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်တာ သေချာပါသည် ။ ထိုအချိန်သည် မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို နိုင်ချင်တိုင်း နိုင်ခွင့် ရှိပြီး ၊ ထိုနိုင်ချင်တိုင်း နိုင်ခွင့်ရခြင်းမှပင် သူတို့ ဆုံးဖြတ်ချက်သည် အချစ် ဆိုတာကို မွေးဖွားပေးနိုင်သည် မဟုတ်လား ။

°°°°°  °°°°°  °°°°°

တကယ်တော့ ကြည်ပြာ နှင့် ကျွန်တော်သည် သူငယ်ချင်းသာ ဖြစ်သည် ။ ကျွန်တော်တို့ သူငယ်ချင်းအုပ်စုထဲမှာ ယဉ်ယဉ်သိန်း နှင့် အောင်နိုင်စိုး လည်း ပြေလည်သွားကြပြီ ။ မိုးမိုး နဲ့ လွင်ဦးလည်း ချစ်သူ‌ေတွ ဖြစ်သွားကြပြီ ။ ထို့နောက် များမကြာမီ ကျွန်တော်လည်း ကြည်ပြာ ကို ချစ်သည်ဟု ဖွင့် ပြောခဲ့ သည် ။ ထိုသို့ ဖွင့်ပြောပြီးသည့်အခါ ကြည်ပြာ က တူးတူးခါးခါး ငြင်းသည် ။ စွပ်စွဲချက် နှစ်ခုကို ပြောခဲ့သည် ။

ပထမစွပ်စွဲချက် မှာ သူငယ်ချင်းမိန်းကလေးများ အတွဲပြည့်သဖြင့် ကျွန်တော်သည် သူမကို အလွယ်တကူ ကြံစည်ခြင်းဆိုသည့် ကိစ္စဖြစ်သည် ။

“မဟုတ်ဘူး ကြည်ပြာ ၊ နင်ထင်ထားသလို လုံးဝမဟုတ်ဘူး ၊ ငါဟာ နင့်ကို ရင်းနှီးစ ကတည်းက ချစ်ခဲ့တာ ၊ မိုးမိုး နဲ့ လွင်ဦး မပြေလည်ခင်ကတည်းက ချစ်ခဲ့တာ ၊ ငါ နင့်ကို ဘာကြောင့်အခုမှ ဖွင့်ပြောသလဲ ဆိုတော့ ငါတို့ ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတဲ့ အလိုကြီး အရနည်းဆိုတဲ့ ပုံပြင်ကလေးကို သတိရသလား ၊ အဲဒီပုံပြင်ထဲကလို ဖြစ်မှာစိုးရိမ်လို့ ငါကချစ်မိနေပြီးသားဆိုတော့ နင် နဲ့ ဝေးမသွားချင်ဘူးဟာ ၊ သူငယ်ချင်းဘဝမှာ နင်နဲ့ နေ့တိုင်း တွေ့နေရ ၊ အတူတူသွားရ လာရ ၊ ရယ်မောပျော်ရွှင်ရတာတွေကို ငါသိပ် တပ်မ က် တယ် ။ ဖွင့်ပြောမှ နင်က မချစ်နိုင်ဘူးဆိုရင် ဝေးသွားရမယ့် ဒဏ်ကို ငါ ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး ။ တစ်ခါ နင်နဲ့ အတူတူနေရတဲ့ ရက်တွေက ရတဲ့ သံယောဇဉ်တွေကလည်း ငါ့ကို ဘယ်လိုမှ ရုန်းထွက် မရနိုင်လောက်‌ေအာင် ချည်နှောင်ထားသေးတယ် ။ ငါ့မှာ နေ့စဉ် နင့်ဆီက ရနေတဲ့ သူငယ်ချင်းဘဝ ပျော်ရွှင်မှုလေးတွေနဲ့လည်း ခံစားမှုက မကျေနပ်နိုင် ၊ သူငယ်ချင်း ဘဝလေးကိုလည်း စွန့်စားပြီး မခွဲရက်နဲ့ ၊ နောက်ဆုံးတော့ ငါ လွင်ဦး တို့နဲ့ တိုင်ပင်တယ်လေ ၊ နင့်ဆီက ငါ့အပေါ် သံယောဇဉ် ခိုင်မာလာပြီဆိုမှ ဖွင့်ပြောမယ်လို့ အဲဒီနေ့ကို ငါစောင့်နေခဲ့တယ် ကြည်ပြာ ၊ ငါ့မှာက အားကိုးစရာလည်း သံယောဇဉ်ပဲ ရှိတယ် မဟုတ်လား ၊ ဒါကြောင့် ငါဟာနင့်ကို နောက်ဆုံးမှ ဖွင့်ပြောခဲ့တာ ၊ ငါ့ကို နားလည်ပေးပါဟာ ”

ကျွန်တော့်စကားဆုံးတော့ ကြည်ပြာ တွေသွားသည် ။ လွင်ဦး နဲ့ ဇော်မင်းထွေး တို့ကလည်း ဟုတ်တယ် ဘာညာ ထောက်ခံချက် တသီကြီး ပေးကြသည် ။ ကြည်ပြာသည် သက်ပြင်းကို ဖွဖွကလေး ချကာ ကျွန်တော့်ကို မော့ကြည့်ခဲ့သည် ။ ကျွန်တော် ရင်တွေဘာတွေ ခုန်သွားသည် ။ ပြီးတော့ ကြည်ပြာ ခေါင်းကိုငုံ့ကာ ငြိမ်သွားပြန်သည် ။ မိုးမိုး ၊ ယဉ်ယဉ်သိန်း နှင့် ဟိုနှစ်ကောင် ထလစ်သွားကြသည် ။ ဇော်မင်းထွေး က ကျွန်တော့်ကို အံကြိတ်ကာ မေးဆတ်ပြ၏ ။

နှလုံးသားကို တွန်းထိုး ဆန်တက်လာသော ရင်ခုန်သံသည် ခေါင်းငုံ့ကာ ငြိမ်သက်သွားသော ကြည်ပြာကို မြင်သောအခါ တော်လှန်ရေးနေ့တွင် ပစ်ဖောက်လိုက်သော မီးရှူးမီးပန်းလို ဖွာခနဲ လွင့်စဉ်ကြဲထွက်သွားကာ ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင်းရှိ သွေးကြောများဆီသို့ ဖြာကျသွားခဲ့သည် ။

“ ကြည်ပြာ ... ယုံတယ် မဟုတ်လားဟင် ”

ကြည်ပြာ သက်ပြင်းကို ဒုတိယအကြိမ် ချသည် ။ ငုံ့ချထားသော ဦးခေါင်းကို ဖျတ်ခနဲပင် မော့လိုက်သည် ။ ကျွန်တော် တဝုန်းဝုန်း တဒိုင်းဒိုင်း ... ။

“ ထားပါတော့ ... ဒါပေမဲ့ဟာ ... အို .. နင် နဲ့ ငါ မဖြစ် နိုင်ပါဘူးဟာ ”

ဘုရား ဘုရား ခန္ဓာကိုယ်ထဲက ကလီစာတွေ တထွေးကြီး နှုတ်ဖျားမှ ထွက်ကျသွားသလို ကျွန်တော့်ရင်သည် ဟာလာဟင်းလင်း ဖြစ်သွားသည် ။ ချွေးစေးတွေ တစ်ကိုယ်လုံး စိမ့်ပြန့်တက်လာသည် ။

“ ဘာဖြစ်လို့လဲ ကြည်ပြာရယ် ... ဟင် ဘာဖြစ်လို့လဲ ”

“ ငါ ... မပြောချင်ဘူးဟာ မဖြစ်ပါဘူးဟာ ၊ ငါကလေ အိုတော်ပြီဟာ နင် မဖြစ်နိုင်ဘူးလို့ပဲ မှတ်ထားလိုက် ”

ကျွန်တော့် ခန္ဓာကိုယ်တွင်းမှာရှိသော သွေး ဆယ့်နှစ်ပုလင်းစလုံးသည် အေးအေးဆေးဆေးပင် ကျွန်တော့်ရှေ့မှာ စီးကျသွားသလို ခံစားရ၏ ။

“ ဘာကြောင့်လဲ ဆိုတာကိုတော့ ငါ သိပါရစေ ၊ ကြည်ပြာ ရယ် ၊ ဘာများ မှားခဲ့မိလို့လဲ ... ငါဘာများ ... ”

“ ဟင့်အင်း နင့်မှာ ဘာမှ အပြစ်မရှိပါဘူး ... ဒါပေမဲ့ ”

ကြည်ပြာက ဆက် မပြောဘဲ ကျွန်တော့်ကို မော့ကြည့်သည် ။ ကြည်ပြာမျက်ဝန်းထဲမှာ အားနာခြင်း ၊ စိတ်မကောင်းခြင်း ၊ ဝမ်းနည်းခြင်းတို့ကို ကျွန်တော် အသေအချာတွေ့ နေရသည် ။

“ ပြောပါ ကြည်ပြာ ... ဘာဖြစ်လို့ ငါ့ကို ဒီလောက်ငြင်းဆန် နေရတာလဲ ၊ နင်ငါ့ကို ပြန်မချစ်နိုင်လောက်အောင် ငါ ဘာတွေများ ချို့ယွင်းခဲ့လို့လဲ ၊ ခုနကလို လွဲမှားနေတဲ့ ခံစားမှုမျိုး ဖြစ်နေမှာငါအရမ်း စိုးရိမ်တာပဲ ၊ ငါ သိပါရစေဟာ ”

ကြည်ပြာက ဒီတစ်ကြိမ်မတော့ သက်ပြင်းကို ရှည်ရှည်လျားလျား ချသည် ။ ကျွန်တော်၏ ရွဲ့စောင်းနေသော အင်္ကျီကော်လံကိုလည်း ဆွဲတည့်ပေးလိုက်သေး၏ ။ ပြီးတော့ ခေါင်းကို ဖြည်းညင်းစွာ ခါသည် ။

“ ဒီတစ်ခါတော့ မလွဲနိုင်ပါဘူး ၊ ဒါပေမဲ့ဟာ ငါမပြောချင်ဘူး ”

“ ပြောခဲ့ပါ ကြည်ပြာရယ် ၊ ငါ အသည်းကွဲရမယ်ဆိုရင်လည်း ဘာကြောင့် ကွဲရတယ် ဆိုတာကိုတော့ ငါသိသွားချင်ပါတယ် ၊ ငါ နင့်ကို သိပ်ချစ်တယ် ကြည်ပြာ ”

“ အေးပါဟာ ... နင် ဒီလောက် သိချင်နေလည်း ပြောပြမယ်လေ ၊ ဒါပေမယ့် နင် အဲဒါကို မိုးမိုး တို့ ယဉ်ယဉ်သိန်း တို့ကို ပြန်မပြော ရဘူးနော် ၊ နင် အဲဒါ ကတိပေးမလား ”

ကြည်ပြာ ဆီမှာ ဘယ်သူမှ မသိဘဲများ ချစ်သူရှိနေပြီလား ။ ကြည်ပြာ သူ့ကို ပြန်မချစ်နိုင်တာဟာ သူငယ်ချင်းတွေရဲ့ကြားမှာ လျှို့ဝှက်ချက် တစ်ခုလား ၊ ဘာဆိုတာကို ကျွန်တော် မကွဲပြား ၊ သိချင်စိတ်က တစ်ကိုယ်လုံးမှာ ကလေးကစားသည့် ဘောလုံးတစ်လုံးလို ခုန်၍ နေခဲ့သည် ။

“ ပေးတယ်ဟာ ... ပြော ”

“ တကယ်နော် ဟိုလေ ... နင်လည်း စိတ်မဆိုးရဘူးနော် ၊ စိတ်မကောင်းလည်း ဖြစ်မနေနဲ့ပေါ့ဟာ ။ နင်က ငါ့ထက် အရပ် ပုလို့ ”

“ ဘာ ”

“ နင်ကလည်း အော်လိုက်တာဟာ ၊ ကျားတွေ့တာကျနေတာပဲ ။ နင်ကတော့ ရယ်ချင်နေမှာပဲ ၊ အဲဒါဟ ... ဟိုလေ ငါက ဟိုး အရင်ကတည်းက ရည်းစားထားရင် ငါ့ထက် အရပ်ရည်တဲ့လူပေါ့ ဟာ ၊ အဲဒီလိုဟ ၊ မိန်းကလေးတိုင်း အဲဒီလိုပဲဟ ၊ ဒါပေမဲ့ နင်စိတ်ဓာတ်တော့ မကျနဲ့ပေါ့ ၊ ပုတဲ့လူကိုလည်း "

“ တော် ... တော်ပါတော့ ကြည်ပြာရယ် ”

ကျွန်တော့်ဘဝတွင် ထိုတကြိမ်တည်းသာ ပြင်ပ ရုပ်ပတ်ဝန်းကျင်ရော ၊ ခန္ဓာကိုယ်တွင်း အသိဉာဏ်နှင့်ရောပါ ကင်းလွတ်သွားခဲ့ဖူးပါသည် ။ အသိဉာဏ်ရော ၊ ခံစားမှုပါ အားလုံး ဟင်းလင်း ... ။ ကြည်ပြာက ဖျတ်ခနဲ မတ်တတ်ရပ်သည် ။

“ နင် လျှောက် မပြောနဲ့နော် ရဲဝင်း ၊ မေ့ထားလိုက်ပါဟာ ၊ ငါသွားမယ် သိလား ”

ကျွန်တော် ခေါင်းငိုက်စိုက်ကျကာ ‌ေလျှာက်လာခဲ့သည် ။ မဟာပထဝီမြေကြီးနှင့် ကျွန်တော့်အမြင်သည် နီးလွန်းလှပါကလား ၊ အီလည်လည် နှင့် မွန်းကျပ်သော ခံစားမှုသည် ဆိုဖွယ်ရာမရှိလောက်အောင် ကျွန်တော့်ကို လောင်ကျွမ်းလျက် ရှိလေသည် ။ အဆောင်တံခါးဝ ရောက်တော့ ကော်ရစ်တာထောင့်မှာ မိုးမိုး နှင့် ထိုင်နေသော လွင်ဦး က ဖျတ်ခနဲ ထလာကာ ကျွန်တော့် ပခုံးကို လာဖက်သည် ။

“ ဟေ့ကောင် ရဲကြီး ၊ အဆင်ပြေခဲ့တယ် မဟုတ်လား ”

ကျွန်တော် ဒေါသတကြီးဖြင့် လွင်ဦး လက်ကို ပုတ်ထုတ်ပစ်ခဲ့သည် ။

“ ဘယ်လို ဖြစ်တာလဲဟင် ... ကြည်ပြာ က ဘာတဲ့လဲ ရဲဝင်း ”

မိုးမိုးက အမောတကော ပြေးလာကာ ထိတ်လန့်သော မျက်နှာဖြင့် ကျွန်တော့်ကို ကြည့်ကာ မေးသည် ။ ကျွန်တော် ကြည်ပြာကို ပေးခဲ့သည့် ကတိ ဆိုတာကို မေ့လျော့နေခဲ့သည့်တိုင်အောင် ဘာမှ ပြောမထွက် ။ ရှက်ရွံ့မှု ၊ ကြေကွဲစိတ်တို့ဖြင့် ကျွန်တော့်ရင်ခွင်တစ်ဝိုက်သည် နာကျင်တောင့်တင်း၍ နေခဲ့သည် ။ ငူတူတူဖြင့် နှုတ်ခမ်းကိုသာ ကိုက်ပစ်လိုက်သော ကျွန်တော့်မျက်နှာကို မြင်ရတော့ မိုးမိုး က နားမလည်နိုင်စွာ အနားမှာရပ်နေသည့် လွင်ဦး လက် မောင်းကို ဖျတ်ခနဲကိုင်ကာ မော့ကြည့်လေသည် ။ ဪ ... လွင်ဦး ကလည်း မိုးမိုး ထက်  အရပ်ရှည်တာပဲ ၊ မိန်းကလေးတွေဟာ ဒီလိုပဲ ကိုယ့်ချစ်သူ လက် မောင်းကလေးကို ကိုင်ပြီး အားကိုးတကြီး မော့ကြည့်ချင်တာလား ၊ ကျွန်တော့်ရင်သည် ကျင်ရှကာ နာသွားသည် ။

“ သူငယ်ချင်း ဘာဖြစ်ရတာလဲကွာ ... ငါတို့ ဘာကူညီရမလဲ ၊ ကြည်ပြာ က ဘာတဲ့လဲ ”

“ ကြည်ပြာ ကိုပဲ မေးကြည့်ကြပါတော့ကွာ ”

ကျွန်တော် ဒါပဲ ပြောနိုင်ခဲ့သည် ။ အိမ်ပြန်လာသည့် လမ်းတစ်လျှောက်လုံး ကားပေါ်မှာ ၊ ပလက်ဖောင်းပေါ်မှာ တွေ့နိုင်သမျှ သမီးရည်းစားတွေ အားလုံးက ကောင်မလေးတွေထက် အရပ်ရှည်ကြသည် ။ ကျွန်တော့် မျှော်လင့်ချက်သည် လုံးဝ ကုန်ဆုံးသွားလေသည် ။

ထိုညတွင် လမင်းရော ကြယ် တော်တော်များများပါ ကောင်းကင်တွင် ရှိသည် ။ ညဉ့်လေက ဝေးကွာနေသော သစ်ရွက်နှုတ်ခမ်းနှစ်လွှာကို ထိခတ်ကာ ရယ်သံတိုးတိုးညင်းညင်းကလေး ချပေးသည် ။ အမှောင်သည် သစ်ပင်များအောက်တွင် ငြိမ်ငြိမ်ကလေးရပ်နေပြီး တိတ်ဆိတ်ခြင်းသည် သူ့ခန္ဓာကိုယ်ပေါ်မှာ အသံတစ်ခုခု တင်ပြရလိမ့်နိုးဖြင့် နေရာတိုင်းတွင် အဆင်သင့် စောင့်ဆိုင်း၍ နေလေသည် ။

ရှုံးရင်လည်း သီချင်းဖြစ်သည်ဟူသော သီချင်းရေးဆရာ သုခမိန်လှိုင်၏ ကဗျာကို သတိရသည် ။ ကျွန်တော်လည်း အရပ်ရှည်ရှည်နှင့်သာ ရှုံးရမည်ဆိုလျှင် ထိုညသည် အကောင်းဆုံး ကဗျာတစ်ပုဒ် ဖြစ်နိုင်ပါသည် ။ အခုတော့ မတွေးချင်ဘူး ။ ဘဝကို ဘဝနှင့်ချီပြီး စိတ်နာရသည် ။ ကိုယ့်အရှုံးကို ကိုယ်ပြန်တွေးမိရတိုင်း ရင်ထဲမှာ မအီမလည် ။ စာလုံးမဲ့ ကဗျာမဲ့ အရှုံးကြီးပါတကား ။ ချစ်သူတို့ ရက်စက်ခြင်းထဲတွင် ထိုရက်စက်ခြင်းသည် အဆိုးဝါးဆုံးပါကလား ။ လမင်းကြီးနံဘေးမှာ ဝိုင်းနေတဲ့ ရောင်စုံညသက်တန့်ကို ငေးမောမိသည် ။ အရပ် ငါးပေရှိတဲ့ လူတစ်ယောက်ဟာ မချစ်တတ်ဘူးလို့များ ... ။

တော်ပြီ ။ အရသာမဲ့လှချည်လား ။ ကြေကွဲခြင်း ၊ ဝမ်းနည်းခြင်း ၊ နာကျင်ခြင်းတို့သည် အချစ်၏ သဘာဝအတိုင်း နူးညံ့သိမ်မွေ့ လှပနေကြသော်လည်း ထိုခံစားမှုများဖြစ်စေသော အချက်သည် ဘယ်လိုမှ ကြိုးစားပြီး ခံစား၍ မရသော အချက်တစ်ချက်ဖြစ်နေသဖြင့် ကျွန်တော့်မှာ ဘာကြီးမှန်းမသိကို ဖြစ်နေခဲ့ရသည် ။ ရင်ထဲက ခံစားမှုကို တစ်ယောက်ယောက်ထံ ဖွင့်ဟပစ်လိုက်လျှင် ပေါ့သွားမည်မှန်းသိသော်လည်း ဘယ်သူ့ကိုမှ ပြောပြလို့မထွက် ။ ပြောပြမိလျှင် ထိုစကားလုံးများကို ကြားပြီးနောက် ကျွန်တော့်ရင်ထဲမှ ခံစားမှုကို ဘယ်သူကမှ အားမနာနိုင်စွာ ရယ်မောမှာ ... အားရပါးရ ရယ်မောကြမှာ သေချာပါသည် ။

အိပ်၍လည်းမရ ၊ ခံစားမှုက ရင်ကို တွန်းမ ပင့်တင်ထားသည် ။ လောလောလတ်လတ် အသည်းကွဲခဲ့ရသည့် အဖြစ်ကြီးကို မတွေးဘဲ နေလို့မရ ၊ အတွေးထဲက ရုန်းမထွက်နိုင် ။ တွေးမိသည့်အခါတိုင်းလည်း ရှက်စိတ်က အသိဉာဏ်ထဲမှ ခုန်ထွက်လာကာ ကျွန်တော့်ပါးပြင်ကို ဖြန်းခနဲ ရိုက်ပုတ် ။ ဒီလိုနဲ့ပင် ထိုညသည် မိုးလင်းခဲ့ရလေသည် ။

မနက် မိုးလင်းတော့ ကျွန်တော် ကျောင်းမတက်တော့ ။ ငါးပေ သာသာရှိသော ကျွန်တော့်အရပ်ကို ကြည်ပြာ ရှေ့တွင် ဆန့်ထုတ်ပြရမှာကို ရှက်ရွံ့နေမိသည် ။ နာကျင် နေမိသည် ။ ကျွန်တော့် အရပ်ကို ကြည်ပြာ ရှေ့မှာ ဘယ်လို လုံခြုံအောင် ဖွက်ယူထားလို့ ရနိုင်မလဲ ။

အသက် နှစ်ဆယ့်ငါးနှစ်ကျမှ ရိန်းဘားကွင်း ခို၍လည်း ရနိုင်မည် မဟုတ် ။ ဆယ့်လေးရက်အတွင်း အရပ်ရှည်နည်းစာအုပ်ကလည်း ကယ်နိုင်မည် မထင် ။ ဪ ... လွမ်းလွမ်းဆွေးဆွေးလည်း အသည်းကွဲခွင့် မရပါလား မကြည်ပြာ ။

တစ်ရက်
နှစ်ရက်
သုံးရက် ...
လေးရက် မြောက်နေ့ကျတော့ မိုးမိုး ၊ ယဉ်ယဉ်သိန်း နှင့် လွင်ဦး တို့ လိုက်လာကြသည် ။ မိုးမိုးက ကျွန်တော့်ကို ကြည့်ပြီး အားရပါးရ ရယ်သည် ။

“ ကြည်ပြာကလည်း တစ်နေ့ကအထိ မေးလို့မရဘူးဟ ၊ မနေ့က မနက်ကမှ အတင်းမေးလို့ ပြောပြတာ ။ အဓိပ္ပာယ် မရှိတာဟာ ။ နင်ကလည်း ငါတို့မေးတုန်းက ပြောရောပေါ့ ၊ သုတပဒေသာ စာအုပ်ထဲမှာဆို ၃ - ပေလောက် သာသာကလေးတွေကိုတောင်မှ ယူကြတာပဲ ၊ ဘာဖြစ် သေးလဲ ၊ နင်က ငါးပေလောက်တော့ ရှိမှာပေါ့ ဟား .. ဟား ”

သူငယ်ချင်းတွေက တဝါးဝါး တဟားဟား ၊ ကျွန်တော် ရှက်လွန်းသဖြင့် သေချင်နေသည် ။ အားပေးစကားတွေကလည်း သုံးပေတွေ ၊ ငါးပေတွေချည့် ၊ ကဗျာမဆန်ပါကလား ။

“ ရဲကြီး မင်းလိုက်ခဲ့ ၊ ငါတို့ ကြည်ပြာကို ပြောပြီးပြီ ၊ တကယ်တော့ အချစ်ဆိုတာကကွာ အရပ် ... ”

“ တော်ပါတော့ကွာ ”

တဝါးဝါး တဟားဟား ရယ်ကြပြန်သည် ။ ရယ်စရာကြီးကို ဖြစ်နေသလား ။ ကျွန်တော် ကြေကွဲနေရမှာလား ၊ သူတို့နဲ့ အတူ လိုက်၍ ရယ်မောပစ်ရမှာလား ။

“ အခု ... ကြည်ပြာက ခေါ်ခိုင်းလိုက်တာဟေ့ကောင် ၊ လက်ဖက်ရည်တိုက် မှဆိုလို့ လက်ဖက်ရည်တောင် တိုက်လိုက်သေးတယ် ။ လိုက်ခဲ့ပေတော့ ”

“ ကြည်ပြာကို မင်းတို့ ဘယ်လိုပြောလိုက်လို့လဲ ”

“ ဟ ... နင် ရူးနေသလားလို့ ပြောလိုက်တာပေါ့ကွ ”

အင်း ... ဒီလိုဆိုတော့လည်း အလွယ်ကလေးပါလား ။ တစ်ညလုံး ၊ တစ်ညလုံး လွမ်းရ ဆွေးရ မအီမလည်ဖြစ်နေရတာနှင့်တောင်မှ မတန်ချင် ၊ တကယ့်ကို လွယ်လွယ်ကလေးပါကလား ။

“ အခု ကြည်ပြာ နဲ့ ငါ ပြေလည်ပြီလား ”

“ ဟိုးထား မောင် ၊ အဲဒီလိုတော့ မဟုတ်သေးဘူး ။ ဒါပေမဲ့ ဟို ငါးပေကိစ္စတော့ မဟုတ်ဘူးပေါ့ကွာ ၊ ဟားဟား ..  သူ စဉ်းစားပါရစေဦးတဲ့ ”

°°°°°  °°°°°  °°°°°

အခုတော့ ကြည်ပြာနှင့် ကျွန်တော်သည် ထိုအခြေအနေတွင် ရှိလေသည် ။ အခုဆိုလျှင် စဉ်းစားသည့်ကာလသည် တစ်လကျော်သွားပြီ ။ တစ်ကျောင်းလုံးကလည်း ကျွန်တော့်ထက် အရပ်ရှည်ကြသူတွေချည်းဆိုတော့ ကျွန်တော့်ချစ်သူကို ကျွန်တော် ဘယ်နည်းနှင့်မှ စိတ်မချနိုင် ။ အရပ်ကောင်းကောင်း ယောက်ျားတစ်ယောက်ကို တွေ့တိုင်း ကြည်ပြာ မကြည့်ပါစေနှင့်ဟု ဆုတောင်းရတာလည်း စိတ်ထဲအမော အတူတူ ယှဉ်လျှောက်ကြသည့်အခါတိုင်း ကြည်ပြာက ကျွန်တော့်ကို စိတ်ဓာတ်ကျနေမလားဟု တွေးမိရတာလည်း အကြိမ်ကြိမ် ၊ ဝဋ်ဒုက္ခ ကြီးမားစွာ ကျွန်တော်နေရပါသည် ။

ကြည်ပြာ မုန့်ဟင်းခါစားပြီးသွားသည် ။ ကြည်ပြာ မုန့်ဟင်းခါး စားပြီးသွားလျှင် ကျွန်တော်က ညတုန်းက ရေးထားခဲ့သည့် “ ဝတ်ဆံများ၏ အိပ်မ က် ”ဆိုသော ကဗျာကလေးကို ပေးဖတ်ဖို့ စဉ်းစားထား၏ ။ မပွင့်ရသေးသော ပန်းကလေးတစ်ပွင့်ထဲမှ ဝတ်ဆံကလေးတွေက ပန်းကလေး ပွင့်လိုက်သည့်အခါ သူမမြင်ဖူးသေးသော ပြင်ပ ပတ်ဝန်းကျင်ကို ဘယ်လိုများ တွေ့လိုက်ရမလဲ ဟူသော အတွေးကို အဖြေမရသေးသော ချစ်သူတစ်ယောက်၏ ချစ်ခြင်းမေတ္တာအပေါ် ဘယ်လို ရင်ခုန်ရမလဲဆိုသည့် အကြောင်းအရာဖြင့် နိမိတ်ပုံပြုထားသော ကဗျာကလေး တစ်ပုဒ်ဖြစ်၏ ။ ကြည်ပြာက မုန့်ဟင်းခါး ပန်းကန်ကို တွန်းကာ စမူဆာ ပန်းကန်ကို ဆွဲ၏ ။

“ ကြည်ပြာ ... ငါညက ရေးထားတဲ့ ကဗျာ ဖတ်ကြည့်စမ်းပါဟာ ”

ကြည်ပြာက ငရုတ်သီးစပ်နေသော လျှာကို လေဖြင့် တစ်ချက် နှစ်ချက် မှုတ်ကာ ဆံစကလေးတွေ စိုရုံထွက်နေသော ချွေးကို သုတ်ရင်း “ အမလေးဟဲ့ ” ဟု ညည်းသည် ။

“ ဖတ်ကြည့်စမ်း ကြည်ပြာ ၊ မိုး ဖတ်ပြီးပြီ ၊ ရဲဝင်းက ကဗျာရေး သိပ်တော်တာပဲ ၊ နင် မဂ္ဂဇင်းကို ပို့ပါလားဟ ၊ ပါနိုင်တာပဲဟာ ”

“ နောက်တော့ ကြိုးစားတာပေါ့ မိုးရာ ... အခုတော့ "

ကြည်ပြာက ကျွန်တော့်လက်ထဲက စာရွက်ခေါက်ကို မြန်မြန် ဆွဲယူသည် ။ ပြီးတော့ ရှစ်ပိုဒ် တိတိ ရှိသော ကျွန်တော့်ကဗျာကို တစ်မိနစ် အတွင်း ပြီးအောင် ဖတ်ပစ်လိုက်သည် ။ အယ်ဒီတာတစ်ယောက် အတိုင်းပါပဲလား ။

“ သေသေ ချာချာ ဖတ်ဟာ ”

ကျွန်တော့်စကားကြောင့် ကြည်ပြာက မျက်နှာကို ရှုံ့ကာ ဒုတိယအကြိမ် ဖတ်သည် ။ ကြည်ပြာဖတ်နေတုန်း ကျွန်တော်က ကဗျာကို စိတ်ထဲက ပြနီရွတ်ကြည့်နေမိသည် ။ ပြီးတော့ ကြည်ပြာက စာရွက် မှ မျက်နှာကို ခွာလိုက်သည် ။ ကျွန်တော့် မျှော်လင့်ချက်ကို ကြည်ပြာ တွေ့ရှိသွားပြီးလား ၊ ကြည်ပြာ ကျွန်တော့်ကို ဘာပြောမလဲ ။

“ စမူဆာတွေက တူးနေတယ် ၊ လဲပေးဟာ ”

“ ဘာ ”

“ ဒီမှာ ငါ စမူဆာစားမလို့ ၊ နီနီရဲရဲကလေးတွေနဲ့ လဲပေးပါလို့ပြောတာ ၊အူကြောင်ကြောင်နဲ့ ဘာမှန်းလဲ မသိဘူး ”

ကျွန်တော် ခေါင်းငိုက်စိုက် ကျသွားသည် ။ ရှိပါစေလေ ၊ စမူဆာ စားရင်း ငါ့ကဗျာကို ထပ်ဖတ်မယ် ထင်ပါရဲ့ ၊ ကျွန်တော် စားပွဲထိုးကို ခေါ်မနေတော့ဘဲ တခြားဝိုင်းက စမူဆာပန်းကန်နှင့် ထလဲပေးလိုက်သည် ။ ကြည်ပြာက လက်သည်းနီဆိုးထားသော လက်ချောင်းကလေးနှင့် စမူဆာကို ထိုးကြည့်သည် ။ ကျွန်တော် မော့မကြည့်တော့ ၊ လက်တစ်ဖက်က ကျွန်တော့်ကဗျာကို ကိုင်ထားဆဲ ၊ စမူဆာကိုက်သံကို ကြားရသည် ။ စမူဆာလောက် မကောင်းဘူးများ ပြောမလား ၊ ပန်းဖူးကလေးထဲက ဝတ်ဆံတွေရဲ့ အိပ်မ က် မှာ ။

“ အချဉ်ရည် ... ”

“ .... ....  ..... ”

“ ပြူးတူးပြဲတဲနဲ့ ဘာဖြစ်ရတာလဲ ၊ အချဉ်ရည် ခွက်လေ ခုနကတည်းက တစ်ခါတည်းတော့ ယူမလာဘူး ၊ ဘာမှလဲ အလိုက်ကမ်းဆိုး မသိဘူး ”

ရှိစေတော့ ၊ အချဉ်ရည်ခွက် ထယူပေးပြီးတော့ ကြည်ပြာ လက်ထဲက ကျွန်တော့်ကဗျာကို အားနာစွာ ပြန်ယူလိုက်သည် ။ မှားသည် ။ ဒီမိန်းမကို ချစ်မိတာ မှားသည် ။ အရပ်ငါးပေ မကျော်တာလည်း မှားသည် ။ ကဗျာဆရာလုပ်ဖို့ ဆုံးဖြတ်မိတာလည်း မှားပြီ ။ ဒီလိုနှင့်ပင် ကျွန်တော်တို့ စကားဝိုင်းသည် ပြန်လည် တိတ်ဆိတ်သွားလေသည် ။

“ ကဲ ... ဘယ်နှစ်နာရီရှိပြီလဲ ။ တော်ကြာ ရုပ်ရှင်မမီဘဲ နေဦးမယ် "

“ ကြည်ပြာ ... ငါ အဲဒါပြောမလို့ ၊ ငါ မအားတော့ဘူးဟာ ၊ ဒီနေ့ လွင်ဦး အဒေါ်တစ်ယောက် ဆေးရုံတက်ရတာ သွားမေးဖို့ ရှိလို့ ၊ တော်ကြာ လွင်ဦး ရောက်လာလိမ့်မယ် ၊ နင် ရဲဝင်းနဲ့ပဲ လိုက်သွားလိုက်ပါဟာနော် ”

မိုးမိုးက ကျွန်တော့်ကို စားပွဲအောက် မှ ဒုတိယအကြိမ် ဆိတ်ပြန်သည် ။ နာလိုက်သည့် ဖြစ်ခြင်း ၊ ခွေးမ ။ သို့သော် ကျွန်တော် ကြိတ်ခံရသည် ။ ကြည်ပြာ နဲ့ မိုးမိုး ရုပ်ရှင်ကြည့်ဖို့ ချိန်းထားသည်ဆိုတာ ကျွန်တော် လုံးဝ မသိခဲ့ရ ၊ ဧကန္တ မိုးမိုးက စီစဉ်ပေးခြင်း ဖြစ်မည် ။

“ နင် လုပ်ပြီဟာ ၊ အသေအချာ ပြောထားတာကို နောက်နေ့မှ နင့်ကိစ္စသွားဟာ ”

“ ဟဲ့ ကောင်းမလားဟ ၊ ဒီနေ့ လာမေးမယ် ပြောထားတာ ၊ ခဏကြာရင် လွင်ဦး လာလိမ့်မယ် ၊ ငါ လုံးဝ မအားလို့ပါဟာ ၊ ဟိုနှစ်ကောင်ကလည်း အစောကြီးကတည်းကလစ်ပြီ ၊ ရဲဝင်း တစ်ယောက်လုံး ပါတာပဲဟာ ”

“ သွားစမ်းပါ ၊ မိုးလိုက်ခဲ့ဟာ ၊ အဲဒီကားက ဒီသောကြာဆိုရင် လဲတော့မှာဟ ”

“ မအားလို့ပါဆို ကြည်ပြာရယ် ၊ ရဲဝင်းနဲ့ပဲ သွားလိုက်ဟာ ”

မိုးမိုးက တတိယအကြိမ် ဆိတ်ပြန်သည် ။ ကြာရင် ပေါင်သားတွေတော့ ပဲ့ကျကုန်တော့မှာပဲ ။

“ ကြည်ပြာရယ် နင်ကြည့်ချင်လည်း သွားပေါ့ ၊ မိုးမိုးက လူမှုရေးကိစ္စကြီးဟ ဖျက်လို့ ဘယ်ကောင်းမလဲ ”

ကြည်ပြာ အကြံရခက်နေပုံရသည် ။ မိုးမိုးကိုရော သူ့ကိုပါ မျက်စောင်း လေးခါလောက် ထိုးသည် ။ တမင် ပေါင်းကြံသည်ဆိုတာကိုလည်း သိပုံရသည် ။

ဒါပေမဲ့

ကြည်ပြာက နောက်ဆုံးတော့ ...

“ အေးလေ မအားလည်း သွားပေါ့ ၊ ရဲဝင်း နင် လိုက် မယ် မဟုတ်လား ... ” တဲ့ ။

ရင်ထဲမှာ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဘုရားပွဲရော ၊ တရုတ်နဂါးပွဲရော လှည့်လေသည် ။ ကျွန်တော် ဝိုင်းကျသင့်ငွေကို ရှင်းလိုက်သည် ။ လွင်ဦးရောက်လာပြီး မိုးမိုးက နှုတ်ဆက်ကာ ထသွားသည် ။ မထခင် ကျွန်တော့်ပေါင်ကို အပြင်းထန်ဆုံး ဆိတ်သွားသေး၏ ။ ကြည်ပြာက ရှေ့ခရီးအတွက် သူမမျက်နှာကို အခုကတည်းက အစွမ်းကုန် တည်၍ ထားလေသည် ။

°°°°°   °°°°°   °°°°°

ကား‌ေပါ် ရောက်တော့ ကားခ ဆယ်တန် ကျွန်တော်ထုတ်ပေးသည် ။ စပယ်ယာက ပြန်မအမ်း ၊ ဆင်းခါနီးကျတော့ အနောက်ပေါက် ရောက်နေသည် ။ ပိုက်ဆံအော်တောင်းလျှင် ကြည်ပြာ ရှက်သွားမှာစိုး၍ ကမ္မသကာ ထားလိုက်ရသည် ။ အဖြေ မရသေးသည့် ယောက်ျားလေးတစ်ယောက်အတွက် တလောကလုံးသည် သည်းခံစရာချည့် ဖြစ်လေတော့သည် ။

ရုပ်ရှင်ရုံရောက်တော့ တန်းစီကြသည် ။ လက် မှတ်ပေးတော့ ထုံးစံအတိုင်း တန်းမရွေ့ဘဲ အပေါက်ကလေးမှာ တိုးကြိတ်ဝယ်ကြသည် ။ ကျွန်တော် အနားကပ်၍ မရ ။ လူအုပ်ကြီးနားမှာ ခုန်ဆွ ခုန်ဆွ လုပ်ရင်းဖြင့် လက် မှတ်က ကုန်သွားသည် ။ ကြည်ပြာ ကတော့ ကျွန်တော့်ကိုကြည့်ကာ စိတ်ဓာတ်အကြီးအကျယ် ကျနေပုံရသည် ။ သူ ကြည့်ချင်တဲ့ ကားလည်း မကြည့်ရတော့ ။ ဒီကိစ္စက ကျွန်တော်၏ သေးကွေးသော ကိုယ်ခန္ဓာ ငါးပေသောအရပ်ကို ဒုက္ခပေးဦးမှာလားဟု ကျွန်တော် တွေးပူနေခဲ့ရသေး၏ ။ တော်ပါသေး၏ ၊ ကြည်ပြာ က တန်းမစီဘဲ တိုးသူများကိုသာမေတ္တာပို့သည် ။ စိတ်ဓာတ်ကျစွာနှင့် ပြန်ကြစဉ် ဂုဏ်ရုံအောက်ကို ရောက်တော့ လက် မှတ်များ မကုန်သေး ။ တန်းစီသူ ဝယ်သူမရှိ ၊ ကျွန်တော်ကတော့ ရတောင့်ရခဲ အခွင့်အရေးတစ်ခုကို အဆုံးရှုံးမခံချင်သည့်အတွက် ကြည်ပြာကို အင်္ဂလိပ်ကားကြည့်ဖို့ မရဲတရဲ ပြောရသည် ။

“ မကြည့်ချင်ပါဘူး ၊ အင်္ဂလိပ်ကားကြည့်တာ ဝါသနာမပါဘူး ”

“ နင်ကလည်းဟာ ၊ မထူးတော့ပါဘူး ၊ ဒီအချိန်ကျောင်းပြန်တော့လည်း ဘာလုပ်ရမှာလဲ ၊ ရောက်လာပြီးမှပဲဟာ ၊ ဒီကားက ကောင်းမှာပါဟ ၊ ကြည့်မယ်ဟာ ”

နောက်ဆုံးတော့ ကြည်ပြာသည် အံကိုတစ်ချက်ကိုက်ကာ မထူးတော့ပြီဟု သဘောထားလိုက်ပုံ ရလေသည် ။ ရုံထဲရောက်တော့ နေကြာစေ့တစ်ထုပ် ၊ မရမ်းပြားတစ်ထုပ် ၊ အာလူးကြော်တစ်ထုပ်နှင့် ပူရှိန်းတစ်တောင့် ကျွန်တော်က အလျင်အမြန် ဝယ်ရသည် ။ ငွေနှစ်ဆယ် ထုတ်ပေးတော့ အားလုံး နှစ်ဆယ့်တစ်ကျပ်ကျသည်ဟု ဆိုသည် ။ တစ်ကျပ်ပေးရန် အိတ်ထဲနှိုက်သောအခါ ပိုက်ဆံတစ်ပြားမှ မရှိတော့ ၊ ကြည်ပြာကို လှမ်းကြည့်တော့ အဝေးမှာ စိတ်ညစ်စွာ ရပ်‌ေနသည် ။ ရောင်းတဲ့ကောင်မလေးက “ အကြွေမပါရင် ရတယ်အစ်ကို ” ဆိုသဖြင့် အဆင်ပြေသွားသည် ။

ရုံထဲရောက်တော့ အပေါ်ထပ်မှာ လူက ဆယ်ယောက် မပြည့်ချင် ၊ အတွဲက လေးတွဲပါသည် ။ ကြည်ပြာက မျက်စိမျက်နှာ ပျက်ချင်နေကာ ကျွန်တော့်ကို မယုံသင်္ကာသလို ကြည့်၏ ။ မျက်နှာကလည်း မာထန်၍ လာလေသည် ။

“ နင့်ကို ငါ အဖြေမပေးရသေးဘူးနော် ... အူကြောင်ကြောင်‌ေတာ့ မလုပ်နဲ့ ၊ ငါထပြန်မှာ နင့်ကားကလည်း ကောင်းရောကောင်းရဲ့လား ၊ ကြည့်မိတာ မှားပြီထင်ပါရဲ့”

“ ကောင်းမှာပါ ၊ စိတ်ချပါဟာ ငါ နားလည်ပါတယ် ၊ ဒါပေမဲ့လေ ”

ကျွန်တော်စကားကို ဆက်၍ မပြောနိုင် ၊ ကိုယ့်ကို အဖြေပေးဖို့ လေ့လာနေတဲ့ မိန်းကလေးတစ်ယောက်ထံက အပြန်လမ်းစရိတ် တောင်းရမည်ဆိုတာ သင့်တော်ပါ့မလား ၊ ကျွန်တော့်ထံက အထင်ကြီး စရာကလေး တစ်ခု နှစ်ခုကို ကြည်ပြာ ရှာနေသည့် အချိန်မျိုးတွင် ထို စကားသည် ကြည်ပြာ ကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်အထိ ကြီးမားသွားမှာလား ၊ အေးလေ ... ကြည်ပြာ နဲ့ ငါဟာ သူငယ်ချင်းဘဝက ဖြတ်သန်းပြီးလာကြသူတွေပဲ ၊ ပြီးတော့ ဒါမျိုးဆိုတာကလည်း ကြုံတတ် ဖြစ်တတ်သည့်သဘောမျိုး မဟုတ်လား ။ သိနားလည်နိုင်မှာပါ ။

စိတ်ဖြေ‌ေတွးသော်လည်း ပြောဖို့ကြိုးစားသည့်အခါ စကားလုံးများသည် ကျွန်တော့်လည်ချောင်းထဲမှာ ခိုင်၍နေသည် ။ အရပ်ကလည်း ပေမမီ ဒေါက် မမီ ၊ အပြန်လမ်းစရိတ်ကလည်း မရှိသော ယောက်ျားတစ်ယောက်ကို မိန်းကလေးတစ်ယောက်ဟာ ...  ။

“ နင် ဘာဖြစ်နေတာလဲ ... နင့် မျက်နှာက မရိုးသားဘူး ၊ တော်ပြီ မကြည့်တော့ဘူး ၊ ငါပြန်တော့မယ် ”

“ ဟာ ... မဟုတ်ပါဘူး ၊ ဒုက္ခပါပဲ စိတ်ချပါဟာ ငါရုပ်ရှင်ပဲ ကြည့်မှာပါ ၊ ဟိုလေ ... ငါ ... ငါ့မှာ ပိုက်ဆံကုန်သွားပြီဟ ၊ တစ်ပြားမှကို မရှိတော့တာ ... အဲဒါ အပြန်ကျရင် ငါ့ကို လမ်းစရိတ် ပေးလိုက်ပါဦးလို့ ပြောမလို့ ၊ နှင့်ကို ပြောမထွက်လို့ပါဟာ ၊ ငါ့ဆီမှာ ဘာအကြံအစည်မှ မရိုးမသား မရှိပါဘူး ၊ စိတ်ချပါ ”

ကြည်ပြာမျက်နှာပေါ်က ရှက်စိတ် ၊ ကြောက်စိတ်နှင့် သံသယစိတ်များ လွင့်စဉ်၍ သွားသည် ။ စိတ်ပျက်သွားသည့် အမူအရာနှင့် မျက်ဝန်းသာ ထင်းထင်းကြီး ကျန်ရစ်ခဲ့သည် ။ ကြည်ပြာက သက်ပြင်းကို ချသည် ။ အံကိုကြိတ်သည် ။ ဘယ်လိုအူကြောင်ကြောင် ကောင်နဲ့ လာတိုးနေပါလိမ့် ။ သူမ သိပ်ကြိုက်သော မြန်မာရုပ်ရှင်ကားတွေထဲက မင်းသားတွေလိုလည်း မဟုတ်ပါလားဟု တွေးနေပုံရသည် ။ ကျွန်တော်လည်း စိတ်ဓာတ် အကြီးအကျယ် ကျလာကာ ဝမ်းနည်းသွားသည် ။ တကယ့်လက်တွေ့ဘဝဆိုတာ အသေအချာ အစီအစဉ်ချထားတဲ့ ဝတ္ထုတစ်ပုဒ် မဟုတ်ဆိုတာ သေချာပြီ ။ ကြည်ပြာက နှာခေါင်းကို ရှုံ့သည် ။ မျက်စောင်းကို ဒိုင်းခနဲနေအောင်ထိုးသည် ။

“ လဲသေလိုက် ”

ကျွန်တော့်မျက်နှာသည် ဖျင်းခနဲပူသွားသော်လည်း ရုပ်ရှင်ရုံက မီးများကို မှိတ်ချလိုက်သဖြင့် အတော်အရှက်ရ သက်သာသွားခဲ့သည် ။ ဒုက္ခပါပဲ ။

“ နင်ကလည်းဟာ ငါက ရိုးရိုးသားသား ပြောတာပါ ။ နို့မို့ဆိုရင် ငါက အပြန်မှာ ဒုက္ခရောက် မှာကို ... ”

“ အေးပါ အေးပါ ရိုးသားပါပေတယ် ၊ ပေးမယ် ၊ ပေးမယ် ။ ငါ့အနား သိပ်မကပ်နဲ့ အပြန်ကျ ပေးမယ် ၊ ဘာမှန်းကို မသိဘူး ၊ သေချင်တာပဲ ”

တော်ပါသေး၏ဟု ကျွန်တော်တွေးရသည် ။ ရုပ်ရှင်စပြသည် ။ ကျွန်တော် ကံမကောင်း ၊ ရုပ်ရှင်စပြကတည်းက စကားတွေပြောသည် ။ အဝေးပြေးလမ်းမပေါ်မှာ ဓာတ်ဆီဆိုင်ကလေး တစ်ဆိုင်ရှိသည် ။ လင်မယားနှစ်ယောက်နှင့် သမီးလေးတစ်ယောက်ရှိ၏ ။ လင်မယား နှစ်ယောက်က အိမ်ထောင်ရေးအဆင်မပြေ ၊ မကြာခဏ ရန်ဖြစ်ကြသည် ။ အယူအဆတွေ မတူကြ ၊ နောက်ဆုံး ယောက်ျားဖြစ်သူက အိမ်မှထွက်သွားသည် ။ မိန်းမကလည်း Good bye  ။ သမီးကလေးနှင့် တွေ့ချင်သည့်အခါ ညဘက်လာ ခိုးတွေ့ရသည် ။ နောက်ဆုံး ဓာတ်ဆီဝင်ထည့်ကြသည့် ယောက်ျားနှစ်ဦးက မိန်းမတစ်ဦးနှင့် ကလေးသာ ရှိမှန်း သိသွားသောအခါ ပိုက်ဆံကို ဓားပြတိုက်၍ မင်းသမီးဖြစ်သူကို အဓမ္မကျင့်ဖို့ ကြိုးစားစဉ် ယောက်ျားဖြစ်သူ ရောက်လာကာ ကယ်တင်သဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်သွားကြသည် ။ ပြေလည်သွားကြသည် ။

မီးများ ပြန်ဖွင့်သောအခါ ကျွန်တော့်မှာ ပြေလည်မှုမရ ၊ ကြည်ပြာ မျက်နှာက ကြောက် မ က် ဖွယ်ရာ ကောင်းလောက်အောင်ကို မာတင်း၍နေခဲ့သည် ။ ရုပ်ရှင်ထဲက မင်းသမီးနှင့် မင်းသားထက် အရင် နားလည်မှုရသွားသောအတွဲလေးတွဲ၏ စည်းလုံးညီညွတ်မှု ၊ စပြကတည်းက စကားပဲ ပြောနေသောကြောင့် အော်ကြသည့် တော်ပါတော့ဆိုသည့် အားပေးသံများ ..

“ ကောင်းတယ် ၊ သိပ်ကောင်းတဲ့ ရုပ်ရှင်ပဲ ၊ နောက်တစ်ပွဲ ဆက်ကြည့်ဦးမလား ”

“ နင်ကလည်းဟာ နိုင်ငံခြားကားဆိုတာ ဒီလိုပဲပေါ့ ၊ ရိုက်ချက်တွေ ကောင်းပါတယ်ဟ  ”

“ အေး ငါကတော့ ပါးပဲ ရိုက်ချင်တယ် ၊ တော်ပြီ ရဲဝင်း ၊ နင့်အကြံကို ငါသိတယ် ၊ နောက်ကို ဘယ်တော့မှ ငါ့ကို ရုပ်ရှင်ကြည့်ဖို့ မပြောနဲ့တော့ ”

“ ကြည်ပြာ နင့်စကားကို ပြင်ပြောနော် ၊ ငါ့မှာ ဘာအကြံမှမရှိဘူး ၊ ငါ နင့်ကို ဘာများစော်ကားလို့လဲ ”

“ ဪ ... ”

ကြည်ပြာက ခါးကို ဖျတ်ခန် ထောက်ကာ ကျွန်တော့်ကို စိမ်းစိမ်းကြည့်သည် ။ ပြီးတော့ ဘာမှ မပြောတော့ဘဲ အပါးမှ ချာခနဲ လှည့်ထွက်သွားသည် ။ ဪ တိုက်ဆိုင်လာသည့် အဆင်မပြေမှုများအပေါ် နားလည်နိုင်စိတ် မရှိပါလား ။ ကျွန်တော် စိတ်ဓာတ် အကြီးအကျယ် ကျကာ ကြေကွဲဝမ်းနည်းသွားရင်း ကြည်ပြာ့ နောက် မှ လိုက်လာခဲ့သည် ။ ဖြူစင်သန့်ရှင်းစွာ မြတ်နိုးရသည့် ချစ်ခြင်းမေတ္တာ၏ မြင့်မြတ်ကြီးကျယ် ခမ်းနားမှုများသည် သဘာဝကျကျ ဖြစ်လာရသည့် အကြောင်း အချက် များအောက်တွင် တစ်စစီ ကွဲကြေလွင့်ပါးကုန်ကြသည် ။

°°°°°   °°°°°   °°°°°

ရန်ကုန်မြို့ ညနေရီဦးသည် ဟိုမှသည် သည်မှဟို အုပ်စုလိုက် ရွေ့လျားနေကြသော လူအုပ်ကြီးများ ၊ ပလက်ဖောင်းပေါ်က ဈေးအော်သံ ခေါ်သံ ၊ ကားဟွန်းသံများနှင့် စဉ်ဆက် မပြတ် ရွေ့လျားနေကြသော ကားများ .... ကားများ ....  ။

ဟာ ... ကားခ ။ ကျွန်တော့်အရှေ့မှ လျှောက်နေသော ကြည်ပြာ့ နောက် ကမန်းကတန်း ပြေးကပ်လာခဲ့သည် ။ အပြန် ကားခတောင်းရဦးမှာပါကလား ၊ ကြည်ပြာ မျက်နှာသည် မာတင်း၍ နံဘေးမှ ရောက်လာသော ကျွန်တော့်ကို တစ်ချက် မှ လှည့်မကြည့်ဘဲ လမ်းကို အတတ်နိုင်ဆုံး သွက်သွက်လျှောက်လေသည် ။

“ ကြည်ပြာ ... ငါ ... ”

“ မပြောနဲ့ ဘာမှ ရှင်းပြမနေနဲ့ ၊ ဘာမှ အသုံးမကျဘူး ၊ တော်ပြီဟာ အားလုံးကို ငါစိတ်ပျက်တယ် ၊ အတူတူပဲ ၊ အားလုံးပဲ ”

“ ကြည်ပြာ နင်ကလည်းဟာ ၊ စိတ်မဆိုးပါနဲ့ ၊ ဟို ငါလေ ”

“ တော်တော့ ... ”

ကြည်ပြာက မြန်မြန်သွက်သွက်ကြီး လျှောက်နေရာမှ ဗြုန်းခနဲ ရပ်ကာ တအားအော်ခဲ့သည် ။ နံဘေးနားက ဖြတ်လျှောက်သွားသူတွေက ကျွန်တော့်ကို လှည့်ကြည့်ကြသည် ။

ရှက်ရွံ့စိတ် ၊ ဒေါသ ၊ မာန နှင့် ဝမ်းနည်းခြင်းတို့သည် ဝုန်းခနဲ ကျွန်တော့်နှလုံးသားမှ ဆန်တက်လာကြသည် ။ ကြည်ပြာက ချာခနဲလှည့်ကာ ဆက်လျှောက်သွား၏ ။ ကျွန်တော် ကြေကွဲစွာ ခေါင်းငိုက်စိုက်ကျရင်း လျှောက်လိုက်လာမိသည် ။ ခဏကြာတော့ ကျွန်တော့်ရင်ထဲမှာ ဝမ်းနည်းစိတ်တစ်ခုသာ အကြီးမားဆုံး တောက်လောင်နေကာ အရာရာကို ဖြစ်ချင်တာဖြစ်စေတော့ဟု သဘောထားလိုက်တော့သည် ။ ဒါပေမဲ့ ကြည်ပြာစီးရမည့် ကားမှတ်တိုင်အထိတော့ ကျွန်တော် လိုက်လာခဲ့ပါသည် ။ သူမ ဘယ်လောက်ပင် ကျွန်တော့်အပေါ် နားမလည်သည်ဖြစ်စေ ၊ ကျွန်တော်ကတော့ နောက်ဆုံးအထိ သည်းခံခွင့်လွှတ် နားလည်ပေးဖို့ ဆုံးဖြတ်ထားသည် ။

ဆူးလေမှတ်တိုင်ကို ရောက်တော့ ကြည်ပြာသည် လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကာ ရပ်နေသည် ။ ကျွန်တော့်ကို လှည့်မကြည့် ၊ ဘယ်သူ့ကိုမှလည်း ဂရုမစိုက် ၊ ကြောက် မ က် ဖွယ်ရာ ဒေါသကြီး တစ်ခုသာ သူမမျက်နှာတွင် ယိမ်းထိုးလျက်ရှိ၏ ။ ကျွန်တော်နောက်ဆုံး မာနကို လျှော့ကာ မေတ္တာ မရချင်လည်း နေပါစေတော့ ၊ ကားခ တစ်ကျပ်လောက် တောင်းဖို့ ကြည်ပြာအနီးကို မရဲတရဲ တိုးကပ်ခဲ့သည် ။ ကြည်ပြာသည် လှည့်မကြည့်သော်လည်း ကျွန်တော် ကပ်လာမှန်း သိနေလေသည် ။ အံ့ဩ ဖွယ်ရာ မိန်းမတို့၏ အစွမ်းအစပါလား ၊ ဖျတ်ခနဲ ကျွန်တော်နှင့် ဝေးရာကို ရွှေ့သွား၏ ။

ကျွန်တော့်ကမ္ဘာတွင် ဘာမှ မရှိတော့ ။ အရာအားလုံးသည် ကြေကွဲဖွယ်ရာ ဆုံးရှုံးသွားခဲ့ပြီးသာ ဖြစ်လေသည် ။ အမြန်ကားလေးတစ်စင်း ထိုးဆိုက်လာသည် ။ ကြည်ပြာ ပြေးကပ်သည် ၊ မရ ။ ကျွန်တော် ဝမ်းနည်းကြေကွဲစွာ ကြည့်နေမိသည် ။ ကြည်ပြာနှင့် ကျွန်တော်က ပြန်ရမည့်လမ်းက မတူ ၊ စီးရမည့်ကားက တခြားစီ ၊ ကြည်ပြာ စီးမည့်ကားပေါ်လည်း ကျွန်တော် တက် မလိုက်ဝံ့တော့ ၊ ဟိုး အလျင် အဆင်ပြေနေစဉ်ကာလကပင် လုပ်ခွင့်မရသော အပြန်လိုက်ပို့သည့်အဖြစ်မျိုးသည် ယခုအချိန်တွင် ပို၍သာ ဆိုးတော့မည် ဖြစ်သည် ဆိုတာကို ကျွန်တော်နားလည်သည် ။

နောက်ကားတစ်စင်း ရောက်လာသည် ။ ကြည်ပြာ ထပ်မံ ပြေးကပ်သွားပြန်သည် ။ သူမသည် ကျွန်တော်နှင့် ဝေးရာကို အတော် ရောက်ချင်နေပုံရ၏ ။ တစ်ချက်နှစ်ချက် လန်ထွက်လာပြီး နောက်ဆုံး ကြည်ပြာ ကားပေါ်ရောက်သွားသည် ။ ကားလေး အလယ်တန်း အပေါက်ဝ ငါးယောက် မြောက် မှာ နေရာရသွားသည် ။ စပါယ်ရာက ခုံပြည့် အတွယ်တစ် မောင်း ဟု အော်သည် ။

ကားလေးသည် ကျွန်တော့်အနားမှ တိုးထွက်သွားသည်မှာ ကျွန်တော့်ဘဝကြီး တစ်ခုလုံးကို တင်ပြီး မောင်းထွက်သွားသလို ခံစားရ၏ ။ ကျွန်တော့်ထံမှာ ဘာမှမရှိတော့ ၊ ဝေးပြီ ။ နောက်ဆုံးအနေနှင့် နောက်ဆုံးခုံတွင် ပါသွားသော ကြည်ပြာ ကို ကျွန်တော် လှမ်းငေးသည် ။ ကြည်ပြာက အပေါ်တန်းနှစ်တန်းကို မြဲမြံအောင် ကိုင်ထားကာ မျက်နှာကို ကျွန်တော်နှင့် ဝေးရာဘက်သို့ လွှဲထားသည် ။ ဪ ... ကြည်ပြာရယ် ၊ ကျွန်တော်ကတော့ ရက်စက်သည့် အပြုအမူကိုပင် တစ်ခုမှ မလွတ်ရအောင် ငေးမောနေခဲ့သည် ။ ကြည်ပြာကားကလေးသည် ဆူးလေမီးပွိုင့်မှာ မိသဖြင့် ရပ်သွားသည် ။ ကြည်ပြာ ကျွန်တော့်ကို တစ်ချက် မှ လှည့်မကြည့် ။ ကျွန်တော် ခေါင်းငိုက်စိုက်ချထားလိုက်သည် ။ မော့မကြည့်တော့ ။ ညနေရီနေရောင်၏ ငြိုးရည်သင့်အလင်းအောက်တွင် ခေါင်းငိုက်စိုက်ကျသွားသော လူတစ်ယောက်ကို ကြည်ပြာ နားလည်နိုင်ပါစေတော့ ။ သို့သော် ကျွန်တော် ဘာကိုမှတော့ မျှော်လင့်မထားတော့ပါ ။ ထိုစဉ် ရဲဝင်း ရဲဝင်း ဆိုသည့် ကြည်ပြာ အသံသည် အံ့ဩ တုန်လှုပ်ဖွယ်ရာ ကျွန်တော့်နားစည်ကို ဖြတ်သန်းကာ အသိဉာဏ်အတွင်းသို့ ရောက်လာလေသည် ။ ဘုရား ... ဘုရား ...  ကြည်ပြာ ။

ကျွန်တော် မော့ကြည့်တော့ ကြည်ပြာ သည် အပေါ်တန်းများကို ဆုတ်ကိုင်ထားသော သူမ၏ လက် များကို ဖြုတ်ကာ လွယ်အိတ်ကို နှိုက်သည် ။

“ ရဲဝင်း ပိုက်ဆံ ပိုက်ဆံ "

အနက်ရောင် ပိုက်ဆံအိတ်ကလေး လွယ်အိတ်ထဲမှ ထွက်လာစဉ်တွင် မီးပွိုင့်လွတ်သွားကာ ကားများ မောင်းထွက်စပြုသည် ။ ကြည်ပြာသည် ပိုက်ဆံအိတ်ကိုဖွင့်ကာ အထဲမှ ဆွဲမိ ကိုင်မိရာ ပိုက်ဆံများကို ဆွဲထုတ်ရင်း ကျွန်တော့် နာမည်ကို ထိတ်လန့်တကြား အော်သည် ။ ထို့နောက် အရှိန်ရလာခါစ ကားပေါ်မှ ပိုက်ဆံများကို နံဘေးသို့ ပစ်ချလိုက်သည် ။ ဆက်တိုက် ဖြစ်ပျက်သွားသော အဖြစ်အပျက် များကို အံ့ဩ မှင်တက်စွာ ငေးမောနေစဉ် ပိုက်ဆံများက ဖွေးခနဲ ကားလမ်းမပေါ် ကျလာသည် ။ ဆူးလေ မီးပွိုင့်မှာ တောင်းနေကြသည့် ကောင်လေးတစ်အုပ်က ပိုက်ဆံများဆီ ပြေးအသွားတွင် ကျွန်တော်လည်း သတိလက်လွတ် ဖြစ်သွားကာ ထိုနေရာသို့ တစ်ဟုန်ထိုး ပြေးထွက်သွားမိပြီး ... ။

ကျွန်တော် ငါးကျပ်တန်တစ်ရွက်ထံ တစ်ဟုန်ထိုး ပြေးကာ လက်လှမ်းစဉ် ကောင်လေးတစ်ယောက်နှင့် တိုက် မိကာ ထိုကောင်လေးပေါ်မှ ကျော်ပြီး ကားလမ်းမပေါ် ကျသည် ။ သို့သော် ကျွန်တော် ငါးကျပ်တန် ကိုတော့ ရအောင် ကောက်လိုက်နိုင်သည် ။ ထိုစဉ် တစ်ယောက်က ကျွန်တော့်ကို ဝင်တိုက်သည် ။ ကားများ ဘရိတ်အုပ်သံ ၊ ကျွန်တော် ဘာမှ မသိတော့ ။

သတိရရချင်း ကျွန်တော် ကားလမ်းမပေါ်က မွှန်ထူကာ ထရပ်လိုက်သည် ။ တစ်ကိုယ်လုံး တုန်ရင်ကာ နေ၏ ။ ပလက်ဖောင်းပေါ်မှ လူစီးကြောင်းကြီး ခဏ ရပ်တန့်၍ သွားသည် ။ ကားများ ပိတ်ကုန်သဖြင့် ဟွန်းသံ တဂျီဂျီ တဂွမ်ဂွမ် မြည်နေကြသည် ။ ကားပေါ်မှ ပလက်ဖောင်းပေါ်မှလူတွေ ပိုက်ဆံတောင်းသည့် ကောင်လေးသုံးယောက် ၊ မိန်းမကြီးတစ်ယောက်နှင့်အတူ ပိုက်ဆံလုကောက်နေသော ကျွန်တော့်ကို နားမလည်နိုင်စွာ ငေးကြည့်နေကြသည် ။ လူတွေ ချက်ချင်း အုံလာသည် ။ ကားသမားတစ်ယောက်က မျိုးစုံ ဆဲ၍ သွားသည် ။ ဘာဖြစ်တာလဲ ၊ ကားတိုက်တာလား ၊ မျက်လုံးပေါင်းများစွာ ကျွန်တော့်ထံ ရောက်လာသည် ။ ငါးကျပ်တန်တစ်ရွက်ကို ဆုပ်ကိုင်ကာ ကျွန်တော် ဇောချွေးတွေ ပြန်လာ၏ ။

“ အမလေး ကားပေါ်က လှူသွားတဲ့ ပိုက်ဆံကိုတောင်မှ ဝင်လုတဲ့ လူက ရှိသေး ၊ ရုပ်ကလေးက သနားကမားနဲ့ ”

ကျွန်တော်နှင့်အတူ ပိုက်ဆံလုသူအမျိုးသမီးကြီးက အော်ပြောသည် ။

“ ဪ ... သူက လုတာ .. "

“ မဟုတ်ဘူး ၊ မဟုတ်ဘူး ”

“ ကဲ ကိုယ့်လူ ဘယ်လို ဖြစ်ရတာလဲ ... "

မီးပွိုင့်မှ အစအဆုံးမြင်လိုက်ရသော ယာဉ်ထိန်းရဲ တစ်ယောက်က တိုးဝှေ့ကာ ကျွန်တော့်ကို မေးသည် ။

“ မဟုတ်ဘူး ... သူက ကျွန်တော့် ရည်းစားဗျ ”

“ မင်းရည်းစား ဘာလဲကွ ၊ ကားက မင်းဘကြီး မဟုတ်ဘူး ၊ ပိုက်ဆံက ဘယ်လောက် တန်လို့လဲ ၊ သေသွားနိုင်တယ် သိသလား ”

လူအုပ်ကြီးက နားမလည်နိုင်စွာ အုံပြီး ကြည့်နေကြသည် ။ ကျွန်တော် ဘာတွေဖြစ်ခဲ့လေသနည်း ။ ကျွန်တော် ဘာကိုမှ နားမလည်တော့ ။

◾ နီကိုရဲ

📖 မကြည်ပြာ

koaungnaingoo.blogspot.com

.

No comments:

Post a Comment