❝ ရောင်းခါစ ❞
( ၁ )
ကျွန်တော်တို့အိမ်ရှေ့ လမ်းနံဘေး၌ မုန့်ဟင်းခါးသည် လက်သစ်တစ်ဦး အထမ်းခင်း၍ ရောင်းချနေသည်မှာ ရက်သတ္တတစ်ပတ် နီးပါးမျှ ရှိခဲ့လေပြီ ။
ကျွန်တော်၏ စာရေးစားပွဲရှေ့ ပြတင်းသံတိုင်ကလေးများ အကြားမှ လမ်းမဘက်သို့ ငုံ၍ ကြည့်လိုက်လျှင် ထို မုန့်ဟင်းခါးသည်နှင့်တကွ သူ၏ မုန့်ထမ်းတို့ကိုပါ အိမ်ပေါ်မှ စီး၍ မြင်နိုင်၏ ။ အိမ်ရှေ့သို့ ထို မုန့်ဟင်းခါးသည် စတင် ရောက်ရှိလာသည့် နေ့မှ စ၍ နံနက်တိုင်းလိုလိုပင် သူ့ကိုသာ စာရေးစားပွဲမှ နေ၍ အာရုံစူးစိုက် ကြည့်ရှုမိခဲ့ပါသည် ။
နံနက် ( ၆ ) နာရီခွဲကျော်လျှင် ကျွန်တော်တို့ အိမ်ရှေ့လမ်းမှာ ဈေးသွား ဈေးပြန် ၊ အလုပ်သွားသူ ၊ ကျောင်းတက်သူ စသည်တို့ဖြင့် စည်ကားစ ပြုတော့၏ ။ ထိုအချိန်မှ စ၍ ၉ နာရီအတွင်းဆိုလျှင် မုန့်ဟင်းခါးသည်မှာ လက် မလည်အောင် ရောင်းချခွင့် ရပေတော့သည် ။ သူ၏ မုန့်ထမ်းကလေးတစ်ခုလုံးမှာ ဇွန်း ၊ပန်းကန်ခွက်ယောက် ၊ မုန့်ထည့်သည့် ဇလုံ ၊ မုန့်ဖုံးသောအဝတ်တို့က အစ ဒန်ဟင်းအိုးကြီးအထိ သန့်ရှင်းဖြူစင် ၊ မြင်ရုံနှင့် စားချင့်စဖွယ် ရှိသောကြောင့် တစ်ခါတစ်ရံ မုန့်စားနေသူများအား လှမ်းကြည့်မိရင်းက ကျွန်တော်ကိုယ်တိုင် သွားရည်ယို အားကျလာမိတော့ကာ အိမ်အောက်ဆင်း၍ ဝယ်စားရသော အခြေသို့ ဆိုက်ရောက်တတ်ပါ၏ ။
တစ်နေ့ကလည်း ကျွန်တော်သည် ထုံးစံအတိုင်း မုန့်ထမ်း ရှေ့သို့ ဆိုက်ဆိုက် မြိုက် မြိုက် ရောက်သွားခဲ့၏ ။ ထိုအချိန်က မုန့်ဟင်းခါးသည် လူရွယ်သည် ကျွန်တော့်အပြင် အခြား လူပေါင်း ခြောက်ယောက်တို့အား လက် မလည်အောင် မုန့်ပြင်ပေးနေရ၏ ။ မိန်းမ ဝဝကြီးတစ်ဦးမှာ နှစ်ပန်းကန် စားပြီးသည်နှင့်ပင် တင်းတိမ်ရောင့်ရဲသေးဟန် မတူ ။
“ ထည့်စမ်းပါဦးကွယ့် နောက်တစ်ပန်းကန် ၊ အကြော်တစ်ခုကော ထည့်လိုက်ပါဦး ”
လူရွယ်မှာ မိန်းမကြီးအတွက် ပြင်၍မှ မပြီးသေးမီ “ တယ်ကောင်းကိုးကွယ့် ၊ ထည့်ပါဦး ၊ ဘယ်ကများ လာရောင်းတာလဲကွယ့် ” ဟု စားပြီး ပန်းကန်ကို ထိုး၍ ပေးနေသော မွန်မွန်ရည်ရည် လူကြီးတစ်ယောက်အား “ ကြည့်မြင်တိုင်ထဲကပါ ဦးကြီး ၊ အရင် တစ်လနီးပါးလောက်ကမှ အစမ်း ရောင်းကြည့်တာပါ ” ဟု ဖြေလိုက်ရင်း မုန့်ထပ်ထည့်ပေးနေရပြန်၏ ။ တစ်ဖန် ကလေးသုံးယောက်တို့အား ကျွေးနေသော မိန်းမကြီးတစ်ယောက်က ကလေးတွေကို ထပ်လိုက်ပေးပါဦးကွယ် ၊ အဒေါ်လည်း နောက် တစ်ပန်းကန် ။ ရောင်းခါစမို့ ထင်ပါ့ ၊ တယ် ကောင်းကိုးကွယ့် ”
“ မဟုတ်ပါဘူး ခင်ဗျာ ၊ နောင်ကိုလည်း အမြဲတမ်း ကောင်းအောင် ကြိုးစားမှာပါပဲ ”
ပြောပြောဆိုဆို လူရွယ်သည် ကလေးတို့၏ ပန်းကန်များကို ထပ်မံဖြည့်ပေးနေလေသည် ။ ထိုအခိုက် “ ဟင်းရည်ကလေး နည်းနည်း ” ဟု မိန်းမဝဝကြီးက စားပြီး ပန်းကန်ကို လက်ထိုးပေးနေပြန်သဖြင့် ဟင်းရည်လိုက်ရပြန်လေ၏ ။
လူရွယ်သည် ဤသို့ လက် မလည်အောင် မုန့်ဟင်းခါး ပြင်ပေးနေစဉ်၌ မယ်စီကုန်းလမ်းဘက်ဆီသို့ မကြာခဏ မျှော်၍ မျှော်၍ ကြည့်တတ်သည်ကို မသိမသာ အကဲခတ်လိုက် မိသော ကျွန်တော့်မှာ တစ်စုံတစ်ခုကို သိလို ၊ စုံစမ်းလိုသော ဝါသနာ ဘာဂီကလေးအတိုင်း မုန့်ပန်းကန်ထဲမှ မုန့်ကျန် အနည်းငယ်မျှကို အစမသတ်သေးဘဲ လူရွယ့်နည်းတူ မယ်စီကုန်းလမ်းဘက်သို့ လှမ်းမျှော်ကြည့်လိုက် မိပါသည် ။ မကြာမီအတွင်းမှာပင် လူရွယ်၏ မျက်လုံးများ ပြောင်လက် တောက်ပသွားသည်ကို မြင်လိုက်ရသဖြင့် သူ မျှော်ကြည့်ရာ ဆီသို့ ကြည့်လိုက် မိပြန်ရာ ၊ မယ်စီကုန်းလမ်းထဲမှ ကနွဲ့ကလျ လျှောက်လာနေသော မိန်းမပျိုကလေး တစ်ဦးကို လှမ်းမြင်ရပါတော့၏ ။
“ ဟေ့ မောင်ရင် ၊ ရော့ ပိုက်ဆံကွယ့် ” ဟု မိန်းမဝဝကြီးက ပိုက်ဆံထုတ်ပေးတော့မှပင် လူရွယ်လည်း လမ်းဘက်ဆီမှ မျက်နှာလွှဲလိုက်နိုင်၏ ။ နောက် နှစ်မိနစ်ခန့်အကြာတွင် မိန်းမပျိုသည် ကျွန်တော်တို့ ဘေးနားသို့ ဝင်ထိုင်လိုက်ပါသည် ။
“ တစ်ခွက်ရှင့် ၊ အကြော်လည်း ထည့်ပါ "
လူရွယ်သည် မုန့်ရော ဟင်းပါ သူတကာထက် ပိုမို ထည့်ပေးလိုက်သည်ဟု ထင်မိပါသည် ။ ကလေး သုံးယောက်နှင့် မိန်းမကြီးက မိန်းမပျိုစားတော့မည့်ဟန်ပြင်သော မုန့်ပန်းကန်ကို လှမ်းကြည့်ရင်း -
“ မောင်ရင်က ရောင်းခါစမို့ လက် မမှန်းတတ်သေးဘူး ထင်တယ် ။ ရော့ .. ရော့ ပိုက်ဆံ ” ဟု မုန့်ဟင်းခါးဖိုး ထုတ်ပေးနေသဖြင့် ရိုးသားပုံရသော လူရွယ်၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်းအသွင် ဆောင်သွားရင်း -
“ ဟုတ်ကဲ့ ခင်ဗျာ ၊ တစ်ခါတလေ လက်ဆ မမှန်သေးဘူး ခင်ဗျ ” ဟု စကားရော ဖောရောနှင့် ငွေများကို လှမ်းယူလိုက်လေ၏ ။
“ ထည့်ပါဦးရှင့် ”
လူရွယ်သည် ထပ်မံ၍ သွက်လက်စွာ ပြင်ပေးလိုက်ပြန်၏ ။ ဤတစ်ကြိမ်၌လည်း သူ့လက် မမှန်းတတ်သေး၍လား မသိ ။ မုန့်များမှာ ယခင်အတိုင်းပင် များနေပြန်တော့သည် ။ မိန်းမပျို ဘေးနားမှ လူကြီးကတော့ မသိမသာ ပြုံးလိုက်ပါသည် ။
“ ကဲ ... ကဲ ဦးကိုလည်း နောက်တစ်ခွက် ”
လူရွယ်သည် ထိုလူကြီး၏ ပန်းကန်ကိုလည်း မိန်းမပျိုအား ပြင်ပေးလိုက်သည့်နည်းတူ ခပ်များများကလေး ပြင်ပေးလိုက်၏ ။ ကျွန်တော်လည်း ထိုအချိန်ကျမှပင် မိမိ ပန်းကန်ထဲ၌ မုန့် လုံးဝ ကုန်နေကြောင်း သတိပြုမိသဖြင့် တကယ်တမ်း ထပ်စားလိုစိတ် မရှိသော်လည်း တမင်သက်သက်ပင် မှာစားလိုက်ရပြန်သည် ။ လူရွယ်သည် ကျွန်တော့်ကိုလည်း ပြင်နေကျ မုန့်ဆထက် ပိုမို၍ ထည့်ပေးလိုက်ကြောင်း တွေ့ရပါသည် ။ ဒါကို အာရုံစိုက်နေပုံရသည့် လူကြီးက “ ဟဲ .. ဟဲ ဟုတ်သားပဲ ၊ မောင်ရင်က လက် မမှန်သေးတာ အမှန်ပဲ ။ ဒီလိုဆို မောင်ရင် ဘယ်အမြတ်ပေါ်ပါ့မလဲ ” ဟု ပြုံးပြုံးကြီး ပြောလိုက်တော့မှ လူရွယ်သည် မပြုံးချင် ပြုံးချင် ပြုံးရင်း လူကြီးအား မော့ကြည့်လိုက်ကာ -
“ ဟဲ .. ဟဲ ... ဟုတ်ကဲ့ ” ဟု ချော်လဲရောထိုင် ရောနှော ရယ်မောလိုက်လေ၏ ။ ထိုအခိုက်တွင် -
“ ဟင် .. ပိုက်ဆံအိတ် အိမ်မှာ မေ့ကျန်ခဲ့ပြီ ။ ကြည့်စမ်းပါဦး ၊ မေ့ပဲ မေ့တတ်လွန်းပါရောရှင် ။ အိမ်ပြန် ပြေးယူဦးမှပါပဲ ။ ရှင့်ပိုက်ဆံ နောက် မှပဲ ယူပေါ့ နော် ။ ရုံးကားတောင် လာခါနီးပြီ ” ဟု ပြောပြောဆိုဆို မိန်းမပျိုသည် ပျာပျာသလဲ ထပြေးလေတော့၏ ။
“ အို ... ကိစ္စမရှိပါဘူး ။ ဘယ်တော့မှ ပေးပေးပေါ့ဗျာ ” ဟု လှမ်းပြောလိုက်သော မုန့်ဟင်းခါးသည် လူရွယ်၏ အသံကြီးမှာ ကရုဏာသံတွေ ယှက်သန်းနေသည်ဟု သဘောပေါက်သွားမိရင်းက ကျွန်တော့်အဖို့ ထို တစ် မနက်ခင်းအတွက် မုန့်ဟင်းခါး စား၍ ဝမ်းဗိုက်ပြည့်သည်ထက် စိတ်ထဲ၌ မဖော်ပြတတ်သော ကြည်နူး နှစ်သိမ့်မှုကလေးများ ပြည့်သိပ်သွားမိပါတော့သည် ။
( ၂ )
နောက်နေ့များတွင် ကျွန်တော်သည် မုန့်ဟင်းခါးသည်ကလေးအား အထူး ပိုမို ဂရုစိုက် မိပါတော့သည် ။ သူ့ကို ဂရုစိုက် မိသည်အမျှ နံနက် ( ၈ ) နာရီခွဲတိုင်း၌ မယ်စီကုန်း လမ်းထဲမှ ကိုယ်ဟန်နွဲ့နွဲ့ လျှောက်လာတတ်စမြဲ ဖြစ်သော အမည်မသိ ရုံးစာရေးမလေးကိုလည်း အာရုံစိုက်မိတော့သည် ။
တစ်ကြိမ်သော တနင်္ဂနွေနေ့ တစ်နေ့၌ ကြုံတွေ့လိုက်ရသော အဖြစ်အပျက်ကား အင်မတန်မှပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည် ။ ထိုနေ့ မယ်စီကုန်း လမ်းထဲမှ လျှောက်ထွက်လာသော စာရေးမကလေးမှာ အခြား အခြားသော နေ့များကကဲ့သို့ တစ်ကိုယ်တည်း မဟုတ်ဘဲ ၎င်း၏ နံဘေး၌ မွန်မွန်ရည်ရည် ယောက်ျားပျို တစ်ဦးနှင့် ယှဉ်တွဲ လျှောက်လာခြင်းကြောင့် မျက်စိပသာဒတွင် ထူးခြားနေသယောင်ယောင် ရှိမိပါသည် ။ ကျွန်တော်သည် အိမ်ပေါ်မှ အကဲခတ် ကြည့်ရှုရသည်ကို အားမရနိုင်တော့သည်နှင့် ကော်ဖီနှင့် ပေါင်မုန့် ဗိုက်အပြည့် စားထားပြီး ဖြစ်လျက်နှင့် တမင်သက်သက် မုန့်ဟင်းခါးဆိုင်သို့ ဆင်းခဲ့မိပေ၏ ။
“ လာ ကိုကို ၊ ဒီဆိုင်ပေါ့ ကျွန်မ ပြောတာ ၊ တခြားဆိုင်နဲ့ မတူဘူး ။ သိပ်ကောင်းတာပဲ ” ဟု မိန်းမပျိုသည် သူနှင့်အတူ ပါလာသော ယောက်ျားပျိုအား လှည့်ပြောရင်း မုန့်ဟင်းခါးသည် ရှေ့တွင် ဝင်ထိုင်လိုက်ကြသည် ။
“ နှစ်ခွက် ထည့်ပေးပါရှင် ၊ တနင်္ဂနွေနေ့ ရုံးပိတ်ရက် တစ်ခါမှ လာမစား ဖူးသေးဘူး ။ ကိုကို့ကို ကျွေးချင်လွန်းလို့ လာခဲ့တာ ၊ ကောင်းကောင်းကလေး ပြင်ပေးရမယ်နော် ”
“ ဟုတ်ကဲ့ ခင်ဗျာ ” ဟု ဆိုကာ မုန့်ပြင်ပေးနေသော မုန့်ဟင်းခါးသည် ကလေး၏ လက်တို့မှာ အခြားသော နေ့ကလောက် မသွက်လက်ချေ ။
“ ဒီတစ်ခါ နည်းသွားတယ်နော် ၊ ဟိုနေ့တွေက လက်ဆ မမှန်လို့ ရှုံးပြီ ထင်တယ် ။ ဟင်း .. ဟင်း ” ဟု မိန်းမပျိုက ငွေဆည်းလည်းသံလေးဖြင့် ရယ်လိုက်၏ ။
“ ဟုတ်ကဲ့ ” ဟုသာ လူရွယ်က တုံးတိတိ ပြန်ဖြေလိုက်၏ ။ သူ့မျက်လုံးကြီးများကား မိန်းမပျို၏ ဘေး၌ မုန့်ဟင်းခါး ကုန်း၍ လွေးလျက်ရှိသော ယောက်ျားပျိုအပေါ်သို့ မသိမသာ ရောက်ရှိနေကြောင်း ကျွန်တော် အကဲခတ်လိုက် မိပါသည် ။
“ ပေးပါဦး နောက်တစ်ခွက်စီ ” ဟု မိန်းမပျိုက မှာလိုက်ပြန်သည် ။ လူရွယ်ကား မုန့်များကို နှေးကန်စွာပင် ထပ်မံ၍ ပြင်ပေးနေပြန်၏ ။
“ မုန့်ဟင်းခါး ရောင်းရတာ သိပ်ဟန်မကျဘူး ထင်တယ် ။ ရှင့် ကြည့်ရတာ ရောင်းခါစတုန်းကလို မဟုတ်ဘူး ။ ဒီလိုပေါ့ရှင် ၊ ရောင်းခါစဆိုတာ ဘယ်တွက်ချေကိုက်ဦးမလဲ ။ နောင် ရောင်းရင်း ရောင်းရင်းနဲ့ပဲ ဟန်ကျလာမှာပေါ့ ” ဟု မိန်းမပျိုက ပြုံးပြုံးကလေး အားပေးလိုက်သဖြင့် လူရွယ်မှာ စိတ်ထဲ၌ ကျိတ်၍ ဒေါပွသွားဟန်တူသည် ။
မိန်းမပျို နံဘေးမှ ယောက်ျားပျိုမှာကား စကားတစ်ခွန်းမှ မပြော ။တစ်ယောက်တည်း ခေါင်းကြီးငုံ့၍သာ မြိန်ရှက်စွာ စားနေ၏ ။
“ ရော့ ရှင့်ပိုက်ဆံ ၊ ဒီကနေ့တော့ မုန့်ပြင်တာ သိသိသာသာ နည်းသွားတာပဲ ။ ရှင်က လျှော့မယ့်လျော့တော့လည်း ဖောက်သည်တွေကိုတောင် လျှော့တော့တာကိုးရှင့် ” ဟု စကားတပြောပြောနှင့်ပင် ပိုက်ဆံများကို ရှင်း၍ မိန်းမပျိုရော သူ့အဖော် ယောက်ျားပျိုပါ မယ်စီကုန်းလမ်းထဲသို့ ပြန်လည် ဝင်ရောက် သွားကြလေတော့သည် ။ သူတို့နှစ်ဦး ထွက်သွားရာဆီသို့ လှမ်းမျှော်ကြည့်လိုက်စဉ် မုန့်ဟင်းခါးသည် လူရွယ်၏ မျက်နှာမှာ ညိုပုပ်လျက် ရှိခဲ့၏ ။
( ၃ )
ကျွန်တော့်အဖို့ ရုံးများ ပြန်လည်ဖွင့်မည် ဖြစ်သော တနင်္လာနေ့ ( ၈ ) နာရီခွဲ အချိန်ကိုသာ စိတ်စောနေမိခဲ့၏ ။ ထိုနေ့ နံနက်၌ ပို၍ စောစောထကာ မျက်နှာသစ် ၊ အဝတ်အစား လဲလှယ် ဝတ်ဆင်ပြီး သကာလ မယ်စီကုန်း လမ်းထဲမှ အမည်မသိ ရုံးစာရေးမကလေး ထွက်လာမည့် အချိန်ကိုသာ စောင့်စားနေမိပါတော့သည် ။
မုန့်ဟင်းခါးသည်ကလေး၏ ရှေ့၌ကား ထုံးစံအတိုင်းပင် လူစည်ကားလျက် ရှိ၏ ။ သို့သော် သည်တစ်ခါ သူသည် ယခင်နေ့တွေတုန်းကလို မမျှော် ။ ခေါင်းကြီးငုံ့၍သာ မုန့်ဟင်းခါး ပြင်ပေးလျက် ရှိတော့သည် ။
“ ရှင့်ဆရာကြီး ၊ မုန့်တစ်ခွက် ပြင်ပေးစမ်းပါ ”
သူကလေး၏ အသံကား အခါတိုင်း နေ့များကလိုပင် သာယာမြဲ သာယာလျက် ရှိ၏ ။ သို့သော် မုန့်ဟင်းခါးသည်လေးကတော့ မှာသော မုန့်ကိုသာ လေးကန် ဖင့်နွှဲလှစွာဖြင့် ပြင်ပေးလိုက်လေသည် ။ မိန်းမပျို မုန့်ဟင်းခါးကို ငုံ့၍ စားနေတော့မှပင် မသိမသာ သူ ခိုးကြည့်လိုက်၏ ။
“ ရှင် မုန့်ပြင်ပေးတာ အတော်ကြီးကို လက်မှန်သွားပြီနော် ၊ ဒါမှလည်း အမြတ်ပေါ်မှာပေါ့ရှင့် ”
မိန်းမပျို၏ မှတ်ချက်ကို “ ဟုတ်ကဲ့ ” ဟုသာ လူရွယ်က စကားပြန်လိုက်လေသည် ။
“ မနေ့က ရှင် ၊ ကျွန်မ အစ်ကိုကြီးကဖြင့် ရှင့် မုန့်ဟင်းခါးကို ချီးမွမ်းလို့ မဆုံးဘူး ။ သူက တစ်နေ့ကမှ တရုတ်ဖြူ စစ်မြေပြင်က စစ်တိုက်ပြီး ပြန်ရောက်လာတာရှင့် ။ ငှက်ဖျားမိခဲ့လို့ စစ်ဆေးရုံ တက်ရပြီး ခုမှ ပြန်ဆင်းလာတာ ။ လူမမာ နာလန်ထ ဆိုတော့ သရေစာဆိုရင် သိပ်စားချင်နေတာ ။ ဒီကနေ့တောင် ကျွန်မကို လိုက်ပို့ရင်း ရှင့် မုန့်ဟင်းခါး စားဦးမလို့တဲ့ ။ အပြင် ခဏခဏ ထွက်ရင် ပြန်ဖျားနေမှာစိုးလို့ မနည်း တောင်းပန်ထားခဲ့ရတယ် ။ လုပ်စမ်းပါဦး နောက်တစ်ခွက် ၊ ဒီကနေ့တော့ မနက်စာအလွတ် စားသွားမှပဲ ။ အိမ်က ထမင်း စားမလာခဲ့ရဘူး ”
မုန့်ဟင်းခါးသည် လူရွယ်သည် မိန်းမပျို၏ စကားများကို တအံ့တဩ နားထောင်နေရာက တစ်စ တစ်စ မျက်နှာအသွင် ပြောင်းလဲလာပြီးနောက် မိန်းမပျိုက “ နောက်တစ်ခွက် ” ဟု ဆိုလိုက်သည်နှင့် တစ်ပြိုက်နက် ဘေးလူ မည်သူကိုမှ ဂရုမစိုက် ၊ ပြောင်ပြောင်ကြီးပင် မုန့်ရော ဟင်းပါ စေတနာ ဗရပွ မောက် မောက်ကြီး ပြင်ပေးလိုက်တော့၏ ။
“ ဟင် ... ရှင့်ကို မုန့်ပြင်တာ လက် မှန်သွားပြီ ထင်နေတာ ၊ ဟော ... အခု များလာပြန်ပြီ ” ဟု မိန်းမပျိုက ပါးချိုင့်ကလေးများ ခွက်ဝင်သွားအောင် ပြုံး၍ ပြောလိုက်သည့် အခါတွင်မူ “ ဟဲ ... ဟဲ တစ်ခါတလေတော့လည်း များသွားတတ်တာပဲပေါ့ ဗျာ ။ ရောင်းခါစ ကိုး ” ဟု ပြုံးပြုံးကြီး ပြန်ဖြေသည်ကို ကြားလိုက်ရပါတော့သည် ။
◾ မင်းရှင်
📖 ရှမဝ မဂ္ဂဇင်း
စက်တင်ဘာ ၁၉၅၅
koaungnaingoo.blogspot.com
.
No comments:
Post a Comment