❝ နေဝင်သွားတော့ လထွက်သည် ❞
( ၁ )
မမ၏ မျက်နှာသည် လေ ငြိမ်သော ညအခါတွင် အင်းလျားကန်ရေပြင်၌ ပေါ်ထွန်းနေသော လပြည့်ဝန်းကြီးနှင့် တူပါသည် ။ သစ်သစ်၏ မျက်နှာသည် လှိုင်းကြက်သော အင်းလျားကန်ရေမျက်နှာပြင်ကို တဖျတ်ဖျတ် ထိခတ်သော နေရောင်ခြည်နှင့် တူပါသည် ။
( ၂ )
ချစ်သူနှစ်ယောက် ထားဖူးကြပါလိမ့်မည် ။ နှစ်ယောက်စလုံးက တစ်ချိန်တည်း တစ်ပြိုင်တည်း ချိန်းဆိုထားသောအခါ မည်သူ့ထံသို့ သွားရမည်မသိသော အဖြစ်ကိုလည်း ကြုံဖူးကြပါလိမ့်မည် ။ ဇွန်လ ၂၀ ရက် ၊ စနေနေ့ ဖြစ်ပါသည် ။ မမက အရေးကြီးသောကိစ္စ ပြောစရာရှိ၍ လာခဲ့ရန် ချိန်းထားပါသည် ။ မွန်းတည့် ဆယ့်နှစ်နာရီတိတိ အချိန်တွင် မမတို့ ရုံးရှေ့က ကြိမ်ခြင်းတောင်းလေးတွေရောင်းသော တဲလေးများရှေ့က စောင့်ရန် ။ သစ်သစ်က မွန်းတည့် ဆယ့်နှစ်နာရီတိတိတွင် အဆောင်သို့ လာခဲ့ရန် ချိန်းထားပါသည် ။ ဒီနေ့ သစ်သစ် ကျောင်းတက်သောကြောင့် သစ်သစ်ရှိရာ အင်းကြင်းဆောင်သို့ သွားရမည် ။ ကျွန်တော်သည် တက္ကသိုလ်ကျောင်းဝင်းထဲ ကိုအောင်ရင် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေပါသည် ။ ဆယ့်တစ်နာရီ ဆယ့်ငါးမိနစ် ရှိပါပြီ ။
( ၃ )
မမ၏ အချစ်ကိုရရန် တစ်နှစ် တစ်လ နှင့် နှစ်ရက် တိတိ ကြိုးစားခဲ့ရပါသည် ။ မမ၏အချစ်ကိုရရန် မူယာမာယာများ သုံးခဲ့ရပါသည် ။ မမ ကမှ ပြန်မချစ်ရင် စာမေးပွဲ မဖြေတော့ဘူး ဆိုတော့မှပင် ချစ်ပါသည် ။ မသည် ကျွန်တော်နှင့် ချစ်ခါစက ကျွန်တော့်ကို " သူ " ဟု ခေါ်ပါသည် ။ သုံးနှစ်လောက်ကြာတော့မှ “ မောင် ” ဟုခေါ်ပါသည် ။ " မောင် " ဟု ခေါ်ရတိုင်းလည်း မ ရှက်နေတတ်ပါသည် ။ သစ်သစ်၏ အချစ်ကို ရရန် ခြောက်ရက်ခန့် ကြိုးစားရပါသည် ။ အမှန်မှာ ငါးရက် ဖြစ်ပါသည် ။ တနင်္ဂနွေတစ်ရက် ခံသွားသောကြောင့် ခြောက်ရက် ဖြစ်သွားပါသည် ။ သစ်သစ်သည် ကျွန်တော်နှင့် မချစ်ခင်က “ ယူ ” ဟုခေါ်ပါသည် ။ ကျွန်တော်နှင့် ချစ်သည်နေ့မှစ၍ “ ကိုကို ” ဟုခေါ်ပါသည် ။
( ၄ )
မမကို ချစ်ခွင့်ရပြီး လေးလကြာမှ မမ၏ လိုင်စင်ဓါတ်ပုံတစ်ပုံကို ရပါသည် ။ ခြောက်လကြာမှ နှစ်ယောက်ချင်း တွေ့ခွင့်ပေးပါသည် ။ တစ်လလျှင် တစ်ကြိမ်ခန့် ။ သို့ရာတွင် လွန်ခဲ့သော သုံးလခန့်မှစ၍ မသည် တစ်လတစ်ကြိမ်တွေ့ခွင့်ကို အကန့်အသတ်မရှိ ရပ်စဲလိုက်ပါသည် ။ နောက်ဆုံးတွေ့ကြသောနေ့က မမကို ကျွန်တော်က အတင်းနမ်းမိသောကြောင့် ဖြစ်ပါသည် ။ သစ်သစ်သည် ကျွန်တော့်ကို ချစ်ပြီး နောက်တစ်နေ့တွင် သူ၏ ဓါတ်ပုံအယ်လ်ဘမ်ကို လက်ဆောင်ပေးပါသည် ။ လေးလခန့်အတွင်း သစ်သစ်နှင့် ကျွန်တော် ငါးဆယ့်နှစ်ခါတိတိ တွေ့ခဲ့ပါသည် ။ သစ်သစ်သည် အဆောင်ကို ပြန်ခါနီးတိုင်း ကျွန်တော့်ကို သတိပေးတက်ပါသည် ။
“ ကိုကို ဒီနေ့ သစ်သစ်ကို မနမ်းရသေးဘူး "
( ၅ )
မမသည် ကျွန်တော် ဆေးလိပ်သောက်သည်ကို မကြိုက်ပါ ။ “ လူလေးက ငယ်ငယ်လေး ၊ မျက်နှာက ရင့်နေလိမ့်မယ် ။ ပြီးတော့ ဆေးလိပ်သောက်ရင် အဆုတ်မှာ ကင်ဆာဖြစ်မယ် ။ အင်္ကျီမီးပေါက် မယ် ။ ပိုက်ဆံကုန်မယ် ။ ပါးစပ်က ဆေးလိပ်နံ့ နံမယ် "
သစ်သစ်သည် ကျွန်တော် ဆေးပေါ့လိပ်သောက်သည်ကို မကြိုက်ပါ ။
“ ဆေးပေါ့လိပ်ဆိုတာ စာရေးဆရာတွေသောက်တာ ။ ကိုကိုက သူဌေးသားပဲ ။ စီးကရက်သောက်ပေါ့ ။ ဖီလ်တာနဲ့ပြောတာနော် ။ ပြီးတော့ ဆေးပေါ့လိပ်နဲ့ ကိုကို ဂက်စ်လိုက်တာနဲ့ မလိုက်ပါဘူးနော် "
( ၆ )
ဆန်းပြားသော ပုံစံများ ၊ ကြောင်ကျားသော အဆင်များဖြင့် ချုပ်ထားသော အဝတ်အစားများဝတ်လျှင် မမ မကြိုက်ပါ ။ ဘောင်းဘီဝတ်ခြင်းကို မမ တားမြစ်သည် ။ မမထံသို့ တိုက်ပုံအင်္ကျီ မပါဘဲသွားလျှင် အဆူခံရတက်ပါသည် ။ သစ်သစ် သည် ကော်လာမပါသော လည်ပြတ်အင်္ကျီများ ဝတ်သည်ကို မကြိုက်ပါ ။ " ခေတ်က ကျော်ဟိန်းခေတ်လေ ကိုကိုရဲ့ ။ မောင်ဘတင့်ခေတ် မဟုတ်တော့ဘူး ” ထို့ကြောင့် သစ်သစ်သည် ကျွန်တော့်ကို ဘောင်းဘီဝတ်ခိုင်းသည် ။
“ဘောင်းဘီချုပ်ရင် ဖလဲချုပ်နော် ။ ပြီးတော့ကျတော့ အီလပ်စတစ်နဲ့ မချုပ်နဲ့ ။ တောင့်တောင့်ကြီးဖြစ်နေလိမ့်မယ် ။ တက်ထက်စ်ပလိန်းနဲ့ ချုပ် သိလား "
( ၇ )
မမ သည် ကျွန်တော်၏ ရှည်လျားသော ဆံပင်ကို မနှစ်သက်ပါ ။ “ မောင့်ဆံပင်ကြီးကလည်းကွယ် စုတ်ဖွားဖွား ညှဉ်းသိုးသိုးနဲ့ ။ နောက်တစ်ခါ ဒီလိုဆံပင်ကြီးနဲ့ဆိုရင် မမ ဆီ မလာနဲ့ " မမထံသို့သွားလျှင် ဆံပင်နားရွက် မဖုံးေစရ ။ ကော်လာအောက်သို့ ဆံပင် မရောက်စေရ ။ သစ်သစ်သည် ဆံပင် အတိုထားများကို ရှုတ်ချတက်လေသည် ။ " ဆံပင်အတိုနဲ့ဆို ကြည့်ရတာ သိပ်အောက်တာပဲ ။ အေးမြင့် ကို ကြည့်ပါလား ဆံပင်က တိုနံ့နံ့ ။ ကုပ်သားကြီးက ပြောင်ပြောင် ၊ တိုက်ေဂါ ပုံကြီး ။ ကိုကို့ပုံကတော့ မိပါတယ် ။ ကိုကို့ဆံပင် ခွေခွေကောက်ကောက်ကလေးတွေက ကုပ်သားပေါ် ဝဲကျနေတာ သိပ်မိုက်တာ ”
( ၈ )
မမ သည် ဆန်းသစ်တီထွင်သော စကားလုံးများကို နားမလည်ပါ ။
“ ဟိုနေ့က မတို့ရုံးကို ဖုန်းဆက်တုန်းကလေ ဖုန်းလာကိုင်တဲ့လူကြီးက ဘယ်သူလဲ ၊ ဘယ်ကနဲ့ တကယ်ဒတ်စ်ပဲ "
" ဘာလဲ မောင်ရဲ့ ၊ ဒတ်စ်ဆိုတာ ”
“ ဒတ်စ်ဆိုတာ အမှိုက်လို့ပြောတာ ၊ ရှုပ်တယ်လို့ပြောတာပေါ့ ”
" မောင်တို့ လမ်းသရဲစကားတွေ မမ နားမလည်ဘူး ။ ဘာတွေမှန်းလည်း မသိဘူး "
စကားအသစ်အဆန်းတီထွင်မှုတွင် သစ်သစ်ကို ကျွန်တော် လိုက်လို့မမီပါ ။
“ ကိုကို ကိုမဲလုံးက ကိုကို့ကို လိုက်ရှာနေတယ် "
“ ဘယ်က ကိုမဲလုံးလဲ "
" ခါလာကြီးရဲ့သား ကိုမဲလုံးလေ "
" ဘယ်က ခါလာကြီးလဲ ၊ ကိုကို မသိပါလား "
“ ကိုကိုကလည်း တုံးလိုက်တာ ”
“ ပြောစမ်းပါဦး သစ်သစ်ရဲ့ ဘယ်သူတွေလဲ "
“ ဘယ်သူတွေမှ မဟုတ်ဘူး ၊ တကယ်လည်း မရှိဘူး ။ ကိုကို့ကို အကြောင်ရိုက်တာ ။ ကိုမဲလုံးက လိုက်ရှာနေတယ်ဆိုရင် တွေ့ပြီးပြီလို့ ပြောရတယ် ။ ဟင်း ... ဘယ်ကလဲ ၊ ဘာညာလုပ်နေရင် ကိုကို အကြောင်မိပြီ ဆိုပြီး ဝိုင်းဟားခံရမှာပေါ့ ”
" ကိုကိုတော့ တစ်ကွက်နောက်ကျသွားပြီကွာ "
( ၉ )
မမ နှင့် နှစ်ယောက်တည်း သွားကြသောအခါ ကျွန်တော်တို့ ရှောင်ရာနေရာများမှာ တက္ကသိုလ်ကျောင်းဝင်း ၊ အင်းလျားကန် ၊ ဗိုလ်တထောင်ဆိပ်ကမ်း ၊ ဗိုလ်ချုပ်ပန်းခြံ ၊ လူရှင်းသော နေရာမှန်သမျှ ဖြစ်ပါသည် ။ အမြဲတမ်းသွားနေကျနေရာမှာ ရွှေတိဂုံဘုရားဖြစ်ပါသည် ။ အများအားဖြင့် ကြေးဆင်းတုတော်ကြီးတွေ ရှိနေသောနေရာ ဖြစ်ပါသည် ။ ဘုရားပေါ်ရောက်လျှင် မမသည် ဘုရားအကြာကြီး ရှိခိုးတက်ပါသည် ။ သစ်သစ် နှင့် လျှောက်လည်ကြသောအခါ ဘုရားပေါ်သို့ မတက်ဖြစ်ကြပါ ။ သစ်သစ်သည် ဗိုလ်ချုပ်ဈေးနှင့် ရုပ်ရှင်ရုံကလွဲ၍ လူရှပ်သောနေရာမျိုးကို မကြိုက်ပါ ။ " လူတွေ့မြင်နိုင်တဲ့နေရာမှာ ထိုင်ချင်ပါဘူး ကိုကိုရယ် ။ ပေါ်တင်ကြီးဆိုတော့ မကောင်းဘူးလေ ၊ သိတယ်ဟုတ်လား "
( ၁၀ )
မမ သည် စိတ်ဘယ်တော့မှမကောက်တက်ပါ ။ သို့ရာတွင် ဆရာသိပ်လုပ်တတ်ပါသည် ။ ဘယ်လိုနေ ဘာလုပ် ဘာတွေဆင်ခြင် ဘာညာကွိကွ မမသည် ကျွန်တော့်ကို အလို မလိုက်ပါ ။ ကျွန်တော်လိုချင်သော အခွင့်အရေးများကို မပေးပါ ။ ထိုအခါ ကျွန်တော် စိတ်ကောက်ပါသည် ။ နောက်တော့ မနေနိုင်လို့ မမကို ပြန်ခေါ်ပါသည် ။ သစ်သစ်သည် တစ်နေ့လျှင် အနည်းဆုံး တစ်ခါ စိတ်ကောက်ပါသည် ။ နာရီပိုင်းအတွင်း စိတ်ပြန်ပြေ သွားတက်ပါသည် ။ သစ်သစ်သည် တစ်လလျှင် အခါသုံးဆယ် ( သို့မဟုတ် ) သုံးဆယ့်တစ်ခါ စိတ်ကောက်တော်ပါသည် ။ တစ်လလုံးနေလို့မှ သစ်သစ် နှစ်ဆယ့်ရှစ်ခါပဲ စိတ်ကောက်တော်သည့်လ လည်းရှိပါသည် ။ ဖေဖော်ဝါရီလ ဖြစ်၏ ။
( ၁၁ )
အခန်းနံပါတ် AB3 ထဲက ကျောင်းသူများ ဆူညံစွာ ထွက်လာကြပါသည် ။ ဆယ့်တစ်နာရီ ငါးဆယ်မိနစ် ရှိပါပြီ ။ ကျွန်တော်သည် ကားပေါ်တက်၍ မောင်းထွက်ခဲ့ပါသည် ။ စီးပွားရေးတက္ကသိုလ်ရှေ့က လမ်းနှင့် ပြည်လမ်းဆုံရာတွင် ကားကို ရပ်ပါသည် ။ ခုချိန်အထိ ကျွန်တော်သည် ဘယ်ကိုသွားရမှန်း မသိသေးပါ ။ ညာဘက်သို့ ချိုးလျှင် သစ်သစ်ရှိရာ အင်ကြင်းဆောင်သို့ ။ ဘယ်ဘက် သို့ချိုးလျှင် မမ တို့ ရုံးသို့ ။
နောက်က ကားတစ်စီးက ဟွန်းတီးနေပါသည် ။ ထိုကားသည် ညာဘက်သို့ကွေ့ရန် အချက်ပြမီးကို ဖွင့်ချည်မှိတ်ချည် ပြုလုပ်နေပါသည် ။
ကျွန်တော်သည် ကားကို ဘယ်ဘက်သို့ ကွေ့ချလိုက်ပါသည် ။
( ၁၂ )
မမ သည် ဗိုလ်ချုပ်ပန်းခြံသို့သွားချင်သည်ဟု ထူးထူးခြားခြား ပြောပါသည် ။ ဗိုလ်ချုပ်ပန်းခြံထဲက ကျောက်ခုံကြီးတစ်ခုံမှာ ကျွန်တော်တို့ ထိုင်ကြပါသည် ။ “ မောင့်ကို အရေးကြီးတဲ့ကိစ္စတစ်ခု ပြောစရာရှိတယ် " မ၏မျက်နှာသည် ထူးခြားစွာ တည်ငြိမ်နေပါသည် ။ အနည်းငယ် တင်းမာသယောင်ရှိပါသည် ။ သို့ရာတွင် ကျွန်တော် မမကို မကြောက်ပါ ။
" မောင် ဘွဲ့ရပြီးရင် ဘာလုပ်ကြမလဲ ”
ကျွန်တော်မဖြေတက်ပါ ။ ဘွဲ့ရပြီးလျှင် ဘာလုပ်ကြမလဲ ။ ဘာလုပ်ကြမလဲ ။ မမသည် ကျွန်တော့်အဖြေကို စောင့်နေပါသည် ။
" ဟင် "
" ဘာလုပ်ကြမလဲ "
“မောင်က သိပ်ခက်ပါလား ၊ မောင် ဘယ်နှနှစ်ရှိပြီလဲ "
" အသက် နှစ်ဆယ် "
" ဒါကို ပြောတာ မဟုတ်ဘူး ။ တက္ကသိုလ်မှာ ဘယ်နှနှစ်ရှိပြီလဲလို့ မေးတာ "
" တတိယနှစ် "
" မမ နဲ့ မောင် နဲ့ ချစ်ခဲ့တာ ဘယ်နှနှစ်ရှိပြီလဲ "
" လေးနှစ်နဲ့တစ်လနဲ့ ၊ အင်း ... နှစ်ဆယ်ရက်နေ့ဆိုတော့ ”
“ ထားပါတော့ လေးနှစ် ။ လေးနှစ်အတွင်းမှာ မောင် လေးလေးနက်နက် လုပ်တဲ့အလုပ် ဘယ်နှခု ရှိခဲ့သလဲ "
ဘယ်နှခုရှိသလဲ ။ ကျွန်တော် မဖြေတက်ပါ ။ မမ ဘာကို ဆိုလိုချင်ပါသနည်း ။ မမကြီးများသည် သူတို့ပြောချင်သော စကားများကို သူတို့ကိုယ်တိုင် မပြောဘဲ မောင်လေးများကို အဘယ်ကြောင့် ခိုင်းရပါသနည်း ။
" ဘယ်နှခု ရှိပါသလဲ "
မမကို ကျွန်တော်က ပြန်ေမးပါသည် ။ မမက ဖြေပါသည် ။
" တစ်ခုမှ မရှိဘူး ။ မောင်ဟာ မမနဲ့ လျှောက်လည်ဖို့ ၊ ရုပ်ရှင်ကြည့်ဖို့ ၊ မမဆီက အခွင့်အရေးတွေ အမျိုးမျိုးတောင်းဖို့ ၊ မမကို စိတ်ကောက်ဖို့ ၊ ပြီးတော့ ”
" ပြီးတော့ကျတော့ ဘုရားရှိခိုးဖို့ "
" မမကို မငေါ့နဲ့ ။ ခုချိန်မှာ မမနဲ့ မောင်တို့အတွက် ရှေ့ပြေးစီမံကိန်းဆိုတာ ရှိသင့်လာပြီမောင် "
“ ရှေ့ပြေးစီမံကိန်း ၊ ဟုတ်လား ။ အဲဒါတွေက ဘာတွေလဲ "
" မမ မေးမယ် ၊ မမနဲ့မောင်နဲ့ ရှေ့ရေးသာယာဖို့ ဘာတွေလိုသလဲ "
" မမနဲ့ မောင်နဲ့ သစ္စာရှိရှိချစ်ဖို့ "
" မဟုတ်ပါဘူး "
" မော်တော်ကားလိုတယ် ”
" မဟုတ်ဘူး ”
“ ဟိုဒင်း ၊ နေဖို့အိမ် လိုတယ် "
" မဟုတ်ဘူး ၊ လိုတာတွေက အများကြီး ”
“ဟုတ်တယ် ၊ ဟုတ်တယ် ၊ အများကြီး ပိုက်ဆံတွေ အများကြီးလိုတယ် ။ မောင့်ဖေဖေက သူဌေးပဲ "
“ မဟုတ်ဘူး ၊ တစ်ခုမှ ဟုတ်ဘူး ”
“ ဒါဖြင့် ဘာလဲ "
“ ဒါကို မောင်သိပြီးသား ဖြစ်ရမယ် "
ဟော .. မောင် သိပြီးသားတဲ့ ။ ဘာကို သိရမှာလဲ ။ မမကြီးများသည် အဘယ်ကြောင့် ဝေ့လည်ကြောင်ပတ်လုပ်တတ်ရပါသနည်း ။
" မောင့်မှာ ဘာအရည်အချင်းတွေရှိလဲ "
" မောင့်မှာ ဟို .. ကားမောင်းတက်တယ် ။ ပြီးတော့ ကြက်တောင် အရိုက်ကောင်းတယ် ။ ပြီးတော့ လက်ရေးလှတယ် ။ ပြီးတော့ ... ”
“ မောင့်မှာ ဘာအရည်အချင်းမှ မရှိဘူး ”
" ဘာပြောတယ် မမ မောင်က အားကိုးလောက်တဲ့လူ မဟုတ်ဘူးပေါ့ ။ မောင့်မှာ ဦးဆောင်နိုင်တဲ့ အရည်အချင်း မရှိဘူးပေါ့ ။ မောင်က ယောက်ျားကောင်းတစ်ယောက် မဟုတ်ဘူးပေါ့ "
“ ဟုတ်တယ် "
“ ဘုရားပေါ်ကို သွားရအောင် မမ "
" ဟင့်အင်း ၊ မသွားချင်တော့ဘူး ။ ဘုရားဆို ရေစက်ဆုံနိုင်တဲ့ လူတွေမှ သွားရတာ "
“ ဘာ .. မမ ဘာကို ဆိုလိုတာလဲ "
“ မမ မှာ စဉ်းစားနေတဲ့အပိုင်းကနေ ဆုံးဖြတ်ရမယ့်အပိုင်း ရောက်လာပြီ ”
" မောင်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ဖို့လား ”
“ ဟုတ်တယ် ၊ မောင်နဲ့ မမနဲ့ လမ်းခွဲကြဖို့ပဲရှိတော့တယ် ”
" မ မောင်နဲ့ ခွဲနိုင်လို့လား ”
" ခွဲနိုင်အောင် ကြိုးစားရမှာပေါ့ ။ တကယ်တော့ ကိုယ့်လမ်းကိုယ် သွားကြရမှာပါ ။ ခံတော့ ခံစားရမှာပေါ့ ။ အလွန်ဆုံး တစ်နှစ်ပါပဲလေ ။ ကြာတော့လည်း မေ့သွားကြမှာပါ "
နေမင်းကြီးသည် ငိုတတ်ပါသလား ။ မမ၏ မျက်နှာကို ကြည့်ရသည်မှာ မွန်းတည့်နေသော နေမင်းကြီးကို ကြည့်ရသည်နှင့် တူပါသည် ။
“ ကောင်းလှပါပြီ ဒေါ်မေရီ ၊ ကျွန်တော်ကလည်း ကျွန်တော့်လမ်း ကျွန်တော်သွားရမှာပါပဲ ။ ဒါပေမယ့် ကျွန်တော့်လမ်းက မော်တော်ကားနဲ့ သွားရမှာ ။ ကျွန်တော့်ကို ခွင့်ပြုပါဦး ခင်ဗျာ ”
နေမင်းကြီးသည် အဘယ်ကြောင့် တည်ငြိမ်စွာ ဟန်ဆောင်တတ်ပါသနည်း ။
( ၁၃ )
အင်ကြင်းဆောင်ကို ရောက်သောအခါ တစ်နာရီနှင့် ငါးမိနစ်ရှိပါပြီ ။ အဆောင်စောင့် ဦးလေးသိန်းအား သစ်သစ်ကို ခေါ်ပေးဖို့ ပြောပါသည် ။
“ ခဏနေဦးကွာ ၊ ငါသွားခေါ်ပေးမယ် ။ ခုနတော့ ဧည့်ခန်းထဲမှာ မင်းကိုစောင့်နေတာ တွေ့တယ် "
ဦးလေးသိန်း ထွက်သွားပါသည် ။ ဦးလေးသိန်း ပြန်လာသည် ။
" မရှိဘူးလို့ ပြောခိုင်းလိုက်တယ် "
" ဦးလေးသိန်း ကျွန်တော်က သိပ်အရေးကြီးကိစ္စ ပြောစရာရှိလို့လို့ ”
သစ်သစ် ဆင်းလာပါသည် ။ နှုတ်ခမ်းကို စူ ထားပါသည် ။ ကျွန်တော့်ကို ကြည့်လည်း မကြည့် စကားလည်း မပြောဘဲ ကားပေါ် တက်ထိုင်ပါသည် ။
“ ကိုကို နည်းနည်းနောက်ကျသွားတယ်ကွာ ”
သစ်သစ်က ဘာမျှပြောပါ ။ နှုတ်ခမ်းကို ပို၍ စူလိုက်ပါသည် ။
“ အရေးကြီးတဲ့ကိစ္စရှိရင် ပြော "
“ တခြားမဟုတ်ပါဘူး ၊ သစ်သစ်ကို ကိုကို ရုပ်ရှင်လိုက်ပြမလို့ ၊ ချာလီလေ "
သစ်သစ်က ခစ်ခနဲ ရယ်ပါသည် ။ လမင်းကြီး ရယ်သည်ကို တွေ့ဖူးကြပါလိမ့်မည် ။
“ သစ်သစ် ကိုကို့ကို စိတ်ဆိုးနေတုန်းပဲလား "
“ အစကတော့ စိတ်ဆိုးတယ် ။ ကိုကို့မျက်နှာကို မြင်လိုက်တော့ စိတ်မဆိုးတော့ဘူး ”
လမင်းကြီးသည် ဟန်မဆောင်တတ်ပါ ။
ကျွန်တော်သည် ကျွန်တော် မဖြေတတ်ခဲ့သော မေးခွန်းကို သစ်သစ်အား မေးကြည့်ပါသည် ။
" သစ်သစ် ကိုကိုတို့ ဘွဲ့ရပြီးရင် ဘာလုပ်ကြမလဲ "
" ဘွဲ့ရပြီးရင် လက်ထပ်ကြမှာပေါ့ ကိုကိုရဲ့"
အို ... ဟုတ်တာပေါ့ ၊ ဟုတ်တာပေါ့ ။ ကျွန်တော်တို့ ဘွဲ့ရပြီးရင် လက်ထပ်ကြရလိမ့်မှာပေါ့ ။
◾ မင်းလူ
📖 ရုပ်ရှင်ပဒေသာ
နိုဝင်ဘာ ၊ ၁၉၇၆
koaungnaingoo.blogspot.com
.
No comments:
Post a Comment