Friday, August 20, 2021

ည အိပ်ရာထဲ ဝင်


 

  ❝  ည အိပ်ရာထဲဝင် ❞

   “ ညအိပ်ရာထဲဝင်
     ဘုရားရှိခိုးလျှင်
     မောင့်ကို ရည်မှန်းကာ
     ကျန်းမာပါစေ ၊ ချမ်းသာပါစေရှင် ... ”

စာတစ်စောင်ကို လက်တစ်ဖက်၌ ကိုင်ကာ ကျောင်းသူ ခင်စိန်သည် သူ့အိပ်ရာပေါ်တွင် ခြေပစ်လက်ပစ် မချိတရိ ဖြစ်နေ၏ ။ ခင်စိန်၏ ရွှေမျက်နှာတော်သည်ကား ဒေါသမိုးစွေလျက် ချက်ချင်းပင် မျက်ရည်များ သည်းထန်စွာ ရွာချတော့မည်ကဲ့သို့ ဖြစ်နေလေသည် ။

“ အို .. မကြိုက်ဘူး ၊ မကြိုက်ဘူး ၊ ဒီစာကို နည်းနည်းမှ မကြိုက်နိုင်ပါဘူး ။ သူ ငါ့ကို သေသေချာချာ ချိုးတာပါ ၊ အသိသာကြီးပါ ။ ရယ်စရာ မဟုတ်ဘူး ။ ချိုးတာ ... ချိုးတာ ၊ သိပ်ယုတ်တာပဲ ၊ ရွှတ်ပြက်ပြက်နဲ့ ၊ သိပ်ယုတ်တာပဲ ၊ သိပါတယ် ၊ သူ လုပ်လိုက်မှဖြင့် ဒါမျိုးချည်း”

အံကြိတ်လျက် ခင်စိန်သည် စာကို တစ်ဖန် ပြန်ဖတ်လေသည် ။

“ ခင် ... ပေးပို့လိုက်သော ပန်းထိုး လက်ကိုင်ပဝါကလေးအတွက် အများကြီး အားကြီး ကျေးဇူးတင်ပါသည် ။ မောင့်မှာလည်း ပိုးလက်ကိုင်ပဝါများ ပေါပါသည် ။ ထိုကြောင့် ခင်က ပေးသော ထိုပိုးလက်ကိုင်ပဝါကလေးကို နှာစေးနေသော မိတ်ဆွေတစ်ဦးအား ပေးပစ်လိုက်ပါသည် ”

“ အို ... ဟုတ်ပါတယ် ၊ သူ အပြောင်ရေးနေတာ မဟုတ်ဘူး ၊ ချိုးတာ ။ သူ ငါ့ကို တမင်ချိုးတာ ”

“ ဪ .. ငါ မှားတာပဲ ။ သူ့ကို သနားမိတာ ၊ သူ့ကို စာပြန်မိတာ မှားတာပဲ ။ သူ့ဟာသူ သေနေနေ ၊ အစက ငါ့ဣနြေနဲ့ ငါနေရင် ဒီလို အချိုးခံရဖို့ ဝေးလို့ ။ ငါ ရေးမိတဲ့ စာတွေကို ခုနေ အကုန် ပြန်ပြီးရရင် ကောင်းမှာပဲ ။ ဘယ့်နှယ်လုပ်ရမလဲ မသိဘူး ၊ အကုန် ပြန်ရချင်တယ် ၊ အားလုံး စိစိညက်ညက်ခြေပြီး မီးရှို့ပစ်မယ် ။ ငါ့ကိုယ်ကလည်း မိုက်ပြီး စနေနေ့မှာမှ သူ့ဆီကို စာသွားရေးမိတာကိုး ။ စနေနေ့မှာ စာရေးရင် ဘယ်တော့မှ မကောင်းဘူး ၊ ဒါမျိုးချည်း ဖြစ်တတ်တာပဲ ။ ငါကလည်း လွန်လွန်းပါတယ်လေ ၊ ပျော့လွန်းပါတယ် ။ ဘာလို့ သူနဲ့ စာပေးစာယူ လုပ်မိရသလဲ ။ ဪ .. မရေးဘဲလည်း မနေနိုင်ရှာပဲကိုးနော် ။ ချစ်ပါတယ် ၊ ခင်ပါတယ် ၊ ကြင်နာပါတယ် ဆိုတာတွေက သိပ်များနေရှာတာကိုး ။ လောကကြီးမှာ “ကိုကိုရေ ... ကိုကိုရေ ” နဲ့ အမြဲတမ်း လွမ်းချင် ဆွေးချင်နေတဲ့ ငါပေကိုး ။ ဒါ့ကြောင့် အခုလို ထောင့်ငါးရာ ကိလေသာ အားကြီးမှုတွေ ရောက်ကုန်တာပေါ့  ။ အို … ဒီလိုလည်း ဟုတ်သေးပါဘူး ၊ တစ်မျိုးပဲလေ ၊ စာရေးရတာကလည်း ကောင်းပါတယ် ၊ စာရေးရင် စိတ်ထဲမှာ တမြည့်မြည့်ဆွေးပြီး တငွေ့ငွေ့ကလေး ချစ်ချင်လာတာပဲ ။ ဪ ... ငါကလည်း ငါ... ”

“ဒီတနင်္ဂနွေကျရင် ဘုရားကို သွားရဦးမယ် ၊ ခုလို ဆွေးပင်လယ် ဝေနေလို့လည်း ဖြစ်သေးပါဘူး ၊ သေချင်ရုံပဲ ၊ ပန်းဝယ်ပြီး လှူရဦးမယ် ၊ ရတနာသုံးပါးကို ဆည်းကပ်မယ် ၊ ဒီပြင် ဘာမှ ဂရုမစိုက်တော့ဘူး ၊ အားလုံး မေ့ပစ်လိုက် ၊ ကောင်းကောင်းကြီး ဘုရားရှိခိုးလိုက်ဦးမယ် ၊ ဘုရား ဝတ်တက်ရတာလည်း သိပ်ကောင်းတာပဲ ၊ စိတ်ကြည်တယ် ။ “ အစိန္တေယျ ၊ အစိန္တေယျ ၊ အပမေယျ ၊ ကျေးဇူးတော်ရှင် ... ”

ခင့်စိန် သည် စိတ်ထဲ၌ သံနေသံထားနှင့် ဘုရားရှိခိုးကို လေးလေးပင်ပင် ရွတ်ဆိုနေမိ၏ ။ ရွတ်ဆိုရင်းပင် လက်ထဲက စာကို မြင်မိပြန်လေသည် ။

“ ခင်ကိုယ်တိုင် ထိုးသော ပန်းကလေးများမှာ အလွန်လှပသေသပ်၍ ခင်ကဲ့သို့ပင် ချစ်စရာကောင်းပါ၏ ။ သို့သော် နှာစေးသူ မိတ်ဆွေအား ဒါနပြုလိုက်သည်ကို မုချ သာဓုခေါ်လိမ့်မည်ဟု မျှော်လင့်ပါသည် ”

“ အမယ်လေး .. ကဲလိုက်တာ ၊ ကဲလိုက်တာ လွန်လို့ ၊ ယောက်ျားတွေဟာ ဒါမျိုးချည်းပါပဲ ၊ သိပ်လူပါးဝကြတာပဲ ၊ သူ့ကိုယ်သူ ဘာထင်နေသလဲ မသိဘူး ။ ဟုတ်ကဲ့ ... ကျုပ်က သူ့လို ကြမ်းပိုးကို တရိုတသေ ပန်းထိုးပေးရမယ် ၊ မျှော်နေ ၊ သည်လို လက်ကိုင်ပဝါမျိုး စကော့ ( ဗိုလ်ချုပ် ) မှာ တစ်ပဲကို ကိုးထည် ရတယ်ရှင့် ၊ ဟုတ်ပါရော ။ အဲသလို ပြောလိုက်ရတော့ မကောင်းဘူး ၊ သိပ် လူလည်လုပ်တာပဲ ။ ငါ့ကို ဘယ်လို မိန်းမစားများ ထင်နေပါလိမ့် ။ အို .. ငါ့ကိုယ်ကလည်း အူပါတယ် ၊ သူ့ကို အသနား စောမိတာ ငါးပါးမှောက်ကုန်တာပဲ ၊ သူ့ကို မခွဲနိုင် မခွာရက် သိပ်စွဲနေပြီလို့များ ထင်နေရော့သလား ။ ပန်းထိုးပဝါ ပေးတာက တခြားပါ ၊ မဆိုင်ပါဘူး ၊ ငါ့ကို အထင်သေးစရာ ဘာမှ မရှိဘူး ။ ငါ့ကိုများ အပေါစားလို့ ထင်ရင် “ ဟုတ်ကဲ့ရှင် ... ရှင့်ဟာတွေသာ နှစ်ပြား တန်ကြပါပေတယ်ရှင် ” လို့ ပြောင်ပြောင်ကြီး ပြောပြလိုက်စမ်းချင်တယ် ။ သိပါပြီ ၊ နောက် များတော့ သိကြရောပေါ့ ၊ ဘယ်တော့မှ စာမပြန်ဘူး ၊ သေတောင် မရေးဘူး ။ ကြည့်နေ ၊ ဘာ အသုံးကျသလဲ ။ ငါက ချစ်ရပြီး သူက ဒီလို ဂရုမစိုက်သလို စီးပိုး စော်ကား လုပ်နေရင် ဘယ်တော့ ဖြစ်မှာလဲ ၊ ဘယ်လို ယောက်ျားတွေလဲ မသိဘူး ”

“ ကာလကြီးက ခက်သားပဲလေ ၊ သူတို့ကိုလည်း လုံးလုံးအပြစ်ဖို့လို့ မဖြစ် ။ ရည်းစားထားရတာများ စိတ်ပျက်စရာကြီး ။ ဟို ကောက်စိုက်သမသီချင်းလိုပဲ ၊ “ မြေပဲ ကောက်ရတာလေ .. ဖုတ်တွေ မြေတွေ လူးလှချည်ရဲ့ .. ကျုပ် မနေဘူးတော့ ... ဇာတ်ထဲ လိုက်တော့မယ် ၊ ဇာတ်ထဲ လိုက်တော့မယ်...” ရည်းစားထားရတာလည်း မသင့်မတင့် အဆင်မပြေတဲ့ အခါမှာ မိန်းမသားများအဖို့ ဣသိက္ခာ အင်မတန် ပျက်ပြားစေတယ် ။ ငါကလည်း မထားဘဲ မနေနိုင် ။ ရည်းစားများကလည်း အစမှာတော့ သိပ်ပြီး သည်းကြတာပါပဲ ။ “ ခင်က သိပ်ချောတာပဲ ၊ ခင့်ကို သိပ်ချစ်တာပဲ ၊ အချဉ်စားရင် ချိုတယ် ၊ ခင် မသနားရင် ငိုမယ် ” လေး ဘာလေး ညာလေးနဲ့ ။ ဒီကတော့လေ ... အဟုတ်ပဲ သနားလာလို့ ယုံမိ ၊ စာပြန်မိတယ် ၊ စကားလက်ခံပြောမိတယ် ။ တော်တော်ကြာတော့ သူတို့အချစ်တွေက ဘယ့်နှယ် အချစ်တွေလဲ မသိဘူး ၊ အင်မတန် ဖောက်ပြန်တယ် ။ ခွေးအချစ် ၊ ဝက်အချစ်တွေပါ ။ ဟုတ်သားပဲ ၊ မကောင်းဘူး ၊ ဘာမှ မကောင်းဘူး ”

“ ခက်ပါသေးတယ် ၊ ငါကလည်း သဘောကောင်းလွန်းဟန် တူပါတယ် ။ ခက်တယ် ၊ အခုခေတ် ရည်းစားထားရတာကို သိပ်ခက်တာပဲ ။ သဘော မကောင်းပြန်တော့လည်း မကောင်းဘူးတဲ့ ၊ သဘောကောင်းပြန်တော့လည်း ကောင်းလွန်းလို့ မကောင်းဘူးတဲ့ ၊ ဈေးပေါသတဲ့ ။ အို ... သိပ်ခက်ပါတယ် ။ ခြောက်ပြစ်ကင်း ကောင်းနေလို့ပဲ ၊ မတတ်တော့ဘူး ၊ ငါကလည်း လုံးလုံး အပြစ်ကင်းချင်မှ ကင်းမယ်လေ ၊ မပြောတတ်ပါဘူး ၊ ယောက်ျားတွေဟာ ငါနဲ့ တွေ့စမှာတော့ သိပ်ရူးကြတာချည်းပဲ ၊ နောက်ပြီးတော့လည်း တဖြည်းဖြည်း ခွာပြဲကုန်ကြရော ၊ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြရော ”

“ ငါ့မှာ ဘာများ ဒါလောက် ကြောက်စရာ လန့်စရာ ရှိနေလို့ပါလိမ့် ၊ နောက် များမှ အေးအေးဆေးဆေး စဉ်းစားကြည့်ရဦးမယ် ”

“ နို့ပေမဲ့ ငါ စိတ်ရင်းကောင်းမှန်း ၊ ချစ်တတ် ခင်တတ်မှန်းကိုတော့ သူတို့အားလုံး သိကြမှာပါပဲလေ ။ အို .. အဲသည်လို သဘောကောင်းတာတွေကိုပဲ လန့်နေကြတာ ထင်ပါရဲ့ ။ သူတို့ ဘယ်လိုပဲ လန့်ကြ ထိတ်ကြပါစေ ၊ ငါတော့ ချစ်တတ် ခင်တတ်တာ အမှန်ပဲ ၊ ချစ်တတ်တယ်လေ ... “ မြင်းမိုရ်ရွှေတောင်လုံးသာပ ” ပေါ့ ... “ လေးဆူဒီပါ သီတာရေမြေ ဆုံးစေတော့ ” ပေါ့ ။ ဟုတ်တယ် ၊ ဘာဖြစ်သေးလဲ ၊ ချစ်ခြင်းမေတ္တာ ဆိုတာ ရှက်စရာ မဟုတ်ပါဘူး ။ ငါနဲ့ စိတ်တူကိုယ်တူ ၊ တစ်ယောက်အကြောင်းကို တစ်ယောက် နားလည်ပါးလည်နဲ့ ကြင်ကြင်နာနာ လူတစ်ယောက် များ တွေ့ရင် သိပ်ချစ်ပစ်လိုက် မှာပဲ ။ တကယ်ပဲ ၊ သူ့ကို တစ်သက်လုံး ချစ်မယ် ၊ ဘယ်သူတားလို့မှ မနေဘူး ၊ ဇွတ်ချစ်မယ် ။ သူတောင်းစားပဲ ဖြစ်နေနေ ၊ ငဆွံ့ပဲ ဖြစ်ဖြစ် သိပ်ချစ်မှာပဲ ။ သူ့ကို စောင့်ရှောက် မယ် ၊ ကြည့်ရှုမယ် ၊ ကျွေးမယ် ။ သူ ပျော်အောင် ဘာမဆို လုပ်မှာပဲ ၊ အို .. သိပ်ကို ချစ်ပစ်လိုက် မှာပဲ ။ ဒီလို ငါ ချစ်နိုင်မယ့် ငါချစ် တစ်ယောက်လောက် တွေ့စမ်းချင်တယ် ၊ ခဲယဉ်းလိုက်ပါဘိ ၊ အခု တွေ့ရတာတွေကတော့လည်း ခွစာနဲ့ ကြမ်းပိုးနဲ့ တေလေချည်းပါပဲ ၊ မိခင်စိန်တို့ ကုသိုလ်နည်းလိုက်တာ "

“ အဟုတ်ပဲလေ .. လောကကြီးမှာ ကိုယ်ချစ်တာမှ ကိုယ် ယူရမယ်ဆိုတာ မှန်တယ် ၊ သူ့ကို ဘာမှ မခိုင်းမစေဘဲ ငါကချည်းပဲ သမ္ဘူလ တို့လို ပြုစုနေစမ်းချင်တယ် ၊ နေရာတကာမှာ ငါ့ကိုပဲ အားကိုးစေချင်တယ် ၊ ဒီလိုသာဆိုရင် တစ်မျိုးကောင်းမှာပဲ ၊ ပျော်ပြီး လုပ်အား ကိုင်အားတွေ တိုးလာမှာပဲ ။ ကိုယ်ကအားကိုးအားထား လူကြီးလုပ်ရတဲ့ ဘဝမှာ လူကြီးပီပီ လုပ်ကိုင်ကျွေးမွေးရလို့မို့ “ ဝတ္တရားနဲ့ ပြည့်စုံခြင်း သောမနဿ ၊ တာဝန်ကျေပွန်ခြင်း ပီတိ ” ဆိုတာတွေကို ခံစား စံစားရပြီး လောကကြီးဟာ သာယာမှာပဲ ။ ဟုတ်တယ် ၊ အို .. သိပ်ပျော်မှာပဲနော် ၊ ခုလိုပုံနဲ့တော့ ခက်ပါသေးတယ် ၊ စိတ်ရှုပ်ရဖို့ချည်း ဖြစ်နေရတာပဲ ။ တချို့ မိန်းမတွေဟာ ပန်းကလေးတွေကိုချစ်ပြီး သူနာပြုတပ်တို့ ဘာတို့ တည်ထောင်ကြတာဟာ ဒါကြောင့်ပဲ ထင်တယ် ။ မိန်းမ ဆိုတာ ချစ်တတ် ခင်တတ်တဲ့ သဘာဝတွေပဲ ။ ယောက်ျား ဆိုတဲ့ အိမ်က သတ္တဝါများက နည်းနည်းမှ အသုံးမကျကြတော့ သူတို့ဝမ်းထဲမှာ ပိုလျှံနေတဲ့ မေတ္တာရေတွေကို ခုလိုပဲ ပန်းကလေးတွေ ၊ ခွေးနာကလေးတွေပေါ်မှာ သွန်းလောင်းကြရရှာတော့တာပေါ့ ။ ဟုတ်ပါပေတယ် ၊ နို့ပေမဲ့လေ ယောက်ျားထဲမှာလည်း ငါတို့လို ချစ်တတ် ခင်တတ်တာ တစ်ယောက်တလေတော့ ရှိဦးမှာပေါ့ ၊ ဧကန္တ ရှိမှာပါပဲ ”

“ ကနေ့ည ငါ ဘာဖြစ်နေတယ် မသိဘူး ၊ ငိုချင်သလိုလို ၊ ဟောဒီ သေခြင်းဆိုးရဲ့ စာကြောင့်ပါပဲ ၊ သူ့ကိုလည်း သည်လောက် ဂရုစိုက် မနေချင်ပါဘူး ၊ ခက်ပါသေးတယ် ၊ တွေးရင်း တွေးရင်း ဘာလိုလို ညာလိုလိုနဲ့ ငါ့မှာလည်း အချိန်ကုန်လှပြီ ။ တစ်နေ့ တစ်နေ့နဲ့ မငယ်တော့ဘူး ၊ ဒီလိုပဲ လိုတာ မရ ၊ ရတာ မလိုနဲ့ ဇရာယွန်းမှန်းမသိ ယွန်းနေပြီ ။ ကြောက်တယ် ၊ စာသင်ရတာကလည်း ပင်ပန်းလှပြီ ၊ အသားအရေကတော့ ကောင်းပါသေးတယ် ။ မနက်စောစော သနပ်ခါးလူးရဦးမယ် ၊ ပေါင်ဒါလည်း ကုန်ခါနီးပေါ့ ထင်ရဲ့ ၊ အရီတို့ ဈေးထွက်ကြရင် မှာလိုက်ဦးမှပဲ ၊ ခေါင်းမလျှော်ရတာလည်း ကြာသွားပြီ ။ “ ခင့်ဆံထုံးလောက် ကြည့်ကောင်းတာ မြန်မာနိုင်ငံမှာ မရှိဘူး ” တဲ့ ။ ဟဲ .. ရယ်စရာကြီး ။ “ ခင် လမ်းလျှောက်ပုံကလေးကလည်း ဆင်မယဉ်သာလို သိပ်ယဉ်တာပဲ ၊ မောင့်မျက်စိထဲမှာ အမြဲမြင်နေတယ် ” တဲ့ ။ ဪ .. ရွှတ်ပြက်ပြက်နဲ့ တစ်ချက်တစ်ချက် ဘောက်ဆန်တတ်ပေမဲ့ သူ ကောင်းတဲ့ တော်တဲ့ နေရာများလည်း ရှိပေသားပဲ ၊ ငါ့ကို ချစ်ရှာပါတယ် ။ အို .. သူ့ စာကြီးကိုတော့ မကြိုက်နိုင်ပါဘူး ၊ မုန်းပါတယ် ၊ ငါ့ကို တမင်ချိုးတာ ၊ တမင် စိတ်မကောင်းအောင် လုပ်တာ ”

“ မိန်းမများ စိတ်မကောင်းရင် အင်မတန် ဒုက္ခရောက်ကြရှာတာပဲ ။ တချို့ မိန်းမတွေ အရက်သောက်ပြီး ပျက်စီးကုန်ကြတာ ဒါကြောင့်ပေါ့ ”

“ ဟောတော့ .. မီးငြိမ်းသွားပြီ ၊ အို ... သူ့စာကို မီးရှို့ပစ်မယ် ၊ ဘာပဲ ဖြစ်နေနေ ၊ မုန်းစရာကြီး ၊ မသနားဘူး ။ “ မောင့်မှာလည်း ပိုးလက်ကိုင်ပဝါများ ပေါပါသည် ” တဲ့ ။ လူပါးဝလိုက်တာ ၊ ပေါပေမှာပေါ့ ၊ သူ့နှမတွေက ပေးကြမှာကိုး ။ ဪ ... သွေးကြီးနေဦးမယ် ၊ သူ့ဟာသူ ဈေးက ဝယ်တာတွေ နေမှာပါ ”

“သူ့စာကိုများ မီးရှို့ပစ်ရင် ဘာတွေပြောဦးမလဲ မသိဘူး ။ ဪ .. လာပြီး ချွဲနေဦးမှာ မြင်သေးတယ် ၊ သူ ချွဲတာကပေမဲ့ နားထောင်လို့ အကောင်းသား ။ ခေါင်းကြီးငိုက်စိုက်နဲ့ ၊ မျက်စိကလေးတွေ မှေးပြီး ယောင်ချာချာနဲ့ ။ ဪ .. သည်လိုတော့လည်း သနားတယ် ၊ ဒါနဲ့ ချစ်မိပြန်ရော ”

“ အို ... မောပါတယ် ၊ အိပ်မယ် ၊ အိပ်ချင်ပြီ ၊ ခေါင်းမြီးခြုံပြီး ငိုပစ်လိုက်ရ ကောင်းမလားပဲ ။ ဪ ... ဟိုနေ့က ဘိုင်စကုပ်ကြည့်ကြတုန်းကတော့လည်း သူက သိပ်အလိုလိုက်ရှာတာပဲ ၊ ချော့ကလက်တွေ ဝယ်ပေးရှာတယ် ၊ သူ ငါ့ကို ချစ်ရှာပါတယ် ၊ သိပ်ပြီး သည်းညည်းခံတတ်ရှာပါတယ် ။ ညှဉ်းသမျှ ခံရှာတာချည်းပါပဲ ၊ သူ ငါ့ကို ချိုးတာ မဟုတ်နိုင်ပါဘူးနော် ။ ငါ အထင်လွဲလို့ နေမှာပါ ၊ ချစ်လို့ ကျီစားရှာတာပါ ၊ မချိုးပါဘူး ၊ ချိုးတာ မဟုတ်ပါဘူး ၊ ချစ်လို့ ကျီစားတာ ၊ ကလိတာ ၊ အချစ်စမ်းရှာတာပါ ။ အို ... အိပ်ချင်ပြီ ကိုကို ”

◾ ညိုမြ

📖 ဂန္ထလောက မဂ္ဂဇင်း
      ၁၉၃၇ - ခု  ၊ ဇူလိုင်လ
     
koaungnaingoo.blogspot.com

.

No comments:

Post a Comment