Sunday, August 22, 2021

မင်းနန်သူ


 

        ❝  မင်းနန်သူ  ❞

တစ်ခါက ကျွန်ုပ်သည် ငမိုးရိပ်ချောင်း ကမ်းပါးပေါ်ရှိ ရွာကြီးတစ်ရွာတွင် အလွတ်ပညာသင်ကျောင်းဆရာ လုပ်ခဲ့ဖူး၏ ။ အစိုးရကျောင်းကို မတက်ဘဲ အပြင်မှ ( ၇ ) တန်း ၊ ( ၁ဝ ) တန်း ဝင်ရောက်ဖြေဆိုလိုသော ကလေးများကို အများစု သင်ပြပေးရခြင်းဖြစ်၏ ။ စာမေးပွဲမဖြေသော်လည်း အင်္ဂလိပ်စာတတ်ချင်သော လယ်သမား ၊ ချောင်းသမားများလည်း ကျွန်ုပ်၏ကျောင်းကို တက်ကြလေ၏ ။ ထိုသို့ တက်သောသူများထဲတွင် ထိုရွာကို အုပ်ချုပ်သော သူကြီး ' ဦးစိန်အုပ် ' လည်း ပါလေ၏ ။

ထိုကျောင်းကို ပိတ်၍ အခြားအလုပ်အကိုင်သို့ ပြောင်းလဲလုပ်ကိုင်သော်လည်း ထိုရွာသို့ မကြာခဏ အလည်အပတ် ရောက်ရှိသွား၏ ။ တစ်ရွာလုံးလိုလိုရှိ လူများသည် မိတ်ဆွေများ ဖြစ်သောကြောင့် သွားရောက်လည်ပတ်သောအခါ ဟိုအိမ်က ထမင်းစားဖိတ် ၊ ဒီအိမ်က ထမင်းစားဖိတ်နှင့် အားရသည်ကိုမရှိပေ ။ နေ့လည်နေ့ခင်းများတွင် ရွာရှိလူငယ်များနှင့် ငမိုးရိပ်ချောင်းအတွင်း လှေငယ်တစ်စီးဖြင့် အစုန်အဆန် လှော်ခတ်သွားရင်းပင် ချောင်းထဲတွင် မျော၍ပါလာသော ဒိုက်ပုံများကိုစီး၍ ပါလာသည့် ဘုတ်ငှက် များ ၊ ရေကြက် များကို ဖမ်းဆီးလေ၏ ။

ရေဝမ်းဘဲများကိုလည်း လေသေနတ်ဖြင့်ပစ်ကာ ဖမ်းယူလေ၏ ။ ထို့ပြင် ကြွက်ထိုးခြင်း ၊ ဖားရိုက်ခြင်းအလုပ်များကိုလည်း ထိုရွာသားများနှင့်အတူ ရော၍ လုပ်ကိုင်ခဲ့လေ၏ ။ ရှာဖွေ၍ရသော အကောင်ပလောင်များကို ရွာထိပ်ရှိ ဇရပ်ကြီးတွင် ကာလသားများနှင့် စုရုံးကာ ချက်ပြုတ်၍ စားသောက်လေ၏ ။

ထိုအလုပ်မှာ အကုသိုလ်များသော အလုပ်ဖြစ်သော်လည်း လွန်စွာမှ ပျော်စရာကောင်း၏ ။ ကျွန်ုပ်နှင့် ကာလသားများ ထိုသို့ချက်ပြုတ်စားသောက်ကာ ပျော်ပွဲရွှင်ပွဲတွင် ထိုရွာ၏ သူကြီး ဦးစိန်အုပ် လည်း ပါမြဲဖြစ်၏ ။

တစ်ညတွင် ဦးစိန်အုပ်က ...

“ နေပါဦး ဆရာ ၊ ခင်ဗျားက ဗေဒင်တတ်တယ်လို့ ပြောသံကြားတယ် ။ တတ်တာမှ အတော့်ကို တတ်တယ်ဆိုပဲ ၊ နာမည်ကြားရုံနဲ့ အဟောထုတ်နိုင်တယ်လို့ ရွာက ကလေးတွေက ပြောနေကြတယ် ။ ကြုံကြိုက်တုန်း ကျုပ်ကို ဟောစမ်းပါဗျာ ” ဟု ပူဆာလေ၏ ။

“ ဒီမှာ သူကြီး ၊ ခင်ဗျားနာမည်က စိန်အုပ်တဲ့ ၊ စိန်ဆိုတာ ပွင့် တဲ့ အရာဗျ ၊ လင်း တဲ့ အရာဗျ ၊ အဲဒါကို ဆန့်ကျင်ဘက်လုပ်ပြီး ' အုပ် ' လို့ မှည့်ထားလေတော့ မပွင့်မလင်း တိတ်တိတ်ခိုးကြောင်ခိုးဝှက် လုပ်တဲ့အလုပ်တစ်ခု ခင်ဗျားမှာ ရှိနေတယ် ။ ကျုပ်သိသလောက်က ခင်ဗျားဟာ အရက်လည်း ခိုးမသောက်ဘူး ။ ဘိန်းလည်းမရှူဘူး ၊ လောင်းကစားလည်း မလုပ်ဘူး ။ မဟုတ်မှလွဲရော ... တိတ်တိတ်ကျိတ်ပြီး မယားငယ် ယူထားတယ်နဲ့ တူတယ် ” ဟု ကျွန်ုပ်က ပြောလိုက်ရာ အနီးအပါးရှိ ကာလသားများက ဝါးခနဲ ဝိုင်း၍ ရယ်ကြလေ၏ ။ ထိုအထဲမှ ခပ်စွာစွာ လူငယ်တစ်ယောက်က ...

“ သူကြီး ဝန်ခံလိုက် ဝန်ခံလိုက် ၊ ဒီထက် အခြေအနေထပ်ပြီး ဆိုးသွားမယ်နော် ” ဟုပြောလိုက်ရာ သူကြီးက ...

“ ခက်တော့တာပဲ ၊ ဆရာ့ဆီမှာ ဗေဒင်မေးမိခါမှ အရှက်ကတော့ ကွဲပါပြီ ” ဟု ပြောသဖြင့် ကျွန်ုပ်လည်း ဆက်၍ မဟောတော့ဘဲ နှစ်သိမ့်လိုက်ရလေ၏ ။ ထို့နောက် ကျွန်ုပ်က –

“ ဒီမှာ သူကြီး ၊ ချောင်းကမ်းပါးထိပ်က ခြံဝင်းနဲ့ အိမ်ကြီးဟာ လူလည်း မရှိပါလားဗျ ” ဟုပြောလိုက်ရာ သူကြီး ဦးစိန်အုပ်က...

“ အဲဒီအိမ်ကလူတွေ ရန်ကုန်ကို ပြောင်းသွားကြပြီဗျ ။ ခြံနဲ့အိမ်ကို ဒီအတိုင်းထားခဲ့ကြတာ ။ ဝယ်တဲ့လူ ရှိရင်တော့ ရောင်းမယ်ပေါ့ဗျာ ။ ဒါပေမဲ့ အိမ်က နာမည်ပျက်နေတယ်ဗျ ”

“ သင်္ဃန်းကျွန်းက လူတစ်ယောက် ဝယ်မလို့ ဒီအိမ်မှာ တစ်ညလာပြီး အိပ်တယ် ၊ အဲဒီလူလည်း နောက်နေ့မနက် အစောကြီး ပြန်ပြေးတာပဲ ။ ဒီရွာသားတွေဆို မိုးချုပ်ရင် အဲဒီအိမ်နားတောင် မသွားရဲဘူး ”

“ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ အိမ်ပေါ့ဗျာ ၊ အဲဒီတော့ ပိုင်ရှင်က လာလည်း မပြင်တော့ အိမ်က အတော်ပျက်စီးနေပြီဗျ ” ဟုပြောလေ၏ ။

“ သူကြီးရော အဲဒီအိမ်ကို သွားမကြည့်ဖူးဘူးလား ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ...

“ မလုပ်နဲ့ဆရာ ၊ ကျုပ်က နေ့ခင်းတောင် မသွားရဲဘူး ။ ဒီရွာမှာ ကျုပ်က အကြောက်တတ်ဆုံးပဲဗျ ။ ဒါကြောင့် သူကြီးရာထူး မြဲနေတာပေါ့ဗျာ ” ဟု သူကြီးဦးစိန်အုပ်က ပြောလေ၏ ။

ထို့နောက် ကျွန်ုပ်တို့လည်း ဟင်းကျက်ပြီ ဖြစ်သဖြင့် ညလယ်စာစားကြလေ၏ ။ ထိုအချိန်၌ ကာလသားတစ်ဦး ရောက်လာပြီးလျှင် –

“ သူကြီး ... သူကြီး ချောင်းကမ်းပါးထိပ်က သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ အိမ်ကြီးမှာ မီးလင်းနေတယ်ဗျ ။ လူလည်းမရှိဘဲ မီးလင်းနေတာ အဆန်းပဲဗျ ” ဟု ပြောသဖြင့် သကြီးက

“ ကဲ ... ငါတို့အားလုံး သွားကြည့်မယ်ဟေ့ ၊ ဒီလောက် လူအုပ်ဆိုရင်တော့ ကြောက်စရာမရှိပါဘူး ” ဟုပြောသဖြင့် ဆယ်ဦးကျော်ကျော်ခန့်ရှိ ကာလသားများသည် တုတ် ၊ဓား ၊ လက်နက်ပြည့်စုံစွာဖြင့် လိုက်ပါလာကြလေ၏ ။ ထိုခြံဝင်းရှေ့သို့ ရောက်သောအခါ၌ ထိုအိမ်၏ အိမ်ခန်းအတွင်းမှ ထွန်းထားသော ဖယောင်းတိုင်၏ အရောင်ကို မြင်တွေ့ရလေ၏ ။

“ ဟုတ်ပါရဲ့ ၊ အခန်းထဲမှာ ဖယောင်းတိုင် ထွန်းထားတယ် ။ လူမရှိတဲ့အိမ်မှာ ဘယ်သူများ လာထွန်းမှာလဲ ။ ကဲ ... ဒီတော့ မကြောက်တတ်တဲ့ ကုလားတို့လူစုက ရှေ့ကတက်ကွာ ။ ငါနဲ့ ဆရာနဲ့က အလယ်က လိုက် မယ် ” ဟုဆိုကာ တက်ကြလေ၏ ။ အိမ်ပေါ်သို့ရောက်၍ မီးရှိသော အခန်းအတွင်းသို့ ဝင်လိုက်ရာ သစ်သားတုံးတစ်တုံးပေါ်တွင် ဝါဆို ဖယောင်းတိုင်ကြီးအရွယ် ဖယောင်းတိုင်ကြီးတစ်တိုင် ထွန်းညှိထားသည်ကို တွေ့ရလေ၏ ။

ကြမ်းပြင်ပေါ်တွင် မွေးကင်းစ တစ်ဦးအား အနှီးဖြင့် ပတ်ထုပ်၍ ချထားသည်ကိုလည်း အံ့ဩဖွယ်ရာ တွေ့ရလေ၏ ။ ကျွန်ုပ်သည် ရှေ့သို့ တိုးသွားပြီးလျှင် ကလေးကိုကောက်၍ ချီလိုက်လေ၏ ။ ထိုသို့ကောက်၍ချီလိုက်ရာ အနှီးအတွင်းမှ စာရွက်ခေါက်နှစ်ခု ထွက်ကျလာလေ၏ ။ ကျွန်ုပ်လည်း ထိုစာရွက်ခေါက်နှစ်ခုကို ကောက်၍ ယူလိုက်လေ၏ ။

စာရွက် မှာ ရိုးရိုးစာရွက်မဟုတ်ဘဲ မှိုင်းကိုင်စက္ကူဖြစ်၏ ။ မီးရောင်တွင် ဖွင့်၍ ဖတ်ကြည့်လိုက်ရာ ကလေး၏ မွေးခု ၊ မွေးလ ၊ မွေးရက် ၊ မွေးချိန်နှင့် ဖွဲ့ထားသော ဇာတာတစ်စောင်ကို တွေ့ရလေ၏ ။ ရေးထားသောစာနှင့် ဇာတာမှာလည်း မင်ဖြင့် မဟုတ်ဘဲ ဟင်္သာပြဒါးနှင့်ရေးသားခြင်း ဖြစ်၏ ။

ထို့နောက် တခြားသော စာတစ်စောင်ကို ဖတ်၍ကြည့်ရာ ထိုအတိုင်းပင် ဟင်္သပြဒါးနှင့် ရေးထားခြင်းဖြစ်၏ ။ စာမှာအောက်ပါ အတိုင်းဖြစ်လေ၏ ။

ကိုယ်တိုင်မွေးမှယူပါ
တစ်ဆင့်မပေးရ ။ ကလေးသည် ကြာသပတေးသမီးဖြစ်သည် ။ အမည်ကို ' မင်းနန်သူ ' ဟူ၍ မှည့်ခေါ်ပါ ။ ပြောသည့်အတိုင်း မလုပ်ခဲ့သော် မြွေပွေး ၊ မြွေဟောက် ၊ ငန်းပြောက် ၊ ငန်းကျား ၊
ငန်းငါးပါးလည်း ကိုက်၍ မနေ သေစေသောဝ်ဟူလေ သေပါစေ ... သေပါစေ ... ။

ထိုမှတစ်ပါး ကြည်းဝယ်သွားလည်း ကြည်းသား အများအပြားသည့်အနေ ကိုးကုဋေတွင် သစ် ၊ ကျား ၊ ဆင်ရဲ ၊ စိုင်ထီး ငမွဲ ၊ ဝက်ရဲ စား၍ ထွားထွားညက်ညက် ကိုယ်လုံးပျက်၍ သေစေသောဝ်ဟူလေ သေပါစေ ... သေပါစေ ။

ထိုမှတစ်ပါး ဂွမ်းတစ်လှည်းကို အကျွမ်းဖုတ်သော် တစ်ဆုပ်လောက်မျှ စမ်းမရသို့
ဖြစ်စေသောဝ်ဟူလေ ဖြစ်ပါစေ .. ဖြစ်ပါစေ ။ ထိုမှတစ်ပါး မင်းနန်သူ ကျိန်ခြင်း ထုံနှယ်ဆင်းသည့်
ထင်းစမီးသို့ တစ်စတစ်စ တိုစေသောဝ်ဟူလေ တိုပါစေ .. တိုပါစေ ။

ပုခံခေတ် မင်းနန်သူကျိန်စာဖြင့် ကျိန်စာတိုက်ထားသည် ။ ပြောသည့်အတိုင်းလုပ်ပါ ။
အမှားမခံ ကျမ်းစူး၍ သေလိမ့်မည် ။

       ထိုကလေးအား အုပ်ထိန်းသူ

သူကြီးသည် ကျွန်ုပ်၏ နောက်ကျောမှနေ၍ ထိုစာကိုဖတ်မိသည်ဖြစ်ရာ - “ သူ့ဟာကလည်း မလွယ်ပါလား ။ ကျိန်စာတွေနဲ့ဆိုတော့ မွေးတဲ့လူကတော့ အခက်ပဲ ” ဟုပြောလိုက်ရာ ကျွန်ုပ်က –

“ ဘာမျှမခက်နဲ့ ။ ကျုပ်မွေးမှာ ၊ နို့ဘူးတိုက်ပြီး မွေးမယ် ။လောလောဆယ် ကျုပ် ခုဝတ်ထားတဲ့ သက္ကလပ်တိုက်ပုံအင်္ကျီကိုရောင်းပြီး နို့မှုန့်ဘူးဝယ်ရမှာပဲ ။ သူကြီး တာဝန်ယူပြီး ရောင်းပေးစမ်းပါဗျာ '' ဟုပြောလိုက်ရာ သူကြီးက ...

“ တစ်နေ့က ကျေးရွာအစည်းအဝေးပွဲသွားတာ တိုက်ပုံအင်္ကျီမပါလို့ အပြောခံရတယ် ။ ကျုပ်ပဲ ဝယ်မယ်ဗျာ ၊ တစ်ရာ့ငါးဆယ်ပေးမယ် ” ဟုဆိုကာ ကျွန်ုပ်၏ အင်္ကျီကို ယူပြီးလျှင် ငွေတစ်ရာ့ငါးဆယ်ထုတ်ပေးလေ၏ ။

“ ဒီညကတော့ အချိန်မရှိဘူး ။ နို့မှုန့်ဘူးက မနက်မှ ဝယ်ရမှာ ။ ပြီးတော့ သူ့ကို တိုက်ဖို့ ဖန်နို့ဘူးလေးတစ်လုံးလည်း ဝယ်ရမယ် ။ ဒီညအခက်ပဲ ၊ သူကြီး ဒီညအတွက် နွားနို့ ရှာပေးဗျာ ” ဟု ပြောလိုက်ရာ သူကြီးက ...

“ အဲဒါတော့ ရပါတယ်ဗျာ ၊ ဒီရွာမှလည်း နို့ဘူးတိုက်ပြီး မွေးရတဲ့ ကလေးတွေရှိပါတယ် ။ အဲဒီက နို့ဘူးတစ်လုံးသွားပြီး ငှားတာပေါ့ ။ ကလေးရဲ့မူလပိုင်ရှင်ကတော့ ' မင်းနန်သူ ' လို့ နာမည်ပေးခိုင်းတယ်ဗျ ။ အမှန်ကတော့ ဒီကလေးဟာ ' ကောက်ရသူ ' ဗျ ... ဟုပြောလိုက်ရာ ကျွန်ုပ်က ...

“ သူကြီးကတော့ မင်းနန်သူ ကျိန်စာသင့်တော့မှာပဲ ။ မြွေပွေး ၊ မြွေဟောက် ၊ ငန်းပြောက် ၊ ငန်းကျား ၊ ငန်းငါးပါးနဲ့ တွေ့သွားလိမ့်မယ်နော် သူကြီး ” ဟု သတိပေးလိုက်ရလေ၏ ။

ကျွန်ုပ်သည် ရန်ကုန်သို့ မပြန်သေးဘဲ ထိုကလေးနှင့် ထိုရွာတွင် နောက်တစ်ည ဆက်၍နေလေ၏ ။ ရွာသားတစ်ဦးကို လွှတ်ကာ သင်္ဃန်းကျွန်းဈေးမှ နို့မှုန့်ဘူး ၊ နို့သီးခေါင်း စသည်တို့ ဝယ်ခိုင်းလိုက်ရလေ၏ ။ ရွာမှ သားသည်အမေများကလည်း ကလေးအတွက် အင်္ကျီများ ၊ အနှီးများ ၊ အုပ်ဆေးများ လာ၍ပေးကြလေ၏ ။

ညပိုင်းသို့ ရောက်သောအခါ ကျွန်ုပ်သည် သူကြီးအိမ်တွင် ကာလသားများနှင့် စုဝေးကာ စကားပြောနေလေ၏ ။ ထိုအချိန်၌ ကာလသားတစ်ဦးရောက်လာပြီးလျှင် ...

“ သူကြီး သူကြီး  ၊ ဟိုအိမ်ကြီးမှာ မီးရောင်တွေ့ပြန်ပြီဗျ ” ဟုဆိုသဖြင့် ကာလသားတစ်အုပ် ၊ လက်နက်အစုံအလင်ဖြင့် လိုက်ပါစေကာ ကျွန်ုပ်နှင့် သူကြီးသည် ထိုအိမ်သို့ တက်ရပြန်လေ၏ ။

အခန်းတွင်းသို့ ဝင်လိုက်ရာ ယမန်နေ့က ထွန်းထားသော ဖယောင်းတိုင်ကိုပင် ပြန်၍ ထွန်းထားသည်ကို တွေ့ရလေ၏ ။ ကလေးရခဲ့သောနေရာ ကြမ်းပြင်ပေါ်တွင် အနီရောင်ကတ္တီပါရှုံ့ကြိုးအိတ်ကလေးတစ်အိတ်ကို တွေ့ရသဖြင့် အိတ်အတွင်းသို့ နှိုက်ကြည့်ရာ ငွေတစ်သိန်းထုပ်တစ်ထုပ်ကို တွေ့ရလေ၏ ။ ထို့အတွ စာတစ်စောင်လည်း ပါလာလေ၏ ။

ကလေးအဖေလုပ်တဲ့လူ ကိုယ်ဝတ်တဲ့ တိုက်ပုံအင်္ကျီကိုရောင်းပြီး နို့မှုန့်ဘူးဝယ်ရတာကိုသိလို့ ငွေတစ်သိန်း
လာပြီးပေးတာပါ ။ ကလေးကို ကောင်းကောင်းမွေးပါ ။

        ကလေး၏ အုပ်ထိန်းသူ

သူကြီးသည် ကျွန်ုပ်၏ နောက်ကျောမှ စာကိုဖတ်ပြီးသည်ဖြစ်ရာ –

“ ဆရာရေ ငွေတစ်သိန်းဆိုတော့ အဲဒီကလေးကို ကောင်းကောင်းမွေးနိုင်ပါပြီဗျာ ...  ” ဟု ပြောလေ၏ ။ ထိုအခါ ကျွန်ုပ်က... “ တစ်ခုပဲ သိချင်တယ်ဗျာ ၊ ဒီကလေးရဲ့ အုပ်ထိန်းသူဆိုတာက ဘယ်သူလဲ ။ သူ့ရဲ့မိဘလား ။ ကလေးကို ဘာကြောင့် ဒီလိုပစ်ရတာလဲ ။ ပစ်ပြီးတော့လည်း ပြန်ကြည့်ထားသေးတယ် ။ ဆန်းတော့ အတော်ဆန်းတာပဲ ။ ပစ်ပြန်တော့လည်း သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ပျက်ကြီးမှာ လာပစ်ထားတယ် ” ဟု ပြောလိုက်ရာ သူကြီးက –

“ ကျုပ်ဖြင့် မစဉ်းစားတတ်ပေါင်ဗျာ ၊ ခင်ဗျားဘာသာခင်ဗျား စဉ်းစားပါ ။ ပြီးတော့လည်း သူ့ဟာလည်း ကျိန်စာတွေဘာတွေနဲ့ဗျ ။ ကျိန်စာကလည်း အခုခေတ် ကျိန်စာမဟုတ်ဘူး ။ ပုဂံခေတ်က ကျိန်စာဗျ ” ဟု ပြောလေ၏ ။

ထိုအခါ ကျွန်ုပ်က ...

“ အဖြစ်အပျက်ကတော့ ခပ်ဆန်းဆန်းပဲဗျ ။ ကလေးရဲ့ မွေးဇာတာကိုတောင် ဖွဲ့ပေးလိုက်သေးတယ် ။ ဒီကလေးရဲ့မိဘဟာ အထူးသဖြင့် အဖေပေါ့ဗျာ ၊ သူဟာ ဗေဒင် ကောင်းကောင်း တတ်ပုံရတယ် ။ နောက်ပြီးတော့ မြန်မာစာပေနဲ့ မြန်မာသမိုင်းကို တီးမိခေါက် မိပုံရတယ် ” ဟုပြောလိုက်ရာ သူကြီးက ...

“ ဟုတ်မယ်ဗျို့ ” ဟု ပြောလိုက်လေ၏ ။

ကျွန်ုပ်က မင်းနန်သူကလေးကို ချီ၍ ရန်ကုန်သို့ ပြန်လာပြီဖြစ်၏ ။ ရန်ကုန်သို့ ရောက်လျှင်ရောက်ချင်း ကလေးထိန်း တစ်ယောက်ကို အသည်းအသန် ရှာဖွေရလေ၏ ။ ကလေးထိန်းရသောအခါ ကလေးကို သူ၏ လက်သို့အပ်၍ ထိန်းကျောင်းခိုင်းရလေ၏ ။ တစ်ပတ်ခန့် ကြာသောအခါ သူကြီးသည် အသက် ၃ဝ ကျော်အရွယ် မိန်းမတစ်ယောက်နှင့်အတူ ကျွန်ုပ်၏ အိမ်သို့ ရောက်လာလေ၏ ။ “ ဆရာရေ ကလေးတစ်ယောက်နဲ့ ဆရာဒုက္ခရောက်နေပြီဆိုတာ သိလို့ ကလေးထိန်းခေါ်လာတာ ။ ဒီမိန်းကလေးနာမည်က မခင်စိန်တဲ့ ၊ မုဆိုးမလေးပါဗျ ။ သူက လခပေးဖို့ မလိုဘူး ။ ကလေးထိန်းပေးမယ် ၊ မိသားစုလို နေမယ်ပေါ့ဗျာ ။ ထမင်းဟင်းတွေ ဘာတွေလည်း ချက်ပေးမယ်ပေါ့ ” ဟုပြောလေ၏ ။

“ သူကြီးဖြစ်ပါ့မလားဗျ ။ ကျုပ်ကလည်း အိမ်ထောင်ရှိတာမဟုတ်ဘူး ၊ လူလွတ်ဗျ ။ ဒီမိန်းကလေးနဲ့ အတူနေလို့ သင့်တော်ပါ့မလား ” ဟု ပြောလိုက်ရာ သူကြီးက –

“ ဆရာ့သိက္ခာကို ဆရာယုံရင် အတူနေပေါ့ ။ ပတ်ဝန်းကျင်ကပြောမယ့် စကားကို ဂရုမစိုက်ပါနဲ့ ။ မင်းနန်သူ ကလေး အတွက်ပဲ ကြည့်ရမယ် ။ ခင်စိန်ဟာ မုဆိုးမဆိုပေမဲ့ ကလေး ရဖူးတယ်ဗျ ။ သူ့ကလေးက တော်တော်ကလေးကြီးလာမှ ဆုံးသွားတာဆိုတော့ ကလေးလည်း ထိန်းတတ်ပါတယ်ဗျာ ။ ဆရာ့အတွက် အများကြီးအထောက်အကူ ပြုမှာပါ ” ဟု ပြောပြန်လေ၏ ။

ထို့ကြောင့် ကျွန်ုပ်လည်း ပထမ ဝင်လာသော ကလေးထိန်းကို ဖြုတ်ပစ်လိုက်ပြီးလျှင် ၎င်း မခင်စိန် ကိုပင် ကလေးထိန်းရန်အတွက် အိမ်၌ ခေါ်ထားလိုက်လေတော့၏ ။ မခင်စိန်နှင့် ကလေးအတွက် အခန်းတစ်ခန်း ပေးရလေ၏ ။ မခင်စိန်ကို လခမပေးရဟု ဆိုသော်လည်း တစ်လလျှင် တစ်ရာ သတ်မှတ်ကာ စာတိုက်၌ မခင်စိန်အတွက် ငွေစုပေးခဲ့လေ၏ ။ ကျွန်ုပ်သည် နံနက်မိုးလင်းသည်နှင့် ကားလမ်းရှိ ကျွန်ုပ်၏ ဗေဒင်ဟောခန်းသို့ သွားရေလေ၏ ။ နံနက်စာကို ဆိုင်တွင် ဝယ်စား၏ ။ ညနေစာကိုမူ ဈေးဖိုး ပေးခဲ့သောကြောင့် မခင်စိန်က ချက်ပြုတ်ထားလေ၏ ။

မခင်စိန်သည် ဟင်းချက်ကောင်းသော မိန်းမတစ်ဦးဖြစ်၏ ။ ကျွန်ုပ်၏ အဝတ်အစားများကိုလည်း လျှော်ဖွတ်၍ မီးပူတိုက်ပေးထားတတ်၏ ။ တစ်အိမ်လုံးလည်း ပြောင်စင်အောင် လှည်းကျင်းထားတတ်၏ ။ ဘုရားစင်မှာလည်း အစဉ်သဖြင့် ပန်းများ ၊သောက်တော်ရေချမ်းများဖြင့် စည်ကားသိုက် မြိုက်လှ၏ ။

ကျွန်ုပ်သည် မခင်စိန်အတွက် လုံချည်အဝတ်အစားများမကြာခဏ ဝယ်ပေးလေ့ရှိ၏ ။ မခင်စိန်သည် အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်းလုံးကြီးပေါက်လှ အမျိုးသမီးဖြစ်၏ အဝတ်အစားကို အဆင်ပြေအောင် ဝတ်တတ်၏ ။ ကလေးကိုလည်း လွန်စွာမှ ဂရုစိုက်၏ ။ သူသည် ကလေးကို နာမည်ပင်မခေါ်  ' သမီး ' ဟုသာ ကြင်နာစွာ ခေါ်တတ်လေ၏ ။

ကျွန်ုပ်ပြန်လာသောအခါ၌ သမီးကလေး ဘာလုပ်ပြသည်ကို တကူးတက ပြောပြတတ်လေ၏ ။

“ ဆရာရေ ၊ ဆရာ့သမီး ဒီနေ့ အူမြူးလိုက်တာ မပြောနဲ့တော့ ၊ တစ်နေလုံး တခစ်ခစ်ရယ်နေတယ် ။ ဒီနေ့တော့ တစ်နေ့လုံး ဂျီတိုက်နေတယ် ။ ကလေး လေဆေးတိုက်လိုက်မှ ဝမ်းရော ၊ လေရော သွားပြီး အိပ်သွားရှာတယ် ၊ လေဆန်နာ ရှိတယ်နဲ့တူပါရဲ့ ” ဟူသော စကားမျိုးကို ပြောတတ်လေ၏ ။

ဤသို့နှင့်ပင် မင်းနန်သူလေးသည် စကားတွတ်တီးတွတ်တာပြောတတ်သော အရွယ်သို့ ရောက်လာလေ၏ ။ ကျွန်ုပ်ကိုလည်း “ ဖေဖေကြီး ” ခေါ်တတ်နေပြီ ဖြစ်၏ ။ မခင်စိန်ကိုမူ... '' အမေစိန် '' ဟုခေါ်လေ၏ ။

ကျွန်ုပ်မှာ လွန်စွာခိုင်၍ လွန်စွာတင်းသော သံယောဇဉ်ကြိုးတစ်ချောင်း ငမိုးရိပ်ချောင်းအနီး ရွာကြီးတစ်ရွာမှ ရရှိခဲ့ပြီဖြစ်၏ ။ ဤသို့နှင့်ပင် ကလေးကို ကျောင်းအပ်သောအရွယ်သို့ ရောက်လာလေတော့၏ ။

ထို့ကြောင့် မူကြိုကျောင်းကို အပ်ရလေ၏ ။ ထိုမှတစ်ဖန် မူလတန်းကျောင်းသို့ အပ်ရသောအရွယ်သို့ ရောက်လာပြန်၏ ။ ထိုအခါ မူလတန်းကျောင်းသို့ အပ်ရပြန်၏ ။ တစ်နေ့တွင် ကျွန်ုပ်အံဆွဲ၌ ထည့်ထားသော ရာတန်နှစ်ရွက် ၊ ပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် သမီးကိုခေါ်၍ ...

“ သမီး ... အဖေကြီးအံဆွဲထဲက ငွေနှစ်ရာ ပျောက်နေတယ် သမီးယူသလား ” ဟုမေးရာ ၎င်းက ...

“ ဘုရားသခင်ဟောတော်မူသော ဝိနည်း ၅ ကျမ်း ၊ သုတ် ၃ ကျမ်း ၊ အဘိဓမ္မာ ရ ကျမ်း ၊ ဓမ္မခဏ္ဍာပေါင်းရှစ်သောင်း လေးထောင် ကျမ်းကုန်အောင်ကို စောင့်သောနတ်လည်း သတ်၍ မနေ သေစေသောဝ်ဟူလေ သေပါစေ .. သေပါစေ ။

“ ဖေဖေကြီးပိုက်ဆံကို သမီးမခိုးပါ ၊ ခိုးမိခဲ့လျှင် မင်းနန်သူကျိန်ခြင်း ၊ ထုံးနှယ်ဆင်းသည် ၊ ထင်းမီးစသို့ တစ်စတစ်စ တိုစေသောဝ်ဟူလေ တိုပါစေ ... တိုပါစေ ” ဟု ကျိန်ပြန်လေတော့၏ ။

ကျွန်ုပ်လည်း ထိတ်လန့်သွားလေ၏ ။ ကလေးငယ်တစ်ဦးက ဤသို့လျှင် ခမ်းခမ်းနားနား ကျိန်လိုက်သောကြောင့် ...

“ ကြည့်စမ်း ကြည့်စမ်း ကလေးလေးက အတတ်ကောင်းတွေ တတ်နေလိုက်တာ ။ ခင်စိန် လာစမ်း ၊ ဒါ နင်သင်ပေးထားတာမဟုတ်လား ။ အဲဒီလို မဟုတ်တာတွေကို မသင်နဲ့နော် ငါမကြိုက်ဘူး ” ဟု ပြစ်တင်ကြိမ်းမောင်းရလေ၏ ။

ခင်စိန်သည် အသားများ တဆတ်ဆတ်တုန်သည်အထိ ကြောက်လန့်ကာ နောက်နောင် မလုပ်တော့ကြောင်း ဝန်ခံကတိပေးလေ၏ ။ ပျောက်ဆုံးသွားသော ငွေနှစ်ရာကလည်း ခင်စိန် က ၎င်းပင် ယူ၍ ကနုကမာ ဆံညှပ်တစ်ခု ဝယ်မိကြောင်း ထုတ်ဖော်ဝန်ခံလေ၏ ။ ကျွန်ုပ်သည် မင်းနန်သူကလေးကို အပြင်သို့ ခေါ်သွားပြီးလျှင် ချော့မော့ရလေ၏ ။ ၎င်းအလိုရှိသော ပစ္စည်းများကို ဝယ်ပေး၍ ခင်စိန်က ကျိန်ဆိုခြင်းကို မည်သို့မည်ပုံသင်ပေးကြောင်း သိလို၍ မေးမြန်းရာ ကလေးက ပြောသဖြင့် အကြောင်းစုံကို သိရလေတော့၏ ။

ခင်စိန်သည် ကလေးငယ်စဉ်ကပင် ကလေး မအိပ်၍ ချော့သိပ်သောအခါ၌ သီချင်းဆို၍ မသိပ်ပဲ ကြားရသူတိုင်း ကြက်သီးမွေးညင်း ထဖွယ် အသံနေအသံထားဖြင့် ရွတ်၍ သိပ်ခဲ့ကြောင်း သိရလေတော့၏ ။ ကျွန်ုပ်ချစ်သော သမီးကလေးသည် ကြောက်မက်ဖွယ်ကောင်း၍ လွန်စွာမှရှည်လျားသော မင်းနန်သူကျိန်စာကို အလွတ်ရွတ်ဆိုနိုင်လေ၏ ။ ထို့ကြောင့် ကျွန်ုပ်လည်း ထိုကျိန်စာကို မေ့ပစ်ရန် နောက်နောင် မကျိန်ရန် ချော့မော့ ဆုံးမရလေ၏ ။ သမီးကလေးကလည်း နောက်နောင်ဤသို့ ပြုလုပ်မည် မဟုတ်ကြောင်း ဝန်ခံကတိပေးလေတော့၏ ။

တစ်နေ့တွင် ကျွန်ုပ်နှင့် သမီးလေးသည် စာအုပ်အဟောင်းရောင်းသော ဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားလေ၏ ။ ထိုဆိုင်တွင် စာအုပ်အဟောင်းသာမက ပစ္စည်းအဟောင်းများကိုပါ ရောင်းလေ့ရှိသော ' ခင်ကျော် ' ဆိုသော လူတစ်ဦးနှင့် တွေ့ဆုံလေ၏ ။

ကျွန်ုပ်သည် ၎င်း ခင်ကျော်အား -

“ ကိုခင်ကျော်တစ်ယောက် မတွေ့တာကြာမင့်ပဲ ” ဟုပြောလိုက်ရာ ၎င်းက ...

“ ခရီးထွက်နေတယ် ဆရာရဲ့ ၊ မြင်းခြံဟိုဘက် ဆင်တဲဝနားကို သွားနေရတယ် ။ အဲဒီအနားမှာက ရှေးဟောင်းရွာကြီးတွေရှိတယ် ။ မင်းရင် ၊ ဇဂျမ်းကန်မြဲ ၊ တမိုက်သာဆိုတဲ့ ရွာကြီးတွေပေါ့ ''

“ အဲဒီရွာကြီးတွေမှာ ရေတွင်းတူးရင်း ဘာရင်း ရှေးဟောင်း ပစ္စည်းတွေ ရလေ့ရှိတယ် ။ ဒါကြောင့် ဟိုဘက်ကို လိုက်ပြီး ရှာနေတာ ။ အလောင်းဘုရား ကိုင်တော်မူခဲ့တဲ့ တိုက်ပွဲဝင်ဓား တစ်လက် ရခဲ့တယ် ။ ဆရာ ပိုက်ဆံပေးလိုက် ၊ ကျွန်တော်ယူခဲ့မယ် ။ ဒါမှမဟုတ် ကျွန်တော်နဲ့လိုက်ခဲ့ အိမ်မှာရှိတယ် ” ဟု အသံပျော့ပျော့ဖြင့် ပြောလေ၏ ။ ထိုအခါ သမီးကလေး မင်းနန်သူသည် ကျွန်ုပ်အား တံတောင်ဖြင့် အသာအယာတို့လေ၏ ။

“ ကျွန်တော့်ကို ယုံရင်တော့ ငွေသာပေးလိုက်ပါ ။ ကျွန်တော်လာပို့ပါ့မယ် ၊ မယုံရင်တော့ လိုက်ခဲ့ပေါ့ ” ဟု ကိုခင်ကျော်က ညင်သာစွာ ပြောပြန်လေ၏ ။ ထို့ကြောင့် ကျွန်ုပ်က –

“ မယုံလို့တော့ မဟုတ်ပါဘူးဗျာ ၊ ကြည့်ချင်လို့ လိုက်ခဲ့ချင်တာပါ ” ဟုဆိုကာ လေးဘီးကားငှား၍ ကျွန်ုပ်တို့ သားအဖနှစ်ဦးလည်း ကိုခင်ကျော်နဲ့အတူ လိုက်၍ သွားလေ၏ ။ ၎င်းကိုခင်ကျော်၏ အိမ်သည် သင်္ဃန်းကျွန်းဘူတာအနီးမှ သွားရ၏ ။ လွန်စွာမှချောင်ကျလေ၏ ။

၎င်းအိမ်သို့ရောက်သောအခါ၌ အလောင်းဘုရားကိုင်တော်မူခဲ့သည်ဆိုသော တိုက်ပွဲဝင်ဓားကို မတွေ့ရချေ ။ ဟိုလူ့ကို ကြည့်ဖို့ ပေးလိုက်သည် ။ ဒီလူ့ကို ကြည့်ဖို့ ပေးလိုက်သည်ဟူသော မရေရာသော စကားများကိုသာ ကြားရလေ၏ ။ ထို့ကြောင့် ကျွန်ုပ်တို့ သားအဖလည်း စိတ်ပျက်စွာဖြင့် ပြန်လာခဲ့ကြလေတော့၏ ။ လမ်းတွင် သမီးလေး မင်းနန်သူ က ကျွန်ုပ်အား ...

“ အဖေကြီးကလည်း သမီးတံတောင်နဲ့ တွက်နေတာပဲ ။ ဒီလူ မမှန်ဘူးဆိုတာ သမီးတောင်သိနေတယ် ၊ အဖေကြီးမသိဘူးလား ” ဟုပြောလေသည် ။ ထို့ကြောင့် ကျွန်ုပ်က

“ သမီးဘယ်လို သိတာလဲ ” ဟုမေးရာ သမီးလေးက ...

“ သူ့နာမည်က ခင်ကျော်တဲ့ ။ ခင်ဆိုတဲ့အလုံးဟာ ဓနိတ ဗျည်းနဲ့ မှည့်ထားတာ ။ စကားပြောရင် အသံမာမာ ငေါက်ဆတ်ဆတ် ပြောရမှာ ၊ အခု သူ့စကားသံက အလွန်ပျော့ပြီး အလွန်ချိုနေတယ် ဒါကြောင့် မမှန်ဘူးလို့ သမီးက သိနေတာ ။ ပြီးတော့ ကကြီးနောက် က ခကွေး လိုက်ရမှာ အခုတော့ ခင်ကျော် ဆိုတော့ ခကွေးနောက် က ကကြီး လိုက်နေတယ် ။

“ အဲဒီတော့ သူ့နာမည်က ဝုတ္တိပြန်နေတယ် ။လောင်းကစားရင်လုပ် ၊ အရက်ရင်သောက် ၊ အပျော်အပါးရင် လိုက် ၊ တစ်ခုခုမှာ အလွန်အကျွံဖြစ်တတ်တယ် ” ဟုပြောလိုက်ရာ ကျွန်ုပ်က ...

“ ဟုတ်တယ်သမီး ၊ ဒီလူက ဖဲသမားပဲ ။ တစ်လောက အိမ်ကိုပေါင်ပြီး ဖဲရိုက်လို့ နေစရာမရှိအောင် ဖြစ်သွားသေးတယ် ။ နေစမ်းပါဦး ၊ သမီးက ဒါတွေကိုဘယ်လိုလုပ်ပြီးတတ်နေရတာလဲ''

ဟု မေးလိုက်ရာ သမီးလေးက ...

“ ဒီဥစ္စာ ဆန်းကျမ်းဗေဒင်ပဲ အဖေကြီးရဲ့ ၊ သမီးကို အမေစိန်က သင်ပေးထားတာ ။ သမီး ( ၇ ) တန်း ကတည်းက တတ်ပါတယ် ” ဟုပြောလေ၏ ။

“ နေစမ်းပါဦး ၊ ဒီခင်စိန်က ဒါတွေတတ်သတဲ့လား ” ဟု ကျွန်ုပ်မေးလိုက်ရာ မင်းနန်သူလေးက ...

“ အမေစိန်ရဲ့ အဖေကြီးက ဗေဒင်အလွန်တတ်တယ်ဆိုပဲ ။ နောက်ပြီးတော့ အဲဒီရွာမှာ မူလတန်းကျောင်းအုပ်ဆရာကြီးတဲ့ ။ အခုတော့ မရှိတော့ပါဘူး ။ အမေစိန်က သမီးကိုဇာတာဖွဲ့နည်း ၊ အာယုစန်းဟောနည်းပါ သင်ထားပေးတယ် ။ သမီး ဇာတာဖွဲ့တတ်ပါတယ် ။ ထန်းဖူးပေါ်မှာ ကညစ်နဲ့လည်း ရေးတတ်ပါတယ် ” ဟု ပြောရာ ကျွန်ုပ်လည်း မျက်လုံးပြူး၍ သွားရလေ၏ ။ ထို့နောက် မင်းနန်သူက အင်္ဂဝိဇ္ဇာအကြောင်း ပြောပြန်လေ၏ ။ သူပြောပြသော အင်္ဂဝိဇ္ဇာမှာ ပုဂံ ခေတ်တွင် အသုံးပြုခဲ့သော အင်္ဂဝိဇ္ဇာ ၊ မိတ္ထီလာပြည်ကြီးတွင် ဆရာကာလီဒါသက တြိစန္ဒြမင်းနှင့် အတိတျာမင်းသားတို့ကို သင်ပေးခဲ့သော အင်္ဂဝိဇ္ဇာဖြစ်၏ ။ ကျွန်ုပ်လည်း အံ့ဩနေ၏ ။

“ ဪ ခင်စိန်က အဲဒီလောက်ကို တတ်သကိုး ၊ ပြီးတော့ သမီးကလေးပါ အဲဒီလောက်ထိ တတ်ထားတာကိုး ” ဟုပြောလိုက်ရာ မင်းနန်သူက ...

“ တတ်ပါတယ် အဖေကြီးရဲ့ ၊ သမီးကျိန်ပြီးပြောရမလား ” ဟု ပြန်၍ မေးလေ၏ ။ ထိုအခါ ကျွန်ုပ်က ... “ ယုံပါတယ် သမီးရယ် မကျိန်ပါနဲ့တော့ ၊ သမီးဆိုတဲ့ ကျိန်စာကို အဖေကြီး ကြက်သီးထလွန်းလို့ပါ ” ဟုပြောရလေ၏ ။

ဤသို့နှင့်ပင် သမီးကလေး မင်းနန်သူသည် ( ၁ဝ ) တန်းသို့ပင် ရောက်ရှိလာ၏ ။ ထိုအချိန်၌ သမီးကလေးက စင်ကာပူတွင် ကျောင်းတက်လိုသည်ဆိုသဖြင့် ကျွန်ုပ်လည်း ကြိုးစားရလေ၏ ။

သမီးကလေး စင်ကာပူသို့ သွားမည့်နေ့တွင် ခင်စိန်သည် မခွဲနိုင်သဖြင့် လူးလှိမ့်၍ ငိုလေ၏ ။ ကျွန်ုပ်လည်း မျက်ရည်သာ မကျခြင်း ဖြစ်၏ ။ သို့ရာတွင် ငိုကြွေးနေ၏ ။ နေ့စဉ်နေ့တိုင်းလည်း ခင်စိန်နှင့် ကျွန်ုပ်သည် ...

“ သည်အချိန် သမီးကလေး ကျောင်းတက်နေပြီ ၊ ဒီအချိန် သမီးကလေး ထမင်းစားနေပြီ ၊ ဒီနေ့ကျောင်းပိတ်တယ် ၊ သမီးကလေး ဘယ်လျှောက်လည်နေမယ် မဆိုနိုင်ဘူး ” ဟု ပြောဖြစ်ကြတော့၏ ။

( ၂ ) နှစ်ခန့်ကြာသောအခါ ကျွန်ုပ်လည်း သမီးကလေးကို လွန်စွာမှ လွမ်းဆွတ်မိလေ၏ ။

ထို့ကြောင့် သမီးကလေး ပြန်လာရန် အတွက် “ အဖေကြီး အသည်းအသန် ဖြစ်နေသည် ။ ဆေးရုံတက်နေရသည် ” ဟု လိမ်လည်၍ မှာကြားလိုက်ရာ ချစ်လှစွာသော သမီးကလေး မင်းနန်သူ သည် နေ့ချင်းညချင်း ရောက်ရှိလာလေ၏ ။

ကျွန်ုပ် ဘာမှမဖြစ်သည်ကိုတွေ့လျှင် သမီးကလေးက ...

“ အဖေကြီးက သမီးကို လိမ်တာကိုး ၊ အဲဒီလို လိမ်တာကိုမကြိုက်လို့ ပုဂံခေတ်က လူတွေက ကျိန်ဆိုတဲ့ဓလေ့ လုပ်ကြတာပဲ ” ဟုပြောလေ၏ ။ သမီးကလေး ရှိနေစဉ်အတွင်း စိတ်ပြေလက်ပျောက်သဘောဖြင့် သမီးကလေးကို ရခဲ့သော ငမိုးရိပ်ချောင်းဘေးမှ ရွာကြီးဆီသို့ အလည်အပတ်သွားကြလေ၏ ။ ခင်စိန်လည်း လိုက်ပါခဲ့လေ၏ ။ ကျွန်ုပ်တို့ လာမည်ဆိုသောကြောင့် သူကြီးဦးစိန်အုပ်က ကြက်သားဟင်းဆီပြန် ၊ ပုဇွန်တုပ်အစိမ်းသုပ် ၊ ငါးဖယ်ရိုးဟင်းချိုတို့ကို စီမံထားလေ၏ ။

မင်းနန်သူကလေးကို ကောက်ရစဉ်က လိုက်ပါခဲ့သော ကာလသားများလည်း လူကြီးများ ဖြစ်ကုန်ကြပြီဖြစ်၏ ။ အချို့မှာ ကျေးရွာကောင်စီအဖွဲ့ဝင်များ ဖြစ်၏ ။ အချို့မှာ ကုန်သည်ကြီးများ ဖြစ်နေကြပြီဖြစ်၏ ။ ၎င်းတို့အနက် မှ အချို့က ကျွန်ုပ်အား ... “ ဆရာ ဟိုအိမ်ကြီးပေါ်က ကျိန်စာနဲ့ရတဲ့ ကလေးလား ” ဟု မေးကြလေ၏ ။

ကျွန်ုပ်ကလည်း “ ဟုတ်ပါတယ် တိုးတိုးပြောစမ်းပါ ၊ သမီးကြားသွားပါဦးမယ် ” ဟု ဟန့်တားရလေ၏ ။ အချို့ကလည်း - “ ကြည့်စမ်းပါဦး  ၊ တသွေးတမွေးကြီးနော် ” ဟု ပြောကြကုန်၏ ။ ထမင်းစားပြီးသောအခါ၌ ငမိုးရိပ်ချောင်းဘေးတွင် လျှောက်၍ ကြည့်လိုသည်ဟု သမီးက ပူဆာသောကြောင့် ကျွန်ုပ်နှင့် ခင်စိန်သည် သမီးကလေးကို လိုက်လံပြကြလေ၏ ။

တစ်နေရာသို့ ရောက်သောအခါ၌ ရှည်လျားသော မြက်တောတစ်ခုကို ဖြတ်၍ လျှောက်ရလေ၏ ။ ထိုသို့ လျှောက်စဉ် သမီးကလေးသည် “ အား ” ဟု ငယ်သံပါအောင် အော်၍ လဲကျသွားသဖြင့် ကျွန်ုပ်လည်း သမီးကလေးအား ပွေ့ထားရလေ၏ ။ ခင်စိန်ကမူ သမီး၏ ခြေထောက်အနီးသို့ ကြည့်လိုက်ပြီးလျှင် - “ မြွေ မြွေ မြွေ ” ဟု အလန့်တကြား အော်လေ၏ ။ ထိုအခါ လှည်းလမ်းကြောင်းတွင် လျှောက်လာသော ရွာသားတစ်ဦးက တုန်တစ်ချောင်းကို ကောက်လာပြီးလျှင် ထိုမြွေကို ရိုက်၍ သတ်လိုက်လေ၏ ။

ကျွန်ုပ်လည်း မကြည့်မရဲကြည့်ရဲနှင့် ထိုမြွေကိုကြည့်လိုက်ရာ တစ်ကိုယ်လုံး အစက်အပြောက်များ ပြည့်နေသည့် မြွေမျိုးဖြစ်သည်ကိုတွေ့ရလေ၏ ။ မြွေကို ရိုက်သောသူက “ ငန်းပြောက် ငန်းပြောက် ၊ မြွေဟောက်အုပ်စုထဲမှာပါတယ် ။ သူတို့က ငါးမျိုးရှိတယ် ။ ငန်းပြောက် ၊ ငန်းကြား ၊ ငန်းငါးပါးလို့ခေါ်တယ် ၊ အဆိပ်ပြင်းတယ် ၊ ကျွန်တော် ကျန်းမာရေးမှူးကို သွားခေါ်ဦးမယ် ” ဟု ဆိုကာ ပြေးထွက်သွားလေ၏ ။

ကျွန်ုပ်လည်း အားပေးစကားပြောကာ သမီးကလေးကို ပွေ့ထားရလေ၏ ။ ခင်စိန် မှာမူ ထဘီကို ဖြဲ၍ မြွေကိုက်သော ဒဏ်ရာအထက် မှနေ၍ စည်းပေးထားလေ၏ ။

ကျန်းမာရေးမှူးရောက်လာပြီးလျှင် စမ်းသပ်ကြည့်ကာ ခေါင်းကိုဖြေးညင်းစွာ ခါလိုက်လေ၏ ။ သမီးလေးမှာ အသက်ပျောက်နေပြီဖြစ်၏ ။ ခင်စိန်သည် မြေပြင်ပေါ်တွင် လူးလှိမ့်၍ ငိုကြွေးနေ၏ ။

ငိုကြွေးရင်း တက်၍ သွားသဖြင့် အနီးအပါးမှ မိန်းမများက ခြေမများ ၊ လက် မများကို ချိုးပေးကြလေ၏ ။ ကျွန်ုပ်မှာလည်း ကမ္ဘာပျက်သကဲ့သို့ ခံစားရလေ၏ ။ သမီးကလေးသည် အသက်ထွက်ခါနီးတွင် ...

“ အဖေကြီး ဘယ်တော့မှ မကျိန်နဲ့ နော် ” ဟု မပီကလာ ပီကလာပြောသွားလေ၏ ။ ကျွန်ုပ်လည်း ခင်စိန် သတိရလာသောအခါ၌ ခင်စိန်အား ကြိမ်းမောင်းမိလေ၏ ။

“ အယုတ် တမာမ ၊ ကလေးကို ကျိန်နည်းတွေ နင်သင်တာ ၊ မြို့မှာနေတဲ့ ကလေး မြွေကိုက်သေရတယ်လို့ဗျာ ” ဟု ယောင်ယမ်း၍ အော်ဟစ်မိလေတော့၏ ။ ထို့နောက်တွင်ကား သူကြီး၏ အကူအညီနှင့်ပင် ထိုရွာ၏ သင်္ချိုင်း၌ သမီးကလေးကို ဂူသွင်း၍ သင်္ဂြိုလ်လေ၏ ။

ကျွန်ုပ်သည် ရန်ကုန်တွင်နေသည်ဆိုသော်လည်း တစ်ပတ်တစ်ခါ ထိုသင်္ချိုင်းသို့ သွားရောက်ကာ သမီးကလေး၏ အုတ်ဂူ၌ရှိသော ပန်းအိုးကလေးများကို ပန်းလဲ၍ ပေးတတ်လေ၏ ။ ထိုအချိန်မှစ၍ ကျွန်ုပ်သည် ရာသက်ပန် ကိုးပါးသီလနှင့်သာ နေလေတော့၏ ။ တစ်နေ့တွင် ကျွန်ုပ်သည် သမီးကလေး၏ အုတ်ဂူတွင်ကပ်နေသော ရေညှိများကို အုန်းဆံဖတ်နှင့် တိုက်နေမိလေ၏ ။ ထိုအချိန်၌ မော်တော်ကားတစ်စီးသည် မလှမ်းမကမ်းတွင် လာ၍ရပ်လေ၏ ။ ထို့နောက် ကားပေါ်မှ သမီးကလေးတို့အရွယ် ကောင်လေးတစ်ယောက် ဆင်းလာလေ၏ ။

ကောင်လေးမှာ ရုပ်ရည်ချောမော၍ ယောက်ျားပီသပြီးလျှင် အရပ်အမောင်း ကောင်းလေ၏ ။ ထို့နောက် ထိုကောင်လေးက ကျွန်ုပ်အား အင်္ဂလိပ်ဘာသာစကားဖြင့် နှုတ်ဆက်လေ၏ ။ ပြီးလျှင် ထိုကောင်လေးက သူသည် မင်းနန်သူနှင့် စင်ကာပူတွင် ကျောင်းနေဖက်ဖြစ်ကြောင်း ၊ ထို့ပြင် မင်းနန်သူ၏ ချစ်သူလည်း ဖြစ်ကြောင်း ရှင်းပြလေ၏ ။

မင်းနန်သူနှင့် ၎င်းသည် ခွဲ၍ မပြန်ကြောင်း ကတိကဝတ်ထားကြလေ၏ ။ ထိုသို့ထားရာတွင် ၎င်းက မင်းနန်သူအား မယုံဘူးဟု ပြောမိရာ ... “ အန်ကယ်ရယ် မင်းနန်သူက ကျိန်လိုက်တာ မပြောနဲ့တော့ ခွဲပြီး ပြန်ခဲ့လို့ရှိရင် အဲဒီကျိန်စာ စူးပါစေပေါ့ ။ ကျိန်စာကလည်း အရှည်ကြီးပဲ ၊ သူပဲတတ်တယ် ။ သူ့ကျိန်စာကို နားထောင်ရတာ ကျွန်တော်ဖြင့် ကြောက်တောင် ကြောက်တယ် ။ မီးစလို တိုပါစေ ဆိုတာလည်း ပါတယ် ၊ မြွေကိုက်ပြီး သေပါစေ ဆိုတာလည်း ပါတယ် ။ မြွေနာမည်တွေတောင် ထည့်ပြီးဆိုတယ် ။ အန်ကယ်က လိမ်ပြီးခေါ်လိုက်တော့ မင်းနန်သူက ပေးထားတဲ့ ကတိကိုဖျက်ပြီး ပြန်လာရတော့ သူကျိန်တဲ့ ကျိန်စာဟာ သူ့ကို စူးသွားပြီနဲ့တူတယ် ” ဟုပြောလိုက်ရာ ကျွန်ုပ်က ... “ သိပြီ သိပြီ မပြောနဲ့တော့ ” ဟု ပြောလိုက်ရလေ၏ ။ ခင်စိန်မှာမူ မျက်နှာကို လက်ဝါးနှင့် အုပ်ကာ ရွာဘက်သို့ ထွက်ပြေး သွားလေတော့၏ ။

ကျွန်ုပ်သည် မင်းနန်သူ၏ အုတ်ဂူကို ခေါင်းဖြင့်ဆောင့်၍ ငိုကျွေးနေလေ၏ ။ ထိုအချိန်၌ မိန်းမကြီးတစ်ယောက်သည် တောင်ဝှေးတစ်ချောင်းထောက်၍ ကျွန်ုပ်ထံသို့ ရောက်လာလေ၏ ။ ထို့နောက် ကျွန်ုပ်အနီးတွင် ထိုင်ကာ ...

“ ကဲ ကျောင်းဆရာလေး ၊ အဒေါ်က ဟိုးဘက် ရွာကပါ ။ ကလေးမအတွက် စိတ်မကောင်းလို့ပါ ။ ကျောင်းဆရာလေး ကလေးမအတွက် ဘယ်လောက် ပူဆွေးနေရတယ်ဆိုတာလည်း အဒေါ်ကြားတယ် ။ အဒေါ်ဟာ အခု အသက် ၈ဝ ကျော်ပါပြီ ၊ သွေးတိုးရောဂါလည်းရှိတယ် ၊ သိပ်ပြီး ကြာကြာ နေရမှာ မဟုတ်ပါဘူး ။ ဒါကြောင့် ကလေးမရဲ့ အဖြစ်မှန်ကို သိအောင် လှည်းကြုံနဲ့ လိုက်လာပြီး ကျောင်းဆရာလေးကို လာတွေ့တာပါ ။ ဒီကလေးမလေးဟာ ဘယ်သူ့သမီးလဲ ” ဟု မိန်းမကြီးက မေးလေ၏ ။

“ ဘယ်သူ့သမီးကမလဲ အဒေါ်ရယ် ၊ မင်းနန်သူကလေးဟာ ကျွန်တော့်သမီးပေါ့ '' ဟုပြောလိုက်လျှင် မိန်းမကြီးက ... “ ဆရာလေးသမီးဆိုတာတော့ ဟုတ်ပါတယ် ၊ ဒါပေမဲ့ သမီး အရင်းတော့ မဟုတ်ဘူးလေ ။ ဟိုချောင်းနဖူး သရဲခြောက်တယ်ဆိုတဲ့ အိမ်ကြီးက ဒီကလေးရခဲ့တာ မဟုတ်လား ။ ဒီကလေးဟာ မင်းအိမ်ကို ရောက်နေတဲ့ ခင်စိန်နဲ့ သူကြီးစိန်အုပ် တို့ တိတ်တိတ်ညားပြီး ရတဲ့ ကလေးကွယ့် ။ ခင်စိန် ကိုယ်ဝန်ရှိတဲ့ အခါမှာ ရွာက မသိအောင် သူကြီးစိန်အုပ် ကိုယ်တိုင် အဒေါ့် အိမ်မှာ လာပြီး ပို့ထားတာ ။ ဒီကလေးကို အဒေါ့်အိမ်မှာပဲ မွေးသွားတာ ''

“ ဒီကလေးကို မင်းလက်ထဲရောက်အောင် စီမံတာကတော့ ခင်စိန်ဉာဏ်ပဲ ။ ခင်စိန်ဟာ အတော်ဉာဏ်ပြေးတဲ့ မိန်းကလေး ။ မင်းဆီကိုလည်း ကလေးရောက်ရော ၊ သူကြီးက သူ့ကို ကလေးထိန်းအဖြစ်နဲ့ တစ်ဖက်လှည့် လာပို့တာ ။ ခင်စိန်ဟာ တောသူဆိုပေမဲ့ မခေဘူး ကျောင်းဆရာရေ့ ၊ ဗေဒင်လေးပုံကိုလည်း ဆူရာရွေးနှုတ်ပြီး မီးဖုတ်စားထားတဲ့ မိန်းမ ''

“ ရှေးဟောင်းရာဇဝင်တွေလည်း ထုံးလိုချေ ရေလိုနှောက်ထားတာ ၊ အဲဒါလေး သိအောင် လာပြီးပြောတာ ။ နောက်တစ်ခုကတော့ သူကြီး နဲ့ ခင်စိန်က ပေါင်းတော့တာမှ မဟုတ်ပဲ ၊ အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ကို ဒီအတိုင်း ပစ်မထားပါနဲ့ကွယ် ၊ မင်းပဲ ယူလိုက်ပါ ” ဟု ပြောသဖြင့် ကျွန်ုပ်က

“ ကျွန်တော်က ကျိန်စာကိုကြောက်တယ် ၊ ခင်စိန့်ကိုမယူရဲပေါင် ” ဟု ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်ပြီးနောက် ... “ သမီးကလေး မင်းနန်သူရေ အဖေကြီးပြုတဲ့ ကုသိုလ်ကောင်းမှုတွေ အားလုံး ရပါစေကွယ် ၊ အမျှ  ၊ အမျှ  ၊ အမျှ ” ဟု အမျှပေးလိုက်ပြီးလျှင် ကျွန်ုပ်၏ မျက်လုံးအိမ်မှ စီးကျလာသော မျက်ရည်နှစ်ပေါက်ကို လက်ဖနောင့်နှင့် သုတ်ရင်းထိုနေရာမှ ထွက်လာခဲ့လေ၏ ။

ထို့နောက် မင်းနန်သူ၏ ချစ်သူဆိုသော ကောင်ကလေး၏ ကားနှင့်ပင် ကျွန်တော်ရော ခင်စိန်ပါ လိုက်ပါလာကြလေတော့သတည်း ။

◾ မင်းသိင်္ခ

📖 မင်းနန်သူ နှင့် ဂမ္ဘီရလောက ဝတ္ထုတိုများ

koaungnaingoo.blogspot.com

.

No comments:

Post a Comment