Sunday, April 24, 2022

ပြန်ပေး လုပ်ခဲ့တဲ့ ကျွန်တော်


 

❝ ပြန်ပေး လုပ်ခဲ့တဲ့ ကျွန်တော် ❞

ဒီလိုပါဗျာ ။ အဲဒီတုန်း က ကျုပ် ရဲ့ အသက် ဟာ ၂၀ ကျော်ကျော်လေး ပဲ ရှိပါသေးတယ် ။ ကျုပ် ရဲ့ သူငယ်ချင်း ဖိုးထောင် ဟာလည်း ကျုပ် ထက် ကြီးရင် ( ၆ ) လ ပေါ့ဗျာ ။ ရွယ်တူတွေပဲ ဆိုကြပါစို့ရဲ့  ။ ပြီးတော့ ပြောရဦးမယ် ။ ကျုပ် ရဲ့ သူငယ်ချင်း ဖိုးထောင် ဟာ ရုပ်ရှင်မင်းသား ရူး ရူးနေတာ ။

သူ့ အကြောင်း ပြောရသလို ကျုပ် အကြောင်း လည်း ပြောရဦးမယ် ။ ကျုပ် ကလည်း စာရေးဆရာ ရူး ရူးနေတာ ။ စာရေးဆရာ ဆိုတာ ခေါင်းစုတ်ဖွား နဲ့ ဆံပင် ဘယ်တော့မှ မဖြီး ဘူး ဆိုတာ ကြားဖူးတာ နဲ့ ကျုပ် ကလည်း ဆံပင် ကို စုတ်ဖွား ထားတယ် ။ ကျွဲကော်ကိုင်း မျက်မှန် တပ်လေ့ ရှိတယ် လို့ ကြားဖူးတာ နဲ့ ကျုပ် လည်း မျက်စိ မမှုန်ပါဘဲလျက် ကျွဲကော်ကိုင်းမျက်မှန် တပ်ထားတယ် ။ ဒါပေမဲ့ မှန် ကတော့ ပါဝါ တော့ မပါဘူး ။ တိုက်ပုံ အင်္ကျီ ဝတ်လေ့ ရှိတယ်လို့ ကြားဖူးတာ နဲ့ အပေါင်ဆုံးဆိုင် က ဝယ်ထားတဲ့ သက္ကလပ်တိုက်ပုံ ကို မချွတ်တော့ဘူး ။ အဲဒီ တိုက်ပုံ ကလည်း ကျုပ် နဲ့ မတော်ဘူး ။ ဖားဖားကြီး ဖြစ်နေတယ် ။

ကျုပ် က အဲဒီလို အရူး ထနေသလို ဖိုးထောင် ကလည်း ဇာတ်လိုက် ရူး ရူးနေတယ် ။ သူ က အဲဒီ ခေတ် မှာ နာမည်ကြီး တဲ့ ဖိုက်တင်မင်းသား ရွှေဘ ကို အလွန် သဘောကျတယ် ။ သူ့ တစ်အိမ်လုံး မှာ ကာ ထားတဲ့ ဝါးထရံ မှာ ရွှေဘ ပုံတွေ ချည်း ကပ် ထားတယ် ။ သူ့ အမေ အကြော်သည် ဒေါ်ဘုတ်လုံး က သူ့ သား အဲဒီလို ရွှေဘ ပုံတွေ လျှောက်ပြီး ကပ် ထားတာကို အလွန်ပဲ ကျေနပ်နေတယ် ။

“ ဆောင်းတွင်း မှာ ထရံပေါက် ကနေ လေ တိုးရင် သိပ်ပြီး ချမ်းတာ ။ ငါ့ သား ဖိုးထောင် အခုလို ဘိုင်စကုပ်ကြော်ငြာတွေ လျှောက်ပြီး ကပ်ထားတော့ လေ မတိုးတော့ဘူး ”

လို့ ကြံဖန်ပြီး ချီးမွမ်းရှာ တယ် ။

ဖိုးထောင် ဟာ ဆံပင် အရှည် ထားတယ် ။ သူ့ ရဲ့ ပုခုံး ပေါ် ရောက်နေပြီ ။ လူ ကလည်း အလွန် အရပ် ပုတာ ဆိုတော့ အတော့် ကို ကြည့်ရ ဆိုးပါတယ် ။ ပြီးတော့ ဘောင်းဘီ အမြဲ ဝတ်တယ် ။ ဖိနပ် ကလည်း လည်ရှည် သားရေဖိနပ် ကို စီးလေ့ ရှိတယ် ။ လည်ပင်း မှာ လည်း ပုဝါပြောက် တစ်ထည် ကို အမြဲ ချည် ထားတယ် ။ ခါး မှာ တော့ သားရေအိတ် နဲ့ ဓားမြှောင် တစ်လက် ကို ချိတ်ထားတယ် ။ ပြီးတော့ ဒီကောင် က ကျွမ်းထိုး အမြဲ ကျင့်တယ် ။ ထားကြပါတော့လေ ။ ကျုပ် က သူ့ ကို

“ မင်းဟာ တကယ့်ကို ဖိုက်တင်မင်းသားဖြစ်မှာ ကွ ”

လို့ အားပေးတယ် ။

သူ ကလည်း ကျုပ် ကို -

“ ဟေ့ အောင်ထွန်း ၊ မင်း ကလည်း တကယ့်ကို စာရေးဆရာကြီး ဖြစ်မှာ ကွ ။ ငါ ဖိုက်တင် မင်းသား ဖြစ်တဲ့ အချိန် မှာ မင်း ရဲ့ ဝတ္ထု ကို ရုပ်ရှင် ရိုက်မယ်ကွ ။ ငါ ကတော့ မင်း ရေးတဲ့ ဝတ္ထု ထဲ က ဇာတ်လိုက် ပေါ့ ကွာ ”

လို့ ပြောလေ့ရှိတယ် ။

တကယ် ပြောရရင် ကျုပ်တို့ နှစ်ယောက် ဟာ အခြောက် တိုက် ကြောင် နေကြတဲ့ ငကြောင် နှစ်ကောင် ပါပဲ ။ ဒါကြောင့် လမ်းထိပ် ကွမ်းယာဆိုင် က မာမွတ်ကြီး က ကျုပ်တို့ နှစ်ယောက် ကို “ ဒိုးပတ်ကုလား ” လို့ ခေါ်တယ် ။ အဓိပ္ပာယ် ကတော့ “ အရူး နှစ်ယောက်ပေါ့ ” ပေါ့ဗျာ ။

ဖိုးထောင် ရဲ့ အမေ က မုဆိုးမ ဖြစ်သလို ကျူပ် အမေ ကလည်း မုဆိုးမ ပါပဲ ။ ဖိုးထောင် ရဲ့ အမေ က အကြော်စုံ ရောင်းတယ် ။ ကျုပ် ရဲ့ အမေ က ကုန်စိမ်း ရောင်းတယ် ။ ကျုပ်တို့ နှစ်ယောက် ဟာ တခြား ကလေးတွေ လို ကျောင်း လည်း မနေကြတော့ဘူး ။ စေတနာ ထားပြီး ကျုပ်တို့ ကို တစ်စုံတစ်ယောက် က ကျောင်းလေး ဘာလေး တက်ပါလား လို့ လာ ပြောတဲ့ အခါ ကျုပ်တို့ ဟာ ကောင်းကောင်း မွန်မွန် ပြန်မပြောဘူး “ ကိုလိုနီပညာရေး အလိုမရှိ ” လို့ ထပြီး အော်လေ့ရှိတယ် ။ ရှေ့လည်း ဆက်ပြီး မပြော တတ်လို့ မပြောတော့ပါဘူး ။

ကျုပ်တို့ နှစ်ယောက် စလုံး ဟာ ဆင်းရဲတဲ့ မုဆိုးမ သား တွေ ဖြစ်ကြလေတော့ မသုံးနိုင် မစွဲနိုင် ကြပါဘူး ။ အတော့် ကို ပဲ ကျပ်တည်းပါတယ် ။ မိခင်ကြီး တွေ ဈေး မရောင်းနိုင်တဲ့ နေ့ မှာ ငတ်ကြတော့ တာပါပဲ ။ ဒါပေမဲ့ ကျုပ် ဟာ မိခင်ကြီး ကို ဘယ်နေရာ မှာ မှ မကူညီပါဘူး ။ ဆင်းရဲတာ ကို ကြည့်ပြီး ညည်းတွားလေ့ ရှိတယ် ။ ကျုပ် ရဲ့ စကား ဆယ်ခွန်း မှာ ခုနှစ်ခွန်း ဟာ “ ဘဝ ” ဆိုတဲ့ စကားလုံး ဖြစ်ပြီး ကျန်တဲ့ သုံးခွန်း ဟာ “ လူတန်းစား ” ဆိုတဲ့ စကားလုံးတွေ ဖြစ်နေတတ်ပါတယ် ။ ဖိုးထောင် ပြောတဲ့ စကား တွေမှာ လည်း “ စတန့် ” ဆိုတဲ့ စကား ဟာ အတော်များများ နေရာယူထားပါတယ် ။

တစ်နေ့မှာ သူငယ်ချင်း နှစ်ယောက်သား မလွှကုန်းဘူတာ နား က ချောင်းကူးတံတားလေး ပေါ် ထိုင်ပြီး အခုလို ဆင်းရဲကျပ်တည်း နေတဲ့ အဖြစ် ကနေ ဘယ်လို ထွက်ပေါက် ရှာမလဲလို့ စဉ်းစားကြ ပါတယ် ။ အဲဒီမှာ ဖိုးထောင် က ကိုယ့် ကိုယ် ကိုယ် လည်း ဘာမှ ပြန် မလုပ်နိုင်တဲ့ ကလေး အရွယ် သူဌေးသားလေး တစ်ယောက် ကို ပြန်ပေးဆွဲ ဖို့ အကြံ ပေးပါတယ် ။ ဒီအခါမှာ ကျုပ် က -

ပြီးတော့ ဖတ်ဖူးတဲ့ ဝတ္ထုဇာတ်လမ်းတွေ ထဲ က ပြန်ပေး ဆွဲ နည်း ကို ဖိုးထောင် ကို ပြောပြလိုက် သေးတယ် ။ အဲဒီတော့ ဖိုးထောင် က

“ အခု မင်း ပြောတဲ့ အကွက် တိုင်းသာ ဆွဲ လို့ကတော့ စုံထောက်ကြီး ဦးစံရှားကိုယ်တိုင် လိုက် တောင် ဒီ အမှု က ပေါ်နိုင်မှာ မဟုတ်ဘူး ကွ ” လို့ ပြောပါတယ် ။

ဖိုးထောင် ဆိုတဲ့ အကောင် က စတန့်မင်းသား မဖြစ်ပေမယ့် စတန့်ဇာတ်ကားတွေ ကို ရိုက် တဲ့ ကုမ္ပဏီတွေ ကိုတော့ နေ့တိုင်း သွားလေ့ ရှိတယ် ။ တကယ့် မင်းသား က အဲဒီ ကုမ္ပဏီ ကို နေ့တိုင်း မရောက်ဘူး ။ ဖိုးထောင် ကတော့ နေ့တိုင်း ရောက်တယ် ။ အဲဒီ ကုမ္ပဏီ က ဝန်ထမ်းတွေ က သူ့ ရဲ့ ပုကွကွ နိုင်ပုံ ကို အကြောင်းပြုပြီး -

“ တို့ ကုမ္ပဏီ ရဲ့ ဇာတ်လိုက် ရွှေဘ ပြီးရင် မင်း အလှည့်ပါပဲ ။ မင်း ကတော့ ရွှေကွ ပေါ့ ကွာ ” လို့ နောက်ပြောင်ကြတယ် ။ ဖိုးထောင် က စိတ်မဆိုးပါဘူး ။

ရွှေကွ ပဲ ဖြစ်ဖြစ် ၊ ရွှေကုန်း ပဲ ဖြစ်ဖြစ် အရေးကြီးတာ က စတန့်မင်းသား ဖြစ်ဖို့ ပဲ ။ အဲဒီ ကုမ္ပဏီ မှာ အလုပ် လုပ်တဲ့ စာရေးတွေ ၊ စာရေးမ တွေ က ဖိုးထောင် ကို သူတို့ ခိုင်းဖို့ ခေါ်ထားတဲ့ အတိုင်းပဲ ၊ လက်ဖက်ရည် ဝယ်ခိုင်းတဲ့ လူ က ဝယ်ခိုင်း ၊ မုန့်ဟင်းခါး ဝယ်ခိုင်းတဲ့ လူ က ဝယ်ခိုင်း နဲ့ ပေါ့ ။ ဖိုးထောင် ကလည်း အဲဒီလို အခိုင်း ခံနေရတာကိုပဲ ဂုဏ်ယူနေတယ် ။ ဒီ ကုမ္ပဏီ မှာ သူ မရှိရင် မဖြစ်ဘူး တဲ့  ။ သူ မင်းသား ဖြစ်လာတဲ့ အခါ မှာ မိုးကျရွှေကိုယ် မင်းသား မဟုတ်ဘူး တဲ့  ။ အောက်ခြေက တက်လာတဲ့ အောက်ခြေ ခိုင်တဲ့ မင်းသား ဖြစ်မှာ တဲ့  ။ ဒါကြောင့် ပဲ အဲဒီ ကုမ္ပဏီ မှာ ထမ်းစရာ ပိုးစရာ ရှိရင် သူပဲ ထမ်းပိုးရတယ် ။

အဲဒီ ရုပ်ရှင်ကုမ္ပဏီ ရဲ့ နာမည် က “ ဒီဖိုး ” ရယ်လို့ ဖြစ်ပါတယ် ။ ကုမ္ပဏီပိုင်ရှင်ကြီး က မုဆိုးဖို လူရိုးကြီး ပါ ။ သူ က ဘုရားတရား လည်း အလွန် ကြည်ညို ပါတယ် ။ တစ်ပတ်တစ်ခါ သူ့ ရဲ့ မွေးနေ့ ကြုံတိုင်း မြတ်စွာဘုရား ကို ဓာတ်ကြီးလေးပါး ကပ်လေ့ ရှိပါတယ် ။ စကား ပြောရင်လည်း ဓာတ်လေးပါး မပါရင် စကား မပြောတတ်ပါဘူး ။ ဒါကြောင့် သူ့ ရဲ့ ဝန်ထမ်း တွေ က သူ့ ကို ဓာတ်လေးပါး ဆို တော့ “ ဒီဖိုး ” လို့ သူ့ ကွယ်ရာမှာ ခေါ်လေ့ ရှိပါတယ် ။ သူ ကလည်း ကုမ္ပဏီ ရဲ့ နာမည် ကို “ ဒီဖိုး ” လို့ ပဲ ပေးထားပါတယ် ။ သူ့ ကုမ္ပဏီ က ရိုက်တဲ့ ကား တိုင်းမှာ သူ့ အိမ် က ဘုရားစင် ကို အရင် ရိုက်ပြပါတယ် ။ အဲဒီလို ရိုက်ပြီးရင် ဘုရားစင် မှာ ကပ်လှူပူဇော်ထားတဲ့ ဆွမ်းပွဲ ( ၂၀ ) ပွဲ ( မြေဓာတ်နှစ်ဆယ် ) ၊ သောက်တော်ရေ ( ၁၂ ) ခွက် ( ရေဓာတ် ဆယ့်နှစ်ပါး ) ဖယောင်းတိုင် ( ၄ ) တိုင် ( မီးဓာတ်လေးပါး ) ၊ ယပ် ( ၆ ) လက် ( လေဓာတ်ခြောက်ပါး ) ကို အကြာကြီး ရိုက်ပြပါတယ် ။ ပြီးတော့မှ ဒီဖိုး ရုပ်ရှင်ကုမ္ပဏီ ဆိုတဲ့ တံဆိပ်ကြီး ကို ရိုက်ပြပါတယ် ။ အဲဒါ ပြီးတော့မှ ဇာတ်လမ်း စပါတယ် ။

ဘာပဲဖြစ်ဖြစ် သူ့ ရဲ့ ကုမ္ပဏီ ဟာ စတန့်မင်းသားပေါင်းစုံ နဲ့ ဖိုက်တင်ဇာတ်လမ်းပေါင်းများစွာ ကို ရိုက်ကူးခဲ့ပါတယ် ။ သူ့ ရဲ့ ဇာတ်လမ်းတွေ ဟာ ရန်ကုန် ၊ မန္တလေး စတဲ့ မြို့တွေ မှာ လူကြိုက်များ တယ် လို့ မဆိုနိုင်ပေမယ့် နယ်ဘက် ရုံတွေ မှာ တော့ ရုံပြည့်ပြီ ဆို တဲ့ စာတမ်း ချိတ်ရလေ့ ရှိပါတယ် ။ ဒါကြောင့် လည်း ကုမ္ပဏီပိုင်ရှင် ဦးဒီဖိုးကြီး ဟာ အတော့် ကို ချမ်းသာ နေပြီပေါ့ ။

ဖိုးထောင် နဲ့ ကျုပ် ရဲ့ အကြံ ကတော့ အဲဒီ ကုမ္ပဏီပိုင်ရှင် ဦးဒီဖိုးကြီး ရဲ့ တစ်ဦးတည်းသော မြေး လေး “ ဆန်နီဖိုး ” ဆိုတဲ့ ငတိလေး ကို ပြန်ပေး ဆွဲဖို့ ပါပဲ ။

ဖိုးထောင် နဲ့ ကျုပ် ဟာ အဲဒီ ကိစ္စအတွက် အကွက် ချရတော့တာပေါ့လေ ။ ဖိုးထောင် က ဆန်နီဖိုး ကို ချော့ပြီး ထုတ် လာမယ် ။ ကျုပ် က တက္ကစီကား ငှားပြီး ဆက်ပြီး သယ်လာမယ် ။ ပြီးတော့ မလွှကုန်း ဘူတာနား အရောက် မှာ နောက်သလိုလို ကစားသလိုလို နဲ့ ငတိလေး မျက်နှာ ကို အဝတ် စည်းလိုက် မယ် ။ ပြီးတော့မှ တွဲဟောင်းတွေ ထားတဲ့ ဘက် ကို ခေါ်သွားပြီး တွဲတစ်တွဲ ထဲမှာ ထည့် ထားလိုက်မယ် ။

တကယ် လုပ်တော့လည်း အဲဒီအတိုင်းပါပဲ ။ ဖိုးထောင် က ဆန်နီဖိုးလေး ကို -

“ ငါ နဲ့ လိုက်မလား ၊ ကန်တော်ကြီး ကျရင် သူ ခိုးပုလိပ် လုပ်တမ်း ကစားမယ် ကွာ ။ ငါ က ပုလိပ် လုပ်မယ် ၊ မင်း ကသူခိုးလုပ် ” လို့ ပြောတဲ့ အခါ မှာ ဆန်နီဖိုး က

“ သူခိုး မလုပ်ချင်ဘူး ၊ အဖေ က မခိုးရဘူး တဲ့ လူ ဆိုတာ လေးပါးသီလ လုံရမယ်တဲ့  ”

လို့ ပြန်ပြီးပြောတယ် ။ အဲဒီအခါ မှာ ဖိုးထောင် က

“ ဘယ်ကလာ လေးပါး ရမှာ လဲ ၊ ငါးပါး ပါ ”

လို့ ပြောတဲ့ အခါမှာ ဆန်နီဖိုးလေး က -

“ ဦးဖိုးထောင် ပြောတာ ဖြစ်နိုင်ပါတယ် ၊ ကျွန်တော့် အဖေ က လေးပါး အပြင် ကာမေသုမိစ္ဆာ ဆိုတာ ပြောသေးတယ် ၊ ဒါပေမဲ့ အဓိပ္ပာယ် ကိုတော့ ပြော မပြဘူး ၊ ဒါကြောင့် ကျွန်တော် က လေးပါး လို့ ပြောတာ ။ အဲဒီတော့ ခင်ဗျား နဲ့ ကန်တော်ကြီး ကို လိုက်မယ် ။ ဒါပေမဲ့ သူခိုး ပုလိပ် မကစားဘူး ။ ကျွန်တော်တို့ ကျောင်း မှာ က စားတာက သိဖ်အင်ပုလိစ် လို့ ကစားတယ် ၊ အဲဒီအတိုင်း ကစားမယ် ၊ ပြီးတော့ ဂိုင်းဖောက် ကစားနည်း လည်း ရှိသေးတယ် ၊ “ ဂိုင်းဖောက် ” ဆို တာ လူဆိုး ရဲ့ နာမည် ၊ သူ က မြင်းတစ်ကောင် နဲ့ မြို့ကို တက် လာပြီး မြို့စောင့်တပ်တွေ နဲ့ ဖိုက်တင် လုပ်တာ ။ အဲဒီတော့ အဲဒီ ကစားနည်း အတွက် မြင်း လိုတယ် ၊ မြင်း ကတော့ ဦးဖိုးထောင် လုပ်ရမယ် ။ မြင်း လုပ်တဲ့ အခါမှာ မတ်တပ် ရပ်ထားလို့ မရဘူး ။ လေးဘက် ထောက် ထားရမယ် ၊ ကျွန်တော် က ခွပြီး စီးမယ် ။ ကျွန်တော် က ဂိုင်းဖောက် လေ ”

လို့ ဆန်နီဖိုးလေး က ပြောလိုက်တယ် ။ အဲဒီတော့ ဖိုးထောင် က

“ ဟုတ်ပါပြီ ကိုဂိုင်းဖောက် ရယ် ။ ခင်ဗျား လာမယ့် မြို့ နဲ့ ခင်ဗျား တိုက်မယ့် ခံတပ်မြို့ နဲ့  က ဘယ်နှမိုင် ဝေးသလဲ ”

လို့ မေးလိုက်တော့

မကောင်းဆိုးဝါးလေး က -

“ မိုင် ( ၉၀ ) ဝေးတယ် ” လို့ ပြောပါတယ် ။ အဲဒီ အခါမှာ ဖိုးထောင် က

“ အလိုလေး မင်း က ငါ့ ကျော ပေါ်မှာ နာရီပေါင်း များ စွာ စီးမယ် ဆိုတဲ့ သဘောပေါ့ ။ မလုပ်ပါနဲ့ ကိုဂိုင်းဖောက် ရယ် ။ နာရီလေး နည်းနည်း လျှော့ပါဦး ”

လို့ တောင်းပန် လိုက်တယ် ။

အဲဒီ အခါမှာ ငတိလေး က -

“ ဟင့်အင်း လျှော့လို့ မရဘူး ၊ ကျွန်တော်တို့ ကုမ္ပဏီ ကို အမြဲ လာနေတဲ့ ဒါရိုက်တာအဘိုးကြီး က ခဏခဏ ပြောဖူးတယ် ၊ “ ဂျပန် လုပ် တရုတ် နဲ့ တူရမယ် ” တဲ့ ”

လို့ ပြောလိုက်တဲ့ အခါမှာ ဖိုးထောင် က

“ မဟုတ်တာတွေ မပြောပါနဲ့ ကိုဂိုင်းဖောက်ကလေး ရယ် ။ သဏ္ဌာန် လုပ် သရုပ် နဲ့ တူရမယ်လို့ ပြောတာ ဖြစ်ပါလိမ့်မယ် ”

လို့ ပြန်ပြီး ပြောလိုက်တယ် ။

တိုတိုပဲ ပြောကြပါစို့ ရဲ့  ။ အဲဒီ မကောင်းဆိုးဝါးလေး ကို မလိမ့်တစ်ပါတ် နဲ့ ပြန်ပေး ဆွဲလာခဲ့ပြီး မလွှကုန်းဘူတာ မှာ ရပ်ထားတဲ့ တွဲပျက်တွေ ထဲက တွဲတစ်တွဲ ကို ထည့်ထားလိုက်တယ် ။ ထမင်းစား ချိန် ရောက်တော့ အဲဒီ ရပ်ကွက် မှာ ရှိတဲ့ ခွေးနီ ဆိုင် က ဖက် နဲ့ ထုပ် ထားတဲ့ ထမင်း သုံးထုပ် သွား ဝယ် တယ် ။ အဲဒီမှာ ထမင်း နဲ့ အခေါက်ကင် ထည့်ထားတယ် ။ ကျုပ် နဲ့ ဖိုးထောင် က စားပြီးသွားပြီ ။ ငတိလေး က ထမင်းထုပ် ကို ဖြည်ပြီး မစားဘူး ။

“ လူ ဆိုတာ ဖက် နဲ့ မစားရဘူး တဲ့  ။ ပန်းကန် နဲ့ စားရမယ်တဲ့  ။ ဖက် နဲ့ စားရင် “ ဖက်ခွက်စား ” ဖြစ်တတ်တယ် လို့ ကျွန်တော့် အဖေ က ပြောဖူးတယ် ”

လို့ အကျပ် ကိုင်တာ နဲ့ ကျုပ်ကိုယ်တိုင် အဲဒီ ရပ်ကွက် မှာ ရှိတဲ့ တရုတ်စိန်အောင်မင်း ရဲ့ ဆိုင် ကို သွားပြီး သံကြွေရည်သုတ် ဇလုံကလေး ကို ငါးမတ် နဲ့ ဝယ်ခဲ့ပြီး ထည့် ကျွေးရတယ် ။ အဲဒီတော့မှ ငတိလေး က ပွဲတော် တည်တော့တယ် ။
 
ဆောင်းတွင်း ဆိုတော့ အတော့်ကိုပဲ ချမ်းပါတယ် ။ အဲဒါကြောင့် တွဲဘေး မှာ မီးဖိုပြီး သုံးယောက် သား မီးလှုံကြတယ် ။ အိပ်ခါနီး အချိန် ရောက်တော့ မကောင်းဆိုးဝါးလေး က

“ ဒီအတိုင်း အအိပ်မခိုင်းနဲ့ နော် ။ အိပ်ခါနီးမှာ ဘက်တီး တစ်ခါ တိုက်ရဦးမယ် ”

လို့ ပြောပါတယ် ။ အဲဒီတော့ ဖိုးထောင် က

“ ဘာလဲကွ ဘက်တီး ဆိုတာ ”

လို့ မေးတဲ့ အခါ

“ ဘာရမှာ လဲ ဦးဖိုးထောင် ရယ် ၊ ဘက်တီး ဆိုတာ အိပ်ရာ ထဲ ရောက် မှ သောက်တဲ့ လက်ဖက်ရည် ပေါ့ ။ ကျွန်တော် က အမြဲတမ်း သောက်နေကျ ”

လို့ ကောင်လေး က ပြန်ပြောတယ် ။ အဲဒီအခါမှာ ကျုပ် က

“ ဘက်တီး တော့ မရဘူး ၊ လက်သီး ပဲ ရမယ် ”

လို့ ပြောလိုက်တဲ့ အခါ ငှက်ဆိုးကလေး က

“ လက်သီး ဆိုရင် ဒီက မီးစ လာမယ် ”

ဆိုပြီး မီးပုံ ထဲက ထင်းစ တစ်စ ကို ယူပြီး ကျုပ် ရဲ့ မျက်နှာ ကို ထိုး လိုက်ပါလေရော ။ ကျုပ် ရဲ့ ပါး မှာ မီးလောင်ဖုကြီး ထ သွားတယ် ။

ကျုပ် ကလည်း စိတ် မထိန်းနိုင်တော့ဘဲ ကောင်လေး ရဲ့ တင်ပါး ကို နှစ်ချက်သုံးချက် ရိုက်လိုက် တယ် ။ အဲဒီတော့ ကောင်လေး က

“ ရိုက်ထား ရိုက်ထား ၊ မနက်ကျရင် ဂိုင်းဖောက် လာမယ် ။ သေနတ် နဲ့ ပစ်မယ် ၊ ခါးပတ် နဲ့ ရိုက်မယ် ၊ သေဖို့ သာ ပြင်ထား ”

လို့ ကြိမ်းတယ် ။ ကောင်လေး အိပ်သွားတဲ့ အခါမှာ ဖိုးထောင် နဲ့ ကျုပ် ဟာ တိုင်ပင်ကြရတော့တယ် ။ ကျုပ် က ဖိုးထောင် ကို

“ မနက်ကျရင် သူ့ အဖေ ဆီ ကို ငွေ တောင်းတဲ့ စာ ပို့ ကွာ ။ ငွေနှစ်သိန်း ကို ဘယ်နေရာမှာ လာထားရမယ် လို့ ရေးကွာ ။ ငွေနှစ်သိန်း ရရင် လူကြီးမင်း ရဲ့ ကလေး ကို ခြံဝ အထိ ခလုတ်မထိ ဆူးမငြိ ဘဲ ပြန် ပို့ပါ့မယ် ၊ အဲဒီလို မလုပ်ဘဲ ရဲဘက် ကိုတိုင်ကြားမယ် ဆိုရင်တော့ လူကြီးမင်း ရဲ့ ကလေး ဟာ သေပွဲ ဝင်ပြီ မှတ်ပေတော့လို့ ခြိမ်းခြောက် လိုက်ကွာ ”

လို့ ပြောတဲ့ အခါ ဖိုးထောင် က

“ စာ မှာ တော့ အဲဒီလို ရေးမှာ ပေါ့ကွာ ၊ ဒါပေမဲ့ တကယ် သေ မှာ က တို့ နှစ်ယောက် ကွ ။ ဒီကောင်လေး က တို့ ကို နှိပ်စက်လိမ့်မယ် ။ အခုတောင် မင်း ပါး ပေါ် က ဒဏ်ရာကြီး က နည်းတာကြီး မဟုတ်ဘူး ” လို့ ပြောပါတယ် ။

ပြီးတော့ ကျုပ် ကိုယ်တိုင် ပဲ စာတစ်စောင် ရေးလိုက်တယ် ။

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လေးစားအပ်သော သူဌေးကြီး ဦးဒီဖိုး ခင်ဗျား ..

လူကြီးမင်း ရဲ့ သြရဿ မည်သော ၊ ရင် ၌ ဖြစ်သော သားရတနာ ဆန်နီဖိုး ကို ကျွန်တော်များ အမျိုးကောင်းသား ပြန်ပေးတစ်စု က ပြန်ပေး ဆွဲ ထားပါတယ် ... လူကြီးမင်း ထံ မှ ငွေနှစ်သိန်း လက်ခံ ရရှိလျှင် ဆန်နီဖိုး ကို ခြံဝ အရောက်  ... ပိန်းကြာဖက် တွင် ရေ မတင်သကဲ့သို့ ဘေးမသီ ရန်မခစေဘဲ ပြန်လည် ပို့ပေးပါမယ် ၊ လူကြီးမင်း ဦးဒီဖိုး အနေနဲ့ စာ ပါအကြောင်းအရာ တစ်ခုလုံး ကို ဖြစ်စေ ၊ တစ်စိတ်တစ်ဒေသ ကို ဖြစ်စေ ငြင်းဆိုခဲ့ပါလျှင် ဆန်နီဖိုးလေး ခမျာ သေပွဲ ဝင်ရပါလိမ့်မယ် ... ကျွန်တော်တို့ တစ်စု မှာလည်း ပြန်ပေးသာ လုပ်ရပါတယ် ၊ ပါဏာတိပါတကံ လုံခြုံ လိုပါသော ကြောင့် ငွေနှစ်သိန်း ဖြင့် ရွေးယူရန် ကို လည်း မေတ္တာရပ်ခံအပ်ပါတယ် ၊ ဒီ စာ ကို အကြောင်းပြန်လိုပါက စတော့ဂိတ် ကုန်းတံတားကြီး အောက် အလယ်ဘက် ၊ ပထမ တိုင် ပေါ် ရှိ ကလိုဏ် တွင် ပြန်စာ ကို လာ၍ ထည့်ထားနိုင်ပါတယ် ...

ပြန်ပေးအဖွဲ့

( ပုဒိအာနှင့် ပြည့်စုံစေသော်ဝ် ... )

ကျုပ် ဟာ အဲဒီ စာကို ရေးပြီး ဖိုးထောင် ရဲ့ လက် ကို ပေးလိုက်ပါတယ် ။ ဖိုးထောင် က အဲဒီ စာ ကို ခေါက်ထည့်ပြီး ဒီဖိုးကုမ္ပဏီ ကို သွားပါတယ် ။ ဒီဖိုးကုမ္ပဏီ ကို ရောက်တဲ့ အခါမှာ ဒီဖိုးကုမ္ပဏီ ရဲ့ ဝန်ထမ်းတွေ ဟာ ဆန်နီဖိုးလေး ပြန်ပေးအဆွဲ ခံရတဲ့ အကြောင်း ကျွက်ကျွက်ညံအောင် ပြောဆိုနေကြ ပါတယ် ။

ဒါပေမဲ့ ပြောတဲ့ စကားတွေ ထဲ မှာ ဝမ်းသာတဲ့ အကြောင်း ပါ ပါတယ် ၊ စာရေးတွေ ရဲ့ အံဆွဲ ထဲ မှာ ဖားတွေ ၊ ကြက်တွေ ကောင်လေး က ထည့်လေ့ ရှိတဲ့ အတွက် စာရေးမတွေ က ကောင်လေး ပြန်ပေးဆွဲ ခံရတဲ့ ကိစ္စမှာ အခုမှ ဆွဲရသလား ဆိုပြီး ပြန်ပေးတွေ ကို ကျိန်ဆဲနေကြပါတယ် ။

စာရေးတွေ ကလည်း နေ့လယ်နေ့ခင်း အိပ်တဲ့ အခါ တိုက်ပုံအင်္ကျီ ကို ချွတ်ပြီး ကုလားထိုင် နောက်မှီ မှာ ချိတ်ထား လေ့ရှိတယ် ။ အဲဒီ ထဲ ကို မီး ပါတဲ့ စီးကရက်တို တွေ ကို ကောင်လေး က လာပြီး ထည့် တတ်လေတော့ အင်္ကျီတွေ ပေါက်ပြဲကုန်ပါတယ် ။ ဒါကြောင့် .. သူဌေးဦးဒီဖိုး ငွေနှစ်သိန်း နဲ့ မရွေးပါစေ နဲ့  ... ဒါမှ ဒီကောင်လေး ကိစ္စတုံး မှာ လို့ ဆုတောင်း နေကြပါတယ် ။

အဲဒီ အချိန်မှာ ပဲ ဖိုးထောင် ဟာ မယောင်မလည် နဲ့  ဦးဒီဖိုး ရဲ့ စားပွဲပေါ် ကို ကျွန်တော် ရေး တဲ့ စာ ကို တင်ထားလိုက်တယ် ။ ဦးဒီဖိုး ဟာ စာ ကို ဖတ်ကြည့်ပြီး

“ ပြန်ပေး ဟာ အတော့် ကို အတင့် ရဲတာပဲ ၊ ငွေ တောင်းတဲ့ စာ ကို စားပွဲပေါ် အရောက် လာပြီး တင် ထားတယ် ၊ မဟုတ်မှ လွဲရော ဒီ အမှု မှာ အတွင်း လူ ပါနေပြီ ”

ဆိုပြီး စာ တစ်စောင် ကောက်ရေးတယ် ။ စာ ကတော့ ငွေနှစ်သိန်း နဲ့ မရွေးနိုင် ကြောင်း ၊ ကုမ္ပဏီ ဟာ အရှုံး ပေါ်နေလို့ ငွေနှစ်သိန်း လည်း မရှိကြောင်း ပြန်တဲ့ စာပါပဲ ။ အဲဒီ စာ ကို စာအိတ်ထဲ ထည့်ပြီးတဲ့ နောက်

“ ဖိုးထောင်ရေ စတော့ဂိတ်ကုန်းအောက် ၊ အလယ်တိုင် ရဲ့ အထက် မှာ ကလိုဏ် ရှိတယ် လို့ ပြန်ပေး က သူ့ စာ ထဲ မှာ ရေးထားတယ် ၊ အဲဒီ ထဲ ကို သွား ထည့်ကွာ ”

လို့ ပြောပြီး စာအိတ် ကို ပေးလိုက်တယ် ။

ဖိုးထောင် က အဲဒီ နေရာ ကို သွား မထည့်ဘဲ အဲဒီ စာ ကို ကျုပ်တို့  ရှိတဲ့ ဆီကို ယူလာတယ် ။ ကျုပ် လည်း အဲဒီ စာ ကို ဖတ်ကြည့်ပြီး

“ အမျိုးယုတ် ဒီဖိုးကြီး ၊ သူ့ ကလေး ကိုတောင် မရွေးဘူး ၊ မရွေးတာ က ကိစ္စ မရှိဘူး ၊ ငါ့ ဒူး တွေ လည်း ပြဲ ကုန်ပြီကွ ၊ ဒီ မသာလေး က ငါ့ ကို လေးဘက်ထောက် ခိုင်းပြီး “ ဂိုင်းဖောက်ကွ ” ဆိုပြီး ကျောပေါ် ကို ခုန် တက်တယ် ကွ ၊ ငါ က လှုပ် နေရတယ် ၊ မလှုပ်ရင် အပေါ်ကနေ တုတ် နဲ့ ရိုက် သေးတယ် ကွ ၊ ငါ့ ကျော မှာ လည်း အရှိုး တွေချည်းနေမှာ ပါကွာ ၊ ဒီထက် ဆိုးတာက မီးစ နဲ့ ထိုး မှာ စိုးလို့ မီးဖို က မီးကြွင်းမီးကျန် တွေ ကို ရေ နဲ့ ငြိမ်း ပစ်လိုက်ရတယ် ၊ ဒီ သရဲလေး ကို အမြန်ဆုံး ပြန် ပို့ရအောင်ကွာ ၊ ဦးဒီဖိုး က နှစ်သိန်း မပေးနိုင်ဘူး ဆိုလည်း “ တစ်သိန်း ” ဆိုတဲ့ စာ ရေးပြီး သူ့ ဆီ အရောက် ပို့လိုက်ကွာ ၊ တကယ်လို့ သူ က တစ်သိန်း မပေးနိုင်ဘူး ဆိုလည်း အဲဒီ စာကို ငါ့ ဆီ ယူ မလာနဲ့ တော့ ၊ မင်း ဟာ မင်း ငါးသောင်း လို့ ပြင် ရေးပြီး ပို့လိုက်တော့ ”

လို့ ကျုပ် က ပြော လိုက်တယ် ။

အဲဒီအခါ မှာ ဖိုးထောင် က

“ နေပါဦး ဟေ့ကောင် ရ ၊ ဦးဒီဖိုးကြီး က ငါးသောင်း လည်း မပေးနိုင်ဘူး ဆိုရင် ဘယ်နှယ့်လုပ်မလဲ ”

လို့ မေး ပါတယ် ။

အဲဒီတော့ ကျုပ် က

“ ငါးသောင်း မပေးနိုင်ရင် နှစ်သောင်းခွဲ ”

“ မပေးနိုင်ရင် ”

“ တစ်သောင်း နှစ်ထောင့်ငါးရာ ”

“ မပေးနိုင်ရင် ”

“ ခြောက်ထောင့်နှစ်ရာ့ငါးဆယ်ကျပ် ”

“ မပေးနိုင်ရင် ”

“ သုံးထောင့်တစ်ရာ နှစ်ဆယ့်ငါးကျပ် ”

“ မပေးနိုင်ရင် ”

“ တစ်ထောင့်ကိုးရာ ခုနှစ်ဆယ့်ငါးကျပ် ”

“ မပေးနိုင်ရင် ”

“ ခုနှစ်ရာရှစ်ဆယ့် ခုနှစ်ကျပ်ခွဲ ”

“ မပေးနိုင်ရင် ”

“ သုံးရာကိုးဆယ့်သုံးကျပ် ခုနှစ်ဆယ့်ငါးပြား ”

“ မပေးနိုင်ရင် ”

“ တစ်ရာ့ကိုးဆယ့်ခြောက်ကျပ်ရှစ်ဆယ့် ခုနှစ်ပြားခွဲ ”

“ မပေးနိုင်ရင် ”

“ ရှစ်ဆယ့်ကိုးကျပ် လေးဆယ့်သုံးပြား ”

“ မပေးနိုင်ရင် ”

“ လေးဆယ့်ကိုးကျပ် ပြားနှစ်ဆယ် ”

“ မပေးနိုင်ရင်  ”

“ နှစ်ဆယ့်ငါးကျပ် ပြားခြောက်ဆယ် ”

“ မပေးနိုင်ရင် ”

“ တစ်ဆယ့်နှစ်ကျပ် သုံးပြား ”

“ မပေးနိုင်ရင် ”

“ ခြောက်ကျပ် ဆယ့်ငါးပြား ”

“ မပေးနိုင်ရင် ”

“ သုံးကျပ်နဲ့ ခုနှစ်ပြားခွဲ ”

“ မပေးနိုင်ရင် ”

“ တစ်ကျပ်ငါးဆယ့်ငါးပြား  ”

“ မပေးနိုင်ရင် ”

လို့ ဖိုးထောင် ပြောတဲ့ အခါမှာ

“ အဲဒါမပေးနိုင်လို့ ကတော့ မဖြစ်ဘူးကွာ ၊ ဒီ မှင်စာလေး စားဖို့ ကြွေရည်သုတ်သံဇလုံ ဝယ်ရတာ ကို က တစ်ကျပ် ကျော်တယ်ကွ ၊ အဲဒါမှ မပေးရင်တော့ တို့ ရှုံးပြီ ၊ ထမင်းထုပ် ကလည်း ဒီငတိလေး စားတာ သုံးထုပ် ရှိပြီကွ ၊ လက်ဖက်ရည် ကလည်း တိုက်ရသေးတယ် ၊ ဒီကြားထဲ ဒီငတိ က ဘက်တီးတွေ ဘာတွေ လာသေးတယ် ”

လို့ ကျုပ် က ပြောလိုက်တယ် ။ ဖိုးထောင် က ကျူပ် ပြောသလိုပဲ ဦးဒီဖိုး ဆီ ကို စာ သွားပို့ခဲ့ပါတယ် ။

အပြန်အလှန် ဈေး ဆစ်တာပဲ ။ ကျုပ် ပြောတဲ့ အတိုင်းပါပဲ ။ နောက်ဆုံး တစ်ကျပ် ငါးဆယ့်ငါးပြား အထိ ဦးဒီဖိုး က မပေးနိုင်ဘူးလို့ ကတ် နေပါတယ် ။ နောက်ဆုံးမှာ ဘယ်လို ရေးထားသလဲ ဆို တော့

“ လေးစားအပ်သော သူတော်ကောင်း ပြန်ပေးများ ခင်ဗျာ ကျွန်တော့် ဆီ က ပြန်ပေး ဆွဲသွားတဲ့ ဆန်နီဖိုး ဟာ တကယ်တော့ ကျွန်တော့် သား အရင်း မဟုတ်ပါဘူး ၊ လင်ကောင် မပေါ်ဘဲ မွေးထားတဲ့ ကလေး ကို ကျွန်တော့် ခြံ ထဲ မှာ လာပြီး ပစ်ထားပြီး ကျွန်တော် လည်း မွေး ထားခဲ့တာပါ ။ ဒီ ကလေး ဆိုးလွန်း လို့ ကျွန်တော့် မိန်းမ လည်း အစောကြီး သေသွားပါပြီ ။ အခုအခါမှာ ကျွန်တော် က မုဆိုးဖို ဖြစ်နေတဲ့ အတွက် မကြာခင်မှာ ပဲ မီးပေးမီးယူ သဘော နဲ့ ရုပ်ရှင်ဆိုက်ပတ် တစ်ယောက် နဲ့ လက်ထပ် တော့ မှာ ဖြစ်ပါတယ် ။ ဒီ ကလေး ပါ လာရင် ကျုပ် ကို လက်မထပ်နိုင်ဘူး လို့ မိန်းကလေး ဘက် က အတိအလင်း ကြော်ငြာ ထားတာကြောင့် ဆန်နီဖိုး ကို ကျုပ် ပြန် မလိုချင်တော့ပါဘူး ။ ခင်ဗျားတို့ လည်း သူ့ ကို မသတ်ရက်ရင် မိဘမဲ့ကျောင်း ကို ဖြစ်တဲ့ နည်းနဲ့ ပို့ပေးလိုက်ပါ

မေတ္တာပို့သလျက်
               ဒီဖိုး

ဒီ စာ ရတဲ့ အခါမှာ ကျုပ် နဲ့ ဖိုးထောင် ဟာ ခေါင်းချင်း ဆိုင်ပြီး ဘယ်လို လုပ်ကြမလဲလို့ တွေး ပါ တယ် ။ အဲဒီတော့ ဖိုးထောင် က -

“ အလုပ်ရှုပ် ခံပြီး မိဘမဲ့ကျောင်းတွေ ဘာတွေ သွား ပို့မနေပါနဲ့ ကွာ ၊ ဒီကောင်လေး ကို ဒီတိုင်း ထားပြီး တို့ နှစ်ယောက် လစ် ကြရအောင် ”

လို့ ပြော ပြီး လစ်လာခဲ့ကြပါတယ် ။

ကောင်လေး ကို တော့ -

“ ကိုဂိုင်းဖောက်ကြီး စီးဖို့ မြင်း သွား ရှာလိုက်ဦးမယ် ”

လို့ ပြောပြီး ထားခဲ့ပါတယ် ။

ကျုပ်တို့ နှစ်ယောက် အိမ်ပြန် ရောက်ပြီး တစ်နာရီ လောက် ကြာတဲ့ အခါ မှာ တွဲပြင် လုပ်သား တစ်ယောက် ဟာ ဒီကောင်လေး ကို ခေါ်လာပြီး ဖိုးထောင် ရဲ့ အိမ် ကို လာ ပို့ပါတယ် ။

ကောင်လေး က သူ့ ကို ထားခဲ့မှန်းလည်း သိရော တွဲတွေ ရဲ့ ဟိုးအဆုံးဘက် ကို လျှောက် သွားတယ် ။ တွဲပြင်လုပ်သား ကြီး တစ်ယောက် နဲ့ တွေ့တော့ ငို ပြီး အကူအညီတောင်းတယ် ။ သူ့ ကို ခေါ်လာတဲ့ ဖိုးထောင် ရဲ့ ပုံပန်း ကိုလည်း အကျအန ပြောပြတယ် ။ အဲဒီတော့ တွဲပြင် လုပ်သားကြီး က

“ သိပြီ သိပြီ ဒီ ကောင့် ကို ကောင်းကောင်း သိတယ် ၊ ဒီ ကောင် က လည်ပင်း မှာ ပုဝါပြောက် စည်းထားတယ် ၊ အရပ် က တော်တော် ပုတယ် ၊ ဆံပင် က ပုခုံး ကို ထောက်နေတယ် ၊ စတန့်မင်းသား ဂိုက် ဖမ်းနေတဲ့ ကောင် ၊ ဟိုနေ့ကတောင် ဒီကောင့် ကို ဟို တွဲနား မှာ တွေ့သေးတယ် ၊ ဒီ ကောင့် အိမ် က ဗလီ နားမှာ ငါလိုက်ပို့မယ် ”

ဆိုပြီး တွဲပြင်လုပ်သားကြီး က အဲဒီအသုဘလေး ကို ဖိုးထောင် ရဲ့ အိမ် ကို လာပို့တာ ။ ဖိုးထောင် ကလည်း မလွှဲမရှောင်သာ လက်ခံ ထားလိုက်ရတယ် ။

အဲဒီလို လက်ခံထားပြီး နာရီဝက်တောင် မပြည့်သေးဘူး ။ ဒီကောင်လေး ကြောင့် ဖိုးထောင် အမေ ဒေါ်ဘုတ်လုံးကြီး ထိပ် ပေါက်သွားတယ် ၊ အဲဒီတော့ ဖိုးထောင် လည်း သူ့ အိမ် မှာ ဆက် မထားရဲ တော့ဘဲ ကျုပ်အိမ် ကို လာ ပို့တယ် ။

ကျုပ် အိမ် ကို ရောက်ပြီး တစ်နာရီ မပြည့်သေးဘူး ။ ကျုပ် အမေကြီး ရဲ့ မရှိမဲ့ ရှိမဲ့ လုံချည်တွေ ကို မီး ရှို့ပစ်လိုက်တယ် ။

ကျုပ် ပြောချင်တာ က ဒါပါပဲ ၊ ပြန်ပေးမှု နဲ့ ထောင် ကျရင် ကျပါစေ ၊ ဒီ သရဲလေးကို ဘယ်ကို ပို့ရ မယ် ဆိုတာ ဝိုင်းပြီး အကြံ ပေးကြပါဦး

သဗ္ဗေသတ္တာ ကမ္မဿကာ

◾မင်းသိင်္ခ

📖 ဖတ်စရာဂျာနယ် အမှတ် ( ၂ )      
      ၁၁ - ၁ - ၂၀၀၅

📖 ဖတ်စရာဂျာနယ် အမှတ် ( ၃ ) 
      ၁၈ - ၁ - ၂၀၀၅

www.facebook.com/aung.naingoo.3726613

.

Saturday, April 23, 2022

ရိုးတံ နှင့် ပန်းပွင့်

   ❝  ရိုးတံ နှင့် ပန်းပွင့်  ❞

ဒီနေ့ ကျွန်မ ရဲ့ ဧည့်ခန်းထဲ မှာ စိုပြည်လျက် ရှိနေတယ် ။ ဧည့်ခန်း ရဲ့ စားပွဲပေါ် မှာ စားစရာတွေ အပြည့် ရှိနေသလို ရယ်မောပြောဆိုနေသံမှာ ပြန် စဉ်းစားရင်း လွန်ခဲ့သော နှစ်များဆီက အတိုင်းပါပဲ ။

ကျွန်မ က ဧည့်ခန်း ထဲ က ဧည့်သည် မမများအတွက် အအေး ၊ ကော်ဖီတွေ ဖျော်နေတယ် ။ အကြိုက် က လည်း တစ်ယောက် တစ်မျိုး … ။ ကျောင်းကတည်းက သူငယ်ချင်းတွေ မို့ အတွင်း သိ ။ ကျွန်မ တို့ ခုလို ပြန် ဆုံနိုင်ဖို့ တော်တော် ကြိုးစားထားရတာ ။ ကျောင်း ပြီးတော့ အလျှိုလျှို အိမ်ထောင် ကျကုန်ကြတယ် ။ အဲဒီကတည်းက လေးယောက်လုံး တစ်ခါမှ မဆုံခဲ့ ။ ဒီကြားထဲ သူ့ အလုပ် ကိုယ့် အလုပ် နဲ့ မအားတာနဲ့ပဲ ပြောင်း တဲ့သူ က ပြောင်း နဲ့ မတွေ့ကြတော့ဘူး ။ အရင်က တစ်ယောက် အကြောင်း တစ်ယောက် သိကြပေမဲ့ ခုချိန်မှာ ပြောင်းလဲမှု များစွာနဲ့ ဝေးနေကြရတယ် ။ ဒီနေ့တော့ ကျွန်မ ရဲ့ မှတ်မှတ်ရရ မွေးနေ့လည်း ဖြစ်တာမို့ မဖြစ် ဖြစ်အောင် ဆုံဖို့ တစ်လလောက် ကြို ချိန်းခဲ့ရတယ် ။ ကျွန်မတို့ အားလုံး ပျော်ရွှင်နေကြတယ် ။ ဒီ အရသာ ကို လွတ်လပ်စွာ ပြန်ခံစားခွင့်ကို မျှော်လင့်နေခဲ့တာ ကျွန်မတို့ လေးယောက်လုံး ပဲ ။ အားလုံး ဝေးကွာနေရာ က ခုလို ပြန်ဆုံတော့ ခံစားမှု အသစ်လေး ရသလို ကျွန်မတို့ အားလုံး အိမ်ထောင်သည်တွေ နဲ့ မတူဘဲ အပျိုတွေ နဲ့ တူနေတယ် ။

ကျွန်မတို့ တွေ့ဆုံမိကြရင် ကိုယ့် မှာ ဖြစ်နေတဲ့ ပြဿနာ ၊ မပြေလည်မှု ၊ ပြေလည်မှုတွေ အားလုံး ပြောဖို့ ၊ ရင်ဖွင့်ဖို့ဟာလည်း တာစူထားကြတယ် ။ အသီးသီး အိမ်ထောင် ကျသွားပေမယ့် အဲဒီ အိမ်ထောင်ရေးရဲ့ အခြေအနေ ကို မသိကြသေးတာမို့ တစ်ယောက်အကြောင်း တစ်ယောက် စိတ်ဝင်စားနေကြတယ် ။

ကျွန်မတို့တွေ ဘယ်လောက် စိတ်ကူးယဉ်ကြသလဲ ဆိုရင် ရင်ဖွင့်ဖို့ ကို မဲလိပ် နှိုက်ပြီး အမှတ်စဉ်တပ်ကြတယ် ။ အမှတ်စဉ် နံပါတ် ( ၁ ) ကို ကျသွားသူက ‘ ယမင်းတင်အောင် ’ တဲ့ ။  အမင်း ရဲ့ မျက်နှာလေး က အရင်အတိုင်း ချောဆဲ ။ နှုတ်ခမ်း က ပြုံးစစ ဖြစ်သွားပြီး သူ့ အကျင့်အတိုင်း ဆံပင် ကို တစ်ချက် ခါလိုက်ရင်း …

“ ငါ အရင် ကျသွားတော့ သိပ် မကောင်းဘူး ၊ ဒါပေမဲ့ ငါ အရမ်း ပြောချင်နေတယ် ၊ အဓိက,က ငါ့ ဘဝ မှာ မထင်မှတ်တာတွေ တွေ့ လာရတာပဲ ၊ နင်တို့ သိတဲ့အတိုင်း အိမ်ထောင် မကျခင်ကတည်းက အိမ် ရဲ့ စီးပွားရေးလည်း ငါပဲ ဦးဆောင်လုပ်ခဲ့ရတာ ၊ ပွဲရုံလုပ်ငန်း ဆိုတော့ ရှုပ်တော့ ရှုပ်နေတာပေါ့ ။ ငါ က ငယ်ငယ်ကတည်းက ဦးဆောင်လာရတာ အကျင့် ဖြစ်နေပြီ ။ ငါ့ စိတ် က မြန်တော့ ငါ လုပ်သမျှ ပြီးလွယ်ပြီး အောင်မြင်တာ များတယ် ၊ ဒါကတော့ ငါ ငယ်ငယ်ကတည်းက ပွဲရုံ နဲ့ ရင်းနှီးနေလို့ပဲ ထားပါတော့ …”

“ ငါ ‘ ကိုမျိုးဆက် ’ ကို ဖြစ်စေချင်တာက ငါ့စီးပွားရေး လည်း သူ့စီးပွားရေး ပဲ ၊ ငါ့ မိဘ ပိုင်တယ် ဆိုတဲ့ အသိ က သူ့ခေါင်း ထဲ ရောက်နေတယ် ၊ ဒီ လုပ်ငန်းတွေ မှာ စိတ်ပါစွာ ဝင် လုပ်စေချင်တယ် ၊ သူ့ အတွေး က သူ က ငါ့ လောက် မလုပ်နိုင်တော့ အလိုလို Feel ဖြစ်တယ် ၊ ငါ့ မိဘ က လည်း သူ့ ကို  မနှိမ်ပါဘူး ၊ သူလုပ်တဲ့ ကား, ဆိုင်ကယ် ပွဲစား အလုပ် က ရ တစ်လှည့် မရ တစ်လှည့် ၊ သိတဲ့ အတိုင်းပဲ ၊ သူ သာ ဦးစီးနိုင်မယ် ဆိုရင် ငါ က တစ်ဖက် က ဆိုင်တစ်ခုခု ဖွင့် လို့ရတယ် ၊ စီးပွားရေး ကို ဘယ်လိုလုပ်ရမယ် ဆိုတာ ငါ့လောက် သူ နားမလည်ဘူး …”

“ ကုန်သည်တွေ ကလည်း ကြာတော့ ငါ့ ပဲ သိတာပေါ့ ၊ ဟိုနေရာ ဆိုလည်း ငါ ဒီနေရာ ဆိုလည်း ငါ ပဲ ၊ ဒီကိစ္စတွေ ငါ လုပ်ရလို့ ပြောတာ မဟုတ်ပါဘူး ၊ သူ့ ကို ဖြစ်စေချင်တာပေါ့ ၊ ကြာတော့ ငါ့ မိဘ က ဘာမှ မပြောပေမဲ့ သူ့ ဟာသူ ရှောင်ဖယ်လာတယ် ၊ နောက်ဆုံး စိတ် အလို မကျမှုတွေက ငါ့ ပေါ်  စုပုံလာပြီး မကြာခဏ စကားများကြတာပေါ့ ၊ အရင်က ငါ သူ့ ကို အဲဒီလို စိတ်ဓာတ် ရှိလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဘူး ၊ အဲဒါက ငါ့ ရဲ့ Main ပြဿနာပဲ ”

“ ဟုတ်ပြီ ၊ အမင်း ရဲ့ ပြဿနာ ကို သိရပြီ ၊ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ နောက်မှာ အဖြေထုတ်ကြတာပေါ့ ၊ ခု ဒုတိယတစ်ယောက် ရဲ့ ရင်ဖွင့်တေးသံသာ ကို နားဆင်ရအောင် ”

•••••   •••••   •••••

ဒုတိယအလှည့် က “ အသော် ” … ။

အသော် က ဘာပြောရမလဲ စဉ်းစားနေပုံ နဲ့ နှုတ်ခမ်းကို ကိုက်လိုက်သေးတယ် ။

“ ငါ ကတော့ မိဘတွေ ရဲ့ဆန္ဒ ကို မလွန်ဆန်နိုင်တဲ့သူ ဆိုတော့ ကိုနိုင် နဲ့ လမ်းခွဲပြီး မိဘတွေ ပေးစား တဲ့ ကိုဘုန် းကို လက်ထပ် လိုက်ရတာ ဒီအထိ ရှင် တို့ သိ ပါတယ် ၊ ငါ ဟာ ကိုနိုင့် ကို လမ်းခွဲပြီး အိမ်ထောင်တစ်ခုအပေါ် မှာ အမြဲ သစ္စာရှိခဲ့ပါတယ် ၊ ကိုဘုန်း က အရင် က ရည်းစား မရှိခဲ့ဖူးဘူး ၊ ကိုနိုင့် ကိစ္စ နဲ့ ပတ်သက်ပြီး သူ က သဝန် တိုတယ် ၊ ကိုနိုင် နဲ့က စီးပွားရေး အရ တစ်ခါတလေ ဆက်ဆံရတာလည်း ရှိတာပေါ့ …”

“ သူ က အမြဲတမ်း သံသယမျက်ဝန်း နဲ့ ကြည့်တတ်တယ် ၊ တကယ်တော့ မိန်းမအားလုံးဟာ မျက်နှာမများချင်ကြတဲ့ လူချည်းပဲ ၊ ဒီ တစ်ယောက် ပဲ ချစ်ပြီး အိမ်ထောင်ဖက် ကိုလည်း ဒီ တစ်ယောက် ပဲ ဖြစ်ချင်တာပဲ ၊ ဒါပေမဲ့ စိတ်ကူး နဲ့ လက်တွေ့ဟာ ထပ်တူ ကျချင်မှ ကျတတ်တာပဲ ၊ သူ ကတော့ ငါ့ တစ်ယောက် ကို ပဲ ကြိုက်ပြီး လက်ထပ်နိုင်ခဲ့တာ ဆိုတော့ ကံကောင်းတာပေါ့ ၊ ငါ နဲ့ ကိုနိုင့် ကြားက ဆက်ဆံရေး ဟာ သန့်ရှင်းတယ် ၊ ဒါကို သူ့မှာ သံသယ အပူတွေ နဲ့ နေရတာ သူ့ အတွက် မငြိမ်းချမ်းဘူး ၊ သူ့ ကြည့်လိုက်ရင် မြုံစိစိ နဲ့ ၊ သေသေချာချာတော့ ငါ့ကို မပြောဘူး ဟ ၊ ငါတို့နှစ်ယောက် ကြား မှာ အဲဒီလိုချည်း မဖြစ်ချင်ဘူး ၊ ပွင့်ပွင့်လင်းလင်းပေါ့ ၊ ဒီလို ကိစ္စတွေ က ကြာလာရင် သူ့ ဘက် က ပေါက်ကွဲလာ မှာ စိုးရိမ်တယ် ၊ ငါ့ ပြဿနာကတော့ ဒါပဲ ၊ ဘာမှမဟုတ်ဘဲ လင်မယား ခဏခဏ စကားများ နေရရင် ကြာရှည်ကျ မကောင်းဘူးလေ ၊ တကယ်တော့ လက်ထပ်ခြင်း ဆိုတာ သူတို့ က ပိုင်ဆိုင်ပြီး ငါတို့ က ပိုင်ဆိုင် ခံလိုက်ရတဲ့ သားကောင်တွေ လိုပဲ ၊ အိမ်ထောင်ရေး မှာ နားလည်မှု နဲ့ အပေးအယူ တည့် မှ ဖြစ်မယ် ၊ ရည်းစားတုန်း က နားလည်ခဲ့တဲ့ အချစ် နဲ့ အိမ်ထောင်ရေး မှာ တည်ရှိတဲ့ အချစ် နဲ့ တခြားစီပဲလို့ ထင်တာပဲ …”

“ အသော် ပြောတာ ဟုတ်တယ် ”

ဇင်မင်းခင် က ထောက်ခံတယ် ။

•••••   •••••   •••••

“ ကဲ … ကဲ … ဒီတစ်ခါ ဒေါက်တာဇင်မင်းခင် ရဲ့ အလှည့်ပါ ”

“ အဇင် … ရှင် ကတော့ ကျောင်းတုန်း က ပြောဖူးတဲ့အတိုင်း ရှင် လိုချင်တဲ့ အိမ်ထောင်ရေး တစ်ခု တည်ထောင်နိုင်တယ်လို့ အမင်း ထင်တယ် ”

“ အမယ်လေး … ဒေါ်ယမင်းတင်အောင် … ကိုယ် ခုချိန်မှာ စီးပွားရေးလောက ထဲ ကို တောင် ပြေး ဝင်လိုက်ချင်သေးတယ် ၊ ရှင်တို့ ကို ကြည့်ရတာ ဘာပဲဖြစ်ဖြစ် ကိုယ့်ထက်တော့ လွတ်လပ်နေတယ်လို့ ထင်တာပဲ ၊ ကိုယ့် ဘဝ အကြောင်း ကို ပြောရရင်တော့ ‘ What if the meaning of my life ’ လို့ မေးရမလို ဖြစ်နေပြီ ၊ အများ အမြင် မှာတော့ ကိုယ့် ဘဝ ဟာ အားကျစရာ ကောင်းပါတယ် ၊ ယောက်ျား က ဆရာဝန် ၊ ယောက္ခမ နှစ်ယောက်လုံးက ဆရာဝန် ၊ ကိုယ် က ဆရာဝန် ၊ ဒီကြားထဲ ကိုယ့် အဖေ ကလည်း ဆရာဝန် ၊ တစ်အိမ်လုံး မိသားစုဝင်တွေ ဆရာဝန် ဖြစ်နေတဲ့ အခါ တခြား အကြောင်းအရာ ပြောဖို့ အခွင့်အရေး နည်းပါးလာကြတယ် ”

“ ကိုယ်တော့ နေ့တိုင်း Liver တွေ ၊ Lung တွေ ၊ Arteries တွေ မြင်နေရတာက တစ်မျိုး ၊ အိမ်ရောက်ရင်လည်း ကြားရတဲ့ စကား က ဒီထဲက မထွက်ဘူး ၊ တစ်ပတ်တစ်ခါလောက် လူစုံတဲ့ ထမင်းစားပွဲ မှာလည်း ဒီအကြောင်းတွေပဲ ဖြစ်နေတယ် ၊ တစ်ခါတလေ တူညီတာတွေ များလွန်းတော့ မတူညီတာလေးတွေကို တောင့်တမိတယ် ၊ တစ်ခါတလေ ထမင်းချက် အဒေါ်ကြီး ပြောတဲ့ ဈေး ထဲ က အကြောင်း ၊ လမ်း မှာ ရန်ဖြစ်ကြတဲ့ အကြောင်း ၊ သူတို့ ရွာ က အကြောင်းတွေ ကို ကိုယ့်မှာ မက်မောစွာ နားထောင်နေမိတယ် ”

“ ဒီဆရာဝန် ဘဝ ကို အမှန်အတိုင်းပြောရရင် ကိုယ်တိုင် ရွေးချယ်ခဲ့တာ မဟုတ်ဘူးလေ ၊ မိဘတွေ ရွေးချယ်ခဲ့တာ ဆိုတော့ … ၊ ကိုယ် ဝါသနာ ပါရာ မှာ နစ်မြုပ်နေခွင့် ရတာ ဆိုရင်တော့ ငါ ဒီလောက်တော့ ခံစားရမှာ မဟုတ်ဘူး ၊ တစ်ခါတလေ Uterus ရောဂါတွေ ကြည့်ပြီး ကိုယ် က Maiden ဘဝကို နှမြောနေမိတယ် ၊ ကိုယ် ပြောတာတွေဟာ ခုချိန်မှာ ရယ်စရာကောင်းနေလိမ့်မယ် ၊ ကိုယ့်မှာ Body တွေ ကို မြင်တွေ့နေရတော့ တကယ်တော့ လူဟာ ဘာမှ မဟုတ်ပါလား ဆိုတဲ့ အသိတရား ရနေပြီ ၊ အလုပ် ပြန်ချိန်တွေကလည်း သူ နဲ့ ကိုယ် နဲ့ ဘယ်တော့မှ မတူဘူး ၊ သူ က မနက် ဆေးခန်း ဝင်ရတော့ ကိုယ် မနိုးခင် သွားနှင့် ပြီ ၊ ည ကျလည်း သူ စောရင် စောတယ် ၊ ကိုယ် ကလည်း နောက်ကျတတ်တယ် ၊ လင်မယား နှစ်ယောက် အတူတူ ထမင်း မစားဖြစ်တာတောင် ကြာပြီ ၊ အေးအေးဆေးဆေးလည်း စကား မပြောဖြစ်ဘူး ၊ အဓိက ကတော့ ကိုယ် တို့ ဟာ Life တစ်ခုထဲမှာ နစ်မြုပ်နေတယ်လို့ ထင်တယ် ၊ အဲဒီ အတွက် ငြီးငွေ့မှု တအား ဖြစ်တယ် ၊ သူ လည်း အရမ်းပင်ပန်းတယ် ၊ ‘ ကိုနေပိုင် ’ ကို မိဘ သဘော တူတယ် ဆိုပေမဲ့ ငါတို့ လည်း မေတ္တာ ရှိတော့ တခြား ပြဿနာတော့ မရှိပါဘူး ”

“ ကိုယ် စဉ်းစားတာ တစ်ခုတော့ ရှိတယ် ၊ ကိုယ်တို့ Relax ဖြစ်အောင်နေပြီး တစ်ယောက် နဲ့ တစ်ယောက် အချိန် ပေးဖို့ လိုအပ်တယ် ၊ အဲဒီလိုမှ မလုပ်ရင် ကိုယ်တို့ ရဲ့ Body တွေဟာ စက်ရုပ်တွေ မဟုတ်ဘူးလေ ၊ သေဆုံးကုန်လိမ့်မယ် ၊ ရှင်တို့ နဲ့ ခုလို စကား ပြောလိုက်ရလို့ ခံသာသေးတယ် ၊ ကိုယ်တို့ မှာ အဓိက ပြဿနာ က အချိန် ရှားပါးလွန်းတယ် ၊ အိမ်ထောင်တစ်ခုကို ကြာရှည်ခိုင်မြဲ ဖို့ ဆိုရင် တစ်ယောက် အပေါ် တစ်ယောက် အချိန်ပေးနိုင်မှု နဲ့ လည်း ဆိုင်မယ် လို့ ထင်တယ် ၊ မဟုတ်ရင်တော့ ကိုယ်တို့ သွေးတွေက ကြာလေ အေးလေ ၊ စိမ်းလေ ဖြစ်သွားလိမ့်မယ် … ဟားဟား …”

အဇင် က စကား ပြောရင်း သဘောကျစွာ ရယ်ပါသည် ။

“ အဇင် လိုအပ်နေတဲ့ အချိန်တွေ ကို အတိုးနဲ့ချေးမယ် ”

အသော် က ပြောတယ် ။

“ အဇင် Life ကလည်း တစ်မျိုးတော့ စိတ်ဝင်စားစရာ ကောင်းတယ် ၊ ခရီးတစ်ခုခု ကို ရက်ရှည် ထွက်ရင်လည်း တစ်နည်းအားဖြင့် လန်းဆန်းမှုတော့ ဖြစ်သွားမယ် ထင်တယ် ”

“ အမယ် ပြောတာကို ကိုယ် စဉ်းစားဖူးတယ် ၊ ကလေး မရခင် အပန်းဖြေတော့ ထွက်ဦးမယ်လို့ ၊ ကဲ … အမယ့်အလှည့် ၊ ပြော … စာရေးဆရာမ ဆိုတော့ ဇာတ်လမ်း အတုတွေတော့ မပြောနဲ့ နော် ”

“ စိတ်ချ ၊ ကျွန်မ ကလည်း ရှင်တို့ ကို ပြောချင်နေတာ ကြာလှပြီ ၊ ကိုနေနဲ့ ကျွန်မ က အနုပညာသမားချင်း အိမ်ထောင် ကျကြတာပါပဲ ၊ သူ က ကွန်ပျူတာ ဒီဇိုင်နာ ဆိုတော့ အမြဲတမ်း ကွန်ပျူတာ နဲ့ နပန်း လုံးနေတာပဲ ၊ ခုဆိုရင် ကွန်ပျူတာ ၊ အင်တာနက် ၊ ပုဂံနက် နဲ့ စုံနေတာပဲ ၊ တစ်ခါတလေ သူ့ ကို ကြည့်ရတာ Robot ( ရိုဘော့ ) စက်ရုပ်တစ်ရုပ် လိုပဲ ၊ လူကနေ စက်ရုပ်ဖြစ်နေတဲ့ လူသား ပဲ ၊ ခုခေတ်ကြီး က အရမ်းတိုးတက်တော့ သူ့ဦးနှောက် တွေ က အရမ်းအလုပ် လုပ်နေတယ် ၊ တစ်ခါတလေ သူ ပြောတဲ့ အကြောင်းအရာတွေ ကို စိတ် မဝင်စားသလို ၊ ကျွန်မ ပြောတဲ့ အကြောင်းအရာ ကို လည်း သူ က စိတ်ဝင်စားတာ မဟုတ်ဘူး ”

•••••   •••••   •••••

“ တစ်ခါတလေ ကျွန်မ ရင်ဖွင့်လိုတဲ့ အကြောင်းအရာ တွေ ကို စိတ်ရှည်စွာ နားထောင်ပေးမယ့် သူ လိုသလို ၊ အပြုံး နဲ့ နှစ်သိမ့်ပေးမယ့်သူ လည်း လိုအပ်တယ် ၊ လိုအပ်ချက် တွေ ကို အလိုက်တသိ ဖြည့်ဆည်းပေးနိုင်မယ့် သူ လည်း လိုတာပေါ့ ၊ အဲဒီလို အရာတွေ ကို အဆင်သင့် ရှိတတ်တဲ့ မိခင် က မရှိတော့ သူ့ ကို ကျွန်မ မိခင်နေရာမှာ အစား ထိုးကြည့်ပေမယ့် မရခဲ့ဘူး ၊ ပုံသဏ္ဌာန် တူညီပြီး အထဲက အရသာ မတူညီတဲ့ ဘီစကစ် တစ်ခု ကို စား ရသလိုပဲ ”

“ ကျွန်မ စာတွေ ကို ပဲ ဖိရေးနေတဲ့ အချိန်တွေ မှာ သူ့ ကို မေ့ သွားတတ်တယ် ၊ သူ့ မှ မဟုတ်ပါဘူး ၊ အရာရာ ကို မေ့သွားတယ် ၊ သူ ကလည်း ကွန်ပျူတာ ခုံပေါ် ရောက်ရင် အရာအားလုံး မေ့သွားတယ် ၊ ကျွန်မတို့နှ စ်ယောက် ရဲ့ ဆက်ဆံရေးက ကြာလေ အေးစက်လေပဲ ၊ သူ ကိုယ့် အပေါ် အစာ မကျေတာ တစ်ခု ရှိတယ် ၊ ယောက်ျား က ဒီဇိုင်နာ ဖြစ်လျက် နဲ့ ကျွန်မဝတ္ထု မျက်နှာဖုံး ( Cover ) တွေ ကို သူ့ ကို ဘယ်တော့မှ ဆွဲမခိုင်းဘူး ၊ ကျွန်မ သဘော က ကျွန်မ လုပ်တဲ့ အလုပ်တစ်ခု ကို နှစ်ယောက် ပေါင်းပြီး လုပ်တယ်လို့ မမြင်စေချင်လို့ ပဲ ၊ အဲဒါကို သူ က တစ်မျိုး မြင်တယ် ၊ ကျွန်မ ကိစ္စ တွေ ကို သူ  ဝင် မပါသလို သူ့ ကိစ္စ တွေ ထဲလည်း ကျွန်မ ဝင်မပါဘူး ”

“ နောက်ပြီး ကျွန်မ ရဲ့ ရိုဘော့စက်ရုပ် က စကားအရမ်း နည်းပြီး အေးတော့ သူ့ ရင် ထဲမှာ ဘာဖြစ်နေမှန်း တော်ရုံနဲ့ မသိရဘူး ၊ တစ်နေ့တုန်းကတော့ ကွန်ပျူတာ ကို အမှတ်တမဲ့ ဖွင့်ကြည့်ရင်း သူ့ ခံစားချက်တွေ ရေးထားတာ တွေ့ ရတယ် ၊ ကျွန်မ လည်း တော်တော် အံ့ဩသွားတယ် ၊ အဲဒီနေ့ က စကားများထားတဲ့ နေ့ပေါ့ ”

“ ကျွန်တော့် မိန်းမ စာရေးဆရာမ ‘ မယ်ဘုန်းခင် ’ ဟာ ကျွန်တော့် ကို အရမ်း အထင်သေးပါတယ် ၊ ကျွန်တော့် ကို ဥပေက္ခာ ပြုထားပါတယ် ၊ ကျွန်တော့် ခံစားချက်တွေ ပြည့်နှက်လာတိုင်း ကွန်ပျူတာ နဲ့ ပဲ အဖော် လုပ်ခဲ့ရပါတယ် ၊ သူ ကျွန်တော့် အပေါ် ကောင်းပါတယ် ၊ ဒါပေမဲ့ မေ့ထားတဲ့ အချိန်တွေ များတယ် ၊ ကျွန်တော် မပြောရက်ပါ ၊ သူ စာရေးပျက်မှာ စိုးရိမ်ပါတယ်တဲ့ ”

“ အလို … ရှင့် ရဲ့စက်ရုပ်ကြီးက အလာကြီးပါလား ၊ ရယ်ရတယ် ”

“ အမယ် … အမှန်တော့ ရှင့် လစ်ဟင်းမှုတွေ များပြီလို့ ထင်တယ် ”

“ အမင်း ရယ် … စာရေးတယ် ဆိုတဲ့ အလုပ်က ဈာန် ဝင်တဲ့ အချိန်မှ ရတာ ဆိုတော့ … ”

“ ဒါတော့ ဒါပေါ့ဟာ ၊ သူ့ခံစားချက်လေး က ငါတောင် သနားလာပြီ ”

“ အဇင် စုတ် … ရှင် နဲ့ ဘာဆိုင်လို့လဲ ”

အသော် က အဇင့် ကို ထုရင်း ပြောတယ် ။

“ ငါတို့ အားလုံး ရဲ့ တစ်ယောက်ချင်း ပြဿနာ က ဘာမှ သိပ် မကြီးကျယ်ဘူးလို့ ထင်တယ် ၊ ဘယ်လို ဆိုရင် ပိုပြီး အဆင် ပြေနိုင်မလဲ ၊ စာရေးဆရာမ အမယ့် ကိုပဲ အကြံ တောင်းရမှာပဲ ”

အသော် က ခေါင်းတညိတ်ညိတ် နဲ့ ပြောတယ် ။

“ ရှင်တို့ကို တစ်ခု ပြောမယ် ၊ ရိုးတံ နဲ့ ပန်းပွင့် ကို ဘယ်လို မြင် သလဲ ၊ အဲဒီ ရိုးတံ နဲ့ ပန်းပွင့် ရဲ့ကြားထဲက ဆက်သွယ်မှု ကို ဘယ်သူမှ မမြင်နိုင်ကြဘူး ၊ ပန်းပွင့် ဟာ ခိုင်မာတဲ့ ရုံးတံ မရှိရင် မဖြစ်သလို ၊ ပန်းပွင့် မရှိရင်လည်း ရိုးတံဘဝ ဟာ အဓိပ္ပါယ် ရှိလာနိုင် မှာ မဟုတ်ဘူး ၊ မမြင်နိုင်တဲ့ ဆက်သွယ်မှု နဲ့ ရိုးတံ နဲ့ ပန်းပွင့် ကို ချည်နှောင်ထားတယ် ၊ တစ်ခု နဲ့ တစ်ခု ဒွန်တွဲ နေတယ် ၊ ကျွန်မတို့ရဲ့ ဘဝ ကလည်း အဲဒီသဘောတရား နဲ့ တူတယ် ၊ ရိုးတံ ကို ပစ်ပယ်လို့လည်း မရဘူး ”

•••••   •••••   •••••

“ ပန်းပွင့်တွေ မှာ တောင် သူတို့ နဲ့ လိုက်ဖက်ညီတဲ့ ရိုးတံတွေ ဖွဲ့စည်းပေးထားတယ် ၊ ကျွန်မ တို့လည်း ဘဝ မှာ လိုချင်တဲ့အရာ ကို ရွေးချယ်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြတယ် ၊ ဘယ်သူ က မှ အဲဒီ ဆုံးဖြတ်ချက် ကို မမှားချင်ကြဘူး ၊ အိမ်ထောင်ကွဲ ဘဝ ကို ဘယ်သူမှ မရောက်ချင်ကြဘူး ၊ ဘာကိုမှလည်း အဆုံးရှုံး မခံချင်ကြဘူး ၊ အဲဒီ မဆုံးရှုံးချင် တဲ့ အရာကို ကာကွယ်ဖို့ နည်းတစ်နည်းတော့ လိုအပ်တယ် ၊ အဲဒါကတော့ ကိုယ်စီ ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အရာတွေကို ပွင့်လင်းစွာ တိုင်ပင် ဆွေးနွေးဖို့ပဲ ”

“ အမယ် ပြောတာ လက်ခံတယ် ၊ အသော် ကတော့ သူ့ ကို အိမ်ထောင်ရေး မှာ သစ္စာမြဲမယ့် ၊ လူ့ကျင့်ဝတ်နဲ့ ညီတဲ့ သူ ဖြစ်စေချင်တယ် ”

“ အဇင် ကတော့ တစ်ခါတလေ တစ်ရေးနိုးရင် အားလုံးကို စွန့်ပြီး တရား အားထုတ်ချင်မိတယ် ၊ တကယ်တမ်းကျတော့ ပါရမီ ဆိုတာ မပါသေးတော့ လူ့ လောကစစ်ပွဲ ထဲ မှာ နေ နေရဦးမှာပဲ ”

“ ဒီ လူ့လောက စစ်ပွဲထဲမှာ နေသရွေ့ ကိုယ် ရွေးချယ်တဲ့ ဘဝ မှာ နေပျော်စရာ ဘဝတစ်ခု ဖြစ်အောင် ၊ ကျေနပ်နိုင်အောင် နေရမှာပဲ ၊ သိပ်မကြီးထွားသေးတဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းရမှာပဲ ၊ ကျွန်မတို့ ပန်းပွင့်တွေ လှပဖို့ ရိုးတံ ဟာ ခိုင်ခံ့ဖို့ လိုအပ်တယ် ”

“ အမင်း ကတော့ သူ မလုပ်ချင်တာ ဇွတ်မလုပ်ခိုင်းပါဘူး ၊ ပြေလည်အောင် ညှိယူဖို့ စဉ်းစားထားတယ် ”

“ ကျွန်မ ကတော့ ဝတ္ထုအတွက် Plot တစ်ခု ရပြီ ”

ထိုနေ့ကတော့ ကျွန်မတို့အားလုံး စကားဝိုင်းလေး ရုပ်သိမ်းပြီးချိန်မှာ ထူးခြားစွာ ပို၍ လွတ်လပ်ပေါ့ပါးနေပါသည် ။

ညရောက်တော့ စာရေးစားပွဲမှာ မထိုင်ဖြစ်တော့ဘဲ ကွန်ပျူတာ အခန်းထဲက ရိုဘော့စက်ရုပ် နား သွားရင်း ကော်ဖီတစ်ခွက် ချပေးတော့ သူ အံ့ဩသွားတယ် ။ သူ့ ဘေးနား ထိုင်ရင်း သူ့ ရဲ့ ဒီဇိုင်းတွေကို ကျွန်မ ဝေဖန်ပေးတယ် ။ သူ က ကျွန်မ ကို အခြား လုပ်ထားတဲ့ ဒီဇိုင်းတွေ ထုတ်ပြတယ် ။ သူ့ ရဲ့ လှုပ်ရှားမှု နဲ့ စကားသံတွေ က ပို သွက်လက်လာတယ် ။

“ ကျွန်မ နောက်ထွက်မယ့် ဝတ္ထုမျက်နှာဖုံး ပုံ ကို ဆွဲပေးရမယ်နော် ” လို့ ပြောတော့ သူ က အံ့ဩစွာ ခေါင်း စောင်းကြည့်ပြီး ရယ်မောရင်း …

“ ခုတော့ … ကိုယ့် မိန်းမ ကိုယ့် ကို အသုံး လိုအပ်လာပြီပေါ့ ၊ အလှဆုံး ဖြစ်အောင် လုပ်ပေးရမှာပေါ့ ၊ ခေါင်းစဉ် က ဘာတဲ့လဲ ”

“ ရိုးတံ နဲ့ ပန်းပွင့် ”

သူ့ နှုတ်ခမ်း က “ ရိုးတံ နဲ့ ပန်းပွင့် ” လို့ လိုက်ရေရွတ်လိုက်တယ် ။

ကျွန်မ ကလည်း “ ရိုးတံ နဲ့ ပန်းပွင့် ” လို့ ပြောရင်း ခပ်နွေးနွေး ရယ်မောလိုက်ပါတော့တယ် ။

◾ ချောအိမာန် ( မန္တလေး )

📖 ကလျာမဂ္ဂဇင်း
      ၂၀၀၄ ၊ စက်တင်ဘာလ ။
     
www.facebook.com/aung.naingoo.3726613

.

 

Friday, April 22, 2022

လာမကြော နဲ့ မောသွားမယ်


 

❝  လာမကြော နဲ့ မောသွားမယ် ❞

နေ့လယ်ပိုင်း ဆိုင် မှာ လူပါးချိန် ဖြစ်၍ ပက်လက်ကုလားထိုင်တွင် ခါးဆန့်ရင်း မှိန်းနေမိသည် ။ နေ့စဉ် ရောင်းရငွေ နှင့် အထွေထွေ ကုန်ကျစရိတ်များ ကို စိတ် တွက် ဖြင့် စာရင်း ချနေမိသည် ။ ဆိုင် က ဖွင့်စ ဆိုတော့ အကျိုးအမြတ် ကို မှန်းဆ၍ မရသေး ။ တဖြည်းဖြည်းတော့ လည်ပတ် ပြီး အမြတ် ထွက်လာလိမ့်မည် ဟု ယုံကြည် နေသည် ။

တပ်မတော် မှ နုတ်ထွက်ခွင့် ရသောအခါ လုပ်သက်ဆုကြေးငွေ နှစ်ထောင် ကျော် ထုတ်ရသည် ။ ဆုကြေးငွေ လေး ကို ရင်းနှီးမတည်ပြီး စီးပွားရေး လုပ်ငန်း တစ်ခု အဖြစ် လက်ဖက်ရည်ဆိုင် တည် ပါလား ဟု အပေါင်းအသင်းများ က တိုက်တွန်းကြသည် ။ ကျွန်တော့် အိမ် ကလေးက ဈေး နှင့် လည်း နီး ၊ ကားမှတ်တိုင် နှင့်လည်း မဝေးလှသဖြင့် ပေးကြသည့် အကြံ ကလည်း မဆိုး လှသောကြောင့် အိုးခွက် ၊ ပန်းကန် ၊ မှန်ဘီရိုအသေးတစ်လုံး ၊ စားပွဲကုလားထိုင် မီးဖို စသည့် တိုတိုထွာထွာ လိုတာလေးများ ဖြည့် ဆည်းလိုက်သောအခါ ရှိတာ အကုန် ပြောင်ခါသွားသည့် အပြင် မခင်မူ ၏ နား ကပ် ပါ ပြုတ် သွားလေတော့သည် ။

နေ့စဉ် အရောင်းပစ္စည်းများ အတွက် လိုအပ်ချက်ကိုတော့ အကြံ ပေးသည့် အပေါင်းအသင်း ရောင်း ရင်းများထံ မှ ဆွဲလွဲ ထည့်လိုက်သော အခါမှာတော့ သာကေတမြို့ ခုနှစ်ရပ်ကွက်ဈေး အနီး မှာ “ စစ်ပြန် ကြီး ကဖီး ”  ရယ် လို့ ဆိုင်းဘုတ်ကြီး တင်နိုင်ခဲ့ပါပြီ ။

“ ကိုရေ ခဏ ခဏ ”

အိမ်ရှေ့ခန်း လက်ဖက် ရည်ဆိုင် အရောင်းစားပွဲ မှ မခင်မူ ၏ ခေါ်သံကြောင့် ဆိုင်ရှေ့ ထွက်လာသော အခါ မခင်မူ ၏ ရှေ့မှ စားပွဲလွတ် တစ်လုံးတွင် အသက်နှစ်ဆယ်ခန့် အရွယ် လူငယ် ကုလားတိမ်လေး တစ်ယောက် ထိုင် နေသည် ကို တွေ့လိုက်ရသည် ။

“ ကို ၊ နို့ဆီ ရမယ် တဲ့ ယူမလား ”

ဇနီးသည် မခင်မူ ၏ စကားနှင့် ကုလားလေး၏ အမူအရာ ကြောင့်  ကျွန်တော် အတော် စိတ်ပျက်သွားမိသည် ။ ရမည် ဆိုသည့် နို့ဆီ ကလည်း  အလွန်ရှား ၊ လာစပ်သည့် ပုဂ္ဂိုလ် ကလည်း ကုလားတိမ်ဆိုတော့ လိမ်မလို့ ဝင်လာတာများလား ဟု သံသယ ဖြစ်မိသဖြင့် ကုလားလေးနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံလွတ် တစ်လုံး တွင် ဝင် ထိုင်လိုက်သည်ဆိုလျှင်ပင် ကုလားလေး မှာ အမူအရာ အတော် ပျက်သွားသည် ။ ကျွန်တော် ဝတ် ထားသည့် စစ်စွပ်ကျယ် လက်ပြတ် ၊ လည်ပင်း မှာ ပတ်ထားသည့် စစ်တပ်က မျက်နှာသုတ်ပဝါ ၊ ရူပါကလည်း အရာရှိကြီးလိုလို ဘာလိုလို ဆိုတော့ လွယ်လွယ် နဲ့ လိမ်လို့ ရမှာပဲ ထင်ပြီး “ စစ်ပြန်ကြီး ”  ဆိုတဲ့  ဆိုင်းဘုတ် ကို မမြင်ဘဲ ဝင်လာတာ ဖြစ်ရမည် ။

“ ဘယ်က ရမှာလဲကွ မင်း နို့ဆီ က ”

ကုလားလေး၏ မျက်နှာကို တည့်တည့် မကြည့်ဘဲ မျက်လုံးထောင့် ကပ်၍ စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး အရာရှိကြီး လေသံမျိုးဖြင့် ဟောက်မေးလေး မေးလိုက်သည် ။ 

“ ဟို ဟို တိုင်းဌာနတစ်ခု က ပစ္စည်း လာထုတ်တဲ့ လူတွေ ဆီကပါ ။  ဆ ဆရာ ”

ကုလားလေး အသံတွေ တုန်နေသည် ။ 

ဟင်း ဟင်း ဘယ်ရမလဲကွာ ၊ ဒီ အထာတွေ ဟာ ကျွမ်း ပြီးသားပါ ။ လိမ်မယ်များတော့ မကြံနဲ့ ၊ နားရင်း အုပ်ခံရမယ် ဟု စိတ်ထဲက ရေရွတ် ကြိမ်းမောင်းနေမိသည် ။

“ ဘယ်လောက် ရမှာလဲ ၊ ဘယ်မှာ လိုက် ယူရမှာလဲကွ ”

“ များများတော့ မရနိုင်ဘူး ဆရာ ၊ နှစ်ပုံး သုံးပုံး လောက် ရနိုင် မှာပါ ၊ ၂၅ လမ်း ထိပ် က အဝေးပြေးကားဂိတ် မှာ လိုက်ယူရမှာပါ ”

နှစ်ပုံး သုံးပုံး ဆိုသည်မှာ နှစ်သေတ္တာ သုံးသေတ္တာဟု ဆိုလိုသည် ။ တစ်သေတ္တာ မှာ လေးဒါဇင် ဆိုတော့ သုံးသေတ္တာ သာ ရမည်ဆို လျှင် ဆယ့်နှစ်ဒါဇင် ၊ ကိုယ် သုံးပြီး အကျန် ကို ပြန် ရောင်းဦး အရင်း ရပြီး အမြတ် ကျန်နိုင်သည် ။

“ ဘာတံဆိပ်တွေလဲ ကွ ၊ ဈေးကော ပြောလိုက်ရဲ့လား ”

“ အဲဒါတော့ မသိဘူးဆရာ ၊ သူတို့နဲ့ တွေ့တော့ ကြည့်ညှိ ပေါ့ ဆရာ ၊ ကျွန်တော်တို့ က ပွဲခ ပဲ ရတာပါ ”

ဟုတ်လား မဟုတ်လားတော့ မသိ ။ ပေါက်ဈေး နှင့် တွက်ကြည့် မိသည် ။ ကုလားမခြင်းတောင်း ဆိုလျှင် သမဆိုင်ဈေး တစ်ရာ့ခုနစ်ဆယ် ကျော် ၊ ဘလူးခရော့စ် ဆိုလျှင် တစ်ရာ့ငါးဆယ် ကျော် မှောင်ခိုဈေး ဆိုလျှင် တစ်သေတ္တာ ကို အနည်းဆုံး နှစ်ရာ့ငါးဆယ် တော့ ပေးရလိမ့်မည် ။ သုံးသေတ္တာ ဆိုတော့ ငွေခုနစ်ရာ ကျော် လောက် လိုသည် ။ 

ယခုနေအခါ နို့ဆီ သာ အမှန်တကယ် ရမည်ဆိုပါက လိုချင်သည် ။ မှန်ဗီရိုထဲမှာ အလှပြထားရန် လိုအပ်သလို ၊ ချက်နို့ဆီ နဲ့ မဖျော်ပါ နဲ့ ဟု ဆိုလာသူ လူအိုလူနာများ အတွက်လည်း မရှိမဖြစ် လိုအပ်သည် ။ ပို တာ ကို ရောင်းစားဦးတော့ မရှုံးသည့် အပြင် အမြတ် ရဦးမည် ။ မခင်မူ ကို ကြည့်လိုက် တော့လည်း လိုချင်သည့် အမူအရာ ကို ပြနေသည် ။

“ တို့ က ချက်နို့ဆီ သုံးတာပါကွာ ၊ လိုတော့ မလိုပါဘူး ၊ ဒါပေ မယ့် မှန်မှန်ကန်ကန် ဆိုလျှင်တော့ နည်းနည်းပါးပါးတော့ ကူညီရတာ ပေါ့ မင်း လဲ အလုပ် ဖြစ်အောင်လို့ပါ ။ ခက်တာက ဘာရမယ် ညာရမယ် နဲ့ အလိမ် ခံရတာတွေ များလွန်းလို့ သတိထား နေရတယ်ကွ ”

“ ဟာ ဆရာကလဲ ၊ ကျွန်တော်တို့ ကို ပေါင်းကြည့်ပါဦး ဆရာရယ် ၊ ဆရာတို့ က ဆိုင်သစ် မို့ ကျွန်တော်တို့ ကို မသိတာပါ ။ ဒီ အနားက ဆိုင်တွေ အားလုံးအတွက် ကျွန်တော်တို့ ပဲ ရှာ ပေးနေရတာပဲ ၊ တစ်နပ်စား မလုပ်ပါ ဘူး ၊ ပစ္စည်း ရပြီးမှ ပိုက်ဆံ ပေးရတာပါ ဆရာရယ် ၊ အမှားအယွင်း မဖြစ်နိုင်ပါဘူး ”

“ ကောင်းပြီလေ ၊ မင်း ခဏ စောင့်ဦး ၊ ကဲ ခင်ရေ ခဏ လာဦး ” 

မခင်မူ ကို အတွင်းခန်း သို့ ခေါ်၍ တိုင်ပင်ရသည် ။

“  ကဲ ခင် ၊ ကိုယ် လိုက်သွားကြည့်မယ် ၊ ပိုက်ဆံပေးစမ်း ၊ ဒီနေ့  ရောင်းရတာနဲ့ ဆိုရင် တစ်ထောင်လောက် ရနိုင်မလား ”

“  ဒီနေ့ဟာနဲ့ ပါဆိုရင် ကိုးရာ လောက်တော့ ရှိတယ် ၊ ပစ္စည်း မရဘဲနဲ့ တော့ ပိုက်ဆံ လုံးဝ မပေးနဲ့နော် ကို ”

မခင်မူ က စိုးရိမ်သံဖြင့် သတိပေးသည် ။ ပစ္စည်းရမည် ပြောပြီး အလိမ် ခံရတဲ့ ဇာတ်လမ်းတွေ ကြားဖူးနေ၍ ဖြစ်သည် ။ အိမ် မှာ ဆွမ်းခံကြွသော ဘုန်းဘုန်း ကို သွပ် နှင့် အိမ်ရိုက်သံ ရမည် ၊ လျှောက်လွှာ တွေ ပြေစာအတုတွေ ပြပြီး အလိမ် ခံလိုက်ရသည်မှာ မကြာသေး ။

“ ငါ နားလည်ပါတယ်ကွာ ၊ ရော့ ပတ္တမြား ၊ ရော့နဂါး ပေါ့ ။ ပစ္စည်း မရဘဲနဲ့ ပိုက်ဆံ ဘယ် ပေးလိမ့်မလဲ ၊ စိတ်ချစမ်းပါ ”

အကြိမ်ကြိမ် အဖန်ဖန် ရေတွက်ပြီး မှ သားရေကွင်း ဖြင့် ပတ် ထားသော ငွေ ကိုးရာ ကို စစ်တပ်သုံး လက်ကိုင်အိတ် အစိမ်းလေးထဲ တွင် ကျကျနန ထည့် ၍ ချိုင်းကြားမှာ ပြားနေအောင် ညှပ်လိုက်ပြီး ဂျန်းဂဲဟက် ခေါ် တပ်မတော်သုံး အနားကျယ် ဦးထုပ်အစိမ်းပုပ် ကို ဆောင်း၍ ကုလားလေးနှင့် အတူ ကားမှတ်တိုင် ရှိရာသို့ လှမ်း ထွက်အလာ မကြာမီ ဆိုင်ဘက်ဆီမှ လက်ခုပ်သံ ကြား ၍ လှည့် ကြည့်လိုက်ရာ လက်ယပ်ခေါ် နေသော ဇနီးသည် မခင်မူ ကို မြင်တွေ့လိုက်ရသည် ။

“ ကိုရေ ၊ ခဏလေး ပြန်လာပါဦး ” 

ဘာများ ဖြစ်နေပြန်ပြီလဲ ၊ ပိုက်ဆံ ထပ်ဖြည့်ပေးမလို့နဲ့ တူတယ် ။ လောဘ ကလဲ အကြီးသား ။

“ ဘာတုံးဟ ”

“ ပိုက်ဆံ ကို အထူး သတိထားပါနော် ။ ပစ္စည်းလက်ရောက်ပြီးမှ ငွေချေပါလို့ ”

“ အမယ်လေးကွာ ၊ ငါ ဘာများလဲလို့ ဒီမှာ ယောက်ျားကွ ၊ စစ်ထွက် ယောက်ျား ၊ အူတူတူ ဆမူ မဟုတ်ဘူး ၊ စစ်တပ်က ထွက်တဲ့ ယောက်ျား ၊  နုံတုံတုံ အတတကောင်များ အောက်မေ့လို့လား ၊ စိတ်ချစမ်းပါကွာ ”

ကုလားလေး ရပ်စောင့်နေသော ကားမှတ်တိုင်နား ရောက်လာ သောအခါတော့ ကျွန်တော့် လက်မှ နာရီမှာ နှစ်နာရီ ပင် ထိုးလုနေပြီ ။ သာကေတဘတ်စ်ကား ဆိုတာကလည်း အများ ကြားသိတော်မူကြသည့် အတိုင်း မှတ်တိုင်တိုင်း မှာ ဆင်းသူ တစ်ယောက် တက်သူ တစ်သိုက် ၊ တွယ်လိုက်သူ တစ်အုပ်ကြီး ၊ တစ်စီးလာ ရပ်မပေး ၊ နှစ်စီးလာ တက်  မရ ။

“ ကဲ ချာတိတ် ၊ ဒီ တစ်စီး လာရင်တော့ ရအောင်သာ တိုး တက်ပေတော့ကွာ ”

စတုတ္ထမြောက် ဆိုက်ရောက်လာသော နံပါတ်သုံး အမြန်ကား ကို နှစ်ယောက် အတင်း တိုးတက်လိုက်ကြသည် ။ ကုလားလေးကို ရှေ့မှာ ထား၍ ပိုက်ဆံ ကိုတော့ ချိုင်းကြားမှာ ပြားသထက် ပြားအောင် ဖိကပ်၍ ညှပ်ထားသည် ။ သတိ ဆိုတာ ပိုသည် ဟု မရှိ ။ ကျပ်သည့် ကြားမှ တအား တိုး၍ အထဲ ရောက်အောင် ဝင်ပြီး မတ်တပ်ရပ်လျက် အသက် ရှူ ကျပ်စွာ လိုက်ပါလာခဲ့သည် ။ ကိုရွှေကုလား၏ ချိုင်းပက်ကြားမှ ဆိုးရွားလှသည့် အနံ့ကြောင့် အသက်ရှူခြင်း အလုပ် ကို တစ်ချက်ရှူ နှစ်ချက်မှုတ် စနစ်ဖြင့် ခရီး ဆက်နေရသည် ။

ယာဉ်မောင်းဆရာ ၏ ကြိမ်းမောင်းသံ ၊ လက်မှတ်ရောင်းရဲဘော် ၏ ဟိန်းဟောက်သံ ၊ ခရီးသည်များ ၏ ဘုရား တသံ ၊ အချင်းချင်း တက်နင်းမိ၍ ရန်ဖြစ်သံများ အဆုံးဝယ် လမ်းသုံးဆယ် မှတ်တိုင် သို့ ရောက်၍ နှစ်ယောက်သား ရုန်းကန် တိုးထွက်၍ ခုန်ဆင်းလိုက်ရပုံမှာ စိန်မာဒင် ၏ သား မင်းသား မိုးဝင်း ကွန်ဖူး ကပုံလေး နှင့် တူသေးတော့သည် ။

၂၇ လမ်း နှင့် ကုန်သည်လမ်း ထိပ် ရှိ အဝေးပြေး ကားဂိတ်တစ်ခု ၏ ရှေ့သို့ ရောက်သောအခါ

“ ဆရာ ဒီက ခဏလေး စောင့်ပါနော် ၊ ကျွန်တော် ဂိတ်မှူး ကို မေး ကြည့်လိုက်ဦးမယ် ”

ကိုရွှေကုလား မိန့်ကြားသည့်အတိုင်း မတ်တပ် ရပ်၍ စောင့်ဆိုင်း နေစဉ် ကုလားလေးသည် ဂိတ်မှူး ဟု ယူဆရသူ နှင့် တစ်စုံတစ်ခု မေးမြန်း ပြောဆိုနေသည် ကို မြင်ရသည် ။ မကြာမီ ကုလားလေး ပြန်လာသည် ။

“ ဆရာ ဒီမှာပဲ စောင့်နေပါနော် ၊ ဟိုလူတွေ တည်းခိုခန်း မှာ ပဲ ရှိသေးတယ်တဲ့ ၊ ကျွန်တော် လိုက် သွားလိုက်ဦးမယ် ”  

“ ကောင်းပါပြီတဲ့ဗျာ ”  

ကုလားလေး ထွက်သွားသောအခါ ချိုင်းကြားမှ ညှပ်ထား၍ ချပ်ပြားနေသော အိတ်ကလေး ကို သေချာစွာ ပြန်လည်စစ်ဆေးမှုပြု လိုက်သည် ။ အားလုံး အနေအထား မပျက် ။ ပိုက်ဆံ အရေအတွက် လည်း မလျော့သဖြင့် ပလက်ဖောင်း ပေါ် တွင် အားပါးတရ ထိုင်ချလိုက် သည် ။

အရပ် ထဲ လှည့်လည်၍ လိမ်စားတတ်သော ကုလားတိမ်လေးများ အကြောင်း ကို စဉ်းစားနေမိသည် ။ လင်ယောက်ျား ရုံး သွားနေခိုက် အိမ်ရှင်မ အမျိုးသမီးများ ကို ဒီက အစ်ကို မှာထားသော ပစ္စည်းများ နိုင်ငံခြား မှ ရောက်နေသည် ၊ ကာစတန်ရုံးကြီး မှာ လိုက်ယူပါ ဟူ၍လည်းကောင်း ၊ အဖိုးတန် ရှားပါးလှသော အင်္ကျီစ ထဘီစများ ရမည် လိုက်ကြည့်ပါ ဟူ၍  လည်းကောင်း ခေါ်သွားပြီး ပြေစာ အတုပြ ၊ ငွေရသည်နှင့် ပျောက်သွား တော့သည် ။ 

သူငယ်ချင်း တစ်ယောက် ဆို လျှင် ခံလိုက်ရသည့် အဖြစ်က သူများ နှင့်မတူ တစ်မူ ထူး၍ ဆန့်တငံ့ငံ့ ဖြစ် ခဲ့ရသည် ။ အပျံစားလေး တစ်ယောက် ကို ပြ၍ ရမည် ဟု ဆိုသဖြင့် လိုက်သွား မိသည် ။ မြို့အစွန် ချောင်ကျသော ရပ်ကွက်မှ အိမ်တစ်အိမ်တွင် အဖိုးအခ အကျေအလည် ရှင်းလင်းပြီး အလုပ် ဖြစ်တော့ မလို့ အိမ် အတွင်း တံခါးကန့်လန့် ထိုး နေတုန်း ဗြုန်း ဆို အိမ်ရှေ့ မှ ဆူဆူ ညံညံ ကြား၍ နားစွင့်နေစဉ်မှာပင် ကောင်မလေး က “ ကောင်စီ လူကြီးတွေ လာနေပြီ ”  ဆိုပြီး အခန်းတံခါးဖွင့် ထွက်ပြေးသဖြင့် သူခိုး မယား မငိုဝံ့ဖြစ်ခဲ့ရသေးသည် ။

“ အခု ဒီကုလားလေးလဲ ရမလားလို့ လာစမ်းကြည့်တာ ၊ မဟန်မှန်း သိတာနဲ့ လစ်ပြီ နဲ့ တူတယ် ၊ ဘာရမလဲကွာ ”  ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည် ။

အဝေးပြေးကားဂိတ် ၏ ရုံးခန်း မှ တယ်လီဖုန်း စားပွဲ တွင် ထိုင် နေသူ ဂိတ်မှူး ပင် အပြင် ထွက်တော့မလို့ ထင်ပါရဲ့ ။ ချွတ်ပြီး ချိတ်ထားသည့် တိုက်ပုံအင်္ကျီကို ပြန်ဝတ်နေပေပြီ ။ လက် မှ နာရီကို ငုံ့ ကြည့်လိုက်ရာ လေးနာရီ ကျော် နေပေပြီ ။ ကုလားလေး ထွက်သွားသည်မှာ တစ်နာရီနီးပါး ရှိပေပြီ ။ တိုက်ပုံ နှင့် ဆရာကို မေးကြည့်လျှင် ကောင်းမည် ဟု စိတ်ကူးရ သဖြင့် ရုံးခန်း ရှိရာသို့ လျှောက်သွားမိသည် ။

“ ဆရာကြီး ဒီမှာ တိုင်း ဌာနတစ်ခု က လူတွေ နို့ဆီသေတ္တာတွေများ လာ ထား သေးလားဗျ ”

“ မထားပါလားဗျာ ၊ ဘယ်တိုင်း ဌာနကလဲ ”

“ အဲဒါတော့ မသိဘူးဗျ ။ စောစောက ကုလားလေး ဆရာကြီး ကို  ဘာ လာပြောတာလဲ ”

“ ဘယ်သူ ဆိုလား မလာဘူးလားတဲ့ ၊ ကျွန်တော်လဲ မသိဘူး ၊ မလာဘူး ပြောလိုက်တယ် ”

“ ဟဲ ဟဲ ကျေးဇူးတင်ပါတယ် ဆရာ ”

“ ဟုတ်ပါပြီ ဖြစ်မလားလို့ လုပ်ကြည့်တာ သူ့ ဟာ သူ ကြောက်ပြီး ပြန်ခေါက်သွားတာပဲ ဖြစ်ရမယ် ၊ ဟင်း ဟင်း လာကြောရင် မောသွားမှာ ပေါ့ကွာ ”  ဟုသာ ကုလားလေးကို သနားသေးတော့သည် ။ 

ကဲ ၊ ပြန်တော့မည် ။ နီးနီးနားနားပါပဲ ။ နည်းနည်းလေး လျှောက် သွား လိုက်ရုံဖြင့် သာကေတ ကားမှတ်တိုင် သို့ ရောက်သွားနိုင်သဖြင့် ဂိတ် ကို ပတ်စီးပြီး ပြန်မှ ထိုင်ခုံနေရာရမည် ။ မှတ်တိုင် မှာ တော့ အကြံတူ လူအုပ်ကြီး ကလည်း မနည်းလှ ။ ရုံးဆင်းချိန် ဆိုတော့ ဂိတ် ပတ်စီးသူ များနေသည် ။

နာရီဝက်ခန့် စောင့်ပြီး မကြာမီ မာန်ဖီလာသော ကျွဲရိုင်းကြီး တစ်ကောင်အလား လူအုပ်ကြား သို့ တအား ပြေးဝင်လာသော နံပါတ်သုံး ကားတစ်စီး နောက်သို့ ပြေးလိုက်ကြပုံမှာ ရုပ်ရှင်ကြော်ငြာကား နောက်သို့ ကလေးတွေ စာရွက် လိုက်ကောက်သည် နှင့် တူသေးတော့သည် ။ တရုတ်သိုင်းမင်းသား ၏ လှုပ်ရှားပုံမျိုး ဖြင့် ကားပေါ် သို့ ခုန်တိုး လိုက်သော်လည်း အချည်းနှီးသား ။ နေရာ ကတော့ မရတော့ ၊ ခရီး တစ်ဝက် တွင် ဆင်းမည် ဟု ထင်ရသူ အနား တွင် ရပ်၍ ရှေ့နောက် ဝဲယာမျက်ခြည် မပြတ် အကဲခတ်ကြည့်ရှု၍ နေရာ လုရန် အသင့် အနေအထားယူထား လိုက်သည် ။

“ ကဲ ကဲ အထဲ ကို ရောက်အောင် ဝင်ပါ ။ အစ်ကိုတို့ အဘတို့ အစ်မတို့ ၊ ကျွန်တော် တောင်းပန်ပါတယ်နော် ၊ ကားပေါ် ရောက်ရင် ပိုက်ဆံကို ကိုင်ထား ၊ ခါးတို့ပြီး မတောင်းပါရစေနဲ့ ၊ တွယ်လိုက်မယ် ဆိုရင် မလိုက်နဲ့ ၊ ပြန်ဆင်း ၊ လိုက်ချင်ရင် အထဲ ရောက်အောင်ဝင် ၊ လူ တင်နိုင်မှ ပိုက်ဆံရမှာ ၊ ဓာတ်ဆီ က အလကား ရတာ မဟုတ်ဘူး ၊ အပေါက်ဝ မှာ ပိတ် မထားနဲ့လေ ၊ ရုံးချိန်ကြီး ဒီ အထုပ်ကြီး ဘယ်သွားမှာလဲ ၊ အပေါ်ရောက်အောင် တက် ၊ အထဲရောက်အောင် ဝင် ၊ အမျိုးသမီး ဟာ အထဲ မှာနေမှ သဘာဝ ကျတယ် ၊ ယောက်ျားတွေ နဲ့ တုပြီး တွဲလောင်း လုပ် လို့ မရဘူး ”

ခရီးသည် အားလုံးမှာတော့ အရက်မူးပြီး ဆူပူကြိမ်းမောင်းနေသော ဖခင် ကို ကြောက်နေကြသည့် ကလေးငယ်များ သဖွယ် ကုပ် နေကြသည် ။

“ ဟရေ ပါနီဘာဘူ ၊ အန္တေ ဂျောင်း ၊ အန္တေ ဂျောင်း ”

ကုလားစကား နားလည်ဟန် တူသော ခရီးသည်တစ်ယောက် က ပြုံးစိစိ လုပ်သဖြင့် “ အဲဒါ ဘာအဓိပ္ပာယ်လဲ ” ဟု မေးကြည့်ရာ နို့ပုံး နဲ့ ကုလားကြီးကို အထဲ ဝင်ခိုင်းသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုသည် ။

“ ဆွဲ ဆရာရေ့ မရတော့ဘူး ၊ သာကေတ ကို ဒါရိုက် မောင်း ၊ လမ်းမှာ မရပ်နဲ့တော့ ၊ ပုဇွန်တောင် ပါ လား ၊ ဝါဆို ၊ သင်္ဘောကျင်း ၊ သောက်သောက်လဲ ၊ မပါဘူး ဆွဲထား ”

သောက်သောက်လဲ ဆိုသည်မှာ အရက်ဆိုင် နှင့် နီးသော ရန်ပြေ မှတ်တိုင် ကို ဆိုလိုကြောင်း သာကေတမြို့နေ ခရီးသည်များ သိပြီးသား ဖြစ်သည် ။ ကားမှတ်တိုင် အနီးတွင် အရက်သောက်ပြီး မူးလဲနေသူများ ကို မကြာခဏ တွေ့ရတတ်သောကြောင့် သည်အမည် မှာ အတည်လိုတောင် ဖြစ်နေပေပြီ ။ ကားသမား က တရားဝင် သုံးနေပေမင့်ကိုး ။

“ မှတ်တိုင်ပါရင် ကြိုပြောနော် ၊ ဘဲသံ မကြားရင် ဆွဲထား ၊ မှတ်တိုင် လွန်ပြီးမှ ပြောရင် ရပ်မပေးနဲ့ ၊ သုံးဈေး ၊ ဓာတ်ဆီဆိုင် ၊ မီးသတ် ၊ ခုနစ်ဈေး ပါလား ”

“ ခုနစ်ဈေးပါတယ် ဗျို့ ”

“ ပါရင် ထွက်ထား ၊ ရွှေဘ လို တက်လာပြီး ခင်သန်းနု လို  မဆင်းနဲ့ ၊ ရှေ့က ပြီးပြီလား ”

ဝုန်းခနဲ ရပ်လိုက်သည် နှင့် ဘုန်းခနဲ ခုန် ချလိုက်ရသည် ။ လေထဲမှ မြေကြီးပေါ် မကျခင်မှာပင် ‘ ဆွဲ ' ဆိုသော လက်မှတ်ရောင်း ဆရာ ၏ အသံထက် မြန်သော သုံးနံပါတ် ဆူပါဆောနစ် ဂျစ်ကားကြီး  တစ်ဟုန်ထိုး ပျောက်ကွယ်သွားလေတော့သည် ။ 

ကားမှတ်တိုင် ဘက် သို့ လှမ်းမျှော်ကြည့်နေသော ဇနီးသည်  ၊  မခင်မူ ကို အဝေး မှ ပင် လှမ်း မြင်နေရသည် ။ နို့ဆီသေတ္တာတွေ နှင့် ပြန်လာမည့် ကျွန်တော့် ကို မျှော်နေတာဖြစ်ရမည် ။ ဆိုင် ထဲ လှမ်းဝင်လိုက် သည်နှင့် မဆိုင်းမတွပင် မေးတော့သည် ။

“ နော့ နို့ဆီသေတ္တာတွေ ဘယ် ထားခဲ့လဲ ”

ကျွန်တော် က မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်ပြီး ဦးထုပ် နှင့် ပိုက်ဆံအိတ် ကို စားပွဲပေါ် ပစ် တင်လိုက်သည် ။

“ အလိမ် ခံရတော့မလို့ ဟေ့ ၊ ဒီက အကောင် က လျင် ပေလို့ ၊ စစ်ထွက်ယောက်ျားပဲ ကွာ ၊ အလကားကောင် မှတ်လို့ ၊ လာကြော ရင် မောသွားမှာပေါ့ ၊ သောက်ကုလား သူ့ဟာသူ ကြောက်ဖျား ဖျားပြီး တစ်ချိုးထဲ ပျောက်သွားတော့တာပဲ ၊ ဝှီး ပေးစမ်း ၊ ငါ့ ကို ရေတစ်ခွက် ”

“ ဟောတော့ အဲဒီ ကုလားလေး နောက် တစ်ခေါက် ပြန် ရောက်လာသေးတယ် ၊ ဆီတွေ ထပ် ရမယ် ၊ ပိုက်ဆံ ငါးရာလောက် ထပ် ရှာပေးလိုက် ပါလို့ ရှင် က စာရေးပြီး လွှတ် လိုက်တယ်ဆို ၊ ကိုကြီးမြင့် တို့ ၊ ကိုထွန်းရီ တို့ ဆီက ဆွဲ ပေးလိုက်ရပါရောလား ၊ ငွေ ယူပြီး ပြန်သွားတာ နာရီဝက် လောက်ပဲ ရှိဦးမယ် ” 

“  ကြံကြံဖန်ဖန်ကွာ ၊ ဘယ်မှာလဲ အဲဒီ စာ ”

မဟာပထဝီမြေကြီး ချာချာလည်သွားသည် ဟု ကျွန်တော် စိတ်ထဲ က ထင်လိုက်မိသည် ။ မအူမလည် ဇနီးသည် ကိုလည်း အကြီးအကျယ် ဒေါပွ သွားမိသည် ။ 

“ ဟောဒီမှာ ”

သူ ကမ်းပေးသော စာတိုလေးကို လှမ်းယူလိုက်စဉ်မှာတော့ မခင်မူ ၏ လက်တွေ တုန်၍ မျက်ရည်တွေ စို့နေပါပြီ ။ 

ဘတ်စ်ကား လက်မှတ် ၏ နောက်ကျော မှာ ဘောပင်ဖြင့် ရေးသား ထားသော အောက်ပါ စာလုံးသေးသေးလေးများကို ခါးသီးနာကျည်းစွာ ဖတ်လိုက်ရပါတော့သည် ။

ခင်
     လိုသလောက်ရမည် ၊ ငွေငါးရာလောက် ထပ် ရှာပေးလိုက်ပါ ။
                       ကို

“ ဥပဒေ အပြင်ဘက် က မှောင်ခို ခြစားနေတဲ့ လူတွေ ကို လောဘ ဇော တိုက်ပြီး အားပေးအားမြှောက် လုပ်ချင်တဲ့ အကောင် မှတ်ဟ ” ဟု လည်း မိမိ ကိုယ် မိမိ ဆုံးမ လိုက်မိပါတော့သည် ။

◾ အဏ္ဏဝါစိုးမိုး

📖  စစ်ပြန်
       မတ်လ ၊ ၁၉၈၃ ခုနှစ်

www.facebook.com/aung.naingoo.3726613

.

Thursday, April 21, 2022

ခရီးဆောင် ကြက်တူရွေး


 

    ❝  ခရီးဆောင် ကြက်တူရွေး  ❞

    ခရီးဆောင်အိတ် ကို ဆွဲ ၊ ရင်ကော့ပြီး ဆင်းခဲ့တယ် ။ ရင်ကော့ပြီး တက်လို့ မရဘူး ။ သင်္ဘောဆိပ် က နိမ့်တယ် ၊ တာရိုး က မြင့်တယ် ။

    အဲဒီတော့ ရင်ကော့ပြီး ဆင်းခဲ့ရတာပေါ့ ။ စိတ်ထဲမှာပဲ ရင် ကို ကော့ထားတာလေ ။ ခါး ကတော့ ဘယ် ကော့ ထားလို့ ဖြစ်မလဲ ။ အဆင်း ဆိုတော့ ခါး ကို ကိုင်း ထားရတာပေါ့ ။

    ဘာပြုလို့ ရင်ကော့ပြီး ဆင်းခဲ့ရတာလဲ ။

    အကြောင်း က ရိုးရိုးလေးပါ ။

    ကျုပ် သင်္ဘော အထက်တန်းခန်း က  လက်မှတ် ဝယ်ထားတယ်လေ ။ အထက်တန်းခန်း က စတိုင် နဲ့ သွားမယ့်ကောင် မဟုတ်လား ။ သင်္ဘော စ ထွက်ခါစမှာ ကျွန်တော့် အခန်း ရဲ့ ရှေ့က ကုန်းပတ်ပေါ်ထွက် ၊ လက်ယမ်း ကို မှီပြီး ရပ် ၊ ဂိုက်ပေး ၊ လေကောင်းလေသန့် ရှူရှိုက် ၊ ပတ်ဝန်းကျင် ရှုမျှော်ခင်းကို ကြည့် ၊ ခဏနေရင် စတိုင် နဲ့ ထမင်း မှာ စား ၊ ထမင်း က ပထမတန်း အခန်းထဲ အရောက် လာပို့တာလေ ။ စတိုင် နဲ့ မလိုင် နဲ့ စားရုံပဲ ။ ပြီးရင် စာလေး ဘာလေး ဖတ် ၊ နောက်ကျတော့ အိပ် ချင်ရင် အိပ် ၊ အလွန် ဇိမ်ကျမယ့် ကိစ္စပဲ ။

    ဒါပေမယ့် သင်္ဘောပေါ်လည်း ရောက်ရော ရင်ဘတ် ကို ဆီး ကန်ခံရသလိုပါပဲ ။ ကျွန်တော့် ထက် အများကြီး အရေးကြီး တဲ့ ပုဂ္ဂိုလ်တွေ ခရီး သွားမှာမို့ တဲ့ ။ ကျွန်တော့် အခန်း ကို ပေး လိုက်ရပြီ တဲ့ ။

    ကြည့်လိုက်တော့လည်း ဟုတ်တယ်ဗျာ ။ မိန်းမတွေရော ၊ ကလေးတွေရော တစ်ပြုံတစ်မကြီးပဲ ။ သင်္ဘော အထက်တန်း အခန်း လေးခန်း စလုံး အပြည့် ပဲ ။ ဝင်လိုက် ထွက်လိုက် နဲ့ ။ ကလေးတွေ ကလည်း ပြေးလိုက် လွှားလိုက် နဲ့ ။ မြင်ရုံ နဲ့ သိသာပါတယ် ။ ကျွန်တော့် ထက် အများကြီး အရေးကြီး တဲ့ ပုဂ္ဂိုလ်တွေပဲ ။

    ခရီး ကလည်း မသွားလို့ မဖြစ် ။

    ကုန်းပတ်ကပဲ လိုက်ရုံ ရှိတော့တာပေါ့ ။ ကုန်းပတ် ပေါ်မှာ က ခရီးသည် တွေ တင်းကြမ်း ပြည့်နေ ပြီ ။ နေရာလွတ် မရှိသလောက်ပဲ ။

    တတ်နိုင်ပါဘူး ၊ သူများ ချထားတဲ့ ပစ္စည်းထုပ်ကလေးတွေ ကို နည်းနည်းစီ တိုး ၊ နည်းနည်းစီ ဖယ်ပြီး ဖင် တစ်နေရာစာ ၊ တစ်ထိုင်စာ ရအောင် လုပ် ယူရတော့တာပေါ့ ။

    ကိုယ့်နောက် မှာ ပစ္စည်းထုပ်တွေ ၊ ဘေးမှာလည်း လူရော ပစ္စည်းတွေရော ။

    ကိုယ့်ရှေ့မှာက လူသွားလမ်း ။

    သွားလိုက်ကြတဲ့ လူတွေ ၊ ဘာတွေ လုပ်နေကြတာလဲ မသိဘူး ။

    ကျွန်တော့် မှာ ရင် ကို ကော့ထားရတယ် ။ သူတို့ နဲ့ မတိုက်မိအောင် လေ ။

    စိတ် ကတော့ ကိုင်း နေရပါပြီပေါ့ဗျာ ။

    “ ကီ .. ကီ .. ကီ .. ကီ ”
   
    “ ဟာ ... လန့်လိုက်တာ ၊ ဘာလဲဗျ ”

    ကျွန်တော့် ဘေးက လူတွေ ပြုံးပြီး လုံချည်ဟောင်း နဲ့ အုပ်ထားတဲ့ ငှက် လှောင်အိမ် ကို ဖွင့်ပြတယ် ။
 
    အထဲမှာ ကြက်တူရွေးသုံးကောင် ရှိတယ် ။
 
    တစ်ကောင် က ခပ်ငယ်ငယ် ၊ နှစ်ကောင် က ခပ်ကြီးကြီး ။
  
    ခပ်ကြီးကြီး နှစ်ကောင် က ကုပ်ပြီး ငြိမ် နေကြတယ် ။

    ခပ်ငယ်ငယ်ကောင် ကတော့ ဟိုကြည့်ဒီကြည့် လုပ်ရင်း နှုတ်သီး ကလည်း တလှုပ်လှုပ် နဲ့ ။

    “ ကရစ် ... ကရစ် ... ဂရစ် ... ဂရစ် ” လုပ်နေတယ် ။

    “ဒီမယ် သိပ် ကြည့်မနေနဲ့ ။ ကျုပ်တို့ က အဖမ်းခံထားရလို့ စိတ်ညစ်နေတာ နားလည်လား ။ ဟိုကောင် ကြီးတွေ က ကြောက်လို့ ငြိမ်နေပေမယ့် ကျုပ် ကတော့ ငြိမ် မနေနိုင်ဘူး ။ ဘယ့်နှယ်ဗျာ ဒီလောက် ကျပ် တဲ့ ၊ ဆူညံနေတဲ့ နေရာ မှာ ပူလိုက်အိုက်လိုက် တာလည်း လွန်ရော ၊ ဒီထဲ လှောင်အိမ် ကို လုံချည်ဟောင်း နဲ့ အုပ် ထားတော့ အထဲ မှာ လှောင်ပိတ်ပြီး နံစော်နေတာပဲ ”

    အဲဒီ ကြက်တူရွေး အငယ်ကောင် ဟာ တလှုပ်လှုပ် နဲ့ သူ့ ခေါင်း ကို ခါလိုက် လှုပ်လိုက် ၊ စောင်းလိုက်ငဲ့ လိုက် နဲ့ နှုတ်သီး ကလည်း တဂစ်ဂစ် လုပ်နေတယ် ။ ဒီတော့ သူတို့ ကို ဖမ်းလာတဲ့ လူ ကလည်း -

    “ ငါ မေ့သွားလို့ပါကွာ ။ ဟုတ်တာပေါ့ ၊ ဒီ လုံချည်စုတ်ကြီး နဲ့ စွတ် ထား အုပ် ထားတော့ မင်းတို့ ဘယ် သက်သာ မလဲ ။ ကဲ .. ကဲ .. ကဲ ဖယ်လိုက်မယ် ၊ ဟုတ်လား ”

    ကြည့်စမ်း ၊ ဟို ကြက်တူရွေး က တဂစ်ဂစ် လုပ်နေတဲ့ ကိစ္စ မှာ ကျွန်တော် က ဒီ အဓိပ္ပာယ်တော့ ဖြစ်တန် ကောင်းရဲ့လို့ မှန်းကြည့်တာ ။ ခု သူတို့ သခင် က ပြန်ပြောတဲ့ စကား နဲ့ ဆက်မိ မနေဘူးလား ။

    ကြက်တူရွေးလေး ကလည်း တဂစ်ဂစ် ဆက်လုပ်နေတယ် ။

    “ဒီလိုမှပေါ့ ၊ ကျေးဇူးပဲဗျာ ”

    ကျွန်တော် သိပ် ကြိုးစားနေစရာ မလိုဘဲ ကြက်တူရွေး စကား ကို နားလည် နေသလိုပဲ ။

    ဒီ ကြက်တူရွေး လှောင်အိမ် နား မှာ ရောက်နေရတာ ကျွန်တော့် အတွက်တော့ ကံဆိုး ကံကောင်း ပဲ ။

    စဉ့်ကူးထုံးကြီး ကို ရောက်အောင် တစ်မနက်ခင်းလုံး သွားရမှာလေ ။ အခေါက်ခေါက် အခါခါ သွားဖူး နေတဲ့ ခရီး ဆိုတော့ ဘေးပတ်ဝန်းကျင် ကိုလည်း စိတ် မဝင်စားတော့ပါဘူး ။ အလွန် ပျင်းစရာ ကောင်း တယ် ။

    ခုတော့ ဒီ ကြက်တူရွေး နဲ့ နည်းနည်းတော့ ဟန်ကျနေသလိုပဲ ။ သူ ကလည်း ကရစ်ကရစ် နဲ့ လုပ်လိုက် ၊ ကိခနဲ ထအော်လိုက် ၊ ဂစ် .. ဂစ် .. ဂစ် .. ဂစ် လုပ်လိုက်နဲ့ ၊ တစ်ချိန်လုံး လုပ်နေတယ် ။ ကျွန်တော် ကလည်း အဲဒါကိုပဲ အာရုံ စိုက်နေမိတယ် ။ သူ့  ဟာက ပတ်ဝန်းကျင် မှာ ဖြစ်ပျက်နေတာ နဲ့ အံကိုက် ဖြစ်ဖြစ်နေတယ် ။

    ဥပမာ ဆိုကြပါစို့ ၊ တောဈေး သည် မိန်းမ နှစ်ယောက် လှောင်ချိုင့်နား မှာ လာရပ်ပြီး စကား ပြောနေကြ တုန်း ကရစ် ကရစ် နဲ့ လုပ်နေပုံဟာ -

    “ ဪ ... ဒီ မိန်းမ နှစ်ယောက်ကလည်း ဒုက္ခပါပဲ ။ ဒါ လူသွား လမ်းဗျ ။ ခင်ဗျားတို့ ကို ရပ် ပြောနေကြ တော့ သူများ လမ်းသွားစရာ နေရာ မရှိတော့ဘူး ။ ဒီတော့ ကျုပ်တို့ လှောင်အိမ်ပေါ် ခွတက်ရော ၊ သေကုန် တော့ မှာပါပဲ ၊ ဒုက္ခပဲ ၊ ပြောနေတာလည်း မကြားဘူး ”

    အဲဒီလို အဓိပ္ပာယ် ထွက်နေတယ် ။

    ကျွန်တော် က တဖြည်းဖြည်း နဲ့ စိတ်ဝင်စားလာတယ် ။ သူ့ ကိုပဲ သေသေချာချာ ကြည့်နေမိတယ် ။ ဒီတော့ သူ က ကျွန်တော့် ကို ပြန်ကြည့်ပြီး ကရစ် .. ကရစ် နဲ့ လုပ်ပြန်တယ် ။

    “ ခင်ဗျားလည်း အလကားပါပဲ ။ ခင်ဗျား မလာခင်က ကျုပ်တို့ မှာ နည်းနည်းပါးပါး ချောင်ချောင် လည်လည် ကျယ်ကျယ် ဝန်းဝန်း ရှိသေးတယ် ။ ခင်ဗျား လာမှ ပို ဆိုးသွားတာ ”

    ကျွန်တော် တော်တော် ရယ်ချင်သွားတယ် ။ ဟုတ်တော့ ဟုတ်ပါတယ် ။ ဘေးက လေပေါက်တွေ ပိတ် ကုန်သလို ဖြစ်သွားတာကိုး ။ ဒါနဲ့ ကျွန်တော် ကလည်း တစ်ဖက်ကို ပို တိုးပေးရပါတယ် ။ သူတို့ လှောင်အိမ်နဲ့ ကပ် ပိတ် ထားသလို ဖြစ်နေတဲ့ခရီး ဆောင်အိတ်ငယ် ကိုလည်း နည်းနည်း ခွာပေးရတယ် ။ ဒီတော့ သူ က ကရစ် .. ကရစ် လုပ်ပြန်တယ် ။

    “ အဲလို သိတတ်တော့ ကောင်းတာပေါ့ဗျာ ” တဲ့ ။

    “ ဟေ့ကောင် .. ဟေ့ကောင် ၊ အဲဒီလို မင်း ပြောဖို့ မလိုပါဘူးကွ ”

    ကျွန်တော့် ပါးစပ် က လွှတ်ခနဲ ထွက်သွားမိတယ် ။

    ကြက်တူရွေးရှင် က ကျွန်တော့် ကို လှည့်ကြည့်တယ် ။ ကျွန်တော် လည်း ကပျာကယာ တခြား ကို စိတ်ဝင်စား ချင်ယောင် ဆောင်နေလိုက်ရတယ် ။ သူ ကျွန်တော့် ကို အတော်ကြာကြာ ကြည့်နေသေးတယ် ။ ကျွန်တော် သိသားပဲ ။ ခဏနေတော့မှ သူ့ ဟာ သူ တခြား ပြန်လှည့်သွားတယ် ။

    မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ ဒီ ကြက်တူရွေး ကို မကြည့်တာပဲ ကောင်းတယ် ။ ကြည့် နေရင် သူ ကလည်း ကရစ် .. ကရစ် နဲ့ ဗျစ်တောက်ဗျစ်တောက် ပြောနေမှာပဲ ။ ကျွန်တော် ကလည်း သူ ဘာပြောနေတယ် ဆိုတာ နားလည် သလို ဖြစ်နေတော့ တစ်ခွန်း မဟုတ် တစ်ခွန်း ပြန် ပြောမိမှာပဲ ။ အဲဒီမှာ ကျွန်တော် ငကြောင် ဖြစ်ရ တော့မှာပဲ ။

    တွေ့ဖူးကြမှာပေါ့ ။

    တချို့လူတွေ တိရစ္ဆာန် မွေးထားကြပြီး အဲဒီ တိရစ္ဆာန်တွေ နဲ့ စကား ပြောတတ်ကြ တာလေ ။ တော်တော် ကြောင် တယ်နော် ။

    ဒီ ကြက်တူရွေး က ကျွန်တော် မွေးထားတာလည်း မဟုတ်ပါဘူး ။ သူ နဲ့ စကား ပြောဖို့ ကျွန်တော့် မှာ အကြောင်း မရှိပါဘူး ။ ဒါပေမယ့် ခုကိစ္စမှာက သူ လျှောက်လျှောက် ပြောနေတာကို ကျွန်တော် က အဓိပ္ပာယ် နားလည် သလို ဖြစ်နေတယ် ။ အဲဒီတော့ သတိ လက်လွတ် နဲ့ ပြန်ပြောမိသွားတာပေါ့ ။ အဲဒါက ပို ကြောင် တယ်ဗျ ။ သိတယ် မှုတ်လား ။

    ကျွန်တော် ဆေးပေါ့လိပ်တစ်လိပ် ကို မီးညှိပြီး ကုန်းပတ် ပေါ် မှာ ရှိတဲ့ ခရီးသည်တွေ ကို တစ်ယောက် ချင်း ၊ တစ်ဖွဲ့ချင်း လိုက် ကြည့်နေလိုက်တယ် ။ အာရုံ လွှဲလိုက်တာပဲ ။

    ဘာ ကြာလိုက်လဲ ။ ကီခနဲ မြည်တဲ့ အသံ ကြားရတာပဲ ။

    ကျွန်တော် သူ့ ကို လှည့်ကြည့်စရာမလိုဘူး ။ တစ်ခါတည်း တန်းသိတယ် ။ ကျွန်တော့် လုံချည် ဆေးလိပ် မီးလောင်ပေါက်နေပြီ ဆိုတာ သိပ် သေချာတာပေါ့ ။ သွားပါပြီ ။ အင်ဒီယားပလေကပ် ၊ သုံးရေပဲ ချရ သေးတာ ။ မီးလောင်ပေါက်တဲ့ နေရာ ကို လက်နဲ့ ကပျာကယာ ပွတ်ချေ ငြိမ်းသတ်ပြီး မှ ကြက်တူရွေး ကို လှမ်း ကြည့်မိတယ် ။ သူ က ထုံးစံအတိုင်း ကျွန်တော့် ကို တစ်ချက် ကြည့်ပြီး  ကရစ် .. ကရစ် ၊ ကရု .. ကရု လုပ်နေ တယ် ။

    “ ဟင် .. ဆေးပေါ့လိပ် သောက်ပြီး မီးပွား လွင့်မယ် ၊ မီးလောင် ပေါက်မယ်ဆိုတာ သိဖို့ ကောင်းတာ ပေါ့ ။ မပြောများ မပြောရင် သင်္ဘောတောင် မီးစွဲနိုင်တယ် ။ တစ်ကတည်း .. ”

    သူပြောတာ မှန်ပေမယ့် ကျွန်တော် ဒီကောင့် ကို တော်တော် ချဉ်သွားတယ် ။ တော်တော် လူပါးဝတဲ့ ကောင်ပဲ ။ ကျုပ် ဟာ ကျုပ် ဘာပဲ ဖြစ်နေဖြစ်နေ သူ နဲ့ဘာဆိုင်လဲ ။ သူ က ဘာကောင်မို့လဲ ။

    အဲဒီနောက်ပိုင်း ကျတော့ သင်္ဘော ပဲ့ပိုင်း က မိတ်ဆွေ တစ်ယောက် က လာ ခေါ်သွားလို့ အဲဒီ နားက အပြီး ပြောင်းခဲ့တယ် ။ အဲဒီ မိတ်ဆွေ နဲ့ စကား ပြောရင်း ကြက်တူရွေး ကို သတိရနေသေးတယ် ။ ဂရစ် .. ဂရစ် ၊ ကရစ် .. ကရစ် နဲ့ စကားပြော တတ်တဲ့ ကြက်တူရွေး အကြောင်း ကျွန်တော့် မိတ်ဆွေ ကို ပြောပြတော့ သူ က ရယ် လိုက်တာ ။ ကျုပ် ဟာ ကျုပ် အဓိပ္ပာယ်တွေ ထုတ်တာကို ရယ်တာပါ ။ ဒါပေမယ့် ကျွန်တော့် အတွက်ကတော့ သူ ထင်သလောက် ပေါ့ပေါ့တန်တန် မဟုတ်ဘူးဗျ ။

    အချိန်အခါ ၊ အခြေအနေနဲ့ တိုက်ဆိုင်ပြီး ဖြစ်လာတဲ့ ကြက်တူရွေး ရဲ့ လှုပ်ရှားမှု ၊ အမူအရာ ၊ အသံ ၊ အတိုးအကျယ် အဲဒါတွေဟာ အဓိပ္ပာယ်တွေ ဖြစ် ဖြစ်လာတယ် ။ ဒါဟာ အဆန်းလားဗျာ ။ တစ်ခါတလေ မလိုသူ ကို စောင်းမြောင်းပြီး ဆောင့်ကြ ၊ အောင့်ကြ တာတွေ တွေ့ဖူးတယ် မဟုတ်လား ။ မကျေမနပ် နဲ့ မြည်တွန်တောက်တီး တဲ့ စကားတွေ ၊ ဆဲရေးတဲ့ ရှုတ်ချတဲ့စကားတွေ ထွက် လာတာပဲ ။

    ကျွန်တော် က ကျွန်တော့် မိတ်ဆွေ ကို ကြက်တူရွေး လိုက်ကြည့်ဖို့တောင် ပြောသေးတယ် ။ သူက ရယ်နေတယ် ။

    “ တော်ပါပြီဗျာ ။ ခင်ဗျား ဟာ ဘာ မဟုတ် ညာ မဟုတ် ” တဲ့ ။

    သူ ပြောပုံကို ကျွန်တော် နည်းနည်းတော့ မကျေမနပ် ဖြစ်သွားတာ အမှန်ပဲ ။

    အဲလိုနေတုန်း ထုံးကြီး ကို ရောက်တော့မယ် တဲ့ အသံတွေ ထွက်လာတယ် ။ မြစ်ရေ က သိပ် ကျနေ တယ် ။ သင်္ဘော ကပ်ရမယ့် နေရာမှာ အကြီးအကျယ် သောင် ထွန်းနေတယ် ။ ရေတိမ်ပိုင်းလည်း ဖြစ်နေတယ် ။ အဲဒါကြောင့် မြစ်လယ် မှာပဲ သင်္ဘော ကို ရပ်ပြီး ကမ်းကို ရောက်ဖို့ လှေတွေ နဲ့ ကဲ့ သယ်ယူရတယ် ။

    ခရီးသည်တွေ လည်း အတော် ကို ဒုက္ခ ရောက်ကြတယ် ။ သင်္ဘော ပေါ်ကနေပြီး လှေပေါ် ဆင်းရတာ သိပ် လွယ်တဲ့ ကိစ္စ မှ မဟုတ်ဘဲ ။

    သင်္ဘောကုန်းပတ် က မြင့်နေပြီး လှေကား က နိမ့် နေတော့ ကြိုးလှေကားလေး နဲ့ ဆင်း ရတယ် ။ တော် တော် ကသိကအောက် နိုင်တယ် ။ ပစ္စည်း ကလည်း တိုးလိုးတွဲ လောင်းပါသေးတယ် မဟုတ်လား ။ ကျွန်တော် ဆင်းတဲ့ အလှည့် မှာ လှေပေါ် ကို မှန်းပြီး ခြေ ချမယ် အလုပ် ကီခနဲ ကြားလို့ လန့်ပြီး ခြေ ကို ရုပ်လိုက်ရတယ် ။ လား .. လား ၊ တော် သေးတာပေါ့ ။ လှေ က သင်္ဘော နဲ့ ကွာ သွားတာ ကိုး ။ ကျွန်တော် သာ စိတ်ချ လက်ချ ခြေထောက် ချနင်းလိုက် ရင် ရေ ထဲ ကျ မှာ သေချာ တယ် ။ နောက်မှ လှေ က ပြန် ကပ်ပေးလို့ ကျွန်တော် လှေပေါ် ရောက်လာတယ် ။ ဒီတော့မှ လှေပေါ် ကို ရောက်နှင့်နေတဲ့ ကြက်တူရွေး က ကရစ် .. ကရစ် ၊ ကရက် .. ကရက် နဲ့ ပြောတော့တာကိုး ။

    “ ခင်ဗျားကြည့်ရတာ တော်တော်လပေါ်သရေ နိုင်တာပဲ ။ ကျုပ် အော် လို့သာပေါ့ ။ ကျုပ် များ မအော် ရင် အနည်းဆုံးတော့ အရှက် ကွဲဦးမှာ သေချာတယ် ” တဲ့ ။

    ကျွန်တော် ထိုင်တဲ့ နေရာ နဲ့ ကပ်လျက် ကျနေပြန်ပြီ ။ လှေပေါ် ကို လူတွေ တော်တော်များများ ဆင်း လာကြတယ် ။ ကျွန်တော် က ကြက်တူရွေး ကို မသိချင် ၊ မကြားချင်ယောင် ဆောင် နေလိုက်တယ် ။ လှေ ထဲ ကို လူတွေ ကလည်း ဆင်းလာနေတုန်းပဲ ။ လွန်ရော ကျွန်ရော ဆယ့်ငါးယောက်လောက်ပဲ စီးနိုင်တဲ့ လှေပေါ်မှာ လူ နှစ်ဆယ်လောက် ရှိနေပြီ ။ ဒုက္ခပဲ ။ လှေနှုတ်ခမ်း နဲ့ ရေမျက်နှာပြင် နဲ့ကလည်း သုံးလေးလက်မ ပဲ လွတ်တော့တယ် ။ အဲဒီ အချိန်မှာ ကြက်တူရွေး ဆီက ကရစ် .. ကရစ် နဲ့ အသံ ထွက် လာပြန်တယ် ။

    “ ဟေ့ကောင်တွေ .. ဟေ့ကောင်တွေ ၊ အလကား နေရင်း ငိုက် မနေကြနဲ့ ။ လှေပေါ်ကို လူတွေ အဆက်မတန် တင်နေကြပြီ ။ အချိန်မရွေး နစ်သွားနိုင်တယ် ။ နားလည်လား ။ နစ်ပြီ ဆိုတာနဲ့ တို့ က သေ မှာ ။ လှောင်အိမ် ထဲ မှာ ဆိုတော့ ဘယ်လို လုပ်လို့မှ မလွယ်ဘူး ။ ကယ်တော်မူကြပါ လို့ နင်းကန် အော်ရုံပဲ ရှိတယ် ။ နားလည်လား .. ထ .. ထ ”

    ကြက်တူရွေးလေး ကို မကြည့်ဘဲ အသံ သာ ကြားနေရတယ် ။ အဓိပ္ပာယ် ကလည်း အဲလို ထွက်နေ တယ် ။ ဒါနဲ့ ကျွန်တော် လှောင်ချိုင့် ကို လှမ်း ကြည့်လိုက်တယ် ။

    အံမယ် .. ဟုတ်တယ်ဗျ ။ ဟို ငိုက်နေတဲ့ ကောင် နှစ်ကောင် လည်း နိုးနိုးကြားကြား ဖြစ်နေကြတယ်ဗျ ။ သူတို့လည်း ခုမှ ဂစ် .. ဂစ် .. ဂစ် .. ဂစ် နဲ့ လုပ်လာကြတယ် ။

    “ အေးပါကွာ .. မင်း ပြောတာ မှန်ပါတယ် ။ ငါတို့လည်း မငိုက်ဝံ့တော့ပါဘူး ” ဆိုတဲ့ သဘော ။

    အဲဒီတုန်းက အသည်းတထိတ်ထိတ် နဲ့ ကမ်း ကို ရောက်ခဲ့ကြရတယ် ။ ကျွန်တော့် လာ ကြိုတဲ့လူက ခပ်သွက်သွက် ထဲကပဲ ။ မောင်ပြုံး တဲ့ ။

    အရပ် ရှည်ရှည် ၊ အသားမည်းမည်း ။ ကျွန်တော် လည်း သူ ဆွဲခေါ်ရာ ကို ဒရွတ်တိုက် ပါသွားသလို ပါသွား တယ် ။ ကြက်တူရွေးကြီး လည်း ဘယ်မှာ ဘယ်လို ဖြစ်ပြီး ကျန်ခဲ့တယ် ဆိုတာ မသိတော့ဘူး ။

    ဒါပေမယ့် ကျွန်တော် ထုံးကြီး မှာ ကိစ္စပြီးလို့ စားကျက်ရွာ ကို ရောက်တော့ အဲဒီ ကြက်တူရွေးကြီး ကို တွေ့သေးတယ် ။ သူတို့ သခင် က ကြံရည်ဆိုင် မှာ ခဏ ဝင် နားရင်း လှောင်အိမ် ကို ဆိုင် တံစက်မြိတ် မှာ ချိတ် ထားတာ ။ ကျွန်တော် က ကိုနေဝင်း ရဲ့ စက်ဘီး နဲ့ ဖြတ်အသွား မြင်လိုက်တာပါ ။ ခဏလေးပဲ ။ ဒါတောင် ကြက်တူရွေးလေး က -

    “ အံမယ် .. အံမယ် ၊ ဘယ်သူများလဲ မှတ်တယ် ။ ဘယ်လဲဗျ ”  တဲ့ ။

    ကျုပ် လည်း ရပ်ပြု မနေတော့ပါဘူး ။ စက်ဘီး ကို ဆက် နင်းခဲ့တယ် ။

    ကျွန်းစီ တို့ ၊ ရွေပြည် တို့ ဘက် ရောက်တော့လည်း သူတို့ ကို တွေ့ပြန်တယ်ဗျ ။ သူ့ သခင်က လက်ပံလှ ထိ သွား မှာ တဲ့ ။ ဟိုမှာ ဒီ ကြက်တူရွေးတွေ ကို ရောင်းဖို့ ဆိုပဲ ။

    အဲဒီအချိန်မှာ ကျွန်တော့် ခေါင်းထဲ စိတ်ရူး တစ်ခု ပေါက်လာတယ် ။ ဘာပဲ ဖြစ်ဖြစ် ဒီ ကြက်တူရွေး လေး ကို တော့ ဝယ်သွားဦးမှပဲ ။

    ပိုင်ရှင် ကို မေးကြည့်တော့ တစ်ကောင်တည်း မရောင်းဘူး တဲ့ ။  သုံးကောင်စလုံး ဝယ်မှ ရောင်းမှာ တဲ့ ။ လှောင်အိမ် ပါ ဝယ်ရမှာ ဆိုပဲ ။

    ဒါနဲ့ အားလုံး  ဘယ်လောက်လဲ လို့ မေးလိုက်တော့ ခြောက်ရာ တဲ့ ။

    ကြည့်စမ်း .. ကြက်တူရွေးဈေး ကလည်း မသေးပါလား ။

    ဖျားနာနေသလို ၊ ငြိမ်ကုပ်နေတဲ့ ကြက်တူရွေးနှစ်ကောင် ကို ကျွန်တော် က ဘာ လုပ်ရမှာလဲ ။ မရွှင် မလန်း နဲ့ ကျက်သရေ လည်း မရှိဘူး ။

    ကျွန်တော် က အင်တင်တင် နဲ့ စဉ်းစားနေတုန်း ရှိသေးတယ် ။ ကျွန်တော့် မိတ်ဆွေ အင်းသူကြီး ကိုမြ က ငွေချေလိုက်ပြီ ။ အဲလိုကြီးကတော့ ဘယ် ကောင်းမလဲ ။

    ကျွန်တော် ငွေခြောက်ရာ ကိုမြ ကို ပြန် ပေးလိုက်တယ် ။ ပြုစုချင်ရင် အရက် တိုက် လို့ လည်း ပြောရ တယ် ။ ဒီတော့မှ ကိုမြ က သူ့ ငွေ သူ ပြန် ယူတယ် ။

    ချက်ချင်း ဆိုသလိုပဲ ငေါင်တောင်တောင် ဖြစ်နေတဲ့ ကြက်တူရွေးနှစ်ကောင် ကို လှောင်အိမ် ထဲ က ထုတ်ပြီး လွှင့်ပစ်လိုက်တယ် ။

    အံမယ် .. အဲလိုကတော့လည်း ကော့လို့ ဗျ ။ ပျံ သွားလိုက်ကြတာ ။

    အဲဒီမှာ ကျွန်တော့်ကောင်ကြီး ဆီ က ကရစ် .. ကရစ် နဲ့ အသံ ထွက်လာပြန်တယ် ။

    “ အင်း .. ငေးငေးငိုင်ငိုင် နဲ့ ကျက်သရေ မရှိအောင် နေတဲ့ ကောင်နှစ်ကောင် ကြီးပွားသွားပြီ ။ ဪ .. လောကကြီး မှာ ဒီလို လည်း ရှိသကိုး ။ ဟင်း .. ဒီလိုမှန်း အစကတည်းက သိရင် ကောင်းသားကွာ ”

    အဲလို အဓိပ္ပာယ် ထွက်မယ် ထင်တာပဲ ။ ဘာပဲ ပြောပြော ဒီ ကောင်လေး ကို ကျွန်တော် သဘောကျလာတာ နဲ့ မန္တလေး ထိ သယ် လာခဲ့တယ် ။

    ကျွန်တော့် အိမ် မှာ က များသောအားဖြင့် ကျွန်တော် တစ်ယောက်တည်း နေတာလေ ။ တစ်ခါတလေ မှ ကျုပ် တူလေး တစ်ယောက် လာတတ်တာ ။ အိမ် မှာ ကြက်တူရွေး တစ်ကောင် မွေးတယ် ဆိုတာ တကယ်တမ်း ကျတော့ အတော် မလွယ်တဲ့ ကိစ္စပဲ ။

    သူ့ ကို အချိန်မှန် အစာကျွေးဖို့ ၊ ရေတိုက်ဖို့ ၊ သူ့ လှောင်အိမ် သန့်ရှင်းရေး လုပ်ပေးဖို့ ၊ သူ့ လှောင်အိမ် ဝန်းကျင် ညစ်ပတ်ကုန်တဲ့ ကိစ္စတွေ ကို သန့်ရှင်းအောင် လုပ်ပေးဖို့ ဘာဘာညာညာ ပေါ့ဗျာ ။ အတော် ပစိပစပ် များတာပဲ ။

    အရေးထဲမှာ ဒီ ကောင် က ဗျစ်တောက် ဗျစ်တောက် ပြောတတ်ပါဘိသနဲ့ ။

    “ မွေးတုန်းကတော့ မွေးထားပြီး အစာ ကျွေးဖို့ ၊ ရေတိုက်ဖို့ ကျတော့ မေ့ မေ့နေကြတယ် ။ ခင်ဗျားကြီး လုပ်ပုံက မဟုတ်သေးပါဘူး ” ဆိုတာမျိုး ။

    “ လူတွေဟာ တယ် ခက်တာပဲ ။ နိုင်လိုမင်းထက် သိပ် လုပ်တတ်ကြတယ် ။ သူတို့ လက်ထဲက ရေ ဆိုပြီး ထင်သလို လျှောက် လုပ်နေတာပဲ ”

    သူ မကျေနပ်ရင် ပြောနေကျ စကားတွေလေ ။ ကျွန်တော် သတိထားမိသလောက်တော့ အကောင်း တစ်ခုမှ မပါသလောက်ပဲ ။ တစ်ခုတော့ ရှိတယ် ။ ကျွန်တော် ကလည်း သူ့ ကို ဝယ်လို့သာ ဝယ်ခဲ့တာ ။ သိပ်တော့ တာဝန် ကျေလှတာ မဟုတ်ဘူး ။ အစာကျွေးဖို့ ၊ ရေတိုက်ဖို့ ခဏခဏ မေ့မေ့ နေတတ်တယ် ။ ကိုယ့် စီးပွား ကိုယ့် အလုပ် နဲ့ကိုယ် မှ အနိုင်နိုင် မဟုတ်လား ။

    အဲလို နေ့တွေမှာဆို ငနဲလေး ငတ် ပြတ်နေတယ် ။ ဒေါသဖြစ်ဖြစ် နဲ့ လျှောက် အော်နေတတ်တယ် ။ မကြားဝံ့ မနာသာတွေလည်း ပါမယ် ထင်တာပဲ ။

    ကြာတော့ ကျုပ် လည်း စိတ် ပျက်လာတယ် ။ ဟုတ်တယ်လေ ။ ကျုပ် ဟာ ကျုပ် လည်း သိပ် အဓိပ္ပာယ် မရှိတာ သိလာတယ် ။ သူ့ အတွက်လည်း မကောင်း ၊ ကိုယ့် အတွက်လည်း မကောင်း ၊ ဘာ လုပ်မှာလဲ ။

    အဲဒီတော့ ဘာလုပ်မလဲ ။

    ဘာ လုပ်ရမှာလဲ ။ ကြက်တူရွေးလေး ကို လွှတ် ပစ်လိုက်ရုံ ရှိတော့တာပေါ့ ။

    ဟုတ်တယ် ။ အဲဒါ အကောင်းဆုံး ။

    သိပ် ကြာကြာ စဉ်းစား မနေပါဘူး ။ လှောင်အိမ် ဖွင့်ပြီး ချက်ချင်း လွှတ်ပစ်လိုက်မယ် ။

    ကျွန်တော့် လက် ကလည်း လွတ်ရော တစ်ခါတည်း သုတ်ခြေ တင်တာပဲဗျ ။ ဖရူး ခနဲ ပြန်ထွက်သွား လိုက်တာ ။ စက္ကန့်ပိုင်း အတွင်း မြင်ကွင်းက ပျောက်သွားတယ် ။

    “ ကျေးဇူးပဲဗျာ ” ဆိုတဲ့ “ ကီကီ ” သံ လေးတောင် ပေး မသွားဘူး ။

    ရပါတယ် ။ သွားပေါ့ ။

    မကျေမနပ်သံတွေ ကြား မနေရရင် ပြီးတာပဲ ။ သွားပေတော့ ။

    ကျွန်တော် လက်ဆေးဖို့ နောက်ဖေး ထွက်ခဲ့တယ် ။ လက်ဆေးပြီးတော့ ခင်မောင်ကြွယ် ဆီ ဖုန်းဆက်ဖို့ သတိရတယ် ။ ဆိုင်ဆိုင် မဆိုင်ဆိုင် ကြက်တူရွေးလေး ကို လွှတ်ပစ်လိုက်ပါပြီ ဆိုတဲ့ အကြောင်း ပြော လိုက်မယ်ပေါ့ ။

    ဖုန်း ကို လည်း ကောက် ကိုင်လိုက်ရော “ ကီ ၊ ကီ ၊ ကီ ” ဆိုတဲ့ အသံကြားရတယ် ။ ကျွန်တော် အိမ်ရှေ့ ကို ပြေး ထွက်ခဲ့တယ် ။ လှောင်အိမ် ထဲမှာ ကြက်တူရွေးလေး ပြန် ရောက်နေတယ် ။ လှောင်အိမ်တံခါး က ပွင့်နေတာကိုး ။ ကျုပ် လည်း မြင်ရော ကရစ်ကရစ် နဲ့ လုပ်တော့တာပါပဲဗျာ ။

    “ ခင်ဗျား ကျုပ် ကို လွှတ်လိုက်တော့ ကျုပ် ဝမ်းသာအားရနဲ့ ထွက်ပြေးမိတယ်ဗျာ ။ နှုတ်တောင် မဆက်မိပါဘူး ။ အတော် ရိုင်းသွားတယ် ။ ခွင့်လွှတ်ပါ ။ ဒါပေမယ့် အပြင်လောက မှာက လည်း ကျုပ် ထင်သလောက် မလွယ်ဘူးဗျ ။ ဘယ်လိုကြီးမှန်း မသိဘူး ။ ကျုပ် ကြောက်တယ်ဗျ ။ တကယ် လန့်စရာ ကောင်း တာပဲ ။ ဒါကြောင့် ကျုပ် ပြန်လာတာ ”

    “ အဓိပ္ပာယ် မရှိဘူး ဟေ့ကောင် ။ မင်း တညည်းညည်း တညူညူ လုပ်နေလို့ ငါ လွှတ်ပေးလိုက်တာပဲ ။ မင်း ဟာ မင်း သွားချင်ရာ သွားလို့ ရတယ် ။ မင်း ဟာ မင်း ကြံရဖန်ရမှာပေါ့ ။ မဟုတ်ဘူးလား ”

    ကျွန်တော် ဒေါသ ဖြစ်ဖြစ်နဲ့ အဲဒီလောက်တော့ ပြန် ပြောမိတယ် ။ သိပ်တော့ မရိုင်းပါဘူးနော် ။

   အဲလို ပြောတော့ သူ ငြိမ်နေတယ် ။ ဘာမှ ပြန် မပြောဘူး ။ ကျွန်တော် ထည့်ကျွေးထားလို့ ကျန်နေတဲ့ ခရမ်းချဉ်သီး ကို စားနေတယ် ။ ရေ လည်း သောက်တယ် ။

    ကျွန်တော် သူ့ ကို ဇွတ်တော့ နှင် မလွှတ်ပါဘူး ။ ဒါပေမယ့် လှောင်အိမ်တံခါး ကိုတော့ ဖွင့်လျက်ပဲ ထား လိုက်တယ် ။ သူ့ ဟာ သူ ဝင် ချင် ဝင် ထွက် ချင် ထွက် မကောင်းဘူးလား ။ အစာတို့ ရေတို့လည်း ကျွန်တော် အားတဲ့ အခါ မှာ အားသလိုပဲ ကြည့်လုပ်ပေးတော့တယ် ။ မအားလို့ လုပ်မပေးနိုင်ရင် သူ့ ဟာ သူ ထွက်ရှာ စား လေ ။ ဆာရင် ငတ်ရင် လုပ်ရမှာပေါ့ ။ ပြီးတော့ ပြန်လာချင်လည်း သူ့ သဘော ။ မပြန်ချင် လည်း ပြီးရော ။ ဟုတ် တယ် မဟုတ်လား ။

    အဲဒါပဲ ။ အဲဒီနေ့ က စပြီး သူ နဲ့ ကျွန်တော့် ရဲ့ ဆက်ဆံရေး က အတော်လေး ရှင်းသွားတယ် ။ ပေါ့ပေါ့ ပါးပါး နဲ့ လွတ်လွတ် လပ်လပ် ဖြစ်သွားတယ် ။

    မကြာမကြာ သူ ထွက်သွားတတ်တယ် ။ ဒါပေမယ့် သိပ် မကြာတတ်ဘူး ။ သူ့ လှောင်အိမ်ထဲ သူ ပြန်လာ တာပဲ ။ ဒါပေယ့် ဗျစ်တောက် ဗျစ်တောက် နဲ့ ကတော့ ပြော တုန်းပဲ ။

    ကျွန်တော် နေပုံထိုင်ပုံ ကို ကြည့် မရတဲ့အကြောင်း ၊ အိမ် မှာ နေတာကလည်း ဇရပ် ပေါ် ခဏတက် တာနဲ့ တူတဲ့ အကြောင်း ၊ မသပ်ရပ်ကြောင်း ၊ ညစ်ပတ်ကြောင်း ဘာညာပေါ့ဗျာ ။

    ဒါနဲ့ တစ်နေ့တော့ ကျွန်တော် ခပ်ချဉ်ချဉ်တာ နဲ့ သူ အပြင် ထွက်နေတုန်း လှောင်အိမ် ကို နောက်ဖေး မီးဖိုချောင် ထဲက စတိုခန်းထဲမှာ ထည့်ပြီး ဝှက် ထားလိုက်တယ် ။

    သူ ပြန်လာရင် ဘယ်လို နေမလဲ လို့ ကျွန်တော် စောင့်ကြည့်တယ် ။ အံမယ် ... သူ ပြန်လာတော့ ဘာမှ မဖြစ်သလိုပဲ ။ ဧည့်ခန်းထဲ က ဗိရို ပေါင် ပေါ်ကို တက် နားလိုက်တယ် ။ ထုံးစံအတိုင်းတော့ ပြောတာပဲ ။

    “ ရပါတယ် ။ တစ်နေ့ကျရင် ဒီလို ဖြစ်လာမယ် ဆိုတာ သိသားပဲ ” တဲ့ ။

    “ အခြေအနေ အားလုံး ကို သုံးသပ်လိုက်ရင် တကယ်ကျတော့ လှောင်အိမ် လည်း မလိုမှ မလိုတော့ပဲ ” တဲ့ ။

    ကြည့် ။ ဘယ်လောက် လူပါးဝ တဲ့ ကောင်လဲ ။

    “ အေး ... အဲဒါ အမှန်ပဲ ။ မင်း ကို ငါ လွတ်လပ်ခွင့် အပြည့်အဝ ပေးပြီးသားပဲ ။ ဒီတော့ မင့် အစာ မင်း ရှာ စား ။ ရေ ဆာရင်လည်း မင့် ဟာ မင်း ဖန်တီးတော့ ။ ဒါပဲ ။ အေး ... ငါ့ အိမ် ကို ပြန်လာချင်တယ် ဆိုတာကတော့ မင့် သဘော ။ မင့် ဟာ မင်း ကြည့် နေပေါ့ ။ မင်း သိတဲ့ အတိုင်းပဲ ငါ့ အိမ် ကို ကြောင် တစ်ကောင် လာတတ်တယ် ။ အဲဒါ သတိထား ။ အဲဒါပဲ ”

    ကျွန်တော်လည်း ခပ်ချဉ်ချဉ် နဲ့ ပြောလိုက်တယ် ။ သူ ငြိမ်ခံနေတယ် ။ ဘာမှ မပြောဘူး ။ အဲလိုဖြစ်ပြီး တော့ ကျွန်တော် မေမြို့ ( ပြင်ဦးလွင် ) ကို သုံးလေးရက် တက် သွားရသေးတယ် ။ အရင်က လိုတော့ ကြက်တူရွေး အတွက် မပူရတော့ဘူး ။ ပြတင်းတစ်ခု အထက် က လေဝင်ပေါက်တစ်ခု ကို အသာ ဟ ထားပေး ခဲ့တယ် ။ ထွက်ချင် ဝင်ချင်ရင် အဲဒီ အပေါက် ကို သုံး ။ ဒါပဲ ။
   
    ကျွန်တော် ပြင်ဦးလွင် က ပြန်လာတော့ အိမ် မှာ ကြက်တူရွေး ဘယ်လိုများ နေရှာမလဲလို့ တွေးမိသေး တယ် ။ ဒါနဲ့ ကားဆိပ် က အိမ် ကို ခပ်သွက်သွက် လျှောက်ခဲ့တယ် ။ အိမ်ရှေ့လည်း ရောက်ရော ကျုပ် မျက်လုံး ပြူးရပြီ ။

    ကြက်တူရွေး ဝင်ဖို့ ထွက်ဖို့ သက်သက် ဟ ထားပေးခဲ့တဲ့ လေဝင်ပေါက် ကနေပြီး ကြောင် ခုန်ထွက်သွား တာ မြင်လိုက်ရတယ် ။

    အိမ်တံခါး ကို ကပျာကယာ သော့ ဖွင့်နေတုန်း ကျွန်တော့် လက်တွေဟာ တုန်နေတယ် ။

    ဧည့်ခန်းထဲလည်း ရောက်ရော ကြက်တူရွေးလေး ကို တန်း တွေ့တာပဲ ။

    ဧည့်ခန်း က အလယ်စားပွဲပေါ် မှာ ပက်လက်ကလေး သေနေပြီ ။

    ကပျာကယာ ကောက်ယူ ကြည့်လိုက်တော့ စောစော က ထွက်သွားတဲ့ ကြောင် နဲ့ ဘာမှ ပတ်သက်ဟန် မတူဘူး ။ ကုတ်ရာခြစ်ရာ သွေးထွက်သံယို ကိစ္စ လုံးဝ မရှိ ။

    အစာရေစာ ပြတ်လို့ သေတာများလား ။

    လုံးဝ မဖြစ်နိုင် ၊ ပြည့်ပြည့်ဖြိုးဖြိုးပါပဲ ။

    ဘာပဲဖြစ်ဖြစ် ကြက်တူရွေးလေး သေရှာပြီ ။

    ကျွန်တော် သိပ်ကြာကြာ စဉ်းစား မနေပါဘူး ။ ခြံထဲ က သရက်ပင်အောက် မှာ ဖြစ်ကတတ်ဆန်း ကျင်းတစ်ခု တူး ပြီး မြှုပ်လိုက်တယ် ။

    ပြီးတော့ လက်ဆေးတယ် ။

    ပြီးတော့ လက်သုတ်တယ် ။

    ပြီးတော့ ခင်မောင်ကြွယ့် ဆီ ဖုန်း ဆက်လိုက်တယ် ။

    “ သူငယ်ချင်း မင်း ကို ငါ ဝမ်းသာစရာ တစ်ခု ပြောစရာ ရှိလို့ကွ ”

    ( သူငယ်ချင်း ခင်မောင်ကြွယ် ရဲ့ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဇနီး ကို ရည်စူးပါတယ် ) ။

◾  ဝင်းဖေ

📖  ရေကြည်ရေသန့် ဝတ္ထုတိုများ

www.facebook.com/aung.naingoo.3726613

.

Wednesday, April 20, 2022

လူပျိုသိုးကြီးများအကြောင်း


 

❝ လူပျိုသိုးကြီးများအကြောင်း ❞

ငါ့ တူမများ အနေနဲ့ “ လူပျိုသိုး ” ကြီး တွေ အကြောင်းလည်း သိထားသင့်တယ် ကွယ့် ။ လူပျိုသိုး ဆိုတာ ရိုးရိုး လူပျို ကြီး တွေနဲ့ မတူဘူး ။ ရိုးရိုး လူပျိုကြီး ကတော့ ချစ်သူ နဲ့ ကွဲသွားလို့ ၊ အိမ်ထောင် မပြုချင်လို့ ၊ ရတာမလို လိုတာမရ ဖြစ်လို့ ဆိုသလို လူပျိုကြီးဖြစ်သွားတယ် ။ တချို့လူပျိုကြီးများ ကတော့ အလုပ် ထဲ အာရုံရေ ာက်နေလို့ ၊ စီးပွားရေး ၊ ပညာရေး ၊ အနုပညာရေးတွေ မှာ ဘဝ ကို နှစ်မြုပ်ထားလို့ လူပျိုကြီး ဖြစ်နေတာတွေ ရှိတယ် ။

လူပျိုသိုး ဆိုတာ ကတော့ ဘယ်လိုဟာ ရရ လိုချင်လျက် နဲ့ ကို မရလို့ လူပျိုကြီး ဖြစ်နေရတာ ။ အဲသလို လူပျိုသိုးကြီးများ ကတော့ အသက် ငါးဆယ် ကျော် ခြောက်ဆယ် ရောက် နေဦးတော့ ဆယ့်ခြောက်နှစ်သား များ လို ရည်းစား စကား ပြောချင်တုန်း ၊ ရည်းစားစာ ပေးချင်တုန်း ။ လူပျိုသိုးကြီးများ ဟာ ဆင်းရဲ ဆင်းရဲ ချမ်းသာ ချမ်းသာ ပညာ မဲ့မဲ့ ပညာ တတ်တတ် အမူအကျင့်ချင်းကတော့ ကိုးဆယ်ရာနှုန်း အတူတူပါပဲ ။ ပညာရေး ၊ စီးပွားရေး ထဲ နှစ်နေတဲ့ အိမ်ထောင်ရေး စိတ် မဝင်စားတဲ့ လူပျိုကြီးတွေ နဲ့ ဘာမျှ မဆိုင်ဘူး ။ မိန်းကလေး တစ်ယောက် နဲ့  စကား ပြောရမယ် ဆိုရင် ဝန်းကျင် ကို မေ့ နေတော့တာ ။ လူပျိုသိုးကြီးများ ရဲ့ ထူးခြားချက် ထင်ရှားတဲ့ အမူအကျင့် ကတော့ မိန်းကလေး တစ်ယောက် ကို ကြည့်မိပြီ ဆိုရင် ဗွီဒီယိုကင်မရာ က မှန်ဘီလူး ကို အော်တို နဲ့ အနီးအဝေး ( ဖိုးကပ် ) ဖြတ် ထားသလိုပဲ ။ ကျန်တာတွေ အကုန် ဝါး နေတော့တာ ။ အဲဒီ မိန်းကလေး က လွဲလို့ ဘာမှ မမြင်တော့တာ ။ လူပျိုကြီး တွေ က ဣ‌န္ဒြေ ရသေးတယ် ။ လူပျိုသိုးကြီး တွေ ကတော့ ဣ‌န္ဒြေ မရဘူး ။

သူတို့ ရဲ့ အားနည်းချက် ကတော့ မရှက်တော့တာပဲ ။ သမီး အရွယ်လောက်ကလေး ကို ရည်းစားစာ ပေးဖို့ ရည်းစား စကား ပြောဖို့ ဝန် မလေးဘူး ။ လစ်ရင် လစ်သလို ပြော မှာပဲ ။ ကောင်မလေး က မကြိုက်လို့ ထိန်း ပေးကြပါဦး ၊ တား ပေးပါဦး ဆိုပြီး ဝန်းကျင် ကို တိုင်တည်မှာ လည်း မစဉ်းစားဘူး ။ ကိုယ် ပဲ ရှက် ရမှာ ၊ ဒါကြောင့်

မိန်းမ ဆို ပြီးရော ၊ ဘယ်လိုဟာ ရရ လိုချင်လျက် နဲ့ မရတဲ့ လူပျိုသိုးကြီးတွေ နဲ့ များ ဆုံရ ကြုံရ ရင် ဝေးဝေး က ရှောင်ကွယ့် ။

◾ ကံချွန်

📖  အပျိုစင်တို့ သိဖို့ ယောက်ျားတို့အကြောင်း ( ၂  )

www.facebook.com/aung.naingoo.3726613

.

Tuesday, April 19, 2022

ဆုံမှတ်လွဲသည့် အလွမ်းများ


 

❝ ဆုံမှတ်လွဲသည့် အလွမ်းများ ❞ 

တစ်နေ့တွင် ဆရာဝန် က ကျွန်တော် ၏ ECG စာရွက် ကို ကြည့်ပြီး ကျွန်တော့် တွင် နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်နေသည် ဟု ပြောလာသည် ။ သွေးကျဆေး ၊ သွေးကျဲဆေး ၊ ကိုလက်စ်ထရောချဆေး တွေ သောက်ခိုင်းသည် ။ တစ်လ ကျော်ခန့် ကြာမြင့်လာသောအခါ နှလုံးရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ မြင့်ဇော် က ကျွန်တော့် ကို တစ်လ ခန့် အနားယူရန် နှင့် ဆောင်ရန်ဆေး ၊ ရှောင်ရန် အစာများ ကို ညွှန်ကြားလာသည် ။ ဆရာဝန်ညွှန်ကြား သည့် ဆောင်ရန် နှင့် ရှောင်ရန် တို့ ကို အတိအကျ လိုက်နာနိုင်ခဲ့သော်လည်း အလုပ်ကတော့ အနား မယူဖြစ်ခဲ့ ။ ဆေး သောက်ရင်း အချိန် နှင့် အမျှ အလုပ်ခွင် ထဲ တွင် ဂျင်တစ်လုံး လို လည်ပတ်နေခဲ့ရသည် ။

၂၉ - ၈ - ၂၀၀၅ နေ့ ကတော့ သွားရင်းလာရင်း အသက်ရှု ကြပ် လာသဖြင့် ငါးထပ်ကြီးဘုရားလမ်း ရှိ တိုင်းရင်းဆေးရုံသို့ ရောက်ခဲ့သည် ။ ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းကျော် နှင့် ကျွန်တော် က ရှေးမဆွ ကပင် ခင်မင်ရင်းနှီးပြီး ဖြစ်သည် ။ ဒေါက်တာသိမ်းကျော် က အသက်ရှုကြပ် ပြီး မောဟိုက်နေသော ကျွန်တော့် ကို ချက်ချင်းပင် ဆေးရုံ တင်ပေးခဲ့သည် ။

ဆေးရုံ အောက်ထပ် မှာ ရိုးရိုးလူနာဆောင် ဖြစ်ပြီး အပေါ်ထပ် က စရိတ်မျှ ပေး အစီအစဉ် ဖြစ်သည် ။ ဤ အစီအစဉ် နှင့် ပင် ဆယ့်နှစ်ပေ ခန့် ကျယ်ဝန်းသော သီးသန့် အခန်း ( ၂ ) တွင် ဆေးရုံ တက်ခွင့် ရခဲ့သည် ။ တိုင်းရင်းဆေးရုံ တွင် နှလုံးအထူးကု ဆရာကြီးဒေါက်တာမြင့်ဇော် ပေးသည့် နိုင်ငံခြား ဆေးများ ကို သာ ဆက် သောက်ရသည် ။ တိုင်းရင်းဆေး အဖြစ်မူ “ အခိုးပွင့်ဆေး ” နှင့် “ မုတ်ကဲဆေး ” တို့ကို သောက်စေပြီး နေ့စဉ်နံနက်တိုင်း သူနာပြုတွေ က အကြောပြင်ပေးသည် ။ ကြပ်ထုပ်ထိုးပေးသည် ။ ချွေးအောင်းပေးသည် ။ ဆေးလိမ်းပေးသည် ။ ဆေးရုံ တက်ပြီး ငါးရက် ကြာသော အခါ ကျွန်တော့်ကျန်းမာရေး အခြေအနေ က အကောင်းပကတိ နီးပါး တိုးတက်ကောင်းမွန် လာခဲ့သည် ။

•••••   •••••   •••••

၃ - ၉ -၂၀၀၅ နေ့ နံနက်ကိုးနာရီခွဲခန့် တွင် ဆေးရုံ သို့ လူနာသစ် တစ်ဦး လက်တွန်းလှည်းဖြင့် ရောက်ရှိလာသည် ။ သူ့ ကို ကျွန်တော့် အခန်း နှင့် ကပ်လျက် အခန်းနံပါတ် ( ၃ ) တွင် နေရာချပေးသည် ။ လူနာ နှင့် အတူ လိုက်ပါလာဟန် ဟူသော ခပ်ငယ်ငယ် လူရွယ်ကလေးတွေ က အခန်း သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး လူနာ ကိုနေရာ ချပေးသည် ။ သူတို့ ၏ လှုပ်ရှားမှု ဟန်ပန် နှင့် ပြောဆိုသံများ အရ နယ်ဘက် မှ ဖြစ်မည် ဟု ခန့်မှန်းရသည် ။

လူငယ် တစ်ဦး က လည်း သူ ၏ လက်ကိုင်ဖုန်း ဖြင့် ဆွေမျိုးသားချင်းများ ထံ ဆက်သွယ် အကြောင်းကြားနေသည် ။ ညနေပိုင်း ကျတော့ ဧည့်သည် တော်တော် များများ ရောက်ရှိလာကြသည် ။ ည ကိုးနာရီ ကျော် မှ ပင် ဧည့် ပြတ်သွားတော့သည် ။ ကျွန်တော်သည် မအိပ်ချင်သေး၍ အခန်းအဝ တွင် ပက်လက်ကုလားထိုင် ဖြင့် ထိုင်နေမိသည် ။ တစ်ဖက်ခန်း မှ လူနာ ၏ ဇနီး ဟု ထင်ရသော ခပ်ဝဝ မိန်းမ တစ်ယောက် မှာ အပြင် ထွက်လိုက် ၊ သန့်စင်ခန်း သို့ သွားလိုက် ၊ ရေပုံးလေး နှင့် ရေ သယ်လိုက် ပြုလုပ်နေရာ မှ ကျွန်တော့် ကို မကြာခဏ လှည့်ကြည့်နေသည် ။ ကျွန်တော့်ခေါင်းပေါ် တည့်တည့် လေးပေမီးချောင်း ၏ အလင်းရောင်ကြောင့် ထို မိန်းမ သည် ကျွန်တော့် ကို အဝေးက မှ ပင် မြင်နိုင်သော်လည်း ကျွန်တော်ကတော့ မှုန်ဝါးဝါး အလင်းရောင် အောက် မှ ထို ခပ်ဝဝ မိန်းမကြီး ကို ရုပ်လုံး မကွဲ ။ မျက်မှန် လည်း တပ် မထားမိသဖြင့် အဝေး မှုန် နေသည် ။ ထိုစဉ် ကျွန်တော့် ကို ကြည့်နေသော မိန်းမကြီး က...

“ ဦးချစ် လား... ဦးချစ် ဟုတ်ပါတယ် နော်... ”

“ ဟုတ်ပါတယ် ၊ ကျွန်တော် ဦးချစ် ပါ ၊ ကျွန်တော့် ကို သိလို့လား ”

“ ကြည့်ပါဦး ၊ ကျွန်မ , ကိုမမှတ်မိဘူးလား ၊ ဦးချစ်ရဲ့ ညီ မ ' စုစု ' ရဲ့ သူငယ်ချင်း လေ ”

“ အင်း ... အော် ... ဒါ ... ဒါဖြင့် ... ဟို ဟို ... “ ‌မေစီ ” လားဟင် ၊ “ မေစီ ” ဟုတ်ပါတယ် နော် ”

“ ဟုတ်ပါတယ် ၊ ကျွန်မ ... မေစီ , ပါ ၊ ဒါထက် .. ဦးချစ် က ဘာ ရောဂါ နဲ့ ဆေးရုံ တက် ရတာလဲ ”

“ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်လို့ ဆေးရုံ ရောက်လာတာ ”

“ မေစီ့ အမျိုးသား ကလည်း မနေ့က လေ ဖြတ်လို့ ၊ အားချင်းပဲ ရွာ က တက် လာပြီး ဒီ မနက် ဆေးရုံ တင်တာလေ ။ သူ က ညာဖက် တစ်ခြမ်း လှုပ်လို့ မရဘူး ၊ စကား လည်း မပြောနိုင်ဘူး ၊ လိုအပ်တာတွေ တော့ လုပ်နေတုန်းပါပဲ ၊ နောက်မှပဲ တွေ့ပါရစေနော် ... ”

ပြောပြောဆိုဆို နှင့် မေစီ , သူ့ အခန်း ထဲ သို့ ပြန် ဝင်သွားလေသည် ။

ဪ , မေစီ မေစီ ... တစ်ချိန်သော ကာလ က ကျွန်တော့် ကို “ မောင် ” “ မောင် ” နှင့် တစ်မောင် တည်း မောင် ခဲ့သော မေစီ ... အခုတော့ “ ဦးချစ် ” လား တဲ့ ... ။

နှစ်တွေ က လည်း ( ၃၅ ) နှစ် ပင် ကျော် လွန်ခဲ့ချေပြီကောလေ ။ သူ နှင့် ကျွန်တော် ကြာမြင့်စွာ ကွဲကွာခဲ့သော်လည်း အမှန် ကို ဝန်ခံရလျှင် ကျွန်တော် သူ့ ကို တစ်နေ့မှပင် မေ့ပျောက်လို့ မရခဲ့ ။ ငယ်ကချစ် အနှစ်တစ်ရာ ဆိုသည့် စကား အလို အတိုင်း ပင်  ၊ နှစ်တွေ ကြာညောင်းခဲ့ပြီး ဘဝတွေ ပြောင်းလဲခဲ့ပေမယ့် မေ့ မရနိုင်ခဲ့သော ငယ်ချစ်ဦး “ မေစီ ” ပါ ။ ခုတော့ ကျွန်တော့် ကို အိပ်မက်, မပေးဘဲ အရှင်လတ်လတ် ဘဝဖြင့် နံရံ တစ်ချပ်ခြား မှာ ရောက်နေလေ ရဲ့ ။

မေစီ နှင့် တစ်ရပ်တည်း တစ်ရွာတည်း ဆုံတွေ့ခဲ့ရသော ငယ်ဘဝ ကို သတိ ရမိလိုက်ပါသည် ။

ထိုစဉ်က ရွာ မှာ ( ၇ ) တန်း အထိ ပညာ သင်ကြားပေးသော အလယ်တန်း ကျောင်း တစ်ကျောင်း သာ ရှိသည် ။ ( ၇ ) တန်း အောင်တော့ ရန်ကုန် သို့ ပြောင်းရွှေ့ပြီး ဦးလေး အိမ် မှ ကျောင်း ဆက် တက်ခွင့် ရခဲ့သည် ။ မေစီ နှင့် စ တွေ့စဉ်က ကျွန်တော် ဆယ်တန်းစာမေးပွဲ ဖြေပြီး ၊ ရွာ သို့ ခေတ္တ ပြန် နေသော ကာလ ဖြစ်သည် ။ ထိုစဉ်က မေစီ သည် ( ၈ ) တန်းကျောင်းသူ ဖြစ်သော ကျွန်တော့် ညီမ “ စုစု ” နှင့် အတန်းတူ ၊ အခန်းတူ ။ သူတို့ နှစ်ယောက် က အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်သည် ။ ညီမငယ် “ စုစု ” က “ ယောင်းမရေ ... ယောင်းမရေ ” ဟု ခေါ်သည့် အခါတွင် မေစီ သည် စိတ်ဆို းသည့် အမူအရာမျိုး မပြသည့် အပြင် ကျေနပ်သယောင် အမူအရာ ဖြင့် ရှက်ပြုံးလေး ပြုံး နေတတ်သည် ။ ပြီးတော့ ရှက်စနိုး အမူအရာလေး နှင့် ကျွန်တော့် ကို ခိုး ကြည့်တတ်သည် ။ ပြောရလျှင်တော့ ထို နှစ် မှာပင် ကျွန်တော် နှင့် မေစီ မေတ္တာ မျှခဲ့ ကြသည် ။ ထိုစဉ် က ကျွန်တော် က သူ့ ကို “ မေ ” ဟု ခေါ်ခဲ့သလို ၊ သူ ကလည်း ကျွန်တော့် ကို “ မောင် ” တဲ့ ။ နောက်ပိုင်းတွင် လည်း “ မောင် ” ဆို သည့် စကားတစ်လုံး ကို သူ့နှုတ်ဖျားတွင် ပန်ဆင်ထားမြဲ ။ တစ်ယောက် နှင့် တစ်ယောက် ချစ်လိုက်ကြသည့် ဖြစ်ခြင်း ။ ဘဝ ၏ အပျော်ရွှင်ဆုံး ကာလများ ဟူ၍ ပင် ဆိုရတော့မည် ။

သည်လို နှင့် ကျွန်တော် ဆယ်တန်း အောင်ပြီး ၊ တက္ကသိုလ်ပထမနှစ် သို့ ဆက် တက်သည် ။ တက္ကသိုလ်ကျောင်းသားဘဝ တွင် ကျွန်တော် မေစီ နှင့် ဆက်သွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည် ။ ခက်သည် က ရွာ သို့ ဆက်သွယ်ရန် လူကြုံ မရှိ သလို စာတိုက် လည်း မရှိ ခြင်းပင် ။ သည်လိုနှင့် တစ်နှစ်ပတ်လုံး  မေစီ နှင့် အဆက်အသွယ် ပြတ်ခဲ့ရသည် ။

ပထမနှစ် စာမေးပွဲ ဖြေဆိုပြီး ရွာ သို့ ပြန်သွားတော့မှ “ မေစီ ” နှင့် တွေ့ရတော့ သည် ။ တစ်နှစ်တာ ကာလအတွင်း မေစီ ၏ အလှ သည် မယုံနိုင်အောင် တိုးတက် ပြောင်းလဲခဲ့သည် ။ အရပ်အမောင်း အလုံးအထည် နှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှု မှာ ဖိုသတ္တဝါ များ နှစ်ခါ လှည့်ကြည့်ရ သည့် အလှအပမျိုး ဖြစ်နေသည် ။ သည်လို အလှ တွေ တိုး တက်ပြောင်းလဲသွားသော်လည်း ကျွန်တော့် အပေါ် ချစ်စိတ် ကတော့ ပြောင်းလဲ မသွားဘဲ သံယောဇဉ် တွေ ပိုမိုခိုင်ကျည်လာသည် ။ နှစ်ယောက် ဆုံသည့် အခါတိုင်း “ ချစ်လိုက်ရတာ မောင်ရယ် မေစီ အတွက် နောက်ဆံ မတင်းပါ နဲ့ မောင် ရယ် ၊ ပညာ ကို ဖြောင့်ဖြောင့်တန်းတန်း သင် ပါနော် ၊ မေစီ ကို စိတ်ချပါ ” ဆိုသော မေစီ ၏ စမ်းရေစီးသံလေးတွေ ကို မိန့်မူးရင်း ရန်ကုန်တက္ကသိုလ် တွင် ဒုတိယနှစ် ဆက်လက် တက်ရောက်ဖြစ်ခဲ့သည် ။

သို့သော်လည်း ဒုတိယနှစ် စာမေးပွဲ ဖြေဆို အပြီး နောက်တစ်နေ့ မှာပဲ ရွာ သို့ အပြေး ပြန် သွားတော့ ရင်ဆို့စရာ သတင်း တစ်ပုဒ် က ဆီးကြို နေနှင့်သည် ။

မေစီ အိမ်ထောင် ကျသွားတာ တစ်လ လောက် ရှိပြီ တဲ့ ၊ သူ့ အမေ ကိုယ်တိုင် သဘောတူ ပေးစားတာ ... တဲ့ ။ အဲဒီ လူ က တစ်ရပ်တစ်ကျေး မှ ပုဂ္ဂိုလ် တဲ့ ။ မေစီ ထက် အသက် ဆယ်နှစ် ခန့် ကြီးပြီး သူဌေးသား တစ်ယောက် ဖြစ်သည် တဲ့ ။

မျှော်လင့်ချက် ကြီးမားစွာဖြင့် အပြေး ပြန်လာခဲ့သော ကျွန်တော် သည် ရှက်ရွံ့ခြင်း နှင့်အတူ ကြေကွဲရသော ခံစားချက် ဖြင့် ရွာ တွင် တစ်ညသာအိပ်ပြီး နောက် တစ်နေ့ မိုး မလင်းမီ ရန်ကုန် သို့ပြန်လာခဲ့သည် ။ ထို့နောက် မေစီ ကို မေ့ပစ် ဖို့ မုန်းပစ် ဖို့ စိတ်နာ ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည် ။ သို့သော်လည်း မုန်း မရ ၊ မေ့ မရ စိတ်နာလို့ မရခဲ့ ။

ဪ , ငယ်ချစ်ဦးပေကိုး ... ။

ဘာလိုလို နှင့် ဆယ်စုနှစ် သုံးစု ပင် ကျော် ခဲ့ချေပြီ ။

•••••   •••••   •••••

မေစီ နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပုံများ ကို ပြန်လည်ခံစား သတိရရင်း မိုးစင်စင် လင်း ခဲ့ရသည် ။ မိုး လင်းတော့ မေစီ , ကျွန်တော့် အခန်း ဝ သို့ ရောက် လာသည် ။ သူ့ ယောက်ျား နှင့် မိတ်ဆက်ပေးချင်ပါသတဲ့ ။ သူ့ အခန်း သို့ လိုက်ခဲ့ဖို့ ခေါ် နေသည် ။

အားနာမှုကြောင့်လား ... မေစီ ၏ လွှမ်းမိုးမှု ကို နစ်မျောသာယာနေမိသလား ... ကျွန်တော့် ကိုယ် ကျွန်တော် ဝေခွဲမရနိုင်မီမှာ ပင် သူ ခေါ်ရာ နောက်သို့ အလိုလို လိုက်ပါသွားမိသည် ။ သူ့ အခန်း ထဲ ရောက်တော့ ခုတင် ပေါ် တွင် ပက်လက်အနေအထားဖြင့် လဲလျောင်းနေသော ယောက်ျား တစ်ယောက် ကို တွေ့လိုက်ရသည် ။

“ ကိုကို ... သူ က ဟိုဘက်အခန်း က လူနာလေ ၊ ရွာ က စုစု ရဲ့ အစ်ကို ပေါ့ ၊ ကိုကို သူ့ ကို သိမှာ မဟုတ်ပါဘူး ၊ သူ ရန်ကုန်ပြောင်းသွားတာ မေစီ နဲ့ ကိုကို လက် မထပ်ခင် ကတည်း က ဆိုတော့ ကိုကို့ ကို ဘယ် သိမှာလဲ ဦးချစ် ... ရေ ၊ ဒါ မေစီယောက်ျား ဦးထွန်းလွင် ... တဲ့ ရွာ မှာ ပဲစက် ၊ ဆန်စက် ၊ သစ်စက်လုပ်ငန်း တွေ လုပ်တယ်... ”

“ ဟုတ်ကဲ့ .. တွေ့ရတာ ဝမ်းသာပါတယ် ၊ မြန်မြန် , ကျန်းမာပါစေလို့ လည်း ဆုတောင်းပါတယ် ၊ ရပ်ဆွေရပ်မျိုးတွေ မမျှော်လင့်ဘဲ အခုလို ပြန် တွေ့ရတော့ လိုတာ ရှိရင်လည်း ကူညီလို့ရတာပေါ့ ”

“ ဦးချစ်ကြီး ကတော့ လုပ်ပြီ ၊ မမျှော်လင့်ဘဲ ရှိပါ့မလား ၊ စုစု နဲ့ပတ်သက်နေမှ တော့ မေစီ တို့ ကအမြဲ မျှော်လင့်ပါတယ် ၊ ဦးချစ် ကသာ ရွာ ကို တစ်ခေါက် တစ်ကျေး တောင် ပြန်လာဖေါ် မရဘဲ မေ့သွားတာပါနော် ”

စကား မပြောနိုင်ရှာသော လူနာ ဦးထွန်းလွင် .. ကတော့ သူ့ဇနီး ၏ ရန်တွေ့ စကားတွေ ကို သဘော ကျလို့လား ၊ ဒါမှမဟုတ် ကျွန်တော် နှင့် မိတ်ဆွေ ဖြစ်ရ တာကိုပဲ ဝမ်းမြောက်၍ လား မသိ ၊ သဲ့သဲ့လေး သာ ပြုံးနေရှာသည် ။ မေစီ က သူ ယောက်ျား ၏ လက်ကို ကိုင်ပြီး ...

“ ကိုကို က, လက် တစ်ဖက် လှုပ်လို့ မရဘူး ၊ စကား လည်း မပြောနိုင်ဘူး ” ဟု ပြောလာသည် ။

“ အားမငယ်ပါ နဲ့ ဦးထွန်းလွင် ၊ ဒီ ဆေးရုံ မှာ ဦးထွန်းလွင် ထက် အခြေအနေ ဆိုး တဲ့ လူနာတွေ တောင် ရှိပါတယ် ၊ မကြာခင် ဦးထွန်းလွင် ကိုယ်တိုင် ဒေါင်ဒေါင်မြည် လမ်းလျှောက်နိုင်တော့ မှာပါ ။ အချိန်တော့ နည်းနည်း ပေးရမှာပေါ့ဗျာ ၊ ဒီ ဆေးရုံ ရဲ့ အားသာချက် က နိုင်ငံခြားဆေး လည်း သုံးတယ် ၊ တိုင်းရင်းဆေး အပြင် အပ်စိုက် ပေးတယ် ၊ ဆေး လိမ်းပေးတယ် ၊ အကြော , ပြင်ပေးတယ် ၊ ကြပ်ထုတ် ထိုးပေးတယ် ၊ ချွေး , အောင်းပေးတယ် ၊ ဆရာ , ဆရာမတွေ ကလည်း သိပ် ဂရုစိုက်ကြတာ ၊ အဲဒီ ပြုစု ကုသပေးမှုတွေကြောင့် ဒီ ရက်ပိုင်းအတွင်း မှာ ပဲ ဦးထွန်းလွင် ရဲ့ အခြေအနေ ထူးထူး ခြားခြား တိုးတက် ကောင်းမွန်လာမှာပါ ၊ ကဲ ...ကဲ ဦးထွန်းလွင်လည်း နားပါဦး ၊ မေစီ ကလည်း လိုတာ ရှိရင် ပြောပေါ့ ”

ကျွန်တော် ဦးထွန်းလွင် အတွက် အားပေးစကား ပြောပြီး အခန်း ထဲ မှ လှည့် ထွက်လာတော့ “ ကိုယ့် အစ်ကိုကြီး လို ပဲ... အားကိုးပါတယ် ဦးချစ် ရယ် ” ဟူသော မေစီ ၏ အသံ လွင်လွင်ကလေး ကို ကြားဖြစ်အောင် ကြား လိုက်ရသေးသည် ။

ကျွန်တော် အခန်း သို့ပြန်ရောက်တော့ ဘာကြောင့်မှန်း မသိ ၊ နေမထိ, ထိုင်မသာ ဖြစ်နေသည် ။ အသက် ရှူလိုက်တိုင်း အောင့်သလိုလို ၊ တစ်ခုခုကို ကြောက်ရွံ့ သလိုလို ၊ ပြီးတော့ အသက်ရှူကြပ်သလိုလို ၊ မောသလိုလို. . .  ၊

ခုတင် ပေါ်တွင် မှိန်း၍ အနား ယူနေရင်း အတွေးတစ်မျှင် က ဦးနှောက် ထဲသို့ ကပ်ငြိလာသည် ။ နှလုံးသွေးကြောကျဉ်းရောဂါ အပြင် အခြားသော ရောဂါ တစ်ခု က ကျွန်တော့် ရင်ထဲ သို့ ချဉ်းကပ် ဝင်ရောက်လာပါ ပေါ့လား ။ ဒီ ရောဂါ နာမည် ဘယ်လို ပေးရပါလိမ့် ။ မေစီ ကျွန်တော့် ကို ကြည့်သော မျက်လုံး ၊ သူ့ အပြုံး ပြီးတော့ ... မျက်လုံး က ပြောနေသော အသံတိတ် စကားများ ...

ကျွန်တော့် စိတ်တွေ ယောင်ချာချာ ဖြစ်နေပါ, ပေါ့လား ။

မွန်းလွဲ ( ၁ ) နာရီ ခန့် အထိ ခုတင် ပေါ် တွင် ပက်လက်လှန် ၊ မျက်လုံး မှိတ်ရင်း ကိုယ့် ဘဝ ၏ အဆင် မပြေမှုများ ကို စဉ်းစား နေမိသည် ။ ထိုစဉ် ခုတင်ဘေး မှ အသံ တစ်ခု ကို မမျှော်လင့်ဘဲ ကြား လိုက်ရသည် ။ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ... မေစီ ။

“ မောင်, အိပ်နေလား ... ” တဲ့ ။ ကြည့်စမ်း ... မေစီ ၊ ကျွန်တော့် ကို ခေါ် လိုက်သည် က “ မောင် ” .. တဲ့ ။

“ မအိပ်ပါဘူး မေစီ ၊ မှိန်း နေတာပါ ၊ ကိုယ့်ကို ‘ မောင် ’ လို့ ခေါ်လိုက်တာလား ဟင် ”

“ ဦးထွန်းလွင် အိပ်မောကျနေတုန်း ‘ မောင့် ’ ကို စကား နည်းနည်း ပြောစရာ ရှိလို့ ”

မနက်တုန်း က “ ကိုကို ” လို့ ခေါ်ခဲ့ပြီး ... ခုတော့လည်း ‘ ဦးထွန်းလွင် ’ တဲ့ လား ... ဟင် ၊ တစ်ချိန်တုန်းက အကြောင်းတွေ ဆိုရင်တော့ မပြောပါနဲ့တော့ လား ... မေစီရယ် ။

“ မောင် နဲ့ မေစီ ဘဝ မှာ တစ်ချိန်တုန်း က စကားတွေ ပြောစရာအများကြီး ရှိတယ် မောင် ၊ မောင် နဲ့ တွေ့ ရင် ပြောဖို့ စကားတွေ မေစီ့ ရင် နဲ့ အပြည့်ပဲ ။ မေစီ က မိန်းမသား ပါ ၊ တောသူ ပါ ၊ အမေ က ရုတ်တရက်ကြီး ယောက်ျား ပေးစား ဖို့ စီစဉ်တော့ ထွက်ပြေးလို့လည်း မရ ၊ မောင် နဲ့ လည်း အဆက်အသွယ် မရတော့ မေစီ့ ဘဝ ကို လည်စင်း စတေးခဲ့ရတာပါ ၊ မောင့် ကို ခွင့်လွတ်ပါ လို့ မေစီ, မတောင်းဆိုချင်ပါဘူး ။ ဒါပေမယ့် မောင်ရယ် ... မောင့် ကို မေစီ , အချစ် မလျော့ခဲ့ပါဘူး ... ဒီနေ့ထိ မောင့် အပေါ် ချစ်နေဆဲ ပဲ ဆိုတာ ကို တော့ မောင် , လက်ခံ ယုံကြည်ပေးပါ ၊ မေစီ ကို ခွင့်လွှတ်ဖို့ မတောင်းဆိုချင်ပေမယ့် မေစီ့ စကားကိုတော့ အကြွင်းမဲ့ ယုံကြည်ပေးပါလို့ တောင်းဆိုပါရစေ ”

စကားသံ နှင့် အတူ ရွေ့လျားသံ တစ်ခု က ကျွန်တော့် အပါး မှ တဖြည်းဖြည်း ပျောက်ကွယ် သွားသည် ။ ကျွန်တော် မျက်လုံး ကို ဖွင့် ကြည့်လိုက်သည် ။ မျက်လုံးတွေ မှုန်ဝါးဝါး ဖြစ်နေသည် ။

အလို ... ကျွန်တော့် မျက်လုံးအိမ် ထဲ မှာ မျက်ရည်တွေ နဲ့ စိုစွတ်လို့ပါလား ၊ နှလုံးသား ခံစားမှု မှ ကြွေသက်လာသော မျက်ရည်များ သည် မျက်လုံးအိမ် ထဲ မှာ ပြည့်လျှံပြီး ပါးပြင် ပေါ် သို့ စီးဆင်းကျလာသည် ။

ညနေ ( ၄ ) နာရီ ခန့်တွင် ထုံးစံအတိုင်း ဆရာဝန်ကြီး နှင့် အဖွဲ့ က လူနာများ ကို လှည့်လည် ကြည့်ရှုကြသည် ။

ဒေါက်တာသိမ်းကျော် အား “ မိမိ တစ်ယောက် တည်း ဆေးရုံတက်ရသည့် အခက်အခဲအခြေအနေ နှင့် ရောဂါလည်း သက်သာလာပြီ ဖြစ်၍ သူရဲသမိန် တိုက် နယ်ဆေးရုံ သို့ သွားရောက် အနားယူလိုကြောင်း ၊ ဟိုမှာ ညီလေး ၊ ညီမလေးများ နှင့် တူ ၊ တူမလေးများရှိကြောင်း ” ပြောပြပြီး ဆေးရုံ မှ ဆင်းခွင့် တောင်းတော့ ၊ ဆရာဝန်ကြီး က ကျွန်တော် ၏ ရောဂါအခြေအနေ ကို အသေးစိတ် စစ်ဆေးပေးသည် ။ ပြီးတော့ ဆေး , တစ်လ စာ ဝယ် သွားဖို့ ဆေးလတ်မှတ် နှင့် မြန်မာတိုင်းရင်း သောက်ဆေး ၊ လိမ်းဆေးများကို ပေးပြီး ဆေးရုံ မှ ဆင်းခွင့် ပြုလိုက်သည် ။

ကျွန်တော် ထိုနေ့ ည မိုး မချုပ်မီ ဆေးရုံ မှ ဆင်းလာခဲ့သည် ။

မေစီ ကို မူ နှုတ် မဆက်ဖြစ်ခဲ့တော့ ။ နှုတ်ဆက် မိပြန်လျှင် မေစီ သည် မဆုံးနိုင် သည့် သံသရာ ကို ဆွဲ ဆန့်ကောင်း ဆွဲဆန့် နေဦးမည် ။ ခုလို အခါမျိုးမှာ မေစီ နှင့် ပြန်လည် မဆုံသင့်တော့ ဟု ကျွန်တော့် အသိ မှ ပြဋ္ဌာန်းပြီး ဖြစ်နေသည် ။

တိုင်းရင်းဆေးရုံကြီး ကိုကျောခိုင်း ထွက်ခွာတော့ ဆေးရုံဝင်း အဝ လက်ဖက်ရည်ဆိုင် ရေဒီယို မှ အသံလွှင့် သီချင်း တစ်ပုဒ် ကို သဲ့သဲ့ကြား လိုက်ရသည် ။ ကျွန်တော် ကောင်းစွာ မှတ်မိနေသည် ။ အဆိုတော် မှာ ဗဟို ( စံပြ ) အစိုးရအထက်တန်း ကျောင်း မှ ကျွန်တော် ၏ ကျောင်းနေဖက် သူငယ်ချင်း ကိုခင်ဝင်း ( ခေါ် ) “ စန္ဒရားကျော်ဇောလေး ... ”

“ မတတ်သာလို့ ခပ်ခွာခွာလေး နေကြရတယ် ... တစ်ဦး ကို တစ်ဦး ပေးခဲ့ ဖူးတဲ့ အသည်းလေးများတော့ နှစ်ဦး ကိုယ်စီ ရှိကြတယ် နော် ကွယ် ... အသည်းချင်း ဖြင့် နီးကြတုန်း ... ခွဲခွာခြင်း ဖြင့် တစ်သက်လုံး မနေလိုတယ် ... ”

◾မောင်ချစ် ( သူရဲသမိန် )

📖 အလင်္ကာရပ်ဝန်း
       ဝတ္ထုတိုစာစု ( ၇ )

www.facebook.com/aung.naingoo.3726613

.

ကိုဉာဏ် နဲ့ ကျွန်တော်


 

❝ ကိုဉာဏ် နဲ့ ကျွန်တော် ❞

သာဓုအင်ဆန်းစ် နဲ့ တိုက်ဂါးအင်ဆန်းစ် ( သာဓု နှင့် သားများ ၊ ကျား နှင့် သားများ ) က ဖခင် များ ရှိစဉ် ကတည်း က ညီအစ်ကို အရင်းများ သဖွယ် ရင်းနှီး ကျွမ်းဝင်ခဲ့ကြပါတယ် ။

ကျွန်တော် က ကိုဝဏ္ဏ နဲ့ ရွယ်တူ ၊ သုမောင် က ကျွန်တော့် ညီ ဆန်နီညိမ်း နဲ့ ၊ ကိုဉာဏ် က ကျွန်တော့် ညီ မျိုးမြင့်ညိမ်း နဲ့ အသက်အရွယ်တွေ မတိမ်းမယိမ်း ရှိ ခဲ့ကြပါတယ် ။

ညီအစ်ကိုတွေ ရင်းနှီးကြတဲ့ အထဲ မှာ မျိုးမြင့်ညိမ်း နဲ့ ကိုဉာဏ် တို့ ကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရ လက်ထက်မှာ ပုဒ်မ ၅ ( ည ) နဲ့ တရားစွဲ ခံရတော့ အမှုတွဲ တစ်တွဲတည်း ဖြစ်တဲ့ အတွက် ထောင် ထဲမှာလည်း အတူတူ နေခဲ့ကြရပါတယ် ။ ဒါကြောင့် အားလုံးထက် သူတို့ နှစ်ယောက် က ပို ရင်းမယ် ထင်ပါတယ် ။

အင်းစိန်ထောင် မှာ ရှိနေစဉ် ထောင်ဝင်စာ သွား တွေ့ရင် သူတို့ နှစ်ယောက် ကို အတူတူ တွေ့ရပါတယ် ။ ဒါကြောင့် ကိုဉာဏ့် ကို လာ တွေ့တဲ့ မရှန် နဲ့ ကျွန်တော် ထောင် ဝင်စာ တွေ့ချိန် မှာ ဆုံ တတ်ကြပါတယ် ။ နောက်တော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်များအဖြစ် ကိုဝဏ္ဏ နဲ့ ကိုသုမောင် တို့ ဆောင်ရွက်ကြတဲ့ အခါ အဲဒီကာလတုန်းက ဘုန်းမီးနေလ လျှမ်းလျှမ်း တောက် နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် နဲ့ ရင်းနှီးသွားကြပြီး သူတို့ ညီအတွက် အသနားခံ စာ တင်သွင်းတာကြောင့် ကိုဉာဏ် ထောင် က လွတ်သွားပါတယ် ။

အစ်ကို တွေ ရဲ့အသနားခံစာကြောင့် ထောင် က လွတ် ရမယ့် ကိုဉာဏ် က ထောင် ထဲက မထွက်လိုဘူး လို့ ငြင်း ပါသေးသတဲ့ ။ အမှုတွဲတွေ ထဲ ကနေ သူ တစ်ယောက် တည်း ရုန်းထွက် သွားရမှာ ကို လိပ်ပြာ မသန့် လို့ ဖြစ်မယ် ထင် ပါတယ် ။ အမှု မှာလည်း သူ က ကဗျာ ရေး ပြီး ကျွန်တော့် ညီ က တည်းဖြတ် ၊ သူတို့ သူငယ်ချင်း ကိုစိန်လှိုင် ဆို သူ က ဖြန့်ဝေခဲ့တာလေ ။ ဦးပုည ရဲ့ ဆဒ္ဒန်ဆင်မင်း ဝတ္ထု ထဲ က သောနုတ္ထိုရ်မုဆိုး လျှောက်ထားသလို ပြော ရရင် အစွယ် ကို လိုသူ မိဖုရား ၊ အသွား စေခိုင်း သူ မင်းဧကရာဇ် ၊ လေး ပစ် သူ ဘုရားကျွန်တော် ဖြစ်နေတဲ့ အတွက် အဓိက လေး ပစ် တဲ့ ကိုဉာဏ် ကို လွတ်စေ ၊ တည်းဖြတ် တဲ့ သူ နဲ့ ဖြန့်ချိ သူတို့ တော့ မလွတ် ဖြစ် နေတာကိုး ။ ကိုဉာဏ် အပြင် ရောက် လာတော့ ကျွန်တော့် ကို တော်တော် နဲ့ မတွေ့ပါဘူး ။ သူ့ စိတ် ထဲမှာ အားနာနေပုံ ရပါတယ် ။ ကျွန်တော် ကတော့ ခံပြင်းပေမဲ့ သူ့ မှာ အပြစ် မရှိပါဘူး ။ လွှတ်ပေး သူ က တာဝန်မဲ့တာ ကို သာ မကျေမချမ်း ဖြစ်မိခဲ့ပါတယ် ။

ဒီလိုနဲ့ ကျွန်တော့် ညီ မျိုးမြင့်ညိမ်း အပါအဝင် နိုင်ငံရေးအကျဉ်းသား တော်တော်များများ လွတ် လာကြပြီး စာပေလောကကြီး စည်ကားလာပြန်ပါတယ် ။ ရွှေအမြုတေ စီစဉ်တည်းဖြတ် နေ တဲ့ ကျွန်တော် ဝတ္ထု တောင်းရင် မဖြစ် ဖြစ်အောင် ရေး ပေးတာ ကိုဉာဏ် ပါ ။ ထိုနည်းတူ ချစ်စရာ ကောင်းလောက်အောင် မငြင်းသူ က ကိုဝဏ္ဏ ဖြစ်ပါတယ် ။ အခန်းဆက်ဝတ္ထုရှည် လိုချင်တယ် လို့ ဆိုတော့ ရင်ထဲမှာ ခွေနေတဲ့မြွေပွေး အခန်းဆက် ဝတ္ထုရှည် ကို ရက်ပိုင်း အတွင်း ပြီးအောင် ရေးပေးခဲ့ပါတယ် ။ ဒီ လူကြီး ရှိပြီးသား ဝတ္ထု ကို ကောက်ပေး လိုက်တာပဲ လို့ အထင် မှားခဲ့ပေမဲ့ ဖတ်ကြည့်လိုက်တော့ ကျွန်တော် တောင်း တော့မှ အသစ်စက်စက် ရေး ထားတာကို တွေ့ ရတယ် ။ ကိုဝဏ္ဏ ကင်ဆာရောဂါ နဲ့ အိပ်ရာထဲ မလဲခင် မှာ ခင်ဗျား ကို ဝတ္ထုရှည် တစ်ပုဒ် ပေးဦးမယ် ဆိုပြီး ရုံး အထိ လာ ပေးပါတယ် ။ အဲဒီတုန်း က ရွှေအမြုတေ မှာ ဆရာမခင်ခင်ထူး ရဲ့ မအိမ်ကံ ဝတ္ထု က ဇာတ် သိမ်းခါနီး သုံးလေးလ လောက် လိုပါသေးတယ် ။ ကိုဝဏ္ဏ ပြင်ချင်တာ ရှိရင် ပြင်ပါဦး ဆိုပြီး ပြန်ပေး လိုက်တော့ ဒါဆိုရင်လည်း ကျွန်တော် ပြင် ဦးမယ် ဆိုပြီး ပြန် ယူသွားခဲ့ပါတယ် ။

ကိုဝဏ္ဏ အိပ်ရာထဲ လဲပြီ ။ ကျွန်တော် သွား မကြည့်ရက်ဘူး ။ ကျွန်တော် ကလည်း ဘန်ကောက် သွားဖို့ အစီအစဉ် ရှိတော့ မသွားခင် တစ်ရက် သွားကြည့်ဦးမယ် ဆိုပြီး စိတ်တင်းကာ သွား ကြည့်ပါတယ် ။ အိပ်ရာထဲ လှဲ နေတဲ့ ကိုဝဏ္ဏ ထ လာပြီး ကျွန်တော်တို့ နဲ့ ရယ်စရာ မောစရာများ ကို  ဧည့်ခန်းထဲ မှာ စကား လာ ပြောပါတယ် ။ ကျွန်တော် က ဝတ္ထု ပေးတော့ လို့ တောင်းလိုက်တော့ သူ မျက်လုံး ပြူးသွားတယ် ။ ဘယ်မှာ ထားမိမှန်း မသိတော့ဘူး ။ မချိုရီ နဲ့ သမီး ဝါနု တို့ ရှာ ကြပေမဲ့ စာမူ က မတွေ့တော့ပါ ။ နောင် မှာ ပြန် သိရတာ က ကျွန်တော့် ကို ပေး ရမှာ မေ့ပြီး ဆရာမကြီး ဒေါ်ကလျာ ကို ပေးခဲ့မိသတဲ့ ။ ဒေါ်ကလျာ က မဂ္ဂဇင်းထွက်ချိန် အိမ်တိုင်ရာရောက် လာ ပို့တော့မှသာ အဖြေ ပေါ်ပါတော့တယ် ။ ဒါကြောင့် ဆရာ မောင်ဝဏ္ဏ ရဲ့နောက်ဆုံးလက်ရာ ကို ကျွန်တော့် လက် ထဲက လွတ်သွားပြီး ဖော်ပြခွင့် မရခဲ့ပါဘူး ။

ကိုသုမောင် ၊ ကိုဝဏ္ဏ ၊ မချိုရီ တို့ တစ်ယောက် ပြီး တစ်ယောက် ကွယ်လွန်ခဲ့ကြပါတယ် ။ ကျွန်တော့် မှာ သွေးသားရင်းများ ကွယ်လွန်သလို မျက်ရည် ကျခဲ့ရတာချည်းပါပဲ ။ ကိုဝဏ္ဏ သား များ ဖြစ်တဲ့ ပြေဇင် ၊ ဥက္ကာ တို့ရဲ့မင်္ဂလာပွဲများ မှာ မျက်ရည် သုတ်ခဲ့ရသလို ကိုသုမောင် ရဲ့သား ဖိုးသောကြာ မင်္ဂလာပွဲ မှာ လည်း မျက်ရည် ခိုး သုတ် ခဲ့ရပါတယ် ။

°°°°°   °°°°°   °°°°°

မဟာဗန္ဓုလပန်းခြံလမ်း ရုံးခန်းမှာ ကျွန်တော် ၊ မျိုးမြင့်ညိမ်း နဲ့ ဆရာမ မသီတာ ( စမ်းချောင်း ) တို့ လူစုံ ရှိနေချိန်မှာ မသီတာ ရဲ့ဖုန်း မြည်လာပါတယ် ။ တစ်ဖက် က ဆက်သူ ဘယ်သူမှန်း မသိပေမဲ့ မသီတာ ပြောနေတာက “ အဲဒီကိစ္စ ဆိုရင်တော့ အစ်ကို မှ သေသေချာချာ သိမှာလေ ။ အစ်ကို့ ကို မပြောလို့ ဘယ် ရမလဲ ” လို့ ပြောသံ ကြားလိုက်တာကြောင့် ကျွန်တော့် ကို ရည်ရွယ်မှန်း သိလိုက်ပါတယ် ။ “ မသီတာ ဘယ်သူလဲ ” လို့ လှမ်း မေးလိုက်တော့ … “ ကိုဉာဏ် ပြော နေတာ ။ ရော့ … အစ်ကို နဲ့ ပြောလိုက် ” လို့ ဆိုပြီး သူ့ ဖုန်း ကို ထိုး ပေးပါတယ် ။ တစ်ဖက်မှ ကိုဉာဏ် က “ အစ်ကို သိပ်တော့ စိတ်ပူမသွားနဲ့ ။ ကျွန်တော် ဘန်ကောက် ကို သွားပြီး ဆေးသွား စစ်ချင်တယ် ။ အဲဒါ ဘယ်လို လုပ် ရမလဲလို့ လှမ်းမေးတာပါ ” လို့ ဆိုပါတယ် ။

ဘယ်ကို ဆက်သွယ် ၊ ဘယ်လိုလုပ် ဆိုတာတွေ ကျွန်တော် က ပြောပြလိုက်ပါတယ် ။ အဲဒီအချိန် အထိ သူ့ မှာ နိုင်ငံကူးလက်မှတ် က မရှိသေးတာကြောင့် မိတ်ဆွေ တစ်ဦး ကို လှမ်း အကူအညီ တောင်းပြီး လုပ် ခိုင်းရပါတယ် ။ နှစ်ပတ် လောက် တော့ စောင့် ရမယ်ပေါ့ ။ အဲဒီ အချိန်မှာပဲ ကျွန်တော် ကလည်း ခွဲစိတ်မှု တစ်ခု လုပ် ရမှာဖြစ်လို့ ဘန်ကောက် ကို တူတော်မောင် ဘိုမျိုးမြင့်ညိမ်း နဲ့ သွား ဖို့ အားချင်း စီစဉ်ရပါတယ် ။

ကျွန်တော် ပြန်တော့မယ့် အချိန်မှာ ကိုဉာဏ် နဲ့ သမီး နှစ်ယောက် က လာခါ နီးနေပြီ ။ အဝင် အထွက် ပဲ ကွာ တော့မယ် ။ ဒါကြောင့် ဆေးရုံ နဲ့ မျက်နှာချင်းဆိုင် က ကျွန်တော် တည်း တဲ့ ကွန်ဒို မှာ သူတို့ သားအဖ သုံးယောက် အတွက် အခန်း ယူ ထားပေးခဲ့ပြီး ဘန်ကောက် မှာ ရှိတဲ့ ညီ ကို လည်း လေဆိပ် မှာ ကြို ဖို့ က အစ မှာထားပေးခဲ့ပါတယ် ။

ကိုဉာဏ် ကို လည်ပင်း တစ်ဖက် က အသားစ ထုတ် ပြီး ကင်ဆာ ဟုတ် မဟုတ် စစ်ဆေးကြည့်ကြပါတယ် ။ ဟုတ်တော့ ဟုတ်တယ် ။ ဒါပေမဲ့ ဒီ နေရာ က မူလ စတင် ဖြစ်ပွားတဲ့ နေရာ မဟုတ်ဘူး လို့ အဖြေ ထွက်တာကြောင့် ဆရာဝန်များ က အချိန် ယူပြီး အူမကြီး ကို စစ်ဆေးပါတယ် ။ အဲဒီမှာလည်း သူ့ ရောဂါကို မတွေ့ပြန်ပါဘူး ။

သူ အဲဒီလို စစ်ဆေး နေစဉ်မှာပဲ ကျွန်တော့် နှလုံးရောဂါ က သွေးကြော ပိတ် လာပြန်တဲ့အတွက် ဘန်ကောက် ကို တစ်ခေါက် ပြေး ရပြန်ပါတယ် ။ တည်းနေကျ ကွန်ဒို မှာ ကျွန်တော် တို့ တူဝရီး နှစ်ယောက် တည်း ကြတော့ ကျွန်တော် တို့ က ခုနစ်ထပ် မှာ အခန်း ရ ပါတယ် ။ ကိုဉာဏ် တို့က လေးထပ် မှာ ပါ ။ ရောက်ပြီး နောက် တစ်နေ့ မှာပဲ ကျွန်တော့် နှလုံးသွေးကြော အတွက် Stent တစ်ချောင်း ထပ် ထည့်ရပါတယ် ။ ICU ထဲ မှာ ရှိနေစဉ် ကိုဉာဏ် လာ ကြည့်ခဲ့ပါသေးတယ် ။

နောက် တစ်နေ့ ဆေးရုံ က ဆင်းပြီး နေ့လယ်ပိုင်း အခန်း မှာ နားနေစဉ် ကိုဉာဏ့် ထံ က ဖုန်း ဝင်လာပါတယ် ။ အစ်ကို အခန်း မှာ ရှိ သလား ။ ကျွန်တော် လာခဲ့မယ် တဲ့ ။ လာလေ ကျွန်တော် ရှိပါတယ် ဆိုတော့ သူ ရောက် လာပါတယ် ။ “ ကိုဉာဏ် ၊ ဓာတ်လှေကား နဲ့ တက် လာတာလား ” လို့ မေးလိုက်တော့ “ မဟုတ်ဘူး အစ်ကို လှေကား က နေ ခြေလျင် တက်လာတာ ” တဲ့ ။ ကျွန်တော် မျက်လုံး ပြူး သွားပါတယ် ။ ကင်ဆာရောဂါသမား က ဓာတ်လှေကား မစီးဘဲ လမ်းလျှောက် တက် လာသတဲ့ ။

ရောက်တတ်ရာရာတွေ ပြောကြရင်း သူ့ ရောဂါ ရဲ့ Primary ကို ရှာ မတွေ့ ဖြစ်နေတာနဲ့ ပတ်သက်ပြီး အားမလို အားမရဖြစ်နေပါတယ် ။ “ ဘယ်နေရာက အစ လည်း ရှာ မနေနဲ့တော့ ။ တစ်ကိုယ်လုံးခြုံပြီးတော့ သာ ဆေးပေးလိုက်ရင် ပြီးရော ” လို့ ဆိုပါတယ် ။ ကျွန်တော် က အဲဒီလို လုပ်လို့ မရတဲ့အကြောင်း Primary ကို သိ မှသာ ဆေး ပေးလို့ ရမှာ ဖြစ်ကြောင်း သူ စိတ်ရှည်အောင် ပြော ပြရင်း သူ သောက်နေတယ် ဆိုတဲ့ ‘ ကမ်းဇော်ဆီ ’ အကြောင်း စကားရောက် သွားပါတယ် ။ ဆေးဆိုရင် ကျွန်တော် က လည်း စပ်စုတတ်တာကိုး ။

ကိုဉာဏ် က ကင်ဆာ ပျောက်တယ် ဆို လို့ ‘ ကမ်းဇော်ဆီ ’ ကို နိုင်ငံကူးလက်မှတ် လုပ်နေတဲ့ ရက်သတ္တပတ် နှစ်ပတ် အတွင်း မနက် တစ်ကြိမ် ၊ ည တစ်ကြိမ် သူ သောက် ခဲ့ကြောင်း ၊ သူ့ မှာ အရင်က ဂေါ်လီလုံး အရွယ်ခန့် ရှိတဲ့ ဆီး ကျိတ် ရှိ ကြောင်း ၊ ခပ်မာမာ ဖြစ်ကြောင်း ၊ ဒါပေမဲ့ ‘ ကမ်းဇော်ဆီ ’ သောက် ရင်းက ပျော့လာပြီး အလုံး ကနေ အပြား ဖြစ် သွားကြောင်း ၊ နောက် အဲဒီ အပြား ပျောက်သွားတယ် လို့ ပြော ပြပါတယ် ။ ကျွန်တော် အရမ်း စိတ်ဝင်စား သွားပါတယ် ။ အဘိုး အဘွား ၊ အဖေအမေ တို့ ကင်ဆာရောဂါ နဲ့ ကွယ်လွန်ခဲ့ကြတာ ဖြစ်လို့ ကျွန်တော့် အလှည့် မှာ ကင်ဆာ နဲ့ သေရမှာ ကို ကြောက်လှပါတယ် ။ ဒါကြောင့် ကင်ဆာပျောက်တယ် ဆို တဲ့ ဆေး ကို သောက် ချင်လှပါတယ် ။

“ ကိုဉာဏ် … အရသာ နဲ့ အနံ့ က ဘယ်လို နေလဲ ” လို့ စပ်စုကြည့်ပြန်တော့ ‘ အရသာ ကတော့ ပဲဆီ လို နှမ်းဆီ လို ပါပဲ ။ အနံ့ကတော့ ကြမ်းပိုး ကို သတ်လိုက် တဲ့ အနံ့ မျိုးပဲ ။ အဲဒါကို ကျွန်တော် က ပါးစပ် ထဲ ထည့်ပြီး ရင် မျို မချသေးဘဲ ဘယ်ဘက် ပါးစောင် ၊ ညာဘက် ပါးစောင် ပြောင်း ပြီး ငုံထားသေးတာ ။ သွားကြားတွေ ဘာတွေမှာ ရှိ တဲ့ ပိုးတွေ သေအောင်ပေါ့ အစ်ကို ရာ ’ လို့ ပြောပါတယ် ။ သူ့ အပြောမှာတင် ကျွန်တော် က ပျို့ချင်နေပါပြီ ။ ဒါပေမဲ့ ဆီးကျိတ် ပျောက် သွားတယ် ဆိုတာက စိတ်ဝင်စားစရာ အချက် တစ်ချက် ဖြစ်နေတာတော့ အမှန်ပါပဲ ။

ကိုမင်းလူ က အခန်း မှာ နားနေရတဲ့ အချိန် မှာ လည်း သူ လုပ်နေကျ အတိုင်း စာ ရေး နေခဲ့ပါတယ် ။ ကျွန်တော် မပြန်ခင် အလင်းတန်းဂျာနယ် အတွက် ဆောင်းပါး တစ်ပုဒ် ပေးလိုက်မယ် ဆိုပြီး ရေး နေခဲ့ပါတယ် ။ ဒါပေမဲ့ ပြန်တဲ့ အထိ သူ လက်စမသတ် နိုင်ခဲ့ပါဘူး ။ ကျွန်တော် ရန်ကုန် ပြန်ရောက်ပြီးမှ Email က တစ်ဆင့် ဆောင်းပါး တစ်ပုဒ် ရောက် လာပါတယ် ။ ဆောင်းပါး ခေါင်းစဉ် က ကိုမင်းလူ ကောင်း မှ ကောင်း ပါ တဲ့ ။ အဲဒီ ဆောင်းပါး ကို အလင်းတန်းဂျာနယ် အမှတ် ၇၄၈ ( ၂၀၁၃ ခုနှစ် ၊ မတ်လ ၁၈ ရက်နေ့ထုတ် ) မှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ် ။ သူ့ အကျင့် က သူ့ အတွက် နဲ့ တခြား သူ တွေ စိတ် ပူရမှာ ကို မလိုလားပါဘူး ။ ဒါကြောင့် ကိုမင်းလူ ကောင်း မှ ကောင်း ဆိုပြီး သူ့ ဖုန်းနံပါတ် ကို မြန်မာတို့ အစဉ်အလာ အတိုင်း မှတ်တဲ့နည်း ကို ရေးခဲ့တာ ဖြစ်ပါတယ် ။ တကယ်တော့ သူ နေကောင်းပါတယ် လို့ စာဖတ်ပရိသတ်များ ကို အသိ ပေးချင်တာပါ ။

သူ့ စိတ်ရင်း က လူတိုင်း အပေါ်မှာ သူ နဲ့ ထပ်တူ နားလည်ပေးတတ်ပါတယ် ။ ကျွန်တော့် အမေ ဒေါ်ကြည်ကြည် နဲ့ သူ့ အမေ ဒေါ်ခင်ညို တို့ က ရက်သတ္တပတ် တစ်ပတ်သာ ခြား ပြီး ကွယ်လွန် ခဲ့ကြတာပါ ။ အမေ က အရင် ဆုံးပြီး ကျွန်တော့် မှာ ကြေကွဲမဆုံး ဖြစ်နေစဉ် အမေညို ဆုံးတယ် ဆိုတော့ ညတွင်းချင်း နာရေးအိမ် ဖြစ်တဲ့ ကိုမင်းလူ အိမ် ကို သွား ပါတယ် ။ ကိုမင်းလူ ရဲ့အစ်ကိုများ ဖြစ်တဲ့ ကိုဝဏ္ဏ နဲ့ ကိုသုမောင် တို့က ရယ်ရယ်မောမော ရှိနေကြပေမဲ့ ကိုမင်းလူ ကတော့ မျက်နှာ ညှိုး နေရှာတယ် ။ သူ က အမေ နဲ့ နေတဲ့ သူ ။ ကျွန်တော် က လည်း အမေ နဲ့ နေခဲ့ သူ ဆိုတော့ ကျွန်တော် ကြေကွဲ နေမယ် ဆိုတာကို သူ ကိုယ်ချင်းစာ မိတဲ့ အတွက် “ အစ်ကို ဘာဖြစ်လို့ လာ တာလဲဗျာ ၊ ရက်နုနုကလေး ဆိုတော့ စိတ် မကောင်း ဖြစ်နေမှာ ။ ကျွန်တော် နားလည်ပါတယ် ” လို့ ဆိုပါတယ် ။ ဒီ စကား ကို သူ နဲ့ ကျွန်တော် နှစ်ကိုယ် ကြား သာ သူ ပြောလိုက်တဲ့ အတွက် ရယ်မောနေကြ တဲ့ သူ့ အစ်ကိုတွေ မသိလိုက် သလို ကျွန်တော့် ညီ တွေ လည်း မသိလိုက်ကြပါဘူး ။

ကျွန်တော် ပြန်တဲ့ အထိ ကိုဉာဏ့် ကို နည်းမျိုးစုံ နဲ့ ရောဂါရှာဖွေနေကြဆဲ ပါ ။ ကျွန်တော်က ဒီ ကွန်ဒို မှာ တည်းတိုင်း မြန်မာပြည် မှာ ကျန်ရစ်တဲ့ ညီများ ၊ မိတ်ဆွေများ ၊ ရုံးနဲ့ အဆက် မပြတ်စေဖို့ ကွန်ဒို ကရောင်းတဲ့ wifi ကို နှစ်ပတ်စာ ဝယ်ပြီး သုံးလေ့ ရှိပါတယ် ။ အခု တစ်ပတ်တည်း နဲ့ ပြန်မယ် ဆိုတော့ သုံးလို့ ရနေဆဲ wifi Password ကို ယုယ တို့ ညီအစ်မ ဆက် သုံးလို့ ရအောင် ပေး ထားခဲ့ပါတယ် ။ ဒါကြောင့် ယုယ တို့ က skype သုံးပြီး အိမ် ကို လှမ်းခေါ်ကာ ကိုဉာဏ် အင်မတန် ချစ်တဲ့ မြေးမလေး ( ကိုဝဏ္ဏ ရဲ့သမီး ဝါနု က မွေးတာပါ ) နဲ့ တွေ့ခွင့် မြင်ခွင့်ရစေပြီး စကား ပြောလို့ ရတာကြောင့် ကိုဉာဏ် ခမျာ အတော် စိတ် ရွှင်လန်းသွားတယ် လို့ သိရတဲ့အတွက် ကျေနပ်မိပါတယ် ။

ဘာမင်ဂရတ်ဆေးရုံကြီး က ကိုဉာဏ့် ရောဂါ ရဲ့ Primary ကို ရှာ မတွေ့တဲ့ အဆုံး သူတို့ သားအဖ သုံးယောက် ရန်ကုန် ကို ပြန် လာခဲ့ကြပါတယ် ။ အိမ် မှာ နေပြီး လိုအပ်တဲ့ ဆေးဝါး ကုသမှု ခံယူ နေရာကနေ ဆိုးရွား လာတာကြောင့် ဝိတိုရိယဆေးရုံ ကို ရောက်သွားခဲ့ပါတယ် ။ ကျွန်တော် က ချစ်တဲ့ခင်တဲ့သူများ ဝေဒနာ ခံစားနေရတာကို မကြည့်ရက်ပါဘူး ။ မျက်ရည် ကျ တတ်တာကြောင့် ဆေးရုံ ကို လည်း တော်တော် နဲ့ မသွားပါဘူး ။ ဆရာ မောင်ဝံသ လည်း ကင်ဆာရောဂါ နဲ့ ဝိတိုရိယ ရောက်နေတယ် လို့ ကြားရပြန်တာကြောင့် တစ်ည မှာ ညီ ဖြစ်သူ မျိုးမြင့်ညိမ်း နဲ့ အတူ လူနာ နှစ်ယောက် ကို သွား ကြည့်ခဲ့ပါတယ် ။

ခုတင် ပေါ် မှာ ပက်လက် ရှိနေတဲ့ ကိုဉာဏ် က သူ့ အနား မှာ မတ်တတ် ရပ်နေတဲ့ ကျွန်တော့် ကို ‘ အစ်ကို ထိုင်လေ ’ လို့ နှစ်ခါသုံးခါ မ က ပြော ရှာတယ် ။ တစ်ချက် တစ်ချက် မှာ တော့ သူ့ ခုတင် ဘေး မှာ ကာရံ ထားတဲ့ သံတိုင်ကလေး ကို ကိုင် ကြည့် နေတာ မြင် ရတော့ သူ့ စိတ်က ထောင် ထဲ မှာ လို့များ ထင် နေသလား လို့ အောက်မေ့ပြီး စိတ် မကောင်း ဖြစ် ရပါသေးတယ် ။

၂၀၁၃ ဩဂုတ်လ ၁၄ ရက် နေ့ မနက် မှာ ကျွန်တော် ရုံး သွားဖို့ လှေကား က ဆင်း လာချိန် သတိထား နေပါလျက် ချော်ကျတာကြောင့် ခြေမျက်စိ အထက် က ခြေချင်းဝတ် အက် သွားခဲ့ပါတယ် ။ ဓာတ်မှန်သမားများ ကို အိမ် ခေါ်ပြီး ရိုက် ကြည့်တော့ အက် သွားတယ် လို့ သိရတာပါ ။ ည ကျမှ ရန်ကုန်အနောက်ပိုင်း ၈ လမ်း က ဒေါက်တာမင်းဇော် ရောက် လာပြီး ကျောက်ပတ်တီး စည်းပေးသွားပါတယ် ။ သောက်ဖို့ ဆေး လိုက်ယူမယ် ဆိုပြီး မျိုးမြင့်ညိမ်း လိုက်သွားပေမဲ့ ည သန်းခေါင်းယံ အထိ ပြန် မလာပါဘူး ။ မနက် အိပ်ရာ က နိုး ချိန်မှာ ခေါင်းအုံးနံဘေးမှာ ရှိတဲ့ iPad ကို ဖွင့်ကြည့်လိုက်တော့ ‘ စာရေးဆရာ မင်းလူ ကွယ်လွန်သွားပြီ ’ ဆိုတဲ့ သတင်းတွေ တက် နေပါပြီ ။ ကျွန်တော် ထိထိခိုက်ခိုက် ခံစားလိုက်ရပါတယ် ။ ညီ အရင်း တစ်ယောက်လို ခင်မင်ခဲ့သူ ရဲ့ နောက်ဆုံးခရီး ကို တောင် ကျွန်တော် လိုက် မပို့နိုင်ခဲ့ပါဘူး ။

ကိုမင်းလူ ကတော့ ရောက်ရာ ဘဝ မှာ သူ့ ဝသီ အတိုင်း ပျော်ပျော်ပါးပါး ရှိ နေမှာ သေချာလှပါတယ် ။

ကိုဉာဏ် ရေ သွားနှင့်ပေဦးတော့ ။

         အစ်ကိုဝင်းငြိမ်း

◾ ဝင်းငြိမ်း

📖 သို့ ... မင်းလူ ... ဒေဝတာမြို့တော်

www.facebook.com/aung.naingoo.3726613

.