❝ လာမကြော နဲ့ မောသွားမယ် ❞
နေ့လယ်ပိုင်း ဆိုင် မှာ လူပါးချိန် ဖြစ်၍ ပက်လက်ကုလားထိုင်တွင် ခါးဆန့်ရင်း မှိန်းနေမိသည် ။ နေ့စဉ် ရောင်းရငွေ နှင့် အထွေထွေ ကုန်ကျစရိတ်များ ကို စိတ် တွက် ဖြင့် စာရင်း ချနေမိသည် ။ ဆိုင် က ဖွင့်စ ဆိုတော့ အကျိုးအမြတ် ကို မှန်းဆ၍ မရသေး ။ တဖြည်းဖြည်းတော့ လည်ပတ် ပြီး အမြတ် ထွက်လာလိမ့်မည် ဟု ယုံကြည် နေသည် ။
တပ်မတော် မှ နုတ်ထွက်ခွင့် ရသောအခါ လုပ်သက်ဆုကြေးငွေ နှစ်ထောင် ကျော် ထုတ်ရသည် ။ ဆုကြေးငွေ လေး ကို ရင်းနှီးမတည်ပြီး စီးပွားရေး လုပ်ငန်း တစ်ခု အဖြစ် လက်ဖက်ရည်ဆိုင် တည် ပါလား ဟု အပေါင်းအသင်းများ က တိုက်တွန်းကြသည် ။ ကျွန်တော့် အိမ် ကလေးက ဈေး နှင့် လည်း နီး ၊ ကားမှတ်တိုင် နှင့်လည်း မဝေးလှသဖြင့် ပေးကြသည့် အကြံ ကလည်း မဆိုး လှသောကြောင့် အိုးခွက် ၊ ပန်းကန် ၊ မှန်ဘီရိုအသေးတစ်လုံး ၊ စားပွဲကုလားထိုင် မီးဖို စသည့် တိုတိုထွာထွာ လိုတာလေးများ ဖြည့် ဆည်းလိုက်သောအခါ ရှိတာ အကုန် ပြောင်ခါသွားသည့် အပြင် မခင်မူ ၏ နား ကပ် ပါ ပြုတ် သွားလေတော့သည် ။
နေ့စဉ် အရောင်းပစ္စည်းများ အတွက် လိုအပ်ချက်ကိုတော့ အကြံ ပေးသည့် အပေါင်းအသင်း ရောင်း ရင်းများထံ မှ ဆွဲလွဲ ထည့်လိုက်သော အခါမှာတော့ သာကေတမြို့ ခုနှစ်ရပ်ကွက်ဈေး အနီး မှာ “ စစ်ပြန် ကြီး ကဖီး ” ရယ် လို့ ဆိုင်းဘုတ်ကြီး တင်နိုင်ခဲ့ပါပြီ ။
“ ကိုရေ ခဏ ခဏ ”
အိမ်ရှေ့ခန်း လက်ဖက် ရည်ဆိုင် အရောင်းစားပွဲ မှ မခင်မူ ၏ ခေါ်သံကြောင့် ဆိုင်ရှေ့ ထွက်လာသော အခါ မခင်မူ ၏ ရှေ့မှ စားပွဲလွတ် တစ်လုံးတွင် အသက်နှစ်ဆယ်ခန့် အရွယ် လူငယ် ကုလားတိမ်လေး တစ်ယောက် ထိုင် နေသည် ကို တွေ့လိုက်ရသည် ။
“ ကို ၊ နို့ဆီ ရမယ် တဲ့ ယူမလား ”
ဇနီးသည် မခင်မူ ၏ စကားနှင့် ကုလားလေး၏ အမူအရာ ကြောင့် ကျွန်တော် အတော် စိတ်ပျက်သွားမိသည် ။ ရမည် ဆိုသည့် နို့ဆီ ကလည်း အလွန်ရှား ၊ လာစပ်သည့် ပုဂ္ဂိုလ် ကလည်း ကုလားတိမ်ဆိုတော့ လိမ်မလို့ ဝင်လာတာများလား ဟု သံသယ ဖြစ်မိသဖြင့် ကုလားလေးနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံလွတ် တစ်လုံး တွင် ဝင် ထိုင်လိုက်သည်ဆိုလျှင်ပင် ကုလားလေး မှာ အမူအရာ အတော် ပျက်သွားသည် ။ ကျွန်တော် ဝတ် ထားသည့် စစ်စွပ်ကျယ် လက်ပြတ် ၊ လည်ပင်း မှာ ပတ်ထားသည့် စစ်တပ်က မျက်နှာသုတ်ပဝါ ၊ ရူပါကလည်း အရာရှိကြီးလိုလို ဘာလိုလို ဆိုတော့ လွယ်လွယ် နဲ့ လိမ်လို့ ရမှာပဲ ထင်ပြီး “ စစ်ပြန်ကြီး ” ဆိုတဲ့ ဆိုင်းဘုတ် ကို မမြင်ဘဲ ဝင်လာတာ ဖြစ်ရမည် ။
“ ဘယ်က ရမှာလဲကွ မင်း နို့ဆီ က ”
ကုလားလေး၏ မျက်နှာကို တည့်တည့် မကြည့်ဘဲ မျက်လုံးထောင့် ကပ်၍ စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး အရာရှိကြီး လေသံမျိုးဖြင့် ဟောက်မေးလေး မေးလိုက်သည် ။
“ ဟို ဟို တိုင်းဌာနတစ်ခု က ပစ္စည်း လာထုတ်တဲ့ လူတွေ ဆီကပါ ။ ဆ ဆရာ ”
ကုလားလေး အသံတွေ တုန်နေသည် ။
ဟင်း ဟင်း ဘယ်ရမလဲကွာ ၊ ဒီ အထာတွေ ဟာ ကျွမ်း ပြီးသားပါ ။ လိမ်မယ်များတော့ မကြံနဲ့ ၊ နားရင်း အုပ်ခံရမယ် ဟု စိတ်ထဲက ရေရွတ် ကြိမ်းမောင်းနေမိသည် ။
“ ဘယ်လောက် ရမှာလဲ ၊ ဘယ်မှာ လိုက် ယူရမှာလဲကွ ”
“ များများတော့ မရနိုင်ဘူး ဆရာ ၊ နှစ်ပုံး သုံးပုံး လောက် ရနိုင် မှာပါ ၊ ၂၅ လမ်း ထိပ် က အဝေးပြေးကားဂိတ် မှာ လိုက်ယူရမှာပါ ”
နှစ်ပုံး သုံးပုံး ဆိုသည်မှာ နှစ်သေတ္တာ သုံးသေတ္တာဟု ဆိုလိုသည် ။ တစ်သေတ္တာ မှာ လေးဒါဇင် ဆိုတော့ သုံးသေတ္တာ သာ ရမည်ဆို လျှင် ဆယ့်နှစ်ဒါဇင် ၊ ကိုယ် သုံးပြီး အကျန် ကို ပြန် ရောင်းဦး အရင်း ရပြီး အမြတ် ကျန်နိုင်သည် ။
“ ဘာတံဆိပ်တွေလဲ ကွ ၊ ဈေးကော ပြောလိုက်ရဲ့လား ”
“ အဲဒါတော့ မသိဘူးဆရာ ၊ သူတို့နဲ့ တွေ့တော့ ကြည့်ညှိ ပေါ့ ဆရာ ၊ ကျွန်တော်တို့ က ပွဲခ ပဲ ရတာပါ ”
ဟုတ်လား မဟုတ်လားတော့ မသိ ။ ပေါက်ဈေး နှင့် တွက်ကြည့် မိသည် ။ ကုလားမခြင်းတောင်း ဆိုလျှင် သမဆိုင်ဈေး တစ်ရာ့ခုနစ်ဆယ် ကျော် ၊ ဘလူးခရော့စ် ဆိုလျှင် တစ်ရာ့ငါးဆယ် ကျော် မှောင်ခိုဈေး ဆိုလျှင် တစ်သေတ္တာ ကို အနည်းဆုံး နှစ်ရာ့ငါးဆယ် တော့ ပေးရလိမ့်မည် ။ သုံးသေတ္တာ ဆိုတော့ ငွေခုနစ်ရာ ကျော် လောက် လိုသည် ။
ယခုနေအခါ နို့ဆီ သာ အမှန်တကယ် ရမည်ဆိုပါက လိုချင်သည် ။ မှန်ဗီရိုထဲမှာ အလှပြထားရန် လိုအပ်သလို ၊ ချက်နို့ဆီ နဲ့ မဖျော်ပါ နဲ့ ဟု ဆိုလာသူ လူအိုလူနာများ အတွက်လည်း မရှိမဖြစ် လိုအပ်သည် ။ ပို တာ ကို ရောင်းစားဦးတော့ မရှုံးသည့် အပြင် အမြတ် ရဦးမည် ။ မခင်မူ ကို ကြည့်လိုက် တော့လည်း လိုချင်သည့် အမူအရာ ကို ပြနေသည် ။
“ တို့ က ချက်နို့ဆီ သုံးတာပါကွာ ၊ လိုတော့ မလိုပါဘူး ၊ ဒါပေ မယ့် မှန်မှန်ကန်ကန် ဆိုလျှင်တော့ နည်းနည်းပါးပါးတော့ ကူညီရတာ ပေါ့ မင်း လဲ အလုပ် ဖြစ်အောင်လို့ပါ ။ ခက်တာက ဘာရမယ် ညာရမယ် နဲ့ အလိမ် ခံရတာတွေ များလွန်းလို့ သတိထား နေရတယ်ကွ ”
“ ဟာ ဆရာကလဲ ၊ ကျွန်တော်တို့ ကို ပေါင်းကြည့်ပါဦး ဆရာရယ် ၊ ဆရာတို့ က ဆိုင်သစ် မို့ ကျွန်တော်တို့ ကို မသိတာပါ ။ ဒီ အနားက ဆိုင်တွေ အားလုံးအတွက် ကျွန်တော်တို့ ပဲ ရှာ ပေးနေရတာပဲ ၊ တစ်နပ်စား မလုပ်ပါ ဘူး ၊ ပစ္စည်း ရပြီးမှ ပိုက်ဆံ ပေးရတာပါ ဆရာရယ် ၊ အမှားအယွင်း မဖြစ်နိုင်ပါဘူး ”
“ ကောင်းပြီလေ ၊ မင်း ခဏ စောင့်ဦး ၊ ကဲ ခင်ရေ ခဏ လာဦး ”
မခင်မူ ကို အတွင်းခန်း သို့ ခေါ်၍ တိုင်ပင်ရသည် ။
“ ကဲ ခင် ၊ ကိုယ် လိုက်သွားကြည့်မယ် ၊ ပိုက်ဆံပေးစမ်း ၊ ဒီနေ့ ရောင်းရတာနဲ့ ဆိုရင် တစ်ထောင်လောက် ရနိုင်မလား ”
“ ဒီနေ့ဟာနဲ့ ပါဆိုရင် ကိုးရာ လောက်တော့ ရှိတယ် ၊ ပစ္စည်း မရဘဲနဲ့ တော့ ပိုက်ဆံ လုံးဝ မပေးနဲ့နော် ကို ”
မခင်မူ က စိုးရိမ်သံဖြင့် သတိပေးသည် ။ ပစ္စည်းရမည် ပြောပြီး အလိမ် ခံရတဲ့ ဇာတ်လမ်းတွေ ကြားဖူးနေ၍ ဖြစ်သည် ။ အိမ် မှာ ဆွမ်းခံကြွသော ဘုန်းဘုန်း ကို သွပ် နှင့် အိမ်ရိုက်သံ ရမည် ၊ လျှောက်လွှာ တွေ ပြေစာအတုတွေ ပြပြီး အလိမ် ခံလိုက်ရသည်မှာ မကြာသေး ။
“ ငါ နားလည်ပါတယ်ကွာ ၊ ရော့ ပတ္တမြား ၊ ရော့နဂါး ပေါ့ ။ ပစ္စည်း မရဘဲနဲ့ ပိုက်ဆံ ဘယ် ပေးလိမ့်မလဲ ၊ စိတ်ချစမ်းပါ ”
အကြိမ်ကြိမ် အဖန်ဖန် ရေတွက်ပြီး မှ သားရေကွင်း ဖြင့် ပတ် ထားသော ငွေ ကိုးရာ ကို စစ်တပ်သုံး လက်ကိုင်အိတ် အစိမ်းလေးထဲ တွင် ကျကျနန ထည့် ၍ ချိုင်းကြားမှာ ပြားနေအောင် ညှပ်လိုက်ပြီး ဂျန်းဂဲဟက် ခေါ် တပ်မတော်သုံး အနားကျယ် ဦးထုပ်အစိမ်းပုပ် ကို ဆောင်း၍ ကုလားလေးနှင့် အတူ ကားမှတ်တိုင် ရှိရာသို့ လှမ်း ထွက်အလာ မကြာမီ ဆိုင်ဘက်ဆီမှ လက်ခုပ်သံ ကြား ၍ လှည့် ကြည့်လိုက်ရာ လက်ယပ်ခေါ် နေသော ဇနီးသည် မခင်မူ ကို မြင်တွေ့လိုက်ရသည် ။
“ ကိုရေ ၊ ခဏလေး ပြန်လာပါဦး ”
ဘာများ ဖြစ်နေပြန်ပြီလဲ ၊ ပိုက်ဆံ ထပ်ဖြည့်ပေးမလို့နဲ့ တူတယ် ။ လောဘ ကလဲ အကြီးသား ။
“ ဘာတုံးဟ ”
“ ပိုက်ဆံ ကို အထူး သတိထားပါနော် ။ ပစ္စည်းလက်ရောက်ပြီးမှ ငွေချေပါလို့ ”
“ အမယ်လေးကွာ ၊ ငါ ဘာများလဲလို့ ဒီမှာ ယောက်ျားကွ ၊ စစ်ထွက် ယောက်ျား ၊ အူတူတူ ဆမူ မဟုတ်ဘူး ၊ စစ်တပ်က ထွက်တဲ့ ယောက်ျား ၊ နုံတုံတုံ အတတကောင်များ အောက်မေ့လို့လား ၊ စိတ်ချစမ်းပါကွာ ”
ကုလားလေး ရပ်စောင့်နေသော ကားမှတ်တိုင်နား ရောက်လာ သောအခါတော့ ကျွန်တော့် လက်မှ နာရီမှာ နှစ်နာရီ ပင် ထိုးလုနေပြီ ။ သာကေတဘတ်စ်ကား ဆိုတာကလည်း အများ ကြားသိတော်မူကြသည့် အတိုင်း မှတ်တိုင်တိုင်း မှာ ဆင်းသူ တစ်ယောက် တက်သူ တစ်သိုက် ၊ တွယ်လိုက်သူ တစ်အုပ်ကြီး ၊ တစ်စီးလာ ရပ်မပေး ၊ နှစ်စီးလာ တက် မရ ။
“ ကဲ ချာတိတ် ၊ ဒီ တစ်စီး လာရင်တော့ ရအောင်သာ တိုး တက်ပေတော့ကွာ ”
စတုတ္ထမြောက် ဆိုက်ရောက်လာသော နံပါတ်သုံး အမြန်ကား ကို နှစ်ယောက် အတင်း တိုးတက်လိုက်ကြသည် ။ ကုလားလေးကို ရှေ့မှာ ထား၍ ပိုက်ဆံ ကိုတော့ ချိုင်းကြားမှာ ပြားသထက် ပြားအောင် ဖိကပ်၍ ညှပ်ထားသည် ။ သတိ ဆိုတာ ပိုသည် ဟု မရှိ ။ ကျပ်သည့် ကြားမှ တအား တိုး၍ အထဲ ရောက်အောင် ဝင်ပြီး မတ်တပ်ရပ်လျက် အသက် ရှူ ကျပ်စွာ လိုက်ပါလာခဲ့သည် ။ ကိုရွှေကုလား၏ ချိုင်းပက်ကြားမှ ဆိုးရွားလှသည့် အနံ့ကြောင့် အသက်ရှူခြင်း အလုပ် ကို တစ်ချက်ရှူ နှစ်ချက်မှုတ် စနစ်ဖြင့် ခရီး ဆက်နေရသည် ။
ယာဉ်မောင်းဆရာ ၏ ကြိမ်းမောင်းသံ ၊ လက်မှတ်ရောင်းရဲဘော် ၏ ဟိန်းဟောက်သံ ၊ ခရီးသည်များ ၏ ဘုရား တသံ ၊ အချင်းချင်း တက်နင်းမိ၍ ရန်ဖြစ်သံများ အဆုံးဝယ် လမ်းသုံးဆယ် မှတ်တိုင် သို့ ရောက်၍ နှစ်ယောက်သား ရုန်းကန် တိုးထွက်၍ ခုန်ဆင်းလိုက်ရပုံမှာ စိန်မာဒင် ၏ သား မင်းသား မိုးဝင်း ကွန်ဖူး ကပုံလေး နှင့် တူသေးတော့သည် ။
၂၇ လမ်း နှင့် ကုန်သည်လမ်း ထိပ် ရှိ အဝေးပြေး ကားဂိတ်တစ်ခု ၏ ရှေ့သို့ ရောက်သောအခါ
“ ဆရာ ဒီက ခဏလေး စောင့်ပါနော် ၊ ကျွန်တော် ဂိတ်မှူး ကို မေး ကြည့်လိုက်ဦးမယ် ”
ကိုရွှေကုလား မိန့်ကြားသည့်အတိုင်း မတ်တပ် ရပ်၍ စောင့်ဆိုင်း နေစဉ် ကုလားလေးသည် ဂိတ်မှူး ဟု ယူဆရသူ နှင့် တစ်စုံတစ်ခု မေးမြန်း ပြောဆိုနေသည် ကို မြင်ရသည် ။ မကြာမီ ကုလားလေး ပြန်လာသည် ။
“ ဆရာ ဒီမှာပဲ စောင့်နေပါနော် ၊ ဟိုလူတွေ တည်းခိုခန်း မှာ ပဲ ရှိသေးတယ်တဲ့ ၊ ကျွန်တော် လိုက် သွားလိုက်ဦးမယ် ”
“ ကောင်းပါပြီတဲ့ဗျာ ”
ကုလားလေး ထွက်သွားသောအခါ ချိုင်းကြားမှ ညှပ်ထား၍ ချပ်ပြားနေသော အိတ်ကလေး ကို သေချာစွာ ပြန်လည်စစ်ဆေးမှုပြု လိုက်သည် ။ အားလုံး အနေအထား မပျက် ။ ပိုက်ဆံ အရေအတွက် လည်း မလျော့သဖြင့် ပလက်ဖောင်း ပေါ် တွင် အားပါးတရ ထိုင်ချလိုက် သည် ။
အရပ် ထဲ လှည့်လည်၍ လိမ်စားတတ်သော ကုလားတိမ်လေးများ အကြောင်း ကို စဉ်းစားနေမိသည် ။ လင်ယောက်ျား ရုံး သွားနေခိုက် အိမ်ရှင်မ အမျိုးသမီးများ ကို ဒီက အစ်ကို မှာထားသော ပစ္စည်းများ နိုင်ငံခြား မှ ရောက်နေသည် ၊ ကာစတန်ရုံးကြီး မှာ လိုက်ယူပါ ဟူ၍လည်းကောင်း ၊ အဖိုးတန် ရှားပါးလှသော အင်္ကျီစ ထဘီစများ ရမည် လိုက်ကြည့်ပါ ဟူ၍ လည်းကောင်း ခေါ်သွားပြီး ပြေစာ အတုပြ ၊ ငွေရသည်နှင့် ပျောက်သွား တော့သည် ။
သူငယ်ချင်း တစ်ယောက် ဆို လျှင် ခံလိုက်ရသည့် အဖြစ်က သူများ နှင့်မတူ တစ်မူ ထူး၍ ဆန့်တငံ့ငံ့ ဖြစ် ခဲ့ရသည် ။ အပျံစားလေး တစ်ယောက် ကို ပြ၍ ရမည် ဟု ဆိုသဖြင့် လိုက်သွား မိသည် ။ မြို့အစွန် ချောင်ကျသော ရပ်ကွက်မှ အိမ်တစ်အိမ်တွင် အဖိုးအခ အကျေအလည် ရှင်းလင်းပြီး အလုပ် ဖြစ်တော့ မလို့ အိမ် အတွင်း တံခါးကန့်လန့် ထိုး နေတုန်း ဗြုန်း ဆို အိမ်ရှေ့ မှ ဆူဆူ ညံညံ ကြား၍ နားစွင့်နေစဉ်မှာပင် ကောင်မလေး က “ ကောင်စီ လူကြီးတွေ လာနေပြီ ” ဆိုပြီး အခန်းတံခါးဖွင့် ထွက်ပြေးသဖြင့် သူခိုး မယား မငိုဝံ့ဖြစ်ခဲ့ရသေးသည် ။
“ အခု ဒီကုလားလေးလဲ ရမလားလို့ လာစမ်းကြည့်တာ ၊ မဟန်မှန်း သိတာနဲ့ လစ်ပြီ နဲ့ တူတယ် ၊ ဘာရမလဲကွာ ” ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည် ။
အဝေးပြေးကားဂိတ် ၏ ရုံးခန်း မှ တယ်လီဖုန်း စားပွဲ တွင် ထိုင် နေသူ ဂိတ်မှူး ပင် အပြင် ထွက်တော့မလို့ ထင်ပါရဲ့ ။ ချွတ်ပြီး ချိတ်ထားသည့် တိုက်ပုံအင်္ကျီကို ပြန်ဝတ်နေပေပြီ ။ လက် မှ နာရီကို ငုံ့ ကြည့်လိုက်ရာ လေးနာရီ ကျော် နေပေပြီ ။ ကုလားလေး ထွက်သွားသည်မှာ တစ်နာရီနီးပါး ရှိပေပြီ ။ တိုက်ပုံ နှင့် ဆရာကို မေးကြည့်လျှင် ကောင်းမည် ဟု စိတ်ကူးရ သဖြင့် ရုံးခန်း ရှိရာသို့ လျှောက်သွားမိသည် ။
“ ဆရာကြီး ဒီမှာ တိုင်း ဌာနတစ်ခု က လူတွေ နို့ဆီသေတ္တာတွေများ လာ ထား သေးလားဗျ ”
“ မထားပါလားဗျာ ၊ ဘယ်တိုင်း ဌာနကလဲ ”
“ အဲဒါတော့ မသိဘူးဗျ ။ စောစောက ကုလားလေး ဆရာကြီး ကို ဘာ လာပြောတာလဲ ”
“ ဘယ်သူ ဆိုလား မလာဘူးလားတဲ့ ၊ ကျွန်တော်လဲ မသိဘူး ၊ မလာဘူး ပြောလိုက်တယ် ”
“ ဟဲ ဟဲ ကျေးဇူးတင်ပါတယ် ဆရာ ”
“ ဟုတ်ပါပြီ ဖြစ်မလားလို့ လုပ်ကြည့်တာ သူ့ ဟာ သူ ကြောက်ပြီး ပြန်ခေါက်သွားတာပဲ ဖြစ်ရမယ် ၊ ဟင်း ဟင်း လာကြောရင် မောသွားမှာ ပေါ့ကွာ ” ဟုသာ ကုလားလေးကို သနားသေးတော့သည် ။
ကဲ ၊ ပြန်တော့မည် ။ နီးနီးနားနားပါပဲ ။ နည်းနည်းလေး လျှောက် သွား လိုက်ရုံဖြင့် သာကေတ ကားမှတ်တိုင် သို့ ရောက်သွားနိုင်သဖြင့် ဂိတ် ကို ပတ်စီးပြီး ပြန်မှ ထိုင်ခုံနေရာရမည် ။ မှတ်တိုင် မှာ တော့ အကြံတူ လူအုပ်ကြီး ကလည်း မနည်းလှ ။ ရုံးဆင်းချိန် ဆိုတော့ ဂိတ် ပတ်စီးသူ များနေသည် ။
နာရီဝက်ခန့် စောင့်ပြီး မကြာမီ မာန်ဖီလာသော ကျွဲရိုင်းကြီး တစ်ကောင်အလား လူအုပ်ကြား သို့ တအား ပြေးဝင်လာသော နံပါတ်သုံး ကားတစ်စီး နောက်သို့ ပြေးလိုက်ကြပုံမှာ ရုပ်ရှင်ကြော်ငြာကား နောက်သို့ ကလေးတွေ စာရွက် လိုက်ကောက်သည် နှင့် တူသေးတော့သည် ။ တရုတ်သိုင်းမင်းသား ၏ လှုပ်ရှားပုံမျိုး ဖြင့် ကားပေါ် သို့ ခုန်တိုး လိုက်သော်လည်း အချည်းနှီးသား ။ နေရာ ကတော့ မရတော့ ၊ ခရီး တစ်ဝက် တွင် ဆင်းမည် ဟု ထင်ရသူ အနား တွင် ရပ်၍ ရှေ့နောက် ဝဲယာမျက်ခြည် မပြတ် အကဲခတ်ကြည့်ရှု၍ နေရာ လုရန် အသင့် အနေအထားယူထား လိုက်သည် ။
“ ကဲ ကဲ အထဲ ကို ရောက်အောင် ဝင်ပါ ။ အစ်ကိုတို့ အဘတို့ အစ်မတို့ ၊ ကျွန်တော် တောင်းပန်ပါတယ်နော် ၊ ကားပေါ် ရောက်ရင် ပိုက်ဆံကို ကိုင်ထား ၊ ခါးတို့ပြီး မတောင်းပါရစေနဲ့ ၊ တွယ်လိုက်မယ် ဆိုရင် မလိုက်နဲ့ ၊ ပြန်ဆင်း ၊ လိုက်ချင်ရင် အထဲ ရောက်အောင်ဝင် ၊ လူ တင်နိုင်မှ ပိုက်ဆံရမှာ ၊ ဓာတ်ဆီ က အလကား ရတာ မဟုတ်ဘူး ၊ အပေါက်ဝ မှာ ပိတ် မထားနဲ့လေ ၊ ရုံးချိန်ကြီး ဒီ အထုပ်ကြီး ဘယ်သွားမှာလဲ ၊ အပေါ်ရောက်အောင် တက် ၊ အထဲရောက်အောင် ဝင် ၊ အမျိုးသမီး ဟာ အထဲ မှာနေမှ သဘာဝ ကျတယ် ၊ ယောက်ျားတွေ နဲ့ တုပြီး တွဲလောင်း လုပ် လို့ မရဘူး ”
ခရီးသည် အားလုံးမှာတော့ အရက်မူးပြီး ဆူပူကြိမ်းမောင်းနေသော ဖခင် ကို ကြောက်နေကြသည့် ကလေးငယ်များ သဖွယ် ကုပ် နေကြသည် ။
“ ဟရေ ပါနီဘာဘူ ၊ အန္တေ ဂျောင်း ၊ အန္တေ ဂျောင်း ”
ကုလားစကား နားလည်ဟန် တူသော ခရီးသည်တစ်ယောက် က ပြုံးစိစိ လုပ်သဖြင့် “ အဲဒါ ဘာအဓိပ္ပာယ်လဲ ” ဟု မေးကြည့်ရာ နို့ပုံး နဲ့ ကုလားကြီးကို အထဲ ဝင်ခိုင်းသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုသည် ။
“ ဆွဲ ဆရာရေ့ မရတော့ဘူး ၊ သာကေတ ကို ဒါရိုက် မောင်း ၊ လမ်းမှာ မရပ်နဲ့တော့ ၊ ပုဇွန်တောင် ပါ လား ၊ ဝါဆို ၊ သင်္ဘောကျင်း ၊ သောက်သောက်လဲ ၊ မပါဘူး ဆွဲထား ”
သောက်သောက်လဲ ဆိုသည်မှာ အရက်ဆိုင် နှင့် နီးသော ရန်ပြေ မှတ်တိုင် ကို ဆိုလိုကြောင်း သာကေတမြို့နေ ခရီးသည်များ သိပြီးသား ဖြစ်သည် ။ ကားမှတ်တိုင် အနီးတွင် အရက်သောက်ပြီး မူးလဲနေသူများ ကို မကြာခဏ တွေ့ရတတ်သောကြောင့် သည်အမည် မှာ အတည်လိုတောင် ဖြစ်နေပေပြီ ။ ကားသမား က တရားဝင် သုံးနေပေမင့်ကိုး ။
“ မှတ်တိုင်ပါရင် ကြိုပြောနော် ၊ ဘဲသံ မကြားရင် ဆွဲထား ၊ မှတ်တိုင် လွန်ပြီးမှ ပြောရင် ရပ်မပေးနဲ့ ၊ သုံးဈေး ၊ ဓာတ်ဆီဆိုင် ၊ မီးသတ် ၊ ခုနစ်ဈေး ပါလား ”
“ ခုနစ်ဈေးပါတယ် ဗျို့ ”
“ ပါရင် ထွက်ထား ၊ ရွှေဘ လို တက်လာပြီး ခင်သန်းနု လို မဆင်းနဲ့ ၊ ရှေ့က ပြီးပြီလား ”
ဝုန်းခနဲ ရပ်လိုက်သည် နှင့် ဘုန်းခနဲ ခုန် ချလိုက်ရသည် ။ လေထဲမှ မြေကြီးပေါ် မကျခင်မှာပင် ‘ ဆွဲ ' ဆိုသော လက်မှတ်ရောင်း ဆရာ ၏ အသံထက် မြန်သော သုံးနံပါတ် ဆူပါဆောနစ် ဂျစ်ကားကြီး တစ်ဟုန်ထိုး ပျောက်ကွယ်သွားလေတော့သည် ။
ကားမှတ်တိုင် ဘက် သို့ လှမ်းမျှော်ကြည့်နေသော ဇနီးသည် ၊ မခင်မူ ကို အဝေး မှ ပင် လှမ်း မြင်နေရသည် ။ နို့ဆီသေတ္တာတွေ နှင့် ပြန်လာမည့် ကျွန်တော့် ကို မျှော်နေတာဖြစ်ရမည် ။ ဆိုင် ထဲ လှမ်းဝင်လိုက် သည်နှင့် မဆိုင်းမတွပင် မေးတော့သည် ။
“ နော့ နို့ဆီသေတ္တာတွေ ဘယ် ထားခဲ့လဲ ”
ကျွန်တော် က မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်ပြီး ဦးထုပ် နှင့် ပိုက်ဆံအိတ် ကို စားပွဲပေါ် ပစ် တင်လိုက်သည် ။
“ အလိမ် ခံရတော့မလို့ ဟေ့ ၊ ဒီက အကောင် က လျင် ပေလို့ ၊ စစ်ထွက်ယောက်ျားပဲ ကွာ ၊ အလကားကောင် မှတ်လို့ ၊ လာကြော ရင် မောသွားမှာပေါ့ ၊ သောက်ကုလား သူ့ဟာသူ ကြောက်ဖျား ဖျားပြီး တစ်ချိုးထဲ ပျောက်သွားတော့တာပဲ ၊ ဝှီး ပေးစမ်း ၊ ငါ့ ကို ရေတစ်ခွက် ”
“ ဟောတော့ အဲဒီ ကုလားလေး နောက် တစ်ခေါက် ပြန် ရောက်လာသေးတယ် ၊ ဆီတွေ ထပ် ရမယ် ၊ ပိုက်ဆံ ငါးရာလောက် ထပ် ရှာပေးလိုက် ပါလို့ ရှင် က စာရေးပြီး လွှတ် လိုက်တယ်ဆို ၊ ကိုကြီးမြင့် တို့ ၊ ကိုထွန်းရီ တို့ ဆီက ဆွဲ ပေးလိုက်ရပါရောလား ၊ ငွေ ယူပြီး ပြန်သွားတာ နာရီဝက် လောက်ပဲ ရှိဦးမယ် ”
“ ကြံကြံဖန်ဖန်ကွာ ၊ ဘယ်မှာလဲ အဲဒီ စာ ”
မဟာပထဝီမြေကြီး ချာချာလည်သွားသည် ဟု ကျွန်တော် စိတ်ထဲ က ထင်လိုက်မိသည် ။ မအူမလည် ဇနီးသည် ကိုလည်း အကြီးအကျယ် ဒေါပွ သွားမိသည် ။
“ ဟောဒီမှာ ”
သူ ကမ်းပေးသော စာတိုလေးကို လှမ်းယူလိုက်စဉ်မှာတော့ မခင်မူ ၏ လက်တွေ တုန်၍ မျက်ရည်တွေ စို့နေပါပြီ ။
ဘတ်စ်ကား လက်မှတ် ၏ နောက်ကျော မှာ ဘောပင်ဖြင့် ရေးသား ထားသော အောက်ပါ စာလုံးသေးသေးလေးများကို ခါးသီးနာကျည်းစွာ ဖတ်လိုက်ရပါတော့သည် ။
ခင်
လိုသလောက်ရမည် ၊ ငွေငါးရာလောက် ထပ် ရှာပေးလိုက်ပါ ။
ကို
“ ဥပဒေ အပြင်ဘက် က မှောင်ခို ခြစားနေတဲ့ လူတွေ ကို လောဘ ဇော တိုက်ပြီး အားပေးအားမြှောက် လုပ်ချင်တဲ့ အကောင် မှတ်ဟ ” ဟု လည်း မိမိ ကိုယ် မိမိ ဆုံးမ လိုက်မိပါတော့သည် ။
◾ အဏ္ဏဝါစိုးမိုး
📖 စစ်ပြန်
မတ်လ ၊ ၁၉၈၃ ခုနှစ်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment