Tuesday, April 19, 2022

ဆုံမှတ်လွဲသည့် အလွမ်းများ


 

❝ ဆုံမှတ်လွဲသည့် အလွမ်းများ ❞ 

တစ်နေ့တွင် ဆရာဝန် က ကျွန်တော် ၏ ECG စာရွက် ကို ကြည့်ပြီး ကျွန်တော့် တွင် နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်နေသည် ဟု ပြောလာသည် ။ သွေးကျဆေး ၊ သွေးကျဲဆေး ၊ ကိုလက်စ်ထရောချဆေး တွေ သောက်ခိုင်းသည် ။ တစ်လ ကျော်ခန့် ကြာမြင့်လာသောအခါ နှလုံးရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ မြင့်ဇော် က ကျွန်တော့် ကို တစ်လ ခန့် အနားယူရန် နှင့် ဆောင်ရန်ဆေး ၊ ရှောင်ရန် အစာများ ကို ညွှန်ကြားလာသည် ။ ဆရာဝန်ညွှန်ကြား သည့် ဆောင်ရန် နှင့် ရှောင်ရန် တို့ ကို အတိအကျ လိုက်နာနိုင်ခဲ့သော်လည်း အလုပ်ကတော့ အနား မယူဖြစ်ခဲ့ ။ ဆေး သောက်ရင်း အချိန် နှင့် အမျှ အလုပ်ခွင် ထဲ တွင် ဂျင်တစ်လုံး လို လည်ပတ်နေခဲ့ရသည် ။

၂၉ - ၈ - ၂၀၀၅ နေ့ ကတော့ သွားရင်းလာရင်း အသက်ရှု ကြပ် လာသဖြင့် ငါးထပ်ကြီးဘုရားလမ်း ရှိ တိုင်းရင်းဆေးရုံသို့ ရောက်ခဲ့သည် ။ ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းကျော် နှင့် ကျွန်တော် က ရှေးမဆွ ကပင် ခင်မင်ရင်းနှီးပြီး ဖြစ်သည် ။ ဒေါက်တာသိမ်းကျော် က အသက်ရှုကြပ် ပြီး မောဟိုက်နေသော ကျွန်တော့် ကို ချက်ချင်းပင် ဆေးရုံ တင်ပေးခဲ့သည် ။

ဆေးရုံ အောက်ထပ် မှာ ရိုးရိုးလူနာဆောင် ဖြစ်ပြီး အပေါ်ထပ် က စရိတ်မျှ ပေး အစီအစဉ် ဖြစ်သည် ။ ဤ အစီအစဉ် နှင့် ပင် ဆယ့်နှစ်ပေ ခန့် ကျယ်ဝန်းသော သီးသန့် အခန်း ( ၂ ) တွင် ဆေးရုံ တက်ခွင့် ရခဲ့သည် ။ တိုင်းရင်းဆေးရုံ တွင် နှလုံးအထူးကု ဆရာကြီးဒေါက်တာမြင့်ဇော် ပေးသည့် နိုင်ငံခြား ဆေးများ ကို သာ ဆက် သောက်ရသည် ။ တိုင်းရင်းဆေး အဖြစ်မူ “ အခိုးပွင့်ဆေး ” နှင့် “ မုတ်ကဲဆေး ” တို့ကို သောက်စေပြီး နေ့စဉ်နံနက်တိုင်း သူနာပြုတွေ က အကြောပြင်ပေးသည် ။ ကြပ်ထုပ်ထိုးပေးသည် ။ ချွေးအောင်းပေးသည် ။ ဆေးလိမ်းပေးသည် ။ ဆေးရုံ တက်ပြီး ငါးရက် ကြာသော အခါ ကျွန်တော့်ကျန်းမာရေး အခြေအနေ က အကောင်းပကတိ နီးပါး တိုးတက်ကောင်းမွန် လာခဲ့သည် ။

•••••   •••••   •••••

၃ - ၉ -၂၀၀၅ နေ့ နံနက်ကိုးနာရီခွဲခန့် တွင် ဆေးရုံ သို့ လူနာသစ် တစ်ဦး လက်တွန်းလှည်းဖြင့် ရောက်ရှိလာသည် ။ သူ့ ကို ကျွန်တော့် အခန်း နှင့် ကပ်လျက် အခန်းနံပါတ် ( ၃ ) တွင် နေရာချပေးသည် ။ လူနာ နှင့် အတူ လိုက်ပါလာဟန် ဟူသော ခပ်ငယ်ငယ် လူရွယ်ကလေးတွေ က အခန်း သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး လူနာ ကိုနေရာ ချပေးသည် ။ သူတို့ ၏ လှုပ်ရှားမှု ဟန်ပန် နှင့် ပြောဆိုသံများ အရ နယ်ဘက် မှ ဖြစ်မည် ဟု ခန့်မှန်းရသည် ။

လူငယ် တစ်ဦး က လည်း သူ ၏ လက်ကိုင်ဖုန်း ဖြင့် ဆွေမျိုးသားချင်းများ ထံ ဆက်သွယ် အကြောင်းကြားနေသည် ။ ညနေပိုင်း ကျတော့ ဧည့်သည် တော်တော် များများ ရောက်ရှိလာကြသည် ။ ည ကိုးနာရီ ကျော် မှ ပင် ဧည့် ပြတ်သွားတော့သည် ။ ကျွန်တော်သည် မအိပ်ချင်သေး၍ အခန်းအဝ တွင် ပက်လက်ကုလားထိုင် ဖြင့် ထိုင်နေမိသည် ။ တစ်ဖက်ခန်း မှ လူနာ ၏ ဇနီး ဟု ထင်ရသော ခပ်ဝဝ မိန်းမ တစ်ယောက် မှာ အပြင် ထွက်လိုက် ၊ သန့်စင်ခန်း သို့ သွားလိုက် ၊ ရေပုံးလေး နှင့် ရေ သယ်လိုက် ပြုလုပ်နေရာ မှ ကျွန်တော့် ကို မကြာခဏ လှည့်ကြည့်နေသည် ။ ကျွန်တော့်ခေါင်းပေါ် တည့်တည့် လေးပေမီးချောင်း ၏ အလင်းရောင်ကြောင့် ထို မိန်းမ သည် ကျွန်တော့် ကို အဝေးက မှ ပင် မြင်နိုင်သော်လည်း ကျွန်တော်ကတော့ မှုန်ဝါးဝါး အလင်းရောင် အောက် မှ ထို ခပ်ဝဝ မိန်းမကြီး ကို ရုပ်လုံး မကွဲ ။ မျက်မှန် လည်း တပ် မထားမိသဖြင့် အဝေး မှုန် နေသည် ။ ထိုစဉ် ကျွန်တော့် ကို ကြည့်နေသော မိန်းမကြီး က...

“ ဦးချစ် လား... ဦးချစ် ဟုတ်ပါတယ် နော်... ”

“ ဟုတ်ပါတယ် ၊ ကျွန်တော် ဦးချစ် ပါ ၊ ကျွန်တော့် ကို သိလို့လား ”

“ ကြည့်ပါဦး ၊ ကျွန်မ , ကိုမမှတ်မိဘူးလား ၊ ဦးချစ်ရဲ့ ညီ မ ' စုစု ' ရဲ့ သူငယ်ချင်း လေ ”

“ အင်း ... အော် ... ဒါ ... ဒါဖြင့် ... ဟို ဟို ... “ ‌မေစီ ” လားဟင် ၊ “ မေစီ ” ဟုတ်ပါတယ် နော် ”

“ ဟုတ်ပါတယ် ၊ ကျွန်မ ... မေစီ , ပါ ၊ ဒါထက် .. ဦးချစ် က ဘာ ရောဂါ နဲ့ ဆေးရုံ တက် ရတာလဲ ”

“ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်လို့ ဆေးရုံ ရောက်လာတာ ”

“ မေစီ့ အမျိုးသား ကလည်း မနေ့က လေ ဖြတ်လို့ ၊ အားချင်းပဲ ရွာ က တက် လာပြီး ဒီ မနက် ဆေးရုံ တင်တာလေ ။ သူ က ညာဖက် တစ်ခြမ်း လှုပ်လို့ မရဘူး ၊ စကား လည်း မပြောနိုင်ဘူး ၊ လိုအပ်တာတွေ တော့ လုပ်နေတုန်းပါပဲ ၊ နောက်မှပဲ တွေ့ပါရစေနော် ... ”

ပြောပြောဆိုဆို နှင့် မေစီ , သူ့ အခန်း ထဲ သို့ ပြန် ဝင်သွားလေသည် ။

ဪ , မေစီ မေစီ ... တစ်ချိန်သော ကာလ က ကျွန်တော့် ကို “ မောင် ” “ မောင် ” နှင့် တစ်မောင် တည်း မောင် ခဲ့သော မေစီ ... အခုတော့ “ ဦးချစ် ” လား တဲ့ ... ။

နှစ်တွေ က လည်း ( ၃၅ ) နှစ် ပင် ကျော် လွန်ခဲ့ချေပြီကောလေ ။ သူ နှင့် ကျွန်တော် ကြာမြင့်စွာ ကွဲကွာခဲ့သော်လည်း အမှန် ကို ဝန်ခံရလျှင် ကျွန်တော် သူ့ ကို တစ်နေ့မှပင် မေ့ပျောက်လို့ မရခဲ့ ။ ငယ်ကချစ် အနှစ်တစ်ရာ ဆိုသည့် စကား အလို အတိုင်း ပင်  ၊ နှစ်တွေ ကြာညောင်းခဲ့ပြီး ဘဝတွေ ပြောင်းလဲခဲ့ပေမယ့် မေ့ မရနိုင်ခဲ့သော ငယ်ချစ်ဦး “ မေစီ ” ပါ ။ ခုတော့ ကျွန်တော့် ကို အိပ်မက်, မပေးဘဲ အရှင်လတ်လတ် ဘဝဖြင့် နံရံ တစ်ချပ်ခြား မှာ ရောက်နေလေ ရဲ့ ။

မေစီ နှင့် တစ်ရပ်တည်း တစ်ရွာတည်း ဆုံတွေ့ခဲ့ရသော ငယ်ဘဝ ကို သတိ ရမိလိုက်ပါသည် ။

ထိုစဉ်က ရွာ မှာ ( ၇ ) တန်း အထိ ပညာ သင်ကြားပေးသော အလယ်တန်း ကျောင်း တစ်ကျောင်း သာ ရှိသည် ။ ( ၇ ) တန်း အောင်တော့ ရန်ကုန် သို့ ပြောင်းရွှေ့ပြီး ဦးလေး အိမ် မှ ကျောင်း ဆက် တက်ခွင့် ရခဲ့သည် ။ မေစီ နှင့် စ တွေ့စဉ်က ကျွန်တော် ဆယ်တန်းစာမေးပွဲ ဖြေပြီး ၊ ရွာ သို့ ခေတ္တ ပြန် နေသော ကာလ ဖြစ်သည် ။ ထိုစဉ်က မေစီ သည် ( ၈ ) တန်းကျောင်းသူ ဖြစ်သော ကျွန်တော့် ညီမ “ စုစု ” နှင့် အတန်းတူ ၊ အခန်းတူ ။ သူတို့ နှစ်ယောက် က အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်သည် ။ ညီမငယ် “ စုစု ” က “ ယောင်းမရေ ... ယောင်းမရေ ” ဟု ခေါ်သည့် အခါတွင် မေစီ သည် စိတ်ဆို းသည့် အမူအရာမျိုး မပြသည့် အပြင် ကျေနပ်သယောင် အမူအရာ ဖြင့် ရှက်ပြုံးလေး ပြုံး နေတတ်သည် ။ ပြီးတော့ ရှက်စနိုး အမူအရာလေး နှင့် ကျွန်တော့် ကို ခိုး ကြည့်တတ်သည် ။ ပြောရလျှင်တော့ ထို နှစ် မှာပင် ကျွန်တော် နှင့် မေစီ မေတ္တာ မျှခဲ့ ကြသည် ။ ထိုစဉ် က ကျွန်တော် က သူ့ ကို “ မေ ” ဟု ခေါ်ခဲ့သလို ၊ သူ ကလည်း ကျွန်တော့် ကို “ မောင် ” တဲ့ ။ နောက်ပိုင်းတွင် လည်း “ မောင် ” ဆို သည့် စကားတစ်လုံး ကို သူ့နှုတ်ဖျားတွင် ပန်ဆင်ထားမြဲ ။ တစ်ယောက် နှင့် တစ်ယောက် ချစ်လိုက်ကြသည့် ဖြစ်ခြင်း ။ ဘဝ ၏ အပျော်ရွှင်ဆုံး ကာလများ ဟူ၍ ပင် ဆိုရတော့မည် ။

သည်လို နှင့် ကျွန်တော် ဆယ်တန်း အောင်ပြီး ၊ တက္ကသိုလ်ပထမနှစ် သို့ ဆက် တက်သည် ။ တက္ကသိုလ်ကျောင်းသားဘဝ တွင် ကျွန်တော် မေစီ နှင့် ဆက်သွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည် ။ ခက်သည် က ရွာ သို့ ဆက်သွယ်ရန် လူကြုံ မရှိ သလို စာတိုက် လည်း မရှိ ခြင်းပင် ။ သည်လိုနှင့် တစ်နှစ်ပတ်လုံး  မေစီ နှင့် အဆက်အသွယ် ပြတ်ခဲ့ရသည် ။

ပထမနှစ် စာမေးပွဲ ဖြေဆိုပြီး ရွာ သို့ ပြန်သွားတော့မှ “ မေစီ ” နှင့် တွေ့ရတော့ သည် ။ တစ်နှစ်တာ ကာလအတွင်း မေစီ ၏ အလှ သည် မယုံနိုင်အောင် တိုးတက် ပြောင်းလဲခဲ့သည် ။ အရပ်အမောင်း အလုံးအထည် နှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှု မှာ ဖိုသတ္တဝါ များ နှစ်ခါ လှည့်ကြည့်ရ သည့် အလှအပမျိုး ဖြစ်နေသည် ။ သည်လို အလှ တွေ တိုး တက်ပြောင်းလဲသွားသော်လည်း ကျွန်တော့် အပေါ် ချစ်စိတ် ကတော့ ပြောင်းလဲ မသွားဘဲ သံယောဇဉ် တွေ ပိုမိုခိုင်ကျည်လာသည် ။ နှစ်ယောက် ဆုံသည့် အခါတိုင်း “ ချစ်လိုက်ရတာ မောင်ရယ် မေစီ အတွက် နောက်ဆံ မတင်းပါ နဲ့ မောင် ရယ် ၊ ပညာ ကို ဖြောင့်ဖြောင့်တန်းတန်း သင် ပါနော် ၊ မေစီ ကို စိတ်ချပါ ” ဆိုသော မေစီ ၏ စမ်းရေစီးသံလေးတွေ ကို မိန့်မူးရင်း ရန်ကုန်တက္ကသိုလ် တွင် ဒုတိယနှစ် ဆက်လက် တက်ရောက်ဖြစ်ခဲ့သည် ။

သို့သော်လည်း ဒုတိယနှစ် စာမေးပွဲ ဖြေဆို အပြီး နောက်တစ်နေ့ မှာပဲ ရွာ သို့ အပြေး ပြန် သွားတော့ ရင်ဆို့စရာ သတင်း တစ်ပုဒ် က ဆီးကြို နေနှင့်သည် ။

မေစီ အိမ်ထောင် ကျသွားတာ တစ်လ လောက် ရှိပြီ တဲ့ ၊ သူ့ အမေ ကိုယ်တိုင် သဘောတူ ပေးစားတာ ... တဲ့ ။ အဲဒီ လူ က တစ်ရပ်တစ်ကျေး မှ ပုဂ္ဂိုလ် တဲ့ ။ မေစီ ထက် အသက် ဆယ်နှစ် ခန့် ကြီးပြီး သူဌေးသား တစ်ယောက် ဖြစ်သည် တဲ့ ။

မျှော်လင့်ချက် ကြီးမားစွာဖြင့် အပြေး ပြန်လာခဲ့သော ကျွန်တော် သည် ရှက်ရွံ့ခြင်း နှင့်အတူ ကြေကွဲရသော ခံစားချက် ဖြင့် ရွာ တွင် တစ်ညသာအိပ်ပြီး နောက် တစ်နေ့ မိုး မလင်းမီ ရန်ကုန် သို့ပြန်လာခဲ့သည် ။ ထို့နောက် မေစီ ကို မေ့ပစ် ဖို့ မုန်းပစ် ဖို့ စိတ်နာ ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည် ။ သို့သော်လည်း မုန်း မရ ၊ မေ့ မရ စိတ်နာလို့ မရခဲ့ ။

ဪ , ငယ်ချစ်ဦးပေကိုး ... ။

ဘာလိုလို နှင့် ဆယ်စုနှစ် သုံးစု ပင် ကျော် ခဲ့ချေပြီ ။

•••••   •••••   •••••

မေစီ နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပုံများ ကို ပြန်လည်ခံစား သတိရရင်း မိုးစင်စင် လင်း ခဲ့ရသည် ။ မိုး လင်းတော့ မေစီ , ကျွန်တော့် အခန်း ဝ သို့ ရောက် လာသည် ။ သူ့ ယောက်ျား နှင့် မိတ်ဆက်ပေးချင်ပါသတဲ့ ။ သူ့ အခန်း သို့ လိုက်ခဲ့ဖို့ ခေါ် နေသည် ။

အားနာမှုကြောင့်လား ... မေစီ ၏ လွှမ်းမိုးမှု ကို နစ်မျောသာယာနေမိသလား ... ကျွန်တော့် ကိုယ် ကျွန်တော် ဝေခွဲမရနိုင်မီမှာ ပင် သူ ခေါ်ရာ နောက်သို့ အလိုလို လိုက်ပါသွားမိသည် ။ သူ့ အခန်း ထဲ ရောက်တော့ ခုတင် ပေါ် တွင် ပက်လက်အနေအထားဖြင့် လဲလျောင်းနေသော ယောက်ျား တစ်ယောက် ကို တွေ့လိုက်ရသည် ။

“ ကိုကို ... သူ က ဟိုဘက်အခန်း က လူနာလေ ၊ ရွာ က စုစု ရဲ့ အစ်ကို ပေါ့ ၊ ကိုကို သူ့ ကို သိမှာ မဟုတ်ပါဘူး ၊ သူ ရန်ကုန်ပြောင်းသွားတာ မေစီ နဲ့ ကိုကို လက် မထပ်ခင် ကတည်း က ဆိုတော့ ကိုကို့ ကို ဘယ် သိမှာလဲ ဦးချစ် ... ရေ ၊ ဒါ မေစီယောက်ျား ဦးထွန်းလွင် ... တဲ့ ရွာ မှာ ပဲစက် ၊ ဆန်စက် ၊ သစ်စက်လုပ်ငန်း တွေ လုပ်တယ်... ”

“ ဟုတ်ကဲ့ .. တွေ့ရတာ ဝမ်းသာပါတယ် ၊ မြန်မြန် , ကျန်းမာပါစေလို့ လည်း ဆုတောင်းပါတယ် ၊ ရပ်ဆွေရပ်မျိုးတွေ မမျှော်လင့်ဘဲ အခုလို ပြန် တွေ့ရတော့ လိုတာ ရှိရင်လည်း ကူညီလို့ရတာပေါ့ ”

“ ဦးချစ်ကြီး ကတော့ လုပ်ပြီ ၊ မမျှော်လင့်ဘဲ ရှိပါ့မလား ၊ စုစု နဲ့ပတ်သက်နေမှ တော့ မေစီ တို့ ကအမြဲ မျှော်လင့်ပါတယ် ၊ ဦးချစ် ကသာ ရွာ ကို တစ်ခေါက် တစ်ကျေး တောင် ပြန်လာဖေါ် မရဘဲ မေ့သွားတာပါနော် ”

စကား မပြောနိုင်ရှာသော လူနာ ဦးထွန်းလွင် .. ကတော့ သူ့ဇနီး ၏ ရန်တွေ့ စကားတွေ ကို သဘော ကျလို့လား ၊ ဒါမှမဟုတ် ကျွန်တော် နှင့် မိတ်ဆွေ ဖြစ်ရ တာကိုပဲ ဝမ်းမြောက်၍ လား မသိ ၊ သဲ့သဲ့လေး သာ ပြုံးနေရှာသည် ။ မေစီ က သူ ယောက်ျား ၏ လက်ကို ကိုင်ပြီး ...

“ ကိုကို က, လက် တစ်ဖက် လှုပ်လို့ မရဘူး ၊ စကား လည်း မပြောနိုင်ဘူး ” ဟု ပြောလာသည် ။

“ အားမငယ်ပါ နဲ့ ဦးထွန်းလွင် ၊ ဒီ ဆေးရုံ မှာ ဦးထွန်းလွင် ထက် အခြေအနေ ဆိုး တဲ့ လူနာတွေ တောင် ရှိပါတယ် ၊ မကြာခင် ဦးထွန်းလွင် ကိုယ်တိုင် ဒေါင်ဒေါင်မြည် လမ်းလျှောက်နိုင်တော့ မှာပါ ။ အချိန်တော့ နည်းနည်း ပေးရမှာပေါ့ဗျာ ၊ ဒီ ဆေးရုံ ရဲ့ အားသာချက် က နိုင်ငံခြားဆေး လည်း သုံးတယ် ၊ တိုင်းရင်းဆေး အပြင် အပ်စိုက် ပေးတယ် ၊ ဆေး လိမ်းပေးတယ် ၊ အကြော , ပြင်ပေးတယ် ၊ ကြပ်ထုတ် ထိုးပေးတယ် ၊ ချွေး , အောင်းပေးတယ် ၊ ဆရာ , ဆရာမတွေ ကလည်း သိပ် ဂရုစိုက်ကြတာ ၊ အဲဒီ ပြုစု ကုသပေးမှုတွေကြောင့် ဒီ ရက်ပိုင်းအတွင်း မှာ ပဲ ဦးထွန်းလွင် ရဲ့ အခြေအနေ ထူးထူး ခြားခြား တိုးတက် ကောင်းမွန်လာမှာပါ ၊ ကဲ ...ကဲ ဦးထွန်းလွင်လည်း နားပါဦး ၊ မေစီ ကလည်း လိုတာ ရှိရင် ပြောပေါ့ ”

ကျွန်တော် ဦးထွန်းလွင် အတွက် အားပေးစကား ပြောပြီး အခန်း ထဲ မှ လှည့် ထွက်လာတော့ “ ကိုယ့် အစ်ကိုကြီး လို ပဲ... အားကိုးပါတယ် ဦးချစ် ရယ် ” ဟူသော မေစီ ၏ အသံ လွင်လွင်ကလေး ကို ကြားဖြစ်အောင် ကြား လိုက်ရသေးသည် ။

ကျွန်တော် အခန်း သို့ပြန်ရောက်တော့ ဘာကြောင့်မှန်း မသိ ၊ နေမထိ, ထိုင်မသာ ဖြစ်နေသည် ။ အသက် ရှူလိုက်တိုင်း အောင့်သလိုလို ၊ တစ်ခုခုကို ကြောက်ရွံ့ သလိုလို ၊ ပြီးတော့ အသက်ရှူကြပ်သလိုလို ၊ မောသလိုလို. . .  ၊

ခုတင် ပေါ်တွင် မှိန်း၍ အနား ယူနေရင်း အတွေးတစ်မျှင် က ဦးနှောက် ထဲသို့ ကပ်ငြိလာသည် ။ နှလုံးသွေးကြောကျဉ်းရောဂါ အပြင် အခြားသော ရောဂါ တစ်ခု က ကျွန်တော့် ရင်ထဲ သို့ ချဉ်းကပ် ဝင်ရောက်လာပါ ပေါ့လား ။ ဒီ ရောဂါ နာမည် ဘယ်လို ပေးရပါလိမ့် ။ မေစီ ကျွန်တော့် ကို ကြည့်သော မျက်လုံး ၊ သူ့ အပြုံး ပြီးတော့ ... မျက်လုံး က ပြောနေသော အသံတိတ် စကားများ ...

ကျွန်တော့် စိတ်တွေ ယောင်ချာချာ ဖြစ်နေပါ, ပေါ့လား ။

မွန်းလွဲ ( ၁ ) နာရီ ခန့် အထိ ခုတင် ပေါ် တွင် ပက်လက်လှန် ၊ မျက်လုံး မှိတ်ရင်း ကိုယ့် ဘဝ ၏ အဆင် မပြေမှုများ ကို စဉ်းစား နေမိသည် ။ ထိုစဉ် ခုတင်ဘေး မှ အသံ တစ်ခု ကို မမျှော်လင့်ဘဲ ကြား လိုက်ရသည် ။ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ... မေစီ ။

“ မောင်, အိပ်နေလား ... ” တဲ့ ။ ကြည့်စမ်း ... မေစီ ၊ ကျွန်တော့် ကို ခေါ် လိုက်သည် က “ မောင် ” .. တဲ့ ။

“ မအိပ်ပါဘူး မေစီ ၊ မှိန်း နေတာပါ ၊ ကိုယ့်ကို ‘ မောင် ’ လို့ ခေါ်လိုက်တာလား ဟင် ”

“ ဦးထွန်းလွင် အိပ်မောကျနေတုန်း ‘ မောင့် ’ ကို စကား နည်းနည်း ပြောစရာ ရှိလို့ ”

မနက်တုန်း က “ ကိုကို ” လို့ ခေါ်ခဲ့ပြီး ... ခုတော့လည်း ‘ ဦးထွန်းလွင် ’ တဲ့ လား ... ဟင် ၊ တစ်ချိန်တုန်းက အကြောင်းတွေ ဆိုရင်တော့ မပြောပါနဲ့တော့ လား ... မေစီရယ် ။

“ မောင် နဲ့ မေစီ ဘဝ မှာ တစ်ချိန်တုန်း က စကားတွေ ပြောစရာအများကြီး ရှိတယ် မောင် ၊ မောင် နဲ့ တွေ့ ရင် ပြောဖို့ စကားတွေ မေစီ့ ရင် နဲ့ အပြည့်ပဲ ။ မေစီ က မိန်းမသား ပါ ၊ တောသူ ပါ ၊ အမေ က ရုတ်တရက်ကြီး ယောက်ျား ပေးစား ဖို့ စီစဉ်တော့ ထွက်ပြေးလို့လည်း မရ ၊ မောင် နဲ့ လည်း အဆက်အသွယ် မရတော့ မေစီ့ ဘဝ ကို လည်စင်း စတေးခဲ့ရတာပါ ၊ မောင့် ကို ခွင့်လွတ်ပါ လို့ မေစီ, မတောင်းဆိုချင်ပါဘူး ။ ဒါပေမယ့် မောင်ရယ် ... မောင့် ကို မေစီ , အချစ် မလျော့ခဲ့ပါဘူး ... ဒီနေ့ထိ မောင့် အပေါ် ချစ်နေဆဲ ပဲ ဆိုတာ ကို တော့ မောင် , လက်ခံ ယုံကြည်ပေးပါ ၊ မေစီ ကို ခွင့်လွှတ်ဖို့ မတောင်းဆိုချင်ပေမယ့် မေစီ့ စကားကိုတော့ အကြွင်းမဲ့ ယုံကြည်ပေးပါလို့ တောင်းဆိုပါရစေ ”

စကားသံ နှင့် အတူ ရွေ့လျားသံ တစ်ခု က ကျွန်တော့် အပါး မှ တဖြည်းဖြည်း ပျောက်ကွယ် သွားသည် ။ ကျွန်တော် မျက်လုံး ကို ဖွင့် ကြည့်လိုက်သည် ။ မျက်လုံးတွေ မှုန်ဝါးဝါး ဖြစ်နေသည် ။

အလို ... ကျွန်တော့် မျက်လုံးအိမ် ထဲ မှာ မျက်ရည်တွေ နဲ့ စိုစွတ်လို့ပါလား ၊ နှလုံးသား ခံစားမှု မှ ကြွေသက်လာသော မျက်ရည်များ သည် မျက်လုံးအိမ် ထဲ မှာ ပြည့်လျှံပြီး ပါးပြင် ပေါ် သို့ စီးဆင်းကျလာသည် ။

ညနေ ( ၄ ) နာရီ ခန့်တွင် ထုံးစံအတိုင်း ဆရာဝန်ကြီး နှင့် အဖွဲ့ က လူနာများ ကို လှည့်လည် ကြည့်ရှုကြသည် ။

ဒေါက်တာသိမ်းကျော် အား “ မိမိ တစ်ယောက် တည်း ဆေးရုံတက်ရသည့် အခက်အခဲအခြေအနေ နှင့် ရောဂါလည်း သက်သာလာပြီ ဖြစ်၍ သူရဲသမိန် တိုက် နယ်ဆေးရုံ သို့ သွားရောက် အနားယူလိုကြောင်း ၊ ဟိုမှာ ညီလေး ၊ ညီမလေးများ နှင့် တူ ၊ တူမလေးများရှိကြောင်း ” ပြောပြပြီး ဆေးရုံ မှ ဆင်းခွင့် တောင်းတော့ ၊ ဆရာဝန်ကြီး က ကျွန်တော် ၏ ရောဂါအခြေအနေ ကို အသေးစိတ် စစ်ဆေးပေးသည် ။ ပြီးတော့ ဆေး , တစ်လ စာ ဝယ် သွားဖို့ ဆေးလတ်မှတ် နှင့် မြန်မာတိုင်းရင်း သောက်ဆေး ၊ လိမ်းဆေးများကို ပေးပြီး ဆေးရုံ မှ ဆင်းခွင့် ပြုလိုက်သည် ။

ကျွန်တော် ထိုနေ့ ည မိုး မချုပ်မီ ဆေးရုံ မှ ဆင်းလာခဲ့သည် ။

မေစီ ကို မူ နှုတ် မဆက်ဖြစ်ခဲ့တော့ ။ နှုတ်ဆက် မိပြန်လျှင် မေစီ သည် မဆုံးနိုင် သည့် သံသရာ ကို ဆွဲ ဆန့်ကောင်း ဆွဲဆန့် နေဦးမည် ။ ခုလို အခါမျိုးမှာ မေစီ နှင့် ပြန်လည် မဆုံသင့်တော့ ဟု ကျွန်တော့် အသိ မှ ပြဋ္ဌာန်းပြီး ဖြစ်နေသည် ။

တိုင်းရင်းဆေးရုံကြီး ကိုကျောခိုင်း ထွက်ခွာတော့ ဆေးရုံဝင်း အဝ လက်ဖက်ရည်ဆိုင် ရေဒီယို မှ အသံလွှင့် သီချင်း တစ်ပုဒ် ကို သဲ့သဲ့ကြား လိုက်ရသည် ။ ကျွန်တော် ကောင်းစွာ မှတ်မိနေသည် ။ အဆိုတော် မှာ ဗဟို ( စံပြ ) အစိုးရအထက်တန်း ကျောင်း မှ ကျွန်တော် ၏ ကျောင်းနေဖက် သူငယ်ချင်း ကိုခင်ဝင်း ( ခေါ် ) “ စန္ဒရားကျော်ဇောလေး ... ”

“ မတတ်သာလို့ ခပ်ခွာခွာလေး နေကြရတယ် ... တစ်ဦး ကို တစ်ဦး ပေးခဲ့ ဖူးတဲ့ အသည်းလေးများတော့ နှစ်ဦး ကိုယ်စီ ရှိကြတယ် နော် ကွယ် ... အသည်းချင်း ဖြင့် နီးကြတုန်း ... ခွဲခွာခြင်း ဖြင့် တစ်သက်လုံး မနေလိုတယ် ... ”

◾မောင်ချစ် ( သူရဲသမိန် )

📖 အလင်္ကာရပ်ဝန်း
       ဝတ္ထုတိုစာစု ( ၇ )

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment