Thursday, April 21, 2022

ခရီးဆောင် ကြက်တူရွေး


 

    ❝  ခရီးဆောင် ကြက်တူရွေး  ❞

    ခရီးဆောင်အိတ် ကို ဆွဲ ၊ ရင်ကော့ပြီး ဆင်းခဲ့တယ် ။ ရင်ကော့ပြီး တက်လို့ မရဘူး ။ သင်္ဘောဆိပ် က နိမ့်တယ် ၊ တာရိုး က မြင့်တယ် ။

    အဲဒီတော့ ရင်ကော့ပြီး ဆင်းခဲ့ရတာပေါ့ ။ စိတ်ထဲမှာပဲ ရင် ကို ကော့ထားတာလေ ။ ခါး ကတော့ ဘယ် ကော့ ထားလို့ ဖြစ်မလဲ ။ အဆင်း ဆိုတော့ ခါး ကို ကိုင်း ထားရတာပေါ့ ။

    ဘာပြုလို့ ရင်ကော့ပြီး ဆင်းခဲ့ရတာလဲ ။

    အကြောင်း က ရိုးရိုးလေးပါ ။

    ကျုပ် သင်္ဘော အထက်တန်းခန်း က  လက်မှတ် ဝယ်ထားတယ်လေ ။ အထက်တန်းခန်း က စတိုင် နဲ့ သွားမယ့်ကောင် မဟုတ်လား ။ သင်္ဘော စ ထွက်ခါစမှာ ကျွန်တော့် အခန်း ရဲ့ ရှေ့က ကုန်းပတ်ပေါ်ထွက် ၊ လက်ယမ်း ကို မှီပြီး ရပ် ၊ ဂိုက်ပေး ၊ လေကောင်းလေသန့် ရှူရှိုက် ၊ ပတ်ဝန်းကျင် ရှုမျှော်ခင်းကို ကြည့် ၊ ခဏနေရင် စတိုင် နဲ့ ထမင်း မှာ စား ၊ ထမင်း က ပထမတန်း အခန်းထဲ အရောက် လာပို့တာလေ ။ စတိုင် နဲ့ မလိုင် နဲ့ စားရုံပဲ ။ ပြီးရင် စာလေး ဘာလေး ဖတ် ၊ နောက်ကျတော့ အိပ် ချင်ရင် အိပ် ၊ အလွန် ဇိမ်ကျမယ့် ကိစ္စပဲ ။

    ဒါပေမယ့် သင်္ဘောပေါ်လည်း ရောက်ရော ရင်ဘတ် ကို ဆီး ကန်ခံရသလိုပါပဲ ။ ကျွန်တော့် ထက် အများကြီး အရေးကြီး တဲ့ ပုဂ္ဂိုလ်တွေ ခရီး သွားမှာမို့ တဲ့ ။ ကျွန်တော့် အခန်း ကို ပေး လိုက်ရပြီ တဲ့ ။

    ကြည့်လိုက်တော့လည်း ဟုတ်တယ်ဗျာ ။ မိန်းမတွေရော ၊ ကလေးတွေရော တစ်ပြုံတစ်မကြီးပဲ ။ သင်္ဘော အထက်တန်း အခန်း လေးခန်း စလုံး အပြည့် ပဲ ။ ဝင်လိုက် ထွက်လိုက် နဲ့ ။ ကလေးတွေ ကလည်း ပြေးလိုက် လွှားလိုက် နဲ့ ။ မြင်ရုံ နဲ့ သိသာပါတယ် ။ ကျွန်တော့် ထက် အများကြီး အရေးကြီး တဲ့ ပုဂ္ဂိုလ်တွေပဲ ။

    ခရီး ကလည်း မသွားလို့ မဖြစ် ။

    ကုန်းပတ်ကပဲ လိုက်ရုံ ရှိတော့တာပေါ့ ။ ကုန်းပတ် ပေါ်မှာ က ခရီးသည် တွေ တင်းကြမ်း ပြည့်နေ ပြီ ။ နေရာလွတ် မရှိသလောက်ပဲ ။

    တတ်နိုင်ပါဘူး ၊ သူများ ချထားတဲ့ ပစ္စည်းထုပ်ကလေးတွေ ကို နည်းနည်းစီ တိုး ၊ နည်းနည်းစီ ဖယ်ပြီး ဖင် တစ်နေရာစာ ၊ တစ်ထိုင်စာ ရအောင် လုပ် ယူရတော့တာပေါ့ ။

    ကိုယ့်နောက် မှာ ပစ္စည်းထုပ်တွေ ၊ ဘေးမှာလည်း လူရော ပစ္စည်းတွေရော ။

    ကိုယ့်ရှေ့မှာက လူသွားလမ်း ။

    သွားလိုက်ကြတဲ့ လူတွေ ၊ ဘာတွေ လုပ်နေကြတာလဲ မသိဘူး ။

    ကျွန်တော့် မှာ ရင် ကို ကော့ထားရတယ် ။ သူတို့ နဲ့ မတိုက်မိအောင် လေ ။

    စိတ် ကတော့ ကိုင်း နေရပါပြီပေါ့ဗျာ ။

    “ ကီ .. ကီ .. ကီ .. ကီ ”
   
    “ ဟာ ... လန့်လိုက်တာ ၊ ဘာလဲဗျ ”

    ကျွန်တော့် ဘေးက လူတွေ ပြုံးပြီး လုံချည်ဟောင်း နဲ့ အုပ်ထားတဲ့ ငှက် လှောင်အိမ် ကို ဖွင့်ပြတယ် ။
 
    အထဲမှာ ကြက်တူရွေးသုံးကောင် ရှိတယ် ။
 
    တစ်ကောင် က ခပ်ငယ်ငယ် ၊ နှစ်ကောင် က ခပ်ကြီးကြီး ။
  
    ခပ်ကြီးကြီး နှစ်ကောင် က ကုပ်ပြီး ငြိမ် နေကြတယ် ။

    ခပ်ငယ်ငယ်ကောင် ကတော့ ဟိုကြည့်ဒီကြည့် လုပ်ရင်း နှုတ်သီး ကလည်း တလှုပ်လှုပ် နဲ့ ။

    “ ကရစ် ... ကရစ် ... ဂရစ် ... ဂရစ် ” လုပ်နေတယ် ။

    “ဒီမယ် သိပ် ကြည့်မနေနဲ့ ။ ကျုပ်တို့ က အဖမ်းခံထားရလို့ စိတ်ညစ်နေတာ နားလည်လား ။ ဟိုကောင် ကြီးတွေ က ကြောက်လို့ ငြိမ်နေပေမယ့် ကျုပ် ကတော့ ငြိမ် မနေနိုင်ဘူး ။ ဘယ့်နှယ်ဗျာ ဒီလောက် ကျပ် တဲ့ ၊ ဆူညံနေတဲ့ နေရာ မှာ ပူလိုက်အိုက်လိုက် တာလည်း လွန်ရော ၊ ဒီထဲ လှောင်အိမ် ကို လုံချည်ဟောင်း နဲ့ အုပ် ထားတော့ အထဲ မှာ လှောင်ပိတ်ပြီး နံစော်နေတာပဲ ”

    အဲဒီ ကြက်တူရွေး အငယ်ကောင် ဟာ တလှုပ်လှုပ် နဲ့ သူ့ ခေါင်း ကို ခါလိုက် လှုပ်လိုက် ၊ စောင်းလိုက်ငဲ့ လိုက် နဲ့ နှုတ်သီး ကလည်း တဂစ်ဂစ် လုပ်နေတယ် ။ ဒီတော့ သူတို့ ကို ဖမ်းလာတဲ့ လူ ကလည်း -

    “ ငါ မေ့သွားလို့ပါကွာ ။ ဟုတ်တာပေါ့ ၊ ဒီ လုံချည်စုတ်ကြီး နဲ့ စွတ် ထား အုပ် ထားတော့ မင်းတို့ ဘယ် သက်သာ မလဲ ။ ကဲ .. ကဲ .. ကဲ ဖယ်လိုက်မယ် ၊ ဟုတ်လား ”

    ကြည့်စမ်း ၊ ဟို ကြက်တူရွေး က တဂစ်ဂစ် လုပ်နေတဲ့ ကိစ္စ မှာ ကျွန်တော် က ဒီ အဓိပ္ပာယ်တော့ ဖြစ်တန် ကောင်းရဲ့လို့ မှန်းကြည့်တာ ။ ခု သူတို့ သခင် က ပြန်ပြောတဲ့ စကား နဲ့ ဆက်မိ မနေဘူးလား ။

    ကြက်တူရွေးလေး ကလည်း တဂစ်ဂစ် ဆက်လုပ်နေတယ် ။

    “ဒီလိုမှပေါ့ ၊ ကျေးဇူးပဲဗျာ ”

    ကျွန်တော် သိပ် ကြိုးစားနေစရာ မလိုဘဲ ကြက်တူရွေး စကား ကို နားလည် နေသလိုပဲ ။

    ဒီ ကြက်တူရွေး လှောင်အိမ် နား မှာ ရောက်နေရတာ ကျွန်တော့် အတွက်တော့ ကံဆိုး ကံကောင်း ပဲ ။

    စဉ့်ကူးထုံးကြီး ကို ရောက်အောင် တစ်မနက်ခင်းလုံး သွားရမှာလေ ။ အခေါက်ခေါက် အခါခါ သွားဖူး နေတဲ့ ခရီး ဆိုတော့ ဘေးပတ်ဝန်းကျင် ကိုလည်း စိတ် မဝင်စားတော့ပါဘူး ။ အလွန် ပျင်းစရာ ကောင်း တယ် ။

    ခုတော့ ဒီ ကြက်တူရွေး နဲ့ နည်းနည်းတော့ ဟန်ကျနေသလိုပဲ ။ သူ ကလည်း ကရစ်ကရစ် နဲ့ လုပ်လိုက် ၊ ကိခနဲ ထအော်လိုက် ၊ ဂစ် .. ဂစ် .. ဂစ် .. ဂစ် လုပ်လိုက်နဲ့ ၊ တစ်ချိန်လုံး လုပ်နေတယ် ။ ကျွန်တော် ကလည်း အဲဒါကိုပဲ အာရုံ စိုက်နေမိတယ် ။ သူ့  ဟာက ပတ်ဝန်းကျင် မှာ ဖြစ်ပျက်နေတာ နဲ့ အံကိုက် ဖြစ်ဖြစ်နေတယ် ။

    ဥပမာ ဆိုကြပါစို့ ၊ တောဈေး သည် မိန်းမ နှစ်ယောက် လှောင်ချိုင့်နား မှာ လာရပ်ပြီး စကား ပြောနေကြ တုန်း ကရစ် ကရစ် နဲ့ လုပ်နေပုံဟာ -

    “ ဪ ... ဒီ မိန်းမ နှစ်ယောက်ကလည်း ဒုက္ခပါပဲ ။ ဒါ လူသွား လမ်းဗျ ။ ခင်ဗျားတို့ ကို ရပ် ပြောနေကြ တော့ သူများ လမ်းသွားစရာ နေရာ မရှိတော့ဘူး ။ ဒီတော့ ကျုပ်တို့ လှောင်အိမ်ပေါ် ခွတက်ရော ၊ သေကုန် တော့ မှာပါပဲ ၊ ဒုက္ခပဲ ၊ ပြောနေတာလည်း မကြားဘူး ”

    အဲဒီလို အဓိပ္ပာယ် ထွက်နေတယ် ။

    ကျွန်တော် က တဖြည်းဖြည်း နဲ့ စိတ်ဝင်စားလာတယ် ။ သူ့ ကိုပဲ သေသေချာချာ ကြည့်နေမိတယ် ။ ဒီတော့ သူ က ကျွန်တော့် ကို ပြန်ကြည့်ပြီး ကရစ် .. ကရစ် နဲ့ လုပ်ပြန်တယ် ။

    “ ခင်ဗျားလည်း အလကားပါပဲ ။ ခင်ဗျား မလာခင်က ကျုပ်တို့ မှာ နည်းနည်းပါးပါး ချောင်ချောင် လည်လည် ကျယ်ကျယ် ဝန်းဝန်း ရှိသေးတယ် ။ ခင်ဗျား လာမှ ပို ဆိုးသွားတာ ”

    ကျွန်တော် တော်တော် ရယ်ချင်သွားတယ် ။ ဟုတ်တော့ ဟုတ်ပါတယ် ။ ဘေးက လေပေါက်တွေ ပိတ် ကုန်သလို ဖြစ်သွားတာကိုး ။ ဒါနဲ့ ကျွန်တော် ကလည်း တစ်ဖက်ကို ပို တိုးပေးရပါတယ် ။ သူတို့ လှောင်အိမ်နဲ့ ကပ် ပိတ် ထားသလို ဖြစ်နေတဲ့ခရီး ဆောင်အိတ်ငယ် ကိုလည်း နည်းနည်း ခွာပေးရတယ် ။ ဒီတော့ သူ က ကရစ် .. ကရစ် လုပ်ပြန်တယ် ။

    “ အဲလို သိတတ်တော့ ကောင်းတာပေါ့ဗျာ ” တဲ့ ။

    “ ဟေ့ကောင် .. ဟေ့ကောင် ၊ အဲဒီလို မင်း ပြောဖို့ မလိုပါဘူးကွ ”

    ကျွန်တော့် ပါးစပ် က လွှတ်ခနဲ ထွက်သွားမိတယ် ။

    ကြက်တူရွေးရှင် က ကျွန်တော့် ကို လှည့်ကြည့်တယ် ။ ကျွန်တော် လည်း ကပျာကယာ တခြား ကို စိတ်ဝင်စား ချင်ယောင် ဆောင်နေလိုက်ရတယ် ။ သူ ကျွန်တော့် ကို အတော်ကြာကြာ ကြည့်နေသေးတယ် ။ ကျွန်တော် သိသားပဲ ။ ခဏနေတော့မှ သူ့ ဟာ သူ တခြား ပြန်လှည့်သွားတယ် ။

    မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ ဒီ ကြက်တူရွေး ကို မကြည့်တာပဲ ကောင်းတယ် ။ ကြည့် နေရင် သူ ကလည်း ကရစ် .. ကရစ် နဲ့ ဗျစ်တောက်ဗျစ်တောက် ပြောနေမှာပဲ ။ ကျွန်တော် ကလည်း သူ ဘာပြောနေတယ် ဆိုတာ နားလည် သလို ဖြစ်နေတော့ တစ်ခွန်း မဟုတ် တစ်ခွန်း ပြန် ပြောမိမှာပဲ ။ အဲဒီမှာ ကျွန်တော် ငကြောင် ဖြစ်ရ တော့မှာပဲ ။

    တွေ့ဖူးကြမှာပေါ့ ။

    တချို့လူတွေ တိရစ္ဆာန် မွေးထားကြပြီး အဲဒီ တိရစ္ဆာန်တွေ နဲ့ စကား ပြောတတ်ကြ တာလေ ။ တော်တော် ကြောင် တယ်နော် ။

    ဒီ ကြက်တူရွေး က ကျွန်တော် မွေးထားတာလည်း မဟုတ်ပါဘူး ။ သူ နဲ့ စကား ပြောဖို့ ကျွန်တော့် မှာ အကြောင်း မရှိပါဘူး ။ ဒါပေမယ့် ခုကိစ္စမှာက သူ လျှောက်လျှောက် ပြောနေတာကို ကျွန်တော် က အဓိပ္ပာယ် နားလည် သလို ဖြစ်နေတယ် ။ အဲဒီတော့ သတိ လက်လွတ် နဲ့ ပြန်ပြောမိသွားတာပေါ့ ။ အဲဒါက ပို ကြောင် တယ်ဗျ ။ သိတယ် မှုတ်လား ။

    ကျွန်တော် ဆေးပေါ့လိပ်တစ်လိပ် ကို မီးညှိပြီး ကုန်းပတ် ပေါ် မှာ ရှိတဲ့ ခရီးသည်တွေ ကို တစ်ယောက် ချင်း ၊ တစ်ဖွဲ့ချင်း လိုက် ကြည့်နေလိုက်တယ် ။ အာရုံ လွှဲလိုက်တာပဲ ။

    ဘာ ကြာလိုက်လဲ ။ ကီခနဲ မြည်တဲ့ အသံ ကြားရတာပဲ ။

    ကျွန်တော် သူ့ ကို လှည့်ကြည့်စရာမလိုဘူး ။ တစ်ခါတည်း တန်းသိတယ် ။ ကျွန်တော့် လုံချည် ဆေးလိပ် မီးလောင်ပေါက်နေပြီ ဆိုတာ သိပ် သေချာတာပေါ့ ။ သွားပါပြီ ။ အင်ဒီယားပလေကပ် ၊ သုံးရေပဲ ချရ သေးတာ ။ မီးလောင်ပေါက်တဲ့ နေရာ ကို လက်နဲ့ ကပျာကယာ ပွတ်ချေ ငြိမ်းသတ်ပြီး မှ ကြက်တူရွေး ကို လှမ်း ကြည့်မိတယ် ။ သူ က ထုံးစံအတိုင်း ကျွန်တော့် ကို တစ်ချက် ကြည့်ပြီး  ကရစ် .. ကရစ် ၊ ကရု .. ကရု လုပ်နေ တယ် ။

    “ ဟင် .. ဆေးပေါ့လိပ် သောက်ပြီး မီးပွား လွင့်မယ် ၊ မီးလောင် ပေါက်မယ်ဆိုတာ သိဖို့ ကောင်းတာ ပေါ့ ။ မပြောများ မပြောရင် သင်္ဘောတောင် မီးစွဲနိုင်တယ် ။ တစ်ကတည်း .. ”

    သူပြောတာ မှန်ပေမယ့် ကျွန်တော် ဒီကောင့် ကို တော်တော် ချဉ်သွားတယ် ။ တော်တော် လူပါးဝတဲ့ ကောင်ပဲ ။ ကျုပ် ဟာ ကျုပ် ဘာပဲ ဖြစ်နေဖြစ်နေ သူ နဲ့ဘာဆိုင်လဲ ။ သူ က ဘာကောင်မို့လဲ ။

    အဲဒီနောက်ပိုင်း ကျတော့ သင်္ဘော ပဲ့ပိုင်း က မိတ်ဆွေ တစ်ယောက် က လာ ခေါ်သွားလို့ အဲဒီ နားက အပြီး ပြောင်းခဲ့တယ် ။ အဲဒီ မိတ်ဆွေ နဲ့ စကား ပြောရင်း ကြက်တူရွေး ကို သတိရနေသေးတယ် ။ ဂရစ် .. ဂရစ် ၊ ကရစ် .. ကရစ် နဲ့ စကားပြော တတ်တဲ့ ကြက်တူရွေး အကြောင်း ကျွန်တော့် မိတ်ဆွေ ကို ပြောပြတော့ သူ က ရယ် လိုက်တာ ။ ကျုပ် ဟာ ကျုပ် အဓိပ္ပာယ်တွေ ထုတ်တာကို ရယ်တာပါ ။ ဒါပေမယ့် ကျွန်တော့် အတွက်ကတော့ သူ ထင်သလောက် ပေါ့ပေါ့တန်တန် မဟုတ်ဘူးဗျ ။

    အချိန်အခါ ၊ အခြေအနေနဲ့ တိုက်ဆိုင်ပြီး ဖြစ်လာတဲ့ ကြက်တူရွေး ရဲ့ လှုပ်ရှားမှု ၊ အမူအရာ ၊ အသံ ၊ အတိုးအကျယ် အဲဒါတွေဟာ အဓိပ္ပာယ်တွေ ဖြစ် ဖြစ်လာတယ် ။ ဒါဟာ အဆန်းလားဗျာ ။ တစ်ခါတလေ မလိုသူ ကို စောင်းမြောင်းပြီး ဆောင့်ကြ ၊ အောင့်ကြ တာတွေ တွေ့ဖူးတယ် မဟုတ်လား ။ မကျေမနပ် နဲ့ မြည်တွန်တောက်တီး တဲ့ စကားတွေ ၊ ဆဲရေးတဲ့ ရှုတ်ချတဲ့စကားတွေ ထွက် လာတာပဲ ။

    ကျွန်တော် က ကျွန်တော့် မိတ်ဆွေ ကို ကြက်တူရွေး လိုက်ကြည့်ဖို့တောင် ပြောသေးတယ် ။ သူက ရယ်နေတယ် ။

    “ တော်ပါပြီဗျာ ။ ခင်ဗျား ဟာ ဘာ မဟုတ် ညာ မဟုတ် ” တဲ့ ။

    သူ ပြောပုံကို ကျွန်တော် နည်းနည်းတော့ မကျေမနပ် ဖြစ်သွားတာ အမှန်ပဲ ။

    အဲလိုနေတုန်း ထုံးကြီး ကို ရောက်တော့မယ် တဲ့ အသံတွေ ထွက်လာတယ် ။ မြစ်ရေ က သိပ် ကျနေ တယ် ။ သင်္ဘော ကပ်ရမယ့် နေရာမှာ အကြီးအကျယ် သောင် ထွန်းနေတယ် ။ ရေတိမ်ပိုင်းလည်း ဖြစ်နေတယ် ။ အဲဒါကြောင့် မြစ်လယ် မှာပဲ သင်္ဘော ကို ရပ်ပြီး ကမ်းကို ရောက်ဖို့ လှေတွေ နဲ့ ကဲ့ သယ်ယူရတယ် ။

    ခရီးသည်တွေ လည်း အတော် ကို ဒုက္ခ ရောက်ကြတယ် ။ သင်္ဘော ပေါ်ကနေပြီး လှေပေါ် ဆင်းရတာ သိပ် လွယ်တဲ့ ကိစ္စ မှ မဟုတ်ဘဲ ။

    သင်္ဘောကုန်းပတ် က မြင့်နေပြီး လှေကား က နိမ့် နေတော့ ကြိုးလှေကားလေး နဲ့ ဆင်း ရတယ် ။ တော် တော် ကသိကအောက် နိုင်တယ် ။ ပစ္စည်း ကလည်း တိုးလိုးတွဲ လောင်းပါသေးတယ် မဟုတ်လား ။ ကျွန်တော် ဆင်းတဲ့ အလှည့် မှာ လှေပေါ် ကို မှန်းပြီး ခြေ ချမယ် အလုပ် ကီခနဲ ကြားလို့ လန့်ပြီး ခြေ ကို ရုပ်လိုက်ရတယ် ။ လား .. လား ၊ တော် သေးတာပေါ့ ။ လှေ က သင်္ဘော နဲ့ ကွာ သွားတာ ကိုး ။ ကျွန်တော် သာ စိတ်ချ လက်ချ ခြေထောက် ချနင်းလိုက် ရင် ရေ ထဲ ကျ မှာ သေချာ တယ် ။ နောက်မှ လှေ က ပြန် ကပ်ပေးလို့ ကျွန်တော် လှေပေါ် ရောက်လာတယ် ။ ဒီတော့မှ လှေပေါ် ကို ရောက်နှင့်နေတဲ့ ကြက်တူရွေး က ကရစ် .. ကရစ် ၊ ကရက် .. ကရက် နဲ့ ပြောတော့တာကိုး ။

    “ ခင်ဗျားကြည့်ရတာ တော်တော်လပေါ်သရေ နိုင်တာပဲ ။ ကျုပ် အော် လို့သာပေါ့ ။ ကျုပ် များ မအော် ရင် အနည်းဆုံးတော့ အရှက် ကွဲဦးမှာ သေချာတယ် ” တဲ့ ။

    ကျွန်တော် ထိုင်တဲ့ နေရာ နဲ့ ကပ်လျက် ကျနေပြန်ပြီ ။ လှေပေါ် ကို လူတွေ တော်တော်များများ ဆင်း လာကြတယ် ။ ကျွန်တော် က ကြက်တူရွေး ကို မသိချင် ၊ မကြားချင်ယောင် ဆောင် နေလိုက်တယ် ။ လှေ ထဲ ကို လူတွေ ကလည်း ဆင်းလာနေတုန်းပဲ ။ လွန်ရော ကျွန်ရော ဆယ့်ငါးယောက်လောက်ပဲ စီးနိုင်တဲ့ လှေပေါ်မှာ လူ နှစ်ဆယ်လောက် ရှိနေပြီ ။ ဒုက္ခပဲ ။ လှေနှုတ်ခမ်း နဲ့ ရေမျက်နှာပြင် နဲ့ကလည်း သုံးလေးလက်မ ပဲ လွတ်တော့တယ် ။ အဲဒီ အချိန်မှာ ကြက်တူရွေး ဆီက ကရစ် .. ကရစ် နဲ့ အသံ ထွက် လာပြန်တယ် ။

    “ ဟေ့ကောင်တွေ .. ဟေ့ကောင်တွေ ၊ အလကား နေရင်း ငိုက် မနေကြနဲ့ ။ လှေပေါ်ကို လူတွေ အဆက်မတန် တင်နေကြပြီ ။ အချိန်မရွေး နစ်သွားနိုင်တယ် ။ နားလည်လား ။ နစ်ပြီ ဆိုတာနဲ့ တို့ က သေ မှာ ။ လှောင်အိမ် ထဲ မှာ ဆိုတော့ ဘယ်လို လုပ်လို့မှ မလွယ်ဘူး ။ ကယ်တော်မူကြပါ လို့ နင်းကန် အော်ရုံပဲ ရှိတယ် ။ နားလည်လား .. ထ .. ထ ”

    ကြက်တူရွေးလေး ကို မကြည့်ဘဲ အသံ သာ ကြားနေရတယ် ။ အဓိပ္ပာယ် ကလည်း အဲလို ထွက်နေ တယ် ။ ဒါနဲ့ ကျွန်တော် လှောင်ချိုင့် ကို လှမ်း ကြည့်လိုက်တယ် ။

    အံမယ် .. ဟုတ်တယ်ဗျ ။ ဟို ငိုက်နေတဲ့ ကောင် နှစ်ကောင် လည်း နိုးနိုးကြားကြား ဖြစ်နေကြတယ်ဗျ ။ သူတို့လည်း ခုမှ ဂစ် .. ဂစ် .. ဂစ် .. ဂစ် နဲ့ လုပ်လာကြတယ် ။

    “ အေးပါကွာ .. မင်း ပြောတာ မှန်ပါတယ် ။ ငါတို့လည်း မငိုက်ဝံ့တော့ပါဘူး ” ဆိုတဲ့ သဘော ။

    အဲဒီတုန်းက အသည်းတထိတ်ထိတ် နဲ့ ကမ်း ကို ရောက်ခဲ့ကြရတယ် ။ ကျွန်တော့် လာ ကြိုတဲ့လူက ခပ်သွက်သွက် ထဲကပဲ ။ မောင်ပြုံး တဲ့ ။

    အရပ် ရှည်ရှည် ၊ အသားမည်းမည်း ။ ကျွန်တော် လည်း သူ ဆွဲခေါ်ရာ ကို ဒရွတ်တိုက် ပါသွားသလို ပါသွား တယ် ။ ကြက်တူရွေးကြီး လည်း ဘယ်မှာ ဘယ်လို ဖြစ်ပြီး ကျန်ခဲ့တယ် ဆိုတာ မသိတော့ဘူး ။

    ဒါပေမယ့် ကျွန်တော် ထုံးကြီး မှာ ကိစ္စပြီးလို့ စားကျက်ရွာ ကို ရောက်တော့ အဲဒီ ကြက်တူရွေးကြီး ကို တွေ့သေးတယ် ။ သူတို့ သခင် က ကြံရည်ဆိုင် မှာ ခဏ ဝင် နားရင်း လှောင်အိမ် ကို ဆိုင် တံစက်မြိတ် မှာ ချိတ် ထားတာ ။ ကျွန်တော် က ကိုနေဝင်း ရဲ့ စက်ဘီး နဲ့ ဖြတ်အသွား မြင်လိုက်တာပါ ။ ခဏလေးပဲ ။ ဒါတောင် ကြက်တူရွေးလေး က -

    “ အံမယ် .. အံမယ် ၊ ဘယ်သူများလဲ မှတ်တယ် ။ ဘယ်လဲဗျ ”  တဲ့ ။

    ကျုပ် လည်း ရပ်ပြု မနေတော့ပါဘူး ။ စက်ဘီး ကို ဆက် နင်းခဲ့တယ် ။

    ကျွန်းစီ တို့ ၊ ရွေပြည် တို့ ဘက် ရောက်တော့လည်း သူတို့ ကို တွေ့ပြန်တယ်ဗျ ။ သူ့ သခင်က လက်ပံလှ ထိ သွား မှာ တဲ့ ။ ဟိုမှာ ဒီ ကြက်တူရွေးတွေ ကို ရောင်းဖို့ ဆိုပဲ ။

    အဲဒီအချိန်မှာ ကျွန်တော့် ခေါင်းထဲ စိတ်ရူး တစ်ခု ပေါက်လာတယ် ။ ဘာပဲ ဖြစ်ဖြစ် ဒီ ကြက်တူရွေး လေး ကို တော့ ဝယ်သွားဦးမှပဲ ။

    ပိုင်ရှင် ကို မေးကြည့်တော့ တစ်ကောင်တည်း မရောင်းဘူး တဲ့ ။  သုံးကောင်စလုံး ဝယ်မှ ရောင်းမှာ တဲ့ ။ လှောင်အိမ် ပါ ဝယ်ရမှာ ဆိုပဲ ။

    ဒါနဲ့ အားလုံး  ဘယ်လောက်လဲ လို့ မေးလိုက်တော့ ခြောက်ရာ တဲ့ ။

    ကြည့်စမ်း .. ကြက်တူရွေးဈေး ကလည်း မသေးပါလား ။

    ဖျားနာနေသလို ၊ ငြိမ်ကုပ်နေတဲ့ ကြက်တူရွေးနှစ်ကောင် ကို ကျွန်တော် က ဘာ လုပ်ရမှာလဲ ။ မရွှင် မလန်း နဲ့ ကျက်သရေ လည်း မရှိဘူး ။

    ကျွန်တော် က အင်တင်တင် နဲ့ စဉ်းစားနေတုန်း ရှိသေးတယ် ။ ကျွန်တော့် မိတ်ဆွေ အင်းသူကြီး ကိုမြ က ငွေချေလိုက်ပြီ ။ အဲလိုကြီးကတော့ ဘယ် ကောင်းမလဲ ။

    ကျွန်တော် ငွေခြောက်ရာ ကိုမြ ကို ပြန် ပေးလိုက်တယ် ။ ပြုစုချင်ရင် အရက် တိုက် လို့ လည်း ပြောရ တယ် ။ ဒီတော့မှ ကိုမြ က သူ့ ငွေ သူ ပြန် ယူတယ် ။

    ချက်ချင်း ဆိုသလိုပဲ ငေါင်တောင်တောင် ဖြစ်နေတဲ့ ကြက်တူရွေးနှစ်ကောင် ကို လှောင်အိမ် ထဲ က ထုတ်ပြီး လွှင့်ပစ်လိုက်တယ် ။

    အံမယ် .. အဲလိုကတော့လည်း ကော့လို့ ဗျ ။ ပျံ သွားလိုက်ကြတာ ။

    အဲဒီမှာ ကျွန်တော့်ကောင်ကြီး ဆီ က ကရစ် .. ကရစ် နဲ့ အသံ ထွက်လာပြန်တယ် ။

    “ အင်း .. ငေးငေးငိုင်ငိုင် နဲ့ ကျက်သရေ မရှိအောင် နေတဲ့ ကောင်နှစ်ကောင် ကြီးပွားသွားပြီ ။ ဪ .. လောကကြီး မှာ ဒီလို လည်း ရှိသကိုး ။ ဟင်း .. ဒီလိုမှန်း အစကတည်းက သိရင် ကောင်းသားကွာ ”

    အဲလို အဓိပ္ပာယ် ထွက်မယ် ထင်တာပဲ ။ ဘာပဲ ပြောပြော ဒီ ကောင်လေး ကို ကျွန်တော် သဘောကျလာတာ နဲ့ မန္တလေး ထိ သယ် လာခဲ့တယ် ။

    ကျွန်တော့် အိမ် မှာ က များသောအားဖြင့် ကျွန်တော် တစ်ယောက်တည်း နေတာလေ ။ တစ်ခါတလေ မှ ကျုပ် တူလေး တစ်ယောက် လာတတ်တာ ။ အိမ် မှာ ကြက်တူရွေး တစ်ကောင် မွေးတယ် ဆိုတာ တကယ်တမ်း ကျတော့ အတော် မလွယ်တဲ့ ကိစ္စပဲ ။

    သူ့ ကို အချိန်မှန် အစာကျွေးဖို့ ၊ ရေတိုက်ဖို့ ၊ သူ့ လှောင်အိမ် သန့်ရှင်းရေး လုပ်ပေးဖို့ ၊ သူ့ လှောင်အိမ် ဝန်းကျင် ညစ်ပတ်ကုန်တဲ့ ကိစ္စတွေ ကို သန့်ရှင်းအောင် လုပ်ပေးဖို့ ဘာဘာညာညာ ပေါ့ဗျာ ။ အတော် ပစိပစပ် များတာပဲ ။

    အရေးထဲမှာ ဒီ ကောင် က ဗျစ်တောက် ဗျစ်တောက် ပြောတတ်ပါဘိသနဲ့ ။

    “ မွေးတုန်းကတော့ မွေးထားပြီး အစာ ကျွေးဖို့ ၊ ရေတိုက်ဖို့ ကျတော့ မေ့ မေ့နေကြတယ် ။ ခင်ဗျားကြီး လုပ်ပုံက မဟုတ်သေးပါဘူး ” ဆိုတာမျိုး ။

    “ လူတွေဟာ တယ် ခက်တာပဲ ။ နိုင်လိုမင်းထက် သိပ် လုပ်တတ်ကြတယ် ။ သူတို့ လက်ထဲက ရေ ဆိုပြီး ထင်သလို လျှောက် လုပ်နေတာပဲ ”

    သူ မကျေနပ်ရင် ပြောနေကျ စကားတွေလေ ။ ကျွန်တော် သတိထားမိသလောက်တော့ အကောင်း တစ်ခုမှ မပါသလောက်ပဲ ။ တစ်ခုတော့ ရှိတယ် ။ ကျွန်တော် ကလည်း သူ့ ကို ဝယ်လို့သာ ဝယ်ခဲ့တာ ။ သိပ်တော့ တာဝန် ကျေလှတာ မဟုတ်ဘူး ။ အစာကျွေးဖို့ ၊ ရေတိုက်ဖို့ ခဏခဏ မေ့မေ့ နေတတ်တယ် ။ ကိုယ့် စီးပွား ကိုယ့် အလုပ် နဲ့ကိုယ် မှ အနိုင်နိုင် မဟုတ်လား ။

    အဲလို နေ့တွေမှာဆို ငနဲလေး ငတ် ပြတ်နေတယ် ။ ဒေါသဖြစ်ဖြစ် နဲ့ လျှောက် အော်နေတတ်တယ် ။ မကြားဝံ့ မနာသာတွေလည်း ပါမယ် ထင်တာပဲ ။

    ကြာတော့ ကျုပ် လည်း စိတ် ပျက်လာတယ် ။ ဟုတ်တယ်လေ ။ ကျုပ် ဟာ ကျုပ် လည်း သိပ် အဓိပ္ပာယ် မရှိတာ သိလာတယ် ။ သူ့ အတွက်လည်း မကောင်း ၊ ကိုယ့် အတွက်လည်း မကောင်း ၊ ဘာ လုပ်မှာလဲ ။

    အဲဒီတော့ ဘာလုပ်မလဲ ။

    ဘာ လုပ်ရမှာလဲ ။ ကြက်တူရွေးလေး ကို လွှတ် ပစ်လိုက်ရုံ ရှိတော့တာပေါ့ ။

    ဟုတ်တယ် ။ အဲဒါ အကောင်းဆုံး ။

    သိပ် ကြာကြာ စဉ်းစား မနေပါဘူး ။ လှောင်အိမ် ဖွင့်ပြီး ချက်ချင်း လွှတ်ပစ်လိုက်မယ် ။

    ကျွန်တော့် လက် ကလည်း လွတ်ရော တစ်ခါတည်း သုတ်ခြေ တင်တာပဲဗျ ။ ဖရူး ခနဲ ပြန်ထွက်သွား လိုက်တာ ။ စက္ကန့်ပိုင်း အတွင်း မြင်ကွင်းက ပျောက်သွားတယ် ။

    “ ကျေးဇူးပဲဗျာ ” ဆိုတဲ့ “ ကီကီ ” သံ လေးတောင် ပေး မသွားဘူး ။

    ရပါတယ် ။ သွားပေါ့ ။

    မကျေမနပ်သံတွေ ကြား မနေရရင် ပြီးတာပဲ ။ သွားပေတော့ ။

    ကျွန်တော် လက်ဆေးဖို့ နောက်ဖေး ထွက်ခဲ့တယ် ။ လက်ဆေးပြီးတော့ ခင်မောင်ကြွယ် ဆီ ဖုန်းဆက်ဖို့ သတိရတယ် ။ ဆိုင်ဆိုင် မဆိုင်ဆိုင် ကြက်တူရွေးလေး ကို လွှတ်ပစ်လိုက်ပါပြီ ဆိုတဲ့ အကြောင်း ပြော လိုက်မယ်ပေါ့ ။

    ဖုန်း ကို လည်း ကောက် ကိုင်လိုက်ရော “ ကီ ၊ ကီ ၊ ကီ ” ဆိုတဲ့ အသံကြားရတယ် ။ ကျွန်တော် အိမ်ရှေ့ ကို ပြေး ထွက်ခဲ့တယ် ။ လှောင်အိမ် ထဲမှာ ကြက်တူရွေးလေး ပြန် ရောက်နေတယ် ။ လှောင်အိမ်တံခါး က ပွင့်နေတာကိုး ။ ကျုပ် လည်း မြင်ရော ကရစ်ကရစ် နဲ့ လုပ်တော့တာပါပဲဗျာ ။

    “ ခင်ဗျား ကျုပ် ကို လွှတ်လိုက်တော့ ကျုပ် ဝမ်းသာအားရနဲ့ ထွက်ပြေးမိတယ်ဗျာ ။ နှုတ်တောင် မဆက်မိပါဘူး ။ အတော် ရိုင်းသွားတယ် ။ ခွင့်လွှတ်ပါ ။ ဒါပေမယ့် အပြင်လောက မှာက လည်း ကျုပ် ထင်သလောက် မလွယ်ဘူးဗျ ။ ဘယ်လိုကြီးမှန်း မသိဘူး ။ ကျုပ် ကြောက်တယ်ဗျ ။ တကယ် လန့်စရာ ကောင်း တာပဲ ။ ဒါကြောင့် ကျုပ် ပြန်လာတာ ”

    “ အဓိပ္ပာယ် မရှိဘူး ဟေ့ကောင် ။ မင်း တညည်းညည်း တညူညူ လုပ်နေလို့ ငါ လွှတ်ပေးလိုက်တာပဲ ။ မင်း ဟာ မင်း သွားချင်ရာ သွားလို့ ရတယ် ။ မင်း ဟာ မင်း ကြံရဖန်ရမှာပေါ့ ။ မဟုတ်ဘူးလား ”

    ကျွန်တော် ဒေါသ ဖြစ်ဖြစ်နဲ့ အဲဒီလောက်တော့ ပြန် ပြောမိတယ် ။ သိပ်တော့ မရိုင်းပါဘူးနော် ။

   အဲလို ပြောတော့ သူ ငြိမ်နေတယ် ။ ဘာမှ ပြန် မပြောဘူး ။ ကျွန်တော် ထည့်ကျွေးထားလို့ ကျန်နေတဲ့ ခရမ်းချဉ်သီး ကို စားနေတယ် ။ ရေ လည်း သောက်တယ် ။

    ကျွန်တော် သူ့ ကို ဇွတ်တော့ နှင် မလွှတ်ပါဘူး ။ ဒါပေမယ့် လှောင်အိမ်တံခါး ကိုတော့ ဖွင့်လျက်ပဲ ထား လိုက်တယ် ။ သူ့ ဟာ သူ ဝင် ချင် ဝင် ထွက် ချင် ထွက် မကောင်းဘူးလား ။ အစာတို့ ရေတို့လည်း ကျွန်တော် အားတဲ့ အခါ မှာ အားသလိုပဲ ကြည့်လုပ်ပေးတော့တယ် ။ မအားလို့ လုပ်မပေးနိုင်ရင် သူ့ ဟာ သူ ထွက်ရှာ စား လေ ။ ဆာရင် ငတ်ရင် လုပ်ရမှာပေါ့ ။ ပြီးတော့ ပြန်လာချင်လည်း သူ့ သဘော ။ မပြန်ချင် လည်း ပြီးရော ။ ဟုတ် တယ် မဟုတ်လား ။

    အဲဒါပဲ ။ အဲဒီနေ့ က စပြီး သူ နဲ့ ကျွန်တော့် ရဲ့ ဆက်ဆံရေး က အတော်လေး ရှင်းသွားတယ် ။ ပေါ့ပေါ့ ပါးပါး နဲ့ လွတ်လွတ် လပ်လပ် ဖြစ်သွားတယ် ။

    မကြာမကြာ သူ ထွက်သွားတတ်တယ် ။ ဒါပေမယ့် သိပ် မကြာတတ်ဘူး ။ သူ့ လှောင်အိမ်ထဲ သူ ပြန်လာ တာပဲ ။ ဒါပေယ့် ဗျစ်တောက် ဗျစ်တောက် နဲ့ ကတော့ ပြော တုန်းပဲ ။

    ကျွန်တော် နေပုံထိုင်ပုံ ကို ကြည့် မရတဲ့အကြောင်း ၊ အိမ် မှာ နေတာကလည်း ဇရပ် ပေါ် ခဏတက် တာနဲ့ တူတဲ့ အကြောင်း ၊ မသပ်ရပ်ကြောင်း ၊ ညစ်ပတ်ကြောင်း ဘာညာပေါ့ဗျာ ။

    ဒါနဲ့ တစ်နေ့တော့ ကျွန်တော် ခပ်ချဉ်ချဉ်တာ နဲ့ သူ အပြင် ထွက်နေတုန်း လှောင်အိမ် ကို နောက်ဖေး မီးဖိုချောင် ထဲက စတိုခန်းထဲမှာ ထည့်ပြီး ဝှက် ထားလိုက်တယ် ။

    သူ ပြန်လာရင် ဘယ်လို နေမလဲ လို့ ကျွန်တော် စောင့်ကြည့်တယ် ။ အံမယ် ... သူ ပြန်လာတော့ ဘာမှ မဖြစ်သလိုပဲ ။ ဧည့်ခန်းထဲ က ဗိရို ပေါင် ပေါ်ကို တက် နားလိုက်တယ် ။ ထုံးစံအတိုင်းတော့ ပြောတာပဲ ။

    “ ရပါတယ် ။ တစ်နေ့ကျရင် ဒီလို ဖြစ်လာမယ် ဆိုတာ သိသားပဲ ” တဲ့ ။

    “ အခြေအနေ အားလုံး ကို သုံးသပ်လိုက်ရင် တကယ်ကျတော့ လှောင်အိမ် လည်း မလိုမှ မလိုတော့ပဲ ” တဲ့ ။

    ကြည့် ။ ဘယ်လောက် လူပါးဝ တဲ့ ကောင်လဲ ။

    “ အေး ... အဲဒါ အမှန်ပဲ ။ မင်း ကို ငါ လွတ်လပ်ခွင့် အပြည့်အဝ ပေးပြီးသားပဲ ။ ဒီတော့ မင့် အစာ မင်း ရှာ စား ။ ရေ ဆာရင်လည်း မင့် ဟာ မင်း ဖန်တီးတော့ ။ ဒါပဲ ။ အေး ... ငါ့ အိမ် ကို ပြန်လာချင်တယ် ဆိုတာကတော့ မင့် သဘော ။ မင့် ဟာ မင်း ကြည့် နေပေါ့ ။ မင်း သိတဲ့ အတိုင်းပဲ ငါ့ အိမ် ကို ကြောင် တစ်ကောင် လာတတ်တယ် ။ အဲဒါ သတိထား ။ အဲဒါပဲ ”

    ကျွန်တော်လည်း ခပ်ချဉ်ချဉ် နဲ့ ပြောလိုက်တယ် ။ သူ ငြိမ်ခံနေတယ် ။ ဘာမှ မပြောဘူး ။ အဲလိုဖြစ်ပြီး တော့ ကျွန်တော် မေမြို့ ( ပြင်ဦးလွင် ) ကို သုံးလေးရက် တက် သွားရသေးတယ် ။ အရင်က လိုတော့ ကြက်တူရွေး အတွက် မပူရတော့ဘူး ။ ပြတင်းတစ်ခု အထက် က လေဝင်ပေါက်တစ်ခု ကို အသာ ဟ ထားပေး ခဲ့တယ် ။ ထွက်ချင် ဝင်ချင်ရင် အဲဒီ အပေါက် ကို သုံး ။ ဒါပဲ ။
   
    ကျွန်တော် ပြင်ဦးလွင် က ပြန်လာတော့ အိမ် မှာ ကြက်တူရွေး ဘယ်လိုများ နေရှာမလဲလို့ တွေးမိသေး တယ် ။ ဒါနဲ့ ကားဆိပ် က အိမ် ကို ခပ်သွက်သွက် လျှောက်ခဲ့တယ် ။ အိမ်ရှေ့လည်း ရောက်ရော ကျုပ် မျက်လုံး ပြူးရပြီ ။

    ကြက်တူရွေး ဝင်ဖို့ ထွက်ဖို့ သက်သက် ဟ ထားပေးခဲ့တဲ့ လေဝင်ပေါက် ကနေပြီး ကြောင် ခုန်ထွက်သွား တာ မြင်လိုက်ရတယ် ။

    အိမ်တံခါး ကို ကပျာကယာ သော့ ဖွင့်နေတုန်း ကျွန်တော့် လက်တွေဟာ တုန်နေတယ် ။

    ဧည့်ခန်းထဲလည်း ရောက်ရော ကြက်တူရွေးလေး ကို တန်း တွေ့တာပဲ ။

    ဧည့်ခန်း က အလယ်စားပွဲပေါ် မှာ ပက်လက်ကလေး သေနေပြီ ။

    ကပျာကယာ ကောက်ယူ ကြည့်လိုက်တော့ စောစော က ထွက်သွားတဲ့ ကြောင် နဲ့ ဘာမှ ပတ်သက်ဟန် မတူဘူး ။ ကုတ်ရာခြစ်ရာ သွေးထွက်သံယို ကိစ္စ လုံးဝ မရှိ ။

    အစာရေစာ ပြတ်လို့ သေတာများလား ။

    လုံးဝ မဖြစ်နိုင် ၊ ပြည့်ပြည့်ဖြိုးဖြိုးပါပဲ ။

    ဘာပဲဖြစ်ဖြစ် ကြက်တူရွေးလေး သေရှာပြီ ။

    ကျွန်တော် သိပ်ကြာကြာ စဉ်းစား မနေပါဘူး ။ ခြံထဲ က သရက်ပင်အောက် မှာ ဖြစ်ကတတ်ဆန်း ကျင်းတစ်ခု တူး ပြီး မြှုပ်လိုက်တယ် ။

    ပြီးတော့ လက်ဆေးတယ် ။

    ပြီးတော့ လက်သုတ်တယ် ။

    ပြီးတော့ ခင်မောင်ကြွယ့် ဆီ ဖုန်း ဆက်လိုက်တယ် ။

    “ သူငယ်ချင်း မင်း ကို ငါ ဝမ်းသာစရာ တစ်ခု ပြောစရာ ရှိလို့ကွ ”

    ( သူငယ်ချင်း ခင်မောင်ကြွယ် ရဲ့ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဇနီး ကို ရည်စူးပါတယ် ) ။

◾  ဝင်းဖေ

📖  ရေကြည်ရေသန့် ဝတ္ထုတိုများ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment