❝ ရိုးတံ နှင့် ပန်းပွင့် ❞
ဒီနေ့ ကျွန်မ ရဲ့ ဧည့်ခန်းထဲ မှာ စိုပြည်လျက် ရှိနေတယ် ။ ဧည့်ခန်း ရဲ့ စားပွဲပေါ် မှာ စားစရာတွေ အပြည့် ရှိနေသလို ရယ်မောပြောဆိုနေသံမှာ ပြန် စဉ်းစားရင်း လွန်ခဲ့သော နှစ်များဆီက အတိုင်းပါပဲ ။
ကျွန်မ က ဧည့်ခန်း ထဲ က ဧည့်သည် မမများအတွက် အအေး ၊ ကော်ဖီတွေ ဖျော်နေတယ် ။ အကြိုက် က လည်း တစ်ယောက် တစ်မျိုး … ။ ကျောင်းကတည်းက သူငယ်ချင်းတွေ မို့ အတွင်း သိ ။ ကျွန်မ တို့ ခုလို ပြန် ဆုံနိုင်ဖို့ တော်တော် ကြိုးစားထားရတာ ။ ကျောင်း ပြီးတော့ အလျှိုလျှို အိမ်ထောင် ကျကုန်ကြတယ် ။ အဲဒီကတည်းက လေးယောက်လုံး တစ်ခါမှ မဆုံခဲ့ ။ ဒီကြားထဲ သူ့ အလုပ် ကိုယ့် အလုပ် နဲ့ မအားတာနဲ့ပဲ ပြောင်း တဲ့သူ က ပြောင်း နဲ့ မတွေ့ကြတော့ဘူး ။ အရင်က တစ်ယောက် အကြောင်း တစ်ယောက် သိကြပေမဲ့ ခုချိန်မှာ ပြောင်းလဲမှု များစွာနဲ့ ဝေးနေကြရတယ် ။ ဒီနေ့တော့ ကျွန်မ ရဲ့ မှတ်မှတ်ရရ မွေးနေ့လည်း ဖြစ်တာမို့ မဖြစ် ဖြစ်အောင် ဆုံဖို့ တစ်လလောက် ကြို ချိန်းခဲ့ရတယ် ။ ကျွန်မတို့ အားလုံး ပျော်ရွှင်နေကြတယ် ။ ဒီ အရသာ ကို လွတ်လပ်စွာ ပြန်ခံစားခွင့်ကို မျှော်လင့်နေခဲ့တာ ကျွန်မတို့ လေးယောက်လုံး ပဲ ။ အားလုံး ဝေးကွာနေရာ က ခုလို ပြန်ဆုံတော့ ခံစားမှု အသစ်လေး ရသလို ကျွန်မတို့ အားလုံး အိမ်ထောင်သည်တွေ နဲ့ မတူဘဲ အပျိုတွေ နဲ့ တူနေတယ် ။
ကျွန်မတို့ တွေ့ဆုံမိကြရင် ကိုယ့် မှာ ဖြစ်နေတဲ့ ပြဿနာ ၊ မပြေလည်မှု ၊ ပြေလည်မှုတွေ အားလုံး ပြောဖို့ ၊ ရင်ဖွင့်ဖို့ဟာလည်း တာစူထားကြတယ် ။ အသီးသီး အိမ်ထောင် ကျသွားပေမယ့် အဲဒီ အိမ်ထောင်ရေးရဲ့ အခြေအနေ ကို မသိကြသေးတာမို့ တစ်ယောက်အကြောင်း တစ်ယောက် စိတ်ဝင်စားနေကြတယ် ။
ကျွန်မတို့တွေ ဘယ်လောက် စိတ်ကူးယဉ်ကြသလဲ ဆိုရင် ရင်ဖွင့်ဖို့ ကို မဲလိပ် နှိုက်ပြီး အမှတ်စဉ်တပ်ကြတယ် ။ အမှတ်စဉ် နံပါတ် ( ၁ ) ကို ကျသွားသူက ‘ ယမင်းတင်အောင် ’ တဲ့ ။ အမင်း ရဲ့ မျက်နှာလေး က အရင်အတိုင်း ချောဆဲ ။ နှုတ်ခမ်း က ပြုံးစစ ဖြစ်သွားပြီး သူ့ အကျင့်အတိုင်း ဆံပင် ကို တစ်ချက် ခါလိုက်ရင်း …
“ ငါ အရင် ကျသွားတော့ သိပ် မကောင်းဘူး ၊ ဒါပေမဲ့ ငါ အရမ်း ပြောချင်နေတယ် ၊ အဓိက,က ငါ့ ဘဝ မှာ မထင်မှတ်တာတွေ တွေ့ လာရတာပဲ ၊ နင်တို့ သိတဲ့အတိုင်း အိမ်ထောင် မကျခင်ကတည်းက အိမ် ရဲ့ စီးပွားရေးလည်း ငါပဲ ဦးဆောင်လုပ်ခဲ့ရတာ ၊ ပွဲရုံလုပ်ငန်း ဆိုတော့ ရှုပ်တော့ ရှုပ်နေတာပေါ့ ။ ငါ က ငယ်ငယ်ကတည်းက ဦးဆောင်လာရတာ အကျင့် ဖြစ်နေပြီ ။ ငါ့ စိတ် က မြန်တော့ ငါ လုပ်သမျှ ပြီးလွယ်ပြီး အောင်မြင်တာ များတယ် ၊ ဒါကတော့ ငါ ငယ်ငယ်ကတည်းက ပွဲရုံ နဲ့ ရင်းနှီးနေလို့ပဲ ထားပါတော့ …”
“ ငါ ‘ ကိုမျိုးဆက် ’ ကို ဖြစ်စေချင်တာက ငါ့စီးပွားရေး လည်း သူ့စီးပွားရေး ပဲ ၊ ငါ့ မိဘ ပိုင်တယ် ဆိုတဲ့ အသိ က သူ့ခေါင်း ထဲ ရောက်နေတယ် ၊ ဒီ လုပ်ငန်းတွေ မှာ စိတ်ပါစွာ ဝင် လုပ်စေချင်တယ် ၊ သူ့ အတွေး က သူ က ငါ့ လောက် မလုပ်နိုင်တော့ အလိုလို Feel ဖြစ်တယ် ၊ ငါ့ မိဘ က လည်း သူ့ ကို မနှိမ်ပါဘူး ၊ သူလုပ်တဲ့ ကား, ဆိုင်ကယ် ပွဲစား အလုပ် က ရ တစ်လှည့် မရ တစ်လှည့် ၊ သိတဲ့ အတိုင်းပဲ ၊ သူ သာ ဦးစီးနိုင်မယ် ဆိုရင် ငါ က တစ်ဖက် က ဆိုင်တစ်ခုခု ဖွင့် လို့ရတယ် ၊ စီးပွားရေး ကို ဘယ်လိုလုပ်ရမယ် ဆိုတာ ငါ့လောက် သူ နားမလည်ဘူး …”
“ ကုန်သည်တွေ ကလည်း ကြာတော့ ငါ့ ပဲ သိတာပေါ့ ၊ ဟိုနေရာ ဆိုလည်း ငါ ဒီနေရာ ဆိုလည်း ငါ ပဲ ၊ ဒီကိစ္စတွေ ငါ လုပ်ရလို့ ပြောတာ မဟုတ်ပါဘူး ၊ သူ့ ကို ဖြစ်စေချင်တာပေါ့ ၊ ကြာတော့ ငါ့ မိဘ က ဘာမှ မပြောပေမဲ့ သူ့ ဟာသူ ရှောင်ဖယ်လာတယ် ၊ နောက်ဆုံး စိတ် အလို မကျမှုတွေက ငါ့ ပေါ် စုပုံလာပြီး မကြာခဏ စကားများကြတာပေါ့ ၊ အရင်က ငါ သူ့ ကို အဲဒီလို စိတ်ဓာတ် ရှိလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဘူး ၊ အဲဒါက ငါ့ ရဲ့ Main ပြဿနာပဲ ”
“ ဟုတ်ပြီ ၊ အမင်း ရဲ့ ပြဿနာ ကို သိရပြီ ၊ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ နောက်မှာ အဖြေထုတ်ကြတာပေါ့ ၊ ခု ဒုတိယတစ်ယောက် ရဲ့ ရင်ဖွင့်တေးသံသာ ကို နားဆင်ရအောင် ”
••••• ••••• •••••
ဒုတိယအလှည့် က “ အသော် ” … ။
အသော် က ဘာပြောရမလဲ စဉ်းစားနေပုံ နဲ့ နှုတ်ခမ်းကို ကိုက်လိုက်သေးတယ် ။
“ ငါ ကတော့ မိဘတွေ ရဲ့ဆန္ဒ ကို မလွန်ဆန်နိုင်တဲ့သူ ဆိုတော့ ကိုနိုင် နဲ့ လမ်းခွဲပြီး မိဘတွေ ပေးစား တဲ့ ကိုဘုန် းကို လက်ထပ် လိုက်ရတာ ဒီအထိ ရှင် တို့ သိ ပါတယ် ၊ ငါ ဟာ ကိုနိုင့် ကို လမ်းခွဲပြီး အိမ်ထောင်တစ်ခုအပေါ် မှာ အမြဲ သစ္စာရှိခဲ့ပါတယ် ၊ ကိုဘုန်း က အရင် က ရည်းစား မရှိခဲ့ဖူးဘူး ၊ ကိုနိုင့် ကိစ္စ နဲ့ ပတ်သက်ပြီး သူ က သဝန် တိုတယ် ၊ ကိုနိုင် နဲ့က စီးပွားရေး အရ တစ်ခါတလေ ဆက်ဆံရတာလည်း ရှိတာပေါ့ …”
“ သူ က အမြဲတမ်း သံသယမျက်ဝန်း နဲ့ ကြည့်တတ်တယ် ၊ တကယ်တော့ မိန်းမအားလုံးဟာ မျက်နှာမများချင်ကြတဲ့ လူချည်းပဲ ၊ ဒီ တစ်ယောက် ပဲ ချစ်ပြီး အိမ်ထောင်ဖက် ကိုလည်း ဒီ တစ်ယောက် ပဲ ဖြစ်ချင်တာပဲ ၊ ဒါပေမဲ့ စိတ်ကူး နဲ့ လက်တွေ့ဟာ ထပ်တူ ကျချင်မှ ကျတတ်တာပဲ ၊ သူ ကတော့ ငါ့ တစ်ယောက် ကို ပဲ ကြိုက်ပြီး လက်ထပ်နိုင်ခဲ့တာ ဆိုတော့ ကံကောင်းတာပေါ့ ၊ ငါ နဲ့ ကိုနိုင့် ကြားက ဆက်ဆံရေး ဟာ သန့်ရှင်းတယ် ၊ ဒါကို သူ့မှာ သံသယ အပူတွေ နဲ့ နေရတာ သူ့ အတွက် မငြိမ်းချမ်းဘူး ၊ သူ့ ကြည့်လိုက်ရင် မြုံစိစိ နဲ့ ၊ သေသေချာချာတော့ ငါ့ကို မပြောဘူး ဟ ၊ ငါတို့နှစ်ယောက် ကြား မှာ အဲဒီလိုချည်း မဖြစ်ချင်ဘူး ၊ ပွင့်ပွင့်လင်းလင်းပေါ့ ၊ ဒီလို ကိစ္စတွေ က ကြာလာရင် သူ့ ဘက် က ပေါက်ကွဲလာ မှာ စိုးရိမ်တယ် ၊ ငါ့ ပြဿနာကတော့ ဒါပဲ ၊ ဘာမှမဟုတ်ဘဲ လင်မယား ခဏခဏ စကားများ နေရရင် ကြာရှည်ကျ မကောင်းဘူးလေ ၊ တကယ်တော့ လက်ထပ်ခြင်း ဆိုတာ သူတို့ က ပိုင်ဆိုင်ပြီး ငါတို့ က ပိုင်ဆိုင် ခံလိုက်ရတဲ့ သားကောင်တွေ လိုပဲ ၊ အိမ်ထောင်ရေး မှာ နားလည်မှု နဲ့ အပေးအယူ တည့် မှ ဖြစ်မယ် ၊ ရည်းစားတုန်း က နားလည်ခဲ့တဲ့ အချစ် နဲ့ အိမ်ထောင်ရေး မှာ တည်ရှိတဲ့ အချစ် နဲ့ တခြားစီပဲလို့ ထင်တာပဲ …”
“ အသော် ပြောတာ ဟုတ်တယ် ”
ဇင်မင်းခင် က ထောက်ခံတယ် ။
••••• ••••• •••••
“ ကဲ … ကဲ … ဒီတစ်ခါ ဒေါက်တာဇင်မင်းခင် ရဲ့ အလှည့်ပါ ”
“ အဇင် … ရှင် ကတော့ ကျောင်းတုန်း က ပြောဖူးတဲ့အတိုင်း ရှင် လိုချင်တဲ့ အိမ်ထောင်ရေး တစ်ခု တည်ထောင်နိုင်တယ်လို့ အမင်း ထင်တယ် ”
“ အမယ်လေး … ဒေါ်ယမင်းတင်အောင် … ကိုယ် ခုချိန်မှာ စီးပွားရေးလောက ထဲ ကို တောင် ပြေး ဝင်လိုက်ချင်သေးတယ် ၊ ရှင်တို့ ကို ကြည့်ရတာ ဘာပဲဖြစ်ဖြစ် ကိုယ့်ထက်တော့ လွတ်လပ်နေတယ်လို့ ထင်တာပဲ ၊ ကိုယ့် ဘဝ အကြောင်း ကို ပြောရရင်တော့ ‘ What if the meaning of my life ’ လို့ မေးရမလို ဖြစ်နေပြီ ၊ အများ အမြင် မှာတော့ ကိုယ့် ဘဝ ဟာ အားကျစရာ ကောင်းပါတယ် ၊ ယောက်ျား က ဆရာဝန် ၊ ယောက္ခမ နှစ်ယောက်လုံးက ဆရာဝန် ၊ ကိုယ် က ဆရာဝန် ၊ ဒီကြားထဲ ကိုယ့် အဖေ ကလည်း ဆရာဝန် ၊ တစ်အိမ်လုံး မိသားစုဝင်တွေ ဆရာဝန် ဖြစ်နေတဲ့ အခါ တခြား အကြောင်းအရာ ပြောဖို့ အခွင့်အရေး နည်းပါးလာကြတယ် ”
“ ကိုယ်တော့ နေ့တိုင်း Liver တွေ ၊ Lung တွေ ၊ Arteries တွေ မြင်နေရတာက တစ်မျိုး ၊ အိမ်ရောက်ရင်လည်း ကြားရတဲ့ စကား က ဒီထဲက မထွက်ဘူး ၊ တစ်ပတ်တစ်ခါလောက် လူစုံတဲ့ ထမင်းစားပွဲ မှာလည်း ဒီအကြောင်းတွေပဲ ဖြစ်နေတယ် ၊ တစ်ခါတလေ တူညီတာတွေ များလွန်းတော့ မတူညီတာလေးတွေကို တောင့်တမိတယ် ၊ တစ်ခါတလေ ထမင်းချက် အဒေါ်ကြီး ပြောတဲ့ ဈေး ထဲ က အကြောင်း ၊ လမ်း မှာ ရန်ဖြစ်ကြတဲ့ အကြောင်း ၊ သူတို့ ရွာ က အကြောင်းတွေ ကို ကိုယ့်မှာ မက်မောစွာ နားထောင်နေမိတယ် ”
“ ဒီဆရာဝန် ဘဝ ကို အမှန်အတိုင်းပြောရရင် ကိုယ်တိုင် ရွေးချယ်ခဲ့တာ မဟုတ်ဘူးလေ ၊ မိဘတွေ ရွေးချယ်ခဲ့တာ ဆိုတော့ … ၊ ကိုယ် ဝါသနာ ပါရာ မှာ နစ်မြုပ်နေခွင့် ရတာ ဆိုရင်တော့ ငါ ဒီလောက်တော့ ခံစားရမှာ မဟုတ်ဘူး ၊ တစ်ခါတလေ Uterus ရောဂါတွေ ကြည့်ပြီး ကိုယ် က Maiden ဘဝကို နှမြောနေမိတယ် ၊ ကိုယ် ပြောတာတွေဟာ ခုချိန်မှာ ရယ်စရာကောင်းနေလိမ့်မယ် ၊ ကိုယ့်မှာ Body တွေ ကို မြင်တွေ့နေရတော့ တကယ်တော့ လူဟာ ဘာမှ မဟုတ်ပါလား ဆိုတဲ့ အသိတရား ရနေပြီ ၊ အလုပ် ပြန်ချိန်တွေကလည်း သူ နဲ့ ကိုယ် နဲ့ ဘယ်တော့မှ မတူဘူး ၊ သူ က မနက် ဆေးခန်း ဝင်ရတော့ ကိုယ် မနိုးခင် သွားနှင့် ပြီ ၊ ည ကျလည်း သူ စောရင် စောတယ် ၊ ကိုယ် ကလည်း နောက်ကျတတ်တယ် ၊ လင်မယား နှစ်ယောက် အတူတူ ထမင်း မစားဖြစ်တာတောင် ကြာပြီ ၊ အေးအေးဆေးဆေးလည်း စကား မပြောဖြစ်ဘူး ၊ အဓိက ကတော့ ကိုယ် တို့ ဟာ Life တစ်ခုထဲမှာ နစ်မြုပ်နေတယ်လို့ ထင်တယ် ၊ အဲဒီ အတွက် ငြီးငွေ့မှု တအား ဖြစ်တယ် ၊ သူ လည်း အရမ်းပင်ပန်းတယ် ၊ ‘ ကိုနေပိုင် ’ ကို မိဘ သဘော တူတယ် ဆိုပေမဲ့ ငါတို့ လည်း မေတ္တာ ရှိတော့ တခြား ပြဿနာတော့ မရှိပါဘူး ”
“ ကိုယ် စဉ်းစားတာ တစ်ခုတော့ ရှိတယ် ၊ ကိုယ်တို့ Relax ဖြစ်အောင်နေပြီး တစ်ယောက် နဲ့ တစ်ယောက် အချိန် ပေးဖို့ လိုအပ်တယ် ၊ အဲဒီလိုမှ မလုပ်ရင် ကိုယ်တို့ ရဲ့ Body တွေဟာ စက်ရုပ်တွေ မဟုတ်ဘူးလေ ၊ သေဆုံးကုန်လိမ့်မယ် ၊ ရှင်တို့ နဲ့ ခုလို စကား ပြောလိုက်ရလို့ ခံသာသေးတယ် ၊ ကိုယ်တို့ မှာ အဓိက ပြဿနာ က အချိန် ရှားပါးလွန်းတယ် ၊ အိမ်ထောင်တစ်ခုကို ကြာရှည်ခိုင်မြဲ ဖို့ ဆိုရင် တစ်ယောက် အပေါ် တစ်ယောက် အချိန်ပေးနိုင်မှု နဲ့ လည်း ဆိုင်မယ် လို့ ထင်တယ် ၊ မဟုတ်ရင်တော့ ကိုယ်တို့ သွေးတွေက ကြာလေ အေးလေ ၊ စိမ်းလေ ဖြစ်သွားလိမ့်မယ် … ဟားဟား …”
အဇင် က စကား ပြောရင်း သဘောကျစွာ ရယ်ပါသည် ။
“ အဇင် လိုအပ်နေတဲ့ အချိန်တွေ ကို အတိုးနဲ့ချေးမယ် ”
အသော် က ပြောတယ် ။
“ အဇင် Life ကလည်း တစ်မျိုးတော့ စိတ်ဝင်စားစရာ ကောင်းတယ် ၊ ခရီးတစ်ခုခု ကို ရက်ရှည် ထွက်ရင်လည်း တစ်နည်းအားဖြင့် လန်းဆန်းမှုတော့ ဖြစ်သွားမယ် ထင်တယ် ”
“ အမယ် ပြောတာကို ကိုယ် စဉ်းစားဖူးတယ် ၊ ကလေး မရခင် အပန်းဖြေတော့ ထွက်ဦးမယ်လို့ ၊ ကဲ … အမယ့်အလှည့် ၊ ပြော … စာရေးဆရာမ ဆိုတော့ ဇာတ်လမ်း အတုတွေတော့ မပြောနဲ့ နော် ”
“ စိတ်ချ ၊ ကျွန်မ ကလည်း ရှင်တို့ ကို ပြောချင်နေတာ ကြာလှပြီ ၊ ကိုနေနဲ့ ကျွန်မ က အနုပညာသမားချင်း အိမ်ထောင် ကျကြတာပါပဲ ၊ သူ က ကွန်ပျူတာ ဒီဇိုင်နာ ဆိုတော့ အမြဲတမ်း ကွန်ပျူတာ နဲ့ နပန်း လုံးနေတာပဲ ၊ ခုဆိုရင် ကွန်ပျူတာ ၊ အင်တာနက် ၊ ပုဂံနက် နဲ့ စုံနေတာပဲ ၊ တစ်ခါတလေ သူ့ ကို ကြည့်ရတာ Robot ( ရိုဘော့ ) စက်ရုပ်တစ်ရုပ် လိုပဲ ၊ လူကနေ စက်ရုပ်ဖြစ်နေတဲ့ လူသား ပဲ ၊ ခုခေတ်ကြီး က အရမ်းတိုးတက်တော့ သူ့ဦးနှောက် တွေ က အရမ်းအလုပ် လုပ်နေတယ် ၊ တစ်ခါတလေ သူ ပြောတဲ့ အကြောင်းအရာတွေ ကို စိတ် မဝင်စားသလို ၊ ကျွန်မ ပြောတဲ့ အကြောင်းအရာ ကို လည်း သူ က စိတ်ဝင်စားတာ မဟုတ်ဘူး ”
••••• ••••• •••••
“ တစ်ခါတလေ ကျွန်မ ရင်ဖွင့်လိုတဲ့ အကြောင်းအရာ တွေ ကို စိတ်ရှည်စွာ နားထောင်ပေးမယ့် သူ လိုသလို ၊ အပြုံး နဲ့ နှစ်သိမ့်ပေးမယ့်သူ လည်း လိုအပ်တယ် ၊ လိုအပ်ချက် တွေ ကို အလိုက်တသိ ဖြည့်ဆည်းပေးနိုင်မယ့် သူ လည်း လိုတာပေါ့ ၊ အဲဒီလို အရာတွေ ကို အဆင်သင့် ရှိတတ်တဲ့ မိခင် က မရှိတော့ သူ့ ကို ကျွန်မ မိခင်နေရာမှာ အစား ထိုးကြည့်ပေမယ့် မရခဲ့ဘူး ၊ ပုံသဏ္ဌာန် တူညီပြီး အထဲက အရသာ မတူညီတဲ့ ဘီစကစ် တစ်ခု ကို စား ရသလိုပဲ ”
“ ကျွန်မ စာတွေ ကို ပဲ ဖိရေးနေတဲ့ အချိန်တွေ မှာ သူ့ ကို မေ့ သွားတတ်တယ် ၊ သူ့ မှ မဟုတ်ပါဘူး ၊ အရာရာ ကို မေ့သွားတယ် ၊ သူ ကလည်း ကွန်ပျူတာ ခုံပေါ် ရောက်ရင် အရာအားလုံး မေ့သွားတယ် ၊ ကျွန်မတို့နှ စ်ယောက် ရဲ့ ဆက်ဆံရေးက ကြာလေ အေးစက်လေပဲ ၊ သူ ကိုယ့် အပေါ် အစာ မကျေတာ တစ်ခု ရှိတယ် ၊ ယောက်ျား က ဒီဇိုင်နာ ဖြစ်လျက် နဲ့ ကျွန်မဝတ္ထု မျက်နှာဖုံး ( Cover ) တွေ ကို သူ့ ကို ဘယ်တော့မှ ဆွဲမခိုင်းဘူး ၊ ကျွန်မ သဘော က ကျွန်မ လုပ်တဲ့ အလုပ်တစ်ခု ကို နှစ်ယောက် ပေါင်းပြီး လုပ်တယ်လို့ မမြင်စေချင်လို့ ပဲ ၊ အဲဒါကို သူ က တစ်မျိုး မြင်တယ် ၊ ကျွန်မ ကိစ္စ တွေ ကို သူ ဝင် မပါသလို သူ့ ကိစ္စ တွေ ထဲလည်း ကျွန်မ ဝင်မပါဘူး ”
“ နောက်ပြီး ကျွန်မ ရဲ့ ရိုဘော့စက်ရုပ် က စကားအရမ်း နည်းပြီး အေးတော့ သူ့ ရင် ထဲမှာ ဘာဖြစ်နေမှန်း တော်ရုံနဲ့ မသိရဘူး ၊ တစ်နေ့တုန်းကတော့ ကွန်ပျူတာ ကို အမှတ်တမဲ့ ဖွင့်ကြည့်ရင်း သူ့ ခံစားချက်တွေ ရေးထားတာ တွေ့ ရတယ် ၊ ကျွန်မ လည်း တော်တော် အံ့ဩသွားတယ် ၊ အဲဒီနေ့ က စကားများထားတဲ့ နေ့ပေါ့ ”
“ ကျွန်တော့် မိန်းမ စာရေးဆရာမ ‘ မယ်ဘုန်းခင် ’ ဟာ ကျွန်တော့် ကို အရမ်း အထင်သေးပါတယ် ၊ ကျွန်တော့် ကို ဥပေက္ခာ ပြုထားပါတယ် ၊ ကျွန်တော့် ခံစားချက်တွေ ပြည့်နှက်လာတိုင်း ကွန်ပျူတာ နဲ့ ပဲ အဖော် လုပ်ခဲ့ရပါတယ် ၊ သူ ကျွန်တော့် အပေါ် ကောင်းပါတယ် ၊ ဒါပေမဲ့ မေ့ထားတဲ့ အချိန်တွေ များတယ် ၊ ကျွန်တော် မပြောရက်ပါ ၊ သူ စာရေးပျက်မှာ စိုးရိမ်ပါတယ်တဲ့ ”
“ အလို … ရှင့် ရဲ့စက်ရုပ်ကြီးက အလာကြီးပါလား ၊ ရယ်ရတယ် ”
“ အမယ် … အမှန်တော့ ရှင့် လစ်ဟင်းမှုတွေ များပြီလို့ ထင်တယ် ”
“ အမင်း ရယ် … စာရေးတယ် ဆိုတဲ့ အလုပ်က ဈာန် ဝင်တဲ့ အချိန်မှ ရတာ ဆိုတော့ … ”
“ ဒါတော့ ဒါပေါ့ဟာ ၊ သူ့ခံစားချက်လေး က ငါတောင် သနားလာပြီ ”
“ အဇင် စုတ် … ရှင် နဲ့ ဘာဆိုင်လို့လဲ ”
အသော် က အဇင့် ကို ထုရင်း ပြောတယ် ။
“ ငါတို့ အားလုံး ရဲ့ တစ်ယောက်ချင်း ပြဿနာ က ဘာမှ သိပ် မကြီးကျယ်ဘူးလို့ ထင်တယ် ၊ ဘယ်လို ဆိုရင် ပိုပြီး အဆင် ပြေနိုင်မလဲ ၊ စာရေးဆရာမ အမယ့် ကိုပဲ အကြံ တောင်းရမှာပဲ ”
အသော် က ခေါင်းတညိတ်ညိတ် နဲ့ ပြောတယ် ။
“ ရှင်တို့ကို တစ်ခု ပြောမယ် ၊ ရိုးတံ နဲ့ ပန်းပွင့် ကို ဘယ်လို မြင် သလဲ ၊ အဲဒီ ရိုးတံ နဲ့ ပန်းပွင့် ရဲ့ကြားထဲက ဆက်သွယ်မှု ကို ဘယ်သူမှ မမြင်နိုင်ကြဘူး ၊ ပန်းပွင့် ဟာ ခိုင်မာတဲ့ ရုံးတံ မရှိရင် မဖြစ်သလို ၊ ပန်းပွင့် မရှိရင်လည်း ရိုးတံဘဝ ဟာ အဓိပ္ပါယ် ရှိလာနိုင် မှာ မဟုတ်ဘူး ၊ မမြင်နိုင်တဲ့ ဆက်သွယ်မှု နဲ့ ရိုးတံ နဲ့ ပန်းပွင့် ကို ချည်နှောင်ထားတယ် ၊ တစ်ခု နဲ့ တစ်ခု ဒွန်တွဲ နေတယ် ၊ ကျွန်မတို့ရဲ့ ဘဝ ကလည်း အဲဒီသဘောတရား နဲ့ တူတယ် ၊ ရိုးတံ ကို ပစ်ပယ်လို့လည်း မရဘူး ”
••••• ••••• •••••
“ ပန်းပွင့်တွေ မှာ တောင် သူတို့ နဲ့ လိုက်ဖက်ညီတဲ့ ရိုးတံတွေ ဖွဲ့စည်းပေးထားတယ် ၊ ကျွန်မ တို့လည်း ဘဝ မှာ လိုချင်တဲ့အရာ ကို ရွေးချယ်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြတယ် ၊ ဘယ်သူ က မှ အဲဒီ ဆုံးဖြတ်ချက် ကို မမှားချင်ကြဘူး ၊ အိမ်ထောင်ကွဲ ဘဝ ကို ဘယ်သူမှ မရောက်ချင်ကြဘူး ၊ ဘာကိုမှလည်း အဆုံးရှုံး မခံချင်ကြဘူး ၊ အဲဒီ မဆုံးရှုံးချင် တဲ့ အရာကို ကာကွယ်ဖို့ နည်းတစ်နည်းတော့ လိုအပ်တယ် ၊ အဲဒါကတော့ ကိုယ်စီ ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အရာတွေကို ပွင့်လင်းစွာ တိုင်ပင် ဆွေးနွေးဖို့ပဲ ”
“ အမယ် ပြောတာ လက်ခံတယ် ၊ အသော် ကတော့ သူ့ ကို အိမ်ထောင်ရေး မှာ သစ္စာမြဲမယ့် ၊ လူ့ကျင့်ဝတ်နဲ့ ညီတဲ့ သူ ဖြစ်စေချင်တယ် ”
“ အဇင် ကတော့ တစ်ခါတလေ တစ်ရေးနိုးရင် အားလုံးကို စွန့်ပြီး တရား အားထုတ်ချင်မိတယ် ၊ တကယ်တမ်းကျတော့ ပါရမီ ဆိုတာ မပါသေးတော့ လူ့ လောကစစ်ပွဲ ထဲ မှာ နေ နေရဦးမှာပဲ ”
“ ဒီ လူ့လောက စစ်ပွဲထဲမှာ နေသရွေ့ ကိုယ် ရွေးချယ်တဲ့ ဘဝ မှာ နေပျော်စရာ ဘဝတစ်ခု ဖြစ်အောင် ၊ ကျေနပ်နိုင်အောင် နေရမှာပဲ ၊ သိပ်မကြီးထွားသေးတဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းရမှာပဲ ၊ ကျွန်မတို့ ပန်းပွင့်တွေ လှပဖို့ ရိုးတံ ဟာ ခိုင်ခံ့ဖို့ လိုအပ်တယ် ”
“ အမင်း ကတော့ သူ မလုပ်ချင်တာ ဇွတ်မလုပ်ခိုင်းပါဘူး ၊ ပြေလည်အောင် ညှိယူဖို့ စဉ်းစားထားတယ် ”
“ ကျွန်မ ကတော့ ဝတ္ထုအတွက် Plot တစ်ခု ရပြီ ”
ထိုနေ့ကတော့ ကျွန်မတို့အားလုံး စကားဝိုင်းလေး ရုပ်သိမ်းပြီးချိန်မှာ ထူးခြားစွာ ပို၍ လွတ်လပ်ပေါ့ပါးနေပါသည် ။
ညရောက်တော့ စာရေးစားပွဲမှာ မထိုင်ဖြစ်တော့ဘဲ ကွန်ပျူတာ အခန်းထဲက ရိုဘော့စက်ရုပ် နား သွားရင်း ကော်ဖီတစ်ခွက် ချပေးတော့ သူ အံ့ဩသွားတယ် ။ သူ့ ဘေးနား ထိုင်ရင်း သူ့ ရဲ့ ဒီဇိုင်းတွေကို ကျွန်မ ဝေဖန်ပေးတယ် ။ သူ က ကျွန်မ ကို အခြား လုပ်ထားတဲ့ ဒီဇိုင်းတွေ ထုတ်ပြတယ် ။ သူ့ ရဲ့ လှုပ်ရှားမှု နဲ့ စကားသံတွေ က ပို သွက်လက်လာတယ် ။
“ ကျွန်မ နောက်ထွက်မယ့် ဝတ္ထုမျက်နှာဖုံး ပုံ ကို ဆွဲပေးရမယ်နော် ” လို့ ပြောတော့ သူ က အံ့ဩစွာ ခေါင်း စောင်းကြည့်ပြီး ရယ်မောရင်း …
“ ခုတော့ … ကိုယ့် မိန်းမ ကိုယ့် ကို အသုံး လိုအပ်လာပြီပေါ့ ၊ အလှဆုံး ဖြစ်အောင် လုပ်ပေးရမှာပေါ့ ၊ ခေါင်းစဉ် က ဘာတဲ့လဲ ”
“ ရိုးတံ နဲ့ ပန်းပွင့် ”
သူ့ နှုတ်ခမ်း က “ ရိုးတံ နဲ့ ပန်းပွင့် ” လို့ လိုက်ရေရွတ်လိုက်တယ် ။
ကျွန်မ ကလည်း “ ရိုးတံ နဲ့ ပန်းပွင့် ” လို့ ပြောရင်း ခပ်နွေးနွေး ရယ်မောလိုက်ပါတော့တယ် ။
◾ ချောအိမာန် ( မန္တလေး )
📖 ကလျာမဂ္ဂဇင်း
၂၀၀၄ ၊ စက်တင်ဘာလ ။
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment