Tuesday, April 19, 2022

ကိုဉာဏ် နဲ့ ကျွန်တော်


 

❝ ကိုဉာဏ် နဲ့ ကျွန်တော် ❞

သာဓုအင်ဆန်းစ် နဲ့ တိုက်ဂါးအင်ဆန်းစ် ( သာဓု နှင့် သားများ ၊ ကျား နှင့် သားများ ) က ဖခင် များ ရှိစဉ် ကတည်း က ညီအစ်ကို အရင်းများ သဖွယ် ရင်းနှီး ကျွမ်းဝင်ခဲ့ကြပါတယ် ။

ကျွန်တော် က ကိုဝဏ္ဏ နဲ့ ရွယ်တူ ၊ သုမောင် က ကျွန်တော့် ညီ ဆန်နီညိမ်း နဲ့ ၊ ကိုဉာဏ် က ကျွန်တော့် ညီ မျိုးမြင့်ညိမ်း နဲ့ အသက်အရွယ်တွေ မတိမ်းမယိမ်း ရှိ ခဲ့ကြပါတယ် ။

ညီအစ်ကိုတွေ ရင်းနှီးကြတဲ့ အထဲ မှာ မျိုးမြင့်ညိမ်း နဲ့ ကိုဉာဏ် တို့ ကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရ လက်ထက်မှာ ပုဒ်မ ၅ ( ည ) နဲ့ တရားစွဲ ခံရတော့ အမှုတွဲ တစ်တွဲတည်း ဖြစ်တဲ့ အတွက် ထောင် ထဲမှာလည်း အတူတူ နေခဲ့ကြရပါတယ် ။ ဒါကြောင့် အားလုံးထက် သူတို့ နှစ်ယောက် က ပို ရင်းမယ် ထင်ပါတယ် ။

အင်းစိန်ထောင် မှာ ရှိနေစဉ် ထောင်ဝင်စာ သွား တွေ့ရင် သူတို့ နှစ်ယောက် ကို အတူတူ တွေ့ရပါတယ် ။ ဒါကြောင့် ကိုဉာဏ့် ကို လာ တွေ့တဲ့ မရှန် နဲ့ ကျွန်တော် ထောင် ဝင်စာ တွေ့ချိန် မှာ ဆုံ တတ်ကြပါတယ် ။ နောက်တော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်များအဖြစ် ကိုဝဏ္ဏ နဲ့ ကိုသုမောင် တို့ ဆောင်ရွက်ကြတဲ့ အခါ အဲဒီကာလတုန်းက ဘုန်းမီးနေလ လျှမ်းလျှမ်း တောက် နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် နဲ့ ရင်းနှီးသွားကြပြီး သူတို့ ညီအတွက် အသနားခံ စာ တင်သွင်းတာကြောင့် ကိုဉာဏ် ထောင် က လွတ်သွားပါတယ် ။

အစ်ကို တွေ ရဲ့အသနားခံစာကြောင့် ထောင် က လွတ် ရမယ့် ကိုဉာဏ် က ထောင် ထဲက မထွက်လိုဘူး လို့ ငြင်း ပါသေးသတဲ့ ။ အမှုတွဲတွေ ထဲ ကနေ သူ တစ်ယောက် တည်း ရုန်းထွက် သွားရမှာ ကို လိပ်ပြာ မသန့် လို့ ဖြစ်မယ် ထင် ပါတယ် ။ အမှု မှာလည်း သူ က ကဗျာ ရေး ပြီး ကျွန်တော့် ညီ က တည်းဖြတ် ၊ သူတို့ သူငယ်ချင်း ကိုစိန်လှိုင် ဆို သူ က ဖြန့်ဝေခဲ့တာလေ ။ ဦးပုည ရဲ့ ဆဒ္ဒန်ဆင်မင်း ဝတ္ထု ထဲ က သောနုတ္ထိုရ်မုဆိုး လျှောက်ထားသလို ပြော ရရင် အစွယ် ကို လိုသူ မိဖုရား ၊ အသွား စေခိုင်း သူ မင်းဧကရာဇ် ၊ လေး ပစ် သူ ဘုရားကျွန်တော် ဖြစ်နေတဲ့ အတွက် အဓိက လေး ပစ် တဲ့ ကိုဉာဏ် ကို လွတ်စေ ၊ တည်းဖြတ် တဲ့ သူ နဲ့ ဖြန့်ချိ သူတို့ တော့ မလွတ် ဖြစ် နေတာကိုး ။ ကိုဉာဏ် အပြင် ရောက် လာတော့ ကျွန်တော့် ကို တော်တော် နဲ့ မတွေ့ပါဘူး ။ သူ့ စိတ် ထဲမှာ အားနာနေပုံ ရပါတယ် ။ ကျွန်တော် ကတော့ ခံပြင်းပေမဲ့ သူ့ မှာ အပြစ် မရှိပါဘူး ။ လွှတ်ပေး သူ က တာဝန်မဲ့တာ ကို သာ မကျေမချမ်း ဖြစ်မိခဲ့ပါတယ် ။

ဒီလိုနဲ့ ကျွန်တော့် ညီ မျိုးမြင့်ညိမ်း အပါအဝင် နိုင်ငံရေးအကျဉ်းသား တော်တော်များများ လွတ် လာကြပြီး စာပေလောကကြီး စည်ကားလာပြန်ပါတယ် ။ ရွှေအမြုတေ စီစဉ်တည်းဖြတ် နေ တဲ့ ကျွန်တော် ဝတ္ထု တောင်းရင် မဖြစ် ဖြစ်အောင် ရေး ပေးတာ ကိုဉာဏ် ပါ ။ ထိုနည်းတူ ချစ်စရာ ကောင်းလောက်အောင် မငြင်းသူ က ကိုဝဏ္ဏ ဖြစ်ပါတယ် ။ အခန်းဆက်ဝတ္ထုရှည် လိုချင်တယ် လို့ ဆိုတော့ ရင်ထဲမှာ ခွေနေတဲ့မြွေပွေး အခန်းဆက် ဝတ္ထုရှည် ကို ရက်ပိုင်း အတွင်း ပြီးအောင် ရေးပေးခဲ့ပါတယ် ။ ဒီ လူကြီး ရှိပြီးသား ဝတ္ထု ကို ကောက်ပေး လိုက်တာပဲ လို့ အထင် မှားခဲ့ပေမဲ့ ဖတ်ကြည့်လိုက်တော့ ကျွန်တော် တောင်း တော့မှ အသစ်စက်စက် ရေး ထားတာကို တွေ့ ရတယ် ။ ကိုဝဏ္ဏ ကင်ဆာရောဂါ နဲ့ အိပ်ရာထဲ မလဲခင် မှာ ခင်ဗျား ကို ဝတ္ထုရှည် တစ်ပုဒ် ပေးဦးမယ် ဆိုပြီး ရုံး အထိ လာ ပေးပါတယ် ။ အဲဒီတုန်း က ရွှေအမြုတေ မှာ ဆရာမခင်ခင်ထူး ရဲ့ မအိမ်ကံ ဝတ္ထု က ဇာတ် သိမ်းခါနီး သုံးလေးလ လောက် လိုပါသေးတယ် ။ ကိုဝဏ္ဏ ပြင်ချင်တာ ရှိရင် ပြင်ပါဦး ဆိုပြီး ပြန်ပေး လိုက်တော့ ဒါဆိုရင်လည်း ကျွန်တော် ပြင် ဦးမယ် ဆိုပြီး ပြန် ယူသွားခဲ့ပါတယ် ။

ကိုဝဏ္ဏ အိပ်ရာထဲ လဲပြီ ။ ကျွန်တော် သွား မကြည့်ရက်ဘူး ။ ကျွန်တော် ကလည်း ဘန်ကောက် သွားဖို့ အစီအစဉ် ရှိတော့ မသွားခင် တစ်ရက် သွားကြည့်ဦးမယ် ဆိုပြီး စိတ်တင်းကာ သွား ကြည့်ပါတယ် ။ အိပ်ရာထဲ လှဲ နေတဲ့ ကိုဝဏ္ဏ ထ လာပြီး ကျွန်တော်တို့ နဲ့ ရယ်စရာ မောစရာများ ကို  ဧည့်ခန်းထဲ မှာ စကား လာ ပြောပါတယ် ။ ကျွန်တော် က ဝတ္ထု ပေးတော့ လို့ တောင်းလိုက်တော့ သူ မျက်လုံး ပြူးသွားတယ် ။ ဘယ်မှာ ထားမိမှန်း မသိတော့ဘူး ။ မချိုရီ နဲ့ သမီး ဝါနု တို့ ရှာ ကြပေမဲ့ စာမူ က မတွေ့တော့ပါ ။ နောင် မှာ ပြန် သိရတာ က ကျွန်တော့် ကို ပေး ရမှာ မေ့ပြီး ဆရာမကြီး ဒေါ်ကလျာ ကို ပေးခဲ့မိသတဲ့ ။ ဒေါ်ကလျာ က မဂ္ဂဇင်းထွက်ချိန် အိမ်တိုင်ရာရောက် လာ ပို့တော့မှသာ အဖြေ ပေါ်ပါတော့တယ် ။ ဒါကြောင့် ဆရာ မောင်ဝဏ္ဏ ရဲ့နောက်ဆုံးလက်ရာ ကို ကျွန်တော့် လက် ထဲက လွတ်သွားပြီး ဖော်ပြခွင့် မရခဲ့ပါဘူး ။

ကိုသုမောင် ၊ ကိုဝဏ္ဏ ၊ မချိုရီ တို့ တစ်ယောက် ပြီး တစ်ယောက် ကွယ်လွန်ခဲ့ကြပါတယ် ။ ကျွန်တော့် မှာ သွေးသားရင်းများ ကွယ်လွန်သလို မျက်ရည် ကျခဲ့ရတာချည်းပါပဲ ။ ကိုဝဏ္ဏ သား များ ဖြစ်တဲ့ ပြေဇင် ၊ ဥက္ကာ တို့ရဲ့မင်္ဂလာပွဲများ မှာ မျက်ရည် သုတ်ခဲ့ရသလို ကိုသုမောင် ရဲ့သား ဖိုးသောကြာ မင်္ဂလာပွဲ မှာ လည်း မျက်ရည် ခိုး သုတ် ခဲ့ရပါတယ် ။

°°°°°   °°°°°   °°°°°

မဟာဗန္ဓုလပန်းခြံလမ်း ရုံးခန်းမှာ ကျွန်တော် ၊ မျိုးမြင့်ညိမ်း နဲ့ ဆရာမ မသီတာ ( စမ်းချောင်း ) တို့ လူစုံ ရှိနေချိန်မှာ မသီတာ ရဲ့ဖုန်း မြည်လာပါတယ် ။ တစ်ဖက် က ဆက်သူ ဘယ်သူမှန်း မသိပေမဲ့ မသီတာ ပြောနေတာက “ အဲဒီကိစ္စ ဆိုရင်တော့ အစ်ကို မှ သေသေချာချာ သိမှာလေ ။ အစ်ကို့ ကို မပြောလို့ ဘယ် ရမလဲ ” လို့ ပြောသံ ကြားလိုက်တာကြောင့် ကျွန်တော့် ကို ရည်ရွယ်မှန်း သိလိုက်ပါတယ် ။ “ မသီတာ ဘယ်သူလဲ ” လို့ လှမ်း မေးလိုက်တော့ … “ ကိုဉာဏ် ပြော နေတာ ။ ရော့ … အစ်ကို နဲ့ ပြောလိုက် ” လို့ ဆိုပြီး သူ့ ဖုန်း ကို ထိုး ပေးပါတယ် ။ တစ်ဖက်မှ ကိုဉာဏ် က “ အစ်ကို သိပ်တော့ စိတ်ပူမသွားနဲ့ ။ ကျွန်တော် ဘန်ကောက် ကို သွားပြီး ဆေးသွား စစ်ချင်တယ် ။ အဲဒါ ဘယ်လို လုပ် ရမလဲလို့ လှမ်းမေးတာပါ ” လို့ ဆိုပါတယ် ။

ဘယ်ကို ဆက်သွယ် ၊ ဘယ်လိုလုပ် ဆိုတာတွေ ကျွန်တော် က ပြောပြလိုက်ပါတယ် ။ အဲဒီအချိန် အထိ သူ့ မှာ နိုင်ငံကူးလက်မှတ် က မရှိသေးတာကြောင့် မိတ်ဆွေ တစ်ဦး ကို လှမ်း အကူအညီ တောင်းပြီး လုပ် ခိုင်းရပါတယ် ။ နှစ်ပတ် လောက် တော့ စောင့် ရမယ်ပေါ့ ။ အဲဒီ အချိန်မှာပဲ ကျွန်တော် ကလည်း ခွဲစိတ်မှု တစ်ခု လုပ် ရမှာဖြစ်လို့ ဘန်ကောက် ကို တူတော်မောင် ဘိုမျိုးမြင့်ညိမ်း နဲ့ သွား ဖို့ အားချင်း စီစဉ်ရပါတယ် ။

ကျွန်တော် ပြန်တော့မယ့် အချိန်မှာ ကိုဉာဏ် နဲ့ သမီး နှစ်ယောက် က လာခါ နီးနေပြီ ။ အဝင် အထွက် ပဲ ကွာ တော့မယ် ။ ဒါကြောင့် ဆေးရုံ နဲ့ မျက်နှာချင်းဆိုင် က ကျွန်တော် တည်း တဲ့ ကွန်ဒို မှာ သူတို့ သားအဖ သုံးယောက် အတွက် အခန်း ယူ ထားပေးခဲ့ပြီး ဘန်ကောက် မှာ ရှိတဲ့ ညီ ကို လည်း လေဆိပ် မှာ ကြို ဖို့ က အစ မှာထားပေးခဲ့ပါတယ် ။

ကိုဉာဏ် ကို လည်ပင်း တစ်ဖက် က အသားစ ထုတ် ပြီး ကင်ဆာ ဟုတ် မဟုတ် စစ်ဆေးကြည့်ကြပါတယ် ။ ဟုတ်တော့ ဟုတ်တယ် ။ ဒါပေမဲ့ ဒီ နေရာ က မူလ စတင် ဖြစ်ပွားတဲ့ နေရာ မဟုတ်ဘူး လို့ အဖြေ ထွက်တာကြောင့် ဆရာဝန်များ က အချိန် ယူပြီး အူမကြီး ကို စစ်ဆေးပါတယ် ။ အဲဒီမှာလည်း သူ့ ရောဂါကို မတွေ့ပြန်ပါဘူး ။

သူ အဲဒီလို စစ်ဆေး နေစဉ်မှာပဲ ကျွန်တော့် နှလုံးရောဂါ က သွေးကြော ပိတ် လာပြန်တဲ့အတွက် ဘန်ကောက် ကို တစ်ခေါက် ပြေး ရပြန်ပါတယ် ။ တည်းနေကျ ကွန်ဒို မှာ ကျွန်တော် တို့ တူဝရီး နှစ်ယောက် တည်း ကြတော့ ကျွန်တော် တို့ က ခုနစ်ထပ် မှာ အခန်း ရ ပါတယ် ။ ကိုဉာဏ် တို့က လေးထပ် မှာ ပါ ။ ရောက်ပြီး နောက် တစ်နေ့ မှာပဲ ကျွန်တော့် နှလုံးသွေးကြော အတွက် Stent တစ်ချောင်း ထပ် ထည့်ရပါတယ် ။ ICU ထဲ မှာ ရှိနေစဉ် ကိုဉာဏ် လာ ကြည့်ခဲ့ပါသေးတယ် ။

နောက် တစ်နေ့ ဆေးရုံ က ဆင်းပြီး နေ့လယ်ပိုင်း အခန်း မှာ နားနေစဉ် ကိုဉာဏ့် ထံ က ဖုန်း ဝင်လာပါတယ် ။ အစ်ကို အခန်း မှာ ရှိ သလား ။ ကျွန်တော် လာခဲ့မယ် တဲ့ ။ လာလေ ကျွန်တော် ရှိပါတယ် ဆိုတော့ သူ ရောက် လာပါတယ် ။ “ ကိုဉာဏ် ၊ ဓာတ်လှေကား နဲ့ တက် လာတာလား ” လို့ မေးလိုက်တော့ “ မဟုတ်ဘူး အစ်ကို လှေကား က နေ ခြေလျင် တက်လာတာ ” တဲ့ ။ ကျွန်တော် မျက်လုံး ပြူး သွားပါတယ် ။ ကင်ဆာရောဂါသမား က ဓာတ်လှေကား မစီးဘဲ လမ်းလျှောက် တက် လာသတဲ့ ။

ရောက်တတ်ရာရာတွေ ပြောကြရင်း သူ့ ရောဂါ ရဲ့ Primary ကို ရှာ မတွေ့ ဖြစ်နေတာနဲ့ ပတ်သက်ပြီး အားမလို အားမရဖြစ်နေပါတယ် ။ “ ဘယ်နေရာက အစ လည်း ရှာ မနေနဲ့တော့ ။ တစ်ကိုယ်လုံးခြုံပြီးတော့ သာ ဆေးပေးလိုက်ရင် ပြီးရော ” လို့ ဆိုပါတယ် ။ ကျွန်တော် က အဲဒီလို လုပ်လို့ မရတဲ့အကြောင်း Primary ကို သိ မှသာ ဆေး ပေးလို့ ရမှာ ဖြစ်ကြောင်း သူ စိတ်ရှည်အောင် ပြော ပြရင်း သူ သောက်နေတယ် ဆိုတဲ့ ‘ ကမ်းဇော်ဆီ ’ အကြောင်း စကားရောက် သွားပါတယ် ။ ဆေးဆိုရင် ကျွန်တော် က လည်း စပ်စုတတ်တာကိုး ။

ကိုဉာဏ် က ကင်ဆာ ပျောက်တယ် ဆို လို့ ‘ ကမ်းဇော်ဆီ ’ ကို နိုင်ငံကူးလက်မှတ် လုပ်နေတဲ့ ရက်သတ္တပတ် နှစ်ပတ် အတွင်း မနက် တစ်ကြိမ် ၊ ည တစ်ကြိမ် သူ သောက် ခဲ့ကြောင်း ၊ သူ့ မှာ အရင်က ဂေါ်လီလုံး အရွယ်ခန့် ရှိတဲ့ ဆီး ကျိတ် ရှိ ကြောင်း ၊ ခပ်မာမာ ဖြစ်ကြောင်း ၊ ဒါပေမဲ့ ‘ ကမ်းဇော်ဆီ ’ သောက် ရင်းက ပျော့လာပြီး အလုံး ကနေ အပြား ဖြစ် သွားကြောင်း ၊ နောက် အဲဒီ အပြား ပျောက်သွားတယ် လို့ ပြော ပြပါတယ် ။ ကျွန်တော် အရမ်း စိတ်ဝင်စား သွားပါတယ် ။ အဘိုး အဘွား ၊ အဖေအမေ တို့ ကင်ဆာရောဂါ နဲ့ ကွယ်လွန်ခဲ့ကြတာ ဖြစ်လို့ ကျွန်တော့် အလှည့် မှာ ကင်ဆာ နဲ့ သေရမှာ ကို ကြောက်လှပါတယ် ။ ဒါကြောင့် ကင်ဆာပျောက်တယ် ဆို တဲ့ ဆေး ကို သောက် ချင်လှပါတယ် ။

“ ကိုဉာဏ် … အရသာ နဲ့ အနံ့ က ဘယ်လို နေလဲ ” လို့ စပ်စုကြည့်ပြန်တော့ ‘ အရသာ ကတော့ ပဲဆီ လို နှမ်းဆီ လို ပါပဲ ။ အနံ့ကတော့ ကြမ်းပိုး ကို သတ်လိုက် တဲ့ အနံ့ မျိုးပဲ ။ အဲဒါကို ကျွန်တော် က ပါးစပ် ထဲ ထည့်ပြီး ရင် မျို မချသေးဘဲ ဘယ်ဘက် ပါးစောင် ၊ ညာဘက် ပါးစောင် ပြောင်း ပြီး ငုံထားသေးတာ ။ သွားကြားတွေ ဘာတွေမှာ ရှိ တဲ့ ပိုးတွေ သေအောင်ပေါ့ အစ်ကို ရာ ’ လို့ ပြောပါတယ် ။ သူ့ အပြောမှာတင် ကျွန်တော် က ပျို့ချင်နေပါပြီ ။ ဒါပေမဲ့ ဆီးကျိတ် ပျောက် သွားတယ် ဆိုတာက စိတ်ဝင်စားစရာ အချက် တစ်ချက် ဖြစ်နေတာတော့ အမှန်ပါပဲ ။

ကိုမင်းလူ က အခန်း မှာ နားနေရတဲ့ အချိန် မှာ လည်း သူ လုပ်နေကျ အတိုင်း စာ ရေး နေခဲ့ပါတယ် ။ ကျွန်တော် မပြန်ခင် အလင်းတန်းဂျာနယ် အတွက် ဆောင်းပါး တစ်ပုဒ် ပေးလိုက်မယ် ဆိုပြီး ရေး နေခဲ့ပါတယ် ။ ဒါပေမဲ့ ပြန်တဲ့ အထိ သူ လက်စမသတ် နိုင်ခဲ့ပါဘူး ။ ကျွန်တော် ရန်ကုန် ပြန်ရောက်ပြီးမှ Email က တစ်ဆင့် ဆောင်းပါး တစ်ပုဒ် ရောက် လာပါတယ် ။ ဆောင်းပါး ခေါင်းစဉ် က ကိုမင်းလူ ကောင်း မှ ကောင်း ပါ တဲ့ ။ အဲဒီ ဆောင်းပါး ကို အလင်းတန်းဂျာနယ် အမှတ် ၇၄၈ ( ၂၀၁၃ ခုနှစ် ၊ မတ်လ ၁၈ ရက်နေ့ထုတ် ) မှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ် ။ သူ့ အကျင့် က သူ့ အတွက် နဲ့ တခြား သူ တွေ စိတ် ပူရမှာ ကို မလိုလားပါဘူး ။ ဒါကြောင့် ကိုမင်းလူ ကောင်း မှ ကောင်း ဆိုပြီး သူ့ ဖုန်းနံပါတ် ကို မြန်မာတို့ အစဉ်အလာ အတိုင်း မှတ်တဲ့နည်း ကို ရေးခဲ့တာ ဖြစ်ပါတယ် ။ တကယ်တော့ သူ နေကောင်းပါတယ် လို့ စာဖတ်ပရိသတ်များ ကို အသိ ပေးချင်တာပါ ။

သူ့ စိတ်ရင်း က လူတိုင်း အပေါ်မှာ သူ နဲ့ ထပ်တူ နားလည်ပေးတတ်ပါတယ် ။ ကျွန်တော့် အမေ ဒေါ်ကြည်ကြည် နဲ့ သူ့ အမေ ဒေါ်ခင်ညို တို့ က ရက်သတ္တပတ် တစ်ပတ်သာ ခြား ပြီး ကွယ်လွန် ခဲ့ကြတာပါ ။ အမေ က အရင် ဆုံးပြီး ကျွန်တော့် မှာ ကြေကွဲမဆုံး ဖြစ်နေစဉ် အမေညို ဆုံးတယ် ဆိုတော့ ညတွင်းချင်း နာရေးအိမ် ဖြစ်တဲ့ ကိုမင်းလူ အိမ် ကို သွား ပါတယ် ။ ကိုမင်းလူ ရဲ့အစ်ကိုများ ဖြစ်တဲ့ ကိုဝဏ္ဏ နဲ့ ကိုသုမောင် တို့က ရယ်ရယ်မောမော ရှိနေကြပေမဲ့ ကိုမင်းလူ ကတော့ မျက်နှာ ညှိုး နေရှာတယ် ။ သူ က အမေ နဲ့ နေတဲ့ သူ ။ ကျွန်တော် က လည်း အမေ နဲ့ နေခဲ့ သူ ဆိုတော့ ကျွန်တော် ကြေကွဲ နေမယ် ဆိုတာကို သူ ကိုယ်ချင်းစာ မိတဲ့ အတွက် “ အစ်ကို ဘာဖြစ်လို့ လာ တာလဲဗျာ ၊ ရက်နုနုကလေး ဆိုတော့ စိတ် မကောင်း ဖြစ်နေမှာ ။ ကျွန်တော် နားလည်ပါတယ် ” လို့ ဆိုပါတယ် ။ ဒီ စကား ကို သူ နဲ့ ကျွန်တော် နှစ်ကိုယ် ကြား သာ သူ ပြောလိုက်တဲ့ အတွက် ရယ်မောနေကြ တဲ့ သူ့ အစ်ကိုတွေ မသိလိုက် သလို ကျွန်တော့် ညီ တွေ လည်း မသိလိုက်ကြပါဘူး ။

ကျွန်တော် ပြန်တဲ့ အထိ ကိုဉာဏ့် ကို နည်းမျိုးစုံ နဲ့ ရောဂါရှာဖွေနေကြဆဲ ပါ ။ ကျွန်တော်က ဒီ ကွန်ဒို မှာ တည်းတိုင်း မြန်မာပြည် မှာ ကျန်ရစ်တဲ့ ညီများ ၊ မိတ်ဆွေများ ၊ ရုံးနဲ့ အဆက် မပြတ်စေဖို့ ကွန်ဒို ကရောင်းတဲ့ wifi ကို နှစ်ပတ်စာ ဝယ်ပြီး သုံးလေ့ ရှိပါတယ် ။ အခု တစ်ပတ်တည်း နဲ့ ပြန်မယ် ဆိုတော့ သုံးလို့ ရနေဆဲ wifi Password ကို ယုယ တို့ ညီအစ်မ ဆက် သုံးလို့ ရအောင် ပေး ထားခဲ့ပါတယ် ။ ဒါကြောင့် ယုယ တို့ က skype သုံးပြီး အိမ် ကို လှမ်းခေါ်ကာ ကိုဉာဏ် အင်မတန် ချစ်တဲ့ မြေးမလေး ( ကိုဝဏ္ဏ ရဲ့သမီး ဝါနု က မွေးတာပါ ) နဲ့ တွေ့ခွင့် မြင်ခွင့်ရစေပြီး စကား ပြောလို့ ရတာကြောင့် ကိုဉာဏ် ခမျာ အတော် စိတ် ရွှင်လန်းသွားတယ် လို့ သိရတဲ့အတွက် ကျေနပ်မိပါတယ် ။

ဘာမင်ဂရတ်ဆေးရုံကြီး က ကိုဉာဏ့် ရောဂါ ရဲ့ Primary ကို ရှာ မတွေ့တဲ့ အဆုံး သူတို့ သားအဖ သုံးယောက် ရန်ကုန် ကို ပြန် လာခဲ့ကြပါတယ် ။ အိမ် မှာ နေပြီး လိုအပ်တဲ့ ဆေးဝါး ကုသမှု ခံယူ နေရာကနေ ဆိုးရွား လာတာကြောင့် ဝိတိုရိယဆေးရုံ ကို ရောက်သွားခဲ့ပါတယ် ။ ကျွန်တော် က ချစ်တဲ့ခင်တဲ့သူများ ဝေဒနာ ခံစားနေရတာကို မကြည့်ရက်ပါဘူး ။ မျက်ရည် ကျ တတ်တာကြောင့် ဆေးရုံ ကို လည်း တော်တော် နဲ့ မသွားပါဘူး ။ ဆရာ မောင်ဝံသ လည်း ကင်ဆာရောဂါ နဲ့ ဝိတိုရိယ ရောက်နေတယ် လို့ ကြားရပြန်တာကြောင့် တစ်ည မှာ ညီ ဖြစ်သူ မျိုးမြင့်ညိမ်း နဲ့ အတူ လူနာ နှစ်ယောက် ကို သွား ကြည့်ခဲ့ပါတယ် ။

ခုတင် ပေါ် မှာ ပက်လက် ရှိနေတဲ့ ကိုဉာဏ် က သူ့ အနား မှာ မတ်တတ် ရပ်နေတဲ့ ကျွန်တော့် ကို ‘ အစ်ကို ထိုင်လေ ’ လို့ နှစ်ခါသုံးခါ မ က ပြော ရှာတယ် ။ တစ်ချက် တစ်ချက် မှာ တော့ သူ့ ခုတင် ဘေး မှာ ကာရံ ထားတဲ့ သံတိုင်ကလေး ကို ကိုင် ကြည့် နေတာ မြင် ရတော့ သူ့ စိတ်က ထောင် ထဲ မှာ လို့များ ထင် နေသလား လို့ အောက်မေ့ပြီး စိတ် မကောင်း ဖြစ် ရပါသေးတယ် ။

၂၀၁၃ ဩဂုတ်လ ၁၄ ရက် နေ့ မနက် မှာ ကျွန်တော် ရုံး သွားဖို့ လှေကား က ဆင်း လာချိန် သတိထား နေပါလျက် ချော်ကျတာကြောင့် ခြေမျက်စိ အထက် က ခြေချင်းဝတ် အက် သွားခဲ့ပါတယ် ။ ဓာတ်မှန်သမားများ ကို အိမ် ခေါ်ပြီး ရိုက် ကြည့်တော့ အက် သွားတယ် လို့ သိရတာပါ ။ ည ကျမှ ရန်ကုန်အနောက်ပိုင်း ၈ လမ်း က ဒေါက်တာမင်းဇော် ရောက် လာပြီး ကျောက်ပတ်တီး စည်းပေးသွားပါတယ် ။ သောက်ဖို့ ဆေး လိုက်ယူမယ် ဆိုပြီး မျိုးမြင့်ညိမ်း လိုက်သွားပေမဲ့ ည သန်းခေါင်းယံ အထိ ပြန် မလာပါဘူး ။ မနက် အိပ်ရာ က နိုး ချိန်မှာ ခေါင်းအုံးနံဘေးမှာ ရှိတဲ့ iPad ကို ဖွင့်ကြည့်လိုက်တော့ ‘ စာရေးဆရာ မင်းလူ ကွယ်လွန်သွားပြီ ’ ဆိုတဲ့ သတင်းတွေ တက် နေပါပြီ ။ ကျွန်တော် ထိထိခိုက်ခိုက် ခံစားလိုက်ရပါတယ် ။ ညီ အရင်း တစ်ယောက်လို ခင်မင်ခဲ့သူ ရဲ့ နောက်ဆုံးခရီး ကို တောင် ကျွန်တော် လိုက် မပို့နိုင်ခဲ့ပါဘူး ။

ကိုမင်းလူ ကတော့ ရောက်ရာ ဘဝ မှာ သူ့ ဝသီ အတိုင်း ပျော်ပျော်ပါးပါး ရှိ နေမှာ သေချာလှပါတယ် ။

ကိုဉာဏ် ရေ သွားနှင့်ပေဦးတော့ ။

         အစ်ကိုဝင်းငြိမ်း

◾ ဝင်းငြိမ်း

📖 သို့ ... မင်းလူ ... ဒေဝတာမြို့တော်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment