❝ ထွက်ပေါက် ❞
အသက် ငါးဆယ် ကျော် မျှ ရှိသေးသော်လည်း တစ်ရပ်ကွက်လုံးက သူ့ ကို ရိုသေကြသည် ။ ဦးသာခင် ဆိုလျှင် ဘယ် ဦးသာခင် လဲ ဟု မေးသူ မရှိ ၊ တစ်ရပ်တစ်ကျေး က လာ၍ နေသူများ ပင်လျှင် ဦးသာခင် ၏ သိက္ခာသမာဓိ ကို သိကြသည် ။ မသိဘဲ နေ၍ လည်း မဖြစ် ။ လူတိုင်း က အကြောင်း ကြုံတိုင်း ပြောနေကြသောကြောင့်ပင် ၊ မြင်းလှည်းသမားလှတင် က သင်္ဘော မှ ဆင်း လာသော သူစိမ်းဧည့်သည်များ ကို သူ့မြင်းလှည်း ပေါ်တွင် တင် ၍ သူတို့ လိုရာ မိတ်သင်္ဂဟများ ၏ အိမ်များ သို့ ပို့သည့် အခါ ၊ နဂိုက စကား ခပ်များများ ဖြစ်သည့်အလျောက် ဦးသာခင် ၏ သိက္ခာသမာဓိ အကြောင်း ကို ပြောပြလေ့ ရှိသည် ။ “ ဪ ... နောင်ကြီးတို့ အစ်မကြီးတို့ ပြောတာ စာရေးကြီးဦးရှိန် ရဲ့ အိမ် မဟုတ်လား ။ သိပါတယ် ၊ သိပါတယ် ။ သမာဓိမြို့ဝန် ဦးသာခင် အိမ် နဲ့ မျက်စောင်းထိုးအိမ်ပါ ” ဟု ပြောလိုက် ပြီးလျှင် စကားစ မဖြတ်ဘဲ ၊ “ အဲဒီ ဦးသာခင် ဟာ အင်မတန် သိက္ခာသမာဓိ ရှိတာ ပဲ ။ ပွဲစားကြီး ပေါ့ ။ ဣန္ဒြေ သိပ် ရှိတာပဲ ။ ပြီးတော့ ရပ်ရွာ နဲ့ အင်မတန် တည့်တယ် ။ မျက်နှာ ဘယ်တော့မျှ မလိုက်ဘူး ။ သွေးကြီးဖို့ ဝေးရော ၊ ကလေးကလေး က အစ ခင်ခင်မင်မင် ရှိတယ် ။ အင် မတန် ကြည်ညိုစရာ ကောင်းတဲ့ လူကြီးပါပဲ ” ဟု ဆိုလေသည် ။ ဦးရှိန် ၏ အိမ် သို့ သွားလိုသော ဧည့်သည်များ မှာ မြင်းလှည်းသမား က သူတို့ မသိသော ဦးသာခင် အကြောင်း ကို ဘာကြောင့် ရှည်ရှည်လျားလျား ပြောနေပါလိမ့် ဟု စိတ် ထဲက အောက်မေ့ကြမည် ဖြစ်သော်ငြားလည်း သူတို့ မသိသော ဦးသာခင် အကြောင်း ကို သိ လိုက်ကြရလေသည် ။
အကယ်၍ သာ အငြိမ်မနေတတ်သော ဧည့်သည်တစ်ယောက်ယောက် သာ မြင်းလှည်း သမား ကို သိက္ခာသမာဓိ ဆို သော စကားလုံးကြီးများ၏ အဓိပ္ပာယ် ကို ရယ်သလိုမောသလို နှင့် မေး လိုက်လျှင် လှတင် ကဲ့သို့ မြင်းလှည်းသမားမျိုး က ပြုံးပြီးပြီး လုပ်ကာ “ အို ... လူကြီးပီပီ နေတာမျိုး ပေါ့ ဗျ ။ ဦးသာခင် ဟာ ငယ်ငယ်ကလေး ကတည်းက တစ်ခါ မှ နောက်တီးနောက်တောက် မလုပ် ဘူး တဲ့ ။ သူ့ သူငယ်ချင်းတွေ က သူ့ ကို ကျောင်းသားဘဝ ကတည်း က ဦးသောဘိတ လို့ ခေါ်ကြ တယ် ။ သိပ် ရိုးတဲ့ လူ ပဲ တဲ့ ။ ဘာဖြစ်လို့ ဘုန်းကြီး မဖြစ်တာလဲ တော့ မပြောတတ်ဘူး ။ အို ... နောင်ကြီး ကိုယ်တိုင် ဦးသာခင် ကို မြင်ရင် ကြည်ညိုမှာပါ ” ဟု စကားတံ ရှည်ပေမည် မုချပင် ။
ဦးသာခင် ကို ရပ်ရွာ က သမာဓိ ရှိသူ တစ်ဦးအဖြစ် အလွန်ကြည်ညိုကြသည် ။ အချို့က သူ နှင့် ရင်းနှီး၍ သူ့ အကြောင်း ကို ကောင်းကောင်း သိ၍ ကြည်ညို ကြသည် ။ အချို့က ကြည်ညိုသူ ပြောပြချက် ကို မှီ၍ ကြည်ညို ကြသည် ။ အချို့ က မူ ဦးသာခင်အကြောင်း အနည်းအကျဉ်းမျှ သာ သိကြသော်လည်း လူတကာ ကြည်ညိုနေကြောင်း သိသဖြင့် ရောနှော ၍ ကြည်ညိုလိုက်ကြသည် ။
ဦးသာခင် သည် ထို ရပ်ရွာသားဖြစ်သည် ။ ငယ်စဉ် ကတည်းက မျက်နှာထား တည်ကြည် သဖြင့် လူကြီးများက ချီးမွမ်းကြသည် ။ ရွယ်တူလူငယ်များ က ပထမ၌ သူ့ ကို ရူးပေါပေါ ဟု ထင်ကြသော်လည်း သူ ၏ ဆက်လက်တည်ကြည် ရိုးသားမှုကြောင့် တဖြည်းဖြည်း သူ့ တည်ကြည်မှု ကို အသိအမှတ် ပြုလာကြသည် ။ “ အို ... သာခင် ကိုတော့ မခေါ်ပါနဲ့ကွာ ။ ဒီလို အရက်ပွဲမျိုး လိုက်မှာ လည်း မဟုတ်ပါဘူး ” ဟု ဆိုကြသည် ။ “ ဟာ .. ဘာရမလဲ ၊ ဒီ ဘုန်းကြီးမျိုး ကို ချွတ် ရမှ ဇိမ်ရှိတာ ။ ငါ တော့ အတင်း တိုက်မှာပဲ ” ဟု တစ်ယောက် က မလျှော့ချင်သည့်အလျောက် ပြော လျှင် အများက ဝိုင်း၍ “ အို ... မင်း က ဒီလိုလုပ်လို့ ရမယ် ထင်သလား ။ မရသေးဘူး မောင် ။ သာခင် က ဖျက်ဆီးလို့ ရတဲ့ လူမျိုး မဟုတ်ဘူးကွာ ။ ဒီပြင် နေရာတွေတော့ သူ လိုက်သားပဲ ။ ဒီကောင် ခွစာမှ မဟုတ်တာ ၊ နေပါစေ ။ သူ့ဝါသနာ နဲ့ သူ နေပါစေ ” ဟု တားဆီးကြလေသည် ။
သူ သည် ငယ်စဉ်ကတည်းကပင် လူတိုင်း နှင့် တည့်အောင် ပေါင်းတတ်သည် ။ သူတစ်ပါး ပေါင်းရ ခက်သည် ဆိုသော သူများ ကိုလည်း သူ လေပေး ဖြောင့်အောင် ဆက်ဆံတတ်သည် ။ နေရာတကာ စွာကျယ်စွာကျယ် လုပ်သူတို့ နှင့် အခြားသူများ တစ်ခါမဟုတ် တစ်ခါ ဆိုသလို ရန်ဖြစ် တတ်ကြသော်လည်း သာခင် နှင့် အမြဲတမ်း တည့်ကြသည် ။ သူတစ်ပါး အပေါ် စီးပိုးသောသူများ လည်း သာခင် နှင့် တည့်ကြသည် ။ သူ သည် ဆက်ဆံမှု ၌ စံ ပြုအပ်သော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့် အလျောက် အားလုံး က ခင်ကြသည် ။ သူ့ တည်ကြည်သော မျက်နှာထား နှင့် ပြတ်သားသော်လည်း နားဝင် မဆံ့ မဟုတ်သော စကားအပြောအဆို တို့ ကို အကြောင်း ပြု၍ သူ့ကို ရွယ်တူ အချင်းချင်း ကပင် လေးစား လာကြသည် ။
သာခင် သည် ခေတ်ပညာ အသင့်အတန် တတ် ၍ ခေတ်ဗဟုသုတ နှင့် အတော်ပင် ပြည့်စုံ လေသောကြောင့် လူလတ်အရွယ် သို့ ရောက်သော အခါ သူ့ နေရင်း မြေလတ်မြို့ကလေး တွင် ပွဲစား အဖြစ် လူတစ်လုံး သူတစ်လုံး ဖြစ် လာလေသည် ။ မြို့ကလေး ၌ သိက္ခာသမာဓိ ရှိသည် ဟု အမှတ် ပြုခံရသူသည် မြို့ရေးရွာရေး တို့ ၌ လွတ်လွတ်ကင်းကင်း မနေသာပေ ။ အသက် သုံးဆယ် ခန့် သာ ရှိသော သာခင် သည် မြူနီစီပယ်လူကြီး ၊ နောက်မြူနီစီပယ်ဥက္ကဋ္ဌ ၊ တစ်ချိန်တည်း ၌ သမာဓိဝန် စသည့် ရပ်ရွာ လူကြီး ရာထူးများ ကို အများ က ကြည်ဖြူစွာ တင်မြှောက် နှင်းအပ်သဖြင့် ဦးသာခင် အဖြစ် လူကြီး လုပ်ရလေသည် ။
ဦးသာခင် အဖို့ မွေး ကတည်းက လူကြီး လုပ်ဖို့ ဇာတာ ပါလာသူဖြစ်သည် ဟု သူကိုယ် တိုင် ကပင် ယူဆလေသောကြောင့် လူကြီး လုပ်ရန် ဝန် မလေးလှပေ ။ မျက်နှာထား တည်ကြီး နှင့် လူလယ်ကောင် တွင် ဣန္ဒြေ ကြီး စောင့်ထိန်းနေရခြင်း သည် သူ နှင့် ရွယ်တူ လူလတ် တို့ အဖို့ ဘုရားကြီး မုဒ် ဝ က ခြင်္သေ့ကြီး နှစ်ကောင် ကို ပခုံးတစ်ဖက်စီ ပေါ်တွင် ထမ်း ထားရသကဲ့သို့ ဖြစ်ကောင်း ဖြစ်သည် ။ သူ့ အဖို့ ဝန်လေး သည် ဟု မမှတ်ပေ ။ တည်ကြည်ရန် ကျင့်သားရနေပေပြီ ။ ဣန္ဒြေ အထူး စောင့်ထိန်းစရာ မလို ။ ဦးသာခင် နှင့် ဣန္ဒြေ တို့ သည် ဒွန် တွဲလျက် နေလေသည် ။
ဦးသာခင် သည် သူ့ ဣန္ဒြေ ၏ တန်ဖိုး ကို သူ ကောင်းစွာ သိသည် ။ သမာဓိမြို့ဝန် အဖြစ် နှင့် ပါးရိုက်မှု ဆဲမှု စသော အသေးအဖွဲ့အမှုများ ကို ထုံးစံအတိုင်း မြို့အုပ် က မစစ်ချင်သည့် အလျောက် လွှဲပေးလိုက်၍ စစ်ဆေးရသောအခါ တရားလို တရားခံ တို့သည် ဦးသာခင် ၏ ဣန္ဒြေ ကို လေးစားသည့် အားလျော်စွာ အမှန် ကို ထွက်ဆိုကြသည် ။ ဦးသာခင် ၏ မျက်နှာထား မှာ တည်ကြည်သော်လည်း ခက်ထန်ခြင်း မရှိ ။ ကြည်လင်၍ မြင်သူတို့၌ ချစ်ခင်ကြည်ညိုစိတ် ပေါ်လာစေသည် ။ အမှုသည်များသည် ထိုမျက်နှာမျိုးရှေ့တွင် မုသား ပြောဆိုဖို့ ခက်ကြသည် ။ မပြောရက်သလိုဖြစ်နေကြသည် ။ ဦးသာခင် သည် အသက်သုံးဆယ် မပြည့်ခင် သူ့ ကိုယ်ရေးကိုယ် တာ အတွက် အလုပ် နှစ်ခု လုပ်လေသည် ။ ပထမ အလုပ်မှာ နှုတ်ခမ်းမွေး ထားခြင်း ဖြစ်သည် ။ သူ သည် သူ့ဦးလေးကြီး ကို အမြဲတမ်း အထင် ကြီးခဲ့သည် ။ အထင်ကြီးသည့်အကြောင်းရင်း မှာ သူ့ ဦးလေးကြီး တွင် အလွန် ကျက်သရေရှိသော နှုတ်ခမ်းမွေး ရှိခြင်းပင် ဖြစ်သည် ။ အလွန် ကျက်သရေ ရှိသည် ဆိုသော စကား မှာ သူ့ စကား မျှသာ ဖြစ်သည် ။ မည်သူကမျှ သူ့ ဦးလေးကြီး ၏ နှုတ်ခမ်း မွေးကို ချီးကျူးသည်ဟူ၍ မရှိခဲ့သော်လည်း သူ ကမူ ကိုးနှစ် ဆယ်နှစ် အရွယ် လောက် ကတည်းက ပင် သူ့ ဦးလေးကြီး ၏ နှုတ်ခမ်းမွေး ကို နှစ်သက်ခဲ့လေသည် ။ ကျက်သရေ ရှိသည် ဟု စွဲထင်မိခဲ့လေ သည် ။ ထို့ကြောင့် သူသည် အသက် သုံးဆယ် မပြည့်ခင် တွင် နှုတ်ခမ်းမွေး ထားလေသည် ။ နှုတ် ခမ်းမွေး တိ ရန် ကပ်ကျေးပါးကလေး ဆောင်ထားလေသည် ။ နံနက်ထမင်းစားပြီးနောက် သမာဓိ - မြို့ဝန် ရုံးတက်ခါနီးတွင် သူသည် ခေါင်းပေါင်း မပေါင်းခင် တစ်ခါ ၊ ပေါင်းပြီး မှ တစ်ခါ နှစ်ကြိမ် နှစ်ခါ တိတိ နှုတ်ခမ်းမွေးကို သာယာညင်းပျောင်းယုယစွာ ကပ်ကျေးကလေး နှင့် တိပေးလေ့ ရှိသည် ။ သူ့ နှုတ်ခမ်းမှာ သူ့ဦးလေးကြီး ၏ နှုတ်ခမ်းမွေး နမူနာအတိုင်းပင်လျှင် အပေါ် နှုတ်ခမ်း ပေါ် တွင် ခပ်ထူထူ ခပ်သိပ်သိပ်ကလေး အလယ် နှုတ်ခမ်းချိုင့်ကလေးခြားကာ နှစ်မြှောင်းယှဉ်တန်းလျက် ရှိပြီးလျှင် အစွယ်နှစ်ဖက်မှာ အရှည်ချင်း တူလျက် အဖျား ကော့တက်၍ နေလေသည် ။ ဦးသာခင် သည် နှုတ်ခမ်းမွေး ကို ကပ်ကျေး နှင့် တိ ပြီးတိုင်း လေးလေးတွဲ့တွဲ့ အပြုံးကလေး ပြုံး ကြည့်လေ့ ရှိသည် ။ သူ့ အပြုံး ကို ဣန္ဒြေ ပြုံး ဟု ခေါ်ချင် ခေါ်နိုင်ပေသည် ။ ကြည်လင်ဝိုင်းစက်သော သူ့ မျက် လုံးကြီးများ ၏ အောက်မျက်ကွင်းများ မှာ နှာတံ ဘေး နှစ်ဖက် မှ အောက်သို့ နှာခေါင်းဝ အစွန်း နား မှ ယှဉ်တန်းနေသော နှုတ်ခမ်းမွေးနှစ်သွယ် ထဲ သို့ ယိုဆင်း၍ နှုတ်ခမ်းစွန်း နှစ်ဖက် ကို တဖြည်း ဖြည်း ပြန့် ၍ ကုပ်သွားသော အပြုံးကလေးပေတည်း ။
ထို အပြုံးကလေး ကို မည်သူက နှစ်သက်ပါသနည်း ဟု မေးလာပါမူ ၊ ပထမဦးဆုံး နှစ်သက် သူမှာ ဦးသာခင် ပင် ဖြစ်သည် ။ နောက် နှစ်သက်သူ တစ်ယောက် ရှိ ပါသေးသည် ။ ထိုဒုတိယ နှစ်သက် သူ မှာ နှစ်သက်ရုံနှင့် မတန်သေးဘဲ စွဲနေလေတော့သည် ။ ယင်းသည်ကား ဆရာမ မတင်မေ ပင် ဖြစ်ပါသည် ။ မတင်မေသည် မြူနီစီပယ်ကျောင်း က အောက်တန်း ဆရာမကလေးဖြစ်သည် ။ အသက် သုံးဆယ်နီးပါး ရှိ၍ အပျိုကြီး ဘဝ နှင့် ဘဝ စခန်း သိမ်းရမည့် ပုံလိုလို ဖြစ်နေချေသည် ။ သူ လည်း ဣန္ဒြေ ရှိသော မိန်းမ အဖြစ် နှင့် အတော်ပင် ကျော်စောလေသည် ။ သူ ဣန္ဒြေ ရပုံကလေး မှာ ချစ်စရာ ကောင်းလှပါသည် ။ မျက်လုံးကလေး ကြည်လင်ပြူးကျယ် ၍ နှာတံ ပေါ်သဖြင့် အတော်ပင် ချစ်စဖွယ် ဖြစ်ပါ၏ ။ သို့သော် ဣန္ဒြေ ရလွန်း ၍ ပင်လျှင် သူ့ သူငယ်ချင်းမများ အသီးသီး အိမ်ထောင် ကျသွားသော်လည်း သူ့ မှာ အပျိုကြီးဖြစ် ကျန်ခဲ့လေသည် ။ သူအိမ်ထောင် ပြု မည် ဆိုလျှင် ပြုနိုင် ကောင်းပါ၏ ။ သူ့ ရုပ်ရည်ကို စွဲမက်သူ မရှိ၍ မဟုတ် ။ သူ့ ဣန္ဒြေ ကို နှစ်သက်သူ မရှိ၍လည်း မဟုတ် ။ သို့ရာတွင် သူ က ဣန္ဒြေ ရှိသူ ကို မှ အချစ် တုံ့ပြန်လိုသော ဆန္ဒ ရှိသောကြောင့် အပျိုကြီး ဖြစ်နေခဲ့ခြင်း ဖြစ်သည် ။
ဣန္ဒြေ ရှင် သမာဓိမြို့ဝင် ဦးသာခင် နှင့် ဣန္ဒြေ ရှင်ဆရာမ မတင်မေ တို့ အဖို့ လူငယ်တို့ ဘာဝ ချစ်ကြိုက်သွားကြသည်ဟု ဆိုရန် ခဲခက်လှ၏ ။ ဣန္ဒြေ ရှင်များ သည် အသက် ငယ်သည် ဖြစ်စေဦးတော့ ၊ လူငယ်များ မဟုတ်နိုင် ။ ဦးသာခင် သည် အသက် သုံးဆယ် မျှ မပြည့်ခင် ပင် လူရွယ်လူလတ်ဘဝ မလွတ်လပ်နိုင်ရှာဘဲ လူကြီး လုပ် နေရလေသည် ။ မတင်မေ မှာလည်း ဆရာမ လည်း ဖြစ် ဣန္ဒြေရှင် လည်း ဖြစ် သဖြင့် ဆရာမ ဒေါ်တင်မေ အဖြစ် နှင့် နေရရှာလေသောကြောင့် ရည်းစား ထားဖို့ ကိစ္စ မှာ မဖြစ်နိုင်သော ကိစ္စ ဖြစ်နေသည် ။
နောက်ဆုံး ၌ ဦးသာခင် က ဒေါ်တင်မေ ကို ရုပ်ရည် လှပသည့် အရည်အချင်း နှင့် ဣန္ဒြေ ရှိခြင်း တို့ကြောင့် နှစ်သက်သည့်အလျောက် သူ့ ဦးလေးကြီး ကို ပြော ပြသဖြင့် ဦးလေးကြီး က ဒေါ်တင်မေ ၏ အဒေါ် နှင့် တိုင်ပင် ၍ စီစဉ် ပေးလေသည် ။ ထို့ကြောင့် ဦးသာခင် သည် အသက် သုံးဆယ် မပြည့်ခင် နှုတ်ခမ်းမွေး ထားပြီးသည့် နောက် ဒေါ်တင်မေ နှင့် အိမ်ထောင် ပြုလေသည် ။
နှုတ်ခမ်းမွေး ထား သော်လည်း ဗိုလ်ကေ ကို မဖြုတ်ပေ ။ သို့ရာတွင် အရပ်လူကြီး ဖြစ်နေသော ကြောင့် အမြဲလိုလို ခေါင်းပေါင်း ထားရသဖြင့် ကြည့်၍ ခွ ကျသည် ဟု ဆိုနိုင်သည့် အကွက် မဆိုက် ခဲ့ပေ ။ ဦးသာခင် သည် သမာဓိမြို့ဝန် တစ်လျှောက်လုံး ဖြစ်ခဲ့လေသည် ။ အခြား လူကြီးများ မှာ သက်တမ်း စေ့သောအခါ သမာဓိမြို့ဝန် ရာထူး မှ ထွက်သွားရသော်လည်း ဦးသာခင် ကိုမူ သက် တမ်း ပြည့်လျှင် သက်တမ်းသစ် ပေး၍ ဆက်လက် ခန့်ထားခြင်း ခံရလေသည် ။
သမာဓိမြို့ဝန် နှင့် ဓာတ်တူနံတူ ဖြစ်သော မြူနီစီပယ်ဥက္ကဋ္ဌ ရာထူး ကို လည်း ဦးသာခင် အဖို့ အမြဲတမ်း သီးသန့် ထားရသကဲ့သို့ ဖြစ်သည် ။ သူ က မလုပ်ပါရစေ နှင့် ဟု ငြင်းပယ်သည့် တိုင်အောင် အများကပင် “ အို .. ဦးသာခင် ပဲ ဆက် လုပ်ပါ ။ ဦးသာခင် က လူ အကြည်ညို များပါ တယ် ” ဟု ဆို၍ သူ့အား အတင်ပေးကြလေသည် ။ ဦးသာခင် သည် လူ အများကြည်ညိုသည် ဆိုသော စကားကို ကြားရတိုင်း ၊ သူ့ ဣန္ဒြေ ကို သူ ကျေးဇူးတင်မိ၏ ။ ဣန္ဒြေ သိက္ခာကြောင့် သမာဓိ ရှိသည်ဟု ဆိုကြသည် ။ သမာဓိကြောင့် ကြည်ညိုကြသည် ။ ထို့ကြောင့် သူ သည် သမာဓိ ၏ ပြယုဂ် ဖြစ်သော ဣန္ဒြေ ကို အမြဲတမ်း ကိုးကွယ်လေသည် ။ သူ ၏ ထီးချက်စောင့် နတ်သား မှာ ကား ရမည်းသင်း စား သီလဝ ပင် ဖြစ်ပေတော့သည် ။ သူ သည် ငယ်စဉ်ကတည်းက သီလဝ ကို သဘော ကျခဲ့လေသည် ။ သူ့ ကိုယ် သူ သီလဝ ဖြစ်အောင် ကြိုးစားမည် ဟု ပိုင်းဖြတ်ခဲ့လေသည် ။ ယခု သီလဝ ကျင့် ကျင့်သောကြောင့်လည်း မြို့မျက်နှာဖုံးတစ်ဦး ဖြစ်ရပေပြီ ။
ဦးသာခင် သည် အသက်လေးဆယ်ကျော် ငါးဆယ် တွင်းသို့ ရောက်သောအခါ သူ့ မြို့ ကလေး တွင် ထိပ်တန်း သို့ ရောက်လေသည် ။ သူ့ ပွဲရုံ မှာ မြို့ပေါ် တွင် အကြီးဆုံး ဖြစ်သည် ။ သူ့ လုပ်ငန်း မှာ အအောင်မြင်ဆုံး ဖြစ်သည် ။ သူ သည် မြို့ပေါ်တွင် အချမ်းသာဆုံး ဖြစ်သည် ။ အမြဲတမ်း “ သမာဓိမြို့ဝန် ၊ အမြဲတမ်းမြူနီစီပယ်ဥက္ကဋ္ဌ ဖြစ်၍ အချမ်းသာဆုံး မြို့နေပုဂ္ဂိုလ်ကြီး အဖို့ အင်္ဂလိပ် လက်ထက် က တီပီအက်စ် ( တိုင်းကျိုးပြည်ကျိုးဆောင် ) ဘွဲ့တံဆိပ် ရခြင်း မှာ အံ့ဖွယ်မဟုတ်ပေ ။ ထုံးတမ်းစဉ်လာသဘောမျှသာဖြစ်သည် ။ အရေးပိုင်မင်း က ဦးသာခင် လို ပုဂ္ဂိုလ်မျိုး ကို ဘွဲ့ပေး သနားရန် ထောက်ခံ ရမည် သာ ဖြစ်ပေတော့သည် ။
လောကီ အောင်မြင်မှုအမျိုးမျိုး ရရှိပြီဟု ဦးသာခင် အဖို့ ဆိုရပေမည် ။ အောင်မြင်မှုများ တွင် သားသမီး ပွားစီးမှု ကိုလည်း ထည့်သွင်း ဖော်ပြရန် လိုသဖြင့် ဖော်ပြရသော် ဦးသာခင် ၌ သား ခင်မောင်ကြည် နှင့် သမီးညိုညိုယဉ် တို့ ထွန်းကားလေသည် ။ ခင်မောင်ကြည် မှာ မက်ထရစ်စာမေးပွဲ အောင် ၍ တက္ကသိုလ် တွင် ပညာဆက်၍ သင်ကြားနေလေသည် ။ ညိုညိုယဉ် မှာ ခုနစ်တန်း အောင် ပြီးကတည်း က ကျောင်း ထွက် ၍ ဖခင် ၏ အလုပ် ကို ကူညီ လုပ်ကိုင်ပေးလာခဲ့ရာ ယခု၌မူ သူ့ ကို အားအကိုးကြီး ကိုး ရပေပြီ ။ ငွေကိုင်စာရင်းကိုင် အဖြစ် လိမ္မာဖျတ်လတ်စွာ ဆောင်ရွက်ရုံသာ မက စီမံအုပ်ချုပ်မှု ကိုပါ ဆောင်ရွက်နိုင်လာသဖြင့် ဦးသာခင် သည် အသက် ငါးဆယ်ကျော် ခါမျှ ရှိသေး သော်လည်း လုပ်ငန်း၌ အပင်ပန်း ခံ၍ မဆောင်ရွက်ရတော့ပေ ။
စီးပွားရေး ၌ စိတ်ချရသည့်အဖြစ်သို့ ရောက်သည် နှင့်တစ်ပြိုင်နက် သူ သည် ရပ်ရေးရွာရေး မှ တစ်ဆင့် တက်၍ နိုင်ငံရေး ကို ဆက်လက် ဆောင်ရွက်လာလေသည် ။ နိုင်ငံရေး ထဲ ဝင်မှန်း မသိ ဝင်သော ရပ်ရွာလူကြီး တို့ ထုံးစံအတိုင်း အများ က တိုက်တွန်းတောင်းပန်ချက် ကို ငဲ့၍ ဆောင် ရွက်ရသည် ဟု ဆိုပေမည် ။ ထို အဆိုသည် မမှားပေ ။ “ ဦးပဲ နာယကအဖြစ် ဆောင်ရွက်ပါ ။ နိုင်ငံရေး မှာ သမာဓိ ရှိတဲ့ လူတွေ အများကြီး လိုနေပါတယ် ” ဟု လူငယ်များ က ဝိုင်း၍ တောင်းပန်ပြီး , လျှင် သူ့ ကို လူငယ်များ အစည်းအရုံး နာယကအဖြစ် တင်မြှောက်ကြသည် ။ ရန်ကုန်ဌာနချုပ် မှ ရောက်လာသော ပါတီစည်းရုံးရေးတာဝန်ခံ ကလည်း အများထံ မှ စုံစမ်းရရှိထားသော အကြောင်း ရပ်များ ကို မူတည်၍ ဦးသာခင် အား ပါတီဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ကြရာတွင် “ ကျွန်တော်တို့ ပါတီ မှာ လူတော်လူကောင်းတွေ အများကြီး လိုနေပါတယ် ။ သိက္ခာသမာဓိ ရှိတဲ့ သူတွေ ရပ်ရွာမှာ ခေါင်းဆောင် လုပ် ကြမှ ပါတီကို လူထု က ကြည်ညိုကြပါလိမ့်မယ် ။ ဦးသာခင် ဆိုတာ ကတော့ မြို့နယ် မှာ လူတိုင်း က အသိအမှတ် ပြုရတဲ့ သမာဓိရှင် ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ် ။ ဦးသာခင် တို့ လို သိက္ခာ သမာဓိရှိတဲ့ သူတွေ ရှေ့ဆောင်ပါ မှ ကျွန်တော်တို့ တိုင်းပြည်ကြီး မှာ နိုင်ငံရေးသမားတွေ ညစ်ပတ်တယ် ၊ ခြစားတယ် ဆိုတာမျိုး အစွပ်အစွဲ မခံရတော့ဘဲ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပြည်တော်သာစခန်း ကို မျှော်မှန်းနိုင်ပါလိမ့်မယ် ။ ဒါကြောင့်မို့ ဦးသားခင် ကို မြို့နယ်ဥက္ကဋ္ဌ တင်မြှောက်ကြပြီး ဦးသာခင် က ဥက္ကဋ္ဌရာထူး ကို လက်ခံတာကို ကျွန်တော် က ဌာနချုပ် ကိုယ်စား ဝမ်းမြောက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ” ဟု ဆိုလေသည် ။
ဦးသာခင် သည် ယင်းသို့ သူ့ မျိုးစဉ်ဆွေဆက် ၌ တစ်ခါမျှ မရောက်ခဲ့ဖူးသော ထိပ်တန်းသို့ သူ့ လက်ထက် ကျခါမှ ရောက်ရသည့် အတွက် အလွန် ကျေနပ်ဝမ်းမြောက်နေလေသည် ။ ပါတီ စည်းရုံးရေးမှူး ၏ ချီးကျူးသော စကား သည် စကားလုံးတိုင်း ရွှေတစ်ကြက်ဥ အလေးချိန် မျှ လေးနက် အဖိုးတန် သည် ဟု ဆိုရပေမည် ။ အကြောင်းကား ထင်ရှားလှပေသည် ။ ပါတီစည်းရုံးရေးမှူး မှာ စင်စစ်သော်ကား နောင်မကြာမီ ဝန်ကြီး ဖြစ်မည့် ပါလီမန်အတွင်းဝန် ဖြစ်လေသည်တည်း ။
ဦးသာခင် သည် ချီးကျူးသံ နှင့် ယင်း ၏ နောက်ဆွယ် က ပါလာသော တစ်ခဲနက် သြဘာ သံကြီး ကို ကြားရသောအခါ သူ နှင့် သူ သာ နှိုင်းယှဉ်သာသော သူ ၏ ထူးခြားသော ဣန္ဒြေ ပြုံး ကြီး ကို ပြုံးပြ လိုက်လေသည် ။ ထို အပြုံးကြီး မှာ ပြုံးတာရှည်ကြီး ဖြစ်ပေသည် ။ မြို့နယ်ခေါင်းဆောင် ဖြစ်သည့်အလျောက် ၊ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲကြီး တွင် ပါလီမန်အမတ် အဖြစ် အရွေး ခံရတော့မည် ။ ဦးသာခင် သည် သွားလေသူ သူ့ဖ ခင်ကြီး နှင့် မိခင် သာ ရှိလျှင် အဘယ်မျှလောက် ကျေနပ်ဝမ်းမြောက်လေမည်နည်းဟု တွေးမိလေသည် ။ မိခင်ဖခင် တို့ မှ ကျော်လွန်၍ ဘိုးဘေးဘီဘင် တို့ဆီသို့ လှမ်းကြည့်ကာ သူတို့ လည်း သူ့ ကို အကြောင်း ပြု၍ ဂုဏ် တက်ကြပေမည် ဟု သူ ယုံကြည်လေသည် ။ ထိုသို့သော မျိုးစဉ်ဆွေဆက် ကို လှမ်း၍ ကြည့်သော ရာဇဝင်အကြည့် ဖြင့် ပြုံး တာရှည်ကြီးဖြစ်ပေါ်လာလေသည် ။ သူသည် သူ့ ကျေနပ်ဝမ်းမြောက်မှုကို သူ့ ပါရမီဖြည့်ဖက် ဒေါ်မေတင် အား အိပ်ရာဝင် ရာတွင် အားရပါးရ မျှဝေလေသည် ။ ဒေါ်တင်မေ သည်လည်း အပျို ကြီး ဘဝ မှ သီသီကလေး လွတ်လာရာ မှ သားသမီးပစ္စည်းပစ္စယ နှင့် ပြည့်စုံသည့် ဘဝသာယာ သို့ ရောက်ရချိမ့်မည် ဟု မျှော်တွေး၍ ပြုံးရှာလေသည် ။
ယင်းသို့ အကျေနပ်ကြီး ကျေနပ် နေခိုက် တွင် ပင် သီတင်း ကျွတ်လေတော့သည် ။ သီတင်း ကျွတ် သည် လွတ်လွတ်ကျွတ်ကျွတ် ပျော်သော အခါ သမယ ဖြစ်ပေသည် ။ သီတင်းကျွတ်လပြည့် နေ့ ၌ ဦးသာခင် ခေါင်းဆောင်သော ပါတီ က ခေါင်းဆောင်၍ ရပ်ရွာရှိ ဆွမ်းလောင်းအဖွဲ့များ စုပေါင်းကာ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းပွဲကြီး ကျင်းပလေသည် ။ ညနေ လေးနာရီလောက် တွင် ဆွမ်းဆန်စိမ်းလောင်းပွဲကြီး မှာ စည်ကားသိုက်မြိုက်လှပေသည် ။ မြို့ပေါ်ရှိ သံဃာကုန် ခုနစ်ရာ ကျော် သည် ဝါစဉ် အလိုက် စီတန်း ကြွလာပြီးလျှင် မြို့လယ်မဏ္ဍပ်ကြီး ရှေ့ တွင် ဆွမ်းဆန် မှ စ၍ ပစ္စည်းများစွာတို့ကို အလှူ ခံကြလေသည် ။ ခေါင်းဆောင်ကြီး ဦးသာခင် သည် ပိတ်စ လက်ကန်တော့ ထိုး ကာ မဏ္ဍပ် ထိပ် မှ နေ၍ ခေါင်းဆောင်၍ ဆွမ်းဆန်စိမ်းလောင်းလေသည် ။ သူ့ အနီးတွင် သူ့ ဇနီး နှင့် သမီး တို့ ရှိကြသည် ။ သူတို့ က သူ့ အား လှူဖွယ်ပစ္စည်းများ ကို လှမ်းပေး၍ ကူညီ ကြသည် ။ မြို့နယ်သတင်းထောက်များ သည် ခေါင်းဆောင်ကြီး ကို ထောင့်အဖက်ဖက် မှ နေ၍ တဖျတ်ဖျတ် ဓာတ်ပုံ ရိုက်လျက် ရှိကြလေသည် ။
နေဝင်ခါ နီး တွင် ဆွမ်းလောင်းကိစ္စ ပြီးသွားလေရာ အရပ်ရပ်မှ လာကြသော အတီးအမှုတ် အကဝိုင်း တို့ သည် ခေါင်းဆောင်ကြီး နှင့် တကွ လူကြီးမင်းများ ရှေ့ တွင် အစွမ်းကုန် အပြိုင်အဆိုင် ကခုန် သီဆိုကြလေသည် ။ အလှ က သော အမျိုးသမီးကလေးများ သည် မြို့ပေါ်တွင် အလှဆုံးမယ် ကလေးများဖြစ်သည် ။ အပျော် က သော ဒိုးပတ်ဝိုင်း အိုးစည်ဝိုင်းများ သည် မြိုင်ဆိုင်လှပေသည် ။ ဦးသာခင် သည် သူ့ မူပိုင် အပြုံး ကြီး ပြုံး လျက် အမျိုးသမီးကလေးများ ကို ရှုစားလေသည် ။ ထို့နောက် အိုးစည်ဝိုင်း ၊ ဒိုးပတ်ဝိုင်း စသည့် အပျော် ကများ ကို လည်း ကြည့်လေသည် ။ အပျော် က များတွင် အိုးစည်တစ်ဝိုင်းမှာ အတော် ပွဲ ကျပေသည် ။ ကြည့်သူ အားလုံးပင် အူနှိပ် နေကြရသည် ။ ဦးသာခင် သည်လည်း ရယ်ချင်လွန်း ၍ အူ လိပ်၍ လိပ်၍ တက်လာလေသည် ။ သို့ရာတွင် သမာဓိနတ် က တား သဖြင့် သူ့ မူပိုင်အပြုံးကြီး ဖြင့်သာ ပြုံး လိုက်ရလေသည် ။
ညဉ့်ဦး တွင် ပွဲ ပြီး၍ မဏ္ဍပ် မှ ဇနီး နှင့် သမီး တို့ နှင့်အတူ အိမ်သို့ ပြန်လေသည် ။ သူ့ အိမ်ဝိုင်းတစ်ဝိုင်း လုံး မှာ မီးနီ မီးဝါ မီးစိမ်း စသည် ဖြင့် မီးပဒေသာဆင်ယင်လျက် ရှိသည် ။ ဦးသာ ခင် သည် အဝတ်အစား လဲပြီးနောက် အသင့် ပြင်ထားသော ညစာ စားလေသည် ။ ညိုညိုယဉ် က ထမင်း ထပ် ထည့်ပေးရင်း သူ့ ဖခင် ကို မော့ ကြည့်ကာ “ ဖေဖေ ညို တို့ မီးပွဲ ထွက်ကြည့်ချင်တယ် ၊ ဖေဖေ ကော လိုက်ဦးမှာလား ” ဟု မေးလေသည် ။
ဦးသာခင် က ထမင်းလုတ် ကို လက် နှင့် ပြင်နေစဉ် “ မလိုက်ပါဘူးကွယ် ၊ သမီး မေမေ နဲ့ သွားပါ ၊ ဖေဖေ ရေမိုး ချိုးပြီး ဘုရားအာရုံ ပြုလိုက်ဦးမယ် ၊ ကား နဲ့သွားလေ ၊ ပူစူးမ တို့ ကို လည်း ဝင် ခေါ်သွားပေါ့ ” ဟု ဆိုလေသည် ။
“ မမမြင့် တို့ ကို မှာ ထားပြီးပါပြီ ၊ မေမေ နဲ့ သွားမှာပေါ့ ”
“ အေး ... အားလုံးသွားကြ ၊ ရွှေခင် တို့ ကို လည်း ခေါ် သွား ၊ ငါတစ်ယောက် တည်း နေခဲ့ မယ် ”
ဦးသာခင် သည် ဇနီး နှင့် သမီးနှင့် အိမ်စေမ တို့ ထွက်သွားကြသည် ကို ကြည့် နေလေ သည် ။ အိမ်ဝင်း တစ်ဝင်းလုံး မီးထိန်ထိန် လင်းနေသော်လည်း အိမ်တွင် မည်သူမျှ မရှိချေ ။ ဝင်း မြောက်ဘက်စွန်း ဂိုဒေါင်ဘက်ဆီ က ထန်းရည်တမြမြ နှင့် သီချင်းတအေးအေး နေသော ယံကနား နှင့် အပ္ပနား တို့ နှစ်ယောက် အသံ ကို လှမ်း ကြားရသည် ။ အိမ် အောက်ထပ် တွင် အိပ် သော ပွဲရုံစာရေး ဖိုးခွေး နှင့် ကတ္တား ချိန် ပေးရသော တပည့်လှသော် တို့လည်း ပွဲကြည့် ထွက်သွားနှင့်ကြလေပြီ ။
ဦးသာခင် သည် အိမ်ရှေ့ လသာခန်း တွင် ပက်လက်ကုလားထိုင် တွင် လဲလျောင်း ရင်း စီးကရက် တစ်လိပ် ကုန်အောင် ဖွာ နေလေသည် ။ သူ သည် ညနေ က ပျိုမေတသင်း တို့ ၏ ရုပ်ပုံ ကို မျက်စိ ထဲ တွင် တဝဲလည်လည်ဖြစ်နေသည် ။ ဖျတ်ဖျတ်လတ်လတ် နှင့် အားရပါးရ အိုးစည် က က သော အရပ်မင်းသား မောင်မာဒင် ကို လည်း မြင်ယောင်နေလေသည် ။ ဆေးလိပ် လက်တစ်ဆစ် အဖြစ် သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အနီးရှိ ပြာခွက် တွင် လက်နှစ်ချောင်းဖြင့် ထိုး ချေလိုက် ပြီးလျှင် ပက်လက်ကုလားထိုင် မှ ထလိုက်လေသည် ။
မကြာမီပင်လျှင် သူ သည် နံငယ်ရေလဲပိုင်းကလေး ဝတ်လျက် ရေချိုးခန်း ထဲ တွင် ရောက်နေ လေသည် ။ ရေချိုးခန်းတံခါး ကို ပိတ်ထားရုံ နှင့် အားမရသေး ဘဲ ပြတင်းပေါက်ကို လည်း ပိတ် လိုက်လေသေးသည် ။ ပြတင်းပေါက် ပေါ် ရှိ မှန်လယ်ပေါက် မှ လေတဟူးဟူး ဝင် နေလေသည် ။ ဦးသာခင် သည် အလွန် လုံခြုံသော အခန်း ထဲ ၌ တစ်ကိုယ်တည်း ရောက်နေသည် ကို ကျေနပ်နေ သည် ။ လွတ်လပ်သလိုလို ဖြစ်နေမိသည် ။ သူ သည် ရေအိုး ထဲ မှ ကြေးဖလားကြီး နှင့် ခပ်ပြီး ပခုံး မှ လွှဲ၍ ရေ လောင်းချလိုက်သည် ။ ထို့နောက် အထက် သို့ မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး လျှင် အနီး ရှိ ဘုံပိုင်ခေါင်း ကို လှည့် လိုက်ရာ ၊ သူ့ ကိုယ်ပေါ် သို့ ရေပန်းဖွာကျလာလေသည် ။ သူ သည် တဖွားဖွား ကျလာသော ရေပန်းအောက် တွင် တစ်မိနစ်ခန့် ငြိမ် ရပ် နေပြီးမှ လက်တွင် ရှိသော ကြေးဖလားကြီး ကို မှောက် ၍ ညာလက်မောင်း နှင့် ပတ်ထားပြီးလျှင် ဖလားကြီး အောက် ခံကို ဘယ်လက်သီး ဖြင့် ထုကာ “ ရွှေအိုးစည် လွယ်သလေလေ့ လွယ်သလေလေ့ လိမ်ဖယ်ဖယ် တီးပေါ့ မောင်ရယ် ” ဟု အသံကလေး ခပ်အုပ်အုပ် ဆိုကာ အိုးစည် က က လေသည် ။
အစ ၌ အသံ ခပ်အုပ်အုပ် ၊ ခြေလက် ခပ်ဆိုင်းဆိုင်း ဖြစ်သော်လည်း သုံးလေးမိနစ်အတွင်း ၌ အသံ ကျယ်လာသည်နှင့်အမျှ မောင်မာဒင် နည်းအတိုင်း ရေတဖွားဖွား အောက်တွင် ခုန်ပေါက် ၍ နေလေသည် ။
သူ သည် လူမမည် အရွယ် က ကိုယ်တုံးလုံး နှင့် မိုးရွာ ထဲ လျှောက် ပြေးရသကဲ့သို့ လွတ်လပ် ပျော်ရွှင်နေလေသည် ။ တစ်ချီ ကပြီးသည် နှင့်တစ်ပြိုင်နက် ဆပ်ပြာစင် ပေါ် ၌ ရှိသော ထောက်မှန် ကလေး ကို လှမ်း ယူ၍ သူ့ မျက်နှာ ကို ကြည့်ပြီးလျှင် အားရပါးရ ရယ်လိုက်လေသည် ။
◾တက်တိုး ( ၁၉၅၉ )
📖 ၂၀ ရာစု မြန်မာဝတ္ထုတို
www.facebook.com/aung.naingoo.3726613
.
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Monday, April 18, 2022
ထွက်ပေါက်
Sunday, April 17, 2022
ပန်ဆင်ရာ ကေသာတင့်စေဖို့
❝ ပန်ဆင်ရာ ကေသာတင့်စေဖို့ ❞
၁ ။
ကျွန်တော် နှင့် ကျွန်တော့် ဦးလေး တို့ မှာ သိမ်ကြီးဈေး ဘက် သို့ ရောက်တိုင်း လိုလိုပင် ဒီ ရုံရှိ “ ရွှေကြက် ” ပဲလှော်ဆိုင် သို့ ဝင် တတ်ကြသည် ။ ဝယ်စရာခြမ်းစရာ ရှိလျှင်လည်း ထို ဆိုင် မှ တစ်ဆင့် သွားရောက် ဝယ်ယူပြီး မှ အိမ် သို့ ပြန်တတ်ကြသည် ။ ရွှေကြက် ပဲလှော်ဆိုင် ပိုင်ရှင် ဦးတင်ဦး နှင့် ဒေါ်ကျင်မွှေး တို့မှာ ကျွန်တော်တို့ နှင့် ဆွေမျိုးသားချင်းလို ချစ်ခင် ရင်းနှီးကြသည် ။ ဦးတင်ဦး နှင့် ကျွန်တော့် ဦးလေး မှာ ဓမ္မမိတ်ဆွေများလည်း ဖြစ်ကြသည် ။
ဦးလေး မှာ အဝယ်အခြမ်း လောဘကြီးသူ ဖြစ်ရာ တစ်ခါ တစ်ရံ ပါလာသည့်ငွေ ကုန် သွားသော်လည်း နောက်ထပ် ဝယ်စရာ ကျန်သေးလျှင် ဒေါ်ကျင်မွှေး တို့ ထံမှ လိုသလောက် ငွေ ကို ခေတ္တ ယူရပြီး နောက်တစ်ကြိမ် ကျွန်တော် တို့ သိမ်ကြီး ဈေး သို့ ပြန် ရောက်မှ ပေးရသည် ။
ရွှေကြက် ပဲလှော်ဆိုင် သို့ ကျွန်တော်တို့ ရောက်တိုင်း ရောက်တိုင်း ဒေါ်ကျင်မွှေး က ကျွန်တော်တို့ အတွက် မုန့်ဟင်းခါး နှစ်ပွဲ ၊ ဟင်းရည်သတ်သတ် တစ်ပွဲ ကို သူတို့ ဆိုင်မှ ကောင် ကလေးတစ်ယောက်ယောက် အား မနီးမဝေး ရှိ ဒေါ်စန်းရီ မုန့်ဟင်းခါးဆိုင် မှ သွားရောက် ဝယ်ခိုင်းကာ ကျွန်တော်တို့ ကို ကျွေးလေ့ရှိသည် ။ အိမ် အပြန်တွင်လည်း အမြဲလိုလို ပဲလှော် များ ထည့်ပေးတတ်သေးသည် ။
ရွှေကြက် ပဲလှော်ဆိုင် မှာ ရွှေတိဂုံဘုရားလမ်း ကို မျက်နှာ မူလျက် ပြည်သူ့ကုန်တိုက်ကြီး ၏ ဓာတ်လှေကား နှင့် မျက်နှာချင်းဆိုင် တည့်တည့်လောက် မှာ ရှိသော ဒီရုံ ၊ ဈေးချို ၂ မှ ဆိုင်ခန်းငယ် တစ်ခန်းဖြစ်သည် ။
ငါးပေပတ်လည် နီးပါးမျှသာ အကျယ်အဝန်း ရှိသည့် ဆိုင်ခန်းလေးတွင် ပဲလှော် ထည့်သည့် မှန်သေတ္တာ ၊ မှန်ပုံးကြီးများ ပတ်လည် ဝိုင်းရံလျက် လူနေရန် နေရာ ကွက်ကွက်ကလေး
လောက်ပဲ ကျန်သည် ။ သူတို့ ဆိုင်တွင် ပဲကြီးလှော် ၊ ကြက်သွန် ဖြူ မြေပဲဆားလှော် ၊ ဆား မပါ သည့် ရိုးရိုးမြေပဲလှော် ၊ ပဲလုံးကြော်များ ရောင်းသည် ။ ပဲလှော် ထည့် ပေးသည့် စက္ကူအိတ် တွင် “ ဧည့်ဝတ်ကျေတဲ့ သိမ်ကြီးဈေး ရွှေကြက် ” ဟု ကြော်ငြာထား သလို ရွှေကြက် ၏ ပဲကြီးလှော် နှင့် ကြက်သွန်ဖြူ ၊ မြေပဲဆားလှော် မှာ အမှန်ပင် ဧည့်ဝတ် ကျေဟန် တူပါသည် ။ ထို ပဲလှော် နှစ်မျိုးမှာ နာမည်ကျော်ကြားသည် နှင့် အညီ အရောင်းရဆုံး ဖြစ်သည် ။ လဆန်းစ ရက်များ ၊ စနေနေ့များ နှင့် အများပြည်သူ ရုံးပိတ်ရက် ၊ ဘာသာရေးဆိုင်ရာ နေ့ကြီးရက်ကြီး ရုံးပိတ်ရက် ၏ အကြိုနေ့ရက်များ တွင် ပို၍ ရောင်းကောင်းသည် ။ ပြည်သူ့ ကုန်တိုက်ကြီး ဖွင့်လှစ်ပြီး နောက်ပိုင်းမှာမူ ဘယ်နေ့ ဘယ်ရက် ရယ်လို့ မဟုတ်တော့ဘဲ နေ့စဉ်နေ့တိုင်း အရောင်းရ တွင်ကျယ်နေတော့သည် ။
ဆိုင် မှာ ဒေါ်ကျင်မွှေး နှင့် တူမကလေး သုံးယောက် ၊ အကူ အညီ ခေါ်ထားသည့် ကောင်ကလေး နှစ်ယောက် တို့ မှာ တစ်နေ့လုံး လိုလို အနား မရအောင် ရောင်းကြရသည် ။ ဦးတင်ဦး ကတော့ သူ ၏ ဓမ္မကိစ္စ အဝဝနှင့်သာ အလုပ်ရှုပ်လျက် ရှိတတ် ရာ သူ့ ကို ဆိုင်မှာ တွေ့ရခဲသည် ။
ooooo ooooo oooo
ဒီဇင်ဘာလဆန်းစ ၊ တစ်နေ့ နံနက် ၁၀ နာရီအချိန် လောက်မှာ ကျွန်တော် နှင့် ဦးလေး တို့ ရွှေကြက် ပဲလှော်ဆိုင် သို့ ရောက်သွားကြသည် ။ ထုံးစံအတိုင်း ဒေါ်ကျင်မွှေး မှာသော မုန့်ဟင်းခါး ကို ပဲလှော်ထည့် သည့် ထင်းရှူးသေတ္တာ များပေါ်မှာ ကျဉ်းကျဉ်းကျပ်ကျပ် ထိုင် စားကြရင်း ဈေး လာ ဝယ်သူများ ကို ကျွန်တော် တို့ တစေ့တစောင်း ကြည့်နေမိသည် ။
ဆိုင်မှာ လူ ကျချိန်ဖြစ်သောကြောင့် ဝယ်သူ အများ မှာ ဆိုင် ၏ မျက်နှာစာ ပတ်ပတ်လည်တွင် ဝိုင်းအုံ နေကြသည် ။ ဝယ်သူအများ ၏ နောက် ခပ်ကျကျ မှာ လက်ဆွဲအိတ်လှလှ
တစ်ခု ကို ဆွဲကိုင်လျက် ရပ်စောင့်နေသည့် မိန်းကလေး တစ်ဦး ကို ကျွန်တော် သတိထားကြည့်နေမိသည် ။
လူအများ ကြားထဲတွင် သူမ ၏ ရုပ်ရည်မှာ ကွက်၍ ထင်ရှားပေါ်လွင်နေတော့သည် ။ အမူအရာ ၊ အဆင်အပြင် ၊ အဝတ်အစား ၊ ပုံပန်းသဏ္ဍာန် ကို မြင်လိုက်ရုံမျှနှင့် ပညာတတ် အထက်တန်းစား ထဲ က မှန်း သိသာလောက်သူ ကလေးပင် ။ အထူးခြားဆုံးကတော့ ကြည်စင်လန်းဆန်းမှု နှင့် တည်ငြိမ်အေးမြခြင်း ကို ပေါင်းစပ်ထားသည့် သူမ ၏ မျက်နှာလှကလေး ပဲ ဖြစ်သည် ။ သည်လို မျက်နှာမျိုး မှာ မျိုးရိုး သန့်ခြင်း နှင့် ကျန်းမာရေးကောင်းခြင်း ကို ဖော်ပြသည့် အမှတ်လက္ခဏာပဲ မဟုတ်ပါ လား ။ သူမ ၏ ဖြူဝင်းနုညက် သည့် အသားအရေ ၊ ရှည်သွယ်နွဲ့လျသည့် ကိုယ်ဟန်အနေအထား နှင့် လိုက်ဖက်သော သနပ်ခါးရောင် ပိုးလက်စက အင်္ကျီ နှင့် အပွင့်သေးသေးစိပ်စိပ် အစိမ်းရင့်သွေး ကဲသည့် အကောင်းစား ၊ အင်ဒိုနီးရှားပါတိတ် လုံချည် ကို ဝတ်ထားသည် ။
အသက် လေးဆယ် အရွယ်တွေ ပင် ဆံပင် ကို တို နိုင်သမျှ တိုတို ဖြတ်ကာ ကျော တစ်ပြင်လုံး ဖြန့် ချထားတတ်သည့် ယနေ့ ခေတ် မြန်မာအမျိုးသမီး တို့ ၏ ဆံပင်ပုံစံ အဆင်အပြင် ထဲတွင် အသက်အစိတ် ထက် ဘယ်နည်းနှင့်မျှ မကျော်လွန်နိုင်သေး
သော သူမ က ဆံပင် ကို သေသေသပ်သပ် နောက်တွဲ ထုံးဖွဲ့ ထားသည်မှာ ကျွန်တော့် အဖို့ ဆန်းသစ်နေတော့သည် ။ ဤ ထုံးဖွဲ့မှုကြောင့်ပင် မိန်းကလေး ၏ ချောမောလှပခြင်း ကို ခံ့ညားကျက်သရေ ရှိခြင်းက ဘောင် ကွပ် ပေးထားသလို ကျွန်တော် ခံစားရသည် ။ ရင့်ကျက်တည်ငြိမ် ဣန္ဒြေ ရှိလှသော မြန်မာမှု ၊ မြန်မာ့ဟန် ကို ယဉ်ကျေးစွာ ဖော်လှစ်ပြနေဟန် ကျွန်တော် ချဲ့ထွင်ချီးကျူးမိသေးသည် ။
သူမ ၏ နောက်တွဲဆံထုံး တွင် သဇင်ပန်း တစ်ခက် ကပို ကရို ပန်ထားသည်ကို တွေ့ရသည် ။ သဇင်ပန်း ကို မြင်ရတော့ ကျွန်တော့် စိတ်ထဲ သင်္ကာမကင်း ဖြစ်သွားသည် ။ အသေအချာ စူးစိုက် ကြည့်လိုက်ရာ ထင်သည့် အတိုင်း စက္ကူ နှင့် ပြုလုပ်ထား သည့် သဇင်ပန်း အတု ဖြစ်နေပါတော့သည် ။ သဇင်ပန်း အတု မှန်း သေချာစွာ သိလိုက်ရမှပင် ကျွန်တော် ပိုပြီး စိတ်ဝင်စား သွားတော့သည် ။
ဘာကြောင့် သဇင်ပန်း အတု ကို မှ ပန် ရပါလိမ့် ။ သည် မနက်ပဲ သိမ်ကြီးဈေး သစ်သီးဆိုင်တန်းဘေး က ဒေါ်ဘီ ၏ ပန်းဆိုင်တွင် သဇင်ပန်းများ ကို ကျွန်တော် တွေ့ခဲ့ရသေးသည် ။ ပေါ်ဦးပေါ်စ သဇင်ပန်း မို့ တစ်ခက် ကို ငါးကျပ် ၊ ခြောက်ကျပ် လောက် ဈေး တောင်းချင် တောင်းမည် ။ သည့်ထက် ဈေး ပို တောင်း ဦးတော့ သူမ ပေးဝယ်နိုင်သည့် အခြေအနေ ရှိသည် ( ကျွန်တော် သည်လိုပဲ စိတ်ထဲက အလိုလို မှတ်ယူ ယုံကြည် ထားသည် ) ၊ ခုတော့ ဘာကြောင့်များ နှစ်ပြားတစ်ပဲ တန် အပေါ စား သဇင် ပန်း အတု ကို မှ ပန်ထားရပါလိမ့် ၊ ဘယ်လို အကြောင်းအချက်များ ရှိနေပါလိမ့် ။ သဇင်ပန်း အစစ် နှင့်သာ ဆိုလျှင် သူမ ၏ အလှကျက်သရေမှာ ပို၍ပင် ပေါ်လွင်ထင်ရှား နေဦးမည် ။ ဆန်ဖြူဖြူ ထမင်းပန်းကန် တွင် စပါးလုံး တစ်စေ့ စွက် သလို ကျွန်တော် မသက်မသော မကျေမနပ် ခံစားရသည် ။
ကားလမ်း ဘက် သို့ ငေး နေသော သူမ က ဝယ်သူ အတော်ပါးသွားပြီ ဖြစ်သောကြောင့် ဆိုင်ရှေ့သို့ တိုးလာတော့ မှ ကျွန်တော် သည်လည်း မျက်လွှာ ချလိုက်ပြီး လက် ထဲ ရှိ မုန့် ဟင်းခါး ပန်းကန် ထဲ မှ ဟင်းရည် နှင့် မုန့်ဖတ်များ ကုန်လုနီးမို့ ထိုးထိုးထောင်ထောင် ထွက်ပေါ်လာရသည့် ကြက်သွန်ဥ စိမ်းဝါပြောင်ပြောင် ကို ခပ်ကြောင်ကြောင် ကြည့်နေလိုက်ရ တော့သည် ။
“ ကြက်သွန်ဖြူ ၊ မြေပဲဆားလှော် ငါးဆယ်သား ပေးပါ ”
ဆည်းလည်းသံချိုကလေး လှုပ်မြည်သံ ကြားလိုက်သော အခါ မုန့်ဟင်းခါးပန်းကန် မှ တစ်ဖန် ကျွန်တော် မျက်နှာ ခွာပြီး သူမ ကို မသိမသာ ခိုး ကြည့်လိုက်ရပြန်သည် ။ ကျွန်တော့် မျက်စိအာရုံ သည် သူမ ၏ ဆံထုံး မှ သဇင်ပန်း ဆီ သို့သာ ရောက် ရှိသွားသည် ။ ပို၍ နီးကပ်နေသောကြောင့် ပို၍ လေ့လာခွင့် ရ သည် ။ သေချာပါပြီ ။ သဇင်ပန်း အတု မှ သဇင်ပန်း အတု ပါပဲ ။
မိန်းမပျိုကလေး က ဒေါ်ကျင်မွှေး နှင့် ဆိုင်မှ မိန်းကလေး များ ကို ဣန္ဒြေ ရရ ပြုံးပြသည် ။ ထို့နောက် ကျသင့်သော တန်ဖိုးငွေ ကို ပေးချေပြီး မြေပဲဆားလှော်ထုပ် ကို လှမ်း ယူကာ ထွက်သွားတော့သည် ။
လူအများထဲ က သူမ ပျောက်ကွယ်သွားတော့မှ သူမ ၏
နောက်ကျော မှ လိုက်လံ ကပ်ပါသွားသည့် ကျွန်တော့် အကြည့် ကို ပြန်လည် ရုပ်သိမ်းလိုက်ကာ -
“ အဲဒီ မိန်းကလေး ကို ဒေါ်ဒေါ်တို့ သိတယ် မဟုတ်လား ”
ဟု မေး လိုက်ရတော့သည် ။ ဒေါ်ကျင်မွှေး က စောစော ကတည်းကပဲ ကျွန်တော် ၏ အရိပ်အကဲ ကို ကြည့်မြင် သိရှိထား ဟန် နှင့် -
“ စိတ်ဝင်စားသွားပြီလား ၊ ကောင်မကလေး က တော် တော် ချောတယ်နော် ။ ဒေါ်ဒေါ်တို့ ရဲ့ အသိမိတ်ဆွေ တော့ မဟုတ် ပါဘူး ၊ ဆိုင် ကို မကြာမကြာ လာပြီး မြေပဲဆားလှော် ဝယ်နေ လို့ မှတ်မိနေတာ ။ သူ့ ရုပ်ကလေးက တစ်ခါ မြင်တွေ့လိုက်တာ နဲ့ အမြဲတမ်း မှတ်မိသွားနိုင်တဲ့ ရုပ်ကလေးပဲ နော် ” ဟု ပြောသည် ။
“ ဟုတ်တယ် ဒေါ်ဒေါ် ရဲ့ ၊ သူ့ ရုပ် က ထူးထူးခြားခြား ကို ကျက်သရေ ရှိတဲ့ ရုပ်ပါပဲ ။ ကျွန်တော် က ဒီ သူ့ ရုပ်ရည် ထက် သူ ပန်း ပန်ထားတာကို ပိုပြီး စိတ်ဝင်စား နေမိလို့ပါ ”
“ သူ က ဘယ်လိုများ ပန်း ပန်ထားလို့လဲ ၊ ဒေါ်ဒေါ် တောင် သတိ မထားလိုက်မိပါဘူး ”
“ သူ့ ဆံထုံး မှာ သဇင်ပန်း ပန် ထားတယ်လေ ။ သဇင်ပန်း က စက္ကူ နဲ့လုပ်ထားတဲ့ သဇင်ပန်း အတု ဗျ ။ သူ့ ကြည့်ရတာ ချမ်းချမ်းသာသာ ထဲ က ဖြစ်ဟန် တူပြီး ဘာကြောင့် သဇင်ပန်း အစစ် ကို မပန်ဘဲ အတု ကို ပန်ထားရသလဲ မသိဘူးနော် ။ သဇင် ပန်းတွေ ပေါ်နေပြီ မဟုတ်လား ။ အဲဒီ အချက် ကို ကျွန်တော် စဉ်းစားတွေးတောပြီး စိတ်ဝင်စား နေမိတာပါ ”
“ မောင်မောင် ကတော့ စာရေးဆရာ ပီပီ စိတ်ကူးယဉ်ပြီ ။ ဟုတ်တယ်နော် ။ သူ့ကို ကြည့်ရတာ ချမ်းချမ်းသာသာ မိကြီး ဖကြီး သားသမီး ပုံပါပဲ ။ ကား နဲ့လာပြီး ဈေး ဝယ်တယ် ထင်ပါရဲ့”
ဒေါ်ကျင်မွှေး ၏ တူမ ခင်စန်းအေး က
“ သူ့ ကား ကလည်း အပျံစားပဲ ။ ငွေပြာနုရောင် နောက်ဆုံး ပေါ် ကားကလေး ဒေါ်ဒေါ်ရဲ့ ။ သူကိုယ်တိုင် တစ်ယောက် တည်း ကား မောင်း မောင်းပြီး ဈေး လာဝယ်တာ ။ တစ်ခါ တစ်ခါ သူ့ နံဘေး မှာ အဘွားကြီး တစ်ယောက် ပါ ပါလာတတ် တယ် ။ သူ့ ကား ကို ဟို ယုဇနလက်ဖက်ဆိုင် ရှေ့ နား မှာ ရပ် ရပ် ထားခဲ့တယ် ။ ဒီနေ့တော့ အဲဒီ နေရာမှာ သူ့ ကား ကို မမြင်မိဘူး ”
ဟု ဆိုကာ မလှမ်းမကမ်း တစ်နေရာ သို့ လှမ်းကြည့်နေ သည် ။
“ အံမယ် ၊ ညည်းတို့က ဒီလောက်တောင် သိနေကြပါ လား ”
"အဲဒီ မမ က ရုပ် က ထူးထူးခြားခြား ကို ချောလှနေတော့ သူ လာရင် ကျွန်မတို့ က ဂရုတစိုက် ကြည့်ကြည့်နေလို့ပါ ဒေါ်ဒေါ် ။ ဟုတ်တယ် ၊ သူ က အမြဲပဲ ပန်းတစ်ခက် ပန်ပန်ထားတာ တွေ့ရတယ် ။ သူ ပန်ထားတော့ ပန်း အစစ် လို့ပဲ ကျွန်မတို့ က ထင်နေတာ ၊ ခု အစ်ကို ပြောမှ အတု မှန်း သိရတော့တယ် ”
“ သဇင်ပန်း အတု မှ အတုကြီး ပါ ။ ကိုယ် သေသေချာချာ ကြည့် လိုက်တာပဲ ။ အဲဒီလို ထူးထူးခြားခြား ချောလှသူ ၊ ချမ်းသာကြွယ်ဝသူကလေး ဟာ ဘာကြောင့်များ အပေါစား
သဇင်ပန်း အတု ကို ပန် ထားရပါလိမ့် ။ တကယ့် သဇင်ပန်း အစစ် ကို သာ ပန် ထားမယ် ဆိုရင် ခုထက် ပိုပြီးတောင် ကြည့်ကောင်း ဦးမှာနော် ”
ဒေါ်ကျင်မွေး က ကျွန်တော့် ကို ကြည့်ပြီး ပြုံးစနဲ့နဲ့နှင့် -
“ ကဲ ဒီတော့ သဇင်ပန်း အစစ် ကို မင်း က ဝယ်ပြီး လက်ဆောင် ပေးလိုက်ပါလား ၊ ဈေး မှာ သဇင်ပန်းတေွ တောင် ပေါ်စ ပြုနေပြီ ။ ဈေး က ကြီးပေါ့ တော် ”
“ ကျွန်တော် သာ သူ့ ကို သဇင်ပန်း လက်ဆောင် ပေးမယ် ဆိုရင် ရန်ကုန် မှာ ခု ရောင်းနေတဲ့ သဇင်ပန်းတွေ ကို မပေးချင်ပါဘူး ။ ဟို လူသူ မနီးတဲ့ တောတောင်ကြီး ထဲက သစ်ပင်မြင့် ကြီးတွေပေါ်မှာ သူ့ သဘာဝ အလိုအလျောက် အလေ့ကျ ပေါက် နေတဲ့ ၊ တကယ့်ကို မြင့်မြတ်သန့်စင်တဲ့ ရွှေသဇင် ကို မှ ပေးချင် တာ ။ စာဆိုဦးတိုး က သူ့ရဲ့ “ ရာမရကန် ” ထဲမှာ မြတ်ပန်းတော် သဇင်ပန်း ဆိုတာ “ စိမ့်ကြီးမြိုင်ကြီး ၊ ရိပ်ကြီးတောတောင် ၊ နေရောင်မခံ ၊ ပန်းပျံပင်ဆင့် ၊ မြေနှင့်ရန်ဘက် ၊ ခက်လက်စိမ်းမြ ၊ မိုးမခဘူး.. ” လို့ ဖွဲ့ဆိုထားတယ် မဟုတ်လား ။ ရန်ကုန် က သဇင်ပန်းတွေ ကတော့ လူ စိုက်တဲ့ သဇင်ပန်းတွေ ၊ လူနံ့ သူနံ့ ၊
ကားနံ့ ၊ ညှော်နံ့ ၊ မြို့တော် ရဲ့ ညစ်ညမ်းတဲ့ ရနံ့ပေါင်းစုံ ရှူရှိုက် ခံစားနေရ လို့ မရွှင်မလန်းတဲ့ သဇင်ပန်းတွေ ပါ ။ ကျွန်တော်တို့ ဆီ က “ ရခိုင်သဇင် ” ကို ဒေါ်ဒေါ် တွေ့ဖူးတယ် မဟုတ်လား ၊ ရခိုင် သဇင် က တခြား သဇင် တွေ ထက် အခက်အတံ က လည်း ပို
ရှည် ၊ အပွင့်အစုံ ကလည်း ပိုလို့ ထွားတယ် ။ အမွှေးရနံ့ က လည်း ပို သင်းတယ် ”
“ ဟုတ်တယ် ၊ ရခိုင်သဇင် ဟာ ရန်ကုန် မှာ တော်တော် နာမည်ကြီးတာပဲ ”
“ ဟိုတုန်းက ဆိုရင် ကျွန်တော်တို့ သံတွဲ မှာ သဇင်ပန်းတွေ သိပ် ပေါတာပဲ ။ နတ်တော် ၊ ပြာသို သဇင်ပန်းတွေ ပေါ်ချိန် ဆိုရင် သံတွဲဈေး ထဲမှာ သဇင်ပန်းတွေ ဖွေး နေတာပဲ ။ ငပလီ
နာမည် ကြီးလာတော့ ငပလီ ကို လာတဲ့ ဧည့်သည် တွေ က သဇင်ပန်း တွေကို အရမ်း ပစ်ဝယ်ကြတယ် ။ သူတို့ က သဇင်ပန်းရော ၊ သဇင်ဥ ရသလောက် သယ်သယ် သွားကြတာမို့ ခုဆိုရင် သံတွဲ ဘက် မှာ သဇင်ပန်း တော်တော် ရှားသွားပြီ ။ ကြာရင် မျိုးပါ ပြုန်းသွားမှာ စိုးရတယ် ”
“ သံတွဲ ဘက်က သဇင် တွေ က ရန်ကုန် မှာ လိုပဲ အိမ်ခြံတွေ မှာ လူစိုက်တဲ့ သဇင် ပဲ မဟုတ်လား ”
"ဘယ် ဟုတ်မလဲ ဒေါ်ဒေါ် ရဲ့ ။ မြို့နဲ့ မိုင်နှစ်ဆယ် ၊ သုံး ဆယ်လောက် ကွာဝေးတဲ့ လူသူ အရောက်အပေါက် နည်းလှ တဲ့ တောကြီးတောင်ကြီးတွေ ထဲက သစ်ပင် အမြင့်ကြီးတွေပေါ် မှာ သူ့ အလေ့ကျ သဘာဝပေါက်နေတဲ့ သဇင် ပဲ ။ သဇင်ပန်း ပေါ်ချိန် ရောက်ပြီဆိုရင် သဇင်ပန်း ရှာတဲ့ လူတွေ က တောကြီး တွေထဲ ဝင် ၊ သဇင်အုံ ကို လှမ်းတွေ့ရရင် သစ်ပင်ကြီးပေါ် တက် ပြီး သဇင်ပန်းတံ ကို ဖြတ်ယူပြီး မြို့ဈေးမှာ လာ ရောင်းကြ တယ် ။ သဇင်ဥတွေ ကျန်ရစ်တဲ့ သစ်ပင်ကြီးတွေ ကို သူတို့ အမှတ်အသား ပြုလုပ် ထားခဲ့ကြပြီး နောက်နှစ် သဇင်ပေါ်ချိန် ရောက်ရင် သတ်မှတ်ထားခဲ့တဲ့ နေရာကို ပြန်သွားပြီး သဇင်တံ တွေ ကို ဖြတ် ယူကြပြန်တယ် ။ နောက်ပိုင်းမှာတော့ သဇင်ပန်း ရှာတဲ့ လူတွေ က များလာ ၊ သဇင်ပန်း တို့ ၊ သဇင်ဥ တို့ ဈေး က လည်း သိပ် ကောင်းလာတော့ သဇင်အုံ တွေ့ပြီဆိုရင် ဘာမှ မချန်ထားတော့ဘဲ ရသမျှ တစ်ခါတည်း အားလုံး ပန်းရော ၊ ဥရော ခွာယူသွားကြတော့တာပါပဲ ။ သစ်တောကြိုးဝိုင်းတွေ အပြင်မှာ ရှိတဲ့ တောတွေထဲ ပေါက်နေတဲ့ သဇင်အုံတွေ ကို မျိုးပြုန်း မသွားအောင် အရမ်း ခွာ မယူဖို့ သစ်တော ဘက် က ဥပဒေ ထုတ် ထားဖို့တောင် ကောင်းတယ် ။
သံတွဲမြစ် ရဲ့ ဟိုး မြစ်ဖျား မြစ်ညာဘက် ၊ ရိုးမတောင်ခြေ အစပ် က သစ်တောကြိုးဝိုင်းကြီး တွေ ထဲမှာ သဇင်ပန်း လှလှတွေ ရနိုင်တယ် ။ ကျွန်တော့် မိတ်ဆွေ သစ်ထုတ်ရေးစခန်း က အရာရှိတွေ ဆီ ကို မှာ လိုက်ရင် သူတို့ ကျွန်တော့် ဆီ ကို ပို့ပေးမှာ ပါပဲ ။ ကျွန်တော် သာ သဇင်ပန်း လက်ဆောင် ပေးမယ် ဆိုရင် အဲဒီ သဇင်ပန်းမျိုး ကို မှ ပေးချင်တာ ။ အဲဒီလို သဇင်ပန်း ကမှ မြင့်မြတ်သန့်စင် သလောက် တန်ဖိုး ရှိ လှတဲ့ မြတ်ပန်းတော် သဇင်ပန်း ပဲ မဟုတ်လား ”
“ ဒီလောက်တောင် စာဆိုလှတဲ့ ရခိုင်သဇင်ပန်း ကို မင်း တကယ်ပဲ သူ့ ကို ပေးချင်သလား ။ ပေးမယ် ဆိုရင် သံတွဲ ကို မှာလိုက်လေ ။ ဆိုင် ကို အဲဒီမိန်းကလေး မြေပဲဆားလှော် လာ ဝယ်ရင် ဒေါ်ဒေါ် သူ့ ကို ပေး ဖြစ်အောင် ပေး လိုက်မယ် ”
ooooo ooooo ooooo
၃ ။
သို့လျှင် အိမ် မှ ထွက်ခဲ့စဉ်က ဘယ်လို ရည်ရွယ်ချက် မရှိခဲ့သော်လည်း ဒေါ်ကျင်မွှေး တို့ ပဲလှော်ဆိုင် မှ အိမ်သို့ ပြန် ရောက်ချိန်တွင်မူ သံတွဲ သို့ သဇင်ပန်း မှာရန် ကျွန်တော် စီစဉ်ရ
ပါတော့သည် ။
သဇင်ပန်း မှာ နှင်းများများ ကျမှ လန်းလန်းရွှင်ရွှင် ထွားထွားဝေဝေ ပွင့်တတ်သည့် နှင်းသောက်ပန်းမျိုး ဖြစ်သည် ။ ယခုလို နတ်တော်လ အချိန်အခါတွင် ကျွန်တော်တို့ ဆီမှာ နှင်း များ ဝေမှိုင်းအောင် ကျဆင်းနေပေရော့မည် ။
ထို့ကြောင့် သံတွဲ ရှိ သစ်လုပ်ငန်း ကော်ပိုရေးရှင်းမှ ကျွန်တော် နှင့် ခင်မင်ရင်းနှီးသည့် ပြည်နယ်မန်နေဂျာ ထံ တော ထဲ မှ ဥ ပါသည့် သဇင်ပန်းလှလှများ လက်ဆောင်ပေးရန် အတွက် ကျွန်တော့် ထံ အမြန်ဆုံး ပို့ပေးပါရန် အဝေးပြော တယ်လီဖုန်း နှင့် လှမ်း မှာလိုက်ရသည် ။ ကံအားလျော်စွာပင် နောက် ဆယ်ရက်ခန့် အကြာတွင် ကျွန်တော့် မိတ်ဆွေ လေယာဉ်မှူးတစ်ဦး နှင့် ကျွန်တော့် ထံ သို့ လှပဖွံ့ထွားသည့် ဥ နှင့် တကွ သဇင်ပန်းတံ သုံးဆယ်ခန့် ပေးပို့လိုက်ပါသည် ။
သဇင်ပန်းများ ကို ကျွန်တော် ကိုယ်တိုင် ရေဖျန်းပေးကာ ငှက်ပျောညွန့် ဖက်စိမ်း နှင့် ပတ်ထားလိုက်သည် ။ ကျွန်တော့် လက်ထဲ သဇင်ပန်းများ ရောက်လာ မှ ကိုယ် နှင့် ဘာမျှ မသက်ဆိုင် ၊ မသိကျွမ်းသူ မိန်းကလေး တစ်ဦး ထံ သဇင်ပန်း လက်ဆောင် ပေးရမှာ မရေမရာလှသည့် အဖြစ်ကို တွေး မိပြန်သည် ။ မဝံ့မရဲ လည်း ဖြစ်မိသည် ။ ရိုးသားဖြူစင်သော ကျွန်တော့် စေတနာ ကို တလွဲ အထင်မှား သွားမှာကိုလည်း စိုးရိမ်မိသည် ။ သဇင်ပန်းများ ကို တတန်တက မှာယူခဲ့ပြီးမှတော့ ပေးဖြစ် အောင် ပေးလိုက်ပါတော့မည် ဟု စိတ် ဆုံးဖြတ်လိုက်သည် ။
ထိုနေ့ ညနေ မှာ ပင် ဒေါ်ကျင်မွှေး တို့ နေထိုင်ရာ မေတ္တာညွန့် စက်မှုလက်မှုရပ်ကွက် သို့ ကျွန်တော် သွားရောက်ပြီး ငှက်ပျောညွန့်ဖက်စိမ်းကတော့ ထဲ ထည့် ယူလာခဲ့သည့် သဇင်ပန်း များ ကို ပေးလိုက်ပါတော့သည် ။ သဇင်ပန်းများ ကို မြင်တွေ့ လိုက်သောအခါ ဒေါ်ကျင်မွှေးက -
“ ဟယ် လှလိုက်တဲ့ သဇင်ပန်းတွေ တော် ”
ဟု တအံ့တသြ ပြောသည် ။
ဒေါ်ကျင်မွှေး တို့ အတွက် သဇင် ဆယ်ခက် ခန့် ပေးလိုက် ပြီး ကျန် သဇင်ပန်းများ ကို မိန်းကလေး မြေပဲဆားလှော် လာဝယ်လျှင် ပေးလိုက်ပါရန် ပြောရသည် ။ ကျွန်တော် တို့နှင့် ဆိုင် မှာ တွေ့ဆုံပြီး နောက်ပိုင်းမှာ ဆိုင်သို့ သူကလေး ပြန် ရောက်လာသေးသလား မေးရာ ရောက် မလာသေးကြောင်း ဒေါ်ကျင်မွှေး က ပြောပြသည် ။
သဇင်ပန်းများ ကို မိန်းကလေး ထံ သို့ မရောက်မီ မညှိုး နွမ်းဘဲ လန်းဆန်းမြဲ လန်းဆန်းနေအောင် နေ့စဉ် ရေအေးအေး ဖျန်းပက်ပေးပါရန် ၊ ဆိုင် သို့ မိန်းကလေး ရောက်လာလျှင် တစ်ခါတည်း သဇင်ပန်းများ ပေးလိုက်နိုင်အောင် နေ့စဉ်နေ့ တိုင်း ဒေါ်ကျင်မွှေး တို့ ဆိုင်သို့ လာလျှင် သဇင်ပန်းထုပ် ကို ငှက်ပျောညွန့်ရွက် နှင့် ထုပ်၍ တယုတယ ယူလာပါရန် ပူပင် စိတ် နှင့် မှာကြားရပါသည် ။ ကျွန်တော် ၏ ရည်ရွယ်ချက်မှာ မိန်းကလေး အား သဇင်ပန်း ပန် စေလိုသည့် စေတနာ သက်သက်မျှ ဖြစ်ရာ ဘယ်သူဘယ်ဝါ ပေးသည် ကို မပြောပြရန် ဒေါ်ကျင်မွှေး ကို မှာရပါသေးသည် ။
ooooo ooooo ooooo
၄ ။
ဒေါ်ကျင်မွှေး တို့ အိမ်သို့ သွားရောက်ကာ သဇင်ပန်းများ ပေးခဲ့ပြီးနောက် တော်တော် နှင့် ကျွန်တော် တို့ သိမ်ကြီးဈေး သို့ မရောက်ဖြစ်ပါ ။ သဇင်ပန်း ကိစ္စ ကိုလည်း အထူးအထွေ သတိ မရနိုင်တော့ဘဲ နိစ္စဓူဝ ကိစ္စဝိစ္စတွေ နှင့်သာ ကျင်လည်လျက် ရှိစဉ် တစ်နေ့ နံနက်ခင်းမှာ ဦးတင်ဦး က ကျွန်တော့်ထံ တယ်လီ ဖုန်း ဆက်သည် ။ ကျွန်တော့် အတွက် လက်ဆောင်ပစ္စည်း တစ်ခု သူ ၏ ဇနီး ဒေါ်ကျင်မွှေး ထံ ရောက်ရှိနေသောကြောင့် သိမ် ကြီးဈေး ပဲလှော်ဆိုင် သို့ လာရောက် ယူပါရန် ပြောပါသည် ။
ထို့ကြောင့် ကျွန်တော် နှင့် ဦးလေး မှာ ရွှေကြက် ပဲလှော်ဆိုင် သို့ သွားရောက်ရပါတော့သည် ။ ရောက်လျှင် ရောက်ချင်း ဒေါ်ကျင်မွှေး က ပြုံးပြပြီး -
“ ဒီနေ့တော့ ဦးခင်မောင်ကြီး တို့ တူဝရီး ကို ကျွန်မ က မုန့်ဟင်းခါး မကျွေးတော့ဘူး ၊ ဦးခင်မောင်ကြီး ရဲ့ တူ ကိုပဲ ကျွန်မတို့ ကို မုန့် ပြန်ကျွေးခိုင်းရတော့မယ် ”
ဟု ပြောသည် ။ ဦးလေး နှင့် ကျွန်တော်က “ ဘာကြောင့်မို့တုံး ”
“ ဘာကြောင့်လဲ ” ဟု ပြိုင်တူ မေးလိုက်ရပါ တော့သည် ။
ဒေါ်ကျင်မွှေး က သူ ၏ လက်ဆွဲအိတ်ကြီး ထဲ မှ အရာဝတ္ထု တစ်ခုကို ထုတ်ယူလိုက်ပြီး ကျွန်တော့် ထံ ကမ်း ပေးလိုက် သည် ။ အလျား လေးလက်မ ၊ အနံ ခုနစ်လက်မအရှည် အရွယ် အစားလောက် ခန့်မှန်းရသည့် လှပသားနားသော စာအုပ် ကလေးတစ်အုပ် ဖြစ်သည် ။
စာအုပ် ၏ နက်ပြာရောင် အဖုံးပေါ်တွင် ငွေရောင်ဖောင်း ကြွ အင်္ဂလိပ်စာလုံးနှင့် Pfizer ဟု ရိုက်နှိပ်ထားသည် ။ စာအုပ် ၏ အနားသုံးဖက်စလုံး ကို ရွှေမင်ခြယ်ထားသည် ။ နိုင်ငံခြားရှိ နာမည်ကျော် ဆေးကုမ္ပဏီကြီးများ က မေတ္တာလက်ဆောင်ပေး ရန် ထုတ်ဝေသော နေ့စဉ်မှတ်တမ်း စာအုပ်ကလေးမျိုး ဖြစ်သည် ။ စာအုပ်တစ်အုပ်လုံး ကို ပါးလွှာသော ပလတ်စတစ်အိတ် ကလေးနှင့် အသေ ဖုံးပိတ်ထားသည် ။
“ ကျွန်တော့် အတွက် လက်ဆောင် ဆိုတာ ဒီစာအုပ်ကလေး လား ၊ ဘယ်သူ က ပေးတာလဲဗျာ ”
ဟု ကျွန်တော် က မေးရပါသည် ။
ဒေါ်ကျင်မွှေး က အဖြေမပေးသေးဘဲ အဓိပ္ပာယ် ပါပါ ပြုံးနေသည် ။ ဆိုင်မှ မိန်းကလေးများ ကလည်း ပြုံးစိစိ လုပ်နေ ကြပါသည် ။ ခဏကြာမှ ဒေါ်ကျင်မွေး က
“ မင်း ရခိုင်သဇင် လက်ဆောင် ပေးလိုက်တဲ့ မိန်းမလှ ကလေး က မင်း အတွက် ပေးခဲ့တဲ့ လက်ဆောင်လေ ” ဟု ပြော သည် ။
ကျွန်တော် မျှော်လင့် မထားသော သတင်းစကား ကို ကြားလိုက်ရသောကြောင့် အံ့ဩသည်နှင့်အမျှ အတော်ကလေး စိတ်လှုပ်ရှား သွားရပါသည် ။
“ ဒါဖြင့် ကျွန်တော် သံတွဲ က မှာပေးတဲ့ သဇင်ပန်းတွေ ကို သူ ရသွားပြီပေါ့နော် ”
“ အေးပေါ့ ။ အဲဒီအကြောင်း ပြောရင်း ဒီ စာအုပ်လည်း မင်း ကို ပေးမလို့ ကိုတင်ဦး ကို ဖုန်း ဆက်ခိုင်းရတာ ။ မင်း အံ့သြ သွားအောင် ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘာမှ မပြောလိုက်နဲ့ ဦး လို့တောင် ကိုတင်ဦး ကို ဒေါ်ဒေါ် မှာ လိုက်ရသေးတယ် ။ ဒေါ်ဒေါ် လည်း မင်း မှာခဲ့တဲ့ အတိုင်း ဆိုင် ထွက်လာတိုင်း မှာ
သဇင်ပန်းတွေ ကို ရေဖျန်း ၊ ငှက်ပျောညွန့် နဲ့ ထုပ်ထုပ်ပြီး ယူလာ တယ် ။
ဆိုင်သိမ်းချိန် ထိ မိန်းကလေး ရောက် မလာတော့ မှ အိမ် ကို သဇင်ပန်း ထုပ် ကို ပြန် ပြန်ယူသွားရတယ် ။ ဒီလိုနဲ့ ကျန်ခဲ့တဲ့ လေးရက် ၊ ငါးရက်လောက် က မနက် ဆယ်နာရီ အချိန်လောက် မှာ အဲဒီ မိန်းကလေး ဆိုင် ကို ရောက်လာပြီး မြေပဲဆားလှော် ဝယ်တယ် ။ ဒေါ်ဒေါ် တို့လည်း သတိ ထားပြီး သူ့ ခေါင်း ကို ကြည့် လိုက်တော့ မင်း ပြောသလို သူ့ ဆံထုံး မှာ သဇင်ပန်း အတု တစ်ခက် ပန်ထားတာ တွေ့ရတယ် ။
ဒါနဲ့ စကား မရှိ စကားရှာ ပြောပြီး “ ဒေါ်ဒေါ်တို့ ဆိုင်ကို အလည် လာတဲ့ မိတ်ဆွေတစ်ဦး က တူမကြီး စက္ကူသဇင်ပန်း ပန်ထားတာ မြင်တော့ သဇင်ပန်း အစစ် သာ ပန် လိုက်ရင် ပိုပြီး
ကျက်သရေ ရှိမယ် ပြောပြီး သူတို့နယ် က ရခိုင်သဇင် ကို တကူးတက မှာယူပြီး တူမကြီး ကို လက်ဆောင် ပေးမလို့ ဒေါ်ဒေါ်တို့ ဆီမှာ ပေးထားခဲ့တယ် ” လို့ ပြောလိုက်တယ် ။ ဒီလို သဇင်ပန်း မျိုး ကို လူသူမနီးတဲ့ တောကြီးတောင်ကြီး တွေ က ခက်ခက်ခဲခဲ ဘယ်ပုံဘယ်နည်း ရှာဖွေယူရကြောင်းတွေကိုလည်း မင်း ပြောပြတဲ့ အတိုင်း ဒေါ်ဒေါ် က သူ့ ကို ပြောပြပြီး သဇင်ပန်းတွေ သူ့ ကို ပေးလိုက်တယ် ။
သူဟာ သဇင်ပန်းတွေ ကို ကြည့်ပြီး သိပ်ဝမ်းသာသွား ပုံရတယ် ကွဲ့ ။ ရုတ်တရက် စကား တောင် ပြန် မပြောနိုင်ဘူး ။ ခဏကလေး ကြာ မှ ဒီလောက် လှတဲ့ သဇင်ပန်းတွေကို ဒီ တစ်ကြိမ်ပဲ သူ တွေ့ဖူးသတဲ့ ။ ပန်းတွေထဲမှာ သဇင်ပန်း ကို သူ အနှစ်သက်ဆုံးပါပဲ လို့ ပြောတယ် ။ အဲ သူ ဘာကြောင့် သဇင် ပန်းအတု ပန် ရတာကိုတော့ ဘာ တစ်ခွန်းမှ မပြောဘူးကွဲ့ ။ ပြီးတော့ သူ့ ကို သဇင်ပန်း လက်ဆောင်ပေးတဲ့ သူ ဟာ ဘယ်သူလဲ ဆိုတာ သူ သိချင်တယ်လို့ ပြောတယ် ။ ဒေါ်ဒေါ် လည်း မင်း မှာထားတာမို့ မင်း ရဲ့ စာရေးဆရာနာမည် ကို ပြောပြလိုက် ရင် ကောင်းမလား ၊ မပြောဘဲ ထားရကောင်းမလား စဉ်းစား နေတုန်းမှာပဲ မဝင်းကြည် တို့က သံတော်ဦး တင်လိုက်တယ်တော့် ။
မင်း ရဲ့ စာရေးဆရာ နာမည် ကို သူ ကြားလိုက်ရတော့ အတော်ကလေးကို အံ့သြဝမ်းသာသွားပုံ ရတယ် ။ ဒါပေမဲ့ ချက်ချင်း ဆိုသလိုပဲ သူ့ ရဲ့ ခံစားမှုကို ထိန်းသိမ်း ဖုံးဖိလိုက်ဟန်နဲ့ “ ကျွန်မ ဟာ ဆရာ့ ရဲ့ စာဖတ်ပရိသတ် တစ်ဦးပါ ။ ဆရာ့ ကို မတွေ့ မမြင်ဖူးပေမဲ့ ဆရာ ရေးတဲ့ ဝတ္ထုတွေ ကိုတော့ ကျွန်မ အမြဲတမ်း တွေ့ဖူး ၊ ဖတ်ဖူးနေပါတယ် ” လို့ ပြောတယ် ”
“ဒါဖြင့်ရင် ကျွန်တော် လူပျို ဆိုတာ သူ သိမှာပေါ့နော် ”
ကျွန်တော် က ဒေါ်ကျင်မွှေး ၏ စကား ကို ကြားဖြတ်ကာ ပြက်ရယ် ပြောလိုက်ပါသည် ။
သည်တော့မှ စကားတစ်ခွန်းမျှ မပြောဘဲ ကျွန်တော်တို့ ပြောဆိုနေကြသည်ကို ငြိမ်၍သာ နားထောင်နေသော ဦးလေး က -
“ကောင်မကလေး က မင်း လူပျို ဆိုတာရော ၊ မင်းမှာ ရည်းစားတွေ များတယ် ဆိုတာရော ၊ မင်း တေတာ ဆိုးတာ တွေကိုရော အားလုံး သိပြီး ဖြစ်မှာပေါ့ ”
ဟု ပြောလိုက်သည် ။ ဒေါ်ကျင်မွှေး က
“ ဟုတ်မှာပေါ့ ၊ ဟုတ်မှာပေါ့ ”
ဟု ဦးလေး ကို ထောက်ခံလိုက်ပြီး ဆက်ပြောသည် ။
“ မိန်းကလေး က သွားခါနီးမှာ “ ဆရာ့ ကို သိပ်ကျေးဇူး တင်ကြောင်း ပြောပေးပါ ” လို့ ပြောပြီး သဇင်ပန်းထုပ် ကို ယူပြီး သွားတော့တယ် ။ အဲ မနေ့ကတော့ ဆိုင် ကို သူ မြေပဲ လာဝယ် နေကျ အချိန် မဟုတ်ဘဲ ညနေ ဆိုင် ပိတ်ခါနီး မှာ ရောက်လာ တယ် ။ “ ဆရာ့ ကို ဒီစာအုပ် ပေး,ပေးပါ ” လို့ ပြောပြီး အဲဒီ စာအုပ်ကလေးကို ပေးသွားတယ် ။ ရခိုင်သဇင်ပန်း တွေက လှလွန်းလို့ ဘုရား တင်လိုက်တဲ့အကြောင်း ၊ သဇင်ဥတွေ ကို တော့ ခြံထဲ မှာ သူ ကိုယ်တိုင် စိုက်ထားလိုက်မယ့် အကြောင်း ပြောပြီး ကတိုက်ကရိုက် ပဲ သူ ပြန် သွားတော့တယ် ။ ဒီတစ်ကြိမ်မှာ မြေပဲ တော့ ဝယ် မသွားဘူး ကွဲ့ ၊ စာအုပ် ပေးဖို့ သက် သက် လာခြင်း ဖြစ်မှာပဲ ။ သူ့ ကို သဇင်ပန်းတွေ ပေးလိုက်တုန်း က မမေးဖြစ်လိုက်တဲ့ သူ ဘယ် မှာ နေတယ် ဆိုတာရယ် ၊ သူ့ နာမည်ရယ် ကိုတောင် မမေးရသေးခင် သူ ထွက်သွားတော့ တာပဲ ”
“ကျွန်တော် သိလိုလှတဲ့ သူ ဘာကြောင့် သဇင်ပန်း အတု ပန်ထားတယ် ဆိုတဲ့ အကြောင်း ကိုတော့ သိခွင့် မရတော့ဘူးနော် ”
“ဒါကတော့ သူ့ ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ လို ဖြစ်နေ တော့ ဒေါ်ဒေါ်တို့ မေးဖို့ မသင့်တော်ဘူး ထင်တာနဲ့ မမေးလိုက် ဘူးကွယ် ”
“ဒါတော့လည်း ဟုတ်ပါတယ်လေ ၊ ဟုတ်ပါတယ် ”
သည်တော့ ဦးလေး က
-
“ ဘာမှ ထွေထွေထူးထူး ခေါင်းအရှုပ်ခံ စဉ်းစား အတွေး ချဲ့မနေနဲ့တော့ ။ သူ က သဇင်ပန်း ကြိုက်တော့ ဆယ့်နှစ်ရာသီ အမြဲတမ်း သဇင်ပန်း ပန်ချင်မယ် ။ သဇင်ပန်း အစစ် က သူ့ ရာသီ
နဲ့ သူသာ ပေါ်တာမို့ အမြဲတမ်း ပန်ချင်လို့ မရဘူး မဟုတ်လား ။ ဒီတော့ အမြဲတမ်း ပန်လို့ ရတဲ့ သဇင်အတု ကိုပဲ သူ ပန်တာ ဖြစ်မှာပေါ့ ”
ဟု ပြောလိုက်သည် ။
“ ဦးလေးရဲ့ အကြောင်းပြ ထင်မြင်ချက်ဟာ အလျော်ကန် အသင့်မြတ်ဆုံးပါပဲ ။ အဲဒီလို ထင်ရတာ စိတ် အချမ်းသာဆုံးပဲ ။ ဒီအတိုင်းပဲ ဖြစ်ပါစေဗျာ ၊ ဒါထက် မနေ့ က သူ ဆိုင်ကို လာတော့ ကျွန်တော် ပေးလိုက်တဲ့ သဇင်ပန်းတွေ သူ ပန်ထား သလား ၊ ဒေါ်ဒေါ်တို့ မြင်မိလိုက်သလား ”
“ အဲဒါတော့ ဒေါ်ဒေါ်လည်း ကောင်းကောင်း သတိ မထားလိုက်မိဘူး ၊ သူ က စာအုပ်ပေးပြီး ချက်ချင်း ဆိုသလို ထွက်သွားတော့တာပဲ ။ ဟဲ မဝင်းကြည် တို့ ၊ မာရီ တို့ ၊ မနေ့က သူ့ ခေါင်းမှာ သဇင်ပန်း ပန်ထားတာ ညည်းတို့ မြင်မိလိုက် သလား
”
မဝင်းကြည် က
-
“ ကျွန်မတို့ လည်း သတိ မထားလိုက်မိဘူး ၊ ဆိုင် ကလည်း ပိတ်ခါနီး ၊ ဝယ်သူတွေလည်း ရှိနေတော့ ကောင်းကောင်း သတိမထားလိုက်မိဘူး ဒေါ်ဒေါ်
”
ဟု ပြန်ပြောသည် ။
“ ငါ့ ရဲ့ ဖြူစင်တဲ့ စေတနာကို သူ သိတန်ကောင်းပါရဲ့ လေ ”
ဟု ကျွန်တော် စိတ်ထဲက ဖြေသိမ့် ကျေနပ်လိုက်ရသည် ။
ooooo ooooo ooooo
၅ ။
အိမ် သို့ ကျွန်တော် ပြန်ရောက်ပြီး ကျွန်တော့် စာကြည့်ခန်း ထဲ ရောက်မှ စာအုပ်ကလေး ကို ဂရုတစိုက် ကြည့် မိသည် ။ စာအုပ်တစ်အုပ်လုံး ကို ဖုံးချုပ်ထားသည့် ပလတ်စတစ်အိတ်
ကို ကက်ကြေး နှင့် အသေအချာ ညှပ်ကိုက်ကာ စာအုပ်ကလေး ကို ထုတ်ယူကြည့်လိုက်သည် ။
အသွေးအရောင် ၊ အဆင်အပြင် ၊ အရွယ်အစား က အစ မြင်သူ စွဲမက် ပိုင်ဆိုင်ချင်အောင် ဆွဲဆောင်စွမ်းအား ရှိသည် ။
ဆန်းတော့မည့် နှစ်သစ် အတွက် ထုတ်ဝေသော လှပ ချစ်စဖွယ် နေ့စဉ်မှတ်တမ်း စာအုပ်ကလေး ဖြစ်သည် ။
စာရွက်များ ကို တစ်ရွက်ချင်း လှန်လှောကြည့်ရာ ဦးစွာ “ ဖစ်ဇာ ” ဆေးကုမ္ပဏီကြီး မှ ထုတ်လုပ်သော ဆေးကြော်ငြာ များ ၊ အညွန်းစာများ ကို တွေ့ရသည် ။ ဇန်နဝါရီလဆန်း တစ် ရက်နေ့စွဲ ရိုက်ထားသည့် စာမျက်နှာ ၏ ထိပ်ဆုံးနေရာတွင်မူ မြန်မာ လို ရေးထားသည့် စာကြောင်းများ ကို တွေ့ရသောကြောင့် စိတ်လှုပ်ရှားစွာနှင့် အလျင်စလို ဖတ်ကြည့်လိုက် သည် ။
ဆရာ သို့ အမှတ်တရ လက်ဆောင် ...
အသည်းအတု နှင့် မဟုတ်ဘဲ ၊ အသည်းအစစ် နှင့် ချစ်တတ် ၊ ကြင်နာတတ် ၊ ခံစားတတ်နိုင်ပါစေ ။
စာဖတ်သူတစ်ဦးထံမှ
ဝိုင်းစက်ညီညာအောင် တမင်တကာ ကြိုးစားရေးထားပုံ ရသည့် စာလုံးလှလှကလေးများ ကို အခေါက်ခေါက် အခါခါ ဖတ်ကြည့် ငေးမောရင်း အပြုံး အတု ကိုသာ ကျွန်တော် အနိုင် နိုင် ပြုံးလိုက်ရသည် ။
◾ မောင်လွန်းကြင်
📖 ရှုမဝမဂ္ဂဇင်း ၊ ဒီဇင်ဘာလ ၊ ၁၉၈၃ ။
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီ
www.facebook.com/aung.naingoo.3726613
.
Saturday, April 16, 2022
ထမင်းတွေပုံ ဟင်းတွေပုံ
❝ ထမင်းတွေပုံ ဟင်းတွေပုံ ❞
ဒီနေ့ မှာ ပဲ အချိန်တွေ ရယ် ကုန်ခဲလိုက်ပါဘိတော့ ။ ညနေ လေးနာရီ ကလည်း ထိုး ခဲ လိုက်ပါဘိတော့ ။
သံစုံအောင် မြည်နေတဲ့ ဗိုက် ပိန်ချပ်လေး ကို ခဏခဏ ပွတ်သပ် ငုံ့ကြည့်ရင်း “ ရေပေါ ” မျှော်လင့် စောင့်စားနေရတာ ကြာ လှပါပကော ။ မနက်ကတည်း က ဆန်တစ်ဆုပ် ပြုတ် ရေကျဲကျဲ ကို သားအဖ နှစ်ယောက် ဝေမျှ သောက်ပြီး တဲ့ မနက် ကိုးနာရီ လောက်ကတည်း က ရေပေါ စောင့် နေရတာ ။ ဘယ်သူ့ ကို ရမလဲ ၊ ထမင်း လေ ထမင်း ၊ ထမင်း ။ ရေပေါတို့ မြန်မာပြည်သား တိုင်း မစားရ မနေနိုင် တဲ့ ထမင်း ပေါ့ ။
ရေပေါ ကျောင်း က မထွက်ခင် လေးတန်း မှာ တုန်း က ဆရာ က သင်တယ် ။ ထမင်း အသက် ခုနှစ် ရက် ၊ ရေ အသက် တစ်မနက် တဲ့ ။ ဟင့်အင်း ထမင်း မက်တဲ့ ရေပေါ ကတော့ အဲဒီ အဆို ကို ပြင်ချင်တယ် ။ “ ထမင်း အသက် တစ် မနက် ၊ ရေ အသက် ခုနှစ်ရက် ” လို့ ပဲ ။ ငယ်ငယ် ကတည်း က ထမင်း တစ်ခု တည်း ကို ပဲ အားပြု ကြီးပြင်းလာခဲ့ရလို့လား မသိဘူး ။ ရေပေါ ထမင်း ကို မက် တယ် ။ ဆန် နီ သည် ဖြစ်စေ ၊ ဝါ သည် ဖြစ်စေ ၊ ဟင်း ပါ သည် ဖြစ်စေ ၊ မပါ သည် ဖြစ်စေ ၊ ထမင်း ကို စား လိုက်ရမှ တင်းတိမ်တယ် ။ ရေပေါ စိတ်ထင်လေ ။ ရေ ကိုသာ ခုနှစ်ရက် အငတ် ခံ နိုင်မယ် ။ ထမင်း ကို တော့ တစ်မနက် အငတ် မခံနိုင်ပါဘူးလို့ ၊ ဟားဟား ခုတော့လည်း ငိုချင်စရာ အကောင်းသား ၊ ရေပေါ တို့ သားအဖ ထမင်း မစားရတာ တစ်မနက် မက ၊ တစ်ညနေ မက ၊ ခုနှစ်ရက် တောင် ကျော်ခဲ့ပြီ ။
ရေပေါ တို့ သားအဖ တင် ဘယ် ဟုတ်မလဲ ၊ ခုချိန်မှာတော့ သူသူငါငါ ဆိုတာ ကိုပဲ အလုပ်အကိုင် တွေ က မဖြစ် ၊ ဆန်ဈေး က နှစ်ဆယ် နဲ့ ကန်စွန်းဥ ၊ ပိန်းဥပြုတ် တစ်လှည့် ဘာမှ မပြုတ်တာ တစ်လှည် နဲ့ အသက် ဆက် နေရတဲ့ ရေပေါ တို့ လို လူမျိုးတွေ လည်း ရွာ ထဲ မှာ အပုံ ပေါ့ ။ ရွာ ထဲ မှာ ထမင်း မှန်အောင် စား နိုင်တဲ့ အိမ် က နည်းနည်းရယ် ။ သူတို့တောင် ခုတစ်လော ခေါက်ဆွဲ တစ်လှည့် ချာပါတီ တစ်လှည့် ။ ဒါကြောင့်မို့လို့ ဒီနေ အဖို့ အားလုံးက မျှော်လင့်နေကြပါသည် ဖြစ်နေတာ ။ ရေပေါ တို့ ရွာ မှာ ဒီနေ့ ညနေ လေးနာရီ ဆန်သုံးတင်း ဟင်းချက် ၊ စတုဒီသာ ထမင်း အလှူ ရှိတယ်လေ ။
ထမင်း အလှူရှင် က မန္တလေး က ဒီ ရွာ သား ၊ မန္တလေး ဈေးချို ထဲ မှာ ဆိုင် နှစ်ဆိုင် ၊ သုံးဆိုင် နဲ့ စီးပွားရေး ပြေလည်နေတဲ့ သူ ၊ ပိုက်ဆံ ရှိ တဲ့ ဒီ ရွာ က သူ့ အမျိုးသမီး အိမ် မှာ စတည်း ချပြီး လာ ကျွေးတာ ။
တကယ် တော် တဲ့ လူ ၊ ရွာ ထဲ က ဆို သူ မလာခင် ကတည်းက လာ ကျွေးမယ် ဆိုတဲ့ အသံ ကြား ကတည်း က တစ်ရွာလုံး သာဓု ခေါ် နေကြတာ ။ သူ တကယ် ကုသိုလ် ရပါတယ် ။ ဝ နေတဲ့ လူတွေ ကို ကျွေး တာbထက် မဝ တဲ့ လူတွေ ကို ကျွေးတာ ပိုပြီးတော့ သူ ကုသိုလ် ရဦးမယ် ။
ဆန် က သုံးတင်း ချက် ၊ ဟင်း က ဝက်သား နဲ့ ကုလားပဲ ရော ၊ ပဲတီချဉ်သုတ် တဲ့ ။ သိပ် မြိန် မှာပဲ ။ မစားရတဲ့ ရက် တွေ ကို အတိုး ချ ပြီး ရေပေါ အားရပါးရ စား ပစ်လိုက်စမ်းမယ် ။ အင်း တစ်ခုပဲ ၊ တစ်ခုပဲ ။ ဆန် သုံးတင်းချက် နဲ့ ရွာ ရှိ လူအား နဲ့ က မမျှဘူး ။ ဦးသူ ဝင် စား ၊ ထမင်းဟင်း ကုန်တာ နဲ့ ကုန်တန် ဝတန် ပဲ ဆိုတော့ မကုန်ခင် မှာ ဝ ဖို့ အတွက် ရေပေါ ကြိုးစားရလိမ့်မယ် ။
အရေးထဲ မှာ အဖေ က လည်း ခုထိ ပေါ် မလာဘူး ။ အမေ တို့ သွား နေတဲ့ ကျည်းတော က လူကြုံ လာတယ် ဆိုတာ နဲ့ ငေါက်ခနဲ ထ သွားလိုက်တာ ကြာ လှပြီ ။ အေးလေ အချိန်ကစောတော့ စောပါ သေးတယ် ။
အဖေ ပြန် လာရင် ကျည်းတော မှာ အမေ တို့ နပ်မှန်တယ် ဆိုတဲ့ အသံ ပဲ ကြား ပါရစေ ။ အမေ့အစ်မ ကြီးတော်ကြီး တို့ ကတော့ စားနိုင် သောက်နိုင် တဲ့ လူ တွေပါ ။
လယ်ပိုင် ယာပိုင်တွေ ပါ ။ အမေ သာ လယ် မပိုင် ၊ ယာ မပိုင် ၊ ကိုယ်ခန္ဓာ ကိုယ် တစ်ခု ကိုပဲ ပိုင် တဲ့ မင်းနေပြည်တော်ဟောင်းသား အဖေ့ ကို ယူ မိလို့ မစားနိုင် မသောက်နိုင် လို့ လူ ခွဲပြီး အစ်မ ဆီ ပြေးတဲ့ အမေ တို့ သားအမိ သုံးယောက် ကို ကြီးတော်ကြီး တို့ ကြည်ဖြူပါစေ ၊ သဒ္ဓါပါစေ ။ အမေ နဲ့အတူတူ ရေပေါ် အောက် အလတ်မ စိန်ဝင်းရွှေ နဲ့ အငယ်ကောင် ငွေပေါ တို့ နှစ်ကောင် ပါ သွားသေးတယ် ။ ရေပေါ က မှ လေးတန်း အထိ နေခဲ့ ဖူးသေးတယ် ။ စိန်ဝင်းရွှေ က တစ်တန်း တောင် မရောက်ဘူး ။ သူငယ်တန်းကြီး နဲ့ မိန်းကလေး ဆိုပြီး အမေ က ကျောင်း နှုတ်ပစ်တယ် ။ ငွေပေါ ကတော့ တစ်တန်း ရောက်ပြီ ။ ဒါပေမယ့် ဒီ ကောင် လည်း သိပ် စာ တတ် မှာ မဟုတ်ပါဘူး ။ ကျောင်း မှ မလိုက်ရတော့ တာ ။ ဒီကောင့် အသက် က ခုဆို ရှစ်နှစ် ၊ အလတ်မ က ဆယ့်တစ်နှစ် ၊ ရေပေါ က ဆယ့်ငါးနှစ် ။
ရေပေါ တို့ မောင်နှမ သုံးယောက် ထဲ မှာ ထမင်းအစား အကြီးဆုံး မို့ ထမင်း စားချိန်တိုင်း ရေပေါ ကို တုတ် နဲ့ အမေ တဖတ်ဖတ် ချ တာကို သတိ ရမိ တိုင်း ရေပေါ ထမင်း ပို ဆာလာတယ် ။ အဖေ မြင်းလှည်း မောင်းလိုက် ၊ ငှက်ခတ်လိုက် ၊ သံသပိတ် ရိုက်လိုက် နဲ့ ကြုံရာ ကျပန်း အလုပ်တွေ လုပ်ပြီး အဆင် ပြေလာတဲ့ အခါမှာ အမေ ချက်တဲ့ ချဉ်ပေါင်စပ်ချဉ် နဲ့ ဝက်အူချက် ကို ရေပေါအောက်မေ့ လိုက်တာ ၊ နှုတ်ခမ်းတွေ ကို ရေပေါ လျှာ နဲ့ လိမ်းသပ်မိတယ် ။ မရောက်သေးဘူးလား ။ လေးနာရီ ရယ် ရောက်ပါတော့ ။
“ မြန်မာစံတော်ချိန် မှာ လဲ တစ်နာရီခွဲ ရှိပြီမို့ မြန်မာပိုင်း အစီအစဉ်များ ဤတွင် ရပ်ဆိုင်းပြီး ”
ဟိုဘက် သုံးအိမ် ကျော် ဦးချစ်တီး တို့ အိမ် က ရေဒီယို ကို ရေပေါ ကဗျာကယာ နား စွင့်ရတယ် ။ အဲ ... တစ်နာရီ တော့ ခွဲပြီ ။ ဦးချစ်တီး တို့ ကလည်း ပြီးခါနီး မှ ပဲ ရေဒီယို ဖွင့် ပေးတော့တယ် ။ စိတ်ပြေ လက်ပျောက် ရေဒီယိုလေး လှမ်း နားထောင်နေမလို့ ဟာ ၊ သီချင်း လာလိုက် ဒေါက်ခနဲ ပိတ်လိုက် တော်ကြာနေ ပြန် ဖွင့်လိုက် ၊ ဒေါက်ခနဲ ပိတ်လိုက် နဲ့ အလကား ကလိနေတယ် ။ အရင်ဆို အစ ကနေ အဆုံး အကျယ်ကြီး မိုင်ကုန် တင်နေကျ ။ နားထောင်ချင်ပါတယ် ဆိုတဲ့ နေ့ ကျမှ သူ က ကလိနေတယ် ။
အင်း ... တစ်နာရီခွဲ ဆိုတော့ သုံးနာရီ ထိုး ဖို့ ဘာ လိုတော့မလဲ ၊ ရေပေါ တို့ ရွာ လယ်ယာ ဖွံ့ဖြိုးရေး လက်ဖက်ရည် ဆိုင် ကို လက်ဖက်ရည်သောက် ၊ ရေနွေးသောက် သွား တဲ့ သူ တွေ တောင် ရွာလမ်းမ မှာ စည် လာပြီ ။
ရေပေါ ကောက်ခနဲ ထ ထွက်လာခဲ့တယ် ။ ဗိုက် ထဲ မှာ ကတုန်ကယင်ကြီး နဲ့ အိမ် မှာ နေမယ့် အတူတူ ဖွံ့ဖြိုးရေးဆိုင် သွား ထိုင် ၊ ရေနွေး သောက် ပြီး ဟိုစကား ဒီစကား နားထောင် နေတာ က မြန်မြန် အချိန် ကုန်မယ် ။
“ ဟေ့ကောင် ရေပေါ ရေနွေးသောက် တဲ့ ကောင် က ဟိုဘက် တိုး ပေးလိုက်ဦး ကွ ၊ လူကြီးတွေ ကို ”
ဖွံ့ဖြိုးရေးဆိုင် တာဝန်ခံ ကိုအောင်တင့် က လှမ်း မာန်တော့ လူပျိုပေါက် ရေပေါ နည်းနည်းတော့ ရှက် မိသား ။ ဟင်း .... လက်ဖက်ရည်လေး တစ်ခွက် မသောက်နိုင်တာ နဲ့ လူတွေ က တော်တော် နှိမ် ချင်တယ် ။ ရေပေါ တို့ အရင် ထော နေ တုန်းက ဆို လက်ဖက်ရည် တင် မက ပေါင်မုန့် နို့ဆီဆမ်း ပါ စားနိုင်တာ ကိုအောင်တင့် ခင်ဗျားကြီး လဲ အသိ ၊ တစ်ရွာလုံး လဲ အသိ ။ ဖွံ့ဖြိုးရေးဆိုင်ရာ ထရံ မှာ ရေးကပ် ထား တဲ့ စာရွက်ဖြူ ကို ရေပေါ နာနာကျည်းကျည်း ကြည့်မိတယ် ။
“ ယခုအချိန် တွင် သီးနှံစိုက်ပျိုးရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် လယ်ကွင်း လယ်ကွက်များ အတွင်း သို့ ဝင်ရောက် ရွှေကျင်ခြင်း မပြုလုပ်ကြရန် ။ တွေ့ရှိပါက ဥပဒေအရ ပြင်းထန်စွာ အရေးယူခြင်း ခံရမည် ”
ဒီ ရွှေကျင် တာ မပိတ်သေးခင် က ဆို ရေပေါ တို့ ဘယ် ထမင်း ပြတ် လိမ့်မတုန်း ။ ထမင်း လဲ မပြတ် ၊ လက်ဖက်ရည် လဲ မပြတ် ၊ ပေါင်မုန့်နို့ဆီဆမ်း လဲ မပြတ် ။ ရွှံ့ ထဲ ရေထဲ မှာ ကျွဲတွေ နွားတွေ လို ပင်ပန်းပြီး ဘယ်လောက်ပဲ လူ နဲ့ မတူတူ မျှော်လင့်ချက်ကလေး တဝေဝေ နဲ့ ပျော်လို့တောင် နေသေး ။
လောဘသား ကိုး ။ ရေပေါ တို့ ရွှေကျင် တဲ့ လယ်ကွက် နေရာတွေ က အလျင် မင်းနေပြည်တော် ဟောင်း နဲ့ သူဌေးတန်း ဆို တဲ့ နေရာလေ ။ ဘုရားပြို ။ ဘုရားပျက်တွေ လဲ အများအပြား ရှိနေတဲ့ နေရာ ။ ရေစပ်စပ် လယ်ကွက် မှာ ရွှေကျင်သမားတွေ ရွှေ ကျင်ပြီဆိုမှဖြင့် အများအားဖြင့် ရကြ တာတွေက ရွှေလက်စွပ် အပဲ့လေးတွေ ၊ နားကပ်လေးတွေ ၊ ရွှေတုံး ၊ ရွှေစ အပဲ့လေးတွေ ပြီးတော့ ကျောက်ကလေးတွေ လဲ ရကြတယ် ။ အဲဒီ ကျောက်ကလေးတွေ က တစ်ခါတစ်လေ ထောင်ကျောက် ၊ သောင်းကျောက် တွေ ဖြစ် နေတတ်တယ် ဆိုတဲ့ သတင်းစကား နဲ့ ကျောက် ရှာသူတွေ ၊ ကျောက်ကျင် သူတွေ တရုန်းရုန်း ။
သူဌေးတန်း တွေ ရဲ့ မန်ကျည်းပင်တန်း အုပ်အုပ် အောက် မှာ တရုန်းရုန်း ရှိခဲ့ကြတဲ့ ရောင်းသူ ဝယ်သူတွေ ၊ ပိုက်ဆံတွေ ကို ရေပေါ ပြန် မြင်ကြည့်နေမိတယ် ။ ရွှေ ကျင်တာသာ မပိတ်ရင် အမေ တို့ ကျည်းတော ကို မပြေးရပါဘူး ။ ရေပေါ တို့ သားအဖ လဲ ဒီလို ဘယ်နေ ရလိမ့်မလဲ ။ ဒုတိယ အကြိမ် ထရံပေါ် က တားမြစ်စာရွက် ကို ရေပေါ ငေး ကြည့်နေမိတုန်း .....
“ ဟေ့ ဟေ့....ဘာလဲကွ ဘာဖြစ်တာလဲ “
ကိုအောင်တင့် အာကျယ်သံ နဲ့ အတူ ဆိုင် ထဲ ကို လူ သုံးလေးယောက် ပြေး ဝင်လာကြတယ် ။ မျက်နှာ မှာ ရွှံ့စက်တွေ ဗရဗွ ။ ရေစို တစ်ပိုင်း ၊ ပေါက်တူး ၊ ဒယ်ပိုင်း တွေ တိုးလိုး တွဲလောင်း နဲ့ ။ ရွှေကျင် တဲ့ သူတွေ ၊
“ စိန်သောင်း ....ဟေ့ကောင် ဘယ်လို ဖြစ်လာတာလဲ ”
ရေပေါ နဲ့ ရွှေကျင်ဖော် သူငယ်ချင်း စိန်သောင်း က ရေပေါ နား ကပ် လာပြီး ဟီးခနဲ တစ်ချက် ရယ် လိုက်ရင်း...
“ငါတို့ ရွှေ သွား ခိုးကျင်တာကွ ကင်းလှည့်တာ နဲ့ မိလို့ ပြေးလိုက်ရတာကွာ ၊ ဘာပြော ကောင်းမလဲ ”
ရေပေါ ရှေ့က ရေနွေးခွက် ကို ရွှံ့စက်တွေ ပေကျံ အေးစက် တုန်ယင်နေတဲ့ လက် နဲ့ ယူသောက်လိုက်တဲ့ စိန်သောင်း ကို ကိုအောင်တင့် က ခပ်ထွေထွေ လှမ်း ကြည့်တယ် ။
“ မင်းတို့ ကလဲ မင်းတို့ ပဲ ၊ သေဦးမယ်....မင်းတို့ ကောင်တွေ ၊ ဟိုမှာ တွေ့လား ၊ စာ ကို သေချာဖတ် ၊ သူများတွေ စိုက်တဲ့ပျိုးတဲ့ အချိန်ပါ ဆိုနေမှ ၊ ကိုယ်ချင်းလေး ဘာလေး စာ မှာပေါ့ကွ ”
စိန်သောင်း နောက် နား က ရပ်နေတဲ့ ရွှေကျင် တဲ့ လူကြီး တစ်ယောက် ဆီ က “ ကိုယ်ချင်းစာပါတယ်ဗျာ ” ဆိုတဲ့ အသံ တိုးတိုးလေး ထွက်လာတုန်းမှာပဲ လက်ဖက် ရည်ဆိုင်ရှေ့က ပြေးလွှားသံတွေ နဲ့ အတူ....
“ ထမင်း ကျွေးနေပြီတဲ့ ဟေ့ ”
ရေပေါ ကပျာကယာ ထရပ်လိုက်တယ် ။ တံတွေး ကို လည်း ဂလုခနဲ နေအောင် မျိုချ လိုက်တယ် ။
“ စိန်သောင်း ပြေး ကြစို့ ၊ လာ ငါတို့ ထမင်း စားရတော့မယ်“
ရေပေါ ရင်တွေ တောင်မှ တဒိတ်ဒိတ် ခုန်လ ာတယ် ။ ထမင်း ၊ ရေပေါ တကယ် ထမင်း စား ရတော့မယ် ။
ပဲဟင်း နံ့ ၊ ပူပူနွေးနွေး ထမင်း နဲ့ နှစ်ထပ်အိမ်ကြီး ရှေ့ ၊ မြေတလင်း ပြောင်ပြောင် ပေါ် က ထမင်း ဝိုင်းတွေ ထဲ မှာ ကြောက်ခမန်းလိလိ တိုးဝှေ့ နေကြတဲ့ လူအုပ်ကြီး ။
ဘုရား ၊ ဘုရား ။ ရေပေါ စားမှ စားရ ပါဦးမလား ။ အိုး ဘယ်ဖြစ်မလဲ ။ ဘယ်ဖြစ်မလဲ ။ မစားရလို့ ကတော့ ဘယ်ဖြစ်မလဲ ။ ရေပေါ ထမင်း မစားရတာ ကြာ ပြီဗျ ။
“ ဖြည်းဖြည်းဗျို့ ဖြည်းဖြည်း ၊ ထမင်းတွေ ဟင်းတွေ အများကြီး ”
ထမင်း လိုက်နေတဲ့ ဘိုးမြကြီး က ဘယ်လောက်ပဲ အော်အော် ဆာ နေတဲ့ လူ တွေ ကတော့ မဖြည်းနိုင်ဘဲ မြန်မြန်ဆန်ဆန် တိုးမြဲ တိုး နေကြတယ် ။ စားမာန်ခုတ်နေတဲ့ ရေပေါ လည်း ထမင်း ဝိုင်း မှာ တစ်နေရာ ရဖို့ စိန်းသောင်း နဲ့ အတူတူ တိုးတယ် ၊ တွန်းတယ် ၊ ဇွတ်ဝင်တိုက်တယ် ၊ မရဘူး ၊ မဝင်သာဘူး ၊ စားလက်စ လူတွေက ကြာ သလို စားပြီးတဲ့ လူ ထ တာနဲ့ ပန်းကန်ပြား ဝင် ဆွဲ တဲ့ သူက အဆင်သင့် ။
ပန်းကန် ဆေး တဲ့ လူ ဆီတောင် ပန်းကန်ပြား မရောက်ဘူး ၊ ကိုယ့် ဘာသာ သွား ဆေးပြီး ထမင်း ထည့် ခိုင်း တော့တာပဲ ။
“ ထမင်း ပေးပါဦးဗျို့ ထမင်း ” ဆိုတဲ့ အသံတွေ ဆူညံလာတာနဲ့အမျှ “ ဟင်းရည်လေး ထည့်ပါဦး အချဉ်သုပ် ၊ အချဉ်သုပ် ” ဆိုတဲ့ အသံတွေ ဆူညံလာတာနဲ့အမျှ ရေပေါ ပို ဆိုးလာတယ် ။ ပိုပို ဆာ လာတယ် ။ ပို စားချင်လာတယ် ။ မစားရရင် ဆိုတဲ့ အသိ နဲ့ ရင် ထဲ မှာ ပူလောင်လာတုန်း ရုတ်တရက် ရေပေါ မျက်လုံးတွေ က ကျောင်းဘေးနား က ငှက်ပျောပင်အုပ် ကို လှမ်း မြင်လာတယ် ။
ရေပေါ လှစ်ခနဲ ပြေး သွားပြီး ငှက်ပျောရွက်ကြီးကြီး နှစ်ရွက် ချိုး ချလာခဲ့ပြီး စိန်းသောင်း ကို တစ်ရွက် ပစ် ပေးလိုက်တယ် ။ ငှက်ပျောရွက် ပေါ် တင်နေတဲ့ ဖုန်တွေ ၊ အမှိုက်တွေ ဘေးချိတ် ။
“ ဘိုးမြ ဘိုးမြ ၊ ကျွန်တော်တို့ ကို ဒီ ထဲ ထည့် ... ဒီထဲ ”
ရေပေါ ခင်း ပေးတဲ့ ငှက်ပျောရွက် ထဲ မှာ ဘိုးမြ က ထမင်း အမောက် ထည့် ပေးတယ် ။ ဟင်း ထည့်ပေးတယ် ။ ကြည့်စမ်း ထမင်း ပုံ ပေါ် မှာ ဝက်သားဟင်း ကို ရက်ပေါင်း ခုနှစ်ရာ လောက် မမြင်ဖူးခဲ့ သလို တရှိုက်မက်မက် ရေပေါ ကြည့်မိတယ် ။
ဒီ ထမင်း ကို စား ဖို့ ရေပေါ ဘယ်လောက် စောင့် ခဲ့ရသလဲ ။ ဘယ်လောက် ကြိုးပမ်းခဲ့ရသလဲ ။ လာခဲ့စမ်း ဒီ ထမင်း ။ အိုး စားလို့ ကောင်းလိုက် တဲ့ အမျိုး ။ ကောင်းလိုက် တဲ့ အမျိုး ။ ထမင်း အမောက် တစ်ပုံ ဖျတ်ကနဲ ကုန် သွားတယ် ။
ရေပေါ နောက်ထပ် ထမင်းတောင်း တော့ ဘိုးမြ က ထည့်ပေးရင်း “ ဟ လုပ်လှချည်လား ငါ့ကောင်ရ ” တဲ့ ။ အင်းဟင် လုပ်မှလေဗျာ ဘိုးမြ ရဲ့ ကြုံတုန်း ဝအောင် စားထားရတာ ။ ထမင်း ဆိုတာ ကြုံဖို့ ခက်တယ်ဗျ ။ ငှက်ပျောရွက် ပေါ် က ထမင်း အမောက် လေးပုံ ကုန်တဲ့ အချိန် မှာတော့ တော်ပြီ ။ ရေပေါ ဝ သွားပြီ ။ အီစလံ ဝေသွားပြီ။ ဖူလုံသွားပြီ ။ ဝ တာမှ ဖူလုံလိုက်တာ မှ ဗိုက် ထဲ မှာ နေရာလပ် ဆိုတာ မရှိသလောက် ။ ဟားဟား တစ်ပတ်စာလောက် ကို သိုလှောင် ပစ် လိုက်တာ ။ မှတ်ကရော စိန်းသောင်း ဆိုတဲ့ အကောင် တော်တော် ညံ့ တဲ့ ကောင် ။ ထမင်း သုံးပုံ ပဲ စား နိုင်တယ် ။
တိုးဝှေ့ စားသောက်နေကြတဲ့ လူတွေ ကြား ကနေ ရေပေါ ဖြည်းဖြည်းချင်း အရသာ ခံပြီး ထွက် ခဲ့တယ် ။ ဝင်းပေါက် ဝ မှာ ဖျာကြီး တစ်ချပ် ထောင် ထားပြီး ဖျာကြီး ပေါ် မှာ “ထမင်း ကုန်ပြီ ” တဲ့ ။ ဝင်းပေါက် ဝ မှာ ဇွဲကောင်းကောင်း နဲ့ ရပ် နေသူတွေ သနားစရာ ။
ရှေ့ က သွားနေတဲ့ စိန်သောင်းက “ ဟေ့ကောင် မြန်မြန်လာ ” တဲ့ သူ့ ကို မီ အောင် ရေပေါ ခပ်မြန်မြန် လျှောက် လိုက်တဲ့ ခဏမှာ ပဲ ရုတ်တရက် ဗိုက် ထဲ က မအီမသာ ခံစားလိုက်ရတယ် ။
“ စိန်သောင်း ”
ရေပေါ က အလန့်တကြား အော် ခေါ်ရင်း လက် နှစ်ဖက် နဲ့ သူ့ လည်ပင်း ကို ဖမ်း ဆုပ် လိုက်တယ် ။ အို မလုပ်ပါနဲ့ မလုပ်ပါ နဲ့ ။ သူ့ လည်ပင်း ကို အတင်း ဆုပ် ထား လျက် က ရေပေါ အန် ချလိုက်ပြီ ။ တဝေါ့ဝေါ့ နဲ့ အန် ချလိုက်ပြီ ။ ဗိုက် ထဲ က ရှိရှိသမျှ အစာ အားလုံး မြေကြီး ပေါ် မှာ ။
“ ရေပေါ ရေပေါ ”
ရေပေါ မျက်လုံး ဖွင့်ပြီး မော့ ကြည့် လိုက်တော့ မြေကြီး ပေါ် မှာ ကို နှမြောတသ စွာ ငေးကြည့် နေကြတဲ့ ဝင်းပေါက် က ထမင်း စောင့် တဲ့ သူတွေ ၊ အိုမြေကြီး ပေါ် မှာ ကြည့်ပါဦး လွင့်စင် ပြန့်ကျဲ နေတဲ့ ထမင်း တွေ ။ ဟုတ်တယ် ထမင်း တွေ ၊ ရေပေါ ချစ်တဲ့ ထမင်း တွေ ။
◾နုနုရည် ( အင်းဝ )
📖 ၁၉၉၆ - ခုနှစ် ၊ ပြင်ဦးလွင် ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်း
www.facebook.com/aung.naingoo.3726613
.
Friday, April 15, 2022
လူရှုပ်ကြီး နှင့် မြို့မ
❝ လူရှုပ်ကြီး နှင့် မြို့မ ❞
ကံချွန့် မိတ်တွေ သတင်းထောက်ကြီး ဦးလူရှုပ် တစ်ယောက် ကံချွန် ဆီ ရောက်လာပြန်ပါပြီ ။ ကံချွန် ကို တွေ့သည်နှင့် ...
“ စာရေးဆရာ တို့ ၊ ကာတွန်းဆရာ တို့ ၊ ပန်းချီဆရာ တို့ ၊ ကဗျာဆရာ တို့ ရဲ့ နေရာမှန် ဟာ မြို့သစ် ပဲ ကွ ၊ မြို့သစ် မှာ လာ စုမိကြတာပဲ ။ ငါ့ သမီး က ခု မြို့သစ် မှာ ပြောင်း လာပြီလေ ။ ငါ က မှီခိုသူ ဆိုတော့ ကပ် ပါလာရတာပေါ့ ”
“ ဗျာ ... ”
“ မဗျာနဲ့ ၊ နောက်ဆို မင်း နဲ့ ငါ မကြာခဏ တွေ့ရတော့မှာ ”
“ ဒုက္ခပဲ ... ”
“ ဘာ ဒုက္ခလဲ ။ မင်းတို့ညက လက်ဆောင်ပစ္စည်းလေး ပေးပြိး စားကောင်းသောက်ဖွယ် နဲ့ အရေး ခိုင်းတာလောက်ပဲ ရေးချင်နေပြီလား ။ ဟေ့ကောင် ကံချွန် စာနယ်ဇင်းသမား ဆို တာ ရေးချင်တာ ထက် ရေးသင့်တာ ကို ရေး ရတယ်ကွ ”
“ ဒါကြောင့် ခင်ဗျား မကြီးပွါးတာ ”
“ မကြီးပွါးပေမယ့် လူတွေက ချစ်တယ်လေ ။ ငါ က မင်း ကို လူတွေ ချစ် တဲ့ ကလောင် ဖြစ်စေချင်တာ ”
“ မချစ် ၊ မမုန်းလေး နေပါစေလား ဗျာ ”
“ မချစ် ၊ မမုန်းလေး နေချင်ရင် စာနယ်ဇင်းသမား မလုပ်နဲ့ ကွ ။ ပွဲစားလေး ဘာလေး လုပ် ။ စာနယ်ဇင်းသမား ဆိုတာ ချစ်သူ လည်း ရှိ မှာပဲ ။ မုန်းသူ လည်း ရှိ မှာပဲ ။ ကိုယ့် ချစ်တဲ့ လူတွေ ဟာ လူမှန် ဖြစ်ဖို့ ပဲ လိုပါတယ် ”
“ ခင်ဗျား တရား ဟောဖို့ လာတာလား ”
“ အင်တာဗျူး ရအောင် လာတာ ”
“ ခင်ဗျား နဲ့ မဗျူးချင်တော့ဘူး ”
“ မဗျူးချင် လို့ မရဘူး ။ ဗျူးရမယ် ။ ငါ ဗျူးစေချင်တာ က မန္တလေး မြို့မကြီး နဲ့ ဆိုင်တယ် ။ ပြီးတော့ တို့ အမျိုးသား ဂီတကိစ္စ ”
“ မမေးချင်လို့ မရဘူးလား ”
“ မရဘူး ၊ ငါ မြို့မအကြောင်း ပြောချင်လို့ ”
“ ကဲ ... ဒါဖြင့်လည်း ပြောဗျာ ။ မြို့မ ကို ဘယ်သူတွေ က ဖွဲ့စည်းခဲ့တာလဲ ”
“ ဦးသန့် ၊ ဆရာငြိမ်း ၊ ဦးရင်လေး ၊ ဦးတော်လုံ တို့ ဦးဆောင် ဖွဲ့စည်းခဲ့တာပေါ့ကွာ ။ သေသေချာချာ နားထောင်နော် ။ အရေးကြီးတဲ့ စကား ပြောမှာ ။ မြို့မအသင်းကြီး ထူထောင်တော့မယ့် အချိန် မှာ ဆရာငြိမ်း ဟာ ဆရာငြိမ်း ပဲ ။ ဆရာငြိမ်း အပါအဝင် ဂီတမြတ်နိုးသူတွေ စုပြီး ထူထောင်လိုက်လို့ မြို့မ ဆိုတဲ့ ဂီတအဖွဲ့ကြီး ဖြစ်ပေါ်လာတယ် ။ ဂီတမြတ်နိုးသူများ စုပေါင်း ထူထောင်ခဲ့တဲ့ မြို့မ အဖွဲ့ကြီး ကြောင့် “ မြို့မငြိမ်း ” ဆိုတာ ဖြစ်လာခဲ့တာပါ ။ ရှင်းတယ်နော် ။ မြို့မငြိမ်း ရဲ့ မြို့မ မဟုတ်ဘူး ။ မြို့မ ရဲ့ မြို့မငြိမ်း ပဲ ”
“ ဦးလေးရှုပ် ... ”
“ နားထောင်ဦး လေ ကွာ ။ မန္တလေး မြို့မိ မြို့ဖ ဂီတမြတ်နိုးသူများ ဟာ သူတို့ ထောင်လို က်တဲ့ မြို့မ အသင်းကြီး ကြောင့် ဆရာငြိမ်း အောင်မြင်သွားတာ ကို ပီတိ ဖြစ်တယ်ကွ ။ ဆရာငြိမ်း ကို လည်း ချစ်ကြတယ် ။ ဆရာငြိမ်း ဟာလည်း မြို့မ အသင်းကြီး ရှိလာတဲ့အတွက် သူ့ အစွမ်းအစတွေ ဖော်ပြခွင့် ရလာတယ် ။ မြို့မအသင်း ဟာ ဆရာငြိမ်းအတွက် အကောင်းဆုံး အစွမ်း ပြခွင့် ရတဲ့ နေရာ ဖြစ်သွားတယ် ။ မန္တလေး က ဂီတ မြတ်နိုးသူ တွေဟာ မြို့မကြီး ကို ကိုယ့်အသင်း လို သဘော ထားကြတာ ။ မြို့မကြီး ဘာ လိုအပ်မလဲ ။ လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးဖို့ စောင့် ကြည့်နေတာပါ ။ မြို့မကြီး အောင်မြင်နေရင် ဝမ်းသာတယ် ။ မြို့မကြီး အဆင်မပြေမှာ စိုးရိမ်တယ် ။ အဲဒါ မင်းယုံရဲ့လား ”
“ ဒီမှာ ဦးလေးရှုပ် ။ စာမျက်နှာပေါ် တင်ရမယ် ဆိုရင်တော့ သက်သေပြချက်ကလေး ပါမှ ကောင်းမှာပေါ့ ဗျာ ”
“ ကံချွန် မင်း အကြောင်း ငါ သိတယ် ။ ငါ ပြောမယ် ။ ဦးဘိုခင် မြို့မ က နေ ထွက်သွားပြီး မိုးကေသီ ဆိုပြီး ဂီတ အဖွဲ့ ထူထောင်လိုက်ချိန် မှာ မြို့မ မှာ ဦးစီးပေးမယ့် ဂီတမှူး မရှိတော့ဘူး ။ အဲဒီအချိန် မြို့မကိုပေါ ပြန် ဝင်လာတယ် ။ ဦးစီးပြီး ပြန်လုပ်ပေးတယ် ။ ၆၅ ဝန်းကျင် က ဖြစ်မယ်ထင်တယ် ။ အဲဒီအချိန် မှာ မြို့မအဖွဲ့ မှာ စန္ဒရား မရှိဘူး ။ စန္ဒရား လိုအပ်နေတယ် ။ ဒီတော့ မြို့မအတွက် စန္ဒရား ကို ခု ရီမြင့် ရုပ်ရှင် ကိုဇော်မြင့် ရဲ့ ဖခင် ဦးချို က ဝယ် လှူခဲ့တာကွ ။ ကဲ ... မြို့မ ကို မြို့မိ မြို့ဖတွေ က ချစ်တယ် ။ ဂီတမြတ်နိုးသူတိုင်း က သံယောဇဉ် ရှိတယ် ဆိုတာ ယုံပြီလား ။ အများကြီး ထဲ က တစ်ခုပြောပြတာ ”
“ ခု တီးနေတဲ့ စန္ဒရားလား ”
“ ခု တီးလား မတီးလားတော့ ငါ မသိဘူး ။ ငါ မင်း ကို ပြောပြချင်တာက မြို့မ အဖွဲ့ အကြောင်း ၊ စန္ဒရား အကြောင်း မဟုတ်ဘူး ”
“ ဟုတ်ပါပြီ ၊ ဟုတ်ပါပြီ ဆက်ပါဦး ”
“ ငါတို့ ဂီတမြတ်နိုးသူတွေ အနေနဲ့ ကတော့ မြို့မကြီး ကို ရုပ်ဝတ္ထုပိုင်း ခိုင်မာတာလည်း မြင်ချင်တယ်ကွာ ။ အရည်အသွေးပိုင်း တိုးတက်တာလည်း ကြားချင်တယ်ကွာ ။ ဖြစ်စေချင်တဲ့ နှစ်မျိုး ကို တစ်မျိုးချင်း ခွဲ ပြောမယ် ။ အရည်အသွေးပိုင်း ကွာ ။ မြို့မကြီး ကို အကြောင်းပြုပြီး ဦးဘသိန်း ၊ ဦးဘိုခင် ၊ ဦးပေါ စတဲ့ စတဲ့ သီချင်းရေးဆရာတွေ ဟာ နှစ်ဆယ်ရာစု မှာ စံပြုတဲ့ အထဲ ပါရမယ် ။ သီချင်းတွေ အများကြီး ဖန်တီးခဲ့ပြီကွာ ။ ခု လာတော့မယ့် နှစ်ဆယ့်တစ်ရာစု ရာစုကြီး တစ်ခု ပြောင်း သွားတဲ့ အခါမှာရော တို့ မြို့မဟာ နှစ်ဆယ်ရာစု က သီချင်းတွေ နဲ့ ပဲ ကျေနပ်နေကြမှာလား ။ မြို့မ ရဲ့ အနုပညာ အမွေတွေ မပျောက်ပျက်အောင် ထိန်းသိမ်း ဖို့ တာဝန် ရှိကြသလို တိုးပွါးအောင် ကြံဆောင် ဖို့လည်း တာဝန် ရှိတယ်လေ ။ နှစ်ဆယ့်တစ်ရာစု ရဲ့ ဂန္ထဝင်တေး စာရင်း ထဲ မှာ မြို့မရဲ့ တေးသစ် တွေ ပါစေချင်တယ် ”
“ အဲဒီတော့ .... ”
“ ငါ စ ပြောခဲ့တဲ့ စကား ပြန် ကောက်ရမှာပေါ့ ကွာ ။ မြို့မ ကို ဖွဲ့စည်းခဲ့တာဟာ ဂီတမြတ်နိုးသူတွေ စုပြီး ဖွဲ့စည်းခဲ့တာပဲ ။ ခု မြို့မ ရဲ့ နှစ်ဆယ့်တစ်ရာစု အတွက် ဂန္ထဝင်တေးတွေ ဖန်တီးနိုင်ဖို့လည်း ဂီတမြတ်နိုးသူ ၊ ကျွမ်းကျင်သူ တိုင်း က စိတ်ဝင်စားရမှာ ။ မြို့မ ဆိုတာ ဂီတမြတ်နိုးသူတွေ စု ထူထောင်ခဲ့တဲ့ အဖွဲ့အစည်း ပဲ ။ မြို့မကြီး ကသာ ဖိတ်ခေါ် .... ”
“ အဲ ... အဲ ... ”
“ ဘာ ပြောချင်လို့လဲ ”
“ အင်း .... တော်ပါပြီဗျာ ”
“ ထားတော့ ။ ရုပ်ပိုင်း တိုးတက်ဖို့ မြို့မ ဆိုတာ မန္တလေး မှာ နှစ်ပတ်လည် ပွဲ မပြတ်တဲ့ အသင်း ပါ ။ တစ်ပွဲ ဘယ်လောက်ယူတယ် ။ အသင်းသားတွေ ပေးရတာ ဘယ်လောက် ရှိတယ် ။ တစ်ပွဲ တီးတိုင်း အသင်း အတွက် ဘယ်လောက် ကျန်တယ် ။ တစ်နှစ် ပွဲပေါင်း ဘယ်လောက် ရှိတယ် ဆိုတဲ့ မြို့မ ရဲ့ ငွေစာရင်းရှင်းတမ်း သာ ရိုက်ပြီး မြို့မိ မြို့ဖတွေ ကို ဝေလိုက် ။ အသင်းပိုင် ငွေ ရှိတာ နဲ့ အသင်း အတွက် လိုအပ်လို့ ထူထောင်ချင်တာ နဲ့ ငွေ လိုနေရင် မြို့မိ မြို့ဖ တွေ က ဖြည့်ပေးကြမှာပါ ။ ဒီစ ကား မယုံမှာစိုးလို့ ဦးချို က စန္ဒရားကြီး ဝယ် ပေးခဲ့ဖူးတာ ကို ငါ ထည့် ပြောခဲ့တာ ။ ရုပ်ပိုင်း ဆိုင်ရာတွေ တိုးတက်ဖို့ အတွက်ကတော့ စည်းကမ်းရှိရှိ လုပ်နေတယ် ဆိုတာ အများ သိအောင် ပြ နိုင်ရင် အများ ရဲ့ ကူညီမှုလည်း ရမှာပဲ ။ အခု စည်းကမ်း မရှိဘူးလို့ ငါ မပြောဘူးနော် ။ စည်းကမ်းရှိရှိ လုပ်နေတာကို အများ သိအောင် ပြဖို့ပဲ အကြံပြုတာ ”
“ အင်း .... အဲ .... ”
“ ဟေ့ကောင် ကံချွန် ။ ဒါဟာ မြန်မာ့ဂီတ ကို ဂုဏ်ဆောင်ခဲ့တဲ့ ဂီတအဖွဲ့ကြီး တစ်ခု ဖြစ်လို့ တိုးတက်ပြီး တည်တံ့စေချင် တဲ့ စေတနာ နဲ့ ပြောတာ နော် ။ အများ နဲ့ ဆိုင်တယ် လို့ ခံယူထား လို့ မြို့မ ဆိုတာ မြန်မာ့ဂီတ ရဲ့ အစိတ်အပိုင်း တစ်ခု လို့ ခံယူထား လို့ ”
( ကံချွန် တော်တော်စိတ် ညစ်ပါသည် ။ ဘယ်လို လူကြီး မှန်း လည်း မသိ ။ မြို့သစ် မှာ နေပြီး စာ ရေးနေမည့် အစား ကုမ္ပဏီများ ၊ ကုန်တိုက်များ ၊ လုပ်ငန်းကြီးများ ထွန်းကားစည်ပင်ရာ မြို့ကြီးပြကြီး တက် ၍ ဖိတ်စာလုရင်း စာ ရေးရသော် ပို၍ ပျော်စရာ ကောင်းလေမလား ဟု တွေးရင်း ... )
ရေးမယ်ဗျာ ။ မြို့မကြီး တောင့်တင်းအားကောင်းဖို့ ။
အမျိုးသား ဂီတရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ဆက်လက်တာဝန်ကျေဖို့ ။
ပြီးတော့ ... ။
မန္တလေးသူ ၊ မန္တလေးသားများလည်း ဂုဏ်ယူနိုင်ဖို့ ။
◾ကံချွန်
📖 အလင်းတန်း ဂျာနယ်
၁၈ - ၅ - ၉၉
www.facebook.com/aung.naingoo.3726613
.
Thursday, April 14, 2022
အချစ် ၏ ဆုံမှတ်
❝ အချစ် ၏ ဆုံမှတ် ❞
လွန်ခဲ့သော တစ်ချိန် က ကျွန်တော် သည် တောင်ဥက္ကလာပ ( ၁၂ ) ရပ်ကွက် တွင် အိမ်ငှါးပြီး နေခဲ့ဖူးသည် ။
ထိုစဉ်က နံနက် အိပ်ရာ မှ ထ ၊ မျက်နှာသစ် သွားတိုက် စသည့် ကိစ္စဝိစ္စများ ပြီးလျှင် ကျိုက္ကဆံဘုရားရှေ့ ရှိ ရတနာလမ်းမကြီး အတိုင်း ကျောက်ကုန်း ဘက် သို့ လမ်းလျှောက် ထွက်လေ့ရှိပါသည် ။
အဲဒီတုံးက ကျောက်ကုန်းပေါ် အတက်လမ်း တွင် “ အောင်ဇေယျ ” ရုပ်ရှင်ရုံ ဟူ၍ ရှိခဲ့ဖူးပါသည် ။
နောက်ပိုင်း ခေတ်ကာလအလျှောက် ယင်း အောင်ဇေယျ ရုပ်ရှင်ရုံ မှာ တရားစီရင်ရေးရုံးခန်း အဖြစ် သို့ ပြောင်းလဲခဲ့ပါသည် ။
အောင်ဇေယျရုပ်ရှင်ရုံ ရှိစဉ်က အဖြစ်အပျက်များ ကို ယနေ့တိုင် ပြန်လည် မြင်ယောင် နေမိပါသည် ။
ထိုစဉ်က ကျွန်တော့် တွင် “ အချစ်ဆုံး ” ချစ်ဦးသူ တစ်ယောက် ရှိခဲ့ဖူး ကြောင်း ပြန်လည် ပြောပြရပါဦးမည် ။
တစ်ခါတစ်ရံတွင် ကျွန်တော် နှင့် ကျွန်တော့် ချစ်ဦးသူ တို့ အောင်ဇေယျ ရုပ်ရှင်ရုံ တွင် အတူတူ ချိန်းတွေ့ကြပြီး ရုပ်ရှင် ကြည့်ခဲ့ကြပါသည် ။
ချစ်ဦးသူ နှစ်ဦး အတူတကွ ရုပ်ရှင် ကြည့်ခဲ့ကြခြင်း ကို သာ , မှတ်မိပါတော့သည် ။ မည်သည့်ရုပ်ရှင်ကား ဟူ၍ ကား ရေးရေးမျှပင် အမှတ်ထင်ထင် မရှိတော့ပါ ။
ကိုယ့် “ အချစ်ဆုံး ” ချစ်ဦးသူ အတွက် ကွာစိအခွံ နွှာပေးခြင်း နှင့် တယုတယ ပြုစုကာ အရိပ် တကြည့်ကြည့် ကြည့် နေခဲ့ခြင်း ကို သာ မှတ်မိပါတော့သည် ။
ထိုစဉ်က ... ကျွန်တော် အလွန် ပျော်ခဲ့ပါသည် ။
တစ်ယောက် ၏ လက် ကို တစ်ယောက် လွတ် ထွက်မသွားစတမ်း ဆုပ်နယ် ဖြစ်ညှစ် ကိုင်ထားရင်း မှ ချစ်စကားတွေ ကို လှိုင်လှိုင် ပြောခဲ့ကြပါသည် ။
ဒါတွေက အခု ဆိုလျှင် ဆယ်စုနှစ် နှင့် ချီ ၍ ကြာညောင်းခဲ့ချေပြီကော ။
တစ်နေ့က ကျောက်ကုန်းအတွင်းပိုင်း တွင် နေထိုင်သော သူငယ်ချင်းဂီတ စာဆို “ မော်လေး ” ၏ နေအိမ် မှ အပြန် တွင် မိုးကောင်းလမ်း နှင့် ကျောက်ကုန်းလမ်း ဆုံရာ ဘက်သို့ ရောက်ခဲ့သော အခါ ...
မချုပ်ငြိမ်းနိုင်သေးသော အဟောင်း ... အဟောင်းများသည် အသစ် အသစ်များသဖွယ် ကျွန်တော် ၏ စိတ်အလျင် တွင် ပြန်လည် မြင်ယောင်ခဲ့ရပြန် ပါ တော့သည် ။
••••• ••••• •••••
ကျွန်တော် နှင့် ကျွန်တော့် “ မမစိမ်း ” တို့ အချစ်နယ် ကျွံမိကြသဖြင့် အကျဉ်းရုန်းကာ တရားရုံး တစ်ရုံး တွင် အကြင်လင်မယား အဖြစ် ပေါင်းသင်းဖို့ လက် ထပ်ခဲ့ရပါတော့သည် ။
ကျွန်တော့် အဖို့ အိမ်ထောင် သာ ပြုလိုက်ရသည် ။ အိမ်ထောင်ရေး အကြောင်း ကို ဘာမျှ မသိ ။ အိမ်ထောင့် တာဝန် ဟူ၍ လည်း ဘာမျှ နားမလည်ခဲ့ ။
မမစိမ်း မိဘများ ၏ အရိပ် တွင် ခိုလှုံကာ မမစိမ်း တို့ ၏ စီးပွားရေးလုပ်ငန်း တွင် သာ ဒိုးတူပေါင်းဖက် လုပ်ကိုင်ရင်း တစ်အိမ် တည်း တွင် အတူ နေ ၊ တစ်ရေတည်း သောက် ၊ တစ်အိုး တည်း အတူ စားကာ လက်ရေတစ်ပြင်တည်း နေထိုင်လာခဲ့ ကြရသော ကြောင့်ပင် ဖြစ်ပါသည် ။
သို့ဖြင့် သမီးဦး “ မိုး ” ကလေး ကို မွေးဖွားခဲ့သည် ။ ထိုအချိန်ကာလ အထိ ကျွန်တော့် ဘဝ မှာ အဆင်ပြေ ချောမွေ့နေဆဲပါ ။
သို့သော်လဲ ... ပေါ့လေ ...
ကျွန်တော် ကိုယ်တိုင် က စာသမား ပေသမား ယောင်ဝါးဝါးဘဝ ၊ လုံးချင်း စာအုပ်ပြား ၆၀ - တန် ၊ တစ်ကျပ်တန် လေးငါးအုပ် ခန့် ရေးသား ထုတ်ဝေခဲ့ဖူးရုံ စာရေး ဆရာ မည်ကာမတ္တ ။
သတင်းစာ လောက တွင် သတင်းထောက် ၊ ညအယ်ဒီတာ စသဖြင့် ကျင်လည် ကျက်စားခဲ့ဖူးရုံ သတင်းသမား မည်ကာမတ္တ ။
ရုပ်ရှင် လောက တွင် ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ မည်ကာမတ္တ ဟူ၍သာ ပြော နိုင်လောက်ပါ၏ ။ဘာကိုမျှ ထွန်းထွန်းပေါက်ပေါက် ခရီး မရောက်ခဲ့ ။
ကျန်သော စီးပွားရေးအခြေအနေ ကား ဘာမျှ မဖြစ်ခဲ့ ။ ဘယ် ဖြစ်ပါ့မလဲ ၊ ဘာမျှ မလုပ်ခဲ့ဘဲ ကိုး ။ ငွေ မှ မရှာခဲ့ဘဲကိုး ။
ကျွန်တော် က ဝါသနာ ပါ ရာ အပေါင်းအသင်းများ နှင့် ပျော်မွေ့ဖွယ်ရာ ကို သာ ရှာဖွေ မက်မောပြီး ယမကာတော မှာ ပျော်မောနေခဲ့မိ သူ ။ အချိန်တွေ ကုန် ဆုံးစေခဲ့ သူ မဟုတ်လား ။
သို့ရာတွင် သားသမီးများ ပွားစီးခဲ့သည် မှာ တော့ ထို အချိန်တွင် သမီး နှစ်ယောက် နှင့် သား သုံးယောက် ပင် ရှိခဲ့ပါပြီ ။ စီးပွား မရှာသော အခါ ၊ စီးပွား ဘယ်မှာ ဖြစ်ပါမည်လဲ ။ စီးပွားရေးအဆင်မပြေ သောအခါ အိမ်ထောင်သည် တိုင်း တွေ့ကြုံခံစားရလေ့ ရှိသော သောကဝေဒနာ တွေ က အခြေအနေ ဆိုးဝါးသည် ထက် ဆိုးဝါး လာခဲ့တော့သည် ။
ယမကာတော တွင် ပျော်မောခဲ့သော ကျွန်တော် ၏ အပြစ်များ က ကျွန်တော့် အိမ်ထောင်ရေး ကို ဒဏ် ခတ်ခဲ့လေပြီ ။
စီးပွားရေး အခြေ မခိုင်သောအခါ အိမ်ထောင်ရေး ဒေါက်တိုင်များ က ပြိုလဲ ကုန်တော့သည် ။ တစ်ဦး နှင့် တစ်ဦး အမြင် မကြည်မလင် ဖြစ်ကုန်တော့သည် ။
သို့ဖြင့် ကျွန်တော် နှင့် မမစိမ်းတို့ ၏ အိမ်ထောင်ရေး မှာလည်း ထိန်းမရ သိမ်းမရ ဖြစ်ပါလေတော့သည် ။
နောက်ဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေ့ ။ တစ်ဦး နှင့် တစ်ဦး “ အချစ်ဦး ” တွေ ပါ ဟု ဆိုခဲ့ကြသော ကျွန်တော် နှင့် မမစိမ်း တို့ ၏ အဆင် မပြေမှုများ ကို ရပ်ကွက် လူကြီးများ က အကြိမ်ကြိမ် ညှိနှိုင်း ဖြန်ဖြေ ပေးခဲ့ ကြသည် ။
သို့ရာတွင် ကျွန်တော် ကော မမစိမ်း ပါ တစ်ဖက် နှင့် တစ်ဖက် အလျှော့ မပေး ကြဘဲ တင်းတင်းမာမာ ဖြစ်လာကြသောအခါ ညှိနှိုင်း, စေ့စပ် , ဖြန်ဖြေ ပေး၍ မရ ကြသောအခါ ... ။
ယခင် က အောင်ဇေယျရုပ်ရှင်ရုံ. ..
ယခု “ တရားစီရင်ရေးဌာန ” အဖြစ်သို့ ပြောင်းလဲခဲ့သော အဆောက်အအုံ သို့ ကျွန်တော် နှင့် မမစိမ်း တို့ ရောက်ခဲ့ရတော့သည် ။ တရားစီရင်ရေးဌာနကြီး တွင် တရားသူကြီးများ ၊ ရှေ့နေ ရှေ့ ရပ်များ ၊ ရဲဝန် ထမ်းများ ၊ အချုပ်တရားခံများ ၊ အမှုပွဲစားများ ၊ ရှေ့ဖတ်စာရေးများ ၊ အမှုသည်များ ၊ ဈေးသည်များ စသဖြင့် တိုး မပေါက်အောင် စည်ကားလှပါသည် ။
တရားသူကြီး ရှေ့မှောက်တွင် ကျွန်တော် နှင့် မမစိမ်း တို့ ၏ ကွာရှင်းလို မှု အမှုတွဲ ရောက်ခဲ့ပါပြီ ။
တရားသူကြီး ၏ အကြိမ်ကြိမ် စဉ်းစား ခိုင်းခြင်းများ ၊ ညှိနှိုင်းပေးခြင်း စေ့စပ် ပေးခြင်း ဖြန်ဖြေပေးခြင်းများ ကို နှစ်ဦး စလုံး မှ အကြောက်အကန် ငြင်းဆန်ကြရင်း ဖြင့် နောက်ဆုံးတွင် ယင်း နေရာမှာ ပင် “ အချစ်လမ်းခွဲ ” ခဲ့ကြရပါတော့သည် ။
ယခင် တစ်ကြိမ် က “ အချစ်ဆုံး ”နှင့် ပျော်နေခဲ့ရသော နေရာ “ အောင်ဇေယျ ရုပ်ရှင်ရုံ ”
ယခုသော်ကား ယင်း နေရာ “ တရားစီရင်ရေးဋ္ဌာန ” မှာ ပင် “ အချစ်ဆုံး ” မမစိမ်း ၏ အချစ် ကို အဆုံးရှုံး ခံ လိုက်ရပါပြီကောလေ ။
◾ရန်နောင်စိုး
📖 အလင်္ကာရပ်ဝန်း ဝတ္ထုတိုစာစု ( ၇ )
www.facebook.com/aung.naingoo.3726613
.
Wednesday, April 13, 2022
ရှက်ရပေါင်း များပြီ
❝ ရှက်ရပေါင်း များပြီ ❞
အမေ သည် သူ ၏ မြေးငယ် ကို တတွတ်တွတ် ပြောပြနေသည် ။ သင်္ကြန် ၏ စိတ်ဝင်စားဖွယ် နောက်ခံ အကြောင်းခြင်းရာများ ၊ ထို အထဲ တွင် ဗြဟ္မာကြီးဦးခေါင်း နှင့် နတ် သမီး လေးပါး အကြောင်း ၊ အထက် ဝတိံဘုံဖျား တွင် စံစားနေသည့် သိကြားမင်း အကြောင်း ၊ သင်္ကြန်ရက် အတွင်း သိကြားမင်း လူ့ပြည် ဆင်းကြွလာသည့်အခါ တိုင်း သူ့ တွင် ခွေးရေပုရပိုက် နှင့် ရွှေပုရပိုက် နှစ်မျိုး ပါလာသည့် အကြောင်း ၊ လူကြီးမိဘစကား နားထောင်၍ စိတ်ထား ကောင်းသူများကို ရွှေပုရပိုက် ထဲ တွင် ရေးမှတ်၍ လူကြီးစကား ကို နား မထောင်သည့် အပြင် စိတ်ထား လည်း ယုတ်ညံ့သူများ ကို မူ ခွေးရေပုရပိုက် ထဲ တွင် ရေးမှတ်ယူ သွားတတ်သည့် အကြောင်း ၊ ရွှေပုရပိုက် ထဲ တွင် အမှတ် ခံရသူ များ က နောက်ဘဝ တွင် နတ်ပြည် ၌ စံစားရပြီး ခွေးရေပုရပိုက် ထဲ တွင် အမှတ် ခံရသူများ က ငရဲပြည် သို့ ဇောက်ထိုး ကျ ဆင်းရ ကြောင်း စသည် စသည်တို့ ။
မြေးအဘွား နှစ်ယောက် ပြောဆိုနေကြသံ ကို အမှတ်မထင် ကြားမိလိုက်သည့် ငြိမ်းသာ သည် ကိုယ့် အတွင်း စိတ် ကို ကိုယ် လှစ်ကနဲ ပြန် ကြည့်လိုက်မိ၏ ။
ထို ခဏတွင်ပင် ဖျတ်ကနဲ မြင်လိုက်မိခြင်း ဖြစ်ပါ၏ ။
အမြင် ထဲ တွင် ဖြစ်ရပ်ကလေးတွေ ပြန် ပေါ်လာသည် ။ ပေါ် လာသည် မှ ထင်ထင်ရှားရှား ပီပီပြင်ပြင် ။
••• ••• ••• •••
“ သားငယ် ၊ ကြိုးစားနော် ၊ သင်္ချာဆရာ ရော ၊ ဓာတုဗေဒ သင်မယ့် ဆရာမ ရော မေမေ စုံစမ်းလို့ ရခဲ့ပြီ ၊ သားတို့ လေးယောက် ကို အိမ် လာ သင်ပေးမှာ ၊ တစ်ယောက် ကို တစ်ရာ ပေးရ မယ် ၊ တစ်လ တစ်ရာ နော် ၊ သူတို့ အိမ်တွေ ကို ပြောခိုင်းထား ၊ ယူမယ် ဆို စာမေးပွဲ ဖြေချိန် အထိ လတိုင်း ယူရမှာ ၊ ကြားထဲ မှာ ထွက်လို့ မရဘူး ၊ အားလုံး ပြောပြထား ၊ မေမေ့ မှာ မနည်း ရှာပြီး တောင်းပန် သင်ခိုင်းရတာ ”
ကိုးတန်း အောင် သည့် သားငယ်အတွက် ဆယ်တန်း အတက် စာ မခက်အောင် ငြိမ်းသာ မှာ နည်းလမ်း ရှာရပါ၏ ။ လိုအပ်သော ဘာသာရပ် အတွက် အချိန်ပို သင်ပေးမည့် ဆရာ ကို ရှာရ သည်မှာ လွယ်လှသည်မဟုတ် ။ အတော့်ဘကို စုံစမ်းရှာဖွေမှ ကျောင်းတုန်း က သူငယ်ချင်း တစ်ယောက် ၏ ဆက်သွယ်ပေးမှုကြောင့် သားငယ် အားနည် သော သင်္ချာ နှင့် ဓာတုဗေဒ ဘာသာရပ် အတွက် ဆရာများ ကို ရရှိခဲ့၏ ။ သည်တော့မှ ငြိမ်းသာ ရင် အေး ရသည် ။
အချိန်ပို ခေါ်သင်၍ ငွေကုန်ကြေးကျ များသူ မှန်သော် လည်း ဆယ်တန်း ကို တစ်နှစ် တည်း နှင့် ထူးချွန်အောင်ဖို့ က အရေးကြီးသည် ဟု ကိုယ့် ကိုယ် ကို ဖျောင်းဖျ နှစ်သိမ့်ထား၏ ။ သားငယ် အတွက် အပို ကုန်ကျငွေ ကို ကာမိစေရန် အဝတ်အစား မဝယ် ၊ ရုပ်ရှင် ထွက် မကြည့် ၊ အပြင် ဆိုင် တွင် မစား ဟု ဆုံးဖြတ် ထားလိုက်၏ ။
သည်လိုနှင့် စနေ ၊ တနင်္ဂနွေနေ့ များ တွင် သားငယ် ကို စ သင် ဖြစ်ကြသည် ။ ဆရာ နှင့် ဆရာမ တို့ ကလည်း ရုံးသမားတွေ မို့ သည် နှစ်ရက် သာ သင် ပေးနိုင်သည် ။ ဒါတောင် တစ်ရက်မှာ နှစ်နာရီ တည်း သာ ။ သို့သော်လည်း ငြိမ်းသာ ကျေနပ်သည် ။ သူတို့ ကျောင်း မှာ ကတည်းက စာတော်သူများ ဖြစ်သလို အသင် အပြ တွင် လည်း နာမည် ရသည် ။ သားငယ်တို့ ကလည်း နားလည်ကြောင်း ၊ ရှင်းကြောင်း ပြောပြ ထောက်ခံကြသည် ။
သို့နှင့် တစ်ရက် ။
“ မေမေ ၊ မေမေ့ သူငယ်ချင်းလေ ဟိုဘက် လမ်း က အန်တီ ဝေဝေ က ပြောတယ် ၊ သူ့ သားကလေးလဲ သင်ချင်လို့ တဲ့ ၊ အဲဒါ သား က ဒီကနေ့ လာခဲ့လို ပြောလိုက်တယ် ”
“ ဟဲ့ ဘာဖြစ်လို့ ပြောလိုက်ရတာလဲ သိပ် ရှည်တာပဲ ။ လူများတော့ ဘယ်ကောင်းမလဲ ”
ဟုတ်သည် ။ တစ်ယောက် တိုး လာလျှင် ကိုယ့် ကလေး အပေါ် ဂရုစိုက်မှု လျော့ သွားမည် ။ ယခု လေးယောက်ပင် တကယ် လေ့လာကြည့်တော့ များနေပြီ ။ မတတ်နိုင်လို့သာပေါ့ ။ တတ် နိုင်လျှင် ကိုယ့်သား တစ်ယောက်တည်း ကို တစ်ဘာသာ သုံးရာ ပေးပြီး ...
“ မေမေ ကလဲ နောက်ထပ် တစ်ယောက် ပဲ တိုးမယ့်ဟာ ကို ”
“ ဟဲ့ တစ်ယောက် တိုးတိုး နှစ်ယောက် တိုးတိုး တိုးတာဟာ တိုးတာပဲ တဲ့ ၊ မဖြစ်ဘူး မဖြစ်ဘူး ”
ချက်ချင်းပင် ဆုံးဖြတ်လိုက်၏ ။ဝေဝေ လာသည် အထိ စောင့် မနေတော့ ။ ဝေဝေ့ အိမ် သို့ သွား၍ ဆရာတွေ က နောက်ထပ် ကျောင်းသား လက် မခံတော့သည့် အကြောင်း သွား တားနှင့်လိုက်၏ ။ သိုမဟုတ်လျှင် ဇာတ်ကြောင်း ရှည်နေဦးမည် ။
“ မေမေ က လဲ တို လိုက်တာ ”
“ ဘာ ”
“ စာသင်တာပဲ လူများ လဲ ဘာဖြစ်လဲလို့ ”
သား ကို ငေါက်ထုတ်ပစ်လိုက်၏ ။
ထိုစဉ်ကမူ ရှက်ရမှန်း မသိခဲ့ ။
••• ••• ••• •••
ခင်ဝင်း တို့ လာလျှင် သည်လိုချည်း ၊ ဘယ်တော့မှ လက်ချည်း သက်သက် မဟုတ် ။ သူတတ်နိုင်သမျှ ဟင်းသီးဟင်းရွက်ကလေး တွေ ပါလာစမြဲ ။ ယနေ့လည်း ကဲကဲ ကဲကဲဖြင့် မနိုင့်တနိုင် ဆွဲလာပါပြီ ။ ခြင်းတောင်းကြီး တစ်တောင်း ၊ ထိုအထဲ ဘူးသီး ကြီး တစ်လုံး ၊ ဒန့်သလွန်သီး အတောင့်နှစ်ဆယ် လောက် နှင့် ခရမ်းသီး ချောချောကြီးတွေ ။
“ ခင်ဝင်း က လဲ ကွယ် နည်းတဲ့ ခရီး လဲ မဟုတ် ၊ ဒုက္ခ ခံ လို့ ယူယူ လာတယ် ”
“ အို ... မမငြိမ်း က လဲ ရထား စီးလာတာပဲ ဟာ အပန်းမကြီး ပါဘူး ၊ မမငြိမ်း ကျေးဇူး ကို ဒီပြင် နည်းနဲ့ မှ မဆပ်နိုင်တာ ၊ ကိုယ် တတ်နိုင်သမျှ ကလေး ကိုယ့် ကျေးဇူးရှင် ကို ပေးရတာ ၊ ခင်ဝင်း တို့ ဘက် မှာ အသီးအရွက်တွေ သိပ်ပေါတာ မမ ရဲ့ ”
ပြောပြောဆိုဆို ပင် တောင်းကြီး ကို မီးဖို ထဲ အထိ ဆွဲ မ ယူသွား၏ ။ ချက်ချင်း ဆိုသလို ပြန် ထွက်လာပြီး သူ့ ဘော်လီ ရင်စည်း ကြားထဲမှ ငွေစက္ကူ ထပ်ကလေး ကို နှိုက် ယူကာ တစ်ရွက် ချင်း ရေတွက်နေ၏ ။ ကျပ်တန် အနွမ်းကလေးများ ...
“ မမငြိမ်း ”
သူ့ အနား လာ ထိုင်ရင်း ယို့ယို့ ကလေး လှမ်း ပေးလိုက်၏ ။ သိ လိုက်ပြီးသားပင် ၊ ငွေသုံးဆယ်ကျပ်တိတိ ဖြစ်ပေမည် ။
“ ခိုင်းစရာ ရှိရင်လဲ မှာနော် မမငြိမ်း ၊ မောင် က ဆို သတိရတိုင်း တဖွဖွ ပြောနေတာ ၊ မမ သာ မကူညီခဲ့ရင် ခင်ဝင်း တို့ ဒုက္ခ ရောက် မှာ သေချာပေါက် ”
ခင်ဝင်း ပြောနေပုံ က တကယ့် ကို စိတ်ပါ လက်ပါ လှိုက်လှိုက် လှဲလှဲ ။ သူ ပြော နေသမျှ ကို မျက်နှာ မပျက်အောင် မနည်း ကြိုးစား နားထောင်နေရ သူ က ငြိမ်းသာ ။ သို့တိုင် မလုံမလဲ ဖြစ်နေသည့် စိတ် ကြောင့် ခင်ဝင်း မျက်နှာ ကို စေ့စေ့ မကြည့်ရဲ သလိုလို ။
“ ညည်း ဒီနေ့ ဈေး မထွက်ဘူးလား ”
“ အငယ်ကလေး ဖျားနေလို့ မမ ရဲ့ ၊ ခုတောင် မလာ မဖြစ်လို့ လာခဲ့ရတာ ၊ တော်နေ မမငြိမ်း ကြားထဲ က မျက်နှာ ပျက်နေမှာ စိုးလို့ ၊ ပြီး တစ်ရက် ကူး သွားရင်လဲ အတိုး က စကား ပြောလာဦး မှာ မဟုတ်လား ”
နောက်ဆုံး စကားပိုဒ် က ငြိမ်းသာ ၏ နှလုံးသား ကို တင်း ကျပ်စွာ ဆုပ်ညှစ်ပစ်လိုက် သလိုပင် ။ အတိုး တဲ့ ဟုတ်တာပေါ့ ။ ဒီကောင်မလေး ကို ငွေ ချေးလိုက်စဉ် က ပြောခဲ့သည့် စကားများ ကို ပြန် သတိရလာမိ၏ ။
“ တို့မလဲ အပို ရှိတာ မဟုတ်ဘူး ခင်ဝင်း ရဲ့ ၊ ကျား ကြီး တော့ ခြေရာ ကြီး ဆိုသလိုပေါ့ ”
စိတ်ပျက် အားလျော့သွားသည့် ခင်ဝင်း မျက်နှာ ကို ပြန် မြင်လာ၏ ။ သူ့ခမျာ သူ့ ယောက်ျား အတွက် ငွေ ချက်ချင်း ရ မှ ဖြစ်မည့် အရေးပေါ် ဒုက္ခသည် ။ သူ့ ယောက်ျား က သမဝါယမ အရောင်းဆိုင် မှာ အရောင်းဈေးသည် ။ လချုပ်စာရင်း တွက် သောအခါ သူ့ နေရာမှ ငွေသုံးရာ ကွာ နေသည် ။ သည်တော့ အားကိုးမြဲ ဖြစ်သော ငြိမ်းသာ တို့ ဆီ ခင်ဝင်း ပြေး ချလာ၏ ။ အခါတိုင်းလို တစ်ဆယ် ၊ ဆယ့်ငါးကျပ် ဆိုပါက ငြိမ်းသာ လွယ် လွယ်ကူကူ ချေး လိုက်မိပေမည် ။ ရာ နှင့် ချီ ၍ တော့ လက်လွတ်စပယ် မချေးလိုက်ချင် ။ အကယ်၍ ခင်ဝင်း တို့ ပြန် မဆပ်နိုင်ပါက ကိုယ် က လည်း အဆုံး မခံနိုင် ။
“ ဒီလို လုပ်လေ ၊ တို့ အဒေါ် တစ်ယောက် ဆီ က ယူ ပေးမယ် ၊ အတိုး တော့ မှန်မှန် ပေးရလိမ့်မယ် နော် ”
ထိုအခါမှ ခင်ဝင်း မျက်နှာကလေး လင်းသွားကာ ။
“ အမယ်လေး ၊ စိတ်ချပါ မမငြိမ်း ရယ် ၊ ခင်ဝင်း ကတိပေး ပါတယ် ၊ ရအောင်သာ ယူပေးပါနော် ”
သည်လိုနှင့် ကိုယ့် အိတ်ထဲက ငွေ ကို ပဲ အဒေါ့် ငွေ အဖြစ် ခင်ဝင်း ကို ချေးခဲ့သည် မှာ ယခု လ ဆိုလျှင် တစ်ဆယ့်တစ်လ မြောက်ခဲ့ပြီ ။ လစဉ် အတိုး ကို အချိန်မှန် လာ ပေးနေမြဲ ဖြစ် သော်လည်း အရင်း သုံးရာ ကို မူ တစ်ပြားတစ်ချပ် မျှ ဖဲ့ မဆပ်နိုင်သေး ။
“ မမငြိမ်း ကြမ်း တိုက်ပေးရဦးမလား ဟင် ၊ အဝတ်တွေ လျှော် စရာ ရှိရင်လဲ ခင်ဝင်း လျှော်ပေးခဲ့မယ် ”
ခင်ဝင်း အသံ က ငြိမ်းသာ ကို အတိတ် ဖြစ်ရပ် ထဲ မှ ဆွဲထုတ် ခေါ်လိုက်၏ ။
ထိုသို့ ခင်ဝင်း က ကျေးဇူး သိတတ်ကြကြောင်း ပြလေလေ ငြိမ်းသာ မှာ ရှက်ရလေလေ ။
သို့သော်လည်း
အတိုး အဖြစ် ရသော ကျပ်တန် အနွမ်းကလေးများ ကို မူ ပြန် မပေးလိုက်ဖြစ်ပါ ။
••• ••• ••• •••
မြို့နယ်အသင်း အစည်းအဝေး မို့ မိတ်ဟောင်းဆွေဟောင်းများ သာမက ဇာတိမြေ မှ ရပ်ဆွေရပ်မျိုး အတော်များများ ကို ပြန်တွေ့ရသည် ။
ထုံးစံအတိုင်း ရင်းနှီးစွာ ပြောကြဆိုကြရင်း သင်းလုံးကျွတ် အစည်းအဝေးကြီး နှင့် ပူးတွဲကျင်းပမည့် ပညာရည်ချွန်ဆုပေးပွဲ အတွက် ဆွေးနွေးတိုင်ပင်ကြသည် ။
ဆု အတွက် အချို့က ငါးရာ ၊ တစ်ထောင် စသည်ဖြင့် ထည့် ဝင်လှူဒါန်းကြသလို အချို့က ငါးကျပ်တစ်ဆယ် စသည်ဖြင့် ဖြည့် တင်းကြသည် ။ စေတနာရှင် နှစ်ဦး က ပထမဆု နှင့် ဒုတိယဆု အတွက် ရွှေတံဆိပ် တာဝန် ယူသည် ဟု ကြေညာတော့ လက်ခုပ် သံ ညံ သွား၏ ။ မိသားစု စိတ်ဓာတ် ဖြင့် အားလုံး ဝိုင်းဝန်း ထူမ ပေးလိုက်သဖြင့် ပညာရည်ချွန်ဆုနှင်းပွဲ အတွက် လိုအပ်သည့် ရန်ပုံငွေ မှာ ထင် သည် ထက် ပို ရသွား၏ ။ နာယက လူကြီးမင်းများ ကျေနပ်စွာ ဂုဏ်ယူစွာ ပြုံးနေကြလေပြီ ။
“ ငါးဘာသာဆုရှင် ကို နာယကကြီး တစ်ဦးဖြစ် တဲ့ .. ”
အခမ်းအနားမှူး ဖြစ်သူ က ပွဲကြီးနေ့ အတွက် အစီအစဉ် များကို တိုင်ပင် ရေးဆွဲ၍ အပြီးတွင် ပညာရည်ချွန်ဆု ရသည့် ကလေးများ ကို ဆုချီးမြှင့် ပေးရန် တင်ပြ အစီရင်ခံသည် ။
ကောလိပ်ကျောင်းများ မှ ပညာထူးချွန်သူများ အပါအဝင် ၊ စုစုပေါင်း ဆုရရှိမည့် ကလေး တစ်ဆယ့်ကိုးဦး ။ ထို့ကြောင့် ဆုချီးမြှင့် ပေးရမည့် ပုဂ္ဂိုလ် ကလည်း မနည်းလှ ။
“ တို့မြို့နယ် က ချွန်တယ်ဟေ့ ၊ ဒီလိုမှ ပေါ့ ”
ကိုယ် မြို့ ကိုယ် ဂုဏ်ယူ မဆုံး ပြောလိုက်သည့် အသံ တစ်သံ ကြားလိုက်ရ၏ ။ အားလုံး ပြုံးသွားသည် ။
ငြိမ်းသာ ကတော့ စိတ် ထဲ တွင် မကြည်မသာ နှင့် ။ မကြည် မသာ ဆိုသည်ထက် မကျေမနပ် ဖြစ်နေသည် ဟု ဆို က ပို မှန်ပေ လိမ့်မည် ။ ဟုတ်သည်လေ ။ တကယ်ဆို ကိုယ် လည်း အရေးပါ အရာရောက်သည့် အသင်းဝင် တစ်ယောက် ။ အသင်း ဂုဏ်သရေ ကို အစဉ် ဆောင်နေသည့် လူ တစ်ယောက်ပင် မဟုတ်ပါလား ။ ခုတော့ ကိုယ့် လို လူ ကို ကျော်ပြီး မနေ့ တစ်နေ့ က မှ အသင်းဝင် ဖြစ်လာသည့် လူတချို့ ကို နေရာ ပေးတယ်လေ ။ အချိုး မကျလိုက် တာ ။ ဒီလောက်မှ မစဉ်းစားတတ်ကြဘူးလား ။
တစ်ယောက်တည်း ကျိတ်၍ ဝေဖန်နေမိ၏ ။
လူ နည်းနည်း ရှင်းသွားလျှင် သွားချင်း နာယကကြီး တစ်ဦး ထံ မကျေနပ်ချက် ကို ဖွင့်အန် ပြလိုက်မိ၏ ။
“ တကယ်ဆို ဦး ရယ် ၊ ငြိမ်းသာ ဟာ အသင်း ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း ကို ဘယ်လောက် လုပ်ပေးခဲ့သလဲ ၊ ပြီး အလှူငွေ ထည့်စရာ ရှိရင်လဲ အမြဲ ရာချီ ထည့် တာပါ ၊ သူများလို ငါးကျပ် တစ်ဆယ် ထည့်တဲ့ လူ လဲ မဟုတ် ၊ ခု ဆုပေးဖို့ ကျတော့ ကျွန်မ ကို သတိ မရကြဘူး ”
နာယကကြီး က ငြိမ်းသာ ကို ပြုံး၍ ကြည့်နေခဲ့သည် ။
“ အေးကွယ် ၊ ဦးလေးတို့ ပြန် ညှိ လိုက်ဦးမယ်လေ ”
“ ဒါများ ညှိနေစရာ လိုသေးလား ဦး ၊ ဦး လဲ အားလုံး သိပြီးသားပဲ ဟာ ”
ထိုကဲ့သို့သော နည်းဖြင့် ဆုနှင်းပွဲ နေ့ တွင် ဇာပဝါရှည်ကြီး စုံချ၍ စင်မြင့်ပေါ် တက် နိုင်ခဲ့ပါ၏ ။ ဆုရသူ ကလေးများ နှင့် စုပေါင်း ဓာတ်ပုံ ရိုက်သည့် အခါတွင်လည်း ရှေ့တန်းကုလားထိုင် တွင် ခန့်ခန့်ကြီး ထိုင် ရသည့် အခွင့်အရေး ကိုလည်း အရ ယူခဲ့မိ ပါ၏ ။
နာယကကြီး က ငြိမ်းသာ ကို ကြည့်၍ ပြုံးပြုံး ကြီး ၊ သူ့ အပြုံး ၏ အဓိပ္ပာယ် ကို ထိုစဉ်က အလေးအနက် မတွေး တတ်ခဲ့ ။
ယခု ပြန် တွေးကြည့်မိမှ အသေအချာ ဆင်ခြင်မိတော့မှ ငြိမ်းသာ ရှက်ရကောင်းမှန်း သိ လာပါ၏ ။
••• ••• ••• •••
ရန်ကုန်မြို့က ဘတ်စ်ကားတွေ သိပ်လူကျပ်တာ ပဲ ဟု ပြောလျှင် ဒါဆန်းသလား ဟု ပြန်မေးချင်ကြလိမ့်မည် ထင်ပါ၏ ။
ငြိမ်းသာ က မူ ထို မဆန်းသော အကြောင်းတစ်ခု ကို အရင်းခံ ၍ ဖြစ်ရပ် တစ်ခု ကို ကြုံ ခဲ့ရပါ၏ ။
ဘတ်စ်ကား လူ ကျပ်လွန်းသော အချိန် သည် မနက်ပိုင်း ရုံးတက် ချိန်နှင့် ညနေပိုင်း ရုံးဆင်းချိန် တို့ ဖြစ်ပါသည် ။ ထိုအချိန်များ တွင် ကား ပေါ် ၌ မတ်တတ်ရပ် စီး ရသည်မှာပင် သက်တောင့် သက်သာ မဟုတ် ။ ငါးပိသိပ် ၊ ငါးချဉ်သိပ် ကျပ်ကျပ်ညပ်ညပ် ။ အသက် ရှူ ရသည် မှာ ပင် ခက်ခက် ခဲခဲ ၊ တစ်ဦး ၏ ကိုယ် နံ့ တစ်ဦး မှာ လွှမ်းပတ်လျက် ။
ဤအဖြစ် မှာ မနက်ပိုင်း ရုံးတက်ချိန် ဆိုလျှင် သည်းခံနိုင်ဖွယ်ရာ ရှိသေးသည် ။ မနက် ဆို တော့ ရေမိုးချိုး သန့်စင်ပြီး သား ။ အမျိုးသမီးတွေ ဆိုလျှင် သနပ်ခါးလိမ်း ပေါင်ဒါ တင် ရုံမျှသာ မ က ပန်း ကို ပင် ပန်ဆင် ထားတတ်ကြသဖြင့် သင်းသင်းပျံ့ပျံ ရနံ့ ကလေးတွေ လေသွေးရာ ကြူကြူမွှေးလို့ ။
ညနေ ရုံးဆင်းချိန် ကျတော့ တကယ့် ကို အပုပ်ချိန် တစ်နေ ကုန် လုပ်ငန်းခွင် ဝင် ထားကြရသဖြင့် ပင်ပန်း နွမ်းနယ်ကာ ပေါင်ဒါ သနပ်ခါးလည်း ပြယ်နေပြီ မ က ချွေးတွေ သံတွေ နှင့် ။ ဆေးလိပ်နံ့ ၊ အရက်နံ့ လည်း လှိုင်လှိုင် ၊ အနံ့ အသက် ကိုက မကောင်း ။
ထို့ကြောင့် မြို့ ထဲ သို့ ငြိမ်းသာ ထွက်စရာ ရှိလျှင် မနက်ပိုင်း တွင် ထွက်ပြီး ညနေ ရုံးဆင်းချိန် မတိုင်မီ ခြေကုန်သုတ် ပြေး ပြန်လေ့ရှိသည် ။
လဆန်းရက် တစ်ရက် ။
မနက်စောစော အိမ် က ထွက်မည်ဟု စိတ်ကူးခဲ့သော်လည်း မထွက် ဖြစ် ။ မွန်းလွဲပြီးမှ ထွက်ဖြစ်၏ ။ သွားလာဝယ်ခြမ်း ပြီးစီး၍ အိမ်ပြန်ရန် ကားဂိတ်ရောက်တော့ ငါးနာရီ ထိုး လုပြီ ။
ထုံးစံအတိုင်း လူတွေ ပြွတ်သိပ်နေသည့် ကားပေါ် တွင် အနံ့ ပေါင်းစုံ ကို နှာခေါင်းရှုံ့ရင်း လိုက်ပါခဲ့ရ၏ ။ ကံကောင်း ထောက်မလွန်းသဖြင့် နှစ်မှတ်တိုင်မျှသာ မတ်တတ်ရပ် စီးခဲ့ရ၏ ။ ထိုင်စရာ ရ၍ ထိုင် စီးခဲ့သော်လည်း တစ်ယောက် ဆင်း တစ်ယောက် တက် မဟုတ်မူဘဲ တစ်ယောက် ဆင်း သုံးလေးယောက် တက် ဖြစ်နေသဖြင့် ကား ထဲ တွင် ပို၍ ပို၍သာ ကျပ် လာ၏ ။ အသက် ရှူ ပင် မဝသလိုလို ။ အားရပါးရ ရိုက်၍ ရှူ သွင်းလိုက် သော အခါတွင်လည်း ချဉ်စုတ်စုတ် အနံ့ကြီး ကို ရနေ သလိုလို ။ သည် တစ်နေ့လယ် လုံး နေပူကြီး ထဲ ဟိုဝင် သည်ထွက် ခရီး ဆက်ခဲ့ရသည် မဟုတ်ပါလား ။
အရေးထဲ ငြိမ်းသာ ထိုင် နေသည့် ရှေ့ဆုံး ခုံတန်းဘေးနား ရှိ သားအမိတွေ က တကျည်ကျည် ။ ခါးထစ်ခွင် ချီထားသည့် တစ်နှစ်သားကလေး က အာခေါင်ခြစ် ၍ အော် ငိုသလို ခုံတန်း သံကိုင်း လက်ကိုင် ကို မမီ တမီ လှမ်းကိုင်ရင်း လူကြီးတွေ ကြား ထဲ ညပ်နေသည့် လေးနှစ်သမီးကလေး က လည်း တရှုပ်ရှုပ် ။
“ တိတ်စမ်းဆို ဟယ် ၊ နင် တို့ အဖေ သေလို့လား ဟဲ့ ”
အလွန် စိတ် တိုတတ်ပုံ ရသည့် ကလေးအမေ က သမီး က ကို ဒေါက်ကနဲ ခေါက်ပစ်လိုက်၏ ။
“ မလုပ်ပါနဲ့ ကောင်မလေး ရယ် ကလေး သနားပါတယ် ”
အဒေါ်ကြီး တစ်ယောက် က လှမ်း ဟန့် လိုက် သည့် တိုင် ကလေးအမေ က တဗျစ်တောက်တောက် ဆက် ငြူစူနေ၏ ။
ငြိမ်းသာ လည်း နား မချမ်းသာ ၊ မော့ ၍ အကဲခတ်လိုက် မိ၏ ။ ကောင်မလေး ရှိလှမှ နှစ်ဆယ်ကျော် အစိတ် ။ သို့သော် နားထင်နားရင်းတွေ ကျ လျက် မျက်တွင်းချောင်ကလေး နှင့် မျက်နှာကလည်း အဆီပြန် ပြောင်လက်လို့ ။ ဆံပင် နီကြင်ကြင် က လည်း မသပ်မရပ် ဖွာဆန်ကြဲလို့ ။ အဝတ်အစားတွေ ကလည်း ဟောင်းနွမ်းသည် ကို ထားဦး ၊ ညစ်ပတ်နံစော်နေသည် က ဆိုးလှသည် ။
အင်း စောစော က ရ လိုက်တဲ့ ညှီစို့စို့ ချဉ်စုတ်စုတ် အနံ့ က သူ့ ဆီ က နေမှာ ။ ငြိမ်းသာ ခေါင်း ကို သူ နှင့် ဆန့်ကျင် ဘက်သို့ လှည့်လိုက်မိ၏ ။
ခေါင်းလှည့်ရာ ဘက် ရှိ လူနှစ်ယောက် တွင် သပ်သပ်ရပ်ရပ် ဝတ်စားထားသည့် ငြိမ်းသာ နှင့် သက်တူ ရွယ်တူ ခန့် အမျိုးသမီး တစ်ယောက် ကို သတိ သွား ထားလိုက်မိ၏ ။ အောင်မယ် သူ ဝတ်ထားတဲ့ စိန်လက်စွပ် ပုံ ကလေးက အဆန်း ။ စိတ် ဝင်စား သွား၏ ။
ထို ခဏ မှာပင် ငြိမ်းသာ ဘေးရှိ လူရွယ် က မှတ်တိုင်တွင် ဆင်းရန် ဟန် ပြင်လိုက်၏ ။ သည်မှာတင် ငြိမ်းသာ လုပ်ရပ်တစ်ခု ကို လှစ် ကနဲ ပြုလိုက်မိ၏ ။ ဘေး နား က ကလေးအမေ မသိခင် ထို အမျိုးသမီး ကို ခေါက်ထီးဖြင့် လှမ်း တို့ ခေါ် ကာ ဘေးတွင် လာ ထိုင်ရန် အချက် ပြလိုက်၏ အမျိုးသမီး က လျင် သည် ။ ဖြတ် ဆို ချက်ချင်း ရောက်လာ၏ ။ “ မှတ်တိုင်ပါတယ် ” ဟု လူရွယ် က အော် သောအခါ ကလေးအမေ က မျှော်လင့်ချက်ကြီး ဖြင့် နေရာ လွတ် ကို ချာကနဲ လှည့် ကြည့်၏ ။ နောက်ကျသွားပြီ ။ စိန်လက်စွပ် နှင့် အမျိုးသမီး ဝင် ထိုင်လိုက်ပြီးပြီ ။ အင်း တော်ပါ သေးရဲ့ ၊ မဟုတ်လျှင် ညစ်ပတ်နံစော်နေတဲ့ သူတို့ သားအမိ တွေ နဲ့ ပူးကပ် ထိုင်နေရဦးမှာ ။
••• ••• ••• •••
ကိုယ့် လုပ်ရပ် ကို ကိုယ် တစ်ခါမျှ အလေး အနက် တွေးမကြည့်ခဲ့ ။ ထိုသို့ မလုပ်ထိုက် မလုပ်သင့် ဟု ယောင် ၍ ပင် မထင်မိခဲ့ ။
တစ်နေ့ က တစ်ရပ်ကွက် တည်း အတူနေ အငြိမ်းစား အရာရှိကြီး တစ်ယောက် ၏ စကား ကို ကြားလိုက်မှ အလိုလို ဆင်ခြင်လာမိခြင်း ဖြစ်ပါ၏ ။
“ တူမကြီး ငြိမ်းသာ တို့ ကတော့ တကယ့် ကို စိတ်ကောင်း စေတနာကောင်း ရှိတာပဲကွယ် ၊ လူမှုရေး လဲ အင်မတန် နားလည်တယ် ၊ ကူညီချင်စိတ် လဲ သိပ် ရှိတာပဲ ၊ လူငယ်တွေ ဖြစ်ပြီး အဲဒီလို စိတ်ထားကောင်းရင် အကျိုးဆက်ပေးပြီး ကြီးပွားဦးမှာ ” တဲ့ ။
သူ က အားရပါးရ ချီးမွမ်းလေလေ ၊ ငြိမ်းသာ အနေ ကျုံ့လေလေ ။ သူ ကတော့ ကထိန်ပွဲ တွင် သင်္ကန်းသုံးစုံ လှူတာ ၊ သူတို့ ကား ပျက်နေသဖြင့် ငြိမ်းသာ တို့ ကားဖြင့် သူတို့ မြေးကလေး များ ကျောင်း သို့ ကားကြုံ ပို့ ပေးတာ လောက်သာ သိရှာသည် ကိုး ။
“ တူမကြီး ရဲ့ ဒေါ်ဒေါ် က ဆို အိမ် က သမီး ကို တူမကြီး နမူနာ ယူဖို့ ခဏခဏ ပြော နေတာ တူမကြီး လို မဟုတ်ဘူး ၊ သမီး က အလှူအတန်း သိပ်မလုပ် ဘူးကွယ့် ”
သည်မှာတင် ငြိမ်းသာ ကိုယ့် ကိုယ် ကို ပြန် ကြည့်မိခြင်း ဖြစ်ပါ၏ ။
“ ဘယ့်နှယ်လဲ ရှင်ငြိမ်းသာ ဘေးလူတွေ အမြင် မှာတော့ တကယ့် စံပြ စိတ်ထား ကောင်းသူကြီး ပေါ့ ဟုတ်လား ၊ ကိုယ့် ရင် ထဲ က တကယ့် အတွင်း စိတ် ကို ပြန်ကြည့်စမ်းပါ ။ မူ မှန်ရဲ့လား ၊ ဖြူစင်ရဲ့ လား ၊ သန့်ရှင်းရဲ့ လား ၊ ဘယ်သူ သိသိ မသိသိ ၊ ကိုယ့် ကိုယ် ကိုယ် သိတယ်နော် ။ ကိုယ့် ကိုယ် ကိုယ် ဘယ်လို မိန်းမ လဲ ဆိုတာ တွေ့ပြီ မဟုတ်လား ”
မေးခွန်းတွေ အများကြီး မေးမိသည် ။ သို့သော် အဖြေ များ မရမီ ငြိမ်းသာ ရှက် လာမိသည် ။ ဪ တကယ်ဆန်းစစ်လိုက်တော့ ရှက်ရပေါင်း များလှပါပြီ ကော ။
••• ••• ••• •••
ယခု အချိန်လောက် ဆိုရင်ဖြင့် ငြိမ်းသာ ၏ နာမည် သည် သိကြားမင်း ၏ မည်သည့် ပုရပိုက် ထဲ ပါလေမည်နည်း ။စဉ်းစားနေစရာ ပင် မလိုတော့ပါ ။
“ အလို ဘုရား ဘုရား ”
◾ကြူကြူသင်း
📖 မြဝတီမဂ္ဂဇင်း
၁၉၈၅ ခု ၊ ဇူလိုင်
www.facebook.com/aung.naingoo.3726613
.
Tuesday, April 12, 2022
အတက် အဆင်း
❝ အတက် အဆင်း ❞
အကယ်၍သာ ကျွန်မ သည် မနှစ် က ရွှေမန်းသင်္ကြန်ပွဲ တွင် အစွမ်းကုန် ပျော် နေသော အတွင်းဝန် ဦးအောင်မြင့်အား မတွေ့ခဲ့ပါမူ မမြသွေး ကို သတိ ရလိမ့်မည် မဟုတ်ပေ ။ သာမန်အားဖြင့် မမြသွေး သည် ကျွန်မ ၏ ကျောင်းနေဖက်သူငယ်ချင်း ဖြစ်ခဲ့လေသည် ။
သို့သော် ယခု ဦးအောင်မြင့် ကို မြင် လေလေ မမြသွေး ကို ပဲ ပို၍ သတိရ လာလေလေ ဖြစ်ရတော့သည် ။
တောက်ပသော မီးရောင် အောက် တွင် ယဉ်နွဲ့စွာ က နေသော ရွှေမန်းသူ တို့ ၏ ခြေထောက်နား ဝယ် ပါးစပ် အဖြဲသား နှင့် အစွမ်းကုန် ပီတိ ဖြစ်နေသော ဦးအောင်မြင့် ကို ကျွန်မ သည် ဝင်းလိုက် ရေသဘင် အနား တွင် တွေ့ရလေသည် ။ ပြီးတော့ သူ သည် ဟက်ဟက်ပက်ပက် ပျော်ရွှင်စွာ လက်ခုတ် တီး ၍ ရယ် ပြန်သည် ။ သူ သည် ဝင်းလိုက်မယ် တို့ ရပ်နားချိန် တွင် ရွှေမန်းလှပျိုဖြူ တို့ ရေသဘင်အဖွဲ့ သို့ တာဦး လှည့်သွား ပြန်သည် ။
မထွက်သာပဲ ပိတ်နေသော ကားများ ကြား တွင် ကျွန်မ ကား သည် ဦးအောင်မြင့် ကား နောက် တွင် ကပ်လျက် ဖြစ်နေ၍ ကျွန်မ သည် ဦးအောင်မြင့် သွားရာ ကိုပဲ လိုက် ရပြန်သည် ။ ရံဖန်ရံခါ သူ သည် တေးများ ကို ပင် အသံ ထွက် အောင် သီဆို ၍ လက် နှင့် စည်း လိုက်ကာ ပျော်ရွှင်ခြင်း ၏ အဆုံးသို့ ရောက်နေဟန် တူ ပါသည် ။
ကျွန်မ သည် ကြည့်ရင်း ဝမ်းနည်း လာသည် ။ ဦးအောင်မြင့် ၏ ပျော်ရွှင်ခြင်း သရုပ်များ သည် ကျွန်မ အား မမြသွေး အား သတိရရုံ တင် မက မမြသွေး နှင့် တွေ့ခဲ့သော အတိတ် ကို ပါ သတိရ စေပါတော့ သည် ။
“ အတက် နှင့် အဆင်း ဆိုတာ လမ်းခုလတ် မှာ ပဲ တွေ့ကြမှာ ပေါ့ အနှင်း ရယ် ။ ကြာသွားလေ ဝေးသွားလေ ပဲ ပေါ့ ”
မမြသွေး သည် ဒီလိုပဲ ကျွန်မ ကို တည်ငြိမ်စွာ ပြောခဲ့ပါသည် ။ သူ နှင့် တွေ့ခဲ့သည်မှာ ယခု နှစ်ပတ် လည်ခဲ့ပြီး ယခုလိုပဲ မိုးသက်ပါသော လေများ ထဲ တွင် ပိတောက်နံ့ သင်းချိုချို သည် ပျံ့လွင့်နေဆဲမဟုတ် ပါလော ။ ပြာလွင့်သော ကောင်းကင် တွင် မိုးသားများ ဆိုင်းစ ပြု၍ မှိုင်း ညိုညို နောက်ခံဝယ် ဝင်းဝါသော ပိတောက်ခက် သည် ထင်း ၍ ပေါ်လွင် နေတော့သည် ။
မမြသွေး သည် ပိတောက်မြစ် ပေါ် တွင် ထိုင်နေသည် ။ ပွင့်ဖတ်ဝါများ သည် မြေပြင်ဝယ် အနှံ့ ပျံ့ကြဲနေလေသည် ။ သူ သည် မှိုင်းညိုသော ကောင်းကင် ကို ငေး၍ နေသည် ။ ကျွန်မ မှာ သူ့ ကို ကြည့်ရသည် ကိုပဲ ကြည်နူးမိသည် ။ သူမ နှင့် ပတ်ဝန်းကျင် တစ်ခုလုံး သည် မိုးဦး ၏ ပန်းချီကားချပ် နှင့် တူလှသည် ။
ကျွန်မ သူ နှင့် တွေ့ ရသော အချိန် မှာ သူ နှင့် ဦးအောင်မြင့် တို့ ၏ နောက်ဆုံး နေ့ ဖြစ်သည် ။ ကျွန်မ က သူ့ ကို စကား စ ပြောရန် သနားနေသည် ။ သူ ကတော့ တည်ငြိမ်၍ အေးဆေးလှသည် ။ သူ ကပဲ စကား စ ပြောတော့သည် ။
“ အတက် နဲ့ အဆင်း ဆိုတာ လမ်းခုလတ် မှာ သာ ခဏ တွေ့ကြ တာပဲ ။ ကြာသွားလေ ဝေးသွားလေ ပဲ ပေါ့ အနှင်း ရယ် ။ ခုလို အချိန် မှာ အနှင်း နဲ့ တွေ့ ရတော့ အနှင်း က ဝမ်းနည်းနေမှာပဲ ။ တကယ်ဆိုတော့ အမှန်တရားက ခုမှ တွေ့တာ ”
သူ သည် ကျွန်မ ဘက် ကို လှည့်ပြော နေရာမှ သူ့ လက် ပေါ် ရှိ ပိတောက်ပွင့်တွေ ကို ချေပစ်နေသည် ။
သူ သည် ငယ်စဉ်က ကျွန်မ သူငယ်ချင်းများ ထဲ တွင် အတော် လှပခဲ့သည် ။ ယခု သူ သည် အရွယ် ရင့်ခြင်းမှ လွှဲ၍ ငယ်ငယ် က အလှ အတိုင်းပင် ကျန်ရစ်သေးသည် ။ လူ ကတော့ ပို၍ ပိန်ပိန်ပါးပါး ဖြစ်နေ တော့သည် ။
“ ကိုယ် လည်း ဘာမှ မသိဘူး ၊ လက်ထပ်တာပဲ သိတယ် ။ ဒါတောင် သူငယ်ချင်း တွေ က ပြောလို့ သိတာ ။ ခု တစ်နှစ် လောက် ရှိပြီပေါ့ နော် ။ လာပြန်တော့လည်း ဘာဖြစ်တာလည်း မမြသွေး ရယ် ”
ကျွန်မ စကား ကို သူ သေချာစွာ နားထောင်ရာမှ ပြုံး၍ နေတော့သည် ။
“ ခုတော့ ကိုယ် အတိတ် ကို ပြန် ဖွင့် ရလိမ့်မယ် အနှင်း ၊ မင်း တို့ ၁၀ - တန်း အောင်ပြီး ခွဲ လာကတည်း က ကိုယ် ရန်ကုန် ကို လွင့် လာခဲ့ တယ် ။ ၁၀ - တန်းမှာ နေခဲ့ရတုန်းကလည်း အနှင်း အသိပဲ ။ ကိုယ် ရဲ့ ကျောင်းသားဘဝ ဟာ အတော် ခက်ခက်ခဲခဲ နဲ့ ဆင်းရဲ ခဲ့တယ် ။ စာမေးပွဲ တစ်ခါ အောင် ရင် ကြိုးသာ ကြိုးစားရတယ် ။ ဒီ ပတ်ဝန်းကျင်ကြီး က ကြောက်စရာ ကိုယ်တို့ မိသားစု နဲ့ ဆိုရင် ရန်ကုန် ဒဏ် နဲ့ မနဲပဲ လှိမ့် ခံရ တယ် ။ ဒီ ကြား က ကိုယ့် အမေ က အို လှပြီ ။ သူ က ဘယ်လောက်ပဲ လောက ကို ရင်ဆိုင်နိုင်အောင် စိတ်ဓာတ် သွင်းပေး ပေမယ့် ကိုယ် က လူ ပဲ ။ ဘယ် ခံနိုင်မလဲ ”
သူ သည် သူ့ စကားများကို ခေတ္တ ရပ်နားလိုက်၍ “ ကိုယ် ဟာ ဘာ နဲ့ တူနေသလဲဆိုတော့ ဟိုမွေးကတည်းက သိပ် ဆင်းရဲပြီး ရက်စက် တဲ့ လူတွေလက်ထဲ ရောက်နေတဲ့ ကလေး လိုပဲ ။ ရယ်စရာမြှူ ပေမယ့် မရယ်တော့ဘူး ။ ကိုယ် က လည်း ပျော်စရာ ဆိုတာ ဘာမှ မတွေ့တော့ ။ လူ က သေနေတယ် အနှင်း"
“ ဘာ သေနေတယ် ”
ကျွန်မ သည် သူ့ စကား ကို နား မလည်လိုက်ပါ ။
“ အေးအေး သေတယ် ဆိုပါတော့ ။ ဘာကြောင့် စိတ် ကို ပျော်လို့ မရဘူး ။ ပျော်စရာတွေ ဆီလည်း သီ ခွင့်မရဘူး ။ တစ်ခါတစ်ခါ ကိုယ့်အနားမှာ စာရေးမ အဖော်လေးတွေ ရယ်မော သွားတာများ မြင်ရင် ကိုယ် ဖြင့် ကြောင် နေတယ် ၊ သူတို့ လို လည်း ရယ်ချင်ပါတယ် ၊ လွတ်လပ် ချင်ပါတယ် ။ ဒါပေမယ့် ကိုယ် ဟာ အိမ် ကို အမြန် ပြန် ပြီး ည ဘက် ကျ စက်ပန်းထိုး အလုပ် လုပ်ရသေးတယ် ။ မောင်လေး တွေ ကျောင်း စရိတ် ကိုယ့် အမေ ရဲ့ ဆေးဖိုးဝါးခ နဲ့ ဟာ ကိုယ့် အဖို့ မလည်နိုင်ဘူး ။ လခ က ၁၀ဝိ/- ကျော်ကျော် ကိုး ”
သူမ သည် မျက်လုံးများ ကို မှေး၍နေလိုက်ရင်း အဓိပ္ပာယ် မဲ့စွာရယ်လိုက်သည် ။ တကယ်တော့ သူမ ၏ ရယ်ပုံ မှာ လုံးဝအရသာ မပါလှပါ ။ သူပြောသည့် “ သေနေသည် ” ဆိုသော စကား ကို သူ့အမူအရာ က သရုပ်ဖော်လိုက်သည် ။
“ နောက်ဆုံး တစ်ပြိုင်နက် ဆိုပါတော့ ကိုယ် တို့ နေရတဲ့ အိမ် ရဲ့ ကျန်းမာရေး မညီညွက်မှုကြောင့် ကိုယ့်အမေ နဲ့ မောင်လေး တစ်ယောက် ရှေ့ဆင့် နောက်ဆင့် ဆုံးသွားကြတယ် ။ ကျန်တဲ့ မောင်လေး ၂ - ယောက် နဲ့ ကိုယ် ပဲ လိမ့် နေတာပေါ့ ။ ကြွေး လဲ တင် ၊ လူ လဲ ဖား သွားတာပဲ ။ ကိုယ့် ကိုယ် ကို မလဲအောင် အတော် တင်းထားပေမယ့် ကိုယ် လည်း မတ်တတ်နာ ဖြစ် နေတာပေါ့ ၊ တစ်နေ့တော့ ကိုယ် ကြိုးစား ပြီး ရုံး တက်ပေမယ့် လမ်း မှာ အန် နေတာ ဟာ တစ်နာရီ လုံးလုံး ရုံး တက် နောက်ကျ သွားတယ် ၊ ကိုယ် လည်း အားတင်းပြီး ရုံးခန်း ဝ လည်း ရောက် ရော ရုံးအုပ် နဲ့ တိုးတော့ အဆူ ခံရတာပေါ့ ။ သူ ကတော့ ထုံးစံအတိုင်း ဆူ တာပဲ ။ ဒါပေမယ့် ကိုယ် က သိပ် ဝမ်းနည်းနေတဲ့ လူ ဆိုတော့ အခန်း ပြင် ခဏ ထွက်ပြီး ကျူကျူပါအောင် ငို မိတာပဲ ။ ရုံးအုပ် လည်း ဘာမျှ မပြောတော့ဘူး ။ တော်ကြာတော့ “ ဘာဖြစ်လို့ ငို ရတာလဲ မမြသွေး လို့ ” ဆိုတဲ့ အသံ ကို ကြားတော့ ကိုယ် မော့ ကြည့်မိတယ် ။ ဒီတော့ ဘယ်သူ လဲ သိလား ၊ အတွင်းဝန် ဦးအောင်မြင့် ရယ် ။ ကိုယ့် ရှေ့ မှာ ရပ် နေတယ် ။ ကိုယ် က လည်း ကြောင် နေတာပေါ့ ။ သူ့ အခန်း ကို လိုက်ခဲ့ရမယ် လို့ ခေါ်တာ နဲ့ ကိုယ် လည်း လိုက် သွားတယ် ။ ဟို ကျ သူ က ကိုယ့် အကြောင်း ကို အကုန် မေးလိုက်တာပဲ ”
မမြသွေး သည် အားတက်ဖွယ်များ ကို တွေ့ခဲ့ရသော အတိတ် ကွက် ကို ကြိုးစား ၍ ဖော်နေသည် ။
“ ကိုယ် လည်း ကမ္ဘာ တစ်ခုလုံး မှာ ဒီတစ်ခါပဲ ကိုယ့်ကိစ္စ ကို ဂရုတစိုက်မေးမယ့် သူရှိတော့ အကုန်လုံးပဲ ပြောပြလိုက်တော့ သူ နောက်ဆုံး ဘာပြောလဲ သိလား ”
ကျွန်မ သည် ခေါင်း ခါပြလိုက်သည် ။
“ သူ့ ကို လက်ထပ်ပါ တဲ့ ”
“ ဟင် ”
“ အေး သူ့ ကို လက်ထပ်ပါ တဲ့ ၊ ကိုယ်လည်း စဉ်းစားပြီး ၆ - လ ကြာတော့ သူ့ ကိုယ် လက်ထပ်လိုက်တယ် ”
ကျွန်မ သည် အတော်ပဲ ဝမ်းသာလိုက်သည် ။ သူ က တော့ ထူးခြားသော မျက်နှာ အမူအရာ နှင့် ပင် ကျွန်မ ကို စေ့စေ့ကြည့်ရာ မှ -
“ အနှင်း ဘယ်လိုလဲ ဟင် ။ ကိုယ့် လောက် ဆင်းရဲ တဲ့ မိန်းကလေး တစ်ယောက် ဟာ အတွင်းဝန် တစ်ယောက် နဲ့ လက်ထပ် လိုက်တော့ ဟင် ... ဘယ်လို ထင်လဲ ”
“ ဦးအောင်မြင့် ဟာ အကျင့်စာရိ လည်း ကောင်းတယ် ။ မိန်းမ ရောဂါ လည်း ကင်းတယ် ။ ကိုယ် လည်း သိပ် အလို လိုက်တာပဲ ။ သူ တက် သမျှ ပါတီတွေ နဲ့ ပွဲလမ်းသဘင် တွေ မှာ ကိုယ့် ကို အမြဲ ခေါ်တယ် ။ သူ က လူထူထူများများ နဲ့ ဆိုပါတော့ အလွန် ပျော် တတ်တယ် ။ ကိုယ် က သေ နေတာ အနှင်း ။ အဲဒီ လူတွေ ထဲ တိုး လို့ မရဘူး ။ ယုံလား ၊ ပွဲတွေ ထဲ မှာ ဆို ကိုယ် သိပ်ပြီး ငြီးငွေ့တယ် ။ ကိုယ် က ပြဇာတ်တွေ ပါတီတွေ တစ်ထောင် လောက် ထက် ဟောဒီ ပိတောက်ပင် အောက် မှာ တစ်ယောက် ထဲ ထိုင် နေရတာ လောက် အရသာ မရှိဘူး ။ အို ကိုယ် ဟာ မပျော်တတ်တော့ ဘူး ယုံလား ”
“ ဝတ္ထု တွေ ဖတ်တာတောင်မှာ သူ က တင့်တယ် တို့ လို ခပ်ရွရွ လေးတွေ နဲ့ အချစ် သရုပ်ဖော်ရာ မှ ခပ်ရွှင်ရွှင်လေး ခြယ်သွား တဲ့ စာပေမျိုး ကို မှ သဘော ကျတယ် ။ ကိုယ် ကတော့ ဟုတ်တာ မဟုတ်တာ ထက် စာလုံးလေးတွေ နုနုလှလှ နဲ့ စိတ်ကူးယဉ် လို့ ကောင်း တဲ့ ဒဂုန်တာရာ တို့ ဗန်းမော်တင်အောင် တို့ လို စာရေးဆရာ ရေးတဲ့ စာပေတွေ သာ သဘော ကျခဲ့တယ် ။ ဘာပဲ ပြော နေနေ ၊ သူတို့ ရေးတဲ့ စာပေတွေ က သရုပ် ဖော်လိုက်ရင် ကောလိပ် က ပရော်ဖက်ဆာကြီးတွေ နဲ့ ဂါဝန်ဝတ် ကျောင်းသူလေးတွေ ကို သရုပ် ဖော်လေ့ ဖော်ထ ရှိတော့ ဘဝ တစ်ခု ကို ပြေး ပုန်းပြီး စိတ်ကူးတော့ အတော် ယဉ်လို့ ကောင်းတယ် ။ ဝတ္ထု ဖတ်တာ က အစ တောင် သဘော ကွဲနေတဲ့ တို့ နှစ်ယောက် ရဲ့ မတူလိုက်တာဟာ ၊ မတူသမျှ လုံးဝ မတူတော့ဘူး သူက လောကကို ခုမှ ပျော် ချင် တုန်း ရွှင် ချင် တုန်း အတက် ကိုယ် က လောက ကို သိပ် စိတ်ပျက်တယ် ။ စိတ် မဝင်စားဘူး ။ ရယ် လို့ မရတော့ဘူး ။ လောက မှာ အဆင်း ဖြစ် နေပြီ ။
“ ကိုယ့် အမှားတွေပါပဲ ကွယ် ကိုယ် သူ နဲ့ လိုက် ကြည့်ပါတယ် ။ ကပွဲ တွေ ပြဇာတ်တွေ ။ ဒါပေမယ့် ကိုယ် အောင့်အင်း လို့ မရဘူး ။ သည်း မခံနိုင်ဘူး ။ မြန်မြန် ပြန်ချင်တော့ ဒီပွဲတွေ သွားတိုင်း သူ နဲ့ ကိုယ် နဲ့ ရန် ဖြစ်ရတယ် ။ နောက်ဆုံးတော့ ကိုယ် လည်း သူ့ ကို သနား လာတယ် ။ ကိုယ် သည်း မခံနိုင်တာတွေ ကြောင့် သူ့ ကို အနှောင့်အယှက် ပေးသလို ဖြစ်နေတာ ကိုယ် သိလာတယ် ။ ကိုယ် က လည်း ခုလို မိုးမှိုင်း ထဲ မှာ ပိတောက်ခက်ကြီး ဝင်း နေတာ ကို တွေ့ လိုက်ရတယ် ဆိုရင် ပဲ အတော် စိတ် ဝင်စားနေတဲ့ မိန်းကလေး လေ ။ သူ နဲ့ ဖြင့် သူ့ ပတ်ဝန်းကျင် ကို ကိုယ် တိုး လို့ မရတော့ဘူး ဆိုတာ ကိုယ် အမှန် သိလာတယ် ။ ခုတော့ ကိုယ် လည်း ရဲရဲရင့်ရင့် ပဲ ဆုံးဖြတ် လိုက်တယ် ။ ကိုယ် သူ့ ကို ခွဲတော့မယ် ဆိုတဲ့ အကြောင်း ကိုယ် ပြော လိုက်တယ် ”
“ ဘာ မမြသွေး က စ ပြောတယ် ”
ကျွန်မ သည် အတော် အံ့သြစွာ မေး လိုက်မိသည် ။
“ ဟုတ်တယ် ကိုယ် ပဲ ပြော လိုက်တယ် ခုလည်း ဒီ ညနေ သူ ပြန်လာပြီး လို့ ကိစ္စတွေပြီး ရင် ကိုယ်လည်း စစ်ကိုင်း တောင်ရိုး ကို သွား တော့မယ် ”
“ ဟင် ဒီလိုဆို မမြသွေး မောင်လေး နှစ်ယောက် ကော ”
“ သူတို့ ကို လည်း ဘဝ အမှန် ကို ကိုယ် ပြော ပြတယ် ။ သူတို့ လည်း ကိုရင် ဝတ်ဖို့ သဘော တူကြလို့ စီစဉ် ပြီးပြီ ”
“ အို သုံးယောက် စလုံး စစ်ကိုင်းတောင်ရိုး မှာ နေတော့ မယ်ပေါ့ ”
မမြသွေး သည် ခေါင်း ညိတ်ပြလိုက်သည် ။ သူ့အမူအရာမှာ လုံးဝမထူးဆန်းသော ခွေးကလေး ၊ ကြောင်ကလေး တစ်ကောင် အကြောင်းလောက် ပြောနေ သလို အေးစက်စက် နိုင်လှသည် ။ ကျွန်မ အဖို့ မှာ မူ အလွန်ပင် အံ့ဩ၍ ထူးဆန်းနေသည် ။
“ အမှန်တော့ အနှင်း ဘဝ ဆိုတာ ကိုယ် တစ်ခါ က ဖတ်ခဲ့ ဖူးတဲ့ စာပိုဒ်ကလေး လို ပဲ ။ ဘာသာရေး နဲ့ ပတ်သက်တဲ့ သီဟိုဠ် က မဂ္ဂဇင်း တစ်ခု ထဲမှာ ကိုယ် တွေ့ခဲ့တယ် ၊ လူ့ ဘဝ မှာ သေခြင်းတရား က အစဉ် ကပ်နေသတဲ့ ၊ တစ်ဖက် က ဆင်ရိုင်းကြီး ဟာ သူ့ ကို မြင်သွားရင် လူ့ ဘဝ ဟာ ဆုံးရမယ် အမှန်ပဲ ။ အဲဒီ လူ ဟာ လည်း လက်တစ်ဖက် က ဆူးတွေ နဲ့ သစ်ပင်နွယ် ကို တွယ် ထားရတယ် ။ တစ်ဖက် က လည်း ပျားအုံကြီး ကို ကိုင် ထားရတယ် ။ ဒါက လွတ် ကျသွားရင်လည်း အောက် က မြွေဆိုး မြွေဟောက် တွင်း ထဲ ကျ ပြီး သူ သေသွား မှာ အမှန်ပဲ ။ ဒါလောက် နီးစပ်နေတဲ့ သေခြင်းတရား တွေ ကြား ထဲက ပျားအုံ က တစက်စက် ကျနေတဲ့ ပျားရေ ရဲ့ ချိုမြိန်တဲ့ အရသာ ကို ခံစားရင်း ပျော်နေနိုင်တယ် အနှင်း ။ ကိုယ် တော့ ဒီ ပျားရေ ရဲ့အရသာလေး ကို ခံစားပြီး မပျော်နိုင်ဘူး ”
ကျွန်မ သည် သူ့ စကား များ ကို နားမလည် တစ်ချက် နားလည် တစ်ချက်နှင့် နားထောင် နေမိသည် ။
သူ သည် တကယ် ပဲ ဘဝ ကို ရွံ့မုန်း သွားပြီလား ။ လောကီ မှာ သူ သေနေပြီ ဆိုသည် မှာ မှန်ပဲ နေသလား ။ ကျွန်မ တွေးနေဆဲ မှာ ပင် မိုးညိုများ ကြား မှ မိုးပေါက်များ ရွာကျ လာ၍ သူ နှင့်ကျွန်မ ပိတောက် ပင်ခြေ မှ ထွက်လာခဲ့ကြတော့သည် ။ ထို နေ့ သည် သူ နှင့် ကိုအောင်မြင့် အတွက် နောက်ဆုံး နေ့ ဖြစ်ခဲ့သည် ။
ကျွန်မ အတွေး မှာ ရှေ့က ကား ၏ အော်သံ ကြောင့် ရပ် သွား တော့သည် ။ ကျွန်မ ရှေ့မှာ ဦးအောင်မြင့် ရှိ သေးသည် ။ သူတို့ သည် ပျော် နေတုန်းပဲ ဖြစ်လေသည် ။ ကျွန်မ ရင် ထဲတွင် ဦးအောင်မြင့် ၏ ပြုံးချို ရွှင်လန်းသော အမူအရာများ ကြား မှပင် စစ်ကိုင်းတောင်ရိုး ဝယ် တရား အားထုတ်နေမည် ဖြစ်သော မမြသွေး ကို မြင်ယောင်မိသည် ။
“ အတက် နဲ့ အဆင်း ဆိုတာ လမ်းခုလတ် မှာသာ ခဏ တွေ့ကြ မှာပဲ ။ ကြာသွားလေ ဝေးလေ ပဲပေါ့ အနှင်း ရယ် ”
သူ ရေရွတ်ခဲ့ သလိုပင် ယခု လည်း သူ နှင့် ဦးအောင်မြင့် မှာ လုံးဝ မနီးစပ်နိုင်တော့ပါ ။
ကြာသွားလေ ဝေးလေ ဖြစ်ကြမည် မှာ အမှန်ပဲ ဖြစ်သည် ။
◾ခင်နှင်းယု
၁၉၅၂ ၊ ဧပြီလ
📖 ကြေးမုံရိပ်သွင်
www.facebook.com/aung.naingoo.3726613
.






