Sunday, April 17, 2022

ပန်ဆင်ရာ ကေသာတင့်စေဖို့


 ❝ ပန်ဆင်ရာ ကေသာတင့်စေဖို့ ❞


၁  ။

ကျွန်တော် နှင့် ကျွန်တော့် ဦးလေး တို့ မှာ သိမ်ကြီးဈေး ဘက် သို့ ရောက်တိုင်း လိုလိုပင် ဒီ ရုံရှိ “ ရွှေကြက် ” ပဲလှော်ဆိုင် သို့ ဝင် တတ်ကြသည် ။ ဝယ်စရာခြမ်းစရာ ရှိလျှင်လည်း ထို ဆိုင် မှ တစ်ဆင့် သွားရောက် ဝယ်ယူပြီး မှ အိမ် သို့ ပြန်တတ်ကြသည် ။ ရွှေကြက် ပဲလှော်ဆိုင် ပိုင်ရှင် ဦးတင်ဦး နှင့် ဒေါ်ကျင်မွှေး တို့မှာ ကျွန်တော်တို့ နှင့် ဆွေမျိုးသားချင်းလို ချစ်ခင် ရင်းနှီးကြသည် ။ ဦးတင်ဦး နှင့် ကျွန်တော့် ဦးလေး မှာ ဓမ္မမိတ်ဆွေများလည်း ဖြစ်ကြသည် ။

ဦးလေး မှာ အဝယ်အခြမ်း လောဘကြီးသူ ဖြစ်ရာ တစ်ခါ တစ်ရံ ပါလာသည့်ငွေ ကုန် သွားသော်လည်း နောက်ထပ် ဝယ်စရာ ကျန်သေးလျှင် ဒေါ်ကျင်မွှေး တို့ ထံမှ လိုသလောက် ငွေ ကို ခေတ္တ ယူရပြီး နောက်တစ်ကြိမ် ကျွန်တော် တို့ သိမ်ကြီး ဈေး သို့ ပြန် ရောက်မှ ပေးရသည် ။ 

ရွှေကြက် ပဲလှော်ဆိုင် သို့ ကျွန်တော်တို့ ရောက်တိုင်း ရောက်တိုင်း ဒေါ်ကျင်မွှေး က ကျွန်တော်တို့ အတွက် မုန့်ဟင်းခါး နှစ်ပွဲ ၊ ဟင်းရည်သတ်သတ် တစ်ပွဲ ကို သူတို့ ဆိုင်မှ ကောင် ကလေးတစ်ယောက်ယောက် အား မနီးမဝေး ရှိ ဒေါ်စန်းရီ မုန့်ဟင်းခါးဆိုင် မှ သွားရောက် ဝယ်ခိုင်းကာ ကျွန်တော်တို့ ကို ကျွေးလေ့ရှိသည် ။ အိမ် အပြန်တွင်လည်း အမြဲလိုလို ပဲလှော် များ ထည့်ပေးတတ်သေးသည် ။ 

ရွှေကြက် ပဲလှော်ဆိုင် မှာ ရွှေတိဂုံဘုရားလမ်း ကို မျက်နှာ မူလျက် ပြည်သူ့ကုန်တိုက်ကြီး ၏ ဓာတ်လှေကား နှင့် မျက်နှာချင်းဆိုင် တည့်တည့်လောက် မှာ ရှိသော ဒီရုံ ၊ ဈေးချို ၂ မှ ဆိုင်ခန်းငယ် တစ်ခန်းဖြစ်သည် ။ 

ငါးပေပတ်လည် နီးပါးမျှသာ အကျယ်အဝန်း ရှိသည့် ဆိုင်ခန်းလေးတွင် ပဲလှော် ထည့်သည့် မှန်သေတ္တာ ၊ မှန်ပုံးကြီးများ ပတ်လည် ဝိုင်းရံလျက် လူနေရန် နေရာ ကွက်ကွက်ကလေး
လောက်ပဲ ကျန်သည် ။ သူတို့ ဆိုင်တွင် ပဲကြီးလှော် ၊ ကြက်သွန် ဖြူ မြေပဲဆားလှော် ၊ ဆား မပါ သည့် ရိုးရိုးမြေပဲလှော် ၊ ပဲလုံးကြော်များ ရောင်းသည် ။ ပဲလှော် ထည့် ပေးသည့် စက္ကူအိတ် တွင်  “  ဧည့်ဝတ်ကျေတဲ့ သိမ်ကြီးဈေး ရွှေကြက် ” ဟု ကြော်ငြာထား သလို ရွှေကြက် ၏ ပဲကြီးလှော် နှင့် ကြက်သွန်ဖြူ ၊ မြေပဲဆားလှော် မှာ အမှန်ပင် ဧည့်ဝတ် ကျေဟန် တူပါသည် ။ ထို ပဲလှော် နှစ်မျိုးမှာ နာမည်ကျော်ကြားသည် နှင့် အညီ အရောင်းရဆုံး ဖြစ်သည် ။ လဆန်းစ ရက်များ ၊ စနေနေ့များ နှင့် အများပြည်သူ ရုံးပိတ်ရက် ၊ ဘာသာရေးဆိုင်ရာ နေ့ကြီးရက်ကြီး ရုံးပိတ်ရက် ၏ အကြိုနေ့ရက်များ တွင် ပို၍ ရောင်းကောင်းသည် ။ ပြည်သူ့ ကုန်တိုက်ကြီး ဖွင့်လှစ်ပြီး နောက်ပိုင်းမှာမူ ဘယ်နေ့ ဘယ်ရက် ရယ်လို့ မဟုတ်တော့ဘဲ နေ့စဉ်နေ့တိုင်း အရောင်းရ တွင်ကျယ်နေတော့သည် ။

ဆိုင် မှာ ဒေါ်ကျင်မွှေး နှင့် တူမကလေး သုံးယောက် ၊ အကူ အညီ ခေါ်ထားသည့် ကောင်ကလေး နှစ်ယောက် တို့ မှာ တစ်နေ့လုံး လိုလို အနား မရအောင် ရောင်းကြရသည် ။ ဦးတင်ဦး ကတော့ သူ ၏ ဓမ္မကိစ္စ အဝဝနှင့်သာ အလုပ်ရှုပ်လျက် ရှိတတ် ရာ သူ့ ကို ဆိုင်မှာ တွေ့ရခဲသည် ။

ooooo   ooooo   oooo

ဒီဇင်ဘာလဆန်းစ ၊ တစ်နေ့ နံနက် ၁၀ နာရီအချိန် လောက်မှာ ကျွန်တော် နှင့် ဦးလေး တို့ ရွှေကြက် ပဲလှော်ဆိုင် သို့ ရောက်သွားကြသည် ။ ထုံးစံအတိုင်း ဒေါ်ကျင်မွှေး မှာသော မုန့်ဟင်းခါး ကို ပဲလှော်ထည့် သည့် ထင်းရှူးသေတ္တာ များပေါ်မှာ ကျဉ်းကျဉ်းကျပ်ကျပ် ထိုင် စားကြရင်း ဈေး လာ ဝယ်သူများ ကို ကျွန်တော် တို့ တစေ့တစောင်း ကြည့်နေမိသည် ။

ဆိုင်မှာ လူ ကျချိန်ဖြစ်သောကြောင့် ဝယ်သူ အများ မှာ ဆိုင် ၏ မျက်နှာစာ ပတ်ပတ်လည်တွင် ဝိုင်းအုံ နေကြသည် ။ ဝယ်သူအများ ၏ နောက် ခပ်ကျကျ မှာ လက်ဆွဲအိတ်လှလှ
တစ်ခု ကို ဆွဲကိုင်လျက် ရပ်စောင့်နေသည့် မိန်းကလေး တစ်ဦး ကို ကျွန်တော် သတိထားကြည့်နေမိသည် ။ 

လူအများ ကြားထဲတွင် သူမ ၏ ရုပ်ရည်မှာ ကွက်၍ ထင်ရှားပေါ်လွင်နေတော့သည် ။ အမူအရာ ၊ အဆင်အပြင် ၊ အဝတ်အစား ၊ ပုံပန်းသဏ္ဍာန် ကို မြင်လိုက်ရုံမျှနှင့် ပညာတတ် အထက်တန်းစား ထဲ က မှန်း သိသာလောက်သူ ကလေးပင် ။ အထူးခြားဆုံးကတော့ ကြည်စင်လန်းဆန်းမှု နှင့် တည်ငြိမ်အေးမြခြင်း ကို ပေါင်းစပ်ထားသည့် သူမ ၏ မျက်နှာလှကလေး ပဲ ဖြစ်သည် ။ သည်လို မျက်နှာမျိုး မှာ မျိုးရိုး သန့်ခြင်း နှင့် ကျန်းမာရေးကောင်းခြင်း ကို ဖော်ပြသည့် အမှတ်လက္ခဏာပဲ မဟုတ်ပါ လား ။ သူမ ၏ ဖြူဝင်းနုညက် သည့် အသားအရေ ၊ ရှည်သွယ်နွဲ့လျသည့် ကိုယ်ဟန်အနေအထား နှင့် လိုက်ဖက်သော သနပ်ခါးရောင် ပိုးလက်စက အင်္ကျီ နှင့် အပွင့်သေးသေးစိပ်စိပ် အစိမ်းရင့်သွေး ကဲသည့် အကောင်းစား  ၊ အင်ဒိုနီးရှားပါတိတ် လုံချည် ကို ဝတ်ထားသည် ။

အသက် လေးဆယ် အရွယ်တွေ ပင် ဆံပင် ကို တို နိုင်သမျှ တိုတို ဖြတ်ကာ ကျော တစ်ပြင်လုံး ဖြန့် ချထားတတ်သည့် ယနေ့ ခေတ် မြန်မာအမျိုးသမီး တို့ ၏ ဆံပင်ပုံစံ အဆင်အပြင် ထဲတွင် အသက်အစိတ် ထက် ဘယ်နည်းနှင့်မျှ မကျော်လွန်နိုင်သေး
သော သူမ က ဆံပင် ကို သေသေသပ်သပ် နောက်တွဲ ထုံးဖွဲ့ ထားသည်မှာ ကျွန်တော့် အဖို့ ဆန်းသစ်နေတော့သည် ။ ဤ ထုံးဖွဲ့မှုကြောင့်ပင် မိန်းကလေး ၏ ချောမောလှပခြင်း ကို ခံ့ညားကျက်သရေ ရှိခြင်းက ဘောင် ကွပ် ပေးထားသလို ကျွန်တော် ခံစားရသည် ။ ရင့်ကျက်တည်ငြိမ် ဣန္ဒြေ ရှိလှသော မြန်မာမှု ၊ မြန်မာ့ဟန် ကို ယဉ်ကျေးစွာ ဖော်လှစ်ပြနေဟန် ကျွန်တော် ချဲ့ထွင်ချီးကျူးမိသေးသည် ။

သူမ ၏ နောက်တွဲဆံထုံး တွင် သဇင်ပန်း တစ်ခက် ကပို ကရို ပန်ထားသည်ကို တွေ့ရသည် ။ သဇင်ပန်း ကို မြင်ရတော့ ကျွန်တော့် စိတ်ထဲ သင်္ကာမကင်း ဖြစ်သွားသည် ။ အသေအချာ စူးစိုက် ကြည့်လိုက်ရာ ထင်သည့် အတိုင်း စက္ကူ နှင့် ပြုလုပ်ထား သည့် သဇင်ပန်း အတု ဖြစ်နေပါတော့သည် ။ သဇင်ပန်း အတု မှန်း သေချာစွာ သိလိုက်ရမှပင် ကျွန်တော် ပိုပြီး စိတ်ဝင်စား သွားတော့သည် ။

ဘာကြောင့် သဇင်ပန်း အတု ကို မှ ပန် ရပါလိမ့် ။ သည် မနက်ပဲ သိမ်ကြီးဈေး သစ်သီးဆိုင်တန်းဘေး က ဒေါ်ဘီ ၏ ပန်းဆိုင်တွင် သဇင်ပန်းများ ကို ကျွန်တော် တွေ့ခဲ့ရသေးသည် ။ ပေါ်ဦးပေါ်စ သဇင်ပန်း မို့ တစ်ခက် ကို ငါးကျပ် ၊ ခြောက်ကျပ် လောက် ဈေး တောင်းချင် တောင်းမည် ။ သည့်ထက် ဈေး ပို တောင်း ဦးတော့ သူမ ပေးဝယ်နိုင်သည့် အခြေအနေ ရှိသည် ( ကျွန်တော် သည်လိုပဲ စိတ်ထဲက အလိုလို မှတ်ယူ ယုံကြည် ထားသည် ) ၊ ခုတော့ ဘာကြောင့်များ နှစ်ပြားတစ်ပဲ တန် အပေါ စား သဇင် ပန်း အတု ကို မှ ပန်ထားရပါလိမ့် ၊ ဘယ်လို အကြောင်းအချက်များ ရှိနေပါလိမ့် ။ သဇင်ပန်း အစစ် နှင့်သာ ဆိုလျှင် သူမ ၏ အလှကျက်သရေမှာ ပို၍ပင် ပေါ်လွင်ထင်ရှား နေဦးမည် ။ ဆန်ဖြူဖြူ ထမင်းပန်းကန် တွင် စပါးလုံး တစ်စေ့ စွက် သလို ကျွန်တော် မသက်မသော မကျေမနပ် ခံစားရသည် ။

ကားလမ်း ဘက် သို့ ငေး နေသော သူမ က ဝယ်သူ အတော်ပါးသွားပြီ ဖြစ်သောကြောင့် ဆိုင်ရှေ့သို့ တိုးလာတော့ မှ ကျွန်တော် သည်လည်း မျက်လွှာ ချလိုက်ပြီး လက် ထဲ ရှိ မုန့် ဟင်းခါး ပန်းကန် ထဲ မှ ဟင်းရည် နှင့် မုန့်ဖတ်များ ကုန်လုနီးမို့ ထိုးထိုးထောင်ထောင် ထွက်ပေါ်လာရသည့် ကြက်သွန်ဥ စိမ်းဝါပြောင်ပြောင် ကို ခပ်ကြောင်ကြောင် ကြည့်နေလိုက်ရ တော့သည် ။

“ ကြက်သွန်ဖြူ ၊ မြေပဲဆားလှော် ငါးဆယ်သား ပေးပါ ”

ဆည်းလည်းသံချိုကလေး လှုပ်မြည်သံ ကြားလိုက်သော အခါ မုန့်ဟင်းခါးပန်းကန် မှ တစ်ဖန် ကျွန်တော် မျက်နှာ ခွာပြီး သူမ ကို မသိမသာ ခိုး ကြည့်လိုက်ရပြန်သည် ။ ကျွန်တော့်  မျက်စိအာရုံ သည် သူမ ၏ ဆံထုံး မှ သဇင်ပန်း ဆီ သို့သာ ရောက် ရှိသွားသည် ။ ပို၍ နီးကပ်နေသောကြောင့် ပို၍ လေ့လာခွင့် ရ သည် ။ သေချာပါပြီ ။ သဇင်ပန်း အတု မှ သဇင်ပန်း အတု ပါပဲ ။

မိန်းမပျိုကလေး က ဒေါ်ကျင်မွှေး နှင့် ဆိုင်မှ မိန်းကလေး များ ကို ဣန္ဒြေ ရရ ပြုံးပြသည် ။ ထို့နောက် ကျသင့်သော တန်ဖိုးငွေ ကို ပေးချေပြီး မြေပဲဆားလှော်ထုပ် ကို လှမ်း ယူကာ ထွက်သွားတော့သည် ။

လူအများထဲ က သူမ ပျောက်ကွယ်သွားတော့မှ သူမ ၏ နောက်ကျော မှ လိုက်လံ ကပ်ပါသွားသည့် ကျွန်တော့် အကြည့် ကို ပြန်လည် ရုပ်သိမ်းလိုက်ကာ -

“ အဲဒီ မိန်းကလေး ကို ဒေါ်ဒေါ်တို့ သိတယ် မဟုတ်လား ”

ဟု မေး လိုက်ရတော့သည် ။ ဒေါ်ကျင်မွှေး က စောစော ကတည်းကပဲ ကျွန်တော် ၏ အရိပ်အကဲ ကို ကြည့်မြင် သိရှိထား ဟန် နှင့် -

“ စိတ်ဝင်စားသွားပြီလား ၊ ကောင်မကလေး က တော် တော် ချောတယ်နော် ။ ဒေါ်ဒေါ်တို့ ရဲ့ အသိမိတ်ဆွေ တော့ မဟုတ် ပါဘူး ၊ ဆိုင် ကို မကြာမကြာ လာပြီး မြေပဲဆားလှော် ဝယ်နေ  လို့ မှတ်မိနေတာ ။ သူ့ ရုပ်ကလေးက တစ်ခါ မြင်တွေ့လိုက်တာ နဲ့ အမြဲတမ်း မှတ်မိသွားနိုင်တဲ့ ရုပ်ကလေးပဲ နော် ”  ဟု ပြောသည် ။

“ ဟုတ်တယ် ဒေါ်ဒေါ် ရဲ့ ၊ သူ့ ရုပ် က ထူးထူးခြားခြား ကို  ကျက်သရေ ရှိတဲ့ ရုပ်ပါပဲ ။ ကျွန်တော် က ဒီ သူ့ ရုပ်ရည် ထက် သူ ပန်း ပန်ထားတာကို ပိုပြီး စိတ်ဝင်စား နေမိလို့ပါ ”

“ သူ က ဘယ်လိုများ ပန်း ပန်ထားလို့လဲ ၊ ဒေါ်ဒေါ် တောင် သတိ မထားလိုက်မိပါဘူး ”

“ သူ့ ဆံထုံး မှာ သဇင်ပန်း ပန် ထားတယ်လေ ။ သဇင်ပန်း က စက္ကူ နဲ့လုပ်ထားတဲ့ သဇင်ပန်း အတု ဗျ ။ သူ့ ကြည့်ရတာ ချမ်းချမ်းသာသာ ထဲ က ဖြစ်ဟန် တူပြီး ဘာကြောင့် သဇင်ပန်း အစစ် ကို မပန်ဘဲ အတု ကို ပန်ထားရသလဲ မသိဘူးနော် ။ သဇင် ပန်းတွေ ပေါ်နေပြီ မဟုတ်လား ။ အဲဒီ အချက် ကို ကျွန်တော် စဉ်းစားတွေးတောပြီး စိတ်ဝင်စား နေမိတာပါ ”

“ မောင်မောင် ကတော့ စာရေးဆရာ ပီပီ စိတ်ကူးယဉ်ပြီ ။ ဟုတ်တယ်နော် ။ သူ့ကို ကြည့်ရတာ ချမ်းချမ်းသာသာ မိကြီး ဖကြီး သားသမီး ပုံပါပဲ ။ ကား နဲ့လာပြီး ဈေး ဝယ်တယ် ထင်ပါရဲ့”

ဒေါ်ကျင်မွှေး ၏ တူမ ခင်စန်းအေး က

“ သူ့ ကား ကလည်း အပျံစားပဲ ။ ငွေပြာနုရောင် နောက်ဆုံး ပေါ် ကားကလေး ဒေါ်ဒေါ်ရဲ့  ။ သူကိုယ်တိုင် တစ်ယောက် တည်း ကား မောင်း မောင်းပြီး ဈေး လာဝယ်တာ ။ တစ်ခါ တစ်ခါ သူ့ နံဘေး မှာ အဘွားကြီး တစ်ယောက် ပါ ပါလာတတ် တယ် ။ သူ့ ကား ကို ဟို ယုဇနလက်ဖက်ဆိုင် ရှေ့ နား မှာ ရပ် ရပ် ထားခဲ့တယ် ။ ဒီနေ့တော့ အဲဒီ နေရာမှာ သူ့ ကား ကို မမြင်မိဘူး ”

ဟု ဆိုကာ မလှမ်းမကမ်း တစ်နေရာ သို့ လှမ်းကြည့်နေ သည် ။

“ အံမယ် ၊ ညည်းတို့က ဒီလောက်တောင် သိနေကြပါ လား ”

"အဲဒီ မမ က ရုပ် က ထူးထူးခြားခြား ကို ချောလှနေတော့ သူ လာရင် ကျွန်မတို့ က ဂရုတစိုက် ကြည့်ကြည့်နေလို့ပါ ဒေါ်ဒေါ် ။ ဟုတ်တယ် ၊ သူ က အမြဲပဲ ပန်းတစ်ခက် ပန်ပန်ထားတာ တွေ့ရတယ် ။ သူ ပန်ထားတော့ ပန်း အစစ် လို့ပဲ ကျွန်မတို့ က ထင်နေတာ ၊ ခု အစ်ကို ပြောမှ အတု မှန်း သိရတော့တယ် ”

“ သဇင်ပန်း အတု မှ အတုကြီး ပါ ။ ကိုယ် သေသေချာချာ ကြည့် လိုက်တာပဲ ။ အဲဒီလို ထူးထူးခြားခြား ချောလှသူ ၊ ချမ်းသာကြွယ်ဝသူကလေး ဟာ ဘာကြောင့်များ အပေါစား
သဇင်ပန်း အတု ကို ပန် ထားရပါလိမ့် ။ တကယ့် သဇင်ပန်း အစစ် ကို သာ ပန် ထားမယ် ဆိုရင် ခုထက် ပိုပြီးတောင် ကြည့်ကောင်း ဦးမှာနော် ”

ဒေါ်ကျင်မွေး က ကျွန်တော့် ကို ကြည့်ပြီး ပြုံးစနဲ့နဲ့နှင့် -

“ ကဲ ဒီတော့ သဇင်ပန်း အစစ် ကို မင်း က ဝယ်ပြီး လက်ဆောင် ပေးလိုက်ပါလား ၊ ဈေး မှာ သဇင်ပန်းတေွ တောင် ပေါ်စ ပြုနေပြီ ။ ဈေး က ကြီးပေါ့ တော် ”

“ ကျွန်တော် သာ သူ့ ကို သဇင်ပန်း လက်ဆောင် ပေးမယ် ဆိုရင် ရန်ကုန် မှာ ခု ရောင်းနေတဲ့ သဇင်ပန်းတွေ ကို မပေးချင်ပါဘူး ။ ဟို လူသူ မနီးတဲ့ တောတောင်ကြီး ထဲက သစ်ပင်မြင့် ကြီးတွေပေါ်မှာ သူ့ သဘာဝ အလိုအလျောက် အလေ့ကျ ပေါက် နေတဲ့ ၊ တကယ့်ကို မြင့်မြတ်သန့်စင်တဲ့ ရွှေသဇင် ကို မှ ပေးချင် တာ ။ စာဆိုဦးတိုး က သူ့ရဲ့ “ ရာမရကန် ” ထဲမှာ မြတ်ပန်းတော် သဇင်ပန်း ဆိုတာ “ စိမ့်ကြီးမြိုင်ကြီး ၊ ရိပ်ကြီးတောတောင် ၊ နေရောင်မခံ ၊ ပန်းပျံပင်ဆင့် ၊ မြေနှင့်ရန်ဘက် ၊ ခက်လက်စိမ်းမြ ၊ မိုးမခဘူး.. ” လို့ ဖွဲ့ဆိုထားတယ် မဟုတ်လား ။ ရန်ကုန် က သဇင်ပန်းတွေ ကတော့ လူ စိုက်တဲ့ သဇင်ပန်းတွေ ၊ လူနံ့ သူနံ့ ၊ ကားနံ့ ၊ ညှော်နံ့ ၊ မြို့တော် ရဲ့ ညစ်ညမ်းတဲ့ ရနံ့ပေါင်းစုံ ရှူရှိုက် ခံစားနေရ လို့ မရွှင်မလန်းတဲ့ သဇင်ပန်းတွေ ပါ ။ ကျွန်တော်တို့ ဆီ က “ ရခိုင်သဇင် ” ကို ဒေါ်ဒေါ် တွေ့ဖူးတယ် မဟုတ်လား ၊ ရခိုင် သဇင် က တခြား သဇင် တွေ ထက် အခက်အတံ က လည်း ပို
ရှည် ၊ အပွင့်အစုံ ကလည်း ပိုလို့ ထွားတယ် ။ အမွှေးရနံ့ က လည်း ပို သင်းတယ် ”

“ ဟုတ်တယ် ၊ ရခိုင်သဇင် ဟာ ရန်ကုန် မှာ တော်တော် နာမည်ကြီးတာပဲ ”

“ ဟိုတုန်းက ဆိုရင် ကျွန်တော်တို့ သံတွဲ မှာ သဇင်ပန်းတွေ သိပ် ပေါတာပဲ ။ နတ်တော် ၊ ပြာသို သဇင်ပန်းတွေ ပေါ်ချိန် ဆိုရင် သံတွဲဈေး ထဲမှာ သဇင်ပန်းတွေ ဖွေး နေတာပဲ ။ ငပလီ
နာမည် ကြီးလာတော့ ငပလီ ကို လာတဲ့ ဧည့်သည် တွေ က သဇင်ပန်း တွေကို အရမ်း ပစ်ဝယ်ကြတယ် ။ သူတို့ က သဇင်ပန်းရော ၊ သဇင်ဥ ရသလောက် သယ်သယ် သွားကြတာမို့ ခုဆိုရင် သံတွဲ ဘက် မှာ သဇင်ပန်း တော်တော် ရှားသွားပြီ ။ ကြာရင် မျိုးပါ ပြုန်းသွားမှာ စိုးရတယ် ”

“ သံတွဲ ဘက်က သဇင် တွေ က ရန်ကုန် မှာ လိုပဲ အိမ်ခြံတွေ မှာ လူစိုက်တဲ့ သဇင် ပဲ မဟုတ်လား ”

"ဘယ် ဟုတ်မလဲ ဒေါ်ဒေါ် ရဲ့ ။ မြို့နဲ့ မိုင်နှစ်ဆယ် ၊ သုံး ဆယ်လောက် ကွာဝေးတဲ့ လူသူ အရောက်အပေါက် နည်းလှ တဲ့ တောကြီးတောင်ကြီးတွေ ထဲက သစ်ပင် အမြင့်ကြီးတွေပေါ် မှာ သူ့ အလေ့ကျ သဘာဝပေါက်နေတဲ့ သဇင် ပဲ ။ သဇင်ပန်း ပေါ်ချိန် ရောက်ပြီဆိုရင် သဇင်ပန်း ရှာတဲ့ လူတွေ က တောကြီး တွေထဲ ဝင် ၊ သဇင်အုံ ကို လှမ်းတွေ့ရရင် သစ်ပင်ကြီးပေါ် တက် ပြီး သဇင်ပန်းတံ ကို ဖြတ်ယူပြီး မြို့ဈေးမှာ လာ ရောင်းကြ တယ် ။ သဇင်ဥတွေ ကျန်ရစ်တဲ့ သစ်ပင်ကြီးတွေ ကို သူတို့ အမှတ်အသား ပြုလုပ် ထားခဲ့ကြပြီး နောက်နှစ် သဇင်ပေါ်ချိန် ရောက်ရင် သတ်မှတ်ထားခဲ့တဲ့ နေရာကို ပြန်သွားပြီး သဇင်တံ တွေ ကို ဖြတ် ယူကြပြန်တယ် ။ နောက်ပိုင်းမှာတော့ သဇင်ပန်း ရှာတဲ့ လူတွေ က များလာ ၊ သဇင်ပန်း တို့ ၊ သဇင်ဥ တို့ ဈေး က လည်း သိပ် ကောင်းလာတော့ သဇင်အုံ တွေ့ပြီဆိုရင် ဘာမှ မချန်ထားတော့ဘဲ ရသမျှ တစ်ခါတည်း အားလုံး ပန်းရော ၊ ဥရော ခွာယူသွားကြတော့တာပါပဲ ။ သစ်တောကြိုးဝိုင်းတွေ အပြင်မှာ ရှိတဲ့ တောတွေထဲ ပေါက်နေတဲ့ သဇင်အုံတွေ ကို မျိုးပြုန်း မသွားအောင် အရမ်း ခွာ မယူဖို့ သစ်တော ဘက် က ဥပဒေ ထုတ် ထားဖို့တောင် ကောင်းတယ် ။

သံတွဲမြစ် ရဲ့ ဟိုး မြစ်ဖျား မြစ်ညာဘက် ၊ ရိုးမတောင်ခြေ အစပ် က သစ်တောကြိုးဝိုင်းကြီး တွေ ထဲမှာ သဇင်ပန်း လှလှတွေ ရနိုင်တယ် ။ ကျွန်တော့် မိတ်ဆွေ သစ်ထုတ်ရေးစခန်း က အရာရှိတွေ ဆီ ကို မှာ လိုက်ရင် သူတို့ ကျွန်တော့် ဆီ ကို ပို့ပေးမှာ ပါပဲ ။ ကျွန်တော် သာ သဇင်ပန်း လက်ဆောင် ပေးမယ် ဆိုရင် အဲဒီ သဇင်ပန်းမျိုး ကို မှ ပေးချင်တာ ။ အဲဒီလို သဇင်ပန်း ကမှ မြင့်မြတ်သန့်စင် သလောက် တန်ဖိုး ရှိ လှတဲ့ မြတ်ပန်းတော် သဇင်ပန်း ပဲ မဟုတ်လား ”

“ ဒီလောက်တောင် စာဆိုလှတဲ့ ရခိုင်သဇင်ပန်း ကို မင်း တကယ်ပဲ သူ့ ကို ပေးချင်သလား ။ ပေးမယ် ဆိုရင် သံတွဲ ကို မှာလိုက်လေ ။ ဆိုင် ကို အဲဒီမိန်းကလေး မြေပဲဆားလှော် လာ ဝယ်ရင် ဒေါ်ဒေါ် သူ့ ကို ပေး ဖြစ်အောင် ပေး လိုက်မယ် ”

ooooo   ooooo   ooooo

၃ ။

သို့လျှင် အိမ် မှ ထွက်ခဲ့စဉ်က ဘယ်လို ရည်ရွယ်ချက် မရှိခဲ့သော်လည်း ဒေါ်ကျင်မွှေး တို့ ပဲလှော်ဆိုင် မှ အိမ်သို့ ပြန် ရောက်ချိန်တွင်မူ သံတွဲ သို့ သဇင်ပန်း မှာရန် ကျွန်တော် စီစဉ်ရ
ပါတော့သည် ။

သဇင်ပန်း မှာ နှင်းများများ ကျမှ လန်းလန်းရွှင်ရွှင် ထွားထွားဝေဝေ ပွင့်တတ်သည့် နှင်းသောက်ပန်းမျိုး ဖြစ်သည် ။ ယခုလို နတ်တော်လ အချိန်အခါတွင် ကျွန်တော်တို့ ဆီမှာ နှင်း များ ဝေမှိုင်းအောင် ကျဆင်းနေပေရော့မည် ။

ထို့ကြောင့် သံတွဲ ရှိ သစ်လုပ်ငန်း ကော်ပိုရေးရှင်းမှ ကျွန်တော် နှင့် ခင်မင်ရင်းနှီးသည့် ပြည်နယ်မန်နေဂျာ ထံ တော ထဲ မှ ဥ ပါသည့် သဇင်ပန်းလှလှများ လက်ဆောင်ပေးရန် အတွက် ကျွန်တော့် ထံ အမြန်ဆုံး ပို့ပေးပါရန် အဝေးပြော တယ်လီဖုန်း နှင့် လှမ်း မှာလိုက်ရသည် ။ ကံအားလျော်စွာပင် နောက် ဆယ်ရက်ခန့် အကြာတွင် ကျွန်တော့် မိတ်ဆွေ လေယာဉ်မှူးတစ်ဦး နှင့် ကျွန်တော့် ထံ သို့ လှပဖွံ့ထွားသည့် ဥ နှင့် တကွ သဇင်ပန်းတံ သုံးဆယ်ခန့် ပေးပို့လိုက်ပါသည် ။

သဇင်ပန်းများ ကို ကျွန်တော် ကိုယ်တိုင် ရေဖျန်းပေးကာ ငှက်ပျောညွန့် ဖက်စိမ်း နှင့် ပတ်ထားလိုက်သည် ။ ကျွန်တော့် လက်ထဲ သဇင်ပန်းများ ရောက်လာ မှ ကိုယ် နှင့် ဘာမျှ မသက်ဆိုင် ၊ မသိကျွမ်းသူ မိန်းကလေး တစ်ဦး ထံ သဇင်ပန်း လက်ဆောင် ပေးရမှာ မရေမရာလှသည့် အဖြစ်ကို တွေး မိပြန်သည် ။ မဝံ့မရဲ လည်း ဖြစ်မိသည် ။ ရိုးသားဖြူစင်သော ကျွန်တော့် စေတနာ ကို တလွဲ အထင်မှား သွားမှာကိုလည်း စိုးရိမ်မိသည် ။ သဇင်ပန်းများ ကို တတန်တက မှာယူခဲ့ပြီးမှတော့ ပေးဖြစ် အောင် ပေးလိုက်ပါတော့မည် ဟု စိတ် ဆုံးဖြတ်လိုက်သည် ။

ထိုနေ့ ညနေ မှာ ပင် ဒေါ်ကျင်မွှေး တို့ နေထိုင်ရာ မေတ္တာညွန့် စက်မှုလက်မှုရပ်ကွက် သို့ ကျွန်တော် သွားရောက်ပြီး ငှက်ပျောညွန့်ဖက်စိမ်းကတော့ ထဲ ထည့် ယူလာခဲ့သည့် သဇင်ပန်း များ ကို ပေးလိုက်ပါတော့သည် ။ သဇင်ပန်းများ ကို မြင်တွေ့ လိုက်သောအခါ ဒေါ်ကျင်မွှေးက -

“ ဟယ် လှလိုက်တဲ့ သဇင်ပန်းတွေ တော် ”

ဟု တအံ့တသြ ပြောသည် ။

ဒေါ်ကျင်မွှေး တို့ အတွက် သဇင် ဆယ်ခက် ခန့် ပေးလိုက် ပြီး ကျန် သဇင်ပန်းများ ကို မိန်းကလေး မြေပဲဆားလှော် လာဝယ်လျှင် ပေးလိုက်ပါရန် ပြောရသည် ။ ကျွန်တော် တို့နှင့် ဆိုင် မှာ တွေ့ဆုံပြီး နောက်ပိုင်းမှာ ဆိုင်သို့ သူကလေး ပြန် ရောက်လာသေးသလား မေးရာ ရောက် မလာသေးကြောင်း ဒေါ်ကျင်မွှေး က ပြောပြသည် ။

သဇင်ပန်းများ ကို မိန်းကလေး ထံ သို့ မရောက်မီ မညှိုး နွမ်းဘဲ လန်းဆန်းမြဲ လန်းဆန်းနေအောင် နေ့စဉ် ရေအေးအေး ဖျန်းပက်ပေးပါရန် ၊ ဆိုင် သို့ မိန်းကလေး ရောက်လာလျှင် တစ်ခါတည်း သဇင်ပန်းများ ပေးလိုက်နိုင်အောင် နေ့စဉ်နေ့ တိုင်း ဒေါ်ကျင်မွှေး တို့ ဆိုင်သို့ လာလျှင် သဇင်ပန်းထုပ် ကို ငှက်ပျောညွန့်ရွက် နှင့် ထုပ်၍ တယုတယ ယူလာပါရန် ပူပင် စိတ် နှင့် မှာကြားရပါသည် ။ ကျွန်တော် ၏ ရည်ရွယ်ချက်မှာ မိန်းကလေး အား သဇင်ပန်း ပန် စေလိုသည့် စေတနာ သက်သက်မျှ ဖြစ်ရာ ဘယ်သူဘယ်ဝါ ပေးသည် ကို မပြောပြရန် ဒေါ်ကျင်မွှေး ကို မှာရပါသေးသည် ။

ooooo   ooooo   ooooo

၄ ။

ဒေါ်ကျင်မွှေး တို့ အိမ်သို့ သွားရောက်ကာ သဇင်ပန်းများ ပေးခဲ့ပြီးနောက် တော်တော် နှင့် ကျွန်တော် တို့ သိမ်ကြီးဈေး သို့ မရောက်ဖြစ်ပါ ။ သဇင်ပန်း ကိစ္စ ကိုလည်း အထူးအထွေ သတိ မရနိုင်တော့ဘဲ နိစ္စဓူဝ ကိစ္စဝိစ္စတွေ နှင့်သာ ကျင်လည်လျက် ရှိစဉ် တစ်နေ့ နံနက်ခင်းမှာ ဦးတင်ဦး က ကျွန်တော့်ထံ တယ်လီ ဖုန်း ဆက်သည် ။ ကျွန်တော့် အတွက် လက်ဆောင်ပစ္စည်း တစ်ခု သူ ၏ ဇနီး ဒေါ်ကျင်မွှေး ထံ ရောက်ရှိနေသောကြောင့် သိမ် ကြီးဈေး ပဲလှော်ဆိုင် သို့ လာရောက် ယူပါရန် ပြောပါသည် ။

ထို့ကြောင့် ကျွန်တော် နှင့် ဦးလေး မှာ ရွှေကြက် ပဲလှော်ဆိုင် သို့ သွားရောက်ရပါတော့သည် ။ ရောက်လျှင် ရောက်ချင်း ဒေါ်ကျင်မွှေး က ပြုံးပြပြီး -

“ ဒီနေ့တော့ ဦးခင်မောင်ကြီး တို့ တူဝရီး ကို ကျွန်မ က မုန့်ဟင်းခါး မကျွေးတော့ဘူး ၊ ဦးခင်မောင်ကြီး ရဲ့ တူ ကိုပဲ ကျွန်မတို့ ကို မုန့် ပြန်ကျွေးခိုင်းရတော့မယ် ”

ဟု ပြောသည် ။ ဦးလေး နှင့် ကျွန်တော်က “ ဘာကြောင့်မို့တုံး ”

“ ဘာကြောင့်လဲ ”  ဟု ပြိုင်တူ မေးလိုက်ရပါ တော့သည် ။

ဒေါ်ကျင်မွှေး က သူ ၏ လက်ဆွဲအိတ်ကြီး ထဲ မှ အရာဝတ္ထု တစ်ခုကို ထုတ်ယူလိုက်ပြီး ကျွန်တော့် ထံ ကမ်း ပေးလိုက် သည် ။ အလျား လေးလက်မ ၊ အနံ ခုနစ်လက်မအရှည် အရွယ် အစားလောက် ခန့်မှန်းရသည့် လှပသားနားသော စာအုပ် ကလေးတစ်အုပ် ဖြစ်သည် ။

စာအုပ် ၏ နက်ပြာရောင် အဖုံးပေါ်တွင် ငွေရောင်ဖောင်း ကြွ အင်္ဂလိပ်စာလုံးနှင့် Pfizer ဟု ရိုက်နှိပ်ထားသည် ။ စာအုပ် ၏ အနားသုံးဖက်စလုံး ကို ရွှေမင်ခြယ်ထားသည် ။ နိုင်ငံခြားရှိ နာမည်ကျော် ဆေးကုမ္ပဏီကြီးများ က မေတ္တာလက်ဆောင်ပေး ရန် ထုတ်ဝေသော နေ့စဉ်မှတ်တမ်း စာအုပ်ကလေးမျိုး ဖြစ်သည် ။ စာအုပ်တစ်အုပ်လုံး ကို ပါးလွှာသော ပလတ်စတစ်အိတ် ကလေးနှင့် အသေ ဖုံးပိတ်ထားသည် ။

“ ကျွန်တော့် အတွက် လက်ဆောင် ဆိုတာ ဒီစာအုပ်ကလေး လား ၊ ဘယ်သူ က ပေးတာလဲဗျာ ”

ဟု ကျွန်တော် က မေးရပါသည် ။

ဒေါ်ကျင်မွှေး က အဖြေမပေးသေးဘဲ အဓိပ္ပာယ် ပါပါ ပြုံးနေသည် ။ ဆိုင်မှ မိန်းကလေးများ ကလည်း ပြုံးစိစိ လုပ်နေ ကြပါသည် ။ ခဏကြာမှ ဒေါ်ကျင်မွေး က

“ မင်း ရခိုင်သဇင် လက်ဆောင် ပေးလိုက်တဲ့ မိန်းမလှ ကလေး က မင်း အတွက် ပေးခဲ့တဲ့ လက်ဆောင်လေ ” ဟု ပြော သည် ။

ကျွန်တော် မျှော်လင့် မထားသော သတင်းစကား ကို ကြားလိုက်ရသောကြောင့် အံ့ဩသည်နှင့်အမျှ အတော်ကလေး စိတ်လှုပ်ရှား သွားရပါသည် ။

“ ဒါဖြင့် ကျွန်တော် သံတွဲ က မှာပေးတဲ့ သဇင်ပန်းတွေ ကို သူ ရသွားပြီပေါ့နော် ”

“ အေးပေါ့ ။ အဲဒီအကြောင်း ပြောရင်း ဒီ စာအုပ်လည်း မင်း ကို ပေးမလို့ ကိုတင်ဦး ကို ဖုန်း ဆက်ခိုင်းရတာ ။ မင်း အံ့သြ သွားအောင် ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘာမှ မပြောလိုက်နဲ့ ဦး လို့တောင် ကိုတင်ဦး ကို ဒေါ်ဒေါ်  မှာ လိုက်ရသေးတယ် ။ ဒေါ်ဒေါ် လည်း မင်း မှာခဲ့တဲ့ အတိုင်း ဆိုင် ထွက်လာတိုင်း မှာ
သဇင်ပန်းတွေ ကို ရေဖျန်း ၊ ငှက်ပျောညွန့် နဲ့ ထုပ်ထုပ်ပြီး ယူလာ တယ် ။

ဆိုင်သိမ်းချိန် ထိ မိန်းကလေး ရောက် မလာတော့ မှ အိမ် ကို သဇင်ပန်း ထုပ် ကို ပြန် ပြန်ယူသွားရတယ် ။ ဒီလိုနဲ့ ကျန်ခဲ့တဲ့ လေးရက် ၊ ငါးရက်လောက် က မနက် ဆယ်နာရီ အချိန်လောက် မှာ အဲဒီ မိန်းကလေး ဆိုင် ကို ရောက်လာပြီး မြေပဲဆားလှော် ဝယ်တယ် ။ ဒေါ်ဒေါ် တို့လည်း သတိ ထားပြီး သူ့ ခေါင်း ကို ကြည့် လိုက်တော့ မင်း ပြောသလို သူ့ ဆံထုံး မှာ သဇင်ပန်း အတု တစ်ခက် ပန်ထားတာ တွေ့ရတယ် ။

ဒါနဲ့ စကား မရှိ စကားရှာ ပြောပြီး “ ဒေါ်ဒေါ်တို့ ဆိုင်ကို အလည် လာတဲ့ မိတ်ဆွေတစ်ဦး က တူမကြီး စက္ကူသဇင်ပန်း ပန်ထားတာ မြင်တော့ သဇင်ပန်း အစစ် သာ ပန် လိုက်ရင် ပိုပြီး
ကျက်သရေ ရှိမယ် ပြောပြီး သူတို့နယ် က ရခိုင်သဇင် ကို တကူးတက မှာယူပြီး တူမကြီး ကို လက်ဆောင် ပေးမလို့ ဒေါ်ဒေါ်တို့ ဆီမှာ ပေးထားခဲ့တယ် ” လို့ ပြောလိုက်တယ် ။ ဒီလို သဇင်ပန်း မျိုး ကို လူသူမနီးတဲ့ တောကြီးတောင်ကြီး တွေ က ခက်ခက်ခဲခဲ ဘယ်ပုံဘယ်နည်း ရှာဖွေယူရကြောင်းတွေကိုလည်း မင်း ပြောပြတဲ့ အတိုင်း ဒေါ်ဒေါ် က သူ့ ကို ပြောပြပြီး သဇင်ပန်းတွေ သူ့ ကို ပေးလိုက်တယ် ။

သူဟာ သဇင်ပန်းတွေ ကို ကြည့်ပြီး သိပ်ဝမ်းသာသွား ပုံရတယ် ကွဲ့ ။ ရုတ်တရက် စကား တောင် ပြန် မပြောနိုင်ဘူး ။ ခဏကလေး ကြာ မှ ဒီလောက် လှတဲ့ သဇင်ပန်းတွေကို ဒီ တစ်ကြိမ်ပဲ သူ တွေ့ဖူးသတဲ့ ။ ပန်းတွေထဲမှာ သဇင်ပန်း ကို သူ အနှစ်သက်ဆုံးပါပဲ လို့ ပြောတယ် ။ အဲ သူ ဘာကြောင့် သဇင် ပန်းအတု ပန် ရတာကိုတော့ ဘာ တစ်ခွန်းမှ မပြောဘူးကွဲ့ ။ ပြီးတော့ သူ့ ကို သဇင်ပန်း လက်ဆောင်ပေးတဲ့ သူ ဟာ ဘယ်သူလဲ ဆိုတာ သူ သိချင်တယ်လို့ ပြောတယ် ။ ဒေါ်ဒေါ် လည်း မင်း မှာထားတာမို့ မင်း ရဲ့ စာရေးဆရာနာမည် ကို ပြောပြလိုက် ရင် ကောင်းမလား ၊ မပြောဘဲ ထားရကောင်းမလား စဉ်းစား နေတုန်းမှာပဲ မဝင်းကြည် တို့က သံတော်ဦး တင်လိုက်တယ်တော့် ။


မင်း ရဲ့ စာရေးဆရာ နာမည် ကို သူ ကြားလိုက်ရတော့ အတော်ကလေးကို အံ့သြဝမ်းသာသွားပုံ ရတယ် ။ ဒါပေမဲ့ ချက်ချင်း ဆိုသလိုပဲ သူ့ ရဲ့ ခံစားမှုကို ထိန်းသိမ်း ဖုံးဖိလိုက်ဟန်နဲ့ “ ကျွန်မ ဟာ ဆရာ့ ရဲ့ စာဖတ်ပရိသတ် တစ်ဦးပါ ။ ဆရာ့ ကို မတွေ့ မမြင်ဖူးပေမဲ့ ဆရာ ရေးတဲ့ ဝတ္ထုတွေ ကိုတော့ ကျွန်မ အမြဲတမ်း တွေ့ဖူး ၊ ဖတ်ဖူးနေပါတယ် ” လို့ ပြောတယ် ”

“ဒါဖြင့်ရင် ကျွန်တော် လူပျို ဆိုတာ သူ သိမှာပေါ့နော် ”

ကျွန်တော် က ဒေါ်ကျင်မွှေး ၏ စကား ကို ကြားဖြတ်ကာ ပြက်ရယ် ပြောလိုက်ပါသည် ။ 

သည်တော့မှ စကားတစ်ခွန်းမျှ မပြောဘဲ ကျွန်တော်တို့ ပြောဆိုနေကြသည်ကို ငြိမ်၍သာ နားထောင်နေသော ဦးလေး က -

“ကောင်မကလေး က မင်း လူပျို ဆိုတာရော ၊ မင်းမှာ ရည်းစားတွေ များတယ် ဆိုတာရော ၊ မင်း တေတာ ဆိုးတာ တွေကိုရော အားလုံး သိပြီး ဖြစ်မှာပေါ့ ”

ဟု ပြောလိုက်သည် ။ ဒေါ်ကျင်မွှေး က

“ ဟုတ်မှာပေါ့ ၊ ဟုတ်မှာပေါ့ ”

ဟု ဦးလေး ကို ထောက်ခံလိုက်ပြီး ဆက်ပြောသည် ။

“ မိန်းကလေး က သွားခါနီးမှာ “ ဆရာ့ ကို သိပ်ကျေးဇူး တင်ကြောင်း ပြောပေးပါ ” လို့ ပြောပြီး သဇင်ပန်းထုပ် ကို ယူပြီး သွားတော့တယ် ။ အဲ မနေ့ကတော့ ဆိုင် ကို သူ မြေပဲ လာဝယ် နေကျ အချိန် မဟုတ်ဘဲ ညနေ ဆိုင် ပိတ်ခါနီး မှာ ရောက်လာ တယ် ။ “ ဆရာ့ ကို ဒီစာအုပ် ပေး,ပေးပါ ” လို့ ပြောပြီး အဲဒီ စာအုပ်ကလေးကို ပေးသွားတယ် ။ ရခိုင်သဇင်ပန်း တွေက လှလွန်းလို့ ဘုရား တင်လိုက်တဲ့အကြောင်း ၊ သဇင်ဥတွေ ကို တော့ ခြံထဲ မှာ သူ ကိုယ်တိုင် စိုက်ထားလိုက်မယ့် အကြောင်း ပြောပြီး ကတိုက်ကရိုက် ပဲ သူ ပြန် သွားတော့တယ် ။ ဒီတစ်ကြိမ်မှာ မြေပဲ တော့ ဝယ် မသွားဘူး ကွဲ့ ၊ စာအုပ် ပေးဖို့ သက် သက် လာခြင်း ဖြစ်မှာပဲ ။ သူ့ ကို သဇင်ပန်းတွေ ပေးလိုက်တုန်း က မမေးဖြစ်လိုက်တဲ့ သူ ဘယ် မှာ နေတယ် ဆိုတာရယ် ၊ သူ့ နာမည်ရယ် ကိုတောင် မမေးရသေးခင် သူ ထွက်သွားတော့ တာပဲ ”

“ကျွန်တော် သိလိုလှတဲ့ သူ ဘာကြောင့် သဇင်ပန်း အတု ပန်ထားတယ် ဆိုတဲ့ အကြောင်း ကိုတော့ သိခွင့် မရတော့ဘူးနော် ”

“ဒါကတော့ သူ့ ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ လို ဖြစ်နေ တော့ ဒေါ်ဒေါ်တို့ မေးဖို့ မသင့်တော်ဘူး ထင်တာနဲ့ မမေးလိုက် ဘူးကွယ် ”

“ဒါတော့လည်း ဟုတ်ပါတယ်လေ ၊ ဟုတ်ပါတယ် ”

သည်တော့ ဦးလေး က
-

“ ဘာမှ ထွေထွေထူးထူး ခေါင်းအရှုပ်ခံ စဉ်းစား အတွေး ချဲ့မနေနဲ့တော့ ။ သူ က သဇင်ပန်း ကြိုက်တော့ ဆယ့်နှစ်ရာသီ အမြဲတမ်း သဇင်ပန်း ပန်ချင်မယ် ။ သဇင်ပန်း အစစ် က သူ့ ရာသီ
နဲ့ သူသာ ပေါ်တာမို့ အမြဲတမ်း ပန်ချင်လို့ မရဘူး မဟုတ်လား ။ ဒီတော့ အမြဲတမ်း ပန်လို့ ရတဲ့ သဇင်အတု ကိုပဲ သူ ပန်တာ ဖြစ်မှာပေါ့ ”

ဟု ပြောလိုက်သည် ။

“ ဦးလေးရဲ့ အကြောင်းပြ ထင်မြင်ချက်ဟာ အလျော်ကန် အသင့်မြတ်ဆုံးပါပဲ ။ အဲဒီလို ထင်ရတာ စိတ် အချမ်းသာဆုံးပဲ ။ ဒီအတိုင်းပဲ ဖြစ်ပါစေဗျာ ၊ ဒါထက် မနေ့ က သူ ဆိုင်ကို လာတော့ ကျွန်တော် ပေးလိုက်တဲ့ သဇင်ပန်းတွေ သူ ပန်ထား သလား ၊ ဒေါ်ဒေါ်တို့ မြင်မိလိုက်သလား ”


“ အဲဒါတော့ ဒေါ်ဒေါ်လည်း ကောင်းကောင်း သတိ မထားလိုက်မိဘူး ၊ သူ က စာအုပ်ပေးပြီး ချက်ချင်း ဆိုသလို ထွက်သွားတော့တာပဲ ။ ဟဲ မဝင်းကြည် တို့ ၊ မာရီ တို့ ၊ မနေ့က သူ့ ခေါင်းမှာ သဇင်ပန်း ပန်ထားတာ ညည်းတို့ မြင်မိလိုက် သလား


မဝင်းကြည် က
-

“ ကျွန်မတို့ လည်း သတိ မထားလိုက်မိဘူး ၊ ဆိုင် ကလည်း ပိတ်ခါနီး ၊ ဝယ်သူတွေလည်း ရှိနေတော့ ကောင်းကောင်း သတိမထားလိုက်မိဘူး ဒေါ်ဒေါ်


ဟု ပြန်ပြောသည် ။

“ ငါ့ ရဲ့ ဖြူစင်တဲ့ စေတနာကို သူ သိတန်ကောင်းပါရဲ့ လေ ”

ဟု ကျွန်တော် စိတ်ထဲက ဖြေသိမ့် ကျေနပ်လိုက်ရသည် ။

ooooo   ooooo   ooooo

၅ ။


အိမ် သို့ ကျွန်တော် ပြန်ရောက်ပြီး ကျွန်တော့် စာကြည့်ခန်း ထဲ ရောက်မှ စာအုပ်ကလေး ကို ဂရုတစိုက် ကြည့် မိသည် ။ စာအုပ်တစ်အုပ်လုံး ကို ဖုံးချုပ်ထားသည့် ပလတ်စတစ်အိတ်
ကို ကက်ကြေး နှင့် အသေအချာ ညှပ်ကိုက်ကာ စာအုပ်ကလေး ကို ထုတ်ယူကြည့်လိုက်သည် ။

အသွေးအရောင် ၊ အဆင်အပြင် ၊ အရွယ်အစား က အစ မြင်သူ စွဲမက် ပိုင်ဆိုင်ချင်အောင် ဆွဲဆောင်စွမ်းအား ရှိသည် ။

ဆန်းတော့မည့် နှစ်သစ် အတွက် ထုတ်ဝေသော လှပ ချစ်စဖွယ် နေ့စဉ်မှတ်တမ်း စာအုပ်ကလေး ဖြစ်သည် ။

စာရွက်များ ကို တစ်ရွက်ချင်း လှန်လှောကြည့်ရာ ဦးစွာ “ ဖစ်ဇာ ” ဆေးကုမ္ပဏီကြီး မှ ထုတ်လုပ်သော ဆေးကြော်ငြာ များ ၊ အညွန်းစာများ ကို တွေ့ရသည် ။ ဇန်နဝါရီလဆန်း တစ် ရက်နေ့စွဲ ရိုက်ထားသည့် စာမျက်နှာ ၏ ထိပ်ဆုံးနေရာတွင်မူ မြန်မာ လို ရေးထားသည့် စာကြောင်းများ ကို တွေ့ရသောကြောင့် စိတ်လှုပ်ရှားစွာနှင့် အလျင်စလို ဖတ်ကြည့်လိုက် သည် ။

ဆရာ သို့ အမှတ်တရ လက်ဆောင် ...

အသည်းအတု နှင့် မဟုတ်ဘဲ ၊ အသည်းအစစ် နှင့် ချစ်တတ် ၊ ကြင်နာတတ် ၊ ခံစားတတ်နိုင်ပါစေ ။

     စာဖတ်သူတစ်ဦးထံမှ

ဝိုင်းစက်ညီညာအောင် တမင်တကာ ကြိုးစားရေးထားပုံ ရသည့် စာလုံးလှလှကလေးများ ကို အခေါက်ခေါက် အခါခါ ဖတ်ကြည့် ငေးမောရင်း အပြုံး အတု ကိုသာ ကျွန်တော် အနိုင် နိုင် ပြုံးလိုက်ရသည် ။

◾   မောင်လွန်းကြင်

📖  ရှုမဝမဂ္ဂဇင်း ၊ ဒီဇင်ဘာလ ၊ ၁၉၈၃ ။

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၉ ခုနှစ်  ၊ ဇန်နဝါရီ

www.facebook.com/aung.naingoo.3726613

.


No comments:

Post a Comment