❝ အတက် အဆင်း ❞
အကယ်၍သာ ကျွန်မ သည် မနှစ် က ရွှေမန်းသင်္ကြန်ပွဲ တွင် အစွမ်းကုန် ပျော် နေသော အတွင်းဝန် ဦးအောင်မြင့်အား မတွေ့ခဲ့ပါမူ မမြသွေး ကို သတိ ရလိမ့်မည် မဟုတ်ပေ ။ သာမန်အားဖြင့် မမြသွေး သည် ကျွန်မ ၏ ကျောင်းနေဖက်သူငယ်ချင်း ဖြစ်ခဲ့လေသည် ။
သို့သော် ယခု ဦးအောင်မြင့် ကို မြင် လေလေ မမြသွေး ကို ပဲ ပို၍ သတိရ လာလေလေ ဖြစ်ရတော့သည် ။
တောက်ပသော မီးရောင် အောက် တွင် ယဉ်နွဲ့စွာ က နေသော ရွှေမန်းသူ တို့ ၏ ခြေထောက်နား ဝယ် ပါးစပ် အဖြဲသား နှင့် အစွမ်းကုန် ပီတိ ဖြစ်နေသော ဦးအောင်မြင့် ကို ကျွန်မ သည် ဝင်းလိုက် ရေသဘင် အနား တွင် တွေ့ရလေသည် ။ ပြီးတော့ သူ သည် ဟက်ဟက်ပက်ပက် ပျော်ရွှင်စွာ လက်ခုတ် တီး ၍ ရယ် ပြန်သည် ။ သူ သည် ဝင်းလိုက်မယ် တို့ ရပ်နားချိန် တွင် ရွှေမန်းလှပျိုဖြူ တို့ ရေသဘင်အဖွဲ့ သို့ တာဦး လှည့်သွား ပြန်သည် ။
မထွက်သာပဲ ပိတ်နေသော ကားများ ကြား တွင် ကျွန်မ ကား သည် ဦးအောင်မြင့် ကား နောက် တွင် ကပ်လျက် ဖြစ်နေ၍ ကျွန်မ သည် ဦးအောင်မြင့် သွားရာ ကိုပဲ လိုက် ရပြန်သည် ။ ရံဖန်ရံခါ သူ သည် တေးများ ကို ပင် အသံ ထွက် အောင် သီဆို ၍ လက် နှင့် စည်း လိုက်ကာ ပျော်ရွှင်ခြင်း ၏ အဆုံးသို့ ရောက်နေဟန် တူ ပါသည် ။
ကျွန်မ သည် ကြည့်ရင်း ဝမ်းနည်း လာသည် ။ ဦးအောင်မြင့် ၏ ပျော်ရွှင်ခြင်း သရုပ်များ သည် ကျွန်မ အား မမြသွေး အား သတိရရုံ တင် မက မမြသွေး နှင့် တွေ့ခဲ့သော အတိတ် ကို ပါ သတိရ စေပါတော့ သည် ။
“ အတက် နှင့် အဆင်း ဆိုတာ လမ်းခုလတ် မှာ ပဲ တွေ့ကြမှာ ပေါ့ အနှင်း ရယ် ။ ကြာသွားလေ ဝေးသွားလေ ပဲ ပေါ့ ”
မမြသွေး သည် ဒီလိုပဲ ကျွန်မ ကို တည်ငြိမ်စွာ ပြောခဲ့ပါသည် ။ သူ နှင့် တွေ့ခဲ့သည်မှာ ယခု နှစ်ပတ် လည်ခဲ့ပြီး ယခုလိုပဲ မိုးသက်ပါသော လေများ ထဲ တွင် ပိတောက်နံ့ သင်းချိုချို သည် ပျံ့လွင့်နေဆဲမဟုတ် ပါလော ။ ပြာလွင့်သော ကောင်းကင် တွင် မိုးသားများ ဆိုင်းစ ပြု၍ မှိုင်း ညိုညို နောက်ခံဝယ် ဝင်းဝါသော ပိတောက်ခက် သည် ထင်း ၍ ပေါ်လွင် နေတော့သည် ။
မမြသွေး သည် ပိတောက်မြစ် ပေါ် တွင် ထိုင်နေသည် ။ ပွင့်ဖတ်ဝါများ သည် မြေပြင်ဝယ် အနှံ့ ပျံ့ကြဲနေလေသည် ။ သူ သည် မှိုင်းညိုသော ကောင်းကင် ကို ငေး၍ နေသည် ။ ကျွန်မ မှာ သူ့ ကို ကြည့်ရသည် ကိုပဲ ကြည်နူးမိသည် ။ သူမ နှင့် ပတ်ဝန်းကျင် တစ်ခုလုံး သည် မိုးဦး ၏ ပန်းချီကားချပ် နှင့် တူလှသည် ။
ကျွန်မ သူ နှင့် တွေ့ ရသော အချိန် မှာ သူ နှင့် ဦးအောင်မြင့် တို့ ၏ နောက်ဆုံး နေ့ ဖြစ်သည် ။ ကျွန်မ က သူ့ ကို စကား စ ပြောရန် သနားနေသည် ။ သူ ကတော့ တည်ငြိမ်၍ အေးဆေးလှသည် ။ သူ ကပဲ စကား စ ပြောတော့သည် ။
“ အတက် နဲ့ အဆင်း ဆိုတာ လမ်းခုလတ် မှာ သာ ခဏ တွေ့ကြ တာပဲ ။ ကြာသွားလေ ဝေးသွားလေ ပဲ ပေါ့ အနှင်း ရယ် ။ ခုလို အချိန် မှာ အနှင်း နဲ့ တွေ့ ရတော့ အနှင်း က ဝမ်းနည်းနေမှာပဲ ။ တကယ်ဆိုတော့ အမှန်တရားက ခုမှ တွေ့တာ ”
သူ သည် ကျွန်မ ဘက် ကို လှည့်ပြော နေရာမှ သူ့ လက် ပေါ် ရှိ ပိတောက်ပွင့်တွေ ကို ချေပစ်နေသည် ။
သူ သည် ငယ်စဉ်က ကျွန်မ သူငယ်ချင်းများ ထဲ တွင် အတော် လှပခဲ့သည် ။ ယခု သူ သည် အရွယ် ရင့်ခြင်းမှ လွှဲ၍ ငယ်ငယ် က အလှ အတိုင်းပင် ကျန်ရစ်သေးသည် ။ လူ ကတော့ ပို၍ ပိန်ပိန်ပါးပါး ဖြစ်နေ တော့သည် ။
“ ကိုယ် လည်း ဘာမှ မသိဘူး ၊ လက်ထပ်တာပဲ သိတယ် ။ ဒါတောင် သူငယ်ချင်း တွေ က ပြောလို့ သိတာ ။ ခု တစ်နှစ် လောက် ရှိပြီပေါ့ နော် ။ လာပြန်တော့လည်း ဘာဖြစ်တာလည်း မမြသွေး ရယ် ”
ကျွန်မ စကား ကို သူ သေချာစွာ နားထောင်ရာမှ ပြုံး၍ နေတော့သည် ။
“ ခုတော့ ကိုယ် အတိတ် ကို ပြန် ဖွင့် ရလိမ့်မယ် အနှင်း ၊ မင်း တို့ ၁၀ - တန်း အောင်ပြီး ခွဲ လာကတည်း က ကိုယ် ရန်ကုန် ကို လွင့် လာခဲ့ တယ် ။ ၁၀ - တန်းမှာ နေခဲ့ရတုန်းကလည်း အနှင်း အသိပဲ ။ ကိုယ် ရဲ့ ကျောင်းသားဘဝ ဟာ အတော် ခက်ခက်ခဲခဲ နဲ့ ဆင်းရဲ ခဲ့တယ် ။ စာမေးပွဲ တစ်ခါ အောင် ရင် ကြိုးသာ ကြိုးစားရတယ် ။ ဒီ ပတ်ဝန်းကျင်ကြီး က ကြောက်စရာ ကိုယ်တို့ မိသားစု နဲ့ ဆိုရင် ရန်ကုန် ဒဏ် နဲ့ မနဲပဲ လှိမ့် ခံရ တယ် ။ ဒီ ကြား က ကိုယ့် အမေ က အို လှပြီ ။ သူ က ဘယ်လောက်ပဲ လောက ကို ရင်ဆိုင်နိုင်အောင် စိတ်ဓာတ် သွင်းပေး ပေမယ့် ကိုယ် က လူ ပဲ ။ ဘယ် ခံနိုင်မလဲ ”
သူ သည် သူ့ စကားများကို ခေတ္တ ရပ်နားလိုက်၍ “ ကိုယ် ဟာ ဘာ နဲ့ တူနေသလဲဆိုတော့ ဟိုမွေးကတည်းက သိပ် ဆင်းရဲပြီး ရက်စက် တဲ့ လူတွေလက်ထဲ ရောက်နေတဲ့ ကလေး လိုပဲ ။ ရယ်စရာမြှူ ပေမယ့် မရယ်တော့ဘူး ။ ကိုယ် က လည်း ပျော်စရာ ဆိုတာ ဘာမှ မတွေ့တော့ ။ လူ က သေနေတယ် အနှင်း"
“ ဘာ သေနေတယ် ”
ကျွန်မ သည် သူ့ စကား ကို နား မလည်လိုက်ပါ ။
“ အေးအေး သေတယ် ဆိုပါတော့ ။ ဘာကြောင့် စိတ် ကို ပျော်လို့ မရဘူး ။ ပျော်စရာတွေ ဆီလည်း သီ ခွင့်မရဘူး ။ တစ်ခါတစ်ခါ ကိုယ့်အနားမှာ စာရေးမ အဖော်လေးတွေ ရယ်မော သွားတာများ မြင်ရင် ကိုယ် ဖြင့် ကြောင် နေတယ် ၊ သူတို့ လို လည်း ရယ်ချင်ပါတယ် ၊ လွတ်လပ် ချင်ပါတယ် ။ ဒါပေမယ့် ကိုယ် ဟာ အိမ် ကို အမြန် ပြန် ပြီး ည ဘက် ကျ စက်ပန်းထိုး အလုပ် လုပ်ရသေးတယ် ။ မောင်လေး တွေ ကျောင်း စရိတ် ကိုယ့် အမေ ရဲ့ ဆေးဖိုးဝါးခ နဲ့ ဟာ ကိုယ့် အဖို့ မလည်နိုင်ဘူး ။ လခ က ၁၀ဝိ/- ကျော်ကျော် ကိုး ”
သူမ သည် မျက်လုံးများ ကို မှေး၍နေလိုက်ရင်း အဓိပ္ပာယ် မဲ့စွာရယ်လိုက်သည် ။ တကယ်တော့ သူမ ၏ ရယ်ပုံ မှာ လုံးဝအရသာ မပါလှပါ ။ သူပြောသည့် “ သေနေသည် ” ဆိုသော စကား ကို သူ့အမူအရာ က သရုပ်ဖော်လိုက်သည် ။
“ နောက်ဆုံး တစ်ပြိုင်နက် ဆိုပါတော့ ကိုယ် တို့ နေရတဲ့ အိမ် ရဲ့ ကျန်းမာရေး မညီညွက်မှုကြောင့် ကိုယ့်အမေ နဲ့ မောင်လေး တစ်ယောက် ရှေ့ဆင့် နောက်ဆင့် ဆုံးသွားကြတယ် ။ ကျန်တဲ့ မောင်လေး ၂ - ယောက် နဲ့ ကိုယ် ပဲ လိမ့် နေတာပေါ့ ။ ကြွေး လဲ တင် ၊ လူ လဲ ဖား သွားတာပဲ ။ ကိုယ့် ကိုယ် ကို မလဲအောင် အတော် တင်းထားပေမယ့် ကိုယ် လည်း မတ်တတ်နာ ဖြစ် နေတာပေါ့ ၊ တစ်နေ့တော့ ကိုယ် ကြိုးစား ပြီး ရုံး တက်ပေမယ့် လမ်း မှာ အန် နေတာ ဟာ တစ်နာရီ လုံးလုံး ရုံး တက် နောက်ကျ သွားတယ် ၊ ကိုယ် လည်း အားတင်းပြီး ရုံးခန်း ဝ လည်း ရောက် ရော ရုံးအုပ် နဲ့ တိုးတော့ အဆူ ခံရတာပေါ့ ။ သူ ကတော့ ထုံးစံအတိုင်း ဆူ တာပဲ ။ ဒါပေမယ့် ကိုယ် က သိပ် ဝမ်းနည်းနေတဲ့ လူ ဆိုတော့ အခန်း ပြင် ခဏ ထွက်ပြီး ကျူကျူပါအောင် ငို မိတာပဲ ။ ရုံးအုပ် လည်း ဘာမျှ မပြောတော့ဘူး ။ တော်ကြာတော့ “ ဘာဖြစ်လို့ ငို ရတာလဲ မမြသွေး လို့ ” ဆိုတဲ့ အသံ ကို ကြားတော့ ကိုယ် မော့ ကြည့်မိတယ် ။ ဒီတော့ ဘယ်သူ လဲ သိလား ၊ အတွင်းဝန် ဦးအောင်မြင့် ရယ် ။ ကိုယ့် ရှေ့ မှာ ရပ် နေတယ် ။ ကိုယ် က လည်း ကြောင် နေတာပေါ့ ။ သူ့ အခန်း ကို လိုက်ခဲ့ရမယ် လို့ ခေါ်တာ နဲ့ ကိုယ် လည်း လိုက် သွားတယ် ။ ဟို ကျ သူ က ကိုယ့် အကြောင်း ကို အကုန် မေးလိုက်တာပဲ ”
မမြသွေး သည် အားတက်ဖွယ်များ ကို တွေ့ခဲ့ရသော အတိတ် ကွက် ကို ကြိုးစား ၍ ဖော်နေသည် ။
“ ကိုယ် လည်း ကမ္ဘာ တစ်ခုလုံး မှာ ဒီတစ်ခါပဲ ကိုယ့်ကိစ္စ ကို ဂရုတစိုက်မေးမယ့် သူရှိတော့ အကုန်လုံးပဲ ပြောပြလိုက်တော့ သူ နောက်ဆုံး ဘာပြောလဲ သိလား ”
ကျွန်မ သည် ခေါင်း ခါပြလိုက်သည် ။
“ သူ့ ကို လက်ထပ်ပါ တဲ့ ”
“ ဟင် ”
“ အေး သူ့ ကို လက်ထပ်ပါ တဲ့ ၊ ကိုယ်လည်း စဉ်းစားပြီး ၆ - လ ကြာတော့ သူ့ ကိုယ် လက်ထပ်လိုက်တယ် ”
ကျွန်မ သည် အတော်ပဲ ဝမ်းသာလိုက်သည် ။ သူ က တော့ ထူးခြားသော မျက်နှာ အမူအရာ နှင့် ပင် ကျွန်မ ကို စေ့စေ့ကြည့်ရာ မှ -
“ အနှင်း ဘယ်လိုလဲ ဟင် ။ ကိုယ့် လောက် ဆင်းရဲ တဲ့ မိန်းကလေး တစ်ယောက် ဟာ အတွင်းဝန် တစ်ယောက် နဲ့ လက်ထပ် လိုက်တော့ ဟင် ... ဘယ်လို ထင်လဲ ”
“ ဦးအောင်မြင့် ဟာ အကျင့်စာရိ လည်း ကောင်းတယ် ။ မိန်းမ ရောဂါ လည်း ကင်းတယ် ။ ကိုယ် လည်း သိပ် အလို လိုက်တာပဲ ။ သူ တက် သမျှ ပါတီတွေ နဲ့ ပွဲလမ်းသဘင် တွေ မှာ ကိုယ့် ကို အမြဲ ခေါ်တယ် ။ သူ က လူထူထူများများ နဲ့ ဆိုပါတော့ အလွန် ပျော် တတ်တယ် ။ ကိုယ် က သေ နေတာ အနှင်း ။ အဲဒီ လူတွေ ထဲ တိုး လို့ မရဘူး ။ ယုံလား ၊ ပွဲတွေ ထဲ မှာ ဆို ကိုယ် သိပ်ပြီး ငြီးငွေ့တယ် ။ ကိုယ် က ပြဇာတ်တွေ ပါတီတွေ တစ်ထောင် လောက် ထက် ဟောဒီ ပိတောက်ပင် အောက် မှာ တစ်ယောက် ထဲ ထိုင် နေရတာ လောက် အရသာ မရှိဘူး ။ အို ကိုယ် ဟာ မပျော်တတ်တော့ ဘူး ယုံလား ”
“ ဝတ္ထု တွေ ဖတ်တာတောင်မှာ သူ က တင့်တယ် တို့ လို ခပ်ရွရွ လေးတွေ နဲ့ အချစ် သရုပ်ဖော်ရာ မှ ခပ်ရွှင်ရွှင်လေး ခြယ်သွား တဲ့ စာပေမျိုး ကို မှ သဘော ကျတယ် ။ ကိုယ် ကတော့ ဟုတ်တာ မဟုတ်တာ ထက် စာလုံးလေးတွေ နုနုလှလှ နဲ့ စိတ်ကူးယဉ် လို့ ကောင်း တဲ့ ဒဂုန်တာရာ တို့ ဗန်းမော်တင်အောင် တို့ လို စာရေးဆရာ ရေးတဲ့ စာပေတွေ သာ သဘော ကျခဲ့တယ် ။ ဘာပဲ ပြော နေနေ ၊ သူတို့ ရေးတဲ့ စာပေတွေ က သရုပ် ဖော်လိုက်ရင် ကောလိပ် က ပရော်ဖက်ဆာကြီးတွေ နဲ့ ဂါဝန်ဝတ် ကျောင်းသူလေးတွေ ကို သရုပ် ဖော်လေ့ ဖော်ထ ရှိတော့ ဘဝ တစ်ခု ကို ပြေး ပုန်းပြီး စိတ်ကူးတော့ အတော် ယဉ်လို့ ကောင်းတယ် ။ ဝတ္ထု ဖတ်တာ က အစ တောင် သဘော ကွဲနေတဲ့ တို့ နှစ်ယောက် ရဲ့ မတူလိုက်တာဟာ ၊ မတူသမျှ လုံးဝ မတူတော့ဘူး သူက လောကကို ခုမှ ပျော် ချင် တုန်း ရွှင် ချင် တုန်း အတက် ကိုယ် က လောက ကို သိပ် စိတ်ပျက်တယ် ။ စိတ် မဝင်စားဘူး ။ ရယ် လို့ မရတော့ဘူး ။ လောက မှာ အဆင်း ဖြစ် နေပြီ ။
“ ကိုယ့် အမှားတွေပါပဲ ကွယ် ကိုယ် သူ နဲ့ လိုက် ကြည့်ပါတယ် ။ ကပွဲ တွေ ပြဇာတ်တွေ ။ ဒါပေမယ့် ကိုယ် အောင့်အင်း လို့ မရဘူး ။ သည်း မခံနိုင်ဘူး ။ မြန်မြန် ပြန်ချင်တော့ ဒီပွဲတွေ သွားတိုင်း သူ နဲ့ ကိုယ် နဲ့ ရန် ဖြစ်ရတယ် ။ နောက်ဆုံးတော့ ကိုယ် လည်း သူ့ ကို သနား လာတယ် ။ ကိုယ် သည်း မခံနိုင်တာတွေ ကြောင့် သူ့ ကို အနှောင့်အယှက် ပေးသလို ဖြစ်နေတာ ကိုယ် သိလာတယ် ။ ကိုယ် က လည်း ခုလို မိုးမှိုင်း ထဲ မှာ ပိတောက်ခက်ကြီး ဝင်း နေတာ ကို တွေ့ လိုက်ရတယ် ဆိုရင် ပဲ အတော် စိတ် ဝင်စားနေတဲ့ မိန်းကလေး လေ ။ သူ နဲ့ ဖြင့် သူ့ ပတ်ဝန်းကျင် ကို ကိုယ် တိုး လို့ မရတော့ဘူး ဆိုတာ ကိုယ် အမှန် သိလာတယ် ။ ခုတော့ ကိုယ် လည်း ရဲရဲရင့်ရင့် ပဲ ဆုံးဖြတ် လိုက်တယ် ။ ကိုယ် သူ့ ကို ခွဲတော့မယ် ဆိုတဲ့ အကြောင်း ကိုယ် ပြော လိုက်တယ် ”
“ ဘာ မမြသွေး က စ ပြောတယ် ”
ကျွန်မ သည် အတော် အံ့သြစွာ မေး လိုက်မိသည် ။
“ ဟုတ်တယ် ကိုယ် ပဲ ပြော လိုက်တယ် ခုလည်း ဒီ ညနေ သူ ပြန်လာပြီး လို့ ကိစ္စတွေပြီး ရင် ကိုယ်လည်း စစ်ကိုင်း တောင်ရိုး ကို သွား တော့မယ် ”
“ ဟင် ဒီလိုဆို မမြသွေး မောင်လေး နှစ်ယောက် ကော ”
“ သူတို့ ကို လည်း ဘဝ အမှန် ကို ကိုယ် ပြော ပြတယ် ။ သူတို့ လည်း ကိုရင် ဝတ်ဖို့ သဘော တူကြလို့ စီစဉ် ပြီးပြီ ”
“ အို သုံးယောက် စလုံး စစ်ကိုင်းတောင်ရိုး မှာ နေတော့ မယ်ပေါ့ ”
မမြသွေး သည် ခေါင်း ညိတ်ပြလိုက်သည် ။ သူ့အမူအရာမှာ လုံးဝမထူးဆန်းသော ခွေးကလေး ၊ ကြောင်ကလေး တစ်ကောင် အကြောင်းလောက် ပြောနေ သလို အေးစက်စက် နိုင်လှသည် ။ ကျွန်မ အဖို့ မှာ မူ အလွန်ပင် အံ့ဩ၍ ထူးဆန်းနေသည် ။
“ အမှန်တော့ အနှင်း ဘဝ ဆိုတာ ကိုယ် တစ်ခါ က ဖတ်ခဲ့ ဖူးတဲ့ စာပိုဒ်ကလေး လို ပဲ ။ ဘာသာရေး နဲ့ ပတ်သက်တဲ့ သီဟိုဠ် က မဂ္ဂဇင်း တစ်ခု ထဲမှာ ကိုယ် တွေ့ခဲ့တယ် ၊ လူ့ ဘဝ မှာ သေခြင်းတရား က အစဉ် ကပ်နေသတဲ့ ၊ တစ်ဖက် က ဆင်ရိုင်းကြီး ဟာ သူ့ ကို မြင်သွားရင် လူ့ ဘဝ ဟာ ဆုံးရမယ် အမှန်ပဲ ။ အဲဒီ လူ ဟာ လည်း လက်တစ်ဖက် က ဆူးတွေ နဲ့ သစ်ပင်နွယ် ကို တွယ် ထားရတယ် ။ တစ်ဖက် က လည်း ပျားအုံကြီး ကို ကိုင် ထားရတယ် ။ ဒါက လွတ် ကျသွားရင်လည်း အောက် က မြွေဆိုး မြွေဟောက် တွင်း ထဲ ကျ ပြီး သူ သေသွား မှာ အမှန်ပဲ ။ ဒါလောက် နီးစပ်နေတဲ့ သေခြင်းတရား တွေ ကြား ထဲက ပျားအုံ က တစက်စက် ကျနေတဲ့ ပျားရေ ရဲ့ ချိုမြိန်တဲ့ အရသာ ကို ခံစားရင်း ပျော်နေနိုင်တယ် အနှင်း ။ ကိုယ် တော့ ဒီ ပျားရေ ရဲ့အရသာလေး ကို ခံစားပြီး မပျော်နိုင်ဘူး ”
ကျွန်မ သည် သူ့ စကား များ ကို နားမလည် တစ်ချက် နားလည် တစ်ချက်နှင့် နားထောင် နေမိသည် ။
သူ သည် တကယ် ပဲ ဘဝ ကို ရွံ့မုန်း သွားပြီလား ။ လောကီ မှာ သူ သေနေပြီ ဆိုသည် မှာ မှန်ပဲ နေသလား ။ ကျွန်မ တွေးနေဆဲ မှာ ပင် မိုးညိုများ ကြား မှ မိုးပေါက်များ ရွာကျ လာ၍ သူ နှင့်ကျွန်မ ပိတောက် ပင်ခြေ မှ ထွက်လာခဲ့ကြတော့သည် ။ ထို နေ့ သည် သူ နှင့် ကိုအောင်မြင့် အတွက် နောက်ဆုံး နေ့ ဖြစ်ခဲ့သည် ။
ကျွန်မ အတွေး မှာ ရှေ့က ကား ၏ အော်သံ ကြောင့် ရပ် သွား တော့သည် ။ ကျွန်မ ရှေ့မှာ ဦးအောင်မြင့် ရှိ သေးသည် ။ သူတို့ သည် ပျော် နေတုန်းပဲ ဖြစ်လေသည် ။ ကျွန်မ ရင် ထဲတွင် ဦးအောင်မြင့် ၏ ပြုံးချို ရွှင်လန်းသော အမူအရာများ ကြား မှပင် စစ်ကိုင်းတောင်ရိုး ဝယ် တရား အားထုတ်နေမည် ဖြစ်သော မမြသွေး ကို မြင်ယောင်မိသည် ။
“ အတက် နဲ့ အဆင်း ဆိုတာ လမ်းခုလတ် မှာသာ ခဏ တွေ့ကြ မှာပဲ ။ ကြာသွားလေ ဝေးလေ ပဲပေါ့ အနှင်း ရယ် ”
သူ ရေရွတ်ခဲ့ သလိုပင် ယခု လည်း သူ နှင့် ဦးအောင်မြင့် မှာ လုံးဝ မနီးစပ်နိုင်တော့ပါ ။
ကြာသွားလေ ဝေးလေ ဖြစ်ကြမည် မှာ အမှန်ပဲ ဖြစ်သည် ။
◾ခင်နှင်းယု
၁၉၅၂ ၊ ဧပြီလ
📖 ကြေးမုံရိပ်သွင်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment