❝ ရှက်ရပေါင်း များပြီ ❞
အမေ သည် သူ ၏ မြေးငယ် ကို တတွတ်တွတ် ပြောပြနေသည် ။ သင်္ကြန် ၏ စိတ်ဝင်စားဖွယ် နောက်ခံ အကြောင်းခြင်းရာများ ၊ ထို အထဲ တွင် ဗြဟ္မာကြီးဦးခေါင်း နှင့် နတ် သမီး လေးပါး အကြောင်း ၊ အထက် ဝတိံဘုံဖျား တွင် စံစားနေသည့် သိကြားမင်း အကြောင်း ၊ သင်္ကြန်ရက် အတွင်း သိကြားမင်း လူ့ပြည် ဆင်းကြွလာသည့်အခါ တိုင်း သူ့ တွင် ခွေးရေပုရပိုက် နှင့် ရွှေပုရပိုက် နှစ်မျိုး ပါလာသည့် အကြောင်း ၊ လူကြီးမိဘစကား နားထောင်၍ စိတ်ထား ကောင်းသူများကို ရွှေပုရပိုက် ထဲ တွင် ရေးမှတ်၍ လူကြီးစကား ကို နား မထောင်သည့် အပြင် စိတ်ထား လည်း ယုတ်ညံ့သူများ ကို မူ ခွေးရေပုရပိုက် ထဲ တွင် ရေးမှတ်ယူ သွားတတ်သည့် အကြောင်း ၊ ရွှေပုရပိုက် ထဲ တွင် အမှတ် ခံရသူ များ က နောက်ဘဝ တွင် နတ်ပြည် ၌ စံစားရပြီး ခွေးရေပုရပိုက် ထဲ တွင် အမှတ် ခံရသူများ က ငရဲပြည် သို့ ဇောက်ထိုး ကျ ဆင်းရ ကြောင်း စသည် စသည်တို့ ။
မြေးအဘွား နှစ်ယောက် ပြောဆိုနေကြသံ ကို အမှတ်မထင် ကြားမိလိုက်သည့် ငြိမ်းသာ သည် ကိုယ့် အတွင်း စိတ် ကို ကိုယ် လှစ်ကနဲ ပြန် ကြည့်လိုက်မိ၏ ။
ထို ခဏတွင်ပင် ဖျတ်ကနဲ မြင်လိုက်မိခြင်း ဖြစ်ပါ၏ ။
အမြင် ထဲ တွင် ဖြစ်ရပ်ကလေးတွေ ပြန် ပေါ်လာသည် ။ ပေါ် လာသည် မှ ထင်ထင်ရှားရှား ပီပီပြင်ပြင် ။
••• ••• ••• •••
“ သားငယ် ၊ ကြိုးစားနော် ၊ သင်္ချာဆရာ ရော ၊ ဓာတုဗေဒ သင်မယ့် ဆရာမ ရော မေမေ စုံစမ်းလို့ ရခဲ့ပြီ ၊ သားတို့ လေးယောက် ကို အိမ် လာ သင်ပေးမှာ ၊ တစ်ယောက် ကို တစ်ရာ ပေးရ မယ် ၊ တစ်လ တစ်ရာ နော် ၊ သူတို့ အိမ်တွေ ကို ပြောခိုင်းထား ၊ ယူမယ် ဆို စာမေးပွဲ ဖြေချိန် အထိ လတိုင်း ယူရမှာ ၊ ကြားထဲ မှာ ထွက်လို့ မရဘူး ၊ အားလုံး ပြောပြထား ၊ မေမေ့ မှာ မနည်း ရှာပြီး တောင်းပန် သင်ခိုင်းရတာ ”
ကိုးတန်း အောင် သည့် သားငယ်အတွက် ဆယ်တန်း အတက် စာ မခက်အောင် ငြိမ်းသာ မှာ နည်းလမ်း ရှာရပါ၏ ။ လိုအပ်သော ဘာသာရပ် အတွက် အချိန်ပို သင်ပေးမည့် ဆရာ ကို ရှာရ သည်မှာ လွယ်လှသည်မဟုတ် ။ အတော့်ဘကို စုံစမ်းရှာဖွေမှ ကျောင်းတုန်း က သူငယ်ချင်း တစ်ယောက် ၏ ဆက်သွယ်ပေးမှုကြောင့် သားငယ် အားနည် သော သင်္ချာ နှင့် ဓာတုဗေဒ ဘာသာရပ် အတွက် ဆရာများ ကို ရရှိခဲ့၏ ။ သည်တော့မှ ငြိမ်းသာ ရင် အေး ရသည် ။
အချိန်ပို ခေါ်သင်၍ ငွေကုန်ကြေးကျ များသူ မှန်သော် လည်း ဆယ်တန်း ကို တစ်နှစ် တည်း နှင့် ထူးချွန်အောင်ဖို့ က အရေးကြီးသည် ဟု ကိုယ့် ကိုယ် ကို ဖျောင်းဖျ နှစ်သိမ့်ထား၏ ။ သားငယ် အတွက် အပို ကုန်ကျငွေ ကို ကာမိစေရန် အဝတ်အစား မဝယ် ၊ ရုပ်ရှင် ထွက် မကြည့် ၊ အပြင် ဆိုင် တွင် မစား ဟု ဆုံးဖြတ် ထားလိုက်၏ ။
သည်လိုနှင့် စနေ ၊ တနင်္ဂနွေနေ့ များ တွင် သားငယ် ကို စ သင် ဖြစ်ကြသည် ။ ဆရာ နှင့် ဆရာမ တို့ ကလည်း ရုံးသမားတွေ မို့ သည် နှစ်ရက် သာ သင် ပေးနိုင်သည် ။ ဒါတောင် တစ်ရက်မှာ နှစ်နာရီ တည်း သာ ။ သို့သော်လည်း ငြိမ်းသာ ကျေနပ်သည် ။ သူတို့ ကျောင်း မှာ ကတည်းက စာတော်သူများ ဖြစ်သလို အသင် အပြ တွင် လည်း နာမည် ရသည် ။ သားငယ်တို့ ကလည်း နားလည်ကြောင်း ၊ ရှင်းကြောင်း ပြောပြ ထောက်ခံကြသည် ။
သို့နှင့် တစ်ရက် ။
“ မေမေ ၊ မေမေ့ သူငယ်ချင်းလေ ဟိုဘက် လမ်း က အန်တီ ဝေဝေ က ပြောတယ် ၊ သူ့ သားကလေးလဲ သင်ချင်လို့ တဲ့ ၊ အဲဒါ သား က ဒီကနေ့ လာခဲ့လို ပြောလိုက်တယ် ”
“ ဟဲ့ ဘာဖြစ်လို့ ပြောလိုက်ရတာလဲ သိပ် ရှည်တာပဲ ။ လူများတော့ ဘယ်ကောင်းမလဲ ”
ဟုတ်သည် ။ တစ်ယောက် တိုး လာလျှင် ကိုယ့် ကလေး အပေါ် ဂရုစိုက်မှု လျော့ သွားမည် ။ ယခု လေးယောက်ပင် တကယ် လေ့လာကြည့်တော့ များနေပြီ ။ မတတ်နိုင်လို့သာပေါ့ ။ တတ် နိုင်လျှင် ကိုယ့်သား တစ်ယောက်တည်း ကို တစ်ဘာသာ သုံးရာ ပေးပြီး ...
“ မေမေ ကလဲ နောက်ထပ် တစ်ယောက် ပဲ တိုးမယ့်ဟာ ကို ”
“ ဟဲ့ တစ်ယောက် တိုးတိုး နှစ်ယောက် တိုးတိုး တိုးတာဟာ တိုးတာပဲ တဲ့ ၊ မဖြစ်ဘူး မဖြစ်ဘူး ”
ချက်ချင်းပင် ဆုံးဖြတ်လိုက်၏ ။ဝေဝေ လာသည် အထိ စောင့် မနေတော့ ။ ဝေဝေ့ အိမ် သို့ သွား၍ ဆရာတွေ က နောက်ထပ် ကျောင်းသား လက် မခံတော့သည့် အကြောင်း သွား တားနှင့်လိုက်၏ ။ သိုမဟုတ်လျှင် ဇာတ်ကြောင်း ရှည်နေဦးမည် ။
“ မေမေ က လဲ တို လိုက်တာ ”
“ ဘာ ”
“ စာသင်တာပဲ လူများ လဲ ဘာဖြစ်လဲလို့ ”
သား ကို ငေါက်ထုတ်ပစ်လိုက်၏ ။
ထိုစဉ်ကမူ ရှက်ရမှန်း မသိခဲ့ ။
••• ••• ••• •••
ခင်ဝင်း တို့ လာလျှင် သည်လိုချည်း ၊ ဘယ်တော့မှ လက်ချည်း သက်သက် မဟုတ် ။ သူတတ်နိုင်သမျှ ဟင်းသီးဟင်းရွက်ကလေး တွေ ပါလာစမြဲ ။ ယနေ့လည်း ကဲကဲ ကဲကဲဖြင့် မနိုင့်တနိုင် ဆွဲလာပါပြီ ။ ခြင်းတောင်းကြီး တစ်တောင်း ၊ ထိုအထဲ ဘူးသီး ကြီး တစ်လုံး ၊ ဒန့်သလွန်သီး အတောင့်နှစ်ဆယ် လောက် နှင့် ခရမ်းသီး ချောချောကြီးတွေ ။
“ ခင်ဝင်း က လဲ ကွယ် နည်းတဲ့ ခရီး လဲ မဟုတ် ၊ ဒုက္ခ ခံ လို့ ယူယူ လာတယ် ”
“ အို ... မမငြိမ်း က လဲ ရထား စီးလာတာပဲ ဟာ အပန်းမကြီး ပါဘူး ၊ မမငြိမ်း ကျေးဇူး ကို ဒီပြင် နည်းနဲ့ မှ မဆပ်နိုင်တာ ၊ ကိုယ် တတ်နိုင်သမျှ ကလေး ကိုယ့် ကျေးဇူးရှင် ကို ပေးရတာ ၊ ခင်ဝင်း တို့ ဘက် မှာ အသီးအရွက်တွေ သိပ်ပေါတာ မမ ရဲ့ ”
ပြောပြောဆိုဆို ပင် တောင်းကြီး ကို မီးဖို ထဲ အထိ ဆွဲ မ ယူသွား၏ ။ ချက်ချင်း ဆိုသလို ပြန် ထွက်လာပြီး သူ့ ဘော်လီ ရင်စည်း ကြားထဲမှ ငွေစက္ကူ ထပ်ကလေး ကို နှိုက် ယူကာ တစ်ရွက် ချင်း ရေတွက်နေ၏ ။ ကျပ်တန် အနွမ်းကလေးများ ...
“ မမငြိမ်း ”
သူ့ အနား လာ ထိုင်ရင်း ယို့ယို့ ကလေး လှမ်း ပေးလိုက်၏ ။ သိ လိုက်ပြီးသားပင် ၊ ငွေသုံးဆယ်ကျပ်တိတိ ဖြစ်ပေမည် ။
“ ခိုင်းစရာ ရှိရင်လဲ မှာနော် မမငြိမ်း ၊ မောင် က ဆို သတိရတိုင်း တဖွဖွ ပြောနေတာ ၊ မမ သာ မကူညီခဲ့ရင် ခင်ဝင်း တို့ ဒုက္ခ ရောက် မှာ သေချာပေါက် ”
ခင်ဝင်း ပြောနေပုံ က တကယ့် ကို စိတ်ပါ လက်ပါ လှိုက်လှိုက် လှဲလှဲ ။ သူ ပြော နေသမျှ ကို မျက်နှာ မပျက်အောင် မနည်း ကြိုးစား နားထောင်နေရ သူ က ငြိမ်းသာ ။ သို့တိုင် မလုံမလဲ ဖြစ်နေသည့် စိတ် ကြောင့် ခင်ဝင်း မျက်နှာ ကို စေ့စေ့ မကြည့်ရဲ သလိုလို ။
“ ညည်း ဒီနေ့ ဈေး မထွက်ဘူးလား ”
“ အငယ်ကလေး ဖျားနေလို့ မမ ရဲ့ ၊ ခုတောင် မလာ မဖြစ်လို့ လာခဲ့ရတာ ၊ တော်နေ မမငြိမ်း ကြားထဲ က မျက်နှာ ပျက်နေမှာ စိုးလို့ ၊ ပြီး တစ်ရက် ကူး သွားရင်လဲ အတိုး က စကား ပြောလာဦး မှာ မဟုတ်လား ”
နောက်ဆုံး စကားပိုဒ် က ငြိမ်းသာ ၏ နှလုံးသား ကို တင်း ကျပ်စွာ ဆုပ်ညှစ်ပစ်လိုက် သလိုပင် ။ အတိုး တဲ့ ဟုတ်တာပေါ့ ။ ဒီကောင်မလေး ကို ငွေ ချေးလိုက်စဉ် က ပြောခဲ့သည့် စကားများ ကို ပြန် သတိရလာမိ၏ ။
“ တို့မလဲ အပို ရှိတာ မဟုတ်ဘူး ခင်ဝင်း ရဲ့ ၊ ကျား ကြီး တော့ ခြေရာ ကြီး ဆိုသလိုပေါ့ ”
စိတ်ပျက် အားလျော့သွားသည့် ခင်ဝင်း မျက်နှာ ကို ပြန် မြင်လာ၏ ။ သူ့ခမျာ သူ့ ယောက်ျား အတွက် ငွေ ချက်ချင်း ရ မှ ဖြစ်မည့် အရေးပေါ် ဒုက္ခသည် ။ သူ့ ယောက်ျား က သမဝါယမ အရောင်းဆိုင် မှာ အရောင်းဈေးသည် ။ လချုပ်စာရင်း တွက် သောအခါ သူ့ နေရာမှ ငွေသုံးရာ ကွာ နေသည် ။ သည်တော့ အားကိုးမြဲ ဖြစ်သော ငြိမ်းသာ တို့ ဆီ ခင်ဝင်း ပြေး ချလာ၏ ။ အခါတိုင်းလို တစ်ဆယ် ၊ ဆယ့်ငါးကျပ် ဆိုပါက ငြိမ်းသာ လွယ် လွယ်ကူကူ ချေး လိုက်မိပေမည် ။ ရာ နှင့် ချီ ၍ တော့ လက်လွတ်စပယ် မချေးလိုက်ချင် ။ အကယ်၍ ခင်ဝင်း တို့ ပြန် မဆပ်နိုင်ပါက ကိုယ် က လည်း အဆုံး မခံနိုင် ။
“ ဒီလို လုပ်လေ ၊ တို့ အဒေါ် တစ်ယောက် ဆီ က ယူ ပေးမယ် ၊ အတိုး တော့ မှန်မှန် ပေးရလိမ့်မယ် နော် ”
ထိုအခါမှ ခင်ဝင်း မျက်နှာကလေး လင်းသွားကာ ။
“ အမယ်လေး ၊ စိတ်ချပါ မမငြိမ်း ရယ် ၊ ခင်ဝင်း ကတိပေး ပါတယ် ၊ ရအောင်သာ ယူပေးပါနော် ”
သည်လိုနှင့် ကိုယ့် အိတ်ထဲက ငွေ ကို ပဲ အဒေါ့် ငွေ အဖြစ် ခင်ဝင်း ကို ချေးခဲ့သည် မှာ ယခု လ ဆိုလျှင် တစ်ဆယ့်တစ်လ မြောက်ခဲ့ပြီ ။ လစဉ် အတိုး ကို အချိန်မှန် လာ ပေးနေမြဲ ဖြစ် သော်လည်း အရင်း သုံးရာ ကို မူ တစ်ပြားတစ်ချပ် မျှ ဖဲ့ မဆပ်နိုင်သေး ။
“ မမငြိမ်း ကြမ်း တိုက်ပေးရဦးမလား ဟင် ၊ အဝတ်တွေ လျှော် စရာ ရှိရင်လဲ ခင်ဝင်း လျှော်ပေးခဲ့မယ် ”
ခင်ဝင်း အသံ က ငြိမ်းသာ ကို အတိတ် ဖြစ်ရပ် ထဲ မှ ဆွဲထုတ် ခေါ်လိုက်၏ ။
ထိုသို့ ခင်ဝင်း က ကျေးဇူး သိတတ်ကြကြောင်း ပြလေလေ ငြိမ်းသာ မှာ ရှက်ရလေလေ ။
သို့သော်လည်း
အတိုး အဖြစ် ရသော ကျပ်တန် အနွမ်းကလေးများ ကို မူ ပြန် မပေးလိုက်ဖြစ်ပါ ။
••• ••• ••• •••
မြို့နယ်အသင်း အစည်းအဝေး မို့ မိတ်ဟောင်းဆွေဟောင်းများ သာမက ဇာတိမြေ မှ ရပ်ဆွေရပ်မျိုး အတော်များများ ကို ပြန်တွေ့ရသည် ။
ထုံးစံအတိုင်း ရင်းနှီးစွာ ပြောကြဆိုကြရင်း သင်းလုံးကျွတ် အစည်းအဝေးကြီး နှင့် ပူးတွဲကျင်းပမည့် ပညာရည်ချွန်ဆုပေးပွဲ အတွက် ဆွေးနွေးတိုင်ပင်ကြသည် ။
ဆု အတွက် အချို့က ငါးရာ ၊ တစ်ထောင် စသည်ဖြင့် ထည့် ဝင်လှူဒါန်းကြသလို အချို့က ငါးကျပ်တစ်ဆယ် စသည်ဖြင့် ဖြည့် တင်းကြသည် ။ စေတနာရှင် နှစ်ဦး က ပထမဆု နှင့် ဒုတိယဆု အတွက် ရွှေတံဆိပ် တာဝန် ယူသည် ဟု ကြေညာတော့ လက်ခုပ် သံ ညံ သွား၏ ။ မိသားစု စိတ်ဓာတ် ဖြင့် အားလုံး ဝိုင်းဝန်း ထူမ ပေးလိုက်သဖြင့် ပညာရည်ချွန်ဆုနှင်းပွဲ အတွက် လိုအပ်သည့် ရန်ပုံငွေ မှာ ထင် သည် ထက် ပို ရသွား၏ ။ နာယက လူကြီးမင်းများ ကျေနပ်စွာ ဂုဏ်ယူစွာ ပြုံးနေကြလေပြီ ။
“ ငါးဘာသာဆုရှင် ကို နာယကကြီး တစ်ဦးဖြစ် တဲ့ .. ”
အခမ်းအနားမှူး ဖြစ်သူ က ပွဲကြီးနေ့ အတွက် အစီအစဉ် များကို တိုင်ပင် ရေးဆွဲ၍ အပြီးတွင် ပညာရည်ချွန်ဆု ရသည့် ကလေးများ ကို ဆုချီးမြှင့် ပေးရန် တင်ပြ အစီရင်ခံသည် ။
ကောလိပ်ကျောင်းများ မှ ပညာထူးချွန်သူများ အပါအဝင် ၊ စုစုပေါင်း ဆုရရှိမည့် ကလေး တစ်ဆယ့်ကိုးဦး ။ ထို့ကြောင့် ဆုချီးမြှင့် ပေးရမည့် ပုဂ္ဂိုလ် ကလည်း မနည်းလှ ။
“ တို့မြို့နယ် က ချွန်တယ်ဟေ့ ၊ ဒီလိုမှ ပေါ့ ”
ကိုယ် မြို့ ကိုယ် ဂုဏ်ယူ မဆုံး ပြောလိုက်သည့် အသံ တစ်သံ ကြားလိုက်ရ၏ ။ အားလုံး ပြုံးသွားသည် ။
ငြိမ်းသာ ကတော့ စိတ် ထဲ တွင် မကြည်မသာ နှင့် ။ မကြည် မသာ ဆိုသည်ထက် မကျေမနပ် ဖြစ်နေသည် ဟု ဆို က ပို မှန်ပေ လိမ့်မည် ။ ဟုတ်သည်လေ ။ တကယ်ဆို ကိုယ် လည်း အရေးပါ အရာရောက်သည့် အသင်းဝင် တစ်ယောက် ။ အသင်း ဂုဏ်သရေ ကို အစဉ် ဆောင်နေသည့် လူ တစ်ယောက်ပင် မဟုတ်ပါလား ။ ခုတော့ ကိုယ့် လို လူ ကို ကျော်ပြီး မနေ့ တစ်နေ့ က မှ အသင်းဝင် ဖြစ်လာသည့် လူတချို့ ကို နေရာ ပေးတယ်လေ ။ အချိုး မကျလိုက် တာ ။ ဒီလောက်မှ မစဉ်းစားတတ်ကြဘူးလား ။
တစ်ယောက်တည်း ကျိတ်၍ ဝေဖန်နေမိ၏ ။
လူ နည်းနည်း ရှင်းသွားလျှင် သွားချင်း နာယကကြီး တစ်ဦး ထံ မကျေနပ်ချက် ကို ဖွင့်အန် ပြလိုက်မိ၏ ။
“ တကယ်ဆို ဦး ရယ် ၊ ငြိမ်းသာ ဟာ အသင်း ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း ကို ဘယ်လောက် လုပ်ပေးခဲ့သလဲ ၊ ပြီး အလှူငွေ ထည့်စရာ ရှိရင်လဲ အမြဲ ရာချီ ထည့် တာပါ ၊ သူများလို ငါးကျပ် တစ်ဆယ် ထည့်တဲ့ လူ လဲ မဟုတ် ၊ ခု ဆုပေးဖို့ ကျတော့ ကျွန်မ ကို သတိ မရကြဘူး ”
နာယကကြီး က ငြိမ်းသာ ကို ပြုံး၍ ကြည့်နေခဲ့သည် ။
“ အေးကွယ် ၊ ဦးလေးတို့ ပြန် ညှိ လိုက်ဦးမယ်လေ ”
“ ဒါများ ညှိနေစရာ လိုသေးလား ဦး ၊ ဦး လဲ အားလုံး သိပြီးသားပဲ ဟာ ”
ထိုကဲ့သို့သော နည်းဖြင့် ဆုနှင်းပွဲ နေ့ တွင် ဇာပဝါရှည်ကြီး စုံချ၍ စင်မြင့်ပေါ် တက် နိုင်ခဲ့ပါ၏ ။ ဆုရသူ ကလေးများ နှင့် စုပေါင်း ဓာတ်ပုံ ရိုက်သည့် အခါတွင်လည်း ရှေ့တန်းကုလားထိုင် တွင် ခန့်ခန့်ကြီး ထိုင် ရသည့် အခွင့်အရေး ကိုလည်း အရ ယူခဲ့မိ ပါ၏ ။
နာယကကြီး က ငြိမ်းသာ ကို ကြည့်၍ ပြုံးပြုံး ကြီး ၊ သူ့ အပြုံး ၏ အဓိပ္ပာယ် ကို ထိုစဉ်က အလေးအနက် မတွေး တတ်ခဲ့ ။
ယခု ပြန် တွေးကြည့်မိမှ အသေအချာ ဆင်ခြင်မိတော့မှ ငြိမ်းသာ ရှက်ရကောင်းမှန်း သိ လာပါ၏ ။
••• ••• ••• •••
ရန်ကုန်မြို့က ဘတ်စ်ကားတွေ သိပ်လူကျပ်တာ ပဲ ဟု ပြောလျှင် ဒါဆန်းသလား ဟု ပြန်မေးချင်ကြလိမ့်မည် ထင်ပါ၏ ။
ငြိမ်းသာ က မူ ထို မဆန်းသော အကြောင်းတစ်ခု ကို အရင်းခံ ၍ ဖြစ်ရပ် တစ်ခု ကို ကြုံ ခဲ့ရပါ၏ ။
ဘတ်စ်ကား လူ ကျပ်လွန်းသော အချိန် သည် မနက်ပိုင်း ရုံးတက် ချိန်နှင့် ညနေပိုင်း ရုံးဆင်းချိန် တို့ ဖြစ်ပါသည် ။ ထိုအချိန်များ တွင် ကား ပေါ် ၌ မတ်တတ်ရပ် စီး ရသည်မှာပင် သက်တောင့် သက်သာ မဟုတ် ။ ငါးပိသိပ် ၊ ငါးချဉ်သိပ် ကျပ်ကျပ်ညပ်ညပ် ။ အသက် ရှူ ရသည် မှာ ပင် ခက်ခက် ခဲခဲ ၊ တစ်ဦး ၏ ကိုယ် နံ့ တစ်ဦး မှာ လွှမ်းပတ်လျက် ။
ဤအဖြစ် မှာ မနက်ပိုင်း ရုံးတက်ချိန် ဆိုလျှင် သည်းခံနိုင်ဖွယ်ရာ ရှိသေးသည် ။ မနက် ဆို တော့ ရေမိုးချိုး သန့်စင်ပြီး သား ။ အမျိုးသမီးတွေ ဆိုလျှင် သနပ်ခါးလိမ်း ပေါင်ဒါ တင် ရုံမျှသာ မ က ပန်း ကို ပင် ပန်ဆင် ထားတတ်ကြသဖြင့် သင်းသင်းပျံ့ပျံ ရနံ့ ကလေးတွေ လေသွေးရာ ကြူကြူမွှေးလို့ ။
ညနေ ရုံးဆင်းချိန် ကျတော့ တကယ့် ကို အပုပ်ချိန် တစ်နေ ကုန် လုပ်ငန်းခွင် ဝင် ထားကြရသဖြင့် ပင်ပန်း နွမ်းနယ်ကာ ပေါင်ဒါ သနပ်ခါးလည်း ပြယ်နေပြီ မ က ချွေးတွေ သံတွေ နှင့် ။ ဆေးလိပ်နံ့ ၊ အရက်နံ့ လည်း လှိုင်လှိုင် ၊ အနံ့ အသက် ကိုက မကောင်း ။
ထို့ကြောင့် မြို့ ထဲ သို့ ငြိမ်းသာ ထွက်စရာ ရှိလျှင် မနက်ပိုင်း တွင် ထွက်ပြီး ညနေ ရုံးဆင်းချိန် မတိုင်မီ ခြေကုန်သုတ် ပြေး ပြန်လေ့ရှိသည် ။
လဆန်းရက် တစ်ရက် ။
မနက်စောစော အိမ် က ထွက်မည်ဟု စိတ်ကူးခဲ့သော်လည်း မထွက် ဖြစ် ။ မွန်းလွဲပြီးမှ ထွက်ဖြစ်၏ ။ သွားလာဝယ်ခြမ်း ပြီးစီး၍ အိမ်ပြန်ရန် ကားဂိတ်ရောက်တော့ ငါးနာရီ ထိုး လုပြီ ။
ထုံးစံအတိုင်း လူတွေ ပြွတ်သိပ်နေသည့် ကားပေါ် တွင် အနံ့ ပေါင်းစုံ ကို နှာခေါင်းရှုံ့ရင်း လိုက်ပါခဲ့ရ၏ ။ ကံကောင်း ထောက်မလွန်းသဖြင့် နှစ်မှတ်တိုင်မျှသာ မတ်တတ်ရပ် စီးခဲ့ရ၏ ။ ထိုင်စရာ ရ၍ ထိုင် စီးခဲ့သော်လည်း တစ်ယောက် ဆင်း တစ်ယောက် တက် မဟုတ်မူဘဲ တစ်ယောက် ဆင်း သုံးလေးယောက် တက် ဖြစ်နေသဖြင့် ကား ထဲ တွင် ပို၍ ပို၍သာ ကျပ် လာ၏ ။ အသက် ရှူ ပင် မဝသလိုလို ။ အားရပါးရ ရိုက်၍ ရှူ သွင်းလိုက် သော အခါတွင်လည်း ချဉ်စုတ်စုတ် အနံ့ကြီး ကို ရနေ သလိုလို ။ သည် တစ်နေ့လယ် လုံး နေပူကြီး ထဲ ဟိုဝင် သည်ထွက် ခရီး ဆက်ခဲ့ရသည် မဟုတ်ပါလား ။
အရေးထဲ ငြိမ်းသာ ထိုင် နေသည့် ရှေ့ဆုံး ခုံတန်းဘေးနား ရှိ သားအမိတွေ က တကျည်ကျည် ။ ခါးထစ်ခွင် ချီထားသည့် တစ်နှစ်သားကလေး က အာခေါင်ခြစ် ၍ အော် ငိုသလို ခုံတန်း သံကိုင်း လက်ကိုင် ကို မမီ တမီ လှမ်းကိုင်ရင်း လူကြီးတွေ ကြား ထဲ ညပ်နေသည့် လေးနှစ်သမီးကလေး က လည်း တရှုပ်ရှုပ် ။
“ တိတ်စမ်းဆို ဟယ် ၊ နင် တို့ အဖေ သေလို့လား ဟဲ့ ”
အလွန် စိတ် တိုတတ်ပုံ ရသည့် ကလေးအမေ က သမီး က ကို ဒေါက်ကနဲ ခေါက်ပစ်လိုက်၏ ။
“ မလုပ်ပါနဲ့ ကောင်မလေး ရယ် ကလေး သနားပါတယ် ”
အဒေါ်ကြီး တစ်ယောက် က လှမ်း ဟန့် လိုက် သည့် တိုင် ကလေးအမေ က တဗျစ်တောက်တောက် ဆက် ငြူစူနေ၏ ။
ငြိမ်းသာ လည်း နား မချမ်းသာ ၊ မော့ ၍ အကဲခတ်လိုက် မိ၏ ။ ကောင်မလေး ရှိလှမှ နှစ်ဆယ်ကျော် အစိတ် ။ သို့သော် နားထင်နားရင်းတွေ ကျ လျက် မျက်တွင်းချောင်ကလေး နှင့် မျက်နှာကလည်း အဆီပြန် ပြောင်လက်လို့ ။ ဆံပင် နီကြင်ကြင် က လည်း မသပ်မရပ် ဖွာဆန်ကြဲလို့ ။ အဝတ်အစားတွေ ကလည်း ဟောင်းနွမ်းသည် ကို ထားဦး ၊ ညစ်ပတ်နံစော်နေသည် က ဆိုးလှသည် ။
အင်း စောစော က ရ လိုက်တဲ့ ညှီစို့စို့ ချဉ်စုတ်စုတ် အနံ့ က သူ့ ဆီ က နေမှာ ။ ငြိမ်းသာ ခေါင်း ကို သူ နှင့် ဆန့်ကျင် ဘက်သို့ လှည့်လိုက်မိ၏ ။
ခေါင်းလှည့်ရာ ဘက် ရှိ လူနှစ်ယောက် တွင် သပ်သပ်ရပ်ရပ် ဝတ်စားထားသည့် ငြိမ်းသာ နှင့် သက်တူ ရွယ်တူ ခန့် အမျိုးသမီး တစ်ယောက် ကို သတိ သွား ထားလိုက်မိ၏ ။ အောင်မယ် သူ ဝတ်ထားတဲ့ စိန်လက်စွပ် ပုံ ကလေးက အဆန်း ။ စိတ် ဝင်စား သွား၏ ။
ထို ခဏ မှာပင် ငြိမ်းသာ ဘေးရှိ လူရွယ် က မှတ်တိုင်တွင် ဆင်းရန် ဟန် ပြင်လိုက်၏ ။ သည်မှာတင် ငြိမ်းသာ လုပ်ရပ်တစ်ခု ကို လှစ် ကနဲ ပြုလိုက်မိ၏ ။ ဘေး နား က ကလေးအမေ မသိခင် ထို အမျိုးသမီး ကို ခေါက်ထီးဖြင့် လှမ်း တို့ ခေါ် ကာ ဘေးတွင် လာ ထိုင်ရန် အချက် ပြလိုက်၏ အမျိုးသမီး က လျင် သည် ။ ဖြတ် ဆို ချက်ချင်း ရောက်လာ၏ ။ “ မှတ်တိုင်ပါတယ် ” ဟု လူရွယ် က အော် သောအခါ ကလေးအမေ က မျှော်လင့်ချက်ကြီး ဖြင့် နေရာ လွတ် ကို ချာကနဲ လှည့် ကြည့်၏ ။ နောက်ကျသွားပြီ ။ စိန်လက်စွပ် နှင့် အမျိုးသမီး ဝင် ထိုင်လိုက်ပြီးပြီ ။ အင်း တော်ပါ သေးရဲ့ ၊ မဟုတ်လျှင် ညစ်ပတ်နံစော်နေတဲ့ သူတို့ သားအမိ တွေ နဲ့ ပူးကပ် ထိုင်နေရဦးမှာ ။
••• ••• ••• •••
ကိုယ့် လုပ်ရပ် ကို ကိုယ် တစ်ခါမျှ အလေး အနက် တွေးမကြည့်ခဲ့ ။ ထိုသို့ မလုပ်ထိုက် မလုပ်သင့် ဟု ယောင် ၍ ပင် မထင်မိခဲ့ ။
တစ်နေ့ က တစ်ရပ်ကွက် တည်း အတူနေ အငြိမ်းစား အရာရှိကြီး တစ်ယောက် ၏ စကား ကို ကြားလိုက်မှ အလိုလို ဆင်ခြင်လာမိခြင်း ဖြစ်ပါ၏ ။
“ တူမကြီး ငြိမ်းသာ တို့ ကတော့ တကယ့် ကို စိတ်ကောင်း စေတနာကောင်း ရှိတာပဲကွယ် ၊ လူမှုရေး လဲ အင်မတန် နားလည်တယ် ၊ ကူညီချင်စိတ် လဲ သိပ် ရှိတာပဲ ၊ လူငယ်တွေ ဖြစ်ပြီး အဲဒီလို စိတ်ထားကောင်းရင် အကျိုးဆက်ပေးပြီး ကြီးပွားဦးမှာ ” တဲ့ ။
သူ က အားရပါးရ ချီးမွမ်းလေလေ ၊ ငြိမ်းသာ အနေ ကျုံ့လေလေ ။ သူ ကတော့ ကထိန်ပွဲ တွင် သင်္ကန်းသုံးစုံ လှူတာ ၊ သူတို့ ကား ပျက်နေသဖြင့် ငြိမ်းသာ တို့ ကားဖြင့် သူတို့ မြေးကလေး များ ကျောင်း သို့ ကားကြုံ ပို့ ပေးတာ လောက်သာ သိရှာသည် ကိုး ။
“ တူမကြီး ရဲ့ ဒေါ်ဒေါ် က ဆို အိမ် က သမီး ကို တူမကြီး နမူနာ ယူဖို့ ခဏခဏ ပြော နေတာ တူမကြီး လို မဟုတ်ဘူး ၊ သမီး က အလှူအတန်း သိပ်မလုပ် ဘူးကွယ့် ”
သည်မှာတင် ငြိမ်းသာ ကိုယ့် ကိုယ် ကို ပြန် ကြည့်မိခြင်း ဖြစ်ပါ၏ ။
“ ဘယ့်နှယ်လဲ ရှင်ငြိမ်းသာ ဘေးလူတွေ အမြင် မှာတော့ တကယ့် စံပြ စိတ်ထား ကောင်းသူကြီး ပေါ့ ဟုတ်လား ၊ ကိုယ့် ရင် ထဲ က တကယ့် အတွင်း စိတ် ကို ပြန်ကြည့်စမ်းပါ ။ မူ မှန်ရဲ့လား ၊ ဖြူစင်ရဲ့ လား ၊ သန့်ရှင်းရဲ့ လား ၊ ဘယ်သူ သိသိ မသိသိ ၊ ကိုယ့် ကိုယ် ကိုယ် သိတယ်နော် ။ ကိုယ့် ကိုယ် ကိုယ် ဘယ်လို မိန်းမ လဲ ဆိုတာ တွေ့ပြီ မဟုတ်လား ”
မေးခွန်းတွေ အများကြီး မေးမိသည် ။ သို့သော် အဖြေ များ မရမီ ငြိမ်းသာ ရှက် လာမိသည် ။ ဪ တကယ်ဆန်းစစ်လိုက်တော့ ရှက်ရပေါင်း များလှပါပြီ ကော ။
••• ••• ••• •••
ယခု အချိန်လောက် ဆိုရင်ဖြင့် ငြိမ်းသာ ၏ နာမည် သည် သိကြားမင်း ၏ မည်သည့် ပုရပိုက် ထဲ ပါလေမည်နည်း ။စဉ်းစားနေစရာ ပင် မလိုတော့ပါ ။
“ အလို ဘုရား ဘုရား ”
◾ကြူကြူသင်း
📖 မြဝတီမဂ္ဂဇင်း
၁၉၈၅ ခု ၊ ဇူလိုင်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment