Friday, April 15, 2022

လူရှုပ်ကြီး နှင့် မြို့မ


 

   ❝ လူရှုပ်ကြီး နှင့် မြို့မ ❞

ကံချွန့် မိတ်တွေ သတင်းထောက်ကြီး ဦးလူရှုပ် တစ်ယောက် ကံချွန် ဆီ ရောက်လာပြန်ပါပြီ ။ ကံချွန် ကို တွေ့သည်နှင့် ...

“ စာရေးဆရာ တို့ ၊ ကာတွန်းဆရာ တို့ ၊ ပန်းချီဆရာ တို့ ၊ ကဗျာဆရာ တို့ ရဲ့ နေရာမှန် ဟာ မြို့သစ် ပဲ ကွ ၊ မြို့သစ် မှာ လာ စုမိကြတာပဲ ။ ငါ့ သမီး က ခု မြို့သစ် မှာ ပြောင်း လာပြီလေ ။ ငါ က မှီခိုသူ ဆိုတော့ ကပ် ပါလာရတာပေါ့ ”

“ ဗျာ ... ”

“ မဗျာနဲ့ ၊ နောက်ဆို မင်း နဲ့ ငါ မကြာခဏ တွေ့ရတော့မှာ ”

“ ဒုက္ခပဲ ... ”

“ ဘာ ဒုက္ခလဲ ။ မင်းတို့ညက လက်ဆောင်ပစ္စည်းလေး ပေးပြိး စားကောင်းသောက်ဖွယ် နဲ့ အရေး ခိုင်းတာလောက်ပဲ ရေးချင်နေပြီလား ။ ဟေ့ကောင် ကံချွန် စာနယ်ဇင်းသမား ဆို တာ ရေးချင်တာ ထက် ရေးသင့်တာ ကို ရေး ရတယ်ကွ ”

“ ဒါကြောင့် ခင်ဗျား မကြီးပွါးတာ ”

“ မကြီးပွါးပေမယ့် လူတွေက ချစ်တယ်လေ ။ ငါ က မင်း ကို လူတွေ ချစ် တဲ့ ကလောင် ဖြစ်စေချင်တာ ”

“ မချစ် ၊ မမုန်းလေး နေပါစေလား ဗျာ ”

“ မချစ် ၊ မမုန်းလေး နေချင်ရင် စာနယ်ဇင်းသမား မလုပ်နဲ့ ကွ ။ ပွဲစားလေး ဘာလေး လုပ် ။ စာနယ်ဇင်းသမား ဆိုတာ ချစ်သူ လည်း ရှိ မှာပဲ ။ မုန်းသူ လည်း ရှိ မှာပဲ ။ ကိုယ့် ချစ်တဲ့ လူတွေ ဟာ လူမှန် ဖြစ်ဖို့ ပဲ လိုပါတယ် ”
       
“ ခင်ဗျား တရား ဟောဖို့ လာတာလား ”
       
“ အင်တာဗျူး ရအောင် လာတာ ”
        
“ ခင်ဗျား နဲ့ မဗျူးချင်တော့ဘူး ”
       
“ မဗျူးချင် လို့ မရဘူး ။ ဗျူးရမယ် ။ ငါ ဗျူးစေချင်တာ က မန္တလေး မြို့မကြီး နဲ့ ဆိုင်တယ် ။ ပြီးတော့ တို့ အမျိုးသား ဂီတကိစ္စ ”
      
“ မမေးချင်လို့ မရဘူးလား ”
      
“ မရဘူး ၊ ငါ မြို့မအကြောင်း ပြောချင်လို့ ”
      
“ ကဲ ... ဒါဖြင့်လည်း ပြောဗျာ ။ မြို့မ ကို ဘယ်သူတွေ က ဖွဲ့စည်းခဲ့တာလဲ ”
        
“ ဦးသန့် ၊ ဆရာငြိမ်း ၊ ဦးရင်လေး ၊ ဦးတော်လုံ တို့ ဦးဆောင် ဖွဲ့စည်းခဲ့တာပေါ့ကွာ ။ သေသေချာချာ နားထောင်နော် ။ အရေးကြီးတဲ့ စကား ပြောမှာ ။ မြို့မအသင်းကြီး ထူထောင်တော့မယ့် အချိန် မှာ ဆရာငြိမ်း ဟာ ဆရာငြိမ်း ပဲ ။ ဆရာငြိမ်း အပါအဝင် ဂီတမြတ်နိုးသူတွေ စုပြီး ထူထောင်လိုက်လို့ မြို့မ ဆိုတဲ့ ဂီတအဖွဲ့ကြီး ဖြစ်ပေါ်လာတယ် ။ ဂီတမြတ်နိုးသူများ စုပေါင်း ထူထောင်ခဲ့တဲ့ မြို့မ အဖွဲ့ကြီး ကြောင့် “ မြို့မငြိမ်း ” ဆိုတာ ဖြစ်လာခဲ့တာပါ ။ ရှင်းတယ်နော် ။ မြို့မငြိမ်း ရဲ့ မြို့မ မဟုတ်ဘူး ။  မြို့မ ရဲ့ မြို့မငြိမ်း ပဲ ”
        
“ ဦးလေးရှုပ်  ... ”
        
“ နားထောင်ဦး လေ ကွာ ။ မန္တလေး မြို့မိ မြို့ဖ ဂီတမြတ်နိုးသူများ ဟာ သူတို့ ထောင်လို က်တဲ့ မြို့မ အသင်းကြီး ကြောင့် ဆရာငြိမ်း အောင်မြင်သွားတာ ကို ပီတိ ဖြစ်တယ်ကွ ။ ဆရာငြိမ်း ကို လည်း ချစ်ကြတယ် ။ ဆရာငြိမ်း ဟာလည်း မြို့မ အသင်းကြီး ရှိလာတဲ့အတွက်  သူ့ အစွမ်းအစတွေ ဖော်ပြခွင့် ရလာတယ် ။  မြို့မအသင်း ဟာ ဆရာငြိမ်းအတွက် အကောင်းဆုံး အစွမ်း ပြခွင့် ရတဲ့ နေရာ ဖြစ်သွားတယ် ။ မန္တလေး က ဂီတ မြတ်နိုးသူ တွေဟာ မြို့မကြီး ကို ကိုယ့်အသင်း လို သဘော ထားကြတာ ။ မြို့မကြီး ဘာ လိုအပ်မလဲ ။ လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးဖို့ စောင့် ကြည့်နေတာပါ ။ မြို့မကြီး အောင်မြင်နေရင် ဝမ်းသာတယ် ။ မြို့မကြီး အဆင်မပြေမှာ စိုးရိမ်တယ် ။ အဲဒါ မင်းယုံရဲ့လား ”
        
“ ဒီမှာ ဦးလေးရှုပ် ။ စာမျက်နှာပေါ် တင်ရမယ် ဆိုရင်တော့ သက်သေပြချက်ကလေး ပါမှ ကောင်းမှာပေါ့ ဗျာ ”
        
“ ကံချွန် မင်း အကြောင်း ငါ သိတယ် ။ ငါ ပြောမယ် ။ ဦးဘိုခင် မြို့မ က နေ ထွက်သွားပြီး မိုးကေသီ ဆိုပြီး ဂီတ အဖွဲ့ ထူထောင်လိုက်ချိန် မှာ မြို့မ မှာ ဦးစီးပေးမယ့် ဂီတမှူး မရှိတော့ဘူး ။ အဲဒီအချိန် မြို့မကိုပေါ ပြန် ဝင်လာတယ် ။ ဦးစီးပြီး ပြန်လုပ်ပေးတယ် ။ ၆၅ ဝန်းကျင် က ဖြစ်မယ်ထင်တယ် ။ အဲဒီအချိန် မှာ မြို့မအဖွဲ့  မှာ စန္ဒရား မရှိဘူး ။ စန္ဒရား လိုအပ်နေတယ် ။ ဒီတော့ မြို့မအတွက် စန္ဒရား ကို ခု ရီမြင့် ရုပ်ရှင် ကိုဇော်မြင့် ရဲ့ ဖခင် ဦးချို က ဝယ် လှူခဲ့တာကွ ။ ကဲ ... မြို့မ ကို မြို့မိ မြို့ဖတွေ က ချစ်တယ် ။ ဂီတမြတ်နိုးသူတိုင်း က သံယောဇဉ် ရှိတယ် ဆိုတာ ယုံပြီလား ။ အများကြီး ထဲ က တစ်ခုပြောပြတာ ”
       
“ ခု တီးနေတဲ့ စန္ဒရားလား ”
        
“ ခု တီးလား မတီးလားတော့ ငါ မသိဘူး ။ ငါ မင်း ကို ပြောပြချင်တာက မြို့မ အဖွဲ့ အကြောင်း ၊ စန္ဒရား အကြောင်း မဟုတ်ဘူး ”
        
“ ဟုတ်ပါပြီ ၊ ဟုတ်ပါပြီ  ဆက်ပါဦး ”
        
“ ငါတို့ ဂီတမြတ်နိုးသူတွေ အနေနဲ့ ကတော့ မြို့မကြီး ကို ရုပ်ဝတ္ထုပိုင်း ခိုင်မာတာလည်း မြင်ချင်တယ်ကွာ ။ အရည်အသွေးပိုင်း တိုးတက်တာလည်း ကြားချင်တယ်ကွာ ။ ဖြစ်စေချင်တဲ့ နှစ်မျိုး ကို တစ်မျိုးချင်း ခွဲ ပြောမယ် ။ အရည်အသွေးပိုင်း ကွာ ။ မြို့မကြီး ကို အကြောင်းပြုပြီး  ဦးဘသိန်း ၊ ဦးဘိုခင် ၊ ဦးပေါ စတဲ့ စတဲ့ သီချင်းရေးဆရာတွေ ဟာ နှစ်ဆယ်ရာစု မှာ စံပြုတဲ့ အထဲ ပါရမယ် ။ သီချင်းတွေ အများကြီး ဖန်တီးခဲ့ပြီကွာ ။ ခု လာတော့မယ့် နှစ်ဆယ့်တစ်ရာစု ရာစုကြီး တစ်ခု ပြောင်း သွားတဲ့ အခါမှာရော တို့ မြို့မဟာ နှစ်ဆယ်ရာစု က သီချင်းတွေ နဲ့ ပဲ ကျေနပ်နေကြမှာလား ။ မြို့မ ရဲ့ အနုပညာ အမွေတွေ မပျောက်ပျက်အောင် ထိန်းသိမ်း ဖို့ တာဝန် ရှိကြသလို တိုးပွါးအောင် ကြံဆောင် ဖို့လည်း တာဝန် ရှိတယ်လေ ။ နှစ်ဆယ့်တစ်ရာစု ရဲ့ ဂန္ထဝင်တေး စာရင်း ထဲ မှာ မြို့မရဲ့ တေးသစ် တွေ ပါစေချင်တယ် ”
        
“ အဲဒီတော့ .... ”
         
“ ငါ စ ပြောခဲ့တဲ့ စကား ပြန် ကောက်ရမှာပေါ့ ကွာ ။ မြို့မ ကို ဖွဲ့စည်းခဲ့တာဟာ ဂီတမြတ်နိုးသူတွေ စုပြီး ဖွဲ့စည်းခဲ့တာပဲ ။ ခု မြို့မ ရဲ့ နှစ်ဆယ့်တစ်ရာစု အတွက် ဂန္ထဝင်တေးတွေ ဖန်တီးနိုင်ဖို့လည်း ဂီတမြတ်နိုးသူ ၊ ကျွမ်းကျင်သူ တိုင်း က စိတ်ဝင်စားရမှာ ။ မြို့မ ဆိုတာ ဂီတမြတ်နိုးသူတွေ စု ထူထောင်ခဲ့တဲ့ အဖွဲ့အစည်း ပဲ ။ မြို့မကြီး ကသာ ဖိတ်ခေါ် .... ”
        
“ အဲ ... အဲ ... ”
        
“ ဘာ ပြောချင်လို့လဲ ”
        
“ အင်း ....   တော်ပါပြီဗျာ ”
       
“ ထားတော့ ။ ရုပ်ပိုင်း တိုးတက်ဖို့ မြို့မ ဆိုတာ မန္တလေး မှာ နှစ်ပတ်လည်  ပွဲ မပြတ်တဲ့ အသင်း ပါ ။ တစ်ပွဲ ဘယ်လောက်ယူတယ် ။ အသင်းသားတွေ ပေးရတာ ဘယ်လောက် ရှိတယ် ။ တစ်ပွဲ တီးတိုင်း အသင်း အတွက် ဘယ်လောက် ကျန်တယ် ။ တစ်နှစ် ပွဲပေါင်း ဘယ်လောက် ရှိတယ် ဆိုတဲ့ မြို့မ ရဲ့ ငွေစာရင်းရှင်းတမ်း သာ ရိုက်ပြီး မြို့မိ မြို့ဖတွေ ကို ဝေလိုက် ။ အသင်းပိုင် ငွေ ရှိတာ နဲ့ အသင်း အတွက် လိုအပ်လို့ ထူထောင်ချင်တာ နဲ့ ငွေ လိုနေရင် မြို့မိ မြို့ဖ တွေ က ဖြည့်ပေးကြမှာပါ ။ ဒီစ ကား မယုံမှာစိုးလို့ ဦးချို က စန္ဒရားကြီး ဝယ် ပေးခဲ့ဖူးတာ ကို ငါ ထည့် ပြောခဲ့တာ ။ ရုပ်ပိုင်း ဆိုင်ရာတွေ တိုးတက်ဖို့ အတွက်ကတော့ စည်းကမ်းရှိရှိ လုပ်နေတယ် ဆိုတာ အများ သိအောင် ပြ နိုင်ရင် အများ ရဲ့ ကူညီမှုလည်း ရမှာပဲ ။ အခု စည်းကမ်း မရှိဘူးလို့ ငါ မပြောဘူးနော် ။ စည်းကမ်းရှိရှိ လုပ်နေတာကို အများ သိအောင် ပြဖို့ပဲ အကြံပြုတာ ”
        
“ အင်း ....  အဲ .... ”
        
“ ဟေ့ကောင် ကံချွန် ။ ဒါဟာ မြန်မာ့ဂီတ ကို ဂုဏ်ဆောင်ခဲ့တဲ့ ဂီတအဖွဲ့ကြီး တစ်ခု ဖြစ်လို့ တိုးတက်ပြီး တည်တံ့စေချင် တဲ့ စေတနာ နဲ့ ပြောတာ နော် ။ အများ နဲ့ ဆိုင်တယ် လို့ ခံယူထား လို့ မြို့မ ဆိုတာ မြန်မာ့ဂီတ ရဲ့ အစိတ်အပိုင်း တစ်ခု လို့ ခံယူထား လို့ ”
        
( ကံချွန် တော်တော်စိတ် ညစ်ပါသည် ။ ဘယ်လို လူကြီး မှန်း လည်း မသိ ။ မြို့သစ် မှာ နေပြီး စာ ရေးနေမည့် အစား ကုမ္ပဏီများ ၊ ကုန်တိုက်များ ၊ လုပ်ငန်းကြီးများ ထွန်းကားစည်ပင်ရာ မြို့ကြီးပြကြီး တက် ၍ ဖိတ်စာလုရင်း စာ ရေးရသော် ပို၍ ပျော်စရာ ကောင်းလေမလား ဟု တွေးရင်း ...  )

ရေးမယ်ဗျာ ။ မြို့မကြီး တောင့်တင်းအားကောင်းဖို့ ။
        
အမျိုးသား ဂီတရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ဆက်လက်တာဝန်ကျေဖို့ ။
        
ပြီးတော့ ...  ။

မန္တလေးသူ ၊ မန္တလေးသားများလည်း ဂုဏ်ယူနိုင်ဖို့ ။

◾ကံချွန်

📖 အလင်းတန်း ဂျာနယ်
      ၁၈ - ၅ - ၉၉

www.facebook.com/aung.naingoo.3726613

.  

No comments:

Post a Comment