Saturday, April 16, 2022

ထမင်းတွေပုံ ဟင်းတွေပုံ


 

❝ ထမင်းတွေပုံ ဟင်းတွေပုံ ❞

ဒီနေ့ မှာ ပဲ အချိန်တွေ ရယ် ကုန်ခဲလိုက်ပါဘိတော့ ။ ညနေ လေးနာရီ ကလည်း ထိုး ခဲ လိုက်ပါဘိတော့ ။

သံစုံအောင် မြည်နေတဲ့ ဗိုက် ပိန်ချပ်လေး ကို ခဏခဏ ပွတ်သပ် ငုံ့ကြည့်ရင်း “ ရေပေါ ” မျှော်လင့် စောင့်စားနေရတာ ကြာ လှပါပကော ။ မနက်ကတည်း က ဆန်တစ်ဆုပ် ပြုတ် ရေကျဲကျဲ ကို သားအဖ နှစ်ယောက် ဝေမျှ သောက်ပြီး တဲ့ မနက် ကိုးနာရီ လောက်ကတည်း က ရေပေါ စောင့် နေရတာ ။ ဘယ်သူ့ ကို ရမလဲ ၊ ထမင်း လေ ထမင်း ၊ ထမင်း ။ ရေပေါတို့ မြန်မာပြည်သား တိုင်း မစားရ မနေနိုင် တဲ့ ထမင်း ပေါ့ ။

ရေပေါ ကျောင်း က မထွက်ခင် လေးတန်း မှာ တုန်း က ဆရာ က သင်တယ် ။ ထမင်း အသက် ခုနှစ် ရက် ၊ ရေ အသက် တစ်မနက် တဲ့ ။ ဟင့်အင်း ထမင်း မက်တဲ့ ရေပေါ ကတော့ အဲဒီ အဆို ကို ပြင်ချင်တယ် ။ “ ထမင်း အသက် တစ် မနက် ၊ ရေ အသက် ခုနှစ်ရက် ” လို့ ပဲ ။ ငယ်ငယ် ကတည်း က ထမင်း တစ်ခု တည်း ကို ပဲ အားပြု ကြီးပြင်းလာခဲ့ရလို့လား မသိဘူး ။ ရေပေါ ထမင်း ကို မက် တယ် ။ ဆန် နီ သည် ဖြစ်စေ ၊ ဝါ သည် ဖြစ်စေ ၊ ဟင်း ပါ သည် ဖြစ်စေ ၊ မပါ သည် ဖြစ်စေ ၊ ထမင်း ကို စား လိုက်ရမှ တင်းတိမ်တယ် ။ ရေပေါ စိတ်ထင်လေ ။ ရေ ကိုသာ ခုနှစ်ရက် အငတ် ခံ နိုင်မယ် ။ ထမင်း ကို တော့ တစ်မနက် အငတ် မခံနိုင်ပါဘူးလို့ ၊ ဟားဟား ခုတော့လည်း ငိုချင်စရာ အကောင်းသား ၊ ရေပေါ တို့ သားအဖ ထမင်း မစားရတာ တစ်မနက် မက ၊ တစ်ညနေ မက ၊ ခုနှစ်ရက် တောင် ကျော်ခဲ့ပြီ ။

ရေပေါ တို့ သားအဖ တင် ဘယ် ဟုတ်မလဲ ၊ ခုချိန်မှာတော့ သူသူငါငါ ဆိုတာ ကိုပဲ အလုပ်အကိုင် တွေ က မဖြစ် ၊ ဆန်ဈေး က နှစ်ဆယ် နဲ့ ကန်စွန်းဥ ၊ ပိန်းဥပြုတ် တစ်လှည့် ဘာမှ မပြုတ်တာ တစ်လှည် နဲ့ အသက် ဆက် နေရတဲ့ ရေပေါ တို့ လို လူမျိုးတွေ လည်း ရွာ ထဲ မှာ အပုံ ပေါ့ ။ ရွာ ထဲ မှာ ထမင်း မှန်အောင် စား နိုင်တဲ့ အိမ် က နည်းနည်းရယ် ။ သူတို့တောင် ခုတစ်လော ခေါက်ဆွဲ တစ်လှည့် ချာပါတီ တစ်လှည့် ။ ဒါကြောင့်မို့လို့ ဒီနေ အဖို့ အားလုံးက မျှော်လင့်နေကြပါသည် ဖြစ်နေတာ ။ ရေပေါ တို့ ရွာ မှာ ဒီနေ့ ညနေ လေးနာရီ ဆန်သုံးတင်း ဟင်းချက် ၊ စတုဒီသာ ထမင်း အလှူ ရှိတယ်လေ ။

ထမင်း အလှူရှင် က မန္တလေး က ဒီ ရွာ သား ၊ မန္တလေး ဈေးချို ထဲ မှာ ဆိုင် နှစ်ဆိုင် ၊ သုံးဆိုင် နဲ့ စီးပွားရေး ပြေလည်နေတဲ့ သူ ၊ ပိုက်ဆံ ရှိ တဲ့ ဒီ ရွာ က သူ့ အမျိုးသမီး အိမ် မှာ စတည်း ချပြီး လာ ကျွေးတာ ။

တကယ် တော် တဲ့ လူ ၊ ရွာ ထဲ က ဆို သူ မလာခင် ကတည်းက လာ ကျွေးမယ် ဆိုတဲ့ အသံ ကြား ကတည်း က တစ်ရွာလုံး သာဓု ခေါ် နေကြတာ ။ သူ တကယ် ကုသိုလ် ရပါတယ် ။ ဝ နေတဲ့ လူတွေ ကို ကျွေး တာbထက် မဝ တဲ့ လူတွေ ကို ကျွေးတာ ပိုပြီးတော့ သူ ကုသိုလ် ရဦးမယ် ။

ဆန် က သုံးတင်း ချက် ၊ ဟင်း က ဝက်သား နဲ့ ကုလားပဲ ရော ၊ ပဲတီချဉ်သုတ် တဲ့ ။ သိပ် မြိန် မှာပဲ ။ မစားရတဲ့ ရက် တွေ ကို  အတိုး ချ ပြီး ရေပေါ အားရပါးရ စား ပစ်လိုက်စမ်းမယ် ။ အင်း တစ်ခုပဲ ၊ တစ်ခုပဲ ။ ဆန် သုံးတင်းချက် နဲ့ ရွာ ရှိ လူအား နဲ့ က မမျှဘူး ။ ဦးသူ ဝင် စား ၊ ထမင်းဟင်း ကုန်တာ နဲ့ ကုန်တန် ဝတန် ပဲ ဆိုတော့ မကုန်ခင် မှာ ဝ ဖို့ အတွက် ရေပေါ ကြိုးစားရလိမ့်မယ် ။

အရေးထဲ မှာ အဖေ က လည်း ခုထိ ပေါ် မလာဘူး ။ အမေ တို့ သွား နေတဲ့ ကျည်းတော က လူကြုံ လာတယ် ဆိုတာ နဲ့ ငေါက်ခနဲ ထ သွားလိုက်တာ ကြာ လှပြီ ။ အေးလေ အချိန်ကစောတော့ စောပါ သေးတယ် ။

အဖေ ပြန် လာရင် ကျည်းတော မှာ အမေ တို့ နပ်မှန်တယ် ဆိုတဲ့ အသံ ပဲ ကြား ပါရစေ ။ အမေ့အစ်မ ကြီးတော်ကြီး တို့ ကတော့ စားနိုင် သောက်နိုင် တဲ့ လူ တွေပါ ။

လယ်ပိုင် ယာပိုင်တွေ ပါ ။ အမေ သာ လယ် မပိုင် ၊ ယာ မပိုင် ၊ ကိုယ်ခန္ဓာ ကိုယ် တစ်ခု ကိုပဲ ပိုင် တဲ့ မင်းနေပြည်တော်ဟောင်းသား အဖေ့ ကို ယူ မိလို့ မစားနိုင် မသောက်နိုင် လို့ လူ ခွဲပြီး အစ်မ ဆီ ပြေးတဲ့ အမေ တို့ သားအမိ သုံး‌ယောက် ကို ကြီးတော်ကြီး တို့ ကြည်ဖြူပါစေ ၊ သဒ္ဓါပါစေ ။ အမေ နဲ့အတူတူ ရေပေါ် အောက် အလတ်မ စိန်ဝင်းရွှေ နဲ့ အငယ်ကောင် ငွေပေါ တို့ နှစ်ကောင် ပါ သွားသေးတယ် ။ ရေပေါ က မှ လေးတန်း အထိ နေခဲ့ ဖူးသေးတယ် ။ စိန်ဝင်းရွှေ က တစ်တန်း တောင် မရောက်ဘူး ။ သူငယ်တန်းကြီး နဲ့ မိန်းကလေး ဆိုပြီး အမေ က ကျောင်း နှုတ်ပစ်တယ် ။ ငွေပေါ ကတော့ တစ်တန်း ရောက်ပြီ ။ ဒါပေမယ့် ဒီ ကောင် လည်း သိပ် စာ တတ် မှာ မဟုတ်ပါဘူး ။ ကျောင်း မှ မလိုက်ရတော့ တာ ။ ဒီကောင့် အသက် က ခုဆို ရှစ်နှစ် ၊ အလတ်မ က ဆယ့်တစ်နှစ် ၊ ရေပေါ က ဆယ့်ငါးနှစ် ။

ရေပေါ တို့ မောင်နှမ သုံးယောက် ထဲ မှာ ထမင်းအစား အကြီးဆုံး မို့ ထမင်း စားချိန်တိုင်း ရေပေါ ကို တုတ် နဲ့ အမေ တဖတ်ဖတ် ချ တာကို သတိ ရမိ တိုင်း ရေပေါ ထမင်း ပို ဆာလာတယ် ။ အဖေ မြင်းလှည်း မောင်းလိုက် ၊ ငှက်ခတ်လိုက် ၊ သံသပိတ် ရိုက်လိုက် နဲ့ ကြုံရာ ကျပန်း အလုပ်တွေ လုပ်ပြီး အဆင် ပြေလာတဲ့ အခါမှာ အမေ ချက်တဲ့ ချဉ်ပေါင်စပ်ချဉ် နဲ့ ဝက်အူချက် ကို ရေပေါအောက်‌မေ့ လိုက်တာ ၊ နှုတ်ခမ်းတွေ ကို ရေပေါ လျှာ နဲ့ လိမ်းသပ်မိတယ် ။ မရောက်သေးဘူးလား ။ လေးနာရီ ရယ် ရောက်ပါတော့ ။

“ မြန်မာစံတော်ချိန် မှာ လဲ တစ်နာရီခွဲ ရှိပြီမို့ မြန်မာပိုင်း အစီအစဉ်များ ဤတွင် ရပ်ဆိုင်းပြီး ”

ဟိုဘက် သုံးအိမ် ကျော် ဦးချစ်တီး တို့ အိမ် က ရေဒီယို ကို ရေပေါ ကဗျာကယာ နား စွင့်ရတယ် ။ အဲ ... တစ်နာရီ တော့ ခွဲပြီ ။ ဦးချစ်တီး တို့ ကလည်း ပြီးခါနီး မှ ပဲ ရေဒီယို ဖွင့် ပေးတော့တယ် ။ စိတ်ပြေ လက်ပျောက် ရေဒီယိုလေး လှမ်း နားထောင်နေမလို့ ဟာ ၊ သီချင်း လာလိုက် ဒေါက်ခနဲ ပိတ်လိုက် တော်ကြာနေ ပြန် ဖွင့်လိုက် ၊ ဒေါက်ခနဲ ပိတ်လိုက် နဲ့ အလကား ကလိနေတယ် ။ အရင်ဆို အစ ကနေ အဆုံး အကျယ်ကြီး မိုင်ကုန် တင်နေကျ ။ နားထောင်ချင်ပါတယ် ဆိုတဲ့ နေ့ ကျမှ သူ က ကလိနေတယ် ။

အင်း ... တစ်နာရီခွဲ ဆိုတော့ သုံးနာရီ ထိုး ဖို့ ဘာ လိုတော့မလဲ ၊ ရေပေါ တို့ ရွာ လယ်ယာ ဖွံ့ဖြိုးရေး လက်ဖက်ရည် ဆိုင် ကို လက်ဖက်ရည်သောက် ၊ ရေနွေးသောက် သွား တဲ့ သူ တွေ တောင် ရွာလမ်းမ မှာ စည် လာပြီ ။

ရေပေါ ကောက်ခနဲ ထ ထွက်လာခဲ့တယ် ။ ဗိုက် ထဲ မှာ ကတုန်ကယင်ကြီး နဲ့ အိမ် မှာ နေမယ့် အတူတူ ဖွံ့ဖြိုးရေးဆိုင် သွား ထိုင် ၊ ရေနွေး သောက် ပြီး ဟိုစကား ဒီစကား နားထောင် နေတာ က မြန်မြန် အချိန် ကုန်မယ် ။

“ ဟေ့ကောင် ရေပေါ ရေနွေးသောက် တဲ့ ကောင် က ဟိုဘက် တိုး ပေးလိုက်ဦး ကွ ၊ လူကြီးတွေ ကို ”

ဖွံ့ဖြိုးရေးဆိုင် တာဝန်ခံ ကိုအောင်တင့် က လှမ်း မာန်တော့ လူပျိုပေါက် ရေပေါ နည်းနည်းတော့ ရှက် မိသား ။ ဟင်း .... လက်ဖက်ရည်လေး တစ်ခွက် မသောက်နိုင်တာ နဲ့ လူတွေ က တော်တော် နှိမ် ချင်တယ် ။ ရေပေါ တို့ အရင် ထော နေ တုန်းက ဆို လက်ဖက်ရည် တင် မက ပေါင်မုန့် နို့ဆီဆမ်း ပါ စားနိုင်တာ ကိုအောင်တင့် ခင်ဗျားကြီး လဲ အသိ ၊ တစ်ရွာလုံး လဲ အသိ ။ ဖွံ့ဖြိုးရေးဆိုင်ရာ ထရံ မှာ ရေးကပ် ထား တဲ့ စာရွက်ဖြူ ကို ရေပေါ နာနာကျည်းကျည်း ကြည့်မိတယ် ။

“ ယခုအချိန် တွင် သီးနှံစိုက်ပျိုးရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် လယ်ကွင်း လယ်ကွက်များ အတွင်း သို့ ဝင်ရောက် ရွှေကျင်ခြင်း မပြုလုပ်ကြရန် ။ တွေ့ရှိပါက ဥပဒေအရ ပြင်းထန်စွာ အရေးယူခြင်း ခံရမည် ”

ဒီ ရွှေကျင် တာ မပိတ်သေးခင် က ဆို ရေပေါ တို့ ဘယ် ထမင်း ပြတ် လိမ့်မတုန်း ။ ထမင်း လဲ မပြတ် ၊ လက်ဖက်ရည် လဲ မပြတ် ၊ ပေါင်မုန့်နို့ဆီဆမ်း လဲ မပြတ် ။ ရွှံ့ ထဲ ရေထဲ မှာ ကျွဲတွေ နွားတွေ လို ပင်ပန်းပြီး ဘယ်လောက်ပဲ လူ နဲ့ မတူတူ မျှော်လင့်ချက်ကလေး တဝေဝေ နဲ့ ပျော်လို့တောင် နေသေး ။

လောဘသား ကိုး ။ ရေပေါ တို့ ရွှေကျင် တဲ့ လယ်ကွက် နေရာတွေ က အလျင် မင်းနေပြည်တော် ဟောင်း နဲ့ သူဌေးတန်း ဆို တဲ့ နေရာလေ ။ ဘုရားပြို ။ ဘုရားပျက်တွေ လဲ အများအပြား ရှိနေတဲ့ နေရာ ။ ရေစပ်စပ် လယ်ကွက် မှာ ရွှေကျင်သမားတွေ ရွှေ ကျင်ပြီဆိုမှဖြင့် အများအားဖြင့် ရကြ တာတွေက ရွှေလက်စွပ် အပဲ့လေးတွေ ၊ နားကပ်လေးတွေ ၊ ရွှေတုံး ၊ ရွှေစ အပဲ့လေးတွေ ပြီးတော့ ကျောက်ကလေးတွေ လဲ ရကြတယ် ။ အဲဒီ ကျောက်ကလေးတွေ က တစ်ခါတစ်လေ ထောင်ကျောက် ၊ သောင်းကျောက် တွေ ဖြစ် နေတတ်တယ် ဆိုတဲ့ သတင်းစကား နဲ့ ကျောက် ရှာသူတွေ ၊ ကျောက်ကျင် သူတွေ တရုန်းရုန်း ။

သူဌေးတန်း တွေ ရဲ့ မန်ကျည်းပင်တန်း အုပ်အုပ် အောက် မှာ တရုန်းရုန်း ရှိခဲ့ကြတဲ့ ရောင်းသူ ဝယ်သူတွေ ၊ ပိုက်ဆံတွေ ကို ရေပေါ ပြန် မြင်ကြည့်နေမိတယ် ။ ရွှေ ကျင်တာသာ မပိတ်ရင် အမေ တို့ ကျည်းတော ကို မပြေးရပါဘူး ။ ရေပေါ တို့ သားအဖ လဲ ဒီလို ဘယ်နေ ရလိမ့်မလဲ ။ ဒုတိယ အကြိမ် ထရံပေါ် က တားမြစ်စာရွက် ကို ရေပေါ ငေး ကြည့်နေမိတုန်း .....

“ ဟေ့ ဟေ့....ဘာလဲကွ ဘာဖြစ်တာလဲ “

ကိုအောင်တင့် အာကျယ်သံ နဲ့ အတူ ဆိုင် ထဲ ကို လူ သုံးလေးယောက် ပြေး ဝင်လာကြတယ် ။ မျက်နှာ မှာ ရွှံ့စက်တွေ ဗရဗွ ။ ရေစို တစ်ပိုင်း ၊ ပေါက်တူး ၊ ဒယ်ပိုင်း တွေ တိုးလိုး တွဲလောင်း နဲ့ ။ ရွှေကျင် တဲ့ သူတွေ ၊

“ စိန်သောင်း ....ဟေ့ကောင် ဘယ်လို ဖြစ်လာတာလဲ ”

ရေပေါ နဲ့ ရွှေကျင်ဖော် သူငယ်ချင်း စိန်သောင်း က ရေပေါ နား ကပ် လာပြီး ဟီးခနဲ တစ်ချက် ရယ် လိုက်ရင်း...

“ငါတို့ ရွှေ သွား ခိုးကျင်တာကွ ကင်းလှည့်တာ နဲ့ မိလို့ ပြေးလိုက်ရတာကွာ ၊ ဘာပြော ကောင်းမလဲ ”

ရေပေါ ရှေ့က ရေနွေးခွက် ကို ရွှံ့စက်တွေ ပေကျံ အေးစက် တုန်ယင်နေတဲ့ လက် နဲ့ ယူသောက်လိုက်တဲ့ စိန်သောင်း ကို ကိုအောင်တင့် က ခပ်ထွေထွေ လှမ်း ကြည့်တယ် ။

“ မင်းတို့ ကလဲ မင်းတို့ ပဲ ၊ သေဦးမယ်....မင်းတို့ ကောင်တွေ ၊ ဟိုမှာ တွေ့လား ၊ စာ ကို သေချာဖတ် ၊ သူများတွေ စိုက်တဲ့ပျိုးတဲ့ အချိန်ပါ ဆိုနေမှ ၊ ကိုယ်ချင်းလေး ဘာလေး စာ မှာပေါ့ကွ ”

စိန်သောင်း နောက် နား က ရပ်နေတဲ့ ရွှေကျင် တဲ့ လူကြီး တစ်ယောက် ဆီ က “ ကိုယ်ချင်းစာပါတယ်ဗျာ ” ဆိုတဲ့ အသံ တိုးတိုးလေး ထွက်လာတုန်းမှာပဲ လက်ဖက် ရည်ဆိုင်ရှေ့က ပြေးလွှားသံတွေ နဲ့ အတူ....

“ ထမင်း ကျွေးနေပြီတဲ့ ဟေ့ ”

ရေပေါ ကပျာကယာ ထရပ်လိုက်တယ် ။ တံတွေး ကို လည်း ဂလုခနဲ နေအောင် မျိုချ လိုက်တယ် ။

“ စိန်သောင်း ပြေး ကြစို့ ၊ လာ ငါတို့ ထမင်း စားရတော့မယ်“

ရေပေါ ရင်တွေ တောင်မှ တဒိတ်ဒိတ် ခုန်လ ာတယ် ။ ထမင်း ၊ ရေပေါ တကယ် ထမင်း စား ရတော့မယ် ။

ပဲဟင်း နံ့ ၊ ပူပူနွေးနွေး ထမင်း နဲ့ နှစ်ထပ်အိမ်ကြီး ရှေ့ ၊ မြေတလင်း ပြောင်ပြောင် ပေါ် က ထမင်း ဝိုင်းတွေ ထဲ မှာ ကြောက်ခမန်းလိလိ တိုးဝှေ့ နေကြတဲ့ လူအုပ်ကြီး ။

ဘုရား ၊ ဘုရား ။ ရေပေါ စားမှ စားရ ပါဦးမလား ။ အိုး ဘယ်ဖြစ်မလဲ ။ ဘယ်ဖြစ်မလဲ ။ မစားရလို့ ကတော့ ဘယ်ဖြစ်မလဲ ။ ရေပေါ ထမင်း မစားရတာ ကြာ ပြီဗျ ။

“ ဖြည်းဖြည်းဗျို့ ဖြည်းဖြည်း ၊ ထမင်းတွေ ဟင်းတွေ အများကြီး ”

ထမင်း လိုက်နေတဲ့ ဘိုးမြကြီး က ဘယ်လောက်ပဲ အော်အော် ဆာ နေတဲ့ လူ တွေ ကတော့ မဖြည်းနိုင်ဘဲ မြန်မြန်ဆန်ဆန် တိုးမြဲ တိုး နေကြတယ် ။ စားမာန်ခုတ်နေတဲ့ ရေပေါ လည်း ထမင်း ဝိုင်း မှာ တစ်နေရာ ရဖို့ စိန်းသောင်း နဲ့ အတူတူ တိုးတယ် ၊ တွန်းတယ် ၊ ဇွတ်ဝင်တိုက်တယ် ၊ မရဘူး ၊ မဝင်သာဘူး ၊ စားလက်စ လူတွေက ကြာ သလို စားပြီးတဲ့ လူ ထ တာနဲ့ ပန်းကန်ပြား ဝင် ဆွဲ တဲ့ သူက အဆင်သင့် ။

ပန်းကန် ဆေး တဲ့ လူ ဆီတောင် ပန်းကန်ပြား မရောက်ဘူး ၊ ကိုယ့် ဘာသာ သွား ဆေးပြီး ထမင်း ထည့် ခိုင်း တော့တာပဲ ။

“ ထမင်း ပေးပါဦးဗျို့ ထမင်း ” ဆိုတဲ့ အသံတွေ ဆူညံလာတာနဲ့အမျှ “ ဟင်းရည်လေး ထည့်ပါဦး အချဉ်သုပ် ၊ အချဉ်သုပ် ” ဆိုတဲ့ အသံတွေ ဆူညံလာတာနဲ့အမျှ ရေပေါ ပို ဆိုးလာတယ် ။ ပိုပို ဆာ လာတယ် ။ ပို စားချင်လာတယ် ။ မစားရရင် ဆိုတဲ့ အသိ နဲ့ ရင် ထဲ မှာ ပူလောင်လာတုန်း ရုတ်တရက် ရေပေါ မျက်လုံးတွေ က ကျောင်းဘေးနား က ငှက်ပျောပင်အုပ် ကို လှမ်း မြင်လာတယ် ။

ရေပေါ လှစ်ခနဲ ပြေး သွားပြီး ငှက်ပျောရွက်ကြီးကြီး နှစ်ရွက် ချိုး ချလာခဲ့ပြီး စိန်းသောင်း ကို တစ်ရွက် ပစ် ပေးလိုက်တယ် ။ ငှက်ပျောရွက် ပေါ် တင်နေတဲ့ ဖုန်တွေ ၊ အမှိုက်တွေ ဘေးချိတ် ။

“ ဘိုးမြ ဘိုးမြ ၊ ကျွန်တော်တို့ ကို ဒီ ထဲ ထည့် ... ဒီထဲ ”

ရေပေါ ခင်း ပေးတဲ့ ငှက်ပျောရွက် ထဲ မှာ ဘိုးမြ က ထမင်း အမောက် ထည့် ပေးတယ် ။ ဟင်း ထည့်ပေးတယ် ။ ကြည့်စမ်း ထမင်း ပုံ ပေါ် မှာ ဝက်သားဟင်း ကို ရက်ပေါင်း ခုနှစ်ရာ လောက် မမြင်ဖူးခဲ့ သလို တရှိုက်မက်မက် ရေပေါ ကြည့်မိတယ် ။

ဒီ ထမင်း ကို စား ဖို့ ရေပေါ ဘယ်လောက် စောင့် ခဲ့ရသလဲ ။ ဘယ်လောက် ကြိုးပမ်းခဲ့ရသလဲ ။ လာခဲ့စမ်း ဒီ ထမင်း ။ အိုး စားလို့ ကောင်းလိုက် တဲ့ အမျိုး ။ ကောင်းလိုက် တဲ့ အမျိုး ။ ထမင်း အမောက် တစ်ပုံ ဖျတ်ကနဲ ကုန် သွားတယ် ။

ရေပေါ နောက်ထပ် ထမင်းတောင်း တော့ ဘိုးမြ က ထည့်ပေးရင်း “ ဟ လုပ်လှချည်လား ငါ့ကောင်ရ ” တဲ့ ။ အင်းဟင် လုပ်မှလေဗျာ ဘိုးမြ ရဲ့ ကြုံတုန်း ဝအောင် စားထားရတာ ။ ထမင်း ဆိုတာ ကြုံဖို့ ခက်တယ်ဗျ ။ ငှက်ပျောရွက် ပေါ် က ထမင်း အမောက် လေးပုံ ကုန်တဲ့ အချိန် မှာတော့ တော်ပြီ ။ ရေပေါ ဝ သွားပြီ ။ အီစလံ ဝေသွားပြီ။ ဖူလုံသွားပြီ ။ ဝ တာမှ ဖူလုံလိုက်တာ မှ ဗိုက် ထဲ မှာ နေရာလပ် ဆိုတာ မရှိသလောက် ။ ဟားဟား တစ်ပတ်စာလောက် ကို သိုလှောင် ပစ် လိုက်တာ ။ မှတ်ကရော စိန်းသောင်း ဆိုတဲ့ အကောင် တော်တော် ညံ့ တဲ့ ကောင် ။ ထမင်း သုံးပုံ ပဲ စား နိုင်တယ် ။

တိုးဝှေ့ စားသောက်နေကြတဲ့ လူတွေ ကြား ကနေ ရေပေါ ဖြည်းဖြည်းချင်း အရသာ ခံပြီး ထွက် ခဲ့တယ် ။ ဝင်းပေါက် ဝ မှာ ဖျာကြီး တစ်ချပ် ထောင် ထားပြီး ဖျာကြီး ပေါ် မှာ “ထမင်း ကုန်ပြီ ” တဲ့ ။ ဝင်းပေါက် ဝ မှာ ဇွဲကောင်းကောင်း နဲ့ ရပ် နေသူတွေ သနားစရာ ။

ရှေ့ က သွားနေတဲ့ စိန်သောင်းက “ ဟေ့ကောင် မြန်မြန်လာ ” တဲ့ သူ့ ကို မီ အောင် ရေပေါ ခပ်မြန်မြန် လျှောက် လိုက်တဲ့ ခဏမှာ ပဲ ရုတ်တရက် ဗိုက် ထဲ က မအီမသာ ခံစားလိုက်ရတယ် ။

“ စိန်သောင်း ”

ရေပေါ က အလန့်တကြား အော် ခေါ်ရင်း လက် နှစ်ဖက် နဲ့ သူ့ လည်ပင်း ကို ဖမ်း ဆုပ် လိုက်တယ် ။ အို မလုပ်ပါနဲ့ မလုပ်ပါ နဲ့ ။ သူ့ လည်ပင်း ကို အတင်း ဆုပ် ထား လျက် က ရေပေါ အန် ချလိုက်ပြီ ။ တဝေါ့ဝေါ့ နဲ့ အန် ချလိုက်ပြီ ။ ဗိုက် ထဲ က ရှိရှိသမျှ အစာ အားလုံး မြေကြီး ပေါ် မှာ ။

“ ရေပေါ ရေပေါ ”

ရေပေါ မျက်လုံး ဖွင့်ပြီး မော့ ကြည့် လိုက်တော့ မြေကြီး ပေါ် မှာ ကို နှမြောတသ စွာ ငေးကြည့် နေကြတဲ့ ဝင်းပေါက် က ထမင်း စောင့် တဲ့ သူတွေ ၊ အိုမြေကြီး ပေါ် မှာ ကြည့်ပါဦး လွင့်စင် ပြန့်ကျဲ နေတဲ့ ထမင်း တွေ ။ ဟုတ်တယ် ထမင်း တွေ ၊ ရေပေါ ချစ်တဲ့ ထမင်း တွေ ။

◾နုနုရည် ( အင်းဝ )

📖 ၁၉၉၆ - ခုနှစ် ၊ ပြင်ဦးလွင် ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်း

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment