Monday, April 18, 2022

ထွက်ပေါက်


 

       ❝ ထွက်ပေါက် ❞
      
       အသက် ငါးဆယ် ကျော် မျှ ရှိသေးသော်လည်း တစ်ရပ်ကွက်လုံးက သူ့ ကို ရိုသေကြသည် ။ ဦးသာခင် ဆိုလျှင် ဘယ် ဦးသာခင် လဲ ဟု မေးသူ မရှိ ၊ တစ်ရပ်တစ်ကျေး က လာ၍ နေသူများ ပင်လျှင် ဦးသာခင် ၏ သိက္ခာသမာဓိ ကို သိကြသည် ။ မသိဘဲ နေ၍ လည်း မဖြစ် ။ လူတိုင်း က အကြောင်း ကြုံတိုင်း ပြောနေကြသောကြောင့်ပင် ၊ မြင်းလှည်းသမားလှတင် က သင်္ဘော မှ ဆင်း လာသော သူစိမ်းဧည့်သည်များ ကို သူ့မြင်းလှည်း ပေါ်တွင် တင် ၍ သူတို့ လိုရာ မိတ်သင်္ဂဟများ ၏ အိမ်များ သို့ ပို့သည့် အခါ ၊ နဂိုက စကား ခပ်များများ ဖြစ်သည့်အလျောက် ဦးသာခင် ၏ သိက္ခာသမာဓိ အကြောင်း ကို ပြောပြလေ့ ရှိသည် ။ “ ဪ ... နောင်ကြီးတို့ အစ်မကြီးတို့ ပြောတာ စာရေးကြီးဦးရှိန် ရဲ့ အိမ် မဟုတ်လား ။ သိပါတယ် ၊ သိပါတယ် ။ သမာဓိမြို့ဝန် ဦးသာခင် အိမ် နဲ့ မျက်စောင်းထိုးအိမ်ပါ ” ဟု ပြောလိုက် ပြီးလျှင် စကားစ မဖြတ်ဘဲ ၊ “ အဲဒီ ဦးသာခင် ဟာ အင်မတန် သိက္ခာသမာဓိ ရှိတာ ပဲ ။ ပွဲစားကြီး ပေါ့ ။ ဣန္ဒြေ သိပ် ရှိတာပဲ ။ ပြီးတော့ ရပ်ရွာ နဲ့ အင်မတန် တည့်တယ် ။ မျက်နှာ ဘယ်တော့မျှ မလိုက်ဘူး ။ သွေးကြီးဖို့ ဝေးရော ၊ ကလေးကလေး က အစ ခင်ခင်မင်မင် ရှိတယ် ။ အင် မတန် ကြည်ညိုစရာ ကောင်းတဲ့ လူကြီးပါပဲ ” ဟု ဆိုလေသည် ။ ဦးရှိန် ၏ အိမ် သို့ သွားလိုသော ဧည့်သည်များ မှာ မြင်းလှည်းသမား က သူတို့ မသိသော ဦးသာခင် အကြောင်း ကို ဘာကြောင့် ရှည်ရှည်လျားလျား ပြောနေပါလိမ့် ဟု စိတ် ထဲက အောက်မေ့ကြမည် ဖြစ်သော်ငြားလည်း သူတို့ မသိသော ဦးသာခင် အကြောင်း ကို သိ လိုက်ကြရလေသည် ။
      
       အကယ်၍ သာ အငြိမ်မနေတတ်သော ဧည့်သည်တစ်ယောက်ယောက် သာ မြင်းလှည်း သမား ကို သိက္ခာသမာဓိ ဆို သော စကားလုံးကြီးများ၏ အဓိပ္ပာယ် ကို ရယ်သလိုမောသလို နှင့် မေး လိုက်လျှင် လှတင် ကဲ့သို့ မြင်းလှည်းသမားမျိုး က ပြုံးပြီးပြီး လုပ်ကာ “ အို ... လူကြီးပီပီ နေတာမျိုး ပေါ့ ဗျ ။ ဦးသာခင် ဟာ ငယ်ငယ်ကလေး ကတည်းက တစ်ခါ မှ နောက်တီးနောက်တောက် မလုပ် ဘူး တဲ့ ။ သူ့ သူငယ်ချင်းတွေ က သူ့ ကို ကျောင်းသားဘဝ ကတည်း က ဦးသောဘိတ လို့ ခေါ်ကြ တယ် ။ သိပ် ရိုးတဲ့ လူ ပဲ တဲ့ ။ ဘာဖြစ်လို့ ဘုန်းကြီး မဖြစ်တာလဲ တော့ မပြောတတ်ဘူး ။ အို ... နောင်ကြီး ကိုယ်တိုင် ဦးသာခင် ကို မြင်ရင် ကြည်ညိုမှာပါ ” ဟု စကားတံ ရှည်ပေမည် မုချပင် ။
      
       ဦးသာခင် ကို ရပ်ရွာ က သမာဓိ ရှိသူ တစ်ဦးအဖြစ် အလွန်ကြည်ညိုကြသည် ။ အချို့က သူ နှင့် ရင်းနှီး၍ သူ့ အကြောင်း ကို ကောင်းကောင်း သိ၍ ကြည်ညို ကြသည် ။ အချို့က ကြည်ညိုသူ ပြောပြချက် ကို မှီ၍ ကြည်ညို ကြသည် ။ အချို့ က မူ ဦးသာခင်အကြောင်း အနည်းအကျဉ်းမျှ သာ သိကြသော်လည်း လူတကာ ကြည်ညိုနေကြောင်း သိသဖြင့် ရောနှော ၍ ကြည်ညိုလိုက်ကြသည် ။
      
       ဦးသာခင် သည် ထို ရပ်ရွာသားဖြစ်သည် ။ ငယ်စဉ် ကတည်းက မျက်နှာထား တည်ကြည် သဖြင့် လူကြီးများက ချီးမွမ်းကြသည် ။ ရွယ်တူလူငယ်များ က ပထမ၌ သူ့ ကို ရူးပေါပေါ ဟု ထင်ကြသော်လည်း သူ ၏ ဆက်လက်တည်ကြည် ရိုးသားမှုကြောင့် တဖြည်းဖြည်း သူ့ တည်ကြည်မှု ကို အသိအမှတ် ပြုလာကြသည် ။ “ အို ... သာခင် ကိုတော့ မခေါ်ပါနဲ့ကွာ ။ ဒီလို အရက်ပွဲမျိုး လိုက်မှာ လည်း မဟုတ်ပါဘူး ” ဟု ဆိုကြသည် ။ “ ဟာ .. ဘာရမလဲ ၊ ဒီ ဘုန်းကြီးမျိုး ကို ချွတ် ရမှ ဇိမ်ရှိတာ ။ ငါ တော့ အတင်း တိုက်မှာပဲ ” ဟု တစ်ယောက် က မလျှော့ချင်သည့်အလျောက် ပြော လျှင်  အများက ဝိုင်း၍ “ အို ... မင်း က ဒီလိုလုပ်လို့ ရမယ် ထင်သလား ။ မရသေးဘူး မောင် ။ သာခင် က ဖျက်ဆီးလို့ ရတဲ့ လူမျိုး မဟုတ်ဘူးကွာ ။ ဒီပြင် နေရာတွေတော့ သူ လိုက်သားပဲ ။ ဒီကောင် ခွစာမှ မဟုတ်တာ ၊ နေပါစေ ။ သူ့ဝါသနာ နဲ့ သူ နေပါစေ ” ဟု တားဆီးကြလေသည် ။
      
       သူ သည် ငယ်စဉ်ကတည်းကပင် လူတိုင်း နှင့် တည့်အောင် ပေါင်းတတ်သည် ။ သူတစ်ပါး ပေါင်းရ ခက်သည် ဆိုသော သူများ ကိုလည်း သူ လေပေး ဖြောင့်အောင် ဆက်ဆံတတ်သည် ။ နေရာတကာ စွာကျယ်စွာကျယ် လုပ်သူတို့ နှင့် အခြားသူများ တစ်ခါမဟုတ် တစ်ခါ ဆိုသလို ရန်ဖြစ် တတ်ကြသော်လည်း သာခင် နှင့် အမြဲတမ်း တည့်ကြသည် ။ သူတစ်ပါး အပေါ် စီးပိုးသောသူများ  လည်း သာခင် နှင့် တည့်ကြသည် ။ သူ သည် ဆက်ဆံမှု ၌ စံ ပြုအပ်သော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့် အလျောက် အားလုံး က ခင်ကြသည် ။ သူ့ တည်ကြည်သော မျက်နှာထား နှင့် ပြတ်သားသော်လည်း နားဝင် မဆံ့ မဟုတ်သော စကားအပြောအဆို တို့ ကို အကြောင်း ပြု၍ သူ့ကို ရွယ်တူ အချင်းချင်း ကပင် လေးစား လာကြသည် ။
      
       သာခင် သည် ခေတ်ပညာ အသင့်အတန် တတ် ၍ ခေတ်ဗဟုသုတ နှင့် အတော်ပင် ပြည့်စုံ လေသောကြောင့် လူလတ်အရွယ် သို့ ရောက်သော အခါ သူ့ နေရင်း မြေလတ်မြို့ကလေး တွင် ပွဲစား အဖြစ် လူတစ်လုံး သူတစ်လုံး ဖြစ် လာလေသည် ။ မြို့ကလေး ၌ သိက္ခာသမာဓိ ရှိသည် ဟု အမှတ် ပြုခံရသူသည် မြို့ရေးရွာရေး တို့ ၌ လွတ်လွတ်ကင်းကင်း မနေသာပေ ။ အသက် သုံးဆယ် ခန့် သာ ရှိသော သာခင် သည် မြူနီစီပယ်လူကြီး ၊ နောက်မြူနီစီပယ်ဥက္ကဋ္ဌ ၊ တစ်ချိန်တည်း ၌ သမာဓိဝန် စသည့် ရပ်ရွာ လူကြီး ရာထူးများ ကို အများ က ကြည်ဖြူစွာ တင်မြှောက် နှင်းအပ်သဖြင့် ဦးသာခင် အဖြစ် လူကြီး လုပ်ရလေသည် ။
      
       ဦးသာခင် အဖို့ မွေး ကတည်းက လူကြီး လုပ်ဖို့ ဇာတာ ပါလာသူဖြစ်သည် ဟု သူကိုယ် တိုင် ကပင် ယူဆလေသောကြောင့် လူကြီး လုပ်ရန် ဝန် မလေးလှပေ ။ မျက်နှာထား တည်ကြီး နှင့် လူလယ်ကောင် တွင် ဣန္ဒြေ ကြီး စောင့်ထိန်းနေရခြင်း သည် သူ နှင့် ရွယ်တူ လူလတ် တို့ အဖို့ ဘုရားကြီး မုဒ် ဝ က ခြင်္သေ့ကြီး နှစ်ကောင် ကို ပခုံးတစ်ဖက်စီ ပေါ်တွင် ထမ်း ထားရသကဲ့သို့ ဖြစ်ကောင်း ဖြစ်သည် ။ သူ့ အဖို့ ဝန်လေး သည် ဟု မမှတ်ပေ ။ တည်ကြည်ရန် ကျင့်သားရနေပေပြီ ။ ဣန္ဒြေ အထူး  စောင့်ထိန်းစရာ မလို ။ ဦးသာခင် နှင့် ဣန္ဒြေ တို့ သည် ဒွန် တွဲလျက် နေလေသည် ။
      
       ဦးသာခင် သည် သူ့ ဣန္ဒြေ ၏ တန်ဖိုး ကို သူ ကောင်းစွာ သိသည် ။ သမာဓိမြို့ဝန် အဖြစ် နှင့် ပါးရိုက်မှု ဆဲမှု စသော အသေးအဖွဲ့အမှုများ ကို ထုံးစံအတိုင်း မြို့အုပ် က မစစ်ချင်သည့် အလျောက် လွှဲပေးလိုက်၍ စစ်ဆေးရသောအခါ တရားလို တရားခံ တို့သည် ဦးသာခင် ၏ ဣန္ဒြေ ကို လေးစားသည့် အားလျော်စွာ အမှန် ကို ထွက်ဆိုကြသည် ။ ဦးသာခင် ၏ မျက်နှာထား မှာ တည်ကြည်သော်လည်း ခက်ထန်ခြင်း မရှိ ။ ကြည်လင်၍ မြင်သူတို့၌ ချစ်ခင်ကြည်ညိုစိတ် ပေါ်လာစေသည် ။ အမှုသည်များသည် ထိုမျက်နှာမျိုးရှေ့တွင် မုသား ပြောဆိုဖို့ ခက်ကြသည် ။ မပြောရက်သလိုဖြစ်နေကြသည် ။ ဦးသာခင် သည် အသက်သုံးဆယ် မပြည့်ခင် သူ့ ကိုယ်ရေးကိုယ် တာ အတွက် အလုပ် နှစ်ခု လုပ်လေသည် ။ ပထမ အလုပ်မှာ နှုတ်ခမ်းမွေး ထားခြင်း ဖြစ်သည် ။ သူ သည် သူ့ဦးလေးကြီး ကို အမြဲတမ်း အထင် ကြီးခဲ့သည် ။ အထင်ကြီးသည့်အကြောင်းရင်း မှာ သူ့ ဦးလေးကြီး တွင် အလွန် ကျက်သရေရှိသော နှုတ်ခမ်းမွေး ရှိခြင်းပင် ဖြစ်သည် ။ အလွန် ကျက်သရေ ရှိသည် ဆိုသော စကား မှာ သူ့ စကား မျှသာ ဖြစ်သည် ။ မည်သူကမျှ သူ့ ဦးလေးကြီး ၏ နှုတ်ခမ်း မွေးကို ချီးကျူးသည်ဟူ၍ မရှိခဲ့သော်လည်း သူ ကမူ ကိုးနှစ် ဆယ်နှစ် အရွယ် လောက် ကတည်းက ပင် သူ့ ဦးလေးကြီး ၏ နှုတ်ခမ်းမွေး ကို နှစ်သက်ခဲ့လေသည် ။ ကျက်သရေ ရှိသည် ဟု စွဲထင်မိခဲ့လေ သည် ။ ထို့ကြောင့် သူသည် အသက် သုံးဆယ် မပြည့်ခင် တွင် နှုတ်ခမ်းမွေး ထားလေသည် ။ နှုတ် ခမ်းမွေး တိ ရန် ကပ်ကျေးပါးကလေး ဆောင်ထားလေသည် ။ နံနက်ထမင်းစားပြီးနောက် သမာဓိ - မြို့ဝန် ရုံးတက်ခါနီးတွင် သူသည် ခေါင်းပေါင်း မပေါင်းခင် တစ်ခါ ၊ ပေါင်းပြီး မှ တစ်ခါ နှစ်ကြိမ် နှစ်ခါ တိတိ နှုတ်ခမ်းမွေးကို သာယာညင်းပျောင်းယုယစွာ ကပ်ကျေးကလေး နှင့် တိပေးလေ့ ရှိသည် ။ သူ့ နှုတ်ခမ်းမှာ သူ့ဦးလေးကြီး ၏ နှုတ်ခမ်းမွေး နမူနာအတိုင်းပင်လျှင် အပေါ် နှုတ်ခမ်း ပေါ် တွင် ခပ်ထူထူ ခပ်သိပ်သိပ်ကလေး အလယ် နှုတ်ခမ်းချိုင့်ကလေးခြားကာ နှစ်မြှောင်းယှဉ်တန်းလျက် ရှိပြီးလျှင် အစွယ်နှစ်ဖက်မှာ အရှည်ချင်း တူလျက် အဖျား ကော့တက်၍ နေလေသည် ။ ဦးသာခင် သည် နှုတ်ခမ်းမွေး ကို ကပ်ကျေး နှင့် တိ ပြီးတိုင်း လေးလေးတွဲ့တွဲ့ အပြုံးကလေး ပြုံး ကြည့်လေ့ ရှိသည် ။ သူ့ အပြုံး ကို ဣန္ဒြေ ပြုံး ဟု ခေါ်ချင် ခေါ်နိုင်ပေသည် ။ ကြည်လင်ဝိုင်းစက်သော သူ့ မျက် လုံးကြီးများ ၏ အောက်မျက်ကွင်းများ မှာ နှာတံ ဘေး နှစ်ဖက် မှ အောက်သို့ နှာခေါင်းဝ အစွန်း နား မှ ယှဉ်တန်းနေသော နှုတ်ခမ်းမွေးနှစ်သွယ် ထဲ သို့ ယိုဆင်း၍ နှုတ်ခမ်းစွန်း နှစ်ဖက် ကို တဖြည်း ဖြည်း ပြန့် ၍ ကုပ်သွားသော အပြုံးကလေးပေတည်း ။
      
       ထို အပြုံးကလေး ကို မည်သူက နှစ်သက်ပါသနည်း ဟု မေးလာပါမူ ၊ ပထမဦးဆုံး နှစ်သက် သူမှာ ဦးသာခင် ပင် ဖြစ်သည် ။ နောက် နှစ်သက်သူ တစ်ယောက် ရှိ ပါသေးသည် ။ ထိုဒုတိယ နှစ်သက် သူ မှာ နှစ်သက်ရုံနှင့် မတန်သေးဘဲ စွဲနေလေတော့သည် ။ ယင်းသည်ကား ဆရာမ မတင်မေ ပင် ဖြစ်ပါသည် ။ မတင်မေသည် မြူနီစီပယ်ကျောင်း က အောက်တန်း ဆရာမကလေးဖြစ်သည် ။ အသက် သုံးဆယ်နီးပါး ရှိ၍ အပျိုကြီး ဘဝ နှင့် ဘဝ စခန်း သိမ်းရမည့် ပုံလိုလို ဖြစ်နေချေသည် ။ သူ လည်း ဣန္ဒြေ ရှိသော မိန်းမ အဖြစ် နှင့် အတော်ပင် ကျော်စောလေသည် ။ သူ ဣန္ဒြေ  ရပုံကလေး မှာ ချစ်စရာ ကောင်းလှပါသည် ။ မျက်လုံးကလေး ကြည်လင်ပြူးကျယ် ၍ နှာတံ ပေါ်သဖြင့် အတော်ပင် ချစ်စဖွယ် ဖြစ်ပါ၏ ။ သို့သော် ဣန္ဒြေ ရလွန်း ၍ ပင်လျှင် သူ့ သူငယ်ချင်းမများ အသီးသီး အိမ်ထောင် ကျသွားသော်လည်း သူ့ မှာ အပျိုကြီးဖြစ် ကျန်ခဲ့လေသည် ။ သူအိမ်ထောင် ပြု မည် ဆိုလျှင် ပြုနိုင် ကောင်းပါ၏ ။ သူ့ ရုပ်ရည်ကို စွဲမက်သူ မရှိ၍ မဟုတ် ။ သူ့  ဣန္ဒြေ ကို နှစ်သက်သူ မရှိ၍လည်း မဟုတ် ။ သို့ရာတွင် သူ က ဣန္ဒြေ ရှိသူ ကို မှ အချစ် တုံ့ပြန်လိုသော ဆန္ဒ ရှိသောကြောင့် အပျိုကြီး ဖြစ်နေခဲ့ခြင်း ဖြစ်သည် ။
      
       ဣန္ဒြေ ရှင် သမာဓိမြို့ဝင် ဦးသာခင် နှင့် ဣန္ဒြေ ရှင်ဆရာမ မတင်မေ တို့ အဖို့ လူငယ်တို့  ဘာဝ ချစ်ကြိုက်သွားကြသည်ဟု ဆိုရန် ခဲခက်လှ၏ ။ ဣန္ဒြေ ရှင်များ သည် အသက် ငယ်သည် ဖြစ်စေဦးတော့ ၊ လူငယ်များ မဟုတ်နိုင် ။ ဦးသာခင် သည် အသက် သုံးဆယ် မျှ မပြည့်ခင် ပင် လူရွယ်လူလတ်ဘဝ မလွတ်လပ်နိုင်ရှာဘဲ လူကြီး လုပ် နေရလေသည် ။ မတင်မေ မှာလည်း ဆရာမ လည်း ဖြစ် ဣန္ဒြေရှင် လည်း ဖြစ် သဖြင့် ဆရာမ ဒေါ်တင်မေ အဖြစ် နှင့် နေရရှာလေသောကြောင့် ရည်းစား ထားဖို့ ကိစ္စ မှာ မဖြစ်နိုင်သော ကိစ္စ ဖြစ်နေသည် ။
      
       နောက်ဆုံး ၌ ဦးသာခင် က ဒေါ်တင်မေ ကို ရုပ်ရည် လှပသည့် အရည်အချင်း နှင့် ဣန္ဒြေ ရှိခြင်း တို့ကြောင့် နှစ်သက်သည့်အလျောက် သူ့ ဦးလေးကြီး ကို ပြော ပြသဖြင့် ဦးလေးကြီး က ဒေါ်တင်မေ ၏ အဒေါ် နှင့် တိုင်ပင် ၍ စီစဉ် ပေးလေသည် ။ ထို့ကြောင့် ဦးသာခင် သည် အသက် သုံးဆယ် မပြည့်ခင် နှုတ်ခမ်းမွေး ထားပြီးသည့် နောက် ဒေါ်တင်မေ နှင့် အိမ်ထောင် ပြုလေသည် ။
      
       နှုတ်ခမ်းမွေး ထား သော်လည်း ဗိုလ်ကေ ကို မဖြုတ်ပေ ။ သို့ရာတွင် အရပ်လူကြီး ဖြစ်နေသော ကြောင့် အမြဲလိုလို ခေါင်းပေါင်း ထားရသဖြင့် ကြည့်၍ ခွ ကျသည် ဟု ဆိုနိုင်သည့် အကွက် မဆိုက် ခဲ့ပေ ။ ဦးသာခင် သည် သမာဓိမြို့ဝန် တစ်လျှောက်လုံး ဖြစ်ခဲ့လေသည် ။ အခြား လူကြီးများ မှာ သက်တမ်း စေ့သောအခါ သမာဓိမြို့ဝန် ရာထူး မှ ထွက်သွားရသော်လည်း ဦးသာခင် ကိုမူ သက် တမ်း ပြည့်လျှင် သက်တမ်းသစ် ပေး၍ ဆက်လက် ခန့်ထားခြင်း ခံရလေသည် ။
      
       သမာဓိမြို့ဝန် နှင့် ဓာတ်တူနံတူ ဖြစ်သော မြူနီစီပယ်ဥက္ကဋ္ဌ ရာထူး ကို လည်း ဦးသာခင် အဖို့ အမြဲတမ်း သီးသန့် ထားရသကဲ့သို့ ဖြစ်သည် ။ သူ က မလုပ်ပါရစေ နှင့် ဟု ငြင်းပယ်သည့် တိုင်အောင် အများကပင် “ အို .. ဦးသာခင် ပဲ ဆက် လုပ်ပါ ။ ဦးသာခင် က လူ အကြည်ညို များပါ တယ် ” ဟု ဆို၍ သူ့အား အတင်ပေးကြလေသည် ။ ဦးသာခင် သည် လူ အများကြည်ညိုသည် ဆိုသော စကားကို ကြားရတိုင်း ၊ သူ့ ဣန္ဒြေ  ကို သူ ကျေးဇူးတင်မိ၏ ။ ဣန္ဒြေ သိက္ခာကြောင့် သမာဓိ ရှိသည်ဟု ဆိုကြသည် ။ သမာဓိကြောင့် ကြည်ညိုကြသည် ။ ထို့ကြောင့် သူ သည် သမာဓိ ၏ ပြယုဂ် ဖြစ်သော ဣန္ဒြေ ကို အမြဲတမ်း ကိုးကွယ်လေသည် ။ သူ ၏ ထီးချက်စောင့် နတ်သား မှာ ကား ရမည်းသင်း စား သီလဝ ပင် ဖြစ်ပေတော့သည် ။ သူ သည် ငယ်စဉ်ကတည်းက သီလဝ ကို သဘော ကျခဲ့လေသည် ။ သူ့ ကိုယ် သူ သီလဝ ဖြစ်အောင် ကြိုးစားမည် ဟု ပိုင်းဖြတ်ခဲ့လေသည် ။ ယခု သီလဝ ကျင့် ကျင့်သောကြောင့်လည်း မြို့မျက်နှာဖုံးတစ်ဦး ဖြစ်ရပေပြီ ။
      
       ဦးသာခင် သည် အသက်လေးဆယ်ကျော် ငါးဆယ် တွင်းသို့ ရောက်သောအခါ သူ့ မြို့ ကလေး တွင် ထိပ်တန်း သို့ ရောက်လေသည် ။ သူ့ ပွဲရုံ မှာ မြို့ပေါ် တွင် အကြီးဆုံး ဖြစ်သည် ။ သူ့ လုပ်ငန်း မှာ အအောင်မြင်ဆုံး ဖြစ်သည် ။ သူ သည် မြို့ပေါ်တွင် အချမ်းသာဆုံး ဖြစ်သည် ။ အမြဲတမ်း “ သမာဓိမြို့ဝန် ၊ အမြဲတမ်းမြူနီစီပယ်ဥက္ကဋ္ဌ ဖြစ်၍ အချမ်းသာဆုံး မြို့နေပုဂ္ဂိုလ်ကြီး အဖို့ အင်္ဂလိပ် လက်ထက် က တီပီအက်စ် ( တိုင်းကျိုးပြည်ကျိုးဆောင် ) ဘွဲ့တံဆိပ် ရခြင်း မှာ အံ့ဖွယ်မဟုတ်ပေ ။ ထုံးတမ်းစဉ်လာသဘောမျှသာဖြစ်သည် ။ အရေးပိုင်မင်း က ဦးသာခင် လို ပုဂ္ဂိုလ်မျိုး ကို ဘွဲ့ပေး သနားရန် ထောက်ခံ ရမည် သာ ဖြစ်ပေတော့သည် ။
      
       လောကီ အောင်မြင်မှုအမျိုးမျိုး ရရှိပြီဟု ဦးသာခင် အဖို့ ဆိုရပေမည် ။ အောင်မြင်မှုများ တွင် သားသမီး ပွားစီးမှု ကိုလည်း ထည့်သွင်း ဖော်ပြရန် လိုသဖြင့် ဖော်ပြရသော် ဦးသာခင် ၌ သား ခင်မောင်ကြည် နှင့် သမီးညိုညိုယဉ် တို့ ထွန်းကားလေသည် ။ ခင်မောင်ကြည် မှာ မက်ထရစ်စာမေးပွဲ အောင် ၍ တက္ကသိုလ် တွင် ပညာဆက်၍ သင်ကြားနေလေသည် ။ ညိုညိုယဉ် မှာ ခုနစ်တန်း အောင် ပြီးကတည်း က ကျောင်း ထွက် ၍ ဖခင် ၏ အလုပ် ကို ကူညီ လုပ်ကိုင်ပေးလာခဲ့ရာ ယခု၌မူ သူ့ ကို အားအကိုးကြီး ကိုး ရပေပြီ ။ ငွေကိုင်စာရင်းကိုင် အဖြစ် လိမ္မာဖျတ်လတ်စွာ ဆောင်ရွက်ရုံသာ မက စီမံအုပ်ချုပ်မှု ကိုပါ ဆောင်ရွက်နိုင်လာသဖြင့် ဦးသာခင် သည် အသက် ငါးဆယ်ကျော် ခါမျှ ရှိသေး သော်လည်း လုပ်ငန်း၌ အပင်ပန်း ခံ၍ မဆောင်ရွက်ရတော့ပေ ။
      
       စီးပွားရေး ၌ စိတ်ချရသည့်အဖြစ်သို့ ရောက်သည် နှင့်တစ်ပြိုင်နက် သူ သည် ရပ်ရေးရွာရေး မှ တစ်ဆင့် တက်၍ နိုင်ငံရေး ကို ဆက်လက် ဆောင်ရွက်လာလေသည် ။ နိုင်ငံရေး ထဲ ဝင်မှန်း မသိ ဝင်သော ရပ်ရွာလူကြီး တို့ ထုံးစံအတိုင်း အများ က တိုက်တွန်းတောင်းပန်ချက် ကို ငဲ့၍ ဆောင် ရွက်ရသည် ဟု ဆိုပေမည် ။ ထို အဆိုသည် မမှားပေ ။ “ ဦးပဲ နာယကအဖြစ် ဆောင်ရွက်ပါ ။ နိုင်ငံရေး မှာ သမာဓိ ရှိတဲ့ လူတွေ အများကြီး လိုနေပါတယ် ” ဟု လူငယ်များ က ဝိုင်း၍ တောင်းပန်ပြီး , လျှင် သူ့ ကို လူငယ်များ အစည်းအရုံး နာယကအဖြစ် တင်မြှောက်ကြသည် ။ ရန်ကုန်ဌာနချုပ် မှ ရောက်လာသော ပါတီစည်းရုံးရေးတာဝန်ခံ ကလည်း အများထံ မှ စုံစမ်းရရှိထားသော အကြောင်း ရပ်များ ကို မူတည်၍ ဦးသာခင် အား ပါတီဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ကြရာတွင် “ ကျွန်တော်တို့ ပါတီ မှာ လူတော်လူကောင်းတွေ အများကြီး လိုနေပါတယ် ။ သိက္ခာသမာဓိ ရှိတဲ့ သူတွေ ရပ်ရွာမှာ ခေါင်းဆောင် လုပ် ကြမှ ပါတီကို လူထု က ကြည်ညိုကြပါလိမ့်မယ် ။ ဦးသာခင် ဆိုတာ ကတော့ မြို့နယ် မှာ လူတိုင်း က အသိအမှတ် ပြုရတဲ့ သမာဓိရှင် ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ် ။ ဦးသာခင် တို့ လို သိက္ခာ သမာဓိရှိတဲ့ သူတွေ ရှေ့ဆောင်ပါ မှ ကျွန်တော်တို့ တိုင်းပြည်ကြီး မှာ နိုင်ငံရေးသမားတွေ ညစ်ပတ်တယ် ၊ ခြစားတယ် ဆိုတာမျိုး အစွပ်အစွဲ မခံရတော့ဘဲ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပြည်တော်သာစခန်း ကို မျှော်မှန်းနိုင်ပါလိမ့်မယ် ။ ဒါကြောင့်မို့ ဦးသားခင် ကို မြို့နယ်ဥက္ကဋ္ဌ တင်မြှောက်ကြပြီး ဦးသာခင် က ဥက္ကဋ္ဌရာထူး ကို လက်ခံတာကို ကျွန်တော် က ဌာနချုပ် ကိုယ်စား ဝမ်းမြောက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ” ဟု ဆိုလေသည် ။
      
       ဦးသာခင် သည် ယင်းသို့ သူ့ မျိုးစဉ်ဆွေဆက် ၌ တစ်ခါမျှ မရောက်ခဲ့ဖူးသော ထိပ်တန်းသို့ သူ့ လက်ထက် ကျခါမှ ရောက်ရသည့် အတွက် အလွန် ကျေနပ်ဝမ်းမြောက်နေလေသည် ။ ပါတီ စည်းရုံးရေးမှူး ၏ ချီးကျူးသော စကား သည် စကားလုံးတိုင်း ရွှေတစ်ကြက်ဥ အလေးချိန် မျှ လေးနက် အဖိုးတန် သည် ဟု ဆိုရပေမည် ။ အကြောင်းကား ထင်ရှားလှပေသည် ။ ပါတီစည်းရုံးရေးမှူး မှာ စင်စစ်သော်ကား နောင်မကြာမီ ဝန်ကြီး ဖြစ်မည့် ပါလီမန်အတွင်းဝန် ဖြစ်လေသည်တည်း ။
      
       ဦးသာခင် သည် ချီးကျူးသံ နှင့် ယင်း ၏ နောက်ဆွယ် က ပါလာသော တစ်ခဲနက် သြဘာ သံကြီး ကို ကြားရသောအခါ သူ နှင့် သူ သာ နှိုင်းယှဉ်သာသော သူ ၏ ထူးခြားသော ဣန္ဒြေ ပြုံး ကြီး ကို ပြုံးပြ လိုက်လေသည် ။ ထို အပြုံးကြီး မှာ ပြုံးတာရှည်ကြီး ဖြစ်ပေသည် ။ မြို့နယ်ခေါင်းဆောင် ဖြစ်သည့်အလျောက် ၊ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲကြီး တွင် ပါလီမန်အမတ် အဖြစ် အရွေး ခံရတော့မည် ။ ဦးသာခင် သည် သွားလေသူ သူ့ဖ ခင်ကြီး နှင့် မိခင် သာ ရှိလျှင် အဘယ်မျှလောက် ကျေနပ်ဝမ်းမြောက်လေမည်နည်းဟု တွေးမိလေသည် ။ မိခင်ဖခင် တို့ မှ ကျော်လွန်၍ ဘိုးဘေးဘီဘင် တို့ဆီသို့ လှမ်းကြည့်ကာ သူတို့ လည်း သူ့ ကို အကြောင်း ပြု၍ ဂုဏ် တက်ကြပေမည် ဟု သူ ယုံကြည်လေသည် ။ ထိုသို့သော မျိုးစဉ်ဆွေဆက် ကို လှမ်း၍ ကြည့်သော ရာဇဝင်အကြည့် ဖြင့် ပြုံး တာရှည်ကြီးဖြစ်ပေါ်လာလေသည် ။ သူသည် သူ့ ကျေနပ်ဝမ်းမြောက်မှုကို သူ့ ပါရမီဖြည့်ဖက် ဒေါ်မေတင် အား အိပ်ရာဝင် ရာတွင် အားရပါးရ မျှဝေလေသည် ။ ဒေါ်တင်မေ သည်လည်း အပျို ကြီး ဘဝ မှ သီသီကလေး လွတ်လာရာ မှ သားသမီးပစ္စည်းပစ္စယ နှင့် ပြည့်စုံသည့် ဘဝသာယာ သို့ ရောက်ရချိမ့်မည် ဟု မျှော်တွေး၍ ပြုံးရှာလေသည် ။
      
       ယင်းသို့ အကျေနပ်ကြီး ကျေနပ် နေခိုက် တွင် ပင် သီတင်း ကျွတ်လေတော့သည် ။ သီတင်း ကျွတ် သည် လွတ်လွတ်ကျွတ်ကျွတ် ပျော်သော အခါ သမယ ဖြစ်ပေသည် ။ သီတင်းကျွတ်လပြည့် နေ့ ၌ ဦးသာခင် ခေါင်းဆောင်သော ပါတီ က ခေါင်းဆောင်၍ ရပ်ရွာရှိ ဆွမ်းလောင်းအဖွဲ့များ စုပေါင်းကာ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းပွဲကြီး ကျင်းပလေသည် ။ ညနေ လေးနာရီလောက် တွင် ဆွမ်းဆန်စိမ်းလောင်းပွဲကြီး မှာ စည်ကားသိုက်မြိုက်လှပေသည် ။ မြို့ပေါ်ရှိ သံဃာကုန် ခုနစ်ရာ ကျော် သည် ဝါစဉ် အလိုက် စီတန်း ကြွလာပြီးလျှင် မြို့လယ်မဏ္ဍပ်ကြီး ရှေ့ တွင် ဆွမ်းဆန် မှ စ၍ ပစ္စည်းများစွာတို့ကို အလှူ ခံကြလေသည် ။ ခေါင်းဆောင်ကြီး ဦးသာခင် သည် ပိတ်စ လက်ကန်တော့ ထိုး ကာ မဏ္ဍပ် ထိပ် မှ နေ၍ ခေါင်းဆောင်၍ ဆွမ်းဆန်စိမ်းလောင်းလေသည် ။ သူ့ အနီးတွင် သူ့ ဇနီး နှင့် သမီး တို့ ရှိကြသည် ။ သူတို့ က သူ့ အား လှူဖွယ်ပစ္စည်းများ ကို လှမ်းပေး၍ ကူညီ ကြသည် ။ မြို့နယ်သတင်းထောက်များ သည် ခေါင်းဆောင်ကြီး ကို ထောင့်အဖက်ဖက် မှ နေ၍ တဖျတ်ဖျတ် ဓာတ်ပုံ ရိုက်လျက် ရှိကြလေသည် ။
      
       နေဝင်ခါ နီး တွင် ဆွမ်းလောင်းကိစ္စ ပြီးသွားလေရာ အရပ်ရပ်မှ လာကြသော အတီးအမှုတ်  အကဝိုင်း တို့ သည် ခေါင်းဆောင်ကြီး နှင့် တကွ လူကြီးမင်းများ ရှေ့ တွင် အစွမ်းကုန် အပြိုင်အဆိုင် ကခုန် သီဆိုကြလေသည် ။ အလှ က သော အမျိုးသမီးကလေးများ သည် မြို့ပေါ်တွင် အလှဆုံးမယ် ကလေးများဖြစ်သည် ။ အပျော် က သော ဒိုးပတ်ဝိုင်း အိုးစည်ဝိုင်းများ သည် မြိုင်ဆိုင်လှပေသည် ။  ဦးသာခင် သည် သူ့ မူပိုင် အပြုံး ကြီး ပြုံး လျက် အမျိုးသမီးကလေးများ ကို ရှုစားလေသည် ။ ထို့နောက် အိုးစည်ဝိုင်း ၊ ဒိုးပတ်ဝိုင်း စသည့် အပျော် ကများ ကို လည်း ကြည့်လေသည် ။ အပျော် က များတွင် အိုးစည်တစ်ဝိုင်းမှာ အတော် ပွဲ ကျပေသည် ။ ကြည့်သူ အားလုံးပင် အူနှိပ် နေကြရသည် ။ ဦးသာခင် သည်လည်း ရယ်ချင်လွန်း ၍ အူ လိပ်၍ လိပ်၍ တက်လာလေသည် ။ သို့ရာတွင် သမာဓိနတ် က တား သဖြင့် သူ့ မူပိုင်အပြုံးကြီး ဖြင့်သာ ပြုံး လိုက်ရလေသည် ။
      
       ညဉ့်ဦး တွင် ပွဲ ပြီး၍ မဏ္ဍပ် မှ ဇနီး နှင့် သမီး တို့ နှင့်အတူ အိမ်သို့ ပြန်လေသည် ။ သူ့ အိမ်ဝိုင်းတစ်ဝိုင်း လုံး မှာ မီးနီ မီးဝါ မီးစိမ်း စသည် ဖြင့် မီးပဒေသာဆင်ယင်လျက် ရှိသည် ။ ဦးသာ ခင် သည် အဝတ်အစား လဲပြီးနောက် အသင့် ပြင်ထားသော ညစာ စားလေသည် ။ ညိုညိုယဉ် က ထမင်း ထပ် ထည့်ပေးရင်း သူ့ ဖခင် ကို မော့ ကြည့်ကာ “ ဖေဖေ ညို တို့ မီးပွဲ ထွက်ကြည့်ချင်တယ် ၊ ဖေဖေ ကော လိုက်ဦးမှာလား ” ဟု မေးလေသည် ။
      
       ဦးသာခင် က ထမင်းလုတ် ကို လက် နှင့် ပြင်နေစဉ် “ မလိုက်ပါဘူးကွယ် ၊ သမီး မေမေ နဲ့ သွားပါ ၊ ဖေဖေ ရေမိုး ချိုးပြီး ဘုရားအာရုံ ပြုလိုက်ဦးမယ် ၊ ကား နဲ့သွားလေ ၊ ပူစူးမ တို့ ကို လည်း ဝင် ခေါ်သွားပေါ့ ” ဟု ဆိုလေသည် ။
      
       “ မမမြင့် တို့ ကို မှာ ထားပြီးပါပြီ ၊ မေမေ နဲ့ သွားမှာပေါ့ ”
      
       “ အေး ... အားလုံးသွားကြ ၊ ရွှေခင် တို့ ကို လည်း ခေါ် သွား ၊ ငါတစ်ယောက် တည်း နေခဲ့ မယ် ”
      
       ဦးသာခင် သည် ဇနီး နှင့် သမီးနှင့် အိမ်စေမ တို့ ထွက်သွားကြသည် ကို ကြည့် နေလေ သည် ။ အိမ်ဝင်း တစ်ဝင်းလုံး မီးထိန်ထိန် လင်းနေသော်လည်း အိမ်တွင် မည်သူမျှ မရှိချေ ။ ဝင်း မြောက်ဘက်စွန်း ဂိုဒေါင်ဘက်ဆီ က ထန်းရည်တမြမြ နှင့် သီချင်းတအေးအေး နေသော ယံကနား နှင့် အပ္ပနား တို့ နှစ်ယောက် အသံ ကို လှမ်း ကြားရသည် ။ အိမ် အောက်ထပ် တွင် အိပ် သော ပွဲရုံစာရေး ဖိုးခွေး နှင့် ကတ္တား ချိန် ပေးရသော တပည့်လှသော် တို့လည်း ပွဲကြည့် ထွက်သွားနှင့်ကြလေပြီ ။
      
       ဦးသာခင် သည် အိမ်ရှေ့ လသာခန်း တွင် ပက်လက်ကုလားထိုင် တွင် လဲလျောင်း ရင်း စီးကရက် တစ်လိပ် ကုန်အောင် ဖွာ နေလေသည် ။ သူ သည် ညနေ က ပျိုမေတသင်း တို့ ၏ ရုပ်ပုံ ကို မျက်စိ ထဲ တွင် တဝဲလည်လည်ဖြစ်နေသည် ။ ဖျတ်ဖျတ်လတ်လတ် နှင့် အားရပါးရ အိုးစည် က က သော အရပ်မင်းသား မောင်မာဒင် ကို လည်း မြင်ယောင်နေလေသည် ။ ဆေးလိပ် လက်တစ်ဆစ် အဖြစ် သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အနီးရှိ ပြာခွက် တွင် လက်နှစ်ချောင်းဖြင့် ထိုး ချေလိုက် ပြီးလျှင် ပက်လက်ကုလားထိုင် မှ ထလိုက်လေသည် ။
      
       မကြာမီပင်လျှင် သူ သည် နံငယ်ရေလဲပိုင်းကလေး ဝတ်လျက် ရေချိုးခန်း ထဲ တွင် ရောက်နေ လေသည် ။ ရေချိုးခန်းတံခါး ကို ပိတ်ထားရုံ နှင့် အားမရသေး ဘဲ ပြတင်းပေါက်ကို လည်း ပိတ် လိုက်‌လေသေးသည် ။ ပြတင်းပေါက် ပေါ် ရှိ မှန်လယ်ပေါက် မှ လေတဟူးဟူး ဝင် နေလေသည် ။ ဦးသာခင် သည် အလွန် လုံခြုံသော အခန်း ထဲ ၌ တစ်ကိုယ်တည်း ရောက်နေသည် ကို ကျေနပ်နေ သည် ။ လွတ်လပ်သလိုလို ဖြစ်နေမိသည် ။ သူ သည် ရေအိုး ထဲ မှ ကြေးဖလားကြီး နှင့် ခပ်ပြီး ပခုံး မှ လွှဲ၍ ရေ လောင်းချလိုက်သည် ။ ထို့နောက် အထက် သို့ မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး လျှင် အနီး ရှိ ဘုံပိုင်ခေါင်း ကို လှည့် လိုက်ရာ ၊ သူ့ ကိုယ်ပေါ် သို့ ရေပန်းဖွာကျလာလေသည် ။ သူ သည် တဖွားဖွား ကျလာသော ရေပန်းအောက် တွင် တစ်မိနစ်ခန့် ငြိမ် ရပ် နေပြီးမှ လက်တွင် ရှိသော ကြေးဖလားကြီး ကို မှောက် ၍ ညာလက်မောင်း နှင့် ပတ်ထားပြီးလျှင် ဖလားကြီး အောက် ခံကို ဘယ်လက်သီး ဖြင့် ထုကာ “ ရွှေအိုးစည် လွယ်သလေလေ့ လွယ်သလေလေ့ လိမ်ဖယ်ဖယ် တီးပေါ့ မောင်ရယ် ” ဟု အသံကလေး ခပ်အုပ်အုပ် ဆိုကာ အိုးစည် က က လေသည် ။  
      
       အစ ၌ အသံ ခပ်အုပ်အုပ် ၊ ခြေလက် ခပ်ဆိုင်းဆိုင်း ဖြစ်သော်လည်း သုံးလေးမိနစ်အတွင်း ၌ အသံ ကျယ်လာသည်နှင့်အမျှ မောင်မာဒင် နည်းအတိုင်း ရေတဖွားဖွား အောက်တွင် ခုန်ပေါက် ၍ နေလေသည် ။
      
       သူ သည် လူမမည် အရွယ် က ကိုယ်တုံးလုံး နှင့် မိုးရွာ ထဲ လျှောက် ပြေးရသကဲ့သို့ လွတ်လပ် ပျော်ရွှင်နေလေသည် ။ တစ်ချီ ကပြီးသည် နှင့်တစ်ပြိုင်နက် ဆပ်ပြာစင် ပေါ် ၌ ရှိသော ထောက်မှန် ကလေး ကို လှမ်း ယူ၍ သူ့ မျက်နှာ ကို ကြည့်ပြီးလျှင် အားရပါးရ ရယ်လိုက်လေသည် ။
      
◾တက်တိုး ( ၁၉၅၉ )
      
📖 ၂၀ ရာစု မြန်မာဝတ္ထုတို
      
       www.facebook.com/aung.naingoo.3726613
      
       .

No comments:

Post a Comment