Tuesday, July 14, 2020

အောင်ကာရန် ဆောင်နိမိတ်တွေနဲ့

 ❝ အောင်ကာရန် ဆောင်နိမိတ်တွေနဲ့ ❞

လူတွေက ' ကံ ' ကြမ္မာအလှည့်အပြောင်းဆိုပြီး အကောင်းအဆိုးနှစ်မျိုးကိုပဲ ဂရုစိုက်တတ်ကြပါတယ် ။ အထူးသဖြင့် လောကီအကျိုး ၊ ငွေကြေး ၊ ဂုဏ် ၊ နာမည်ကျော်စောမှု စသဖြင့်ပေါ့လေ ။

ကျွန်တော်ကတော့တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာတတ်တဲ့ ပီတိ​ဖြစ်  စရာလေးတွေ ၊ ပျော်စရာလေးတွေ ၊ တရားကျစရာ..တွေ ကြုံလာရင်လည်း ' ကံကောင်းလိုက်တာ ' လို့ ထင်မိတတ်ပါတယ်ဗျာ ။ ဆိုပါစို့ ကိုယ်အလွန်လေးစား တဲ့ စာရေ.ဆရာကြီးတစ်ယောက်ကို ဖျတ်ခနဲ မြင်ဖူးရုံလေးရှိတာနဲ့ကို ကံကောင်းတယ်လို့ပဲ ခံစားရတတ်တာမျိုးပေါ့ ။ စကားပြောခွင့် ၊နည်းနာခံခွင့် ၊ စာပေဆွေးနွေး နိုင်ခွင့်လောက် များ ရမယ်ဆိုရင်တော့ မပြောပါနဲ့တော့ပါပဲ ။

ခုလည်း ဂီတနဲ့ပတ်သက်လို့အထူးသဖြင့် သီချင်းအဆိုနဲ့ ပတ်သက်လို့ ကံကောင်းခဲ့ရတာလေး ပြန်တွေးမိနေပါတယ် ။

မှတ်မှတ်ရရ ၂၀၀၀ ပြည့်နှစ်မန္တလေးမြို့မဂီတအသင်းကြီးရဲ့ စိန်ရတုပွဲ သွားရောက်ကူညီဖျော်ဖြေခဲ့ရတုန်းကပါ ။ အဲဒီတုန်းက ရန်ကုန်က ဂီတပညာရှင် အတော်များများ မန္တလေးကို သွားခဲ့ကြပါတယ် ။ မိတ်ဆွေရင်းချာသဘော ၊ မိသားစုသဘောနှင့်မို့ ချစ်ဖို့အလွန်ကောင်းပါတယ် ။ အောက်ပြည်အောက်ရွာက ဂီတပညာရှင်များကလည်း မြို့မပွဲသို့   မြို့ မသီချင်းတွေ တတ်အားသလောက်ဆိုကြပါတယ် ။

ကျွန်တော်ကတော့ နန်းတော်ရှေ့ဆရာတင်ရဲ့ “ လှောင် ” သီချင်းကို ဆိုပါတယ် ။ ကျွန်တော်ကံကောင်းတယ်ဆိုရတာက သီချင်းတစ်ပုဒ်လုံးကို ( အောင် ) ကာရန်တွေနဲ့ချည်း ယူထားတာမို့ ဆိုသူရဲ့ အမည်ကို သီချင်းထဲ ထည့်ဆိုတဲ့အခါ " သုမောင် " ဆိုတော့ ကာရန်သင့်သွားတာကြောင့်ပါပဲ ။ အဲဒီ ' လှောင် ' သီချင်းကို မူလက ( မန္တလေး ) ဦးချစ်ဖွယ်ကြီး ဆိုခဲ့တာပါ ။ နောက်တော့ ဦးချစ်ဖွယ်ရဲ့သား ( မန္တလေး ) ဦးသိန်းတန်က ဆိုခဲ့တယ်လို့ သိရပါတယ် ။ မူလသီချင်းကို ဓာက်ပြား ၊ တိပ်ခွေ စသဖြင့် သွင်းထားတာ မရှိလို့ ဘယ်သူနဲ့ အကျော်ကြားဆုံးလဲ ကျွန်တော် မသိရပါဘူး ။ ကျွန်တော့်အနေနဲ့တော့ အဲဒီ “ လှောင် " သီချင်းကို မြို့မအဖွဲ့နဲ့ ရန်ကုန်မှာပဲ တိပ်ခွေစီးရီးထဲမှာ ကျွန်တော် သွင်းဖူး ဆိုဖူးတာပါ ။ သီချင်းစာသားမှာက

“ အလွန်တကယ် သရော်လှောင် ရွံတယ် ကျွန်တော် ရှောင် ခုနစ်ဆယ်ကျော် တောင်ကို မြို့မနဲ့ ဝေးမယ်မထင်ပေါင် သားတွေက လှောင် သမီးတွေက လှောင် ပွဲတီးတဲ့ခါ မိန်းမကလှောင် နေ့တိုင်း မင်းတို့ ကျုပ်ကို လှောင် လှောင်ပေမယ်လို့ကွယ် သုမောင်ကြီးတရားမချို့ ပေါင် သနားဖို့အကောင် " တဲ့ ။

အရင့်အရင် ကျွန်တော့်ထက် ဦးစွာသီဆိုခဲ့တဲ့ ပညာရှင်ကြီးတွေထဲမှာ “ အောင် ” ကာရန်ပါတဲ့ သူမရှိခဲ့ဖူးလို့ သိရပါတယ် ။ ဥပမာ ဦးသိန်းတန်ကြီးဆိုရင်လည်း " သိန်းတန်ကြီး တရားမပေါင် သနားဖို့အကောင် " လို့ပဲ ဆိုရမှာပါ ။ ဦးချစ်ဖွယ်ကြီးဆိုတာ ဖြစ်ရင်လည်း " ချစ်ဖွယ်ကြီးတရားမချို့ပေါင် ” လို့သာ ဆိုခဲ့မှာပါဗျာ ။

ခုတော့ ကျွန်တော်ဘယ်လောက် ကံကောင်းပါသလဲ ။ “ အောင် ” ကာရန်ယူထားတဲ့ သီချင်းကိုမှ ဆိုခွင့်ရခဲ့တာ ။ ဒီသီချင်းဟာ ကျွန်တော့်အထက်ဘိုးစဉ်ဘောင်ဆက်က ပေါ်ခဲ့ပေမယ့် ကျွန်တော့်အလှည့်ကျခါမှ တိပ်ခွေသွင်းဖြစ်ပြီး ကိုယ့်နာမည် ထည့်ဆိုခွင့် ရလိုက်တော့ နောင်တစ်ချိန်မှာ ကျွန်တော့်သီချင်းလိုများ ဖြစ်သွားလေမလားပေါ့ ။

အဲသလိုများ ဖြစ်သွားခဲ့ရင်လည်း ကျွန်တော်ကတော့ တိတ်တိတ်ကလေးကျိတ်ပြီး ဂုဏ်ယူနေမိတော့မှာပါပဲ ။

စောစောကပြောသလို မန္တလေးမှာ စင်တင်ဂီတဖျော်ဖြေရတော့လည်း
ပရိသတ်ကို ဟန်နဲ့ ပန်နဲ့ ရင်ဘတ်ကြီး ပုတ်ပုတ်ဆိုပြရတာ အရသာရှိလိုက်တာဗျာ ။ အဲသလိုကျွန်တော်ကဆိုတော့ အမေလူထုဒေါ်အမာက သူစင်အောက်က နားထောင်ရကြောင်း ၊ ငယ်မူပြန်ပြီး ခြေလက်နဲ့ စည်းဝါးလိုက်နေမိကြောင်း မဟေသီမဂ္ဂဇင်းမှာ ဆောင်းပါးတစ်ပုဒ် တကူးတကန့် ရေးခဲ့ပါသေးတယ် ။ အမေတို့ငယ်ငယ်က သီချင်းဆိုပဲ။ ကဲ... ကျွန်တော် သုမောင်ကို ကံ မကော င်းပေဘူးလား ။

တလောဆီက အစ်ကိုချစ်ဆွေ ( စန္ဒရားချစ်ဆွေ ) က ဘာသဒ္ဓါပေါက်တယ် မသိပါဘူး ။ “ ဟေ့ကောင်... ဗလ မင့်ကို သီချင်းအသစ်တစ်ပုဒ်စပ်ပေးမယ် ” လို့ ပြောပါတယ် ။ ဒီလို ရေးရတာက အစ်ကိုချစ်ဆွေဟာ သီချင်းသစ်မပြောနဲ့ ၊ သူ့သီချင်းဟောင်းတွေ ပြန်ဆိုချင်တယ်လို့ တောင်းရင်တောင် ( ဘယ်လောက်ပုံ ​ေပး ပေး ) စိတ်မထင်ရင် ဘုဆတ်ဆတ်ကြီး ငေါက်လွှတ်တတ်တဲ့သူ
ပါ ။ “ မင်းဆိုလို့ ကရုဏာသက်စရာ တစ်ကွက် မှ မရှိဘူး ” လို့လည်း ငေါ့တော့တော့ လှောင်တောင်တောင် ပြောချင်ပြောတတ်ပါရဲ့။

ခုတော့ ဘာအဆက်အစပ်မှ မရှိဘဲ (လက်ဖက်ရည်ဆိုင်မှာ) သူကစပြီး စေတနာတွေ စီးဆင်းလာတော့ " ဟ..ငါ ထီပေါက်တာပဲ ” လို့လက်ခမောင်းခတ်မိပါတယ် ။ အကြောင်းသိတွေကလည်း “ ​ေဟ့ ... ဘိုသု ထီထိုး ” လို့ ဩဘာပေးကြလေရဲ့။

တကယ်ပါပဲ ။ အဲဒီကိစ္စကို သူ မမေ့မလျော့အကောင်အထည် ဖော်ခဲ့ရာမှာ မနေ့က ( ၁၉ - ၅ - ၂၁၀၃ ) မှာ မြန်မာ့အသံတီးဝိုင်းနဲ့ သူ့သီချင်းကို သီဆိုဖြစ်ခဲ့ပါတော့တယ် ။ “ အစ်ကိုချစ် ” ကိုယ်တိုင် စန္ဒရားမတီးပေမယ့် ကျွန်တော့်အနားကပ်ပြီး တစ်ချိန်လုံး လိုက်ဆိုပြပေးခဲ့ပါတယ် ။ ( သူ့အသံကလေးပါအမှတ်တရရှိအောင် ကျွန်တော်က သီချင်းတိုက်တုန်း အိတ်ဆောင်ကက်ဆက်နဲ့ တိတ်တိတ် သွင်းယူထားလိုက်ပါတယ် ) ကိုင်း... သီချင်းကို ကြည့်ပါဦး ။ ခေါင်းစဉ်က “ မောင်မောင် ပစ်တိုင်းထောင် "

စာသားတချို့ကို ဖော်ပြရရင်...

" ကျရာအရပ်မှာ တထောင်ထောင် အရှုံးမပေးပေါင် အပြုံးကလေးဆောင် အမုန်းတေးစကားကို ရှောင် မောင်ပစ်တိုင်းထောင် ဘဝကို အရှုံးမခံ ရုန်းကန်ခြင်းနဲ့ ပြိုင်ရအောင် အားငယ်စိတ်တွေရှောင် မောင်ပစ်တိုင်းထောင် နှလုံးသားလေးများ ဖြူစင် သမောင် ( ပစ်တိုင်းထောင် ) မောင် မောင် ပစ်တိုင်းထောင် ××× ” စသဖြင့်ပေါ့ဗျာ ။

ကြည့်စမ်းပါဗျာ ။ ဒီသီချင်း ကျွန်တော့်ကိုယ်ပိုင်ဖြစ်မယ့်သီချင်းကလည်း “ အောင် ” ကာရန်ပါပဲလား ။အကြောင်းအရာကလည်း ကျွန်တော့်စရိုက်နဲ့ ကိုက်ပါပေ့။ ' ကျရာအရပ်မှာ တထောင်ထောင် ' တဲ့ ။ ကျွန်တော့်မှာလေ ဆိုနေရင်းက ထလိုက်ရတဲ့ကြက်သီး။

ပြီးတော့ စာဖတ်သူကို ကျွန်တော် တိတ်တိတ်ခိုးသွင်းထားတဲ့ အစ်ကို
ချစ်ဆွေရဲ့ အသံတွေ ဖွင့်ပြချင်စမ်းပါဘိ ။ ဆိုပေါက်လွဲလို့ ဆဲတဲ့အသံတွေ ၊ ပီဘိ အဆိုတော်သစ်ကလေးကို သီချင်းချပေးနေသလို အရစ်အဟဲတွေ ပြပေးနေတာတွေ ၊ အဝင်အထွက်တွေ စိတ်တိုင်းမကျလို့ စာရွက်ကို တဗြန်းဗြန်း ရိုက်တဲ့အသံတွေ ။

ဪ.. ငါးဆယ်ကျော် အဘိုးအိုလေးကို ခုနှစ်ဆယ်ကျော်အဘိုးကြီးက သီချင်းတက်ပေးနေပုံများ နံဘေးကနေလာကြည့်ကြစေချင်စမ်းပါဘိ ။

ကိုင်း... ကျွန်တော် ကံမကောင်းပေဘူးလားဗျာတို့ ။

သုမောင်

ပေါ်ပြူလာဂျာနယ်

ဇူလိုင်လ ၁ ရက် ၊ ၂၀၀၃ ခုနှစ်

Sunday, July 12, 2020

ငယ်က အချစ်


❝  ငယ်ကအချစ်  ❞
    ​ေဩာ်  ငယ်ကအချစ်အနှစ်တရာမမေ့သာတဲ့ ။ လေးလေးကတော့ချစ်ခဲ့ဖူးတာ နှစ်နှစ်ဆယ်အစိတ်ရှိသေးတယ် ။ အကုန်မေ့ကုန်ပြီ ။ ဘယ်သူတွေ ချစ်ခဲ့မိလို့ ဘယ်သူတွေ ကြိုက်ခဲ့မိမှန်း မသိပါဘူး ။
    တွေးကြည့်တယ် ။ လေးလေးရဲ့ ချစ်ဦးသူဟာ ဘယ်သူပါလိမ့်လို့ ။ တွေးမရဘူး ဖြစ်နေတယ်ကွဲ့ ။ လေးလေးရဲ့ ချစ်ဦးသူဟာ ဘယ်သူပါလိမ့် ဘယ်သူပါလိမ့် ဘယ်သူပါလိမ့်လို့ လက်ပေါ် နဖူးတင်ပြီးလည်း တွေးကြည့်တယ် ။
နဖူးပေါ် လက်တင်ပြီးလည်း တွေးကြည့်တယ် ။ တွေးလို့မရဘူး ။ ချစ်ဦးသူ စာရင်းပျောက်နေတယ် ။ ပြီးတော့ နောက်ဆုံးချစ်တဲ့ အချစ်
နိဂုံးစာရင်းလည်း ပျောက်နေတယ် ။ ဘယ်သူ့ကိုနောက်ဆုံး ချစ်မိလို့ချစ်မိမှန်းလည်း မသိဘူး ။ ချစ်ရမယ်ထင်တာတော့ ခုထိလည်းချစ်နေတုန်းကိုး ။ ဒီတစ်ယောက်နဲ့ချစ်နေတုန်း ဟိုတစ်ယောက်က အခြေအနေပေးတာနဲ့ အချစ်ကို ထရန်စဖာပေးပြီး အပြောင်းအရွှေ့လုပ်တာတွေကလည်း အများသား ။ တစ်ခါတစ်ခါ မိန်းမတစ်ယောက်ယောက်နဲ့များ လမ်းမှာကြုံလို့
“ ကိုကံချွန် ရှင် ကျွန်မကို မှတ်မိရဲ့လား ”
ဆို မေးလိုက်ရင် ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားတာပဲ ။ အမှုတွဲဟောင်းများ ပြန်ပေါ်တော့လေမလား ဆိုပြီး ။ အဲသလိုမေးတဲ့ မိန်းမက ပီပါလောက်ဝပြီး ပုံဆိုးပန်းဆိုးဆိုလို့ကတော့အမေးခံရတဲ့နေရာကနေ ဝေးရာကို ဖနောင့်နဲ့တင်ပါးတစ်သားတည်းနေအောင်ပြေးချင်တော့တာပဲ ။ သူ့မျက်နှာသာ ရယ်ကျဲကျဲနဲ့ ကြည့်နေရတယ် ။ ဘယ်သူမှန်း တကယ်သိတာ ။
" ရှင်ပဲ မောင့်အသည်း နွဲ့လေးလို့ ခေါ်ခဲ့တာလေ ”
ဆိုပြီး အစဖေါ်ပေးမှ " ေဩာ် ငယ်ငယ်က ငါ့ အချစ်ဆုံး
လေးပါလား ” လို့ဖြူဖြူသွယ်သွယ် ချစ်စဖွယ်ရုပ်ကလေးကို မြင်ယောင်မိတော့တယ် ။ အဲဒီတော့လည်း ချစ်ရေးဆိုစဉ်က သူငြင်းခဲ့တာဟာ ငါ့ကုသိုလ်ကံ ကောင်းလွန်းလို့ပဲဆိုပြီး သက်ပြင်းချမိပါရဲ့။ အဲဒီတုန်းကသာ လက်ခံလိုက်လို့ ကိုယ်နဲ့ရပြီးမှ ဒီလိုပုံကြီးပေါက်နေရင် ဒုက္ခအသစ်
တစ်မျိုးတိုးသွားမှာ သေချာတယ် ။
    ချစ်သောသူနဲ့ ကွေကင်းရခြင်းဒုက္ခ ၊ မချစ်သောသူနဲ့ ပေါင်းသင်းရခြင်းဒုက္ခ
ပြီးတော့ ချစ်သောသူနဲ့ ပေါင်းသင်းရခြင်းဒုက္ခလို့ ။
    အဲသလိုတွေ့ရကြုံရပြီဆိုရင် မြန်မြန်နှုတ်ဆက်ပြီး မြန်မြန်လစ်ရတော့တာပဲ ။ ရှက်လို့မဟုတ်ပါဘူး ။ သူ့အရွယ်နဲ့သူ ပြောခဲ့ ၊ ရေးခဲ့ ၊ ပေးခဲ့တဲ့ ကိစ္စတွေပဲ ။ လစ်ပြေးချင်တာက သူ့ ဘော်ဒီပုံမလာလို့ပါ ။
    သူသာအပျံစားဆိုလို့ကတော့ ဘာပြောကောင်းမလဲ အလွမ်းသယ်လိုက် မယ့်ဖြစ်ခြင်း ။ အင်း ယောက်ျားများရဲ့ စိတ် ။
    ဒီ ချစ်တယ် ကြိုက်တယ်ဆိုတဲ့ ကိစ္စကြီးကို လေးလေး
သေသေချာချာ စဉ်းစားကြည့်တယ် ။ လူသားသမိုင်းမစခင်ကတည်းက အချစ်ဆိုတာ ရှိခဲ့တာပဲ ။ကျောက်ခေတ် လူသားတွေကနေ ဒီနေ့ သိပ္ပံလူသားတွေထိ မရိုးနိုင်ဘဲလက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြတာကတော့ အချစ်ဆိုတဲ့အရာပါပဲ ။ လူသားဘဝရဲ့အစ ကျောက်ခေတ်ဦး လူသားဘဝကတည်းက တွေ့ရှိခဲ့တဲ့အချစ်ဟာ လူသားတစ်ယောက် ကလေးအရွယ် လွန်မြောက်တာနဲ့ နှလုံးသားထဲကို ခိုဝင်ပြီး အငြိမ်မနေ
တော့ဘဲ ကမြင်းတော့တာကိုး ။ အချစ်ကြောင့်ရင်ခုန်တယ်ဆိုတာ ဒီက စတာပေါ့ ။
    ကလေးဘဝမှာ အတူတူကစားခဲ့ကြတဲ့ မိခွေးနဲ့ ဖိုးထောင် ၊ တက်တူနဲ့ ဂွက်ထော် ၊ ဂျော်နီနဲ့ မာဂရက် စတဲ့ကလေးတွေ အတူတူ မုန့်စားလိုက် ၊ လိုက်ထုလိုက် ၊ တူတူပုန်းလိုက် မလုပ်တော့ဘဲ
မကစားတော့ဘဲ ခပ်တည်တည်လေးတွေ ဖြစ်လာပြီဆိုရင် သူတို့ အချစ်စိတ် စဝင်လာလို့ပဲ ။ မရိုးသားကြတော့လို့ပဲ ။ အဲ အချစ်စိတ်ဝင်လာလို့ ချစ်သွားကြပြီဆိုရင်တော့ တစ်ခါပြန်ပြီး အတူတူ
မုန့်စားလိုက် ၊ တူတူပုန်းလိုက် ၊ လိုက်ထုလိုက် လုပ်ကြပြန်ရော ။
    အဲသလို ငယ်စဉ်မှာ ပထမဆုံး စချစ်ခဲ့တဲ့အချစ်ကို ငယ်ချစ်လို့ ခေါ်တာထင်ပါရဲ့။
     ◾   ကံချွန်
      📖  အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း( ၁ )
.

Saturday, July 11, 2020

နာမကရဏ မင်္ဂလာ



  ❝  နာမကရဏ မင်္ဂလာ ❞
     မနေ့ညက မိုးကြီး စုံစုံချုပ်မှ ရောက်လာသဖြင့်ပတ်ဝန်းကျင်ကို အသေအချာ မလေ့လာနိုင်အားခဲ့ ။ သည်နေ့ မနက် မှပင် စေ့စေ့စပ်စပ် ကြည့်ရတော့သည် ။ ကျွန်တော် နေထိုင်ရာအခန်းသည် ၁၆ ပေ x ၁၂ ပေ ကျယ်ဝန်းသော အခန်းဖြစ်၏ ။ အခန်းကို ၂ ပိုင်း ပိုင်းထားသည် ။ ၁၂ ပေ ၄ ပေခန့် ကျယ်ဝန်းသော နောက်ဘက်ခြမ်းနှင့် ၁၂
ပေ ပတ်လည်ရှိ ရှေ့ဘက်ခြမ်းတို့ပင် ။ နောက်ဘက်ခြမ်းမှာ ပခုံးအမြင့်လောက်ရှိသည့် အုတ်ထရံ ကာရံထားသော ရေလောင်းအိမ်သာ တစ်ခုနှင့် ရေဘုံဘိုင်တစ်ခုပြီးတော့ စဉ့်အိုးတစ်လုံး ရေခွက်တစ်ခွက် အထွေထွေသုံးရန် ပလတ်စတစ် ဇလုံတစ်လုံးတို့ ရှိလေသည် ။ ရှေ့ဘက်ခြမ်းမှာတော့ သောက်ရေအိုး ၁ လုံး ၊ ဖျာကြမ်း သုံးချပ် ၊ ဂွမ်းစောင်တစ်ထည် ၊ ပုံ စံ စောင် ( ချည် စောင် ) တစ်ထည်နှင့် မျက်နှာကြက်ပေါ်မှ ဝပ်လေးဆယ်အား မီးလုံးတစ်လုံးတို့သည်ကား ကျွန်တော်ပိုင်ဆိုင်သမျှ အကုန်ပင်ဖြစ်လေသည်။
     သည် ၁၆ ပေ ၁၂ ပေခန်းကို သံတိုင်ကာရံထားသည့် တံခါးမကြီးတစ်ချပ် ၊ပြတင်းပေါက် တစ်ခုအားဖြင့် အရှေ့ဘက်ရှိ မျက်နှာစာခန်းနှင့် ပိုင်းခြားထား၏ ။မျက်နှာစာခန်းသည် ၁၂ ပေ ၆ ပေ ကျယ်ဝန်းပြီး သစ်သားတံခါး တစ်ချပ် တပ်ဆင်ထားသည် ။ အပေါ်မှာတော့ သံဆန်ခါ အုပ်ထား၏ ။ သည်သစ်သားတံခါးမှ တစ်ဆင့်သာလျှင် ပြင်ပသို့ မြင်နိုင်ခွင့်ရှိသည် ။ကျောဘက်နံရံမှာ တပ်ဆင်ထားသော သံတိုင်တပ် ပြတင်းပေါက်ကတော့ အပြင်မှာဖြစ်သဖြင့် ရံခါသာခပ်လှမ်းလှမ်းသို့ ကြည့်လိုလျှင်ဖြစ်စေ ၊ နေထွက်လထွက်ကို ကြည့်လိုလျှင်ဖြစ်စေ အသုံးပြုနိုင်ပေလိမ့်မည် ။
     ရှေ့ဘက်တံခါးမှမျှော်ကြည့်လိုက်လျှင် မုန်လာစိုက်ခင်းတစ်ခု ၊ မြေနီလမ်းကလေး ၊ ပြီးတော့ သရက်ပင်ကြီးနှစ်ပင် သင်္ဘော ၊ မယ်ဇလီပင်အုပ် ၊ နောက်တော့ ( နောင်အခါ စစ်ကြောရေးရုံးဟု သိလာရသည့် ) တစ်ထပ်အဆောက်အဦ တစ်ခု အုတ်စည်းရိုးနီနီ ဟိုမှာဘက် မှာတော့ မီးလောင်ပျက်စီးနေပြီဖြစ်သည့် ထောင်အဆောင်ကြီးတစ်ခု ။ ဒါသည်ပင်ကျွန်တော် မြင်ပိုင်ခွင့်ရှိသည့် နယ်နိမိတ်အစအဆုံးဖြစ်၏ ။
     ကျောဘက် ပြတင်းမှတစ်ဆင့် ကြည့်လိုလျှင် ဦးဆုံးပထမ အိမ်သာအုတ်ပေါင် ပေါ်သို့တက်ရ၏ ။ ထိုမှမျှော်လိုက်လျှင်ဖြင့်မီးလောင်ပြီးစ အဆောင်ကြီးတစ်ခု နောက် ခပ်လှမ်းလှမ်းမှာ ကုက္ကိုပင်ကြီးနှင့် တွဲဖက်ထောင်ဟု အမည်ရသည့် သီးသန့်ထောင်ကြီးတို့ကို မြင်ရလေသည် ။
     ညတုန်းက ပိန်ပိန်သေးသေး ထောင်မှူးလေးက ကျွန်တော့်အား စကား
ပြောခွင့်မရှိကြောင်း ၊ တစ်ခန်းနှင့်တစ်ခန်း လှမ်းပြီးအော်ပြော၍ မဖြစ်နိုင်ကြောင်း ၊ ဝန်ထမ်းများကိုလည်း စကားမပြောရန် တင်းကျပ်စွာ တားမြစ်ကြောင်း မိန့်မှာကြားသွားလေရာ ကျွန်တော့်မှာ အတော်ပင် အကျပ်ရိုက်သွားတော့၏ ။ သောကြာသားဖြစ်သော မိမိအဖို့မှာ ထမင်းမစားလျှင်သာ နေနိုင်မည် ။စကားမပြောရလျှင် မနေနိုင်ဖြစ်ရကာ အကြောင်းတစ်ခုခုရမယ်ရှာပြီး ပြောနေရမှ ကျေနပ်သူဖြစ်လေရာ ဤစည်းကမ်းချက်သည် လိုက်နာရန် အလွန်ခက်ခဲလှပေသည် ။ လူသူမနီးသည့်နေရာမှာ တစ်ယောက်တည်းနေပြီး စကားလည်း မပြောရပြန်ဆိုတော့ ဘယ်လိုဟာကြီးပါလိမ့်ဟု တွေးမိနေပြန်၏။
     သို့သော်လ ည်း မကြာမီမှာပင် ကျွန်တော့်အခန်းရှေ့ရှိ မုန်လာစိုက်ခင်းသို့ ထောင်ကျများ အလုပ်ဆင်းလာကြလေသည် ။ သည်ပုဂ္ဂိုလ်များကို စကားပြောရပေအံ့ဟု ဆုံးဖြတ်ကာ “ ရွှတ်ရွှတ်ရွှတ် ” ဟူ၍တစ်နည်း “ ကစ်ကစ်ကစ် ” ဟူ၍ တဖုံ “ ရွှီ ရွှီ ရွှီ ” ဟူ၍ လေချွန်ကာတစ်မျိုး အမျိုးမျိုးခေါ်သော်လည်း ထိုသူတို့ကပင် နားလေး၍လား ( သို့တည်းမဟုတ် ) ကျွန်တော့် အသံကပင် တိုး၍လားမသိ ၊ ဆက်သွယ်မရနိုင်ဖြစ်နေတော့၏ ။ သို့ဖြင့် သူတို့နှင့် မျက်လုံးချင်းဆုံခွင့်ရရန် ကြိုးစားရပြန်လေရာ ထိုပုဂ္ဂိုလ်များသည် ကျွန်တော့်ကို ကြည့်မိလျှင်ပင် သေဒဏ်ပေးခံရမည့်အလား မျ က်မွေးထော် လော်လို့မှ မကြည့်လေတော့ရာ ကျွန်တော့်မှာ မိမိ၏ အစီအစဉ်ကို လက် မြှောက်အရှုံးပေး လိုက်ရတော့သည်။
     သည်တော့ စကားပြောဖော်ရှာရပြန်တော့၏ ။ ဟော... တွေ့ပါပြီကော ။
အခြားတစ်ပါးတော့ ဟုတ်ပါရိုးလား ။ အခန်းရှေ့မှာ အစာလာစားကြသော စာကလေးများနှင့် စီတန်းချီတက်နေကြသော ပုရွက်ဆိတ်များပင်တည်း ။ ကိုယ့်ကိုပြန်ပြောသည် ဖြစ်စေ ၊ ပြန်မပြောသည်ဖြစ်စေ... အဖက်လုပ်လုပ် မလုပ်လုပ် ကိုယ့်တာဝန်အရ ပြောရမည်သာပင် ။
     သို့သော်လည်း ကျွန်တော့်အား မြန်မာစကားပြော မေ့မသွားစေရန် လေ့ကျင့်ပေးသူများက အလိုအလျောက် ပေါ်လာကြပေသည် ။ ပထမဆုံး ရောက်လာသူများကတော့ ထောင်မှတ်ပုံတင်စာရင်း လာရောက်ရေးသွင်းသူများပင် ။ လမ်းခင်းကျောက်ပြား အရွယ်ခန့်ရှိသော စာအုပ်ထူကြီးကိုကိုင်ပြီး ဝန်ထမ်းသုံးဦးသည် မျက်နှာစာအခန်းတွင်းသို့ ဝင် ရောက် လာကြလေသည် ။ သည့်နောက် မှာတော့ စာအုပ်ကြီးကို ကြမ်းပြင်ပေါ်မှာ ချခင်းရင်း အမည် ၊ အဘအမည် ၊ အသက်စသည်ဖြင့် တစ်ခုပြီးတစ်ခု မေးမြန်းကာ
ရေးသွင်းနေကြပါတော့သည် ။ ကျွန်တော်ကတော့စကားပြောဖော်ရပြီဟု ဝမ်းသာလုံးဆို့ပြီး လိုအပ်သည်ထက်ပင် ပို၍ဝေဝေဆာဆာကြီး အဖြေပေးနေမိတော့၏ ။ ပြဿနာ စတက်သည်ကတော့ “ ကိုယ်တွင်ထင်ရှားသည့် အမှတ်အသား ” ဆိုသောအချက် ၌ပင် ဖြစ်လေသည် ။
     “ ကိုဇာဂနာ ကိုယ်မှာထင်ရှားသည့် အမှတ်အသား ဘာရှိသလဲ ”
     “ မှတ်ပုံတင်ထဲမှာတော့ မေးစေ့အောက် မှာ အမာရွတ်ရှိတယ်လို့ ပါတာပဲ ။ ခုတော့ မုတ်ဆိတ်မွေးတွေ ဖုံးနေလို့ မမြင်သာဘူးပေါ့လေ ”
     “ ဒီပြင်ဟာကော ဘာရှိသေးသလဲ ”
     အပြေးအလွှား စဉ်းစားလိုက် မိ၏ ။ ကိုယ်လုံးပေါ်မှန်ရှိလျှင်လည်း ကောင်းသား ။ ကိုယ့်ခန္ဓာကိုယ်မှာ ဘာအမှတ်အသား ရှိလို့ ရှိမှန်းမသိ ပြန်လျင်လည်း ရှက်စရာ ။ ထိုစဉ် မတ်တတ်ရပ်နေသော ဝန်ထမ်းတစ်ဦးက .....
     “ ဒီရင်ဘတ်က မဲှ့ကို ရေးလိုက်ရင် ရတာပဲ ”ဟု ဆိုလာသောအခါ.....
     နောက်တစ်ဦးက  " ဟာ... ဒါဆို လက် မောင်းက မဲှ့က ပိုထင်ရှားတာပဲ ဒီဟာရေးမှာပေါ့ ” ဟု ဝင်၍ အကြံပေးပြန် လေသည်။

    သို့ဖြင့် အနှီ ပုဂ္ဂိုလ်နှစ်ဦးသည် ဒီဟာက ပိုသိသာတယ် ၊ ဟိုမှဲ့ က ပိုထင်ရှားတယ် ။
ဘာပြုတယ် ညာပြုတယ်နှင့် ငြင်းကြခုံကြပါလေတော့၏ ။ ကျွန်တော်လည်း မနေသာတော့ဘဲ စကားစ ဝင်ဖြတ်ရတော့သည် ။
     “ ခဏဗျာ… ကျွန်တော်တစ်ခုတော့ ပြောချင်လို့ ………ထင်ရှားသည့်အမှတ်
အသားဆိုတာက ကြည့်လိုက်တာနဲ့ ထင်းခနဲ မြင်နေမှမဟုတ်လား ။ အခု ကျွန်တော်က အင်္ကျီ ချွတ်ထားတာဆိုတော့ ရင်ဘတ်တို့ လက် မောင်းတို့က မဲှ့က မြင်နေရတာ ပေါ့။ ဒါပေမဲ့ ကျွန်တော်က အမြဲတမ်း အင်္ကျီချွတ်ပြီး နေမှာမှမဟုတ်တာ ။ မဲှ့ကို ရေးချင်တယ် ဆိုရင်တော့ ဒီပါးပေါ်က မှဲ့က ပိုထင်းမှာပေါ့ ဟုတ်ဖူးလား ”
     သို့မှပင် ကိစ္စက ပြတ်သွားတော့သည် ။ ကျွန်တော်၏ ထောင်ဝင်မှတ်တမ်းစာအုပ်တစ်ခုမှာတော့ “ ကိုယ်တွင်ထင်ရှားသည့် အမှတ်အသား ၊ လက်ယာပါးပေါ်တွင် မှဲ့နက် မွှေးပါတစ် ” ဟူ၍ ဖြစ်သွားလေတော့သည်။
     ဒုတိယတစ်ခါ စကားပြောလာရောက်လေ့ကျင့်ပေးသူကား နံနက်စာ စားအပြီး
တွင် ကျွန်တော့်အခန်းရှေ့သို့ ရောက်လာပါသည် ။ထမင်းစားပြီး အတော်အတန်
ဗိုက်ပြည့်သွားသဖြင့် အခန်းထဲတွင် အစာ​ေကြလမ်းလျှောက်နေစဉ် အခန်းဝ၌ လူရိပ်တွေ့သဖြင့် မော့ကြည့်လိုက် မိရာ အပွင့်အခက် များနှင့် အလှဆင်ထားသော ယူနီဖောင်းကို ဆင်မြန်းထားသည့် လူပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရတော့၏ ။
     ထိုပုဂ္ဂိုလ်ကြီးသည် ခင်မင်နှစ်လိုဖွယ်ရာ ပြုံးပြပြီးနောက် မျက်နှာစာခန်းတွင်းသို့ ဝင်ရောက်လာလေသည် ။ သူ၏နောက် မှ အခြားယူနီဖောင်းဝတ် ပုဂ္ဂိုလ်အများအပြားလည်း
လိုက်ပါလာလေရာ ဤပုဂ္ဂိုလ်ကြီးသည်ကား ခေသူ တစ်ဦးမဟုတ်ပါလားဟု တွေးမိနေပါသည် ။
     “ ဘယ်လိုလဲ ကိုဇာဂနာ..…. နေထိုင်ကောင်းရဲ့လား ”
     “ ဟုတ်ကဲ့ ”
     “ သိနေတယ်လေ…. ခင်ဗျားနေကောင်းမယ်ဆိုတာ သိနေတယ်လေ ”
ကျွန်တော်၏ ရုပ်မြင်သံကြားမှ ပြက်လုံးကိုပြောပြီး ထိုပုဂ္ဂိုလ်ကြီးသည် တဝါးဝါး တဟားဟားဖြင့် ရယ်ပါလေတော့သည် ။ အနီးအနားမှ ပုဂ္ဂိုလ်များကလည်း ဟီးဟီးဟီး ဟားဟားနှင့် ရယ်ကြလေသည် ။ ကျွန်တော့်မှာတော့ ရယ်ရမလိုလို ငိုရမလိုလိုနဲ့ အူကြောင်ကြောင် ဖြစ်နေတော့၏ ။သို့သော်လည်း မျက်နှာစာခန်းရှိ သစ်သားတံခါးကို မှီရပ်နေသော တပ်ကြပ်ကြီးကို မြင်လိုက်ရသည့်အခါမှာတော့ မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွားရတော့သည် ။
     ထို တပ်ကြပ်ကြီးသည် တောင်ငေး မြောက်ငေး လုပ်နေရာမှ သူ့အထက်အရာရှိများ တဝါးဝါးတဟားဟားဖြင့် ရယ်နေသံကို ကြားရသည့်အခါ အိပ်မ က် မှ လန့်နိုးလာသည့် လူတစ်ဦးနှယ် ကျီးကြည့်ကြောင်ကြည့်လုပ်နေပြီးမှ ရောကောသောကောဖြင့် ဟီးဟီး ဟားဟား ထလုပ်တော့ရာ ကျွန်တော့်မှာ ထိုတပ်ကြပ်ကြီးအားကြည့်ပြီး မပြုံးဘဲဝါးလုံးကွဲ ရယ်မိပါတော့သည် ။ သည့်နောက် ကျွန်တော့်ရှေ့မှ ပုဂ္ဂိုလ်ကြီးက စကားစပါတော့သည် ။
     “ ကျွန်တော်က အင်းစိန်ထောင် ထောင်ပိုင်ကြီး ဦးစိန်ဌေးပါ ”
     ဪ ... ဦးစိန်ဌေး...  ဦးစိန်ဌေး ။ ဘီဘီစီကပင် ထုတ်လွှင့် ရသော ေထာင်ပိုင်ကြီးပါကလား ။ ကျွန်တော့် စိတ်ကူးထဲမှာ မှန်းပြီးပုံဆွဲထားသော ဦးစိန်ဌေးနှင့် ကျွန်တော့်မျက်စိရှေ့မှ ဦးစိန်ဌေးသည် လားလားကြီး ခြားနားနေပေသည် ။ ကျွန်တော့်ရှေ့မှ ဦးစိန်ဌေးသည် အသားဖြူဖြူ ခပ်သွယ်သွယ် ငယ်စဉ်တုန်းက ကြည့်လို့ကောင်းခဲ့မည့် သဏ္ဌာန်ရှိ၏ ။ ရယ်လိုက်လျှင် ပေါ်လာသော သွားကျိုးလေးမှတစ်ပါး သူ၏ မျက်နှာသည် ရှိရင်းစွဲ အသက်ထက်ပင် နုပျိုလွန်းနေလေသည် ။
     “ ဒီ ရောက်တုန်းရောက်ခိုက် ဘာမှစိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူးဗျာ... ကိုဇာဂနာတို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာပဲရှိနေစေချင်တယ် ”
     မြတ်စွာဘုရား ။ ထောင်ဆိုတာ ကိုယ်ပိုင်အိမ်မှ မဟုတ်တာ ။ အလှူအိမ်မှ
မဟုတ်တာ ။ တစ်အိမ့်တစ်အိမ် ကူးလူးဆက်ဆံလည်ပတ်သလိုမျိုး ရောက်လာတာမှ မဟုတ်တာ ။ ကျွန်တော်၏ အတွင်းစိတ် အပြောင်းအလဲကို ထောင်ပိုင်ကြီးသည် ရိပ်မိသွားသည်ထင် ။
     “ ကျွန်တော်ဆိုလိုတာက ဒီလိုပါ... ခင်ဗျားတို့ကို ဖမ်းတာရော ၊ လွှတ်တာရော ၊ ကျွန်တော်တို့အကျဉ်းထောင်နဲ့ ဘာမှမဆိုင်ပါဘူး ။ ကျွန်တော်တို့ တာဝန်က ဒီမှာ ခင်ဗျားတို့ ရှိနေသခိုက် တတ်နိုင်သမျှကူညီစောင့်ရှောက်ပြုစုပေးဖို့ပါပဲ ။ ခင်ဗျားတို့ကို ထောင်ထဲမှာ လက်ဖျားနဲ့မှ မတို့စေရပါဘူး ။ ထောင်ထဲမှာ နှိပ်စက်တယ် ၊ ရိုက်နှက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူးဗျာ ။ ကျွန်တော့်ဆီမှာလည်း သားတွေသမီးတွေနဲ့ပါဗျာ ။ ဒီအထဲ မုဒိမ်းကျင့်တယ်ဆိုတာက လာသေးတယ် ။ လုံးဝ မဟုတ်ရပါဘူးဗျာ ”
     ထောင်ပိုင်ကြီးသည် ကျွန်တော့်အား ပုဏ္ဏားတိုင်လို များသဘောထားပြီးများ
ရင်ဖွင့်နေသည်လား မသိ ။ ကျွန်တော်ကတော့ သူပြောသမျှကိုသာ ခေါင်းညိတ် ၊
ခေါင်းခါလိုက် ၊ အင်းလုပ်လိုက် ၊ အဲလုပ်လိုက်ဖြင့် ရေလိုက်ငါးလိုက်လုပ်နေရတော့သည် ။ ထောင်ပိုင်ကြီးမှာလည်း စကားအများကြီး ပြောလိုက်ရသောကြောင့်ထင်ပါ့ ၊ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း ………
     “ ကိုဇာဂနာ လိုတာပြောပါ ” ဟူ၍ မေးပါ​ေလတော့သည်။
     “ အထွေအထူးတော့ မရှိပါဘူး ။ စာအုပ်ကလေး ဘာလေးဖတ်ချင်လို့ ရမလားလို့ ”
     “ ကျွန်တော် တင်ပြပေးပါ့မယ် ၊ တင်ပြပေးပါ့မယ် ”
     “ နောက်ပြီးတော့ ကျွန်တော်တို့ဆီပါလာတဲ့ ပိုက်ဆံလေးတွေနဲ့ ဆေးလိပ်လေး မုန့်လေး ဝယ်လို့ရမလားလို့ ”
     “ ကျွန်တော် တင်ပြပေးပါ့မယ် ၊ တင်ပြပေးပါ့မယ် ”
     သည့်နောက် မှာတော့ ကျွန်တော့်ကို နှုတ်ဆက်ပြီး ထောင်ပိုင်ကြီးနှင့်အဖွဲ့သည်
ပြန်လည် ထွက်ခွာသွားလေတော့သည် ။
     “ ဒေါက်...ဒေါက်...ဒေါက် ”
     အနည်းငယ် လန့်သွား၏ ။ အုတ်နံရံခေါက်သံ ။အလိုက်သင့်ပင် ကျွန်တော်လည်း ပြန်ခေါက်လိုက် မိသည် ။
     “ မောင်သူရ ... ဟေ့ကောင်”
     “ ဗျို့...  ကိုဌေး...”
     “ ထောင်ပိုင်ကြီး ဘာတွေပြောသွားသလဲ ”
     “ ဒီလိုပါပဲ ဘာညာ သာရကာပေါ့ ”
     “ ဟေ့ကောင်..…ထောင်မှူးတွေ အလစ်မှာဆိုရင် စကားပြောလို့ ရတယ်ကွ သိလား ”
     “ ဟုတ်လား ...ဒါဆို ထောင်မှူးတွေ လစ်တာနဲ့ နံရံခေါက် အချက်ပေးလိုက်ပေါ့
ဟုတ်ပလား ”
     ထိုစဉ်မှာပင် ထောင်ပိုင်ကြီးကို ပြန်လိုက်ပို့ပေးသော ထောင်မှူးသည် ပြန်ဝင်
လာသဖြင့် ကျွန်တော်တို့နှစ်ဦးသား စကားစ ဖြတ်လိုက်ရတော့၏ ။ ပသို့ဆိုစေ စကားပြောဖော် ရပြီဖြစ်သဖြင့် ကျွန်တော့်မှာ များစွာ ဝမ်းသာမိတော့သည် ။
     ပို၍ပို၍ အဆင်ပြေစေသည့် အကြောင်းများက ဖန်တီးလာပါသည် ။ ညနေစာ စားအပြီး ထောင်မှူး ခပ်ဝဝပုဂ္ဂိုလ်သည် စက်ဘီးကြီးနှင့် ထွက်ခွာသွားပါတော့သည် ။ မရှေးမနှောင်းမှာပင် အသားဖြူဖြူ ဆံပင်တိုတိုနှင့် လူတစ်ဦးက ခေါင်းဆောင်ပြီး ဝန်ထမ်းလေးငါးယောက်ခန့် ကျွန်တော့်အခန်းရှေ့သို့ ရောက်ရှိလာကြပါသည် ။ ထို အသားဖြူဖြူ ပုဂ္ဂိုလ်ကပင် ကျွန်တော့်အား ဆေးလိပ်တိုက်ပြီး မိတ်ဆက်စကားပြောလေရာ ထောင်မှူးများ ညနေထမင်းစားချိန် အိမ်ပြန်လျှင် သူတို့ လွတ်လွတ်လပ်လပ်လာ၍ စကားပြောနိုင်ကြောင်း သိရှိလိုက်ရတော့သည် ။
     ပသို့ဆိုစေကာမူ ကျွန်တော့်အဖို့မှာတော့ ငါမြန်မာစကားမမေ့တော့ဘူးဘဲဟူ၍သာ ဝမ်းသာမိနေပါတော့သည် ။
xxx xxxxxx  xxxxx
     ကျွန်တော်၏ မွေးရာပါ ဗီဇအရ စကားပြောခြင်းအမှုကို အောင်မြင်စွာပြုနိုင်ခဲ့သလို အခြား စွန့်နိုင်ခဲ့သည့် ဝါသနာတစ်ခုကိုလည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည် ။ အခြားတော့မဟုတ် ။ သူတစ်ပါးအား နာမည်ပြောင်ပေးခြင်းပင် ။ ငယ်စဉ်ကတည်းကပင် ကျွန်တော်နှင့် နီးစပ်သော သူငယ်ချင်းများအား နာမည်အမျိုးမျိုး ပေးခဲ့ဖူးရာ ယနေ့ထက်တိုင် ယင်းအမည်တို့သည် တွင်ကျယ်လျက်ရှိနေဆဲပင် ဖြစ်လေသည် ။ ယခုလည်း ကျွန်တော့်မျက်စိရှေ့ရောက်လာသော ထောင်ဝန်ထမ်း မှန်သမျှကို နာမည်ထိုင်ပေးမိနေပါ
တော့၏။
     ဘာပြောလိုက်ပြောလိုက် တင်ပြပေးပါ့မယ်ဟူ၍သာ ဖြေလေ့ရှိသော ထောင်ပိုင်
ကြီး ဦးစိန်ဌေးအား မစ္စတာတင်ပြ ။
     သန်းကြွယ် ကာတွန်းနှင့် တူသော ထောင်ပိုင်ဦးလှဖေအား ပရော်ဖက်ဆာတာတီး ။
     ထောင်ပိုင်အနောက် မှ လိုက်လေ့ရှိသော ဝဝထောင်မှူးကြီး နှင့် ပိန်ပိန်အသားညိုညို ထောင်မှူးအတွဲကို ဦးစိတ်တို နှင့် မျောက်ညို ။
     ပိန်ပိန်သေးသေး မျက်နှာ မှုန်ကုပ်ကုပ်နှင့် စကားမပြောရဟူသော စည်းကမ်း
ထုတ်သွားသည့် ထောင်မှူး ဦးမြင့်စိန် ကို “ အသေးလေး ” ။
     ဝဝတုတ်တုတ် ထောင်မှူး ဦးတင်မောင်ကို “ အေဝမ်း ” ။ အားအားရှိတိုင်း တရားဟောနေတတ်သော ကရင် အမျိုးသား ထောင်ကြပ်ကြီးဦးငွေစိုးအား “ ဓမ္မကထိက ” ။ တစ်ခေါင်းလုံး ဖြူဖွေးနေပြီး ညနေဆိုလျှင်ရေချိန်ကိုက်လာလေ့ရှိသော တပ်ကြပ်ကြီး ဦးခင်မောင်လတ်အား “ အချိန်မှန်ဆရာဖြူ ” ။ အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နှင့် သူ၏ အတ္ထုပ္ပတ္တိကို ဖွဲ့ ဖွဲ့နွဲ့နွဲ့ လာလာ ပြောပြတတ်သော တပ်ကြပ်အောင်စိုးကို “ ကျွန်တော့်ဘဝဇာတ်ကြောင်း ” ။  ရင်ဘတ်ဖွင့်၍ လျှောက်တတ်သော ဒုတပ်ကြပ် ရခိုင်ကြီးအား  " ဝိတ်ပေါ ” ။ အမြဲတမ်း သုတ်သုတ်သုတ်သုတ်နဲ့ သွားလာ လှုပ်ရှားတတ်သော ရဲဘော်မျက် မှန်အား “ အီးတီ ” ။
     ကိုမြကြီး သီချင်း အမြဲဆိုလေ့ရှိသော ရဲဘော်ယဉ်ထွေးအား “ ကိုမြကလေး ” ။
ကိုယ်တိုင် ဆေးလိပ်မသောက်တတ်သော်လည်း ဝယ်ဝယ်လာပြီး ကျွန်တော်တို့အား လာတိုက်လေ့ရှိသည့် ဒုတပ်ကြပ်ကိုမောင်တာအား “ အလှူရှင် ” ။ အမြဲတမ်း အော်ကျယ်အော်ကျယ်နဲ့ ဘယ်သူဘာပြောပြော ဟုတ်တယ်ကောင်းတယ် မိုက်တယ်မိတယ် လုပ်တတ်သော ရဲဘော်စိုးမောင်အား “ ဖော်လိုမီ ” ။  မည်သူနဲ့မှ စကားမပြော ဗိုက်ကလေး ရှပ်ရှပ်ပြီး လမ်းလျှောက်လေ့ရှိသည့် ရဲဘော်ခင်ဇော်အား “ ဂျပန်ဝမ်း လျှော ” ။ ထမင်းဟင်းချက် ကောင်းသော ရဲဘော်နိုင်ဝင်းအား “ စားဖိုမှူး ” ။ ဆေးလိပ်မီးညှိပေး မုန့်ဝယ်ပေးဖြင့် လာရောက် ကူညီလေ့ရှိသော အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရထားသည့် ရဲဘော်ဇော်မင်းအောင်အား “ ဘောတံတားလေး ” ။ ကျွန်တော်တို့ ကို ပထမဆုံး ဆေးလိပ်လာတိုက်သော ၊ ပထမဆုံးစကားလာပြောသော ၊ ဟင်းဖတ်ကလေးများ ခိုးလာကျွေးသော ရဲဘော်မြင့်ဝင်းအောင်အား “ ဘော်ဒါကြီး ” စသည်ဖြင့် အသီးသီး နာမည် ပေးလိုက်လေသည် ။
     ကင်ပွန်းတပ်ပွဲ အခမ်းအနားအပြီးမှာတော့ အင်းစိန်ထောင်၏ အထူးစပယ်ရှယ် အရွယ်စုံ ၊ အရွက်စုံ ၊ အရိုးစုံ ဟင်းချိုဖြင့် ဧည့်ခံကျွေးမွေးပါလေတော့သတည်း ။
              ◾  ဇာဂနာ
               📖  ပထမ

Monday, July 6, 2020

ပြဿနာ မောင်သိန်းတန်




❝  ပြဿနာ မောင်သိန်းတန်  ❞
ကျွန်တော့်ဘဝတွင် လူထူးလူဆန်းအချို့ကို တွေ့ခဲ့ဖူးပါသည် ။ ထို့ကြောင့်တော်ရုံတန်ရုံ အထူးအဆန်းများကို ထူးဆန်းသည်ဟု မထင်တတ်ပါ။ တစ်ပြိုင်
နက်တည်းမှာပင် လူတချို့က ကျွန်တော့်ကိုလည်း လူထူးလူဆန်းတစ်ယောက်ဟုသတ်မှတ်ချင်ကြသေးသည် ။ အမှန်မှာ “ အထူးအဆန်း ” မဟုတ်သော “ အရူး
အနှမ်းပေါက်တတ်ကရများ ” ကိုသာ ကျွန်တော်လုပ်တတ်လေ့ရှိခြင်းဖြစ်ပါသည် ။
မူးကြောင် ရူးကြောင်ဖြင့် ရန်ကုန်မှ မန္တလေးသို့ နေ့ချင်းပြန်လေယာဉ်ဖြင့် မြီးရှည်သွားစားခြင်း ၊ အင်းလျားလိတ်ဟိုတယ်တွင် ဝီစကီနှင့် ​ေကာ့ညက်သောက်ပြီး
အပြန် ၊ အိမ်အနီးကျူးကျော် ရပ်ကွက်ထဲမှ အရက်ပုန်းဆိုင်ကိုနှိုးပြီး တောအရက် ထပ်သောက်လိုက်ရမှ ကျေနပ်ခြင်း စသော ငယ်စဉ်ဘဝက စတန့်များ ၊ရူးကြောင်ကြောင် လုပ်ရပ်များကြောင့် ကျွန်တော့်ကို လူထူးလူဆန်းတစ်ဦးအဖြစ် သတ်မှတ်ကြဟန် တူပေသည် ။ သူတို့ ရေးခဲ့ကြသည်လည်း များလှပါပြီ ။
တကယ်တော့ “ အထူးအဆန်း ”မဟုတ် ၊ " အရူးအနှမ်း ” များကိုသာ
ကျွန်တော် စတန့်ထွင်၍ လုပ်ခဲ့ခြင်းဖြစ်ပေသည် ။
ယနေ့ ပြန်စဉ်းစားကြည့်တော့ ရှက်စရာ ။
•••••   •••••••    •••••
တကယ့် လူထူးလူဆန်းအစစ်တစ်ယောက်အကြောင်းကို ကျွန်တော် ပြန်ပြောပြချင်ပါသည် ။ ရယ်စရာ မောစရာ ၊ ရင်ခုန်ထိတ်လန့်ဖွယ်ရာ ၊ ပင့်သက် မ, အံ့ဩဖွယ်ရာလွမ်းလောက်သည့်သူငယ်ချင်းတစ်ယောက်အကြောင်းကို ကျွန်တော် မကြာခဏလွမ်း, တ နေမိတတ်ပါသည် ။ သို့သော် လူတစ်ယောက်၏ ဘဝကို အချိန်ကာလအားဖြင့် ပိုင်း၍
ကြည့်လျှင် လူငယ်ဘဝနှင့် လူကြီးဘဝဟူ၍ နှစ်ပိုင်းတွေ့ရပေမည် ။ ကျွန်တော်လည်း သူနှင့် ကြီးမှပေါင်းရသော ကြီးပေါင်းသူငယ်ချင်း တစ်ဦးမျှသာ ဖြစ်ပါသည် ။ သူ၏ ငယ်ဘဝကိုကား သူ့မိဘအုပ်ထိန်းသူများထက်ပင် ရင်းနှီးနားလည်နိုင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးမှာ ဆရာမြသန်းတင့် ဖြစ်သည် ။
ထို့ကြောင့် သူ ( သို့မဟုတ် ) ၁၉၆၀ ပြည့်နှစ်များတွင် မြန်မာစာနယ်ဇင်းလောကနှင့် စာရေးဆရာများ ၊ စာဖတ်သူများအကြား အပြန်အလှန် ဝေဖန်သံများ ပွက်ဟိန်းညံခဲ့သော ပြဿနာ မောင်သိန်းတန်ခေါ် ဂျာနယ်ကျော်ဦးချစ်မောင် နှင့် ဂျာနယ်ကျော်မမလေးတို့၏ သားကြီး ဩရသအကြောင်းကို ကျွန်တော်တစ်ယောက်တည်း ရေးပြနိုင်စွမ်းရှိမည် မဟုတ်ပါ ။ ဆရာမြထံမှ ခွင့်ပြုချက်သာရနိုင်မည်ဆိုလျှင် ဤစာစု၏ ရေးသူနေရာ၌ “ ဆရာမြသန်းတင့် နှင့် မင်းသစ် " ဟု ရေးလိုက်ချင်လှပါသည် ။
ခုတော့ • • • •
•••••   •••••••    •••••
ကိုသိန်းတန် ၏ငယ်ဘဝကို ဆရာမြသန်းတင့် ဤသို့ ထုဆစ်ပုံဖော်သွားခဲ့၏ ။
“ သူသည် ရေခဲသေတ္တာ ၊ဆိုဖာထိုင်ခုံ စသည်တို့ဖြင့် ဆင်ယင်အပ်သော အိမ်မှ ထွက်ပြေး ကာ ရွှံ့၊ ကြက်ချေးနံ့ ၊ ဘဲချေးနံ့တို့ဖြင့် စူးစူးဝါးဝါးနံစော်လှသော အလုပ်သမားရပ်ကွက်ထဲတွင် လှည့်လည်ကျက်စား၏ ။ သူသည် ရှယ်လီ၏ ကဗျာများနှင့် ရှိတ်စပီးယား၏ လင်္ကာတိုကလေးများ ကို သင်အံလေ့ကျက်ရသော ကျောင်းစာသင်သားများဖြင့် ရှုပ်ပွေနေသော သင်္ဘောဆိပ်၌ သွား၍ အိပ်၏ ။ သူသည်အထက်တန်းလွှာမှ သားသမီးများသာ နေနိုင်၍ ခရစ်ယာန်ဓမ္မသီချင်းသံတို့လည်း တညံညံရှိသော ဒါဂျီလင်သာသနာပြုကျောင်းတွင် နေခဲ့ပြီးနောက်ကြေးစည်သံနှင့်
ဗုဒ္ဓ၏ တရားဓမ္မကို ရွတ်ဖတ်သရဇ္ဈာယ်သံကို တစ်ရံမလပ် ကြားရတတ်သည့်ဘုန်းကြီးကျောင်းတွင်လည်း ကပ္ပိယလုပ်ခဲ့ ဖူး၏ ။ သူသည် သူ၏အစ်ကိုစစ်ဗိုလ်၏ အိမ်ကြမ်းပြင်ထက် မှဆင်း၍ အချုပ်ခန်းထဲသို့လည်း သွားရောက်အိပ်စက်နား နေခဲ့ဖူး၏ ။ သူသည် လှပချောမွေ့၍ ချစ်စရာကောင်းသော မိန်းမပျိုလေး တစ်ယောက်နှင့်လည်းတွေ့ခဲ့ဖူး၏ ။ သူသည် အင်္ဂလိပ်စကားများကို ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုတတ်သော်လည်း မျက်နှာဖြူသင်္ဘောသားများက နိုင်ငံခေါင်းဆောင်ကြီးများ နှင့်တကွ မြန်မာလူမျိုး တစ်ရပ်လုံးကို စော်ကားသောအခါတွင် မခံမရပ်နိုင်ဖြစ်ကာ ရန်ဖြစ်မိသဖြင့် လမ်းပေါ်တွင်တစ်ညလုံး ဒဏ်ရာများနှင့် လဲကျနေခဲ့ဖူး၏ ” ။
( မောင်သိန်းတန် ၏ “ သည်အရွယ်ဝတ္ထုတိုများ ” မြသန်းတင့် ၏ အမှာ )
•••••   •••••••    •••••
ထိုသို့ စာတွေ့နှင့်သာ သိခဲ့ရသော ကိုသိန်းတန်ကိုကိုယ်တွေ့ဖြစ်အောင်
သယ်ဆောင် လာသူကား “ မဟူရာခင်စိုး ၊ မျက်လုံးဖြင့် သရုပ်ဆောင်နိုင်သောအဆင့်သို့ရောက်နေသည့် နာမည်ကျော် ကျူရှင်ဆရာကြီး မဟူရာခင်စိုး၏ စကားများကို ကျွန်တော်တို့ အမြဲတမ်း
မယုံကြည်ကြပါ ။ သို့သော် မိမိတို့ စိတ်ဝင်စားခဲ့ကြသော ဒဏ္ဍာရီထဲက သူရဲကောင်း
တစ်ယောက်အကြောင်းမို့ မျက်တောင်မခတ်ဘဲ နားစွင့်ကြရ သည် ။
“ အဲဒီနေ့က ဗိုလ်ချုပ်လမ်းအတိုင်း ကားကို မောင်းလာကြတာဗျ ။ ဒရိုင်ဘာကလည်း သူ့စိတ်ကြိုက် ဇိမ်ခံစားနိုင်အောင်လို့ဖြည်းဖြည်းလေးပဲ မောင်းလာတာ ။ ဆူးလေမီးပွိုင့်ရောက်တော့ သူ့လက်က စိန်လက်စွပ်ကိုချွတ်ပြီး တစိမ့်စိမ့် ကြည့်နေတာဗျ ။ အဲ ဆုထူးပန် နဲ့ သွင်ရုံရှေ့လည်းရောက်ရော ဘာမပြော ညာမပြောနဲ့ လက်စွပ်ကြီးကို လူအုပ်ထဲ လွှင့်ပစ်လိုက်ရော..... ”
“ ဟာ... "
ကျွန်တော်တို့အားလုံး၏ အာမေဋိတ်သံကြီး ဖြစ်ပါသည် ။
“ ကျွန်တော်လည်းကတုန်ကယင်ကြီးကို ဖြစ်လို့ ဘယ်လိုလုပ်လိုက်တာလဲ
ကိုသိန်းတန် ” လို့ မေးလိုက်တော့..…….
သူ ရှေ့ဆက် မည့်စကားကို အသက်အောင့်ပြီး နားထောင်နေမိကြသည် ။
“ သူက ဘာပြန်ပြောလဲ သိလား... ”
ကိုခင်စိုး က စကားကိုနားလိုက်ပြီး သက်ပြင်းကြီးတစ်ချက်ချသည် ။
“ သူက ပြောတယ်ဗျ ။ ဒီမှာ ကိုခင်စိုးရဲ့၊ ဒီလက်စွပ်ဟာ ပစ္စည်းမဲ့လူတန်းစားတစ်ရပ်လုံးကို မကယ်တင်နိုင်ပေမယ့် မိသားစုတစ်စုလောက်ကိုတော့ အခိုက်အတန့်အားဖြင့် ပျော်သွားစေနိုင်လောက်ပါတယ်ဗျာ... တဲ့ ။ ကျွန်တော်ဖြင့် အံ့ကိုဩရော ”
ထိုစကားများကို ကြားရသည့်နေ့မှစ၍ ကိုသိန်းတန်ကို ကျွန်တော် အမှတ် ၂၀၀ အပြည့် ပေးလိုက်သည် ။ အရမ်းလည်းကြည်ညိုသွားမိသည် ။ သို့ဖြင့် -
“ ကိုသိန်းတန် နဲ့ ကျွန်တော့ကို အမြန်ဆုံးပေးစမ်းပါ ကိုခင်စိုးရာ ”
ထိုစဉ်က ကျွန်တော်ကိုယ်တိုင်ကလည်း သူရဲကောင်းဝါဒ ( Heroism ) ကို ယုံကြည်ကိုးကွယ်နေသူတစ်ယောက် ။ ထို့ကြောင့် သူ့ကို တွေ့ချင်သည် ။ သိချင်သည် ။ ခင်မင် ရင်းနှီးချင်သည် ။ သူကတော့သူရဲကောင်းအစစ် ဖြစ်နိုင်ပါသည် ။ ကျွန်တော်ကတော့ ယနေ့အထိ စိန်လက်စွပ်တစ်ကွင်းကို လွှင့်မပစ်ရဲသေးပါ ။
•••••   •••••••    •••••
သူက ဒါဂျီလင်ကျောင်းထွက် သူဌေးသားမို့ ကိုခင်စိုးနှင့် သူ့ကို အင်းလျားလိတ်ဟိုတယ်တွင် ကျွန်တော်ဧည့်ခံပါသည် ။ သူ၏ အမူအရာအပြောအဆိုနှင့်
table manners ( စားသောက်ဝိုင်း ယဉ်ကျေးမှု ) ကိုလည်း အကဲခတ်နေမိပါသည် ။ ပထမ ဝိုင်အနီတစ်ခွက်နှင့်အတူ Mixed-grilled without beef ( အမဲသားမပါ အသားစုံကင် ) တစ်ပွဲမှာ၍ စားပါသည် ။ ( ၁ မှတ် ) ဒုတိယ ဝိုင်အဖြူတစ်ခွက်နှင့်အတူ Lobster-mayonnaise ( ပုစွန်တုတ်ပြုတ်နှင့် မလိုင်ချဉ်ဆမ်း ) တစ်ပွဲကို မှာ၍စားရင်း Jack Daniel ( American Whisky )ကို တစ်ကြိမ်သောက်လျှင် One Single ( ပဂ်ဝက် ) ချင်း မှာသောက်ပါသည် ။ (နောက် ၁ မှတ် ) စုစုပေါင်း ဝီစကီ ၃ ပဂ်မျှသောက်ပြီးနောက် စားပွဲထိုးကိုခေါ်ကာ.....
" Coffee and Cognac, please "
ဤတွင် ကျွန်တော်က ဝင်လျှာရှည်သည် ။
“ ကော့ညက်ဆိုရင် ဘာသောက် မလဲ ။ Hennessy လား ”
“ ကျွန်တော်က ကော့ညက်ဆိုရင် Remy Martin တစ်မျိုးတည်းပဲ သောက်လေ့ရှိတယ်ဗျ ”
ကျွန်တော့်ပါးစပ်ပိတ်သွားသည် ။ အမှတ်ပေးဇယားကို ကျွန်တော် သတိမရတော့ပါ ။
•••••   •••••••    •••••
နောက်တစ်ပတ်အကြာတွင် ဆူးလေဘုရားလမ်းရှိ ကျွန်တော့်စာသင်ခန်းသို့ ညသင်တန်းပြီးချိန်ခန့်တွင် သူရောက်လာသည် ။
“ ဒီနေ့တော့ ဘဝတွေထဲ ဆင်းကြရအောင်ဗျာ ၊ ဂွတ္တလစ်ကို မောင်းခိုင်းဗျာ ”
ဂွတ္တလစ်ဈေးရှေ့ရောက်သောအခါ ကျွန်တော့်ကားကို ပြန်လွှတ်ခိုင်းသည် ။ လမ်းဘေးအရက်ဆိုင်တန်းထဲသို့ ကျွန်တော်တို့နှစ်ယောက် ဝင်သွားကြသောအခါ လူတိုင်းလိုလိုက သူ့ကို ခင်မင်ရင်းနှီးစွာ ဝိုင်းဝန်းနှုတ်ဆက်ကြသဖြင့် ကျွန်တော် အံ့ဩသွားရသည် ။ မကြာခဏ သူ လာဖူးနေကျဖြစ်ကြောင်းကိုလည်းသိလိုက်ရသည် ။
မကြာမီ ဘေးဝိုင်းမှ လူသုံးယောက် ကျွန်တော်တို့ဝိုင်းသို့ လာရောက် ပူးပေါင်းသည် ။ သူက အားလုံးနှင့် မိတ်ဆက်ပေးသည် ။
“ သူက ရန်ကင်းက ဆိုက်ကားဆရာ ကို...
• • • • • ။ သူကတော့ တာမွေက ဝပ်ရှော့ဆရာဦး.…... တဲ့ ။ သူကတော့ ဒီနားက ဆံပင်ညှပ်ဆရာ ကို... ကဲ ခင်ဗျားတို့လည်း မှတ်ထားကြဦး ။ ကျွန်တော့်ဧည့်သည်နာမည်က ကိုမင်းသစ်တဲ့ ။ မြို့ထဲက ကျောင်းဆရာ ။ ဟား... ဒီနေ့ည ကိုယ့်ဘေးမှာ ဆရာတွေချည်းပါလား ၊ ဟဲ ဟဲ ဟဲ "
ပြောပြောဆိုဆို သူရယ်သည် ။ ကျွန်တော့်မှာတော့ ကြောင်စီစီကလေးသာ ပြုံး​နေနိုင်ပါသည် ။ ဟိုလူတွေကလည်း ပြုံးစေ့စေ့ ။ ဝိုင်းအရှိန်ရသည်နှင့်အမျှ ကိုသိန်းတန် နှင့် သူ၏ရဲဘော်များ ပို၍
တက်ကြွလာကြသည် ။ သက်ကြီးတက္ကသိုလ်ထွက်ဟု သိရသော ဆိုက်ကားဆရာက မာ့ခ်စ်ဝါဒ၏ ရေသောက် မြစ်သုံးသွယ်ကို အလေးထား ဆွေးနွေးသည် ။ အလင်းဝင်
ဗကပဟောင်းတစ်ဦးဖြစ်သော ဝပ်ရှော့ဆရာကြီးက လျူရှောက်ချီ၏ low to be
a good communist ကျမ်းကို ဆဲရေးသည် ။ “ ကျုပ်ကတော့ ခင်ဗျား တို့လို
အင်္ဂလိပ်စာ အားမကောင်းဘူးဗျ ” ဟုဆိုသော ဆံပင်ညှပ်ဆရာကမူ " International " သီချင်း၏ အစပိုဒ်ကို ထပ်တလဲလဲ ဆိုနေတတ်သည် ။
မောင်သိန်းတန် နဲ့အပေါင်းအသင်းတွေပဲလေ ။ ဒီလောက်တော့ ရှိမှာပေါ့.....။
ထိုညက အရက်ဖြူ ၄ ပုလင်းကုန်သည်ကို မှတ်မိသည် ။ အမြည်းတွေကိုတော့ လက်ဖက်သုပ် ၊ တညင်းသီးပြုတ် နှင့် အာပြဲခြောက်ကြော်တို့ကိုသာမှတ်မိတော့ သည် ။ သူမှာစားသော အခြားထွေလီကာလီ အမြည်းပွဲလေးများကိုကား
မှတ်မထားနိုင်တော့ ။ သေချာသည်ကတော့ နှစ်ယောက်စလုံးမှာ ပိုက်ဆံအလုံအလောက် ပါကြပါလျက်နှင့် အစာပိတ်အဖြစ် ​ေကာ့ညက် ( Cognac ) တစ်ခွက်စီမသောက်ဖြစ်ခဲ့ကြခြင်းပင်....။ သို့သော် အင်းလျားလိတ်ဟိုတယ်မှာ သောက်ရသည်ထက် နှစ်ယောက်စလုံး လိပ်ပြာပိုသန့်ပြီး ပျော်ရွှင်တက်ကြနေသည်ဟု ကျွန်တော် ထင်သည် ။ ဝိုင်းသိမ်းသောအခါ သူတစ်ခါမျှ မရောက်ဖူးသောကျွန်တော်၏
ကမာရွတ်ခြံထဲသို့ သူလိုက်အိပ်သည် ။
So, this is Thein Tan!
•••••   •••••••    •••••
နံနက် မိုးလင် အိပ်ရာထသောအခါ အိမ်ရှေ့ဝရန်တာတွင် သိုးဆောင်း ဘာသာစကားဖြင့် စကာလက်ဆုံကျနေကြသော ကျွန်တော့်ဇနီးနှင့် သူ့ကို တွေ့လိုက်ရသည် ။
နောင်အခါတွင် ကျွန်တော့်ဇနီးက ပြန်ပြောပြသည် ။ မြန်မာ့အသံအင်္ဂလိပ်ပိုင်းအစီအစဉ် ၌ Radio Plays များ ၊ Scenic Burma စသော အသံလွှင့်ဇာတ်လမ်းပမာများတွင် သူနှင့်တွဲဖက်ပြီး အသံသရုပ်ဆောင်ခဲ့ဖူးသော အင်္ဂလိပ်စကားတတ် နိုင်ငံကျော်ရုပ်ရှင်မင်းသားများထက် ကိုသိန်းတန်၏ လေယူလေသိမ်းနှင့် အသံထွက်က ပိုကောင်းသည် ဆို၏ ။ ကျွန်တော် အကဲဖြတ်နိုင်သောအကြောင်းအရာ မဟုတ်ပါ ။
မည်သို့ပင်ဖြစ်စေ ကိုယ့်မိတ်ဆွေကို ကိုယ့်ဇနီးက ကြည်ညိုလေးစားနေသည်ကို တွေ့လိုက် ရသဖြင့် ကျွန်တော်စိတ်ချမ်းသာသွားသည် ။ကိုသိန်းတန်ကား ကျွန်တော်၏ အိမ်နှင့်ခြံကို သဘောကျ၍မဆုံး..….. ။
“ မရှယ်လီတို့ခြံက သီးသန့် ရွာလေးတစ်ရွာလိုပဲနော် ။ ဒါကြောင့်လည်း စာရေးဆရာ ၊ ကဗျာဆရာတွေ လာ, လာနားကြတာနဲ့တူပါတယ် ။ ကျွန်တော်လည်း မွန်းကျပ်တဲ့အခါ ခင်ဗျားတို့ဆီ လာနားမယ်နော် ”
ကျွန်တော် မဖြေနိုင်မီ ကျွန်တော့်ဇနီးက ဘိုလိုဖြေချေ၏ ။
" Anytime, my dear ..... "
•••••   •••••••    •••••
တစ်စုံတစ်ခုကို လုပ်ချင်ပြီဆိုလျှင် အကြွေးမထားတတ်သော ကိုသိန်းတန်သည် နောက်တစ်နေ့ နံနက် မှာပင် လေးဘီးကားတစ်စီးဖြင့် ကျွန်တော့်ခြံထဲသို့ ပြောင်းလာခဲ့တော့၏ ။
“ ခင်ဗျားကားရော ကိုသိန်းတန် ”
“ ရောင်းပစ်ခဲ့တယ် ၊ ကားရှိနေရင် လမ်းထွက် မိမှာစိုးလို့ ”
ဤသည်ပင် ကိုသိန်းတန် အစစ် ဖြစ်တော့၏ ။
မှတ်မှတ်ရရ ၊ ၁၉၈၄ ။
•••••   •••••••    •••••
ရောက် ရောက်ချင်းနေ့မှာပင် ခြံထဲတွင် ဒန်းတစ်ခုဆင်၏ ။ ကျွန်တော့်ကလေးများကို မုန့်ဖိုးပေးပြီး ဒန်းလွှဲခိုင်း၏ ။ ကြံရည်ဝယ်ခိုင်း၏ ။ “ နေလဓာတ်သဘော ” ဟုဆိုကာ ဒန်းစီးရင်း ကြံရည်သောက်၏ ။ သူ့မိခင်ကြီး၏ ဆေးပညာကို သူ လုံးဝလက်ခံယုံ ကြည် သည်ဆို၏ ။ ကျွန်တော့်ဉာဏ်နှင့် လိုက်မမီပါ ။ မည်သို့ပင်ဖြစ်စေ မုန့်ဖိုးလည်းရ ၊ ကြံရည်လည်းသောက်ရ ၊ သူ နားချိန်တွင် ဒန်းလည်းစီးရသော ကျွန်တော့်သားသမီးများအတွက် မူ ဦးသိန်းတန် မှ
ဦးသိန်းတန် ။ ညပိုင်းရောက်လျှင် ကျွန်တော်တို့နှစ်ယောက်စလုံး ဘယ်မှမထွက်ဖြစ်ကြ ၊ အိမ်မှာပင် ဝိုင်းဖွဲ့ကြသဖြင့် ကျွန်တော့်ဇနီးကလည်း သဘောကျ ။ နည်းနည်း ရီဝေလာ သူ၏ စွန့်စားခန်းများကို နားထောင်ရင်း ၊ ရင်မောကြရ ၊
ရယ်မောကြရ ၊ • • •
လွမ်းတယ် ကိုသိန်းတန်ရေ...…..
•••••   •••••••    •••••
လသာသာ ညတစ်ည၌ သူပြောခဲ့သော ကိုယ်တွေ့ဝတ္ထုလေးတစ်ပုဒ်ကို နားဆင်ကြည့်ပါဦး ။
“ ၁၉၈ဝ ခုလောက်လို့ ထင်တာပဲဗျာ ။ ဒရိုင်ဘာတစ်ယောက် ၊ ကားတစ်စီးနဲ့
ကျွန်တော်ခြေ ဦးတည့်ရာ လျှောက်သွားနေတုန်းကပေါ့ ။ ပုဂံ - ညောင်ဦးကို ည ၁၁
နာရီလောက် ရောက်သွားတယ်ဗျ ။ ဘုရားမှာ တံခါးပိတ်တော့မယ်လုပ်နေတဲ့
ညစောင့်ကို တောင်းပန်ပြီး ကျွန်တော် ဘုရားဝတ်ပြုရတယ် ”
“ အမယ် ကျားသားမိုးကြိုးပါလား "
“ တစ်ခါတလေ Peace of mind အတွက် လိုအပ်ပါတယ်ဗျ ။ အဲ ဘုရားလည်းဝတ်ပြုပြီးရော ၊ ကျွန်တော်လှူချင်စိတ်တွေ အရမ်းပေါက်လာတယ် ။ အဲဒီမှာ ဒုက္ခရောက်တော့တာပဲ "
“ ဘာဖြစ်လို့လဲဗျ ”
“ ကျွန်တော်လှူတဲ့ငွေကများလို့ ညစောင့်က လက် မခံရဲဘူးတဲ့ဗျာ ။ တော်တော်ရိုးသားတဲ့ လူပါပဲ ။ ဒါပေမဲ့ ကျွန်တော်တော့ စိတ်ညစ်ရော ။ သူ့အဖော် ဝန်ထမ်းတစ်ယောက်ကို လွှတ်ပြီး ဂေါပကလူကြီးတွေကို လိုက် နှိုး ခိုင်းတယ်ဗျ ”
“ ခင်ဗျားက ဘယ်လောက်လှူလို့တုန်း ”
“ တစ်သောင်းပါဗျာ ”
ကျွန်တော်သည် ၁၉၈၀ ဝန်းကျင်က ငွေတစ်သောင်း၏ တန်ဖိုးကိုစိတ်ထဲမှ တွက်ကြည့် နေမိသည် ။
“ ဂေါပကတွေရောက်လာတော့ရော ”
“ ပိုရှုပ်ကုန်တယ် ။ သူတို့က ဖြတ်ပိုင်းကြီးတွေထုတ်ပြီး ကျွန်တော့်နာမည်ကို မေးတယ် ။ ကျွန်တော်ကလည်း ကိုယ့်နာမည်တို့ ၊ မိဘနာမည်တို့ပြောဖို့ အင်မတန် ဝန်လေးတဲ့ကောင် ၊ အလှူငွေ ရပြီးပြီပဲဗျာ ၊ နာမည်လိုသေးလို့လားလို့မေးတော့ ဘုရားကြီး တန်ခိုးကြောင့် လူကြီးမင်းလိုပုဂ္ဂိုလ်ထူး ရောက်လာတာပါတဲ့ ”
ရယ်ရလွန်း၍ ကျွန်တော်အရက်တွေ သီးကုန်သည် ။
“ ခင်ဗျားက ရယ်နေ ။ကျွန်တော်ဖြင့် စိတ်တွေကိုညစ်လို့ ပြောမရတဲ့အဆုံး
စိတ်ထဲမှာ ဖျတ်ခနဲပေါ်လာတဲ့နာမည်တစ်ခုကို ပြောပစ်လိုက်တယ် ။ သူတို့က
လိုက် မရေးကြဘူးဗျ ။ ကျွန်တော်က စိတ်တိုတိုနဲ့ မြန်မြန်ရေးကြလေဗျာလို့
ပြောလိုက် မှ ကြောင်စီစီနဲ့ လိုက်ရေးကြတယ် ”
“ခင်ဗျားက ဘယ်လိုရေးခိုင်းလို့တုန်း ၊ ရဲဘော်ကြီးရဲ့”
“ ရာဇကုမာရ ကောင်းမှု "
ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ​အမူး တော်တော်ပြေသွားသည် ။
ထို့ကြောင့် သိန်းတန်ဟု ခေါ်သည်လေ ။
•••••   •••••••    •••••
သူ၏ ကိုယ်တွေ့ဝတ္ထုနောက်တစ်ပုဒ်ကတော့ လှပခမ်းနားလှပါပေသည် ။
၁၉၈၀ မတ်လ ၂ ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဖိတ်ခေါ်ချက်အရ နီပေါဘုရင်မင်းမြတ် ဘီရင်ဒရာဂီရ်ကရမ်ရှားဒေ့ဗ် နှင့် မိဖုရားကြီး အစ်ရှဝါးရ်လက်ရှမီး ဒေဝီရှား တို့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိတော်မူခဲ့ကြပါသည် ။
ထိုဘုရင်မင်းမြတ်မှာ ကျွန်ုပ်တို့ ကိုသိန်းတန်၏ ဒါဂျီလင်တွင် ကျောင်းနေဖက် သူငယ်ချင်း အရင်းကြီးတစ်ဦးဖြစ်လေရကား. . . ။
ဤတွင် ကျွန်တော်က ဝင်၍ စပ်စုမိသည် ။
“ ဒါဖြင့်ရင် ရုပ်ရှင်မင်းသား ကိုညွန့်ဝင်းတို့နဲ့လည်းသူငယ်ချင်းတွေပေါ့နော် "
“ မဟုတ်ဘူးဗျ ။ ဒါဂျီလင်မှာ ကိုညွန့်ဝင်းက ဘီရင်ဒရာနဲ့ ကျွန်တော်တို့ထက် အတန်းကြီး တယ် ။ အဲဒီတုန်းက ကျောင်းရက်ရှည်ပိတ်ရင် ကျွန်တော်တို့ မြန်မာပြည်ကို ပြန်တယ် ။ ရက်တိုပိတ်တဲ့အခါမျိုးကျတော့ ဘီရင်ဒရာနဲ့အတူ ခတ္တမန်ဒူးကို လိုက်သွားပြီး နီပေါနန်းတော်ထဲမှာ ကျွန်တော်တို့ကလေးတစ်စု ဆော့ကြ သောင်းကျန်းကြတာပေါ့ဗျာ "
“ ဆက်စမ်းပါဦး ၊ ခင်ဗျားသူငယ်ချင်း ဘုရင်ရောက်လာတော့ ”
•••••   •••••••    •••••
နီပေါဘုရင်က သူ၏ သူငယ်ချင်း ကိုသိန်းတန်ကို တွေ့လိုသည်ဆို၍ သက်ဆိုင်ရာတို့ အလုပ်များကြရတော့၏ ။ ရန်ကုန်အိမ်တွင် ရှာမတွေ့သောအခါ
တစ်ပြည်လုံးအနှံ့ထောက်လှမ်းရှာဖွေကြရတော့သည် ။ နောက်ဆုံးတွင် ပြည်မြို့ တစ်ဖက်ကမ်း သောင်ပြင်ပေါ်က တံငါတဲ​တစ်လုံးတွင် အိပ်နေသောသူ့ကို တွေ့လိုက်ကြရသည် ။ သက်ဆိုင်ရာတို့က ရေမိုးချိုးပေး ၊ လက်သည်းခြေသည်းကအစ လှီးဖြတ်ပေးပြီး ဝတ်ကောင်းစားလှများဆင်ယင်ပေးလျက် ရန်ကုန်သို့ ပြန်ခေါ်ခဲ့ကြရသည် ။
သူငယ်ချင်းနှစ်ယောက် အချိန်မီရုံလေး တွေ့ဆုံနိုင်ခဲ့ကြသည် ။ မင်္ဂလာဒုံ
လေဆိပ်တွင် ဘုရင်မင်းမြတ်ပိုင် တော်ဝင်လေယာဉ်ကြီး၏ လှေကားရင်း၌
နှစ်ယောက်သားအပြေးအလွှား နှုတ်ဆက်ကြရသည် ။ ဘုရင်မင်းမြတ်ကတော့ လေယာဉ်ပေါ်မတက် မီ သူ့သူငယ်ချင်းအတွက် အမှန်ဆုံး မှတ်ချက်ကို ပေးသွားတော်မူခဲ့သည် ။
“ သိန်းတန် မင်းဘာမှ မပြောင်းလဲဘူး ”
ယခုတော့ သူတို့ သူငယ်ချင်းနှစ်ယောက်စလုံးမရှိကြတော့ ။ ကိုသိန်းတန်က အရင်စော၍ ကွယ်လွန်ခဲ့သဖြင့် သူ့ သူငယ်ချင်းဘုရင်မင်းမြတ်၏ နတ်ရွာစံတော်
မူပုံကို မသိနိုင်တော့ ။ သိလျှင် သူကြေကွဲဝမ်းနည်းရပေဦးမည် ။ ဒါလည်း မသေချာပါ ။ ကျွန်တော် မပြောရဲပါ ။ ကိုသိန်းတန်သည် အိတ်ဇစ်စတင်ရှယ်လစ် အစစ်တစ်ယောက်ဖြစ်၏ ။ သေခြင်းတရားအပေါ် သူမည်သို့သဘောထားမည်ကိုကျွန်တော် မခန့်မှန်းတတ်ပါ ။
•••••   •••••••    •••••
သူ့ဘဝအတွေ့အကြုံများထဲတွင် ရယ်လည်းရယ်ရ ၊ စိတ်လည်းညစ်ရသည်မှာ သူရုပ်ရှင်မင်းသားလုပ်ခြင်းပင် ဖြစ်တော့သည် ။ ဇာတ်ကားအမည်မှာ “ နှမလက်လျှော့နေလေတော့ ” ဖြစ်၍ ရှင်မဟာရဋ္ဌသာရထက် နောက်ကျပြီး တွံတေးသိန်းတန်ထက်တော့ စောသည်ဟု ဆိုနိုင်သည် ။ ဝတ္ထု ၊ဇာတ်ညွှန်းနှင့် ဒါရိုက်တာမှာ ဗိသုကာ ၊ ပန်းချီဆရာ ခင်မောင်ရင် ဖြစ်ပြီး လူထူးလူ ဆန်း နှစ်ယောက်၏ ပူးပေါင်းစွန့်စားခန်းဟု ဩဘာပေးကြသည် ။
အပြောထက် အပြကို ဦးစားပေးသည် ။ “ အဲဒီက ပဲပြုတ် ” ဟု ဆွဲဆွဲငင်ငင် အော်ရင်း လမ်းလျှောက်နေသည့် ပဲပြုတ်သည်ကို ၅ မိနစ်ကျော်အောင် ရိုက်ပြသည် ။ သရုပ်ဆောင်တစ်ယောက် ငရုတ်သီးထောင်းနေသည်ကိုလည်း အကြာကြီးရိုက်ပြသည်ဆို၏ ။ “ သရုပ်ဆောင်အားလုံးကို စကားမပြောရလို့ ဒါရိုက်တာက အမိန့်ထုတ်ထားလေ သလား ” ဟု ဝေဖန်ရေးဆရာများက ​ေငါ့ကြ၏ ။
စာရင်းချုပ်လိုက်သော် ရုံပေါ်တွင် တစ်ပတ်ပင်မခံ ဆင်းပြေးရသည် ။ ရုံဖိုးကျေရန်ပင် ဝေးစွ ၊ ပရိသတ်များ ရိုက်ချိုးသွားသော ခုံဖိုးများကို လျော်လိုက်ကြ ရသေးသည် ။ ကိုသိန်းတန်တို့ကတော့ တစ်ပြားသားမှ မလျော့ ။ သူက ဤသို့ဆိုသည် ။
“ ပရိသတ်က စိတ်မရှည်ဘူး ။ ဒီ ပဲပြုတ်သည်ဟာ ဘဝရုန်းကန်မှုကြောင့်တို့ ၊ ဘာတို့ကို မတွေးဘူး ။ ရိုက်ချက်လေး ပန်းချီဆန်တာကို မတွေးဘူး ။ မကြည့်ဘူး ။
ဘာမှမဖြစ်ဘဲ ကြာနေတာကို စိတ်မရှည်ဘူး ”
ထိုခေတ် ရုပ်ရှင်ဝေဖန်ရေးဆရာတို့က ခေတ်ရှေ့ကပြေးနေသော ဇာတ်ကားတစ်ကားဟု မှတ်ချက်ပြုကြရှာပါသေးသည် ။
“ ခင်ဗျား နဲ့ ဆရာခင်မောင်ရင်က ခေတ်ရှေ့ကပြေးတာ နှစ်ပေါင်း ၅၀ လောက်စောနေ တယ်ဗျ ”
ကျွန်တော့်မှတ်ချက်စကားကို ကြားသောအခါ သူပြုံးသည်။
•••••   •••••••    •••••
ရင်တုန်ဖွယ် ၊ ရင်မောဖွယ် ကောင်းလှရုံမက ကြက်သီးမွေးညင်း ထသွားနိုင်လောက်သည့် ကိုသိန်းတန် ၏ စွန့်စားခန်းပေါင်းများစွာ ကျန်ပါသေးသည် ။ သို့သော် လူတစ်ယောက်၏အတ္ထုပ္ပတ္တိကို ကာယကံရှင်မဟုတ်သူ
တစ်ဦးက ဘယ်အတိုင်း အတာထိ ရေးခွင့်ရှိပါသလဲ ။ အထူးသဖြင့် ကွယ်လွန်သူတို့
အကြောင်းခြင်းရာများကို ရေးသားရာ၌ လိုက်နာရမည့် စည်းနှင့်ကျင့်ဝတ်များကို
လည်း သတိထားရပေဦးမည် ။
ဤနေရာတွင် လူထုဒေါ်အမာကို စံနမူနာ ယူကြရပေမည် ။ ဒေါ် ဒေါ်သည် မြို့မငြိမ်း၏ မူးယစ်ရီဝေခြင်းများကိုစာမဖွဲ့။ လေဘာတီမမြရင်၏ အိမ်ထောင်ဘက် များခြင်းကို ဇာမချဲ့။ ရင်သပ်ရှုမောအံ့ဩဖွယ်ရာ ဇာတ်လမ်းတွေမို့စာဖတ်သူတို့ နှစ်သက်လှမည်မှာ သေချာလှသော်လည်း ကျွန်တော်ရေးမပြ
ချင်တော့ပါ ။ အသိဉာဏ်နုနယ်သေးသောလူငယ်များအတွက် အတုယူမှားသွား
နိုင်ပါသည် ။ ပြဿနာမောင်သိန်းတန်သည် ဖြူစင်၏ ။ ရိုးသား၏ ။ ပွင့်လင်း၏ ။
အကူအညီလိုနေသူများအတွက် ကိုယ်ကျိုးစွန့်ကူညီရန် အမြဲအဆင်သင့်ရှိနေသူ
တစ်ဦးဖြစ်၏ ။ တစ်ပြိုင်နက်တည်းမှာပင် သူသည် လေ၏ ။ လွင့်၏ ။ ထင်ရာစိုင်း၏ ။
သို့သော် သူ့ကြောင့် ကမ္ဘာလောကကြီးတွင် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာမရှိခဲ့ပါ ။ မိမိကိုယ် မိမိသာ ပြုန်းတီးအောင် ဖြုန်းတီးသွားခဲ့သော လူတစ်ယောက်သာ ဖြစ်သည်ဟု ကျွန်တော်ထင်သည် ။
ဘဝတူတွေပါပဲလေ... ။
သဘောတူရဲ့လား ရဲဘော်ကြီး ။
•••••   •••••••    •••••
                          မင်းသစ်
( ကျေးဇူးစကား - မိမိ၏ လက်ဒဏ်ရာရနေခိုက်တွင် လက်ရေးဖြင့်ကူညီအားပေး ကြသော ကိုသော်တာထွေး( လ.၀.က ) ၊ ကိုမျိုးမျိုး( စစ်ကိုင်း ) နှင့်
သမီးရွှေစင်တို့အား ကျေးဇူး တင်မဆုံးပါ )
  📖  လွမ်းရတဲ့ သူတွေ

Sunday, July 5, 2020

ရွှေပြည်တန်


❝   ရွှေပြည်တန်  ❞

      တေးရေး ••• ရွှေညာမောင်

      ( နေခြည်လျှံ မြအသွေးလို ရွှေပြည်တန် အလှကလေးကို မြင်တဲ့နေ့ကစ၍ စွဲနေပြီခင် )
( ညအိပ်ရာဝင်ရင် ခင် နဲ့ မောင်/ကိုကို နဲ့ ပေါင်းရပါစေသားလို့ ဆုတောင်းရနေ့စဉ် )
စွဲလန်းတဲ့ သံယောဇဉ် သနားပါ အပျိုစင် မောင့်ကိုချစ်ရင် ရွှေပြည်တန် အလှကလေးကို မောင်တောင်းပန်ချင်

      ( သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင် မောင် ခင့်အပေါ်မှာ ချစ်စိတ်တွေဝင် )
နှစ်ယောက်ထဲတွေ့ရင် ရွှေပြည်တန်မကလေးကို ချစ်တင်းနှောကာ သဘောကျစေချင် ရွှေပါးအပ်မယ်ခင်

      ( ဒေဝတိန် နတ်မှူးက ဓါတ်ကူးသလိုပင် အလှဧကရီဆိုလောက်တဲ့ ခင် )
( ကြယ်ဥက္ကာ ညဉ့်ရောင်မီးလို ခင့်မောင်ကြီးထင် )
​ ​မြင့်ဆောင်ထီးညောင်အလယ်တွင် ရှုစဖွယ် ပဝင်းလို့ လမင်းလိုပင် ထင် မျက်နှာတော် ကြည်ပြုံးလို့ရွှင်

    ( သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင် မောင် ခင့်အပေါ်မှာ ချစ်စိတ်တွေဝင် )
နှစ်ယောက်ထဲတွေ့ရင် ရွှေပြည်တန်မကလေးကို ချစ်တင်းနှောကာ သဘောကျစေချင် ရွှေပါးအပ်မယ်ခင်

◾  အေဝမ်း တင်မောင် သီဆိုထားတဲ့  ရွှေပြည်တန်

https://yadi.sk/d/SygMkgaKR_OidQ

◾ ဝင်းဦး သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/hdb-LToUjwbrUQ

◾ မြန်မာပြည်သိန်းတန် သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/Cdy57KLrEC2_SQ

◾ စိုင်းထီးဆိုင် သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/5YvhPD6ojgs0uA

◾  မန္တလေး သိန်းဇော် သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/TWx-qTzccj6qrw

🚩  မန္တလေး သိန်းဇော် သီဆိုထားတဲ့ ရွှေပြည်တန်  သီချင်းရဲ့  တီးလုံးသီးသန့်

https://yadi.sk/d/v4gQRRV499-RwA

https://koaungnaingoo.blogspot.com

.

Saturday, July 4, 2020

အသေးလေးကို အဝေးကြီးမှကြည့်ခြင်း ( သုမောင် )


 ❝   အသေးလေးကို အဝေးကြီးမှကြည့်ခြင်း  ❞

ဤစာစုကို ကျွန်တော် ယခုရေးနေချိန်တွင် ဆရာသုခ၏ “ ရွှေတိဂုံဘုရားသမိုင်း ” ပြဇာတ်ကြီးကို “ အနုကြယ်ပွင့် ” ပေါင်းများစွာဖြင့်အမျိုးသားဇာတ်ရုံတော်ကြီးတွင် ကပြအသုံးတော်ခံလျက် ရှိနေပါသည် ။ ( ယခင် ၁၉၇၅ ကလည်း ယင်းပြဇာတ်ကိုပင် ဆရာကိုယ်တိုင် တိုက်ရိုက်ညွှန်ကြား၍ ရုံသွင်းတင်ဆက်ခဲ့ဖူးပါသေးသည် ။ ဘုရားကြီး ရွှေသင်္ကန်းကပ်လှူရန်ဖြစ်၏ ။ )

ကျွန်တော်က ဤစာစုကို ယင်းကိစ္စနှင့် ချိန်ကိုက်ရေးသားခြင်း မဟုတ်ပါ ။မတော်တဆ အချိန်ကိုက်ဖြစ်သွားသည်ဟုသာ မှတ်ယူကြပါ ။

အမှန်က ဤစာစုကို ရေးဖို့ကြံသည်မှာ ကြာပါပြီ ။ တစ်နှစ်ခန့်ရှိလိမ့်မည် ။အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့ပါ ။ ပြီးတော့ မေ့လျော့သွားခဲ့သည်လည်း ပါ၏ ။ ယခု ရေးဖြစ်ရန်အကြောင်းဖန်လာပုံကတော့ ဆရာ၏ ရွှေတိဂုံသမိုင်း ပြဇာတ်နှင့် တိုက်ရိုက်ကြီး မပတ်သက်သော်လည်းကျွန်တော်ရေးမည့်အကြောင်းအရာကို ယင်းပြဇာတ်သတင်းက တပ်လှန့်လိုက်သလို ဖြစ်သောကြောင့်ပင် ။

မြတ်စွာဘုရား၏ ဖြစ်တော်စဉ်များ ၊ သုတ္တန်ဝိနည်းတော်များ ၊ နိပါတ်​ေတာ်များကိုအခြေခံ၍ ခေတ်ပေါ် ခေတ်မီနည်းပညာများဖြင့် ပြန်လည် ဖော်ကျူး တတ်သောဆရာကြီး၏ သဘာဝကို အများက သိပါသည် ။သို့သော် လူသိနည်းသော ရှုထောင့်တစ်ခုကို ကွက်၍ ကျွန်တော်က ​ေတွ့ထား၏ ။  " တွေ့ထား၏ ” ဟု သုံးရခြင်းမှာ ဆရာက ​ြပသောကြောင့် ဖြစ်၏ ။ ဆရာက လှစ်ခနဲ အမှတ်မထင် ပြောဖူးသော အကြောင်းတစ်ခုသည် ကျွန်တော့်အဖို့ တွေးတောဖွယ်ဖြစ်ခဲ့၏ ။ ပရိသတ်အဖို့လည်း စဉ်းစားဖွယ် ဖြစ်ပါလိမ့်မည် ။ ရုပ်ရှင်ဒါရိုက်တာ ပညာရှင်များ အဖို့ကားအတုယူဖွယ်ဟု ဆိုချင်ပါသည် ။

“ ကိုသုမောင်​ေရ မြတ်စွာဘုရား လက်ထက်တော်အခါက ခေမာမိဖုရားအကြောင်း အင်းလေ...သူ့ကို မြတ်စွာဘုရားက တရားပြတဲ့ ဇာတ်ကွက်ကလေးအကြောင်း ကျွန်တော် ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေတယ်ဗျ ” ဟု ဆရာက တစ်ခါသော် ပြောဖူး၏ ။ ( ဆရာသည်စာရေးဆရာချင်း စကားပြောလျှင် ကြီးငယ်မဟူ ' ခင်ဗျား ' ၊ ' ကျွန်တော် ' နာမ်စားကို သုံးတတ်၏ ။ )

အထက်ပါ စကားကို ကျွန်တော့်အား တကူးတကန့် ပြောသော်လည်း ယင်းနှင့် ပတ်သက်၍ မဂ္ဂဇင်းတစ်စောင်တွင် ဆရာ့ဆောင်းပါးရေးပြီး ဖြစ်ပါသည် ။ ပြီးတော့ စာပေဟောပြောပွဲများတွင်လည်း ဆရာ ပြောပြတတ်လေသည် ။ ကျွန်တော် မှတ်မိပါ၏ ။အကြောင်းအရာကတော့ဗုဒ္ဓဘာသာဝင် အများစုသိပြီး ဖြစ်ပါသည် ။

ခေမာမိဖုရားသည် အလှမာနကြီးသည် ။ လှလည်း အလွန်လှသည် ။ ပြီးတော့ မြတ်စွာဘုရားအား မဖူးလို ၊ ရုပ်နာမ်ခန္ဓာတို့၏ မတည်မြဲခြင်းကို အမြဲလို ဟောကြားတတ်သောကြောင့် ဖြစ်၏ ။ သို့သော် ကျွတ်ချိန်တန်သောကာလ၌ အကြောင်းဆိုက်သဖြင့် မိဖုရားခေမာ ရှင်တော်မြတ်ရှေ့မှောက် တစ်ကြိမ်သော် ရောက်၏ ။

ထိုအခါ မြတ်စွာဘုရားက မိဖုရားထက် အပြန်များစွာလှသော နတ်မိမယ် တစ်ပါးကို တန်ခိုးတော်ဖြင့်ဖန်ဆင်း၏ ။ အနီးတွင် ဖူးမြော်ခစားစေ၏ ။ တစ်ဖန် ယင်းနတ်မိမယ်ကို ခဏချင်း ၊ ခဏချင်းမှာပင်တဖြည်းဖြည်း အိုမင်းလာစေ၏ ။ တရိပ်ရိပ်အရွယ်ကျစေ၏ ။ နောက်ဆုံး လုံးဝ သုံးမရတော့လောက်အောင် အိုမင်းမစွမ်း ရွတ်တွပျင်းတွဲ အဘွားအိုကြီးအဖြစ် ဖန်ဆင်းလိုက်လေသည် ။ ထိုအဖြစ်ကိုမြင်သော် ခေမာမိဖုရား လွန်စွာ ထိတ်လန့်ခြင်း ဖြစ်ရ၏ ။ မိမိ၏ လက်ရှိ ရုပ်ဆင်းအလှအပေါ် သံသယကြီးစွာ ဖြစ်မိ၏ ။ ထိုအချိန်ကိုက် မှာပင် ဘုရားရှင်က မမြဲသောခန္ဓာသဘောကို တရားဟော၏ ။ ခေမာမိဖုရား ကျွတ်တမ်းဝင်လေသည် ။

ဆရာက ယင်းအကွက်ကလေးကိုပင် ကွက်၍ ပြလိုခြင်းဖြစ်ပါသည် ။ သည်ကိစ္စနှင့် ပတ်သက်၍လည်း ဆရာက “ ကျွန်တော်တို့က ခုမှ ရုပ်ရှင်အထူးပြုလုပ်ချက်တွေသုံးပြီး ရိုက်ပြနေကြတာ ။ ဘုရားရှင်က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ ကျောိကတည်းက ရုပ်ရှင်ရိုက်ပြခဲ့ပြီးပြီလေ ” ဟု စကားတန်ဆာဆင်၍ ပိုပိုသာသာ အလင်္ကာဖြင့် ပြောလေသည် ။ သည်စကားရပ်နှင့်ပတ်သက်၍လည်း
ဆရာဆောင်းပါး ဖတ်ဖူးသူ ၊ ဆရာဟောပြောပွဲ နားထောင်ဖူးသူတို့အဖို့ ထူးချင်မှ ထူးပါလိမ့်မည် ။ မကြားမသိဖူးသူများအတွက်သာ ကျွန်တော်က ပြန်လည်ဖော်ပြ ပေးနေခြင်းပါ ။ သူ့စကားယူပုံက လှသောကြောင့် ။ သို့သော် ကျွန်တော့်အား ကွက်၍ ပြောဖူးသောစကားတစ်ခွန်းက ။

“ အင်း... ဒီဇာတ်ကွက်ကို ရုပ်ရှင်ရိုက်ပြဖို့ရာ အခက်အခဲက တစ်ခုပဲ ရှိတယ်ဗျ ”

ဆရာသုခလို ပုဂ္ဂိုလ်က သည်လို စကားဆက်တာတော့ နည်းနည်း ထူးခြားလာပါပြီ ။ ဆရာ့ ရှေ့ဆက်စကားက ပို၍ပင် အံ့ဩဖွယ်ဖြစ်ရပါ၏ ။

“ အဲဒီ အခက်အခဲက ဇာတ်ရံမင်းသမီးလုပ်မယ့် နတ်မိမယ်နေရာပဲ ”

ဤနေရာတွင် စာဖတ်သူများရော ၊ ရုပ်ရှင်ဝါသနာရှင်များရော ၊ ရုပ်ရှင်အနုပညာရှင်များပါ စဉ်းစားစေချင်သည် ။ ရုတ်တရက် တွေးသော် ဇာတ်ရံမင်းသမီး အခက်အခဲ ဘာရှိသနည်း ။ လှလှပပ မင်းသမီးတစ်ယောက် နတ်သမီးလို ဝတ်ပေးလိုက် ၊ ရုပ်ရှင်အတတ်ပညာ ၊ အထူးပြုချက် ၊ မိတ်ကပ် စသည်ဖြင့် ဖန်တီးလိုက် ပြီးရောပေါ့ ။ အရေးကြီးတာက ခေမာမိဖုရားအဖြစ် သရုပ်ဆောင်မည့် မင်းသမီးထက် ဇာက်ရံမင်းသမီးက ပို၍ လှနေဖို့သာ ဖြစ်သည် ။ သည်လိုမဟုတ်ပါလား ။

“ ကိုသုမောင် စဉ်းစားစမ်း ။ ဒီနေ့ နာမည်ကျော် အချောအလှမင်းသမီးလေး တစ်လက်ကို ခေမာမိဖုရားနေရာမှာ ကျွန်တော်က သုံးပါပြီတဲ့ ။ ဇာတ်ရံ နတ်သမီးနေရာမှာ ဘယ်မင်းသမီး သုံးမလဲ "

စဉ်းစားရန် အလွန်ခက်ခဲသောကိစ္စ ဖြစ်ပေတည့် ကျွန်တော်ကတော့ စဉ်းစားကြည့်လိုက်ပါသေးသည် ။ မင်းသမီးနှစ်လက်နေရာတွင် မို့မို့ ၊ မေသန်းနု မှသည် နန္ဒာလှိုင် ၊ ထက်ထက် ၊ နောက်ဆုံး လှအဉ္ဇလီတင့် ၊ ခိုင်သင်းကြည် စသဖြင့် ကျွန်တော်က ကပေါက်ကချာ တွဲဖက်အစားထိုးကြည့်သည် ။ တစ်ခုမှ ခွင်မကျ ။ ခေမာမိဖုရားမင်းသမီးနေရာအတွက် ဇွတ်ကြိတ်မှိတ်ထားလို့ ရသော်လည်း နတ်သမီးနေရာကား တော်တော် ခက်သည့်ကိစ္စပေပဲ ။ အဓိက ဇာတ်လိုက် မင်းသမီးထက် များစွာလှရမည့် ဇာတ်ရံ ၊ အရှိန်အဝါကြီးရမည့် ဇာတ်ပို့ ။

နောဖြင့် မော်ဒယ်လ်ကလေးမများ ( သို့မဟုတ် ) သာမန်အရပ်သူကလေးများထဲက ရွေးထုတ်လျှင်ကော ။ သည်လောက်တော့ ဆရာ စဉ်းစားပြီးဖြစ်ပါလိမ့်မည် ။ သည့်ထက် ကောင်းသည့်စိတ်ကူး ဆရာ့မှာ ဘာရှိသနည်း။ သည်တော့မှ ' ဇာက်ရံမင်းသမီး အခက်အခဲ ' ဆိုသည့် ဆရာ့စကားကို နားလည်လာတော့လည်း ကြည့်စမ်း " လွယ်လွယ်လေးနှင့်ခက် ” ဆိုတာ ဒါမျိုးပေပဲ ။ အထူးသဖြင့် အနုပညာဖန်တီးသူတို့ တွေ့ရတတ်သော ( သေချာတွေးတော စဉ်းစားလျှင်​ပြော တာ ) အခက်အခဲပါတကား ။

“ သေချာစဉ်းစား ကိုသုမောင် ၊ ဇာက်ရံမင်းသမီးက အဓိက မင်းသမီးထက် ပိုလှရမယ် ။ ပြီးတော့ နာမည်ကြီးလည်း ဖြစ်ရမယ် ။ တော်ရုံနာမည်ကြီးလို့ မရဘူး ဖြစ်နိုင်ရင် သူက ပိုလို့ နာမည်ကြီးသင့်တယ် ။ ဒါမှ ပရိသတ် ကြည့်ချင်စိတ် ရှိမယ် ။ အဲ... အခက်ခဲဆုံးကတော့ သူ့ကို ပရိသတ် အများစု မမြင်ဖူးတဲ့ မျက်နှာသစ်လည်း ဖြစ်ပြန်ရဦးမယ်ဗျ ။ သူက ဘုရားရှင် ဖန်ဆင်းတဲ့ မင်းသမီးကိုး”

ဤနေရာတွင် မိတ်ဆွေလည်း ဝင်ရောက်စဉ်းစားစေချင်ပါသည် ။ မူလဇာတ်တော်မှာ အများသိပြီး ဇာတ်လမ်းရိုးရိုးကလေး။ ဒါကို ပရိသတ် ကြည့်ချင်အောင် ပြဖို့ရာ ' ဇာတ်ကောင် ´ ကို အဓိက ထားရမည် ။ ဇာတ်ကောင်၏ စရိုက်ကလည်း အလှအပ ဦးစားပေးဖြစ်ရမည် ။ ပြီးတော့ ဘာသာရေးပညာ​ပေး ။ စောစောကပြောသော ရုပ်ရှင်အထူးပြုလုပ်ချက်ဆိုတာတွေကလည်း အပယိက ။ သည်တော့ ...။

" အလှ ''  ` အလှတရား၏ မတည်မြဲခြင်း ' " ကျော်ကြားထင်ပေါ်မှု" “ ဒုက္ခ ” ပြီးတော့ သစ္စာတရား ...။

••••••   ••••••••••    •••••••••

" လွယ်ပါတယ် ကိုသုမောင် ၊ ကျွန်တော် စဉ်းစားထားပြီးသားပါ ။ အဲဒီဇာတ်ရံမင်းသမီးနေရာမှာ မြန်မာမင်းသမီး မသုံးဘူး ။ နာမည်ကျော်တဲ့ နိုင်ငံခြား မင်းသမီး သုံးမယ် ။ အဲ... ဒါပေမဲ့ ကမ္ဘာကျော် မြန်မာကြိုက် မင်းသမီးလည်း ဖြစ်လို့မရဘူးဗျ ။ ကျွန်တော်တို့ မြန်မာနဲ့ ဆင်ဆင်တူတဲ့ မြန်မာပရိသတ် မျက်စိ မစွဲသေးတဲ့ အရှေ့တောင်အာရှက နာမည်ကြီး အလှမယ်တစ်ယောက် ဖြစ်ရမယ် ”

ဆရာက ဤတွင် စကားရပ်၏။ ကျွန်တော်က ဆက်ပြီး တွေး ​ သိ၏။

မြန်မာပရိသတ်၏ စွဲလမ်းနှစ်သက်ပြီးသား မင်းသမီးကို ကျော်လွှားဖို့ရာ ၊ အထင်တကြီးလည်းရှိဖို့ရာ ၊မျက်နှာသိလည်း ဖြစ်မနေဖို့ရာ တကယ်လည်းနာမည်ကျော် အနုပညာသည်တစ်ယောက်ဖြစ်ဖို့ရာ ဆရာ၏ အစီအစဉ်သည် ကွက်တိ ။

သို့သော် ဆရာပြောခဲ့သော ထိုမင်းသမီးရရှိဖို့ အခက်အခဲဆိုတာကတော့ သက်ဆိုင်ရာက ပံ့ပိုးကူညီမှသာ ဖြစ်နိုင်ပေတော့မည် ။ ပြီးတော့ ထိုမင်းသမီးသည် ဆရာ၏ ဇာတ်ကောင်စရိုက်ကို နားလည်ပါမည်လား ။ သူက ဗုဒ္ဓဘာသာ အကြောင်းကိုရော သိရှိပါရဲ့လား ။

••••••   ••••••••••   ••••••••

ဟိုးအစ၌ ကျွန်တော် ဆိုခဲ့၏ ။ “ ရွှေတိဂုံဘုရားသမိုင်းပြဇာတ် ” ကပြနေချိန်နှင့် ဤစာစုရေးနေချိန်သည်မတော်တဆ တိုက်ဆိုင်သွားခြင်းပါဟု ။ ဘာကြောင့် ကျွန်တော်က ဤသို့လျှင် ကြိုတင်ကာကွယ်မှုစကား ဆိုရသနည်း ။ ကျွန်တော်တို့ အနုပညာရှင်များသည် ကိုယ့်ရှေ့က ပညာရှင်ကြီးများ၏ ကျော်ကြားသော အနုပညာအပေါ် သာယာပြီး ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း ပြုကြသည်ထက် ထိုပညာရှင်ကြီးများ၏ လက်တန်ရှည်သော အတွေးအခေါ် အနုရသတို့ကို ရှာဖွေကြည့်တတ်ဖို့ လိုအပ်သည်ဟု ကျွန်တော်က ထင်သောကြောင့်ပင် ။

ယနေ့စာစောင် ၊ မဂ္ဂဇင်း ၊ ဂျာနယ်တို့တွင် ဒါရိုက်တာ ပညာရပ်နှင့် ပတ်သက်၍ ပညာရှင်တို့က မိမိရှုထောင့်မှ မိမိရေးသား ဝေဖန်အကြံပြုနေကြပါသည် ။ ကြိုကြားဆိုသလို ဖတ်ရပါသည် ။ အထူးသဖြင့် မိုးဦးကျမှိုများကဲ့သို့ ဟိုတစ်စ ၊ သည်တစ်စ ပေါ်ပေါက်လာသောဒါရိုက်တာများကို ဝေဖန်ခြင်း ၊ အကြံပေးခြင်းများ ဖြစ်သောကြောင့် အဖိုးတန်ပါသည် ။ ကင်မရာရှုထောင့် ၊ ဇာတ်ညွှန်းသဘာဝ ၊ ကားဖြတ်ကားဆက် ၊သရုပ်ဆောင်ရွေးချယ်မှု ၊ ဇာတ်လမ်းရှာဖွေခြင်း ၊ နောက်ခံတေးဂီတ စသည်ဖြင့် ထောက်ပြပေးကြသည်မှာလည်း ပညာရစေပါ၏ ။

ကျွန်တော့်အနေနှင့်မူ ဒါရိုက်တာကြီးများ အမှတ်မထင် တွေးတတ်သောရှုထောင့် သေးသေးကလေးတွေကိုလည်း ဂရုစိုက် ရှာဖွေကြည့်ကြစေချင်သည် ။
အသေးလေးကို အဝေးကြီးမှပင် ကြည့်တတ်စေချင်သည် ။ အနုမှန်ပြောင်းတော့ လိုလိမ့်မည် ။

            သုမောင်
            အလင်းတန်းဂျာနယ်
            အမှတ် (၂၄)၊   
            ၁၇-၁၁-၉၈

.

Wednesday, July 1, 2020

အိမ်ထောင်ရေး ဓမ္မ ဤသို့ပြ ( ရန်အောင် )



  ❝  အိမ်ထောင်ရေး ဓမ္မ   ဤသို့ပြ  ❞

ကျွန်ုပ် တူလို သားလို ခင်မင်ရင်းနှီးသော သူငယ်တစ်ယောက် ရှိ၏ ။ စစ်ပြီးစက ထိုသူငယ်မှာ အလုပ်အကိုင် မယ်မယ်ရရ မရှိသဖြင့် သူများအိမ်တွင် ထမင်းစားကျွန်ခံကဲ့သို့ နေရရှာသည် ။သို့သော် ထိုသူငယ်၏ ပညာ အရည်အချင်းကား မညံ့ပေ ။ တက် မယ့်မီးကျည် စအိုနီနှင့်ဟူသကဲ့သို့ဉာဏ်ရည်ဉာဏ်သွားနှင့် လူစွမ်းလူစအပြင် စာပဝါသနာအိုး စာသမား, ပေသမား တစ်ယောက်ဖြစ်၏ ။

ထိုသူငယ်သည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သူများအိမ်တွင် ထမင်းစား ကျွန်ခံဘဝမျိုး၌ နေရစဉ်တွင် အချစ်စိတ်ကို ဖိနှိပ်ဆုံးမ၍ မထားဘဲ အိမ်ထောင်ပြုလိုသည့်အလျှောက်အိမ်ထောင်ပြုလေ၏ ။
သို့အိမ်ထောင်ပြုသော အခါတွင်ကား သူ့အခြေအ​ေန အဆင့်အတန်း အားလျှော်စွာ စာပေမတတ် ,  ဂွတတ , အတတ , တောသူ အရိုင်းမကြီးနှင့် အိမ်ထောင်ကျသတတ် ။

ယခုအခါတွင်ကား ထိုသူငယ်၏ ပညာအရည်အချင်းအလိုအလျောက် လခ ၅၀ဝိ/- နီးပါးစားရသည့် ဘရားဝါလား အလုပ်ကြီးကို လုပ်ရလေရာ ထမင်းစား ကျွန်ခံဘဝက ယူထားသည့်အရိုင်းမကြီးမှာ ရှေ့သွားနောက်လိုက် မညီ ကသီလင်တ ၊ ဂွအကျကြီးကျလျက်စွန့်ပစ်၍လည်းမရ
ကျေနပ်နှစ်သိမ့်ရမည်ကလဲ သဘာဝမကျ ၊ ဒုက္ခအကြီးအကျယ် တွေ့ရရှာလေသည် ။

တစ်နေ့သောအခါတွင် ကျွန်ုပ်သည် ထိုသူငယ်အလုပ်လုပ်ရာ ဌာနသို့ သွားရောက်လည်ပတ်၏ ။  ထိုသူငယ်၏ စားပွဲရှေ့တွင် ရေမွန်သားနားသော ပညာတတ်စာတတ်ပေတတ် မိန်းကလေးတစ်ဦးထိုင်ကာ စာအကြောင်း ပေအကြောင်း သောင်းပြောင်းရောရာပြောရန် သဘောကြည်မျှ ရွှင်ပြဝမ်းမြောက်နေကြသည်ကို တွေ့ရ၏ ။
ကျွန်ုပ်မှာ ထိုသူငယ်အတွက် ရင်တွင်းမှနာ မချိစွာဖြင့် အသာထိုင်၍ ကြည့်နေရပေသည် ။
ထိုသူငယ်သည် ထိုသူငယ်မနှင့်သာ အကြောင်းပါ ပါကအိမ်ထောင်ရေးသုခ အဘယ်မျှရမည်နည်းဟု အတွေးကြီးတွေးပြီး ဝမ်းအနည်းကြီး နည်းပေ၏ ။

ထိုသူငယ် အိမ်ထောင်ရေးသုခ မရရသည်မှာချုပ်တည်းမှု အောင့်အီးမှု မရှိသောကြောင့်ဖြစ်၏ ။ တစ်နည်းဆိုသော် လက်ထဲတွင် တစ်ပဲသား ရှိစဉ်က ပစ္စည်းဝယ်မိသဖြင့် တစ်ပဲတန်ကိုသာ ရခြင်းဖြစ်၏ ။ အကယ်၍ ထောင့် - ကိုးရာရှိမှ ပစ္စည်းဝယ်လျှင် ထောင့် - ကိုးရာတန်ရမည် ။ မှန်လေသည် ။

ဤသူငယ်ကားအိမ်ထောင်ရေးအတွက် စိတ်အပျက်ကြီးပျက်လျက် မိတ်ဘက်နှင့်လည်း အတူမနေချင် အိမ်တွင်  ​ေနသော်ငြားလည်း မယားနှင့်စကားပြော၍မဖြစ် သူငယ်က ဗဟုသုတဖြစ်ဖွယ်စကားပြောလျှင် သူ့မယား ကန်စွန်းရွက်တစ်ပဲဖိုး သုံးစည်းမရကောင်းလားဟု မဟားဒယားနှင့် ကန်စွန်ရွက်သည်ကို ဒေါပွသည့်စကားကိုဆို၏ ။

သူငယ်က စီးပွားရေးစကားပြောလျှင် သူ့မယားက ကလေးတစ်ယောက် မွေးစားချင်ကြောင်းပြောမည်ဖြစ်၏ ။

ဤကဲ့သို့ အဆင်မပြေ ကလေကဝ ဂွအကျကြီးကျသော သူငယ်မှာ အိမ်မှလည်ပတ်ကာ စိတ်ဖြေဖျော်ရာကိုရှာလျက် ဘိုင်စကုတ်ကြည့်မိ၏ ။ ဘောလုံးပွဲသွား၏ ။ မိတ်ဆွေများအိမ်တွင် ပိုကာဒေါင်း၏ ။ သို့ဖြင့် ရသမျှငွေများမှာ တမလွန်သို့သွားသလို လက်ကြားမှယို၍ ဆင်းလေတော့သည် ။

“ အဲ့ဒါပဲကွတပည့် အဲဒီလိုမြင်ချင်ရင် စောစောစီးစီး အိမ်ထောင်ပြုပေတော့ အဲဒီသူငယ်လို စိတ်မချမ်းသာတဲ့ဘဝမျိုးက လွတ်ချင်ရင် စောင့်စည်းချုပ်တည်းဦးကွာ ၊ ဒီကိစ္စမျိုးဆိုတာ အောင့်မရ ချုပ်မရတာ မျိုးမဟုတ်ပါဘူးကွာ ။ ဒီလိုဆိုရင် ဘုန်းတော်ကြီးတွေ သီလရှင်တွေ ခက်ကုန်ကျရောပေါ့ မောင်ရာ ။ သဘာဝက တိုက်တွန်းလို့ စိတ်ဆိုး စိတ်ယုတ်မာပေါ်လာရင် ဉာဏ်စိတ်, သတိစိတ်, ပညာစိတ် နဲ့ နှိပ်ကွပ်ဆုံးမပေတော့ကွာ ” ဟု အိမ်ထောင်ပြုချင်ပြီဆိုသော ကျွန်ုပ်၏ တပည့်အား တရားပြ၍ နားချသောအခါ အကျင် တပည့်မှာ ပီတိဖြင့် ရွှန်းရွှန်းဝေလျက် အိမ်ထောင်မပြုဘဲ နေပါအုံးမယ်ဟု ဝန်ခံ၏ ။

အဟောသုခံ ဤသည်လည်း ချမ်းသာခြင်းကြီးပင် မဟုတ်ပါလော ။

                    ◾  ရန်အောင်
   📖  အိမ်ထောင်ရေး အဘိဓမ္မာ
.

Sunday, June 28, 2020

လှမ်းလို့ကြို ( ချင်းတွင်း ရောင်ခြည်သစ် အိုးစည် ဒိုးပတ် အဖွဲ့ ၊ မုံရွာမြို့)


     ဒီ သီချင်းဟာ သက်တမ်းအားဖြင့် ၃၇ - ၃၈ လောက် ရှိပါပြီ ။
     ချင်းတွင်း ရောင်ခြည်သစ်ရဲ့ သီချင်းတစ်ပုဒ်ပါ ။
     ချင်းတွင်း ရောင်ခြည်သစ် ရဲ့ မူလ နာမည်ကတော့ ရောင်ခြည်သစ် ပါပဲ ။ ရန်ကုန် လသာမြို့နယ်မှာ အိုးစည် ဒိုးပတ် သွားပြီးပြိုင်တော့မှသာ ချင်းတွင်း ရောင်ခြည်သစ်လို့ ဖြစ်လာတာပါ ။
     သူတို့အဖွဲ့ရဲ့ အရင် ပေါ်ပေါက်ခဲ့တဲ့  ချင်းတွင်း ဒိုး  ဆိုတာ ရှိပါတယ် ။ မုံရွာဉီးလေးခန့် စီစဥ်ညွှန်ကြားပြီး ချင်းတွင်းကျော်စွာလှိုင် တို့ ဦးဆောင်တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ချင်းတွင်း ဒိုး ပါ ။ ရန်ကုန်မှာ ထင်ရှားကျော်ကြားခဲ့ပါတယ် ။ မြန်မာ့အသံကလည်း သူတို့ သီချင်းတွေ ထုတ်လွှင့်ခဲ့ပါတယ် ။
     29 June 2020 ရက်​ေန့ဟာ   ချင်းတွင်းရောင်ခြည်သစ် ရဲ့ တေးရေး အေးသလ္လာ ကွယ်လွန်ခြင်း ၁၄ နှစ်မြောက် ဖြစ်တဲ့အတွက် အမှတ်တရ တင်ဆက်လိုက်ပါတယ် ။

Saturday, June 27, 2020

မောင်ထင်


❝  မောင်ထင် ❞

    “မင်းသစ်ရေ  မင်းသစ်”

    နားထဲမှာ ကျွန်တော့်ကိုခေါ်သံကြားနေရသည်ဟုထင်သည် ။ ၁၉၈၀ - ပြည့်လွန်နှစ်များ၏ တစ်ခုသော ဆောင်းနံနက်ခင်းဝေလီဝေလင်း အချိန်ဝယ် လူက အိပ်ချင်မူးတူး ဖြစ်နေဆဲ ။ ခေါ်သံက ထပ်ပေါ်လာပြန်သည် ။

    “ မင်းသစ်ရေ ၊ ဟို ရှယ်လီရော ၊ မထကြသေးဘူးလား ”

    ကျွန်တော် တော်တော်ဒေါသထွက်သွားသည် ။ ရန်ကုန်မြို့လယ်တွင် ကျူရှင်ဖွင့်ထားသော ကျွန်တော့်မှာ အားလပ်ရက်ဟူ၍ သည်လို တနင်္လာ တစ်ရက်သာ ရှိသည် ။ နေ့စဉ် မနက် ၅ နာရီခွဲတွင် အိမ်မှ ထွက်ရပြီး တစ်နေကုန်စာသင် ၊ ည ၇ နာရီခွဲ တတန်းပြီးမှ အိမ်ပြန်ရသည် ။ ထို့ကြောင့်တနင်္လာနေ့ တစ်ရက်သာ မိုးလင်း နေထွက်သည်အထိ အိပ်ရသည် ။ ခုတော့ ဘယ်သကောင့်သားတွေကများ လာနှောက်ယှက်နေကြပါလိမ့် ။ အရက်သောက်ဖို့ လာခေါ်ကြတာ ဆိုရင်တော့ ၊ သင်းတို့လွန်လွန်းပြီ ။

    “ ဒါလင် ၊ ဘယ်သူတွေလဲ ၊ ကြည့်စမ်း ”

    ဇနီးဖြစ်သူက ခန်းဆီးလိုက်ကာကို အသာလှပ်၍ ကြည့်လိုက်သည် ။

    “ အမယ်လေး ၊ ဒုက္ခပါပဲ ”

    “ ဘယ်သူတွေလဲကွ ”

    “ ဆရာမောင်ထင် ရှင့် ၊ အန်တီလည်းပါလာတယ် "

    “ ဟေ ”

    မျက်လုံးကျယ်သွားရုံမက ၊ ပြူထွက်သွားသည် ထင်ပါ၏ ။ ဇနီးသည်က အိမ်တံခါးကို ဖွင့်လိုက် ရင်း. . .။

    “ ကြွပါဆရာ ၊ ကြွပါ အန်တီ ”

    အိပ်ခန်းထဲမှကုပ်ချောင်းချောင်းဖြင့် ထွက်လာသော ကျွန်တော့်ကိုမြင်သည်နှင့် ဆရာက တရစပ်ကြိမ်းမောင်းတော့သည် ။ ကျွန်တော့်ဇနီးလည်း အဆစ်ပါ သွားသည် ။

    “ မင်းတို့ကွာ လူငယ်တွေလုပ်ပြီးတော့ ဝိရိယ နည်းလိုက်ကြတာ ။ ငါတို့လင်မယားတောင် ဈေးဘက်တစ်ပတ်ပတ်ခဲ့ပြီးပြီ ”

    “ ဒီနေ့ အလုပ်မရှိလို့ပါ ဆရာ ”

    ညောင်နာနာ အသံလေးဖြင့် ကျွန်တော်က လေပြည်ထိုး၏ ။

    “ အလုပ်မရှိလည်း မနက်စောစောထပြီး ငါတို့လိုကျန်းမာရေးအတွက်
လမ်းလျှောက်ကြပေါ့ကွ ၊ ဘာလဲ ၊ ညက သောက်တာများသွားလို့လား ၊ ခွေးမသားလေးရဲ့”

    “ မဟုတ်ပါဘူးဆရာ ။ သူအိပ်သွားပါစေတော့ဆိုပြီး ၊ ကျွန်မက မနှိုးဘဲ ထားလို့ပါ "

    ကျွန်တော့်ဇနီးက ဝင်၍ကာကွယ်ရှာသည် ။ သည်တော့မှသူ့ကိုပါတိုက်ရိုက် ထိတော့သည် ။

    “ အေး .. သူ မထတောင်  နင်က မိန်းမပဲ ။ စောစောထပြီး လုပ်ကိုင်နေရမှာပေါ့ ရှယ်လီရ ”

    ကျွန်တော့်ဇနီး ခေါင်းလေးပုဝင်သွားသည် ။ သည်တွင် ကျွန်တော်က စကားလမ်းကြောင်း လွှဲရန်ကြိုးစားသည် ။ ဇနီးသည်ဘက်သို့လှည့်ပြီး...

    “ ဆရာတို့အတွက် ဘရိတ်ဖတ်( စ် ) စီစဉ်ကွာ ”

    “ ဘာမှ လုပ်မနေနဲ့ ၊ ငါတို့နှစ်ယောက်စလုံး ဈေးကြီးနားမှာ စားခဲ့ပြီးပြီ ။ မင့်ကို ဒီနေ့ စာပေဗိမာန်ကို ခိုင်းစရာရှိလို့ ၊ မင်းတို့ဘက်လှည့်ဝင်လာတာ ”

     “ ဟုတ်ကဲ့ဆရာ ”

     “ အေး - ဆယ်နာရီလောက် အိမ်ကိုလာခဲ့ ”

    စကားဆုံးသည်နှင့် ချာခနဲလှည့်ထွက်သွားသည် ။ အန်တီကသာ အားနာပြုံးလေးနှင့် နှုတ်ဆက်သွားရှာပါသည် ။ သည်တော့မှကျွန်တော်တို့ “ ဟင်း ” ချနိုင်တော့သည် ။

    ထိုနေ့မှစ၍ ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံး စောစောထသည့်အကျင့် ရသွားပါသည် ။

◾  ◾  ◾

    ထိုစဉ်က ဆရာနှင့် ကျွန်တော်တို့မှာ အိမ်ချင်းနီးကြပါသည် ။ ဆရာက ကမာရွတ် သုခလမ်းရှိ ခြံကြီးထဲမှာ ရပ်ကွက်တွင်းရှိ ကလေးများက “ အိမ်မည်းကြီး ” ဟု ခေါ်သော နှစ်ထပ်အိမ်ကြီးတစ်လုံး တွင်နေပါသည် ။

    သို့သော် ထိုအိမ်ကြီးတွင် ဆရာနေကြောင်း ကျွန်တော် မသိခဲ့ပါ ။ ဆရာတင်မိုးခေါ် သွားမှ ရောက်ဖူးပြီး ၊ ဆရာနှင့်လည်း ခင်မင်ရင်းနှီးခွင့်ရခဲ့ပါသည် ။ သို့ဖြင့် ဆရာ့အိမ်ကို ကျွန်တော်ချောင်းပေါက်ခဲ့တော့၏ ။

    ကျွန်တော်မကြာခဏ ရေးဖူး ၊ ပြောဖူးပါသည် ။ ကျွန်တော့်ဘဝတွင် အားကျကြည်ညိုသူ ပုဂ္ဂိုလ် ၁၁ ဦးရှိပါသည် ။ ရှင်မဟာရဋ္ဌသာရ ၊  စလေဦးပုည ၊ မိုးပါဆွန်း ၊
သခင်ကိုယ်တော်မှိုင်း ၊ လီနင် ၊ တဂိုး ၊ မောင်ထင် ၊ မင်းသုဝဏ် ၊ ဗန်းမော်တင်အောင် ၊ မြသန်းတင့် နှင့် တင်မိုးတို့ ဖြစ်ပါသည် ။

    ထိုအထဲတွင် သရော်စာသမားဖြစ်ချင်သော ကျွန်တော့်အတွက် မိုပါဆွန်း နှင့် မောင်ထင်သည် ကျွန်တော်ဦးခိုက်ရာ ၊ ကြားဆရာ ၊ မြင်ဆရာကြီး နှစ်ဦးဖြစ်ပါချေ၏ ။

    ဆရာ၏ မြန်မာပြန်များမှတစ်ဆင့် ၊ မိုပါဆွန်းကို သိခဲ့ရသည် ။ ဆရာ၏ “ ကမ္ဘာစာပေအညွှန်း ” များကြောင့် ၊ ကမ္ဘာ့စာပေနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ဆရာ၏ ပင်ကိုရေးဝတ္ထုများကြောင့် ၊ ဝတ္ထုစာပေကို ဖန်တီး ဖွဲ့တည်နည်းကို သဘော
ပေါက်ခဲ့ရသည် ။

    ကဗျာနှင့်ပတ်သက်လျှင် ကျွန်တော့်ကျေးဇူးရှင်များမှာ ရှင်မဟာရဋ္ဌသာရ ၊ မင်းသုဝဏ် နှင့် တင်မိုးတို့ဖြစ်ပါသည် ။

    စကားပြေနှင့် ပတ်သက်လျှင်ကား ၊ ကျွန်တော်သည် ဆရာမောင်ထင်၏ အန္တဝါသိက တပည့်ကြီးအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားပါသည် ။

    သို့သော် ယနေ့အထိ ဆရာကောင်းတပည့် ဖြစ်မလာသေးပါ ။

    ခွင့်လွှတ်ပါဆရာ ။

    ◾  ◾  ◾  ◾

    သို့ဖြင့် ဆရာနှင့် အိမ်ချင်းနီးသောကြောင့် ဆရာသည် ကျွန်တော်၏ ကြားဆရာ ၊ မြင်ဆရာသာမက ၊ သင်ဆရာကြီးပါဖြစ်လာပါတော့သည် ။ စာပေအနု
ပညာသာမက အခြားပညာရပ်အမျိုးမျိုးတွင်ပါ ၊ ကျွန်တော်အတွက် A WALKING DICTIONARY ( လမ်းလျှောက်နေသော အဘိဓာန်ကြီး ) နှင့်  A TALKING ENCYCLOPEDIA ( စကားပြောနေသော စွယ်စုံကျမ်းကြီးတစ်ဆူ ) ဖြစ်လာပါတော့သည် ။

    ကျွန်တော့်ကုသိုလ်ကြောင့် ၊ ဆရာအရ တော်ပေခဲ့ရသည်ဟုနှလုံးသွင်း ဆင်ခြင်မိပါသည် ။

    အထူးသဖြင့် အင်္ဂလိပ်သဒ္ဒါနှင့်ပတ်သက်၍ အင်္ဂလိပ်လူမျိုးဆရာများ ( NATIVE SPEAKERS ) များပင် မှားတတ်ကြသော ၊ PREPOSITIONS နှင့် ARTICLES သုံးပုံများကို သင်ပေးခဲ့သော ကျေးဇူးကား ကြီးမားလှပါသည် ။

    သို့သော် ဆရာကား ၊ တစ်ခါတရံ စိတ်တိုတတ်၏ ။ မမှားသင့်သောဘာသာစကားအသုံး အနှုန်းများကို ကျွန်တော်မှားသောအခါတွင်မူ...

    “ ခွေးမသားလေး ။ ဘွဲ့ရတစ်ယောက်လုပ်ပြီး ဒါလေးတောင် မှားရသလားကွ ” ဟု ထောပနာ ပြုတတ်ပါသည် ။

    အခုတော့ ကျွန်တော့်ကို ဆဲရင်း ဆိုရင်း ၊ မညည်းမညူ သင်ပေးတတ်သော ဆရာကား မရှိတော့ ။

    ဆဲသံလေးကို လွမ်းလိုက်တာ ဆရာရယ် ။

◾  ◾  ◾  ◾

    မကြာမီ ကျွန်တော်၏ ဝတ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေတော့မည်ဖြစ်သဖြင့် လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်က ၊ ကျွန်တော်ရေးခဲ့သော ဝတ္ထုတိုများကို
ပြန်ဖတ်ကြည့်ရင်း ကျွန်တော်ပြုံးမိသည် ။

    ထိုဝတ္ထုများကား မင်းသစ်ရေးသော ဝတ္ထုတိုများမဟုတ် ။ မောင်ထင့်လေ ၊ မောင်ထင့်ဟန်ဖြင့် ရေးထားသော ဝတ္ထုတိုများသာ ဖြစ်နေချေသည်တကား ။

    သို့သော် ကျွန်တော်မရှက်ပါ ။ ဆရာ့ကို တူအောင် “ တု ” နိုင်ခဲ့သဖြင့် ယနေ့အထိ ဂုဏ်ယူမိပါသေးသည် ။

    မှန်ပါသည် ။ ဝတ္ထုတိုများ စရေးပြီး ၊ နှစ်အတန်ကြာမှ မိမိ၏ ကိုယ်ပိုင်ဟန်ကို တည်ဆောက်နိုင်ခဲ့သည်ဟု “ ထင် ” ပါသည် ။

ကမ္ဘာပေါ်တွင် ၊ စာရေးသူတိုင်း ထိုလမ်းမျိုးကို လျှောက်ခဲ့ကြသူများသာဟုလည်း မှတ်သားမိဖူးပါသည်။

◾  ◾  ◾  ◾

    ဆရာမောင်ထင်သည် လေသံရွှင်ရုံမျှမက ၊စကားလုံး ပြောင်မြောက်လှကြောင်းကိုလည်း စာဖတ်သူတိုင်း သိပြီးဖြစ်သောကြောင့် ကျွန်တော်ထပ်မညွှန်းလိုတော့ပါ ။

    သို့သော်သူ၏ စာမျက်နှာများ၏ ပြင်ပမှ သူ၏ ဟာသဓာတ်ခံလေးများ အကြောင်းကိုမူ ကျွန်တော်ပြောချင်ပါသေးသည် ။

     တစ်ခါက ဖြစ်ပါသည် ။ သူ့ဇာတိ လပွတ္တာမြို့ နှစ် ၅၀ ပြည့်ပွဲတစ်ပွဲသို့ သူကိုယ်တိုင် မသွားနိုင်သဖြင့် ချစ်ဦးညို ၊ မောင်ခိုင်မာ နှင့် သုမောင်တို့ကို သူ့ကိုယ်စား သွားရောက် ဟောပြောခိုင်းပါသည် ။ မသွားမီ ဆရာက ဆုံးမဩဝါဒစကား ပြောပါသည် ။

    “ ချစ်ဦးညို ၊ မောင်ခိုင်မာ ၊ သုမောင်  မင်းတို့ကို တစ်ခုတော့ပြော လိုက် မယ် ။ မင်းတို့ သုံးယောက်စလုံး သောက်တတ်တာ ငါသိတယ် ။ အေး သောက်ပေါ့ ။
ဒါပေမယ့် ခွေးသောက်တော့ မသောက်ကြနဲ့ ၊ လူသောက်သောက်ကြ ”

    မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြင့် ၊ ဆရာသုံးယောက် ငြိမ်နေကြသည် ။

    “ လူသောက် သောက်တယ်ဆိုတာ ဘယ်လိုလဲ သိလား ”

    ဘယ်သူမှ မဖြေရဲကြ ။ ဆရာက စကားကိုနိဂုံးချုပ်သည် ။

    “ မှတ်ထား ၊ ငါ့လိုသောက်ကြ ၊ ဒါပဲကဲ သွားကြတော့ ”

    စာပေလောကမှ နာမည်ကျော် နာဠာဂီရိသုံးကောင်မှာ ပါးစပ်အဟောင်းသားဖြင့် လှုပ်ပင် မလှုပ်နိုင် ။

    ကျွန်တော်က ကျေနပ်အားရစွာ အော်ရယ်သည် ။

◾  ◾  ◾  ◾

    နောက်တစ်ကြိမ်ကတော့ ကျွန်တော် ဝဋ်လည်ရတဲ့အလှည့်ပါ ။

    တစ်ခုသော ဝါကျွတ်ကာလမှာဖြစ်ပါသည် ။ ဆရာ့ကို ကျွန်တော် သွားကန်တော့ပါသည် ။ ကျွန်တော့်အိတ်ထဲမှ ပထမဦးစွာ လုံချည်တစ်ထည် ကိုထုတ်ပြီး ဆရာ့ ခြေရင်းမှာ ချပါသည် ။ ဒုတိယ ဆရာ့အကြိုက်တံဆိပ်နှင့် ပုလင်းတစ်လုံး ထုတ်ပါသည် ။ ဆရာကရယ်သည် ။

    “ ခွေးမသား ၊ ဒုတိယပစ္စည်းမပါလို့ကတော့ ငါက အကန်တော့ခံမှာ မဟုတ်ဘူးကွ ။ ဟဲ ဟဲ ”

    ကျွန်တော့်မှာ ဆရာရှေ့တွင် ကုန်းကုန်းကွကွဖြင့် ရယ်ရအခက် ၊ ငိုရ အခက် ။

◾  ◾  ◾  ◾

ဆရာကား သွေးအေးအေးဖြင့် ဟာသလုပ်တတ်သကဲ့သို့ အန္တရာယ် ကြားမှာပင် သွေးအေးအေးဖြင့် အမှန်တရားသို့ ရောက်အောင် ချဉ်းကပ်ဆုံးဖြတ်တတ်
ပါသည် ။ ကိုယ်တွေ့ပါခင်ဗျာ ။

    ၁၉၈၂ ခုနှစ်တွင် ကမာရွတ် ( လှိုင် ) ဈေးကြီးနှင့် အနီးရှိ ရပ်ကွက် များအားလုံး ပြောင်တလင်းခါအောင် မီးလောင်ပါသည် ။ ဆရာနှင့် ကျွန်တော်တို့၏ အိမ်များနှင့် နီးလှသောကြောင့် ဆရာ့အိမ်သို့ ကျွန်တော်ဒုန်းစိုင်းပြေးပါသည် ။

    ဆရာ့ခြံတံခါးမှာ ပိတ်ထားပြီး ပစ္စည်းများကို အိမ်အောက် ခြံဝန်းထဲတွင် နေရာအနှံ့ စုပုံထားသည်ကို မြင်ရသဖြင့် ပို၍ စိတ်ပူသွားရပါသည် ။ ခြံစည်းရိုးသံဆူးကြိုးများကို ဝင်ကာ ၊ တောကြောင်များက ဝင်ဆွဲသွားနိုင်ပါသည် ။ ထို့ကြောင့် ခြံစည်းရိုးတစ်လျှောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိပါသည် ။ ကျွန်တော့်ကို မြင်သောအခါ ဆရာက အိမ်ထဲမှ ထွက်လာပြီး...။

    “ ဟေ့ကောင် ၊ ဘာလုပ်နေတာလဲ ။ တကယ်တမ်း လောင်ပြီဆိုရင် မင့်ဗလနဲ့ ဘာတစ်ခုမှ လည်း မ,နိုင် ၊ သယ် နိုင် မှာလည်းမဟုတ်ဘဲနဲ့ ။ သွား အခုပြန် ၊ အိမ်မှာ
ကလေးတွေချည်းပစ်ထားခဲ့တာ မဟုတ်လား ။ မိုက်တဲ့အကောင် မြန်မြန် ပြန် "

    လေးစားကြည်ညို၍ မဆုံးပါဆရာ ။

◾  ◾  ◾  ◾

    သူ၏ “ ကိုဒေါင်းဝတ္ထု ” ကို ဤသို့ အဆုံးသတ်ခဲ့သည် ။

    “ ကိုဒေါင်းကား သေလေပြီ ။ ကိုဒေါင်းသည် သက်တော်ရာကျော်ရှည်ပါစေ သတည်း ” ဟူ၏ ။

    ဤကား သူချစ်သော သူ့ဇာတ်ကောင် ကိုဒေါင်းအတွက် ဆရာ၏ ဆုတောင်းဖြစ်ပါသည် ။ ဆရာ့အတွက် မူ ကျွန်တော်တို့ဆုတောင်းပေးရန် လိုလိမ့်မည်ဟု
မထင်ပါ ။

    မြန်မာစာပေလောကတွင် “ မောင်ထင်သည် ထာဝရ ” ဖြစ်သောကြောင့်ပင် ။

              ®°°°   မင်းသစ်

            လွမ်းရတဲ့ သူတွေ

Tuesday, June 23, 2020

ကြည်ကြည်ဌေး

❝  ကြည်ကြည်ဌေး  ❞

     ကြည်ကြည်ဌေးအကြောင်း ပြောရမယ်ဆိုလျှင် " ကဌေး ” ဆိုတဲ့ ပြဇာတ်ရုံမှ စရလိမ့်မယ် ။ ငယ်နာမည် - မကျင် ၊ ဇာတ်နာမည် -  အောက်ချင်းမ ။ ပြဇာတ်မင်းသမီးနာမည် - မာလာရီ ဆိုတဲ့အမည်တွေက ရုပ်ရှင်ပြဇာတ် ဧကရီ ကြည်ကြည်ဌေးဘဝကို “ ကဌေး ”  က မွေးပေးလိုက်တာဖြစ်လို့ပါပဲ။

     ဒုတိယကမ္ဘာစစ်ဖြစ်လို့ ရုပ်ရှင်ကုမ္ပဏီတိုင်း ရပ်ဆိုင်းလိုက်တာနှင့်တစ်ပြိုင်တည်း ရုပ်ရှင်သမားတွေ အလုပ်လက် မဲ့ဖြစ်ခဲ့ကြရတယ် ။ ဂျပန်ဝင်လာပြီးနေသားတကျ ရှိသလို ဖြစ်တဲ့အခါမှာတော့ ရုပ်ရှင်ကုမ္ပဏီတွေက အသံတိတ် ကားဟောင်းတွေပြလို့ ဝင်ငွေ သိပ်ကောင်းလာကြတယ် ။ကောင်းသမှ ကားသစ်အနေနဲ့ စပြခဲ့ ရတဲ့ဝင်ငွေထက် ပိုတယ် ။

     စစ်ဘေးစစ်ဒုက္ခ သောကအထွေထွေကို စိတ်ပြေလက်ပျောက် ကြည့်စရာကအဲသည် ကားဟောင်းတွေပဲရှိတယ် ။ ဇာတ်သဘင် အငြိမ့်ဆိုတဲ့ အဖွဲ့အစည်းတွေက ဇာတ်ခေါင်းကွဲနေကြတဲ့အချိန်မှာ ပြစက် နှင့် ကားထုပ်ရှိလျှင် ရုံဝင်ခရတဲ့ အလုပ်က စားသာနေကြတယ် ။ ဘယ်လောက် ညံ့တဲ့ကား ဖြစ်ဖြစ် ရုံပြည့်အောင်ကြည့်ကြတာပဲ ။

     အပျက်အစီးတွေ စုပုံနေတဲ့ မြိုထဲမှာထက် ရွှေတိဂုံခြေရင်းက ဗဟန်းရပ်ကွက် တစ်ခုလုံးဟာ မဟာရန်ကုန်ဖြစ်နေတယ် ။ အဲသည်က ကန်တော်မိတ်ရုံ နှင့် ကန်တော်မင်္ဂလာရုံ နှစ်ရုံဟာ အဲသည်အချိန်ကတော့
သမ္မတ နှင့် ပပဝင်းပေါ့ ။

     ရုပ်ရှင်ဇာတ်လိုက် မင်းသမီး မင်းသားတွေမှာ သူတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေက သောက်သောက်လဲအောင် ငွေတွေရနေပေမယ့် သူတို့မှာတော့ ဘာမလုပ်တတ် ညာမလုပ်တတ်နဲ့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေကြရတယ် ။ ဘယ်ရုပ်ရှင်ကုမ္ပဏီကမှ အရေးစိုက်တယ် မကြားဖူးပါဘူး ။

     လူတိုင်းအရောင်းအဝယ် ပွဲစားကုန်သည်လုပ်လို့ ဂျပန် ငွေစက္ကူတွေ ပလူပျံနေတဲ့ လက်ကျဲကြီးထဲမှာရုပ်ရှင်မင်းသမီး မင်းသားတွေမှာတော့ အရောင်းအဝယ်လည်း မလုပ်တတ်ကြဘူး ။ မလုပ်ဝံ့ကြဘူး ။

     လုပ်လည်း မလုပ်ချင်ကြဘူး ။ ဇာတ်ကားတွေထဲမှာ မိမိတို့မျက်နှာနဲ့ အက်တင်လုပ်နိုင်ကြပေမယ့် လူထုကြားထဲဝင်ပြီးအရှင်လတ်လတ် လှုပ်ရှား ဆက်ဆံရမှာတော့ ရှက်တယ် ။ ကြောက်တယ် ။ ဂုဏ်ငယ်တယ်လို့ ထင်နေကြတယ် ။

     လူဆိုတာ အကျဉ်းအကျပ် အခက်အခဲက ထွက်ပေါက် လွတ်ပေါက်ရှာကြရတာ ဓမ္မတာပဲ ။ ကြံကြဖန်ကြတာ ထုံးစံပဲ ။ ကြံတော့လည်းဖြစ်တာပဲ ။ ဒီတော့ ဘာလုပ်ကြသလဲ ။ ဇာတ်စင်ပေါ်တက် လူလုံးပြပြီး မိမိတို့ဆိုတတ်ပြောတတ် အမူအရာလုပ်တတ်သလို သရုပ်ဆောင်ပြပြီး " လူဘိုင်စကုတ် ” ဆန်ဆန်ပြဇာတ်တွေလုပ်လာကြတာပေါ့ ။အဲသည်လို လုပ်လိုက်တော့ ရုပ်ရှင်ကားဟောင်း ကားဆွေးတွေပြနေကြတာထက် အောင်မြင်ပြီး ရုပ်ရှင်ရုံတွေက ပြဇာတ်ရုံဖြစ်လာကြတာပါပဲ ။

     အတိုချုံးပြောရရင် ရန်ကုန်အနောက်ပိုင်း ရွှေတောင်တန်းထိပ်က " ကသေး ” ဆိုတဲ့ တရုတ်ရုပ်ရှင်ရုံဟာလည်း " ကဌေး ” ဆိုတဲ့ ပြဇာတ်ရုံဖြစ်လာခဲ့ပါတယ် ။ လူကြိုက်လို့ ဝင်ငွေကောင်းလာတော့ ပြဇာတ်အဖွဲ့တွေ ပြဇာတ်ရုံ တွေ အလျှိုလျှို ပေါ်လာတာပေါ့ ။ ပန်းဆိုးတန်းမှာ ဝင်းဝင်းရုံ ၊ ရေကျော်မှာ ဇော်ရုံ ။

     ပြဇာတ်အဖွဲ့ တွေများလာတော့ မင်းသမီးမင်းသားတွေ ရှားလာတယ် ။အကြောင်းက ရုပ်ရှင်မင်းသမီးမင်းသားတိုင်း ပရိသတ်ကြိုက်တဲ့ ပြဇာတ်သရုပ်ဆောင်ကောင်း ဖြစ်နိုင်တာ မဟုတ်ပါဘူး ။ ရုပ်ရှင်မှာ မှားလျှင် ပြန်ရိုက်လို့ရတယ် ။ ပိုလျှင် ဖြတ်လို့ရတယ် ။ သီချင်းကိုလည်း သူများက ဆိုပေးလို့ရတယ် ။ ဖလင်ကို စိတ်ကြိုက် ဖြတ်တောက် ပြုပြင်လို့ သဲလဲစင်ကောင်းလာမှ ပိတ်ကားပေါ်မှာ ပြရတာကြောင့် ပရိသတ်က ကြိုက်နေကြတာ ဖြစ်တယ် ။

     ပြဇာတ်ခုံပေါ်ကျတော့ ထွက်တယ်ဆိုကတည်းက ပရိသတ်နဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ကြရပြီ ။ စကားအပြောအဆို သီချင်းရဲ့ စည်းဝါး အသံတည်အသံထား အမူအရာမှားလို့ မဖြစ်တော့ပါဘူး ။ မိမိနဲ့ တွဲဖက် သရုပ်ဆောင်သူနဲ့ အပေးအယူမျှအောင် မျက်နှာပေး မျက်နှာယူတွေကိုလည်း တတ်မှဖြစ်တယ် ။ အဲသည် သဘင်ပညာမျိုးက အလေ့အကျင့် မရှိလျှင် တော်တော် ခဲယဉ်းတာကြောင့် ရုပ်ရှင်မှာ နာမည်ကျော်ပေမယ့်လည်း ပြဇာတ်ပေါ်မှာ နာမည်မရနိုင်ကြပါဘူး ။ ဒါကြောင့် ပြဇာတ် မင်းသမီးကောင်းမင်းသားကောင်း လိုလာကြတာပေါ့ ။

     အခုနပြောတဲ့ ကဌေးရုံမှာ ကျွန်တော်က " ချစ်တော့ချစ်တယ် ” ပြဇာတ်ကို တင်ပြီးတဲ့အခါမှာ ပြဇာတ်မင်းသမီး မင်းသားအသစ်တွေ ပေါ်လာအောင် အနုပညာရှင်ရွေးပွဲလုပ်ကြဖို့ အဖွဲ့ ပိုင်ရှင် ရုံပိုင်ရှင်တို့ နှင့် တိုင်ပင်ပြီးသတင်းစာတွေထဲက ကြော်ငြာ ခေါ်ယူလိုက်တယ် ။ လာလိုက်ကြတဲ့ ဝါသနာရှင်ကလေးတွေ အမျိုးသမီးရော အသားရော အရွယ်အစားစား အများကြီးပေါ့ ။ လက်စလက်နရှိတဲ့ ခေတ်ပညာတတ် ကလေးတွေလည်းပါကြတယ် ။ အကဲဖြတ်အဖွဲ့ကသတင်းစာ  ဆရာ ၊သတင်းထောက် ၊ စာရေးဆရာ ၊ ဂီတသဘင် ပညာရှင်များပေါ့ ။

     သတ်မှတ်ကြော်ငြာထားတဲ့ ပြိုင်ပွဲမလုပ်မီ တစ်ရက်နှစ်ရက် အလိုမှာ ကျွန်တော့်အိမ်ကို ကြည်ကြည်​ဌေး  ဖြစ်လာမယ့် မကျင် နှင့်  သူ့ ခင်ပွန်း ကိုအောင်သိန်းတို့ ရောက်လာကြပါတယ် ။ ကဌေး  ပြိုင်ပွဲနှင့် ပတ်သက်လို့ စုံစမ်းမေးမြန်းရအောင်လာကြတာပါ ။ အဲသည်မှာ သူ့ကို စတွေ့ရခြင်းပါ ။ အသားအရေညိုစိမ့်စိမ့် ၊ ပု​ြပတ်​ြပတ် ပါးပါး လျားလျားမျက်လုံးမျက်ဖန် နှာတန်နှုတ်ခမ်းက မြန်မာဆံဆံ ၊ ရိုးရိုးသားသား သာမညရုပ်မျိုး ၊ အသက်ကတော့ နှစ်ဆယ် ပတ်ဝန်းကျင်လောက်ပဲ ။

     သူ ကျင်လည်ခဲ့ရသောအတွေ့အကြုံ အရည်အချင်းတွေကို ပြောပြပါတယ် ။ ဇာတ်ထဲမှာ အောက်ချင်းမ အမည်နှင့် ဇာတ်မင်းသမီး လုပ်ခဲ့ဖူးကြောင်း ၊ ကျော်အုံးလှိုင်အဖွဲ့ ရာဇဝင်ပြဇာတ်မှာ မာလာရီ ဆိုတဲ့ အမည်နှင့် အတော်ထင်ရှား လူကြိုက် များခဲ့ကြောင်း ၊ ယခု ဇာတ်ခေါင်းကွဲ၍ နားနေရကြောင်း ၊ ကဌေးရုံမှာလုပ်မယ့် ပြဇာတ် မင်းသမီး ပြိုင်ပွဲကိုဝင်လျှင် လက်ခံနိုင်စရာရှိမရှိ သိလို၍ လာရောက် မေးမြန်းရခြင်း ဖြစ်ကြောင်း ပြောပါတယ် ။

    သူပြောနေတဲ့အမူအရာ လေသံဟန်ပန်တို့ဟာ သူဝတ်ဆင်လာတဲ့ အဝတ်အစားနှင့် လိုက်ဖက်အောင် ရိုးရိုးသားသားပါပဲ ။ ရဲတင်းပွင့်လင်းပေမယ့် ရိုသေလေးစားခြင်းအပြည့်ဖော်ပြနေတယ် ။ ကြွားဝါဟန်ဆောင်မှုကင်းတယ် ။ သူ့ရဲ့ ထုံးဖွဲ့ဆင်ယင်မှု ၊ခြယ်လှယ်လိမ်းသမှုမှာလည်း မျက်ခုံးမဆွဲ သနပ်ခါးရည်ကျဲကလေးလောက်ပါပဲ ။ တကယ်တော့ ခေတ်အမျိုးသမီး ပညာတတ်ကလေးတွေကြားမှာ သူလို ဇာတ်မင်းသမီးက ဝင်လျှောက် ယှဉ်ပြိုင်ရမှာ မဝံ့မရဲဖြစ်နေကြောင်း အတိအလင်း ဖွင့်ပြောပါတယ် ။

     ကျွန်တော်ကတော့ သူ့အရည်အချင်းကို စတွေ့တွေ့ချင်းပဲ အကဲခတ်နိုင်ပြီး ပြဇာတ်ရဲ့ ဂုဏ်အင်္ဂါ ပြဇာတ်ရဲ့ ပညာဟာ သဘင်ပညာက ပေါက်ဖွားလာတာလို့ ပြောရပါလိမ့်မယ် ။ သို့ပေမဲ့ သဘင်ပညာကို ပြဇာတ်စင်ပေါ်မှာ ဇာတ်မူအတိုင်းသုံးလျှင်တော့ ဇာတ်ဆန်နေတတ်ကြပြန်ပါတယ် ။ ဒီလိုကျပြန်တော့ ပရိသတ်က လက် မခံကြဘူး ။ ဒါကြောင့် ကျွန်တော်က သူ့ကို အမှတ်တရ မှာလိုက်ရတယ် ။

     “ ကဲ - မကျင် ၊ ပြိုင်ပွဲသာ လာဝင်လှည့် ၊ ကိုယ်ရတဲ့ ခေတ်သီချင်း တစ်ပုဒ်ကို ဆိုပြရမယ် ။ သီချင်းဆိုရင်း အမူအရာလုပ်ပြရမယ် ။ နောက် တွဲဖက် တစ်ယောက်နဲ့ သတ်မှတ်ထားတဲ့ အချစ်စကား ၊ အလွမ်းစကား ၊ အပေးအယူစကားတွေကို အပြောခိုင်းလိမ့်မယ် ။ ဒါတွေဟာ ဇာတ်သမား တစ်ယောက်အနေနဲ့ အလွယ်ကလေးပဲဆိုပြီး စိတ်လိုက် မာန်ပါ မလုပ်လိုက်နဲ့ ။ အရပ်သူ ကျောင်းသူလို့ ပရိသတ်က ထင်ရအောင် ခပ်လျှော့လျှော့ လုပ်ပေး ။ နားလည်အောင် ထပ်ပြောမယ် ။ ခုနှစ်တန်းစာမေးပွဲကို ဘီအေလိုမဖြေနဲ့ ။ ဘီအေလိုဖြေလျှင် စာမေးပွဲကျလိမ့်မယ် ။ ဒါပဲ ”

     ပြိုင်ပွဲလုပ်မည့်နေ့မှာ သူ့ကိုတွေ့လိုက်ရတော့ ကျွန်တော် ဒေါသဖြစ်မိတာကို သတိရနေပါသေးတယ် ။ အဝတ်အစားအဆင်အပြင် အလိမ်း အခြယ်တွေက သာမန်ရိုးရိုး ရှိပေမယ့် ဆံပင်ကို ခေတ်ဆန်အောင်ရယ်လို့ ခပ်တိုတို ဖြတ်ပြီးအကောက်အတွန့် ကလေးတွေ လုပ်လာလို့လေ ။

     ဤပြိုင်ပွဲမှာ ဘီအေလို သူမ​ ​ေ ​ြဖလိုက်ပါဘူး ။ ဖြေများဖြေလိုက်လျှင် ကျမှာက မရှုမလှပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့လျှောက်လွှာထဲမှာ ဓာတ်ပုံနှင့်တကွ အရည်အချင်းကို ဖော်ပြရတာကြောင့် ဇာတ်မင်းသမီးကလေးဆိုတာကို အကဲဖြတ်အဖွဲ့က သိထားကြသကိုး ။

     အရပ်သူ ကျောင်းသူ အပျော်တမ်း ဝါသနာရှင်တွေထဲမှာ ဇာတ်မင်းသမီးတစ်ယောက်က ဝင်ပြိုင်လို့ ဘယ်တရားမှာလဲ ။ ခွင့်မပြုထိုက်ဘူးပေါ့ ။ ဒီတော့ ကျွန်တော်က ဝင်ပြောရတယ် ။

     “ ကျွန်တော် တစ်ခုပြောပရစေ ။ အခုလုပ်တဲ့ပွဲဟာ ကျောင်းကပွဲအတွက် လူရွေးတာမဟုတ်ပါဘူး ကြေးစားပြဇာတ်အတွက် ကြေးစားပညာသည်ကိုဖြစ်စေ ၊ အရပ်သူ အရပ်သား အပျော်​တမ်း ပညာသည်ဖြစ်စေ တော်တဲ့လူ သင့်တဲ့လူကို ကျွန်တော်တို့ အသုံးချနိုင်ဖို့ ရွေးယူကြ
ရမှာဖြစ်ပါတယ် ။ ဒါကြောင့် အကဲဖြတ်အဖွဲ့က လက်ခံကြည့်ကြပါဦးလို့ ။ ဒါကို တစ်ဦးကပြောသေးတယ် ။ " ပြဇာတ် မင်းသမီးရွေးတာ ဇာတ်ဆန်နေလျှင် ဘယ့်နှယ်လုပ်မလဲတဲ့ ” လေ ။ “ ကြည့်ပြီးမှ ဆုံးဖြတ် ပါစို့လား ခင်ဗျာ ။ ဇာတ်ဆန်တာကို ကျွန်တော်တို့လည်း မကြိုက်ပါဘူး ”

     အဲသလိုနဲ့ပဲ မင်းသမီးရွေးပွဲမှာ မကျင်က ဒုတိယရခဲ့ပါတယ်။

     ပထမရသူက ယခု မြင့်မြင့်ဌေးလို့အမည်ရခဲ့တဲ့ မကြည်ပါ ။ တကယ်ကလည်း မကြည်ကကိုယ်လုံးကိုယ်ထည် ဖွံ့ဖွံ့ ဖြိုးဖြိုး ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးလို ခန့်ပါတယ် ။ လှပါတယ် ။ အပြောအဆို အမူအရာလည်း ရဲဝံ့ပိုင်နိုင်ပါတယ် ။ ညောင်လေးပင်သူ ဝါသနာရှင်တစ်ဦးပေါ့ ။

     သူ့ကိုလည်း ကျွန်တော်ပဲ တိုက်တွန်းခဲ့ရတာပါ ။ မြို့တော်ခန်းမမှာ တေး ချိုချို ဆိုတဲ့ ပြဇာတ်ကို မင်းသားကြီးကိုဇေယျ ပထမပြဇာတ်စင်ပေါ် ညကျွန်တော် တင်တဲ့ပွဲမှာ မကြည်က လာကြည့်လို့ စသိတဲ့နေ့မှာပေါ့ ။

     နာမည်ကျတော့ အရပ်အမောင်းမြင့်မားတဲ့မကြည်ကို " မြင့်မြင့်ဌေး ” ။ သွယ်သွယ်လျလျ မကျင်ကို “ ကျင်ကျင်ဌေး ” လို့ ခေါ်ရမှာ တရုတ်ဆန် နေတဲ့အတွက် " ကြည်ကြည်ဌေး ” လို့ ကျွန်တော်တို့ အကဲဖြတ်အဖွဲ့က ကင်ပွန်းတပ်လိုက်ကြပါတယ် ။ သူတို့အပြင် မင်းသမီးကလေးနှစ်ယောက်နဲ့ မင်းသားသုံးယောက်လို့ ထင်ပါတယ် အရွေးခံရတာ ။

     ကြည်ကြည်ဌေးကို ကဌေးမှာ စပြီး စင်တင်တာက ကျွန်တော်ရဲ့ " ဪမိန်းမ ” ပြဇာတ်ပါ ။ ကြည်ကြည်ဌေး နှင့် မြင့်မြင့်ဌေး ကဌေး မင်းသမီးနှစ်ယောက်စလုံးကို တစ်ပြိုင်တည်းတင်ပြနိုင်မယ့် ပြဇာတ်အသစ် တစ်ခုကို ကျွန်တော်က ရေးသားစီစဉ်နေတဲ့အတွင်း မြိုင်ရုံမှာ တင်ခဲ့ဖူးတဲ့ ေဩာ် မိန်းမမှာ ကြည်ကြည်ဌေးကို “ ခွပ်လက်ချ ” ကြည့်ရအောင် တင်ကြည့်တာပါ ။ သူလုပ်ရမယ့်နေရာက မင်းသမီးမဟုတ်ပါဘူး ။ စိန်ကုန်သည်ဟန်ဆောင် ၊ ဆရာဝန်ကတော် ဟန်ဆောင်ပြီး စိန်ကုန်သည် ကြယ်နီကြီးရဲ့ စိန်တွေကို လိမ်ယူထွက်ပြေးရမယ့် မိန်းမလည်ကလေး နေရာကပါ ။ သူကတော့ မင်းသမီး မလုပ်ရလို့ သိပ်ကျေနပ်ပုံ မပေါ်ပါဘူး ။ ဒါကိုကျွန်တော်သိတယ် ။ ကျွန်တော်ကလည်း ကျွန်တော့်ရည်ရွယ်ချက်နဲ့ ကျွန်တော် ။

     သူ့ကိုဇာတ်စင်ပေါ်မှာ အောက်ချင်းမအနေနဲ့လည်း မကြည့်ဖူးဘူး ။ မာလာရီအနေနဲ့လည်း မမြင်ဖူးဘူး ။ ဒီတော့ မြေစမ်းခရမ်းပျိုးရအောင် အကွက်နည်းနည်းမှာ အရည်အချင်း အများဆုံးပြနိုင်မယ့် ဇာတ်ကွက်ကို ပေးကြည့်ခြင်းပါ ။ အဲ -   " ဆုတ်သာတက်သာ ” လည်း ဖြစ်သပေါ့ ။

     ဒီနေရာမှာ ဇာတ်ကောင်ဇာတ်ကွက်ရဲ့ အရည်အချင်း ဖြစ်ပုံကို ပြောရဦးမယ် ။ တချို့ မင်းသမီး မင်းသားဇာတ်ကောင်ဇာတ်ရံများဟာ ဇာတ်ကွက်ထဲမှာ ဂုဏ်နိမ့်မယ် ၊ အကျင့်စာရိတ္တ ဖောက်ပြားရမယ်ဆိုတဲ့ ဇာတ်ကောင်မျိုး နေရာမျိုးဆိုလျှင် ရှောင်ချင်ကြတယ် ။ မလုပ်လိုကြဘူး ။ ကျွန်တော်ပြောရဲပါတယ် ။ ကြည်ကြည်ဌေးဟာ အဲသည်တုန်းက ကျွန်တော့်ကို မငြင်းဝံ့လို့ လုပ်ရရှာတာပဲ ။

     နောက်တော့ သူသိလာပါတယ် ။ ကိုယ့်ရုပ်ရည်အလှနှင့် ယောက်ျားတွေကို " ကျ ” အောင် ပြောရ ဆိုရ ၊ မူရ နွဲ့ ရ ၊ ငိုရမဲ့ရ သဘာဝကျအောင် သရုပ်ဆောင် ရတာဟာဣန္ဒြေ သမ္ပတ္တိနဲ့ လှလှကလေးလုပ်ပြရတာထက် ခက်ခဲပါတယ် ။ ဒါမျိုးက ဟာသ - ပသာဒ - ၀စန စကားကြွယ်မှ လုပ်နိုင်ကြပါတယ် ။

     ဇာတ်ကောင် နေရာ အရွေးမှားမှန်း နောက် မှသိလို့ နောင်တရကြတဲ့ အဖြစ် ကြုံခဲ့ဖူးတာ ပြောရဦးမယ် ။ ကျွန်တော်ရဲ့ ဂုဏ်ရည်မတူ ဝတ္ထုကို ဂျပန်ခေတ်က ကန်တော်မိတ်ရုံမှာ " ဂုဏ် ” ဆိုတဲ့နာမည်နဲ့ တင်တဲ့အခါတုန်းကပေါ့ ။ သူတောင်းစားမကလေး မယ်သုံ နေရာမှာ နာမည်ကြီး ရုပ်ရှင် မင်းသမီးကလေးတစ်ယောက်က သူမလုပ်ပါရစေနဲ့လို့ တောင်းပန်တယ် ။ သူဌေးသမီးကလေးနေရာမှာသာ ထားပေးပါတဲ့ ။ နောက်အရူးပေါက်စီ နေရာလည်း နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက်ကငြင်းပြန်တယ် ။ အဲဒီတော့ ယိမ်းခေါင်းဆောင်အဖြစ်နဲ့ပါလာတဲ့ အေဝမ်းက ဇာတ်ရံ မင်းသမီးကလေး မေကျင် ကို မယ်သုံအလုပ်ခိုင်းပြီး အရွယ်ကြီးတဲ့ မင်းသား ကိုဘချစ်ကို အရူးပေါက်စီအလုပ်ခိုင်းရတယ် ။

     နာမည်ကြီး မင်းသမီး မင်းသားနှစ်ယောက်တော့ တစ်ယောက်က ပန်းချီဆရာ ။ တစ်ဦးက သူဌေးသမီးကလေးပေါ့ ။

     ဇာတ်လည်း တင်ကလိုက်ရော ။ ပေါက်စီ နဲ့ မယ်သုံ ဆိုတဲ့နာမည်က ဟိန်းထွက်လာပါလေရော ။ မင်းသမီးနာမည်လည်း ဂုဏ်မေကျင် ဖြစ်သွားရော ။ နှစ်ရက် သုံးရက်ကပြီးတော့ သူတို့နှစ်ယောက်က အရေးဆိုလာပြန်တယ် ။ သူတို့က နာမည်ကြီး မင်းသမီးမင်းသားတွေပါတဲ့ ။ သူတို့ကိုလည်း ဒီနေရာတွေမှာ ပေးက,ပါတဲ့ ။ က,လက်စ လူနှစ်ယောက်ကလည်း မပေးနိုင်ဘူးလေ ။ မင်းတို့ မက,ချင်လို့ မင်းတို့က ပယ်လို့ တို့ကဝင်က,ရတာ ။ အခုမှ ငါးပွက်ရာ ငါးစာ လာမချနဲ့ပေါ့ ။ အဲသည်အရေးက တုတ်တပြက် ဓားတပြက် ဖြစ်ကြတဲ့အထိပဲ ။ နောက် စကားနည်း ရန်စဲ ကျွန်တော်ကပဲ သုံးရက်စီ ဝင်ကကြဖို့ စီစဉ် ပေးရတယ် ။  ဒါပေမဲ့ လမိုင်းမကပ်တော့ဘူးလေ ။ အထာမကျတော့ ပရိသတ်က လက် မခံတော့ဘူး ။ ဂုဏ်မေကျင်မှ မေကျင်ပဲ ။ အရူးပေါက်စီလည်း ကိုဘချစ်မှပဲ ။

     ကြည်ကြည်ဌေးအကြောင်းကို ဆက်ရမယ်ဆိုလျှင် အဲသည် ​ေဩာ်မိန်းမ မှာပဲ ပရိသတ်ကလိုလိုလားလား လက်ခံလာတာကို တွေ့ရတယ် ။ သူ့ဟာသ ကလေးတွေက ထိမိတယ် ။ ကြယ်နီကြီးကလည်း လူရွှင်တော်ကောင်း ။ သူကလည်း အပို့အယူတတ်တဲ့မင်းသမီးမို့ အအုပ်အခံနဲ့လုပ်သွားလိုက်ကြတာ ပရိသတ်မှာ တဝါးဝါးပါပဲ ။ တကယ်တမ်း ပြောရလျှင် ဒီနေရာမျိုးမှာ တော်ရုံပညာနဲ့မရတာ လက်တွေ့ပဲ ။

    ​ေဩာ် မိန်းမ ပြီးတော့ သူနဲ့ မြင့်မြင့်ဌေး ပြိုင်တူပါဝင်တဲ့ ချစ်ကုမ္ပဏီ ဆိုတဲ့ပြဇာတ်ကို တင်ရပါတယ် ။ မြင့်မြင့်​ဌေး  ကို အလှအပနဲ့ ချစ်စရာကောင်းပြီး သူဌေးသမီးနေရာက မောင်မျိုးချစ်နဲ့တွဲစေတယ် ။ ကြည်ကြည်ဌေးကိုတော့ အဖိနှိပ်ခံဆင်းရဲသူကလေးနေရာက မင်းသား အသစ်ကလေးတစ်ယောက်နဲ့ တွဲစေပါတယ်။ မြင့်မြင့်ဌေးနေရာက ပျော်မြူးစရာနှင့် ချစ်စရာ ။ ကြည်ကြည်ဌေးနေရာက အလွမ်းပေါ့ ။

     ကျွန်တော် ဇာတ်ခွင်ချ လူရွေးတဲ့နေရာမှာ အမြဲသတိထားတာ ရှိပါတယ် ။ ဥပမာနဲ့ပြောရရင် ရေမြွေကို မြွေဟောက်လို မသုံးနဲ့ ။ မြွေဟောက်ကို ရေမြွေလို မသုံးမိဖို့ပဲ ။ ရုပ်ရှင်တို့ ပြဇာတ်တို့မှာ ဒါရိုက်တာသာ ပဓာန ။ ဒါရိုက်တာရဲ့ အရည်အချင်း ပင်ကိုဗီဇနှင့် ပညာကိုပါ အကဲခတ်ပြီး ကိုင်တွယ်ကြရပါမယ် ။ ရေမြွေကို ပါးပြင်း မထောင်ကောင်းလားလို့ ရိုက်သင်လည်း သေရုံပဲရှိမှာပါ ။ မရပါဘူး။ အဲ - မြွေဟောက်ကို ပါးပျဉ်း မထောင်ရအောင်ထားလျှင်လည်း သူ့အစွမ်းအစကို ဖော်မပြလိုက်နိုင်သလို ရှိပါလိမ့်မယ် ။ ကိုယ့်တပည့် အရင်း အဖျားဆိုပြီး မျက်နှာလိုက်ရင် အနုပညာဘက် မှာ အဆီအငေါ်မတဲ့သည့်အပြင် ဆုံးရှုံးကြရမှာ မလွဲဧကန်ပါ ။

     ကြည်ကြည်ဌေး မဖြစ်ခင်ကရုပ်ရှင်မင်းသမီးကလေးများ ဖြစ်လိုဖြစ်ငြား ရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခုမှာ အလုပ်လျှောက်ဖူးသတဲ့ ။ ထိုကုမ္ပဏီကြီးများက ဇာတ်မင်းသမီးမို့ ဇာတ်ဆန်တယ်လို့ ပယ်လိုက်ကြသတဲ့ ။

     ကျွန်တော်ကတော့ သစ်ဆန်းရုပ်ရှင်က " ချစ်အဏုမြူ ” အသံတိတ် ဇာတ်ကားပြီးပြီးချင်း " ဂမုန်းနှင့်သဇင် ” ဆိုတဲ့ ဇာတ်ကို ခေါင်းဆောင်တင်ရိုက်ရအောင် စရံငွေသုံးရာပေးထားလိုက်ပါတယ် ။ အဲသည် အချိန်တုန်းက ခေါင်းဆောင်မင်းသမီးတိုင်းတောင် တစ်ထောင် မရပါဘူး ။ သူ့ကို ကျွန်တော်က တစ်ထောင်နဲ့ ပြောပြီး စရံငွေ သုံးရာပေး လိုက်ခြင်းပါ ။ ဒါပေမဲ့ အကြောင်းမညီညွတ်လို့ပဲ ဆိုပါစို့ ။ သူ့ကို ကျွန်တော်က ဦးစွာ မရိုက်လိုက်ရပါဘူး ။ ကျေနပ်စွာနဲ့ပဲ စရံငွေ အဆုံးခံခဲ့ပါတယ် ။

     ကျွန်တော်လည်း ဂုဏ်ရည်မတူ ဇာတ်ကစပြီး ရုပ်ရှင်အလုပ်ကို ဇောက်ချပြီး လုပ်လာရတော့ ပြဇာတ်လောကနှင့် ပြတ်တောင်း ဖြစ်လာပါပြီ ။ သူ့မှာလည်း ကျွန်တော့်ဆရာ အေဝမ်းဦးတင်မောင်ရဲ့ အသင်အပြနဲ့ ချစ်သက်ဝေ ဇာတ်ကားမှာ အကယ်ဒမီရခဲ့ပါပြီ ။ အဲသည်နောက် ရတနာပုံ ဇာတ်ကား ရိုက်ပြီးတဲ့အခါက စလို့ပေါ့လေ ။ ရုပ်ရှင်အထာ ရုပ်ရှင်ပညာ ရိပ်မိလာတဲ့အချိန်မှာ ဒါရိုက်တာအသစ်တွေတောင် သူကမွေးထုတ်နိုင်ခဲ့တာ ရုပ်ရှင်လောကမှာ သိကြရပါတယ် ။

     ကြည်ကြည်ဌေး မာနကြီးသလား - လို့ ကျွန်တော့်ကို မေးလျှင် မကြီးပါဘူး ကြီးပါတယ်လို့ ကျွန်တော်က ဖြေမှာပဲ ။ ကြည်ကြည်ဌေး ဟာ အပြင်ပေါင်း ပေါင်းလျှင် အလွန် နိဝါတ ရှိပါတယ် ။ အင်မတန် နူးညံ့ပါတယ် ။ ကိုယ်ချင်းစာပြီး အကြင်နာတရား ထားတတ်ပါတယ် ။  ဒါပေမဲ့ ရုပ်ရှင်ခွင်ထဲမှာ ဖြစ်ဖြစ် ပြဇာတ်ခွင်ထဲမှာ ဖြစ်ဖြစ် နှာဖြတ်တယ် ဖနောင့်နင်းတယ် အကြေးလှန်တယ်ဆိုရင် နည်းနည်းကလေးမှ သည်းမခံချင်ပါဘူး ။ နိုင်ရာက တုံ့ပြန်တတ်ပါတယ် ။ အဲ - ဇာတ်စကား ဝေါဟာရကို ရှင်းပြရဦးမယ်ထင်တယ် ။ မသိတဲ့သူတွေအတွက်ပါ ။ နှာဖြတ်တယ်ဆိုတာ ကိုယ်မပြောခင် ဝင်ပြောလိုက်တာ ။ ရုပ်ရှင်မှာဆိုရင် ကိုယ့်မျက်နှာ ကင်မရာထဲမှာ ပေါ်အောင် နေရာယူလိုက်တာ ။ သူများရှေ့ကနေပြီး ကိုယ်က ကွယ်ထားတာတွေပေါ့ ။ ဖနောင့်နင်းတယ်ဆိုတာက လမ်းသွားနေတုန်း တစ်ဖက်သား အသွားပျက်အောင်ဖနောင့်ကို နောက်ကနေ နှင်းလိုက်သလို သူများပြောကောင်းတုန်း ဆိုကောင်းတုန်း လွမ်းကောင်းတုန်းမှာ အမူအရာနဲ့ ဖြစ်ဖြစ် အပြောအဆိုနဲ့ ဖြစ်ဖြစ် အရှိန်ပျက်အောင် ဖျက်လိုက်တာ ။ ရုပ်ရှင်မှာ နှစ်ယောက်ပြိုင်တူ ပြောဆို လုပ်ကိုင်သရုပ်ပြနေလို့ တစ်ဖက်သားက ကိုယ့်ထက်သာနေမှန်းသိရင် ဒါရိုက်တာက ပြန်မရိုက်ဘဲ မနေရအောင် ကိုယ်က တမင်မှားပြော မှားလုပ်လုပ်တာမျိုး ။ အကြေးလှန်တယ်ဆိုတာကျတော့ ငါးများ အကြေးကိုလှန်ရင် အခံရခက်အောင်လုပ်သလို ဇာတ်ဝင်စကားမဟုတ်ဘဲကိုယ်ရေးကိုယ်တာတွေကို ထည့်ပြောဝေဖန်တာ ။ ပျက်လုံးထုတ်တာ ။ ဒါ အခုတော့ ရုပ်ရှင်မှာ ဒါရိုက်တာက သတိရှိလျှင် လုပ်ခဲပါတယ် ။

     ရုပ်ရှင်ကားထဲ ပြဇာတ်ထဲမှာ ပရိသတ်ကသာ မသိတာ အချင်းချင်း ပညာပြိုင်ကြတာကြောင့် ဇာတ်စင်နောက်ကွယ်မှာ ရန်ဖြစ်တာ အများကြီး ။ ရုပ်ရှင်မှာလည်း နောက်ကားတွေမှာ သူပါလျှင် မရိုက်ဘူးလို့ ရာဇသံပေးကြတဲ့ လူတွေမနည်းဘူး ။ ဒါကြောင့် ဒါရိုက်တာဆိုတာ သူတို့ထက် လျင်ရတယ် ။ ဒါရိုက်တာက လျင်တယ်ဆိုရင် တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေတဲ့ လင်မယားကွဲကာစ ပူပူနွေးနွေးကိုလည်း အင်မတန်ချစ်တဲ့သမီးရည်းစား အနေနဲ့လည်း ရိုက်လို့ဖြစ်တယ် ။ ပညာရော ၊ ဂုဏ်ရောပြိုင်နေတဲ့ မြွေဟောက် မင်းသမီး နှစ်ယောက်ကိုလည်း ညီအမအရင်းလုပ်ရိုက်လို့ ဖြစ်တယ် ။

     နောက်တစ်ခု ၊ ကြည်ကြည်ဌေး သတ္တိက မြင်းကောင်းဇက်သိ ဆိုသလို ကိုယ့်ကိုရိုက်နေတဲ့ ဒါရိုက်တာရဲ့ အရည်အချင်းကို ပထမအကြိမ် တွေ့လိုက်တာနဲ့ အကဲခတ်လိုက်ပြီးပြီ ။ ဒါရိုက်တာရဲ့ သင်ပြမှု ပေးတဲ့ စကား ၊ ဒါတွေကို သူ့အတွက်အံဝင်ခွင်ကျ မဟုတ်ရင် ပထမ ချိုချိုသာသာ အကြံပေးမယ် ။ ဒါမှ ပြောလို့မရရင် တကယ်ရိုက်တော့ သူလုပ်ချင်တာ သူပြောချင်တာ ဖြတ်လို့မရအောင် လုပ်ပြလိုက်တယ် ။ အဲ - နောက်တစ်ခုပြောရဦးမယ် ။ ကြည်ကြည်ဌေးဟာ သူ့ကိုယုံတဲ့ မင်းသမီး မင်းသား ဇာတ်ပို့ ဇာတ်ဆောင်ကလေးတွေကို တွဲခေါ်တတ်ပါတယ် ။ သူကိုယ်တိုင်အောက်ကျနောက်ကျ အထင်သေးခံရတဲ့ ဘဝက တက်လာရတာမို့ အင်မတန် ကိုယ်ချင်းစာတတ်ပါတယ် ။ သက်ညှာပံ့ပိုး တတ်ပါတယ် ။

     နောက်ပြီးတော့ ငွေကြေးကိစ္စ ။ သူတောင်းတဲ့စျေးက သူ့စျေးပဲ ။ မတန်ဘူးဆိုလျှင် မငှားနဲ့ ၊ ဒါပဲ ။ ဘယ်သူ့ကို ဘယ်လောက်ပဲ ပေးရပါတယ်ဆိုတာ လာမပြောနဲ့ ၊ နားမထောင်ပရ​ေစနဲ့လို့ တောင်းပန်လိမ့်မယ် ။ ဘဝတူဆိုလျှင် အလကား လုပ် ပေးချင် ပေး လိုက် မယ် ။

     ကဲ ကြည်ကြည်ဌေး မာန မကြီးတာကို ပြောဦးမယ် ။ အကြောင်းကြောင်းတို့ရဲ့ အကြောင်းကြောင်းတို့ကြောင့် ကြည်ကြည်ဌေးကို နာမည်ပေးပြီး မွေးထုတ်လိုက်ရတဲ့ ကျွန်တော်က သူနဲ့ကို ရုပ်ရှင်တစ်ကားမှ မရိုက်ရသေးဘူး ။ ရိုက် မယ့်ရိုက်ရတော့ မင်းသားကြီး ကိုဇေယျရဲ့ ကိုယ်ပိုင် " လှည်းကျိုးနဲ့ နသိုး ” ဇာတ်ကား ။ ကျွန်တော်က စေတနာ့ဝန်ထမ်း ဒါရိုက်တာ ။ သူက စေတနာ့ဝန်ထမ်း မင်းသမီး ။

     ဒီအချိန်မှာ ကြည်ကြည်ဌေး ဆိုတာလျှမ်းလျှမ်းတောက် ။ ကုမ္ပဏီ ပိုင်ရှင်တွေ ၊ ဒါရိုက်တာတချို့တွေက သပျစ်သီးတို့ ပန်းသီးတို့ ကြည်ကြည်ဌေး ကြိုက်တတ်တယ်ဆိုတဲ့ ငါးပိငါးခြောက်တို့ ဇာဘော်ဒီ အင်္ကျီ တို့လက်ဆောင်ပေးပြီး ခစားနေကြရတဲ့အချိန် ။

     ရုပ်ရှင်ရိုက်ရာကို လာဖို့ မော်တော်ကား ဓာတ်ဆီဖိုးပေးရတာ သူက စလိမ့်မယ်ထင်တယ် ။ အဲသည်အချိန်မှာ ကျွန်တော်က ရိုက်ကွင်းကို မနက်ဆယ်နာရီဆို ရောက်ပြီ  သူလာတာက ၁၂ နာရီခွဲမှ ။ ဒါကိုကျွန်တော်က စောစောလာဖို့ ပြောတယ် ။ သူက ဘာကိစ္စ ညာကိစ္စ အကြောင်းပြပြီး အရောက်နောက်ကျပေမယ့် ညနေပိုင်းမှာ “ အဖေကြီး ( ကျွန်တော့်ကို ခေါ်တော့ အဖေကြီးပါပဲ ) မိုးချုပ်အောင် ရိုက်ချင်သလောက် ရိုက်ပါ ။ ပြန်မလွှတ်မချင်း မပြန်ပါဘူး ” လို့ ရင်းရင်းနှီးနှီး ရယ်ကာမောကာ ပြောနေတယ် ဒါကို ကျွန်တော်က အကြောင်းပြတယ် ။ သူက မိုးချုပ်တဲ့အထိ ရိုက်ပေးမယ်ထား ။ သူနဲ့တွဲလုပ်ရတဲ့ ဇာတ်ဆောင်တွေပါ အပြန် နောက်ကျရတယ် ။ အလုပ်သမားတွေကို အချိန်ပိုလုပ်ခပေးရတယ် ။ ညစာထမင်းပါ ကြွေးရဦးမယ် ။ ဒါဆိုလျှင် ထုတ်လုပ်မှု စရိတ်ကြီးမယ် ။ တစ်နေ့တလေ နောက်ကျရင် ကိစ္စမရှိဘူး ။ နေ့တိုင်းဆိုရင် မကောင်းဘူးပေါ့ ။

     ခက်တာက ကြည်ကြည်ဌေးရဲ့ ခင်ပွန်း ကိုအောင်သိန်း ဩဇာကြီးပုံကလည်း သူ့မယားအပေါ်မှာသာ မကဘူး ။ ထုတ်လုပ်သူတိုင်းကလည်း အလိုလိုက် နေကြရတယ် ။

     နောက်တစ်နေ့ ကျပြန်တော့လည်း ကျွန်တော်က ကိုးနာရီဆိုရောက်ပြီ ။ သူကမလာသေးဘူး ။ ကျွန်တော် စောင့်ရင်း ခံပြင်းလာတယ် ။ အောက်ကျတယ်လို့ ရှက်လာတယ် ။ ကျေးဇူးမသိဘူးလို့လည်း စိတ်နာလာတယ် ။ ဒီတစ်ခါတော့ ခုတ်စပြီး လှီးစပြတ် ခတ်ပြတ်ပြတ်ပဲ ။ ဆယ်နာရီ - မလာသေးဘူး ။ ဆယ်တစ်နာရီ မရောက်သေးဘူး ။ ဆယ့်နှစ်နာရီ - ဒီတော့မှ မယ်မင်းကြီးမ ကားကြီးနဲ့ ကြွတော်မူလာတယ် ။

     ကျွန်တော် ဒီတော့ ဘာလုပ်သလဲ ။

     “ ဟေ့- ဖိုးပါလေး ၊ ကားပေါ်တက် ၊ ပြန်မယ် ၊ ဒီမှာ ရွှေကြည် ။ နင့်ကိုင ါပြောချင်လို့ တမင်စောင့်နေတာ ၊ ငါ ကိုးနာရီရောက်တယ် ။ နင်က ၁၂ နာရီမှ လာတယ် ။ နက်ဖြန် ငါလည်း ကိုးနာရီရောက်မယ် ။ နင်လည်း ကိုးနာရီ အရောက်လာခဲ့ ။ ဒါမှမဟုတ်ရင်  နင်နဲ့ ငါ ဒီကားကို မရိုက်ကြစို့နဲ့ ။ ဒါပဲ ”

     တကယ်ပါပဲ ။ ကျွန်တော် ရှက်စိတ်နာပြီး ပြန်ခဲ့တယ် ။ သူလည်း အံ့အားသင့်ပြီး ကျန်ရစ်ခဲ့တယ် ။ သည့်ပြင် လူတွေမှာလည်း ပွစိ ပွစိပေါ့ ။ မျက်နှာလိုအားရ တွန်းကြမယ့် လူတွေကလည်း အများကြီး ။ ကိုဇေယျ ခမျာမှာတော့ မျက်နှာကလေး အငယ်သားနဲ့ ။

     ကျွန်တော်ကလည်း ကျွန်တော့်အတ္တနဲ့ကျွန်တော် ။ ကိုယ် မွေးထုတ်ခဲ့တဲ့ ကိုယ်ပိုင်မင်းသမီးလို့ ယုံထားတယ်လေ ။ သူနာမည်ကြီးလာလို့ ကျွန်တော်ကို ကာပြန်တယ်ပေါ့ ။

     " လှည်းကျိုးနဲ့ နသိုး ” ဇာတ်လမ်းဟာ သူ နဲ့ ကိုဇေယျကြီး အတွက် သက်သက် ရေးရတာ ။ ကိုဇေယျ နေရာမှာ ကိုဇေယျနဲ့ အလိုက်ဆုံး ဖြစ်သလို သူ့နေရာမှာ သူနဲ့သာအလိုက်ဆုံး ။ သူ့ကို ထင်ပေါ်သည်ထက် ထင်ပေါ်အောင် လုပ်ပေးချင်တဲ့စေတနာက အပြည့် ။ ကြေးစားဒါရိုက်တာ ဆိုရင် မင်းသမီးမင်းသားလာရင်ရိုက် မယ် ။ မလာသေးရင် စောင့်နေရုံပေါ့ ။ ခုတော့ ကိုဇေယျကိုလည်း အကုန်အကျ သက်သာပြီး ကားမြန်မြန် လက်စသတ်နိုင်အောင် ၊ သူလည်း အကွက်ကောင်းကောင်းနဲ့ စိတ်တိုင်းကျ ကျဲနိုင်အောင် ခုတော့ ကျွန်တော့်စေတနာဟာ ဝေဒနာဖြစ်ရပြီ ။ သူ့မာနနဲ့သူ မလာဘဲ နေရင်လည်းပြီးတာပေါ့ဆိုပေမယ့် ရုပ်ရှင် လောကတစ်ခုလုံး သတင်းဆိုး အပုပ်နံ့ ဟောင်သွားမှာသေချာတယ် ။

     နောက်တစ်နေ့မနက် မှာ ကျွန်တော်သွားနေကျအတိုင်း ကိုးနာရီ အရောက်သွားတယ် ။ လမ်းမှာတော့ တထိတ်ထိတ်ပါပဲ ။ မဖြစ်သင့်တာ မဖြစ်ကြရင်ကောင်းတာပေါ့ ။ ကိုယ့်စေတနာကိုတော့ ကိုယ်သစ္စာဆို ရဲတယ်လေ ။

     ရုပ်ရှင်ခြံထဲ အဝင်မှာ သူ့ကားနဲ့ထိပ်တိုက်တိုးတော့တာပဲ ။ သူက ကားပေါ်က လှမ်းအော်တယ် ။ “ အဖေကြီး - သမီးရောက်ပြီနော် ” တဲ့ ။ မနေ့က ဘာမှမဖြစ်တဲ့အတိုင်း ။ မှန်တာပြောလျှင် သစ္စာပါ ။ ကျွန်တော် သူ့ကိုလည်း ကျေးဇူးတင်လိုက် မိတယ် ။ ရတနာသုံးပါး ဆရာသမား မိဘဂုဏ်ကိုလည်း ဆတက်ထမ်းပိုး တိုးလို့ ယုံလိုက်ရတယ် ။ ကိုအောင်သိန်းကြီး ကလည်း စကားရော ပါးရော သောလို့ ရွှင်လို့ ။ အဲသည့်နေ့က တစ်နေ့လုံး ပျော်ပျော်ပါးပါး အားတိုက်ခွန်စိုက် ရိုက်လိုက်ရတယ် ။

     နောက်နေ့မှာကော - ကိုးနာရီဆိုလျှင် သူ နဲ့ ကျွန်တော် ရှေ့ဆင့် နောက်ဆင့် ရောက်ကြတာချည်းပဲ ။ ဒီကားတွင်လားတဲ့ ။ မဟုတ်ပါဘူး ။ သူနဲ့ကျွန်တော် ယနေ့အထိ ရိုက်လာသမျှကားတိုင်းမှာ ကျွန်တော်က မစောင့်ရတော့ဘူး ။ အေး - အကြောင်းကိစ္စရှိရင် သူကကြိုပြောထားနှင့်ပါတယ် ။

     ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သူ့ကို ကျေးဇူးတင်ကြောင်း မပြောခဲ့ဖူးပါဘူး ။ လိမ္မာတယ်လို့ မချီးမွမ်းခဲ့ပါဘူး ။ အခု သူ့အကြောင်း ရေးရလို့ ထုတ်ပြောရတာပါ ။ ဒါပေမဲ့ ကျွန်တော့်ကို သူ လေးစားရိုသေတယ်ဆိုတာကိုတော့ သူသေကိုယ်သေ သေတဲ့အထိ ယုံမှတ်သွားရမှာပါ ။

     ဆရာသမားတို့ကို ရိုသေနှိမ့်ချ၍ ဂါရဝထားတဲ့ ပစာယနကုသလ အကျိုးပေးဟာ ပညာသည်တိုင်း လူသာသေမယ် နာမည်မသေနိုင်သော အကျိုးကို ရစမြဲဖြစ်ပါတယ် ။ ဒါဟာ ကြည်ကြည်ဌေး မာနမကြီးတဲ့အကြောင်း ။

     ကြည်ကြည်ဌေး တစ်ယောက်တည်း ပြဇာတ်စင်ပေါ်မှာ တစ်နာရီလောက်သရုပ်ဆောင်ပြသွားတယ်လို့ဆိုလျှင် ယုံချင်မှ ယုံကြပါလိမ့်မယ် ။တစ်ယောက်တည်းမှ တစ်ယောက်တည်းပါ ။ လူရွှင်တော်တောင်မပါဘူး ။ မှတ်မှတ်ရရ မန္တလေး ရာပြည့်ပွဲတုန်းကပေါ့ ။ လူထုဦးလှနဲ့ တပ်မင်း ၊ တပ်ရင်းမှူးတို့ရဲ့ ဆော်ဩချက်အရ ကျွန်တော်ခေါင်းဆောင်ပြီး ရုပ်ရှင် ပြဇာတ် ရာမ ဂီတပညာရှင် လူရှစ်ဆယ်လောက် ရာပြည့်ပွဲကို တင်ဆက်ကြရပါတယ် ။ လူထုတောင့်တလို့ ကန့်သတ်ထားတဲ့ ပွဲရက်ထက် ပို၍ကကြရမယ့်အခြေအနေ ဖြစ်လာပါတယ် ။ နောက်ဆုံးသုံးချီပေါ့ ။

     အဲသည်မှာ ပြဿနာပေါ့ ။ ကြည်ကြည်ဌေးနဲ့ တွဲကကြတဲ့လူ အတော်များများမှာ ရုပ်ရှင်ရက်ချိန်း ကြိုတင်ပေးခဲ့ကြတာမို့ မနေနိုင်ကြတော့ဘူး ။ ပြန်သွားကြရပြီ ။ ပရိသတ်ကလည်း သူ့ကိုမှ ပွဲတောင်းနေကြတယ် ။ တစ်ညတည်းဖြစ်ဖြစ် ပို ကပေးပါလို့ အော်ကြတယ် ။ ဒါကြောင့် ကျွန်တော် သူ့ကို ဇွတ် တားလိုက်ရတယ် ။ တားမယ့်သာ တားလိုက်ရတယ် ။ သူနဲ့ အံဝင်ခွင်ကျဇာတ်ကိုလည်း မကနိုင်တော့ဘူး ။ ကြည်ကြည်ဌေး ပါပါတယ်ဆိုရရုံ သီချင်းကလေးတစ်ပုဒ် နှစ်ပုဒ် ထွက်ဆိုပြီး ပြန်လည်း ဝင်မသွားချင်ဘူး ။ သူ့ဝါသနာက မလုပ်ရလျှင် အရှင်း ။ လုပ်ရရင် က,နေရင်းက ဆေးထိုးယူရပါစေ ။ ကျွန်တော်က မေးတော့ “ သမီး ဘာလုပ်ရမှာလဲ ၊ အရှက်တော့ ကွဲတော့မှာပဲ ” တဲ့ ။ သူ စိတ်ညစ်ပြီးတော့ ငိုတယ် ။

     “ ​ေဟ့ ရွှေကြည် ၊ နင့်အကြောင်း ငါမသိတာမှတ်လို့ ။ တစ်ယောက်တည်းထွက်  - ကွက်စိတ်ဟောကွာ ” လို့ ကျွန်တော်က ပြောလိုက်ရတယ် ။

     “ အို - တောက်တီး တောက်တဲ့ ၊ မင်းသမီးက ကွက်စိတ် ဟော ရမယ်လို့ ”

     “ အေး - ငါက အတိုချုံးပြီးပြောတာ ၊ ဇာတ်သဘင်ရယ် ရုပ်ရှင်ရယ် ပြဇာတ်ရယ် အဲသည့်ပညာတွေကို သမအောင် ရောမွှေနိုင်တဲ့အရည်အချင်း ညည်းမှာရှိပြီးသား ၊ ဒီတော့ ကျွန်မငယ်ငယ်က ဇာတ်သဘင်ပညာ ဆည်းပူးခဲ့ရတာတွေက ဟောသလို ဟောသလိုပါ ။ ပြဇာတ်မှာတော့ ဟောသလို ဟောသလို သရုပ်ဆောင်ရပါတယ် ။ ရုပ်ရှင် ကျတော့စရိုက်တဲ့နေ့မှာ ဟောသလို ဟောသလို အမှားအယွင်းတွေကြောင့် လူရယ်စရာ ဖြစ်ခဲ့ ရပါတယ် ။ ကိုဇေယျကြီး အက်တင်က ဒီလိုပါ ။ အေဝမ်းကိုတင်မောင်ကျတော့ ​ေဟာသည့်အမူအရာနဲ့ ဟောသည့် မျက်နှာထားကြီးပါ - ဆိုတာတွေကို အလွမ်းအ​ေသာစုံအောင် လုပ်ပြလိုက် ။ စကားတောက်လျှောက်ပြောလို့ မောလာရင် အသံတိက်အက်တင်လုပ်ပြီး လမ်းလျှောက်ပြ ။ ဒါလောက်ဆို နင်လုပ်နိုင်ပြီ ၊ မထွက်လို့တော့ မဖြစ်ဘူး ” လို့ ဇွတ်ခိုင်းရတယ် ။

     မထွက်ရသေးခင် ချေးများ တွန့်ဆုတ်နေပေမယ့် ကားလည်းဖွင့်လိုက်ရော - ကရားရေသွန် ပြောဆို လုပ်ကိုင်သွားတော့တာပါပဲ ။ ဇာတ်သဘင်မှာ လွမ်းခန်းကို ဘယ်လိုပျိုးရသလဲဆိုတော့ ဇာတ်အိမ် ကလေးကို ကျင်းယက်ပြီး ၊ ကျင်းယက်တယ်ဆိုတာ ငိုချင်းဆိုရအောင် ပရိသတ်စွဲလာအောင် အဖြစ်သနစ်ဇာတ်ကြောင်းကလေး ခံလိုက်တာဖြစ်ပါတယ် ။ အဲသလိုပြောရင်း ပြောရင်း မဲ့ မဲ့ပြီး ပြောလာရာက အောက်က ဆိုင်းဝိုင်းကြီးရဲ့ အဆို့ အပိတ်ကို အားယူပြီး ဇာတ်ထဲက အသံ အတိုင်း ဟစ်ပြီး ငိုချင်း တစ်ပုဒ်ဆိုလိုက်တာဟာ ပရိသတ်မှာ မျက်ရည်လည်ရွဲ ဖြစ်ကုန်ပြီး
ငိုချင်းဆုံးကာနီး ဆိုင်းက ငိုချင်းဆိုင်းတီးရခါနီးမှ အဲသလို - ငိုရပါတယ်ရှင် ဆိုပြီးဖြတ်ချလိုက်တာဟာ ဝေါခနဲ ပွဲကျသွားပါတော့တယ် ။ အဲသည်ပွဲကို မှတ်မိသေးတဲ့ပုဂ္ဂိုလ် အများကြီးရှိပါလိမ့်ဦးမယ် ။ တစ်ယောက်တည်း တစ်နာရီနီးပါးကြာပါတယ် ။

     ကြည်ကြည်ဌေးဟာ အနုအလှ လုပ်ရမယ့်နေရာမှာ ကနွဲ့ကရ လုပ်တတ်သလို ရုပ်ကြမ်းကိုလည်း ပိုင်ပိုင်နိုင်နိုင်လုပ်ဝံ့ပါတယ် ။ "  စကားပြောသောအသည်းနှလုံး ” ဇာတ်ကားမှာ ပထမ တောသူ ရိုးအအ ။ နောက်တော့ ခေတ်ဆန်လွန်းအားကြီးပြီး လင်ငယ်နဲ့ လိုက်တယ် ။ လင်ငယ်ထောင်ကျသွားတော့ ကိုယ့်ရင်သွေးကို သတိရပြီး ငွေရအောင် ပြည့်တန်ဆာဆန်ဆန် မြူဆွယ်ရတယ် ။ ဘိန်းချလို့ထောင်ကျရတယ် ။ ဒါတွေဟာ ကျွန်တော့်ဇာတ်ကားအကြောင်း ပြောနေတာမဟုတ်ပါဘူး ။ ကြည်ကြည်ဌေးက ဘဝအမျိုးမျိုးကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပုံတွေကို ပြောပြချင်လို့ပါ ။ ထောင်ထဲမှာ ထောင်ကျ မိန်းမချင်းချင်း ရန်ဖြစ်တာ ပြောတာဆိုတာ ဝတ်တာစားတာ သွားကျိုးပါးကျိုးကြီးနဲ့ ပိုးစိုးပက်စက် မျက်နှာနေ မျက်နှာထား လုပ်ဝံ့တာ ၊ လုပ်နိုင်တာ ၊ လုပ်လိုတာဟာ သူ့ပညာတွေပါ ။

     ဇာတ်မတိုက်ဘဲ ပြဇာတ်တစ်ခုကို တက်က,တာပြောရဦးမယ် ။

     ရုပ်ရှင်ကောင်စီက မေဒေးနေ့ အတွက် ကကြရတဲ့ ပွဲပေါ့ ။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဒါရိုက်တာ ဗိုလ်ကလေးတင့်အောင်က ကျွန်တော်ရေးခဲ့တဲ့ " နှလုံးသွေးပျက်သော တေးတစ်ပုဒ် ” ဝတ္ထုကို အရေးပေါ် ပြဇာတ်တင်ဖို့ဖြစ်လာတယ် ။ က,ရမှာက ယနေ့ည ။ ထွက်ရမယ့်အချိန်က အစီအစဉ်အရ ရှစ်နာရီခွဲ ။

     “ ကဲ - ရွှေကြည်ကို သွားခေါ် ။ ကိုချင်းစိန် နဲ့ အေဝမ်းကိုတင်မောင် ကို ငါပြောမယ် ” ဆိုပြီး ညနေ လေးနာရီလောက် မှာ ဇာတ်ကြောင်းကို ထိုင်ပြောကြတာပဲ ။

     “ ဒီနေရာမှာ ဒီသဘော နင်ကပြော ။ ငါက နားခံ လုပ်ပေးမယ် ။ ဒီနေရာကျတော့ ငါက ဒီသဘောပြောမယ် ။ နင်က နားစောင့် လုပ်ပြီးငို ငိုလွမ်း ၊ ဒါပဲ ။ ကိုတင်မောင် နဲ့ ကိုချင်းစိန်ကို မောင်တင့်အောင်က ဇာတ်ဝင်စကား သဘောတွေပြောပြလိမ့်မယ် ” ဆိုပြီး အရေးပေါ် ဇာတ်တိုက် ကြတာပါပဲ ။ အဲသည့် ပြဇာတ်ဟာလည်း သူပို့ပေးလို့ အောင်မြင်ခဲ့ရတယ် ။

     ပြောစရာတွေတော့ အများကြီးပေါ့ ။ နောက်ဆုံး ဇာတ်ပြဇာတ်နှင့် အရပ်ပြဇာတ် ရောမွှေထားတဲ့ " မုဒုလက္ခဏ ” ပြဇာတ်ကိုလည်း သူ့အတွက် ရေးပေးတာဟာ ရေးရကျိုးနပ်အောင် ပီပြင်ခဲ့တာ ကြည့်ရသူတိုင်း အမှတ်ရကြမှာပါပဲ ။

     မန္တလေး ရာပြည့်ပွဲတုန်းက အရည်အချင်းမျိုး လုပ်ကြရအောင် ပုဂံဘုရား ရန်ပုံငွေအလှူပွဲမှာ ကျွန်တော်ကြိုးစားပါသေးတယ် ။ ဒါပေမဲ့ သူရဲ့ကျန်းမာရေး အခြေအနေကြောင့် သူ့နေရာမှာ “ ရွှေခြည်ငွေခြည်တန်းပါလို့ ” မှာ အကယ်ဒမီရခဲ့တဲ့ ဒေါ်မေနွဲ့ က ဝင်လုပ်ရပါတယ် ။

     အချုပ်ကို ပြောရမယ်ဆိုရင် ကျွန်တော်တွေ့ခဲ့သမျှ သုံးခဲ့ရသမျှ အနုပညာသည်များမှာ " တစ်ဦးခေါင်း - တစ်ပညာ ” ဆိုသလိုအရည်အသွေး အဆိပ်အတောက် ကိုယ်ပိုင် ရှိကြတာများပါတယ် ။ ချီးမွမ်းစရာ ကလေးတွေ ။ အနုပညာနှင့် ချစ်စရာကလေးတွေ ရှိပါသေးတယ် ။ အကြောင်း ဆိုက်လာတဲ့အခါ ရေးစရာတွေအများကြီးပါ ။ ခုတော့ သူ့ အတ္ထုပ္ပတ္တိကို ရေးနေတဲ့ ဒေါ်မမလေးက သူ့စာအုပ်မှာ ကြည်ကြည်ဌေးနှင့် ပတ်သက်ခဲ့ဖူးတဲ့ ပညာရှင်တွေထံမှ ကိုယ့်ထင်မြင်ယူဆချက်ကို တောင်းခံလာလို့ ရေးလိုက်ရခြင်းပါ ။

     သဘင်ဆိုတာ လူစုလူဝေးတက်ရောက်ကြတာ လူတွေအာရုံထားကြတာကို ဆိုပါတယ် ။ လူထုကို ဖြေဖျော်မှုသဘင်ထဲမှာ သံနေ သံထားနဲ့ ရွတ်ဖတ်ရတဲ့နန်းတွင်းဇာတ်စာ အလင်္ကာမှအစ ရုပ်သေးသဘင် ၊ မြေဝိုင်းသဘင် ၊ ကွက်စိပ်စာပြော ၊ ဇာတ် အငြိမ့်ပြဇာတ် ရုပ်ရှင် ၊ ဟောပြောပွဲ ၊ ရေဒီယို အသံလွှင့်တာကအစ အကျုံးဝင်ပါလိမ့်မယ် ။တစ်နည်းအားဖြင့် ဟာသအတတ်လို့လည်း ခေါ်ပါတယ် ။

     အဲသည် ဟာသအရာမှာ ဝါသနာပါရုံနှင့် မလုံလောက်ပါဘူး ။ လူမွန်လူချွန် မဖြစ်နိုင်ပါဘူး ။ ကြိုးစားပါ့မယ် စာကျက်ပါ့မယ် ခိုင်းသမျှ လုပ်ပါ့မယ်ဆိုတိုင်းလည်း ထွန်းထွန်းပေါက်ပေါက် ဖြစ်မလာနိုင်ပါဘူး ။

     ဟာသသဘင်အလုပ်က ကြိုးစားတိုင်းမရပါဘူး ။ ကြိုးစားလို့ ပိုပြီးအံချော်သွားတာ တွေ့ရတတ်ပါတယ် ။ သဘောက ဘဝကို ဟပ်မိပြီး သဘောပေါက်တဲ့စိတ်နဲ့ သူ့သဘာဝအတိုင်း လုပ်ကိုင်သွားဖို့ ဖြစ်ပါတယ် ။

     ဆရာတစ်ဦးက ပြောဖူးတယ် ။ " တရားကိုအားထုတ်မယ် ” ဆိုတဲ့စကားဟာ သဘာဝမကျပါဘူး ။ ဖြစ်ချင်တာတွေ ဖြစ်နေတဲ့ တရားကိုသာ စောင့်ကြည့်စောင့်မှတ်ရမယ်လို့ ထင်ပါတယ်တဲ့ ။ အဲ မှတ်ဖို့ အခြေခံတွေတော့ လိုသပေါ့လေ ။

     ဇာတ်သဘင် ၊ ရုပ်ရှင် ၊ ပြဇာတ်တို့မှာလည်း ထိုနည်းအတိုင်းပဲ ။ သတိကပ်ပြီး ကျရာဇာတ်သဘာဝကို ရေလိုက်ငါးလိုက် လုပ်သွားကြရမှာပါ ။ စာတွေကျက်ထားတိုင်းလည်း အနုပညာဖြစ်မလာပါဘူး ။ ဒါကို လူရွှင်တော် စာရေးဆရာကြီး ဦးချစ်ဖွယ် တို့ခေတ်က လေပြေထိုး တစ်ပုဒ် ရှိဖူးတယ် ။

     " ဟာသပညာဆိုတာ ကြာလေခက်လေပဲ ။ စာတွေ ကျက် ကျက်ပြီး ပါးစပ်က ပြောပေမယ့် ၊ တတ်လှပကောရယ်လို့ မထင်ကြနဲ့ ။ သမားစဉ်ကတော့ တိုတိုနဲ့ ထိမှ လူကောင်း ။ ကောင်းဆိုတာ ပွဲပရိသတ်က - ဟေ့ - ရှည်တယ်လို့ အဆိုမခံဘူး ။ ဘာ အဆိုခံလိမ့်မတုံး ။ ဟိုယမံထုံးလို အနုတ်မှ မကြံဘဲ ။ အဟုတ်အမှန် နဂရံတကယ်သိတဲ့ ၊ နာမည်ရှိ ဇာတ်တော်သားတွေဟာ ၊ မပြတ်ကျော်ကြားစရာ အထက်အောက် စာရင်း တစ်ခါမရှုပ်ပါဘူး ။  (  ရွာ စား ) ကက်တလောက် သတင်းစာထုတ် ”

     ◾ သုခ

.