စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Saturday, June 27, 2020
မောင်ထင်
❝ မောင်ထင် ❞
“မင်းသစ်ရေ မင်းသစ်”
နားထဲမှာ ကျွန်တော့်ကိုခေါ်သံကြားနေရသည်ဟုထင်သည် ။ ၁၉၈၀ - ပြည့်လွန်နှစ်များ၏ တစ်ခုသော ဆောင်းနံနက်ခင်းဝေလီဝေလင်း အချိန်ဝယ် လူက အိပ်ချင်မူးတူး ဖြစ်နေဆဲ ။ ခေါ်သံက ထပ်ပေါ်လာပြန်သည် ။
“ မင်းသစ်ရေ ၊ ဟို ရှယ်လီရော ၊ မထကြသေးဘူးလား ”
ကျွန်တော် တော်တော်ဒေါသထွက်သွားသည် ။ ရန်ကုန်မြို့လယ်တွင် ကျူရှင်ဖွင့်ထားသော ကျွန်တော့်မှာ အားလပ်ရက်ဟူ၍ သည်လို တနင်္လာ တစ်ရက်သာ ရှိသည် ။ နေ့စဉ် မနက် ၅ နာရီခွဲတွင် အိမ်မှ ထွက်ရပြီး တစ်နေကုန်စာသင် ၊ ည ၇ နာရီခွဲ တတန်းပြီးမှ အိမ်ပြန်ရသည် ။ ထို့ကြောင့်တနင်္လာနေ့ တစ်ရက်သာ မိုးလင်း နေထွက်သည်အထိ အိပ်ရသည် ။ ခုတော့ ဘယ်သကောင့်သားတွေကများ လာနှောက်ယှက်နေကြပါလိမ့် ။ အရက်သောက်ဖို့ လာခေါ်ကြတာ ဆိုရင်တော့ ၊ သင်းတို့လွန်လွန်းပြီ ။
“ ဒါလင် ၊ ဘယ်သူတွေလဲ ၊ ကြည့်စမ်း ”
ဇနီးဖြစ်သူက ခန်းဆီးလိုက်ကာကို အသာလှပ်၍ ကြည့်လိုက်သည် ။
“ အမယ်လေး ၊ ဒုက္ခပါပဲ ”
“ ဘယ်သူတွေလဲကွ ”
“ ဆရာမောင်ထင် ရှင့် ၊ အန်တီလည်းပါလာတယ် "
“ ဟေ ”
မျက်လုံးကျယ်သွားရုံမက ၊ ပြူထွက်သွားသည် ထင်ပါ၏ ။ ဇနီးသည်က အိမ်တံခါးကို ဖွင့်လိုက် ရင်း. . .။
“ ကြွပါဆရာ ၊ ကြွပါ အန်တီ ”
အိပ်ခန်းထဲမှကုပ်ချောင်းချောင်းဖြင့် ထွက်လာသော ကျွန်တော့်ကိုမြင်သည်နှင့် ဆရာက တရစပ်ကြိမ်းမောင်းတော့သည် ။ ကျွန်တော့်ဇနီးလည်း အဆစ်ပါ သွားသည် ။
“ မင်းတို့ကွာ လူငယ်တွေလုပ်ပြီးတော့ ဝိရိယ နည်းလိုက်ကြတာ ။ ငါတို့လင်မယားတောင် ဈေးဘက်တစ်ပတ်ပတ်ခဲ့ပြီးပြီ ”
“ ဒီနေ့ အလုပ်မရှိလို့ပါ ဆရာ ”
ညောင်နာနာ အသံလေးဖြင့် ကျွန်တော်က လေပြည်ထိုး၏ ။
“ အလုပ်မရှိလည်း မနက်စောစောထပြီး ငါတို့လိုကျန်းမာရေးအတွက်
လမ်းလျှောက်ကြပေါ့ကွ ၊ ဘာလဲ ၊ ညက သောက်တာများသွားလို့လား ၊ ခွေးမသားလေးရဲ့”
“ မဟုတ်ပါဘူးဆရာ ။ သူအိပ်သွားပါစေတော့ဆိုပြီး ၊ ကျွန်မက မနှိုးဘဲ ထားလို့ပါ "
ကျွန်တော့်ဇနီးက ဝင်၍ကာကွယ်ရှာသည် ။ သည်တော့မှသူ့ကိုပါတိုက်ရိုက် ထိတော့သည် ။
“ အေး .. သူ မထတောင် နင်က မိန်းမပဲ ။ စောစောထပြီး လုပ်ကိုင်နေရမှာပေါ့ ရှယ်လီရ ”
ကျွန်တော့်ဇနီး ခေါင်းလေးပုဝင်သွားသည် ။ သည်တွင် ကျွန်တော်က စကားလမ်းကြောင်း လွှဲရန်ကြိုးစားသည် ။ ဇနီးသည်ဘက်သို့လှည့်ပြီး...
“ ဆရာတို့အတွက် ဘရိတ်ဖတ်( စ် ) စီစဉ်ကွာ ”
“ ဘာမှ လုပ်မနေနဲ့ ၊ ငါတို့နှစ်ယောက်စလုံး ဈေးကြီးနားမှာ စားခဲ့ပြီးပြီ ။ မင့်ကို ဒီနေ့ စာပေဗိမာန်ကို ခိုင်းစရာရှိလို့ ၊ မင်းတို့ဘက်လှည့်ဝင်လာတာ ”
“ ဟုတ်ကဲ့ဆရာ ”
“ အေး - ဆယ်နာရီလောက် အိမ်ကိုလာခဲ့ ”
စကားဆုံးသည်နှင့် ချာခနဲလှည့်ထွက်သွားသည် ။ အန်တီကသာ အားနာပြုံးလေးနှင့် နှုတ်ဆက်သွားရှာပါသည် ။ သည်တော့မှကျွန်တော်တို့ “ ဟင်း ” ချနိုင်တော့သည် ။
ထိုနေ့မှစ၍ ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံး စောစောထသည့်အကျင့် ရသွားပါသည် ။
◾ ◾ ◾
ထိုစဉ်က ဆရာနှင့် ကျွန်တော်တို့မှာ အိမ်ချင်းနီးကြပါသည် ။ ဆရာက ကမာရွတ် သုခလမ်းရှိ ခြံကြီးထဲမှာ ရပ်ကွက်တွင်းရှိ ကလေးများက “ အိမ်မည်းကြီး ” ဟု ခေါ်သော နှစ်ထပ်အိမ်ကြီးတစ်လုံး တွင်နေပါသည် ။
သို့သော် ထိုအိမ်ကြီးတွင် ဆရာနေကြောင်း ကျွန်တော် မသိခဲ့ပါ ။ ဆရာတင်မိုးခေါ် သွားမှ ရောက်ဖူးပြီး ၊ ဆရာနှင့်လည်း ခင်မင်ရင်းနှီးခွင့်ရခဲ့ပါသည် ။ သို့ဖြင့် ဆရာ့အိမ်ကို ကျွန်တော်ချောင်းပေါက်ခဲ့တော့၏ ။
ကျွန်တော်မကြာခဏ ရေးဖူး ၊ ပြောဖူးပါသည် ။ ကျွန်တော့်ဘဝတွင် အားကျကြည်ညိုသူ ပုဂ္ဂိုလ် ၁၁ ဦးရှိပါသည် ။ ရှင်မဟာရဋ္ဌသာရ ၊ စလေဦးပုည ၊ မိုးပါဆွန်း ၊
သခင်ကိုယ်တော်မှိုင်း ၊ လီနင် ၊ တဂိုး ၊ မောင်ထင် ၊ မင်းသုဝဏ် ၊ ဗန်းမော်တင်အောင် ၊ မြသန်းတင့် နှင့် တင်မိုးတို့ ဖြစ်ပါသည် ။
ထိုအထဲတွင် သရော်စာသမားဖြစ်ချင်သော ကျွန်တော့်အတွက် မိုပါဆွန်း နှင့် မောင်ထင်သည် ကျွန်တော်ဦးခိုက်ရာ ၊ ကြားဆရာ ၊ မြင်ဆရာကြီး နှစ်ဦးဖြစ်ပါချေ၏ ။
ဆရာ၏ မြန်မာပြန်များမှတစ်ဆင့် ၊ မိုပါဆွန်းကို သိခဲ့ရသည် ။ ဆရာ၏ “ ကမ္ဘာစာပေအညွှန်း ” များကြောင့် ၊ ကမ္ဘာ့စာပေနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ဆရာ၏ ပင်ကိုရေးဝတ္ထုများကြောင့် ၊ ဝတ္ထုစာပေကို ဖန်တီး ဖွဲ့တည်နည်းကို သဘော
ပေါက်ခဲ့ရသည် ။
ကဗျာနှင့်ပတ်သက်လျှင် ကျွန်တော့်ကျေးဇူးရှင်များမှာ ရှင်မဟာရဋ္ဌသာရ ၊ မင်းသုဝဏ် နှင့် တင်မိုးတို့ဖြစ်ပါသည် ။
စကားပြေနှင့် ပတ်သက်လျှင်ကား ၊ ကျွန်တော်သည် ဆရာမောင်ထင်၏ အန္တဝါသိက တပည့်ကြီးအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားပါသည် ။
သို့သော် ယနေ့အထိ ဆရာကောင်းတပည့် ဖြစ်မလာသေးပါ ။
ခွင့်လွှတ်ပါဆရာ ။
◾ ◾ ◾ ◾
သို့ဖြင့် ဆရာနှင့် အိမ်ချင်းနီးသောကြောင့် ဆရာသည် ကျွန်တော်၏ ကြားဆရာ ၊ မြင်ဆရာသာမက ၊ သင်ဆရာကြီးပါဖြစ်လာပါတော့သည် ။ စာပေအနု
ပညာသာမက အခြားပညာရပ်အမျိုးမျိုးတွင်ပါ ၊ ကျွန်တော်အတွက် A WALKING DICTIONARY ( လမ်းလျှောက်နေသော အဘိဓာန်ကြီး ) နှင့် A TALKING ENCYCLOPEDIA ( စကားပြောနေသော စွယ်စုံကျမ်းကြီးတစ်ဆူ ) ဖြစ်လာပါတော့သည် ။
ကျွန်တော့်ကုသိုလ်ကြောင့် ၊ ဆရာအရ တော်ပေခဲ့ရသည်ဟုနှလုံးသွင်း ဆင်ခြင်မိပါသည် ။
အထူးသဖြင့် အင်္ဂလိပ်သဒ္ဒါနှင့်ပတ်သက်၍ အင်္ဂလိပ်လူမျိုးဆရာများ ( NATIVE SPEAKERS ) များပင် မှားတတ်ကြသော ၊ PREPOSITIONS နှင့် ARTICLES သုံးပုံများကို သင်ပေးခဲ့သော ကျေးဇူးကား ကြီးမားလှပါသည် ။
သို့သော် ဆရာကား ၊ တစ်ခါတရံ စိတ်တိုတတ်၏ ။ မမှားသင့်သောဘာသာစကားအသုံး အနှုန်းများကို ကျွန်တော်မှားသောအခါတွင်မူ...
“ ခွေးမသားလေး ။ ဘွဲ့ရတစ်ယောက်လုပ်ပြီး ဒါလေးတောင် မှားရသလားကွ ” ဟု ထောပနာ ပြုတတ်ပါသည် ။
အခုတော့ ကျွန်တော့်ကို ဆဲရင်း ဆိုရင်း ၊ မညည်းမညူ သင်ပေးတတ်သော ဆရာကား မရှိတော့ ။
ဆဲသံလေးကို လွမ်းလိုက်တာ ဆရာရယ် ။
◾ ◾ ◾ ◾
မကြာမီ ကျွန်တော်၏ ဝတ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေတော့မည်ဖြစ်သဖြင့် လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်က ၊ ကျွန်တော်ရေးခဲ့သော ဝတ္ထုတိုများကို
ပြန်ဖတ်ကြည့်ရင်း ကျွန်တော်ပြုံးမိသည် ။
ထိုဝတ္ထုများကား မင်းသစ်ရေးသော ဝတ္ထုတိုများမဟုတ် ။ မောင်ထင့်လေ ၊ မောင်ထင့်ဟန်ဖြင့် ရေးထားသော ဝတ္ထုတိုများသာ ဖြစ်နေချေသည်တကား ။
သို့သော် ကျွန်တော်မရှက်ပါ ။ ဆရာ့ကို တူအောင် “ တု ” နိုင်ခဲ့သဖြင့် ယနေ့အထိ ဂုဏ်ယူမိပါသေးသည် ။
မှန်ပါသည် ။ ဝတ္ထုတိုများ စရေးပြီး ၊ နှစ်အတန်ကြာမှ မိမိ၏ ကိုယ်ပိုင်ဟန်ကို တည်ဆောက်နိုင်ခဲ့သည်ဟု “ ထင် ” ပါသည် ။
ကမ္ဘာပေါ်တွင် ၊ စာရေးသူတိုင်း ထိုလမ်းမျိုးကို လျှောက်ခဲ့ကြသူများသာဟုလည်း မှတ်သားမိဖူးပါသည်။
◾ ◾ ◾ ◾
ဆရာမောင်ထင်သည် လေသံရွှင်ရုံမျှမက ၊စကားလုံး ပြောင်မြောက်လှကြောင်းကိုလည်း စာဖတ်သူတိုင်း သိပြီးဖြစ်သောကြောင့် ကျွန်တော်ထပ်မညွှန်းလိုတော့ပါ ။
သို့သော်သူ၏ စာမျက်နှာများ၏ ပြင်ပမှ သူ၏ ဟာသဓာတ်ခံလေးများ အကြောင်းကိုမူ ကျွန်တော်ပြောချင်ပါသေးသည် ။
တစ်ခါက ဖြစ်ပါသည် ။ သူ့ဇာတိ လပွတ္တာမြို့ နှစ် ၅၀ ပြည့်ပွဲတစ်ပွဲသို့ သူကိုယ်တိုင် မသွားနိုင်သဖြင့် ချစ်ဦးညို ၊ မောင်ခိုင်မာ နှင့် သုမောင်တို့ကို သူ့ကိုယ်စား သွားရောက် ဟောပြောခိုင်းပါသည် ။ မသွားမီ ဆရာက ဆုံးမဩဝါဒစကား ပြောပါသည် ။
“ ချစ်ဦးညို ၊ မောင်ခိုင်မာ ၊ သုမောင် မင်းတို့ကို တစ်ခုတော့ပြော လိုက် မယ် ။ မင်းတို့ သုံးယောက်စလုံး သောက်တတ်တာ ငါသိတယ် ။ အေး သောက်ပေါ့ ။
ဒါပေမယ့် ခွေးသောက်တော့ မသောက်ကြနဲ့ ၊ လူသောက်သောက်ကြ ”
မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြင့် ၊ ဆရာသုံးယောက် ငြိမ်နေကြသည် ။
“ လူသောက် သောက်တယ်ဆိုတာ ဘယ်လိုလဲ သိလား ”
ဘယ်သူမှ မဖြေရဲကြ ။ ဆရာက စကားကိုနိဂုံးချုပ်သည် ။
“ မှတ်ထား ၊ ငါ့လိုသောက်ကြ ၊ ဒါပဲကဲ သွားကြတော့ ”
စာပေလောကမှ နာမည်ကျော် နာဠာဂီရိသုံးကောင်မှာ ပါးစပ်အဟောင်းသားဖြင့် လှုပ်ပင် မလှုပ်နိုင် ။
ကျွန်တော်က ကျေနပ်အားရစွာ အော်ရယ်သည် ။
◾ ◾ ◾ ◾
နောက်တစ်ကြိမ်ကတော့ ကျွန်တော် ဝဋ်လည်ရတဲ့အလှည့်ပါ ။
တစ်ခုသော ဝါကျွတ်ကာလမှာဖြစ်ပါသည် ။ ဆရာ့ကို ကျွန်တော် သွားကန်တော့ပါသည် ။ ကျွန်တော့်အိတ်ထဲမှ ပထမဦးစွာ လုံချည်တစ်ထည် ကိုထုတ်ပြီး ဆရာ့ ခြေရင်းမှာ ချပါသည် ။ ဒုတိယ ဆရာ့အကြိုက်တံဆိပ်နှင့် ပုလင်းတစ်လုံး ထုတ်ပါသည် ။ ဆရာကရယ်သည် ။
“ ခွေးမသား ၊ ဒုတိယပစ္စည်းမပါလို့ကတော့ ငါက အကန်တော့ခံမှာ မဟုတ်ဘူးကွ ။ ဟဲ ဟဲ ”
ကျွန်တော့်မှာ ဆရာရှေ့တွင် ကုန်းကုန်းကွကွဖြင့် ရယ်ရအခက် ၊ ငိုရ အခက် ။
◾ ◾ ◾ ◾
ဆရာကား သွေးအေးအေးဖြင့် ဟာသလုပ်တတ်သကဲ့သို့ အန္တရာယ် ကြားမှာပင် သွေးအေးအေးဖြင့် အမှန်တရားသို့ ရောက်အောင် ချဉ်းကပ်ဆုံးဖြတ်တတ်
ပါသည် ။ ကိုယ်တွေ့ပါခင်ဗျာ ။
၁၉၈၂ ခုနှစ်တွင် ကမာရွတ် ( လှိုင် ) ဈေးကြီးနှင့် အနီးရှိ ရပ်ကွက် များအားလုံး ပြောင်တလင်းခါအောင် မီးလောင်ပါသည် ။ ဆရာနှင့် ကျွန်တော်တို့၏ အိမ်များနှင့် နီးလှသောကြောင့် ဆရာ့အိမ်သို့ ကျွန်တော်ဒုန်းစိုင်းပြေးပါသည် ။
ဆရာ့ခြံတံခါးမှာ ပိတ်ထားပြီး ပစ္စည်းများကို အိမ်အောက် ခြံဝန်းထဲတွင် နေရာအနှံ့ စုပုံထားသည်ကို မြင်ရသဖြင့် ပို၍ စိတ်ပူသွားရပါသည် ။ ခြံစည်းရိုးသံဆူးကြိုးများကို ဝင်ကာ ၊ တောကြောင်များက ဝင်ဆွဲသွားနိုင်ပါသည် ။ ထို့ကြောင့် ခြံစည်းရိုးတစ်လျှောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိပါသည် ။ ကျွန်တော့်ကို မြင်သောအခါ ဆရာက အိမ်ထဲမှ ထွက်လာပြီး...။
“ ဟေ့ကောင် ၊ ဘာလုပ်နေတာလဲ ။ တကယ်တမ်း လောင်ပြီဆိုရင် မင့်ဗလနဲ့ ဘာတစ်ခုမှ လည်း မ,နိုင် ၊ သယ် နိုင် မှာလည်းမဟုတ်ဘဲနဲ့ ။ သွား အခုပြန် ၊ အိမ်မှာ
ကလေးတွေချည်းပစ်ထားခဲ့တာ မဟုတ်လား ။ မိုက်တဲ့အကောင် မြန်မြန် ပြန် "
လေးစားကြည်ညို၍ မဆုံးပါဆရာ ။
◾ ◾ ◾ ◾
သူ၏ “ ကိုဒေါင်းဝတ္ထု ” ကို ဤသို့ အဆုံးသတ်ခဲ့သည် ။
“ ကိုဒေါင်းကား သေလေပြီ ။ ကိုဒေါင်းသည် သက်တော်ရာကျော်ရှည်ပါစေ သတည်း ” ဟူ၏ ။
ဤကား သူချစ်သော သူ့ဇာတ်ကောင် ကိုဒေါင်းအတွက် ဆရာ၏ ဆုတောင်းဖြစ်ပါသည် ။ ဆရာ့အတွက် မူ ကျွန်တော်တို့ဆုတောင်းပေးရန် လိုလိမ့်မည်ဟု
မထင်ပါ ။
မြန်မာစာပေလောကတွင် “ မောင်ထင်သည် ထာဝရ ” ဖြစ်သောကြောင့်ပင် ။
®°°° မင်းသစ်
လွမ်းရတဲ့ သူတွေ
Labels:
မင်းသစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment