Sunday, July 12, 2020

ငယ်က အချစ်


❝  ငယ်ကအချစ်  ❞
    ​ေဩာ်  ငယ်ကအချစ်အနှစ်တရာမမေ့သာတဲ့ ။ လေးလေးကတော့ချစ်ခဲ့ဖူးတာ နှစ်နှစ်ဆယ်အစိတ်ရှိသေးတယ် ။ အကုန်မေ့ကုန်ပြီ ။ ဘယ်သူတွေ ချစ်ခဲ့မိလို့ ဘယ်သူတွေ ကြိုက်ခဲ့မိမှန်း မသိပါဘူး ။
    တွေးကြည့်တယ် ။ လေးလေးရဲ့ ချစ်ဦးသူဟာ ဘယ်သူပါလိမ့်လို့ ။ တွေးမရဘူး ဖြစ်နေတယ်ကွဲ့ ။ လေးလေးရဲ့ ချစ်ဦးသူဟာ ဘယ်သူပါလိမ့် ဘယ်သူပါလိမ့် ဘယ်သူပါလိမ့်လို့ လက်ပေါ် နဖူးတင်ပြီးလည်း တွေးကြည့်တယ် ။
နဖူးပေါ် လက်တင်ပြီးလည်း တွေးကြည့်တယ် ။ တွေးလို့မရဘူး ။ ချစ်ဦးသူ စာရင်းပျောက်နေတယ် ။ ပြီးတော့ နောက်ဆုံးချစ်တဲ့ အချစ်
နိဂုံးစာရင်းလည်း ပျောက်နေတယ် ။ ဘယ်သူ့ကိုနောက်ဆုံး ချစ်မိလို့ချစ်မိမှန်းလည်း မသိဘူး ။ ချစ်ရမယ်ထင်တာတော့ ခုထိလည်းချစ်နေတုန်းကိုး ။ ဒီတစ်ယောက်နဲ့ချစ်နေတုန်း ဟိုတစ်ယောက်က အခြေအနေပေးတာနဲ့ အချစ်ကို ထရန်စဖာပေးပြီး အပြောင်းအရွှေ့လုပ်တာတွေကလည်း အများသား ။ တစ်ခါတစ်ခါ မိန်းမတစ်ယောက်ယောက်နဲ့များ လမ်းမှာကြုံလို့
“ ကိုကံချွန် ရှင် ကျွန်မကို မှတ်မိရဲ့လား ”
ဆို မေးလိုက်ရင် ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားတာပဲ ။ အမှုတွဲဟောင်းများ ပြန်ပေါ်တော့လေမလား ဆိုပြီး ။ အဲသလိုမေးတဲ့ မိန်းမက ပီပါလောက်ဝပြီး ပုံဆိုးပန်းဆိုးဆိုလို့ကတော့အမေးခံရတဲ့နေရာကနေ ဝေးရာကို ဖနောင့်နဲ့တင်ပါးတစ်သားတည်းနေအောင်ပြေးချင်တော့တာပဲ ။ သူ့မျက်နှာသာ ရယ်ကျဲကျဲနဲ့ ကြည့်နေရတယ် ။ ဘယ်သူမှန်း တကယ်သိတာ ။
" ရှင်ပဲ မောင့်အသည်း နွဲ့လေးလို့ ခေါ်ခဲ့တာလေ ”
ဆိုပြီး အစဖေါ်ပေးမှ " ေဩာ် ငယ်ငယ်က ငါ့ အချစ်ဆုံး
လေးပါလား ” လို့ဖြူဖြူသွယ်သွယ် ချစ်စဖွယ်ရုပ်ကလေးကို မြင်ယောင်မိတော့တယ် ။ အဲဒီတော့လည်း ချစ်ရေးဆိုစဉ်က သူငြင်းခဲ့တာဟာ ငါ့ကုသိုလ်ကံ ကောင်းလွန်းလို့ပဲဆိုပြီး သက်ပြင်းချမိပါရဲ့။ အဲဒီတုန်းကသာ လက်ခံလိုက်လို့ ကိုယ်နဲ့ရပြီးမှ ဒီလိုပုံကြီးပေါက်နေရင် ဒုက္ခအသစ်
တစ်မျိုးတိုးသွားမှာ သေချာတယ် ။
    ချစ်သောသူနဲ့ ကွေကင်းရခြင်းဒုက္ခ ၊ မချစ်သောသူနဲ့ ပေါင်းသင်းရခြင်းဒုက္ခ
ပြီးတော့ ချစ်သောသူနဲ့ ပေါင်းသင်းရခြင်းဒုက္ခလို့ ။
    အဲသလိုတွေ့ရကြုံရပြီဆိုရင် မြန်မြန်နှုတ်ဆက်ပြီး မြန်မြန်လစ်ရတော့တာပဲ ။ ရှက်လို့မဟုတ်ပါဘူး ။ သူ့အရွယ်နဲ့သူ ပြောခဲ့ ၊ ရေးခဲ့ ၊ ပေးခဲ့တဲ့ ကိစ္စတွေပဲ ။ လစ်ပြေးချင်တာက သူ့ ဘော်ဒီပုံမလာလို့ပါ ။
    သူသာအပျံစားဆိုလို့ကတော့ ဘာပြောကောင်းမလဲ အလွမ်းသယ်လိုက် မယ့်ဖြစ်ခြင်း ။ အင်း ယောက်ျားများရဲ့ စိတ် ။
    ဒီ ချစ်တယ် ကြိုက်တယ်ဆိုတဲ့ ကိစ္စကြီးကို လေးလေး
သေသေချာချာ စဉ်းစားကြည့်တယ် ။ လူသားသမိုင်းမစခင်ကတည်းက အချစ်ဆိုတာ ရှိခဲ့တာပဲ ။ကျောက်ခေတ် လူသားတွေကနေ ဒီနေ့ သိပ္ပံလူသားတွေထိ မရိုးနိုင်ဘဲလက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြတာကတော့ အချစ်ဆိုတဲ့အရာပါပဲ ။ လူသားဘဝရဲ့အစ ကျောက်ခေတ်ဦး လူသားဘဝကတည်းက တွေ့ရှိခဲ့တဲ့အချစ်ဟာ လူသားတစ်ယောက် ကလေးအရွယ် လွန်မြောက်တာနဲ့ နှလုံးသားထဲကို ခိုဝင်ပြီး အငြိမ်မနေ
တော့ဘဲ ကမြင်းတော့တာကိုး ။ အချစ်ကြောင့်ရင်ခုန်တယ်ဆိုတာ ဒီက စတာပေါ့ ။
    ကလေးဘဝမှာ အတူတူကစားခဲ့ကြတဲ့ မိခွေးနဲ့ ဖိုးထောင် ၊ တက်တူနဲ့ ဂွက်ထော် ၊ ဂျော်နီနဲ့ မာဂရက် စတဲ့ကလေးတွေ အတူတူ မုန့်စားလိုက် ၊ လိုက်ထုလိုက် ၊ တူတူပုန်းလိုက် မလုပ်တော့ဘဲ
မကစားတော့ဘဲ ခပ်တည်တည်လေးတွေ ဖြစ်လာပြီဆိုရင် သူတို့ အချစ်စိတ် စဝင်လာလို့ပဲ ။ မရိုးသားကြတော့လို့ပဲ ။ အဲ အချစ်စိတ်ဝင်လာလို့ ချစ်သွားကြပြီဆိုရင်တော့ တစ်ခါပြန်ပြီး အတူတူ
မုန့်စားလိုက် ၊ တူတူပုန်းလိုက် ၊ လိုက်ထုလိုက် လုပ်ကြပြန်ရော ။
    အဲသလို ငယ်စဉ်မှာ ပထမဆုံး စချစ်ခဲ့တဲ့အချစ်ကို ငယ်ချစ်လို့ ခေါ်တာထင်ပါရဲ့။
     ◾   ကံချွန်
      📖  အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း( ၁ )
.

No comments:

Post a Comment