Monday, July 6, 2020

ပြဿနာ မောင်သိန်းတန်




❝  ပြဿနာ မောင်သိန်းတန်  ❞
ကျွန်တော့်ဘဝတွင် လူထူးလူဆန်းအချို့ကို တွေ့ခဲ့ဖူးပါသည် ။ ထို့ကြောင့်တော်ရုံတန်ရုံ အထူးအဆန်းများကို ထူးဆန်းသည်ဟု မထင်တတ်ပါ။ တစ်ပြိုင်
နက်တည်းမှာပင် လူတချို့က ကျွန်တော့်ကိုလည်း လူထူးလူဆန်းတစ်ယောက်ဟုသတ်မှတ်ချင်ကြသေးသည် ။ အမှန်မှာ “ အထူးအဆန်း ” မဟုတ်သော “ အရူး
အနှမ်းပေါက်တတ်ကရများ ” ကိုသာ ကျွန်တော်လုပ်တတ်လေ့ရှိခြင်းဖြစ်ပါသည် ။
မူးကြောင် ရူးကြောင်ဖြင့် ရန်ကုန်မှ မန္တလေးသို့ နေ့ချင်းပြန်လေယာဉ်ဖြင့် မြီးရှည်သွားစားခြင်း ၊ အင်းလျားလိတ်ဟိုတယ်တွင် ဝီစကီနှင့် ​ေကာ့ညက်သောက်ပြီး
အပြန် ၊ အိမ်အနီးကျူးကျော် ရပ်ကွက်ထဲမှ အရက်ပုန်းဆိုင်ကိုနှိုးပြီး တောအရက် ထပ်သောက်လိုက်ရမှ ကျေနပ်ခြင်း စသော ငယ်စဉ်ဘဝက စတန့်များ ၊ရူးကြောင်ကြောင် လုပ်ရပ်များကြောင့် ကျွန်တော့်ကို လူထူးလူဆန်းတစ်ဦးအဖြစ် သတ်မှတ်ကြဟန် တူပေသည် ။ သူတို့ ရေးခဲ့ကြသည်လည်း များလှပါပြီ ။
တကယ်တော့ “ အထူးအဆန်း ”မဟုတ် ၊ " အရူးအနှမ်း ” များကိုသာ
ကျွန်တော် စတန့်ထွင်၍ လုပ်ခဲ့ခြင်းဖြစ်ပေသည် ။
ယနေ့ ပြန်စဉ်းစားကြည့်တော့ ရှက်စရာ ။
•••••   •••••••    •••••
တကယ့် လူထူးလူဆန်းအစစ်တစ်ယောက်အကြောင်းကို ကျွန်တော် ပြန်ပြောပြချင်ပါသည် ။ ရယ်စရာ မောစရာ ၊ ရင်ခုန်ထိတ်လန့်ဖွယ်ရာ ၊ ပင့်သက် မ, အံ့ဩဖွယ်ရာလွမ်းလောက်သည့်သူငယ်ချင်းတစ်ယောက်အကြောင်းကို ကျွန်တော် မကြာခဏလွမ်း, တ နေမိတတ်ပါသည် ။ သို့သော် လူတစ်ယောက်၏ ဘဝကို အချိန်ကာလအားဖြင့် ပိုင်း၍
ကြည့်လျှင် လူငယ်ဘဝနှင့် လူကြီးဘဝဟူ၍ နှစ်ပိုင်းတွေ့ရပေမည် ။ ကျွန်တော်လည်း သူနှင့် ကြီးမှပေါင်းရသော ကြီးပေါင်းသူငယ်ချင်း တစ်ဦးမျှသာ ဖြစ်ပါသည် ။ သူ၏ ငယ်ဘဝကိုကား သူ့မိဘအုပ်ထိန်းသူများထက်ပင် ရင်းနှီးနားလည်နိုင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးမှာ ဆရာမြသန်းတင့် ဖြစ်သည် ။
ထို့ကြောင့် သူ ( သို့မဟုတ် ) ၁၉၆၀ ပြည့်နှစ်များတွင် မြန်မာစာနယ်ဇင်းလောကနှင့် စာရေးဆရာများ ၊ စာဖတ်သူများအကြား အပြန်အလှန် ဝေဖန်သံများ ပွက်ဟိန်းညံခဲ့သော ပြဿနာ မောင်သိန်းတန်ခေါ် ဂျာနယ်ကျော်ဦးချစ်မောင် နှင့် ဂျာနယ်ကျော်မမလေးတို့၏ သားကြီး ဩရသအကြောင်းကို ကျွန်တော်တစ်ယောက်တည်း ရေးပြနိုင်စွမ်းရှိမည် မဟုတ်ပါ ။ ဆရာမြထံမှ ခွင့်ပြုချက်သာရနိုင်မည်ဆိုလျှင် ဤစာစု၏ ရေးသူနေရာ၌ “ ဆရာမြသန်းတင့် နှင့် မင်းသစ် " ဟု ရေးလိုက်ချင်လှပါသည် ။
ခုတော့ • • • •
•••••   •••••••    •••••
ကိုသိန်းတန် ၏ငယ်ဘဝကို ဆရာမြသန်းတင့် ဤသို့ ထုဆစ်ပုံဖော်သွားခဲ့၏ ။
“ သူသည် ရေခဲသေတ္တာ ၊ဆိုဖာထိုင်ခုံ စသည်တို့ဖြင့် ဆင်ယင်အပ်သော အိမ်မှ ထွက်ပြေး ကာ ရွှံ့၊ ကြက်ချေးနံ့ ၊ ဘဲချေးနံ့တို့ဖြင့် စူးစူးဝါးဝါးနံစော်လှသော အလုပ်သမားရပ်ကွက်ထဲတွင် လှည့်လည်ကျက်စား၏ ။ သူသည် ရှယ်လီ၏ ကဗျာများနှင့် ရှိတ်စပီးယား၏ လင်္ကာတိုကလေးများ ကို သင်အံလေ့ကျက်ရသော ကျောင်းစာသင်သားများဖြင့် ရှုပ်ပွေနေသော သင်္ဘောဆိပ်၌ သွား၍ အိပ်၏ ။ သူသည်အထက်တန်းလွှာမှ သားသမီးများသာ နေနိုင်၍ ခရစ်ယာန်ဓမ္မသီချင်းသံတို့လည်း တညံညံရှိသော ဒါဂျီလင်သာသနာပြုကျောင်းတွင် နေခဲ့ပြီးနောက်ကြေးစည်သံနှင့်
ဗုဒ္ဓ၏ တရားဓမ္မကို ရွတ်ဖတ်သရဇ္ဈာယ်သံကို တစ်ရံမလပ် ကြားရတတ်သည့်ဘုန်းကြီးကျောင်းတွင်လည်း ကပ္ပိယလုပ်ခဲ့ ဖူး၏ ။ သူသည် သူ၏အစ်ကိုစစ်ဗိုလ်၏ အိမ်ကြမ်းပြင်ထက် မှဆင်း၍ အချုပ်ခန်းထဲသို့လည်း သွားရောက်အိပ်စက်နား နေခဲ့ဖူး၏ ။ သူသည် လှပချောမွေ့၍ ချစ်စရာကောင်းသော မိန်းမပျိုလေး တစ်ယောက်နှင့်လည်းတွေ့ခဲ့ဖူး၏ ။ သူသည် အင်္ဂလိပ်စကားများကို ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုတတ်သော်လည်း မျက်နှာဖြူသင်္ဘောသားများက နိုင်ငံခေါင်းဆောင်ကြီးများ နှင့်တကွ မြန်မာလူမျိုး တစ်ရပ်လုံးကို စော်ကားသောအခါတွင် မခံမရပ်နိုင်ဖြစ်ကာ ရန်ဖြစ်မိသဖြင့် လမ်းပေါ်တွင်တစ်ညလုံး ဒဏ်ရာများနှင့် လဲကျနေခဲ့ဖူး၏ ” ။
( မောင်သိန်းတန် ၏ “ သည်အရွယ်ဝတ္ထုတိုများ ” မြသန်းတင့် ၏ အမှာ )
•••••   •••••••    •••••
ထိုသို့ စာတွေ့နှင့်သာ သိခဲ့ရသော ကိုသိန်းတန်ကိုကိုယ်တွေ့ဖြစ်အောင်
သယ်ဆောင် လာသူကား “ မဟူရာခင်စိုး ၊ မျက်လုံးဖြင့် သရုပ်ဆောင်နိုင်သောအဆင့်သို့ရောက်နေသည့် နာမည်ကျော် ကျူရှင်ဆရာကြီး မဟူရာခင်စိုး၏ စကားများကို ကျွန်တော်တို့ အမြဲတမ်း
မယုံကြည်ကြပါ ။ သို့သော် မိမိတို့ စိတ်ဝင်စားခဲ့ကြသော ဒဏ္ဍာရီထဲက သူရဲကောင်း
တစ်ယောက်အကြောင်းမို့ မျက်တောင်မခတ်ဘဲ နားစွင့်ကြရ သည် ။
“ အဲဒီနေ့က ဗိုလ်ချုပ်လမ်းအတိုင်း ကားကို မောင်းလာကြတာဗျ ။ ဒရိုင်ဘာကလည်း သူ့စိတ်ကြိုက် ဇိမ်ခံစားနိုင်အောင်လို့ဖြည်းဖြည်းလေးပဲ မောင်းလာတာ ။ ဆူးလေမီးပွိုင့်ရောက်တော့ သူ့လက်က စိန်လက်စွပ်ကိုချွတ်ပြီး တစိမ့်စိမ့် ကြည့်နေတာဗျ ။ အဲ ဆုထူးပန် နဲ့ သွင်ရုံရှေ့လည်းရောက်ရော ဘာမပြော ညာမပြောနဲ့ လက်စွပ်ကြီးကို လူအုပ်ထဲ လွှင့်ပစ်လိုက်ရော..... ”
“ ဟာ... "
ကျွန်တော်တို့အားလုံး၏ အာမေဋိတ်သံကြီး ဖြစ်ပါသည် ။
“ ကျွန်တော်လည်းကတုန်ကယင်ကြီးကို ဖြစ်လို့ ဘယ်လိုလုပ်လိုက်တာလဲ
ကိုသိန်းတန် ” လို့ မေးလိုက်တော့..…….
သူ ရှေ့ဆက် မည့်စကားကို အသက်အောင့်ပြီး နားထောင်နေမိကြသည် ။
“ သူက ဘာပြန်ပြောလဲ သိလား... ”
ကိုခင်စိုး က စကားကိုနားလိုက်ပြီး သက်ပြင်းကြီးတစ်ချက်ချသည် ။
“ သူက ပြောတယ်ဗျ ။ ဒီမှာ ကိုခင်စိုးရဲ့၊ ဒီလက်စွပ်ဟာ ပစ္စည်းမဲ့လူတန်းစားတစ်ရပ်လုံးကို မကယ်တင်နိုင်ပေမယ့် မိသားစုတစ်စုလောက်ကိုတော့ အခိုက်အတန့်အားဖြင့် ပျော်သွားစေနိုင်လောက်ပါတယ်ဗျာ... တဲ့ ။ ကျွန်တော်ဖြင့် အံ့ကိုဩရော ”
ထိုစကားများကို ကြားရသည့်နေ့မှစ၍ ကိုသိန်းတန်ကို ကျွန်တော် အမှတ် ၂၀၀ အပြည့် ပေးလိုက်သည် ။ အရမ်းလည်းကြည်ညိုသွားမိသည် ။ သို့ဖြင့် -
“ ကိုသိန်းတန် နဲ့ ကျွန်တော့ကို အမြန်ဆုံးပေးစမ်းပါ ကိုခင်စိုးရာ ”
ထိုစဉ်က ကျွန်တော်ကိုယ်တိုင်ကလည်း သူရဲကောင်းဝါဒ ( Heroism ) ကို ယုံကြည်ကိုးကွယ်နေသူတစ်ယောက် ။ ထို့ကြောင့် သူ့ကို တွေ့ချင်သည် ။ သိချင်သည် ။ ခင်မင် ရင်းနှီးချင်သည် ။ သူကတော့သူရဲကောင်းအစစ် ဖြစ်နိုင်ပါသည် ။ ကျွန်တော်ကတော့ ယနေ့အထိ စိန်လက်စွပ်တစ်ကွင်းကို လွှင့်မပစ်ရဲသေးပါ ။
•••••   •••••••    •••••
သူက ဒါဂျီလင်ကျောင်းထွက် သူဌေးသားမို့ ကိုခင်စိုးနှင့် သူ့ကို အင်းလျားလိတ်ဟိုတယ်တွင် ကျွန်တော်ဧည့်ခံပါသည် ။ သူ၏ အမူအရာအပြောအဆိုနှင့်
table manners ( စားသောက်ဝိုင်း ယဉ်ကျေးမှု ) ကိုလည်း အကဲခတ်နေမိပါသည် ။ ပထမ ဝိုင်အနီတစ်ခွက်နှင့်အတူ Mixed-grilled without beef ( အမဲသားမပါ အသားစုံကင် ) တစ်ပွဲမှာ၍ စားပါသည် ။ ( ၁ မှတ် ) ဒုတိယ ဝိုင်အဖြူတစ်ခွက်နှင့်အတူ Lobster-mayonnaise ( ပုစွန်တုတ်ပြုတ်နှင့် မလိုင်ချဉ်ဆမ်း ) တစ်ပွဲကို မှာ၍စားရင်း Jack Daniel ( American Whisky )ကို တစ်ကြိမ်သောက်လျှင် One Single ( ပဂ်ဝက် ) ချင်း မှာသောက်ပါသည် ။ (နောက် ၁ မှတ် ) စုစုပေါင်း ဝီစကီ ၃ ပဂ်မျှသောက်ပြီးနောက် စားပွဲထိုးကိုခေါ်ကာ.....
" Coffee and Cognac, please "
ဤတွင် ကျွန်တော်က ဝင်လျှာရှည်သည် ။
“ ကော့ညက်ဆိုရင် ဘာသောက် မလဲ ။ Hennessy လား ”
“ ကျွန်တော်က ကော့ညက်ဆိုရင် Remy Martin တစ်မျိုးတည်းပဲ သောက်လေ့ရှိတယ်ဗျ ”
ကျွန်တော့်ပါးစပ်ပိတ်သွားသည် ။ အမှတ်ပေးဇယားကို ကျွန်တော် သတိမရတော့ပါ ။
•••••   •••••••    •••••
နောက်တစ်ပတ်အကြာတွင် ဆူးလေဘုရားလမ်းရှိ ကျွန်တော့်စာသင်ခန်းသို့ ညသင်တန်းပြီးချိန်ခန့်တွင် သူရောက်လာသည် ။
“ ဒီနေ့တော့ ဘဝတွေထဲ ဆင်းကြရအောင်ဗျာ ၊ ဂွတ္တလစ်ကို မောင်းခိုင်းဗျာ ”
ဂွတ္တလစ်ဈေးရှေ့ရောက်သောအခါ ကျွန်တော့်ကားကို ပြန်လွှတ်ခိုင်းသည် ။ လမ်းဘေးအရက်ဆိုင်တန်းထဲသို့ ကျွန်တော်တို့နှစ်ယောက် ဝင်သွားကြသောအခါ လူတိုင်းလိုလိုက သူ့ကို ခင်မင်ရင်းနှီးစွာ ဝိုင်းဝန်းနှုတ်ဆက်ကြသဖြင့် ကျွန်တော် အံ့ဩသွားရသည် ။ မကြာခဏ သူ လာဖူးနေကျဖြစ်ကြောင်းကိုလည်းသိလိုက်ရသည် ။
မကြာမီ ဘေးဝိုင်းမှ လူသုံးယောက် ကျွန်တော်တို့ဝိုင်းသို့ လာရောက် ပူးပေါင်းသည် ။ သူက အားလုံးနှင့် မိတ်ဆက်ပေးသည် ။
“ သူက ရန်ကင်းက ဆိုက်ကားဆရာ ကို...
• • • • • ။ သူကတော့ တာမွေက ဝပ်ရှော့ဆရာဦး.…... တဲ့ ။ သူကတော့ ဒီနားက ဆံပင်ညှပ်ဆရာ ကို... ကဲ ခင်ဗျားတို့လည်း မှတ်ထားကြဦး ။ ကျွန်တော့်ဧည့်သည်နာမည်က ကိုမင်းသစ်တဲ့ ။ မြို့ထဲက ကျောင်းဆရာ ။ ဟား... ဒီနေ့ည ကိုယ့်ဘေးမှာ ဆရာတွေချည်းပါလား ၊ ဟဲ ဟဲ ဟဲ "
ပြောပြောဆိုဆို သူရယ်သည် ။ ကျွန်တော့်မှာတော့ ကြောင်စီစီကလေးသာ ပြုံး​နေနိုင်ပါသည် ။ ဟိုလူတွေကလည်း ပြုံးစေ့စေ့ ။ ဝိုင်းအရှိန်ရသည်နှင့်အမျှ ကိုသိန်းတန် နှင့် သူ၏ရဲဘော်များ ပို၍
တက်ကြွလာကြသည် ။ သက်ကြီးတက္ကသိုလ်ထွက်ဟု သိရသော ဆိုက်ကားဆရာက မာ့ခ်စ်ဝါဒ၏ ရေသောက် မြစ်သုံးသွယ်ကို အလေးထား ဆွေးနွေးသည် ။ အလင်းဝင်
ဗကပဟောင်းတစ်ဦးဖြစ်သော ဝပ်ရှော့ဆရာကြီးက လျူရှောက်ချီ၏ low to be
a good communist ကျမ်းကို ဆဲရေးသည် ။ “ ကျုပ်ကတော့ ခင်ဗျား တို့လို
အင်္ဂလိပ်စာ အားမကောင်းဘူးဗျ ” ဟုဆိုသော ဆံပင်ညှပ်ဆရာကမူ " International " သီချင်း၏ အစပိုဒ်ကို ထပ်တလဲလဲ ဆိုနေတတ်သည် ။
မောင်သိန်းတန် နဲ့အပေါင်းအသင်းတွေပဲလေ ။ ဒီလောက်တော့ ရှိမှာပေါ့.....။
ထိုညက အရက်ဖြူ ၄ ပုလင်းကုန်သည်ကို မှတ်မိသည် ။ အမြည်းတွေကိုတော့ လက်ဖက်သုပ် ၊ တညင်းသီးပြုတ် နှင့် အာပြဲခြောက်ကြော်တို့ကိုသာမှတ်မိတော့ သည် ။ သူမှာစားသော အခြားထွေလီကာလီ အမြည်းပွဲလေးများကိုကား
မှတ်မထားနိုင်တော့ ။ သေချာသည်ကတော့ နှစ်ယောက်စလုံးမှာ ပိုက်ဆံအလုံအလောက် ပါကြပါလျက်နှင့် အစာပိတ်အဖြစ် ​ေကာ့ညက် ( Cognac ) တစ်ခွက်စီမသောက်ဖြစ်ခဲ့ကြခြင်းပင်....။ သို့သော် အင်းလျားလိတ်ဟိုတယ်မှာ သောက်ရသည်ထက် နှစ်ယောက်စလုံး လိပ်ပြာပိုသန့်ပြီး ပျော်ရွှင်တက်ကြနေသည်ဟု ကျွန်တော် ထင်သည် ။ ဝိုင်းသိမ်းသောအခါ သူတစ်ခါမျှ မရောက်ဖူးသောကျွန်တော်၏
ကမာရွတ်ခြံထဲသို့ သူလိုက်အိပ်သည် ။
So, this is Thein Tan!
•••••   •••••••    •••••
နံနက် မိုးလင် အိပ်ရာထသောအခါ အိမ်ရှေ့ဝရန်တာတွင် သိုးဆောင်း ဘာသာစကားဖြင့် စကာလက်ဆုံကျနေကြသော ကျွန်တော့်ဇနီးနှင့် သူ့ကို တွေ့လိုက်ရသည် ။
နောင်အခါတွင် ကျွန်တော့်ဇနီးက ပြန်ပြောပြသည် ။ မြန်မာ့အသံအင်္ဂလိပ်ပိုင်းအစီအစဉ် ၌ Radio Plays များ ၊ Scenic Burma စသော အသံလွှင့်ဇာတ်လမ်းပမာများတွင် သူနှင့်တွဲဖက်ပြီး အသံသရုပ်ဆောင်ခဲ့ဖူးသော အင်္ဂလိပ်စကားတတ် နိုင်ငံကျော်ရုပ်ရှင်မင်းသားများထက် ကိုသိန်းတန်၏ လေယူလေသိမ်းနှင့် အသံထွက်က ပိုကောင်းသည် ဆို၏ ။ ကျွန်တော် အကဲဖြတ်နိုင်သောအကြောင်းအရာ မဟုတ်ပါ ။
မည်သို့ပင်ဖြစ်စေ ကိုယ့်မိတ်ဆွေကို ကိုယ့်ဇနီးက ကြည်ညိုလေးစားနေသည်ကို တွေ့လိုက် ရသဖြင့် ကျွန်တော်စိတ်ချမ်းသာသွားသည် ။ကိုသိန်းတန်ကား ကျွန်တော်၏ အိမ်နှင့်ခြံကို သဘောကျ၍မဆုံး..….. ။
“ မရှယ်လီတို့ခြံက သီးသန့် ရွာလေးတစ်ရွာလိုပဲနော် ။ ဒါကြောင့်လည်း စာရေးဆရာ ၊ ကဗျာဆရာတွေ လာ, လာနားကြတာနဲ့တူပါတယ် ။ ကျွန်တော်လည်း မွန်းကျပ်တဲ့အခါ ခင်ဗျားတို့ဆီ လာနားမယ်နော် ”
ကျွန်တော် မဖြေနိုင်မီ ကျွန်တော့်ဇနီးက ဘိုလိုဖြေချေ၏ ။
" Anytime, my dear ..... "
•••••   •••••••    •••••
တစ်စုံတစ်ခုကို လုပ်ချင်ပြီဆိုလျှင် အကြွေးမထားတတ်သော ကိုသိန်းတန်သည် နောက်တစ်နေ့ နံနက် မှာပင် လေးဘီးကားတစ်စီးဖြင့် ကျွန်တော့်ခြံထဲသို့ ပြောင်းလာခဲ့တော့၏ ။
“ ခင်ဗျားကားရော ကိုသိန်းတန် ”
“ ရောင်းပစ်ခဲ့တယ် ၊ ကားရှိနေရင် လမ်းထွက် မိမှာစိုးလို့ ”
ဤသည်ပင် ကိုသိန်းတန် အစစ် ဖြစ်တော့၏ ။
မှတ်မှတ်ရရ ၊ ၁၉၈၄ ။
•••••   •••••••    •••••
ရောက် ရောက်ချင်းနေ့မှာပင် ခြံထဲတွင် ဒန်းတစ်ခုဆင်၏ ။ ကျွန်တော့်ကလေးများကို မုန့်ဖိုးပေးပြီး ဒန်းလွှဲခိုင်း၏ ။ ကြံရည်ဝယ်ခိုင်း၏ ။ “ နေလဓာတ်သဘော ” ဟုဆိုကာ ဒန်းစီးရင်း ကြံရည်သောက်၏ ။ သူ့မိခင်ကြီး၏ ဆေးပညာကို သူ လုံးဝလက်ခံယုံ ကြည် သည်ဆို၏ ။ ကျွန်တော့်ဉာဏ်နှင့် လိုက်မမီပါ ။ မည်သို့ပင်ဖြစ်စေ မုန့်ဖိုးလည်းရ ၊ ကြံရည်လည်းသောက်ရ ၊ သူ နားချိန်တွင် ဒန်းလည်းစီးရသော ကျွန်တော့်သားသမီးများအတွက် မူ ဦးသိန်းတန် မှ
ဦးသိန်းတန် ။ ညပိုင်းရောက်လျှင် ကျွန်တော်တို့နှစ်ယောက်စလုံး ဘယ်မှမထွက်ဖြစ်ကြ ၊ အိမ်မှာပင် ဝိုင်းဖွဲ့ကြသဖြင့် ကျွန်တော့်ဇနီးကလည်း သဘောကျ ။ နည်းနည်း ရီဝေလာ သူ၏ စွန့်စားခန်းများကို နားထောင်ရင်း ၊ ရင်မောကြရ ၊
ရယ်မောကြရ ၊ • • •
လွမ်းတယ် ကိုသိန်းတန်ရေ...…..
•••••   •••••••    •••••
လသာသာ ညတစ်ည၌ သူပြောခဲ့သော ကိုယ်တွေ့ဝတ္ထုလေးတစ်ပုဒ်ကို နားဆင်ကြည့်ပါဦး ။
“ ၁၉၈ဝ ခုလောက်လို့ ထင်တာပဲဗျာ ။ ဒရိုင်ဘာတစ်ယောက် ၊ ကားတစ်စီးနဲ့
ကျွန်တော်ခြေ ဦးတည့်ရာ လျှောက်သွားနေတုန်းကပေါ့ ။ ပုဂံ - ညောင်ဦးကို ည ၁၁
နာရီလောက် ရောက်သွားတယ်ဗျ ။ ဘုရားမှာ တံခါးပိတ်တော့မယ်လုပ်နေတဲ့
ညစောင့်ကို တောင်းပန်ပြီး ကျွန်တော် ဘုရားဝတ်ပြုရတယ် ”
“ အမယ် ကျားသားမိုးကြိုးပါလား "
“ တစ်ခါတလေ Peace of mind အတွက် လိုအပ်ပါတယ်ဗျ ။ အဲ ဘုရားလည်းဝတ်ပြုပြီးရော ၊ ကျွန်တော်လှူချင်စိတ်တွေ အရမ်းပေါက်လာတယ် ။ အဲဒီမှာ ဒုက္ခရောက်တော့တာပဲ "
“ ဘာဖြစ်လို့လဲဗျ ”
“ ကျွန်တော်လှူတဲ့ငွေကများလို့ ညစောင့်က လက် မခံရဲဘူးတဲ့ဗျာ ။ တော်တော်ရိုးသားတဲ့ လူပါပဲ ။ ဒါပေမဲ့ ကျွန်တော်တော့ စိတ်ညစ်ရော ။ သူ့အဖော် ဝန်ထမ်းတစ်ယောက်ကို လွှတ်ပြီး ဂေါပကလူကြီးတွေကို လိုက် နှိုး ခိုင်းတယ်ဗျ ”
“ ခင်ဗျားက ဘယ်လောက်လှူလို့တုန်း ”
“ တစ်သောင်းပါဗျာ ”
ကျွန်တော်သည် ၁၉၈၀ ဝန်းကျင်က ငွေတစ်သောင်း၏ တန်ဖိုးကိုစိတ်ထဲမှ တွက်ကြည့် နေမိသည် ။
“ ဂေါပကတွေရောက်လာတော့ရော ”
“ ပိုရှုပ်ကုန်တယ် ။ သူတို့က ဖြတ်ပိုင်းကြီးတွေထုတ်ပြီး ကျွန်တော့်နာမည်ကို မေးတယ် ။ ကျွန်တော်ကလည်း ကိုယ့်နာမည်တို့ ၊ မိဘနာမည်တို့ပြောဖို့ အင်မတန် ဝန်လေးတဲ့ကောင် ၊ အလှူငွေ ရပြီးပြီပဲဗျာ ၊ နာမည်လိုသေးလို့လားလို့မေးတော့ ဘုရားကြီး တန်ခိုးကြောင့် လူကြီးမင်းလိုပုဂ္ဂိုလ်ထူး ရောက်လာတာပါတဲ့ ”
ရယ်ရလွန်း၍ ကျွန်တော်အရက်တွေ သီးကုန်သည် ။
“ ခင်ဗျားက ရယ်နေ ။ကျွန်တော်ဖြင့် စိတ်တွေကိုညစ်လို့ ပြောမရတဲ့အဆုံး
စိတ်ထဲမှာ ဖျတ်ခနဲပေါ်လာတဲ့နာမည်တစ်ခုကို ပြောပစ်လိုက်တယ် ။ သူတို့က
လိုက် မရေးကြဘူးဗျ ။ ကျွန်တော်က စိတ်တိုတိုနဲ့ မြန်မြန်ရေးကြလေဗျာလို့
ပြောလိုက် မှ ကြောင်စီစီနဲ့ လိုက်ရေးကြတယ် ”
“ခင်ဗျားက ဘယ်လိုရေးခိုင်းလို့တုန်း ၊ ရဲဘော်ကြီးရဲ့”
“ ရာဇကုမာရ ကောင်းမှု "
ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ​အမူး တော်တော်ပြေသွားသည် ။
ထို့ကြောင့် သိန်းတန်ဟု ခေါ်သည်လေ ။
•••••   •••••••    •••••
သူ၏ ကိုယ်တွေ့ဝတ္ထုနောက်တစ်ပုဒ်ကတော့ လှပခမ်းနားလှပါပေသည် ။
၁၉၈၀ မတ်လ ၂ ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဖိတ်ခေါ်ချက်အရ နီပေါဘုရင်မင်းမြတ် ဘီရင်ဒရာဂီရ်ကရမ်ရှားဒေ့ဗ် နှင့် မိဖုရားကြီး အစ်ရှဝါးရ်လက်ရှမီး ဒေဝီရှား တို့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိတော်မူခဲ့ကြပါသည် ။
ထိုဘုရင်မင်းမြတ်မှာ ကျွန်ုပ်တို့ ကိုသိန်းတန်၏ ဒါဂျီလင်တွင် ကျောင်းနေဖက် သူငယ်ချင်း အရင်းကြီးတစ်ဦးဖြစ်လေရကား. . . ။
ဤတွင် ကျွန်တော်က ဝင်၍ စပ်စုမိသည် ။
“ ဒါဖြင့်ရင် ရုပ်ရှင်မင်းသား ကိုညွန့်ဝင်းတို့နဲ့လည်းသူငယ်ချင်းတွေပေါ့နော် "
“ မဟုတ်ဘူးဗျ ။ ဒါဂျီလင်မှာ ကိုညွန့်ဝင်းက ဘီရင်ဒရာနဲ့ ကျွန်တော်တို့ထက် အတန်းကြီး တယ် ။ အဲဒီတုန်းက ကျောင်းရက်ရှည်ပိတ်ရင် ကျွန်တော်တို့ မြန်မာပြည်ကို ပြန်တယ် ။ ရက်တိုပိတ်တဲ့အခါမျိုးကျတော့ ဘီရင်ဒရာနဲ့အတူ ခတ္တမန်ဒူးကို လိုက်သွားပြီး နီပေါနန်းတော်ထဲမှာ ကျွန်တော်တို့ကလေးတစ်စု ဆော့ကြ သောင်းကျန်းကြတာပေါ့ဗျာ "
“ ဆက်စမ်းပါဦး ၊ ခင်ဗျားသူငယ်ချင်း ဘုရင်ရောက်လာတော့ ”
•••••   •••••••    •••••
နီပေါဘုရင်က သူ၏ သူငယ်ချင်း ကိုသိန်းတန်ကို တွေ့လိုသည်ဆို၍ သက်ဆိုင်ရာတို့ အလုပ်များကြရတော့၏ ။ ရန်ကုန်အိမ်တွင် ရှာမတွေ့သောအခါ
တစ်ပြည်လုံးအနှံ့ထောက်လှမ်းရှာဖွေကြရတော့သည် ။ နောက်ဆုံးတွင် ပြည်မြို့ တစ်ဖက်ကမ်း သောင်ပြင်ပေါ်က တံငါတဲ​တစ်လုံးတွင် အိပ်နေသောသူ့ကို တွေ့လိုက်ကြရသည် ။ သက်ဆိုင်ရာတို့က ရေမိုးချိုးပေး ၊ လက်သည်းခြေသည်းကအစ လှီးဖြတ်ပေးပြီး ဝတ်ကောင်းစားလှများဆင်ယင်ပေးလျက် ရန်ကုန်သို့ ပြန်ခေါ်ခဲ့ကြရသည် ။
သူငယ်ချင်းနှစ်ယောက် အချိန်မီရုံလေး တွေ့ဆုံနိုင်ခဲ့ကြသည် ။ မင်္ဂလာဒုံ
လေဆိပ်တွင် ဘုရင်မင်းမြတ်ပိုင် တော်ဝင်လေယာဉ်ကြီး၏ လှေကားရင်း၌
နှစ်ယောက်သားအပြေးအလွှား နှုတ်ဆက်ကြရသည် ။ ဘုရင်မင်းမြတ်ကတော့ လေယာဉ်ပေါ်မတက် မီ သူ့သူငယ်ချင်းအတွက် အမှန်ဆုံး မှတ်ချက်ကို ပေးသွားတော်မူခဲ့သည် ။
“ သိန်းတန် မင်းဘာမှ မပြောင်းလဲဘူး ”
ယခုတော့ သူတို့ သူငယ်ချင်းနှစ်ယောက်စလုံးမရှိကြတော့ ။ ကိုသိန်းတန်က အရင်စော၍ ကွယ်လွန်ခဲ့သဖြင့် သူ့ သူငယ်ချင်းဘုရင်မင်းမြတ်၏ နတ်ရွာစံတော်
မူပုံကို မသိနိုင်တော့ ။ သိလျှင် သူကြေကွဲဝမ်းနည်းရပေဦးမည် ။ ဒါလည်း မသေချာပါ ။ ကျွန်တော် မပြောရဲပါ ။ ကိုသိန်းတန်သည် အိတ်ဇစ်စတင်ရှယ်လစ် အစစ်တစ်ယောက်ဖြစ်၏ ။ သေခြင်းတရားအပေါ် သူမည်သို့သဘောထားမည်ကိုကျွန်တော် မခန့်မှန်းတတ်ပါ ။
•••••   •••••••    •••••
သူ့ဘဝအတွေ့အကြုံများထဲတွင် ရယ်လည်းရယ်ရ ၊ စိတ်လည်းညစ်ရသည်မှာ သူရုပ်ရှင်မင်းသားလုပ်ခြင်းပင် ဖြစ်တော့သည် ။ ဇာတ်ကားအမည်မှာ “ နှမလက်လျှော့နေလေတော့ ” ဖြစ်၍ ရှင်မဟာရဋ္ဌသာရထက် နောက်ကျပြီး တွံတေးသိန်းတန်ထက်တော့ စောသည်ဟု ဆိုနိုင်သည် ။ ဝတ္ထု ၊ဇာတ်ညွှန်းနှင့် ဒါရိုက်တာမှာ ဗိသုကာ ၊ ပန်းချီဆရာ ခင်မောင်ရင် ဖြစ်ပြီး လူထူးလူ ဆန်း နှစ်ယောက်၏ ပူးပေါင်းစွန့်စားခန်းဟု ဩဘာပေးကြသည် ။
အပြောထက် အပြကို ဦးစားပေးသည် ။ “ အဲဒီက ပဲပြုတ် ” ဟု ဆွဲဆွဲငင်ငင် အော်ရင်း လမ်းလျှောက်နေသည့် ပဲပြုတ်သည်ကို ၅ မိနစ်ကျော်အောင် ရိုက်ပြသည် ။ သရုပ်ဆောင်တစ်ယောက် ငရုတ်သီးထောင်းနေသည်ကိုလည်း အကြာကြီးရိုက်ပြသည်ဆို၏ ။ “ သရုပ်ဆောင်အားလုံးကို စကားမပြောရလို့ ဒါရိုက်တာက အမိန့်ထုတ်ထားလေ သလား ” ဟု ဝေဖန်ရေးဆရာများက ​ေငါ့ကြ၏ ။
စာရင်းချုပ်လိုက်သော် ရုံပေါ်တွင် တစ်ပတ်ပင်မခံ ဆင်းပြေးရသည် ။ ရုံဖိုးကျေရန်ပင် ဝေးစွ ၊ ပရိသတ်များ ရိုက်ချိုးသွားသော ခုံဖိုးများကို လျော်လိုက်ကြ ရသေးသည် ။ ကိုသိန်းတန်တို့ကတော့ တစ်ပြားသားမှ မလျော့ ။ သူက ဤသို့ဆိုသည် ။
“ ပရိသတ်က စိတ်မရှည်ဘူး ။ ဒီ ပဲပြုတ်သည်ဟာ ဘဝရုန်းကန်မှုကြောင့်တို့ ၊ ဘာတို့ကို မတွေးဘူး ။ ရိုက်ချက်လေး ပန်းချီဆန်တာကို မတွေးဘူး ။ မကြည့်ဘူး ။
ဘာမှမဖြစ်ဘဲ ကြာနေတာကို စိတ်မရှည်ဘူး ”
ထိုခေတ် ရုပ်ရှင်ဝေဖန်ရေးဆရာတို့က ခေတ်ရှေ့ကပြေးနေသော ဇာတ်ကားတစ်ကားဟု မှတ်ချက်ပြုကြရှာပါသေးသည် ။
“ ခင်ဗျား နဲ့ ဆရာခင်မောင်ရင်က ခေတ်ရှေ့ကပြေးတာ နှစ်ပေါင်း ၅၀ လောက်စောနေ တယ်ဗျ ”
ကျွန်တော့်မှတ်ချက်စကားကို ကြားသောအခါ သူပြုံးသည်။
•••••   •••••••    •••••
ရင်တုန်ဖွယ် ၊ ရင်မောဖွယ် ကောင်းလှရုံမက ကြက်သီးမွေးညင်း ထသွားနိုင်လောက်သည့် ကိုသိန်းတန် ၏ စွန့်စားခန်းပေါင်းများစွာ ကျန်ပါသေးသည် ။ သို့သော် လူတစ်ယောက်၏အတ္ထုပ္ပတ္တိကို ကာယကံရှင်မဟုတ်သူ
တစ်ဦးက ဘယ်အတိုင်း အတာထိ ရေးခွင့်ရှိပါသလဲ ။ အထူးသဖြင့် ကွယ်လွန်သူတို့
အကြောင်းခြင်းရာများကို ရေးသားရာ၌ လိုက်နာရမည့် စည်းနှင့်ကျင့်ဝတ်များကို
လည်း သတိထားရပေဦးမည် ။
ဤနေရာတွင် လူထုဒေါ်အမာကို စံနမူနာ ယူကြရပေမည် ။ ဒေါ် ဒေါ်သည် မြို့မငြိမ်း၏ မူးယစ်ရီဝေခြင်းများကိုစာမဖွဲ့။ လေဘာတီမမြရင်၏ အိမ်ထောင်ဘက် များခြင်းကို ဇာမချဲ့။ ရင်သပ်ရှုမောအံ့ဩဖွယ်ရာ ဇာတ်လမ်းတွေမို့စာဖတ်သူတို့ နှစ်သက်လှမည်မှာ သေချာလှသော်လည်း ကျွန်တော်ရေးမပြ
ချင်တော့ပါ ။ အသိဉာဏ်နုနယ်သေးသောလူငယ်များအတွက် အတုယူမှားသွား
နိုင်ပါသည် ။ ပြဿနာမောင်သိန်းတန်သည် ဖြူစင်၏ ။ ရိုးသား၏ ။ ပွင့်လင်း၏ ။
အကူအညီလိုနေသူများအတွက် ကိုယ်ကျိုးစွန့်ကူညီရန် အမြဲအဆင်သင့်ရှိနေသူ
တစ်ဦးဖြစ်၏ ။ တစ်ပြိုင်နက်တည်းမှာပင် သူသည် လေ၏ ။ လွင့်၏ ။ ထင်ရာစိုင်း၏ ။
သို့သော် သူ့ကြောင့် ကမ္ဘာလောကကြီးတွင် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာမရှိခဲ့ပါ ။ မိမိကိုယ် မိမိသာ ပြုန်းတီးအောင် ဖြုန်းတီးသွားခဲ့သော လူတစ်ယောက်သာ ဖြစ်သည်ဟု ကျွန်တော်ထင်သည် ။
ဘဝတူတွေပါပဲလေ... ။
သဘောတူရဲ့လား ရဲဘော်ကြီး ။
•••••   •••••••    •••••
                          မင်းသစ်
( ကျေးဇူးစကား - မိမိ၏ လက်ဒဏ်ရာရနေခိုက်တွင် လက်ရေးဖြင့်ကူညီအားပေး ကြသော ကိုသော်တာထွေး( လ.၀.က ) ၊ ကိုမျိုးမျိုး( စစ်ကိုင်း ) နှင့်
သမီးရွှေစင်တို့အား ကျေးဇူး တင်မဆုံးပါ )
  📖  လွမ်းရတဲ့ သူတွေ

No comments:

Post a Comment