Saturday, July 11, 2020

နာမကရဏ မင်္ဂလာ



  ❝  နာမကရဏ မင်္ဂလာ ❞
     မနေ့ညက မိုးကြီး စုံစုံချုပ်မှ ရောက်လာသဖြင့်ပတ်ဝန်းကျင်ကို အသေအချာ မလေ့လာနိုင်အားခဲ့ ။ သည်နေ့ မနက် မှပင် စေ့စေ့စပ်စပ် ကြည့်ရတော့သည် ။ ကျွန်တော် နေထိုင်ရာအခန်းသည် ၁၆ ပေ x ၁၂ ပေ ကျယ်ဝန်းသော အခန်းဖြစ်၏ ။ အခန်းကို ၂ ပိုင်း ပိုင်းထားသည် ။ ၁၂ ပေ ၄ ပေခန့် ကျယ်ဝန်းသော နောက်ဘက်ခြမ်းနှင့် ၁၂
ပေ ပတ်လည်ရှိ ရှေ့ဘက်ခြမ်းတို့ပင် ။ နောက်ဘက်ခြမ်းမှာ ပခုံးအမြင့်လောက်ရှိသည့် အုတ်ထရံ ကာရံထားသော ရေလောင်းအိမ်သာ တစ်ခုနှင့် ရေဘုံဘိုင်တစ်ခုပြီးတော့ စဉ့်အိုးတစ်လုံး ရေခွက်တစ်ခွက် အထွေထွေသုံးရန် ပလတ်စတစ် ဇလုံတစ်လုံးတို့ ရှိလေသည် ။ ရှေ့ဘက်ခြမ်းမှာတော့ သောက်ရေအိုး ၁ လုံး ၊ ဖျာကြမ်း သုံးချပ် ၊ ဂွမ်းစောင်တစ်ထည် ၊ ပုံ စံ စောင် ( ချည် စောင် ) တစ်ထည်နှင့် မျက်နှာကြက်ပေါ်မှ ဝပ်လေးဆယ်အား မီးလုံးတစ်လုံးတို့သည်ကား ကျွန်တော်ပိုင်ဆိုင်သမျှ အကုန်ပင်ဖြစ်လေသည်။
     သည် ၁၆ ပေ ၁၂ ပေခန်းကို သံတိုင်ကာရံထားသည့် တံခါးမကြီးတစ်ချပ် ၊ပြတင်းပေါက် တစ်ခုအားဖြင့် အရှေ့ဘက်ရှိ မျက်နှာစာခန်းနှင့် ပိုင်းခြားထား၏ ။မျက်နှာစာခန်းသည် ၁၂ ပေ ၆ ပေ ကျယ်ဝန်းပြီး သစ်သားတံခါး တစ်ချပ် တပ်ဆင်ထားသည် ။ အပေါ်မှာတော့ သံဆန်ခါ အုပ်ထား၏ ။ သည်သစ်သားတံခါးမှ တစ်ဆင့်သာလျှင် ပြင်ပသို့ မြင်နိုင်ခွင့်ရှိသည် ။ကျောဘက်နံရံမှာ တပ်ဆင်ထားသော သံတိုင်တပ် ပြတင်းပေါက်ကတော့ အပြင်မှာဖြစ်သဖြင့် ရံခါသာခပ်လှမ်းလှမ်းသို့ ကြည့်လိုလျှင်ဖြစ်စေ ၊ နေထွက်လထွက်ကို ကြည့်လိုလျှင်ဖြစ်စေ အသုံးပြုနိုင်ပေလိမ့်မည် ။
     ရှေ့ဘက်တံခါးမှမျှော်ကြည့်လိုက်လျှင် မုန်လာစိုက်ခင်းတစ်ခု ၊ မြေနီလမ်းကလေး ၊ ပြီးတော့ သရက်ပင်ကြီးနှစ်ပင် သင်္ဘော ၊ မယ်ဇလီပင်အုပ် ၊ နောက်တော့ ( နောင်အခါ စစ်ကြောရေးရုံးဟု သိလာရသည့် ) တစ်ထပ်အဆောက်အဦ တစ်ခု အုတ်စည်းရိုးနီနီ ဟိုမှာဘက် မှာတော့ မီးလောင်ပျက်စီးနေပြီဖြစ်သည့် ထောင်အဆောင်ကြီးတစ်ခု ။ ဒါသည်ပင်ကျွန်တော် မြင်ပိုင်ခွင့်ရှိသည့် နယ်နိမိတ်အစအဆုံးဖြစ်၏ ။
     ကျောဘက် ပြတင်းမှတစ်ဆင့် ကြည့်လိုလျှင် ဦးဆုံးပထမ အိမ်သာအုတ်ပေါင် ပေါ်သို့တက်ရ၏ ။ ထိုမှမျှော်လိုက်လျှင်ဖြင့်မီးလောင်ပြီးစ အဆောင်ကြီးတစ်ခု နောက် ခပ်လှမ်းလှမ်းမှာ ကုက္ကိုပင်ကြီးနှင့် တွဲဖက်ထောင်ဟု အမည်ရသည့် သီးသန့်ထောင်ကြီးတို့ကို မြင်ရလေသည် ။
     ညတုန်းက ပိန်ပိန်သေးသေး ထောင်မှူးလေးက ကျွန်တော့်အား စကား
ပြောခွင့်မရှိကြောင်း ၊ တစ်ခန်းနှင့်တစ်ခန်း လှမ်းပြီးအော်ပြော၍ မဖြစ်နိုင်ကြောင်း ၊ ဝန်ထမ်းများကိုလည်း စကားမပြောရန် တင်းကျပ်စွာ တားမြစ်ကြောင်း မိန့်မှာကြားသွားလေရာ ကျွန်တော့်မှာ အတော်ပင် အကျပ်ရိုက်သွားတော့၏ ။ သောကြာသားဖြစ်သော မိမိအဖို့မှာ ထမင်းမစားလျှင်သာ နေနိုင်မည် ။စကားမပြောရလျှင် မနေနိုင်ဖြစ်ရကာ အကြောင်းတစ်ခုခုရမယ်ရှာပြီး ပြောနေရမှ ကျေနပ်သူဖြစ်လေရာ ဤစည်းကမ်းချက်သည် လိုက်နာရန် အလွန်ခက်ခဲလှပေသည် ။ လူသူမနီးသည့်နေရာမှာ တစ်ယောက်တည်းနေပြီး စကားလည်း မပြောရပြန်ဆိုတော့ ဘယ်လိုဟာကြီးပါလိမ့်ဟု တွေးမိနေပြန်၏။
     သို့သော်လ ည်း မကြာမီမှာပင် ကျွန်တော့်အခန်းရှေ့ရှိ မုန်လာစိုက်ခင်းသို့ ထောင်ကျများ အလုပ်ဆင်းလာကြလေသည် ။ သည်ပုဂ္ဂိုလ်များကို စကားပြောရပေအံ့ဟု ဆုံးဖြတ်ကာ “ ရွှတ်ရွှတ်ရွှတ် ” ဟူ၍တစ်နည်း “ ကစ်ကစ်ကစ် ” ဟူ၍ တဖုံ “ ရွှီ ရွှီ ရွှီ ” ဟူ၍ လေချွန်ကာတစ်မျိုး အမျိုးမျိုးခေါ်သော်လည်း ထိုသူတို့ကပင် နားလေး၍လား ( သို့တည်းမဟုတ် ) ကျွန်တော့် အသံကပင် တိုး၍လားမသိ ၊ ဆက်သွယ်မရနိုင်ဖြစ်နေတော့၏ ။ သို့ဖြင့် သူတို့နှင့် မျက်လုံးချင်းဆုံခွင့်ရရန် ကြိုးစားရပြန်လေရာ ထိုပုဂ္ဂိုလ်များသည် ကျွန်တော့်ကို ကြည့်မိလျှင်ပင် သေဒဏ်ပေးခံရမည့်အလား မျ က်မွေးထော် လော်လို့မှ မကြည့်လေတော့ရာ ကျွန်တော့်မှာ မိမိ၏ အစီအစဉ်ကို လက် မြှောက်အရှုံးပေး လိုက်ရတော့သည်။
     သည်တော့ စကားပြောဖော်ရှာရပြန်တော့၏ ။ ဟော... တွေ့ပါပြီကော ။
အခြားတစ်ပါးတော့ ဟုတ်ပါရိုးလား ။ အခန်းရှေ့မှာ အစာလာစားကြသော စာကလေးများနှင့် စီတန်းချီတက်နေကြသော ပုရွက်ဆိတ်များပင်တည်း ။ ကိုယ့်ကိုပြန်ပြောသည် ဖြစ်စေ ၊ ပြန်မပြောသည်ဖြစ်စေ... အဖက်လုပ်လုပ် မလုပ်လုပ် ကိုယ့်တာဝန်အရ ပြောရမည်သာပင် ။
     သို့သော်လည်း ကျွန်တော့်အား မြန်မာစကားပြော မေ့မသွားစေရန် လေ့ကျင့်ပေးသူများက အလိုအလျောက် ပေါ်လာကြပေသည် ။ ပထမဆုံး ရောက်လာသူများကတော့ ထောင်မှတ်ပုံတင်စာရင်း လာရောက်ရေးသွင်းသူများပင် ။ လမ်းခင်းကျောက်ပြား အရွယ်ခန့်ရှိသော စာအုပ်ထူကြီးကိုကိုင်ပြီး ဝန်ထမ်းသုံးဦးသည် မျက်နှာစာအခန်းတွင်းသို့ ဝင် ရောက် လာကြလေသည် ။ သည့်နောက် မှာတော့ စာအုပ်ကြီးကို ကြမ်းပြင်ပေါ်မှာ ချခင်းရင်း အမည် ၊ အဘအမည် ၊ အသက်စသည်ဖြင့် တစ်ခုပြီးတစ်ခု မေးမြန်းကာ
ရေးသွင်းနေကြပါတော့သည် ။ ကျွန်တော်ကတော့စကားပြောဖော်ရပြီဟု ဝမ်းသာလုံးဆို့ပြီး လိုအပ်သည်ထက်ပင် ပို၍ဝေဝေဆာဆာကြီး အဖြေပေးနေမိတော့၏ ။ ပြဿနာ စတက်သည်ကတော့ “ ကိုယ်တွင်ထင်ရှားသည့် အမှတ်အသား ” ဆိုသောအချက် ၌ပင် ဖြစ်လေသည် ။
     “ ကိုဇာဂနာ ကိုယ်မှာထင်ရှားသည့် အမှတ်အသား ဘာရှိသလဲ ”
     “ မှတ်ပုံတင်ထဲမှာတော့ မေးစေ့အောက် မှာ အမာရွတ်ရှိတယ်လို့ ပါတာပဲ ။ ခုတော့ မုတ်ဆိတ်မွေးတွေ ဖုံးနေလို့ မမြင်သာဘူးပေါ့လေ ”
     “ ဒီပြင်ဟာကော ဘာရှိသေးသလဲ ”
     အပြေးအလွှား စဉ်းစားလိုက် မိ၏ ။ ကိုယ်လုံးပေါ်မှန်ရှိလျှင်လည်း ကောင်းသား ။ ကိုယ့်ခန္ဓာကိုယ်မှာ ဘာအမှတ်အသား ရှိလို့ ရှိမှန်းမသိ ပြန်လျင်လည်း ရှက်စရာ ။ ထိုစဉ် မတ်တတ်ရပ်နေသော ဝန်ထမ်းတစ်ဦးက .....
     “ ဒီရင်ဘတ်က မဲှ့ကို ရေးလိုက်ရင် ရတာပဲ ”ဟု ဆိုလာသောအခါ.....
     နောက်တစ်ဦးက  " ဟာ... ဒါဆို လက် မောင်းက မဲှ့က ပိုထင်ရှားတာပဲ ဒီဟာရေးမှာပေါ့ ” ဟု ဝင်၍ အကြံပေးပြန် လေသည်။

    သို့ဖြင့် အနှီ ပုဂ္ဂိုလ်နှစ်ဦးသည် ဒီဟာက ပိုသိသာတယ် ၊ ဟိုမှဲ့ က ပိုထင်ရှားတယ် ။
ဘာပြုတယ် ညာပြုတယ်နှင့် ငြင်းကြခုံကြပါလေတော့၏ ။ ကျွန်တော်လည်း မနေသာတော့ဘဲ စကားစ ဝင်ဖြတ်ရတော့သည် ။
     “ ခဏဗျာ… ကျွန်တော်တစ်ခုတော့ ပြောချင်လို့ ………ထင်ရှားသည့်အမှတ်
အသားဆိုတာက ကြည့်လိုက်တာနဲ့ ထင်းခနဲ မြင်နေမှမဟုတ်လား ။ အခု ကျွန်တော်က အင်္ကျီ ချွတ်ထားတာဆိုတော့ ရင်ဘတ်တို့ လက် မောင်းတို့က မဲှ့က မြင်နေရတာ ပေါ့။ ဒါပေမဲ့ ကျွန်တော်က အမြဲတမ်း အင်္ကျီချွတ်ပြီး နေမှာမှမဟုတ်တာ ။ မဲှ့ကို ရေးချင်တယ် ဆိုရင်တော့ ဒီပါးပေါ်က မှဲ့က ပိုထင်းမှာပေါ့ ဟုတ်ဖူးလား ”
     သို့မှပင် ကိစ္စက ပြတ်သွားတော့သည် ။ ကျွန်တော်၏ ထောင်ဝင်မှတ်တမ်းစာအုပ်တစ်ခုမှာတော့ “ ကိုယ်တွင်ထင်ရှားသည့် အမှတ်အသား ၊ လက်ယာပါးပေါ်တွင် မှဲ့နက် မွှေးပါတစ် ” ဟူ၍ ဖြစ်သွားလေတော့သည်။
     ဒုတိယတစ်ခါ စကားပြောလာရောက်လေ့ကျင့်ပေးသူကား နံနက်စာ စားအပြီး
တွင် ကျွန်တော့်အခန်းရှေ့သို့ ရောက်လာပါသည် ။ထမင်းစားပြီး အတော်အတန်
ဗိုက်ပြည့်သွားသဖြင့် အခန်းထဲတွင် အစာ​ေကြလမ်းလျှောက်နေစဉ် အခန်းဝ၌ လူရိပ်တွေ့သဖြင့် မော့ကြည့်လိုက် မိရာ အပွင့်အခက် များနှင့် အလှဆင်ထားသော ယူနီဖောင်းကို ဆင်မြန်းထားသည့် လူပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရတော့၏ ။
     ထိုပုဂ္ဂိုလ်ကြီးသည် ခင်မင်နှစ်လိုဖွယ်ရာ ပြုံးပြပြီးနောက် မျက်နှာစာခန်းတွင်းသို့ ဝင်ရောက်လာလေသည် ။ သူ၏နောက် မှ အခြားယူနီဖောင်းဝတ် ပုဂ္ဂိုလ်အများအပြားလည်း
လိုက်ပါလာလေရာ ဤပုဂ္ဂိုလ်ကြီးသည်ကား ခေသူ တစ်ဦးမဟုတ်ပါလားဟု တွေးမိနေပါသည် ။
     “ ဘယ်လိုလဲ ကိုဇာဂနာ..…. နေထိုင်ကောင်းရဲ့လား ”
     “ ဟုတ်ကဲ့ ”
     “ သိနေတယ်လေ…. ခင်ဗျားနေကောင်းမယ်ဆိုတာ သိနေတယ်လေ ”
ကျွန်တော်၏ ရုပ်မြင်သံကြားမှ ပြက်လုံးကိုပြောပြီး ထိုပုဂ္ဂိုလ်ကြီးသည် တဝါးဝါး တဟားဟားဖြင့် ရယ်ပါလေတော့သည် ။ အနီးအနားမှ ပုဂ္ဂိုလ်များကလည်း ဟီးဟီးဟီး ဟားဟားနှင့် ရယ်ကြလေသည် ။ ကျွန်တော့်မှာတော့ ရယ်ရမလိုလို ငိုရမလိုလိုနဲ့ အူကြောင်ကြောင် ဖြစ်နေတော့၏ ။သို့သော်လည်း မျက်နှာစာခန်းရှိ သစ်သားတံခါးကို မှီရပ်နေသော တပ်ကြပ်ကြီးကို မြင်လိုက်ရသည့်အခါမှာတော့ မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွားရတော့သည် ။
     ထို တပ်ကြပ်ကြီးသည် တောင်ငေး မြောက်ငေး လုပ်နေရာမှ သူ့အထက်အရာရှိများ တဝါးဝါးတဟားဟားဖြင့် ရယ်နေသံကို ကြားရသည့်အခါ အိပ်မ က် မှ လန့်နိုးလာသည့် လူတစ်ဦးနှယ် ကျီးကြည့်ကြောင်ကြည့်လုပ်နေပြီးမှ ရောကောသောကောဖြင့် ဟီးဟီး ဟားဟား ထလုပ်တော့ရာ ကျွန်တော့်မှာ ထိုတပ်ကြပ်ကြီးအားကြည့်ပြီး မပြုံးဘဲဝါးလုံးကွဲ ရယ်မိပါတော့သည် ။ သည့်နောက် ကျွန်တော့်ရှေ့မှ ပုဂ္ဂိုလ်ကြီးက စကားစပါတော့သည် ။
     “ ကျွန်တော်က အင်းစိန်ထောင် ထောင်ပိုင်ကြီး ဦးစိန်ဌေးပါ ”
     ဪ ... ဦးစိန်ဌေး...  ဦးစိန်ဌေး ။ ဘီဘီစီကပင် ထုတ်လွှင့် ရသော ေထာင်ပိုင်ကြီးပါကလား ။ ကျွန်တော့် စိတ်ကူးထဲမှာ မှန်းပြီးပုံဆွဲထားသော ဦးစိန်ဌေးနှင့် ကျွန်တော့်မျက်စိရှေ့မှ ဦးစိန်ဌေးသည် လားလားကြီး ခြားနားနေပေသည် ။ ကျွန်တော့်ရှေ့မှ ဦးစိန်ဌေးသည် အသားဖြူဖြူ ခပ်သွယ်သွယ် ငယ်စဉ်တုန်းက ကြည့်လို့ကောင်းခဲ့မည့် သဏ္ဌာန်ရှိ၏ ။ ရယ်လိုက်လျှင် ပေါ်လာသော သွားကျိုးလေးမှတစ်ပါး သူ၏ မျက်နှာသည် ရှိရင်းစွဲ အသက်ထက်ပင် နုပျိုလွန်းနေလေသည် ။
     “ ဒီ ရောက်တုန်းရောက်ခိုက် ဘာမှစိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူးဗျာ... ကိုဇာဂနာတို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာပဲရှိနေစေချင်တယ် ”
     မြတ်စွာဘုရား ။ ထောင်ဆိုတာ ကိုယ်ပိုင်အိမ်မှ မဟုတ်တာ ။ အလှူအိမ်မှ
မဟုတ်တာ ။ တစ်အိမ့်တစ်အိမ် ကူးလူးဆက်ဆံလည်ပတ်သလိုမျိုး ရောက်လာတာမှ မဟုတ်တာ ။ ကျွန်တော်၏ အတွင်းစိတ် အပြောင်းအလဲကို ထောင်ပိုင်ကြီးသည် ရိပ်မိသွားသည်ထင် ။
     “ ကျွန်တော်ဆိုလိုတာက ဒီလိုပါ... ခင်ဗျားတို့ကို ဖမ်းတာရော ၊ လွှတ်တာရော ၊ ကျွန်တော်တို့အကျဉ်းထောင်နဲ့ ဘာမှမဆိုင်ပါဘူး ။ ကျွန်တော်တို့ တာဝန်က ဒီမှာ ခင်ဗျားတို့ ရှိနေသခိုက် တတ်နိုင်သမျှကူညီစောင့်ရှောက်ပြုစုပေးဖို့ပါပဲ ။ ခင်ဗျားတို့ကို ထောင်ထဲမှာ လက်ဖျားနဲ့မှ မတို့စေရပါဘူး ။ ထောင်ထဲမှာ နှိပ်စက်တယ် ၊ ရိုက်နှက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူးဗျာ ။ ကျွန်တော့်ဆီမှာလည်း သားတွေသမီးတွေနဲ့ပါဗျာ ။ ဒီအထဲ မုဒိမ်းကျင့်တယ်ဆိုတာက လာသေးတယ် ။ လုံးဝ မဟုတ်ရပါဘူးဗျာ ”
     ထောင်ပိုင်ကြီးသည် ကျွန်တော့်အား ပုဏ္ဏားတိုင်လို များသဘောထားပြီးများ
ရင်ဖွင့်နေသည်လား မသိ ။ ကျွန်တော်ကတော့ သူပြောသမျှကိုသာ ခေါင်းညိတ် ၊
ခေါင်းခါလိုက် ၊ အင်းလုပ်လိုက် ၊ အဲလုပ်လိုက်ဖြင့် ရေလိုက်ငါးလိုက်လုပ်နေရတော့သည် ။ ထောင်ပိုင်ကြီးမှာလည်း စကားအများကြီး ပြောလိုက်ရသောကြောင့်ထင်ပါ့ ၊ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း ………
     “ ကိုဇာဂနာ လိုတာပြောပါ ” ဟူ၍ မေးပါ​ေလတော့သည်။
     “ အထွေအထူးတော့ မရှိပါဘူး ။ စာအုပ်ကလေး ဘာလေးဖတ်ချင်လို့ ရမလားလို့ ”
     “ ကျွန်တော် တင်ပြပေးပါ့မယ် ၊ တင်ပြပေးပါ့မယ် ”
     “ နောက်ပြီးတော့ ကျွန်တော်တို့ဆီပါလာတဲ့ ပိုက်ဆံလေးတွေနဲ့ ဆေးလိပ်လေး မုန့်လေး ဝယ်လို့ရမလားလို့ ”
     “ ကျွန်တော် တင်ပြပေးပါ့မယ် ၊ တင်ပြပေးပါ့မယ် ”
     သည့်နောက် မှာတော့ ကျွန်တော့်ကို နှုတ်ဆက်ပြီး ထောင်ပိုင်ကြီးနှင့်အဖွဲ့သည်
ပြန်လည် ထွက်ခွာသွားလေတော့သည် ။
     “ ဒေါက်...ဒေါက်...ဒေါက် ”
     အနည်းငယ် လန့်သွား၏ ။ အုတ်နံရံခေါက်သံ ။အလိုက်သင့်ပင် ကျွန်တော်လည်း ပြန်ခေါက်လိုက် မိသည် ။
     “ မောင်သူရ ... ဟေ့ကောင်”
     “ ဗျို့...  ကိုဌေး...”
     “ ထောင်ပိုင်ကြီး ဘာတွေပြောသွားသလဲ ”
     “ ဒီလိုပါပဲ ဘာညာ သာရကာပေါ့ ”
     “ ဟေ့ကောင်..…ထောင်မှူးတွေ အလစ်မှာဆိုရင် စကားပြောလို့ ရတယ်ကွ သိလား ”
     “ ဟုတ်လား ...ဒါဆို ထောင်မှူးတွေ လစ်တာနဲ့ နံရံခေါက် အချက်ပေးလိုက်ပေါ့
ဟုတ်ပလား ”
     ထိုစဉ်မှာပင် ထောင်ပိုင်ကြီးကို ပြန်လိုက်ပို့ပေးသော ထောင်မှူးသည် ပြန်ဝင်
လာသဖြင့် ကျွန်တော်တို့နှစ်ဦးသား စကားစ ဖြတ်လိုက်ရတော့၏ ။ ပသို့ဆိုစေ စကားပြောဖော် ရပြီဖြစ်သဖြင့် ကျွန်တော့်မှာ များစွာ ဝမ်းသာမိတော့သည် ။
     ပို၍ပို၍ အဆင်ပြေစေသည့် အကြောင်းများက ဖန်တီးလာပါသည် ။ ညနေစာ စားအပြီး ထောင်မှူး ခပ်ဝဝပုဂ္ဂိုလ်သည် စက်ဘီးကြီးနှင့် ထွက်ခွာသွားပါတော့သည် ။ မရှေးမနှောင်းမှာပင် အသားဖြူဖြူ ဆံပင်တိုတိုနှင့် လူတစ်ဦးက ခေါင်းဆောင်ပြီး ဝန်ထမ်းလေးငါးယောက်ခန့် ကျွန်တော့်အခန်းရှေ့သို့ ရောက်ရှိလာကြပါသည် ။ ထို အသားဖြူဖြူ ပုဂ္ဂိုလ်ကပင် ကျွန်တော့်အား ဆေးလိပ်တိုက်ပြီး မိတ်ဆက်စကားပြောလေရာ ထောင်မှူးများ ညနေထမင်းစားချိန် အိမ်ပြန်လျှင် သူတို့ လွတ်လွတ်လပ်လပ်လာ၍ စကားပြောနိုင်ကြောင်း သိရှိလိုက်ရတော့သည် ။
     ပသို့ဆိုစေကာမူ ကျွန်တော့်အဖို့မှာတော့ ငါမြန်မာစကားမမေ့တော့ဘူးဘဲဟူ၍သာ ဝမ်းသာမိနေပါတော့သည် ။
xxx xxxxxx  xxxxx
     ကျွန်တော်၏ မွေးရာပါ ဗီဇအရ စကားပြောခြင်းအမှုကို အောင်မြင်စွာပြုနိုင်ခဲ့သလို အခြား စွန့်နိုင်ခဲ့သည့် ဝါသနာတစ်ခုကိုလည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည် ။ အခြားတော့မဟုတ် ။ သူတစ်ပါးအား နာမည်ပြောင်ပေးခြင်းပင် ။ ငယ်စဉ်ကတည်းကပင် ကျွန်တော်နှင့် နီးစပ်သော သူငယ်ချင်းများအား နာမည်အမျိုးမျိုး ပေးခဲ့ဖူးရာ ယနေ့ထက်တိုင် ယင်းအမည်တို့သည် တွင်ကျယ်လျက်ရှိနေဆဲပင် ဖြစ်လေသည် ။ ယခုလည်း ကျွန်တော့်မျက်စိရှေ့ရောက်လာသော ထောင်ဝန်ထမ်း မှန်သမျှကို နာမည်ထိုင်ပေးမိနေပါ
တော့၏။
     ဘာပြောလိုက်ပြောလိုက် တင်ပြပေးပါ့မယ်ဟူ၍သာ ဖြေလေ့ရှိသော ထောင်ပိုင်
ကြီး ဦးစိန်ဌေးအား မစ္စတာတင်ပြ ။
     သန်းကြွယ် ကာတွန်းနှင့် တူသော ထောင်ပိုင်ဦးလှဖေအား ပရော်ဖက်ဆာတာတီး ။
     ထောင်ပိုင်အနောက် မှ လိုက်လေ့ရှိသော ဝဝထောင်မှူးကြီး နှင့် ပိန်ပိန်အသားညိုညို ထောင်မှူးအတွဲကို ဦးစိတ်တို နှင့် မျောက်ညို ။
     ပိန်ပိန်သေးသေး မျက်နှာ မှုန်ကုပ်ကုပ်နှင့် စကားမပြောရဟူသော စည်းကမ်း
ထုတ်သွားသည့် ထောင်မှူး ဦးမြင့်စိန် ကို “ အသေးလေး ” ။
     ဝဝတုတ်တုတ် ထောင်မှူး ဦးတင်မောင်ကို “ အေဝမ်း ” ။ အားအားရှိတိုင်း တရားဟောနေတတ်သော ကရင် အမျိုးသား ထောင်ကြပ်ကြီးဦးငွေစိုးအား “ ဓမ္မကထိက ” ။ တစ်ခေါင်းလုံး ဖြူဖွေးနေပြီး ညနေဆိုလျှင်ရေချိန်ကိုက်လာလေ့ရှိသော တပ်ကြပ်ကြီး ဦးခင်မောင်လတ်အား “ အချိန်မှန်ဆရာဖြူ ” ။ အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နှင့် သူ၏ အတ္ထုပ္ပတ္တိကို ဖွဲ့ ဖွဲ့နွဲ့နွဲ့ လာလာ ပြောပြတတ်သော တပ်ကြပ်အောင်စိုးကို “ ကျွန်တော့်ဘဝဇာတ်ကြောင်း ” ။  ရင်ဘတ်ဖွင့်၍ လျှောက်တတ်သော ဒုတပ်ကြပ် ရခိုင်ကြီးအား  " ဝိတ်ပေါ ” ။ အမြဲတမ်း သုတ်သုတ်သုတ်သုတ်နဲ့ သွားလာ လှုပ်ရှားတတ်သော ရဲဘော်မျက် မှန်အား “ အီးတီ ” ။
     ကိုမြကြီး သီချင်း အမြဲဆိုလေ့ရှိသော ရဲဘော်ယဉ်ထွေးအား “ ကိုမြကလေး ” ။
ကိုယ်တိုင် ဆေးလိပ်မသောက်တတ်သော်လည်း ဝယ်ဝယ်လာပြီး ကျွန်တော်တို့အား လာတိုက်လေ့ရှိသည့် ဒုတပ်ကြပ်ကိုမောင်တာအား “ အလှူရှင် ” ။ အမြဲတမ်း အော်ကျယ်အော်ကျယ်နဲ့ ဘယ်သူဘာပြောပြော ဟုတ်တယ်ကောင်းတယ် မိုက်တယ်မိတယ် လုပ်တတ်သော ရဲဘော်စိုးမောင်အား “ ဖော်လိုမီ ” ။  မည်သူနဲ့မှ စကားမပြော ဗိုက်ကလေး ရှပ်ရှပ်ပြီး လမ်းလျှောက်လေ့ရှိသည့် ရဲဘော်ခင်ဇော်အား “ ဂျပန်ဝမ်း လျှော ” ။ ထမင်းဟင်းချက် ကောင်းသော ရဲဘော်နိုင်ဝင်းအား “ စားဖိုမှူး ” ။ ဆေးလိပ်မီးညှိပေး မုန့်ဝယ်ပေးဖြင့် လာရောက် ကူညီလေ့ရှိသော အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရထားသည့် ရဲဘော်ဇော်မင်းအောင်အား “ ဘောတံတားလေး ” ။ ကျွန်တော်တို့ ကို ပထမဆုံး ဆေးလိပ်လာတိုက်သော ၊ ပထမဆုံးစကားလာပြောသော ၊ ဟင်းဖတ်ကလေးများ ခိုးလာကျွေးသော ရဲဘော်မြင့်ဝင်းအောင်အား “ ဘော်ဒါကြီး ” စသည်ဖြင့် အသီးသီး နာမည် ပေးလိုက်လေသည် ။
     ကင်ပွန်းတပ်ပွဲ အခမ်းအနားအပြီးမှာတော့ အင်းစိန်ထောင်၏ အထူးစပယ်ရှယ် အရွယ်စုံ ၊ အရွက်စုံ ၊ အရိုးစုံ ဟင်းချိုဖြင့် ဧည့်ခံကျွေးမွေးပါလေတော့သတည်း ။
              ◾  ဇာဂနာ
               📖  ပထမ

No comments:

Post a Comment