Showing posts with label သုခ. Show all posts
Showing posts with label သုခ. Show all posts

Sunday, November 13, 2022

သမီးရည်းစား


 

❝  သမီးရည်းစား  ❞

အချစ်ဆုံးမြ

“ မြ မောင့် ကို သိပ် နှိပ်စက်တာပဲ နော် ။ လုပ်ပါ မြ ရယ် လုပ်ပါ ။ ချစ်မိပြီ ကို ။ ချစ်သူ ရဲ့ နှိပ်စက်မှု ဟာ ပါရမီ ဖြည့် သလို ခံ ရမှာ ဓမ္မတာ ပေါ့ ။ မောင် က တော့ အထူးအထွေ ဘာမှ ပြော စရာ မလို ဘူး ။ မြ ကို မောင်  ဘယ်လောက် ချစ်နေတယ် ၊ ဘယ်လောက် ချစ်ခဲ့တယ် ။ ဘယ်အထိ ချစ်လိမ့်ဦးမယ် ဆိုတာ မြ ကိုယ်တိုင် အကြွင်းမဲ့ သိထားတယ် လို့ မောင် ယုံ နေတာမို့ မြ က မောင့် ကို ဘယ်အထိ နှိပ်စက် နှိပ်စက် မောင့် ချစ်စိတ် မပျက် နိုင်တော့ပါဘူး ။

ဟိုနေ့ ည က မောင် သုံးနာရီ ထိုး မှ မြ တို့ အိမ် နား က မောင်  ပြန်ခဲ့ရတယ် ဆိုတာ မြ သိ မှာပေါ့ ။ မရယ်ပါနဲ့ မြ ရယ် ၊ မရယ်ပါနဲ့ ။ ဒီ စာ ကို ဖတ်ပြီး မြ ရယ်နေမှာ ကို မောင် ရိပ် မိ ပါတယ် ။ မြ အဖို့ မှာတော့ ရယ်စရာပေါ့ လေ ။ နှုတ်ခမ်းပါးကလေး ဖွင့်ပြီး အဟင့် လို့ ရယ်လိုက် ရ တာဟာ မြ အတွက် မှာ အရသာ ဖြစ်နိုင်ပေမဲ့ မျှော်လင့်ချက် ဗိမာန်ကြီး ပြို ကျလို့ မောင် တစ်ယောက် တည်း ပြန် ရတဲ့ ဒုက္ခ က တော့ အတော် စိတ်ဆင်းရဲ ရ ပါတယ် ။ အဲသည့် အချိန် ဟာ မြ မှာ တော့ အိပ်ရာထဲ က နေပြီး ပြုံး လိုက်ဦးမှာပဲ ။ 

“ တကယ်ဆိုတော့ မြ ကို အဆိုး မဆိုပါဘူးလေ ။ မောင် ခံ ရတဲ့ ဒုက္ခ ဟာ မြ ပယောဂ မှ မဟုတ်ဘဲ ။ ဒါကိုလဲ သိ ပါတယ် ။ မြ  သဘောတူညီချက် မရဘဲ မောင် က သာ မြ ရဲ့ကရုဏာ ကို အားကိုး ပြီး ဇွတ် တိုး လို့ လာ နေရတာ ကို မောင့် ကို နှစ်ယောက် ချင်း မယုံလို့ အတွေ့ မခံချင်တာဘဲ ဖြစ်ဖြစ် ၊ ကြောက် လို့ အတွေ့ မခံချင်တာဘဲ ဖြစ်ဖြစ် မြ ချစ်တာ ကို မောင် သိထားတဲ့ အတွက် မြ ကိုယ်တိုင် ကရုဏာ သက် မလာ မချင်း မောင့် အချစ် ဇွဲ ကို ပြ ရအောင် စနေနေ့ ည တိုင်း လာ မျှော် နေမှာပဲ ။

ဒီ ကနေ့ ည လဲ ရောက် မှာပဲ ။
                             မောင်

    •••••   •••••   •••••   •••••

ဒေါ်မြမြ ၏ လက် သည် စာရွက်ကလေး ကို ကိုင် ရင်း တုန်တုန် ယင်ယင် ဖြစ် နေလေသည် ။ စာ ကို ဖတ်ရင်း နက်နက်နဲနဲ စဉ်းစား လိုက်သော အခါ မျက်ရည်ကလေးများ ပင် လည် လာမိသည် ။

ဝမ်းနည်းသလော ဝမ်းသာသလော ကြည်နူးမိသလော စိတ်ဆိုးနေမိသလော ဟု စစ်ကြော ၍ မရအောင် စိတ်ထား မငြိမ် ရှိ တော့သည် ။ ဤသို့ အမည် မတပ် နိုင်ပေမဲ့ ရင် ထဲ က တော့ တလှပ်လှပ် ခံစား နေ ရတော့သည် ။ 

ဒေါ်မြမြ မှာ ယခု ဆိုလျှင် အသက် လေးဆယ် နား သို့ တရွေ့ရွေ့ နီးစပ် လာခဲ့ရပြီ ။ ဤ အသက်အရွယ် သို့ ရောက် ၍ သာ လာခဲ့သည် ။ ဤ စာ မျိုးတော့ ဤ တစ်ကြိမ် သာ ဖတ်ခဲ့ရ ဖူးပါသည် ။ ထို့ကြောင့် ပင် ဤရွေ့ ဤမျှ တုန်လှုပ် နေသလား မပြောတတ် ။

ဒေါ်မြမြ သည် နှုတ်ခမ်း ကို အမှတ်မထင် ကိုက် လိုက်မိသည် ။ မသိမသာကလေး ခေါင်း ယမ်း လိုက်မိသည် ။ ထို့နောက်မှ ပင် စာရွက် ပေါ် မှ မျက်လုံး ကို ခွာ၍ အဝေး သို့ လှမ်း မျှော် လိုက် မိသည် ။

“ ဪ သမီး သမီး ရည်းစား တောင် ထား နေမှကို ”

ဒေါ်မြမြ သည် အသံ မထွက်သော စကား ကို ပြော ၍ ခပ်လေးလေး ခေါင်း ညိတ် လိုက်မိပြန်သည် ။ ဤ စာ မှာ သူ နှင့် တိုက်ရိုက် သက်ဆိုင်သည် ဟု လည်း ပြော နိုင်သည် ။ မသက်ဆိုင် ဟူ ၍ လည်း ငြင်း ရပေတော့မည် ။

ဒေါ်မြမြ ၏ တစ်ဦး တည်း သော ဖအေ မဲ့ သမီးကလေး ၏ အမည် မှာ လည်း မြမြဝင်း ပင် ဖြစ်သော ကြောင့် ဤ စာ မှာ အသက် လေးဆယ် နီးပါး မုဆိုးမဒေါ်မြမြ ၏ စာ မဟုတ် ။ သူ့ သမီး မြမြဝင်း ၏ သမီးရည်းစား စာ ဖြစ်ကြောင်း လွယ်ကူစွာ သိ နိုင်ပေတော့သည် ။ မြမြဝင်း သည် ဆယ့်ခုနစ် နှစ် ၊ ဆယ့်ရှစ် နှစ် ခန့် ရှိပြီ ဖြစ်၍ အပျိုကလေး တို့ ဘဝ တွင် အစွမ်းကုန် လှနေသော အရွယ် ဖြစ် တော့သည် ။

ဒေါ်မြမြ ကိုယ်တိုင် က ပင် အသက်လေးဆယ် နား နီး ၍ ကြီး သည် ဟု ဆိုစေကာမူ ရုပ်ရည်လက္ခဏာများ မှာ အတော် နုပျိုလန်းဆန်းသော မျက်ခုံးကောင်း ၊ မျက်လုံးကောင်း ၊ အဆစ်အမြ စ် ပြေပြစ်သော မိန်းမချော တစ်ယောက် ဖြစ်သော ကြောင့် သမီးလေးမြမြဝင်း မှာ မအေတူ ၊ အရွယ် ကောင်း အလှတွေ စုပေါင်း ၍ ပြည့်ပြည့်တင်းတင်း ကြွကြွရွရွ ရှိလှသည် ။

ဒေါ်မြမြ  စီးပွား ပျက် ခဲ့သော အချိန် မှာ သမီးကလေး သိမ်သိမ် ငယ်ငယ် ရှိ နေသည်ကို ရင်ထုမနာ ဖြစ် ခဲ့သော်လည်း ယခု မိမိ ရင်အုပ် မကွာ ၊ အချစ် ဌာပနာ ထား ရာက ရည်းစား ဟူသော သူစိမ်း တစ်ယောက် ကို ဖောက်ဖောက်ပြန်ပြန် ဆက်ဆံ ကူးလူး နေကြောင်း ဒိဋ္ဌ သိ ရသော အခါ တွင်ကား ရင်ထု မနာ အဖြစ် က ရင်ထု ၍ နာ သလို နာလိုက် ဝမ်းနည်း လိုက် မိလေသည် ။

မိဘ လက်ထက် က ဆင်းသက် လာ ခဲ့သော ပိုးကုမ္ပဏီကြီး ပျက်စီးပြီး သည့် နောက် ယခု အချိန် မှာ ဆင်ပိန် ကျွဲ လောက် တော့ ကြွင်းကျန်ခဲ့သေး သဖြင့် ဗိုလ်ချုပ်ဈေး ထဲ တွင် ပိုးထည်ဆိုင်ကလေး ဖွင့်ကာ သားအမိ နှစ်ယောက် ဒိုးတူပေါင်ဖက် ဆက်လက် ၍ ရောင်းဝယ် နေ ကြရသည် ။ မိမိ ကိုယ်တိုင် အပျိုဘဝ က သမီးရည်းစား ဟူ၍ မထားခဲ့စဖူး ထား ရကောင်း မှန်းလည်း မသိ ။ မိခင်ကြီး နှင့် သာ ရောင်းရေးဝယ်တာ ကို ကြိုးစား ကာ လောဘ တက် ခဲ့သည် ။ ထို့အတူ မိမိ သမီး ကျပြန်သော် မိမိ နည်း အတိုင်း ဗိုင်းကောင်းကျောက်ဖိ ပိရိ လိမ္မာလှပြီ ဟု မှတ်ထင် နေခဲ့သည် ။

ယခု မှ ယောက်မ ကို မြ င်းစီး ၍ ထွက်သည့် အချက်အချာ သမီး ရည်းစားစာ ကို မိ တော့၏ ။ ဈေးဝယ် သူ ပါးသည့် အခိုက် မြမြဝင်းသည် ဆိုင်နီးချင်း အပျိုဖော်ကလေး တစ်သိုက် နှင့် ဆိုင်ပေါ် မှ ဆင်း၍ နောက်ဖေး နောက်ဖီ ထွက် သွားခဲ့သည့် အတွင်း မြမြဝင်း အိတ် ထဲ မှ မတော်တဆ အမှတ်တမဲ့ ကျ ကျန် ရစ်ခဲ့ဟန် တူသော အထက်ပါ စာ ကို ဒေါ်မြမြ ကိုယ်တိုင် ကောက် တွေ့ ဖတ် မိခြင်း ဖြစ်တော့ရာ အဘယ်မှာ လျှင် မတုန် မလှုပ်သော မိဘ ဟူ ၍ ရှိ နိုင်ကြပါမည်နည်း ။

ဘယ်အရွယ် ပင် ရှိရှိ မိမိ ၏ ရင်နှစ် ဖြစ်သော သားသမီး ကို ကြီး သည် ဟု မထင်နိုင် ။ အချိန်တန် အရွယ်ရောက် ၍ အချစ်စိတ် တွေ ပေါ်ပေါက် သော သဘာဝ ကို မလွန်ဆန် နိုင် ကြောင်း သိကြ စေကာမူ အပင် ကို သာ အညှိုး ခံ၍ မိမိ ကိုယ်တိုင် ချိုးဆွတ် ၍ လည်း မပန်ရက် ၊ သူ တစ်ပါး ၏ လက် နှင့် ခြွေ မှာ ကို လည်း ရွံ့စိုးသည့် ပန်းပင်ရှင် မျိုး လို ဖြစ် ကြရသည် မှာ လည်း မိဘ နှင့် သားသမီး ပင် ဖြစ်ပေသည် ။ ပေးဝေနှီးရင်း ၊ ထိမ်းမြား ခြင်းလျှင် ဝတ်ငါးအင် ဆို၍ သာ ထို ဝတ္တရား ကို သားသမီး က ပူဆာ ၍ လိုက်နာ ဆောင်ရွက် ပေး ကြရသည် ။ တချို့ မှာ ကား ချစ် ၍ မှ အား မရမီ သူစိမ်း လက် ကို ဝကွက် အပ် လိုက် ကြဖို့ မလိုလား သဖြင့် အပျိုကြီးဖားဖား က ဟိုင်း ၍ သာ သွား စေကြတော့သည် ။

ဒေါ်မြမြ အဖို့ မှာ သာ သာ၍ ခင်တွယ်စရာ ဖြစ်တော့သည် ။ သူ့ တွင် မြမြဝင်း တစ်ယောက် တည်း သာ လက်ကတုံး တောင်ဝှေး ဆေးပေးမီးယူ ရှိသည် ။ တိုင်ပင်ဖော် တိုင်ပင်ဖက် ဆို က လည်း ဤ သမီး သာ ဖြစ်ခဲ့သည် ။ ဥမကွဲ သိုက်မပျက် နေသွားဖို့ အရေး ကြီးသည် ။

ဒေါ်မြမြ  စဉ်းစားနေမိသည်မှာ တစ်ခဏ လောက် သာ ကြာ လိုက် သည် ထင်ရမည် ။ သို့သော် သမီးသည် မြမြဝင်း သည် သူ့ စာ ကျကျန်ရစ် ခဲ့သည်ကို သိသည် အလား ပျာယီးပျာယာ နှင့် ပြန် လာသည် ကို အဝေး က ပင် သိသာ နိုင်လောက်သည် ။ 

မြမြဝင်း ဘက် က နေ ကြည့်လျှင် သမီးရည်းစား စာ မိခင်ကြီး မိ ၍ သိ သွားမှာ စိုးရှာသည် ။ မိခင် ပင် ဖြစ်လင့် ကစား ရှက်စရာ ကြားက အကြောက်တရား က လည်း မကင်းသေးချေ ။ မိမိ လော်မာဖောက်ပြန်မှု ကြောင့် မိခင်ကြီး စိတ် အနှောင့်အယှက် ဖြစ် သွားမည် ကို အတော် စိုး ရှာသည် ။

ထို့ကြောင့် ဣန္ဒြေ မပျက် အောင် မနည်းဟန်ဆောင် ၍ မုန့်ပဲ သရေစာ မှ မစားနိုင်ဘဲ ဆိုင် သို့ တောက်လျှောက် ပြန် လာခဲ့သည် ။ ဂနာမငြိမ် သော မျက်လုံး က မိခင်ကြီး ၏ အရိပ်အကဲ ကို တစ်ဖက်က ကြည့် ရင်း တစ်ဖက် က မိမိ ၏ ပေါ့လျော့မှု ကြောင့် ကျ ကျန်ရစ်ခဲ့သော စာ ကို ရှာဖွေ နေမိသည် ။ စာရွက်ခေါက်ကလေး ကို မြမြဝင်း တွေ့ လိုက်ရ သောအခါ ခေါင်းနပန်းများ ကြီး သွား မိတော့သည် ။

“ ကံကောင်းလို့ ကံကောင်းလို့ ” ဟု တိတ်တခိုး ဘုရားတ မိ ရှာ သည် ။

အကြောင်း မှာ မတွေ့စကောင်း တွေ့စကောင်း စာရွက်ခေါက် ကလေး မှာ မိမိ နမော်နမဲ့ ကျ ကျန်ရစ်ခဲ့ဟန် တူသော နေရာတွင် ပင် ခြေရာ လက်ရာ မပျက် တွေ့ ရသောကြောင့် ဖြစ်လေ၏ ။ မိခင်ကြီး မျက်နှာ ကို အကဲခတ် လိုက်သောအခါ မသိလိုက် မသိဘာသာ ပင် ရှိပါသေးသည် ။ ထို့ကြောင့် မြမြဝင်း သည် စပါးရော ဖွဲရော နှင့် ကျင်လည်စွာ အိတ်တွင်း သို့ ပြန် ထည့်လိုက်နိုင်တော့သည့် နောက်တွင် ဟင်းခနဲ သက်မကြီး တစ်လုံး ဗုန်းဗုန်းပါအောင် ပစ်ချ လိုက်ရတော့လေ၏ ။

ညနေ စောင်း ခါ နီးမှ ဈေးဝယ်သူ တဖျောက်ဖျောက် ပေါ် ပေါက်လာ သောကြောင့် သားအမိ နှစ်ယောက် စလုံး သမီးရည်းစား ကိစ္စ ကို မေ့ပျောက် သွား ကြတော့သည် ။ ထိုသည့်နောက် လည်း ညနေ ဆိုင်ပိတ် အိမ်ပြန် ၊ စားမှုသောက်မှု ဝေယျာဝစ္စ တို့ က သူတို့ ၏ အသီးသီး ဒုက္ခ ကို ဖုံးလွှမ်း တားဆီး ထား လိုက်ပါသေးသည် ။ ညဉ့်ဦးကလေး တွင် လည်း အညောင်း ပြေ အပျင်းပြေ မိတ်ဆွေသင်္ဂဟများ နှင့် သွားသွားလာလာ ၊ စားစား သောက်သောက် စကား ကို ကရွတ်ကင်း လျှောက် ပြော နိုင်သေးသဖြင့် ဆွေးစရာ အကြောင်းများ မစဉ်းစားမိကြသေး ။

တဖြည်းဖြည်း ညဉ့် နက်ခဲ့လေပြီ ။ ဦးစွာ ပထမ သမီးကလေး မြမြဝင်း ၏ ဘုရား ကန်တော့သံ နှင့် ဓမ္မစကြာ ဝတ်ရွတ်သံ မှာ ဒေါ်မြမြ ၏ စိတ် ကို ဘုရားခန်း က လှမ်း၍ သတိ ပေး လိုက်ခြင်းပင် ဖြစ်တော့သည် ။ မြမြဝင်း အသံကလေး စ လိုက်သဖြင့် ကိုယ့်မိဘ ၊ ကိုယ့်လင် ၊ ကိုယ့်သား ကိုယ့် အဖြစ်အပျက် များ ကို အစ ပေါ် လာတော့လေ၏ ။ 

“ ဪ ကိုလွင် ကိုလွင် ရှင့် သမီးဖြင့် ရည်းစားတွေ ဘာတွေ တောင် ထား ကုန်ပကော ကိုလွင် ရယ် ။ ရှင် သာ ရှိရင် ဘယ်လိုများ ပြော မလဲ ။ ရှင့် ကို တိုင် ပြီး ရှင့် အဆုံးအဖြတ် ကို ခံရရဲ့ ။ အခုတော့ မြ မှာ တိုင်ရမယ့် လူ လဲ မရှိ ။ တိုင်ပင်ရမယ့် လူ လဲ မတွေ့ မဆုံးမ ရက် ။ အိုး ဖျက်လို ဖျက်ဆီး လုပ်ရမှာလဲ ခက် ပါတယ် ” ဟု တိုးတိုးကလေး ပွင့်ထွက် ရင်း မျက်ရည် ကို သာ ငုံ့ သုတ် မိရှာသည် ။

ဒေါ်မြမြ အဖို့ မှာ တော့ ဤအတိုင်း အမှန် ဖြစ်ပါသည် ။ သူ သည် ညနေ က ဘာမှ မလုပ်တတ် သော ကြောင့် သမီးကလေး စိတ်ချမ်းသာမှု ရှိအောင် စာ ကို သူ့ နေရာ သူ ပြန် ထားပြီး မသိချင်ယောင် ကြိုးစား၍ ဟန်ဆောင် ရသည် ။ ဝမ်းထဲ မှာ တော့ ဗလောင်ဆူ သွားမိရှာသည် မဟုတ် လော ။ သူ့ သမီး က လည်း သူ ဤ အထိ ချစ်ခင်ကြင်နာရိုး မှန် ဘိ၏ ။

အချိန် သည် သစ်သား ကို ခြစားသလို တရွေ့ရွေ့ တတိတိ နှင့် ကုန်မှန်းမ သိအောင် ဝါး လျက် ရှိတော့သည် ။ မြမြဝင်း ၏ အမျှဝေသံ နှင့် ကြေးစည်ခတ်သံ တို့ ပေါ်လွင် လာပြီးသည့် နောက် ညင်သာသော ခြေလှမ်း နှင့် အခန်းတွင်း သို့ ဝင် လာခဲ့သည့် အချိန် တွင် ဒေါ်မြမြ မှာ စိုစွတ်သော မျက်လုံး အစုံ ကို မှိန်းကာ ထား လိုက်မိတော့သည် ။ သို့သော် မြမြဝင်း သည် နေ့စဉ် ဝတ်ပြုနေကျ အတိုင်း ခြေရင်း ဘက် ခပ်ကျကျ က ပုဆစ်ဒူးတုပ် ထိုင်၍ မိမိ အား ကန်တော့ လိုက်သေးသည် ကို တော့ မှိန်းနေရာ က ပင် သိ လိုက်ပါသေးသည် ။

“ မေမေ ”

ကိုယ့် သမီး မို့ ကိုယ် ထင်လေသလား တော့ မပြောတတ် ။ မြမြဝင်း ၏ အသံကလေး မှာ ချိုမြိန်လှသည် ။ သာယာလှသည် ဟု ထင် မိလိုက်သည် ။ ဒေါ်မြမြ က ပြန်၍ မထူးသော အခါ ခြေရင်း တွင် လာ ထိုင်၍ ခြေသလုံး ကို ကိုင်ရင်း တစ်ချက် နှစ်ချက် နှိပ် လိုက်သေးသည် ။

“ မေမေ ၊ အိပ်ပြီလား မေမေ ရဲ့ ”

“ ဪ သမီး ၊ ဘုရားတောင် ဝတ်ပြုပြီပြီးလား ” ဟု ဒေါ်မြမြ က ဝမ်းနည်းသံ မပါအောင် မနည်း ကြိုးစား၍ လျောင်းနေရာ က ပြန် ပြော လိုက်ရသည် ။ သူ့ ဝမ်း ထဲ မှာ တော့ အလိုလို ဝမ်းနည်း နေမိသည် ။ သို့သော် ဝမ်းနည်း နေကြောင်း သမီးကောင်းကလေး မသိစေချင်ပါပေ ။

“ တစ်ချက် နှစ်ချက် လောက် အနှိပ် ခံလိုက်ပါဦးလား မေမေ ။ ညနေ က ညောင်းတယ် ဆို ” ဟု ပြောရင်း ဆိုကာ အသာအယာ လက်ကလေး နှစ်ဖက် နှင့် ဆုပ်နယ် ပေးရှာသည် ။

သူ့ ခမျာ က လည်း မအေ တစ်ခု သမီး တစ်ခု မို့ ဂရုပြု ရှာပါပေသည် ။ ရိုသေ ကြင်နာ ၍ ဝတ်ကြီးဝတ်ငယ် ပြုစုလျက် ရှိပါသည် ။ သမီးရည်းစား ထားရုံ နှင့် သားသမီး တို့ က ပြုအပ်သော ဝတ် ချို့ယွင်းသည် ဟု ဆို ရပါ မည်လော ။ ချို့ယွင်းသည် ဟု ဒေါ်မြမြ မထင်နိုင်ရှာ ။ သို့သော် ဤရွေ့ ဤမျှ လိမ္မာသော သမီးကလေး မို့ မိမိ မှ တစ်ပါး တခြား လူ တစ်ဦး ကို အချစ်ထူး ဖြင့် ယစ်မူးစွာ ချစ်သည် ကို မခံနိုင်ခြင်း သည် သာ ဖြစ် ပါသည် ။ ဤ မခံခြင်း မှာ မနာလိုစိတ် ဖြစ်ကြောင်း ကို တော့ မစဉ်းစားမိ ။ စဉ်းစားမိ သည့် တိုင် အောင် ဝန်ခံနိုင်မည်တော့ မဟုတ် ။ မဟုတ်သည့် အကြောင်းတွေ နည်း အမျိုးမျိုး ပြ၍ အနိုင် မရ ရအောင် ကိုယ့် ကိုယ် ကို ပြန် လိမ် ရပေတော့ မည် ။ ကိုယ့် သမီး ရည်းစား ထားတာ မနာလိုဘူး ဆိုတာ တော့ အဖြစ် မခံနိုင် ။ ဘယ်နည်းနှင့် မှ အဖြစ် မခံနိုင် ။

“ ပေါင်ရင်း ကို နင်းပြီး အပူ ထုတ်ပေးမယ်လေ မေမေ ”

ဒေါ်မြမြ ကား မည်သို့ မှ အဖြေ မပေး ၊ မျက်စိ မှေး ကာ တွေး ၍ သာ နေမိသည် ။

“ မေမေ ၊ အိပ်ပျော် သွားပြီလား ။ မေမေ က လဲ မြန်လိုက်တာ ”

မြမြဝင်း သည် စကား ပြန်၍ ပြောဖော် မရသော သူ့ မိခင် ကို ဤသို့ မှတ်ချက် ချ လိုက်တော့သည် ။ ထို့နောက် နှစ်ယောက်အိပ် ခုတင်ကြီး ဖြစ် သော ကြောင့် မိခင် ၏ ဘယ်ဘက် ဘေး က ခပ်ကွေးကွေးကလေး ဝင် ခွေ လိုက် တော့သည် ။

လူငယ်ပီပီ ဟာခနဲ အပျင်း တွဲ ၍ သမ်းဝေခြင်း ၊ ခြေညောင်း လက်ဆန့် နေခြင်းဖြင့် လွတ်လွတ်လပ်လပ် နေပြီး မှ ငြိမ်ဆိတ် ၍ သွားတော့ သည် ။ သို့သော် ခုတင် တစ်ခု တည်း ပေါ် က သားအမိ နှစ်ယောက် စလုံး မှာ ဘယ်သူမှ အိပ်၍ မပျော် ကိုယ့် အတွေး နှင့် ကိုယ်

မြမြဝင်း အဖို့ က သူ့ ချစ်သူ ယနေ့ ည လာလျှင် ဆင်း ၍ တွေ့သင့် မတွေ့သင့် ဟူသော အကြောင်း မှာ စာ အရေးအသား နှင့် ရိပ်မိ နိုင်လောက် သည် ။ သို့သော် ဒေါ်မြမြ ၏ အမှာ ကား ကိုယ့် သမီး ရည်းစား ထား သည် ကို တားသင့် ၊ မတားသင့် ပင် ဖြစ်သည် ။ တားဆီးခြင်း ပိတ်ပင် ကန့်ကွက်ခြင်း သည် တစ်ကိုယ်ကောင်း သာ ကြည့်သော အာဏာရှင် တို့ အတွက် အလွန် လွယ်ကူ သလောက် သူ့ အကျိုး သူ့ဆန္ဒ ပါ ရောဖက် ၍ ကြည့်ရလျှင် အတော် ခက် လှသည် ။

“ သမီးရယ် ၊ ရည်းစား ထား တာတော့ မေမေ မကြိုက်ဘူးကွယ် ။ မေမေ လဲ ရည်းစား မထားခဲ့ဖူးဘူး ၊ ငါ့ သမီး လဲ ရည်းစား မထားနဲ့ နော် ”  ဟု မိမိ က ပြော လိုက်သည် နှင့် တစ်ပြိုင်နက်

“ အို မေမေ က လဲ မေမေ တို့ ခေတ် က မထားခဲ့ တာနဲ့ သမီး တို့ မထားရတော့ဘူးလား ” ဟု မြမြဝင်း က အထွန့် တက် နေလိမ့်မည် မဟုတ် ။ မျက်ရည် ကို သုတ်၍ ခေါင်းညိတ် ပြ မည် ကား သေချာ လှပါသည် ။ ဤအထိ လောက် ပင် ဒေါ်မြမြ သည် သူ့ သမီး ကို သူ စိတ် ချ ထားပါသည် ။

မိဘ ရဲ့ စကား တမာ လို ခါး သော် လည်း ပျားသကာ ကဲ့ သို့ ချိုပါမည် ဟူသော စကားများ မှာ ပွဲ ထဲ ၊ ဇာတ် ထဲ တွင် သာ ကြားရိုးကြားစဉ် ရှိခဲ့ သည် ။ လောက တွင် ကား ရှားပါး လှသည် ။ သို့သော် ဒေါ်မြမြ တို့ သားအမိ အတွက် မှာ မူ မိခင် လုပ်သူ က လည်း တမာ လို ခါး သည့် စကား ဘယ်အခါ မှ မပြောခဲ့ သော ကြောင့် ပျားသကာ လို မချိုစေကာ မူ အလိုကျ အလိုက်သင့် နာခံဖို့ အဆင်သင့် ရှိခဲ့လေသည် ။ ထိုကဲ့သို့ သိတိုင်း ကိုယ့်သမီး ကို ကိုယ် နိုင်လိုမင်းထက် ကန့်ကွက် မိ မှာ စိုးသည် ။ သူ့ စိတ်ချမ်းသာမှု ကို ဖျက်ဆီး မိ မှာ ရွံ့မိသည် ။

သမီးရည်းစား ထားခြင်းသည် အပြစ် ရှိသလော ။

လူကြီးမိဘ ဩဇာ ကို နာခံ၍ အိမ်ထောင်ရက်သား နေခြင်းသည် အပြစ် ကင်းသလော ၊ ဒါကိုပဲ ဒေါ်မြမြ  စဉ်းစားရတော့မည် ။ ကိုယ်ချင်း စာ ၍ ကြည့် နိုင်ရန် ဒေါ်မြမြ ကိုယ်တိုင် ငယ်စဉ်က ရည်းစား မထားခဲ့စဖူး မိဘ သြဇာ ကို နာခံ၍ မိဘ သဘော တူ သူ နှင့် သာ စုံဖက်ခဲ့ရသည် ။ ကိုယ့် သား သမီး ကို အပျိုကြီး ဘဝ နှင့် အရိုးထုတ် စေချင်သည် ဟု ပြောကြသည့် စကား မှာ လွယ်ကူ သလောက် သားသမီးများ ကိုယ်တိုင် က လိုက်နာ ဖို့ ခက်ခဲကြသည် ။ 

သုံးဆယ့်တစ်ဘုံ ကျင်လည် ကုန် သမျှ ကာမ နှင့် မကင်း အချစ် စာရင်း က ငါ တကော မကော နိုင်သဖြင့် လင် နှင့် သားနှင့် နေကြရမည် ဖြစ်သော် မိမိ မျက်စိ နှစ်လုံး စုံ မမှိတ်မီ စိတ်ချ ရ အောင် ပေးစားခဲ့ မှ သူ ရော ကိုယ် ပါ ဒုက္ခ အေးကြရမည် မဟုတ်လော ။ ထိုသို့ဆိုလျှင် မိမိ သဘော ကျ သူ နှင့်
ထိမ်းမြား မလော ၊ သူ သဘောကျသူ နှင့် ပေးစား မလော ။

ဒေါ်မြမြ သည် ပြဿနာ ကို အပြန်ပြန် အလှန်လှန် သုံးသပ် ကြည့်နေမိသည် ။ မြမြဝင်း မှာ လည်း အတွေးအာရုံကြော တွင် နစ်မျောနေပုံ ရသည် ။ သူ့ တွင် လည်း အိပ်မပျော် လမ်းပေါ် က အသံ ကို နားစွင့် နေရတော့သည် ။

“ ဆွတ်ချူရန် ခက်ပါရဲ့ ။ မျက်ပါနဲ့ သက်လယ် ၊ အုံ့ပုန်းမောင်  မျက်နှာငယ်မှာ ၊ ကွက်ခလယ်နိုင်သေး ၊ ရွှေငုံးမင်း အမြီး မျှော်သလို ၊ ခရီးနော် နီးလျက်နဲ့ဝေး ” 

ဤ တေးသံ သည် မင်ဒိုလင် တီးသံကလေး နှင့် ပေါ်ပေါက်လာ သောအခါ မြမြဝင်း မှာ အိပ်နေရာ က ခေါင်း ကြွ ၍ နားထောင် လိုက် ကြောင်း ဒေါ်မြမြ  သတိ မူ လိုက်မိသည် ။

အမှန်စင်စစ် ဤ သီချင်း မှာ ကာလသား တိုင်း ဖန်တစ်ရာတေ အောင် ဆိုနေကျ သီချင်း ဖြစ်၍ မထူးခြားနိုင်သော်လည်း မြမြဝင်း အတွက် မှာ တော့ ခေါင်းထောင် ၍ ထ စေ လောက်အောင် တန်ခိုးအာနိသင် ပြည့်ဝ သည် ။

“ ဘယ်သောအခါများ တူနှစ်ကိုယ် နီးရပါ့မယ် မောင် ကြံရွယ် , နတ်ပန်းထက်ပင် ခူးရခက်သေးတယ် ”

ဆက်၍ ပေါ်လာပြန်၏ ။ မြမြဝင်း သည် ဟင်းခနဲ သက်မ ချပြီး ပြန် အိပ် လိုက်ပြန်သည် ။ ပြီးတော့ သတိရ သလို မိခင်ကြီး အား ကြည့် မိ သည် ။

ဒေါ်မြမြ သည် သမီး က ထ ကြည့် လိုက်မှန်း သိ လိုက်သည် ။ သို့သော် မလှုပ်မယှက် အသက် ကို မှန်မှန် ရှူ ၍ အိပ်ပျော်ယောင် ဆောင် နေလိုက်ရ သည် ။ စိတ် ကတော့ မကျ ဘယ် အထိ မကျ သနည်း ဟူမူ သူ့ ကိုယ့်ခန္ဓာ မှ လွင့်စဉ်ကျက်စားနေသလား ဟု မှတ်ရသည် ။ သမီး ၏ ကိုယ်ရေး ကို စိတ်ပါဝင်စားစွာ စဉ်းစား လိုက်သည် မှ စ၍ အသက် လေးဆယ် နီးပါး ဒေါ်မြမြ ဘဝ မှ သမီး မရခင် အိမ်ထောင် ကျ စ မြမြ အဖြစ် သို့ ခန္ဓာ မပြောင်း လိပ်ပြာ မပြောင်း အဟောင်းတွေ အသစ် ပေါ်လာခဲ့ရှာတော့သည် ။

    •••••   •••••   •••••   •••••

သင်ပုန်းကြီး မကျေ ဘဲ နှင့် မင်္ဂလသုတ် တက် ခဲ့ရသလို သမီး ရည်းစား မထား ရဘဲ နှင့် လင် ယူ ခဲ့ရသော မြမြ သည် ယခုမှ ပင့်သက် ရှူ ၍ အိမ်ထောင်ရေး မူ ကို စဉ်းစား မိသည် ။

သမီးရည်းစား ထားခြင်း သည် အလကား ကိစ္စ မဟုတ် ။ လင် ယူသည့် ပြဿနာ ကို မတတ် တာ တတ်အောင် သင်တန်း တက်ခြင်း သာ ဖြစ်၏ ။ တကယ် ပြော ရလျှင် မိဘ ပေးစား တာ ကို အသာ ဝင် “ ထိုင် ”  လိုက်ရတာ ထက် သမီးရည်းစား ထား ရခြင်းက ပို၍ ခက် ပေသည် ။ တစ်ချက် ကို ပဲ စဉ်းစား ကြည့်ပါတော့ ။

သမီးရည်းစား ဆိုသည် မှာ ကိုယ့် ကို သူ ချစ်သည် ဟု သိရ၍ ကိုယ် က သူ့ ကို ချစ် မှ သမီးရည်းစား ရယ် လို့ ဖြစ် နိုင်ကြသည် ။ ကိုယ် က သူ့ ကို ချစ်၍ သော် လည်းကောင်း ၊ ကိုယ့် ကို ချစ် နေ၍ သော် လည်းကောင်း ၊ အကြောင်း နှစ်ပါး မဆုံ သမျှ သမီးရည်းစား စင်စစ်တော့ မဖြစ်နိုင်ချေ ။ ဒါ တစ်ခု တည်း နှင့် ပင် ခရီး ရောက် လှပေသည် ။

မိဘ ပေးစား၍ ညား ရသော လင်မယား မောင်နှံ တို့ အနက် ကိုယ် က သာ နှစ်သက်၍ သူ က မစုံမက် ၊ ကိုယ် က စုံမက်၍ သူ က မကြည်ဖြူ ၊ ဂုဏ် ကို ယူ ၍သာ ပေါင်း နေရသော အကြောင်း မလှ အဆင် မပြေသည့် သတို့သမီး ၊ သတို့သား များ ကို သနားစရာ ပင် ကောင်း သေးသည် ။

သမီးရည်းစား တို့ သဘာဝ မှာ ကား ဤသို့ မဟုတ် ။ စာမေးပွဲ ဝင် ချင် လျှင် သင်ခန်းစာတွေ ကြိုးစားပြီး မေးခွန်း အတန်တန် ဖြေဆို ခဲ့ရ သကဲ့သို့ သမီးရည်းစား စစ်တမ်း နှင့် သင်ခန်းစာတွေ တွေ့ နိုင် ကြသည် ။ မိမိ ၏ “ လူ ” ကို မိမိ စစ်ဆေး လို သမျှ ကိုယ်တိုင် ကိုယ်ကျ စစ်ဆေး မေးမြန်းနိုင် သည် ။ အကဲ ခတ် နိုင်သည် ။ ကိုယ့် လူ အကြောင်း စနည်းနာ ၍ စပ်စု စုံစမ်း နိုင်သေးသည် ။ သူ့ အလို နှင့် ကိုယ့် ဝါသနာ ကြိုက်ရာ ကို လိုက်နာနိုင်ပါ့ မလော ဟု စစ်ကြော ဆင်ခြင် နိုင်သေးသည် ။ ဤသို့သော အခွင့်အရေးများ ကို နားလည် ၍ ရှေးမြန်မာ ယဉ်ကျေးမှုခေတ် က သုံးနှစ်သုံးမိုး ကြာအောင် ရည်းစား ပြဿနာ ရှင်း ခဲ့ ကြသည် ။ ရည်းစား တစ်ထောင် အနက် မှ လင် ကောင် တစ်ယောက် မမှားအောင် ရွေး၍ “ လင် ” ဟူ သည့် ဘွဲ့ ကို ပေးအပ် နိုင်ကြသည် ။

“ ကိုယ့် ကို သင်းဘယ် အထိ သံယောဇဉ် တွယ် နေသလဲ ” 

“ ကိုယ့် အကျိုး ကို ဘယ်အထိ သယ်ပိုး နိုင်ခဲ့သလဲ ”

“ ကိုယ့် သြဇာ ကို ဘယ်နှခါ နာခံသလဲ ”

“ မျက်နှာ များ၍ လောင်းကစား နှင့် အရက်သမား ဟုတ် မဟုတ် ”

“ ကိုယ့်ဆွေမျိုးမိဘ နှင့် သဘာဝ တူ မတူ ၊ ဂါရဝမူ မမူ ” 

“ လူစွမ်း ၊ လူစ အားကိုး လို့ ရ မရ ” 

မိန်းကလေးတွေ အတွက် တစ်သက် တစ်ခါ အရေးအပါ ဆုံးသော ဤ အချက်တို့ ကို သမီးရည်းစား လက်ထက် ကတည်း က စစ်ကြောချင့်ချိန် နိုင် သဖြင့် အလွန် အဖိုး တန် လေသည် ။ မီး ကို မလောင် ခင် က တား နိုင် သည် ။ လူ တစ်ယောက် သည် ကြာရှည်စွာ ဟန် မဆောင် နိုင် ငါးပိ ကို အနံ့ မထွက် အောင် မဖုံးမဖိနိုင်သည့် နည်းတူ လူ တစ်ယောက် ၏ အကျင့်စာဂ စာရိတ္တ ကို ဖုံးဖိ၍ မရ ။ ထို့ကြောင့် အရေးပုံတော် မလှလျှင် အပျိုရည် ဘဝ မပျက်ခင် ဆလံ ပေး ၍ အဝေး က ရှောင်နိုင်ရကား ဤသို့ မှ မဟုတ်ဘဲ သူစိမ်း ပြင်ပြင် ရေသွင်သွင် က အောင်ဇေယျဟု ဆိုကာမျှ နှင့် လင်ဘဝ သို့ ရောက်ခဲ့ပြီး မှ တော့ ကိုယ် သဘော မကျသော်လည်း “ အိမ်ထောင်မှု ဘုရားတည် ၊ ဆေးမင်ရည်စုတ်ထိုး ၊ ဤသုံးချက် မှုမပိုင်လျှင် ၊ နောက်ပြင် နိုင် ခက်သည့်အမျိုး ” ဟူသော စာချိုး ထဲ သို့ ခေါင်းလျှို ၍ ဝင် ရရုံသာရှိသည် ။ မိုးလွန် မှ ထွန်ချ ၊ လူမိုက် နောက် မှ အကြံရသော် လင်တွေ က မထောင်းတ မိန်းမတွေ မှာ မခံချိ ၊ ဒူး နှင့် မျက်ရည် ကို ဖိ ၍ တအိအိ ကျိတ် ရှိုက်ရုံ မှ တစ်ပါး အခြားသော လွတ်မြောက်ခွင့် မရှိနိုင်တော့ပေ ။ လူ မြင်လျှင် အမူ လုပ်ပါလို့  ၊ မပူ ရုပ် ပြုံး ရ ပါတော့သည် ။

ဒါတွေ ဒါတွေကို နေရာ ချပေးမယ့် လူကြီးမိဘတွေ က မစုံစမ်း မစစ်ဆေး အလွယ်ကလေး နှင့် ဈေးပေါင်ကျိုး မှာ ကျိတ်ထိုးနှိပ်ထိုး ထိုး ရောင်း သလို ရောင်း လိုက်ကြတာ မဟုတ်ပါဘူး ဟု ဆိုစေကာမူ လူကြီး ပီပီ အရိပ်အကဲ ဖမ်းသည့် အစမ်းစာမေးပွဲများ မှာ သမီးရည်းစားတွေ လောက် တော့ အတွင်း စိတ်ဓာတ် အထိ တော့ မရောက်နိုင်ပေ ။ ဥစ္စာ ရင် လို ဥစ္စာ ရင်ခဲ ကိုယ့် ဝမ်းနာ ကိုယ် သာ သိ ၊ ကိုယ့် ဆေး ကိုယ် ဖိ သောက် မှ ပျောက် နိုင်သည့် ကိုယ်တွင်း ရောဂါပေ တကား ။

“ ကဲ အမိတို့ ကိုယ်တိုင် ရွေး ကိုယ်တိုင် ကြိုက် လို့ ခိုးရာ လိုက် ပြေး တဲ့ လင်မယား မကြာခင် အိုးစား ကွဲ ကြတာတွေ ကော ဘယ်လို ပြော မလဲ ” ဟု စောဒက တက် ကြသည် ဆိုပါတော့ ။ ဤ မေးခွန်း ၏ အဖြေ မှာ မိဘတွေ သမက် အဖမ်း မှား၍ တစ်လမ်း သွား ဖြစ် ခဲ့ကြရသော လင်မယား အပူသည် တွေ နှင့် ဘဲကင်း ဘဲကြေ ပြေလည်နိုင်လောက် ကောင်းပါသည် ။ ထို အထဲ မှာ မှားခြင်း မှားလျှင် လူငယ် မှား တာ က တော် ဦးမည် ။ လူကြီးတွေ မှား မိ က ကိုယ့် ပယောဂ ကိုယ် သိ ၊ ကိုယ့် သမီး ကိုယ် ကြည့် ၍ မချိတရိ ရင်ထု မနာ ရှိရှာ ပေလိမ့်မည် ။

မြမြ သည် သမီးကလေး မြမြဝင်း အပျိုပေါက်ကလေး ဖြစ်လာ ကတည်း က ကိုယ့် ဘဝ ကိုယ့် ဖြစ်စဉ် ကို ဆင်ခြင် မိလေသည် ။ မိမိ ကိုယ်တိုင် မိဘ စကားကို မြေဝယ် မကျ နားထောင် ခဲ့သည် ။ မိခင်ကြီး မုဆိုးမ အဖြစ် နှင့် အုပ်ထိန်းသည့် အောက် မှာ မိခင် နှင့် အတူပင် လျှင် ဒိုးတူပေါင်ဖက် အရောင်း အဝယ် ဂရုစိုက်ခဲ့သည် ။ ဗိုင်းကောင်းကျောက်ဖိ ပိပိရိရိ နေခဲ့ သည် ။ ခေတ်ကာလ သားသမီးများ လွန်ဆန်နိုင်ခဲသော သမီးရည်းစား သော် မှ ကိုယ့် သဘော နှင့် ကိုယ် မထား မနေခဲ့စဖူး ။ မိခင်ကြီး သဘော ကျ လှ  ပါသည် ဆို၍ သမက် ဖမ်း ခဲ့သော မောင်မောင်လွင် ကျ ကာ မှ မချစ် မမုန်း ဘဝ က သာမိ က အခေါ် ခံ လိုက် ရတော့သည် ။

မိမိတို့ က လည်း ပိုးကုန်သည် ၊ နာမည်ကြီး ။ မောင်မောင်လွင့် မိဘ က လည်း သင်္ကန်းပရိက္ခရာကုန်သည် ၊ မျက်နှာကြီး သားသမီး နှစ်ယောက် ပေါင်း သဖြင့် အကောင်းဆုံး မင်္ဂလာ ဆောင် ဖြစ်အောင် အကုန် ခံ လိုက်ကြ သည် ။ ဂျူဗလီဟော ပေါ် တွင် ပရိသတ်တွေ သောက်သောက်လဲ လက်ဖွဲ့ ပစ္စည်းတွေ ခြိမ့်ခြိမ့်သဲသဲ ပိုးဖဲစိန်ရောင်ခန်းမကြီး တစ်ခုလုံး ဝင်းပြောင် ထိန်တောက် ခဲ့တော့သည် ။ ပတ်ဝန်းကျင် တစ်ခုလုံး ရွှင်ရွှင်ပြုံးပြုံး နှလုံး သည်းခြေကြိုက်စရာ တွေ သာ မြင်ရသည် ။

ရေခဲမုန့် ၊ ကော်ဖီ ၊ ကိတ်မုန့် ၊ ချိုမြိန်သော အစားအစာတွေ ကို စားသောက် ကြ ရင်း သံသာညှင်းညှင်း ရယ်သံမောသံ သောသောညံ နေကြ သည် ။ “ အတိုင်းမသိ ကျက်သရေ မင်္ဂလာရှိပါဘိတယ်ကို ” ဟူသော အချီး မှ စ၍ “ တော်ကြီး ငယ်ယဉ်ရာ ဇမ္ဗူ တောင်ကျွန်း တင့်ရွှန်းသည့် ကျက်သရေဖြာ ” ဟူသော မင်္ဂလာဘွဲ့သီချင်း ကို ရွှေပြည်အေး တီးဝိုင်း က သာယာငြိမ့်ညောင်းစွာ သီဆို၍ တီးမှုတ် နေကြသည် ။ အဆိုကျော် စိန်ပါတီ ၏ ရှူသံရိုက်သံ ဟစ်ကြွေး လိုက်သည့် အသံ ထဲ တွင် ထုတိသြဘာ မင်္ဂလာ အဆီအနှစ်တွေ ပြည့်ဝ ရွှန်းစို နေတော့သည် ။ ထို အသံ ကို ကြားရုံ နှင့် စိတ်ချမ်းသာစရာ ကောင်း လှသည် ။

ထို့နောက် ငွေသုံးရာ ပေး၍ အခါကောင်း အခါမြတ် ရွေးကာ သြဘာစာ ဖတ် စေသော မန္တလေး ပုဏ္ဏားတော်ဆရာစိန် ၏ ငွေခရုသင်း မှုတ်သံ နှင့် ‌ အောင်း  ဟရီ ဟရီ ရွတ်သံမှာ သင်္သရိုက်သံ ပါလှသည် ။ ဇယံဇေယျတု ဇယုတ္တရော ဆိုသည့် ဇေယျမင်္ဂလံ ထဲ မှ မထွက်သည့် အောင်ခြင်းမင်္ဂလာ လင်္ကာပတ်တမ်းတွေ ကို လည်း ငွေ ပေးရတာ တန်သည် ထင်အောင် ကြိုးစားမင်းစား သရဇ္ဈာယ် နေပြန် ပါသေးသည် ။ အောင်ပါစေ သပြေပန်း နှင့် ရေချမ်း ကို လောင်း ဆို သော စည်တော်သံ ကို လည်း ကြား လိုက်ရသည် ။ ထိုသည့် နောက် ရေ ကို သားသော် လည်း အခြား မထင် ရေ ကို စွဲ၍ မကွဲ ဟူသည့် ဥပမာ အားဖြင့် ငွေဖလားကြီး ထဲ က ရွှေရည်ငွေရည် ရတနာ ရေအေး ထဲ တွင် မောင်မောင်လွင် လက် နှင့် ထပ်ကာ နှစ် လိုက်ကြရ ပြန် သေးသည် ။

ယခုခေတ် ဂုဏ်ပကာသန တို့ တွင် အထွတ်အထိပ် ဟု ထင်သော နန်းရင်းဝန် ကိုယ်တိုင် က မောင်မောင်လွင် နှင့် မြမြ ကို လက်ဆက် ၍ ပေးကာ တတ်သမျှ မှတ်သမျှ ထုတိသြဘာ မင်္ဂလာစကားများ ပြောကြား လိုက်သေး သည် ။ ဝိသာခါ ဓနဉ္စယပုဏ္ဏဝဎုဏ သတို့သမီး ၊ သတို့သားတွေ နှင့် နှိုင်းကာ ရာသက်ပန် မကွေမကွဲ ရွှေလက်တွဲ၍ အမြဲ ပျော်ကြပါစေဟု ဆုမွန်များ ပေး လိုက်သေးသည် ။

ဤကဲ့သို့ ပွဲကြီး ယဉ်၍ မိဘ နှစ်ပါး က ထင်သမျှ သော စေတနာ မင်္ဂလာတို့ ၏ တန်ခိုး ဆွေမျိုးပရိသတ် အထပ်ထပ် တို့ ၏ အာသီသ တို့ နှင့် ဆိုရလျှင် မြမြ တို့ လင်မယား မှာ ယခုမှ စ၍ ငှက် ဖြစ်တောင် တစ်ကိုင်း တည်း နား သွား နိုင် ကြလောက်ပါပေသည် ။ သို့သော် သို့သော် အများက ရှင်မောဂ္ဂလာန် ဆို ပေမဲ့ ဈာန် ကြွ နိုင်မှ ယုတ္တိ ရှိ သကဲ့သို့ အများ က ထင်သလို ကာယကံရှင် လင်မယား က အကြင်နာတရား ကိုယ်စီ ရှိကြ မှ အရှည် သဖြင့် တည်စွဲ ခိုင်မြဲ သွားနိုင်ကြမည် မဟုတ်ပါလော ။

မြမြ သည် လက်ထပ် လိုက် ရသော မောင်မောင်လွင် ကို မြင်ဖူးတွေ့ဖူး ရုံမျှ ရှိသည် ။ ထိုက တစ်ဆင့် တက်၍ မိမိ နှင့် စုံဖက်ရမည် ဟု သိ ရသောအခါ တစ်ခွန်း စ နှစ်ခွန်း စ ပြောဖူး ဆိုဖူး ရုံမျှ ရှိခဲ့သည် ။ ထို ပြောဖူးသည့် စကားများ မှာ လည်း သမီးရည်းစား စကားများ လို အတွင်းကျကျ အသည်းနှလုံး ထဲ က စကားမျိုး မဟုတ် ။ အပရိက အာသံဝစ္စ တို့ သာ ဖြစ် တော့သည် ။ ထို့ကြောင့် ထို နေ့ က မင်္ဂလာကိစ္စ တွေ ပြီး ကတည်း က မောင်မောင်လွင် နှင့် နှစ်ကိုယ် ချင်း မတွေ့ ခဲ့ရ ။ တွေ့ ရဖို့လည်း အာသာ မရှိ ။ မချစ်ဘူး ၊ ချစ်တယ် စဉ်းစားဖွယ် မဟုတ် ။ မချစ်ဘူး ပဲ ပြောပြော ၊ ချစ်ပါတယ် ပဲ ပြောပြော နောက်ဆုံး သဘော က တော့ “ သုံးတောင်ပြည့် ခန်းသာလယ် ၊ လေးတောင်ပြည့် ခန်းသာလယ် မောင် ကြံရွယ်တဲ့ စံပယ်ကုံးရယ် မင်း ဘယ်သို့ တုံး ” ဟု ယနေ့ည ပဲ မေးတော့မယ် ဟု သိခဲ့ရသည် ။

သမီးရည်းစား မဟုတ်ခဲ့သူများ အဖို့ ထို နေ့ ည သည် အတော် ခွ ကျ သည် ။ မိမိတို့ အဖို့ သတ်မှတ် ပြင်ဆင် ထားသော အခန်းတွင်း သို့ ကိုယ် က အရင် ဝင် နေ ပြန်လျှင်လည်း မတင့်တယ် ။ နောက်ချန် နေ ပြန်လျှင် လည်း အရုပ်ဆိုး ၊ ရှိုးတိုးရှန့်တန့် ဖြစ်စရာ တွေ့ကြုံရသည် ။ နောက်ဆုံး ခုတင် ပေါ် တွင် ထိုင် နေသော အခါ အခန်း တံခါး ကို ဖွင့်၍ မောင်မောင်လွင် ဝင် လာသည်ကို စောင်းပါးရိပ်ခြည် ကြည့် နေ ရတော့သည် ။ သူ့ အမူအရာ မှာ ကြောက်ရွံ့ ထိတ်လန့်ခြင်း မှ ကင်း၍ မင်းမူ မည့် ဣန္ဒြေမျိုး လိုလို တည်တည်ခန့်ခန့်ကြီး ထင် ရသည် ။ တကယ် တွေး လိုက်တော့ ကိုယ့် ချစ်သူ မဟုတ်ခဲ့၍ ဤသို့ ထင် လေသလား ဟု စဉ်းစားသည့် အခါ ကိုယ့် ချစ်သူ ဖြစ် ကလည်း ခပ်တည်တည် ဣန္ဒြေကြီး နှင့် လာ သူ က လည်း လာမည် မဟုတ် ။ မှို ရသည့် မျက်နှာ ပြုံးစိစိ စပ်ဖြဲဖြဲ အမူအရာ မျိုး သာ တွေ့ ရမည် ဖြစ်၍ ကိုယ် က လည်း သူ့ မျက်နှာထား ရူးနှမ်းနှမ်း ကို ချစ်မျက်စောင်း နှင့် လှမ်း ၍ ပက် လိုက် တော့မည် ဖြစ်၏ ။

မောင်မောင်လွင် က အနား ရောက် လာသော အခါ ပြုံး ကား ပြုံးပါ၏ ။ သူ့ အပြုံး မှာ စစ်နိုင်သော စစ်သူကြီး က လက်နက် ချ၍ အညံ့ ခံ ရသော သူပုန် အပေါ် ကို ကျော် ၍ ကြည့် ပြုံး သည့် အပြုံးမျိုး ဖြစ် လေရာ ယခုထက် ရှင်းအောင် ပြော ရလျှင် ကား

“ ကဲ မင်း ဘာ တတ် နိုင်သေးသလဲ ငါ့ လက်ခုတ် ထဲ က ရေ ” ဟု ကြုံးဝါး ချင် သယောင် ရှိတော့သည် ။ ထို့နောက် သူ က အနား ကပ် ထိုင် ချ လိုက်ပြီး မေးခွန်း ထုတ် လိုက်သည် ။

“ ဘယ့်နှယ်လဲ ပျော်ရဲ့လား ”

ဤ မေးခွန်း မှာ အတော် အဖြေ ရ ကျပ်သည် ။ ရည်းစား မဟုတ်ခဲ့ ရသော မြမြ အတွက် ရှက်စရာ ကြောက်စရာ မိန်းမတို့ ဣန္ဒြေ ပါ ငဲ့ညှာ ဖို့ အလုံးစုံ အကျုံး ဝင် နေတော့သည် ။ သမီးရည်းစား သာ ဖြစ် ခဲ့ရပါမူကား ဤ မေးခွန်း ကို ကြား လိုက်ရသည့် နှင့် တစ်ပြိုင်နက် သူ့ ရင်အုံကြီး ကို ခေါင်း နှင့် ဝင် ဝှေ့ ကာ

“ ဘယ်နှယ့် မေးပါလိမ့် မောင် ရယ် ။ အနေ့နေ့ အရက်ရက် အထိတ်ထိတ် နဲ့ မျှော်လင့် လာ ခဲ့ရတဲ့ အောင်မြင်မှု ကို မပျော်ဘဲ နေ ပါ့မလား ။ မောင် ကော မပျော်ဘူးလား ဟင် ဟင် လို့ ဒီ က မေး နေတာများ ပြော စမ်း ပါဦး ။ တကတဲ ပြုံး နေ ဖို့ပဲ တတ်တယ် ။ ဟင်းနော် ဒါပဲ နောက် တော့ မှ မြ ကို မပစ် နဲ့ သိလား ။ နည်းနည်းကလေးများ စိတ်ညစ်အောင် လုပ် ရင်တော့ ငိုချည်းပဲ ပစ် လိုက်မယ် ” ဟု မူကာနွဲ့ကာ ခရာ လို့ ကောင်း လိုက်မည့် ဖြစ်ခြင်း နော့လို့ မူလို့ အရသာ ရှိလိုက်မည့် ဖြစ်ခြင်း ။ 

ယခုတော့ ယခုတော့ မိမိ အတွက် တစ်သက်လုံး အထင်သေး စရာ မဖြစ်အောင် ဟန်ဆောင်မည့် သိက္ခာ ၊ သူ ကန်း မတက်ရအောင်  စောင့်စည်းချုပ်တည်းရမည့် အမူအရာ တို့ အပြင် ကိုယ့် အလှဂုဏ် ၊ ကိုယ့်  မိဘဂုဏ် ၊ ကိုယ့် ဓနဂုဏ်ကလေးတွေ က မာန ရယ်လို့ ရှိ သေးသည် ။

“ ပျော်ပါတယ် ” ဟု ဖြေ လိုက် မိလျှင် သူ နဲ့ ညား လို့ ဝမ်းသာအားရ ရှိ လှသည် ဟု များ ထင် သွားလေမလား ။ ဒီလို ဆိုရင် မိန်းမဈေး ပျက်ရ ချည့်ရဲ့ ။

“ ဟင့်အင်း မပျော်ပေါင် ” ဆို လိုက် ပြန်ကလည်း

“ ဒါဖြင့် မင်း ငါ့ ကို မကြိုက်ဘဲနဲ့ ယူ ရတာပေါ့လေ ” ဟု လေရှည် စရာ ဖြစ်ရာ က တစ်သက်လုံး စိတ်မချမ်းသာစရာ ဘဝတွေ ကို မောင် မင်း ကြီး သား က ဖန်တီးလိုက် မှာ စိုးရသေးသည် ။ 

ထို့ကြောင့် မြ က လိမ္မာစွာ နှင့် မတင်မကျ ဖြေလိုက်ရသည် ။

“ ကိုယ်ချင်း စာ ကြည့်လေ ” 

မောင်မောင်လွင် က အဖြေ ကို သဘောကျ သွား သကဲ့ သို့ သံညှင်း ကလေးနှင့် မပွင့်တပွင့် ရယ် ပြလိုက်သည် ။ ရယ်ရာ က မြ ၏ ပခုံးနှစ်ဖက် ကို စုံကိုင် လိုက်ရာ မြ က မသိမသာ ပခုံးတွန့် ၍ ရွံ့ဟန် ပြလိုက်သည် ။ အမှန်အားဖြင့် ဆို ရ လျှင် လည်း လန့် တော့ လန့် သွားမိသည် ။ ထိုကဲ့သို့  ကြောက်ခြင်း လန့်ခြင်း တို့ မှာ အချစ်စိတ် နှိုးဆော်မှု မရှိ၍ သာ ဖြစ်ကြောင်း မြ ကိုယ်တွေ့ ကြုံရသည် ။ မြ က မထုံတက်သေး ခပ်အေးအေး နေ လိုက်ခြင်း ကြောင့် မောင်မောင်လွင် က လည်း မကျေနပ် သလိုလို ဖြစ် သွားသည် ။ သူ ကိုယ်တိုင် က လည်း မြ ကို ချော့ချင်သည့် စိတ်စေတနာ မရှိ ။ မြ က လည်း အောက်ကျ မခံချင် ။

“ မြ  ၊ ကိုယ့် ကို ချစ်ရဲ့လား ” 

ဤ မေးခွန်းမျိုး ထွက် လာမှာကို မြ အတော် စိုးရိမ်လိုက်မိသည် ။ သူ မမေးစေချင်သည် မှာ အဖြေ ခက်၍ ဖြစ်တော့သည် ။ ဒါဖြင့် ကိုယ် က သူ့ ကို မေး လိုက်ပါတော့ ကော

“ မြ ကို ချစ်ရဲ့လား ”

ဤ မေးခွန်း မျိုး ကို လည်း ကိုယ် က အမေး ခက်လှသည် ။ အတော် ဆက်ဆော့ သည့် မိန်းကလေး မှ ကိုယ်က စ ၍ မေးဝံ့လိမ့်မည် ။ ဤသို့နှင့် သူတို့ ၏ အိမ်ထောင်ရေး သည် စက္ကူ နှင့် ပြုလုပ်ထားသော နှင်းဆီပန်း ကလေး ကဲ့ သို့ အမြင် လှ သော်လည်း အနံ့အသက် ရှူ ၍ မရအောင် ရှိတော့ ၏ ။ လင်မယား ဟူသည့် စပ်ကြား တွင် ဂုဏ်တွေ ၊ မာနတွေက ကာဆီး လျက် ရှိတော့သည် ။ သည် အယူအဆ အစွဲအမြဲ တို့က အသီးသီးပင် ပယောဂ ဖိစီး နေကြသည် ။

စကား ပြောရာ က မောင်မောင်လွင် သည် ခုတင်ပေါ် တက် ၍ ပက်လက်လှန် အိပ် လိုက်သည် ။ ထို့နောက် ပါးစပ် က ဝါးခနဲ နေအောင် သမ်းဝေ လိုက်ရင်း တစ်နေ့လုံး ပင်ပန်းခဲ့ရသမျှ ယခု မှ အနား ယူ အပန်းဖြေ ရသလို လေးဖက်လေးတန် ခြေပစ် လက်ပစ် ဆန့်၍ ဟင်းခနဲ သက်ပြင်း မှုတ် ထုတ် လိုက်သည် ။ သူ့ မျက်စိ အစုံ မှာ တော့ ခြင်ထောင်အမိုး မျက်နှာကြက် ကို သာ မမှိတ်မသုန် စိုက်ကြည့်၍ နက်နက်နဲနဲ စဉ်းစား နေ ဟန် တူသည် ။ မြ မှာ ကား အနား က ငုတ်တုတ်ကလေး ထိုင် လျက် ပင် ။

ထိုည မှ စ၍ မြမြ  မျက်ရည် ကျ ရသည် ။

မိန်းမ ၊ ယောက်ျား နှစ်ဦးသား တို့ လင်မယား ဖြစ် လာ ကြသည် မှာ ချစ် ၍ ပင် ညား သလော ၊ ညား ၍ ပင် ချစ် သလော စောဒနာ ဖို့ အကြောင်း ဆိုက် လာ ခဲ့လေသည် ။

မြမြ နှင့် မောင်မောင်လွင် အကြင်လင် နှင့် မယား ဟု လူသိ နတ်ကြား လက်ထပ် ခဲ့ ကြရသည် ။ အများ မျက်မြင် နှစ်ကိုယ် ယှဉ်၍ ပြုံးပြုံးရွှင်ရွှင် နေ ခဲ့ကြရသည် ။ သို့သော် အတွင်းရေး ကို ကြည့် လိုက် ရ လျှင် ကား သံပတ် ပေး ထားသည့် စက်အရုပ်တွေ လို ဝတ္တရားကျေ ဆောင်ရွက် နေ ကြကြောင်း နှစ်ကိုယ် ချင်း သာ သိ နိုင်ကြသည် ။ လင် ဝတ္တရား ၊ မယား ဝတ္တရား ထို ဝတ္တရားတွေ ကို ကျေပွန် လျှင် လင်မယား စခန်း ၌ စိတ်ချမ်းသာမှု ရ လိမ့်မည် ဟု ထင်မှတ် မှား နေသူများ အဖို့ စိတ်စေတနာ သဒ္ဓါတရား ရှေ့ဆောင်မှု မရှိ ။ ဝတ္တရား သိ ၍ သာ ဆောင်ရွက်ပေးမှု ကို ခံစား နေ ရသူများ အဖြစ် သို့ ရောက်ဖူး မှ သိကြ ကြုံကြ ရ ပေသည် ။

လောက မှာ ပိုက်ဆံ သာ အရေး ကြီး တာပါပဲကွာ ဟူသော ဥပါဒါန် ဖြင့် ငွေ ပေး ကာ ခိုင်း ကြသည် ။ ငွေ ရအောင် လုပ် ကြသည် ။ ထိုအခါ ငွေ ပေး ရ သူ က ငွေ ပေး ၍ ခိုင်းသည် ဟု ခပ်ရိုင်းရိုင်း သဘော ထား ကြ သလို ငွေ ရဖို့ ထမ်းဆောင် သူ က လည်း ငွေ ရ လျှင် ပြီးစတမ်း ဟု ပရမ်းပတာ လုပ် လိုက် ကြပြန်သည် ။ ခို ချင် လျှင် ခို ၊ ကပ် ချင် လျှင် ကပ် ၊ ခိုး ချင် လျှင် ခိုး ၊ ဝှက် ချင် လျှင် ဝှက် နှစ်ဦးနှစ်ဖက် စေတနာ အရင်း မခံ သဖြင့် အမှု မှန် လျက် မကြီးပွား နိုင် သည့် နည်းတူ အိမ်ထောင်ရေးပြဿနာ လင်မယား ၊ သင်ခန်းစာ မှာ လည်း ပမာ ထို့အတူ ဤ မူ အတိုင်း သာ ရှိ တော့သည် ။

လင်ယောက်ျား ရှာဖွေ၍ ရ သမျှ မယား ကို သာ အပ် ကြရမည် ဟူသည့် အတိုင်း

“ ရော့ဟေ့ ၊ လခ ထုတ်လာတယ် ” ဟု ပိုက်ဆံ ကို ပစ် ပေးလိုက် သကဲ့ သို့ အိမ်မှုကိစ္စ မယားများ က လုပ်ကြရမည် ဟူသော ဥပဒေ အရ

“ ဟောဒီမှာ ထမင်း ခူးပြီးပြီ ” ဟု မယား က မီးဖိုချောင် က လှမ်း အော် လိုက် ပြီး လျှင် နှစ်ဦး စလုံး ၏ ဖျားရေး နာတာ ဝေဒနာများ အတွက် ဆရာဝန် ခေါ် ပေး ၊ အနှိပ်သည် အနှိပ် ခိုင်း ၊ ထိုထက် တစ်ဆိတ် အခံ ဆိုးလာ လျှင် ဆေးရုံ ကို ပို့ ပေးရုံ နှင့် လင်မယား အရသာ လင်မယား တို့ ၏ ဝတ္တရား ကျေပွန်သည် ဟု ဆို ရမည်လား ။ ချွတ်ယွင်းသည် ဟု မဆိုနိုင် သော် လည်း ပြည့်ဝသည် ဟု မမှတ်ယူ နိုင်သော ဤ အကြောင်းတရားများ သည် လင် မယား အမည် ခံယူ ရုံသာ နေ ကြရသော အိမ်ထောင် မောင်နှံ ၌ ရှိ တတ် ကြသည် ။

လူ ကို ချစ်လို့ ယူ တာလား ၊ ပစ္စည်း ကို မက် ၍ ယူ တာလား ၊ မိဘ သြဇာ ကို နာခံရလို့ ယူ တာလား ဟူ သော လား ပေါင်း တစ်ရာ့ခြောက် လောက် သည် ဘုမသိ ဘမသိ မင်္ဂလာဆောင် ယူ ရသော ဇနီးခင်ပွန်း တို့ ၏ စိတ်ဝယ် ကိန်းဝပ် နေတတ်သည် ။ ပျော် တုန်း တော့ မထောင်းတာ နာ စရာ ဖက် မိတော့ ဤ အချက်တွေ က ပါဝင်၍ စနိုးစနောင့် ဒုက္ခ ပေး တတ်သေး သည် ။ ညားပြီး မှ မေး လျှင်တော့ “ မချစ်ဘဲ နဲ့ ယူ ပါ့မလား ” ဟူသော အဖြေ သာ ဒိဋ ကြား ကြရပေ မည် ။ ထိုမှ လွဲသော အဖြေ ကား ကွဲပြား ခါ နီးမှ စစ်ကြေညာ သလို ကြေညာ ရင်း အဖြေ ထွက် လာ တတ်ပေသည် ။ ဆူး ပေါ် ဖက် ကျ လျှင် ဖက် ပေါက် ၍ ဖက် ပေါ် ဆူး ကျ လျှင် လည်း ဖက် သာ ပေါက် ရအံ့သော မြမြ တို့ လို မိန်းကလေး တစ်ယောက် အတွက် တည် မိ တဲ့ ဘုရား လင်းတ ပင် နားနား ၊ ရတနာသုံးပါး အဖြစ် က ရွေ့လျား နိမ့်ကျ ၍ မသွားနိုင် သကဲ့ သို့ ညား မိသော လင် ကို လည်း ဆိုးဆိုးကောင်းကောင်း ပေါင်း ရ ပေတော့မည် ။

မြမြ သည် ထို သဘောတရား အရ လင် ကို ဂရုစိုက်ဖို့ ကြိုးစား ခဲ့သည် ။ ရင်းရင်းနှီးနှီး တိုးတိုးခွေ့ခွေ့ နေ နိုင်ရအောင် သွေးဆောင် ကြည့်မိသည် ။ သို့သော် မြမြ ၏ ဆန္ဒ အတိုင်း မဖြစ်မြောက်ခဲ့ ။

လင် နှင့် မယား ဟူသည် အပေးအယူ ရှိစမြဲ ၊ အပေးအယူ အပြန် အလှန် မှန်သားကဲ့သို့ လည်းကောင်း ၊ ရေကသိုဏ်း ကဲ့သို့ လည်းကောင်း ရှိ တတ် သည် ။ ရှိ မှ လည်း သဘာဝ ဖြစ်သည် ။ လင်မယား ဘဝ သာ မက ကမ္ဘာ့ လူမှုပေါင်းသင်း ဆက်ဆံရေးတွင် ပင် အဓိက တရားကြီး ဖြစ်သည် ။ သူ့ လက် လာ မှ ကိုယ့် လက် နှင့် တွေ့ ကြမည် ။ ကိုယ် က လက် လှမ်း လျက် နှင့် သူ့ လက် က မကမ်း လျှင် လမ်း တွင် တွေ့ဆုံ နိုင် ကြသည် မဟုတ် ။ ထိုသို့သော အခါ သူ မာ လျှင် စိန်သံချောင်း သာ ပ ၊ သူ ပျောင်းလျှင် အရည် ဖြစ်နိုင် ငဲ့ ။ သူ တော် မှ ကိုယ် ကောင်းမည် ဆိုသော စကား မျိုး နှင့် ချင်းစိမ်း နှင့် မိဿလင် သူ ကြင် မှ ကိုယ် ကြင်မယ် ဆိုသော ဥပမာများ ၊ သံ ကို ကြွက်စား လျှင် သား ကို စွန် ချီ သော ထုံးတမ်း သည် အာဃာတ တရား နှင့် နှစ်ဦး ကြား တွင် မားမားကြီး ပေါ်ပေါက် ကာဆီး လာ တတ်ကြသည် ။ 

အခါခပ်သိမ်း တွဲဖက် ၍ တစ်သက်တာ ဘဝခရီး ၏ ဇနီးမောင် နှံများ ကို မဆိုထား နှင့် တကယ် လင်မယား မဟုတ်သော ပွဲ ထဲ က မင်းသား ၊  မင်းသမီး ကပြ သူ များ ပင် လျှင် သထိထား ၍ ကြည့် ပါဦး ။ 

“ မာလာ ငွေဖော့ ၊ ခွေလျော့လျော့ ကြွေတော့မယ့်ပုံ ၊ နုကသိုဏ်း ကျ ၊ ရှုတိုင်းလှပါတဲ့ ၊ မြ ကြေးမုံ ခင်လေးဗျ ” ဟု မင်းသားက ချွဲချွဲပစ်ပစ် ခေါ် စမ်း လိုက်သည့်အခါ

“ ဘာတုံး ” ဟု နှစ်လုံး တည်း သာ မင်းသမီး က ထူး လိုက်သည် ဆိုလျှင် နားဝင် တစ်မျိုး ကြောင့် ခွက်ထိုးခွက်လန် ရယ်စရာ အမှန် ဖြစ် သွား နိုင်သေးသည် ။ ထို့ အတူ မင်းသမီး က

“ ရွှေလည်ဝင်းနှင့် ၊ ခင်းသင့်သင့်မှာ ၊ ညှင်းနှစ်ပွင့်ဆိုင် သျှောင်ထုံး တွဲတွဲ ၊ ဆောင်လုံးဖွဲ့တဲ့ ၊ မယ့်ကေခိုင်မောင် မောင် ဘုရာ့ ” ဟု ခရာတာတာ မာယာသံ တွဲ၍ ချွဲ လိုက် မှ မင်းသား က ကဗျာဆန်ဆန် ကာရန် နဲ့ ပြန် မလာဘဲ  ၊ “ ဘာလဲကွာ ၊ တကတဲ နား ပူ လိုက်တာ ” ဟု ဆို လိုက်လျှင် လည်း အပေး အယူ နားဝင်ပီယံ မဟုတ် ၊ မင်းသမီးများ အတွက် အောင့်သက်သက် ဆန့်တငံ့ငံ့ ခံ လိုက်ရ ရှာမည် မဟုတ်လော ။

ထို့အတူ မြမြ အတွက် လည်း အခေါ်အပြော အဆက်အဆံ စ၍ အဆင်မပြေမှုကလေးတွေ ကြုံ ရသည် ။ တစ်ခါ က နှစ်ခါ မောင်မောင်  ဘဘ လုပ်၍ အဆင် မပြေသော အခါ နောင် ကို မျက်နှာပြောင် တိုက်ဖို့ အတော်ကလေး ဝန်လေး လာ တော့သည် ။ ဝန်လေး ၍ ဆက် မလုပ်သော အခါ လင်ယောက်ျား က အမြင် တစ်မျိုး အထင် တစ်မျိုး မြင် လာ ထင် လာ တတ်တော့သည် ။

လင် နှင့် မယား နှစ်ဦး ကြားဝယ် မယားငယ် ယူ မှု ၊ လင်ငယ် နေ မှု တို့ သည် သာ လျှင် ကွဲပြား ခွာပြလောက်အောင် အရေးကိစ္စကြီး တစ်ခု  မဟုတ် ။ အမှတ်မထင်  သဘော နှင့် ကြည့် လျှင် မပြောပ လောက် ဟု ထင် ရသည့် အကြောင်းတရားကလေးများ က လည်း တဖြည်းဖြည်း နှင့် အရေး ကြီး လာ လောက်အောင် သတ္တိ ရှိ ကြ၏ ။ ဥပမာ အား ဖြင့် တဟုန်းဟုန်း တောက်လောင် သော မီးအလျှံကြီး သည် သာ ပြာသာဒ်ကြီး တစ်ခုလုံး ကို ဝါး စွဲလောင် ဖျက်ဆီး နိုင်သည် ကား မှန်၏ ။ သို့သော် ထို မီးဟုန်းဟုန်း ၏ ဘဝ သည် မပြောပ လောက်သော မီးပွားမီးမှုန်ကလေး က မူတည် ၍ စ ခဲ့ခြင်း ဖြစ်သည် ။

မြမြ နှင့် ကိုလွင် တို့ ၏ အိမ်ထောင်ရေး ဘဝ သက်တမ်း ၌ လည်း မီးပွားကလေးတွေ ကို သတိ မပြုခဲ့သဖြင့် မီးတောက်မီးလျှံ ကြီး သည် ထက် ကြီး ကာ မြမြဝင်း ပဋိသန္ဓေ အရင့်အမာ တွင် အိမ်ထောင်ရေး မီးလျှံကြီး တဝုန်းဝုန်း တဟုန်းဟုန်း တောက်လောင် ဝါးမျို ခံ ရခဲ့လေသည် ။

    •••••   •••••   •••••   •••••

ဒေါ်မြမြ တို့ အိမ် မှ တိုင်ကပ် သံစုံနာရီကြီး ၏ ဆယ့်နှစ်ချက် တီးခေါက်သံ သည် အတွေး ထဲ တွင် နစ်မျော နေခဲ့မိသော ဒေါ်မြမြ အား လန့်ဖျပ် ဖျက်ဆီး လိုက်လေ၏ ။

ခေါင်းအုံး တစ်ဖက်စွန်း တွင် တစိမ့်စိမ့် စီးကျနေသော မျက်ရည်များ သည် အတော်ကလေး စိုစွတ် နေတော့သည် ။ သို့သော် သမီးကလေး မြမြဝင်း နိုးမည် စိုး၍ ကိုယ်ခန္ဓာ လည်း မလှုပ်ဝံ့ ၊ မျက်ရည် လည်း မသုတ် ဝံ့ ဖြစ်နေရှာသည် ။ ထိုသို့ နေသည့် ကြား က မြမြဝင်း ၏ ကိုယ်ကလေး မှာ လှုပ်လှုပ်ရွရွ ဖြစ် လာသည် ကို သိ လိုက် ရသည် ။ ထို့နောက် မြမြဝင်း ထ ထိုင်လိုက် မှန်း လည်း သိ သည် ။ မိမိ အား ငုံ့ကြည့် ၍ အိပ်ပျော် မပျော် ကို အကဲခတ် နေကြောင်း လည်း ရိပ်မိ လိုက်သည် ။ ဒေါ်မြမြ ကား ဝမ်းတွင်း က ဘလောင်ဆူ လျက် နှင့် မျက်စိ ကို စုံမှိတ် ၍ အိပ်ချင် ယောင် ဆောင် နေလိုက်လေသည် ။

မြမြဝင်း သည် ခုတင် ပေါ် မှ ခြေဖျား ထောက် ၍ ဆင်း လိုက်သည် ။  ထို့နောက် တစ်လှမ်းချင်း လှမ်းကာ အခန်းဝ သို့ ရှေ့ရှု နေလေသည် ။

ထိုအချိန် တွင် ပင် အိမ်နောက်ဖေး ပေါက် မှ ရွှီခနဲ လေချွန်သံ တစ်ချက် ကြား ရ ပြန်သည် ။ မြမြဝင်း သည် ထို အသံကြောင့် စိတ် မလုံနိုင်ဘဲ မိခင်ကြီး ရှိ ရာ ကို ပြန် လှည့် ကြည့် လိုက်သေးသည် ။ မိခင်ကြီး က ဘာမှ မထူးခြားသော အခါ ဆက်၍ လှမ်းကာ အခန်း အပြင် အရောက် ထွက် သွားတော့သည် ။ ဒေါ်မြမြ မှာ စိတ် တွင်း က တားရ မယောင်ယောင် ဥပေက္ခာ ပြုရ မယောင်ယောင် နှင့် ဝမ်းနည်း လျက် သာ ရှိလေသည် ။ အဘယ်ကြောင့် ဝမ်းနည်း နေသည် ကို မူ သူ ကိုယ်တိုင် က မှ မသိ ။

ယခု ထ ၍ ထွက်သွားသော ခရီးသည် သမီးသည် မြမြဝင်း အတွက် အလွန်တရာ စိတ်ချမ်းမြေ့စရာ အဖြစ် ဖြင့် တည်ရှိ ပေလိမ့်မည် ။ ထိုသို့ သမီး စိတ်ချမ်း သာ လျှင် မိခင် ၌ မုဒိတာ ဖြစ်ဖို့ သာ ရှိသည် ။ ယခုကား အဘယ်ကြောင့် ဝမ်းနည်းခြင်း ဖြစ်ရသည် ကို မတွေးတတ် ။

ဒေါ်မြမြ သည် ကိုယ့် စိတ် ကို အစိုး မရသော ပုဂ္ဂိုလ် တစ်ယောက် ကဲ့ သို့ ခုတင် ပေါ် မှ ထ ထိုင် လိုက်မိသည် ။ ယောင်ယောင်နန ဖြစ် နေခြင်းမှာ စဉ်းစား နေသော ကြောင့် မဟုတ် ။ ဘာ လုပ်ရမည် မသိ သလို သာ ဖြစ် နေ လေသည် ။ ထို့နောက် ဒေါ်မြမြ  ကိုယ်တိုင် မြမြဝင်း သွားရာ ခရီး ကို ခြေရာ နင်း မိသည် ။

အိမ်နောက်ဖေး တံခါး သည် အသာကလေး စေ့ ထား သလို တွေ့ ရ သည် ။ တံခါး ကို တဖြည်းဖြည်း ဖွင့် ကြည့် လိုက်သော အခါ အိမ် နောက်ဖေး ပန်းရုံကလေး နား ရှိ ခုံတန်းလျားကလေး အပေါ် ၌ ယောက်ျားပျို တစ်ဦး ၏ ရင် ကို ခေါင်း မှီကာ လောကကြီး တစ်ခုလုံး ၏ အာရုံ ကို ပီတိ နှင့် အဆက် ဖြတ် ထား ဟန် ဣန္ဒြေ နှင့် ကြည်နူး နေ ဟန် တူ သော သမီးသည် ၏ အမူ အရာ ကို မြင် လိုက်ရသည် ။ 

“ မြ  ၊ မြ  မောင့် ကို ချစ်တယ် ဆိုတာ ဘယ်တော့ မှ မပြောင်းဘူး နော် ”

“ အို မောင် ကလဲ ။ မြ အချစ် ကို မယုံလိုက်တာ မောင့် ကိုလေ မောင့် ကိုလေ မြ  မေမေ ထက် တောင် ချစ်သေးတယ် သိလား ၊ သိလား ”

နောက်ဆုံး ကြားရသော မြမြဝင်း ၏ စကား သည် တံခါး ကို မှီ နေ သော ဒေါ်မြမြ တစ်ကိုယ်လုံး အား သွေးတွေ လျော့နည်း သွား သလို ထင် လိုက်မိရုံ မျှ မက မျက်ရည်တွေတွေ ကျ ရာ က အိပ်ခန်း ထဲ သို့ တစ်လှမ်း ချင်း တစ်လှမ်း ချင်း လေးလေးပင်ပင် ဖင့်ဖင့်နွဲ့နွဲ့ မချိတင်ကဲ နှင့် ပို့လိုက် သလို ရှိ လေ၏ ။

◾သုခ

📖 ရှုမ၀ မဂ္ဂဇင်း
       ၁၉၅၁ ခုနှစ် ၊ မေလ

#ကိုအောင်နိုင်ဦး

.

Tuesday, June 23, 2020

ကြည်ကြည်ဌေး

❝  ကြည်ကြည်ဌေး  ❞

     ကြည်ကြည်ဌေးအကြောင်း ပြောရမယ်ဆိုလျှင် " ကဌေး ” ဆိုတဲ့ ပြဇာတ်ရုံမှ စရလိမ့်မယ် ။ ငယ်နာမည် - မကျင် ၊ ဇာတ်နာမည် -  အောက်ချင်းမ ။ ပြဇာတ်မင်းသမီးနာမည် - မာလာရီ ဆိုတဲ့အမည်တွေက ရုပ်ရှင်ပြဇာတ် ဧကရီ ကြည်ကြည်ဌေးဘဝကို “ ကဌေး ”  က မွေးပေးလိုက်တာဖြစ်လို့ပါပဲ။

     ဒုတိယကမ္ဘာစစ်ဖြစ်လို့ ရုပ်ရှင်ကုမ္ပဏီတိုင်း ရပ်ဆိုင်းလိုက်တာနှင့်တစ်ပြိုင်တည်း ရုပ်ရှင်သမားတွေ အလုပ်လက် မဲ့ဖြစ်ခဲ့ကြရတယ် ။ ဂျပန်ဝင်လာပြီးနေသားတကျ ရှိသလို ဖြစ်တဲ့အခါမှာတော့ ရုပ်ရှင်ကုမ္ပဏီတွေက အသံတိတ် ကားဟောင်းတွေပြလို့ ဝင်ငွေ သိပ်ကောင်းလာကြတယ် ။ကောင်းသမှ ကားသစ်အနေနဲ့ စပြခဲ့ ရတဲ့ဝင်ငွေထက် ပိုတယ် ။

     စစ်ဘေးစစ်ဒုက္ခ သောကအထွေထွေကို စိတ်ပြေလက်ပျောက် ကြည့်စရာကအဲသည် ကားဟောင်းတွေပဲရှိတယ် ။ ဇာတ်သဘင် အငြိမ့်ဆိုတဲ့ အဖွဲ့အစည်းတွေက ဇာတ်ခေါင်းကွဲနေကြတဲ့အချိန်မှာ ပြစက် နှင့် ကားထုပ်ရှိလျှင် ရုံဝင်ခရတဲ့ အလုပ်က စားသာနေကြတယ် ။ ဘယ်လောက် ညံ့တဲ့ကား ဖြစ်ဖြစ် ရုံပြည့်အောင်ကြည့်ကြတာပဲ ။

     အပျက်အစီးတွေ စုပုံနေတဲ့ မြိုထဲမှာထက် ရွှေတိဂုံခြေရင်းက ဗဟန်းရပ်ကွက် တစ်ခုလုံးဟာ မဟာရန်ကုန်ဖြစ်နေတယ် ။ အဲသည်က ကန်တော်မိတ်ရုံ နှင့် ကန်တော်မင်္ဂလာရုံ နှစ်ရုံဟာ အဲသည်အချိန်ကတော့
သမ္မတ နှင့် ပပဝင်းပေါ့ ။

     ရုပ်ရှင်ဇာတ်လိုက် မင်းသမီး မင်းသားတွေမှာ သူတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေက သောက်သောက်လဲအောင် ငွေတွေရနေပေမယ့် သူတို့မှာတော့ ဘာမလုပ်တတ် ညာမလုပ်တတ်နဲ့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေကြရတယ် ။ ဘယ်ရုပ်ရှင်ကုမ္ပဏီကမှ အရေးစိုက်တယ် မကြားဖူးပါဘူး ။

     လူတိုင်းအရောင်းအဝယ် ပွဲစားကုန်သည်လုပ်လို့ ဂျပန် ငွေစက္ကူတွေ ပလူပျံနေတဲ့ လက်ကျဲကြီးထဲမှာရုပ်ရှင်မင်းသမီး မင်းသားတွေမှာတော့ အရောင်းအဝယ်လည်း မလုပ်တတ်ကြဘူး ။ မလုပ်ဝံ့ကြဘူး ။

     လုပ်လည်း မလုပ်ချင်ကြဘူး ။ ဇာတ်ကားတွေထဲမှာ မိမိတို့မျက်နှာနဲ့ အက်တင်လုပ်နိုင်ကြပေမယ့် လူထုကြားထဲဝင်ပြီးအရှင်လတ်လတ် လှုပ်ရှား ဆက်ဆံရမှာတော့ ရှက်တယ် ။ ကြောက်တယ် ။ ဂုဏ်ငယ်တယ်လို့ ထင်နေကြတယ် ။

     လူဆိုတာ အကျဉ်းအကျပ် အခက်အခဲက ထွက်ပေါက် လွတ်ပေါက်ရှာကြရတာ ဓမ္မတာပဲ ။ ကြံကြဖန်ကြတာ ထုံးစံပဲ ။ ကြံတော့လည်းဖြစ်တာပဲ ။ ဒီတော့ ဘာလုပ်ကြသလဲ ။ ဇာတ်စင်ပေါ်တက် လူလုံးပြပြီး မိမိတို့ဆိုတတ်ပြောတတ် အမူအရာလုပ်တတ်သလို သရုပ်ဆောင်ပြပြီး " လူဘိုင်စကုတ် ” ဆန်ဆန်ပြဇာတ်တွေလုပ်လာကြတာပေါ့ ။အဲသည်လို လုပ်လိုက်တော့ ရုပ်ရှင်ကားဟောင်း ကားဆွေးတွေပြနေကြတာထက် အောင်မြင်ပြီး ရုပ်ရှင်ရုံတွေက ပြဇာတ်ရုံဖြစ်လာကြတာပါပဲ ။

     အတိုချုံးပြောရရင် ရန်ကုန်အနောက်ပိုင်း ရွှေတောင်တန်းထိပ်က " ကသေး ” ဆိုတဲ့ တရုတ်ရုပ်ရှင်ရုံဟာလည်း " ကဌေး ” ဆိုတဲ့ ပြဇာတ်ရုံဖြစ်လာခဲ့ပါတယ် ။ လူကြိုက်လို့ ဝင်ငွေကောင်းလာတော့ ပြဇာတ်အဖွဲ့တွေ ပြဇာတ်ရုံ တွေ အလျှိုလျှို ပေါ်လာတာပေါ့ ။ ပန်းဆိုးတန်းမှာ ဝင်းဝင်းရုံ ၊ ရေကျော်မှာ ဇော်ရုံ ။

     ပြဇာတ်အဖွဲ့ တွေများလာတော့ မင်းသမီးမင်းသားတွေ ရှားလာတယ် ။အကြောင်းက ရုပ်ရှင်မင်းသမီးမင်းသားတိုင်း ပရိသတ်ကြိုက်တဲ့ ပြဇာတ်သရုပ်ဆောင်ကောင်း ဖြစ်နိုင်တာ မဟုတ်ပါဘူး ။ ရုပ်ရှင်မှာ မှားလျှင် ပြန်ရိုက်လို့ရတယ် ။ ပိုလျှင် ဖြတ်လို့ရတယ် ။ သီချင်းကိုလည်း သူများက ဆိုပေးလို့ရတယ် ။ ဖလင်ကို စိတ်ကြိုက် ဖြတ်တောက် ပြုပြင်လို့ သဲလဲစင်ကောင်းလာမှ ပိတ်ကားပေါ်မှာ ပြရတာကြောင့် ပရိသတ်က ကြိုက်နေကြတာ ဖြစ်တယ် ။

     ပြဇာတ်ခုံပေါ်ကျတော့ ထွက်တယ်ဆိုကတည်းက ပရိသတ်နဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ကြရပြီ ။ စကားအပြောအဆို သီချင်းရဲ့ စည်းဝါး အသံတည်အသံထား အမူအရာမှားလို့ မဖြစ်တော့ပါဘူး ။ မိမိနဲ့ တွဲဖက် သရုပ်ဆောင်သူနဲ့ အပေးအယူမျှအောင် မျက်နှာပေး မျက်နှာယူတွေကိုလည်း တတ်မှဖြစ်တယ် ။ အဲသည် သဘင်ပညာမျိုးက အလေ့အကျင့် မရှိလျှင် တော်တော် ခဲယဉ်းတာကြောင့် ရုပ်ရှင်မှာ နာမည်ကျော်ပေမယ့်လည်း ပြဇာတ်ပေါ်မှာ နာမည်မရနိုင်ကြပါဘူး ။ ဒါကြောင့် ပြဇာတ် မင်းသမီးကောင်းမင်းသားကောင်း လိုလာကြတာပေါ့ ။

     အခုနပြောတဲ့ ကဌေးရုံမှာ ကျွန်တော်က " ချစ်တော့ချစ်တယ် ” ပြဇာတ်ကို တင်ပြီးတဲ့အခါမှာ ပြဇာတ်မင်းသမီး မင်းသားအသစ်တွေ ပေါ်လာအောင် အနုပညာရှင်ရွေးပွဲလုပ်ကြဖို့ အဖွဲ့ ပိုင်ရှင် ရုံပိုင်ရှင်တို့ နှင့် တိုင်ပင်ပြီးသတင်းစာတွေထဲက ကြော်ငြာ ခေါ်ယူလိုက်တယ် ။ လာလိုက်ကြတဲ့ ဝါသနာရှင်ကလေးတွေ အမျိုးသမီးရော အသားရော အရွယ်အစားစား အများကြီးပေါ့ ။ လက်စလက်နရှိတဲ့ ခေတ်ပညာတတ် ကလေးတွေလည်းပါကြတယ် ။ အကဲဖြတ်အဖွဲ့ကသတင်းစာ  ဆရာ ၊သတင်းထောက် ၊ စာရေးဆရာ ၊ ဂီတသဘင် ပညာရှင်များပေါ့ ။

     သတ်မှတ်ကြော်ငြာထားတဲ့ ပြိုင်ပွဲမလုပ်မီ တစ်ရက်နှစ်ရက် အလိုမှာ ကျွန်တော့်အိမ်ကို ကြည်ကြည်​ဌေး  ဖြစ်လာမယ့် မကျင် နှင့်  သူ့ ခင်ပွန်း ကိုအောင်သိန်းတို့ ရောက်လာကြပါတယ် ။ ကဌေး  ပြိုင်ပွဲနှင့် ပတ်သက်လို့ စုံစမ်းမေးမြန်းရအောင်လာကြတာပါ ။ အဲသည်မှာ သူ့ကို စတွေ့ရခြင်းပါ ။ အသားအရေညိုစိမ့်စိမ့် ၊ ပု​ြပတ်​ြပတ် ပါးပါး လျားလျားမျက်လုံးမျက်ဖန် နှာတန်နှုတ်ခမ်းက မြန်မာဆံဆံ ၊ ရိုးရိုးသားသား သာမညရုပ်မျိုး ၊ အသက်ကတော့ နှစ်ဆယ် ပတ်ဝန်းကျင်လောက်ပဲ ။

     သူ ကျင်လည်ခဲ့ရသောအတွေ့အကြုံ အရည်အချင်းတွေကို ပြောပြပါတယ် ။ ဇာတ်ထဲမှာ အောက်ချင်းမ အမည်နှင့် ဇာတ်မင်းသမီး လုပ်ခဲ့ဖူးကြောင်း ၊ ကျော်အုံးလှိုင်အဖွဲ့ ရာဇဝင်ပြဇာတ်မှာ မာလာရီ ဆိုတဲ့ အမည်နှင့် အတော်ထင်ရှား လူကြိုက် များခဲ့ကြောင်း ၊ ယခု ဇာတ်ခေါင်းကွဲ၍ နားနေရကြောင်း ၊ ကဌေးရုံမှာလုပ်မယ့် ပြဇာတ် မင်းသမီး ပြိုင်ပွဲကိုဝင်လျှင် လက်ခံနိုင်စရာရှိမရှိ သိလို၍ လာရောက် မေးမြန်းရခြင်း ဖြစ်ကြောင်း ပြောပါတယ် ။

    သူပြောနေတဲ့အမူအရာ လေသံဟန်ပန်တို့ဟာ သူဝတ်ဆင်လာတဲ့ အဝတ်အစားနှင့် လိုက်ဖက်အောင် ရိုးရိုးသားသားပါပဲ ။ ရဲတင်းပွင့်လင်းပေမယ့် ရိုသေလေးစားခြင်းအပြည့်ဖော်ပြနေတယ် ။ ကြွားဝါဟန်ဆောင်မှုကင်းတယ် ။ သူ့ရဲ့ ထုံးဖွဲ့ဆင်ယင်မှု ၊ခြယ်လှယ်လိမ်းသမှုမှာလည်း မျက်ခုံးမဆွဲ သနပ်ခါးရည်ကျဲကလေးလောက်ပါပဲ ။ တကယ်တော့ ခေတ်အမျိုးသမီး ပညာတတ်ကလေးတွေကြားမှာ သူလို ဇာတ်မင်းသမီးက ဝင်လျှောက် ယှဉ်ပြိုင်ရမှာ မဝံ့မရဲဖြစ်နေကြောင်း အတိအလင်း ဖွင့်ပြောပါတယ် ။

     ကျွန်တော်ကတော့ သူ့အရည်အချင်းကို စတွေ့တွေ့ချင်းပဲ အကဲခတ်နိုင်ပြီး ပြဇာတ်ရဲ့ ဂုဏ်အင်္ဂါ ပြဇာတ်ရဲ့ ပညာဟာ သဘင်ပညာက ပေါက်ဖွားလာတာလို့ ပြောရပါလိမ့်မယ် ။ သို့ပေမဲ့ သဘင်ပညာကို ပြဇာတ်စင်ပေါ်မှာ ဇာတ်မူအတိုင်းသုံးလျှင်တော့ ဇာတ်ဆန်နေတတ်ကြပြန်ပါတယ် ။ ဒီလိုကျပြန်တော့ ပရိသတ်က လက် မခံကြဘူး ။ ဒါကြောင့် ကျွန်တော်က သူ့ကို အမှတ်တရ မှာလိုက်ရတယ် ။

     “ ကဲ - မကျင် ၊ ပြိုင်ပွဲသာ လာဝင်လှည့် ၊ ကိုယ်ရတဲ့ ခေတ်သီချင်း တစ်ပုဒ်ကို ဆိုပြရမယ် ။ သီချင်းဆိုရင်း အမူအရာလုပ်ပြရမယ် ။ နောက် တွဲဖက် တစ်ယောက်နဲ့ သတ်မှတ်ထားတဲ့ အချစ်စကား ၊ အလွမ်းစကား ၊ အပေးအယူစကားတွေကို အပြောခိုင်းလိမ့်မယ် ။ ဒါတွေဟာ ဇာတ်သမား တစ်ယောက်အနေနဲ့ အလွယ်ကလေးပဲဆိုပြီး စိတ်လိုက် မာန်ပါ မလုပ်လိုက်နဲ့ ။ အရပ်သူ ကျောင်းသူလို့ ပရိသတ်က ထင်ရအောင် ခပ်လျှော့လျှော့ လုပ်ပေး ။ နားလည်အောင် ထပ်ပြောမယ် ။ ခုနှစ်တန်းစာမေးပွဲကို ဘီအေလိုမဖြေနဲ့ ။ ဘီအေလိုဖြေလျှင် စာမေးပွဲကျလိမ့်မယ် ။ ဒါပဲ ”

     ပြိုင်ပွဲလုပ်မည့်နေ့မှာ သူ့ကိုတွေ့လိုက်ရတော့ ကျွန်တော် ဒေါသဖြစ်မိတာကို သတိရနေပါသေးတယ် ။ အဝတ်အစားအဆင်အပြင် အလိမ်း အခြယ်တွေက သာမန်ရိုးရိုး ရှိပေမယ့် ဆံပင်ကို ခေတ်ဆန်အောင်ရယ်လို့ ခပ်တိုတို ဖြတ်ပြီးအကောက်အတွန့် ကလေးတွေ လုပ်လာလို့လေ ။

     ဤပြိုင်ပွဲမှာ ဘီအေလို သူမ​ ​ေ ​ြဖလိုက်ပါဘူး ။ ဖြေများဖြေလိုက်လျှင် ကျမှာက မရှုမလှပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့လျှောက်လွှာထဲမှာ ဓာတ်ပုံနှင့်တကွ အရည်အချင်းကို ဖော်ပြရတာကြောင့် ဇာတ်မင်းသမီးကလေးဆိုတာကို အကဲဖြတ်အဖွဲ့က သိထားကြသကိုး ။

     အရပ်သူ ကျောင်းသူ အပျော်တမ်း ဝါသနာရှင်တွေထဲမှာ ဇာတ်မင်းသမီးတစ်ယောက်က ဝင်ပြိုင်လို့ ဘယ်တရားမှာလဲ ။ ခွင့်မပြုထိုက်ဘူးပေါ့ ။ ဒီတော့ ကျွန်တော်က ဝင်ပြောရတယ် ။

     “ ကျွန်တော် တစ်ခုပြောပရစေ ။ အခုလုပ်တဲ့ပွဲဟာ ကျောင်းကပွဲအတွက် လူရွေးတာမဟုတ်ပါဘူး ကြေးစားပြဇာတ်အတွက် ကြေးစားပညာသည်ကိုဖြစ်စေ ၊ အရပ်သူ အရပ်သား အပျော်​တမ်း ပညာသည်ဖြစ်စေ တော်တဲ့လူ သင့်တဲ့လူကို ကျွန်တော်တို့ အသုံးချနိုင်ဖို့ ရွေးယူကြ
ရမှာဖြစ်ပါတယ် ။ ဒါကြောင့် အကဲဖြတ်အဖွဲ့က လက်ခံကြည့်ကြပါဦးလို့ ။ ဒါကို တစ်ဦးကပြောသေးတယ် ။ " ပြဇာတ် မင်းသမီးရွေးတာ ဇာတ်ဆန်နေလျှင် ဘယ့်နှယ်လုပ်မလဲတဲ့ ” လေ ။ “ ကြည့်ပြီးမှ ဆုံးဖြတ် ပါစို့လား ခင်ဗျာ ။ ဇာတ်ဆန်တာကို ကျွန်တော်တို့လည်း မကြိုက်ပါဘူး ”

     အဲသလိုနဲ့ပဲ မင်းသမီးရွေးပွဲမှာ မကျင်က ဒုတိယရခဲ့ပါတယ်။

     ပထမရသူက ယခု မြင့်မြင့်ဌေးလို့အမည်ရခဲ့တဲ့ မကြည်ပါ ။ တကယ်ကလည်း မကြည်ကကိုယ်လုံးကိုယ်ထည် ဖွံ့ဖွံ့ ဖြိုးဖြိုး ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးလို ခန့်ပါတယ် ။ လှပါတယ် ။ အပြောအဆို အမူအရာလည်း ရဲဝံ့ပိုင်နိုင်ပါတယ် ။ ညောင်လေးပင်သူ ဝါသနာရှင်တစ်ဦးပေါ့ ။

     သူ့ကိုလည်း ကျွန်တော်ပဲ တိုက်တွန်းခဲ့ရတာပါ ။ မြို့တော်ခန်းမမှာ တေး ချိုချို ဆိုတဲ့ ပြဇာတ်ကို မင်းသားကြီးကိုဇေယျ ပထမပြဇာတ်စင်ပေါ် ညကျွန်တော် တင်တဲ့ပွဲမှာ မကြည်က လာကြည့်လို့ စသိတဲ့နေ့မှာပေါ့ ။

     နာမည်ကျတော့ အရပ်အမောင်းမြင့်မားတဲ့မကြည်ကို " မြင့်မြင့်ဌေး ” ။ သွယ်သွယ်လျလျ မကျင်ကို “ ကျင်ကျင်ဌေး ” လို့ ခေါ်ရမှာ တရုတ်ဆန် နေတဲ့အတွက် " ကြည်ကြည်ဌေး ” လို့ ကျွန်တော်တို့ အကဲဖြတ်အဖွဲ့က ကင်ပွန်းတပ်လိုက်ကြပါတယ် ။ သူတို့အပြင် မင်းသမီးကလေးနှစ်ယောက်နဲ့ မင်းသားသုံးယောက်လို့ ထင်ပါတယ် အရွေးခံရတာ ။

     ကြည်ကြည်ဌေးကို ကဌေးမှာ စပြီး စင်တင်တာက ကျွန်တော်ရဲ့ " ဪမိန်းမ ” ပြဇာတ်ပါ ။ ကြည်ကြည်ဌေး နှင့် မြင့်မြင့်ဌေး ကဌေး မင်းသမီးနှစ်ယောက်စလုံးကို တစ်ပြိုင်တည်းတင်ပြနိုင်မယ့် ပြဇာတ်အသစ် တစ်ခုကို ကျွန်တော်က ရေးသားစီစဉ်နေတဲ့အတွင်း မြိုင်ရုံမှာ တင်ခဲ့ဖူးတဲ့ ေဩာ် မိန်းမမှာ ကြည်ကြည်ဌေးကို “ ခွပ်လက်ချ ” ကြည့်ရအောင် တင်ကြည့်တာပါ ။ သူလုပ်ရမယ့်နေရာက မင်းသမီးမဟုတ်ပါဘူး ။ စိန်ကုန်သည်ဟန်ဆောင် ၊ ဆရာဝန်ကတော် ဟန်ဆောင်ပြီး စိန်ကုန်သည် ကြယ်နီကြီးရဲ့ စိန်တွေကို လိမ်ယူထွက်ပြေးရမယ့် မိန်းမလည်ကလေး နေရာကပါ ။ သူကတော့ မင်းသမီး မလုပ်ရလို့ သိပ်ကျေနပ်ပုံ မပေါ်ပါဘူး ။ ဒါကိုကျွန်တော်သိတယ် ။ ကျွန်တော်ကလည်း ကျွန်တော့်ရည်ရွယ်ချက်နဲ့ ကျွန်တော် ။

     သူ့ကိုဇာတ်စင်ပေါ်မှာ အောက်ချင်းမအနေနဲ့လည်း မကြည့်ဖူးဘူး ။ မာလာရီအနေနဲ့လည်း မမြင်ဖူးဘူး ။ ဒီတော့ မြေစမ်းခရမ်းပျိုးရအောင် အကွက်နည်းနည်းမှာ အရည်အချင်း အများဆုံးပြနိုင်မယ့် ဇာတ်ကွက်ကို ပေးကြည့်ခြင်းပါ ။ အဲ -   " ဆုတ်သာတက်သာ ” လည်း ဖြစ်သပေါ့ ။

     ဒီနေရာမှာ ဇာတ်ကောင်ဇာတ်ကွက်ရဲ့ အရည်အချင်း ဖြစ်ပုံကို ပြောရဦးမယ် ။ တချို့ မင်းသမီး မင်းသားဇာတ်ကောင်ဇာတ်ရံများဟာ ဇာတ်ကွက်ထဲမှာ ဂုဏ်နိမ့်မယ် ၊ အကျင့်စာရိတ္တ ဖောက်ပြားရမယ်ဆိုတဲ့ ဇာတ်ကောင်မျိုး နေရာမျိုးဆိုလျှင် ရှောင်ချင်ကြတယ် ။ မလုပ်လိုကြဘူး ။ ကျွန်တော်ပြောရဲပါတယ် ။ ကြည်ကြည်ဌေးဟာ အဲသည်တုန်းက ကျွန်တော့်ကို မငြင်းဝံ့လို့ လုပ်ရရှာတာပဲ ။

     နောက်တော့ သူသိလာပါတယ် ။ ကိုယ့်ရုပ်ရည်အလှနှင့် ယောက်ျားတွေကို " ကျ ” အောင် ပြောရ ဆိုရ ၊ မူရ နွဲ့ ရ ၊ ငိုရမဲ့ရ သဘာဝကျအောင် သရုပ်ဆောင် ရတာဟာဣန္ဒြေ သမ္ပတ္တိနဲ့ လှလှကလေးလုပ်ပြရတာထက် ခက်ခဲပါတယ် ။ ဒါမျိုးက ဟာသ - ပသာဒ - ၀စန စကားကြွယ်မှ လုပ်နိုင်ကြပါတယ် ။

     ဇာတ်ကောင် နေရာ အရွေးမှားမှန်း နောက် မှသိလို့ နောင်တရကြတဲ့ အဖြစ် ကြုံခဲ့ဖူးတာ ပြောရဦးမယ် ။ ကျွန်တော်ရဲ့ ဂုဏ်ရည်မတူ ဝတ္ထုကို ဂျပန်ခေတ်က ကန်တော်မိတ်ရုံမှာ " ဂုဏ် ” ဆိုတဲ့နာမည်နဲ့ တင်တဲ့အခါတုန်းကပေါ့ ။ သူတောင်းစားမကလေး မယ်သုံ နေရာမှာ နာမည်ကြီး ရုပ်ရှင် မင်းသမီးကလေးတစ်ယောက်က သူမလုပ်ပါရစေနဲ့လို့ တောင်းပန်တယ် ။ သူဌေးသမီးကလေးနေရာမှာသာ ထားပေးပါတဲ့ ။ နောက်အရူးပေါက်စီ နေရာလည်း နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက်ကငြင်းပြန်တယ် ။ အဲဒီတော့ ယိမ်းခေါင်းဆောင်အဖြစ်နဲ့ပါလာတဲ့ အေဝမ်းက ဇာတ်ရံ မင်းသမီးကလေး မေကျင် ကို မယ်သုံအလုပ်ခိုင်းပြီး အရွယ်ကြီးတဲ့ မင်းသား ကိုဘချစ်ကို အရူးပေါက်စီအလုပ်ခိုင်းရတယ် ။

     နာမည်ကြီး မင်းသမီး မင်းသားနှစ်ယောက်တော့ တစ်ယောက်က ပန်းချီဆရာ ။ တစ်ဦးက သူဌေးသမီးကလေးပေါ့ ။

     ဇာတ်လည်း တင်ကလိုက်ရော ။ ပေါက်စီ နဲ့ မယ်သုံ ဆိုတဲ့နာမည်က ဟိန်းထွက်လာပါလေရော ။ မင်းသမီးနာမည်လည်း ဂုဏ်မေကျင် ဖြစ်သွားရော ။ နှစ်ရက် သုံးရက်ကပြီးတော့ သူတို့နှစ်ယောက်က အရေးဆိုလာပြန်တယ် ။ သူတို့က နာမည်ကြီး မင်းသမီးမင်းသားတွေပါတဲ့ ။ သူတို့ကိုလည်း ဒီနေရာတွေမှာ ပေးက,ပါတဲ့ ။ က,လက်စ လူနှစ်ယောက်ကလည်း မပေးနိုင်ဘူးလေ ။ မင်းတို့ မက,ချင်လို့ မင်းတို့က ပယ်လို့ တို့ကဝင်က,ရတာ ။ အခုမှ ငါးပွက်ရာ ငါးစာ လာမချနဲ့ပေါ့ ။ အဲသည်အရေးက တုတ်တပြက် ဓားတပြက် ဖြစ်ကြတဲ့အထိပဲ ။ နောက် စကားနည်း ရန်စဲ ကျွန်တော်ကပဲ သုံးရက်စီ ဝင်ကကြဖို့ စီစဉ် ပေးရတယ် ။  ဒါပေမဲ့ လမိုင်းမကပ်တော့ဘူးလေ ။ အထာမကျတော့ ပရိသတ်က လက် မခံတော့ဘူး ။ ဂုဏ်မေကျင်မှ မေကျင်ပဲ ။ အရူးပေါက်စီလည်း ကိုဘချစ်မှပဲ ။

     ကြည်ကြည်ဌေးအကြောင်းကို ဆက်ရမယ်ဆိုလျှင် အဲသည် ​ေဩာ်မိန်းမ မှာပဲ ပရိသတ်ကလိုလိုလားလား လက်ခံလာတာကို တွေ့ရတယ် ။ သူ့ဟာသ ကလေးတွေက ထိမိတယ် ။ ကြယ်နီကြီးကလည်း လူရွှင်တော်ကောင်း ။ သူကလည်း အပို့အယူတတ်တဲ့မင်းသမီးမို့ အအုပ်အခံနဲ့လုပ်သွားလိုက်ကြတာ ပရိသတ်မှာ တဝါးဝါးပါပဲ ။ တကယ်တမ်း ပြောရလျှင် ဒီနေရာမျိုးမှာ တော်ရုံပညာနဲ့မရတာ လက်တွေ့ပဲ ။

    ​ေဩာ် မိန်းမ ပြီးတော့ သူနဲ့ မြင့်မြင့်ဌေး ပြိုင်တူပါဝင်တဲ့ ချစ်ကုမ္ပဏီ ဆိုတဲ့ပြဇာတ်ကို တင်ရပါတယ် ။ မြင့်မြင့်​ဌေး  ကို အလှအပနဲ့ ချစ်စရာကောင်းပြီး သူဌေးသမီးနေရာက မောင်မျိုးချစ်နဲ့တွဲစေတယ် ။ ကြည်ကြည်ဌေးကိုတော့ အဖိနှိပ်ခံဆင်းရဲသူကလေးနေရာက မင်းသား အသစ်ကလေးတစ်ယောက်နဲ့ တွဲစေပါတယ်။ မြင့်မြင့်ဌေးနေရာက ပျော်မြူးစရာနှင့် ချစ်စရာ ။ ကြည်ကြည်ဌေးနေရာက အလွမ်းပေါ့ ။

     ကျွန်တော် ဇာတ်ခွင်ချ လူရွေးတဲ့နေရာမှာ အမြဲသတိထားတာ ရှိပါတယ် ။ ဥပမာနဲ့ပြောရရင် ရေမြွေကို မြွေဟောက်လို မသုံးနဲ့ ။ မြွေဟောက်ကို ရေမြွေလို မသုံးမိဖို့ပဲ ။ ရုပ်ရှင်တို့ ပြဇာတ်တို့မှာ ဒါရိုက်တာသာ ပဓာန ။ ဒါရိုက်တာရဲ့ အရည်အချင်း ပင်ကိုဗီဇနှင့် ပညာကိုပါ အကဲခတ်ပြီး ကိုင်တွယ်ကြရပါမယ် ။ ရေမြွေကို ပါးပြင်း မထောင်ကောင်းလားလို့ ရိုက်သင်လည်း သေရုံပဲရှိမှာပါ ။ မရပါဘူး။ အဲ - မြွေဟောက်ကို ပါးပျဉ်း မထောင်ရအောင်ထားလျှင်လည်း သူ့အစွမ်းအစကို ဖော်မပြလိုက်နိုင်သလို ရှိပါလိမ့်မယ် ။ ကိုယ့်တပည့် အရင်း အဖျားဆိုပြီး မျက်နှာလိုက်ရင် အနုပညာဘက် မှာ အဆီအငေါ်မတဲ့သည့်အပြင် ဆုံးရှုံးကြရမှာ မလွဲဧကန်ပါ ။

     ကြည်ကြည်ဌေး မဖြစ်ခင်ကရုပ်ရှင်မင်းသမီးကလေးများ ဖြစ်လိုဖြစ်ငြား ရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခုမှာ အလုပ်လျှောက်ဖူးသတဲ့ ။ ထိုကုမ္ပဏီကြီးများက ဇာတ်မင်းသမီးမို့ ဇာတ်ဆန်တယ်လို့ ပယ်လိုက်ကြသတဲ့ ။

     ကျွန်တော်ကတော့ သစ်ဆန်းရုပ်ရှင်က " ချစ်အဏုမြူ ” အသံတိတ် ဇာတ်ကားပြီးပြီးချင်း " ဂမုန်းနှင့်သဇင် ” ဆိုတဲ့ ဇာတ်ကို ခေါင်းဆောင်တင်ရိုက်ရအောင် စရံငွေသုံးရာပေးထားလိုက်ပါတယ် ။ အဲသည် အချိန်တုန်းက ခေါင်းဆောင်မင်းသမီးတိုင်းတောင် တစ်ထောင် မရပါဘူး ။ သူ့ကို ကျွန်တော်က တစ်ထောင်နဲ့ ပြောပြီး စရံငွေ သုံးရာပေး လိုက်ခြင်းပါ ။ ဒါပေမဲ့ အကြောင်းမညီညွတ်လို့ပဲ ဆိုပါစို့ ။ သူ့ကို ကျွန်တော်က ဦးစွာ မရိုက်လိုက်ရပါဘူး ။ ကျေနပ်စွာနဲ့ပဲ စရံငွေ အဆုံးခံခဲ့ပါတယ် ။

     ကျွန်တော်လည်း ဂုဏ်ရည်မတူ ဇာတ်ကစပြီး ရုပ်ရှင်အလုပ်ကို ဇောက်ချပြီး လုပ်လာရတော့ ပြဇာတ်လောကနှင့် ပြတ်တောင်း ဖြစ်လာပါပြီ ။ သူ့မှာလည်း ကျွန်တော့်ဆရာ အေဝမ်းဦးတင်မောင်ရဲ့ အသင်အပြနဲ့ ချစ်သက်ဝေ ဇာတ်ကားမှာ အကယ်ဒမီရခဲ့ပါပြီ ။ အဲသည်နောက် ရတနာပုံ ဇာတ်ကား ရိုက်ပြီးတဲ့အခါက စလို့ပေါ့လေ ။ ရုပ်ရှင်အထာ ရုပ်ရှင်ပညာ ရိပ်မိလာတဲ့အချိန်မှာ ဒါရိုက်တာအသစ်တွေတောင် သူကမွေးထုတ်နိုင်ခဲ့တာ ရုပ်ရှင်လောကမှာ သိကြရပါတယ် ။

     ကြည်ကြည်ဌေး မာနကြီးသလား - လို့ ကျွန်တော့်ကို မေးလျှင် မကြီးပါဘူး ကြီးပါတယ်လို့ ကျွန်တော်က ဖြေမှာပဲ ။ ကြည်ကြည်ဌေး ဟာ အပြင်ပေါင်း ပေါင်းလျှင် အလွန် နိဝါတ ရှိပါတယ် ။ အင်မတန် နူးညံ့ပါတယ် ။ ကိုယ်ချင်းစာပြီး အကြင်နာတရား ထားတတ်ပါတယ် ။  ဒါပေမဲ့ ရုပ်ရှင်ခွင်ထဲမှာ ဖြစ်ဖြစ် ပြဇာတ်ခွင်ထဲမှာ ဖြစ်ဖြစ် နှာဖြတ်တယ် ဖနောင့်နင်းတယ် အကြေးလှန်တယ်ဆိုရင် နည်းနည်းကလေးမှ သည်းမခံချင်ပါဘူး ။ နိုင်ရာက တုံ့ပြန်တတ်ပါတယ် ။ အဲ - ဇာတ်စကား ဝေါဟာရကို ရှင်းပြရဦးမယ်ထင်တယ် ။ မသိတဲ့သူတွေအတွက်ပါ ။ နှာဖြတ်တယ်ဆိုတာ ကိုယ်မပြောခင် ဝင်ပြောလိုက်တာ ။ ရုပ်ရှင်မှာဆိုရင် ကိုယ့်မျက်နှာ ကင်မရာထဲမှာ ပေါ်အောင် နေရာယူလိုက်တာ ။ သူများရှေ့ကနေပြီး ကိုယ်က ကွယ်ထားတာတွေပေါ့ ။ ဖနောင့်နင်းတယ်ဆိုတာက လမ်းသွားနေတုန်း တစ်ဖက်သား အသွားပျက်အောင်ဖနောင့်ကို နောက်ကနေ နှင်းလိုက်သလို သူများပြောကောင်းတုန်း ဆိုကောင်းတုန်း လွမ်းကောင်းတုန်းမှာ အမူအရာနဲ့ ဖြစ်ဖြစ် အပြောအဆိုနဲ့ ဖြစ်ဖြစ် အရှိန်ပျက်အောင် ဖျက်လိုက်တာ ။ ရုပ်ရှင်မှာ နှစ်ယောက်ပြိုင်တူ ပြောဆို လုပ်ကိုင်သရုပ်ပြနေလို့ တစ်ဖက်သားက ကိုယ့်ထက်သာနေမှန်းသိရင် ဒါရိုက်တာက ပြန်မရိုက်ဘဲ မနေရအောင် ကိုယ်က တမင်မှားပြော မှားလုပ်လုပ်တာမျိုး ။ အကြေးလှန်တယ်ဆိုတာကျတော့ ငါးများ အကြေးကိုလှန်ရင် အခံရခက်အောင်လုပ်သလို ဇာတ်ဝင်စကားမဟုတ်ဘဲကိုယ်ရေးကိုယ်တာတွေကို ထည့်ပြောဝေဖန်တာ ။ ပျက်လုံးထုတ်တာ ။ ဒါ အခုတော့ ရုပ်ရှင်မှာ ဒါရိုက်တာက သတိရှိလျှင် လုပ်ခဲပါတယ် ။

     ရုပ်ရှင်ကားထဲ ပြဇာတ်ထဲမှာ ပရိသတ်ကသာ မသိတာ အချင်းချင်း ပညာပြိုင်ကြတာကြောင့် ဇာတ်စင်နောက်ကွယ်မှာ ရန်ဖြစ်တာ အများကြီး ။ ရုပ်ရှင်မှာလည်း နောက်ကားတွေမှာ သူပါလျှင် မရိုက်ဘူးလို့ ရာဇသံပေးကြတဲ့ လူတွေမနည်းဘူး ။ ဒါကြောင့် ဒါရိုက်တာဆိုတာ သူတို့ထက် လျင်ရတယ် ။ ဒါရိုက်တာက လျင်တယ်ဆိုရင် တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေတဲ့ လင်မယားကွဲကာစ ပူပူနွေးနွေးကိုလည်း အင်မတန်ချစ်တဲ့သမီးရည်းစား အနေနဲ့လည်း ရိုက်လို့ဖြစ်တယ် ။ ပညာရော ၊ ဂုဏ်ရောပြိုင်နေတဲ့ မြွေဟောက် မင်းသမီး နှစ်ယောက်ကိုလည်း ညီအမအရင်းလုပ်ရိုက်လို့ ဖြစ်တယ် ။

     နောက်တစ်ခု ၊ ကြည်ကြည်ဌေး သတ္တိက မြင်းကောင်းဇက်သိ ဆိုသလို ကိုယ့်ကိုရိုက်နေတဲ့ ဒါရိုက်တာရဲ့ အရည်အချင်းကို ပထမအကြိမ် တွေ့လိုက်တာနဲ့ အကဲခတ်လိုက်ပြီးပြီ ။ ဒါရိုက်တာရဲ့ သင်ပြမှု ပေးတဲ့ စကား ၊ ဒါတွေကို သူ့အတွက်အံဝင်ခွင်ကျ မဟုတ်ရင် ပထမ ချိုချိုသာသာ အကြံပေးမယ် ။ ဒါမှ ပြောလို့မရရင် တကယ်ရိုက်တော့ သူလုပ်ချင်တာ သူပြောချင်တာ ဖြတ်လို့မရအောင် လုပ်ပြလိုက်တယ် ။ အဲ - နောက်တစ်ခုပြောရဦးမယ် ။ ကြည်ကြည်ဌေးဟာ သူ့ကိုယုံတဲ့ မင်းသမီး မင်းသား ဇာတ်ပို့ ဇာတ်ဆောင်ကလေးတွေကို တွဲခေါ်တတ်ပါတယ် ။ သူကိုယ်တိုင်အောက်ကျနောက်ကျ အထင်သေးခံရတဲ့ ဘဝက တက်လာရတာမို့ အင်မတန် ကိုယ်ချင်းစာတတ်ပါတယ် ။ သက်ညှာပံ့ပိုး တတ်ပါတယ် ။

     နောက်ပြီးတော့ ငွေကြေးကိစ္စ ။ သူတောင်းတဲ့စျေးက သူ့စျေးပဲ ။ မတန်ဘူးဆိုလျှင် မငှားနဲ့ ၊ ဒါပဲ ။ ဘယ်သူ့ကို ဘယ်လောက်ပဲ ပေးရပါတယ်ဆိုတာ လာမပြောနဲ့ ၊ နားမထောင်ပရ​ေစနဲ့လို့ တောင်းပန်လိမ့်မယ် ။ ဘဝတူဆိုလျှင် အလကား လုပ် ပေးချင် ပေး လိုက် မယ် ။

     ကဲ ကြည်ကြည်ဌေး မာန မကြီးတာကို ပြောဦးမယ် ။ အကြောင်းကြောင်းတို့ရဲ့ အကြောင်းကြောင်းတို့ကြောင့် ကြည်ကြည်ဌေးကို နာမည်ပေးပြီး မွေးထုတ်လိုက်ရတဲ့ ကျွန်တော်က သူနဲ့ကို ရုပ်ရှင်တစ်ကားမှ မရိုက်ရသေးဘူး ။ ရိုက် မယ့်ရိုက်ရတော့ မင်းသားကြီး ကိုဇေယျရဲ့ ကိုယ်ပိုင် " လှည်းကျိုးနဲ့ နသိုး ” ဇာတ်ကား ။ ကျွန်တော်က စေတနာ့ဝန်ထမ်း ဒါရိုက်တာ ။ သူက စေတနာ့ဝန်ထမ်း မင်းသမီး ။

     ဒီအချိန်မှာ ကြည်ကြည်ဌေး ဆိုတာလျှမ်းလျှမ်းတောက် ။ ကုမ္ပဏီ ပိုင်ရှင်တွေ ၊ ဒါရိုက်တာတချို့တွေက သပျစ်သီးတို့ ပန်းသီးတို့ ကြည်ကြည်ဌေး ကြိုက်တတ်တယ်ဆိုတဲ့ ငါးပိငါးခြောက်တို့ ဇာဘော်ဒီ အင်္ကျီ တို့လက်ဆောင်ပေးပြီး ခစားနေကြရတဲ့အချိန် ။

     ရုပ်ရှင်ရိုက်ရာကို လာဖို့ မော်တော်ကား ဓာတ်ဆီဖိုးပေးရတာ သူက စလိမ့်မယ်ထင်တယ် ။ အဲသည်အချိန်မှာ ကျွန်တော်က ရိုက်ကွင်းကို မနက်ဆယ်နာရီဆို ရောက်ပြီ  သူလာတာက ၁၂ နာရီခွဲမှ ။ ဒါကိုကျွန်တော်က စောစောလာဖို့ ပြောတယ် ။ သူက ဘာကိစ္စ ညာကိစ္စ အကြောင်းပြပြီး အရောက်နောက်ကျပေမယ့် ညနေပိုင်းမှာ “ အဖေကြီး ( ကျွန်တော့်ကို ခေါ်တော့ အဖေကြီးပါပဲ ) မိုးချုပ်အောင် ရိုက်ချင်သလောက် ရိုက်ပါ ။ ပြန်မလွှတ်မချင်း မပြန်ပါဘူး ” လို့ ရင်းရင်းနှီးနှီး ရယ်ကာမောကာ ပြောနေတယ် ဒါကို ကျွန်တော်က အကြောင်းပြတယ် ။ သူက မိုးချုပ်တဲ့အထိ ရိုက်ပေးမယ်ထား ။ သူနဲ့တွဲလုပ်ရတဲ့ ဇာတ်ဆောင်တွေပါ အပြန် နောက်ကျရတယ် ။ အလုပ်သမားတွေကို အချိန်ပိုလုပ်ခပေးရတယ် ။ ညစာထမင်းပါ ကြွေးရဦးမယ် ။ ဒါဆိုလျှင် ထုတ်လုပ်မှု စရိတ်ကြီးမယ် ။ တစ်နေ့တလေ နောက်ကျရင် ကိစ္စမရှိဘူး ။ နေ့တိုင်းဆိုရင် မကောင်းဘူးပေါ့ ။

     ခက်တာက ကြည်ကြည်ဌေးရဲ့ ခင်ပွန်း ကိုအောင်သိန်း ဩဇာကြီးပုံကလည်း သူ့မယားအပေါ်မှာသာ မကဘူး ။ ထုတ်လုပ်သူတိုင်းကလည်း အလိုလိုက် နေကြရတယ် ။

     နောက်တစ်နေ့ ကျပြန်တော့လည်း ကျွန်တော်က ကိုးနာရီဆိုရောက်ပြီ ။ သူကမလာသေးဘူး ။ ကျွန်တော် စောင့်ရင်း ခံပြင်းလာတယ် ။ အောက်ကျတယ်လို့ ရှက်လာတယ် ။ ကျေးဇူးမသိဘူးလို့လည်း စိတ်နာလာတယ် ။ ဒီတစ်ခါတော့ ခုတ်စပြီး လှီးစပြတ် ခတ်ပြတ်ပြတ်ပဲ ။ ဆယ်နာရီ - မလာသေးဘူး ။ ဆယ်တစ်နာရီ မရောက်သေးဘူး ။ ဆယ့်နှစ်နာရီ - ဒီတော့မှ မယ်မင်းကြီးမ ကားကြီးနဲ့ ကြွတော်မူလာတယ် ။

     ကျွန်တော် ဒီတော့ ဘာလုပ်သလဲ ။

     “ ဟေ့- ဖိုးပါလေး ၊ ကားပေါ်တက် ၊ ပြန်မယ် ၊ ဒီမှာ ရွှေကြည် ။ နင့်ကိုင ါပြောချင်လို့ တမင်စောင့်နေတာ ၊ ငါ ကိုးနာရီရောက်တယ် ။ နင်က ၁၂ နာရီမှ လာတယ် ။ နက်ဖြန် ငါလည်း ကိုးနာရီရောက်မယ် ။ နင်လည်း ကိုးနာရီ အရောက်လာခဲ့ ။ ဒါမှမဟုတ်ရင်  နင်နဲ့ ငါ ဒီကားကို မရိုက်ကြစို့နဲ့ ။ ဒါပဲ ”

     တကယ်ပါပဲ ။ ကျွန်တော် ရှက်စိတ်နာပြီး ပြန်ခဲ့တယ် ။ သူလည်း အံ့အားသင့်ပြီး ကျန်ရစ်ခဲ့တယ် ။ သည့်ပြင် လူတွေမှာလည်း ပွစိ ပွစိပေါ့ ။ မျက်နှာလိုအားရ တွန်းကြမယ့် လူတွေကလည်း အများကြီး ။ ကိုဇေယျ ခမျာမှာတော့ မျက်နှာကလေး အငယ်သားနဲ့ ။

     ကျွန်တော်ကလည်း ကျွန်တော့်အတ္တနဲ့ကျွန်တော် ။ ကိုယ် မွေးထုတ်ခဲ့တဲ့ ကိုယ်ပိုင်မင်းသမီးလို့ ယုံထားတယ်လေ ။ သူနာမည်ကြီးလာလို့ ကျွန်တော်ကို ကာပြန်တယ်ပေါ့ ။

     " လှည်းကျိုးနဲ့ နသိုး ” ဇာတ်လမ်းဟာ သူ နဲ့ ကိုဇေယျကြီး အတွက် သက်သက် ရေးရတာ ။ ကိုဇေယျ နေရာမှာ ကိုဇေယျနဲ့ အလိုက်ဆုံး ဖြစ်သလို သူ့နေရာမှာ သူနဲ့သာအလိုက်ဆုံး ။ သူ့ကို ထင်ပေါ်သည်ထက် ထင်ပေါ်အောင် လုပ်ပေးချင်တဲ့စေတနာက အပြည့် ။ ကြေးစားဒါရိုက်တာ ဆိုရင် မင်းသမီးမင်းသားလာရင်ရိုက် မယ် ။ မလာသေးရင် စောင့်နေရုံပေါ့ ။ ခုတော့ ကိုဇေယျကိုလည်း အကုန်အကျ သက်သာပြီး ကားမြန်မြန် လက်စသတ်နိုင်အောင် ၊ သူလည်း အကွက်ကောင်းကောင်းနဲ့ စိတ်တိုင်းကျ ကျဲနိုင်အောင် ခုတော့ ကျွန်တော့်စေတနာဟာ ဝေဒနာဖြစ်ရပြီ ။ သူ့မာနနဲ့သူ မလာဘဲ နေရင်လည်းပြီးတာပေါ့ဆိုပေမယ့် ရုပ်ရှင် လောကတစ်ခုလုံး သတင်းဆိုး အပုပ်နံ့ ဟောင်သွားမှာသေချာတယ် ။

     နောက်တစ်နေ့မနက် မှာ ကျွန်တော်သွားနေကျအတိုင်း ကိုးနာရီ အရောက်သွားတယ် ။ လမ်းမှာတော့ တထိတ်ထိတ်ပါပဲ ။ မဖြစ်သင့်တာ မဖြစ်ကြရင်ကောင်းတာပေါ့ ။ ကိုယ့်စေတနာကိုတော့ ကိုယ်သစ္စာဆို ရဲတယ်လေ ။

     ရုပ်ရှင်ခြံထဲ အဝင်မှာ သူ့ကားနဲ့ထိပ်တိုက်တိုးတော့တာပဲ ။ သူက ကားပေါ်က လှမ်းအော်တယ် ။ “ အဖေကြီး - သမီးရောက်ပြီနော် ” တဲ့ ။ မနေ့က ဘာမှမဖြစ်တဲ့အတိုင်း ။ မှန်တာပြောလျှင် သစ္စာပါ ။ ကျွန်တော် သူ့ကိုလည်း ကျေးဇူးတင်လိုက် မိတယ် ။ ရတနာသုံးပါး ဆရာသမား မိဘဂုဏ်ကိုလည်း ဆတက်ထမ်းပိုး တိုးလို့ ယုံလိုက်ရတယ် ။ ကိုအောင်သိန်းကြီး ကလည်း စကားရော ပါးရော သောလို့ ရွှင်လို့ ။ အဲသည့်နေ့က တစ်နေ့လုံး ပျော်ပျော်ပါးပါး အားတိုက်ခွန်စိုက် ရိုက်လိုက်ရတယ် ။

     နောက်နေ့မှာကော - ကိုးနာရီဆိုလျှင် သူ နဲ့ ကျွန်တော် ရှေ့ဆင့် နောက်ဆင့် ရောက်ကြတာချည်းပဲ ။ ဒီကားတွင်လားတဲ့ ။ မဟုတ်ပါဘူး ။ သူနဲ့ကျွန်တော် ယနေ့အထိ ရိုက်လာသမျှကားတိုင်းမှာ ကျွန်တော်က မစောင့်ရတော့ဘူး ။ အေး - အကြောင်းကိစ္စရှိရင် သူကကြိုပြောထားနှင့်ပါတယ် ။

     ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သူ့ကို ကျေးဇူးတင်ကြောင်း မပြောခဲ့ဖူးပါဘူး ။ လိမ္မာတယ်လို့ မချီးမွမ်းခဲ့ပါဘူး ။ အခု သူ့အကြောင်း ရေးရလို့ ထုတ်ပြောရတာပါ ။ ဒါပေမဲ့ ကျွန်တော့်ကို သူ လေးစားရိုသေတယ်ဆိုတာကိုတော့ သူသေကိုယ်သေ သေတဲ့အထိ ယုံမှတ်သွားရမှာပါ ။

     ဆရာသမားတို့ကို ရိုသေနှိမ့်ချ၍ ဂါရဝထားတဲ့ ပစာယနကုသလ အကျိုးပေးဟာ ပညာသည်တိုင်း လူသာသေမယ် နာမည်မသေနိုင်သော အကျိုးကို ရစမြဲဖြစ်ပါတယ် ။ ဒါဟာ ကြည်ကြည်ဌေး မာနမကြီးတဲ့အကြောင်း ။

     ကြည်ကြည်ဌေး တစ်ယောက်တည်း ပြဇာတ်စင်ပေါ်မှာ တစ်နာရီလောက်သရုပ်ဆောင်ပြသွားတယ်လို့ဆိုလျှင် ယုံချင်မှ ယုံကြပါလိမ့်မယ် ။တစ်ယောက်တည်းမှ တစ်ယောက်တည်းပါ ။ လူရွှင်တော်တောင်မပါဘူး ။ မှတ်မှတ်ရရ မန္တလေး ရာပြည့်ပွဲတုန်းကပေါ့ ။ လူထုဦးလှနဲ့ တပ်မင်း ၊ တပ်ရင်းမှူးတို့ရဲ့ ဆော်ဩချက်အရ ကျွန်တော်ခေါင်းဆောင်ပြီး ရုပ်ရှင် ပြဇာတ် ရာမ ဂီတပညာရှင် လူရှစ်ဆယ်လောက် ရာပြည့်ပွဲကို တင်ဆက်ကြရပါတယ် ။ လူထုတောင့်တလို့ ကန့်သတ်ထားတဲ့ ပွဲရက်ထက် ပို၍ကကြရမယ့်အခြေအနေ ဖြစ်လာပါတယ် ။ နောက်ဆုံးသုံးချီပေါ့ ။

     အဲသည်မှာ ပြဿနာပေါ့ ။ ကြည်ကြည်ဌေးနဲ့ တွဲကကြတဲ့လူ အတော်များများမှာ ရုပ်ရှင်ရက်ချိန်း ကြိုတင်ပေးခဲ့ကြတာမို့ မနေနိုင်ကြတော့ဘူး ။ ပြန်သွားကြရပြီ ။ ပရိသတ်ကလည်း သူ့ကိုမှ ပွဲတောင်းနေကြတယ် ။ တစ်ညတည်းဖြစ်ဖြစ် ပို ကပေးပါလို့ အော်ကြတယ် ။ ဒါကြောင့် ကျွန်တော် သူ့ကို ဇွတ် တားလိုက်ရတယ် ။ တားမယ့်သာ တားလိုက်ရတယ် ။ သူနဲ့ အံဝင်ခွင်ကျဇာတ်ကိုလည်း မကနိုင်တော့ဘူး ။ ကြည်ကြည်ဌေး ပါပါတယ်ဆိုရရုံ သီချင်းကလေးတစ်ပုဒ် နှစ်ပုဒ် ထွက်ဆိုပြီး ပြန်လည်း ဝင်မသွားချင်ဘူး ။ သူ့ဝါသနာက မလုပ်ရလျှင် အရှင်း ။ လုပ်ရရင် က,နေရင်းက ဆေးထိုးယူရပါစေ ။ ကျွန်တော်က မေးတော့ “ သမီး ဘာလုပ်ရမှာလဲ ၊ အရှက်တော့ ကွဲတော့မှာပဲ ” တဲ့ ။ သူ စိတ်ညစ်ပြီးတော့ ငိုတယ် ။

     “ ​ေဟ့ ရွှေကြည် ၊ နင့်အကြောင်း ငါမသိတာမှတ်လို့ ။ တစ်ယောက်တည်းထွက်  - ကွက်စိတ်ဟောကွာ ” လို့ ကျွန်တော်က ပြောလိုက်ရတယ် ။

     “ အို - တောက်တီး တောက်တဲ့ ၊ မင်းသမီးက ကွက်စိတ် ဟော ရမယ်လို့ ”

     “ အေး - ငါက အတိုချုံးပြီးပြောတာ ၊ ဇာတ်သဘင်ရယ် ရုပ်ရှင်ရယ် ပြဇာတ်ရယ် အဲသည့်ပညာတွေကို သမအောင် ရောမွှေနိုင်တဲ့အရည်အချင်း ညည်းမှာရှိပြီးသား ၊ ဒီတော့ ကျွန်မငယ်ငယ်က ဇာတ်သဘင်ပညာ ဆည်းပူးခဲ့ရတာတွေက ဟောသလို ဟောသလိုပါ ။ ပြဇာတ်မှာတော့ ဟောသလို ဟောသလို သရုပ်ဆောင်ရပါတယ် ။ ရုပ်ရှင် ကျတော့စရိုက်တဲ့နေ့မှာ ဟောသလို ဟောသလို အမှားအယွင်းတွေကြောင့် လူရယ်စရာ ဖြစ်ခဲ့ ရပါတယ် ။ ကိုဇေယျကြီး အက်တင်က ဒီလိုပါ ။ အေဝမ်းကိုတင်မောင်ကျတော့ ​ေဟာသည့်အမူအရာနဲ့ ဟောသည့် မျက်နှာထားကြီးပါ - ဆိုတာတွေကို အလွမ်းအ​ေသာစုံအောင် လုပ်ပြလိုက် ။ စကားတောက်လျှောက်ပြောလို့ မောလာရင် အသံတိက်အက်တင်လုပ်ပြီး လမ်းလျှောက်ပြ ။ ဒါလောက်ဆို နင်လုပ်နိုင်ပြီ ၊ မထွက်လို့တော့ မဖြစ်ဘူး ” လို့ ဇွတ်ခိုင်းရတယ် ။

     မထွက်ရသေးခင် ချေးများ တွန့်ဆုတ်နေပေမယ့် ကားလည်းဖွင့်လိုက်ရော - ကရားရေသွန် ပြောဆို လုပ်ကိုင်သွားတော့တာပါပဲ ။ ဇာတ်သဘင်မှာ လွမ်းခန်းကို ဘယ်လိုပျိုးရသလဲဆိုတော့ ဇာတ်အိမ် ကလေးကို ကျင်းယက်ပြီး ၊ ကျင်းယက်တယ်ဆိုတာ ငိုချင်းဆိုရအောင် ပရိသတ်စွဲလာအောင် အဖြစ်သနစ်ဇာတ်ကြောင်းကလေး ခံလိုက်တာဖြစ်ပါတယ် ။ အဲသလိုပြောရင်း ပြောရင်း မဲ့ မဲ့ပြီး ပြောလာရာက အောက်က ဆိုင်းဝိုင်းကြီးရဲ့ အဆို့ အပိတ်ကို အားယူပြီး ဇာတ်ထဲက အသံ အတိုင်း ဟစ်ပြီး ငိုချင်း တစ်ပုဒ်ဆိုလိုက်တာဟာ ပရိသတ်မှာ မျက်ရည်လည်ရွဲ ဖြစ်ကုန်ပြီး
ငိုချင်းဆုံးကာနီး ဆိုင်းက ငိုချင်းဆိုင်းတီးရခါနီးမှ အဲသလို - ငိုရပါတယ်ရှင် ဆိုပြီးဖြတ်ချလိုက်တာဟာ ဝေါခနဲ ပွဲကျသွားပါတော့တယ် ။ အဲသည်ပွဲကို မှတ်မိသေးတဲ့ပုဂ္ဂိုလ် အများကြီးရှိပါလိမ့်ဦးမယ် ။ တစ်ယောက်တည်း တစ်နာရီနီးပါးကြာပါတယ် ။

     ကြည်ကြည်ဌေးဟာ အနုအလှ လုပ်ရမယ့်နေရာမှာ ကနွဲ့ကရ လုပ်တတ်သလို ရုပ်ကြမ်းကိုလည်း ပိုင်ပိုင်နိုင်နိုင်လုပ်ဝံ့ပါတယ် ။ "  စကားပြောသောအသည်းနှလုံး ” ဇာတ်ကားမှာ ပထမ တောသူ ရိုးအအ ။ နောက်တော့ ခေတ်ဆန်လွန်းအားကြီးပြီး လင်ငယ်နဲ့ လိုက်တယ် ။ လင်ငယ်ထောင်ကျသွားတော့ ကိုယ့်ရင်သွေးကို သတိရပြီး ငွေရအောင် ပြည့်တန်ဆာဆန်ဆန် မြူဆွယ်ရတယ် ။ ဘိန်းချလို့ထောင်ကျရတယ် ။ ဒါတွေဟာ ကျွန်တော့်ဇာတ်ကားအကြောင်း ပြောနေတာမဟုတ်ပါဘူး ။ ကြည်ကြည်ဌေးက ဘဝအမျိုးမျိုးကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပုံတွေကို ပြောပြချင်လို့ပါ ။ ထောင်ထဲမှာ ထောင်ကျ မိန်းမချင်းချင်း ရန်ဖြစ်တာ ပြောတာဆိုတာ ဝတ်တာစားတာ သွားကျိုးပါးကျိုးကြီးနဲ့ ပိုးစိုးပက်စက် မျက်နှာနေ မျက်နှာထား လုပ်ဝံ့တာ ၊ လုပ်နိုင်တာ ၊ လုပ်လိုတာဟာ သူ့ပညာတွေပါ ။

     ဇာတ်မတိုက်ဘဲ ပြဇာတ်တစ်ခုကို တက်က,တာပြောရဦးမယ် ။

     ရုပ်ရှင်ကောင်စီက မေဒေးနေ့ အတွက် ကကြရတဲ့ ပွဲပေါ့ ။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဒါရိုက်တာ ဗိုလ်ကလေးတင့်အောင်က ကျွန်တော်ရေးခဲ့တဲ့ " နှလုံးသွေးပျက်သော တေးတစ်ပုဒ် ” ဝတ္ထုကို အရေးပေါ် ပြဇာတ်တင်ဖို့ဖြစ်လာတယ် ။ က,ရမှာက ယနေ့ည ။ ထွက်ရမယ့်အချိန်က အစီအစဉ်အရ ရှစ်နာရီခွဲ ။

     “ ကဲ - ရွှေကြည်ကို သွားခေါ် ။ ကိုချင်းစိန် နဲ့ အေဝမ်းကိုတင်မောင် ကို ငါပြောမယ် ” ဆိုပြီး ညနေ လေးနာရီလောက် မှာ ဇာတ်ကြောင်းကို ထိုင်ပြောကြတာပဲ ။

     “ ဒီနေရာမှာ ဒီသဘော နင်ကပြော ။ ငါက နားခံ လုပ်ပေးမယ် ။ ဒီနေရာကျတော့ ငါက ဒီသဘောပြောမယ် ။ နင်က နားစောင့် လုပ်ပြီးငို ငိုလွမ်း ၊ ဒါပဲ ။ ကိုတင်မောင် နဲ့ ကိုချင်းစိန်ကို မောင်တင့်အောင်က ဇာတ်ဝင်စကား သဘောတွေပြောပြလိမ့်မယ် ” ဆိုပြီး အရေးပေါ် ဇာတ်တိုက် ကြတာပါပဲ ။ အဲသည့် ပြဇာတ်ဟာလည်း သူပို့ပေးလို့ အောင်မြင်ခဲ့ရတယ် ။

     ပြောစရာတွေတော့ အများကြီးပေါ့ ။ နောက်ဆုံး ဇာတ်ပြဇာတ်နှင့် အရပ်ပြဇာတ် ရောမွှေထားတဲ့ " မုဒုလက္ခဏ ” ပြဇာတ်ကိုလည်း သူ့အတွက် ရေးပေးတာဟာ ရေးရကျိုးနပ်အောင် ပီပြင်ခဲ့တာ ကြည့်ရသူတိုင်း အမှတ်ရကြမှာပါပဲ ။

     မန္တလေး ရာပြည့်ပွဲတုန်းက အရည်အချင်းမျိုး လုပ်ကြရအောင် ပုဂံဘုရား ရန်ပုံငွေအလှူပွဲမှာ ကျွန်တော်ကြိုးစားပါသေးတယ် ။ ဒါပေမဲ့ သူရဲ့ကျန်းမာရေး အခြေအနေကြောင့် သူ့နေရာမှာ “ ရွှေခြည်ငွေခြည်တန်းပါလို့ ” မှာ အကယ်ဒမီရခဲ့တဲ့ ဒေါ်မေနွဲ့ က ဝင်လုပ်ရပါတယ် ။

     အချုပ်ကို ပြောရမယ်ဆိုရင် ကျွန်တော်တွေ့ခဲ့သမျှ သုံးခဲ့ရသမျှ အနုပညာသည်များမှာ " တစ်ဦးခေါင်း - တစ်ပညာ ” ဆိုသလိုအရည်အသွေး အဆိပ်အတောက် ကိုယ်ပိုင် ရှိကြတာများပါတယ် ။ ချီးမွမ်းစရာ ကလေးတွေ ။ အနုပညာနှင့် ချစ်စရာကလေးတွေ ရှိပါသေးတယ် ။ အကြောင်း ဆိုက်လာတဲ့အခါ ရေးစရာတွေအများကြီးပါ ။ ခုတော့ သူ့ အတ္ထုပ္ပတ္တိကို ရေးနေတဲ့ ဒေါ်မမလေးက သူ့စာအုပ်မှာ ကြည်ကြည်ဌေးနှင့် ပတ်သက်ခဲ့ဖူးတဲ့ ပညာရှင်တွေထံမှ ကိုယ့်ထင်မြင်ယူဆချက်ကို တောင်းခံလာလို့ ရေးလိုက်ရခြင်းပါ ။

     သဘင်ဆိုတာ လူစုလူဝေးတက်ရောက်ကြတာ လူတွေအာရုံထားကြတာကို ဆိုပါတယ် ။ လူထုကို ဖြေဖျော်မှုသဘင်ထဲမှာ သံနေ သံထားနဲ့ ရွတ်ဖတ်ရတဲ့နန်းတွင်းဇာတ်စာ အလင်္ကာမှအစ ရုပ်သေးသဘင် ၊ မြေဝိုင်းသဘင် ၊ ကွက်စိပ်စာပြော ၊ ဇာတ် အငြိမ့်ပြဇာတ် ရုပ်ရှင် ၊ ဟောပြောပွဲ ၊ ရေဒီယို အသံလွှင့်တာကအစ အကျုံးဝင်ပါလိမ့်မယ် ။တစ်နည်းအားဖြင့် ဟာသအတတ်လို့လည်း ခေါ်ပါတယ် ။

     အဲသည် ဟာသအရာမှာ ဝါသနာပါရုံနှင့် မလုံလောက်ပါဘူး ။ လူမွန်လူချွန် မဖြစ်နိုင်ပါဘူး ။ ကြိုးစားပါ့မယ် စာကျက်ပါ့မယ် ခိုင်းသမျှ လုပ်ပါ့မယ်ဆိုတိုင်းလည်း ထွန်းထွန်းပေါက်ပေါက် ဖြစ်မလာနိုင်ပါဘူး ။

     ဟာသသဘင်အလုပ်က ကြိုးစားတိုင်းမရပါဘူး ။ ကြိုးစားလို့ ပိုပြီးအံချော်သွားတာ တွေ့ရတတ်ပါတယ် ။ သဘောက ဘဝကို ဟပ်မိပြီး သဘောပေါက်တဲ့စိတ်နဲ့ သူ့သဘာဝအတိုင်း လုပ်ကိုင်သွားဖို့ ဖြစ်ပါတယ် ။

     ဆရာတစ်ဦးက ပြောဖူးတယ် ။ " တရားကိုအားထုတ်မယ် ” ဆိုတဲ့စကားဟာ သဘာဝမကျပါဘူး ။ ဖြစ်ချင်တာတွေ ဖြစ်နေတဲ့ တရားကိုသာ စောင့်ကြည့်စောင့်မှတ်ရမယ်လို့ ထင်ပါတယ်တဲ့ ။ အဲ မှတ်ဖို့ အခြေခံတွေတော့ လိုသပေါ့လေ ။

     ဇာတ်သဘင် ၊ ရုပ်ရှင် ၊ ပြဇာတ်တို့မှာလည်း ထိုနည်းအတိုင်းပဲ ။ သတိကပ်ပြီး ကျရာဇာတ်သဘာဝကို ရေလိုက်ငါးလိုက် လုပ်သွားကြရမှာပါ ။ စာတွေကျက်ထားတိုင်းလည်း အနုပညာဖြစ်မလာပါဘူး ။ ဒါကို လူရွှင်တော် စာရေးဆရာကြီး ဦးချစ်ဖွယ် တို့ခေတ်က လေပြေထိုး တစ်ပုဒ် ရှိဖူးတယ် ။

     " ဟာသပညာဆိုတာ ကြာလေခက်လေပဲ ။ စာတွေ ကျက် ကျက်ပြီး ပါးစပ်က ပြောပေမယ့် ၊ တတ်လှပကောရယ်လို့ မထင်ကြနဲ့ ။ သမားစဉ်ကတော့ တိုတိုနဲ့ ထိမှ လူကောင်း ။ ကောင်းဆိုတာ ပွဲပရိသတ်က - ဟေ့ - ရှည်တယ်လို့ အဆိုမခံဘူး ။ ဘာ အဆိုခံလိမ့်မတုံး ။ ဟိုယမံထုံးလို အနုတ်မှ မကြံဘဲ ။ အဟုတ်အမှန် နဂရံတကယ်သိတဲ့ ၊ နာမည်ရှိ ဇာတ်တော်သားတွေဟာ ၊ မပြတ်ကျော်ကြားစရာ အထက်အောက် စာရင်း တစ်ခါမရှုပ်ပါဘူး ။  (  ရွာ စား ) ကက်တလောက် သတင်းစာထုတ် ”

     ◾ သုခ

.