❝ ဖြေဖို့ စိတ်မကူးနဲ့ ❞
( မင်းသိင်္ခ )
တစ်နေ့သ၌ မှော်ဘီမြို့စွန် ရှိ ကျွန်ုပ် ၏ အယူတော်မင်္ဂလာခြံ သို့ အသက် ( ၁၃ ) နှစ် ကျော် ၊ ( ၁၄ ) နှစ်ခန့် ရှိ သူငယ်မလေး တစ်ဦး ရောက်ရှိ လာလေ၏ ။ ထို သူငယ်မလေး မွေးကင်းစ အရွယ် က ပင် ကျွန်ုပ် အပါအဝင် အိမ်နီးချင်းများ က ထိန်းခဲ့ရ၏ ။ ထို သူငယ်မလေး သည် ထိုအချိန် က လွန်စွာ အငို သန်၏ ။ အငို သန်ရုံမျှ မက တအီအီ လည်း အော် နေတတ်၏ ။ လွန်စွာ မှ ထိန်းရချော့ရ ခက်လေ၏ ။ ထို့ကြောင့် ကျွန်ုပ်တို့ အိမ်နီးချင်း အားလုံး က ထိုကလေး အား “ အီ ” သည် ကို အကြောင်းပြု၍ “ အီတလီမ ” ဟု နောက်ပြောင်၍ ခေါ်ကြကုန်၏ ။
ထို အီတလီမလေး သည် ငယ်စဉ်က ပင် မိဘမဲ့ သွားသောကြောင့် ခရစ်ယာန်သီလရှင်ကြီး တစ်ပါး က မွေးစားခဲ့ရလေ၏ ။ ယခုအခါ ထို ကလေးသည် ( ၁၃ ) နှစ် ၊ ( ၁၄ ) နှစ် အရွယ် မိန်းကလေး တစ်ဦး ဖြစ်၍ နေပေပြီ ။ သူ သည် ကျွန်ုပ် ကို တွေ့လျှင် တွေ့ချင်း ..
“ ဂွတ်ဒ်မောနင်း ... ” ဟု နှုတ်ဆက်လေ၏ ။
ကျွန်ုပ် က လည်း ..
“ မောနင်း ... မောနင်း ... ” ဟု ပြန်၍ နှုတ်ဆက်မိလေ၏ ။ ထို့နောက် အီတလီမ က ကျွန်ုပ် အတွက် မြောင်းမြမုန့်ဟင်းခါး ဝယ်လာခဲ့ကြောင်း ပြောကာ ဟင်းရည် ထည့်ထားသော ချိုင့် နှင့် မုန့်ဖတ် ထည့်ထားသော ပလတ်စတစ်ထုပ် ကို ကျွန်ုပ် အား ပေးလေ၏ ။ ကျွန်ုပ် လည်း ထို မုန့်ဟင်းခါး ကို မြိန်ရေရှက်ရေ စား သောက်ခဲ့လေ၏ ။
ထို့ကြောင့် အီတလီမ က ...
“ အဘ က မုန့်ဟင်းခါး သိပ် ကြိုက်တာကိုး ... သမီး လာတိုင်း ဝယ်ခဲ့ပါမယ် ... ” ဟု ပြော လေ၏ ။
“ ကောင်းတာပေါ့ အီတလီမ ရယ် ... ၊ ငါ က အောက်ပိုင်းသေ သလို ဖြစ်နေလို့ ရန်ကုန်မြို့ ထဲ ကို သိပ် မရောက်တော့ပါဘူး ... ၊ အဲဒီလို ဝယ်ခဲ့ရင်တော့ စားရတာပေါ့ကွယ် ... ” ဟု ကျွန်ုပ် က ပြောလိုက်လျှင် ...
အီတလီမ က ......
“ စိတ်ချ အဘ ၊ သမီး တကယ် ဝယ်ခဲ့မှာပါ ... ၊ ဒီကို ရောက်ဖြစ် တဲ့ အခါတိုင်း ပါရပါစေ့မယ် မရောက်ရင် တော့ မပြောတတ်ဘူး အဘရေ ... ” ဟု ပြောလေ၏ ။
“ မင်းတို့ စတိုးဆိုင် က တစ်ပတ် ကို တစ်ရက် မင်းတို့ ကို အနားပေးတာပဲ ... ၊ ဒီကို မလာဘဲ တခြား ကို ဘယ်သူနဲ့ သွားစရာ ရှိသေးလို့ လဲ ... ” ဟု ကျွန်ုပ် က မေး လိုက်ရာ
အီတလီမ က .......
“ အိုးဂေါ့ဒ် ၊ အိုးစွပ်မစား ခွပ်စွပ်မစား အဘ ရယ် ... ၊ ဘယ်သူနဲ့ မှ သွားစရာမရှိပါဘူး အဝတ်အစားတွေ လျှော်ရမယ် ၊ “ ရှော့ပင်း ” ထွက်ရမယ့် ကိစ္စတွေ ရှိ ရင်တော့ အဘ ဆီ ကို မရောက် ဖြစ်တော့ဘူးပေါ့ ... ” ဟု ပြုံးပြုံးကလေး ဖြင့် ပြန်၍ ဖြေလေ၏ ။
“ ( ၁၈ ) နှစ် မပြည့်ဘဲနဲ့တော့ ယောက်ျား နောက် လိုက် မပြေးနဲ့ နော် ၊ မှတ်ပုံတင်လေး ဘာလေး လုပ်ထားဦး ၊ မှတ်ပုံတင် မရှိဘဲနဲ့ ရုံး မှာ လက်ထပ်လို့ မရ ဘူး ... ” ဟု ကျွန်ုပ် က နောက်ပြောင် ပြောရင်း ရယ်မော လိုက် လေ၏ ။
အီတလီမ သည် တစ်စုံတစ်ရာ ပြန် မပြောဘဲ ပြုံးရုံ သာ ပြုံးနေ လေ၏ ။ ထို့ကြောင့် ကျွန်ုပ် က ...
“ ဟဲ့ ... အီတလီမ ၊ နင့် ကို ကြည့်ရတာ ( ၁၈ ) နှစ် မပြည့်ခင် ယောက်ျား နဲ့ ပါသွားဖို့ ရှိတယ် လို့ ငါတော့ မြင်နေတယ် ... ၊ အဲဒီလို ဖြစ်နိုင်တယ် မဟုတ်လား ... ” ဟု မေးရာ ...
အီတလီမ က တစ်စုံတစ်ရာ ဖြေဆိုခြင်း မပြုဘဲ အသံသဲ့သဲ့ကလေး ရယ်၍ နေလေ၏ ။
“ ဟဲ့ ... အီတလီမ ၊ ငါ မေးတာ ကို ဖြေစမ်းပါဦး ... ” ဟု ခပ်ငေါက်ငေါက် လေသံဖြင့် ပြောလိုက် ရာ
အီတလီမ က ...
“ ဒီလို အဘ ရဲ့ ၊ တစ်ခါတလေ အခြေအနေ က ဘယ်လိုပဲ ဖြေဖြေ မှားသွားနိုင်တဲ့ အခြေအနေမျိုးတွေ ရှိတယ် ... အဘ ရဲ့ ... ” ဟု ပြန်၍ ပြောလေ၏ ။
“ မဖြစ်နိုင်တာကွယ် ... ကိုယ် ဖြေလိုက်တဲ့ အဖြေ ဟာ မမှားဘူး ဆိုရင် မှန်ရမှာ ပေါ့ကွယ် ... ၊ ဘယ်လိုကြောင့် များ ဘယ်လို ဖြေ ဖြေ အမှား ဖြစ်ရမှာ တုန်း ... ” ဟု ကျွန်ုပ် က ပြန်၍ ပြောလိုက်မိလေ၏ ။
ထိုအခါ အီတလီမ က ...
“ အဘ ကို ... သမီး ပုံလေး တစ်ပုံ ပြောပြပြီး မှ မဖြေတာ အကောင်းဆုံးပဲဆိုတဲ့ အကြောင်း ကို ပြောပြမယ် ... ” ဟု ပြောလေ၏ ။
ထို့ကြောင့် ကျွန်ုပ် က ...
“ အဲဒီလို ဆိုရင်လည်း ပြောဗျာ ... ” ဟု ပြောလိုက်ရာ ..
အီတလီမ သည် ထိုင်ရာမှ ထ ပြီးလျှင် ...
“ လူတစ်ယောက် ဟာ လက်ပြန်ကြိုး အတုပ် ခံထားရတယ် .... အဲဒီ လူဟာ တောင်စောင်း တစ်ခု က နေ ချောက် ထဲ ကို လိမ့်ကျသွားတယ် အဘ ... သူ ဟာ ဆွဲမိဆွဲရာ ဖမ်းဆွဲဖို့ ပဲ ၊ ဒါပေမဲ့ သူ့ လက် ကြိုး နဲ့ အတုပ် ခံထားရတော့ ဆွဲလို့ မရဘူးပေါ့ အဘ ရယ် .. ၊ ဒါပေမဲ့ အဲဒီလို အကျမှာ ပဲ တောင်စောင်း မှာ ပေါက် နေတဲ့ သစ်ပင်တစ်ခု နဲ့ တိုး မိတော့ သစ်ကိုင်း တစ်ခု ကို ပါးစပ် နဲ့ လှမ်းပြီး ကိုက်ထားမိ တယ် ... ၊ အဲဒီတော့ သူ ဟာ တောင်အောက် ကို မကျတော့ဘူး ပေါ့ ... ၊
အောက်မှာ လည်း ကျောက်တုံး အချွန်တွေ က အများကြီးပဲ ၊ အပေါ် ကို ထောင် နေတယ် တကယ်လို့ သူ ကျသွားတော့ ကျောက်တုံးအချွန်တွေ ကို ဝင်ပြီး ဆောင့်မိမှာ ပဲ ... မရှုမလှ သေရ မှာ ပဲ ၊ ကျောက်တုံး အချွန်တွေ ကြား က ကျားတစ်ကောင် ဟာ လည်း သူ ကျလာရင် စားဖို့ ပါးစပ်ကြီး ဖြဲပြီး အပေါ် ကို မော့ပြီး စောင့်နေတယ် ... ၊
ဒါကြောင့် သူ ဟာ သစ်ကိုင်း ကို မြဲမြဲ ကိုက်ထားရတယ် ၊ သူ ကိုက်ထားတဲ့ နေရာ ရဲ့ အထက် နား မှာ လည်း စိမ်းလန်းစိုပြည် သန့်ရှင်းတဲ့ သစ်ရွက်ကလေး တစ်ရွက်ရှိတယ် ... ၊ အဲဒီ သစ်ရွက်ကလေး ရဲ့ အပေါ်တည့်တည့် မှာ က ပျားအုံ တစ်အုံ ရှိတယ် ... ၊ အဲဒီ ပျားအုံ က ပျားရည်တွေ ယိုစိမ့်ပြီး စောစောက ပြောတဲ့ သစ်ရွက်ကလေး ပေါ်ကို တစ်ချက်ချင်း ကျနေတယ် ... ၊ ဆက်တိုက် တော့ မဟုတ်ဘူး ... ၊ မိနစ်ဝက် လောက် နေမှ တစ်စက်လောက် ကျတာ ၊ အဲဒီ သစ်ရွက် ပေါ် ကနေ တစ်ဆင့် ပျားရည်စက်ကလေး ဟာသူ့ ပါးစပ် ထဲ ကို လှိမ့်ပြီး ဆင်းလာတယ် .. ၊ အဲဒီတော့လည်း သူ ဟာ ချိုမြိန်တဲ့ အရသာ ကို ခံစားရရှာ တယ် ... ၊
ဒါကိုပဲ သူ က အကျေနပ်ကြီး ကျေနပ်နေတယ် ... ၊ ဒုက္ခအားလုံး ကို မေ့နေတယ် ၊ သူ့ ဒုက္ခ က မသေးဘူးနော် ... ၊ အန္တရာယ် က လည်း မနည်းဘူးနော် ... ၊ သူ ကိုက် ထားတဲ့ သစ်ကိုင်း ရဲ့ အရင်း ဘက် မှာ ကြွက်ဖြူလေး တစ် ကောင် နဲ့ ကြွက်မည်းလေး တစ်ကောင် ဟာ သစ်ကိုင်း ကို မနားတမ်း ကိုက်ဖြတ် နေကြတယ် ၊ အဲဒီ အချိန်မှာ ပဲ တောင်စောင်း ပေါ် ကနေ လူတစ်ယောက် က သူ့ ကို မြင် သွားတယ် ... ၊ အဲဒီ လူ က ... သူ့ ကို ကယ်ဖို့ မေ့နေတယ် .... ၊ ဒီလူ ကလည်း အကြောင်းအရာ တစ်ခု ကို အငမ်းမရ သိချင်နေတယ် ... ၊ လူ တွေ့တာနဲ့ မေးမယ် ဆိုပြီး အားခဲထားရတာ ၊ သူ့ ကို လည်း တွေ့ရော ဒီ လူက မေးပါလေရော ...
သစ်ကိုင်း ကို ကိုက်ပြီး ဆော့နေ တဲ့ မိတ်ဆွေ ... အရိမေတ္တယျ မြတ်စွာဘုရား ပွင့်ဖို့ ဘယ်နှ ကမ္ဘာ လိုသေးလဲဗျ .. ၊ သိပ် မလိုတော့ဘူး မဟုတ်လား ... ၊ တစ်ကမ္ဘာ ဆိုတဲ့ အချိန်ကာလ မှာ နာရီပေါင်း ဘယ်လောက် ရှိသလဲဗျာ ... ကျုပ် အထင် တော့ အချိန် သိပ် မစောင့်ရတော့ဘူးလို့ ထင်တယ် ... အဲဒီ တော့ သစ်ကိုင်း ကို ကိုက်ပြီး ကြိုးတန်းလန်း ဖြစ်နေတဲ့ လူ က အကြာကြီး မဟုတ်ဘူး .. ကိုယ့် လူရေ ၊ အချိန်ကာလတွေ စောင့်ရဦး မှာ လို့ ဖြေလိုက်ချင် တယ် ... အဲဒီလို ဖြေလိုက်ရင် လည်း ဒီ လူ ဟာ ပြုတ်ကျပြီး မရှုမလှ သေသွားမှာ ပဲ ဒါမှမဟုတ် ...”
“ ဟုတ်တယ် ကိုယ့်လူ ရေ အရိမေတ္တယျ မြတ်စွာဘုရား ပွင့်ဖို့ သိပ်မစောင့်ရတော့ဘူး... ” လို့ ဖြေလိုက်ရင် လည်း ဒီ လူ ဟာ ပြုတ်ကျပြီး သေသွားမှာ ပဲ ... ၊ သူ့ အဖို့ ကတော့ ဘာကို မှ မပြောသင့်တဲ့ အချိန်ပဲ ... ဖြေတာ နဲ့ မှားပြီ ၊ ပြုတ်ကျပြီး သေမှာ ပဲ ... ” ဟု အီတလီမ က ရှည်လျားစွာ ပြော၍ သူ ၏ ပုံ ကို အဆုံးသတ် လိုက်လေ၏ ။
ထိုအခါ ကျွန်ုပ် က ...
“ အတော်လာတဲ့ အီတလီမ ပဲ .... ၊ နင် ပြောတဲ့ ပုံပြင်လေး ကို ငါ ကြား ဖူးပါတယ် ... ၊ ဘဝ ဆိုတာ သရုပ်ဖော် ထားတာပဲ ... စိတ်မချ ရတဲ့ ရှင်သန်မှုမှာကတ်သီးကတ်သတ် ကျလာတဲ့ ပျားရည်လေး တစ်စက် နဲ့ ကျေနပ်မေ့လျော့ နေရတယ် .... ကိုက် ထားတဲ့ သစ်ကိုင်း ရဲ့ အရင်း ကို ကြွက်ဖြူလေး တစ်ကောင် နဲ့ ကြွက်မည်းလေး တစ်ကောင် က ကိုက်ဖြတ်နေတယ် ဆိုတာကလည်း နေ့ နဲ့ ည အချိန်ကာလ ကို တင်စားထားတာပါ .. ” ဟု ပြော၍ ၎င်း သောက်ရန် အတွက်ရေနွေးကြမ်း တစ်ခွက် ကို ငှဲ့ ၍ ပေးလိုက်လေ၏ ။
ထိုအခါ အီတလီမ က ရေနွေးကြမ်း တစ်ခွက် ကို ကျေကျေနပ်နပ် ကျိုက်ချလိုက်ပြီးလျှင် ...
“ ဘာကိုမှ မဖြေတာ အကောင်းဆုံးပဲ ဆိုတာ ကိုတော့ အဘ လက်ခံသွားပြီလား ... ” ဟု ကျွန်ုပ် အား ပြုံးစစ မေး လိုက်လေတော့၏ ။ ထို့ကြောင့် ကျွန်ုပ် လည်း သူ ၏ စကား ကို ပြန်၍ မဖြေတော့ ဘဲ မုန့်ဟင်းခါး ကို ဆက်၍ စားနေလေ၏ ။
ထိုအခါ အီတလီမ က ...
“ အဘ က လည်း မဖြေတော့ဘူး ပေါ့ ... ” ဟု ပြောဆိုကာ တခစ်ခစ် ရယ်လေတော့၏ ။
ထို့နောက် ကျွန်ုပ် အတွက် ချုပ် လာသော လက်ကိုင်ပဝါလေး တစ်ထည် ကို ကျွန်ုပ် အား လက်ဆောင် ပေးလေ၏ ။ ထို လက်ကိုင်ပဝါလေး ၏ ထောင့်တွင် လည်း ပိုးချည်အနီ ဖြင့် အောက်ပါ စာ ကို ထိုးထားလေ၏ ။
“ အဘ နှပ်သုတ်ဖို့ သမီးအီတလီမ ရဲ့ ပရဲဆင့် အမြဲ ဆောင်ပါလေ ဒါ မှ အဆောင်အစစ် ”
ကျွန်ုပ် သည် ထို စာကို ဖတ်ပြီးနောက် ..
“ ခွေး,မ ... ငါ က လူတွေ ကို အဆောင်တွေ ပေးနေတာ ကို နင် က လာပြီးချွတ်တာပေါ့လေ... ” ဟု ပြောလိုက်ရာ ...
အီတလီမ က ပြုံး ၍ ......
“ အဘ ပေးတဲ့ အဆောင်တွေ က မဆောင် လည်း ရပါတယ် သမီး ပေးတဲ့ အဆောင် က တော့ ဆောင် ကို ဆောင်ရမယ်နော် ... မဆောင်ဘဲ နေရင် တကယ်လို့ နှပ်ချေး ထွက်လာရင် ဘယ်လို လုပ် မလဲ ... ” ဟု ပြောဆိုရယ်မောကာ ကျွန်ုပ် ၏ အဝတ်အစားဟောင်းများ ကို သိမ်းဆည်း၍ လျှော်ဖွပ်ပေးရန် ယူသွားလေတော့သတည်း ။
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ
ဖတ်စရာဂျာနယ်
အမှတ် ( ၁၃ )
၂၉ - ၃ - ၂၀၀၅
No comments:
Post a Comment