❝ ပေတလူ၏ ဂမ္ဘီရနည်းလေး တစ်ခု နှင့် ဒေါ်ယုယ ❞
( မင်းသိင်္ခ )
တစ်နေ့သ၌ ရွှေပြည်သာ မြို့နယ် ၊ ဇီးကုန်းကျေးရွာရှိ သုံးပင် နှစ်ခန်းအိမ်ကလေးတွေ နေထိုင်သော အသက်ငါးဆယ်အရွယ် ဒေါ်ယုယ ဆိုသည့် အဒေါ်ကြီးသည် ရေနွေးကို ပွက်ပွက်ဆူအောင် တည်၍ လက်ဖက်နှင့် အကြော်များကို ထည့်ကာ ရေနွေးကြမ်းကို အကျအန အရသာခံ၍ သောက်နေလေ၏ ။ ထိုအချိန်၌ ၎င်း၏ အိမ်နှင့် မျက်စောင်းထိုးလောက်တွင် နေထိုင်သော ပေတလူ ဆိုသည့် အသက် ( ၁၂ ) နှစ် ၊ ( ၁၃ ) နှစ်အရွယ် သူငယ်လေးတစ်ဦးသည် ထို အဒေါ်ကြီး၏ အိမ်ရှေ့မှ ဖြတ်၍ လျှောက်သွားလေ၏ ။
ထိုအခါ ထိုအဒေါ်ကြီး ...
“ ဟေ့ ... သူငယ် ၊ ဟေ့ ... သူငယ် ”
ဟု ခေါ်လိုက်လျှင် ပေတလူ ဆိုသည့် သူငယ်လေးသည် အိမ်ပေါ်သို့တက် လာပြီး ..
“ ဘာလဲခင်ဗျ .. ”
ထိုအခါ ဒေါ်ယုယကြီးက ...
“ ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်ကလေး တိုက်ချင်ကျွေးချင်လို့ပါ ... ” ဟု ပြောလိုက်ရာ ...
၎င်း ပေတလူ က ပြုံးလေ၏ ။
“ အဒေါ်ကလည်း ဗျာ .. ၊ ကျွန်တော့်ကို ဧည့်ကောင်းဆောင်ကောင်းကျနေတာပဲ ... ” ဟု ပြောကာ ဒေါ်ယုယကြီး၏ လက်ဖက်ရည်စားပွဲ အနီးတွင် ဝင်၍ ထိုင်လေ၏ ။
“ သူငယ်ကလေးကို အဒေါ်က ဧည့်ကောင်းဆောင်ကောင်းလိုပဲ သဘောထားပါတယ် ... ” ဟု ပြောကာ ရေနွေးကြမ်းပန်းကန်တွင် ရေနွေးထည့်ပေးလေ၏ ။
ထို့နောက် ဒေါ်ယုယကြီး က ..
“ ရွာထဲမှာ မင်းနာမည်ကို လူတိုင်း သိတယ် .... ၊ မင်းအဖေနဲ့ မင်းအမေကို လူတိုင်း မသိဘူး ... ၊ ဒီရွာမှာ ရှိတဲ့ လူတွေ အားလုံးဟာ ပေတလူ ဆိုတဲ့ နာမည် မပါရင် စကား မပြောတတ်သလိုပဲ ... ၊ မင်းဟာ အတော်ကို နှံ့စပ်တဲ့ ကလေးလို့ သိရတယ် ၊ အဲဒါကြောင့် မင်းနဲ့ မိတ်ဆွေဖြစ်ချင်လို့ လက်ဖက်ရည်ကြမ်း ခေါ်တိုက်ပြီး မိတ်ဖွဲ့တာပါ ” ဟု ပြောလေ၏ ။
ထိုအခါ ပေတလူ က ...
“ အဒေါ်ကို ကျွန်တော် ဘာကူညီရမလဲ ပြောပါ ... ” ဆိုလေ၏ ။
ထိုအခါ ဒေါ်ယုယ က
“ ဒီလို ပေတလူ ရဲ့ ၊ အဒေါ်က ဒီမှာ အိမ်ကလေးတစ်လုံး ဝယ်ပြီး လာနေတာ ၊ နေစရာ အိမ်မရှိလို့ မဟုတ်ဘူး ၊ ဟိုး ... သင်္ဃန်းကျွန်း အလွန် ငမိုးရိပ်ရပ်ကွက် ၊ ငမိုးရိပ် ချောင်းကမ်းပါးမှာ အဒေါ် မှာ ခြံကြီးတစ်ခြံ ရှိတယ် ၊ ခြံကြီးက တစ်ဧကခွဲလောက် ကျယ်တယ် ၊ ခြံထဲမှာလဲ နှစ်ထပ် ပျဉ်ထောင်အိမ်မည်းမည်းကြီး တစ်လုံးလည်း ရှိတယ် ၊ အဒေါ့် ယောက်ျား မဆုံးခင် ကတော့ ခြံ သန့်ရှင်းဖို့ မာလီတွေ ဘာတွေနဲ့ အကျအန နေခဲ့တာပေါ့ ၊ ဒါပေမဲ့ အဒေါ့်ယောက်ျားလည်း ဆုံးရော အဒေါ်လည်း တစ်ယောက်တည်း မနေဝံ့တော့ဘူး ၊ ယောက်ျားအလုပ်သမားတွေလည်း မငှားဝံ့တော့ဘူး ၊ အဲဒါကြောင့် ဒီမှာ အိမ်ကလေးတစ်လုံး ဝယ်ပြီး လာနေတာ ၊ အဒေါ့် အခက်အခဲ ကတော့ သားထောက်သမီးခံ မရှိဘူး ၊ တစ်ကောင်ကြွက်ပဲ ၊ အဒေါ့် ဘဝ အတွက် အထောက်အကူပြုမယ့် ၊ အကူအညီပေးမယ့် လူတစ်ယောက် လိုချင်တယ် ... ၊ ယောက်ျားကလေးပဲ ဖြစ်ဖြစ် ၊ မိန်းကလေးပဲ ဖြစ်ဖြစ် ဘဝဖော်ပေါ့ကွယ် ၊ နောက်တစ်ခု ကတော့ အဲဒီအိမ်ကြီးနဲ့ ခြံကြီးကို ရောင်းပစ်ချင်တယ် ၊ နောက်တစ်ခုက မြန်မာပြည်အနှံ့မှာ ရှိတဲ့ ဘုရားစုံကို ဖူးချင်တယ် ၊ ဒါပါပဲကွယ် ... ” ဟု ပြောလေ၏ ။
ထိုအခါ ပေတလူ က ...
“ အဒေါ့်ခြံနဲ့ အိမ်ကြီးက ရောင်းလို့ မထွက်ဘူးလား ... ” ဟု မေးလိုက်လေ၏ ။
“ မထွက်ပါဘူး ... မောင်ပေတလူရယ် ၊ ပွဲစားလည်း အပ်ထားတယ် ၊ မေးမယ့်လူတောင် မရှိဘူး ၊ ခြံကြီးက အပင်တွေနဲ့ မှောင်ပိတ်နေတော့ လူတိုင်း ကြောက်ကြတယ်ကွယ့် ... ပြီးတော့ အိမ်ကြီးကလည်း အိမ်ဟောင်းကြီး ဆိုတော့ သရဲခြောက်မှာ ကြောက်ကြတာပေါ့ ၊ ရုပ်ရှင်ရိုက်တဲ့ လူတွေကတော့ လာပြီး ငှားကြပါတယ် ၊ သူတို့က လူဆိုးတွေ နေတဲ့ အိမ်အဖြစ် ... ဒါမှမဟုတ် သရဲခြောက်တဲ့ အိမ်အဖြစ် ရိုက်ကြမှာ ၊ အိမ်နဲ့ ခြံ နာမည်ပျက်မှာ စိုးလို့ မငှားပါဘူး ” ဟု ဒေါ်ယုယ က ပြောလိုက်လေ၏ ။
ထိုအခါ ပေတလူ က ...
“ ဒီလိုလုပ်ပါလား အဒေါ်ရယ် ၊ ပုတီးကို အဓိဋ္ဌာန်နဲ့ စိပ်ပြီး ဆုတောင်းပါလား ... ” ဟု ပြောလိုက်ရာ ...
ဒေါ်ယုယကြီး က ...
“ အောင်မယ်လေး မောင်ပေတလူရယ် ၊ ဟောဟိုက ဘုရားစင်မှာ ချိတ်ထားတဲ့ သစ်ကနက်ပုတီးက အဒေါ် စိပ်တာပေါ့ ... အဒေါ်က ပုတီးသမားပါ ကွယ် ... ” ဟု ပြောလေ၏ ။
ထိုအခါ ပေတလူ က ...
“ ပုတီးက စိပ်နေရင်တော့ ကုသိုလ်တော့ ရတာပေါ့ .. အဒေါ်ရယ် ” ဟု စကားစလိုက်ရာ ...
ဒေါ်ယုယကြီးက ...
“ ပုတီးကို စိပ်ရုံ မစိပ်လို့ ဘာလုပ်ရဦးမှာတုန်း ... မောင်ပေတလူရဲ့ ပြောစမ်းပါဦး ... ” ဟု ပြန်၍ မေးလေ၏ ။
“ ဒီလို အဒေါ်ရဲ့ ... ပုတီးစိပ်တဲ့ အခါမှာ ဂမ္ဘီရသဘော ထည့်လိုက်မှ လိုအင်ဆန္ဒတွေ ပြည့်ဝမှာ .... ဂမ္ဘီရပညာမှာ သော့ချက် နှစ်ခုရှိတယ် ၊ တစ်ခုက အတည်ပြုခြင်းလို့ ခေါ်တယ် ၊ တစ်ခုက အာရုံပြုခြင်းလို့ ခေါ်တယ် ၊ အဒေါ့် အနေနဲ့ ကုသိုလ်ရအောင် သမာဓိတည်အောင်လို့ ကြိုက်တဲ့ ပုတီးကို စိပ်နိုင်ပါတယ် ၊ အဲဒီလို ပုတီးစိပ်ပြီးတဲ့ အခါမှာ အဒေါ်ရောင်းချင်တဲ့ ခြံနဲ့ အိမ်ကြီး ဘယ်နှရက် အတွင်း ရောင်းထွက်သွားပြီ ဆိုတာ ပါးစပ်နဲ့ ရွတ်ရမယ် ၊ အဲဒီလို ရွတ်ဆိုတဲ့ အခါမှာလည်း ခြံနဲ့ အိမ်ကြီးကို ရောင်းရလို့ ဘုရားဖူးကားကြီးနဲ့ လိုက်သွားပြီး ဘုရားတွေ လျှောက်ဖူးနေပြီလို့ အာရုံထဲမှာ မြင်အောင် စိတ်ကူးရတယ် ၊ ပြီးတော့ အဒေါ်နဲ့ အဖော်အဖြစ် နေမယ့်လူ တစ်ယောက်လည်း ရပြီလို့ ထည့်ပြီး အာရုံပြုရမယ် ၊ အဲဒီလို လုပ်လိုက်မယ် ဆိုရင် အဒေါ် ဖြစ်ချင်တာတွေ ဖြစ်လိမ့်မယ် ” ဟု ပေတလူက ပြောလေ၏ ။
ထိုအခါ ဒေါ်ယုယကြီး က .....
“ မောင်ပေတလူ ပေးတဲ့ အကြံအတိုင်း လုပ်ကြည့်မယ် ... ” ဟု ပြောလေ၏ ။
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး ရက် ( ၄၀ ) ခန့် ကြာသောအခါ၌ ဒေါ်ယုယကြီး၏ ခြံနှင့် အိမ်ကို သရဲခြောက်သော အိမ်ကြီး ပြုလုပ်၍ ဝင်ကြေးဖြင့် အလုပ်လုပ်စားမည့် လူများ လာရောက် ဝယ်လေတော့၏ ။ ၎င်းတို့သည် ခြောက်လှန့်သော အသံများကို ဆောင်းဘောက်များဖြင့် စီမံလေ၏ ။ ခြောက်လှန့်သော အရုပ်များကိုလည်း ခလုတ်များဖြင့် စီမံလေ၏ ။ ထို့နောက် တစ်ခါ ဝင်ကြည့်လျှင် တစ်ဆယ်နှုန်း သတ်မှတ်လေ၏ ။ လူအမြောက်အမြား လာရောက်၍ အားပေး ကြည့်ရှုကြလေ၏ ။
ဒေါ်ယုယကြီး ကိုမူ ခြံနှင့်အိမ် အတွက် သိန်း ( ၂၀၀ ) ကျော် ပေးလိုက်လေ၏ ။ ဒေါ်ယုယကြီး သည် လက်ဝတ်လက်စားအချို့ ဝယ်၏ ။ ကျန်သော ငွေကို ဘဏ်တွင် အပ်၏ ။ ထို့နောက် ငွေထုပ် ပိုက်ပြီး ‘ နန်းဦးလှိုင် ’ ဘုရားဖူးယာဉ်ဖြင့် မြန်မာပြည်အနှံ့ ဘုရားဖူး လိုက်သွားလေ၏ ။ ၎င်း၏ ထိုင်ခုံတွင် ကပ်လျက်ကျသူမှာ တိုင်းရင်းဆေးဆရာတစ်ဦး ဖြစ်၏ ။ ဒေါ်ယုယကြီးနှင့် သက်တူရွယ်တူဖြစ်၏ ။ ထိုဆေးဆရာကြီး၏ အမည်မှာ ‘ ဆရာဦးနိုင်အေး ’ ဟူ၍ ဖြစ်၏ ။ ၎င်း ဆရာဦးနိုင်အေး သည် ဒေါ်ယုယကြီး ရေငတ်လျှင် ရေသန့်ပုလင်း ဆင်း၍ ဝယ်ပေး၏ ။ ဒေါ်ယုယကြီး ခေါင်းမူးသည် ဆိုလျှင် ပရုပ်ဆီဘူး ဆင်း၍ ဝယ်ပေး၏ ။
ဒေါ်ယုယကြီးက လေတိုက် မခံနိုင်သောကြောင့် နေရာချင်းလဲ ထိုင်ပေး၏ ။ ၎င်းတို့ နှစ်ဦးသည် လွန်စွာ ရင်းနှီးသွားကြလေ၏ ။ အလိုတော်ပြည့်ဘုရားသို့ ရောက်သောအခါ၌ ခေတ္တနားကြရာတွင် ၎င်းတို့ နှစ်ဦးသည် တရားရုံးသို့ သွားရောက်၍ အကြင်လင်မယား အဖြစ် ပေါင်းသင်းရန် လက်မှတ်ထိုး လိုက်ကြလေ၏ ။ နန်းဦးလှိုင်ဘုရားဖူးကားပိုင်ရှင် ကိုစံခြူး က သက်သေအဖြစ် လိုက်ပါခဲ့လေ၏ ။
ထို့နောက် ကားပေါ်တွင် ပါလာသော ခရီးသည် များအားလုံးအား ဒေါ်ယုယကြီး က ပုဂံမြို့သစ် ရှိ ထနောင်းရိပ်မြန်မာထမင်းဆိုင်တွင် ထမင်းကျွေးလေ၏ ။ ထမင်းကျွေးပြီးသောအခါ ရေခဲမုန့်များ ပါ မှာ၍ ကျွေးလေ၏ ။
ဘုရားဖူးမှ ပြန်လာသော အခါ၌ ဒေါ်ယုယကြီး က လမ်းထိပ်ရှိ အခန်းတစ်ခန်းကို ဝယ်ယူလိုက်၏ ။ ထိုအခန်းတွင် ဆရာ ဦးနိုင်အေး အား တိုင်းရင်းမြန်မာဆေးကုခန်း ဖွင့်လှစ်ပေးလိုက်လေ၏ ။
ထို့နောက် ပေတလူ နှင့် ဒေါ်ယုယကြီး တွေ့သောအခါ၌ ...
ပေတလူ က ...
“ ဘုရားဖူး ပြန်ပြီးမှ အဒေါ့်မျက်နှာကို ကြည့်ရတာ နှစ် ( ၂၀ ) လောက် ပြန်ငယ်သွား သလိုပဲ ... ” ဟု ပြောလိုက်ရာ ...
ဒေါ်ယုယကြီး က ...
“ မှန်တာပေါ့ .... မောင်ပေတလူ ရယ် ၊ အဒေါ့် ရင်ထဲမှာ ရှိတဲ့ အလိုတွေ ပြည့်သွားတာပေါ့ ၊ အဒေါ် လည်း နုပျိုပြီး ကျန်းမာသွားတာကိုး ... ၊ အရင်ကတော့ တရှောင်ရှောင်ပဲ မောင်ပေတလူရေ ... ” ဟု ပြောရာ ...
ပေတလူ က ...
“ မကျန်းမာမှာလည်း မပူပါနဲ့ တော့ အဒေါ်ရယ် ... ၊ အနားမှာ ဆေးဆရာ ရောက်နေပြီပဲ ... ၊ ကျွန်တော်တို့ တိုင်းရင်းဆေးတွေ က သိပ်ပြီး စွမ်းတာ ၊ ဆေးထိုးအပ် မပါဘဲ အဒေါ့် မှာ ရှိတဲ့ ရောဂါတွေကို ပျောက်အောင် ကုပေးနိုင်ပါတယ်... ” ဟု ပြောလိုက်ရာ ...
ဒေါ်ယုယကြီး က ရှက်ကိုးရှက်ကန်းဖြင့် ရယ်လေ၏ ။
“ ဟီ ... ဟိ ”
သဗ္ဗေသတ္တာ ကမ္မသကာ
▢ မင်းသိင်္ခ
📖 ဖတ်စရာဂျာနယ်
အမှတ် ( ၂၂ )
၁၄ - ၆ - ၂၀၀၅

No comments:
Post a Comment