Thursday, September 29, 2022

ချစ်ခဲ့ဖူးပါသည်


 

❝  ချစ်ခဲ့ဖူးပါသည်  ❞

အိမ် ကို စာတိုက် မှ တစ်ဆင့် ဖြတ်ပိုင်းလေး ရောက်ရှိ လာသည် ။ ရူပဗေဒ အဓိက ဟူသော ပုံနှိပ်စာလုံး က ထင်ထင်ရှားရှား ပါပဲ ။ ရင် ထဲ နွေးခနဲ ဖြစ်ခဲ့ရသည် ။

တက္ကသိုလ် တက်ဖို့ ယူ ရမယ့် အဓိက ဘာသာတွဲ ကို သိခွင့် ရခဲ့ပြီ ဆိုတော့ စက်ဘီး ကို အပြင်း နင်းပြီး နွယ် တို့ အိမ် ဘက် ထွက် ခဲ့သည် ။

သူ့ ကို မြင်တော့ နွယ် က ပြေးထွက် လာခဲ့သည် ။

“ ဖိုးစံ နင် ဘာမေဂျာ ရလဲ ... ”

“ ဖီးဆစ် နင် ကော ... ”

နွယ့် မျက်နှာ တစ်ချက် ညှိုး သည် ။

“ ဟယ် နင် က ဖီးဆစ် ၊ ငါ က ဇူး ရတယ် ... ”

“ ဟား ဟား ဟား ... ”

“ နင် ဘာ ရယ်တာလဲ ”

“ နင့် ကို အစတည်း က ငါ ပြောသားပဲ ။ နင့် အမှတ် က နည်းတော့ နင် ဇူး ပဲ ရ မှာပါလို့ ... ”

“ အေးပါ ၊ ခုတော့ နင် ပြောတာ မှန် နေပြီပေါ့ ၊ ဒါပေမဲ့ ဟာ ငါ က နင် နဲ့ မေဂျာ အတူ ဖြစ်ချင်တာ ၊ ဒါမှ ဟိုဒင်း ငါ လည်း အဖော် ရတာပေါ့ ... ”

“ အမယ်လေး ဟာ ဒါများ ဟိုရောက်ရင် နင့် မှာ သူငယ်ချင်း အသစ်တွေ အများကြီး ရဦး မှာ ... ”

“ ဒါတော့ ဒါပေါ့ ဟာ ... ”

သည်တုန်းက နွယ့် မျက်လုံးတွေ စိုစွတ် နေတာ ကို အမှတ်တမဲ့ ဥပေက္ခာ ပြုခဲ့သည် ။

တက္ကသိုလ် ရောက် တော့ နွယ် နဲ့ သိပ် မဆုံဖြစ်တော့ ။ မေဂျာ က လည်း မတူ ၊ အတန်း က လည်း မတူ နဲ့ လူချင်း ကွဲ သွားခဲ့သည် ။ တစ်ခါတစ်ရံ မှသာ သွားရင်း လာရင်း လမ်း မှာ ဆုံဖြစ်ခဲ့သည် ။ သည်လို ဆုံလေတိုင်း နွယ့် မျက်နှာ ထက် မှာ အားတက်ရွှင်လန်း တဲ့ အပြုံးပန်းလေးတွေ နဲ့ သူ့ ကို လှိုက်လှိုက်လှဲလှဲကြီး ကို နှုတ်ဆက် စကား ပြောတတ်သည် ။

သူ မှ နေထိုင်ရာ သစ္စာဆောင်သို့ လာခဲ့ ဖို့ အကြိမ်ကြိမ် အခါခါ ခေါ် လေတိုင်း “ အင်းပါ ” လို့ အလွယ်တကူ ခေါင်း ညိတ် ခဲ့ပေမယ့် တစ်ခါ မှ မရောက်ဖြစ်ခဲ့ ။

သစ္စာ ကို မရောက်ခဲ့ပေမယ့် နောက်ပိုင်း မှာ ရွှေမန်းဆောင် ကို ခြေရာချင်း ထပ် ခဲ့ပါပြီ ။

သူ့ ရဲ့ အချစ် ကို လက်ခံ ခဲ့သော မေဂျာ တူ ၊ အတန်း တူ ၊ တောင်ကြီး သူ ‘ မေသူဝင်း ’ က ရွှေမန်းဆောင် က မို့ ပါပဲ ။

မေသူ ရဲ့ အချစ် ကို ရခဲ့စဉ်က သူ ရင် ထဲ ပျော်တယ် လို့ ကို ဘယ် မဆုံးနိုင် ။ ကျောင်း မှာ လိုချင် သူ တွေ ဝိုင်းဝိုင်း လည်နေတဲ့ အလှဘုရင်မ ဘွဲ့ ရထားတဲ့ မေသူ လို မိန်းမချော မိန်းမလှ က သူ့ လို လူ ကို ရွေးချယ်ခဲ့ပြီ ဆိုတော့ ကိုယ့် ကိုယ် ကို “ ငါကွ ” လို့ပင် ဟစ်အော် ခဲ့မိသည် အထိ ပျော်မြူး ခဲ့ရသည် ။

သူငယ်ချင်း အပေါင်းအသင်းတွေ ရဲ့ အလယ် မှာ မျက်နှာ ပွင့် ခဲ့သည် ။ မေသူ နဲ့ တတွဲတွဲ တွဲ ခဲ့လေတိုင်း မြင်သူတကာ ရဲ့ မျက်လုံးတွေ မှာ အားကျတဲ့ အရိပ်လက္ခဏာတွေ က ယှက်သန်း လို့ ပါပဲ ။

ပျော်တပြုံးပြုံး နဲ့ မဆုံးနိုင်တဲ့ အချစ် သံသရာ ထဲ မှာ တဝဲလည်လည် နစ်မျောရင်း အချိန်တွေ ကုန် ခဲ့ရသည် ။

မေသူ နဲ့ ချစ်သူ ဘဝ ရောက်ပြီးတဲ့ နောက် နွယ် နဲ့ လုံးဝ ကို မဆုံခဲ့လေတော့ ။ မဆုံတာ မှ သွားရင်း လာရင်း တောင် မဆုံတော့ ။ မဆုံအောင် တမင်ပဲ ရှောင် နေခဲ့တာလား မဆိုနိုင် ။

မဆုံတော့ လည်း သူ့ ရင် ထဲ ဘာမှ မဖြစ် ။ မေ့မေ့ပျောက်ပျောက် ပဲ နေ ခဲ့သည် ။

ည ဘက် မှာ ဆာ တတ်တဲ့ ချစ်သူ အတွက် သည် တစ်ညမှာ တော့ ခေါက်ဆွဲကြော် တစ်ထုပ် ကို ညစောင့် တံခါးမှူး ဆီ အခန်း နံပါတ် နဲ့ နာမည် ပါ တဲ့ စာရွက်ကလေး နဲ့ အတူ သွား ပို့ခဲ့သည် ။

အဲသည်က အပြန် မှောင်ရိပ်ထဲ ငိုသံ ကြားလို့ သွား ကြည့်တော့ တမာပင်ကြီး ကို ဖက်ပြီး တဟီးဟီး နဲ့ ငိုကြွေး နေတဲ့ အဆောင် က သူငယ်ချင်း တစ်ယောက် ကို သွား တွေ့သည် ။

ဘေး က အဖော် နှစ်ယောက် က ဝိုင်းပြီး ဖျောင်းဖျ နေကြသည် ။

"ဟ .. ကိုသန်းဝင်း ဘာ ဖြစ်လို့လဲ ... ”

သူ့ အသံ ကို ကြားတော့ ရှိုက်ကြီးတငင် ငို နေတဲ့ ကိုသန်းဝင်း ရဲ့ ခန္ဓာကိုယ် က ဆတ်ခနဲ တွန့်ပြီး သူ့ ဆီ လှည့် လာသည် ။

သူ့ ကို မျက်ရည်လည်ရွဲ နဲ့ ကြည့်ပြီး

“ ကိုစံဝင်းမောင် ကျွန်တော့် ကို ကယ်ပါဦး ဗျာ... ခင်ဗျားတို့ မြို့ က နွယ်နွယ်စိုး က ကျွန်တော့် ကို မချစ်နိုင်ဘူးတဲ့ ဗျာ ... ဒီနေ့ ပဲ အဖြေ ပေး လိုက်တယ်ဗျာ အဲဒါ .…. အဲဒါ ဟီး .... ”

ပြောရင်း နဲ့ ပိုပြီး ဝမ်းနည်းလာပုံ ရသည် ။ ဟီးခနဲ ငို ချလိုက်ပြန်သည် ။

သည်တော့မှ နွယ် ရဲ့ ပုံရိပ်လွှာက သူ့ မျက်လုံး ထဲ ဝင် လာခဲ့သည် ။ ဘာမှန်း မသိ ၊ ရင်ထဲ ထိတ်ခနဲ ဖြစ် လာခဲ့ရသည် ။

“ ကိုစံဝင်းမောင် ကျေးဇူးပြုပြီး နွယ်နွယ်စိုး ကို လိုက် ပြောပေးပါလား ဗျာ ... ”

စကား မြန်မြန် ဖြတ် လိုသည်ကြောင့်

“ ကောင်းပြီလေ .. ကျွန်တော် ပြော ပေးပါ့မယ် ။ မိုး လည်း ချုပ်နေပြီ ... ကိုသန်းဝင်း ပြန်အိပ် လိုက်ပါ ... ”

“ ဟုတ်တယ် ကိုစံဝင်းမောင် ကျွန်တော် တို့ လည်း ဒါပဲ ပြော နေတာ ။ မိန်းကလေး ဆို တာတော့ ဒီလိုပဲ ငြင်း ကြမှာပဲ ... ဒါ သဘာဝ ပဲ ကိုယ် က ဇွဲ ရှိရှိ နဲ့ လိုက်ဖို့ပဲ လိုတာ ဟုတ်တယ် မဟုတ်လား ဗျာ ”

“ ဟုတ်တာပေါ့ … ဒါပေါ့ ... ဒါပေါ့ ”

သည်တုန်း က နွယ့် အတွက် စိုးရိမ် စိတ်လား ။ နှမြော တဲ့ စိတ်လား မဝေခွဲနိုင် ။ ရင် ထဲ မှာ ဝေဒနာ တစ်ရပ် က တကယ်ကို ပေါ်ထွန်း ခဲ့ပါသည် ။ .

တစ်နေ့ ကန်တင်း မှာ မေသူ နဲ့ ထိုင်ပြီး လက်ဖက်ရည် သောက် နေဆဲ ဆိုင် ထဲ ဝင်လာတဲ့ စုံတွဲ ကြောင့် သူ လန့် သွားသည် ။

သူ့ ကို မြင်တော့ နွယ် က ထိတ်လန့်တကြား နဲ့ ရှက် သွားပုံ ရသည် ။ ခေါင်းလေး ကို ငုံ့ သွားရှာသည် ။ သည်မှာ ပါလာတဲ့ လူ က ပိုင်စိုးပိုင်နင်း နဲ့  နွယ့် လက်မောင်းအိုး ကို ဆုပ်ကိုင်ပြီး လွတ် နေတဲ့ စားပွဲ ဆီ ခေါ်သွားသည် ။

သူ့ ပုံစံ ကို ကြည့် ပြီး မေသူ ဒေါပွသည် ။

“ မောင် … ဒါက ဘာ ဖြစ်ရတာလဲ ”

“ မဟုတ်ဘူး မေသူ ... အဲဒိ မိန်းကလေး က မောင် တို့ မြို့ က မောင့် သူငယ်ချင်း အရမ်းအေး တာ သူ နဲ့ တွဲ လာတဲ့ ကောင် က လူရှုပ် လူပွေ ၊ အဲဒီ ကောင် ကို မောင် သိ တယ် ”

မေသူ ရဲ့ မျက်နှာ တင်းခနဲ ဖြစ်သွားပြီး ဒေါသမျက်လုံး တွေ နဲ့ သူ့ ကို ကြည့်သည် ။

“ အဲဒါနဲ့ မောင် နဲ့ ဘာဆိုင်လဲ ၊ သူတို့ ကိစ္စ နဲ့ သူတို့ ၊ မောင် က အနေသာကြီး ပါ ၊ ဘာလဲ မောင်က မကျေမနပ် ဖြစ် နေလို့ လား ၊ ဘေး မှာ မောင် သိပ်ချစ်တဲ့ မေသူ တစ်ယောက် လုံး ရှိ နေတယ်လေ မောင် မောင် က ဒါ ဘာသဘောလဲ ”

မေသူ ဒေါပွ သွားသည် ။ သူ ဘယ်လိုမှ ရှင်းပြ လို့ မရတော့ ။ ဝုန်းခနဲ ထ ရပ် ၊ လွယ်အိတ် ကို ဆတ်ခနဲ ကောက်ကိုင် ၊ နေရာ က ချာခနဲ လှည့်လျက် ထွက်ပြေး တော့သည် ။

ဘယ်လိုမှ ချော့ လို့ လည်း မရ ၊ ပြော ပြ လို့လည်း မရ ၊ အရမ်း ကို စိတ်ညစ် သွားခဲ့သည် ။

တစ်ပတ်လောက် စိတ်ကောက် ပြီး မှ သူ့ ကို သနားလို့ ဆိုပြီး မေသူ က ပြန် ခေါ်သည် ။

သို့ပေတည့် စည်းကမ်းချက်တွေ ထုတ် လာသည် ။ သူမ က လွဲလို့ တခြား ဘယ် မိန်းကလေး ကို မှ မကြည့်ရ ၊ မရောရ ၊ မပြောရ စသည် ဖြင့် သူ သဘော တူခဲ့သည် ။

တစ်နေ့ အတန်း တက် ဖို့ တစ်ယောက် တည်း ထွက် လာရင်း တစ်မြို့ ထဲ က သူငယ်ချင်းမလေးတွေ နဲ့ လမ်း မှာ တွေ့သည် ။ နွယ် တစ်ယောက် နေမကောင်းလို့ တက္ကသိုလ်ဆေးရုံ မှာ တင် ထားရသည် တဲ့ ။

ဆိုတော့ ထိတ်ခနဲ ရင်ထဲ တစ်ချက် ပူပြီး ဘယ်လို က ဘယ်လို ဆေးရုံ ကို ရောက်သွားမှန်းတောင် မသိ လိုက် ။ ရောက်တော့ နွယ် က ခုတင် ထက် မှာ မှိန်း နေသည် ။ အဖော် စောင့် ပေးနေတဲ့ ကျောင်းသူ က နွယ့် ကို ဧည့်သည် ရောက်နေတယ် ဟု လှမ်း ပြောသည် ။

သည်မှာ နွယ့် မျက်လုံး အစုံ ပွင့်လာသည် ။ သူ့ ကို မြင်တော့ နွယ့် မျက်လုံးအိမ် ထဲ က မျက်ရည်တွေ က တလိမ့်လိမ့် စီးထွက် လာသည် ။

သူ ဘာလုပ်ရမှန်း မသိတော့ ။

“ နွယ် နွယ် မငိုနဲ့လေ ၊ ငါ ရောက် လာပြီပဲ နင် ဖြစ်နေတာ ငါ မသိလို့ပါ ဟာ ၊ နင် ဆေးရုံ တက် နေတာ ဒီနေ့ မှ ငါ သိတယ် ”

ငို နေတဲ့ နွယ့် မျက်နှာ ထက် ရှားပါးတဲ့ အပြုံးရိပ်လေး တစ်ခု ဖြတ်သန်းသည် ။

“ ရပါတယ် ဟာ ၊ ခုလို လာတာ ကျေးဇူး တင်ပါတယ် ။ ငါ လည်း နေကောင်း နေပါပြီ ၊ နက်ဖြန် ဆို ဆေးရုံ က ဆင်းရတော့ မှာပါ ”

“ ဘာပဲ ဖြစ်ဖြစ်ပေါ့ဟာ ကျန်းမာရေး ကို တော့ ဂရုစိုက်ပါ ။ ဒါပေမဲ့ နင် ဘာပဲဖြစ်ဖြစ် ဘာမှတော့ အားမငယ်ပါ နဲ့ ၊ နင့် ဘေး မှာ ငါ အမြဲ ရှိ နေမှာပါ ”

နွယ့် ပါးစပ်ကလေး ပွင့်ဟ သွားသည် ။ အံ့သြသွားပုံ ရသည် ။ အားတက် သွားသည့် လက္ခဏာ ၊ နွယ့် မျက်နှာ ထက် သွေးရောင် နဲ့ ရဲတက် လာခဲ့သည် ။

နွယ် လက်အစုံ ကို ဆုပ်ကိုင်လိုက်ပြီး အားပေးစကားတွေ အများကြီး ပြော ဖြစ်ခဲ့သည် ။

သည် မှာ သတိ ရ လာပြီး တစ်ခါက ကန်တင်း မှာ ဆုံခဲ့တာနဲ့ ပတ်သက် လို့ ပွင့်ပွင့်လင်းလင်းပဲ မေးမြန်း ဖြစ်ခဲ့သည် ။

နွယ် က ချက်ချင်းပဲ ငြင်းချက်ထုတ်သည် ။ သူမ နဲ့ ထို သူ နဲ့ ဘာမှ မဖြစ်ကြကြောင်း နဲ့ အဲသည် နေ့ က လက်တွေ့ လုပ်ပြီး အပြန် မှာ ကန်တင်း မှာ တစ်ခုခု စားဖို့ အတင်း ခေါ်တာ နဲ့ အားနာပါးနာ လိုက် ခဲ့ရတာပါ ဆိုပြီး ပြူးတူးပြဲတဲ နဲ့ ရှင်းပြ ရှာသည် ။

ပြီးတော့ ထို သူ နဲ့ က ခုံနံပါတ်ချင်း က လည်း ကပ်လျက် ၊ တစ်ခန်းထဲ သားချင်း တွေ ဖြစ်နေလို့ ဖိတ်ခေါ်မှု ကို မငြင်းသာဘဲ သူမ ဘက် က ရိုင်း သွားမှာ စိုးတာ နဲ့ ပဲ လိုက်ဖြစ်သွားခဲ့တာပါ လို့ သနားစဖွယ် ရှင်းပြနေသည် ။

ဆိုတော့မှ ပဲ သူ့ ရင် ထဲ မှာ ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့ရသည် ။ နောက်နောင် အဲလို လူ နဲ့ ဘယ် ခေါ်ခေါ် မလိုက်ဖို့ မှာရသည် ။ အဲသည် လူ က စရိုက် မကောင်းတဲ့ လူ မို့ နွယ့် အတွက် စိုးရိမ်ကြောင်း ပြော ဖြစ်ခဲ့သည် ။

သူမ အတွက် စိုးရိမ်တကြီး နဲ့ အနေအထိုင် အသွားအလာ ဆင်ခြင်ဖို့ တတွတ်တွတ် မှာနေတာ ကို ကြည့်ပြီး နွယ့် ရင် ထဲ မှာ တသိမ့်သိမ့် နဲ့ ကြည်နူး ခဲ့ရပါသည် ။

နွယ် က သူမ အတွက် စိတ်ချရန် နှင့် ဘယ် ယောက်ျားလေး ရဲ့ အချစ် ကို မှ လက်မခံပါဘူး လို့ ပင် ရဲရဲကြီး ကတိ ပေးလိုက် သေးသည် ။

နွယ့် ဆီ က ကတိ တစ်လုံးကြောင့် သူ့ စိတ် ထဲ တစ်မျိုးကြီး ဖြစ်ခဲ့ရသည် ။

သည်သို့ သည်ပုံ နဲ့ ပဲ စာမေးပွဲကြီး လည်း စစ်ပြီးခဲ့ပြီ ၊ ကျောင်းသူ ကျောင်းသား တွေ အားလုံးလည်း ကိုယ့် မြို့ ကိုယ့် ဒေသ ဆီ ပြန် ကုန်ကြပြီ ။

အောင်စာရင်း တွေ ထွက်တော့ သူတို့ အားလုံး အောင်ကြပါသည် ။ နောက်ဆုံး နှစ် ပြီးခဲ့ပြီမို့ ဘွဲ့ တစ်ခု စီ ကိုယ်စီ ပိုက် ခဲ့ကြပါပြီ ။

ချစ်သူ နဲ့ ခွဲခွာ နေရတာ ကြာပြီမို့ တစ်ခါတည်း လက်ထပ် ယူဖို့ သူ ဆုံးဖြတ်သည် ။ ဒါကြောင့် နွယ့် ကို ဖွင့် ပြောပြပြီး တောင်ကြီး ကို သူ ထွက်ခဲ့သည် ။

သို့သော် ...

တောင်ကြီး ရောက် သွားတော့ မျှော်လင့်ချက်တွေ ပျောက် ဆုံး ကုန်သည် ။ မေသူ က အတွေ့ ပင် မခံတော့ ။ ခြံ တံခါးဝ က လှည့် ပြန်ရတာ မနည်းတော့ ။ တည်းခိုခန်း မှာ တစ်ယောက် တည်း ငေါင်တောင်တောင် နဲ့ ရူးချင်ချင် ဖြစ် လာသည် ။

နောက်ဆုံး အကြောင်း သိ သူငယ်ချင်း တစ်ယောက် ဆီ မှာ အကူအညီ တောင်းပြီး မေသူ နဲ့ တွေ့ ဖို့ ကြိုးစား ရသည် ။ ဒါက နောက်ဆုံး ကြိုးစားခြင်း လို့ စိတ် ထဲ ယတိပြတ် ချမှတ်သည် ။

မေသူ နဲ့ တွေ့ခွင့် ရခဲ့သည် ။ ပုံစံတွေ အချိုးတွေ က အံ့သြစရာ ကောင်း လောက်အောင် လုံးဝ ကို ပြောင်းလဲ နေသည် ။ သူမ နဲ့ ချစ်သူ ဘဝ မှာ နှစ်ကိုယ်တူ ကြည်ဖြူ ခဲ့ပါသည် ဆိုတာ ကို တောင် ဘယ်လို ပြောရမှန်း မသိလောက်အောင် သူစိမ်း တွေ ဆန် ပြခဲ့သည် ။

မေသူ ရဲ့ စကားလုံးတွေ က ပြတ်သားသည် ။ မာကျောသည် ။ ရက်စက်လွန်းသည် ။

ပြီးခဲ့တာတွေ မေ့ ပစ်လိုက်ပါတဲ့ ၊ သူမ ကတော့ အိပ်မက် တစ်ခု လို့ ပဲ သဘော ထားလိုက်ပါသည် တဲ့ ။ နယ်စပ် က လုပ်ငန်းရှင် တစ်ဦး နဲ့ မကြာမီ ခမ်းခမ်းနားနား လက်ထပ်တော့မည်တဲ့ ။ ကျေးဇူးပြု၍ မနှောင့်ယှက်ပါနဲ့ တဲ့ ။

ခံစားချက် ကင်းမဲ့စွာ ပြောစရာ ရှိတာ ဒိုးဒိုးဒေါက်ဒေါက် ပြောချပြီး နှုတ်ပင် မဆက်ဘဲ ပြန် သွားခဲ့သည် ။ ရိုင်းလိုက်လေခြင်း ရယ် လို့ စိတ် ထဲ မှာ တဆတ်ဆတ် နာကြည်း ခဲ့ရသည် ။

သည်တော့ ယောက်ျား မာန က ထောင်းခနဲ ထ လာသည် ။ သွားစမ်းပါ ၊ ဒါမျိုး ဖြစ် လာမှတော့ ကိုယ့် လမ်း ကိုယ်လျှောက် ကြရုံ ပဲပေါ့ ။

ချက်ချင်းပဲ တောင်ကြီး က ပြန်ချလာခဲ့သည် ။ ကိုယ့် ကို မချစ်တော့လို့ စွန့်ခွာ သွားတဲ့ မိန်းမတစ်ယောက် အတွက် ဘာမှ ကြေကွဲ နေစရာ မလို ။

သူမ ပြောခဲ့သလို မေ့ပစ်ခြင်းသည် သာ အကောင်းဆုံး ပါပဲ ။ စိတ် ကို တင်းခဲ့သည် ။

အပြန် ခရီး မှာ စိတ် ကို အံ့သြဖွယ် ထိန်းကျောင်း နိုင်ခဲ့သည် ။ ဘာမှ မဖြစ်သလိုပါပဲ ။

စီး လာတဲ့ ခရီးသည် ပို့ဆောင်ရေး ကား က ဇာတိ မြို့ ကို ရောက်လာသည် ။ ကားဂိတ် မှာ ငြိမ့်ခနဲ ထိုး ရပ်လိုက်သည် နှင့် ခရီးဆောင်အိတ် ကို ပခုံး မှာ ချိတ်ဆွဲ ပြီး ကား ပေါ် က ဆင်းသည် ။

သည်မှာ မလှမ်းမကမ်း မှာ စက်ဘီးလေး နဲ့ ရပ် နေတဲ့ နွယ့် ကို လှမ်း တွေ့သည် ။ ဆိုတော့ သူ့ မှာ အံ့သြ သွားရသည် ။ နွယ့် ကို လှမ်း ကြည့်ရင်း တစ်လှမ်းချင်း လျှောက် သွားခဲ့သည် ။ နွယ် က အားငယ် စိုးရွံ့စွာ မဝံ့မရဲ နဲ့ ငေး ကြည့်ရင်း လျော့ရဲ တဲ့ အပြုံး တစ်စ နဲ့ ဆီးကြိုရှာသည် ။

နွယ့် ရှေ့ မှာ မားမားမတ်မတ် ရပ် သည် ။ နွယ် နဲ့ အကြည့် ချင်း ဆုံ လိုက်သည် ။ နွယ့် မျက်လုံး ထဲ မှာ တစ်စုံတစ်ရာ ကို ရှာဖွေ ကြည့်သည် ။

မျက်လုံး ဆို သည် က စိတ် ၏ ပြတင်းပေါက် ပဲ မဟုတ်လား ။ သည်မှာ ပဲ သူ လိုချင်သည့် အဖြေ တစ်ခု ကို ရ လိုက်သည် ။ နွယ် လက်ဖဝါး နုနုလေးတွေ ကို ဆုပ်ကိုင် လိုက်သည် ။ နွယ့် လက်ချောင်းလေးတွေ တဆတ်ဆတ် တုန် လို့ပါလား ။

______________________

တက္ကသိုလ်စိုးနောင်

ရုပ်ရှင်သစ္စာမဂ္ဂဇင်း
အမှတ် (  ၂၃၀  )
၂ဝဝဝ ပြည့်နှစ် ၊ နိုဝင်ဘာလ

#ကိုအောင်နိုင်ဦး

No comments:

Post a Comment