Showing posts with label စံပယ်ဖြူနု. Show all posts
Showing posts with label စံပယ်ဖြူနု. Show all posts

Saturday, July 18, 2026

အရံအတားများ အကြောင်း စကားစမြည်


❝ အရံအတားများ အကြောင်း စကားစမြည် ❞
          ( စံပယ်ဖြူနု )

တစ်ရက်တုန်းက ဝရန်တာက ခုံမှာ ကျွန်မ ရည်ရွယ်ချက်မဲ့ ထိုင်နေခဲ့သည် ။ စာဖတ်ရန်လည်း မဟုတ် ။ သီချင်း နားထောင်ရန်လည်း မဟုတ် ။ လက်ကိုင်ဖုန်းနှင့် အင်တာနက် အသုံးပြုရန်လည်း မဟုတ် ။ ထိုင်ရုံသက်သက်ပါပဲ ။ သို့သော် ငေးခြင်းအမှု ပါတာတော့ ထည့်ပြောရလိမ့်မည် ။ တကယ်ပင် ကျွန်မသည် ဝရန်တာကို ကျော်လွန်၍ မြင်နေရသည့် တိုက်တာများ ၊ သစ်ပင်တို့၏ အဖျားအနား ၊ ကောင်းကင် တစ်ဝက်တစ်ပျက် ၊ ထိုကောင်းကင်မှာ လွင့်မျောသည့် တိမ်မျှင် တိမ်ငွေ့တန်းတို့ကို ငေးနေမိသည် ။ ပထမတော့ ဆိုခဲ့သလို ရည်ရွယ်ချက်မဲ့ ငေးရာက နောက်တော့ အပိတ်အကာနှင့် ဘောင်အကွပ်များ မပါသည့် မြင်ကွင်း ရှင်းလှပုံကို နှစ်လို စိတ်ဝင်လာသည် ။ ကျွန်မတို့ ဝရန်တာမှာ သံပန်းမှ မကာပါဘဲကိုး ။ အကယ်၍များ သည်နေရာမှာ သံပန်းကွက်များ ပိတ်ကာထားလျှင်တော့ ကျွန်မသည် စတုရန်းပုံ ၊ ထောင့်မှန် စတုဂံပုံ အကွက်အကွက်များကို စိတ်စနိုးစနောင့်ဖြစ်ဖွယ် ကြားခံကာ စောစောက ပြောခဲ့သည့် တိုက်တာ ၊ သစ်ပင် ၊ ကောင်းကင် ၊ တိမ်တို့ကို မြင်ရလိမ့်မည် ။ ဝရန်တာထောင့်သို့ သွားကာ အနောက်အရပ်သို့ မျှော်ကြည့်လျှင်လည်း ပုဇွန်တောင်ချောင်းရေပြင်ကို ခုလို ရှင်းလင်းစွာ မြင်ရလိမ့်မည် မဟုတ် ။ အမြင်တော့ ပြောင်းလှချည့် မဆိုသာသော်လည်း မူလမြင်ကွင်းကို တစ်စုံတစ်ရာနှင့် ဘောင်ခတ် ကန့်သတ်လျက် မြင်လိုက်ရတာကို ကျွန်မ ဘယ်တုန်းကမှ နှစ်ခြိုက်စရာ မထင်ခဲ့ပါ ။ ဥပမာ ... အိမ်အတွင်းဘက်က ပြတင်းများလိုပေါ့ ။

အိမ်အတွင်းဘက်က ပြတင်း တံခါးအားလုံးသည် ခုတော့ သံပန်းများနှင့် ဖြစ်သော်လည်း သည်အိမ်ဆီ ပြောင်းစ နှစ်တုန်းကတော့ သံပန်း ကာရံဖို့ စိတ်ကူး ကျွန်မမှာ မရှိခဲ့ပါ ။ အဆောင်သူ ဘဝတုန်းက အခန်းထဲက မျှော်ကြည့်လျှင် သံပန်းပိတ်ကာ မြင်ရသော မြင် ကွင်းကို မုန်းစိတ်ဝင်၍ “ ငါ့အိမ်ကျရင်တော့ ပြတင်းပေါက် ဟင်းလင်းထားမယ် ” ပြောခဲ့ဖူးသည် ။

တကယ်လည်း စိတ်ကူးနောက် ကောက်ကောက်ပါခဲ့ပါသည် ။ ပွင့်ရှင်းလှသော ရှေ့တူရူမြင်ကွင်းက ကောင်းကင် ၊ မိုးတိမ်တို့ကို နှစ်လိုခဲ့သည် ။ သို့သော် ထိုနှစ်လိုမှုသည် ကြာကြာမခံခဲ့ ။ ခင်ပွန်းသည် ခရီးသွားသည့် သုံး ၊ လေး ရက်တာကာလတွင် တံခါးများ ပိတ်ထားခြင်းမှအပ မည်သည့် အကာအရံမှ ထပ်ဆင့် ရှိမနေသော အခန်းထဲ မလုံခြုံမှုကို ကျွန်မ စတင်ခံစားသိလာပါသည် ။ ပထမညတွင် တစ်ညလုံး အိပ်ပျော်သည် မရှိ ။ ချောက်ချားစိတ်သည် ခန္ဓာအနှံ့ပိုးပုရွက်များ တရွရွ တက်သည့် သဖွယ် အနေရခက်လှသည် ။ ကိုယ်ပိုင် မီတာမရှိသေး၍ ပန်ကာလောက်သာ သုံးခွင့်ရှိရာ ပြတင်းတံခါးကို မဖွင့်ဘဲလည်း မထားနိုင် ။ ပူလှသည် ။ ဖွင့်ပြန်တော့လည်း စိတ်က မလုံ ။ ထိုပြတင်း တံခါးကနေ တစ်စုံတစ်ယောက် ကျူးကျော်လာတော့ မလို ၊ အိမ်ရှေ့တံခါးကိုပဲ တစ်ဦးဦးက ခိုးဖွင့်တော့မလို ၊ ရိုးရိုး တံခါးတစ်ချပ်သာ ချက်ထိုးပိတ်ထားရသည့် နောက်ဖေးတံခါးကပဲ လူဝင်လာတော့ မလိုလို ။ တွေးပြန်တော့လည်း မီးခိုးကြွက်လျှောက် ဆုံးပဲ မဆုံးနိုင် ။ နောက်ဆုံးတော့ အတွေးတို့သည်အကြောက်တရား ဘူတာမှာသာ တန့်ပြီ ။ ဘယ့်နှယ်များ ဖြစ်ရတာပါလိမ့် ။

အသေအချာ လည်ပြန်တွေးတော့ ထိုသို့ထိုနှယ် အခန်းတစ်ခန်း ( အိမ်တစ်အိမ် ) ထဲတွင် တစ်ယောက်တည်း နေဖူးသော အတွေ့အကြုံမျိုး ကျွန်မမှာ မရှိခဲ့ဖူးတာ အမှတ်ရလာသည် ။ ဒါကြောင့်များလား .. ။ သည်လို စဉ်းစားပြန်တော့လည်း မဟုတ်သေး ။ နောက်တော့မှ အဖြေက ရေးရေးပေါ်စ , ပြုသည် ။ သတင်းစာ ၊ ဂျာနယ်များက ဖြစ်စေ ၊ လူမှုကွန်ရက်က ဖြစ်စေ ဖတ်မိနေသော သတင်းဆိုးများ ၊ လုံခြုံရာအခန်းထဲ နေလျှင်ပင် ကျူးကျော် ဝင်ရောက်လျက် လုယက်သ,တ်ဖြတ်ခံရမှု သတင်းများသည် ကျွန်မ၏ စိတ်ရေပြင်ကို နောက်ကျိစေသော အကြောင်းအရင်းတစ်ခု ဖြစ်လိမ့်မည် ။

သည်အတွေ့အကြုံနှင့်ပင် ကျွန်မသည် ပြတင်းတံခါးများကို ပြတင်းတံခါးပီပီ အရံအတားမဲ့ ဟင်းလင်းထားရေးမူကို လက်လျှော့ကာ ရန်ကုန်မြို့က အများသူငါ အခန်းတို့လိုပင် သံပန်းများ တပ်လိုက်ရပါတော့သည် ။ အိမ်နောက်ဘက် တံခါးချပ်ကိုလည်း သံပန်းတစ်ထပ် ရံလိုက်ရပါသည် ။ သက်မဲ့သာဖြစ်သော သံပန်းကွက်တို့က သက်ရှိ ကျွန်မ အတွက် စိတ်လုံခြုံမှု အနည်းနှင့်အများ ပေးနိုင်ပုံမှာ တွေးကြည့်လျှင်တော့ နာနာကျင်ကျင် ရယ်မောချင်ဖွယ် ဖြစ်သည် ။ သည်အတိုင်းသာ ဆိုလျှင်တော့ ကျွန်မ၏ အိမ်နှင့် ပတ်သက်သော ဒုတိယ စိတ်ကူးလေး ဖြစ်မြောက်လာပါတော့မလား ။ ကျေးလက်တွင် ဝင်းနှင့်ခြံနှင့် နေထိုင်ကြီး ပြင်းလာရသော ကျွန်မမှာ ဝါသနာအတွက် ရန်ကုန်မှာ အခြေချရတော့လည်း ဝင်းနှင့် ခြံနှင့် နေလိုစိတ်က ကပ်ပါးကောင်လို စိုက်စိုက်ပါဆဲ ။ သို့သော်ငြားလည်း ကိုယ်က မတတ်သာသူ မဟုတ်လား ။ အခြားအခြား သော အိမ်ထောင်ဦးတို့လို တိုက်ခန်းမှာသာ တစ်ခဏနေပျော်ဖို့ ကြိုးစားရသည် ။ အိမ်အိပ်မက်ကတော့ မက်မဆုံး နိုးမထ လိုသေး ။

“ တစ်နေ့ကျရင် ငါ ခြံဝင်းလေးနဲ့ နေမယ် ၊ ပြီးရင် ငါ့ခြံကို သစ်သားခြံစည်းရိုးနဲ့ ကာမယ် ။ အဲဒီ ခြံစည်းရိုးမှာ ပန်းပင်လေးတွေ စိုက်မယ် ” ဟု စိတ်လို လက်ရရှိလျှင် ချစ်ခင်သူတို့ထံ ပြောခဲ့ဖူးသည် ။ ဒါသည် ကျွန်မ၏ တစ်ဆင့်တိုး အိမ် အိပ်မက် ။ အမှန်တော့ ထိုအိပ်မက်သည် ကျွန်မ၏ ငယ်ဘဝမှာ အခြေခံလေသည် ။ ငယ်စဉ်ဘဝတစ်လျှောက်လုံး ကြီးပြင်းနေထိုင်ခဲ့ရသည့် ဝန်းကျင်မှာ အိပ်မက်၏ အခြေခံ အကြောင်းတရား ။

ကျွန်မတို့ ရွာက အိမ်များတွင် ခြံစည်းရိုးဆိုတာသည် နေရာ ဧရိယာ သတ်မှတ်ထားရုံထက် မပိုပါ ။ ခြံစည်းရိုးအများစုမှာ ဝါးကို ကျဲကျဲ သို့မဟုတ် စိပ်စိပ်ကာသော စည်းရိုးများဖြစ်သည် ။ ခြံဝင်းဝ တံခါးကတော့ ဝါးလုံးတစ်လုံးစာ အပေါက်များ ထွင်းဖောက်ထားသည့် သစ်သားတိုင်များ ဟိုဘက် ဒီဘက် စိုက်လျက် ဝါးလုံးရှည် လေး ၊ ငါးလုံးကို တစ်ပေအကွာစီဖြင့် ကန့်လန့် အနေအထား ပိတ်အပ်သော တံခါးများ ဖြစ်သည် ။ အချို့ခြံများတွင် ဝါးကပ် တံခါးများ ဖြစ်သည် ။ တံခါးနှစ်မျိုး စလုံးကတော့ အလွယ်တကူ ဖွင့်လိုက်ရုံ ပါပဲ ။

ငယ်တုန်းက နေခဲ့သည့် ခြံမှာတော့ စည်းရိုးမှာ ခပ်ကျဲကျဲ ဝါးစည်းရိုးဖြစ် သည် ။ စည်းရိုးတစ်လျှောက် သစ်ပင်များ ခပ်ခွာခွာ စိုက်ထားပုံကို ခုထိပင် စိတ်မှာ စွဲနေဆဲ ။ ရှည်လျားလှပသော ယူကလစ်ပင် ၊ ညောင်ပင် ၊ လဲမှို့ပင် ။ နောက် ပြောင်းရွှေ့ပြန်သော ခြံမှာမူ အဖေသည် သံဆူးကြိုးကျဲကျဲ ကန့်လန့် ဖြတ်တန်းကာ ထိုကြိုးများပေါ်မှ ဝါးခြမ်းပြားငယ်များ စီသည် ။ သစ်ပင်များကိုလည်း စည်းရိုးမှာ စိုက်မြဲစိုက်သည် ။ ခြံတံခါးမှာတော့ ဝါးလုံးတံခါး ။ မည်သည့် သော့ခလောက်မျှ မရှိ ။ အခြား တစ်ပါးခြံများမှာလည်း ထို့အတူ ။ဝင်း တံခါးမှာသာ သော့ခလောက် မရှိတာ မဟုတ် ၊ နေ့လယ်နေ့ခင်းဘက် အနီးအပါး ခဏသွားလျှင် အိမ်တံခါးများကို သော့ခတ်စရာ မလို ။ လူမရှိလည်း အိမ်တံခါးများ ၊ ပြတင်းများ ဖွင့်ထားနိုင်သည် ။ ညဘက်ကျတော့မှသာ ချက်ချ အိပ်ကြမည် ။ အချို့လည်း တံခါးပင် မပိတ်တာ ရှိသေးသည် ။ ခြံစည်းရိုးပင် ကောင်းကောင်းမွန်မွန် ကာရံမထားကြတာလည်း ရှိပါသေးသည် ။

တကယ့် တကယ်တော့လည်း ခြံစည်းရိုးကို ဘယ်လိုပင် ကာသည်ဖြစ် စေ ၊ တံခါးကို ဘယ်လိုပုံစံ ထားသည် ဖြစ်စေ ပြောခဲ့သလို ဧရိယာ သတ်မှတ် ရုံထက် မပို ။ ဥပမာ ဆိုကြပါစို့ .. ။ ခြံရှေ့က ဖြတ်သွားသူ တစ်ဦးဦးသည် အိမ်ပေါ်သို့ လှမ်းကာ “ ဆရာမကြီး ” ဟု အသံပြုမည် ။ အမေက အသံလှမ်းမတုံ့လျှင် ၊ လူရိပ်လူခြည်လည်း မမြင်လျှင် သူ့ဘာသာ တံခါးဖွင့်ကာ ခြံထဲဝင်မည် ။ ခြံထဲ ပွင့်နေသည့် ပန်း သို့မဟုတ် အသင့် ချက်ပြုတ်နိုင်မည့် အနေအထားရှိသော မုန်ညင်းရွက် ၊ ချဉ်ပေါင်ရွက် ၊ ဆူးပုပ် ၊ ရှောက်သီးတို့ကို ခူးဆွတ်မည် ။ တံခါး ဟင်းလင်း ဖွင့်ထားသည့် အိမ်ပေါ်သို့မူ ယောင်၍မျှ ခြေချလိမ့်မည် မဟုတ် ။ ထိုသူ ပြန်ထွက်လျှင်လည်း ခြံတံခါးကို မူလအတိုင်း ပြန်ပိတ်ပေးခဲ့မည် ။

အမေ ပြန်ရောက်လာ၍ သိရလျှင်လည်း ဒါသည် အမေ့အတွက် အံ့ဩစရာ မဟုတ် ။ ကြားရသူ အဘယ်သူ့ အတွက်မျှလည်း အဆန်းတကြယ် မဟုတ် ။ အမေသည်လည်း သူနှင့် သိကျွမ်းသူများ၏ ခြံသို့ ထိုသို့ထိုပုံပင် ခြံတံခါး မရှိသည့်သဖွယ် လွတ်လပ်စွာ ဝင်ထွက်လျက် ဟင်းရွက် ၊ ပန်းပွင့် ခူးဆွတ်ပါလိမ့်မည် ။

ငယ်စဉ်ကတော့ ခြံတံခါး အလွယ် ဖွင့်ကာ လိုအပ်သမျှ ဆွတ်တာကိုပဲ မြင်သည် ။ ကြီးပြင်းလာတော့ တစ်ဦး နှင့် တစ်ဦးအကြားက ယုံကြည်မှု ၊ ပတ်ဝန်းကျင်က ပေးအပ်သည့် လုံခြုံစိတ်ချရမှုကို မြင်လာပါသည် ။ ခေါင်းအုံးပေါ် ခေါင်းချချိန် အပူအပင်မရှိ ခေါင်းပြားအောင် အိပ်ခွင့်ရသော ပတ်ဝန်းကျင်လောက် မက်မောစရာကောင်းတာ ဘာများ ရှိပါမည်နည်း ။

ကျွန်မသည် တိုက်ခန်းအမြင့် ဝရန်တာမှ လမ်းပေါ်သို့ ကျော်ကြည့်ရင်းပင် အဝေးက အိမ်ဝင်းခြံကို တရေးရေး မြင်နေမိပါသည် ။ မိဘများ၏ အိမ်ခြံသာ မကသေး ခရမ်းဖျော့ရောင် ပန်းပွင့်သေးသေးလေးများ ပွင့်သည့် စည်းရိုးပင်များသာ ကာရံထားသော အဘွား၏ ခြံကိုလည်း မြင်လာပြန်ပါသည် ။ ယခု အရပ်မှာတော့ ကျွန်မ စိတ်ကူးယဉ်ထားသော ခြံစည်းရိုးသည် အမှန်တကယ် သရုပ်ပေါ်လာပါ့မလား ။

မြို့ပြမှာ ကျင်လည်စကတော့ တိုက်ကြီးတာကြီး လှပခမ်းနားသည်နှင့်အမျှ စည်းရိုးအကာအရံများ လိုက်ပါ မြင့်မားကြပုံကို အံ့အားသင့်ခဲ့ပါသည် ။ အုတ်တံတိုင်းများသည် လူတစ်ရပ်ပင် မက ။ ခြေဖျားထောက်ကြည့် လျှင်ပင် အတွင်းကို မြင်ရမည်မဟုတ် ။ အုတ်တံတိုင်း တစ်ခုတည်းလားဆိုတော့လည်း မဟုတ် ။ အပေါ်မှာ သံဆူးကြိုး အခွေအခွေများ ဆင့်လိုက်ပါသေးသည် ။ အချို့က တစ်ဆင့် ၊ အချို့က နှစ်ဆင့် လောက် ။ အချို့အုတ်တံတိုင်းများမှာတော့ မှန်ကွဲစများ စိုက်ထားလိုက်သေးသည် ။ အုတ်တံတိုင်းကလည်း မြင့်မား ထူထဲလိုက်သမှ အထဲမှာ ဘယ်သို့သော ပန်းပင်များ စိုက်ပျိုးထားမှန်းပင် မသိနိုင် ။ ခြံတစ်ခြံ မြင်ရလျှင် ခြံဝင်းအလှအပကို သူတို့ ဘယ်လိုလုပ်ပါလိမ့် ၊ မြက်ခင်းကို ဘယ်လို ဖန်တီးထားသလဲ ၊ နှင်းဆီ စိုက်သလား ၊ စံပယ် စိုက်သလား ၊ ရွက်လှ ၊ ပိန်းပန်း ပါရဲ့လား ၊ သစ်ခွများ ချိတ်ဆွဲထားသေး သလား စသဖြင့် စပ်စုချင်သော ကျွန်မမှာ ပိန်းပိတ်ပိတ် စည်းရိုးများကို အံ့အား သင့်ရသည် ။ ဘယ့်နှယ်ပါလိမ့် ။

လင်းပွင့်ရှင်းလင်းသည့် စည်းရိုးများနှင့် နေသားကျခဲ့သော ကျွန်မ အတွက်တော့ မြင့်မားထူထဲလျက် အရံအတား များလှသော စည်းရိုးများမှာ စိမ်းသက်လှသည် ။ ပျော်မွေ့ဖွယ် ဝင်းခြံဟုလည်း မထင်မြင် ။ ကျွန်မသာဆို နေလိုမည် မဟုတ် ။ သိပ်စိတ်ကျဉ်းကျပ် မှာပဲ ။ သူတို့ ဘယ်လိုများ နေကြပါသလဲ ။ အံ့သြစရာ .. ။

အတိတ်ကို လည်ပြန်တွေးလက်စနှင့်ပင် အတွေးပြုံးတစ်ခု ကျွန်မ ပြုံးလိုက်မိသည် ။ ခုတော့လည်း တစ်ချိန်က အံ့အားသင့်ဖွယ်များသည် မဆန်းသော အရာများ အဖြစ် ရွေ့လျောခဲ့ပြီ ။ ကျွန်မ အတွက် မြင့်မားသော ၊ မြင်ရုံနှင့် အသည်းထိတ်စဖွယ် ဖြစ်ရသော စည်းရိုးများသည် အံ့သြဖွယ် မဟုတ်တော့ ။ ခြံတံခါးကို သော့တစ်ထပ် ခတ် ၊ အိမ်တံခါးကို သော့အထပ်ထပ် ခတ်ရပုံသည်လည်း ပြောစမှတ်ပြုဖွယ် မဟုတ်တော့ ။ ပြတင်းတံခါးများ သံပန်းကာရံ ရပုံမှာလည်း အဆန်းလုပ်ဖွယ် မဟုတ်တော့ပါ ။

စည်းရိုးများ သို့တည်းမဟုတ် အရံအတားများသည် မိမိဘာသာ ဖန်တီးယူရသည့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ဖြစ်ပုံကို သိခဲ့ပြီ ။ အမှုအခင်း လျော့ပါးသော လူ့အဖွဲ့အစည်း ဟုတ် ၊ မဟုတ် ၊ တစ်ကိုယ်ရေစာ သို့မဟုတ် မိသားစု လုံခြုံစိတ်ချမှုအတွက် အာမခံချက် ရှိ ၊ မရှိ အကဲဖြတ်နိုင်ပုံနှင့် တစ်နည်းနည်း ပတ်သက်နေကြောင်း သိတတ်ခဲ့ပြီ ။ မြို့ပြမှာ ကျွန်မ ဖြတ်သန်း ကျင်လည်သည့် ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း စည်းရိုးတို့ ပိုမိုခိုင်ခံ့ မြင့်မားလာပုံကိုလည်း နားလည်တတ်ခဲ့ပါပြီ ။

ကျွန်မ တစ်ဦးတည်းပင်လျှင် စိတ်ကူးအတိုင်း ထပ်တူကျအောင် မနေနိုင်ခဲ့ ။ “ ဘယ်တော့မှ မလုပ်ဘူး ” ကြွေးကြော်ခဲ့သည့် ကြားက ပြတင်းတံခါးတို့ကို သံပန်း ကာခဲ့ရပြီ ။

“ ငါ့ခြံကို အုတ်တံတိုင်း ကာရင်တောင် ရိုးရိုးနိမ့်နိမ့်ပဲ ကာမယ် ” ။ မကြာခဏ ပြောဖူးသော်လည်း နောက်နောင် ထိုစကားလည်း တည်ပါဦးမလား ။ ဆူးကြိုးခွေလိပ်သော ၊ မှန်စိုက်သော အုတ်တံတိုင်းများ ခတ်ရသူ ၊ တံခါး အထပ်ထပ် ပိတ်ရသူတို့မှာလည်း ကျွန်မလို အိမ်စိတ်ကူးမျိုး မရှိ မပြောနိုင် ။ နိုင်ငံရပ်ခြားက ဝင်းခြံများလို သစ်သားစည်း ရိုးအလှလေးများ ခါးမရှိတရှိ သို့မဟုတ် ခါးသာသာ ကာရံကာ အိမ်နှင့် ပန်းပင် သစ်ပင်အလှကိုသာ ဦးစားပေးထားသည့် ခြံမျိုး ဖန်တီးလိုစိတ် သူတို့မှာ ရှိကောင်းရှိလိမ့်မည် ။ ကျွန်မတို့ ရွာကလို ၊ မြန်မာနိုင်ငံ အရပ်ရပ်က ကျေးလက် အိမ်ဝင်းခြံများလို ရိုးရိုးစင်းစင်း စည်းရိုးများ ကာရံလျက် ၊ ဝင်းခြံတံခါး သော့မခတ်ဘဲ ထားလျက် ပေါ့ပေါ့ပါးပါး နေထိုင်လိုစိတ်လည်း ရှိကောင်း ရှိပါလိမ့်မည် ။

ဝင်းကြီး ၊ ခြံကြီး ၊ အိမ်ကြီးများ အကြောင်း ပြောပြန်တော့ ပိုင်ဆိုင်မှုများ၍ပဲ မလုံခြုံမှုကို ခံစားရလေသလား မေးစရာ ရှိသည် ။ သည်လိုလည်း မဟုတ်ပြန် ။ ပိုင်ဆိုင်မှုဆို၍ ရွှေထည်ရွှေစပင် ပြလောက်စရာ များများစား စား မရှိ ၊ အိမ်တွင် ငွေသားကြေးစ ခပ်နည်းနည်းသာ ရှိလေသော ကျွန်မမှာလည်း တိုက်ခန်းလေးထဲ နေရင်းက ပူပန်ကြောင့်ကြ ရှိရသည် မဟုတ်လား ။ အသက်ဘေးအန္တရာယ်မှ အစပြုကာ မိမိ လုံခြုံမှုအပေါ် ပူပန်စိတ် ၊ အမှုအခင်းနှင့် ကျူးကျော်ခံရဖွယ်ရှိမှု အပေါ် စိုးထိတ်စိတ် ဆိုတာသည် ပိုင်ဆိုင်မှ အနည်းအများနှင့် မသက်ဆိုင်လေဘဲ ထိုထိုသော အမှုအခင်းများ ဖြစ်လေ့ရှိရာ ဝန်းကျင်မှာ နေထိုင်ရခြင်းနှင့် ဆက်နွှယ် နေပုံရပါသည် ။

ပထမတော့ မိမိအတွက် တွေးတော ပူပန်မည် ။ နောက်တော့ သူတစိမ်း ဟူသမျှကို သံသယကြီးစွာ ထားလာမည် ။ တံခါးခေါက်သံ ကြားလျှင် ထိတ်၍ တံခါးဖွင့်ပြန်လျှင်လည်း သံပန်းကို ကြားခံကာ တံခါးခေါက်သူကို မယုံသင်္ကာ ဦးစွာကြည့်မည် ။ လမ်းသွားလမ်းလာအချင်းချင်းလည်း သတိနှင့် လှုပ်ရှားပြုမူနေမည် ။ သံသယသည် အဆိပ်ရှိသော အမှုန်အမွှားများ လေထုထဲ လွင့်ပျံ့သလိုပင် ကျွန်မတို့ ဝန်းကျင်မှာ ကူးစိမ့်နေလေပြီ ။

နေထိုင်ရာ ပတ်ဝန်းကျင် သို့တည်း မဟုတ် လူ့အဖွဲ့အစည်းကို လုံးလုံး ယုံကြည်စိတ်ချမှု မရှိသာသော အဖြစ်သနစ်မှာ စင်စစ်တော့ အရေးအရာလုပ် ပြောနေရတာပင် ဝမ်းနည်းဖွယ် ဖြစ်ပါသည် ။ ငယ်တုန်းကတော့ ကျွန်မတို့မှာ နေရထိုင်ရ မလုံခြုံဟု ထင်လျှင် ၊ တစ်စုံတစ်ယောက်က မိမိအပေါ် အနိုင်အထက်ပြုသည် ထင်လျှင် ဆရာ ၊ ဆရာမ သို့မဟုတ် လူကြီးမိဘများထံ ဦးတိုက် ပြောပြနိုင်ခဲ့သည် ။ အစ်ကိုကြီး ၊ အစ်မကြီးများထံ ချဉ်းကပ်နိုင်ခဲ့သည် ။ ဖြေရှင်းပေးရန် အကူအညီ တောင်းခံနိုင်ခဲ့သည် ။ ခုများတော့ ကျွန်မတို့မှာ အကာအကွယ်ပေး အရိပ်မိုးမည့် လူကြီးသူမ ပျောက်ဆုံးခဲ့သော ကလေးငယ်များနှင့် တူလေသလား မသိတတ်ပြီ ။ သတင်းဆိုး တစ်ခုခု ဖတ်ရလေတိုင်း ၊ လောကအတွင်းမှ အတင်းအဓမ္မ မောင်းထုတ်ခြင်းခံရ၍ သက်မဲ့ရသူများကို မြင်တွေ့ရလေတိုင်း အကွယ်အကာ မဲ့သွားသလို ခံစားရမှုသည် ကျွန်မတွင်သာ ရှိနေသည် မဟုတ်နိုင် ။ ခေတ်အခါ ကာလကို အတူတကွ ဖြတ်သန်းနေရသူ တိုင်းမှာ ရှိနိုင်ပါသည် ။ ကလေးငယ် ရှိသူ မိဘများက သက်ငယ်မှုခင်းများ အတွက် ကြောင့်ကြမည် ။ ပိုင်ဆိုင်မှု ပြည့်စုံသူများက ဖောက်ထွင်းမှု ၊ လူသ,တ်မှုများအတွက် ကြောင့်ကြမည် ။ မိန်းမပျိုများက ကိုယ်ပိုင်ဘဝနှင့် အရှက်တရား လုံခြုံမှုအတွက် ကြောင့်ကြမည် ။ မိမိအိမ် အတွင်းမှာ အေးချမ်းစွာ နေထိုင်ပါလျက် ၊ လွတ်လပ်သော နိုင်ငံသား အဖြစ် လမ်းများပေါ် သွားလာလှုပ်ရှားနေပါလျက် ၊ ရာဇဝတ်မှု တစ်ခုတလေပင် မကျူးလွန်ခဲ့ပါဘဲ ကိုယ့်ဘဝနှင့် ကိုယ် နေထိုင်ပါလျက်နှင့် စိုးတထိတ်ထိတ် ရှိနေရသည့် ပုံရိပ်များစွာတို့သည် ကျွန်မတို့ ခေတ်ကို ကိုယ်စားပြုနေခဲ့ပြီ ထင်ပါသည် ။

ကျွန်မသည် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု အပြည့်အဝ ရလိုပါသည်ဟုတော့ အလုံးစုံ မဖြစ်နိုင်သေးတာကို မတောင့်တပါ ။ ဆန္ဒလည်း များများစားစား မရှိပါ ။ ဖြစ်များဖြစ်နိုင်မည်ဆိုလျှင်တော့ အိမ်တံခါးဝ ရပ်လာသော သူတစိမ်းကိုလည်း ထိတ်ခနဲ ကြောင့်ကြခြင်းမရှိ ပြုံးပြနှုတ်ဆက်ချင်ပါသည် ။ ဘေးအခန်းက အိမ်နီးချင်းနှင့်လည်း တံခါး မရှိ ၊ ဓားမရှိ ဆက်သွယ်ကူးလူးချင်ပါသည် ။ ညဘက်ညဘက် ဘတ်စ်ကားဂိတ်မှ အိမ်သို့ အပြန် လမ်းတစ်လျှောက် တွေ့ရတတ်သော မျက်နှာစိမ်းများကိုလည်း မျက်ခုံးမတွန့်ချိုးဘဲ ပေါ့ပါးစွာ ဖြတ်ကျော်ချင်ပါသည် ။ ဘတ်စ်ကား ပေါ်မှာလည်း ဘေးသို့ ကပ်လာသူတိုင်း အပေါ် သံသယနှင့် သတိကြီးကြီးထားလျက် လွယ်ထားသည့်အိတ် ၊ ဖုန်းတို့ကို လက်နှင့် မကြာမကြာ စမ်းသပ်ရခြင်း အမှုက ကင်းလိုပါသည် ။ မိမိအခန်းတွင်းမှာ ၊ အိမ်အတွင်းမှာ စိုးထိတ်ခြင်း ကင်းလျက် နေထိုင်လို ၊ အိပ်စက်လိုပါသည် ။

နောက်ဆုံးတော့လည်း မိုးရေစီးကြောင်းကလေး မြေပြင်ပေါ် တငြိမ့်ငြိမ့် စီးဆင်းလျက် မြောင်းငယ်ထဲ ဦးစိုက်သလိုပင် ဆန္ဒသည် ဖြစ်မြဲလို ခြံစည်းရိုး စိတ်ကူးငယ်မှာ ရပ်ပြန်ပါသည် ။ ခြံစည်းရိုး ... ပြီးတော့ ပြတင်းတံခါးများ ပေါ့လေ ... ။

တစ်နေ့ နေခွင့်ရမည့် ခြံမှာ သစ် သားစည်းရိုးအနိမ့်လေး ကာခွင့်ရလျှင် ဘယ်လောက်များ ကောင်းမည်နည်း ။ ခြံအပြင်သို့ ကိုင်းလျက် ဝေဆာပွင့်ဖူးမည့် နှင်းဆီရုံ စိုက်လိုက်ချင်သည် ။ ပုဏ္ဍရိက်လည်း စိုက်မည် ။ ထားဝယ်မှိုင်းလည်း စိုက်လိုက်ချင်သည် ။ ပြတင်း တံခါးလေးမှာတော့ ခန်းဆီးစသာ လွင့်ပါစေလေ ။ သံပန်းများ မတပ်လို ။ ရှေးတုန်းကလို ပွတ်လုံးတိုင်လေးလောက်တော့ မတတ်သာလည်း တပ်ရပါစေပေါ့ ။ သည်မျှနှင့်လည်း ကျွန်မ ကျေနပ်ပါမည် ။

ကျွန်မသည် ဝရန်တာတွင် ထိုင်မြဲ ထိုင်နေပါသည် ။ နေ့ခင်းကြောင်တောင် မျက်လုံး ဖွင့်ထားလျက်နှင့်ပင် အိပ်မက် တစ်ခု ဆက်မက်နေပါသည် ။

ထိုအိပ်မက်တွင် ကလေးတို့သည် ပေါ့ပါးလွတ်လပ်စွာ ရယ်မောလျက်ရှိကြသည် ။ မိဘများမှာ ကလေးတို့ကို ငေးမောလျက် ကြည်နူးပီတိ တစိမ့်စိမ့် ရှိနေကြသည် ။ မိန်းမပျိုတို့သည် အလုပ်ခွင်သို့ ၊ ကျောင်း ၊ သင်တန်းသို့ အသွား အပြန် လမ်းများထက်မှာ လိပ်ပြာလေးများလို စိတ်နှလုံး လွတ်လပ်စွာ လှုပ်ရှားနေကြသည် ။ အသက်အတန်ရပြီဖြစ်သည့် အဘိုးအိုနှင့် အဘွားအိုသည် စည်းရိုးအနိမ့်လေးမှာ ကပ်စိုက်ထား သော ပန်းပင်တန်းကို ငေးမောပြုံးရွှင်နေသည် ။

ဟေးခနဲ ဆူညံသံအကြားမှာ ကျွန်မ၏ အိပ်မက်သည် လွင့်ခနဲ ပျောက်လေ၏ ။ ဝရန်တာက ထ , ရပ် လိုက်သည် ။ ကိုယ်ကို ကိုင်း၍ ကြည့်မိသည် ။ ကလေးအချို့နှင့် လူငယ်အချို့ စုဖွဲ့ ကစားနေကြသည့် ဝိုင်းက အသံပေပဲ ။ မြေကြီးနှင့် သံထည် ပွတ်တိုက်သံ ထပ်၍ ထွက်ပေါ်လာတော့ အရှေ့ဘက် ခြံသို့ အကြည့်ရောက်သည် ။ သံပန်း ခြံတံခါးကို ဆွဲ၍ သော့ပိတ်နေသော အိမ်ရှင် ။

ဆည်းဆာနေခြည်သည် လမ်းမပေါ် ဖျန်းပက်လျက် ။ အုတ်တံတိုင်းပေါ် မညီမညာ စိုက်သည့် မှန်စများတွင် နေခြည်၏ ဝါရွှေသွေးအရိပ် လဲ့လဲ့ထင်လျက် ။

⎕ စံပယ်ဖြူနု
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     မေ ၊ ၂၀၁၉ 

Wednesday, September 3, 2025

စိတ်အနှင် လေအလွင့်


 

❝ စိတ်အနှင် လေအလွင့် ❞
        ( စံပယ်ဖြူနု )

မနက်စောစော အိပ်ရာနိုးစ အာရုံ ကြည်လင်စမှာပင် မိခင် ဖြစ်ပြီဟု သူ့ကိုယ် သူ အသေအချာ စွဲမှတ် ယူလိုက်ရသည် ။ ပထမတွင် အဝါနု ရောင်ပြေပြေ ပြေးသော အိပ်ရာခင်းစကို တဆတ်ဆတ် တုန်ယင်သည့် ညာလက် ချောင်းလေးများနှင့် ပွတ်သပ် စူးစမ်း၏ ။ အညိုရောင် သစ်ခက်လေး ကျဲကျဲပက်ထားသည်မှ အပ မည်သည့် အစွန်းအထင်းမျှ ရှိမနေ ။ အိပ်ရာက နိုးထတိုင်း ဒီလို ကြည့်မိခဲ့တာ ဘယ်လောက် ကြာပြီလဲ ။ သုံးရက် ... ဒီမနက်ဆို လေးရက်ပေါ့ ။ သုံးရက်မြောက်နေ့ အထိ မယုံရဲရဲ ။ နည်းနည်းပါးပါး နောက်ကျတာလည်း ဖြစ်နိုင်တာပဲဟု အခန့်မသင့်လျှင် တစ်ရက် ၊ နှစ်ရက်လောက် နောက်ကျဖူးသူက တွေး၏ ။ ခုတော့ လေးရက်မြောက်လေ ။

အိပ်ရာခင်းဆီက ခွာလာသည့် လက်များသည် ပွရောင်းရောင်း ဆံနွယ်တို့ကို ပွတ်သပ်လိုက်သည် ။ သားရေကွင်းပျော့ကို ဆွဲကာ စည်းနှောင်သည် ။ အဆီပြန်သော မျက်နှာကို တစ်ချက် ၊ နှစ် ချက် တို့ပွတ်သည် ။ ဘေးသို့ ငဲ့ကြည့်သော် ခင်ပွန်းသည်မှာ မျက်လုံးစေ့ပိတ် အိပ်မောကျဆဲ ။ အသက်ရှူသံ မှန်မှန် ထွက်ပေါ်၍ အိပ်စက်ပျော်လျက် ရှိသည့် ထိုမျက်နှာမှာ အပူကင်းဟန် ထင်မှတ်ရ၏ ။ ခုနေများ နိုးလာလျှင်တော့ စေ့စေ့စူးစူးကြည့်သည့် သူ့ကို အံ့အားသင့်မည် ။ နောက်တော့ ဘာကြည့်နေတာတုံး ဆိုကာ ရယ်မောလိမ့်မည် ။ သေချာသလောက် ရှိသည့် သတင်း အကြောင်းများ ဖွင့်ပြောရ ကောင်းလေမလား ။ ဖွင့်ပြောလျှင် ပြောချင်း ခံစားမှုမျိုးစုံ ဖြတ်ပြေးမည့် မျက်နှာကို မှန်းကြည့်သည် ။

ရုပ်ရှင်များထဲက လိုတော့ ဟေးခနဲ ထ,အော်ကာ ရယ်မောကာ သူ့ကို ပွေ့ဖက် နမ်းရှုပ်လိမ့်မည် မဟုတ်တာ သေချာသလို ရှိနေပြန်သည် ။ ဘယ်လိုများ ဖြစ်သွားမှာပါလိမ့် ။ ပထမ အံ့အားသင့်မည် ။ နောက်တော့ သူ ပြုံးမည်ထင်သည် ။ ဟန်မလုပ်တတ်သူမို့  “ သေချာပြီလား ” ဟု ခပ်ရိုးရိုး မေးလိမ့်မည် ။ ခေါင်းညိတ်ပြလိုက်ပြီ ဆိုပါစို့ ။ သူ့အပြုံး မှိန် သွားလေမလား ။ သည်လောက်တော့ မဖြစ်နိုင် ။ အနီးစပ်ဆုံး ကတော့ “ ကောင်းတာပေါ့ကွာ ” ဟု မရေမရာ စကား ဆိုလိမ့်မည် ။ ပြုံးမြဲ ပြုံးလိမ့်မည် ထင်သည် ။ ခေါင်းကိုလည်း ဖွဖွသပ်ချင်သပ်လာမှာပေါ့ ။

ခင်ပွန်းသည် တစ်ချက် လူးလွန့်တော့ သူ ဆတ်ခနဲ တုန်သွားသည် ။ သူ့မျက်နှာပေါ်က အမျိုးအမည် တပ်ရခက်သော ခံစားရိပ်များကို ခုနေများ နိုးလာပြီး တွေ့တော့ မလား ။ မမြင်သာ ပုန်းခိုသည့် အဖြေကို စောင့်ရစဉ် တုန်းကတည်းက သူ့စိတ်မှာ အရိပ်စုံလှသည် ။ အပျော်စိတ်သည် လေးပင်ခြင်းကို ရံလျက် ဖြစ်တည်၏ ။ ပြီးပြည့်စုံသော ကျေနပ်ဝမ်းမြောက်ခြင်းလည်း မမည် ။ တင်းပြည့်ကျပ်ပြည့် စိတ်ပျက်ခြင်းလည်း မဟုတ် ။ ဘယ်လို ပြောရပါ့ ။ ကြိုချိန် မတန်သေးသော ဧည့်သည်က အိမ်ဧည့်ခန်းဆီ ဆိုက်ဆိုက် ရောက်လာသလိုလို့ ဆိုရမလား ။

ရံခါတော့လည်း ဟုတ်လိမ့်နိုး ရင်ခုန် တက်ကြွနေပြန်သည် ။ ဒုတိယမြောက်ရက် တုန်းက ထင်ပါရဲ့ ။ ရေချိုးခန်းထဲမှာ ဝမ်းဗိုက်လေး ငုံ့ကြည့်လျက် ပြုံးတုံ့တုံ့ ပြုနေဖူးသည် ။ ခဏနေလျှင် မျက်ဝန်းများ ငေးမှုန်မှိုင်းရီကာ ရေကို အတောမသတ် သတိ လက်လွှတ်ပင် လောင်းမိသည် ။ နောက်တော့လည်း ဝမ်းထဲ ခိုအောင်းစ ပြုနေလောက်မည့် ကလေးငယ်ကို အားနာကာ စိတ်နောက်ကျိခဲ့ရသည့် ရေချိုးခန်းကို အမြန် ခွာလာ ၏ ။ ဧည့်ခန်းမှာ သီချင်း ကျယ်ကျယ် ဖွင့်ကာ လိုက် ညည်းသည် ။ သီချင်းတစ်ပုဒ် ဆုံးလျှင် နံရံကို မှီလျက် ငိုင်တွေခဲ့ဖူးသည် ။

တတိယမြောက်ရက် ကျပြန်တော့လည်း ထိုနည်း လည်းကောင်း စိတ်ရောင်စုံ ။ မဟုတ်ပါဘူးဟု ကိုယ့်ကိုယ် ကို အတန်တန် အားပေး၏ ။ ဟုတ်များနေရင်ကော ဟု ကိုယ့်ဘာသာ ပြန်မေးသည် ။ ညက ကောင်းစွာပင် အိပ်မပျော် ။ နံနက်ဦးကို စောင့်ခဲ့ သည် ။ ဟော ... ခုတော့ အဖြေဟာ ထင်းထင်းပေါ် သလောက် ရှိခဲ့ပြီလေ ။

သူသည် ခင်ပွန်း၏ စေ့စေ့ပိတ်ပိတ် မျက်လုံးအစုံကို ငေးကာ အမှတ်မထင် ပင့်သက်ရှိုက်ချလိုက်သည် ။ အခန်းတွင်း ဟိုဟိုဒီဒီ အကြည့် ရွှေ့တော့ စိတ်ထွေ ပြားသော သူ့မျက်နှာမူရာကို ဗီရိုမှန်တံခါးမှာ ရိပ်ခနဲ လှမ်း မြင်ရသည် ။ ထိုမျက်နှာကိုပင် တွေတွေငေးကာ ခေါင်းကို ခါယမ်းလိုက်သည် ။ မပြောတော့ပါဘူး ၊ မပြောသေးပါဘူး လန်းဆန်းသော မျက်နှာရိပ်နှင့် အသင့် ဖြစ်ချိန်မှသာ ဖွင့်ပြောရလိမ့်မည် ။ အိပ်ခန်းတွင်းက ထွက်ခွာ၍ မီးဖိုခန်း ရောက်လျှင် ရောက်ချင်း ဘေစင် အနီးက မှန်တံခါးချပ်များကို သူ ဆွဲဖွင့်သည် ။ ပုဇွန်တောင်ချောင်းသည် နောက်ကျိသော အဆင်းကို ဆောင်ကာ ငြိမ့်ငြိမ့် စီးမြဲစီးလျက် ။ စက်လှေ တစ်စင်း ဆန်တက်သွားပုံကို မြင်ရသည် ။ လတ်ဆတ်သော လေနုသည် သူ့မျက်နှာကို တို့ထိလျက် ။ စိတ်သည် ခဏငယ်မျှသော အခိုက်တွင် တိမ်စင်လ ပမာ ကြည်လင်၏ ။

ကြည်စိတ်နှင့်ပင် ကိုယ်လက် သန့်စင်သည် ။ ထမင်း တည်သည် ။ ငါးကြင်းဆီပြန် တစ်ခွက်ချက်သည် ။ ခင်ပွန်း နိုးသော် ကော်ဖီနှင့် ပေါင်မုန့် ပြင်ဆင်ပေးသည် ။ ပုဆိုး အင်္ကျီ ထုတ်ပေးသည် ။  ထမင်းဘူး မပြင်ရသေးပုံကို သတိရစိတ်နှင့် အိပ်ခန်းက အလောသုံးဆယ် ထွက်သော် ရေချိုးခန်းက ထွက်လာသူနှင့် နှာခေါင်းပေါက်သာသာ မီးဖို ခန်းဝမှာ ရင်ဆိုင်တိုးမိကြသည် ။ သူ့ရယ်သံကြားရ သည် ။ ဆပ်ပြာရနံ့ သင်းမြမြ ။ ကြည်ရမည့် အစား စိတ်မှာ တဒင်္ဂ ညို့ရပြန်သည် ။ မလုံ စိတ်လေလား ။

ရယ်သံနှင့် အတူ နားရွက်ဖျားကို တစ်ချက် လှမ်း၍ တို့ထိလာတော့ “ အဝတ်လဲတော့ ၊ ပြီးရင် မနက်စာ စားသွားဦး ” ဟု ပြောနေကျလို သူ ပြောမိသည် ။ ပြုံးနေကျလို ပြုံးမိသည် ။ ဆောင်နေကျ မဟုတ်သော သူ့အမူအရာသစ်ကို ခင်ပွန်းက အကဲ မဖမ်းနိုင်ခင်မှာပင် မီးဖို အနီးသို့ ပြန်ရောက်လာသည် ။

နံနက်ခင်းသည် လည်နေကျ သံသရာနှင့်ပင် သူ့ဝန်းကျင်မှာ ခရီးဆက်နေသည် ။ အခန်းတွင်းက နှုတ်ဆက် ထွက်ခွာသံ ၊ တံခါးပိတ်သံတို့၏ နောက်မှာ အခန်းသည် တိတ်ဆိတ် ငြိမ်သက်လာပြန်သည် ။ ကော်ဖီသောက်ဦးမည် တွေးသော်လည်း မီးဖိုဆီမရောက် ။ ဧည့်ခန်းလယ်တွင် ငူငူသာ ရပ်နေမိသည် ။ လက်တို့သည် အကြောင်းမဲ့ပင် တရွရွ ရှိလာပြန်သည် ။ ဝမ်းသားပြင် ရှိရာဆီ ဖွဖွ တို့ထိမိပြန်သည် ။

“ ကလေးရေ ... ကလေးလေးရေ ”

တစ်ကြိမ်ပင် ရွတ်ဆိုဖူးခြင်း မရှိခဲ့သော အမည်နာမ သည် နှုတ်က ကျ၍လာလေပြီ ။ စိတ်သည် လှုပ်လှုပ်ခတ်ခတ် ရှိလာ၏ ။ ဒူးအစုံသည် မြဲမြဲရပ်ခြင်းငှာ မစွမ်းသာ ။ ခွေညွှတ်ကျ၏ ။ ဧည့်ခန်း ကြမ်းပြင်ကို တွေတွေစိုက် ကြည့်သော်လည်း ကောင်းစွာ မမြင် ။ အမြင်သည် တစစ ဆဝါး၏ ။ နောက် ရှိုက်ကာရှိုက်ကာ ။

ကလေးလေးရေ ၊ ကလေးအတွက် ပြီးပြည့်စုံတဲ့ ကမ္ဘာ တစ်ခုတော့ဖြင့် မေမေ ဖန်ဆင်းပေးချင်ပါရဲ့ ။ လော လောဆယ်တော့ မေမေ့ကမ္ဘာ ဟာ အလှချည်း မဟုတ်ဘူး ။ မေမေ ကျင်လည်နေတဲ့ လောကဟာလည်း အလှ ချည်းသာ ကြီးစိုးတဲ့ လောက မဟုတ်ဘူးကွယ့် ။ မခေါ်သာ တဲ့ အဖြစ် ၊ မခေါ်ရက်တဲ့ အဖြစ် အတွက် ဝမ်းနည်း ငိုကြွေးရတဲ့ မေမေ့ကို ကလေး ခွင့်လွှတ်လှည့်ပါ ။

မျက်ရည်သည် ကြမ်းသို့ တပေါက်ပေါက်ကျ၏ ။ ကြမ်းက မျက်ရည်တို့ကို လက်နှင့် သုတ်မိပြန်သည် ။ စားပွဲပု အနီးသို့ ဒယဉ့်တိုက် တိုးလာကာ ဗလာစာအုပ် တစ်အုပ်ကို ဆွဲချသည် ။ အနာဂတ် ရင်သွေး၏ ရုပ်ပုံကို မှန်းဆမြင်ကာ ရင်ခုန်လှိုက်မောကာ သူ ရေးခြစ်ခဲ့ဖူးသည့် စာအုပ်လေ ။ အိမ်ထောင်ဦး ချိုမြိန်ဦး ကာလမို့ အပျော်စိတ် ၊ ကြည်သာရွှင်ပျစိတ်နှင့် ရေးခဲ့သည် ။ ခင်ပွန်း၏ လှပသော မျက်လုံး မျက်ခုံး ၊ ပိရိသော နှုတ်ခမ်းဖွဲ့စည်းပုံကို သူ ရွေးခဲ့သည် ။ နှာတံမှာ သူ့နှာတံ ဖြစ်သည် ။ ဆံပင် ထူထဲပုံကတော့ အဖေတူ အမေတူပေါ့ ။ စိတ်နေစိတ်ထား ကိုတော့ ပုံဆွဲ မရသည်မို့ အတွေးနှင့်သာ ရေးခြစ်ရသည် ။ ဖေဖေ့လို အခက်အခဲကို တွေး မကြောက် ရင်ဆိုင်ကျော်ဖြတ် နိုင်သော ၊ ဘဝကို နေပျော်အောင် နေတတ်လေသော စရိုက်ကလေး ရှိရမည် ။ သည်စရိုက်ကို တလက်လက် တောက်ပသည် အထိ ပြုံးရယ် တတ်သော မျက်လုံးလေးများနှင့် ဖော်ခဲ့သည် ။ မေမေ့ လို တစ်ပါးသူ အပေါ် နားလည်မှုပေးရန် ကြိုးပမ်းတတ်သော စရိုက်ကိုတော့ ကွေးညွှတ် ပြုံးသည့် နှုတ်ခမ်းလေးများ အားဖြင့် ရေးခဲ့သည် ။ ကလေးရေ ... ။

ခုတော့ ခဲရုပ်ပုံထဲက ကလေးလေး ပြုံးနေပုံမှာ သူ့ ရင်ကို ဆုပ်ခြေသည့်ပမာ ။ ပုံ ကလေးကို လက်နှင့် တို့မိ၏ ။ ဝမ်းနည်းစိတ်သည် လက်ဖျား တွင် တည်လေသလို ခဲသား နှုတ်ခမ်းလေးများမှာ တန့်နေသည် ။ အို .. တစ်ခုခု ပြော လိုက်သလား ၊ ကလေးတစ်ခုခု ပြောလိုက်သလား ။ အမှန် တော့ နှုတ်အားဖြင့် မပြော ။ မျက်လုံးအားဖြင့် ပြောတာ ဖြစ်မှာပဲ ။ မေမေ့ဆီ လာပါရစေ ... ဆိုလား ။

သူသည် တစ်မနက်ခင်းလုံး ရုပ်ပုံကလေး ငေးကာ ပြတင်းက မြင်ရသည့် ကုက္ကိုပင် အား ငေးကာ မှိုင်တွေတွေ ရှိရသည် ။ ထပ်၍တော့ မငို မိ ။ အားပါးတရ ငိုပြီးပြန်တော့ မျက်ရည် ကုန်သလို တန့် ၍နေသည် ။ ပျော်လေမလား ဟု ဟာသဇာတ်ကား ကြည့် သည် ။ တစ်ချက်ပင် မရယ်မိ ။ သို့သော် တစ်ကားလုံးကို ဟိုကျော်သည်ကျော်နှင့် ဆုံး အောင်တော့ ကြည့်လိုက် သည် ။ အစာအိမ်က အချက် ပြသော် မနက်စာနှင့် နေ့လယ် စာ ပေါင်းစားရသည် ။

ပန်းကန်ဆေးခိုက်မှာ ပုဇွန်တောင်ချောင်းကို ငေးမိ ပြန်လျှင် မြန်မာနိုင်ငံမြောက်ပိုင်းက ထရံကာ အိမ်ကလေး ကို သူ အမှတ်ရလေသည် ။ သားသမီး သုံးဦးစလုံးကို လိုလားဝမ်းမြောက်စွာ မွေးမြူ ခဲ့ပုံပေါ်သည့် အမေ့ကို ပြေး မြင်သည် ။ သူ့ကို မမွေးခင်မှာ ကျား ၊ မ အမည်နှစ်ခုလောက် ကြိုတင် ရွေးနှင့်ကာ ပျော်ရွှင်နေခဲ့သည် ဆိုသော အဖေ့ကိုလည်း ပြေးမြင်သည် ။ သူ့ကျတော့ ဘာကများ ပြောင်းလဲ စေခဲ့သနည်း ။ ကလေး မယူသေးဘူးလားဟု တစ်လောက အမေ မေးခဲ့သည် ။ သူသည် ခဏမျှ အမ်းကာ နောက်မှ သတိဝင်သလို ရယ်မောမိသည် ။

“ ယူမှာပါ အမေရဲ့ ၊ ဒီနှစ်ထဲပဲ ယူမလားလို့ စဉ်းစားနေတာ ”

“ ယူမှာဖြင့်လည်း ယူ သမီးရဲ့ ၊ သမီး အသက်က ငယ်တော့တာ မဟုတ်ဘူး ၊ တော်ကြာ အသက် ကြီးလာရင် မွေးရဖွားရ ခက်တယ်ကော ။ မိဘနဲ့ သားသမီးနဲ့ အသက် သိပ်ကွာရင်လည်း မကောင်းဘူး ” ဟု အမေက ဆိုပြန်သည် ။

သူသည် စက္ကန့်ပိုင်းလောက် ဆုတ်ဆိုင်း နေပြီးမှ -

“ မွေးတာတော့ ဟုတ်ပါရဲ့ အမေ ၊ ကလေး တစ်ယောက် မွေးရင် မွေးတဲ့ အချိန်က စပြီး တောက်လျှောက် အကုန်တွေချည်းပဲတဲ့ ။ လောလောဆယ် ဝင်ငွေကလည်း သိပ်ရှိတာ မဟုတ်ဘူး ၊ အိုးပိုင် အိမ်ပိုင် မဟုတ်တာ အမေ သိသားနဲ့ ”

“ ရော် သူ့ဘာသာ ဖြစ်သွားမှပ ”

ရွာမှာတော့ ဟုတ်မှာပေါ့ အမေရယ် .. ။

ရန်ကုန် လူနေမှုနှင့် အမေသည် အကျွမ်းတဝင် မရှိချေ ။ တစ်နှစ်တစ်ခါ အခန့်မသင့်လျှင် အိမ်ရှာ အိမ်ပြောင်း လုပ်ကြရသော ၊ ပွဲစားတို့ လှည့်ကွက်မှာ အခါခါ စိတ်ညစ်ကြရသော အိမ်ငှား ဘဝကို အမေ မသိ ။ မွေးဖွားစရိတ် သက်သာလိုသော် လည်း လူသက်သာခြင်းနှင့် ဝန်ဆောင်မှု ကိုသာ သိန်း ဆယ်ချီပေးလျက် ဦးစားပေး ရွေးချယ်ရသည့် မွေးခါနီး ဖွားခါနီး မိခင်လောင်းဘဝကို အမေ မသိ ။ အလုပ်တစ်ဖက် နှင့်မို့ မနိုင်လျှင် ကလေးထိန်း ရှာရဦးမှာ ၊ ထိုကလေးထိန်း သည်လည်း ရွာမှာလို စိတ်ချ လက်ချ ရှိရသူမျိုး ရဖို့ခက် တာ အမေ မသိ ။ ဟော .. ငွေလမ်းခင်းမတတ် ပြုစုယုယလို့ ကျောင်းနေရွယ်လေး ရောက်လာပြီဆိုပါစို့ ။ ခေတ် နှင့်အမီ ပြေးသော ကျူရှင် စရိတ် ၊ ကျောင်းနှင့် အထွေ ထွေ စရိတ်က နောက်က လိုက်လာမည် ။ အများသူငှာ ကလေးများလို အင်္ဂလိပ်စာ ၊ စကားအရာမှာ နောက်ကျ မကျန်စေဖို့ ကျောင်းပြင်ပ ပညာလမ်း နောက်လည်း ကောက်ကောက်ပါ လိုက်ရဦးမည် ။

ပြီးတော့ ... ပြီးတော့ သည်လို ဒုတိယ ဘုရားသခင် နှင့် ဆက်နွှယ်ရာ အရေးအရာများထက် အင်မတန် နက်မှောင် ပွေလီသော လောကဝင်္ကပါနှင့် ကလေးလေးကို ထိတွေ့ပေးရမှာ သူ ပို၍ ကြောက်နေရကြောင်း အမေ နားလည်အောင် ဘယ်လိုရှင်း ပြရမည်နည်း ။ အမေ မပြောနှင့် ။ ခင်ပွန်းသည် နားလည်ဖို့ ရာရော ဘယ်သို့ဘယ်ပုံ ရှင်းပြရမည်နည်း ။ သူ့အပူကို သူပဲ နားလည်လိမ့်မည် ။

သူသည် ထိုတစ်ရက်တုန်းက အမေ့ကို စကားလုံးများစွာ သုံး၍ ရှင်းမပြနိုင်ခဲ့ချေ ။ “ ယူမှာပါ အမေရယ် ” ဟုသာ ကတိ ပေးခဲ့ရသည် ။ ခုခေတ် အိမ်ထောင်ရေး ဆိုတာ ဘာညာ အစရှိသဖြင့် ကလေး မရှိသေးသော သမီးလုပ်သူ အတွက် အမေ စိုးထိတ်နေပုံကို ရိပ်မိကာ ဆိတ်ဆိတ် နေခဲ့ရသည် ။ အမေကတော့ ထုံးစံ အတိုင်းပါပဲ ။ “ ဖြစ်သွားမှာပါ သမီးရယ် ” ဆိုခဲ့ပေသည် ။

တငြိမ့်ငြိမ့် စီးသော ချောင်းရေပြင်ကို ငေးလျက် လွင့်ပါးသည့် စိတ်အား ဆွဲခေါ် ယူငင်လိုက်သည်မှာ ဖုန်းမက် ဆေ့ချ် ဝင်သံဖြစ်သည် ။ တယ်လီနောက ဖြစ်မှာပဲ ။ ဖုန်း ရှိရာဆီ တစ်ချက်မျှသာ လှမ်းကြည့်ကာ ရေစစ်လက်စ ပန်းကန်တို့ကို အဝတ်ခြောက် နှင့်သုတ်ပြီး ပန်းကန်စင်မှာ စီ တင်လိုက်သည် ။ အနောက်ပေါက် တံခါးကို ဖွင့်သည် ။ တံခါးဖွင့်လျှင် ဖွင့်ချင်း ဆီး မြင်ရသော အရေးပေါ်လှေကားဆိုတာသည် တိုက်ခန်းနေ အိမ်ရှင်မများ အတွက် အဝတ်လှန်းသာရန် ပြင်ပေးထားသည့် နေရာပမာမို့ သူလည်း အလွတ်မခံ လှန်းစမြဲ ။ ဘယ်လောက်ပင် ခေတ်မီမီ တွေးခေါ်စေကာမူ သူ့ထဘီ ၊ ဘောင်းဘီ စသည်ကိုတော့ အိမ့်အနောက်ဘက် လှန်းမြဲ လှန်းမိတာဟာ ငယ်ဘဝ ပုံ သွင်းခံရခြင်း၏ အကျိုးဆက် ဖြစ်လိမ့်မည် ။ မိန်းကလေး ဆိုတာဟု အစချီသော ဆုံးမ စကားများစွာကို “ ဟုတ်ကဲ့ ” လုပ်ခဲ့ဖူးသည် မဟုတ်လား ။ ကလေးလေး အလှည့်ကျရင် ရော ။

ကလေးလေးသာ မိန်းကလေး ဖြစ်ခဲ့လျှင် ဘယ်လို ရှိမည်နည်း ။ သူ့လို အူကြောင်ကြောင် နိုင်တတ်သူ ဖြစ်လာမလား ။ ခင်ပွန်းလိုများ ပျော်ပျော် နေတတ်သူ ဖြစ်လာလေမလား ။ ကလေး လေး၏ ရယ်မောရွှင်ပျသည့် မျက်နှာကို မြင်ယောင်တော့ အဝတ်ရုပ်ရင်းကပင် ပြုံး လိုက်မိသည် ။ အသားက လေး မဖြူ မညိုနှင့် ချစ်စရာ ကလေးလေး ဖြစ်လိမ့်မည် ။ အိမ်ထဲမှာ တတောက်တောက် ပြေးလွှားနေလိမ့်မည် ။ ရယ် မောသံ ၊ မေးခွန်းမေးသံတွေ လည်း ညံနေမှာပေါ့ ။ မေးခွန်းမေးသမျှ ဖြေလိုက်မည် စိတ်ကူး၏ ။

ကလေးလေး၏ ရှင်သန်နုသစ်သော ကိုယ်ပိုင် စိတ်အတွေးကို ပိတ်လှောင်သော ပေတံစံချိန်များနှင့် တိုင်းတာပုံသွင်းမည် မဟုတ် ။ ထိန်းကွပ်ရုံသာ ဘေးက ရံမည် ။ ကလေးလေးသည် လွတ်လပ်ရွှင်ပျ ကြီးပြင်းလာ စေရမည် ။ အချိန်တန်၍ ကလေးကို ကျောင်းပို့လိုက်ရသည့်အခါရော .. ။ ပထမတော့ မိခင်နှင့် အခွဲခက်သည့် အခါ ငိုယိုလိမ့်မည် ။ နောက် တော့ ကျောင်းပျော်သွားမှာ ပါပဲ ။ သူငယ်ချင်းများလည်း ရှိလာလိမ့်မည် ။ အတန်းများ တစ်တန်းပြီး တစ်တန်း တက်သွားလိမ့်မည် ။ ကျောင်းနှင့် ကျူရှင်နှင့် ကူးလူးရတာ ပင် ပန်းပြီဟု ကလေးလေး ညည်း လျှင် ဒါသည် မဖြစ်မနေ ဖြတ်သန်းရသော ပညာရေး ပုံစံခွက်မို့ နှစ်သိမ့်ရလိမ့်မည် ။ သူကတော့ ကျောင်းဖွင့်ရက်တိုင်း ကလေးလေး ကျောင်း ကားပေါ်က ဆင်းလာချိန်ကို စောင့်ရမှာပါပဲ ။ ကလေးလေး ပြန်ရောက်လာမှသာ သက်ပြင်း ချရလိမ့်မည် ။ သည်တလော ကြားသိရသည့် သတင်းများသည် မွေးမလာသေးသော သမီးမိန်းကလေး အတွက် ပူစရာတည်း ။

လူ အချို့အချို့သည် ဘာကြောင့်များ တိရစ္ဆာန်သာသာ တွေးတောပြုမူတတ် သနည်း သူ စဉ်းစား မရချေ ။ တစ်ဘဝသာ နေထိုင်လျက် ပြည်ဖုံးကား ချရုံနှင့် သံသရာ မရှိလေဘဲ အရာရာ ပြီးဆုံးပြီ ထင်မှတ်ကြသလား ။ ကလေး သူငယ်တို့၏ သနားချစ်စဖွယ် သော မျက်နှာကလေးများကို မမြင်တတ်ကြဘူးလား ။ ထို ထိုသော ယုတ်မာရက်သူများ နှင့်သာ ကလေးလေး တွေ့ခဲ့မှဖြင့် .. ဘုရား ... ။

သူသည် မျက်လုံးအစုံကို ဖျတ်ခနဲ မှိတ်ချလိုက်သည် ။ ကလေးလေးရယ် မေမေ့ဆီ မလာပါနဲ့ ။ ညစ်ထေးထေး လူတွေ ပေါများလာတဲ့ ခေတ်ထဲက မေမေ့ဆီ မလာပါနဲ့ ။ လေပြည်အတိုးကို သိမှတ်ရင်း ပူထူသွားသော စိတ်ကို သူ ပြန်ထိန်း၏ ။ တစ်ယောက်တည်း မဟုတ် ။ ခေတ်ကျပ်ထဲမှာ သူ တစ်ယောက်တည်း မဟုတ် ။ သက်ပြင်း ရှိုက်ချကာ မျက်လုံးပြန် ဖွင့်သည် ။ အဝတ်ခြောက်တို့ကို ထွေးပွေ့ကာ အိမ်ထဲ ရောက်လာပြန်သည် ။

နေ့ခင်းနေသည် အိမ်၏ ဘေးဘက်နံရံများသို့ ထိုးဖြာ ကျလျက်ရှိပြီ ။ ဘေးဘက်မှာ မြေလွတ်ဟင်းလင်းမို့ နေ့ခင်းဆို အခန်းက ပူလှသည် ။ ပြတင်းကို ကျော်ကာ တိုးဝင် သော နေရောင်သည် ကြမ်း ပေါ် ရိပ်ဖြာလျက် ။ ရှည်မျော မျော အရိပ်ကွက်များကို နင်း ဖြတ်ကာ ဝရန်တာသို့ ထွက် လာသည် ။ ဝရန်တာမှာ လှန်း ထားသော ခင်ပွန်း၏ အဝတ် များကို ရုပ်ယူသည် ။ ပြီးလျှင် အိမ်အတွင်း ချက်ချင်း မဝင် ။ ဝရန်တာကို တစ်ရံတစ် ဆစ်မျှ မမြင်ဖူးသလို ငေးနေသည် ။

သည် ဝရန်တာဆီ ရောက်လေတိုင်း နာနာကျင်ကျင် ရယ်မောချင်မြဲ ဖြစ်ရသလို ခုလည်း ရယ်ချင်လာပြန်သည် ။ အရင့်အရင်တုန်းကတော့ဖြင့် အိမ်တစ်အိမ်မှာ ဝရန်တာလောက် စွဲလမ်းရသော နေရာမရှိ ။ တိုက်ခန်းလေး တစ်ခန်းသာ ပိုင်လျှင် ဝရန်တာမှာ သစ်ပင် အမျိုးမျိုး စိုက်ကာ အလှဆင်မည် စိတ်ကူးထားသည် ။ ကြက်သွန်မြိတ် လိုမျိုး မီးဖိုချောင်သုံး အပင်လေးများလည်း စိုက်မည် တွေးထားသည် ။ ဝရန်တာကို သံပန်းထည့် မဟုတ် ။ သံပန်းမှ မပါလျှင် မလုံခြုံသော မြို့ပြပေမို့ ပထမ ပြတင်းကိုသာ သံပန်းထည့်မည် ။ ရင်သွေးလေးများ ရလာလျှင်တော့ ဝရန်တာ သံပန်းထည့်ကောင်းထည့်မှာပေါ့ ။ အထူးသဖြင့် ဝရန်တာ ကို အဝတ်လှန်းစင်နှင့် တွဲမမြင်လိုတာမို့ အဝတ် လုံးဝ မလှန်းဟု တွေးခဲ့ဖူးတာ ခုတော့ ရယ်စရာတည်း ။ ကိုယ့်အခန်းမှ မဟုတ်တာလေဟု ဖြေလျှော့တွေးကာ အဝတ်ပဲ လှိမ့်လှန်း နေရသည် ။

သူသည် အဝတ်တို့ကို သင်ဖြူးဖျာပေါ် ပုံချလိုက်သည် ။ ညနေမှ မီးပူတိုက် မည် ။ ခုတော့ဖြင့် စာလေး ဖတ်လျှင် ကောင်းမည်ထင်သည် ။ ခေါင်းက ဟာလာ ၊ ရင်က ဟင်းလင်း မဟုတ်လား ။ စာအုပ်စင်မှာတော့ သူ နှစ်နှစ်လိုလို စုဆောင်းခဲ့သော စာအုပ်များ ရှိလေသည် ။ ပြီးတော့ သူ ကိုယ်တိုင် ရေးသည့် စာအုပ်လေး သုံး, လေးအုပ် ရှိသည် ။

သူ့ စာအုပ်များသည် ရသစာကို အရသာခံ ဖတ်သူ အနည်းစုမှအပ လူမကြိုက်လှချေ ။ နောက်တစ်ခါ ပျော်စရာလေးတွေ ရေးပါလား ၊ စာတွေက သိပ်လေးတာပဲဟု မိတ်ဆွေ တစ်ဦးက ဆိုလျှင် မချိပြုံးသာ ပြုံးနေရသည် ။ စိတ်ဓာတ်တက်ကြွ ပျော်ရွှင်စရာ မရေးတတ်တာ ၊ မရေးချင်ရာ စာမျိုးဆို တစ်လုံးပင် မရေးသီလိုတာ သူ့ အားနည်းချက်ပေပဲ ။ ငွေအတွက် ဘယ်တော့မှ မရေးဟု တွေးခဲ့သူထံ ငွေဆိုတာလည်း ပေါပေါများများ ရောက်မလာ ။ တစ်ယောက်တည်း ဘဝတုန်းကတော့ ခေတ်စာရေစီးမှာ လူးလူးလှိမ့်လှိမ့် မျောပါခဲ့သား ။ အိမ်ထောင်ဘဝဦး မှာလည်း အဆင်ပြေ နေသား ။ သို့သော် သံယောဇဉ်ပိုများ ရှိလာလျှင်တော့ ဘယ်လို ရှိဦးမည်နည်း ။ တကယ် မရေးချင်ပါဘဲ ဟိုငဲ့ သည်ငဲ့နှင့်များ ဖျစ်ညှစ်၍ စာရေးရလျှင် သူ့နှလုံးအိမ် နာကျင် ကိုက်ခဲရလိမ့်မည် ။ ကလေးလေးရေ ... မေမေ့မှာ ကြိုမောလှပါရဲ့ ။

စိတ်ပဲ ထင်လို့များလား ။ ဝမ်းထဲက တစစ်စစ် နာသလိုထင်၏ ။ စာအုပ်စင်ကို အားပြုရပ်ကာ မျက်လုံး စုံမှိတ်ထားသည် ။ ခဏချင်းမှာပင် အနာ သက်သာလာပြန် သည် ။ ဘာဖြစ်သနည်း ။ ခန္ဓာက နာသလား ၊ စိတ်ကပဲ နာလေသလား ။ သူသည် စာတစ်အုပ်ပင် လက်ထဲ မဆောင်ဘဲ စာအုပ်စင် အနီး က ခွာလာသည် ။

ဝရန်တာသို့ လျှောက်ပြန်ကာ တွေတွေ ရပ်ငေးနေသည် ။ ကုက္ကိုရွက်လေးများ ယိမ်းလှုပ်ပုံ ၊ ရွက်ကြွေလေးများ ရှပ်တိုက်ပြေးလွှားပုံ ၊ သစ်ပင်ရိပ်က ခုံဟောင်းများ ပေါ်မှာ အမျိုးသမီး သုံး , လေးဦး ခေါင်းချင်းဆိုင်ကာ ကိန်းဂဏန်း အဖြေရှာ အဖြေ တိုက်နေကြပုံ ၊ လမ်းထောင့် က အဝတ်လျှော်သည် အဒေါ်ကြီး ဆောင့်ကြောင့် ထိုင်ကာ အဝတ်လျှော်နေပုံ ။ ညညဆိုလျှင် အသက်နှစ် ဆယ်ဝန်းကျင် လူငယ်များ လျှာလေးအာလေး သံများနှင့် အော်ဟစ်စကား ဆိုရာ ရေကန် ဝန်းကျင်တွင် ကျောင်းမနေအရွယ် ကလေးတစ်သိုက် ရယ်မော ဆော့ကစားလျက်ရှိ သည် ။ သည်တစ်နေ့တော့ ရပ်ကွက်သည် လော်စပီကာသံ ဆိတ်လျက် ။ သူ နှစ်လို သော တိတ်ဆိတ်ခြင်းသည် ဟောဒီ နေရာမှာတော့ ကြုံရခဲသော အခြေအနေမျိုး ဖြစ်သည် ။ ရံခါတော့ အော်ဟစ် ဆဲဆိုသံ ၊ အကူအညီ တောင်းခံ ငိုယိုသံ ၊ လမ်းပေါ်အထိ ဝုန်းဒိုင်းကြဲ ပြေးလွှားကြ ၊ လိုက်ကြသည်အထိ ဖြစ်တတ်သော ရန်ပွဲများ၏ အသံမျိုး ကိုပင် လှိုင်လှိုင် ကြားနိုင် သေးသည် ။ ယခုတိုင် သူနှင့် အသားမကျသေးသော ဝန်းကျင် ။

“ ကလေးတွေကို ဒီလိုနေရာမှာ ကြီးမလာစေချင်ဘူး မောင်ရယ် ၊ ဒါပေမဲ့ ငါတို့ ဒီက ထပ် ပြောင်းနိုင်လည်း ဒီလိုနေရာတွေပဲ ရောက်ဦးမှာ ပဲထင်တယ် ၊ အလကား အုတ် အရောရော ကျောက် အရောရော ဖြစ်တော့မှာပဲ ” ဟု ခင်ပွန်းကို သူ ပြောခဲ့ဖူးတာ သတိရသည် ။

ခင်ပွန်း၏ အံ့အားသင့် ရယ်မောသော မျက်ဝန်းများ ကို ခုပင် အမှတ်ရလေသည် ။

“ နင်ကလည်း မရှိသေးတဲ့ ကလေးတောင် ကြိုပူတာပဲ ”

“ ကြိုတွေးရတာပဲ မောင်ရဲ့ ၊ မပြည့်စုံတဲ့ ဘဝထဲ ငါ ဘယ်ကလေးမှ မခေါ်ချင်ဘူး ။ ကွက်လပ်တွေ ၊ လိုအပ်ချက်တွေ အများကြီးနဲ့ မွေးလာ ။ ပြီးတော့ တစ်လျှောက်လုံးလည်း ကြောင့်ကြောင့်ကြကြ ကြီးပြင်းလာစေဦးမယ် ဆိုရင်တော့ အဲဒီ ကလေးတွေဟာ ငါတို့ကို မိဘရယ်လို့ကို ကျေးဇူးတင် နေဖို့ကို မကောင်းဘူး ၊ သက်သက်ခေါ် ဒုက္ခပေး တာပဲ ” ဟု အဆက်အစပ် မရှိလှသော စကားများကို ဆက်တိုက်ပင် ဆိုမိသည် ။

“ ဒါဖြင့် ငါတို့က ဘယ်တော့မှ မိဘ မဖြစ်တော့ဘူးလား ”

ကလေး ချစ်တတ်သော ခင်ပွန်းကို ငေးကာ သူ သက်ပြင်းချ၏ ။

“ တစ်နေ့ပေါ့လေ ကလေးလေး အတွက် ကြိုပြင် ပြီးတဲ့နေ့ပေါ့ ၊ အနည်းဆုံးတော့ ငါတို့ နေခဲ့ရတဲ့ ခေတ်ထက် သူ့ခေတ်က လှစေရမယ် ”

ဒါပေမဲ့ ဒီနေ့ မဟုတ်သေးဘူး ၊ ခု မဟုတ်သေးဘူး ။ သူသည် ခေါင်းတစ်ချက် ခါယမ်းကာ အတွေးစကို ဖျောက်ပစ်လိုက်သည် ။

ဟော ... ရေကန်ထောင့်က ဘာသံပါလိမ့် ။ လှမ်းကြည့်လျှင် ထိုရေကန်ထောင့် အိမ်ရှေ့လမ်းပေါ်မှာ ဂျာနယ်တစ်စောင် လက်က ကိုင်လျက် ရပ်နေသော အမျိုးသားတစ်ဦးသည် အိမ်အတွင်း ဘက်ဆီ စကားခပ်ကျယ်ကျယ် ဆိုနေတာ တွေ့ရလေသည် ။ လေဆိပ်က အမှုဟာ နောက်ကွယ်က တရားခံတွေ မိတော့မယ် ဆိုလားဟေ့ ။

“ မိလည်း မိမှပဲ ၊ အတော် လုပ်ရက်တဲ့ကောင်တွေ ”

အိမ်အတွင်းက စကားသံကို အကြားမှာ သူသည် မျက်လုံးအစုံကို ဖျတ်ခနဲ မှိတ်လိုက်သည် ။ သွေးအစအနများကို ခုပင် မြင်ရသည့်သဖွယ် မူးရိပ်ရိပ် ဖြစ်လာသည် ။ အယူအဆ မတူတိုင်း သ,တ်ရလျှင် လောကတွင် လူပင် ကျန်မည်မဟုတ် ။ ယုံကြည်ရာ မတူသော အလှတရားများ ကွဲပြားရုံးစုနိုင်စွမ်းပုံကို ဘာကြောင့်များ မမြင်ကြလေသနည်း ။ အမှန်တကယ် မြင်ပါလျက် တစ်စုံတစ်ရာသော စေ့ဆော်အားကြောင့် မမြင်ယောင် ပြုခဲ့ကြသလား ။ ကလေးလေး ရေ ၊ မေမေတို့ လောကဟာ ရှုပ်ထွေးပွေလီလှပါတယ် ။ ယုံကြည်ရာမှာ အသွေးအရောင် မရှိပေမဲ့ ယုံကြည်သူတွေမှာတော့ အသွေးအရောင် ရှိပါတယ် ။ အဲဒီ အသွေးအရောင်တွေ ကြားမှာ မေမေ့ ကလေးလေး ကို ဘယ်လို ကြီးပြင်းစေရပါ့ မလဲ ။

သူသည် ရှေ့အိမ်ဝင်း၏ အုတ်တံတိုင်း စည်းရိုးကို အမှတ်မထင် ငေးနေပြန်သည် ။ စည်းရိုးသည် တဖြည်းဖြည်း မြင့်လာ၏ ။ အုတ်သား အပေါ် မှာ သံဆူးချွန်များပင် ခွေဝိုက် ပြီးပြီ ။ သည်လိုဆိုတော့ စိတ်လုံခြုံသွားရောလား ။ အကြောက်တရား ၊ စိတ်မလုံ ခြုံမှုနှင့်ပဲ နေသားကျနေရော့ သလား ။ တကယ့်တကယ် တော့လည်း ကိုယ်ပိုင် ဝင်းခြံရှင် မပြောနှင့် ၊ လက်တစ်ဝါး စာလောက်ပင် မြေမပိုင်သူမှာ ညညဆို တံခါးချက်ကျ မကျ အခါခါ စစ်ကာ အခါများစွာ ချောက်ချောက်ချားချား ရှိရ သည် ။ လမ်းထောင့်သစ်ပင် ရိပ်ကို အမှိုက်ပစ် သွားရလျှင်ပင် ဘာကြောင့်ရယ် မသိစိတ်က မလုံခြုံ ။ ညဦးဘက် တစ် ယောက်တည်း ပြန်လာရလျှင် စိတ်က မလုံခြုံ ။ ရန်ကုန် သည် ရန်မကုန်သေး ။ အကြောက်တရားသည် ဝှက်သော လက်တံများကို ယိမ်းကာ ယိမ်းကာ အမှောင်ရိပ်က စွဲမြဲခြောက်လှန့်သည့်ပမာ ။

“ ပိုက်ဆံလေး လေး ၊ ငါးထောင် အတွက်လည်း လူ သ,တ်တာပဲတဲ့ ။ ဘုရား ဘုရား ” ဟု သတင်းစာ ဖတ်ကာ ဘုရားတ,ကာ ခင်ပွန်းသည် အိမ်ပြန် မရောက်မချင်း သူ့မှာ စိတ်လွှတ်ကိုယ်လွှတ် သက်ပြင်း မချသာဘဲ စောင့်စား ခဲ့ဖူးပြီ ။ နောက်နောင်များဆို ကလေးလေးတို့ အိမ်အပြန်ကိုလည်း ပူပန်စောင့်စားရလိမ့်မည် ။ သမီးလည်း သမီးမိန်းကလေးမို့ ၊ သားလည်း သား ယောက်ျားလေးမို့ မောစရာ ပူစရာ စိတ်ရောင်စုံဟာ ဘေးက ဝန်းပတ် ရှိနေဦးမှာပဲ ။ အို .. ။

တွေဝေစိတ်မောခြင်းကို ခေါင်းတွင်တွင် ခါယမ်း နှင့် အဆုံးသတ်ကာ ကိုယ်မပိုင်သော်လည်း တစ်ခဏ ခိုနားရသည့် အခန်းကျဉ်းလေးထဲ သူ ပြန်ဝင်လာသည် ။ တံခါးမကြီးကို ပိတ်လိုက်၏ ။

သို့သော် အပူငွေ့များစွာသည် ဖွင့်ထားသော ပြတင်းများက တိုးဝင် နေသလို သူ ထင်လာသည် ။ ထိုအပူသည် ခန္ဓာကို ရစ်ပတ်၏ ။ နောက်တော့ ဝမ်းဗိုက်ကို တို့ထိသလို ဝမ်း၌ တရိပ်ရိပ် ပူ၏ ။ လေတိုးလျက်က မွန်းကျပ်ပိတ်လှောင်ခြင်းကို ခံစားသိသည် ။ ဟိုတွေးဒီတွေးနှင့် စိတ်ဝေ့လည်ကာ ချွေးစေးပြန်စ ပြုလာသည် ။ စိတ်လွှတ်၍ အားခနဲ ကျုံးအော်မိတော့မလို ဖြစ်ပြီးခါမှ အိပ်ခန်းသို့ အပြေး ဝင်လာသည် ။ စိတ်တုံးတုံးချ နှုတ်ခမ်းကို တင်းတင်းခိုင်ခိုင် စေ့ကာ ဗီရိုအံဆွဲထဲက ဆေးဘူးတစ်ဘူးကို ရှာဖွေနှိုက်ယူလိုက်သည်  ။ ... မသောက်သုံးရ ။ သောက်တော့ ဘာဖြစ်တုံး ။ ဆေးလုံးများကို လက်အတွင်း သွန်ချသည် ။ အလုံးရေ ရေတွက်လိုက်သည် ။ နောက်တစ်ပတ် ၊ နှစ်ပတ်လောက်ဆို သူ့ ဝမ်းမှာ ကလေးလေး ရှိတော့မည် မဟုတ် ။ ကြားဖူးနားဝများ နှင့် အားတက်လာပြန်သည် ။ ဒီတစ်ကြိမ်ပါပဲ ၊ နောက်တစ်ကြိမ် မေမေ ဒီလို မလုပ်ပါဘူး ။ တုန်ယင်ယင် ရွှေ့သော မျက်ဝန်းများသည် နံရံထက် က မင်္ဂလာမောင်နှံ ပုံတူပန်းချီ မှာ တန့်နေသည် ။

ပျော်ရွှင်လှိုက်မောသော သူ့နှုတ်ခမ်းများ ၊ မျက်လုံးများသည် လောက၏ ကြည်နူးဖွယ်ရာ အစိတ် အပိုင်းများကိုသာ ရှာတွေ့ တော့မလို ။ ရဲစိတ်သည် သူ့ သွေးများထဲ နွေးထွေးစွာ လှည့်ပတ်စီးဆင်းနေခဲ့ဖူး သည် ။ ခုတော့ဖြင့် ဘဝငယ် လေးတစ်ခု တွယ်ကပ်လာချိန်မှာ သူ ဘာကိုများ တွေး ကြောက်ရပါလိမ့် ။ သူသည် ခေါင်းကို ဆတ်ခနဲ ခါယမ်းလိုက်သည် ။ သူ့အတွက်တော့ဖြင့် မကြောက်ပါ ။ ကလေး လေး အတွက်သာလေ ။ ရေတစ်ဖန်ခွက် ယူမည် ။ ဆေးသောက်ရမည် ။ ဘယ်နှရက် ဆက်သောက်ရ မှာပါလိမ့် ။ ကလေးလေးဟာ ရက်စက်တတ်သော မိခင် အတွက် ဝမ်းနည်းနေမလား ။ အို .. ဒီအချိန်ဆို သေးသေးကွေးကွေး ဘာမှလည်း သိနိုင်ဦးမှာ မဟုတ် ။

“ ကမ္ဘာမြေပေါ် ရှင်သန်ခွင့်ပေး မေမေ ၊ လူဖြစ်ခွင့်ပေး မေမေ ”

သီချင်းသံသည် အဝေးမှ အပြေးဝင်ကာ သူ့ရင်ကို ဝုန်းခနဲ ဆောင့်သည် ။ လူက ယိုင်ခနဲ ဖြစ်သည် ။ အယောင်ယောင် အမှားမှားပင် ဆေးလုံးများကို လွှတ်ချလိုက်၏ ။ တကယ်တမ်း နားစွင့်တော့လည်း သီချင်းသံကို ဘယ်မှာမှ မကြားရပါဘဲ ။ ပြန့်ကျဲနေသော ဆေးလုံးများကို သူ ငေးနေသည် ။ တော်ပြီ ... ကံပဲ ... ကံပါပဲ ။

သူသည် ပန်းသောစိတ် ၊ နွမ်းသော ခန္ဓာနှင့်ပင် အိပ်ရာထက် ပုံကျသည် ။ တစ်ခဏ လူးလွန့်သည် ။ နောက်တော့ မျက်လုံးများ စေ့ပိတ်ကာ အိပ်မောကျသွားသည် ။ ဖျတ်ခနဲ လန့်နိုးတော့ ဘယ်နှနာရီ ရှိပြီ မသိ ။ ဘယ်လောက်ကြာကြာ အိပ်မောကျခဲ့မှန်းလည်း မသိချေ ။ လူးလဲ ထထိုင်မိပြီးမှ အကျင့်ပါနေသော လက် များက အိပ်ရာခင်းပေါ် ရောက်သည် ။ လက်သည် တရွေ့ရွေ့ လှုပ်နေရာက တန့်သွားသည် ။

မျက်လုံးအစုံသည် ထို တစ်နေရာမှာ စိုက်လျက် ။ ရင်သည် တစ်ခဏချင်းပင် ဟာဆင်းသွားသည် ။ မဟုတ် ဘူး .. မဟုတ်ဘူးဟု အတွင်းစိတ်က အကြိမ်ကြိမ် ငြင်းဆန် အော်ဟစ်ကာ မီးခလုတ်ဆီ လက်လှမ်းလိုက်သည် ။ ချောက်ခနဲ မြည်သံ ၊ လင်းပွင့်သော မြင်ကွင်း ၊ အဝါနုရောင် အိပ်ရာခင်း ပေါ်က အနီ ။

သူသည် အနီကို ကြောင်ငေးနေသည် ။ ငြင်းဆန်တားမြစ်လိုခဲ့သော တစ်စုံတစ်ရာသည် သူ့ထံ ရောက်လာမည် မဟုတ် ။ ကလေးလေးသည် သူ့ထံ ရောက်လာဦးမည် မဟုတ် ။

သူသည် လွတ်လပ်ပေါ့ပါးဟန် အားပါးတရ ရယ်မောမည် ပြင်လိုက်သည် ။ သို့သော်လည်း ဘယ်ကဘယ်လို ပေါ်ပေါက်မှန်း မသိသော မျက်ရည်တို့သာ ပါးပြင်ပေါ် တလိမ့်လိမ့် စီး၍လာလေသည် ။

⎕ စံပယ်ဖြူနု
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၇ ၊ မေ

Friday, February 7, 2025

မြောက်ဖျားက ဆောင်းရာသီ

❝ မြောက်ဖျားက ဆောင်းရာသီ ❞
         ( စံပယ်ဖြူနု )

တစ်နေ့တာလုံး နေရောင်ခြည် ကောင်းစွာ ရရှိလေ သော အခန်းလေး တွင် ကျွန်မ နေပါသည် ။ အခန်းသည် အစဉ်လိုပင် နွေးထွေး နေတတ်၏ ။ နွေအခါ တွင် ပူပြင်း ကာ ဆောင်း တွင်တော့ ပြင်ပက အေးမြခြင်း ကိုပင် မသိ တတ်နိုင်အောင် ခပ်နွေးနွေးပင် ရှိသည် ။

ညနေခင်း ရုံးက ပြန်ရောက်ချိန်၌ ဖြစ်စေ ၊ ညဉ့်နက် လျှင်ဖြစ်စေ ၊ သို့တည်းမဟုတ် နံနက်ခင်း အိပ်ရာက နိုးထလျှင် ဖြစ်စေ ကျွန်မသည် ဆောင်း၏ အငွေ့အ သက်ကို နည်းနည်းမျှပင် မခံစားရပါ ။ အေးမြလှသော ဒေသတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သလို ဆောင်းသိပ် မပီပြင်သည့် မြို့၏ အတွင်းပိုင်း လို နေရာတွင် နေရတာ ကြောင့်လားမသိ ။ ရန်ကုန်ဆောင်း သည် ကျွန်မကို မပြု စားနိုင်ချေ ။

သိပ်အေးတာပဲ ဟု ပြောတတ်သော မိတ်ဆွေများ ကို ရယ်ပွဲ ဖွဲ့လျှင် သူတို့၏ မျက်စောင်းများ နှင့် ရင်ဆိုင်ရလေ့ ရှိပါသည် ။

“ အေးလေ နင် ကတော့ ဘယ် အေးပါ့မလဲ ”

ဟု အနွေးထည် အလှကို ရာသီဥတု နည်းနည်း အေးသည် နှင့် ထုတ် ဝတ်ချင်သော သူငယ်ချင်း က ပြော တတ်သည် ။

သည်လို ဆိုလျှင်တော့ “ ငါတို့ ဆီမှာလေ ” ဟု အစချီ ကာ မြောက်ဖျားက ဆောင်းရာသီ အေးမြပုံ အကြောင်း ကျွန်မ စိတ်လိုလက်ရ ပြောပြချင်လာပါသည် ။ ပြောပြ ချင်နေသည့် အချိန်နှင့် တိုက်ဆိုင် လာလျှင်တော့ စကားစ လာသူမှာ ကျွန်မ ပြောသမျှ နားထောင်ပေတော့ ။

“ တို့ဆီမှာ အေးတာက မီးတောင် လှုံရတာကိုး ။ ညညဆို ခြံထဲမှာ မီးဖိုကြီးမှ အကြီးကြီးပဲ ဖိုတာ ။ ထင်းတုံးတွေ ဆိုင်ပြီး ညမိုးချုပ်ရင် မီးဖို တော့တာပဲ ။ မီးလှုံရင်း ခေါပုတ်လေး ကင်စားရတဲ့ အရသာများ ဘာနဲ့မှ မလဲ နိုင်ဘူး ”

သူတစ်ပါး ကို အားကျစေလိုစိတ် နှင့် ပြောမိသော ကျွန်မမှာ နောက်ဆုံးတော့လည်း ကိုယ်တိုင်ပင် ပြန်လွမ်း ရပါတော့သည် ။ သူငယ်ချင်း က တစ်ခဏမျှသာ သည် အကြောင်းများ စိတ်ဝင်စားဖော် ရပြီး တစ်ဖန် အာရုံပြောင်း ချိန်တွင်တော့ ကျွန်မ တစ်ယောက်သာ အလွမ်းများ တစ်ပွေ့တစ်ပိုက် နှင့် ကျန်ရတတ်သည် ။

ဇာတိမြေ ကချင်ပြည်နယ် က ဆောင်းရာသီ ကို လွမ်း တသော ကျွန်မသည် တကယ့် တကယ်တော့ ထိုမြေ က ဆောင်းနှင့် ဝေးခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပါပြီ ။ အလုပ် ခွင် ဝင်ပါပြီ ဆို ကတည်းက သင်္ကြန်ပိတ်ရက် သာ အိမ်
ပြန်ဖြစ်လေရာ ဆောင်းကို မကြုံရပြီ ။ သင်္ကြန်ကာလ တွင် နံနက်ခင်း အစောပိုင်းများ ၌ အေးမြမြ အထိအတွေ့ကို ခံ စားရသေးသည် ။ ကျေနပ်ရပါသေးသည် ။ သို့သော် ကျွန်မ လွမ်းတသော ဆောင်း ကိုတော့ မမီပြီ ။

“ အေးနေပြီလားဟင် ”

ဟု အိမ်နှင့် ဖုန်းပြောရတိုင်း ကျွန်မ သတိတရ မေးတတ်ကာ စိတ်ကူး ၌လည်း အိမ်သို့ အပြေးပြန်တတ် ပါသည် ။ စိတ်ကူးနှင့်ပင် ဆောင်း ကိုမြင်သည် ။ မီးဖိုမှာ မီးလှုံရသည် ။ ခေါပုတ်ကင်နံ့ ပင် တသင်းသင်း ရသည် ထင်မှတ်လာ၏ ။ စိတ်နှင့်လူ တစ်ဖန် ကပ်သော် ရန်ကုန် မြေ၌ ခြေမြဲမြံလျက် ။ အာရုံတိမ်းပွေချိန်တိုင်းတော့ စိတ် က တိမ်စိုင်လို မျောလွင့်မြဲ ။

ကျွန်မတို့ ငယ်ရွယ်စဉ် ကတော့ ဆောင်းကို ကျောင်း တက်ရက် နံနက်ခင်းများနှင့် တွဲလျက် မှတ်မိစရာ ဖြစ် ရပါသည် ။ ထိုစဉ်က ကျွန်မသည် မြို့တွင် ကျောင်းတက် စဉ် အဘွားအိမ်၌ နေထိုင်ရသည် ။ အဘွားသည် အခြား သော အချိန်များ၌ ချစ်ဖွယ် ကောင်းတတ်သော်လည်း နံနက်ခင်းအလင်း ရောက်သည်နှင့် အိပ်ရာက အတင်း နှိုးတတ်တာ တစ်ခုကိုတော့ ကျွန်မ မကြိုက်ခဲ့ပါပေ ။

ဆောင်းက အေးလှသည်မို့ ဂွမ်းစောင်ပုံထဲက ထွက် ဖို့ဆိုသည်မှာ စိန်ခေါ်မှု သဖွယ်တည်း ။ ဂွမ်းစောင်ထူ အိအိကြီးများ ထဲ ပုစွန်တုပ်များလို ကွေးကွေးလေး အိပ် စက်ရသည်မှာ ဘယ်လောက် ဇိမ်ရှိပါသနည်း ။ သည်လို သာ မထတမ်း အိပ်ချင်သည် ဟု ငယ်စဉ်က အကြိမ်ကြိမ် တွေးဖူးသည် ။ ကျောင်း မတက်ရလည်း ကောင်းသား ပဲ ။ သို့သော်လည်း အချိန်တန် လျှင်တော့ အဘွားသည် စောင်များကို ဆွဲခွာကာ အိပ်ရာက နှိုးတက်သည် ။

“ ထတော့ ဒီကလေးဟာ နေမြင့်တဲ့အထိ အိပ်ချင် တယ် ။ ကျောင်းသွား ရမယ့်ဟာ စာလေးဘာလေး လည်း ကျက်ဦး ၊ ထ ၊ ထ ”

အဘွားသည် သည်မျှသာ ဆော်ဩနိုင်ကာ ဈေးသို့ ဆွဲခြင်းကလေး ဆွဲပြီး ထွက်သည် ။ အသက်ကြီး သော် ငြား နံနက်တိုင်း ဈေးသွားမြဲ ။ ဟင်းလျာ စီမံမြဲ ။ ခြံဝင်းထဲမှ အဘွား ထွက်သွားသည် ကို သေချာ အောင် ချောင်းကြည့် ပြီးသော် စောင်ပုံထဲ တစ်ကျော့ပြန် ခွေပါသည် ။ အပြင်တွင် အေးလှသည် မဟုတ်လား ။ ကြမ်းပြင်ကလည်း အေးစက်နေသည် ။ လေကလည်း အေးစက်နေသည် ။ သည့်ထက် ရေအေးအေး နှင့် မျက်နှာသစ်ရမည် ဆိုသည်ကို အထိတ်လန့်ဆုံးတည်း ။ ရေချိုး ဖို့ ဆိုသည်မှာတော့ အိပ်မက်ပင် မက်ကောင်းသည်
မဟုတ် ။

အိပ်ရာနွေးနွေး ကို ဘယ်သို့ပင် ခင်တွယ်သော် လည်း အဘွား ပြန်မလာမီတော့ အပြေး ထရသည် ။ မျက်နှာသစ် ၊ သနပ်ခါးလိမ်းကာ အဝတ်အစား လဲထားရ သည် ။ ပြန်လာလို့မှ အိပ်ရာထဲ တွေ့ နေသေးလျှင်တော့ အဘွား၏ ပါးစပ်ကို ကြောက်ရမည် မဟုတ်လား ။

သို့နှင့် အချိန်တန်လျှင် နံနက်စာစား လွယ်အိတ် ကလေး လွယ်ကာ ပတ်ဝန်းကျင် မှ အိမ်နီးနားချင်း အစ်ကို ၊ အစ်မ တစ်သိုက်နှင့် ကျောင်းသွားပါတော့သည် ။ ကျောင်းမှာ ဆယ့်ငါးမိနစ် မျှ လျှောက်လျှင် ရောက်သည် ။ ကျောင်းသို့ သွားရာလမ်းကတော့ ဆောင်းနံနက်ခင်းများ၌ အထူးလှသည် ။ အထူးလှသည် ဟု သာ ကျွန်မ ထင်ပါသည် ။

လမ်းသည် ကွေ့ ကောက်ကာ ကျောင်းဘက် သို့ ဦး တည်သွားသည် ။ သည်လမ်းပေါ်၌ ကျွန်မတို့ လိုပင် ကလေးတစ်သိုက် တို့သည် ဟိုတစ်စု သည်တစ်စုဖြင့် ခြေကျင် သွားနေကြသည် ။ နှင်းမကွဲသေး ။ အဖြူအစိမ်း တူညီဝတ်စုံ တို့သည် နှင်းမကွဲသေးသော မြူဆိုင်းသည့် ငွေဖြူ ။ ဝန်းကျင်က သစ်ပင်တို့၏ အစိမ်း တို့ရောသော သဘာဝအလှနှင့် အတော်ပင် လိုက်ဖက်သည် ကို သတိ ရသည် ။

ကျွန်မတို့သည် ဆောင်း နံနက်ခင်း စောစောများ တွင် ကိုယ့်ရှေ့ဝန်းကျင် မလှမ်းမကမ်းမျှသာ မြင်ကြရပါ သည် ။ အဝေးကို လှမ်းကြည့်သော် မသဲကွဲ ။ မြူနှင်းများ ဆိုင်းဆဲ ။ လေမှာ အေးစိမ့်၍ နေသည် ။ အနွေးဦးထုပ် ဆောင်း ထား၍ ခေါင်းမစို ။ မျက်နှာကတော့ ရေငွေ့ ရိုက် စပြုကာ အေးစက် နေတတ်သည် ။ မျက်တောင်ဖျား၌ နှင်း ငွေ့များ ခိုတွဲ နေတတ်သည် ကိုတော့ ကျွန်မ အလွန် သဘောကျပါသည် ။ မျက်တောင်ကိုပင် ခဏခဏ ခတ်တတ် သေးသည် ။ ရေစက်ပေါက်ကလေးများ မျက်နှာ ပေါ် ကျသည်ကိုလည်း နှစ်သက်တတ်သေးသည် ။

စာသင်ခန်းထဲ ရောက်စ၌ လက်ချောင်းကလေးများ ကျင်ခဲနေသလို စာရေးရန် ခက်လှသည် ။ ဘောလ်ပင် ၊ ခဲတံတို့ကို မကိုင်ကွယ်နိုင် ။ လက်ချောင်းများ အချင်း ချင်း ဆုပ်နယ်လိုက် ၊ ပါးစပ်က လေနှင့် နွေးထွေးစေလိုက် ပြုကာ စာရေးဖို့ ကြိုးစားရသည် ။ အတန်ကြာလျှင်တော့ အသားကျပေပြီ ။ သည်သို့သာ ကျောင်းသူ ဘဝ၏ ဆောင်းနံနက်ခင်း များစွာကို အစီအစဉ်တကျ ဖြတ်ကျော် ခဲ့ရသည် ။

ငယ်စဉ်က ကျွန်မတွင် အနွေးအင်္ကျီအလှများ မရှိ ပါ ။ ကတ္တီပါပြောင် နီညိုရောင် တစ်ထည် ၊ ဆွယ်တာ မီးခိုးရောင် တစ်ထည်ပဲ ရှိခဲ့သည်လား မသိ ။ သို့သော် မြို့စွန်၌ တည်ရှိသော ကျွန်မတို့ ကျောင်းတွင် မျက်နှာ ငယ်စရာ စိုးစဉ်းမျှ ရှာမတွေ့  ။ ဘဝတူတွေ ရှိသားပဲ ။ တတ်နိုင်သည့် သူက အနွေးအင်္ကျီ အလှများ ဝတ်ထား သော် အားကျငေးမောမည် ။ သို့သော် မိဘကို ပူဆာရန် ကား တစ်ကြိမ်မှ စိတ်ကူး မရှိခဲ့စဖူး ။ မပြည့်စုံလှသော ငယ်ဘဝ တွင် ကျွန်မ သည် ဆောင်းရာသီ ကိုတော့ မုန်းစိတ်မဝင် ။

နံနက်ခင်းစောစော၌ ချမ်းရအေးရသည့် ကြားထဲ ကျောင်းသွားရန် ထရခြင်း တစ်ခုကိုတော့ ကျွန်မ ငြူစူ ချင်သည် ။ ကျွန်မ က အအိပ်မက်သူ ။ အိပ်ရာစောစော ထရသည့် ဆောင်းနံနက်ခင်းများကို မကြိုက်လှသော် လည်း ဆောင်းနေဝင်ပြီး နောက် လေအေးများကြီးစိုးလာ သည့် နေစောင်းချိန်များ ကိုတော့ ကျွန်မ အလွန်နှစ်သက် ပါသည် ။

ဦးလေးသည် မှောင်စပျိုးသည် နှင့် ခြံထဲမှာ မီးဖိုပါ တော့သည် ။ မီးဖိုနေကျ နေရာမှာပင် လောင်ကျွမ်းပြီးသား ထင်းတုံးဟောင်းကို မီးပြန် မွှေးသည် ။ သစ်ကိုင်းခြောက် နည်းနည်း ထပ်ထည့်သည် ။ မီးညွန့်ကလေး တက်လာ လျှင် လှုံနိုင်ပေပြီ ။

ခြံချင်း နီးသော ဝမ်းကွဲအစ်မ နှင့် ကျွန်မ သည် အဘွားအိမ် ပေါ်တွင် အိမ်စာအတူ လုပ်ပြီးသော် မီးဖို နားသို့ အပြေးကပ် ကြတော့သည် ။ အိမ်သည် ထရံကာမြို့ လေက တိုးဝင်လျက်ရှိရာ အေးလှသည် မဟုတ်လား ။ ကျွန်မတို့သည် မီးဖိုအနီး ဝိုင်းထိုင်နေကြသည့် လူကြီးများ အကြား တိုးဝှေ့ ထိုင်ကြသည် ။ ခြေ ၊ လက်တို့ ကို ပူနွေးအောင် မီးလှုံကြသည် ။ မီးဖိုဘေးတွင် ခေါပုတ် သို့မဟုတ် ပေါင်းတင်းကျည် ( ကောက်ညှင်းကျည်တောက် ) စသည်ဖြင့် လူကြီးများ က တစ်ခုခု ကင်နေ ၊ မွှေးနေသည်ကို ငေးမျှော်ကာ စောင့်ကာ စားကြသည် ။ အဘွား ပြောပြတတ်သည့် ရှေးစကားများကို မျက်လုံး အဝိုင်းသားနှင့် နားထောင် တတ်ကြသည် ။ အိပ် ချိန်တန်လျှင်တော့ ဂွမ်းဆောင်ပုံများ ကြားထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရခြင်း ကို ဘယ်တော့မှ မမေ့ ။

ဆောင်းရာသီ၌ပင် ကြုံရသော ကျောင်းပိတ်ရက်ရှည်များ တွင်တော့ ရွာသို့ပြန်လျှင် ကျွန်မ နှစ်သက်သော ဟင်းလျာများ အတွက် အသီးအရွက် အညွန့်အဖူးတို့စုံ လင်ပေပြီ ။ မုန်ညင်းဖူးနုနုများရမည် ။ ပဲရွက်နုများရမည် ။ ပဲသီးနုများရမည် ။ အားလုံးသည် စိမ်းစိမ်းစိုစို လတ် လတ်ဆတ်ဆတ် ။ အချို့ကိုတော့ ခြံထဲ တွင်ပင် ရနိုင် သည် ။ အမေ ကိုယ်တိုင် စိုက်ပျိုးထားပေသည် ။

အမေ သည် ကျွန်မ အလွန် နှစ်သက်သော မုန်ညင်းစော ( မုန်ညင်းချဉ်ရည်ဟင်း) ကို ချက်ကျွေးတတ်သည် ။ ဟင်းလှော်ပေါင်း လုပ်ကျွေးတတ်သည် ။ မုန်ညင်းပေါင်း လုပ်ကျွေးတတ်သည် ။ ငါးပေါင်း လုပ်ကျွေးတတ်သည် ။

ရွာက အိမ်ကလေးသည် ချောင်းနံဘေးတွင် တည်ရှိ လေရာ ဆောင်းရာသီ နံနက်စောစောများ၌ ရေပြင်ကို မြူနှင်းများ အကြား မသဲမကွဲ မြင်ရသည့် မြင်ကွင်းကို လည်း ကျွန်မ သတိရနေသည် ။ အမေ လုပ်ပေးတတ်သည့် နံနက်စာ ထမင်းကြော် ၊ ကော်ဖီပူပူ တို့ကိုလည်း ဆောင်းနံနက်ခင်းများ နှင့် တွဲဖက်ကာ မှတ်မိနေဆဲပင် ။

ရွာတွင်တော့ ကောက်နှံတို့ လည်း ပေါ်ပြီဖြစ်ရာ ခေါပုတ် လှိုင်လှိုင် ထောင်းကြဆဲ ။

တစ်အိမ်အိမ်က ခေါပုတ် ထောင်းလျှင် နီးစပ်ရာက အမျိုးသမီးများ ဝိုင်းကူကြသည် ။ မောင်းတံပေါ် ခြေသုံး ဖက် ၊ လေးဖက်မျှ အချက်ညီညီ နင်းကြသည် ။ မောင်း ဆုံနားတွင် နေသူက ကျည်ပွေ့ တွင် ကပ် နေသည့် ထောင်းလက်စ ကောက်ညှင်းစေးပျစ်ပျစ်ကို ခွာလိုက် ဆုံထဲ တစ်ဖန်ထည့်လိုက် ကျင်လည်စွာ လုပ်ပေးရသည် ။ ဘက်လှည့်ပေးရသည် ။ သည်မြင်ကွင်းကို ပြန်တွေးတိုင်း ကျွန်မသည် မောင်းဆုံရှေ့ စောင့်တတ်သည့် ကြီးကြီး၏ လက်ယဉ်ပုံ ၊ ကျွမ်းကျင်ပုံကို မမေ့ ။

မောင်းထောင်းနေသည့် အနီးတစ်ဝိုက် ကျွန်မတို့ ကလေးတစ်သိုက် က ကျင်လည်သော် ကြီးကြီးသည် ထောင်းလက်စ ထဲက အဆုပ် အဆုပ်ခွဲကာ လှမ်းပေး တတ်သည် ။ မီးဖို အနီးသို့ အပြေး သွားကာ သီတံထိပ် တပ်လျက် ကင်စားရသည့် အရသာ မှာ အမေ ကင်ပေး တတ်သည့် ခေါပုတ် ထက်ပင် စားကောင်း သလို ထင် တတ်ခဲ့သည် ။ ခေါပုတ်များ ကို ဝိုင်းကူကြသူများ ကိုလည်း ပေးရသည် ။ အိမ်နီးနားချင်းများ ထံ ပို့ရသည် ။ ဆွေမျိုး များ ကိုလည်း ခွဲပေးသေးသည် ။

မိမိ အိမ်က တစ်ကြိမ်တစ်ခါ ထောင်းလျှင် အများကို ပေးဝေသလို ပတ်ဝန်းကျင်က ထောင်းလျှင် လည်း အိမ် ကို အပို့ရောက်သည်သာ ။ သည်တော့ အိမ်တွင် ခေါပုတ် မပြတ် ။ စားစရာလည်းမပြတ် ။ ကျောင်းပိတ်ရက်လွန်၍ မြို့သို့ပြန်သော် စားစရာများ သယ်ကာ ပြန်ရသည် ။ မြို့တွင်တော့ ကျွန်မကျောင်းတက်ခဲ့သည့် ချမ်းချမ်းစီး စီး နံနက်များက စောင့်ကြိုမြဲ ။ သို့သော်လည်း မီးဖိုနံ ဘေး နွေးထွေးနေပျော်သော ညကာလများလည်း ရှိသေး သည်မို့ ဆောင်းကို ကြာရှည် စိတ်မကုန်ပြန်ချေ ။

ငယ်ရွယ်စဉ်နှင့် ဆယ်ကျော်သက်ရွယ်တုန်းကပဲ ဘဝကို ပျော်စရာဟု ပိုမြင်တတ်ခဲ့လေသလား မသိ ။ ပြန်စဉ်းစားလျှင် အရာရာသည် လွမ်းစဖွယ်တည်း ။ တစ်နှစ်တော့ ဆောင်းရာသီ ပြန်ဖြစ်အောင် ပြန်ပါမည် ဟု ယခုတိုင် တွေးဆဲ ။ ပြီးခဲ့သည့် တစ်ရက်က အမေနှင့် ဖုန်းပြောရသော် ဆောင်းရာသီ တွင် ကျွန်မ တစ်ကြိမ်မှ မပြန်ဖြစ်တော့သည် ကို အမေ က သတိတရ ပြောလိုပြန်သည် ။

“ တစ်ခါတော့ ဆောင်းတွင်း ပြန်လာဦးလေ ။ စားစရာ ပေါတယ်ကော ။ သမီး ပြန်လာတဲ့ နွေရာသီဟာ လုပ်ကျွေးချင်ရင်တောင် ဘာမှ သိပ်မစုံတော့ဘူး ။ ခေါပုတ် လည်း အဲဒီအချိန်လောက်ဆို ကုန်ပြီ ”

အမေ့ စကားသံ သည် ဖုန်းချပြီးသော်လည်း နား၌ စွဲမြဲဆဲပင် ။ သို့သော် အမေ့ သမီးမှာတော့ ဆောင်းရာသီ အိမ်ပြန်ရေး ဆိုသည်မှာ စေ့စေ့ တွေးရန်မလိုဘဲ ထင်းထင်း ပေါ်မြဲ အဖြေရှိပြီးသားပင် ။ အသွားအပြန် လေးရက်မျှ ကြာသော ရွာကလေးသို့ ဘယ်မှာ လျှင် ပိတ်ရက်ရှည် မရဘဲ ပြန်နိုင်ပါမည်နည်း ။ ကြာတော့လည်း အလွမ်း နှင့် အသားကျကာ မလွမ်းရတော့ဘူးဆိုလျှင်ပင် မနေတတ်တော့ဘူး ထင်လာသည် ။ လွမ်းရတာကိုပင် စည်းစိမ် တစ်မျိုးလို ထင်မှတ်ကာ လွမ်းတတ်လာသည် ။

ခုတစ်လောတော့ မြောက်ဖျားပိုင်း ကို ပိုလွမ်းရသည် ။ ရာသီဥတု အေးနေမည် ဆိုသည်ကို တွေးမိလျှင် တိုး၍ လွမ်းရသည် ။ သည်တစ်ကြိမ် လွမ်းရသည် ကတော့ အစားအသောက်များကိုလည်း မဟုတ် ။ နွေးထွေး လုံခြုံ ရာတွင် ရှိနေမည့် ကျွန်မ ၏ မိသားစုကို စိတ်အေးရသော်လည်း မတတ်နိုင် လက်မှိုင်ချကာ အိမ်အပြန်လမ်း ငေးမျှော် နေရရှာသော စစ်ဘေးသင့်သူများ ကိုတော့ လွမ်း ရပါပေသည် ။

“ အနွေးထည် လည်း မလောက်ဘူး ။ တို့ဆီမှာ ဒီလောက် အေးတာ နင်သိတဲ့ အတိုင်း ၊ အိမ် ထဲမှာ တောင် ဒီလောက် အေးတာ ။ ငါလည်း ဘာလုပ်ပေးရမှန်း မသိ တော့ဘူး ”

တစ်နယ်တည်း ၊ တစ်ခရိုင်တည်း ကြီးပြင်းခဲ့ကြ သော်လည်း ရန်ကုန်တွင်မှ ကြံကြံဖန်ဖန် တွေ့ကြုံခင်မင် ရသော အစ်မသည် တစ်ရက်၌ ခရီးမစမီ ကျွန်မကို တိုင်တည်သည် ။ မကြာခင် သူ ခရီးစမည် ။ ကျွန်မတို့၏ ဇာတိ မြောက်ဖျားဆီ ။ သူသည် အခါများစွာကလို အိမ် ကို အလည် ပြန်သည် မဟုတ် ။ ဒုက္ခသည်စခန်းများ ၌ ရှိနေဆဲသူများ ထံ စေတနာရှင်များ ဆီ က ရတတ်သမျှ အကူအညီများ သယ်ပိုး၍ သွားရန်ပြင်ခြင်း ။

ကျွန်မ က သူ့ကို တိတ်တဆိတ် ပူပင်ဆဲ ။ သူက တော့ သူ့ကိုယ်သူ ထက် အိမ်မပြန် နိုင်သေးသည့် ကလေး များ ၊ မိခင်များ ၊ အဘိုးအဘွားများ အတွက် ပူပင်နေသည် ။ ကျွန်မ တွင်တော့ အပူသည် ရံဖန်ရံခါတော့ များပြားသည့် ဘဝ တာဝန်များကြား ပေါ်လိုက်ပျောက်လိုက် ပင် ။

တစ်ခါတစ်လေတော့ ရွာကို မိသားစုကို အလွန်အမင်း ပူပန်နေတတ်သည် ။ အပြေးသွားချင်သည် ။ မိတ် ဆွေများရှေ့ မျက်ရည်ကျမိသည့် အချိန်လည်း ရှိခဲ့ သည် ။ သို့သော်လည်း မိဘများ အသံကို ဖုန်းထဲက ကြားရုံနှင့် သက်ပြင်းချကာ စိတ်အေးတတ်သည့် အချိန် မျိုးလည်း ရှိပြန်သည် ။

တကယ်တော့ သေနတ်သံ ၊ ဗုံးသံများသည် ကျွန်မ တို့နှင့် စိမ်းသည်မဟုတ် ။ နှစ်အတော်ကြာ ကြားဖူးနားဝ ရှိခဲ့သည် ။ ထို့နောက် တစ်ဖန် ငြိမ်းအေး သွားပြန် သည် ။ ဆယ်စုနှစ်ကို ကျော်လွန်ငြိမ်းချမ်းဆဲ လွန်ခဲ့သော နှစ်နှစ်ကျော် ကတော့ မိုးစက်များ နှင့်အတူ ကျွန်မတို့ မြေ၌ မငြိမ်းချမ်းခြင်းသည် တစ်ကျော့ပြန် နိုးထခဲ့ပြီ ။

ဇွန် ၊ ဇူလိုင်လတို့သည် ကျွန်မအတွက် ခက်ခဲစွာ ဖြတ်ကျော်ရသည့် ကာလများ ။ အဲသည် အချိန်က မိသား စုကို ပူပန်စိတ်နှင့် တစ်ဖက်တွင် မြို့ပြ ကို စွန့်ခွာရန် ခက်ခဲနေဆဲ အနေအထားများ အကြား ကျွန်မ ပြိုလဲမ တတ်ဖြစ်ခဲ့ရသည် ။ သို့သော် ရွာကလေးသည် ကာလ ရှည်ကြာ ဘေးကင်းဆဲ ။ သည်တော့ မိသားစုထံက ပူပင် စိတ်သည် အိမ်ကို စွန့်ခွာပြေးလွှားရသူတို့ ထံ ကူးပြောင်း ပြန်သည် ။

အဲသည်နှစ် ကလည်း အစ်မသည် နယ် ပြန်ခဲ့သေး သည် ။ သူ အပြန်တွင် ဓာတ်ပုံများစွာ ပါလာသည် ။ ကျွန်မသည် ထို ဓာတ်ပုံများကို ကြည့်ကာ သူ့ရှေ့တွင်ပင် မျက်ရည် ကျရသည် ။

အဝတ်အထည် နွမ်းနွမ်းကလေးများနှင့် ကလေးတို့ သည် ကင်မရာ ကို အပြစ်ကင်းစင်သော မျက်လုံးကလေး များနှင့် ငေးနေကြသည် ။ ငိုနေသော ကလေးလေးကို လည်းတွေ့ ရသည် ။ ပဲပြုတ်တစ်ခွက် နှင့် ထမင်းစား နေ ကြသော ကလေးတို့ ကို မြင်သည် ။ ဒုက္ခသည်စခ န်းက ကြမ်းပြင်ပေါ် စာကုန်း ရေးနေကြသည့် ကလေးတို့ ကို ရင်နာစဖွယ် တွေ့မြင်ရသည် ။ စခန်းတို့သည် အမိုးအကာ လုံလုံခြုံခြုံ လည်း မဟုတ် ။ ဓာတ်ပုံတို့ ကို တွေ့ရသော အချိန်သည်လည်း ဆောင်းကာလ သာ ဖြစ်သည် ။ သူတို့ ဘယ်လောက်များ အေးနေကြမလဲ ။

ကျွန်မ မျက်ရည်တွေတွေ ကျနေသည် ကို အစ်မက ငေးနေသည် ။

“ ငို ၊ ငို ၊ ငိုချင်သလောက် သာ ငိုပေတော့ ။ ငါ့ မှာ တော့ ငိုစရာ မျက်ရည်တောင် မရှိတော့ဘူးဟ ။ ငို လည်း မငို နိုင်တော့ဘူး ။ ငါ မြင်ရတဲ့ မြင်ကွင်းတွေ နင် အပြင်မှာ မြင်ရရင် နင် လည်း ငါ့ လိုပဲ မျက်ရည် ကျန်တော့မှာ မဟုတ်ဘူး ”

သူ လှမ်းပေးသည့် စာအုပ်ကလေး တစ်အုပ် ကို ကိုင် ထားသော ကျွန်မလက်များ က လည်း တုန်ယင်ချင် နေသည် ။ မညီမညာ ရေးထားသော လက်ရေးလေးများ ကို မျက်ရည်များ အကြားက ဝိုးတဝါး မြင်ရသည် ။

“ သမီး အိမ်ပြန်ချင်တယ် ”

“ စစ်ပြီးရင် သား ကျောင်းပြန် နေမယ် ၊ စာ လည်း ကြိုးစားမယ် ”

“ ကျွန်တော် အသားဟင်း စားချင်ပါသည် ”

အဲသည် တစ်ညနေက အားရအောင် ငိုချလိုက်ပြီး နောက်ရက်များ တွင်တော့ အကြိမ်ကြိမ် မျက်ရည် ဝဲရ သေးသော်လည်း ထို တစ်ညနေ က လောက် ရှိုက်ကြီး တငင် မငိုတတ်တော့ပါပြီ ။

ခုလို အေးမြသည့် ကာလ ရောက်တော့ ထို ညနေကို သတိရသည် ။ တွေ့မြင်ဖူးသော ပုံကလေးများ ကို သတိ ရသည် ။ သူတို့သည် ဆောင်းရာသီ နှစ်နှစ် ဆက်တိုက် လုံခြုံနွေးထွေးသော နေအိမ်များ နှင့် အဝေးမှာ ရှင်သန်ခဲ့ ကြပြီးပြီ ။ ခုလည်း ဆောင်း က တစ်ကျော့ ဆိုက်ရောက် လာပြန်ပြီ ။ အခက်အခဲများ ကို ရင်ဆိုင်ဖို့ရန် စိတ်နှလုံး ခက်မာခြင်း ၊ မျက်ရည် ကြားက ရယ်တတ်ပြုံးတတ်သော နှုတ်ခမ်းများ ရှိကြခြင်း အတွက်တော့ လောကကို ကျေး ဇူးတင်ပါသည် ။

“ နောင်နှစ်နွေ ကျွန်မ ပြန်ရင် စခန်း မှာသွားနေဦး မယ် ” ဟု ရန်ကုန်တွင် နှုတ်ဆက်ရသည့် ညနေ က အစ်မ ကို ပြောခဲ့မိသည် ။

“ နင်ကလည်း အဲဒီလို မပြောစမ်းပါနဲ့ဟယ် ။ တော်ပြီ ၊ နွေမရောက်ဘူး ၊ စစ်ပြီးပြီလို့ပြော ၊ အားလုံး အိမ် ပြန်ပြီလို့ပြော ။ ဒီ ဆောင်းတွင်း တစ်ခုပဲ တော်ပြီ ”

စကားပြော ပြတ်တောင်းသော ၊ သို့သော် စိတ်နှလုံး ရိုးစင်းနူးညံ့ကာ ကြင်နာတတ်သော အစ်မ ကို ခုတစ်လော သတိရ နေသည် ။ သူ သည် မြောက်ဖျားမှာ ။ အလွန် အေးသော ကျွန်မတို့ ဇာတိ မြောက်ဖျားမှာ ။ သူ ပြန်မလာသေးသည့် အတွက် ကျွန်မ သည် သတင်းစကားများ အထူးတလည် သိရသည် မရှိပါ ။

သည်ကြားထဲ သံလွင်ခက် နှင့် ချိုးဖြူ တစ်ကောင် လက်တစ်ကမ်း ကိုပင် ရောက်လာတော့ မလိုလို သတင်း များ ထွက်ပေါ် လာလျှင်တော့ ဝမ်းသာစ ပြုလာပြန်သည် ။ ဒါနှင့်ပင် မျှော်လင့်ချက် ထားလိုသည် ။ အလင်းတစ်စ မြင်ရသလို ဆုပ်ကိုင်ချင်သည် ။ ထို အလင်း မကွယ် ပျောက်ပါစေနှင့် ။ မကြာမကြာ ပေါ်လိုက် ပျောက်လိုက် ဖြစ်သလို ထပ်၍ မကွယ်ပျောက်ပါစေနှင့် ။

ပြီးခဲ့သည့် တစ်ရက် ကတော့ ကျွန်မ သည် အမေ နှင့် ဖုန်းပြောစဉ်

“ အခု အေးနေပြီ မဟုတ်လား ” ဟု အဆန်းလုပ် မေးဖြစ်ပါသည် ။

“ အေးတာပ ၊ ညဘက်တော့ တော်တော် အေးတာ ” ဟု အမေ က ဖြေရိုးဖြေစဉ်အတိုင်း ဖြေသည် ။

ကျွန်မ ၏ စိတ်အလျဉ် ကတော့ မြောက်ဖျားပိုင်း ဆီ အပြေး ရောက် သွားသည် ။ တောင်တန်းများ ကို ဖြတ်သည် ။ တောအုပ်များ ကို ကျော်သည် ။ သစ်ပင်ငယ် အစုစု ကို ဖြတ်သည် ။ တဲတန်းရှည်များ အနီးတွင် ရပ်သည် ။ ဖြူစင်သော မျက်လုံးလေးများစွာကို မြင်သည် ။ သည် အခိုက် လေကြမ်း က စိတ်ကူး ၌ပင် သုတ်ခနဲ နှင်လာသည် ။

သူတို့လေးတွေ အေးနေရှာရော့မည် ။

▢ စံပယ်ဖြူနု
📖 ကလျာ မဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၁၄

 

Monday, December 30, 2024

အပြန်လမ်း ဘယ်မှာ လမ်း ဘယ်မှာ ❞

 

❝ အပြန်လမ်း ဘယ်မှာ လမ်း ဘယ်မှာ ❞
( စံပယ်ဖြူနု )

တောလမ်းကလေး သည် မညီမညာ ကွေ့ကောက်လျက် ရှိလေသည် ။ လမ်း သည် မြေသား ပြောင်ပြောင်ပင် မဟုတ် ။ လူ သွားဖန် များသည့် အတွက် မြက်ပင် ၊ နွယ်ပင်တို့ ပိပြားလျက် ဖြစ်လာရသော တောလမ်းကလေး မျှ သာပင် ။ နံဘေးတစ် ဖက်တစ်ချက်တွင် တော့ ချုံနွယ် နှင့် သစ်ပင်များ ဝန်းရံလျက် အချို့သော နေရာများတွင် လမ်းပေါ် အထိ ရောက်နေသော နွယ်ပင်နှင့် သစ်ကိုင်းတို့ကို ဖယ် ရှားကာ သွားရ သေးသည် ။

ဖိုးနီ သည် လမ်းကလေး ပေါ်တွင် တစ်ယောက် တည်း ယိုင်နဲ့နဲ့ လျှောက်လာသည် ။ တစ်ညလုံး သူ တောတိုး ခဲ့ရသည် ။ ယခု နံနက်တွင် မှ သည်လမ်း ကလေးကို တွေ့ပေသည် ။ တော မှာ မွေးသော ကလေးငယ်တို့ ၏ သိတတ်ခြင်းဖြင့် သည် လမ်းသည် ကား လမ်းမကြီး သို့မဟုတ် လူတို့ နေထိုင်ရာ ရွာများဆီ ရောက်မည် ဟု သူ အလိုလို သိနေသည် ။ သည့် အတွက်ကြောင့်ပင် ဝမ်းသာလှိုက်လှဲခြင်းသည် သူ့ ခြေလှမ်းများ ကို သွက်စေသည် ။ သို့သော် ပုံမှန် ခြေလှမ်းတော့ မဟုတ် ။ တရွတ်ဆွဲ ရတော့မလို အားအင် ကုန်ခန်း နေသော ခြေလှမ်းများ ထက်တော့ နည်းနည်းသာသည် ဆိုရမည် ။ သူ အားရှိလာသည် ဟု ခံစားရ၏ ။ သို့သော် မောလှပြီ ။ တစ်နေရာ ရာတွင် ပစ်လှဲ လိုက်ချင်စိတ်သည် သူ့ ရင်ထဲ ကြီးစိုးကာနေသည် ။ ထိုတစ်နေရာသည် သူ့ အိမ် က ဝါးကြမ်းခင်းကလေးများ ဖြစ်လျှင် ဘယ်လောက်များ ကောင်း လိုက်မည်နည်း ။ ငိုက်စိုက်စိုက် လျှောက် လာသော ခြေလှမ်းများ ကို ရပ်ကာ ဖိုးနီ နောက်သို့ လှည့်ကြည့် မိသည် ။ သူ ဘယ်ရောက် နေသည်လဲ မသိ ။ အိမ် နှင့် အလွန့်အလွန် ဝေးလံသော နေရာ သို့ ရောက်နေပြီ ဟု သာ ထင်သည် ။ မိုင် အားဖြင့် သူ မသိ ။ ခြေထောက်များ ညောင်းညာခြင်း ဖြင့်သာ ခရီးဝေးသည် ကို မှန်း တတ်သည် ။ သူ့ အိမ်ကလေး သည် နောက်ကျောဘက် မိုင် များစွာ ကွာဝေးသော နေရာတွင် ကျန်ခဲ့သည်လား ။ လက်ဝဲဘက် ၊ လက်ယာဘက် ကနေ ဦး တိုက်သွားလျှင် ရောက်နိုင်သည်လား သူမသိပေ ။

သူ နားလည်သည် မှာ တော့ သူ သည် အိမ် နှင့် မိုင်များစွာ ဝေးခဲ့ပြီ ။ မိဘတို့ နှင့် တကွဲစီ ဖြစ်ခဲ့ပြီ ။ အိမ် ပြန်ရန်လည်း မဖြစ်နိုင်သေး ။ အိမ် ကို ထားခဲ့ရပြီ တည်း ။

ဖိုးနီ တို့ ရွာကလေး သည် တောင်တန်းများ ရိပ်မိုးထားသော နေရာ မှာ ရှိလေသည် ။ ရွာ ကို ချောင်းငယ် တစ်ခု က ဖြတ်စီးသွားသည် ။ ရွာ တွင် အိမ်ခြေ များစွာ ရှိသည် မဟုတ် ။ မူလတန်းကျောင်း မျှသာ ရှိ သော ရွာ တစ်ရွာပင် ။ ထိုရွာကလေး တွင် ဖိုးနီ မွေး ဖွားကြီးပြင်းခဲ့သည် ။

ကောက်ပင်တို့ လယ်ယာမြေ တွင် စတင် စိမ်းလန်းကြသော မိုးရာသီ ၌ ဖိုးနီ ကို မွေးဖွားခဲ့ လေသည် ။ များစွာသော လယ်သမား သားသမီးများ လိုပင် အမေ့ ကျော ပေါ်မှာ ကတည်း က လယ် ကို ကျွမ်းဝင်ရသည် ။ အမေ က ဖိုးနီ ကို ကျောပိုး ကာ ကောက်ရိတ်သိမ်းခဲ့သည် ။ အဖေ နှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင်ခဲ့ကြသည် ။ လယ် ကတော့ ဧက များစွာ ရှိသည် မဟုတ်ပေ ။ ဝမ်းစာ အပြင် နည်းနည်းမျှသာ ပိုလျှံသည် ။ ကြွေး မတင်ရုံသာ ရှိခဲ့သည်တဲ့ ။ သူ နားလည်တတ် ချိန် မှာ အမေ က ပြန်ပြောင်း ပြောပြ တတ်လေသည် ။

ဖိုးနီ သည် လယ်ထဲ တွင် အဖေ ပင်ပန်းလှသည် ကို သတိရ၏ ။ အဖေ က အလုပ် ကို အပင်ပန်းခံ လုပ် တတ်သည် ။ စပါးစိုက်ချိန် ဆိုလည်း အပတ်တကုတ် လုပ်သည် ။ အဖေ့ ဘက် က တူ တစ်ယောက်နှင့် ထွန်ချကြ ၊ စိုက်ကြ ၊ ပျိုးကြသည် ။ ခြံထဲ တွင် လည်း စားပင်သီးပင် စိုက်ရသေးသည် ။ တောထဲ တက်ကာ ထင်းရှာသေးသည် ။ ငါးရှာတတ်သေးသည် ။ သည် ကြွက်သား အပြိုင်းပြိုင်းနှင့် အလွန် သန်စွမ်းသည် ။ အဖေ့ ပခုံး ကို ခိုတွဲထားရလျှင် ဖိုးနီ အလွန် ပျော်သည် ။ သို့သော် အဖေ့ ကို သူ အချိန် ကြာမြင့်စွာ တွယ်ကပ်ခွင့် ရခဲ့သည်တော့ မဟုတ်ပါပေ ။ သူ့ အောက် က ညီမလေး ရလာချိန် မှာတော့ ဖိုးနီ သည် အမေ့ ရင်ခွင် ထဲ က ညီမလေး အား အဖေ မြှူသည်ကို သာ တွေ့လာရသည် ။ ညီမလေး ကို ပွေ့ချီကျီစယ် သည် ကို မြင်လာရသည် ။ ဖိုးနီ ကို အဖေ မမြင် တော့ပြီ ။

သို့သော် သူ သည် မနာလိုလည်း မဖြစ်တတ် ပါပေ ။ ကောင်းစွာ ပြေးလွှားဆော့ကစားတတ်ပြီ မို့ အိမ်နီးချင်း ကလေးတစ်သိုက် ကို ပြောင်းလဲခင်တွယ် တတ်ခဲ့သည် ။

သူ ကောင်းစွာ သိတတ်ပြီ ဖြစ်သော အသက် ခြောက်နှစ်ခန့် တွင် ညီမလေး က သုံးနှစ် ရှိပြီ ။ ထိုစဉ် က သူ ကျောင်း နေရသည် ။ ရွာ ထဲ က မူလတန်း ကျောင်းကလေး မှာ ပင် နေရသည် ။ ဖိုးနီ အတွက် အမေ က လွယ်အိတ်အသစ် ဝယ်ပေးသည် ။ ကွန်ပါဘူးလေး ဝယ်ပေးသည် ။ သူ သည် စာသင်ရသည် ကို အလွန် ပျော်ရွှင်ခဲ့လေသည် ။ ဉာဏ်လည်း ကောင်း၏ ။ တစ်နှစ် တစ်တန်း အောင်ခဲ့သည် ။ ဖိုးနီ အတွက် တော့ ကလေးပီပီ ပျော်ရွှင်ခဲ့သော ၊ အပူအပင် ကင်းခဲ့သော ကာလများ ။ မြို့ က လာသော ဆရာမလေး က တော့ -

“ ဖိုးနီ ဟာ ပညာရေး ဖြစ်ထွန်းမယ့်ကလေး ” ဟု အမေ့ ကို တစ်ကြိမ် မှာ ပြောတာ ကြားဖူးသည် ။

သို့ပေမဲ့ ကျောင်း မှာ နောက်ဆုံး နေခဲ့ရသည်က တော့ ဖိုးနီ ဒုတိယတန်း အောင်သည် အထိပါပဲ ။ သူ ဒုတိယတန်း ရောက်သည့် နှစ်တွင် ညီမလေး က သူငယ်တန်း တက်ပြီ ။ အမေ သည် နောက်ထပ် ညီလေး တစ်ယောက် ကို မွေးဖွား၏ ။ သူ သည် အလိုလိုပင် ညီမလေး ကို ထိန်းရသည် ၊ ညီလေး ကို ထိန်းရသည် ။ အမေတို့ လယ်ထဲ ဆင်းသည့် အခါ ထမင်း ချက်ရသည် ။ ရှစ်နှစ်မျှ သာ ရှိသေးသော်လည်း လူကြီးလေး ပမာ အိမ်မှာ အသုံးတည့်နေသည် ။

အိမ်အလုပ်နှင့် ကျောင်းစာများ အကြား ဖိုးနီ က အသားတကျ ရှိဆဲ ။ သည်မှာပင် အမေတို့ က သူ့ ကို ကျောင်းထုတ်ရန် ကြံလေသည် ။ ဖိုးနီ သည် တစ် ခဏမျှတော့ ဝမ်းနည်းခြင်း ဖြစ်လိုက်သေးသည် ။ သို့သော်လည်း အမေ ၏ ညှိုးနွမ်းသော ၊ ပင်ပန်းသော မျက်နှာ ကို ငယ်ရွယ်သော်လည်း သိတတ်ခဲ့ သည် ။ ကျောင်း ပြန်ဖွင့်တော့ မိုးရာသီ အစပြုချိန် ။ အမေတို့ က လယ်ထဲ ဆင်းကြပြီမို့ ဖိုးနီ သည် ညီလေး ထိန်းကာ ၊ ထမင်းချက်ကာ နှင့် ညီမလေး ကျောင်း သွားသည် ကို ထမင်းစောင့် ကျွေးရသည် ။ ညနေခင်း များမှာ ကျွဲသိမ်းရသည် ။ သူ့ လွယ်အိတ်ကတော့ စုတ်ခဲ့ပြီ ဖြစ်လေရာ လက်နှီးသာ ဖြစ်သွား လေသည် ။

အတန်းဖော်များ ခြံရှေ့ က ဖြတ်လျှင် ဖိုးနီ သည် ကလေး ပိုးကာ ချော့မြူရင်း ပြုံးပြ နှုတ်ဆက်ရသည် ။ သူတို့တွေ ကျောင်း ဆင်းချိန်ကို စောင့်ကာ ဆော့ ကစားရသည် ။ ဆရာမလေး က မျက်ရည် ဝဲချင်သည် ကို ဘာကြောင့်မှန်း မသိ မစဉ်းစားနိုင် ။ ကိုယ့် ဘဝ ကိုယ် ကျေနပ်ကာ နေခဲ့သည် ။

သို့သော် ရံဖန်ရံခါတော့ ဖိုးနီ မှာလည်း မကျေနပ်ချက်ကလေးများ ရှိရသည်ပင် ။ အဖေ သည် သူ နှင့် ခု နောက်ပိုင်း စိမ်း လာသည် ။ သူ့ ကိုတော့ ဖိုးနီ ဟု တုံးတိတိ ခေါ်တတ်သည် ။ ညီမလေး နှင့် ညီလေး ကို တော့ သမီးရေ ၊ သားငယ်ရေ ဟု ခေါ်သည် ။ ညီလေး ကို ချီပိုးကာ နေပြန်သည် ။ ညီလေး ကို မြှူလျှင် ပြုံးရွှင်နေသည် ။ ညီမလေး စာကျက် နေလျှင်လည်း ပြုံး နေပြန်သည် ။ ဖိုးနီ ကို ကား ဆူပူစရာများသာ ရှာ တွေ့နေသည်လား မသိ ။ မျက်ထောင့်နီနှင့်သာ ဆူပူ သည်ကို နေ့စဉ်လို ကြုံရသည် ။

တစ်ရက် မှာ တော့ ညီလေး ကို အိမ်ရှေ့ခန်း တွင် သိပ်ထားတုန်း သူ သည် မီးဖို ထဲမှာ ညနေစာ ထမင်းအိုး တည်နေခဲ့သည် ။ အိမ်ရှေ့ က ဒုန်းခနဲ အသံ ကြား ၍ ပြေးကြည့်လျှင် ညီလေး သည် ပုခက် ထဲ ကနေ ကြမ်းပြင်ပေါ်ကျပြီး စူးစူးဝါးဝါး ငိုလျက်ရှိသည် ။ အိမ် မှာ လည်း မိဘများ ရှိသည် မဟုတ် ။ တတ်သလောက် ၊ မှတ်သလောက် ချော့ရသည် ။ နဖူးယောင် သွားသည်ကိုတော့ ဘာ လုပ်ရမှန်း မသိ ။

ညနေ ရောက်သည့်အခါ အဖေတို့ ပြန်လာလျှင် တော့ ဖိုးနီ အရိုက် ခံရသည် ။ အဖေ က ဖိုးနီကို ရိုက်သည် ။ အဖေ ရိုက်တာ နာလှ၍ မဟုတ်သော်လည်း ဖိုးနီသ ည် ဝမ်းပန်းတနည်း ပင် ငိုခဲ့သည် ။

“ အဖေ က သားကို မချစ်ပါဘူး အမေရာ ”

သူ သည် မီးဖို ထဲတွင် အမေ့နား ကပ်နေရင်း တီးတိုး ပြောမိသည် ။ အိမ်ရှေ့တွင်တော့ အဖေ သည် ညီလေး ကို ချော့မြူလျက် ။ ညီမလေး ကား စာကျက် လျက် ။ သူ သည် အဖေ့ လက်မောင်းများ ကို ဝမ်းနည်းစွာ ငေးနေခဲ့၏ ။

“ မဟုတ်ပါဘူး ဖိုးနီ ရဲ့ ။ အဖေပဲ ၊ မချစ်ဘဲ ဘယ် မှာ ရှိပါ့မလဲ ။ နင့် ကို ချစ်လိုက်တာများ အားကိုးတာပါ ပါတာပဲ ။ အမေ အသိဆုံးပေါ့ ”

ဖိုးနီ သည် အမေ့ မျက်နှာကို တအံ့တသြ ငေး နေခဲ့သည် ။ သူ ဘယ်သို့ နားလည်ရမည်နည်း ။ အဖေ ဟာ ဖိုးနီ ကို ဘာကြောင့် အမြဲတမ်း ဆူပူချင်ရတာလဲ ။ အမေ့ စကား ကို ယုံလှသည် မဟုတ်သော်လည်း ဖိုးနီ က ငြိမ်နေခဲ့သည် ။ ထမင်းဝိုင်း ကျတော့လည်း အဖေ သည် သူ မဟုတ် သလိုပင် ဖိုးနီ ကို စကား ဆိုပြန် သည် ။ သို့ပေမဲ့ တုံးတုံးတိတိသာ ။ မနက်ဖြန် တော ထဲ လိုက်ခဲ့ဦးတဲ့ ။

သို့နှင့် ဖိုးနီ သည် အဖေ လှည်းတစ်စီး နှင့် တော ထဲ ဝင်ရာမှာ လိုက်ရပြန်သည် ။ သားအဖ တစ်တွေ ထင်း တိုက်ကြသည် ။ အိမ် အောက်ဘက်မှာ ထင်း သိုလှောင်ကြသည် ။ ဖိုးနီတို့ အိမ် သည် သည်အရပ် က ရှမ်းဗမာရွာများ တွင် တွေ့ရတတ်သော ခြေတံရှည်အိမ်ငယ်လေး သာ ဖြစ်သည် ။ အိမ် အောက်ထပ်မှာ ကြက်ခြံ ရှိသည် ။ ထင်းစင် ရှိသည် ။ အိမ်ကတော့ သက်ငယ်မိုး ၊ ဝါးကြမ်းခင်း ၊ ထရံကာသာ ။ သာမန် လယ်သမားအိမ် မျှပင် ။

သည် အိမ်မှာသာ မဟုတ်ပါ ။ တစ်ရွာလုံး မှာ တော့ အိမ်ငယ်လေးများသာ အများစု နေကြသည် ။ ကချင်များ လည်း ရှိသည် ။ တောင်သူ အလုပ် ကိုသာ အဓိက လုပ်ကြလေသည် ။ ဖိုးနီတို့ အရွယ် များကတော့ မိဘ ကို ကူညီတတ်ကြသည် ။ အိမ်အလုပ် ၊ လယ်ထဲက အလုပ်များ ကို တတ်နိုင် သလောက် လုပ်ကြရသည် ။ ကျောင်း တက်သူများ ကလည်း ကျောင်းချိန် ပြင်ပမှာ အလုပ် ကူကြရသည် ။ များသောအားဖြင့်တော့ သူတို့ သည် လေးတန်းမျှ အောင် လျှင် ပညာရေး ဆုံးခန်းတိုင်ကြမြဲ ။ ဖိုးနီ လို လေးတန်း ပင် မရောက်သူများ လည်း မရှား ။ သို့သော် ရွာမှာ တော့ ဒါသည် အဆန်းလည်း မဟုတ်ပါပေ ။
သူတို့ ကျေးရွာကလေး သည် မြို့နှင့် တော်တော် အလှမ်း ကွာသည် ။ ကချင်ပြည်နယ် ထဲ က သာမန် ကျေးရွာလေး တစ်ရွာ သာပင် ။ မြို့ပေါ်သို့ ဖိုးနီ တို့ သိပ် မရောက်ဘူးပေ ။ အဖေတို့ ကတော့ စပါးလေး ၊ ပဲလေး ရောင်းဖို့ ၊ ဈေးဝယ်ဖို့ ရောက်တတ်သေးသည် ။ ဖိုးနီ ကတော့ အဖေ နှင့် တစ်ခါ နှစ်ခါသာ လိုက်သွားဖူးသည် ။ မြို့သေးသေးလေး ပေမဲ့ သူ့ အတွက် ကြီးကျယ် ခမ်းနားနေခဲ့သည် ။

“ ငါ တော့ မြို့မှာ မနေချင်ပါဘူးဟေ့ ” ဟု တော့ ရွာ က သူငယ်ချင်းများ ကို ပြောပြတတ်သည် ။

တကယ်လည်း ဖိုးနီ သည် ရွာကလေး မှာ ပျော် ခဲ့သည် ။ အဖေ က သူ့ကို မချစ်ဘူးဟု ထင်မြဲ ဖြစ်သော်လည်း အိမ်တွင် သူပျော်ခဲ့သည် ။ ပင်ပန်း သော်လည်း အိမ် အလုပ်များ ကို မညည်းညူ ။ အချိန်တန်၍ လယ်ထဲ ဆင်းရလျှင် လည်း သူ သည် အဖေ့ လို လယ်သမားစစ်စစ် သာ ဖြစ်လာဦးမည် ။ ကောက်နှံပင် များ ကို မြင်လျှင် သူ လည်း ပျော်တတ်သည်ပင် ။ ကောက်နှံများ ရိတ်သိမ်းချိန် တွင်တော့ သူတို့ ရွာကလေးများသည် ပွဲလမ်းများ နှင့် ပျော်မွေ့ဖွယ်ဖြစ်လာမြဲ ။ သည်လိုသာ မပြောင်းမလဲ ရှိဦးမည် ဟု ဖိုးနီ က ကလေးပီပီ တွေးထင်ခဲ့သည် ။

သို့သော် မမြင်ရသော ကံကြမ္မာ သည် ဖိုးနီ တို့ ဆီ ဆိုက်ရောက်လာခဲ့သည် ။ ဖိုးနီတို့ ရှမ်းဗမာရွာကလေးများ သာမက အနီးဝန်းကျင် တစ်ဝိုက်က ကချင်ရွာကလေးများ ကိုလည်း ဆိုက်ရောက်ခဲ့သည် ပင် ။ ပထမတော့ လူကြီးများ ကျိတ်ကျိတ် ကျိတ်ကျိတ် စကား ပြောတတ်ကြသည် ကို သူတို့ ဆန်းသည် မထင်သေး ။ နောက်တော့ ညဘက် ဆို အသံ တချို့ ကို အဆန်းတကြယ် ကြားလာရသည် ။ မိုးလင်း လျှင်တော့ ည က ဟိုရွာ မှာ ဘာဖြစ်လို့တဲ့ ဆိုသော အသံများ ညံစီ နေပြန်သည် ။ လယ်ယာ ထဲ သို့တော့ ပုံမှန် ဆင်းနိုင်ဆဲ ။ ဖိုးနီတို့ ရွာလေးက အေးချမ်းဆဲ ။

ဆောင်းရာသီ စ ဝင်လျှင်တော့ ကောက်နှံများ ရင့်မှည့်ပြီ ။ မကြာခင် ရိတ်သိမ်း ရတော့မည် ။ အဖေ နှင့် အမေတို့က စိတ်ကူးနှင့် မျှော်မှန်းဆဲ ။ တစ်ည မှာတော့ မုန်တိုင်း မွှေသလို အသံများ က သူတို့ နှင့် သိပ် မဝေးတော့ပြီ ဆိုသည်ကို သိရသည် ။ ရွာ က ဗီဒီယိုရုံများ တွင် ကြည့်ရတတ်သော ဇာတ်ကား ထဲ ကလို အသံများ သည် ကလေးများ ကို အထိတ်တလန့် ငိုကြွေးစေသည် ။ လူကြီးများ က လည်း ထိတ်လန့်ကြသည် ။ အသံများသည် တဖြည်းဖြည်း နှင့် သည်းထန်လာသည် ။

“ ဖိုးနီရေ ဒီအထုပ်လေးဆွဲ ” ဟု အမေ က ပြော သည် ။ အမေ သည် ညီလေး ကို ချီလျက် ။ အဖေ က တော့ ညီမလေး ကို ပွေ့ဖက်လျက် ၊ ဖိုးနီ သည် အမေ လှမ်းပေးသော အထု ပ်ကို ပိုက်ကာ အိမ်ပေါ် က အမြန် ဆင်းရသည် ။ တစ်ရွာလုံးသည် အသက်ဝင် ဆူညံ နေပေသည် ။ ဖိုးနီ တို့ သည် ရွာ နှင့် အနီးဆုံး တောထဲ ကို တိုးလာကြသည် ။ တော သည် အမှောင် ကြား ထဲတွင် ပို၍နက်ရှိုင်း မည်းမှောင်နေသည် ။ လူသံများသည် ဟိုမှာ သည်မှာ ပေါ်ထွက် လာနေသည် ။ ပေါက်ကွဲသံများ သည် သူတို့ ရှေ့တွင် ပင် ရောက်လာ သလို အသံများ က နှိပ်စက်ဆဲ ။ အော်ဟစ်သံ ၊ ငိုကြွေးသံ နှင့် ပြေးလွှားသံများ ၊ ခြေသံများ ။

သူတို့ ပြေးကြသည် ။ ဖိုးနီ ပြေးသည် ။ တစ်ယောက်တည်း အားသွန် ပြေးသည် ။ အသံများ ကပ် ပါလာသည် ထင်လေလေ တိုးကာ ပြေးလေလေ ဖြစ် သည် ။ သူ့ နားထဲတွင် အသံများ သာ ဆူညံ နေသည် ။ အပြေးပြိုင်ပွဲ တိုင်း ဗိုလ်စွဲနေကျ ဖိုးနီ ၏ ခြေထောက် များ က ရှေ့သို့သာ အရှိန် နှင့် တိုးနေသည် ။ သူ ဘာကိုမှ မသိတော့ ။ ကြောက်ခြင်း တစ်ခု ကို သာ သိသည် ။

နောက်ဆုံးတော့ ဖိုးနီ မောပန်း၍ နားသည့် အခါ တွင် သူ့ အနီးတွင် ဘယ်သူမျှ မရှိတော့ ။ သူ ဆွဲလာ သော အထုပ်ကလေးသည် လည်း ဘယ်မှာ ကျ ကျန် ခဲ့ပြီလဲ မသိတော့ပါပေ ။ တော သည် မှောင်နေ၏ ။ အသံတို့ က တိတ်ဆိတ်နေသည် ဟု ထင်ရသော် လည်း တကယ့် တကယ် မှာတော့ ချောက်ချားစဖွယ် ။ ဖိုးနီ သည် သစ်ပင် တစ်ပင်၏ ခြေရင်း ၌ တိုးကပ်ကာ ရှိုက်ငင်လိုက်သည် ။ သူ ငိုသည် ။ အဖေ သူ့ ကို ရိုက်စဉ် က ထက် ဝမ်းနည်းစွာ ငိုကြွေး လေသည် ။

တောလမ်းလေး ပေါ်တွင် ယိုင်နဲ့နဲ့ လျှောက်လာ သော ဖိုးနီ သည် အသံတစ်ခု ကြောင့် ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည် ။ ဘာသံပါလိမ့် ။ အသေအချာ နား စွင့်မိလျှင်တော့ ဖိုးနီ ၏ မျက်နှာ သည် မျှော်လင့်ခြင်း ဖြင့် ဝင်းပ လာသည် ။ ဆိုင်ကယ်သံ ။ လမ်းမကြီးနှင့် မဝေးတော့ပြီလား ။ သို့တည်းမဟုတ် ဆိုင်ကယ် သည် သူ ရှိရာ လမ်းကလေးဆီ လာ နေသည်လား ။ လမ်းကလေး က ကွေ့ကောက်နေသည်မို့ ရှေ့ ကို မမြင်သာ သေး ။ သို့သော် အသံ သည် ပို၍ပင် နီးကပ်လာသည် ကို ကြားရသည် ။ ဖိုးနီသည် တစ်စုံတစ်ရာ ကို စောင့်နေသူလို ခြေလှမ်းများကို ရပ်တန့်ထားသည် ။

ကလေးများ ကို ဖမ်းတတ်သည် ဟု လူကြီးများ က ခြောက်လှန့်တတ်သော လူဆိုးများပင် ဖြစ်စေဦး ။ ယခုနေတော့ ဖိုးနီ ဘာကိုမျှ မကြောက်နိုင်ပါပေ ။ သူ သည် တစ်ညလုံး ကြောက်လန့်ခြင်း နှင့် အသား ကျခဲ့သည် ။ သည့်ထက်လည်း ထူး၍ မလန့် မကြောက်နိုင် တော့ပြီ ထင်သည် ။ ညက ဝမ်းပန်း တနည်း ငိုရှိုက် နေခဲ့သော ဖိုးနီ သည် မိုးစင်စင်လင်း ချိန်မှာတော့ ငိုရန်ပင် မောနေပြီ ။ ထပ်၍လည်း မငို နိုင်တော့ ။

ဖိုးနီ ငေးမော နေစဉ်မှာပင် လမ်းချိုးကွေ့ တွင် ဆိုင်ကယ် တစ်စီး ပေါ်လာသည်ကို တွေ့ရသည် ။ လူ နှစ်ဦး ပါလာသည် ။ သူတို့ သည် ဖိုးနီ ကို မြင်လျှင် ဆိုင်ကယ် ကို စက်သ,တ်လိုက်ကြသည် ။ စကားတချို့ မေးမြန်းကြသည် ။ သူ့လို ရှမ်းဗမာတစ်ယောက် မဟုတ်ဘဲ ကချင်များ ဖြစ်သည် ကို ဖိုးနီ သိလာသည် ။ ဖိုးနီ သည် ဖြစ်ကြောင်း ကုန်စင် ကို ပြောပြရ၏ ။ သူ ဘယ်ရွာ က လာသည့်အကြောင်း ။ မိဘများ နှင့် ကွဲသွားရသည့် အကြောင်း ။ သူတို့ သည် ခေါင်း တညိတ်ညိတ် နှင့် နားထောင် ပြီးနောက် တီးတိုးတိုင်ပင် ကြ၏ ။ ထို့နောက် ဖိုးနီ ကို ဆိုင်ကယ် ပေါ် တင်ကာ ခရီး ဆက်ခဲ့ကြသည် ။ ဆိုင်ကယ်မောင်းသူ နှင့် နောက် က လိုက်သူ နှစ်ဦး အကြား ဖိုးနီ ထိုင်ရသည် ။

သူတို့ ဘယ်သွားမည်နည်း ။ ဖိုးနီ မသိပါ ။ သို့သော် သူ့ကို ထွေးပိုက်ထားသော လက်များတွင် စာနာမှုများ ပါသည် ဟု တော့ ခံစားရသည် ။ ကလေးဖမ်းသူများ ဘယ်နည်းနှင့်မျှ မဖြစ်နိုင် ။ တစ်ညလုံး ချမ်းတုန်ခဲ့ရသော ဖိုးနီသည် နွေးထွေးသော ခန္ဓာ ကိုယ်ငွေ့များ ကြားတွင်နွေးကာ နေသည် ။ အချိန် တော့ ဘယ်လောက် ကြာသည် လည်း မသိ ။ တော လမ်း ထဲ ကွေ့ကောက်ကောက် သွားရသည် ။ ကုန်းကလေးကွေ့များ ကို တက်ရသည် ။ တစ်နေရာတွင် တော့ ဆိုင်ကယ် ကို စက်သ,တ်ကာ ရပ်လိုက်ကြသည် ။ သူတို့ အားလုံး ဆိုင်ကယ် ပေါ်က ဆင်းကြသည် ။ ဦးတည်လိုသော နေရာသို့ ရောက်ခဲ့ပြီဟု ဖိုးနီ ထင်ပါသည် ။

ပတ်ဝန်းကျ င်ကို စူးစမ်းရန် လှည့်ကြည့်လိုက် တော့ ဖိုးနီ သည် မြင်ကွင်းကို တအံ့တသြ ငေးမော နေရသည် ။ သူ ရောက် နေသော နေရာသည် သစ်ပင် များ အုပ်မိုးလျက် ။ အလယ်တွင် ရှင်းလင်းကာ တဲ များ ဆောက်ထားသည်ကို တွေ့ရသည် ။ တာလပတ် များ မိုး ထားသော ဖက်များ ကာရံထားသော တဲကြီး များ ထဲ၌ လူများစွာ တွေ့ ရသည် ။ သူတို့ အရွယ် ကလေးငယ်များ ၊ သူ့ ထက် ငယ်သောကလေးများ သည် မြေပြင် တွင် ဆော့ကစား နေသည် ။ ရွာ လား ။ ဟင့်အင်း မဟုတ်ပါဘူး ။ ဒါ ရွာနှင့် မတူပါ ။ လယ်စောင့် တဲများ ထက်ပင် အနေစုတ် ချင်နေသော တဲကြီးများ နေရာကွက်ကွက်လေးမှာ စုစည်းနေတာသည် ရွာနှင့် မတူပါ ။ ဒါဆို ဘာများပါလိမ့် ။

ဖိုးနီ သည် ကြာကြာ မတွေးနိုင် ။ သူ့ ကို ခေါ်လာသူ နှစ်ဦး က ခြေလှမ်းပြင်ပြီမို့ သူတို့ နောက် လိုက်ရ သည် ။ ဖိုးနီ က ကစား နေသော ကလေးတို့ အနီးမှ ဖြတ်လျှင် ညီမလေး နှင့် ညီလေး ကို ပြင်းစွာ အောက်မေ့လေ၏ ။ သူတို့ ဘယ်ရောက်နေပြီနည်း ။ အမေ ၊ အဖေတို့ ကရော ဘယ်မှာပါနည်း ။ သည် တဲများတွင် ရှိနေလေမည်လား ။ ဖိုးနီ သည် မျှော်လင့်ခြင်းဖြင့် မျက်နှာလေး ရွှင်လာ ပြန်သည် ။

“ ဟေ့ နင် ဖိုးနီ မဟုတ်လား ”

ကလေးတစ်သိုက် ထဲက အသံ ထွက်လာလျှင် ဖိုးနီ က ငဲ့ကြည့် လိုက်ပါသည် ။ မျက်ဝန်းကျဉ်းကျဉ်း လေးများ ပိတ်သည်အထိ ပြုံးရယ်ပြ နေသူ ကို ဖိုးနီ

ကောင်းစွာ မှတ်မိသည် ။ ဒုတိယတ န်းမှာ တစ်တန်း တည်း နေခဲ့ရသော ဖိုးနီ ၏ သူငယ်ချင်းပါပေ ။

“ အားဘူ ... အေး .. နင်တို့ ဒီမှာ ဘယ်လို လုပ် ရောက်နေတာလဲ ”

“ ငါတို့ လည်း ပြေးလာတာပဲကော ။ နင့် အဖေတို့ရော ”

“ မပါဘူးဟ ။ ငါ တစ်ယောက်တည်း လမ်းကွဲ သွားတာ ။ ဒီမှာ ရောက်နေမလား မသိဘူး ”

“ မရောက်ပါဘူးဟယ် ။ ငါ မြင်ရင် သိပါတယ် ”

ဖိုးနီ သည် သက်ပြင်းလေး ချလိုက်မိသည် ။ သူ့ မျော်လင့်ချက်လေးသည် ဟုတ်ခနဲ ငြိမ်းသွားသော မီးညွန့်ကလေး လို ပင် ။ ရှေ့တွင်တော့ သူ့ ကို ခေါ်လာ သူတို့ သည် ဆရာမလေးတို့ အရွယ် အစ်မကြီး တစ်ယောက် နှင့် စကား ပြောကာနေသည် ။ ကချင်စကား များနှင့်သာ စကားပြောသည် ဖြစ်၍ ဖိုးနီ နားမလည် ပေ ။ သို့သော် သူ့ အကြောင်း ပြောနေမှန်းတော့ ဖိုးနီ သိပါသည် ။ ထို့နောက် သူ့ ကို လာခေါ်သည် ကို ကြုံ ရသည် ။ သည်မှာပင် ဖိုးနီနေရဦးမည် တဲ့ ။ အားဘူ ကတော့ သူတို့ တဲသို့ ခေါ်သွားလိုသည် ။ သို့သော် အားဘူ တို့ နေသည့် တဲတွင် လူက များလှပြီ ။ မျက်နှာချင်းဆိုင် က တဲတွင် ဖိုးနီ နေရပါသည် ။ လူကြီးများ အကြား တွင် ဖိုးနီ ကို နေရာ ပေးထားသည် ။ သူတို့ ချင်း ပြောကြသော ကချင်စကား ကို ဖိုးနီ နားလည် သည် မဟုတ် ။ မျက်နှာများ က နွေးထွေးမှု ကို တော့ ကလေးပေမဲ့ ဖိုးနီ သိပါသည် ။

တစ်ညလုံး ပြေးလွှား ခဲ့ရသော ဖိုးနီ အတွက်တော့ အားဘူတို့ ကလေးတစ်သိုက်နှင့် အတူ စားရသော ထမင်း မှာ မြိန်လှသည် ။ တကယ်တော့ ဟင်းက ဘာမျှ ပါသည် မဟုတ် ။ ပဲပြုတ်တစ်ခွက် မျှသာ ။ သို့ပေမဲ့ ဆာလောင် နေသည်မို့ ထမင်း ကုန်အောင် စား ပစ်လိုက်သည် ။

သည်ကြားထဲ အမေ ချက်ပေးတတ်သော စွန်တန်ဟင်းရည် နှင့် ငါးကြော်လေးများ ကို ပင် သတိရ သေးသည် ။ ညီမလေး နှင့် ဟင်းလု စားရသည် ကို
အမှတ်ရသည် ။ သူတို့သည် ဘယ်နေရာ မှာ ရှိနေ သနည်း ။ ဖိုးနီ လို တဲတို့ ၊ ထမင်းတို့ ရှာတွေ့ရဲ့လား ။ ပူပင်သောက နှင့် ခေတ္တမျှ ငေးငိုင်ရသော်လည်း ကလေးပီပီ ပင် တစ်အောင့်မျှ ကြာလျှင် မေ့သလို ရှိ လာပြန်သည် ။ အားဘူတို့နှင့် ကုန်းကလေး ထက်တွင် ပြေးတမ်းလိုက်တမ်း ကစား နေပြန်သည် ။ သူတို့သည် လူကြီးများ လို သောက များတတ်သေးသည် မဟုတ် ။ ကောက် မရိတ်ရသေးသည် ကို မပူပင်တတ် ။ နောက် နှစ် အတွက် ဆန် မရှိမည် ကို မတွေးတတ် ။ မနက်ဖြန် တွင် ဘာဖြစ်လာဦးမည် ကို မကြောက်တတ် ။ ဘာမျှ မသိတတ်သေးသော စိတ်နှလုံးများနှင့် သူတို့ ရယ်မော နိုင်ကြသေးသည် ။

နေဝင်မိုးချုပ်တော့ ညစာ စားပြီးသည် နှင့် သူတို့ အိပ်ရာဝင်ကြသည် ။ တဲများသည် ခဏမျှ ကြာလျှင် အမှောင် ကြားတွင် တိတ်ဆိတ်ကာ နေသည် ။ လေ သည် ဖက်ရွက်ကြား က တိုးဝင်လာသည် ။ ချမ်းမြ သောလေကြောင့် ဖိုးနီ တုန်စပြုလာသည် ။ သို့သော် သူ့ တွင် စောင် မရှိ ။ တစ်ဖက်မှာ အိပ်သော အဘိုး တစ်ယောက် က ခြုံစောင် ကို လွှမ်းပေးသေးသည် ။ သို့သော် သူ လူးလိမ့် နေရင်းမှာပင် စောင် လျောကျ ရသည် ။ နှစ်ယောက်ခြုံ နိုင်သော စောင်မဟုတ်သည် မို့ ဆွဲယူရန် ရွံ့ရ ၊ အားနာရ သေးသည် ။ ကွေးကွေးလေး နေရင်တော့ အချမ်းပြေ မှာပဲ ။ ဖိုးနီ သည် မျက်လုံးကို စေ့ပိတ်ထားသည့် ကြားက အမေ့ ရင်ခွင်ကို လွမ်းစ ပြုလာသည် ။ အိမ် မှာတော့ ဆင်းရဲသည် မှန် သော်လည်း နွေးထွေး သေးသည် ။ အမေ့ နား တိုးကပ်နိုင်သည် ။ ညီမလေး နှင့် စောင် လုခြုံနိုင်သည် ။ အဖေ့ ကိုယ်ငွေ့ ကိုလည်း ငယ်တုန်းက ခိုလှုံခဲ့သည် ကို သတိရလာသည် ။ နောင်တော့ ဘယ်လိုပင် မိဘ များ က ဆူသည် ဖြစ်စေ စိတ် မကွက်တော့ပါဘူး ဟု တစ်ဆက်တည်းပင် စဉ်းစား နေပြန်သည် ။ သည်လို နှင့် ချမ်းချမ်း နှင့် ကွေးရင်းက သူ အိပ်ပျော်သွား ခဲ့သည် ။

နောက်တစ်နေ့ မိုးလင်း လာလျှင် ချမ်းအေးလှဆဲ ဖြစ်သည် ကို တွေ့ရလေသည် ။ ဖိုးနီ သည် တခြား ကလေးများ နှင့် အတူ မီးလှုံရ၏ ။ သူတို့ တွင် အင်္ကျီ အနွေးထည် မရှိပါပေ ။

အချိန်တန်လျှင် လူကြီးများ က ချက်ပြုတ်ကြသည် ။ ဆန် က နည်းခဲ့ပြီဟု ပြောသံကြားရသည် ။ အေးလေ အိမ် ပြန် ရတော့မှာပဲ ။ ဖိုးနီ က ကလေးပီပီ ပင် တွေးနေသည် ။ သူ အိမ်ပြန်ချင်ပြီ ။ မိဘမောင်နှမများ ကို တွေ့ချင်လှပြီ ။ မကြာခင် ပြန်ရတော့မည် ဟုပင် သူ ထင်နေသည် ။ ထို့ကြောင့်ပင် ပူစရာ ဟု ဘယ်အရာ ကို မျှ မမြင် ။ သူ့ လိုပင် တခြားကလေး များသည် လည်း မကြာခင် အိမ်ပြန်ရမည် ဟု တွေး လေသလားမသိ ။ သူတို့ တစ်တွေသည် ဆော့ကစား ကာ စကား ဆိုကာ ရှိနေပြန်သည် ။ သူ့ ရွာ အကြောင်း ကိုယ့်ရွာ အကြောင်း ပြောကြသည် ။ ကျောင်း တက်သူ တို့ က ကျောင်းအကြောင်း ပြောကြသည် ။ ဆရာမ အကြောင်း ပြောကြသည် ။ ကောက်သစ်စားပွဲများ အကြောင်း ပြောကြသည် ။ လယ် ထဲ မှာ မိဘ ကူရ သည့် အကြောင်း များလည်း ပါသည် ။

“ အားဘူး နင်တို့ ဘယ်တော့ ပြန်ကြမလဲ ” ဟု ဖိုးနီ က မေးသေးသည် ။

“ အေး ဖိုးနီ ရဲ့ ။ အနူး ပြောတာတော့ ရွာဘက် မှာ အေးရင် ပြန်ချင်တယ်တဲ့ ။ စပါး လည်း ရိတ်ရဦးမယ် လေ ။ ငါ လည်း ကျောင်း မတက်ရဘူး မဟုတ်လား ”

“ နင် ပြန်ချင်ပြီလား ။ ငါလည်း ပြန်ချင်ပြီဝေး ”

“ ပြန်ချင်တာပေါ့ဟယ် ။ ဒီအချိန် ဆို တို့ ရွာမှာ ခရစ္စမတ် နီးလို့ ပျော်စရာပေါ့ ။ နင်တို့ ဆီမှာလည်း ဘုရားပွဲတွေ နီးပြီပေါ့ ”

“ အေးပေါ့ဟ ”

ဖိုးနီတို့ သည် သစ်ပင်ရိပ်များ တွင် တစ်နေကုန် နေကြသည် ။ စာသင်စရာလည်း မရှိ ။ ကျောင်းများ သည် အဝေး တွင် ကျန်ခဲ့ကြလေပြီ ။

ဖိုးနီ တစ်ယောက်တည်း အတွက် ဆိုလျှင်ကား သူ နားပူတတ်သော အဖေ့ ဆူသံများ ကို လည်း ကြားစရာမလိုတော့ ။ အိမ် အလုပ်များ ကိုလည်း လုပ်ရန် မလိုတော့ ။ ညီမလေး နှင့် လည်း ငြင်းခုံရန် မလိုတော့ပေ ။ သို့သော် ဘာကြောင့် မပျော်ပါသနည်း ။

အားဘူ ကတော့ ရွာ ကို လွမ်းကြောင်း ခဏခဏ ပြောသည် ။ ဖိုးနီ က လည်း စဉ်းစား၏ ။ သူ လွမ်း သလား ။ ရွာ ကို လွမ်းသလား ။ တကယ့်တကယ် စဉ်းစားတော့လည်း သစ်ပင်စိမ်းများ ရိပ်မိုးထားသည် ဖြစ်သော ရွာကလေး ကို မြင်ယောင်လာသည် ။ သူငယ်ချင်းများ နှင့် ပြေးလွှားဆော့ကစား ခဲ့ရသော ရွာလမ်း ကို သတိရသည် ။ ရွာဦးစေတီ က ဆည်းလည်းသံ ကို ပြန်လည်ကြားယောင်သည် ။ လယ်ကွက်များ ကိုပင် သတိရစရာ ဖြစ်ရသည် ။

နောက်ဆုံးတော့ လည်း သူ့ စိတ်သည် သူ့ မိသားစု နှင့် အတူ နေထိုင်ခဲ့ရာ အိမ်ကလေး တွင် ရပ်တန့် တော့၏ ။ အိမ်ကလေး ထဲ က ရယ်သံများ ။ ညီလေး ၊ ညီမလေးတို့ နှင့် အဖေ ရယ်မော နေလျှင် သူ ပါ ပျော် ရွှင်ခဲ့သည် ။ အဖေ သည် သူ့ ကို ချစ်ခင်ရင်းနှီးစွာ မနေတတ် သော်လည်း အားကိုးတတ်သည် ဟု အမေ ပြောဖူးသည် ကို သတိရလာ၏ ။ ဟုတ်မှာပဲ ဟု လည်း အဖေ့ ကို မြင်ယောင်ကာ တွေးစ ပြုလာပြန်သည် ။

“ ငါ လည်း အိမ် ကို လွမ်းတယ်ဟ ” ဟု ဖိုးနီ သည် အားဘူ ၏ စကားကို ထောက်ခံလာသည် ။

“ အေးဟယ် အိမ် ပြန်ရရင် ကောင်းမှာပဲနော့ ”

ခဏကြာတော့ လည်း သူတို့ သည် ကလေးတို့ ၏ စိတ်ပြောင်းလဲလွယ်ခြင်း နှင့် အသားကျ လာပြန် သည် ။ ရယ်ကာမောကာ ရှိလာပြန်သည် ။ အားဘူ ကတော့ စခန်း သို့ စောစီးစွာ ရောက်လာခဲ့သူ ဖြစ်လေရာ သူ့ တွင် ပြောစရာများစွာ ရှိလေသည် ။

“ နင့်လိုပဲ စခန်း မှာ အဖေ ၊ အမေ မပါဘဲ ရောက် လာတဲ့ ကလေးတွေ ရှိသေးတယ် သိလား ။ တချို့လူ တွေလည်း ကွဲကုန်တာပဲဟယ် ။ ငါတို့ တောင် ကံကောင်းလို့ မကွဲတာ ။ တို့တော့ ညပြေးတာ မဟုတ်ဘူး ။ နေ့ခင်းဘက် ပြေးလာတာ ။ အစကတော့ အနူး တို့ က မပြောင်းဘူးလို့ပဲ ။ ဒါပေမဲ့ နောက်တော့ မရတော့ဘူးလေ ။ တိုက်ပွဲတွေ က တဖြည်းဖြည်း နီးလာတာကိုး ”

“ ဒီမှာ ဆန် ကုန်ရင် ငါတို့ တော့ ဒုက္ခပဲ တဲ့ ။ လူကြီးတွေ ပြောတာ ကြားခဲ့တယ် ” ဟု ဘောက်ဂျာ ဆိုသော ကောင်မလေး တစ်ယောက် က ဝင်ပြော သေးသည် ။ ဖိုးနီ ကတော့ ထုံးစံအတိုင်း တွေးပြန်သည်မှာ အိမ်ပြန်မှာပေါ့ ဟု ပင် ။ သို့ပေမဲ့ ရွာ ကို ဘယ်လမ်းက သွားရမည်နည်း ။ ဒါက သိပ်တော့လည်း ပူစရာ ရှိမည်မဟုတ် ။ လူကြီးများ က လမ်းပြ ပေးမှာ ပါ ။ ပူပန်စရာ မှာတော့ ဘယ်သူမှ မရှိသော အိမ် သို့ မပြန်လိုခြင်းတည်း ။

အတွေးများ နှင့် ငေးငိုင်နေသော ဖိုးနီ သည် လူသံများ အုတ်အုတ်ကျက်ကျက် ကြားရတော့ နား စွင့်မိ၏ ။ တစ်ချက်တစ်ချက် ပျံ့လွင့်လာသည် မှာ ကချင်စကားများ သာ ဖြစ်၍ ဖိုးနီ နားမလည် ။ အားဘူ က တစ်ချက် ခုန်ထကာ လူသစ်တွေ ရောက်လာတယ်ဟေ့ ဟု ဖိုးနီ ကို ပြောသည် ။ ပြီးတော့ ရှေ့က ပြေး သွားသည် ။ ဖိုးနီ လည်း သူ့ နောက် က ပြေးလိုက် လာ၏ ။

“ ဖိုးနီ နင့် အမေ မဟုတ်လား ”

အားဘူ ၏ ဝမ်းသာအားရ အသံကြောင့် ဖိုးနီ သည် လူအုပ် ကြားထဲ တိုး ကြည့်လိုက်သည် ။ စခန်း က လူကြီးများ နှင့် စကားပြောနေသည်မှာ အမေ ပါ တကား ။ အမေ သည် ညီလေး ကို ပွေ့ဖက်လျက် သား ။ တခြားသူများလည်း ပါသေးသည် ။ စခန်း တွင် နေရာချကာ အလုပ်ရှုပ်စ ပြုနေသည် ကိုလည်း မြင်ရ၏ ။ အမေ သည် သူ့ အနား တိုးကပ်လာသော ဖိုးနီ ကို မြင်လျှင် ဝမ်းသာလှိုက်လှဲခြင်း နှင့် ပြုံးလာ သည် ။ ရုပ်ရှင်ကားများ ထဲ က လိုတော့ ပြေးမဖက် ။ ငို လည်း မငို ။ ငိုရန်ပင် မျက်ရည်များ ကုန်ခဲ့ပြီလား မသိ ။

“ အမေ ၊ အဖေတို့ရော ”

“ ကွဲသွားတယ် ဖိုးနီ ရဲ့ ။ ဘယ်ရောက်သွားမှန်း တောင် မသိဘူး ”

အမေ သည် ခုမှပင် မျက်ရည် ဝဲစ ပြုလာသည် ။ ဖိုးနီ ကို ထွေးဖက် ထားသည် ။ နောက်ထပ် ပျောက် သွားဦးမှာ ကြောက်နေတော့ သလိုပင် ။ ဖိုးနီ သည် လည်း အမေ့ ခါး ကို တိုးဖက် ထားမိသည် ။ ညီလေး ကို ပင် ပိုချစ်ခင်လာမိ၏ ။

သည်လိုနှင့် ည မှာတော့ သားအမိများ အတူ နေခွင့် ရကြလေသည် ။ စခန်း မှာတော့ ရှိသည့်တဲ အကျယ် နှင့် လူဦးရေ က မမျှခဲ့ပြီ ဖြစ်ရာ လူများမှာ လူးသာလှည့်သာ ပင် မရှိပေ ။ ဆောင်းရာသီ ဖြစ်၍ လူငွေ့ နှင့် နွေးထွေးသည် ကို ပင် ကျေးဇူးတင်ရမလို တည်း ။

ဖိုးနီ နှင့် အမေ သည် ညီလေး အိပ်စက်နေသည့် အနီး မှာ တိုးကပ် ထိုင်နေကြသည် ။ အမေ သည် အပြင်ဘက် မြင်ကွင်းကို ငေးနေ၏ ။ အပြင်တွင် မြင် ကွင်းသည် အမှောင်သာ ။ မီးဖို က မီးတို့ ငြိမ်းခဲ့ပြီ ။ လကွယ်ည မို့ ပိန်းပိတ်အောင် မှောင်လျက် ။ သည် ပြင်ပ ကို ပင် အမေသည် ဘာကြောင့်မှန်း မသိ ငေး ကာ နေသည် ။

ဖိုးနီ သည် အမေ နှင့် ပြန်တွေ့ရသည့် အတွက် အခါများစွာ က ထက် အားတတ်လာရသည် ။ မကြာ ခင် သူတို့ အိမ် ပြန်နိုင်တော့မည်လား မသိ ။ အဖေ တို့လည်း ပြန် ရောက်ရင် ရောက်လာမှာပေါ့ ။ သူ သည် အတွေး နှင့် ရွှင်လန်းစွာ ပြုံးလိုက်သည် ။ အခု တော့ ရွာအပြန်လမ်း ကို မမှတ်မိလည်း ရပါပြီ ။ အမေ ရောက်လာပြီ မဟုတ်လား ။ အမေ နှင့် အတူ ပြန်ရလျှင် အိမ်ကို ချောမောစွာ ပြန်ရောက်နိုင်မည် ဟု သူ ထင် ပါသည် ။

“ အမေ သားတို့ ဘယ်တော့ အိမ် ပြန်ရမလဲဟင် ”

အမေ သည် သူ့ အမေးကို မကြားဘူးလား မသိ ။ မမြင်ရသော အမှောင် ကို ပင် ငေးမြဲ ငေး နေ လေသည် ။

◾စံပယ်ဖြူနု
📚 ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၂၀၁၂